Sunday 24 May 2020

နေလောင်


. . . နေလောင်တယ်ဆိုတာ ပူမှပဲ လောင်တာပဲလို့ ထင်ထားခဲ့တာ၊ အေးမြနေတဲ့ နှင်းတွေကြားမှာ တစ်ပြင်လုံးဖြူဖွေးနေလို့ မျက်စိကျိန်းတာသက်သာအောင် နေကာမျက်မှန်တပ်ထားရင် ရပြီပဲ ထင်ခဲ့တာ၊ မျက်နာမှာ ဘာမှလည်း လိမ်းတာပြုတာ ဝါသနာမပါ၊ ကိုယ့်မျက်နာကိုယ်လည်း မှန်ထဲ သေချာမကြည့်မိတော့ တစ်ဆောင်းလုံး တမြည့်မြည့်လောင်နေတဲ့ အသားအရေတွေကို ဂရုမပြုမိဘဲ နှင်းတောထဲမှာပဲ အပေါ်တက်လိုက် အောက်ဆင်းလိုက် စကီစီးနေခဲ့မိတာ၊ စကီကွင်းရောက်ပြီဆိုလည်း မိုးလင်းမိုးချုပ်ဆိုသလို တတ်နိုင်သမျှ အစောဆုံးရောက်အောင်သွားတယ် နောက်ကျနိုင်သမျှ နောက်ကျပြီးနေတယ် အခေါက်ရေများနိုင်သမျှများအောင် စီးတယ် ကိုယ်က ပြန်သင်ပေးရမယ့်သူတွေပါရင်လည်း သူတို့ကိုသင်ရင်း စီးရင်းပေါ့
.
. . . ဆောင်းအစပိုင်းနဲ့ အလယ်ပိုင်းမှာ စကီကွင်းသွားတဲ့အချိန် နှင်းကျနေတာများပြီး နေသာတဲ့အချိန်က သိပ်မရှိတော့ မသိသာပေမယ့် ဆောင်းနှောင်းပိုင်း နှင်းတွေစဲသွားတဲ့အခါ နေသာတဲ့အချိန်တွေများလာတယ်၊ အအေးဓာတ်ကတော့ သိပ်မပြောင်းလဲတာမို့ အပေါ်ဆုံးက ဂျာကင်ကြီးတစ်ထည်ချွတ်ထားရတာကလွဲရင် ကျန်တာ ဒီဝတ်စုံအတိုင်းပဲ စီးနေတာမို့ တဖြည်းဖြည်းသာလာတဲ့ နေရောင်ခြည်ထဲက ခရမ်းလွန်ဓာတ်တွေက မျက်နာပေါ်က အရေပြားတွေကို တမြည့်မြည့်လောင်နေတာ မသိလိုက်ဘူး
.
. . . သိလည်း သိလိုက်ရတဲ့ အချိန်ရောက်ရော တော်တော်ကို နောက်ကျနေပြီ၊ မျက်နာပေါ်မှာ နေကာမျက်မှန်တပ်ထားတဲ့ မျက်လုံးတစ်ဝိုက်ပဲ ကွက်ပြီး နဂိုအရောင်အတိုင်းကျန်ခဲ့ပြီး မျက်နာတစ်ပြင်လုံးက အရေပြားတွေ မည်းခြောက်ပြီး အဖတ်အဖတ်တွေတောင်ကွာတယ်၊ ကြားသာကြားဖူး မကြုံဖူးတဲ့ အသားအရေ နေလောင်တယ်ဆိုတာ ဒါမျိုးပါလားလို့ သိလိုက်ရပြီးတဲ့နောက် တစ်ခြား အတူတူ နေပူခံနေတဲ့သူတွေက ဘာမှမဖြစ်ဘဲ ငါ့ကျမှဘာလို့ဖြစ်တာလဲ စပ်စုကြည့်တော့မှ သူတို့က မျက်နာကို တစ်ခုခုတော့ ပုံမှန်လိမ်းဖြစ်နေကြလို့ ခုသာခံသာရှိကြတာလို့ သိရတယ်၊ သိပ်လှချင်လွန်းတာ မဟုတ်ပေမယ့် ကိုယ့်မျက်နာလေး ပျက်စီးခြင်းငါးပါးဆိုက်နေရာက ပုံမှန်အခြေအနေပြန်ရောက်အောင် တော်တော်ကို အချိန်ယူပြီး ထိန်းသိမ်းလိုက်ရတယ်
.
. . . မျက်နာကို ပြန်ပြီး ကုစားနေတဲ့ ကာလထဲမှာ ကိုယ့်ဘဝကိုလည်း အထိတ်တလန့် ပြန်ဆန်းစစ်ကြည့်နေမိတယ်၊ ငါ့ဘဝမှာ နှင်းတွေရဲ့ အအေးဓာတ်ကြောင့် နေလောင်နေတာကို သတိမမူမိတဲ့ အဖြစ်မျိုးများ ဖြစ်နေသေးလား၊ အထိအတွေ့ ခံစားချက်အရ အဆင်ပြေနေပေမယ့် သတိလက်လွတ်နဲ့ မေ့မေ့လျော့လျော့နေမိရင် ငါ့မျက်နာက အရေပြားတွေ မည်းခြောက်တွန့်လိမ် ကွာကျကုန်သလိုဖြစ်မယ့် ကိစ္စမျိုး ငါ့ဘဝထဲ ရှိများရှိနေမလားဆိုပြီး ဆန်းစစ်ကြည့်လိုက်တော့ . . .
.
လွန်ခဲ့တဲ့ ငါးနှစ်
ပထမဆုံး နွေဦးပွင့်ဝေရာသီအစ
အမှတ်တရ

Wednesday 20 May 2020

အိပ်ရာ


လွန်ခဲ့တဲ့ ဆယ့်သုံးနှစ်တုန်းက ကိုယ့်ရဲ့ အိပ်ယာလေး၊ အခန်းကြမ်းပြင်ကို ပြောင်လက်နေအောင် ကြမ်းတိုက်၊ ရေချိုးခန်းကိုလည်း ပြောင်လက်နေအောင်တိုက်၊ ပိတ်ရက်ဆို အဝတ်လျှော် မီးပူတိုက်၊ ညဆို ဧည့်ခန်းထဲက တီဗီကြီးမှာ ကိုယ်ကြိုက်တဲ့ ဇာတ်လမ်းတွဲတွေသွားကြည့်၊ တစ်ခါတစ်လေ စိတ်တူသဘောတူ ညီကိုတွေ ကိစ္စတစ်ခုခုကို အသည်းအသန် ဆွေးနွေးမိကြပြီဆို ညနက်သွား၊ အခန်းထဲမှာ အပိုပစ္စည်းသိပ်မရှိ၊ ခုတင်ပေါ်မှာတောင် အညာစောင်ပါးလေးတစ်ထည်ပဲခင်းပြီး အပေါ်က အိပ်ရာခင်းစလေး ထပ်အုပ်ထားတာ၊ ဖေ့ဘုတ်ပွတ်စရာ တယ်လီဖုန်းမရှိ၊ ဟိုကြည့်ဒီကြည့်လုပ်စရာ လက်ပတော့မရှိ
.
အခု ဒီပုံကိုကြည့်ပြီး စဉ်းစားနေမိတာ
ငါ အားရင်ဘာတွေများ လုပ်နေခဲ့မိပါလိမ့်

Sunday 17 May 2020

လူပျိုပေါက်အတွက်


ကိုယ့်ရဲ့လူပျိုမပေါက်တပေါက် သားတော်မောင်ကို ဒေါက်တာဖြိုးသီဟရဲ့ စာအုပ်ရှစ်အုပ် ဝယ်ပေးပြီး ကြုံရင်ကြုံသလို မေးခွန်းတွေမေးပြီး ဘယ်လောက်ထိ နားလည်လဲ စစ်ဆေးတယ်၊ ကျောင်းတွေက သင်မသင်တော့ မသိဘူး၊ ကိုယ်သင်နိုင်တာတော့ အဲဒါ အကောင်းဆုံးပဲ၊ သားနဲ့ အတူနေရရင်တော့ မိသားစု ထမင်းဝိုင်းမှာဖြစ်ဖြစ် စကားလေးဘာလေး ပြောလို့ရတာပေါ့၊ အခုကတစ်ခါတစ်လေမှ တွေ့၊ ဖုန်းဆက်ရင်လည်း မေးခွန်းတွေမေးလွန်းလို့ ပတ်ပတ်ပြေးနေတဲ့သား၊ စာတွေ ဖတ်တယ်လို့တော့ ပြောတာပဲ၊
.
နောက်တစ်နှစ် နှစ်နှစ်ဆို သမီးအတွက်ပါ စာအုပ်ရှာရတော့မယ်
.
လူပျိုပေါက်သားသမီး၊ အထူးသဖြင့် သားရှိတဲ့ အမေအဖေတွေ ဒေါက်တာဖြိုးသီဟပြောတာရေးတာတွေ အမြဲလေ့လာနေသင့်တယ်ဗျ၊ ကိုယ်တွေ ငယ်ငယ်က ဖတ်ခဲ့ရတဲ့ ဒေါက်တာမောင်မောင်ညိုတို့ထက် အများကြီး နားဝင်အောင်ရေးတတ်ပြောတတ်တဲ့သူပါ၊ အောက်မှာလင့်ပေးထားပါတယ်


https://web.facebook.com/phio.thiha