Sunday 19 October 2008

ဝါကျွတ်ကန်တော့ပွဲ


. . . သာဝတ္ထိ အထက်တန်းကျောင်းက ကျောင်းဆရာကြီး ဦးဘဆိုင်နဲ့ ဒေါ်ကြည်အေးတို့ဟာ မွန်တိုင်းရင်းသားတွေ ဖြစ်ပြီး ချစ်စရာကောင်းတဲ့ သမီး သုံးယောက်ရှိပါတယ်။ နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်ပြီ ဆိုမှဖြင့် ဘဘဦးဘဆိုင်တို့ သားအမိသားအဖ တစ်တွေဟာ ရွာထဲက သက်ကြီး ၀ါကြီးတွေကို လိုက်ကန်တော့လေ့ ရှိပါတယ်။ သူတို့ လာကန်တော့ပြီဆိုရင် လက်ဆွဲခြင်းနဲ့ ထည့်လာတဲ့ အုန်းသီး ငှက်ပျောသီးတွေကို အိမ်က လင်ဗန်းတစ်ခုထဲ ဆေးကြောထည့်ပြီး ကန်တော့ပွဲ ပြင်ပေးရပါတယ်။ ပြီးတော့ ကျွန်တော်တို့ မိသားစုလည်း ဘဘဦးဘဆိုင်တို့နဲ့အတူ ရောယောင်ပြီး အဖိုးအဖွားတွေကို ကန်တော့လိုက်ကြပါတယ်။ အဲသည်လို ကန်တော့တာ ဗိုလ်ကောင်းတို့ လေးတန်းကျောင်းသား ကျွန်တော့် ဘွားအေကြီး ဒေါ်ရင် မဆုံးခင်အထိပါပဲ။
.
. . . အင်းသာ မူလတန်းကျောင်းမှာတုန်းက သီတင်းကျွတ် ကျောင်းရက်ရှည်မပိတ်ခင် နောက်ဆုံးနေ့မှာ ဆရာကန်တော့ပွဲ လုပ်ပါတယ်။ စာသင်ခန်းတွေကို ကန့်ထားတဲ့ ထရံချပ်တွေကို နံရံဘက် ကပ်လိုက်တဲ့အခါ သူငယ်တန်းက လေးတန်းထိ ကျောင်းသား အကုန်လုံးဆန့်တဲ့ ခန်းမကျယ်ကြီး ဖြစ်သွားရော။ ရောင်စုံမြေဖြူတွေနဲ့ ရေးထားတဲ့ အာစရိယပူဇော်ပွဲ ဆိုတဲ့ ကျောက်သင်ပုန်း မည်းမည်းကြီး ရှေ့မှာ ကျောင်းအုပ်ဆရာကြီး ဦးဝင်းကြည်ကို ခြံရံပြီး ဆရာ ဆရာမတွေက တန်းစီပြီး ထိုင်လို့၊ ဆရာတစ်ယောက် ရေးပေးထားတဲ့ ကန်တော့ချိုးကို လေးတန်းက ကျောင်းသားခေါင်းဆောင် တစ်ယောက်က အသံကျယ်ကျယ် တိုင်ပေးတဲ့အခါ ကျောင်းသား ကျောင်းသူတွေက ညီညီညာညာ လိုက်ဆိုရင်း ကန်တော့ကြတော့ ကျောင်းအုပ်ဆရာကြီးက ဆုပေးပါတယ်။ ပြီးတဲ့အခါ ကျောင်းသားတွေ တစ်ယောက်တစ်ထုပ် ကိုယ်စီ ယူလာတဲ့ မုန့်မျိုးစုံကို ဘုန်းကြီးကျောင်းလှူဖို့ ဦးဖယ်၊ ကျောင်းသားတွေကို ဝေကျွေးပြီး တချို့ကို ဆရာဆရာမတွေ ခွဲဝေယူကြပါတယ်။
.
. . . ကိုးတန်းကျောင်းသားကြီး ဖြစ်လာတဲ့အခါ ဆရာကန်တော့ပွဲလုပ်ဖို့ အတန်းငယ်တွေကို လိုက်လံ စည်းရုံးရပါတယ်။ လူရှေ့သူရှေ့မှာ တစ်ခါမှ စကား မပြောဖူးလေတော့ ကိုယ်ပြောချင်တဲ့စကားကို အမြီးအမောက် တည့်သလား မတည့်သလားမသိ ပြောချင်ရာ ပြောပြီး ပြောပြောပြေးပြေး ပြေးခဲ့တာကို သတိရတော့ ရယ်ချင်မိပါတယ်။ တကယ်ကို ကတုန်ကယင် ဖြစ်ခဲ့ရတာ။
.
. . . စစ်တက္ကသိုလ် ရောက်တော့ အပတ်စဉ် ၄၃၊ ၄၄ နဲ့ ၄၅ ပေါင်းပြီး အင်္ဂလိပ်စာ ဌာနမှာ ဆရာကန်တော့ပွဲလုပ်တော့ ဌာနမှူး ဗိုလ်မှူးကြီး ဘုန်းမြင့်က ဆုတွေ တလှေကြီး ပေးပါတယ်။
.
. . . ရန်ကုန် တက္ကသိုလ် အင်္ဂလိပ်စာ ဌာနမှာ ဆရာကန်တော့ပွဲ လုပ်မယ်ဆိုရင် နှစ်စဉ်နှစ်တိုင်း ငြင်းကြခုန်ကြရတဲ့ ကိစ္စက မြန်မာလို ကျင်းပမှာလား အင်္ဂလိပ်လို ကျင်းပမှာလား ဆိုတာပါပဲ။ ဖိတ်စာကို အင်္ဂလိပ်လိုရိုက်မယ်၊ အခမ်းအနား အစီအစဉ်ကို အင်္ဂလိပ်လို ကြေငြာမယ်၊ ကန်တော့ချိုးကို မြန်မာလို ဆိုမယ်၊ ဆုကတော့ အဆင်သင့်သလိုပေးပေါ့၊ ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ ဆရာကြီး ဦးသီဟတို့ ဆရာမကြီး ဒေါ်ဝင်းရှီရှိုတို့ ဆရာမကြီး ဒေါ်ချာရတီ စိန်ဦးတို့တောင်မှ ဆုကို အင်္ဂလိပ်လိုနဲ့ မြန်မာလို ညှပ်ပြီး ကျကျနန ပေးတတ်ကြတာ တကယ်ကို ချစ်စရာကောင်းတဲ့ အစဉ်အလာလေးတွေပါ ။
.
. . . ပြီးခဲ့တဲ့ သီတင်းကျွတ် လပြည့်နေ့က ဗိုလ်ကောင်းတို့ ဌာန အကြီးအကဲကို နှစ်သိန်းခွဲလောက်တန်တဲ့ ပန်းခြင်းနဲ့ ကန်တော့ပါတယ်။ ပန်းခြင်းထဲက တန်ဖိုးအကြီးဆုံး ပစ္စည်းက နှစ်သိန်းကို တစ်ထောင်ပဲ လျော့တဲ့ Blue Label လို့ခေါ်တဲ့ သိုးဆောင်းအရက်တစ်မျိုး ဖြစ်ပါတယ်။ ရဟန်းတော်များ ပ၀ါသနာ ပြု အပြစ်ကို ၀န်ချတောင်းပန်ကြတဲ့ အစဉ်အလာကို လိုက်လို့ လူပုဂ္ဂိုလ်များက မိမိထက် တစ်ရက် တစ်မနက်ကြီးသူ ကြီးကဲသူများ သက်ကြီးဝါကြီး ရိုသေလေးစားရသူများကို ဂါရ၀တရားနဲ့ အပြစ်ဝန်ချ တောင်းပန်ကန်တော့ ခွင့်လွှတ်ကြတဲ့ ပွဲမှာ ဘုရားမကြိုက်တဲ့ အရက်ပါသင့်ပါရဲ့လား ဆိုတာရယ်၊ ငယ်ငယ်တုန်းက ဘဘ ဦးဘဆိုင်တို့မိသားစု ဘွားအေကြီးကို လာကန်တော့တုန်းကလို အုန်းပွဲ ငှက်ပျောပွဲလေးနဲ့ ကန်တော့ကြရင်ဖြင့် ရိုးရာဓလေ့ အမွေအနှစ် တစ်ခုကို စောင့်ရှောက်ပြီးသား ဖြစ်ရာများကျမလား ဆိုတာ အကြံပေးမိရင်ဖြင့် အတွေးခေါင်လွန်းတယ် ကဲ့ရဲ့ခံရမလား မဆိုနိုင်ဘူးရယ် . . .
.
ဗိုလ်ကောင်း
၁၉ အောက်တိုဘာ ၂၀၀၈