Sunday 19 October 2008

ဝါကျွတ်ကန်တော့ပွဲ


. . . သာဝတ္ထိ အထက်တန်းကျောင်းက ကျောင်းဆရာကြီး ဦးဘဆိုင်နဲ့ ဒေါ်ကြည်အေးတို့ဟာ မွန်တိုင်းရင်းသားတွေ ဖြစ်ပြီး ချစ်စရာကောင်းတဲ့ သမီး သုံးယောက်ရှိပါတယ်။ နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်ပြီ ဆိုမှဖြင့် ဘဘဦးဘဆိုင်တို့ သားအမိသားအဖ တစ်တွေဟာ ရွာထဲက သက်ကြီး ၀ါကြီးတွေကို လိုက်ကန်တော့လေ့ ရှိပါတယ်။ သူတို့ လာကန်တော့ပြီဆိုရင် လက်ဆွဲခြင်းနဲ့ ထည့်လာတဲ့ အုန်းသီး ငှက်ပျောသီးတွေကို အိမ်က လင်ဗန်းတစ်ခုထဲ ဆေးကြောထည့်ပြီး ကန်တော့ပွဲ ပြင်ပေးရပါတယ်။ ပြီးတော့ ကျွန်တော်တို့ မိသားစုလည်း ဘဘဦးဘဆိုင်တို့နဲ့အတူ ရောယောင်ပြီး အဖိုးအဖွားတွေကို ကန်တော့လိုက်ကြပါတယ်။ အဲသည်လို ကန်တော့တာ ဗိုလ်ကောင်းတို့ လေးတန်းကျောင်းသား ကျွန်တော့် ဘွားအေကြီး ဒေါ်ရင် မဆုံးခင်အထိပါပဲ။
.
. . . အင်းသာ မူလတန်းကျောင်းမှာတုန်းက သီတင်းကျွတ် ကျောင်းရက်ရှည်မပိတ်ခင် နောက်ဆုံးနေ့မှာ ဆရာကန်တော့ပွဲ လုပ်ပါတယ်။ စာသင်ခန်းတွေကို ကန့်ထားတဲ့ ထရံချပ်တွေကို နံရံဘက် ကပ်လိုက်တဲ့အခါ သူငယ်တန်းက လေးတန်းထိ ကျောင်းသား အကုန်လုံးဆန့်တဲ့ ခန်းမကျယ်ကြီး ဖြစ်သွားရော။ ရောင်စုံမြေဖြူတွေနဲ့ ရေးထားတဲ့ အာစရိယပူဇော်ပွဲ ဆိုတဲ့ ကျောက်သင်ပုန်း မည်းမည်းကြီး ရှေ့မှာ ကျောင်းအုပ်ဆရာကြီး ဦးဝင်းကြည်ကို ခြံရံပြီး ဆရာ ဆရာမတွေက တန်းစီပြီး ထိုင်လို့၊ ဆရာတစ်ယောက် ရေးပေးထားတဲ့ ကန်တော့ချိုးကို လေးတန်းက ကျောင်းသားခေါင်းဆောင် တစ်ယောက်က အသံကျယ်ကျယ် တိုင်ပေးတဲ့အခါ ကျောင်းသား ကျောင်းသူတွေက ညီညီညာညာ လိုက်ဆိုရင်း ကန်တော့ကြတော့ ကျောင်းအုပ်ဆရာကြီးက ဆုပေးပါတယ်။ ပြီးတဲ့အခါ ကျောင်းသားတွေ တစ်ယောက်တစ်ထုပ် ကိုယ်စီ ယူလာတဲ့ မုန့်မျိုးစုံကို ဘုန်းကြီးကျောင်းလှူဖို့ ဦးဖယ်၊ ကျောင်းသားတွေကို ဝေကျွေးပြီး တချို့ကို ဆရာဆရာမတွေ ခွဲဝေယူကြပါတယ်။
.
. . . ကိုးတန်းကျောင်းသားကြီး ဖြစ်လာတဲ့အခါ ဆရာကန်တော့ပွဲလုပ်ဖို့ အတန်းငယ်တွေကို လိုက်လံ စည်းရုံးရပါတယ်။ လူရှေ့သူရှေ့မှာ တစ်ခါမှ စကား မပြောဖူးလေတော့ ကိုယ်ပြောချင်တဲ့စကားကို အမြီးအမောက် တည့်သလား မတည့်သလားမသိ ပြောချင်ရာ ပြောပြီး ပြောပြောပြေးပြေး ပြေးခဲ့တာကို သတိရတော့ ရယ်ချင်မိပါတယ်။ တကယ်ကို ကတုန်ကယင် ဖြစ်ခဲ့ရတာ။
.
. . . စစ်တက္ကသိုလ် ရောက်တော့ အပတ်စဉ် ၄၃၊ ၄၄ နဲ့ ၄၅ ပေါင်းပြီး အင်္ဂလိပ်စာ ဌာနမှာ ဆရာကန်တော့ပွဲလုပ်တော့ ဌာနမှူး ဗိုလ်မှူးကြီး ဘုန်းမြင့်က ဆုတွေ တလှေကြီး ပေးပါတယ်။
.
. . . ရန်ကုန် တက္ကသိုလ် အင်္ဂလိပ်စာ ဌာနမှာ ဆရာကန်တော့ပွဲ လုပ်မယ်ဆိုရင် နှစ်စဉ်နှစ်တိုင်း ငြင်းကြခုန်ကြရတဲ့ ကိစ္စက မြန်မာလို ကျင်းပမှာလား အင်္ဂလိပ်လို ကျင်းပမှာလား ဆိုတာပါပဲ။ ဖိတ်စာကို အင်္ဂလိပ်လိုရိုက်မယ်၊ အခမ်းအနား အစီအစဉ်ကို အင်္ဂလိပ်လို ကြေငြာမယ်၊ ကန်တော့ချိုးကို မြန်မာလို ဆိုမယ်၊ ဆုကတော့ အဆင်သင့်သလိုပေးပေါ့၊ ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ ဆရာကြီး ဦးသီဟတို့ ဆရာမကြီး ဒေါ်ဝင်းရှီရှိုတို့ ဆရာမကြီး ဒေါ်ချာရတီ စိန်ဦးတို့တောင်မှ ဆုကို အင်္ဂလိပ်လိုနဲ့ မြန်မာလို ညှပ်ပြီး ကျကျနန ပေးတတ်ကြတာ တကယ်ကို ချစ်စရာကောင်းတဲ့ အစဉ်အလာလေးတွေပါ ။
.
. . . ပြီးခဲ့တဲ့ သီတင်းကျွတ် လပြည့်နေ့က ဗိုလ်ကောင်းတို့ ဌာန အကြီးအကဲကို နှစ်သိန်းခွဲလောက်တန်တဲ့ ပန်းခြင်းနဲ့ ကန်တော့ပါတယ်။ ပန်းခြင်းထဲက တန်ဖိုးအကြီးဆုံး ပစ္စည်းက နှစ်သိန်းကို တစ်ထောင်ပဲ လျော့တဲ့ Blue Label လို့ခေါ်တဲ့ သိုးဆောင်းအရက်တစ်မျိုး ဖြစ်ပါတယ်။ ရဟန်းတော်များ ပ၀ါသနာ ပြု အပြစ်ကို ၀န်ချတောင်းပန်ကြတဲ့ အစဉ်အလာကို လိုက်လို့ လူပုဂ္ဂိုလ်များက မိမိထက် တစ်ရက် တစ်မနက်ကြီးသူ ကြီးကဲသူများ သက်ကြီးဝါကြီး ရိုသေလေးစားရသူများကို ဂါရ၀တရားနဲ့ အပြစ်ဝန်ချ တောင်းပန်ကန်တော့ ခွင့်လွှတ်ကြတဲ့ ပွဲမှာ ဘုရားမကြိုက်တဲ့ အရက်ပါသင့်ပါရဲ့လား ဆိုတာရယ်၊ ငယ်ငယ်တုန်းက ဘဘ ဦးဘဆိုင်တို့မိသားစု ဘွားအေကြီးကို လာကန်တော့တုန်းကလို အုန်းပွဲ ငှက်ပျောပွဲလေးနဲ့ ကန်တော့ကြရင်ဖြင့် ရိုးရာဓလေ့ အမွေအနှစ် တစ်ခုကို စောင့်ရှောက်ပြီးသား ဖြစ်ရာများကျမလား ဆိုတာ အကြံပေးမိရင်ဖြင့် အတွေးခေါင်လွန်းတယ် ကဲ့ရဲ့ခံရမလား မဆိုနိုင်ဘူးရယ် . . .
.
ဗိုလ်ကောင်း
၁၉ အောက်တိုဘာ ၂၀၀၈

Friday 12 September 2008

စံပယ်ပန်းလေးရဲ့ မွေးနေ့


ဒီနေ့ဟာ ကျွန်တော့်ဘ၀မှာ အချစ်ဆုံးသူတစ်ယောက်ရဲ့ မွေးနေ့ ဖြစ်ပါတယ်။ စံပယ်ပန်း ဖြူဖြူကို မြတ်နိုးတတ်တဲ့၊ ကဗျာလှလှလေးတွေ ရေးတတ်တဲ့၊ ၀ိုင်ဝိုင်းနဲ့ အာဇာနည် သီချင်းတွေကို ကျွန်တော် ကြိုက်တတ်အောင် သင်ပေးခဲ့တဲ့၊ ပြီးတော့ ကျွန်တော်က ချစ်သလောက် ကျွန်တော့်ကို ပြန်မချစ်တဲ့ စံပယ်ပန်းလေးဟာ ဒီနေ့ အသက် ၂၈ နှစ်ပြည့်ပါပြီ။
.
ကျွန်တော်တို့ဟာ လွန်ခဲ့တဲ့ ဆယ်နှစ်က စပြီး တွေ့ခဲ့ကြတာပါ။ ဆယ်စုနှစ် တစ်ခုဟာ ချစ်တဲ့သူနှစ်ယောက် တစ်ယောက်ကို တစ်ယောက် နားလည်ပြီး တစ်ယောက်ရင်ကို တစ်ယောက် ထိုးဖောက် မြင်နိုင်ဖို့ လုံလောက်တဲ့ ကာလ ဖြစ်ပေမယ့် ကျွန်တော်တို့ နှစ်ယောက်ဟာ ဘယ်တုန်းကမှ မဆုံခဲ့ဖူးတဲ့ ဘယ်တော့မှလည်း ဆုံနိုင်စရာမှရှိတဲ့ မျဉ်းပြိုင်နှစ်ကြောင်းလို နီးလျက်နဲ့ ဝေးနေကြရပါတယ်။ ကျွန်တော်တို့ မာနချင်း ပြိုင်နေတယ်လို့ တစ်ချို့က ဆိုပေမယ့် သူ့ကို ကျွန်တော်က အလျှော့ပေးလွန်းလို့ ဒီလို ဖြစ်ရတာလို့ လည်း တစ်ချို့က ဆိုပြန်ပါတယ်။ တကယ့်တကယ်တော့ သူဟာ ကျွန်တော့်ကို အဆုံးစွန်ဆုံးထက် ပိုပြီး သီးညည်းခံတတ်တယ်ဆိုတာ ကျွန်တော် လူဆိုးသာ အသိဆုံးပါ။
.
ကျွန်တော်တို့ ကျော်ဖြတ်ခဲ့တဲ့ ဆယ်နှစ်တာခရီးမှာ ကျွန်တော်ဟာ သူ့အတွက် ဘာကောင်မှ မဟုတ်ခဲ့ရပေမယ့် သူဟာ ကျွန်တော့်အတွက်တော့ အလင်းရောင် ဖြစ်ခဲ့ပါတယ်။ ကျွန်တော် မာန်မာနကြီးတာ ခေါင်းမာတာ တဇွတ်ထိုးလုပ်တာ နဲ့ တကိုယ်ကောင်းဆန်မိတာတွေ အားလုံးဟာ သူ့ရှေ့ရောက်ရင် အမြဲ ဒူးထောက်သွားခဲ့ရတာချည်းပါပဲ။ ဖြူဖွေးနူးညံ့လှပတဲ့ စံပယ်ပန်းလေးတစ်ပွင့်ရှေ့မှာ ဘာလို့များ အမြဲတမ်း ရှုံးနိမ့်နေခဲ့ရသလဲ ဆိုတာ ဘယ်လိုမှ မတွေးတတ်နိုင်အောင်ပါပဲ။
.
သူနဲ့အနီးကပ် နေရတဲ့အခါ ကျွန်တော့်မှာ ဆရာတော်ရှေ့ရောက်နေတဲ့ ရှင်သာမဏေလေးလို အနေအထိုင် ကျဉ်းကျပ်လှပါတယ်။ သူကတော့ တကူးတက စောင့်ကြည့်မနေသော်လည်း စောင့်ကြည့်နေဘိသလို ခံစားရလို့ အရာရာကို သတိနဲ့ လုပ်ဆောင်နေမိလို့ပါ။
.
ဆယ်နှစ်အတွင်းမှာ သူနဲ့ကျွန်တော်ဟာ အကြာဆုံးဆယ်လသာ ခွဲခွာခဲ့ဖူးပေမယ့် ကျွန်တော်တို့ရဲ့ နွေးထွေးတဲ့ ဆက်ဆံရေးဟာ တစ်ကြိမ်မှာ ခြောက်လထက် ဘယ်တုန်းကမှ မပိုခဲ့ပါဘူး။ နွေးထွေးတဲ့ ရာသီတွေမှာ ကျွန်တော်တို့ဟာ တစ်လောကလုံးမှာ နှစ်ယောက်တည်းပဲ ရှိသလို စိတ်တူသဘောတူ ထင်ရာမြင်ရာ လျှောက်လုပ်ကြပြီးတော့ အေးစက်စက်အချိန်တွေ ရောက်လာပြီ ဆိုရင်လည်း တစ်ခါဖူးမျှ မသိကျွမ်းခဲ့ကြတဲ့ တစ်ယောက်စကား တစ်ယောက်နားမပေါက်တဲ့ လူမျိုးခြားတွေလို တကယ်ကို ဝေးကွာ သွားတတ်ကြပါတယ်။ ကျွန်တော်တို့ရဲ့ နောက်ဆုံး နွေးထွေးတဲ့ ရာသီဥတုဟာ ပြီးခဲ့တဲ့ နွေနှောင်းနဲ့ မိုးဦးကာလ ဖြစ်ခဲ့ပြီး ဘယ်ကနေ ဘယ်လို အေးစက်သွားခဲ့သလဲ မမှတ်မိပေမယ့် မနှစ်က သူ့ရဲ့ နှစ်ဆယ့်ခုနစ် နှစ်မြောက် မွေးနေ့လက်ဆောင်ပေးတဲ့အချိန်မှာ ကြားလူကနေ ပေးဖြစ်ခဲ့ပါတယ်။
.
သူ့ကို အရေးတယူ အလေးထားတာကို မုန်းတီးလှချည်ရဲ့ဆိုလို့ ရှောင်ဖယ်ရှောင်ဖယ်လုပ်ရင်းက တံတိုင်းအကြီးကြီး ခြားသွားပြီ ဆိုပေမယ့် အရင်တုန်းကလိုပဲ သူ့ကို ချစ်ခင်မြတ်နိုးတဲ့ ၀ိညာဉ်တစ်ခုက ကျွန်တော့်နှလုံးသားထဲမှာ ခိုအောင်းနေတုန်းပဲဆိုတာ သူလည်း သိမှာပါလို့ မျှော်လင့်ပါတယ်။
.
စံပယ်ပန်းလေးရေ
မင်းရဲ့ မွေးနေ့မှာ ငါ့ကို သတိမရပါနဲ့
ဘယ်တော့မှလည်း သတိမရပါနဲ့
မင်းရဲ့ ပျော်ရွှင်နေတဲ့ စိတ်ကို ငါ့ကိုသတိရခြင်းဆိုတဲ့ အမှိုက်တွေ မရှုပ်မိပါစေနဲ့ကွာ
(၂၀၀၈ ခုနှစ် စက်တင်ဘာလ )