Friday 18 July 2014

အိုင်ယူဂျေမှ ရေးတဲ့စာ (၁၈)

သူငယ်ချင်း...၊
အရင်စာထဲမှာ ငါပြောခဲ့သလိုပဲ ပညာတော်သင်လာမယ့် သူတွေအတွက် ဘာတွေယူလာခဲ့ဖို့ လိုမလဲဆိုတာတွေကို ငါအတွေ့အကြုံအရနဲ့ စဉ်းစားမိသလောက် အကြံပြုချင် ပြောပြချင်တယ်။ အဲဒီလို အတိအကျ ယူလာရမယ်လို့ မဆိုလိုပါဘူး၊ ငါရေးတဲ့စာကို ဖတ်ပြီးတော့ မင်းအနေနဲ့ ဒီမှာလိုအပ်ကောင်း လိုအပ်မယ်လို့ ထင်မိတာလေးတွေ တွေးမိ၊ မြင်မိသွားမယ်လို့တော့ မျှော်လင့်မိပါတယ်။

(၁) မြန်မာဝတ်စုံ 
 အထူးအထွေ ရှင်းပြစရာ လိုမယ်မထင်ပါဘူးကွာ။ ငါမမှာရင်လည်း မင်းဆိုတဲ့ကောင်က မပါမဖြစ် ပါလာအောင် သယ်လာမှာပဲ မဟုတ်လား။ ဗေဒင်ဆရာ မဟုတ်ပေမယ့် မင်းစိတ်ကိုသိနေတဲ့ အရင်းနှီးဆုံး လူတစ်ယောက်အနေနဲ့ မင်းသယ်လာမယ့် ၀တ်စုံကိုတောင် ကြိုပြီးတော့ ဟောကိန်းထုတ်လိုက်ချင်သေးတယ်။ တောင်ရှည်ပုဆိုး၊ ရင်ဖုံးတိုက်ပုံ၊ ခေါင်းပေါင်း၊ ကတ္တီပါဖိနပ်ထူတွေနဲ့ အခြားလူတွေကတော့ မင်းကို အမြင်ကတ်ကြဦးမယ်ကွာ။ မြန်မာဝတ်စုံကတော့ မင်းအတွက် အတော်ကြီးကို အသုံးဝင်မှာပါ။ ငါတို့တက္ကသိုလ်မှာ ကျင်းပပြုလုပ်တဲ့ ယဉ်ကျေးမှုအခမ်းအနားတွေ၊ ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းက ဖိတ်ကြားတဲ့ ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်တွေနဲ့ အခြားသော သင့်လျော်တဲ့ အခမ်းအနားကြီးတွေမှာ ကိုယ့်ရိုးရာဝတ်စုံနဲ့ကိုယ် ဂုဏ်ယူဝင့်ကြွားစွာ ၀တ်ဆင်နိုင်တာပေါ့ကွာ။

(၂) အနောက်တိုင်းဝတ်စုံ 
 ဒီနေ့ခေတ်ကြီးထဲမှာ အစိုးရ၀န်ကြီးဌာနတွေက အရာထမ်း၊ အမှုထမ်းတွေ အားလုံးနီးပါး အနောက်တိုင်းဝတ်စုံတွေ ပိုင်ဆိုင်ကြတယ်လို့ ငါထင်တာပဲ။ ဟိုးအရင်ကလို အိမ်တွင်းပုန်းမြန်မာတွေ မဟုတ်တော့ဘဲ ဟိုနိုင်ငံကို လေ့လာရေးသွားလိုက်၊ ဒီနိုင်ငံကို သင်တန်းတက်လိုက်နဲ့ ပြည်ပနိုင်ငံတွေကို ခရီးထွက်နေကြရတယ်ဆိုတော့ အနောက်တိုင်းဝတ်စုံ တစ်စုံတော့ ရှိကြမှာပါပဲ။ မဖြစ်မနေ ယူဆောင်လာဖို့ လိုအပ်သလားလို့ မေးမယ်ဆိုရင်တော့ ယူလာသင့်တယ်လို့ ငါက ပြန်ဖြေမှာပဲ။ မဖြစ်မနေ ၀တ်ဆင်ဖို့ လိုအပ်သလားဆိုရင်တော့ မလိုအပ်ဘူးလို့ ဖြေပါ့မယ်။ ငါတို့ဆရာ ပါမောက္ခမျိုး ငါတို့ကို ပြောဖူးတာလေး သတိရမိလို့ ထည့်ပြောပါရစေဦး။ ဒီတက္ကသိုလ်မှာ အနောက်တိုင်းဝတ်စုံကို ကြောင်လျှာသီးနဲ့ဘာနဲ့ ပြည့်ပြည့်စုံစုံ ၀တ်တာဆိုလို့ ကျောင်းဥက္ကဋ္ဌရယ်၊ ကျောင်းကားမောင်းတဲ့ ယာဉ်မောင်းရယ်ပဲ ရှိတယ်တဲ့။ အဲဒီကတည်းက ငါလည်း အနောက်တိုင်းဝတ်စုံကို သိမ်းထားလိုက်တာ တိုကျိုကို လေ့လာရေးခရီး သွားရတော့မှပဲ ပြန်ထုတ်ဝတ်ဖြစ်တော့တယ်။ တက္ကသိုလ်ဝန်းအတွင်း စာသင်ခန်းတွေ ၀င်တဲ့အချိန်၊ တက္ကသိုလ်ပြင်ပ ဈေးဝယ်ထွက်တာ၊ လျှောက်လည်တာ လုပ်တဲ့အချိန်တွေမှာ ကျောင်းသားတွေအနေနဲ့ ဘာဝတ်စုံ ၀ယ်ရမယ်လို့ ကန့်သတ်ထားတာ မရှိပါဘူး။ ကြိုက်နှစ်သက်ရာ ၀တ်စုံတွေကို ၀တ်ဆင်ခွင့် ရှိကြပါတယ်။ ကုန်ကုန်ပြောရရင် ဘွဲ့နှင်းသဘင် အခမ်းအနားမှာတောင် ဘွဲ့ယူဝတ်စုံ မ၀တ်ကြဘဲ နိုင်ငံအလိုက် ရိုးရာဝတ်စုံတွေ ၀တ်ဆင်ပြီး ဘွဲ့ယူသွားကြတဲ့ ကျောင်းသားတွေတောင် ငါ့မျက်စိရှေ့မှာတင် အများအပြား ရှိခဲ့ကြတယ်။ အဲဒီတော့ အနောက်တိုင်းဝတ်စုံကို သင့်လော်ျတဲ့ အခမ်းအနားတွေမှာ ၀တ်ဆင်ဖို့ အတွက် ယူဆောင်လာသင့်ပြီး မဖြစ်မနေ ၀တ်ဆင်ရမယ်ဆိုတဲ့ သတ်မှတ်ချက်တော့ မရှိတဲ့အကြောင်း ပြောလိုတယ်။ မင်းအနေနဲ့ ဘယ်လောက်တန်ဝတ်စုံကို ၀တ်ထားတယ်၊ မင်းဝတ်စုံကတော့ အရမ်းစတိုင်လ်ကျတာပဲ စသဖြင့် ဘယ်သူကမျှ စိတ်ဝင်စားမှာ မဟုတ်သလို၊ ချီးကျူးနေမှာလည်း မဟုတ်ဘူး။ အမြင်သင့်လျော်ပြီး ထိုက်သင့်တဲ့ ၀တ်စုံတစ်ခု ဖြစ်ဖို့ပဲ လိုအပ်တယ်။ ငါ့အမြင်ကတော့ ၂ နှစ်တာ ကာလအတွင်း အနောက်တိုင်းဝတ်စုံ မဖြစ်မနေ ၀တ်ဆင်ပြီး တက်ရောက်ရမယ့် အခမ်းအနားဟာ လက်ဆယ်ချောင်းထက် မပိုဘူးဆိုတာပါပဲ။

(၃) အ၀တ်အစား 
 ခပ်လန်းလန်း၊ ခပ်မိုက်မိုက်လေးတွေ ၀တ်တတ်တဲ့ မင်းအတွက်တော့ ၀တ်ချင်တဲ့ အ၀တ်အထည်လေးတွေ မြန်မာပြည်ကနေပဲ ၀ယ်လာခဲ့တာ ပိုကောင်းမယ်လို့ ငါထင်တယ်။ ဒီနိုင်ငံက အ၀တ်အထည်တွေက ငါတို့ဆီကထက် ဈေးပိုကြီးတယ်လို့ ငါမြင်မိတယ်။ နောက်ပြီးတော့ သူတို့ဝတ်တဲ့ ဒီဇိုင်းတွေက ငါတို့ကြိုက်တဲ့ ပုံစံမျိုးတွေလည်း မဟုတ်တတ်ကြဘူး။ အဲဒီတော့ ရှပ်အင်္ကျီ ခပ်ကောင်းကောင်း ၄-၅ ထည်လောက်၊ ဘောင်းဘီရှည် ၃-၄ ထည်လောက်၊ စွပ်ကျယ် ၄-၅ ထည်လောက်၊ တီရှပ်လို အင်္ကျီမျိုး ၄-၅ ထည်လောက် ၀ယ်လာခဲ့မယ်ဆိုရင် မင်းအနေနဲ့ ဒီတက္ကသိုလ်မှာ ကောင်းကောင်းကြီး ရှိုးထုတ်လို့ရပြီလို့ ပြောချင်တယ်။ ဂျင်းဘောင်းဘီ ၀တ်တတ်တယ်ဆိုရင်တော့  မြန်မာပြည်က ၀ယ်လာပြီး ကိုယ့်အတိုင်းနဲ့ကိုယ် ဖြတ်လာခဲ့တာဟာ ဈေးလည်းသက်သာမယ်၊ ပိုပြီးတော့လည်း အဆင်ပြေမယ်လို့ ငါထင်တယ်။ အိပ်ဆောင်မှာ နေတဲ့အချိန် မင်းအနေနဲ့ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး နေချင်တယ်ဆိုရင်လည်း ပုဆိုးခပ်ကြမ်းကြမ်း ၄-၅ ထည် ယူလာခဲ့ပေါ့ကွာ။ ဒီတက္ကသိုလ်မှာ မင်းဘာဝတ်ဝတ် ပြောမယ့်လူ၊ ဝေဖန်မယ့်လူ ဘယ်သူမှ မရှိဘူး။ စကားစပ်မိလို့ မင်းကို တစ်ခုလောက် သတိပေးထားရဦးမယ်။ မင်းဒီကို ရောက်တဲ့အခါ အချို့ပါမောက္ခတွေ ၀တ်ထားတာက မင်းရောက်ကာစကလည်း ဒီအင်္ကျီပဲ၊ နောက်တစ်လလောက် တွေ့တဲ့အချိန်မှာလည်း ဒီအင်္ကျီပဲ ဖြစ်နေတာမျိုးများ သတိထားခဲ့မိရင် "ဒီပါမောက္ခကလည်း ဒီအင်္ကျီတစ်ထည်တည်းကို တစ်လလောက် ၀တ်နေတာပဲ" လို့ ဘယ်သောအခါမျှ မတွေးမိပါစေနဲ့ကွာ။ တကယ်တမ်းက သူတို့က အဲဒီလိုမျိုး တစ်လလောက် မချွတ်တမ်း ၀တ်ကြတာ မဟုတ်ပါဘူး။ ၃ လ / ၄ လ လောက်အထိကို အင်္ကျီတစ်ထည်တည်းကို ၀တ်တတ်ကြတာတွေ ရှိတယ်ကွ။ ကျောင်းသားတွေက အဲဒီလို မျက်လုံးတွေနဲ့ ကြည့်တာများတဲ့အခါ အချို့ပါမောက္ခတွေဆိုရင် သူတို့အိမ်တွေရဲ့ ၀ရန်တာတွေမှာ တစ်ပုံစံတည်း ရှပ်အင်္ကျီတွေ ၄-၅ ထည်ကို လျှော်ပြီး လှမ်းပြတာမျိုးတွေအထိ လုပ်ပြကြတယ်ကွ။ သဘောကတော့ တစ်ထည်တည်းကို ၀တ်နေတာ မဟုတ်ဘူး၊ အဲဒီလို ဒီဇိုင်းကို ၄-၅ ထည် ၀ယ်ပြီးတော့ အလဲအလှယ်နဲ့ ၀တ်နေတာပေါ့ကွာ။ ဒါက မင်းအနေနဲ့ စိတ်ပေါ့ပေါ့ပါးပါး ဖြစ်သွားအောင် ထည့်ပြောလိုက်တာပါ။ ဒီတက္ကသိုလ်မှာ ပါမောက္ခတွေက သင်ကြားရေးနဲ့ သုတေသနအလုပ်တွေမှာပဲ အာရုံနှစ်ထားတတ်ကြတယ်။ အ၀တ်အစားတွေ၊ အပြင်အဆင်တွေ၊ ဟိတ်ဟန်တွေကို သူတို့တွေ လုံးဝအလေးမထားကြဘူး။ အဲဒါကြောင့် နိုင်ငံခြားရုပ်ရှင်တွေထဲမှာ ငါတို့ကြည့်ခဲ့ဖူးတဲ့ အနောက်တိုင်းဝတ်စုံ စမတ်ကျကျ၊ ဆံပင်ကိုကျော့နေအောင်ဖီး၊ ဟိတ်ဟန်ကြီးတစ်ခွဲသားနဲ့ မြင်တဲ့လူတိုင်းက ဟန့်သွားစေလောက်တဲ့ ပါမောက္ခမျိုးတွေကို ဒီနေရာမှာ မင်းတွေ့ရလိမ့်မယ် မဟုတ်ဘူး။ ကျောင်းသားတွေနဲ့ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆက်ဆံတတ်ပြီး သူတို့ကျွမ်းကျင်တဲ့ ဘာသာရပ်တွေနဲ့ ပတ်သက်လို့ကတော့ ကြိုက်တဲ့အချိန် ကြိုက်တဲ့နေရာမှာမေးဆိုတဲ့ ပါမောက္ခတွေကိုပဲ မင်းကြုံရမှာပါ။ အဲဒီတော့ အ၀တ်အစားနဲ့ ပတ်သက်လို့ မင်းဝတ်ချင်တဲ့ဟာကို မင်းသယ်လာခဲ့.. တစ်နေ့တစ်စုံ လဲဝတ်ချင်တယ်၊ ဒီဇိုင်းလေးလည်း မထပ်ချင်ဘူးဆိုရင်တော့ မင်းဘာသာမင်း တွက်ချက်ပြီး သယ်လာခဲ့ပေါ့ကွာ။ ငါဆိုတဲ့ကောင်ကတော့ အားကစား ၀တ်စုံဝတ်... ဘောလုံးသွားကန်... စာသင်ချိန်ရှိရင် အဲဒီဝတ်စုံနဲ့ပဲ အတန်းပြေးတက်... အတန်းပြီးလို့ ဘောလုံးကန်တဲ့လူ ရှိနေသေးရင် အဲဒီဝတ်စုံနဲ့ပဲ ပြန်ဝင်ကန်... ပြီးမှ အိပ်ဆောင်ပြန်... အဲဒါမျိုး ခဏခဏ လုပ်နေကျဆိုတော့ အ၀တ်အစားတွေနဲ့ ပတ်သက်ပြီး သိပ်ပြီးတော့ ဇာမချဲ့လှဘူး။

(၄) အနွေးထည်
 ဆောင်းတွင်းကာလ ဖြတ်သန်းဖို့အတွက် အနွေးထည်ကောင်းကောင်းတစ်ထည် မဖြစ်မနေ လိုအပ်တယ်။ စာသင်ခန်းသွားဖို့၊ အဆောင်မှာဝတ်ဖို့ လိုအပ်တယ်လို့ ဆိုလိုတာ မဟုတ်ဘူးနော်။ ဆောင်းတွင်းဆိုရင် အိပ်ဆောင်မှာ နေတဲ့အချိန်၊ စာသင်ခန်းမှာ ရှိနေတဲ့အချိန် အကုန်လုံးမှာ Heater တွေက အနွေးဓာတ် ပေးနေမှာမို့ မင်းအနေနဲ့ အခန်းတွင်းမှာ စွပ်ကျယ်ဝတ်နဲ့လည်း နေလို့ရတယ်။ နှင်းတွေထဲမှာ ဓာတ်ပုံထွက်ရိုက်ချင်တဲ့အခါ၊ တက္ကသိုလ်အပြင်ထွက်ပြီး ဈေးဝယ်သွားချင်တဲ့အခါ၊ အခြားမြို့တစ်ခုခုကို လေ့လာရေးခရီးဖြစ်စေ၊ အကြောင်းကိစ္စတစ်ခုနဲ့ဖြစ်စေ သွားဖို့ကြုံလာတဲ့အခါ ၀တ်ဆင်ဖို့အတွက် လိုအပ်တာဖြစ်တယ်။ နှင်းဒဏ်ခံနိုင်တဲ့ ခပ်ထူထူ၊ ခပ်ကောင်းကောင်း အနွေးထည် ၂ ထည်လောက် ပါလာတယ်ဆိုရင် မင်းအနေနဲ့ အတော်ကြီးကို အဆင်ပြေနေပါပြီကွာ။ မြန်မာပြည်မှာ ၀ယ်ရခက်၊ ရွေးရခက်နေလို့ ဒီရောက်မှ ၀ယ်ချင်တယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ အနွေးထည်တွေက ခရီးဆောင်အိတ်ထဲမှာ နေရာယူလွန်းတဲ့အတွက် မင်းအနေနဲ့ ဒီရောက်မှ ၀ယ်ဖို့အတွက် စဉ်းစားမယ်ဆိုရင်လည်း ငါကတော့ ဘာမှပြောစရာမရှိပါဘူးကွာ။

(၅) ဆေးဝါး 
 ဒီနေရာမှာ အမြင် ၂ မျိုး ကွဲပြားကြတယ်ကွ။ အချို့က ဂျပန်မှာဖျားတဲ့အဖျားဟာ ဂျပန်ဆေးနဲ့မှ ပျောက်တယ်တဲ့။ အချို့ကျတော့လည်း မြန်မာပြည်မှာ သောက်နေကျဆေး သောက်လိုက်ရမှ သက်သာတယ်တဲ့။ ငါ့အမြင်ကတော့ မင်းအနေနဲ့ ကိုယ်သောက်နေကျ ဆေးတွေကို အနည်းအကျဉ်း ဆောင်လာသင့်တယ်လို့ အကြံပြုလိုတယ်။ ရာသီပြောင်း၊ ဥတုပြောင်း၊ ရေပြောင်း၊ မြေပြောင်းမှာ နှာစေးချောင်းဆိုး ဖြစ်ခဲ့ရင်၊ ခေါင်းကိုက်ခဲ့ရင်၊ ဇက်ကြောတက်ရင်၊ ခေါင်းမူးခဲ့ရင်၊ ၀မ်းချုပ်ခဲ့ရင်၊ ၀မ်းပျက်ခဲ့ရင်၊ ကိုယ်လက်တွေ မအီမသာဖြစ်ခဲ့ရင်၊ စတဲ့ စတဲ့ အသေးစား အာဂန္တု ဝေဒနာလေးတွေအတွက် မင်းနဲ့အဆင်ပြေတဲ့ သောက်နေကျ ဆေးလေးတွေနဲ့ဆို အဆင်ပြေမယ်လို့ ငါထင်တယ်။ ညောင်းညာတတ်ရင်လည်း အကြောပြေလိမ်းဆေးတို့၊ ဒဏ်ကြေးလိမ်းဆေးတို့ ဆောင်လာခဲ့ပေါ့ကွာ။ ပတ်တီးလိပ်တို့၊ ဂွမ်းလိပ်တို့၊ ကတ်ကြေးသေးတို့ကိုတော့ အလေးခံပြီး သယ်မလာပါနဲ့၊ ဒီမှာလည်း လွယ်လွယ်ကူကူ ပေါပေါများများ ၀ယ်လို့ရပါတယ်။ အနာကပ် ပလာစတာလေး တစ်တွဲလောက် သယ်လာချင်လည်း သယ်လာခဲ့ပေါ့ကွာ။ ဟင်းချက်ရင်း မတော်တဆ ဓားထိတာတို့၊ အခြားချွန်ထက်တဲ့ အရာတစ်ခုခုနဲ့ ထိခိုက်မိလို့ ပွန်းပဲ့တာတို့ ဖြစ်တဲ့အခါ အရေးပေါ် ကပ်လို့ရတာပေါ့။ အစားအသောက်နဲ့ ပတ်သက်ပြီး အရမ်းထိလွယ်ရှလွယ်ဖြစ်တတ်တယ်၊ ၀မ်းပျက်တတ်တယ် ဆိုရင်တော့ ဓာတ်ဆားထုပ်လေးတွေလည်း ဆောင်လာသင့်တယ်။ သာမန်ကျန်းမာရေး အခြေအနေ ရှိတဲ့လူတစ်ယောက်အတွက်တော့ ဒီရောက်တဲ့အခါ ဖျားချင်လို့တောင် မဖျားပါဘူးကွာ။ ကိုယ့်မှာ နဂိုကတည်းက ရောဂါအခံတစ်ခုခု ရှိတယ်ဆိုရင်တော့ အဲဒီရောဂါအတွက် ကိုယ်သောက်နေကျ ဆေးဝါးတွေကို ပြည့်ပြည့်စုံစုံ ယူဆောင်လာတာဟာ အကောင်းဆုံးဖြစ်မယ်လို့ ငါကတော့ အကြံပြုချင်တယ်။

(၆) အစားအသောက် 
 ဂျပန်ရောက်ရင် ဂျပန်လိုကျင့်မယ် ဆိုတဲ့စိတ်လေးနဲ့ လာတယ်ဆိုရင်တော့ ဘာအစားအသောက်မျှ ယူလာစရာ မလိုပါဘူးကွာ။ ထမင်းစားတဲ့အခါ ဟိုဟာလေးမပါရင် မစားတတ်ဘူး၊ ဒီဟာလေး မပါရင် ထမင်းမမြိန်ဘူး ဆိုတဲ့လူတွေအတွက်တော့ ကိုယ်စားချင်တဲ့ ငပိထောင်း၊ ငရုတ်သီးကြော်၊ သရက်သီးသနပ်၊ တို့ဟူးချဉ်၊ မုန်ညင်းချဉ် စတာတွေကို ဗူးလေးတွေနဲ့ဖြစ်ဖြစ်၊ အထုပ်လေးတွေနဲ့ဖြစ်ဖြစ် ဆီလုံအောင်ထုပ်ပိုးပြီး သယ်လာခဲ့ကြဖို့သင့်တယ်။ ငါက ဘယ်လိုပဲပြောပြော၊ မင်းတို့တွေက ဘယ်လိုပဲဆုံးဖြတ်ဆုံးဖြတ် မင်းတို့ရဲ့ မိသားစုတွေက မဖြစ်မနေ ထည့်ပေးကြမှာပဲ မဟုတ်လား။ အဲဒီတော့ သူတို့တွေ ထည့်ပေးမယ်ဆိုရင်လည်း ကော်ဖီမစ်ထုပ် ဒါမှမဟုတ် တီးမစ်ထုပ်၊ အသင့်စား မုန့်ဟင်းခါးထုပ်၊ အုန်းနို့ခေါက်ဆွဲထုပ်၊ ထမင်းသုပ်ထုပ်၊ ကြာဇံချက်ထုပ် အဲဒါတွေ ထည့်ခိုင်းပေါ့ကွာ။ လဘက်နဲ့ ပဲကြော်ကတော့ လူတိုင်းနီးနီး သယ်လာကြမှာမို့ အထူးအထွေ မမှာတော့ပါဘူး။ ကိုယ့်အိမ်ရှင်မတွေရဲ့ လက်ရာလေးတွေကိုပဲ စွဲမက်တယ်ဆိုတဲ့ လူတွေကတော့ ငရုတ်သီးကြော်တို့၊ ငါးခြောက်ကြော်တို့၊ ငါးပိကြော်တို့ စတာလေးတွေကို ကြော်ခိုင်းပြီး ပလတ်စတစ်ထုပ်လေးတွေနဲ့ ဆီလုံအောင်ထုပ်၊ သတင်းစာစက္ကူလေးတွေထပ်၊ တိပ်လေးတွေ ပတ်ပြီးတော့ ယူခဲ့ကြပေါ့ကွာ။ ဘာမှ မပါလာရင်လည်း အစားအသောက်အတွက် စိတ်မပူပါနဲ့ကွာ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၊ အာလူး၊ ငရုတ်၊ ဂျင်း၊ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ရွှေဖရုံသီး၊ ဂေါ်ဖီထုပ်၊ ပန်းမုံလာ၊ မုန်ညင်း၊ နံနံပင် စသဖြင့် အခြေခံစားသောက်ကုန်တွေ အကုန်လုံးကို အလွယ်တကူ ၀ယ်လို့ရပါတယ်ကွ။ ကြက်သား၊ ၀က်သား၊ အမဲသား၊ ကြက်မြစ်ကြက်သည်း၊ အသားစင်းကော၊ ငါး၊ ငါးခြောက်၊ ကြက်ဥ စတာတွေကိုလည်း မင်းစိတ်တိုင်းကျ ၀ယ်ယူနိုင်ပါတယ်။ ဆား၊ အရောင်တင်မှုန့်၊ နနွင်းမှုန့်၊ ငရုတ်ကောင်းမှုန့်၊ အချို့မှုန့်၊ ဟင်းခပ်မှုန့် စတာတွေလည်း လွယ်လွယ်ကူကူ ၀ယ်ယူနိုင်တယ်။ ပြောရရင်တော့ကွာ... ဒီမှာ လွယ်လွယ်ကူကူ ၀ယ်လို့မရနိုင်တာဆိုလို့ ငါးပိရယ်၊ မန်းကျည်းသီးမှည့်ရယ်၊ ကုလားအော် ငရုတ်သီးစိမ်းရယ်၊ ချဉ်ပေါင်ရွက်ရယ်၊ မဆလာရယ်လောက်ပဲ ရှိတယ်ထင်တာပါပဲ။ ငါ့အနေနဲ့ကတော့ အစားအသောက်တွေကို အလေးခံပြီး တကူးတက အများကြီး သယ်မလာစေချင်ဘူး။

(၇) တစ်ကိုယ်ရေ အသုံးအဆောင်များ 
 လက်သည်းညှပ် တစ်ခုနဲ့ ခေါင်းဘီး တစ်ခုတော့ မဖြစ်မနေ ပါလာသင့်ပါတယ်ကွာ။ လက်ရှိသုံးလက်စ ရေမွှေးတို့၊ ချွေးနံ့ပျောက်ဆေးတို့၊ သွားပွတ်တံတို့၊ မုတ်ဆိတ်ရိတ်ဓားတို့၊ မျက်နှာသစ်ဆေးတို့၊ ခေါင်းလိမ်းဆီတို့ သယ်လာမယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ အသစ်တွေချည်း ၀ယ်လာစရာ မလိုပါဘူးကွာ။ ဒီရောက်တဲ့အချိန်ကျမှ လိုအပ်တာတွေ အကုန်လုံးကို လွယ်လွယ်ကူကူ ၀ယ်လို့ရပါတယ်။ တံဆိပ်ပေါင်းများစွာထဲကမှ မင်းကြိုက်တဲ့ဟာကို ရွေးပါလေ့ကွာ။ ဒီနေရာမှာ ငါ့တုန်းက မှားခဲ့တဲ့ အမှားတစ်ခု မင်းကို ပြောပြချင်တယ်။ အခြားမဟုတ်ဘူး... ငါလာတုန်းက ဆပ်ပြာခဲတွေ ၀ယ်လာခဲ့မိတယ်ကွ။ တကယ်တမ်း ဒီမှာက ဆပ်ပြာရည်နဲ့ ရေချိုးရတာ ပိုအဆင်ပြေတယ်။ ကျောင်းဈေးဆိုင်မှာတင် လွယ်လွယ်ကူကူ ၀ယ်နိုင်ပါတယ်ကွာ။ အဲဒီတော့ ဒီကိုရောက်ကာစ သုံးဖို့အတွက် ဆပ်ပြာခဲ ၀ယ်လာချင်တယ်ဆိုရင်တောင် တစ်ခဲလောက်ဆို လုံလောက်ပါပြီ။ အရေးတကြီး မှာချင်တာတစ်ခုက မင်းအနေနဲ့ မျက်မှန်တပ်နေရတဲ့ လူတစ်ယောက်ဆိုရင် ဒီကိုလာခါနီး တစ်ခေါက်လောက်ဖြစ်ဖြစ် မျက်စိမျက်မှန် ပြန်စစ်ပြီး ကိုက်ညီတဲ့ ပါဝါနဲ့ မျက်မှန် ၂ လက်လောက်တော့ လုပ်လာသင့်တယ်။ အကောင်းတစ်လက်၊ အကြမ်းတစ်လက်ပေါ့ကွာ။ ဒီမှာမျက်မှန်လုပ်ရတာ နည်းနည်းလေး ပိုဈေးကြီးတယ်လို့ ငါထင်မိတယ်။ အော်... နေကာမျက်မှန် တပ်တဲ့အကျင့် ရှိတယ်ဆိုရင်လည်း ယူလာခဲ့ပါကွာ။ နွေဦးရာသီနဲ့ နွေရာသီတွေမှာ နေကာမျက်မှန်တပ်ပြီး စက်ဘီးစီးရတာ ပိုအဆင်ပြေတယ်။

(၈) အီလက်ထရောနစ် ပစ္စည်းများ 
 အိတ်ဆောင်ကွန်ပျူတာတစ်လုံး မရှိမဖြစ် လိုအပ်တယ်လို့ ငါက အကြံပြုချင်တယ်။ စာဖတ်တာကစပြီး ကျမ်းရေးတဲ့အထိ ကွန်ပျူတာနဲ့ အလုပ်လုပ်ရမှာ ဖြစ်တဲ့အတွက် မဖြစ်မနေ လိုအပ်တယ်လို့ ပြောရတာဖြစ်တယ်။ အခန်းတိုင်းမှာ အင်တာနက်သုံးနိုင်တဲ့ ၀န်ဆောင်မှုပါတာမို့ ၂၄ နာရီ အင်တာနက် သုံးခွင့်ဆိုတာကိုလည်း ကွန်ပျူတာရှိမှ အဆင်ပြေမှာဖြစ်တယ်။ မင်းမှာရှိပြီးသား အိတ်ဆောင်ကွန်ပျူတာကို သယ်လာရင် အဆင်ပြေသလို အသစ်သုံးချင်လို့ မြန်မာပြည်ကနေ ၀ယ်မလာဘဲ ဒီရောက်မှ ၀ယ်မယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ မင်းကြိုက်တဲ့တံဆိပ်၊ မင်းလိုချင်တဲ့ ဈေးနှုန်းကို အွန်လိုင်းမှာ ရွေးချယ်ကြည့်ရှုပြီး မှာလို့ရပါတယ်။ အွန်လိုင်းဈေးဆိုင်ဖြစ်တဲ့ Amazon လိုဟာမျိုးက ၂-၃ ရက်အတွင်း မင်းမှာတဲ့ဟာကို အရောက်ပို့ပေးပါလိမ့်မယ်။ iPad လိုဟာမျိုးကို မင်းမှာရှိပြီးသားမို့ ယူလာမယ်ဆိုရင် အဆင်ပြေပေမယ့် အသစ်ဝယ်မယ်ဆိုရင်တော့ မြန်မာပြည်ကနေ ၀ယ်မလာဘဲ ဒီရောက်မှ ၀ယ်စေချင်တယ်။ ဖုန်းသုံးဖို့အတွက် ဟန်းဆက်ကိုတော့ မြန်မာပြည်ကနေ တကူးတက သယ်မလာစေချင်ဘူး။ ဒီမှာလုပ်တာက ပိုအဆင်ပြေမယ်လို့ ငါထင်တယ်။ iPhone ယူချင်သလား၊ Samsung လိုချင်သလား၊ ဂျပန်ဖုန်းတွေပဲ ကိုင်ချင်သလား မင်းစိတ်တိုင်းကျ ရွေးချယ်ခွင့်ရှိပါတယ်။ ရေဒီယိုလို ဟာမျိုးကတော့ အရူးထပြီး သယ်မလာခဲ့လေနဲ့။ ဖလမ်းဖလမ်းထနေတဲ့ အင်တာနက်မြန်နှုန်းနဲ့ မင်းလုပ်ချင်ရာမှန်သမျှကို အွန်လိုင်းကနေသာ လုပ်ပါကိုယ့်လူရေ။ အော်.. အရေးကြီးတာတစ်ခု မေ့တော့မလို့ဟေ့။ မင်းသယ်လာမယ့် ကွန်ပျူတာရဲ့ အားသွင်းကြိုးက ပလပ်ခေါင်းဟာ ပင်သုံးချောင်းတို့၊ အလုံးတို့ ဖြစ်နေတယ်ဆိုရင်တော့ ပလပ်အပြားနှစ်ချောင်းကို ပြောင်းပေးနိုင်မယ့် ကြားခံပလပ်ခေါင်း (Type A plug adapter) တစ်ခု မဖြစ်မနေ သယ်လာခဲ့ပေတော့ဟေ့။ ဂျပန်တစ်နိုင်ငံလုံး Plug (Type A) ကိုပဲ သုံးကြတယ်ကွ။ ငါတွဲပေးလိုက်တဲ့ ဓာတ်ပုံတွေကိုကြည့်ရင် Type A အမျိုးအစားဆိုတာ ဘယ်လိုဟာလဲ၊ မင်းဝယ်လာသင့်တာ ဘယ်လိုအမျိုးအစားလဲလို့ အလွယ်တကူ သိနိုင်ပါတယ်။

(၉) အထွေထွေ 
 မင်းအနေနဲ့ အခန်းတွင်းမှာ အလှဆင်ချင်တဲ့ နိုင်ငံတော်အလံအသေး၊ ရွှေချည်/ငွေချည်ထိုး ပန်းချီကားချပ်၊ မြန်မာ့ရိုးရာအရုပ်ကလေးတွေ၊ ပိုစတာတွေ၊ စားပွဲတင်အရုပ်ကလေးတွေ၊ အခြားသော အလှအပ ပစ္စည်းလေးတွေရှိရင် ကိုယ့်စိတ်ကူးနဲ့ကိုယ် သယ်လာခဲ့ပေါ့ကွာ။ ကိုယ်ပိုင်အိပ်ရာခင်းလေး၊ ခေါင်းအုံးစွပ်လေးတွေနဲ့ အိပ်ချင်သပဆိုရင်လည်း ယူလာခဲ့ပါလေ။ ခင်မင်ရင်းနှီးတဲ့ နိုင်ငံတကာက မိတ်ဆွေအပေါင်းအသင်းတွေကို လက်ဆောင်လေးတွေ ပေးချင်တယ်ဆိုရင် ဈေးသိပ်မကြီးလှတဲ့ မြန်မာ့ရိုးရာ အမှတ်တရ ပစ္စည်းလေးတွေ ၀ယ်လာခဲ့ပေါ့။ အခန်းတွင်းမှာ ဘုရားတရား လုပ်ချင်သပဆိုရင်လည်း ဆင်းတုတော် ခပ်သေးသေး ပင့်လာတာပဲဖြစ်ဖြစ်၊ ပုံတော်တစ်ခုခုကို သယ်လာတာပဲဖြစ်ဖြစ် လုပ်သင့်ပါတယ်။ ပန်းကန်ခွက်ယောက်တွေတော့ သယ်မလာပါနဲ့ကွာ။ သောက်ရေခွက်ကအစ ထမင်းပေါင်းအိုးအလယ် ရေခဲသေတ္တာအဆုံး ဒီရောက်မှပဲ ၀ယ်ပါကိုယ့်လူရေ။

ငါ့စိတ်ကူးနဲ့ငါ တွေးမိသမျှတော့ အကြံပြုရေးခဲ့တာပါပဲ။ စာထဲမှာမပါဘဲ မင်းသိချင်တာတွေရှိရင်လည်း ထပ်မေးပေါ့ကွာ။ အခုတော့ ငါ့စာလည်း အတော်ကြီးကို ရှည်လျားနေပြီမို့ ဒီနေရာမှာပဲ ခေတ္တရပ်နားပါရစေ။ အစစ အဆင်ပြေပါစေကွာ။
( Ichiro Nyanmyokyaw @ IUJ )

No comments:

Post a Comment