Sunday 20 December 2015

Skiing Movies
































IUJ Winter Movies
















Snow outside MLIC at IUJ

2015 IUJ Fall




December Snow

Snow falling this year is very late compare to the last year. The first snow of 
2016 starts falling in December 17, and it is more than ten days later than previous December. The amount of snow is also smaller this year. The following photos were taken on the sunny evening of December 19, 2015, after two days of the first snow falling.









နိုင်ငံရေးပင်စင်ဥပဒေ


. . . နိုင်ငံရေးပင်စင်ဥပဒေကို မဆလ အစိုးရ ပြည်သူ့လွှတ်တော်ကနေ ၁၉၈၀ ပြည့်နှစ် ဥပဒေ အမှတ် (၄) အဖြစ်ထုတ်ပြန်ခဲ့ပြီး အဲဒီ ဥပဒေဟာ ၁၉၈၀ နိုဝင်ဘာလ ၁ ရက်နေ့မှာ စတင်အာဏာတည်ခဲ့ပါတယ်။ နောက်ထပ် ဥပဒေ ပြင်ဆင်ချက် ငါးခု ထပ်ထွက်ခဲ့ပါတယ်။ မဆလ ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက် ဥပဒေ နှစ်ခု ထုတ်ပြန်ခဲ့ပြီး၊ န၀တ အစိုးရက ပြင်ဆင်ချက် ဥပဒေတစ်ခု၊ နယက အစိုးရက ပြင်ဆင်ချက် ဥပဒေ နှစ်ခု ထုတ်ပြန်ခဲ့ပါတယ်။
. . .
ပြင်ဆင်ချက် ၁ - ၁၉၈၅ ပြည်သူ့လွှတ်တော် ဥပဒေအမှတ် (၁၀)
ပြင်ဆင်ချက် ၂ - ၁၉၈၆ ပြည်သူ့လွှတ်တော် ဥပဒေအမှတ် (၇)
ပြင်ဆင်ချက် ၃ - ၁၉၉၄ န၀တ ဥပဒေအမှတ် ၉/၉၄ ( ၁၉၉၄ ဒီဇင်ဘာ ၂၉ ရက် )
ပြင်ဆင်ချက် ၄ -၂၀၀၀ ပြည့်နှစ် နယက ဥပဒေအမှတ် ၇/၂၀၀၀ ( ၂၀၀၀ ပြည့်နှစ် စက်တင်ဘာလ ၄ ရက်)
ပြင်ဆင်ချက် ၅ - ၂၀၀၁ နယက ဥပဒေအမှတ် ၂/၂၀၀၁ (၂၀၀၁ ခုနှစ် ဖေဖေါ်ဝါရီ ၂၈)
. . .
ဥပဒေများကို အောက်ပါ လင့်များမှာ ဖတ်ရှုနိုင်ပါတယ်။
နိုင်ငံရေးပင်စင်ဥပဒေ https://drive.google.com/file/d/0BwEBTOIlgNzhX085c3B4Qm9RTzQ/view?usp=sharing
ပြင်ဆင်ချက် ဥပဒေ (၁) https://drive.google.com/file/d/0BwEBTOIlgNzhYkVUbTA5ZXI5TGM/view?usp=sharing
ပြင်ဆင်ချက် ဥပဒေ (၂) https://drive.google.com/file/d/0BwEBTOIlgNzhMUhIWXJSOFdTM1U/view?usp=sharing
ပြင်ဆင်ချက် ဥပဒေ (၃) https://drive.google.com/file/d/0BwEBTOIlgNzhVEdNVTI2anFQRVk/view?usp=sharing
ပြင်ဆင်ချက် ဥပဒေ (၄) https://drive.google.com/file/d/0BwEBTOIlgNzhNkJKZDQzZjhsUE0/view?usp=sharing
ပြင်ဆင်ချက် ဥပဒေ (၅) https://drive.google.com/file/d/0BwEBTOIlgNzhRFpaWEw5eXdPQlk/view?usp=sharing
.
ရွှင်လန်းချမ်းမြေ့ကြပါစေဗျ #

Thursday 19 November 2015

ဖယ်ဒရယ်ဆန်


အနော်တို့ ငယ်ငယ်တုန်းက သမိုင်းထဲမှာ သင်ခဲ့ရတာ ဖယ်ဒရယ်ဆိုတာ ပြည်ထောင်စုက ခွဲထွက်မယ့် မူတစ်မျိုးတဲ့။ ဖယ်ဒရယ်ဆိုတာ ပြည်ထောင်စုကြီး တည်တံ့ဖို့အတွက် မဟာအန္တရာယ်ကြီး တစ်ခုအဖြစ် သင်ကြားခံခဲ့ရတာပါ။ အခု ကြီးလာတော့ ဖယ်ဒရယ်သံတွေ ပြန်ညံလာတဲ့အခါမှာ ကိုယ်လည်း ဖတ်မှတ်စူးစမ်းကြည့်တော့ ဖယ်ဒရယ်ဆိုသဟာ ငယ်ငယ်တုန်းက သင်ခဲ့ရသလို ပြည်ထောင်စုကြီး ပြိုကွဲစေတဲ့ စနစ်မျိုး မဟုတ်ဘဲ အုပ်ချုပ်ရေးအာဏာကို ပြည်ထောင်စု အစိုးရတစ်ရပ်တည်းက ဗဟိုဦးစီး ချုပ်ကိုင်ထားတာ မဟုတ်ဘဲ သက်ဆိုင်ရာ ဒေသအလိုက် နယ်မြေအလိုက် အစိုးရတွေက အာဏာခွဲဝေ ကျင့်သုံးတာကို ပြောတာပဲ ဆိုတာ ရေးတေးတေး သဘောပေါက်မိပါတယ်။ တစ်ချို့က ပြောတာကလည်း အခု ၂၀၀၈ အခြေခံဥပဒေအရ ဗဟိုဦးစီးစနစ် မဟုတ်တော့ဘဲ အုပ်ချုပ်ရေးအာဏာကို ပြည်နယ်တိုင်း အစိုးရတွေဆီ ခွဲဝေပေးထားပြီဆိုလို့ သူတို့ပြောတာ ဟုတ်မဟုတ် ဖတ်ကြည့်ရပြန်ပါတယ်။ တွေ့တာလေးတွေ ပြန်ပြီး ဖောက်သည်ချပါရစေ။

လူအာဏာ၊ ကိစ္စအာဏာ နဲ့ ပိုက်ဆံအာဏာ ဆိုပြီး သုံးပိုင်းခွဲ ပြောချင်ပါတယ်။

လူအာဏာ
------------
ပြည်နယ် တိုင်း အစိုးရတွေကို အာဏာခွဲဝေပေးထားတယ် ဆိုပေတဲ့ ပြည်နယ် တိုင်း ၀န်ကြီးချုပ်တွေကို သက်ဆိုင်ရာ ပြည်နယ် တိုင်း လွှတ်တော်က ရွေးချယ်ခွင့် မရှိပါဘူး။ ပြည်နယ် တိုင်း လွှတ်တော် အမတ်တွေထဲက သမ္မတ စိတ်ကြိုက် ရွေးချယ်ပြီး ၀န်ကြီးချုပ်အဖြစ် သမ္မတကိုယ်တိုင် ခန့်အပ်တဲ့အပြင် ၀န်ကြီးချုပ်တွေဟာ သမ္မတကို တာဝန်ခံရတဲ့ သမ္မတ လက်အောက်ဝန်ထမ်းတွေ ဖြစ်နေပါတယ်။ ဒါ့အပြင် ပြည်နယ် တိုင်း ၀န်ကြီးချုပ်တွေ ရွေးချယ်ပေးထားတဲ့ ပြည်နယ် တိုင်း ၀န်ကြီးတွေဟာလည်း နိုင်ငံတော် သမ္မတကို တာဝန်ခံကြရပါတယ်။ (သက်ဆိုင်ရာ ပြည်နယ် တိုင်း လွှတ်တော်ကို တာဝန်ခံရမယ် လို့ ပြဌာန်းထားခြင်း မရှိပါဘူး) ဆိုတော့ ပြည်နယ် တိုင်း အစိုးရ ဖွဲ့စည်းထားတယ် ဆိုပေတဲ့ သူတို့ဟာ သမ္မတရဲ့ တိုက်ရိုက်အုပ်ချုပ်မှုအောက်မှာဘဲ ရှိနေကြတာပါ။
လူအာဏာကို ပီပီပြင်ပြင် ခွဲဝေပေးချင်တယ်ဆိုရင် (ပိုပြီး ဖယ်ဒရယ် ဆန်ချင်တယ်ဆိုရင်) ပြည်နယ် တိုင်း ၀န်ကြီးချုပ်တွေကို သက်ဆိုင်ရာ ပြည်နယ် တိုင်း လွှတ်တော်တွေက တိုက်ရိုက်ရွေးကောက်တင်မြှောက်တဲ့ စနစ်ကို ကျင့်သုံပြီး နိုင်ငံတော်သမ္မတကို တာဝန်ခံစရာ မလိုဘဲ အခြေခံဥပဒေကိုသာ တာဝန်ခံရတဲ့ အဆင့်ကို ပေးနိုင်ရင်တော့ ဖယ်ဒရယ် ပိုဆန်မယ် ထင်ပါတယ်။ (အခြေခံဥပဒေ ပြင်တဲ့အခါ ထည့်ပြင်ဖို့)

ကိစ္စအာဏာ
--------------
သမ္မတရဲ့ ပြည်ထောင်စု အစိုးရ နဲ့ ၀န်ကြီးချုပ်တွေရဲ့ ပြည်နယ် တိုင်း အစိုးရတွေ လုပ်ပိုင်ခွင့် ရှိတဲ့ ကိစ္စတွေ ခွဲပေးထားတဲ့ အာဏာကို ကိစ္စအာဏာလို့ ပြောတာပါ။ အခြေခံဥပဒေ ဇယား ၁ မှာ သမ္မတရဲ့ ပြည်ထောင်စု အစိုးရ အာဏာပိုင်တဲ့ ကိစ္စတွေအဖြစ် ကဏ္ဍကြီး ၁၁ ခုနဲ့ ခေါင်းစဉ်ခွဲ ၁၂၃ ခု၊ အခြေခံဥပဒေ ဇယား ၂ မှာ ၀န်ကြီးချုပ်တွေရဲ့ ပြည်နယ် တိုင်း အစိုးရတွေ အာဏာပိုင်တဲ့ ကိစ္စတွေအဖြစ် ကဏ္ဍကြီး ၈ ခုနဲ့ ခေါင်းစဉ်ခွဲ ၄၁ ခု၊ နောက်ပြီး အခြေခံဥပဒေ ဇယား ၃ မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း ဒေသ ဦးစီးအဖွဲ့တွေ အာဏာပိုင်တဲ့ ကိစ္စတွေအဖြစ် ခေါင်စဉ် ၁၀ ခု သတ်မှတ် ပြဌာန်းပေးထားပါတယ်။ ဒီဟာတွေနဲ့ ပတ်သက်လို့ ဘယ်ကိစ္စကို ဘယ်အစိုးရက အာဏာပိုင်သင့်တယ်ဆိုတာ မဝေဖန်လိုပါဘူး။ တစ်ခုပဲ ရှိတာက အခြေခံဥပဒေက အပ်နှင်းထားတဲ့ အာဏာပိုင်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ငါးနှစ် သက်တမ်းအတွင်း ပြည်နယ် တိုင်း လွှတ်တော်တွေ ဘယ်လောက်တောင် ဥပဒေပြဌာန်းပြီး အာဏာကို လက်တွေ့ ရယူကျင့်သုံးနိုင်ခဲ့သလဲ ဆိုတာကတော့ စိတ်ဝင်စားစရာပါ။ ဇယား ၂ ထဲက အာဏာကို သက်ဆိုင်ရာ ပြည်နယ် တိုင်း လွှတ်တော်တွေက ဥပဒေ မပြုနိုင်သရွေ့ကတော့ သမ္မတရဲ့ ပြည်ထောင်စုအစိုးရ စီမံခန့်ခွဲမှုကို နာခံနေရအုံးမှာပဲ ဖြစ်ပါတယ်။

ပိုက်ဆံအာဏာ
-----------------
ပိုက်ဆံအာဏာဆိုတာကတော့ အခွန်အခ ကောက်ခံခွင့် အာဏာကို ဆိုလိုတာပါ။ ၀န်ကြီးချုပ်တွေရဲ့ ပြည်နယ် တိုင်း အစိုးရတွေ ကောက်ခံခွင့်ရှိတဲ့ အခွန်အခ အမျိုးအစား ၁၉ မျိုးကို အခြေခံဥပဒေ ဇယား ၅ မှာ ပြဌာန်းထားပါတယ်။ ဒါကိုလည်း မဝေဖန်လိုပါဘူး။ စိတ်ဝင်စားသူများ ဖတ်ရှုဝေဖန်နိုင်ဖို့ ဖြစ်ပါတယ်။

ချုပ်ပြီး ပြောရမယ်ဆိုရင် ပြည်ထောင်စုကြီးကို ပိုပြီး ဖယ်ဒရယ်ဆန်ချင်တယ်ဆိုရင် အထက်မှာ ပါတဲ့ အာဏာသုံးမျိုး ခွဲဝေမှုကို မလွဲမသွေ ပြန်လည်ဆန်းစစ် ပြင်ဆင် ကျင့်သုံးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ တက်လာမယ့် အစိုးရတွေအနေနဲ့ ဖယ်ဒရယ်စနစ်ကို တကယ်လိုလားတာ ဟုတ်မဟုတ် အထက်ပါ အာဏာသုံးရပ် ခွဲဝေမှု ဘယ်လောက် အတိုင်းအတာအထိ လုပ်ဆောင်မလဲ ဆိုတာနဲ့ တိုင်းတာသင့်တယ်လို့ ထင်မြင်မိပါကြောင်း . . .

ရွှင်လန်း ချမ်းမြေ့ကြပါစေဗျ
( ၁၃၇၇ ခုနှစ် တန်ဆောင်မုန်းလဆန်း ရှစ်ရက် ကြာသပတေးနေ့)

Thursday 29 October 2015

Isolated University in the Jungle

JIUJ Main Entrance

Mitsushita Library and Information Center

Student Dormitory from IUJ Alumni Forest

Sunday 18 October 2015

Evacuation

It was a beautiful Sunday of 2015 Autumn. We were in the activity of mountain trekking organized by a professor. All the ranges of Hakkaisan was amazingly shining with color-changing leaves. The helicopter flying over the camping hut was to take the injured person to the hospital.
.
18 October 2015


Hakkaisan

八海山
Hakkaisan
1778 m

This is the best ever photo I have taken during my three attempts to the peak from 2014 to 2016.

It is one of the three famous peaks in the Echigo region. Since ancient times this mountain has been considered important in Sangaku Shinko (mountain beliefs) and many worshipers have climbed this sacred mountain. During the seasons when the land is green, everyone, including mountain enthusiasts, can lightheartedly enjoy riding the cable car up to the fourth station, while in the winter season it is a ski resort, making this mountain busy all year round. IUJ has a trekking trip in every autumn.

18 October 2015


Friday 25 September 2015

အာဏာသိမ်း


အာဏာသိမ်း ဆိုတဲ့ စကားလုံးက မြန်မာ့နိုင်ငံရေးအကြောင်းပြောရင် မပါမဖြစ် ပါနေသလို ခုခေတ်မှာလည်း နိုင်ငံရေးသမားဆိုသူ အချို့ရဲ့ လှိမ့်လုံး ဟန့်လုံး ခြောက်လုံးတစ်ခုအဖြစ် ခေတ်စားနေဆဲပါ။ အာဏာသိမ်းတာနဲ့ ပတ်သက်တဲ့ ဝေါဟာရအချို့ကို ခုလို တွေ့ရပါတယ်။

၁။ အာဏာသိမ်းခြင်း။ အင်္ဂလိပ်လိုတော့ Coup d'état လို့ ခေါ်ပြီး အတိုကောက်ကတော့ Coup လို့ သုံးပါတယ်။ အင်္ဂလိပ်လို ဆိုပေမယ့် ဒီစကားလုံးက ပြင်သစ်စကားလုံး Coup d'état ကို တိုက်ရိုက် အင်္ဂလိပ်မှု ပြုထားတဲ့ စကားလုံးဖြစ်ပါတယ်။ အသံထွက်တော့ ကူး ဒေတား /ˌkuːdeɪˈtɑː/  လို့ ထွက်ပါတယ်။ စစ်ဘက် ဒါမှမဟုတ် လုံခြုံရေးဆိုင်ရာ လက်နက်ကိုင်  အဖွဲ့အစည်းတွေက အစိုးရတစ်ရပ်ကို ဖြုတ်ချပြီး အခြား အစိုးရတစ်ရပ်ရပ်နဲ့ အစားထိုးဖို့ ရည်ရွယ်လုပ်ဆောင်ခြင်းကို ခေါ်ပါတယ်။ အစိုးရတစ်ရပ်ကို အောင်အောင်မြင်မြင် ဖြုတ်ချနိုင်မှသာ ဒီစကားလုံးကို သုံးပါတယ်။

၂။ ပုန်ကန်ခြင်း။ အင်္ဂလိပ်လို Rebellion လို့ ခေါ်ပါတယ်။ အာဏာသိမ်းတာနဲ့ လုပ်ဆောင်ချက်ခြင်း တူပေမယ့် မအောင်မြင်တဲ့အခါ ပုန်ကန်မှု ဖြစ်ပါတယ်။

၃။ တော်လှန်ခြင်း။ အင်္ဂလိပ်လို Revolution လို့ခေါ်ပါတယ်။ အစိုးတစ်ရပ်ကို ဖြုတ်ချတယ်ဆိုရင်တောင် အစိုးရကို ဖြုတ်ချရုံသက်သက်မဟုတ်ဘဲ အုပ်ချုပ်ရေးစနစ်ကိုပါ ပြောင်းလဲဖို့ ကြိုးပမ်းမှုကို ခေါ်တာပါ။ ထိုင်းမှာဆိုရင် ၁၉၃၂ ခုနှစ်က သက်ဦးဆံပိုင်ဘုရင်စနစ်ကို ဖြုတ်ချပြီး စည်းမျဉ်းခံ ဘုရင်စနစ် ပြောင်းလဲ ကျင့်သုံးတဲ့ လုပ်ဆောင်ချက်မျိုးဖြစ်ပါတယ်။ ဘုရင်ကို နန်းက ချတာ မဟုတ်ဘဲ ဘုရင့်အာဏာကို ကန့်သတ်ပြီး အုပ်ချုပ်ရေးစနစ်ကို ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။


၎။ ဆူပူအုံကြွ အစိုးရဖြုတ်ချခြင်း။ ဒါကို Popular Uprising လို့လည်း ခေါ်ပါတယ်။ ပြည်သူလူထု ဒါမှမဟုတ် စစ်တပ်နဲ့လုံခြုံရေးဆိုင်ရာ မဟုတ်တဲ့ အခြားသော ပြည်သူလူထု ကျောင်းသား အလုပ်သမား စသည်ဖြင့် တက်ကြွလှုပ်ရှားကြသူတွေ ဦးဆောင်ပြီး အကြမ်းဖက်တဲ့နည်းနဲ့ ဖြစ်ဖြစ်၊ အကြမ်းမဖက်တဲ့နည်းနဲ့ဖြစ်ဖြစ် အစိုးကို ဖြုတ်ချတဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။

၅။ ကန့်လန့်ကာနောက်ကွယ် အာဏာသိမ်းခြင်း။ တကယ်တော့ ဒီဝေါဟာမျိုးကို မြန်မာလို မတွေ့ဖူးသေးပါဘူး (တွေ့ဖူးရင် လက်တို့ကြပါအုံး)။  အင်္ဂလိပ်လိုတော့ Silent Coup လို့ ခေါ်ပါတယ်။ ပေါ်ပေါ်ထင်ထင် အာဏာသိမ်းတာမျိုး မဟုတ်ဘဲ နောက်ကွယ်က ဖိအားပေးခြင်း၊ နိုင်ငံရေးအကျပ်အတည်းဖြစ်အောင် လုပ်ခြင်းဖြင့် အစိုးရတစ်ရပ်ကို ဖြုတ်ချခြင်း ဖြစ်ပါတယ်။ စစ်တပ်ရဲ့ ပါဝင်ပတ်သက်မှု ရှိကောင်းရှိနိုင်ပါတယ်။

၆။ Self Coup .။အစိုးရအဖွဲ့ဝင် ဒါမှမဟုတ် အာဏာပိုင်ခေါင်းဆောင် တစ်ဦးဦးရဲ့ ဦးဆောင်မှုနဲ့ သိသာထင်ရှားတဲ့ အပြောင်းအလဲကို အင်တိုက်အားတိုက် ဖော်ဆောင်တာကို ခေါ်တာပါ။ ဒီဝေါဟာရမျိုးကိုတော့ မတွေ့ဖူးသသောက်ပါပဲ။

၇။ တရားရေးဆိုင်ရာဖြင့် အာဏာသိမ်းခြင်း။ တရားရုံးတစ်ခုခုရဲ့ စီရင်ချက်နဲ့ လက်ရှိအစိုးရ ဒါမှမဟုတ် အာဏာပိုင်ခေါင်းဆောင်ကို ဖြုတ်ချတာမျိုး ဖြစ်ပါတယ်။ ဥပမာ ပေးရရင် ထိုင်းနိုင်ငံက စမတ်စွန်ထော်ရ၀ဲ့ ဆိုတဲ့ ၀န်ကြီးချုပ်က တီဗီမှာ ဟင်းချက်တဲ့အစီအစဉ်မှာ ပါဝင်သရုပ်ဆောင် တင်ဆက်ခဲ့တဲ့အတွက် အဲဒီလုပ်ဆောင်ချက်ဟာ အခြေခံဥပဒေကို ဖောက်ဖျက်ရာ ကျတယ်ဆိုပြီး တရားရုံးချုပ်က သူ့ကို ၀န်ကြီးချုပ်ရာထူးက ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလိပ်လိုတော့ Judicial Coup လို့ ခေါ်ပါတယ်။

အခုပြောပြခဲ့တဲ့ အာဏာသိမ်းခြင်း နဲ့ ပတ်သက်တဲ့ ဝေါဟာရတွေမှာ တစ်ချို့က ကျွန်တော်တို့နဲ့ ရင်းနှီးကျွမ်းဝင်နေပြီး တစ်ချို့ကိုတော့ မကြားဖူးသလောက်ရှိနေတာကို တွေ့ရမှာပါ။ ဒီဝေါဟာရတွေနဲ့ ပတ်သက်ပြီး တိကျတဲ့ စံသတ်မှတ်ထားတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တော့ လောလောဆယ် မရှိသေးပါဘူး။ အခုရေးပြခဲ့တာတွေကလည်း နားလည်သလို ဖွင့်ဆိုရှင်းပြခြင်းသာ ဖြစ်ပါတယ်။

ထစ်ကနဲရှိ ပြည်သူလူထုကို စစ်တပ်နဲ့ လှည့်ခြောက်ပြီး ကိုယ်လိုရာကို ကျုံးသွင်းဖျားယောင်းတတ်တဲ့ မဟာက၀ိ နိုင်ငံရေးသမား ပညာယှိကြီးများ ဒီကိစ္စကို ကျမ်းတစ်စောင် ပေတစ်ဖွဲ့ ပြုသင့်ကြောင်း အကြံပြုအပ်ပါတယ် . . .

Tuesday 22 September 2015

တစ်နေ့ညက ကောင်မလေး

          ပြီးခဲ့တဲ့နှစ် နွေဦးပွင့်ဝေတန်း စာမေးပွဲနားနီးတုန်းကပေါ့။ နွေဦးပွင့်ဝေတန်းဆိုတာ ထုံးစံအတိုင်း အပျော်အပါးတွေ ပွဲလမ်းသဘင်တွေကလဲ များပါဘိသနဲ့။ အချိန်တွေက ဘယ်လို ကုန်မှန်းမသိ ကုန်ရင်း နောက်ဆုံးပတ်ကို ရောက်လာတာ။ လတ်လျားလတ်လျား လုပ်စရာတွေများလှတဲ့အပြင် စာတမ်းရေးစရာလည်း အများဆုံး အတန်းလို့ ဆိုရမယ်ထင်တယ်။ နောက်ဆုံးအပတ်ကျမှ စာတမ်းတွေ စုပုံရေးရတဲ့အဖြစ် မရောက်အောင်ဆိုပြီး အချိန်ဇယားနဲ့ စာတမ်းတွေ တစ်စောင်ပြီးတစ်စောင် ဖြတ်နေရတဲ့ ကာလပေါ့။

          မှတ်မှတ်ရရ အဲသည်အပတ်က ဆရာကြီးနာကာမူရရဲ့ စစ်ပြီးခေတ် ဂျပန် စီးပွားရေးသုံးသပ်ချက်စာတမ်း အပြီးရေးဖို့ အချိန်ဇယားဆွဲထားတဲ့အပတ်။ ရည်မှန်းထားတဲ့အတိုင်းလည်း စာတမ်းကို သတ်မှတ်ရက်မှာ ပြီးအောင် ရေးဖြစ်ပါရဲ့။ အဲ အချောသတ်ဖို့ကတော့ ထုံးစံအတိုင်း ကိုယ့်ဘာသာ သတ်မှတ်ထားတဲ့ နောက်ဆုံးနေ့ပေါ့လေ။ ဖြစ်ချင်တော့ အဲဒီနေ့ နေ့လည်ပိုင်း စာတမ်း အချောသတ်ဖို့ အချိန်ဇယားထဲ ထည့်ဆွဲထားတဲ့ အချိန်မှာ မထင်မှတ်တဲ့ ကိစ္စတစ်ခု ပေါ်လာလို့ အချိန်ပေးလိုက်ရတယ်။ နေ့လည်ပိုင်းမှာ အပြီးသတ်ရမယ့် စာတမ်းကို နေမ၀င်ခင် အပြီးမသတ်နိုင်တော့ ဒီနေ့ည အပြီးပေါ့။ ကိုယ့်ဘာသာ ဆွဲထားတဲ့ အချိန်ဇယားအရ အဲသည်နေ့ည စာတမ်းမပြီးရင် မအိပ်ရတော့ဘူးဆိုတဲ့ အခြေအနေ။ ဟုတ်တယ်လေ။ နွေဦးပွင့်ဝေတန်းရဲ့ နောက်ဆုံးရက်သတ္တပတ်ကလည်း နီးသထက် နီးလာပြီ ဆိုတော့ ဒီဟာတစ်ခုကို နောက်ဆုတ်လိုက်တာနဲ့ ကျန်တာတွေအကုန်လုံး ကမောက်ကမ ဖြစ်ရတော့မယ်။

          အရေးပေါ် ပေါ်လာတဲ့ ကိစ္စ၀ိစ္စအပြီး ထမင်းချက်ဖို့တောင် အချိန်မရတော့လို့ ညစာကို ကျောင်းကဆိုင်မှာ အပြေးအလွှားသွားစား။ ပြီးတာနဲ့ ကျောပိုးအိတ်လွယ်ပြီး စာကြည့်တိုက်ကို ချီတက်ရတော့တာ။ စာတမ်းကို အချောသတ်ရင်း သတ်ရင်းနဲ့ စာကြည့်တိုက်ပိတ်တဲ့ ခေါင်းလောင်းသံကြားမှပဲ ည ဆယ့်နှစ်နာရီ ထိုးပြီးဆိုတာ သတိထားမိတယ်။ စာတမ်းက စိတ်တိုင်းကျ မဖြစ်သေး။ စာကြည့်တိုက်ထဲမှာတော့ ဆက်ထိုင်လို့ မဖြစ်တော့တာမို့ ပစ္စည်းပစ္စလေးတွေ ကျောပိုးအိတ်ထဲ ထိုးသိပ်ထည့်ပြီး တစ်ညလုံး စာထိုင်လုပ်လို့ရတဲ့ စာကြည့်ခန်း Study Room ထဲ အသိုက်ပြောင်းလာခဲ့တယ်။

          စာကြည့်ခန်းထဲမှာ ထိုင်နေတာ အစကတော့ သူလိုကိုယ်လို ကျောင်းသားတွေ အများကြီးပေါ့။ အဖွဲ့လိုက် စာလုပ်တာတွေ ကိုယ့်လိုပဲ တစ်ယောက်တည်း စာလုပ်တာတွေ အသီးသီးပေါ့။ ကိုယ့်စာတမ်းကိုယ် အချောသတ်နေရင်း စာကြည့်ခန်းထဲမှာ လူတွေက တဖြည်းဖြည်း လျော့လျော့လာတယ်။ နောက်ဆုံး ကိုယ့်စာတမ်း ပုံနှိပ်ထုတ်ဖို့ပဲ ကျန်တော့တယ်ဆိုတဲ့ အဆင့်ရောက်တော့ အခန်းထဲမှာ ကိုယ်တစ်ယောက်ပဲ ကျန်တော့တယ်။ ကိုယ်က အဖွဲ့လိုက်စာဆွေးနွေးတဲ့ အခန်းထဲမှာ ထိုင်နေတာကိုး။ မှန်အကြည်တစ်ချပ်ခြားထားတဲ့ တစ်ယောက်ချင်း စာကြည့်ခန်းမှာတော့ ကောင်မလေးတစ်ယောက်ထိုင်နေတာ သတိထားမိတယ်။ နာရီကြည့်လိုက်တော့ မနက်ကြီးသုံးနာရီ ထိုးလုပြီ။ ဒီကောင်မလေး ကြိုးစားလှချည်လားပေါ့။ အော် သူလည်း ကိုယ်လိုပဲ အရေးကြီးစာတမ်း အပြီးသတ်နေတာ ထင်ပါရဲ့လို့ တွေးပြီး ပစ္စည်းလေးတွေ ကျောပိုးအိတ်ထဲထည့်။ စာတမ်းကလည်း သက်ဆိုင်ရာ ပါမောက္ခဆီကို အီးမေးနဲ့ ပို့်လိုက်ပြီဆိုတော့ ၀န်ထုပ်ဝန်ပိုးတစ်ခုတော့ လျော့ပြန်ပဟ ဆိုတဲ့ အပျော်လေးတွေနဲ့ သီချင်းလေးညည်းရင်း စာကြည့်ခန်းထဲက ထွက်ခဲ့တယ်။
ကိုယ့်သီချင်းသံကြားလို့လားမသိ။ ဟိုဘက်အခန်းက ကောင်မလေးက ခေါင်းငုံ့စာကြည့်နေရာက ကိုယ့်ကို ခေါင်းထောင်ကြည့်တာနဲ့ ဟိုင်းဆိုပြီး လက်ပြ နုတ်ဆက်လိုက်တယ်။ ဟင် . . . ဘယ်လို ကျောင်းသူလဲဟ။ ကိုယ်က လက်ပြနုတ်ဆက်တာတောင် ပြန်နုတ်ဆက်ဖော်မရဘဲ ငူငူကြီး ကြည့်နေတာ။ နေပေါ့။

          အခန်းထဲက ပြန်ထွက်လာတော့မှ သတိထားမိတယ်။ ကောင်မလေးက ဆာရီဝတ်ထားပါလား။ သာမန်အားဖြင့်ဆိုရင် အိန္ဒိယတိုင်းရင်းသူတွေက ပွဲလမ်းသဘင်ရှိရင် ဆာရီဝတ်လေ့ ရှိပေမယ့် အခုလို ညကြီးအချိန်မတော် စာကြည့်ခန်းထဲ လာထိုင်တာတော့ ဆာရီဝတ်လေ့ဝတ်ထ မရှိပါဘူးပေါ့။ တွေးရင်းလမ်းလျှောက်ရင်း နောက်က ခြေသံကြားလို့ လှည့်ကြည့်တော့ စောစောက ကောင်မလေး။ ဆာရီလေး လွင့်လွင့် လွင့်လွင့်နဲ့ နောက်က လျှောက်လာတာ တွေ့တယ်။ ခါတိုင်းလို ဆိုရင်တော့ ဒီအချိန်မျိုးမှာ သူ့ကို စောင့်ခေါ်ပြီး စကားလေးဘာလေးပြော အဆောင်ကို အတူတူပြန် အဖော်လုပ်သင့်တာ။ စောစောက သူ့ကို နုတ်ဆက်တာကို ပြန်မနုတ်ဆက်လို့ တော်တော်ကြီးကျယ်တဲ့ ဟာမလေးလို့ စိတ်ထဲ ခပ်တင်းတင်းဖြစ်ပြီး ကိုယ့်ဘာသာပဲ လျှောက်နေလိုက်တယ်။

           နွေဦးပွင့်ဝေတန်း နှင်းတွေ ကုန်လုလုအချိန်။ အဆောင်နှစ်ကို ပြန်တဲ့လမ်းကို ချယ်ရီပင်တန်းအောက်က မလျှောက်ရတာ ကြာခဲ့ပါပကော။ နှင်းတွေဝေနေတုန်းက အပြင်လမ်းမှာ သွားလို့မရလို့ လှိုဏ်ခေါင်းလိုဖြစ်နေတဲ့ စင်္ကြန်ထဲမှာပဲ လျှောက်ခဲ့ရတာ တစ်ဆောင်းလုံးပဲ ဆိုပါတော့။ အခုတော့ နှင်းတွေလည်း ပျော်ပြီ။ စင်္ကြန်လည်း ဖွင့်ပြီ။ မလျှောက်ရတာ ကြာပြီဖြစ်တဲ့ အပြင်လမ်း အမှတ်တရ ချယ်ရီပင်လေးတွေအောက်က စိတ်အေးလက်အေး လျှောက်ရပြီပေါ့။ လကလေးကလည်း သာ၊ လေကလေးကလည်း ညင်းညင်းသွဲ့သွဲ့၊ ဒီနေ့အတွက် ရည်မှန်းထားတဲ့ အလုပ်တစ်ခုကိုလည်း စိတ်တိုင်းက လက်စသတ်နိုင်ခဲ့ပြီဆိုတော့ စိတ်လက် ပေါ့ပေါ့ပါးပါးနဲ့ သီချင်းလေး တညည်းညည်း ချယ်ရီပင်တန်းက လျှောက်လာခဲ့တယ်။

          ခုန စာကြည့်ခန်းထဲမှာ တွေ့ခဲ့တဲ့ ကောင်မလေး။ ကိုယ်ပြန်မှ သူလည်း ထလိုက်လာတာဆိုတော့ တစ်ယောက်တည်း အဆောင်မပြန်ရဲလို့ နေမှာပေါ့ဆိုတဲ့ စာနာစိတ်လေးနဲ့ သူ့ကိုလည်း စောင့်မယ်ဆိုပြီး နောက်ကို လှည့်ကြည့်တော့ စင်္ကြန်လှိုဏ်ခေါင်းထဲမှာ ဆာရီလေး လွင့်လွင့် လွင့်လွင့် နဲ့ ဆင်မယဉ်သာ လျှောက်နေတုန်း။ ဘာပဲပြောပြောလေ။ သူက မိန်းမကလေးကိုး။ ကိုယ်က ယောက်ျားလေးဆိုတော့ ကျောင်းသားကျောင်းသူချင်း စောင့်ရှောက်ရမယ့် ၀တ္တရားက ရှိသေးတာကိုး။ သူလည်း အနှောင့်အယှက်မဖြစ်ရအောင်။ သူ့ကို စောင့်ပေးရာလည်း ရောက်အောင် အဆောင်အောက် အ၀င်တံခါးရောက်မှ ရပ်စောင့်တော့မယ်ဆိုပြီး ကိုယ့်ဘာသာ စိတ်အေးလက်အေး ဆက်လျှောက်လာခဲ့တယ်။ လျှောက်ရင်းလျှောက်ရင်း အမှတ်တရ ချယ်ရီပင်တစ်ပင်အောက်ရောက်တော့ လေညင်းတစ်ချက် စိမ့်ကနဲ့ ဝေ့သွားပြီး ကြက်သီးများထောင် ထသွားမိတယ်။ လူလည်း ဘုမသိ ဘမသိ ခေါင်းနပန်း ကြီးသွားတယ်။ ဒါနဲ့ စိတ်ထဲ မလုံမလဲ ဖြစ်ပြီး နောက်ကို လှည့်ကြည့်တော့ မယ်မင်းကြီးမက အလှမယ်ပြိုင်ပွဲဝင်သလို တစ်လှမ်းချင်း လျှောက်လို့ ကောင်းတုန်း။ ဒီအပင်က ဟိုတစ်နှစ်က ခွင့်ပြန်ချိန်မှာ သေသွားတဲ့ ကျောင်းသူတစ်ယောက် အမှတ်တရ စိုက်ထားတဲ့အပင်မို့ သူလေးများ ကြောက်နေမလားဆိုပြီး စောင့်ခေါ်ချင်ပေမယ့် ဒင်းကလေးက တစ်လှမ်းချင်း လှုပ်လီလှုပ်လဲ့ လုပ်နေတာနဲ့ ကိုယ့်ဘာသာပဲ ဆက်လျှောက်လာခဲ့တယ်။

          အဆောင်နှစ်အောက် အ၀င်ပေါက်ရောက်တော့ သူ့ကို စောင့်လိုက်ပါမယ်လေဆိုပြီး ရပ်စောင့်နေတယ်။ အမယ်လေး ကိုယ်ကသာ သူလေးများ ကြောက်လေမလားဆိုပြီး စိုးရိမ်နေတာ။ ကျေးဇူးရှင်မက ခုနင်ကပြောတဲ့ ချယ်ရီပင်အောက်မှာ ရပ်လို့ဗျား။ ကိုယ်ဟန်ပြနေသလားတောင် ထင်ရတယ်။ ရပ်နေတာများ နွဲ့နွဲ့လျလျ လှလှပပလေး။ မြေကြီးနားမှာတွဲကျနေတဲ့ ချယ်ရီကိုင်းလေးတောင်မှ ယီးလေးခိုပြီး ဆော့နေလိုက်သေးတယ်။ အမယ်။ ဒါ ဒီလို ဆော့နေရမယ့်အချိန်လား။ မဖြစ်သေးပါဘူး။ ညကြီးအချိန်မတော် သွားခေါ်အုံးမှပါလေဆိုပြီး ချယ်ရီပန်အောက် ပြန်သွားတော့ သူက ချယ်ရီပင်နောက်ကိုတောင် ၀င်ပုန်းလိုက်သေး။ ဒီမှာ မိန်းကလေး ဒါ ဆော့နေရမယ့်အချိန်မဟုတ်ဘူး။ ရာသီဥတုကလည်း ဆောင်းကုန်ပြီဆိုပေတဲ့ ဒီလောက် အေးလှသေးတာကို လေတိုက်ကြီးထဲ အကြာကြီး နေနေရပါ့မလားဆိုပြီး ချယ်ရီပင်ကို ပတ်ကြည့်တော့ မတွေ့တော့ဘူး။ ဆာရီအဖြူ လွင့်လွင့် လွင့်လွင့်နဲ့ အသာထားလို့ အစအနကို ရှာမရဘူး။ စောစောက သူယီးလေးခိုထားတဲ့ ချယ်ရီကိုင်းကတော့ လရောင်အောက်မှာ ညွတ်ပဲ့ ညွတ်ပဲ့နဲ့ လှုပ်ရမ်းနေတုန်း။ ဒီကောင်မလေး ဘယ်များ ရောက်သွားပါလိမ့်လို့ တွေးနေတုန်းမှာ စောစောက အပင်အောက်က ဖြတ်တုန်းက ခံစားချက်မျိုးတစ်ခါ ထပ်ဖြစ်လိုက်တယ်။ ဖြန်းကနဲ၊ တစ်ကိုယ်လုံး ကြက်သီးတွေ ဖြန်းကနဲ ထသွားပြီး ခေါင်းနပန်း ကြီးသွားတာ။

          မနှစ်က ကျောင်းပြီးသွားတဲ့ အစ်ကိုကြီးတစ်ယောက် ပြောခဲ့တဲ့ အဖြစ်အပျက်တစ်ခုကို ရုတ်တရက် သတိရမိလိုက်တယ်။ ဟင် ငါ့အစ်ကိုကြီး ကြုံခဲ့သလိုကြီးပါလား။ အစ်ကိုကြီး ပြောတုန်းကတော့ မူးမူးနဲ့ လျှောက်ပြောတယ်ပဲ အောက်မေ့ပြီး ပေါ့ပေါ့ပါးပါး မေ့မေ့ပျောက်ပျောက် နေခဲ့တာ။ ဘုရား ဘုရား . . . ယသာနုဘာဝတော ယက္ခာ နေ၀တေဿနိ ဘီသနံ . . . . သံဗုဒ္ဓေ အဌ၀ီသဉ္စ . . .

          အခန်းကို ဘယ်လိုနည်းနဲ့ ဘယ်လိုရောက်သွားလဲတော့မသိ။ အခန်းထဲရောက်တဲ့အချိန်မှာ လူလည်း ချွေးသီးချွေးပေါက်တွေနဲ့ ချွဲနစ်နေလို့ အကျီင်္အမြန်လဲလိုက်ရတယ်။ ဘယ်လိုမှ အိပ်လို့မရတော့တဲ့အတူတူ မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ မေတ္တာပို့တွေ၊ သီတဂူဆရာတော်ဘုရားကြီးရဲ့ ပရိတ်ကြီးတွေနဲ့အတူ မိုးစင်စင်လင်းခဲ့ရတယ်။

           တော်ပြီ. . . တော်ပါပြီ. . . နောက်များတော့ ဘယ်လောက်ပဲ စာအရေးကြီးကြီး ညဥ့်နက်သန်းခေါင် စာကြည့်ခန်းထဲ သွားမထိုင်တော့ဘူး။ ကိုယ့်အခန်းမှာကိုယ်ပဲ စာကြည့်တော့မယ်။ ဘုရား ဘုရား ကံကြီးပေလို့ပေါ့ . . .


သစ်ရွက်ဝါ

          သစ်ရွာဝါလေးတွေနဲ့ ပတ်သက်ပြီး ဘ၀မှာ ပထမဆုံး အမှတ်ထင်ထင် ရှိခဲ့တာကတော့ မူလတန်း ကျောင်းသားဘ၀ကတည်းကလို့ ပြောရမှာပဲ။ တပေါင်းတန်ခူး လေတွေများ ရူးပြီဆိုရင် အနော်တို့ အင်းသာရွာ မူလတန်းကျောင်း ခြံစည်းရိုးအပြင်ဘက် ပေတရာလမ်းမကြီး နံဘေးမှာ အုံ့ဆိုင်းနေတဲ့ ကုက္ကိုပင်ကြီးက ဆယ်ပြားစေ့ မရှိတရှိ ကုက္ကိုရွက်လေးတွေဟာ ဖွဲကနဲ ဖွဲကနဲ ကြွေကြသပေါ့။ တပေါင်းလဆိုတာ အစိမ်ကြီးစာမေးပွဲတွေဖြေတဲ့ ဖေဖေါ်ဝါရီလလောက်ကိုး။ အဲသည် လေအဝေ့မှာ ၀ဲကြွေဆင်းလာတဲ့ ကုက္ကိုရွက်လေးတွေကို လေထဲမှာတင် ဖမ်းမိရင် စာမေးပွဲအောင်တယ်ဆိုတဲ့ ဘယ်သူက စလိုက်မှန်းမသိတဲ့ ယုံကြည်မှုအရ လေတွေတိုက် သစ်ရွက်တွေ ကျလာပြီဆိုရင် လိုက်ဖမ်းရတာ အမော။ ခုနပြောတဲ့ ဆယ်ပြားစေ့လောက် သစ်ရွက်လေးက ဖျိုးဖျိုးဖျတ်ဖျတ်နဲ့ ပတ်ချာလည်ပြီး လေဟုန်စီးလာတဲ့အခါ လက်နဲ့ မိအောင် လိုက်ဖမ်းဖို့ဆိုတာ လွယ်တာမှတ်လို့။ အဲသည်အခါ ၀တ်ထားတဲ့ပုဆိုးတွေ စကတ်တွေကို အနားစက မပြီး ပိုက်နဲ့ခံသလို လိုက်ခံတော့တာပဲ။ ပြီးတော့ ပုဆိုးပိုက် စကတ်ပိုက်ထဲ ကျလာတဲ့ ကုက္ကိုရွက်ခြောက်လေးတွေကို စာကျက်တဲ့ စာအုပ်ကြားထဲညှပ်ပြီး သိမ်းထား။ အဲသည်ကုက္ကိုရွက်လေးတွေညှပ်ထားတဲ့ စာအုပ်ထဲက စာကပဲ ပိုမှတ်မိမိသလိုလို အောက်မေ့မိခဲ့ကြတာ။



          ခုနစ်တန်း ရှစ်တန်းလောက်အရောက်မှာ တက္ကသိုလ်ဘုန်းနိုင်ရဲ့ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် ၀တ္ထုကို ဖတ်မိတော့ သစ်ရွက်ရော်ရီ ဣန္ဒာနီဝယ် သိင်္ဂီတစ်ဝက် မြတစ်ဝက်နှင့် ဖက်၍ဆေးစုံ ခြယ်သောပုံသို့ ဆိုတဲ့ ကဗျာ အပိုင်းအစလေးနဲ့အတူ သစ်ရွက်ဝါလေးတွေကို ချစ်တတ်လာလိုက်တာ အခုထိပဲ ဆိုပါတော့။ အခွင့်ကြုံရင်လည်း ကြုံသလို သစ်ရွက်ဝါလေးတွေကို စုဆောင်းတတ်လာခဲ့ပါတယ်။

          အနော်တို့အိမ် အနောက်ဘက်က ချောက်ကြီးထဲမှာ ဟိုးအရင်တုန်းက ရှိခဲ့တဲ့ လက်ပံပင်ကြီးက လက်ပံရွက်တွေ၊ ရန်ကုန်တက္ကသိုလ် တောင်ငူဆောင်ရှေ့ ဦးချစ်ဆိုင်ဘေးက မဟော်ဂနီရွက်တွေ၊ အဓိပတိလမ်းက ကံ့ကော်ရွက်တွေဟာ စုဆောင်းထားသမျှ သစ်ရွက်ဝါလေးတွေထဲက အမှတ်ထင်ထင် အဖြစ်ဆုံး ရွက်ဝါလေးတွေပေါ့။ သစ်ရွက်ဝါလေးတွေကို သဘောကျတတ်တဲ့ အနော့်အတွက် ရုရှားမှာ ကျောင်းသွားတက်တဲ့ သူငယ်ချင်းတစ်ယောက်က မေဘယ်ရွက်ဝါလေးတစ်ရွက် ပို့ပေးဖူးပါတယ်။ ငယ်ငယ်ကတည်းက ဓာတ်ပုံထဲမှာပဲ မြင်ဖူးပြီး သဘောကျခဲ့ရတဲ့ မေဘယ်ရွက်ဝါလေး မိုင်ပေါင်းထောင်ချီခရီးနှင်ပြီး ရောက်လာတော့ ပျော်လိုက်ရတာဗျာ။ တခုပ်တရ ပို့ပေးလိုက်တဲ့ သူငယ်ချင်းကိုလည်း ကျေးဇူးတင်လို့ မဆုံးခဲ့ပါဘူး။

ဒါပေမယ့်ဗျာ

          အရွက်ဝါပြီး အညှာညောင်းလို့ ကြွေကျလာရတဲ့ သစ်ရွက်ဝါလေးတွေ ကြွေခါစမှာ ဘယ်လောက်ပဲ ကဗျာဆန်ဆန်နဲ့ လှတယ်ဆိုအုံးတော့ ဘယ်လောက်ပဲ အထိန်းသိမ်းကောင်းတယ်ဆိုအုံးတော့ သစ်ရွက်ပုံအချပ်လေးက နဂိုမယွင်းဘူး ဆိုပေတဲ့ စိုတောက်တောက် ရွှေဝါရောင်လေးကတော့ မကြာမတင် လွင့်ရရှာတာပါပဲလေ။ သစ်ရွက်ကလေးမှာ အရောင်တွေလွင့်လို့ ညိုမှိုင်းမှိုင်းအရောင် ပြောင်းသွားပေမယ့် ဒီသစ်ရွက်လေးကို တစ်ချိန်တုန်းက မြတ်နိုးခင်တွယ်ခဲ့တဲ့ သမုဒယကြောင့် မွဲခြောက်ခြောက် သစ်ရွက်လေးဟာ ကိုယ့်မျက်လုံးထဲမှာတော့ ခုနင်က ကဗျာထဲကလို အရောင်စုံအသွေးစုံနဲ့ လှပနေဆဲလို့ ထင်မြင်နေမိတုန်း . . .
( 13 Sept 2015 ) — at International University of Japan.

သူစိမ်းကြို

          ဒုတိယနှစ်ကျောင်းသားတစ်ယောက်အဖြစ် ကျောင်းဝင်းထဲကို ပြန်ရောက်လာရတာ ပထမနှစ် ရောက်ခါစတုန်းကလို မဟုတ်ဘဲ ခြေလှမ်းတွေ လေးလံနေပါတယ်။ ဧည့်သည်လာ အိမ်ရှင်ဖယ်ပေးဆိုတဲ့ ငယ်ငယ်တုန်းက ကစားနည်းတစ်ခုလိုများ ဖြစ်နေသလား . . . မနှစ်က ကျောင်းပြီးသွားတဲ့ ဘေးခန်းက စံပယ်ပန်းလေးကို ကျွန်တော် ပြန်ဆုံနိုင်ခွင့် မရှိတော့ဘူးလေ။ အင်မတန် ကံစပ်တယ်ဆိုရင်တောင် ပြန်တွေ့ရမယ့် မျှော်လင့်ချက်က အဝေးကြီးဝေးနေခဲ့ပါပြီ။ မြန်မာကျောင်းသားလေး မိုမို သတိတရဖြစ်နေတဲ့ ဂျပန်ပြည်က စံပယ်ပန်းလေးကတော့ အခုချိန်ဆိုရင် သူအလုပ်သင်ဝင်လုပ်နေတဲ့ နယူးယောက်မြို့လယ်ကောင်က ကုမ္ပဏီရုံးခန်းထဲမှာ အလုပ်တွေများလို့ပဲ ပင်ပန်းနေမလား၊ အပေါင်းအသင်းအသစ်တွေနဲ့ပဲ ပျော်ရွှင်နေမလား၊ ဒါမှမဟုတ် မိုမိုလွမ်းနေသလိုပဲ . . .

         ခရီးဆောင်အိတ်ကိုဆွဲပြီး ဓာတ်လှေခါးထဲရောက်တော့ အရင် ရင်းနှီးနေကျ ရေမွှေးနံ့လေးကို တမ်းတမိပါတယ်။ ခါတိုင်း အခန်းရှေ့က ဖြတ်သွားပြီဆိုရင် စံပယ်ပန်းလေးသွားတဲ့ နေရာကို ရေမွှေးနံ့ ခြေရာခံပြီး လိုက်နိုင်လောက်အောင် ဆွဲဆောင်အားကြီးတဲ့ သင်းပျံ့ပျံ့ ရေမွှေးနဲ့လေး။ အခုတော့ ဘယ်သူတွေကို လမ်းပြနေပြန်ပြီလဲကွယ် . . .



         အခန်းတံခါးကို ဖွင့်လိုက်တော့ မနှစ်က တစ်နှစ်လုံး နေခဲ့တဲ့ အခန်းလေးက တစိမ်းဆန်နေသလိုပါပဲလား။ ပြီးခဲ့တဲ့ နွေဦးပေါက်က မြန်မာပြည်ပြန်တော့ အခန်းကို ပြန်အပ်ထားခဲ့ရတာ။ အခု အခန်းကို ပြန်ရောက်တော့ သခင်ဟောင်းကို ကြိုတာနဲ့ မတူဘဲ သခင်သစ်နဲ့ တွေ့ရသလို စိမ်းစိမ်းကားကား။ တယ်လီဖုန်းတစ်လုံးနဲ့ အရေးပေါ်အိတ်တစ်လုံးတင်ထားတဲ့ သံမဏိစားပွဲ၊ ဘီးတပ်ကုလားထိုင်တစ်လုံး၊ ခုတင်က မွေ့ယာပေါ်မှာ ခေါင်းအုံးတစ်လုံးနဲ့ သေသေသပ်သပ်ခေါက်ထားတဲ့ အိပ်ယာခင်းအထုပ်၊ အခန်းထောင့်မှာချထားတဲ့ အမှိုက်ပုံးဝိုင်းလေး နှစ်ခုတို့ဟာ ပြန်ရောက်လာတဲ့ သခင်ဟောင်းကို ၀မ်းသာအားရ ကြိုရမယ့်အစား . . .

          ပါလာတဲ့ ခရီးဆောင်အိတ်ကို ခုတင်ခြေရင်းမှာ ချပြီး ပြတင်းပေါက်ကို ဖွင့်လိုက်တော့ မိုးဖွဲလေးတွေနဲ့အတူ စိမ့်ကနဲဝင်လာတဲ့ အေးစက်စက်လေပြေရိုင်း။ မြင်ဖူးနေကျပေမယ့် မရိုးနိုင်အောင်လှပါတယ်လို့ ခါတိုင်း တသသဖြစ်ခဲ့ရတဲ့ ပြတင်းပေါက်မြင်ကွင်းက ဒီတစ်ခါတော့ ကျွန်တော့်အတွက် အသစ်အဆန်း ဖြစ်နေသလိုလို။ ဆောင်းဦးရွက်ကြွေအစပိုင်းမို့ ဟိုတစ်စ သည်တစ်စဆိုသလို နေပြောက်ထိုး ၀ါကျင်နေတဲ့ ချယ်ရီရွက်လေးတွေကို စိမ်းညို့နေတဲ့ ချယ်ရီပင်တန်းမှာ မြင်နေရတယ်။ အမှန်က ဒီအချိန်ဆိုတာ နေရောင်ခြည် တောက်တောက်ပပနဲ့ စိမ်းစိမ်းမြမြ လှနေရမှာ မဟုတ်ဘူးလား။ အခုတော့ မုန်တိုင်းအရှိန်နဲ့ ညို့ချင်တိုင်းညို့ပြီး စွေချင်တိုင်းစွေနေတဲ့ မိုးက ဆောင်းဦးရွက်ကြွေအစရဲ့ စိမ်းမြမြအလှကို ဖျက်ရုံတင်မက နှလုံးသားက အလွမ်းရင့်ရင့်ကို ထပ်ဆင့်လို့ တိုးစေပြန်ပါပကော . . .

          မနှစ်က တစ်နှစ်လုံး နံရံတစ်ချပ်တည်းခြားပြီး နေလာခဲ့တဲ့ တစ်ဘက်ခန်းက စံပယ်ပန်းလေး မရှိတော့ဘူး ဆိုတဲ့အသိက ခံစားချက်တွေကို ဟာလာဟင်းလင်း ဖြစ်စေသလိုပါပဲ။ အမှန်ဆိုရင် ဒီနေ့လို နေ့မျိုးဟာ အခန်းကို ပြန်ရောက်တာနဲ့ ပစ္စည်းတွေ နေရာချ၊ စတိုခန်းမှာ အပ်ထားတဲ့ ပစ္စည်းတွေကို ပြန်ထုတ်၊ စာသင်ခန်းဘေးက ကိုယ်ပိုင်စာတိုက်ပုံးထဲ ရောက်နေမယ့်စာတွေကို သွားစစ်၊ သီချင်းတကျော်ကျော် ချွေးတလုံးလုံးနဲ့ ပညာသင်နှစ်အစရဲ့ ပထမဆုံး နေ့အဖြစ် ပျော်ရွှင်တက်ကြွနေသင့်တာ။ အခုတော့ . . .
ဟိုးအဝေးက စံပယ်ပန်းလေးရေ . . .

( ၁၃ စက်တင်ဘာ ၂၀၁၅ )

https://www.facebook.com/permalink.php?story_fbid=951244374940198&id=873066482757988

ဂလိုဘယ်ဆီမီနာ

           ကျောင်းက အောက်တိုဘာလဆန်းမှ ဖွင့်မှာ ဖြစ်ပေမယ့် United Nations University Global Seminar တက်ဖို့အတွက် သြဂုတ်လကုန်ပိုင်းမှာ မြန်မာပြည်က ထွက်ခဲ့တယ်။ တိုကျိုမြို့ပေါ်မှာ တစ်ရက်နေပြီး နောက်တစ်နေ့မှာ ဆီမီနာ လုပ်မယ့် Shonan Village Center ကို သွားတယ်။ နာမည်ကျော် ကမာကုရ ဗုဒ္ဓရုပ်ပွားတော်ကြီးရှိတဲ့ ကမာကုရဘူတာပြီး နောက်တစ်ဘူတာဖြစ်တဲ့ ဇူရှီဘူတာမှာဆင်း၊ ဘတ်စ်ကားစီးပြီး ဆက်သွားရပါတယ်။ ဂျပန်စစ်တက္ကသိုလ်၊ အမေရိကန်ရေတပ် ဂျပန်ရေတပ်တွေ တပ်စွဲထားတဲ့ ယိုကိုဟားမားနဲ့ သိပ်မဝေးတဲ့ နေရာလို့ ဆိုနိုင်ပါတယ်။ သိပ်လှတဲ့ ဖူဂျီယာမ မီးတောင်ကြီးကို လှလှပပ ကြည့်လို့ရတဲ့ တောင်ကုန်းမြင့်လေးပေါ်မှာ ရှိတဲ့ Shonan Village Center ကို အခမ်းအနားမစခင် နာရီဝက်ရောက်မှာ ရောက်သွားပါတယ်။


           ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း ဆိုသလိုပါပဲ။ စင်တာရဲ့အ၀င် ခန်းမကြီးမှာ ဆင်ယင်ထားတဲ့ ဆီမီနာတက်မယ့် ကျောင်းသားတွေရဲ့ နိုင်ငံအလံတွေ ထဲမှာ မြန်မာနိုင်ငံအလံက အခု အသစ်ဖြစ်တဲ့ ၀ါစိမ်းနီ အလံ မဟုတ်ဘဲ အရင် ကြယ်ဖြူဆယ့်လေးလုံးပါတဲ့ အလံဟောင်း ဖြစ်နေပါတယ်။ ဒါနဲ့ ကြိုဆိုနေတဲ့ အမျိုးသမီးကို အကျိုးအကြောင်း ပြောပြတော့ သူက အလံကို ပြန်ဖြုတ်ပါတယ်။ ခင်ဗျား အလံကို ဖြုတ်လိုက်တယ်ဆိုတော့ မြန်မာနိုင်ငံအလံအသစ်ရှိလို့လား ဆိုတော့ မရှိလောက်ဘူး တဲ့။ ဒါများဖြင့်ဗျာ အလံ မရှိတာနဲ့စာရင် ရှိတဲ့အလံလေး လွှင့်ထားတာ တော်ပါသေးတယ် ပြန်သာလွှင့်ထားလိုက်ပါ ဆိုတော့ ဒီအလံက အစိုးရကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေ သုံးတဲ့အလံများ ဖြစ်နေမလားတဲ့။ မြန်မာကျောင်းသားတွေ ကြိုက်ပါ့မလားတဲ့။ မဟုတ်ပါဘူးလို့ အစိုးရဆန့်ကျင်ရေးသမားတွေ သုံးတဲ့အလံနဲ့ ဆင်ပေမယ့် ဒီအလံက ရိုးရိုး အလံဟောင်းပါ ကိစ္စမရှိပါဘူး မြန်မာကျောင်းသားတွေကို အနော်ရှင်းပြလိုက်ပါ့မယ် ဆိုမှ အလံကို ပြန်လွှင့်ပေးထားပါတယ်။

          ဆီမီနာကလည်း အချိန်ဇယားတွေ ဆွဲထားလိုက်တာ ပြည့်လို့ပဲ။ ပထမနေ့ အချိန်ဇယားက ညရှစ်နာရီခွဲထိ၊ ဒုတိယနေ့နဲ့ တတိယနေ့က ညကိုးနာရီထိ၊ နောက်ဆုံးနေ့က နေ့လည် မွန်းတည့် ထမင်းစားချိန်ထိ။ သူတို့အချိန်ဇယားကို ကြည့်ပြီး လွန်လိုက်တာလို့ ထင်ခဲ့မိပေမယ့် တကယ်တမ်းကျတော့ အချိန်ဇယားအရ အချိန်ပြီးသွားတာတောင် ဆွေးနွေးတာ ပြင်ဆင်တာတွေ မပြီးလို့ ညညဆို အခန်းကို ဆယ့်နှစ်နာရီလောက်မှ ပြန်ရောက်ပြီး ရေချိုးရပါတယ်။ နောက်ဆုံးညကဆို ည နှစ်နာရီထိုးမှ ဆွေးနွေးပွဲက လူစုခွဲရပါတယ်။ ဒါတောင် ဗီဒီယိုကို တည်းဖြတ်ပေးတဲ့ ဂျပန်မလေး နာဆူကီက မနက် လေးနာရီ ပြန်ထပြီး ဆက်လုပ်နေရပါသေးသတဲ့။

          ဆီမီနာရဲ့ အနှစ်သာရအဖြစ် ၂၀၁၅ ခုနှစ်အလွန် ကုလရင်ဆိုင်ဖြေရှင်းရမယ့် ကိစ္စရပ်များထဲက လူသားတို့ရဲ့ ဘ၀အရည်အသွေး တိုးတက်မြင့်မားရေးအစီအစဉ် ကို ဦးတည်ချမှတ်ထားပါတယ်။ ဆီမီနာမှာ ပါမောက္ခတွေရဲ့ ပို့ချချက်တွေ၊ အဖွဲ့လိုက် ဆွေးနွေးပွဲတွေ တင်ဆက်မှုတွေ လုပ်ရပါတယ်။ တစ်ချို့ ပါမောက္ခတွေက ဂျပန်လို ပို့ချပါတယ်။ ဆွေးနွေးပွဲမှာလည်း ဂျပန်ဘာသာစကားနဲ့ ဆွေးနွေးတဲ့အုပ်စု အင်္ဂလိပ်လို ဆွေးနွေးတဲ့အုပ်စု စသည်ဖြင့် ရှိပါတယ်။ နောက်ဆုံးနေ့ကတော့ ကျောင်းသားတွေရဲ့ အဖွဲ့လိုက် တင်ဆက်မှုပါ။ တင်ဆက်မှုကလည်း ပုံစံမျိုးစုံပါပဲ။ စာသင်ခန်းထဲက ဘာသာရပ်ဆိုင်ရာ တင်ဆက်မှုတွေလိုမျိုး ရှိသလို၊ ဆွေးနွေးငြင်းခုံပွဲပုံစံတွေ၊ တစ်ခန်းရပ်ဇာတ်လမ်းပုံစံတွေလည်း ပါပါတယ်။ အနော်တို့အဖွဲ့ကတော့ လွှတ်တော်ကော်မတီ ကြားနာပွဲ သတင်းတင်ဆက်မှုပုံစံ လုပ်ခဲ့ပါတယ်။

          ဂျပန်ဝက်အူဆိုတာ ကြားဖူးကြမှာပါ။ ဂျပန်တွေက တစ်ခုခု လုပ်တော့မယ်ဆို ပြင်ဆင်နေတာ တော်တော်ကို ကြာပါတယ်။ ဆုံးဖြတ်အစီအစဉ်ဆွဲပြီးပြီိဆိုရင်လည်း ပြန်ပြင်ခဲပါတယ်။ အခုလည်း ဂျပန်ကျောင်းသားကျောင်းသူတွေက အဲသလိုပါပဲ။ တော်တော်ကို ပေရှည်ကြတဲ့သူတွေပါ။ အသေးစိတ်တွေကအစ သေချာ ဆွေးနွေးနေကြတော့ တကယ့်လက်တွေ့မှာ ကောင်းမွန်တာ ဖြစ်နိုင်ပေမယ့် အခုလို ဆီမီနာမှာ အချိန်အကန့်အသတ်ကြားက အလုပ်လုပ်ရတာ သူတို့ ပေရှည်တာက တစ်ခါတစ်လေ စိတ်မရှည်ချင်စရာပါ။ နောက်တစ်ခုက အလုပ်ကို ဇွဲခတ်ပြီး လုပ်တတ်ကြပါတယ်။ အနော်တို့ အကျင့်က မြန်မြန်ဆုံးဖြတ် မြန်မြန်အကောင်အထည်ဖော် မြန်မြန်ပြီး မြန်မြန်နားအေး ။ သူတို့ကတော့ သေချာ အသေးစိတ်ဆွေးနွေး အကောင်အထည်ဖော်တဲ့ အချိန်ကျတော့ ညဥ့်နက်နေပြီ ဆိုသလိုပါပဲ၊ ဒါပေမယ့် ဘယ်လောက်ပဲ ညဥ့်နက်နက် လုပ်စရာရှိတာကိုတော့ ပြီးအောင် လုပ်တတ်ကြတာ အတော်ကို အတုယူစရာ ကောင်းပါတယ်။ ဒါကြောင့် ဆီမီနာ နောက်ပိုင်းရက်တွေမှာ အခန်းထဲမှာ အိပ်ငိုက်တဲ့သူ အတော်များများ တွေ့ရတာပါပဲ။


          ဆီမီနာလုပ်မယ့် စင်တာအကြောင်း ဖတ်ကြည့်တုန်းက ရေကူးကန်ပါတယ်ဆိုတော့ ညနေပိုင်း တန်းဖြုတ်တာနဲ့ ရေလေး ပြေးကူးလိုက်မယ်ပေါ့။ တကယ်တမ်းကျတော့ ရေကူးဖို့ နေနေသာသာ ကိုယ့်အခန်းကိုယ်တောင် ညဆယ့်နှစ်နာရီလောက်မှရောက် အဲဒီတော့မှ ရေချိုး အင်တာနက်လေးဘာလေးကြည့် အိပ်ယာဝင်ရတာ တစ်နာရီထက် ဘယ်တော့မှ မစောပါဘူး။ မနက်ကျတော့လည်း မနက်စာက ခုနစ်နာရီခွဲကျွေးတာဆိုတော့ မီအောင် ထစားရပါသေးတယ်။

          ဆီမီနာ ပြီးတဲ့အချိန်မှာ သူငယ်ချင်းတွေ အများကြီး ထပ်ရလိုက်ပါတယ်။

ရည်ညွှန်း
United Nations University Global Seminar Japan
31st Shonan Session
" UN Global Issues, Post-2015 Agenda:
Improving the Quality of Life" Programme
31 August ( Monday ) to 3rd September 2015
Shonan Village Center
( Hayama, Kanagawa, Japan )
http://www.kifjp.org/nimp/global

လွှတ်တော်ကြားနာပွဲ သတင်းတင်ဆက်ခြင်း

          တက်ရောက်တဲ့ ကျောင်းသားတွေက ဆီမီနာ နောက်ဆုံးရက်မှာ အုပ်စုလိုက် တင်ဆက်မှု တစ်ခုစီ လုပ်ရမယ်ဆိုတာ အချိန်ဇယားထဲမှာ ပါတော့ ဆီမီနာ စတဲ့နေ့တတည်းက ဘာကို လုပ်ရင်ကောင်းမလဲ ဆိုတာကို တိုင်ပင်ကြတယ်။ ဒုတိယရက်မှာ အကြမ်းဖျင်းခေါင်းစဉ်ရတယ်။ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ အနှစ်သာရကို မူတည်ပြီး မြို့ပြတိုးတက်ရေးကိစ္စရပ်နဲ့ ပတ်သက်ပြီး တင်ဆက်ကြမယ်လို့ ဒုတိယညပိုင်း ဆွေးနွေးပွဲမှာ သဘောတူကြတယ်။ ခေါင်းစဉ်က ကိစ္စမရှိ။ ကိစ္စရှိတာက တက်ဆက်မှုအတွက် အချိန် ဆယ်မိနစ်ပဲ ရတာရယ် အဖွဲ့မှာပါတဲ့ ဆယ့်တစ်ယောက်လုံး တင်ဆက်မှုမှာ ပါဝင်မှာလား ဆိုတာရယ်။ တစ်ဖွဲ့လုံး လူကုန်ပါဝင်မယ်ဆိုရင် တစ်ယောက်ကို တစ်မိနစ်လောက်ပဲ အချိန်ရမှာမို့ ဘယ်လိုမျိုး စီမံခန့်ခွဲကြမလဲဆိုတာ တိုင်ပင်ကြရင်း ဆွေးနွေးတဲ့ ပုံစံမျိုးလုပ်ရင် ကောင်းမယ်လို့ သဘောတူကြတယ်။ နောက်ဆုံးခေါင်းစဉ်ကို အတည်ပြုတော့ မြို့ပြတိုးချဲ့ရေး အိမ်ရာစီမံကိန်းတစ်ခုနဲ့ ပတ်သက်ပြီး ဆွေးနွေးကြမယ်လို့ အဖြေထွက်လာတယ်။ ရိုးရိုးဆွေးနွေးပွဲထက်စာရင် လွှတ်တော်ကော်မတီမှာ ကြားနာတဲ့ ပုံစံမျိုးလုပ်ရင် ပိုမကောင်းဘူးလားပေါ့။ အဲဒါဆိုရင် လူတိုင်းက သက်ဆိုင်ရာ ဇာတ်ကောင်နေရာကနေ ၀င်ဆွေးနွေးဖို့ ပိုကောင်းတယ်လို့ ကျွန်တော်က အဆိုပြုတော့ အဲဒါကို အားလုံးက သဘောတူပြီး လွှတ်တော်ကြားနာပွဲပုံစံမျိုး တင်ဆက်မယ်လို့ နောက်ဆုံး အတည်ပြုလိုက်ကြတယ်။

           နောက်ဆုံး တင်ဆက်မယ့်ရက်မတိုင်ခင် မွန်းလွဲပိုင်း အဖွဲ့လိုက်ဆွေးနွေးပွဲ ထိုင်ကြတော့ လွှတ်တော်ကော်မတီကြားနာပွဲကို သတင်းထောက်က သတင်းတင်ဆက်တဲ့ ပုံစံလုပ်ရင်ကောင်းမယ်လို့ အသေးစိတ်အစီအစဉ်ဆွဲပြီး သက်ဆိုင်ရာ ဇာတ်ကောင်တွေ ၀င်ရောက်ဆွေးနွေးမယ့် စာသားနဲ့ အမူအရာ၊ နောက်ခံအခင်းအကျင်းတွေ ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာ ပုံစံချတယ်။ နောက်ဆုံးကျတော့ အဖွဲ့တင်ဆက်မှုကို စင်မြင့်ပေါ်မှာ တင်ဆက်တာ မဟုတ်ဘဲ ကြိုတင်ဗီဒီယို ရိုက်ကူးပြီး ခန်းမထဲမှာ အဲဒီ ဗီဒီယိုကိုပဲ ထိုးပြဖို့ သဘောတူလိုက်ကြတယ်။

         ဇာတ်လမ်းက ဒီလိုဗျ။ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခုရဲ့ ရန်ကုန်လို မြို့ကြီးမှာ မြို့ပြတိုးချဲ့ရေး အိမ်ရာစီမံကိန်းတစ်ခုကို အစိုးရက စီစဉ်တယ်။ အဲဒီ အိမ်ရာစီမံကိန်းကို ဘယ်လို ပုံစံမျိုး အကောင်အထည်ဖော်မလဲ ဆိုတာကို လွှတ်တော် ပြည်သူ့ရေးရာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက သက်ဆိုင်ရာ ပါဝင်ပတ်သက်ဆက်စပ်သူတွေကို ဖိတ်ခေါ်ပြီး ကြားနာပွဲလုပ်တယ်။ အဲဒီအကြောင်းကို တီဗီသတင်းအစီအစဉ်က တင်ဆက်တယ်ပေါ့ဗျာ။ သတင်းတင်ဆက်သူအဖြစ် ကျွန်တော်တို့အဖွဲ့ခေါင်းဆောင် နာဆူကီဟီဒါကာ ဆိုတဲ့ ဂျပန်မလေးက သရုပ်ဆောင်တယ်။

          ကြားနာပွဲကို ဦးဆောင်ကြီးကြပ်ပေးတဲ့ လွှတ်တော် ကော်မီတီဥက္ကဌအဖြစ် အနော်က သရုပ်ဆောင်ပါတယ်။ ကင်ညာနိုင်ငံသား ၀ယ်လင်တန်က စီမံကိန်းကို ကန်ထရိုက်ယူမယ့် ဆောက်လုပ်ရေးကုမ္ပဏီဥက္ကဌ၊ ဂျပန်မလေး ရီကိုဟာရ က စီမံကိန်းကိုကြီးကြပ်ပေးမယ့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီး၊ ဗီယက်နမ်မလေး သူဟ နဲ့ မြန်မာကျောင်းသား ကိုမျိုးကျော်သူတို့က ကျောင်းသားတွေ၊ တရုတ်မလေး လျူရွှီဇင်း က ကလေးသုံးယောက်အမေ၊ ဂျပန်မလေး မာယို ယိုရှီနိုက ဆရာဝန်၊ မြန်မာကျောင်းသား ဇေယျာလေးဆွေက လယ်သမား၊ ဂျပန်ကျောင်းသားလေး ရှော်ကီ ကီတာဂါဝါက သက်ကြီးရွယ်အိုကိုယ်စားပြု အဖိုးကြီး၊ တိုကျိုက မြန်မာကျောင်းသူ မသက်သက်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင် စသည်ဖြင့်ပေါ့။ အဲသည် ဇတ်ကောင်တွေက သက်ဆိုင်ရာ ဇာတ်ရုပ်အတိုင်း ပြောဆို သရုပ်ဆောင်ရတာပေါ့။

          အနော်ကတော့ လွှတ်တော်ကော်မတီ ဥက္ကဌအဖြစ် ကြားနာပွဲကို ဦးဆောင်ကြီးကြပ်ရုံပဲ ဆိုတော့ စီမံကိန်းပါ ကိစ္စရပ်တွေကို အများကြီး ဆွေးနွေးစရာ မရှိပါဘူး။ ဆွေးနွေးတဲ့သူတွေ အဆင်ပြေအောင် ကြီးကြပ်ပေးရုံပါပဲ။ အရင်ဆုံး မှာထားရတာကတော့ အိမ်ရာစီမံကိန်းက တကယ်ကို လိုအပ်တဲ့အတွက် အကောင်းဆုံးဖြစ်အောင် သက်ဆိုင်သူတွေအတွက် အဆင်ပြေဆုံးဖြစ်အောင် ဘယ်လိုလုပ်သင့်တယ်ဆိုတာ ၀ိုင်းဝန်း အကြံပေးဖို့၊ တစ်ယောက်နဲ့ တစ်ယောက် အကျိုးစီးပွားချင်း ထပ်တူ မကျနိုင်တာကြောင့် လူတိုင်းရာနှုန်းပြည့် ကျေနပ်စရာ စီမံကိန်းတစ်ခုတော့ ဖြစ်လာမှာ မဟုတ်ကြောင်း၊ မိမိအလိုဆန္ဒ အပြည့်အ၀ မရတာနဲ့ စီမံကိန်းကို မလုပ်ဖြစ်အောင် ကန့်ကွက်မယ်ဆိုရင် လက်တွေ့ကျမှာ မဟုတ်ကြောင်း၊ အခု ဆွေးနွေးပွဲမှာ တင်ပြချက်တွေကို သေချာ မှတ်သားထားပြီး စီမံကိန်း အကောင်အထည်ဖော်ရာမှာ ထည့်သွင်း စဉ်းစား ဆောင်ရွက်ပေးသွားမယ်လို့ ယုံကြည်ကြောင်း စသည်ဖြင့် ဖောရတာပေါ့ဗျာ။
အဲသလိုပါပဲ သက်ဆိုင်ရာ ဇာတ်ကောင်တွေက သူတို့ အကျိုးစီးပွားနဲ့ တိုက်ရိုက်ဆက်စပ်ရာ ကိစ္စတွေကို ထည့်သွင်းဆွေးနွေး တင်ပြကြတယ်ပေါ့။

          တကယ့် ပွဲကြီးနေ့ တင်ဆက်ပွဲမှာ သတင်းတင်ဆက်တဲ့ပုံစံနဲ့ ရုပ်ရှင်ထိုးပြသွားတာ အနော်တို့ တစ်ဖွဲ့ပဲ ရှိပါတယ်။ တကယ့်ကို ဘီဘီစီ သတင်းတင်ဆက်တဲ့အတိုင်းပဲလို့ သုံးသပ်ပေးတဲ့ ပါမောက္ခက မှတ်ချက်ပေးပါတယ်။

          တစ်ညနေနဲ့ အပြီးလုပ်လိုက်ရတဲ့ ဒီမူဗီကလစ်လေးမှာ အားနည်းချက်တွေက အများကြီးပါ။ အိုင်ဖုန်းကင်မရာကို သုံးပြီး ရိုက်ရတာ၊ အလင်းရောင်ကို မကစားနိုင်တာ၊ အသံစနစ်ကို သေချာ မလုပ်ဖြစ်တာ၊ အချိန်ကန့်သတ်ချက်အရ ပြန်လည်ရိုက်ကူးသင့်တဲ့ အပိုင်းလေးတွေကို ဒီအတိုင်း ထည့်လိုက်ရတာ၊ တည်းဖြတ်မှုကို စိတ်တိုင်းကျ လုပ်ဖို့ အချိန်မရတော့တာ စသည်ဖြင့် ပိုကောင်းအောင် လုပ်နိုင်တဲ့ အပိုင်းလေးတွေကို မှတ်သားထားပြီး နောက်တစ်ခါဆိုရင် အများကြီးကောင်းအောင် လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။
ဘာပဲပြောပြော ဒီတင်ဆက်မှုလေးကို အနော်တို့ရော ပါမောက္ခတွေရော ကျေနပ်သဘောကျကြပါတယ်။ အနီးကပ် အကြံပေးလမ်းညွှန် အားပေးခဲ့တဲ့ ပါမောက္ခမျိုးရဲ့ အားပေးတိုက်တွန်း ကူညီမှု မပါရင် ဒီလို တင်ဆက်မှုမျိုး လုပ်နိုင်ခဲ့မှာ မဟုတ်ပါဘူး။


ရည်ညွှန်း
United Nations University Global Seminar Japan
31st Shonan Session
" UN Global Issues, Post-2015 Agenda:
Improving the Quality of Life" Programme
31 August ( Monday ) to 3rd September 2015
Shonan Village Center
( Hayama, Kanagawa, Japan )
http://www.kifjp.org/nimp/global

Saturday 8 August 2015

ရွှေထီးဆောင်း


ဒီနေ့ညလည်း စင်္ကာပူ ဆီးဂိမ်းဖွင့်ပွဲစားသွားလို့ စာကြည့်တိုက်ထဲမှာ ငုတ်တုတ်မေ့သွားတယ်။ ငုတ်တုတ်မေ့တယ်ဆိုတာ သူတို့ ဖွင့်ပွဲကြီးက ရင်သပ်ရှုမောရလို့ မဟုတ်ပါဘူး။ ဘာပဲပြောပြော သင်းတို့လို သမိုင်းမရှိ ရာဇ၀င်မရှိ နှစ်ပေါင်းငါးဆယ်လောက် သက်တမ်းရှိတဲ့ ကျွန်းနိုင်ငံသေးသေးလေးက ဘာတွေများ ထုတ်ဖော်ဂုဏ်ယူပြမလဲ ကြည့်လိုက်စမ်းမဟဲ့ဆိုပြီး စောင့်ကြည့်မိတာကို ပြောတာပါ။

မီးရောင်တွေ ထိန်ထိန်ညီးနေတဲ့ စင်္ကာပူမြို့ပြနိုင်ငံလေးထဲက ခေတ်မီ လေလုံမိုးလုံ အားကစားရုံကြီးထဲမှာ ပိုက်ဆံတွေ ပေါပေါသီသီသုံးပြီး နည်းပညာအကူအညီနဲ့ လှလှပပ တင်ဆက်နိုင်ပါပေရဲ့။ ဘာတွေလာမလဲ ဘာတွေလာမလဲ စောင့်ကြည့်ရင်း ပြီးသာပြီးသွားရော ဟင် ဒါပဲလားလို့ အောက်မေ့မိတယ်။ အနော့်အမြင်ပြောရရင် နာမည်ကြီး ရော့ခ်ဂီတပွဲ သာသာလောက်ပဲ ရှိတယ်လို့ ထင်မိတယ်။

ဒီလိုပြောလို့ စုတ်ပြတ်သတ်နေတယ်လို့လည်း မဆိုသာပါဘူး။ သူတို့ ပြချင်တာလေးတွေကိုတော့ ထိထိမိမိ ပြသွားနိုင်ပါရဲ့။ ကလေးတွေရဲ့ အိပ်မက်တွေကို ပြတဲ့အခန်းကိုတော့ အကြိုက်ဆုံးပါပဲ။ နောက်တစ်ခုက မီးရှူးတိုင်သယ်ပြီး ထွန်းညှိပြတာလည်း သဘောကျတယ်။ မီးရှူးတိုင်ကြီးကတော့ တကယ်ကို သားနားဝင့်ထည်လှပါတယ်။ ဒီမှာ မီးပန်းတွေလွှတ်တာက သိပ်တော့ အဆန်းကြီး မဟုတ်လှပေမယ့် ငွေကုန်ကြေးကျ ခံရကျိုးနပ်ပေတယ် ထင်မိပါတယ်။ ဘာလို့လဲ ဆိုတော့ ရေပြင်ကြီးကို ပတ်ရံထားတဲ့ စင်္ကာပူမြို့ကြီးကနေ မီးပန်းတွေကို လူများများ ပိုကြည့်လို့ ရလို့ဖြစ်ပါတယ်။ မြန်မာပြည်မှာတုန်းကတော့ မီးပန်းတွေ အများကြီး လွှတ်ပေမယ့် အားကစားရုံတည်နေရာ အနေအထားအရ တကယ့်မီးပန်းတွေကို လူတွေ ဒီလောက်အများကြီးက ကြည့်ခွင့်မသာခဲ့ဘူးလေ။

အစီအစဉ်နည်းတယ်ဆိုပေမယ့် တစ်ခုနဲ့တစ်ခု အချိတ်အဆက် ကောင်းတယ်ပြောရမယ်။ ပရိသတ်က နောက်ကကြေညာတာကို နားထောင်ရင်း အမှောင်ထဲမှာ ထိုင်စောင့်နေရတယ်ဆိုတာ သိပ်မရှိဘူး။ အင်္ဂလိပ်ဘာသာစကား တစ်ခုတည်းနဲ့ အစီအစဉ်ကြေညာလို့ ရတာကလည်း အားသာချက်တစ်ခုပေါ့လေ။ တို့ဆီမှာတုန်းကတော့ မြန်မာ အင်္ဂလိပ် နှစ်ဘာသာနဲ့ ပြောနေရတော့ စကားပြောချိန် နည်းနည်း ပိုယူတာပေါ့။

အခမ်းအနားဖွင့်လှစ် မိန့်ခွန်းပြောဖို့ ဖိတ်ခေါ်လိုက်တော့ တီးလုံးတွေတီးပြီး ကွင်းထဲက စင်မြင့်ကို ချီတက်တော်မူနေတာလည်း မရှိဘူးဗျ။ ဖိတ်ခေါ်အပ်ပါတယ်ဆိုတဲ့အချိန် ကွင်းထဲက စင်မြင့်ကို မီးထိုးလိုက်တော့ အဲသည်မှာ ရောက်နေနှင့်ပြီ။ မိန့်ခွန်းကလည်း ခပ်တိုတိုပဲ။ ပြောဟန်ဆိုဟန်ကို ကြိုက်တယ်။ စာရွက်ကြည့်ဖတ်နေတဲ့သဘော မဟုတ်ဘဲ ပရိတ်သတ်ကို အားမာန်ပါပါ ရွှင်ရွှင်လန်းလန်း ပြောပြနေတာ။ အဲဒါတော့ ကြိုက်တယ်။ တို့ဆီမှာတုန်းကတော့ နည်းနည်း ပေရှည်သလိုပဲ။ အင်းလေ နိုင်ငံကလည်း အကြီးကြီးဆိုတော့ စကားပြောတော့လည်း များများပြောဖို့တော့ လိုတာပေါ့နော့။ သူတို့သမ္မတက အခမ်းအနားဖွင့်ပေးတာ တိုတိုလေးရယ်။ "၂၈ ကြိမ်မြောက် ဆီးဂိမ်းပွဲတော်ကို ဖွင့်လှစ်ကြောင်း ကြေညာလိုက်သည်" တဲ့။ တို့ဆီက ပွဲတုန်းက ဒုသမ္မတကြီးပြောတဲ့ ဖွင့်လှစ်စကား အစွန်းထွက်ပဲ ရှိတယ်။

သူတို့ခမျာမှာ သမိုင်းတွေ ရာဇ၀င်တွေချီစရာ မရှိတော့ လီကွမ်ယု အားကစားကွင်း ဖွင့်ပေးခဲ့တဲ့အကြောင်းကို မဟာရာဇ၀င်တော်ကြီးလို လုပ်ပြောနေရရှာတယ်။ ဒီကြားထဲ ၀န်ကြီးချုပ် လီရှန်းလွန်း ကြော်ငြာက ၀င်လိုက်သေးတယ်။ နာမည်ကြီးအားစကားသမားတွေအကြောင်း တင်ဆက်သွားတာလေးကလည်း သင်းပါတယ်။ ကွင်းအလယ်ခေါင်မှာ စင်မြင့်ထားတဲ့ အားသာချက်ကတော့ ဘက်ပေါင်းစုံက အတူတူမြင်ရတယ်။ စင်တစ်ဘက်က ပုပ်မနေဘူးရယ်။ ဒါပေမယ့် တို့လိုသာ ခမ်းခမ်းနားနား တင်ဆက်မယ်ဆိုရင်တော့ ဒီစင်ပုံစံနဲ့ အလုပ်မဖြစ်လောက်ဘူး။

ဒါပေမယ့်ဗျာ

၂၇ ကြိမ်မြောက်တုန်းက မြန်မာ့ဆီးဂိမ်းဖွင့်ပွဲရဲ့ ကြီးကျယ်ခမ်းနားမှုကို နည်းနည်းလေးတောင် မီတယ်လို့ မထင်ဘူး။ ကိုယ့်နိုင်ငံမို့ ကိုယ်ပြောတာ မဟုတ်ဘူးရယ်။ မီးအလင်းအမှောင်ကောင်းကောင်း သုံးတာရယ် ကွင်းကြီးက ပိုကောင်းတာရယ် မီးရှူးတိုင်ကြီး သားနားတာရယ်က လွဲရင် တင်ဆက်မှုတွေကတော့ တစ်ခြားစီပဲဗျ။ ဖွင့်ပွဲမှာပါတဲ့ ကလေးတွေရဲ့ ကြိုးစားအားထုတ်ရတာချင်းလည်း တစ်ခြားစီရယ်။ သူတို့လုပ်သွားတာ ဘာမှ အနှစ်အသားပါတာရယ်လို့ လောက်လောက်လားလားကို မမြင်မိဘူး။
ပြီးခဲ့တဲ့ မြန်မာ့ဆီးဂိမ်းဖွင့်ပွဲတုန်းက ကွင်းထဲမှာ သွားကြည့်ရတာလောက်ကို ရင်ခုန်စရာ မကောင်းတာပါဗျာ။ ဘ၀တစ်သက်တာလုံးမှာ အဲသည် မြန်မာ့ဆီးဂိမ်းဖွင့်ပွဲ ညကလို မြန်မာနိုင်ငံသားဖြစ်တာကို ဂုဏ်ယူခဲ့ရတာမျိုး တစ်ခါမှ မရှိခဲ့ဖူးသေးဘူး။ ရွှေထီးဆောင်းတဲ့အကြောင်းတွေ ပြန်တမ်းတတယ်ပဲ ပြောပြော။ တမ်းတစရာရှိမှ တမ်းတရလို့ ရတာလေ။ ရွှေထီးဆောင်းတဲ့အကြောင်းတွေ ခဏခဏ တမ်းတချင်တယ်ဗျာ။ လုပ်ကြအုံး။

လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်း


အခြေခံဥပဒေပြင်ဆင်ချက် ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဒီနေ့ည တစ်ခုပဲ ရေးပါမယ်။ မနေ့ညက နံပါတ် (၅) ပြီးပြီဆိုတော့ ဒီနေ့ နောက်တစ်ခုပေါ့
နံပါတ် (၆) လွှတ်တော် ကိုယ်စားလှယ်ကို ရွေးကောက်တင်မြှောက်ထားသူတွေက ပြန်လည် ရုပ်သိမ်းခွင့်ပေးထားတဲ့ ပုဒ်မ ၃၉၆ (ခ) ကို ပယ်ဖျက်ပါမယ်တဲ့။ ဘယ်အပိုဒ်ကို ပယ်ဖျက်မှာလဲဆိုတာကို အရင်းအတိုင်း ဖောက်သည်ချပါရစေ။

"၃၉၆(ခ) သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလ မဲဆန္ဒရှင်များအနက် အနည်းဆုံး တစ်ရာခိုင်နှုန်းတို့က တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုသော လွှတ်တော်ကိုယ်စားလှယ်နှင့် ပတ်သက်သည့် တိုင်တန်းချက်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြရမည်"

အထက်မှာ ရေးပြခဲ့တဲ့အပိုဒ်ကို ပယ်ဖျက်ဖို့ ဥပဒေကြမ်းထဲမှာ ထည့်ရေးထားပေမယ့် အဲသည်လို တိုင်တန်းခံရရင် ဘယ်လို ဆက်လုပ်မယ် ဆိုတာတွေကို ပြဌာန်းထားတဲ့ ပုဒ်မ ၃၉၆(ဂ)၊ (ဃ)၊ (င) တို့ကိုတော့ မူလအတိုင်း ဆက်ထားတာကို တွေ့ရပါတယ်။ အဲသည်တော့ ပြည်သူ့ကိုယ်စားလှယ်တစ်ယောက်ကို ပြည်သူက တာဝန်ပြန်လည် ရုပ်သိမ်းချင်ရင် ဘယ်သူက စပြီး တိုင်ရမယ်ဆိုတာ မပါဘဲ စုံစမ်းစစ်ဆေးဖို့နဲ့ ဆက်လက်ဆောင်ရွက်ဖို့ ပါနေတဲ့ သဘောဖြစ်ပါတယ်။ ဒါပေမယ့် ဒါနဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်က ဥပဒေတစ်ခု ပြဌာန်းပေးလိမ့်မယ်လို့တော့ မျှော်လင့်ပါတယ်။ ဟိုတစ်လောလေးကတော့ အဲသည်ပြန်ခေါ်ဥပဒေကိစ္စ လွှတ်တော်မှာ ဆွေးနွေးတယ်ဆိုတာ။ ကန့်ကွက်တဲ့သူများလို့ ဆက် မဆွေးနွေးဖြစ်ဘူး ဆိုလား။

အလံ


နိုင်ငံတော်အလံ နိုင်ငံတော်သီချင်းနဲ့ ပတ်သက်ပြီး မှတ်မှတ်ရရ ပြောပြချင်တာလေးတွေ ရှိတယ်။ ထုံးစံအတိုင်း ငယ်ငယ်တုန်းကနဲ့ပဲ စကြပါစို့ရဲ့။ အင်းသာရွာ မူလတန်းမှာတက်တော့ ဆရာလေး ဦးဝင်းကြိုင်ဆိုတာ ရှိတယ်။ ကျွန်တော်တို့ရဲ့ သင်္ချာဆရာပေါ့။ ပုံပြောတာလည်း အင်မတန်ကောင်းတယ်။ တစ်ပတ်တစ်ရက် ပုံပြောပြတယ်။ ဇာတ်တော်ကြီးဆယ်ဘွဲ့ကိုများ အခန်းဆက် ပြောပြသွားတာ ခုထိ မှတ်မိနေတုန်း။ ဆရာလေးနဲ့ ပတ်သက်ပြီး နောက်ထပ် အမှတ်ထင်ထင်ရှိတာတစ်ခုက နိုင်ငံတော်သီချင်းဆိုတာ။ ကျွန်တော်တို့ ရွာကျောင်းမှာ ကျောင်းတက် ကျောင်းဆင်း တီးတဲ့ စစ်အတွင်းက ဗုံးသီးခွံကို လုပ်ထားတဲ့ သံချောင်းကြီးရှိတယ်။ သုံးပေလောက်တော့ ရှည်မယ်ထင်တယ်။ ကျောင်းတက် သံချောင်းခေါက်။ ကျောင်းဆင်း သံချောင်းခေါက်။ ကျောင်းဆင်းရင် နိုင်ငံတော်သီချင်း ဆိုရတော့ ကျောင်းဆင်းသံချောင်းကို ပထမ တစ်ချက် ခေါက်တယ်။ အသင့်ပြင်ကြပေါ့။ နောက်တစ်ချက်ခေါက်ရင် တစ်ကျောင်းလုံး သီချင်းစဆိုပေါ့ဗျာ။ မူလတန်းကျောင်းမှာ ကျောင်းသားကြီးတွေဖြစ်တော့ ဆရာလေးအတန်းကို တက်ရတာပေါ့။ ညနေ ကျောင်းဆင်းချိန် နိုင်ငံတော်သီချင်းဆိုရင် သူများတွေလိုပဲ စာသင်လက်စရပ်ပြီး မတ်တပ်ထရတယ်။ ပြီးရင် သင်လက်စကို ဆက်သင်တယ်ဗျ။ ကလေးတွေကတော့ ကျောင်းဆင်းသွားတာပေါ့။ ဆရာလေးက စာသင်တာ ပြီးပြီဆိုမှ အားလုံး ထိုင်ခုံပေါ်တက် မတ်တပ်ရပ်ပြီး နိုင်ငံတော်သီချင်းကို သံနေသံထားနဲ့ ညီညီညာညာ ဆိုရတယ်။ ပြီးစလွယ် ဆိုလို့ မရဘူးဗျ။ ဆရာလေးကို ချစ်ခင်လေးစားတဲ့ အချက်တွေ အများကြီးထဲမှာ နိုင်ငံတော်သီချင်းကို တလေးတစား ဆိုဖို့ လေ့ကျင့်ပေးတာလည်း တစ်ချက်ပါပါတယ်။

ကျောင်းကြီးလို့ခေါ်ကြတဲ့ သာဝတ္ထိအထက်တန်းရောက်တော့ မနက်စုဝေးသဘင်မှာ နိုင်ငံတော်အလံကို အလေးပြုပြီးရင် သီချင်းဆိုရတယ်။ တရားမျှတလွတ်လပ်ခြင်းနဲ့ မသွေ ဆိုတဲ့ ခြေဆင်းကို အဲသည်ရောက်မှ ကြားဖူးတာဗျ။ ငယ်ငယ်က ကျောင်းစာအုပ်ထဲပါတဲ့ နိုင်ငံတော်သီချင်းမှာ အဲသည် ခြေဆင်းပိုဒ် မပါဘူးရယ်။ အထက်တန်းကျောင်း စုဝေးသဘင်မှာ နိုင်ငံတော်သီချင်းခြေဆင်းကို ဆိုတာက ကျွန်တော်တို့ အင်္ဂလိပ်စာဆရာ ဦးလှိုင်။ ဆရာကြီးကလည်း သီချင်းတွေဘာတွေဆိုတာ အလေ့အကျင့်များ နည်းသလား ၀ါသနာများ သိပ်မပါတာလားတော့မသိ။ ခြေဆင်းပိုဒ်ကို ဆိုတာက ကျွန်တော်တို့ ကြားဖူးနေကျ သံစဉ်မဟုတ်ဘူးဗျ။ သူ့ကိုယ်ပိုင် ဆိုဟန်တစ်မျိုးလားတော့ မသိပါဘူးဗျာ


၂၀၀၈ အခြေခံဥပဒေအရ အသစ်ပြဌာန်းလိုက်တဲ့အလံကို စတင်လွှင့်ထူခဲ့တာက ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ နှစ်ဆယ့်တစ်ရက်နေ့။ အဲသည်နေ့ နေ့ခင်းပိုင်းမှာလုပ်တဲ့ နိုင်ငံတော်အလံ အသစ်လဲလှယ်လွှင့်တင်တဲ့အခမ်းအနားကို တက်ခဲ့ရတယ်။ တစ်သက်လုံး လူမှန်းသိတတ်ပါပြီဆိုကတည်းက အလေးပြုလာခဲ့တဲ့ အနီရောင်အောက်ခံ လက်ဝဲဘက်အထက်ထောင့်က အပြာရောင်မှာ အရွယ်တူကြယ်ဖြူ ဆယ့်လေးလုံးနဲ့ စပါးနှံနဲ့ စက်သွားနဲ့ အလံတော်ကို နောက်ဆုံးအနေနဲ့တောင် အလေးမပြုတော့ပဲ တိုင်ထိပ်ကနေ လျှောချလိုက်တော့ ရင်ထဲမှာ ဘာလိုကြီးဖြစ်သွားမှန်းကို မသိပါဘူးဗျာ။ တစ်သက်လုံး အလေးပြုလာခဲ့တဲ့အလံတော်ရှေ့မှာ တရိုတသေရပ် အဲသည် အလံတော်ကို နောက်ဆုံးအကြိမ်အဖြစ်တောင် နုတ်ဆက်အလေးမပြုတော့ဘဲ တိုင်ထိပ်က လျှောချလိုက်တာကို သတိဆွဲရပ်လျက်က ကြည့်နေရင်း လောကဓံဆိုတာ ဒါပါလားလို့ စိတ်မကောင်းတဲ့ကြားက တွေးမိလိုက်သေးတယ်။ ဒါပေမယ့် ၀ါစိမ်းနီ သုံးရောင်ခြယ်အလံတော် အသစ်ကြီးက စစ်ခရာဆယ်လက် တစ်ပြိုင်တည်း မှုတ်တဲ့ အလံတင်စစ်ခရာသံ မြိုင်မြိုင်နဲ့ တိုင်ထိပ်ပေါ် တက်သွားတဲ့အခါ ခေတ်သစ်တစ်ခုတော့ စချေပြီဆိုပြီး ကိုယ့်ကိုယ်ကို သမိုင်းဝင်ပုဂ္ဂိုလ်ကြီးလို အထင်ရောက်မိလို့ စိတ်ထဲ မြောက်ကြွကြွတောင် ဖြစ်သွားလိုက်မိသေးတယ်။ အခါတိုင်း စစ်တီးဝိုင်းက နိုင်ငံတော်သီချင်းကို တီးတဲ့အခါ ကမ္ဘာမကျေက စပေမယ့် အဲသည် အခမ်းအနားမှာ တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေဆိုတဲ့ ခြေဆင်းအပိုဒ်က စတီးတာကို ကြုံရတာတော့ ပထမဆုံးပါပဲ။ ဒီမိုကရေစီ ခေတ်သစ်ရဲ့ ပထမဆုံး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာမယ့် ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က အခမ်းအနားမှာ ရာထူးအကြီးဆုံးပုဂ္ဂိုလ်အဖြစ် တက်ရောက်ခဲ့တယ်ဆိုတာလည်း အမှတ်တရ တစ်ခုပါပဲ။

နိုင်ငံတော်သီချင်းကို မြန်မာဆိုင်းဝိုင်းနဲ့ တီးတာကို ပထမဆုံး ကြုံဖူးတာကတော့ ၂၀၀၄ ခုနှစ် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်မှာ ဒီပလိုမာဘွဲ့တစ်ခု တက်ယူတုန်းကပါ။ ကျွန်တော့်နားထဲမှာ စစ်တီးဝိုင်းနဲ့ တီးတဲ့အသံကိုပဲ နားယဉ်နေလို့လားတော့မသိဘူး။ နိုင်ငံတော်သီချင်းကို ဆိုင်းသံနဲ့ နားထောင်ရတာ သိပ် အထာမကျလှပေဘူး ထင်မိတယ်။

နိုင်ငံတော်သီချင်းကို အကြိမ်ပေါင်းများစွာ ဆိုခဲ့ဖူးပေမယ့် တစ်ကြိမ်ကိုတော့ဖြင့် တစ်သက်လုံး မေ့နိုင်မယ် မထင်ဘူး။ နေပြည်တော် ၀ဏ္ဏသိဒ္ဓိအားကစားကွင်းမှာ ၁၁-၁၂-၁၃ ရက်နေ့က ကျင်းပတဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားမှာပါ။ ဆီးဂိမ်းဖွင့်ပွဲမှာ ရင်အခုန်ရဆုံး စိတ်အလှုပ်ရှားရဆုံး ကြည်နူးစရာ အကောင်းဆုံး အားအရဆုံး အစီအစဉ်ကတော့ နိုင်ငံတော် အလံလွှင့်တင်တဲ့အချိန်မှာ နိုင်ငံတော်သီချင်း ဆိုရတဲ့ အရသာပါပဲဗျာ။ ကိုယ့်မြေကိုယ့်ရေမှာ လက်ခံကျင်းပတဲ့ နိုင်ငံစုံ ပွဲတစ်ခုမှာ နိုင်ငံတော်အကြီးအကဲကစပြီး လူပေါင်း သောင်းချီတက်ရောက်တဲ့ အခမ်းအနားကြီးမှာ ကိုယ့်နိုင်ငံတော်အလံ လွှင့်တင်လိုက်တဲ့အချိန် နောက်ခံတီးလုံးနဲ့အတူ ဘယ်သူရဲ့ တိုက်တွန်း စေခိုင်းချက်မှ မပါဘဲ ကိုယ့်ရင်ထဲအသည်းထဲကလာတဲ့ မျိုးချစ်စိတ်ဓာတ် မြန်မာဆိုတဲ့ ဂုဏ်ကို ကြက်သီးတဖျန်းဖျန်းထပြီး ၀င့်ကြွားတဲ့ ရင်ခုန်သံတွေနဲ့အတူ မြန်မာနိုင်ငံတော် သီချင်းကို လူပေါင်း သောင်းချီပြီး ညီညီညွတ်ညွတ်ဆိုကြတဲ့ ၀မ်းမြောက်စရာ အတွေ့အကြုံ တစ်ခုတည်းနဲ့တင် ပိုက်ဆံကုန်ရကျိုး အပင်ပန်း ခံရကျိုး နပ်ခဲ့ပါတယ်ဗျာ

အဲသည်ဆီးဂိမ်းကျေးဇူးနဲ့ အသက်သုံးနှစ်ခွဲပဲ ရှိသေးတဲ့ ပန်းပွင့်လေးက နိုင်ငံတော်သီချင်းကို ဆိုတတ်သွားတယ်။ ဆီးဂိမ်းတိုက်ရိုက်အစီအစဉ်တွေကို ပြိုင်ပွဲ တစ်လျှောက်လုံး အိမ်မှာ တီဗီ ဖွင့်ထားတော့ မြန်မာအသင်း ရွှေရတဲ့အခါတိုင်း ခဏခဏ ကြားရင်းနဲ့ လိုက်ဆိုတတ်သွားတာ။ သီချင်းကို လိုက်ဆိုတတ်ရုံတင်မကပဲ နိုင်ငံတော်အလံလွှင့်ပြီး နိုင်ငံတော်သီချင်းသံကြားရင် မတ်တပ်ရပ်ပြီး အလေးပြုရမယ်ဆိုတာလည်း အဲဒီတုန်းကတည်းက သိသွားတာ။

လောလောဆယ်တော့ နိုင်ငံတော်အလံကို အခန်း ခေါင်းရင်းမှာ ချိတ်ထားတယ်။

ဂုဏ်ယူစရာတစ်ခုတိုး

၂၀၁၄ ခုနှစ်က ကြယ်စင်မော်ကွန်း ဇာတ်ကား ရုံတင်တော့ ပန်းပွင့်လေးနဲ့အတူ သွားကြည့်ခဲ့ပြီး တစ်နှစ်လောက်ကြာမှ ရုပ်ရှင်ရုံကို တစ်ခေါက်ထပ်ရောက်ဖြစ်တယ်။ ဇာတ်ကားကတော့ ကလေးတွေကြိုက်တဲ့ သရီးဒီ မီနီယံဆိုတဲ့ ဇာတ်ကားပါ။ ခုခေတ် ကလေးတွေ သိပ်ကြိုက်တဲ့ အ၀ါရောင် လုံးလုံးနဲ့ လူလို အကောင်လေးတွေ အများကြီး ပါတဲ့ ဇာတ်ကားပေါ့။ ကလေးတွေတင် မကပါဘူး လူကြီးတွေလည်း ကြိုက်တာပါပဲ။ အရင်နဲ့ မတူတာ နှစ်ခု တွေ့ခဲ့တယ်။ ရုပ်ရှင်မပြခင် နိုင်ငံတော်သီချင်းတီးလုံး သံ ထွက်လာတော့ အရင်တုန်းကလို တိပ်ပါးနေတဲ့ တိပ်ခွေကို အမျိုးအစားမကောင်းတဲ့ ကက်ဆက်အိုထဲ မီးအားမပြည့်တဲ့ ဘက်ထရီအိုးနဲ့ တွဲဖွင့်သလို တုန်ကြောင်ကြောင်သံ မဟုတ်ဘဲ တကယ့် ရုပ်ရှင်ရုံအသံစနစ်အတိုင်း ပီပီသသ ကြည်ကြည်မြမြ နားဝင်ပီယံရှိရှိ ကြားရတာရယ်၊ ပိတ်ကားမှာထိုးတဲ့ နိုင်ငံတော်အလံပုံကလည်း ၁၉၇၄ ခုနှစ် နိုင်ငံတော်အသစ်ပြောင်းတဲ့နေ့က မှတ်တမ်းတင် သတင်းကားထဲမှာပါတဲ့ အပိုင်းကို ဖြတ်ကူးထားဟန်တူတဲ့ အရောင်မှိန်မှိန် တုန်ချိချိ အစက်တွေ အစွန်းတွေ အထင်းတွေ ဒင်းကြမ်းနဲ့ ရုပ်ရှင်ပိတ်ကားပေါ်မှာ မိုးပဲ ရွာနေသလိုလို မိုးသီးတွေပဲ ကျနေသလိုလို ကလေးတွေပဲ ဆပ်ပြာပူဖောင်း မှုတ်နေသလိုလို ဘယ်လိုမှကို ဂုဏ်ယူဝင့်ကြွား အလေးပြုချင်စရာ မကောင်းတဲ့ အလံတော်အစား တကယ့်ကို ခေတ်မီ ရုပ်ရှင်စနစ်နဲ့ အံဝင်ခွင်ကျ တောက်တောက်ပပ စိုစိုပြေပြေ ကြည်ကြည်လင်လင် ပြတ်ပြတ်သားသားနဲ့ ဂုဏ်ယူလောက်စရာ အလေးပြုချင်စရာကောင်းလှတဲ့ လေထဲမှာ တလူလူလွင့်နေတဲ့ နိုင်ငံတော်အလံကို တွေ့ခဲ့ရတယ်။

နောက်တစ်ခုကတော့ ရုပ်ရှင်ကြည့် ပရိသတ်။ လွန်ခဲ့တဲ့ ဆယ့်ကိုးနှစ်က ဆယ်တန်းအောင်ပြီး ရန်ကုန်ရွှေမြို့တော်ကြီးကို တက်လာတော့ ပထမဆုံး ကြည့်ဖူးတဲ့ ရုပ်ရှင်က မှတ်မှတ်ရရ ငွေကုန်ကြေးကျ အများကြီးခံပြီး အသေအချာကို ရိုက်ကူးခဲ့ပါတယ်ဆိုတဲ့ သူ့ကျွန်မခံပြီ ဇာတ်ကား။ ရန်ကုန်မှာ အဆင့်မြင့်ရုပ်ရှင်ရုံတွေ ပေါ်ခါစပေါ့။ ရုပ်ရှင်ရုံကတော့ တကယ်အဆင့်မြင့်ပါပေတယ်။ ရွာက ထရံကာ သဲဖုတ်ခင်း ရုပ်ရှင်ရုံနဲ့စာရင် ကိုယ်တွေအတွက်ကတော့ ဘယ်ဟာဖြစ်ဖြစ် အဆင့်မြင့်တာပါပဲ။ ပရိသတ်ကတော့ အဲ ပရိသတ်ကလည်း အဆင့်မြင့်တာပါပဲ။ အော် မြို့ကြီးပြကြီးက အဆင့်မြင့်ရုပ်ရှင်ရုံကြီးတွေမှာ ကြည့်ကြတဲ့ အဆင့်မြင့် ပရိသတ်ဆိုတာ ဒါမျိုးကိုးလို့ အဲသည်မှာ စတွေ့ဖူးခဲ့တာပါ။ မြို့ကို သွားဖူးတဲ့ ဘထွေးလေးက အသေအချာ မှာလိုက်လို့ ရုပ်ရှင်မပြခင် နိုင်ငံတော်အလံကို အလေးပြုဖို့ အားခဲ့ပြီး စောင့်နေလိုက်တာ။ မီးမှောင်တွေချပြီး အထက်ပိုဒ်မှာ ပြောခဲ့သလို မှုန်တုန်တုန် ၀ါးတားတား အလံတော်ပုံနဲ့ တုန်ကြောင်ကြောင် နိုင်ငံတော်သီချင်းသံပေါ်လာတော့ မတ်တပ်ထ ရပ်တဲ့ပြီး ကျောင်းမှာ တန်းပေါင်းစီကွင်းထဲ အလေးပြုသလို ခေါင်းလေးညွတ်လို့ အလေးပြုမိတယ်။ သီချင်းသံ မဆုံးသေးခင် စိတ်ထဲ မသိုးမသန့်ဖြစ်မိလို့ ဘေးဘီကို လှည့်ကြည့်တော့ ဟောဗျာ တစ်ဝက်ကျော်ကျော်လောက် လူတွေပြည့်နေတဲ့ ရုပ်ရှင်ရုံထဲမယ် ကိုယ်လို မတ်တပ်ရပ်နေတဲ့သူက လေးငါးဆယ်ယောက်လောက် ရှိတာပါလား။ အဲဒီ လေးငါးဆယ်ယောက်ထဲကမှ သီချင်းသံဆုံးလို့ နိုင်ငံတော်အလံပုံ ပိတ်ကားပေါ်က ပျောက်သွားမှ ပြန်ထိုင်တာက မှတ်မှတ်ရရ ကိုယ်အပါအ၀င် သုံးယောက်လောက်ပဲ ရှိတာကလား။ (သီချင်းသံ ဆုံးတယ်ဆိုလို့ နိုင်ငံတော်သီချင်းကို ရုပ်ရှင်ရုံက အပြည့်ဖွင့်ပေးတယ် မထင်နဲ့ဗျ။ ခုနပြောတဲ့ တုန်ကြောင်ကြောင် တီးလုံးသံက ပြည်ထောင်စုကို အသက်ပေးလို့ အပိုဒ်လောက်က စပြီး အကျိုးကို ညီညာစွာတို့တစ်တွေ လောက်ကျတော့ ခပ်တည်တည်နဲ့ ရပ်သွားတာဗျ၊ သူ့သီချင်းသံနဲ့ သူ့ပရိသတ်ကျတော့လည်း အထာကိုကျလို့။) မအူမလည်နဲ့ မြို့တက်လာတဲ့ ဇနပုဒ်သားလေး ဗိုလ်ကောင်းစိတ်ထဲ ဘာမှတ်သွားသလဲ ဆိုတော့ အော် နိုင်ငံတော်အလံ အလေးပြုတယ်တို့ ဘာတို့ဆိုတာ တောကျတဲ့သူတွေပဲ လုပ်တာ ထင်ပါရဲ့။ မြို့ကြီးသူ မြို့ကြီးသားမှန်ရင် ခုနကလိုပဲ မကောင်းတတ်လို့ ခဏထရပ်ပြီး ပြန်ထိုင်ရတာပါလား။ သီချင်းဆုံးတဲ့အထိ မတ်တပ်ရပ်နေကြတဲ့သူတွေက ငါလို မအူမလည် ကျေးတောသားတွေပဲနေမှာလို့ တကယ်ကို အောက်မေ့သွားတာ။ နောက်တော့ဗျာ ရန်ကုန်မှာ ရုပ်ရှင်ကြည့်တိုင်း အလံတော်ကို အလေးပြုရမှာ ရှက်ကို နေတော့တာ။ တောသားတော့ တောသားပေတဲ့ အဲသလောက်တော့လည်း တောကျလို့ မဖြစ်ဖူး မဟုတ်လား။ ငယ်ငယ်က ဆရာသမား မိဘဘိုးဘွား ဆွေမျိုးသားချင်းတွေ သွန်သင်မှုနဲ့ နိုင်ငံတော်အလံကို အလေးဂရုပြုရကောင်းမှန်း စိတ်ထဲ စွဲမှတ်ထားတဲ့ ဗိုလ်ကောင်းတစ်ယောက် အဆင့်မြင့်ရုပ်ရှင်ရုံကြီးတွေရောက်တော့လည်း အဆင့်မြင့် မြို့ကြီးသားအကျင့်ကို ကျင့်ရတော့တာပါပဲ။ ထားလိုက်ပါတော့လေ အဲဒါ အရင်တုန်းက။ ဒီနေ့ကတော့ အထက်က ပြောခဲ့တာတွေနဲ့ တစ်ခြားစီလို့ ဆိုရမှာပဲ။ နိုင်ငံတော်သီချင်းသံ အစကနေ အဆုံးအထိ ရုပ်ရှင်ရုံထဲမှာ တစ်ယောက်မကျန် အကုန်လုံး တလေးတစားနဲ့ မတ်တပ်ရပ်ပြီး ငြိမ်ငြိမ်သက်သက် အလေးပြုတာကို မြင်ခဲ့ရတယ်ဗျာ။ ဒါတောင် ရုံအပြည့်နော်။ မြို့ကြီးသားတွေကို ဘာတွေက ပြောင်းလဲပေးလိုက်သလဲတော့ ကျွန်တော်လည်း မသိတတ်နိုင်အောင်ပါပဲ။

ဂုဏ်ယူလိုက်တာ ကြည်နူးလိုက်တာဆိုတာ မပြောပါနဲ့တော့။ ဒီလိုရုပ်ရှင်ကြည့် ပရိသတ်တွေထဲက တစ်ယောက်ဖြစ်ရတာကို ဂုဏ်ယူတယ်။ ဒီလိုခေတ်အထိ အသက်ရှင်နေထိုင်ခွင့်ရတာကိုလည်း ဂုဏ်ယူတယ်။ သက်ဆိုင်ရာက ညွှန်ကြားချက်ကြောင့်ပဲဖြစ်ဖြစ် နိုင်ငံတော်သီချင်းနဲ့ နိုင်ငံတော်အလံပုံကို အရည်အသွေးမြင့်မြင့် တင်ဆက်ပေးတဲ့ ရုပ်ရှင်ရုံနဲ့ ပတ်သက်တဲ့သူတွေအတွက်လည်း ဂုဏ်ယူတယ်။


ရုပ်ရှင်ပြီးလို့ အပြင်ထွက်လာတော့ အတူပါလာတဲ့ ပန်းပွင့်လေးကို မေးကြည့်တယ်။ စောစောက ရုပ်ရှင်မပြခင် မတ်တပ်ရပ်တာ ဘာလို့ ရပ်ရတာလဲ သိလား ဆိုတော့ သိတာပေါ့ ဖေဖေရဲ့တဲ့ အဲဒါ နိုင်ငံတော်အလံကို အလေးပြုတာလေတဲ့။ ဖေဖေကလည်း လူကြီးဖြစ်ပြီး ဒါလေးတောင် မသိဘူးလားဆိုပြီး ကျွန်တော့်ကိုတောင် သူက ဆူလိုက်သေးတယ်။
ကျွန်တော့်မှာ ဂုဏ်ယူစရာ နောက်ထပ်တစ်ခု တိုးသွားပါတယ်

မလေ့လာဖူးတဲ့ ဘာသာရပ်



ကိုယ်တစ်ခါမှ မလေ့လာဖူးခဲ့တဲ့ ဘာသာရပ်နဲ့ ပတ်သက်ပြီး ဘာသာရပ်မိတ်ဆက်သဘောမျိုး စာတစ်အုပ်စာလောက် ရေးပေးပါ (ရေးပါ) လို့ အမှာ (အမိန့်) ရတဲ့အခါ နည်းနည်းတော့ ခေါင်းကုတ်မိကြမှာပါ။ အချိန်ဘယ်လောက်လောက် ယူရမလဲခင်ဗျာ ဆိုတော့ မြန်လေကောင်းလေတဲ့။ (ပိုင်သကွာ)။ အချိန်ကလည်း အကန့်အသတ်ရှိတယ်၊ အရင်းအမြစ်ကလည်း အကန့်အသတ်ရှိတယ်၊ ရှောင်လွှဲလို့လည်း မရနိုင်တဲ့ အခြေအနေမျိုး ဖြစ်တဲ့အခါ ခေါင်းကိုက်တဲ့အထိ ဖြစ်ချင်ဖြစ်ကြမှာပေါ့။ ကျွန်တော်လည်း ထိုနည်းလည်းကောင်းပါပဲ။ ဒါပေမယ့် ကံကောင်းတာက အဲဒီအလုပ်ကို ရပြီး အခန်းထဲက ထွက်လာပြီးပြီးချင်းမှာပဲ တိုင်ပင်ဆွေးနွေး အကြံဥာဏ်ပေးနိုင်တဲ့လူမျိုးနဲ့ ချက်ချင်း တွေ့ခွင့်ရလိုက်တာပါပဲ။ သိကြားမင်းက နားကင်းကြီးနဲ့ ၀င်းဝင်းလက်လက် ကိုယ့်ရှေ့မှာ ဘွားကနဲ ပေါ်လာသလိုမျိုးပေါ့။

ကံကောင်းချင်တော့ ကိုယ်ဖတ်ရမယ့် စာအုပ်ကိုလည်း အရှင်လတ်လတ်ကြီး ရလိုက်တာပါပဲ။ အရှင်လတ်လတ်ဆိုတဲ့စကားကို အင်္ဂလိပ်ဘာသာပြန်လိုက်ရင် ဟတ်ကော်ပီလို့ ပြောလို့ ရမယ်ထင်ရဲ့။ ခင်ဗျားပဲ စဉ်းစားကြည့်လေ။ ဘယ်စာအုပ်ကို ဖတ်သင့်တယ်ဆိုတဲ့ အကြံဥာဏ်မျိုး ရဖူးကြမှာပါ။ စာအုပ်နာမည် ညွှန်းတာက ဘာမှ အကြံဥာဏ်မပေးတာနဲ့ စာရင် ကောင်းတယ်ဆိုပေမယ့် တကယ်တမ်းကျတော့ အဲဒီစာအုပ်ကို လက်တစ်ကမ်းမှာ လောလောလတ်လတ် ရနိုင်ဖို့က မလွယ်လှဘူးလေ။ အွန်လိုင်းမှာ ရနိုင်တဲ့ လင့်မျိုး ပေးလိုက်တယ် ဆိုရင်တောင် အင်တာနက်အခြေအနေနဲ့က ရဖို့ မသေချာလှသေးဘူး။ ဆော့ကော်ပီ ပေးတယ်ဆိုရင်လည်း ကွန်ပြူတာကြီးထောင်ပြီး ဖတ်ဖို့က သိပ်တော့ မကောင်းလှဘူး။ အခုကျတော့ ဒီစာအုပ်ကို ဖတ်ကြည့်လိုက်လေ ဆိုပြီး စာအုပ်ကြီး ဘုတ်ကနဲ ကိုယ့်ရှေ့ကို ကျလာတာထက် ကောင်းတာ ဘယ်မှာ ရှိနိုင်အုံးမလဲဗျာ။

စာအုပ်ကို ရတာနဲ့ ရန်ကုန်တက္ကသိုလ်ထဲပြေးပြီး အပန်းဖြေရိပ်သာထဲမှာ မိတ္တူကူးလိုက်တယ်

ကဲ

ဖတ်ဖို့ စာအုပ်ရပြီဆိုတော့ သမီးဆီက အနိုင်ကျင့်ပြီး အပိုင်သိမ်းထားတဲ့ စာကြည့်စားပွဲမှာ ထိုင်ပြီး ဘယ်လိုလုပ်ရင်ကောင်းမလဲ အရင်စဉ်းစားရပါတယ်။ စာအုပ်က စာမျက်နှာ ငါးရာ့ငါးဆယ်ကျော်ရှိတာဆိုတော့ အကုန်လုံးကို ဖတ်ပြီး လုံးစေ့ပတ်စေ့ ပြန်ရေးဖို့တော့ မဖြစ်လောက်ဘူး။ ဖတ်တဲ့သူကလည်း အဲသလောက် ဖတ်ချင်မှာမဟုတ်ဘူး။ ဒါမှမဟုတ် မာတိကာကိုကြည့်ပြီး ပါတဲ့ ခေါင်းစဉ်တွေချည်း တန်းစီချရေးပေးလိုက်ရ ကောင်းမလား။ အဲလိုလုပ်လို့လည်း မဖြစ်သေးပါဘူးလေ။ ဒါနဲ့ပဲ စောစောက စာအုပ်ပေးလိုက်တဲ့ တကာတော် ရေမြေ့ရှင်ကို လှမ်းပြီး အကြံဥာဏ် တောင်းရပြန်တယ်။ ညီလေးရေ ဘယ်လိုလုပ်ရင်ကောင်းမလဲ။ ဘယ်နှမျက်နှာလောက် ရေးရင်ကောင်းမလဲ ဆိုတော့ တိုလေ ကောင်းလေပဲတဲ့။ အစ်ကိုကြီးက များများရေးရင် ဖတ်တဲ့သူက များများ ဖတ်နေရအုံးမယ်တဲ့။ အဲဒါဆို ဘယ်လောက်တိုရင်ကောင်းမလဲ ဆိုတော့ သူပြောတဲ့ ဥပမာလေး သဘောကျလွန်းလို့။ အစ်ကိုကြီးတဲ့ ဒါမျိုးဆိုတာ တရားဟောသလိုပဲတဲ့ တစ်ကြောင်းတည်းဟောပြီး တစ်ခါတည်း နိဗ္ဗာန်ရောက်သွားရင် အကောင်းဆုံး ဆိုပဲ။ အင်း မင်းဥပမာက ကောင်းလိုက်တာလို့ ကောင်းလွန်းအားကြီးနေတယ်လို့ ဆိုပြီး . . .

ဒီဘာသာရပ်ကို တစ်ခါမှ မလေ့လာဖူးပေမယ့် တကယ်ဖတ်ကြည့်လိုက်ပြီ ဆိုတော့မှ ကိုယ်နဲ့ ရင်းနှီးကျွမ်းဝင်ပြီး သားကိစ္စရပ်တွေကို အဲဒီ ဘာသာရပ် ရှုထောင့်အမြင်နဲ့ ကြည့်ရတဲ့ အကြည့်မျိုးဆိုတာ တွေ့တော့ စာဖတ်ရတာ နားလည်သဘောပေါက်ဖို့ သိပ်အခက်အခဲ မဖြစ်လိုက်ဘူး။ တစ်ခုပဲ ရှိတာက ကိုယ်ဖတ်ရတဲ့ စာအုပ်က အမေရိကန်တက္ကသိုလ်တွေမှာ အမေရိကန်ကျောင်းသားတွေ ဖတ်ဖို့ရေးထားတဲ့ အမေရိကန်နိုင်ငံရေးစနစ်အခြေခံ ဥပမာတွေနဲ့ဆိုတော့ တစ်မျိုးလေး ဖြစ်နေတာပဲ ရှိတာ။ ဒီလိုစာအုပ်မျိုး မြန်မာ့ရေမြေနဲ့ လိုက်လျောညီထွေ ပြုစုထားနိုင်ရင် ကောင်းမှာပဲ လို့ စိတ်ကူးမိပေမယ့် စိတ်ကူးကို ချက်ချင်း ရပ်ပစ်ရတယ်။ အရင်စိတ်ကူးထားတဲ့ အကြွေးတွေတောင် အကောင်အထည်ဖော်ဖို့က အများကြီး ကျန်နေသေးတာဆိုတော့ အကြွေးထပ်မတင်တာ ကောင်းပါတယ်လေ လို့ ကိုယ့်ကိုကိုယ် ဆုံးမပြီး . . .

အခါတိုင်း ရေးနေကျ စာတွေနဲ့ မတူတဲ့အချက်က ဒီစာကို ရေးတာ ကိုယ့်အာဘော် မဟုတ်တဲ့အတွက် မူရင်း စာအုပ်ထဲက ထုတ်နုတ်စာပိုဒ်တစ်ချို့ကို ပြန်ထည့်ပေးရတာရယ် တစ်ချို့စာပိုဒ်တွေကို စာမျက်နှာနံပတ် တပ်ပေးထားရတာရယ် (ကိုယ်ရေးထားတာ မရှင်းရင် မူရင်းကို ဖတ်နိုင်အောင်)၊ ကိုယ်ကျွမ်းကျင်တဲ့ ဘာသာရပ် မဟုတ်တဲ့အတွက် သိပ်ပြီး အာမရွှီးဝံ့တာရယ်၊ မူရင်းအရေးအသားအတိုင်း ပြန်ရေးပေးလိုက်ရင် ဖတ်တဲ့သူ နားမလည်မှာ စိုးတာရယ်၊ တိုက်ရိုက်ဘာသာပြန်ပြတဲ့ သဘောလည်း မဖြစ်အောင်ရယ် . . .

ဒီနေ့ မာတိကာ စဉ်ပြီး စာမျက်နှာ နံပတ်တပ်ပြီး အွန်လိုင်းကနေ ပို့လိုက်ပါပြီ
တနင်္လာနေ့လောက်ဆိုရင်တော့ စာအုပ်ချုပ်ပြီး စားပွဲပေါ် သွားတင်ပေးလို့ ရလောက်ပါပြီ

ကိုယ့် မူရင်းအလုပ်ကို ဆက်လုပ်လိုက်အုံးမယ်ဗျို့ . . .

ဖိနပ်


မနက်က ပန်းပွင့်လေးကို ကျောင်းလိုက်ပို့ပြီး စာရေးစာဖတ်ရမှာလည်း ပျင်းတာနဲ့ ပန်းပွင့်လေးရဲ့ ဖိနပ်စင်ကို ရှင်းပေး ဖိနပ်တွေကို ဖုန်သုတ်တန်တာသုပ် ကော်ကပ်တန်တာကပ်၊ ရေးဆေးတန်တာဆေး လုပ်နေရင်းနဲ့ အသက်ငါးနှစ်တောင် မပြည့်သေးတဲ့ ပန်းပွင့်လေးမှာ ဖိနပ်တွေ ဆယ်ရံမက ရှိနေပါလားဆိုတာ သတိထားမိပြီး ကိုယ်ငယ်ငယ်က ဖိနပ်နဲ့ ပတ်သက်တဲ့အကြောင်းလေးတွေ တွေးမိတယ်။ (ဖိနပ်ကို ဘိနပ်လို့ ရေးတာလည်း ရှိသဗျ)

ကိုယ်တွေ ငယ်ငယ်ကတော့ တက္ကသိုလ်မရောက်ခင်အထိ ဖိနပ်တစ်ရံထက်ပိုပြီး မရှိခဲ့ဖူးဘူး။ အဲတစ်ခု ပြောစရာရှိတာကတော့ အိမ်မှာ အကြမ်းစီး သစ်သားခုံဖိနပ်ကလေးကတော့ ဘုံပိုင်ပေါ့လေ။ လိုတဲ့သူ ယူစီးတာပေါ့။ ကတီပါဖိနပ်ဆိုတာ ဝေလာဝေးလို့ သားရေဖိနပ်တောင်မှ တက္ကသိုလ်ရောက်မှ မစီးမဖြစ် သဘောမျိုးနဲ့ စီးဖြစ်ခဲ့တာ။ အများအားဖြင့်တော့ ကြက်ပေါင်ဖိနပ်လို့ ခေါ်တဲ့ ဖော့ဖိနပ် အရောင်စုံလေးတွေပဲ စီးခဲ့ရတာပါ။ အရောင်စုံဆိုလို့ ဖိနပ်တွေ အများကြီး မထင်နဲ့အုံး။ အဲလိုဖိနပ်မျိုးက အရောင်စုံရှိတာကို ပြောတာ။ မူလတန်းကျောင်းသားဘ၀က ဘာဖိနပ်စီးခဲ့ရတယ်ဆိုတာ မမှတ်မိပေမယ့် အလယ်တန်း အထက်တန်းကျောင်းသားဖြစ်တော့ အဲဒီတုန်းက ခေတ်စားတဲ့ ဆင်ကြယ်ဖိနပ်ဆိုတာ ဈေးကြီးလွန်းလို့ ဆိုပြီး အစစ်ကို ၀ယ်မစီးနိုင်ဘူး။ တစ်ခါတစ်လေ အကြောင်းတိုက်ဆိုင်လို့ အစစ်တစ်ရံလောက် အိမ်မှာ ရှိနေတယ်ဆိုရင်လည်း သူက ပွဲထိုင်ဖိနပ်။ ပွဲလမ်းသဘင် သွားစရာရှိတဲ့သူက အဲသည်ဖိနပ်ကို စီးသွားခွင့်ရတယ်။ သာမန် ကျောင်းသွားတာလောက် ဟိုနားသည်နား သွားတာလောက်ကတော့ ဆင်ကြယ် မြင်းကြယ်ဖိနပ် စီးရတာမဟုတ်ဘူး။ ဆင်ကြယ်မြင်းကြယ်တံဆိပ် ဖိနပ်နဲ့ ဆင်တူတဲ့ ဖော့ဖိနပ်ကို ဖနောင့်တွေ ပေါက်နေအောင် သဲကြိုး တစ်ချောင်းပြီးတစ်ချောင်း လဲစီးရတာ။ ဒါတောင်မှ သဲကြိုး တစ်ချောင်းက နှစ်ချောင်း လဲရပြီဆိုရင် ဟဲ့ နင်တို့ သဲကြိုးတွေ ကိုက်များ စားနေသလားဆိုပြီး လူကြီးတွေက ငြိုငြင်သေးတာ။ သဲကြိုးဆိုတာ ဖိနပ်ကြိုးကို ပြောတာပါဗျာ။ တစ်ခါတစ်လေများ ဖိနပ်ပြတ်သွားပေမယ့် သဲကြိုးလတ်တလော မ၀ယ်ဖြစ်လို့ ပြတ်သွားတဲ့နေရာကို အပ်ချိတ်နဲ့တွယ်ပြီး တစ်ရက်တန်သည် နှစ်ရက်တန်သည် စီးရသေးတာ။
စီးနေတဲ့ဖိနပ်က ဖနောင့်တွေဘာတွေမှာ ဟောင်းလောင်းပေါက်ဖြစ်ပြီး ဘယ်လိုမှ စီးမရပါဘူး ဆိုတော့မှ အသစ်တစ်ရံ ၀ယ်ပေးတာကလား။ ဒါတောင်မှ ဖနောင့်ပေါက်နေတဲ့ ဖိနပ်ခုံကို ဘော်တယ်ကုလားဆီက ပဲကြီးလှော်နဲ့ လဲစားဖို့သိမ်းထားပြီး ဖိနပ်ကြိုးကိုလည်း နောက်တစ်ရံ ပြတ်သွားရင် သုံးရအောင် ဖြုတ်သိမ်းထားရသေးတာ။
ရွာမှာ အလှူတွေ ကထိန်တွေ ရှိလို့ ဘုန်းကြီးကျောင်းမှာ ပွဲကြီးလမ်းကြီး ဆိုလို့ကတော့ ဖိနပ်ကို စီးကို မသွားတော့တာ။ ဘုန်းကြီးကျောင်းက အိမ်နဲ့ သိပ်မဝေးတာလည်း ပါတာပေါ့။ ဘုန်းကြီးကျောင်းထဲရောက်ရင် ဖိနပ်ကို ချွတ်ရတာဆိုတော့ ဖိနပ်ကြီး တကိုင်ကိုင် မလုပ်ချင်တာရယ် ပျောက်မှာ စိုးတာရယ်။ တစ်ခါတစ်လေ အလှူတွေဘာတွေက အငြိမ့်တွေ စတိတ်ရှိုးတွေ ပါတယ်ဆိုရင် ရှိုးစမိုးနဲ့ သွားကြည့်ရတာဆိုတော့ ခြေပြောင်ကြီးနဲ့ သွားလို့က မဖြစ်ဘူးလေ။ အဲသည်အခါကျရင် ဖိနပ်စီးသွားပြီး ဟိုရောက်တော့ မုန့်ဟင်းခါးရောင်းတဲ့ မကြွက်မတို့ ဆိုင်က မုန့်စားပွဲခုံအောက် သွားပစ်ထားလိုက် နားကိုအေးရော။

ကိုးတန်း ဆယ်တန်းလောက်က မိုးတွေဘာတွေရွာရင် တစ်ခါတစ်လေ ကျောင်းကို ခုံဖိနပ်စီးပြီးသွားတယ်။ ပင်နီတိုက်ပုံနဲ့ ခုံဖိနပ်စီးပြီး ကျောင်းတက်တယ်ဆိုတဲ့ ဗိုလ်အောင်ကျော်ကို အားကျလို့ မဟုတ်ပါဘူးဗျာ။ ရှိတဲ့ဖိနပ်လေး ရွှံ့ထဲဗွက်ထဲ မြန်မြန်ပြတ်သွားမှာ စိုးလို့ပါ။ ဒါပေမယ့် အဲသလို ခုံဖိနပ်စီးသွားတဲ့နေ့ဆိုရင် သူငယ်ချင်းတွေက ကိုအောင်ကျော်လို့ ခေါ်ကြတော့တာပဲ။

ဆယ်တန်းအောင်တဲ့အထဲ ဖိနပ်တစ်ရံတည်းနဲ့ နေလို့ရလာခဲ့ပေမယ့် တက္ကသိုလ်တက်တော့ ဖိနပ်တွေက များသွားတယ်။ တစ်သက်လုံး အကောင်းလုပ်စီးလာတဲ့ ဖော့ဖိနပ်က အဲသည်မှာ အကြမ်းစီးဖိနပ် ဘ၀ကို ရောက်တော့တာပဲ။ နောက်ထပ် မရှိမဖြစ်က သားရေဖိနပ်။ ဒါမှမဟုတ် ကတီပါဖိနပ်တစ်ရံ။ အားကစားလုပ်တဲ့ ပတ္တူဖိနပ် အဲဒါကိုတော့ ကင်းဗတ်ဖိနပ်လို့ ခေါ်တယ်။ နောက်ပြီး တိုက်ပွဲဝင်စစ်ဖိနပ်၊ တောစီးဖိနပ်လည်ရှည်၊ တောစီးဖိနပ်လည်တို၊ ရှူးဖိနပ်။ အခုပြောပြခဲ့တဲ့ထဲမှာ မပါသေးတဲ့ ဝေါ့ကင်းရှူးလို ဖိနပ်မျိုးကတော့ ပြီးခဲ့တဲ့ နှစ်နှစ်လောက်က အိန္ဒိယမှာ သွားနေရတုန်းကမှ စပြီး စီးဖြစ်ပါတယ်။ အခုနောက်ပိုင်း အင်မတန် ခေတ်စားလာတဲ့ ကွင်းထိုးဖိနပ်ဆိုတာလည်း ရန်ကုန်တက္ကသိုလ် ကျောင်းသားဘ၀ကတောင် မစီးဖြစ်ခဲ့ပါဘူး။
အစက ဝေါ့ကင်းရှူးတစ်ရံရှိရင် ဘောင်းဘီတကာနဲ့ တွဲစီးလို့ရပြီ မှတ်နေတာဗျ။ မဟုတ်ဘူးတဲ့။ ဝေါ့ကင်းရှူးဆိုတာ ဂျင်းဘောင်းဘီတို့ဘာတို့နဲ့ပဲ တွဲစီးရတာတဲ့။ စတိုင်ဘောင်းဘီနဲ့ဆို စီးတဲ့ ရှူးဖိနပ်က သတ်သတ်ရှိသေးတာဆိုပဲ။ ကိုယ့်မှာလဲ စတိုင်ဘောင်းဘီနဲ့ တွဲစီးလို့ရတဲ့ သားရေရှူးပြောင် တစ်ရံရှိတာပဲ။ အဲဒါ စီးလို့ မရဘူးလားဆိုတော့ အဲဒါ တောကျသတဲ့ ဗျာတို့ရေ။

ကဲ ကဲ ဒီတစ်ခါ စတိုင်ဘောင်းဘီဝတ်ရင် တောမကျအောင် ရှူးဖိနပ်လေး တစ်ရံလောက် ၀ယ်ပေးဖို့ ပန်းပွင့်လေးမေမေကို ပူဆာအုံးမှပါ။

ပန်းပွင့်လေးကို


မိဘဆိုတာကတော့ ဘယ်မိဘမဆို ကိုယ့်သားသမီးတွေနဲ့ ပတ်သက်လာရင် လောဘကြီးကြတာ ဓမ္မတာပဲ ထင်ပါရဲ့။ ပန်းပွင့်လေး မွေးခါစက ပညာထူးချွန်ထက်မြက်ပြီး လိမ္မာရေးခြားရှိတဲ့ မြန်မာဆန်ဆန် မြန်မာမလေး ဖြစ်အောင် ပြုစုပျိုးထောင်မယ်လို့ စိတ်ကူးခဲ့မိတယ်။ အခု လေးနှစ်ခွဲလို့ ငါးနှစ်နားရောက်ခါနီး သက်တူရွယ်တူတွေနဲ့ ကစားရပါစေတော့ ပေါင်းတတ်သင်းတတ်ပါစေတော့လို့ မူကြိုကျောင်းကိုပို့တော့ အရင်စိတ်ကူးခဲ့တာက နည်းနည်းများ ဝေးနေသလားဆိုပြီး ကိုယ်ဖြစ်စေချင်တဲ့ ပန်းပွင့်လေးရဲ့ ပုံစံကို ပြန်သုံးသပ်မိတယ်။ တကယ်တော့ ကြီးလာရင် ဘာကြီးဖြစ်ပါစေတော့ရယ်လို့ လျှောက်မျှော်မှန်းနေတာက စိတ်ကူးယဉ်ဆန်လှပါတယ်။ လက်ရှိ ဒီအသက်ဒီအရွယ်မှာတင် ဖြစ်စေချင်တာက ဒီလို. . . . .

ပန်းပွင့်လေးဟာ အလှအပကို ခံစားတတ်တဲ့ ကလေးလေး ဖြစ်စေချင်တယ်။ အလှအပဆိုတာ ဂါဝန်လေးလှတာ ခဲတံလေးလှတာ ရုပ်ပုံလေးတွေ လှတာ ရောင်စုံပန်းပွင့်လေးတွေ လိပ်ပြာလေးတွေ လှတာကစလို့ သစ်ရွက်စိမ်းစိမ်းလေးတွေ ကောင်းကင် ပြာပြာကြီးတွေ၊ ညနက်နက်မှာ တလက်လက် တောက်ပနေတဲ့ ကြယ်ပွင့်လေးတွ၊ ဖိုးလမင်းကြီးရဲ့ ဘော်ငွေရောင် အဆင်းတွေ၊ စိမ်းညို့ပြာမှိုင်းနေတဲ့ တောင်တန်းကြီးတွေ နောက်ပြီးတော့ လေအသော့မှာ တမော့မော့ ကခုန်နေတဲ့ မြက်ရိုင်းပင်တွေနဲ့ ကျောက်တုံးတွေကြား မြည်သံသဲ့သဲ့ပေးလို့ စီးဆင်းနေတဲ့ စမ်းချောင်းလေးတွေရဲ့ အလှအပကို ခံစားတတ်စေချင်ပါတယ်။

ပန်းပွင့်လေးဟာ တေးဂီတကို ခံစားတတ်တဲ့ ကလေးလေး ဖြစ်စေချင်တယ်။ ၀ါဆိုဝါခေါင် ရေတွေကြီးလို့ သပြေသီးမှည့် ကောက်စို့ကွယ် လို နားဝင်ချိုသာတဲ့ ကဗျာလေးတွေ၊ ကလေးဂီတသံ ငြိမ့်ငြိမ့်လေးတွေ၊ ဗီသိုဗင်တို့ သီကုံးခဲ့တဲ့ ဂန္ထ၀င်မြောက် တေးသွားကြီးတွေနဲ့ စန္ဒရားလှထွတ် သီချင်းသံစဉ်လေးတွေ၊ မြန်မာ့စောင်းနဲ့ ပတ္တလားသံ၊ တယောသံ စတာတွေကို တမက်မောမော နှစ်ခြိုက်ခံစားတတ်တဲ့ ကလေးလေး ဖြစ်စေချင်တယ်။

ပန်းပွင့်လေးကို မျောက်မူးလဲမလေး ဖြစ်စေချင်တယ်။ အမေအဖေနားကို တကပ်ကပ်နဲ့ နေတဲ့ လိမ္မာလိုက်တာ ဆိုတဲ့ ကလေးလေးထက် မျောက်ရှုံးအောင် ဆော့တဲ့ ကလေးလေး ဖြစ်စေချင်တယ်။ ပြေးမယ် လွှားမယ် ခုန်မယ် ပေါက်မယ် တက်မယ် ဆင်းမယ် ခုန်ချမယ် ကျွမ်းထိုးမယ် စသည်ဖြင့် ဂျွမ်းသဒါလန်အောင် ဆော့တဲ့ ကလေးလေး ဖြစ်စေချင်တယ်။
ပန်းပွင့်လေးကို ဂျစ်တူးမလေး ဖြစ်စေချင်တယ်။ အမေအဖေပြောတာ ဆရာသမားပြောတာ သူငယ်ချင်းတွေပြောတာ လူကြီးသူမတွေပြောတာကို အကုန်လုံး ဟုတ်ကဲ့ ဟုတ်ကဲ့ ဆိုပြီး နာခံနေတဲ့ သမီးလိမ္မာလေး မဖြစ်စေချင်ဘူး။ ဘယ်သူကပြောပြော ကိုယ့်မီသလောက်ဥာဏ်လေးနဲ့ ဝေဖန်ပိုင်းခြားပြီး ပြန်လှန်မေးခွန်းတွေ ထုတ်တတ်တဲ့ လူကြီးတွေကို ခေါင်းစားအောင် လုပ်တတ်တဲ့ ပြောရဆိုရ ခက်တဲ့ လူကြီးတွေ လက်လန်တဲ့ မဂျစ်တူးလေး ဖြစ်စေချင်တယ်။

ပန်းပွင့်လေးကို စိတ်ကူးယဉ်တတ်တဲ့ ကလေးလေး ဖြစ်စေချင်တယ်။ ကောင်းကင်ပေါ်က ကြယ်လေးတွေကို မော့ကြည့်ပြီး ဖေဖေရေ မီးမီး ကြယ်လေးတွေတက်ခူးလိုက်အုံးမယ် ပြန်လာရင် ဖေဖေ့ကိုလည်း ပေးမယ်နော် မီးမီး ခူးလာတဲ့ ကြယ်လေးတွေကို မီးမီးဂါဝန်လေးတွေမှာ တပ်လိုက်ရင် သိပ်လှမှာ ဖေဖေရဲ့ဆိုပြီး စိတ်ကူးယဉ်တတ်တဲ့ ကလေးလေး ဖြစ်စေချင်တယ်။ အရုပ်မ သေးသေးလေးကို ညီမငယ်လေးလို သဘောထားပြီး အစ်မကြီးအဖြစ် စိတ်ကူးယဉ်တတ်တဲ့ ပန်းပွင့်လေး၊ စောင်တွေ ခေါင်းအုံးတွေကို တန်းစီထပ်ပြီး သူကြိုက်တဲ့ ကာတွန်းကားထဲက မင်းသမီးလေးနေတဲ့ နန်းတော်ကြီးလို စိတ်ကူးယဉ်တတ်တဲ့ ပန်းပွင့်လေး အမြဲတမ်း ဖြစ်စေချင်ပါတယ်။

ပန်းပွင့်လေးကို . . . . .

ပန်းပွင့်လေးကို . . . . .

ပန်းပွင့်လေးကို . . . . .

. . . . .

(၂၀၁၅ ဇူလိုင်လ ၂၃ ရက်)