Monday 27 August 2018

ဘက်ကပ်

. . . ရွာမှာမွေးပြီး ရွာမှာကြီးခဲ့ရတယ်ဆိုပေတဲ့ ကိုယ်တွေရွာက ကိုယ်မမွေးခင်တတည်းက ရုပ်ရှင်ရုံနဲ့ လျှစ်စစ်မီးနဲ့ ကိုယ်တွေ အလယ်တန်းကျောင်းသားဘ၀မှာ တယ်လီဖုန်းနဲ့ဆိုတော့ ရေအသင့်မီးအသင့် နေခဲ့ရတယ်လို့ပြောရင် တစ်ခြား ရွာသားတွေက သိပ်မနာလိုဖြစ်ကောင်းဖြစ်ကြလိမ့်မယ်။ ဒါပေမယ့် မဖြစ်ကြပါနဲ့၊ ဒီစာက ကြွားတဲ့စာမဟုတ်ပါဘူး။ ဆက်ဖတ်ကြည့်ပါအုံး
.
. . . အိမ်မှာ အ၀ီစိတွင်းနဲ့ စက်ရေတွင်းနဲ့ ဘေးပတ်ဝန်းကျင်ကိုတောင် ရေရောင်းစားနေတဲ့ အိမ်ဆိုပေတဲ့ တစ်ခါတစ်လေ ရွာမှာ ခုနစ်ရက် ဆယ်ရက် မီးပြတ်တတ်တဲ့အခါတွေများဆို တစ်ရွာလုံး ရွာအနောက်ဘက်က ချောင်းထဲ ရောက်ရတော့တာကလား။ ပြီးတော့ မီးက ပြတ်မယ်ဆိုလည်း ကြိုသိရတဲ့အမျိုးမဟုတ်လေတော့ မီးနည်းနည်းပြတ်တာနဲ့ ရေရောင်းတာကို ချက်ချင်း ရပ်ရတယ်။ မီးပြတ်တာ ရက်ကြာမယ်ဆို သောက်ရေတောင် အနိုင်နိုင်ရယ်ဖြစ်တတ်တဲ့ သင်ခန်းစာတွေက အခါခါ ရခဲ့ပြီးမှကိုး။ ဒါကြောင့် ရေဘယ်လောက်ပဲ ပေါနေပါစေဆိုအုံးတော့ မီးလာရင် ရေဆိုတာ ခလုတ်တစ်ချက်နှိပ်ရုံနဲ့ ရေကန်ထဲ ရောက်လာတယ်ဆိုစေအုံးတော့ အိမ်က ရေကန်ကြီးထဲ ရေအပြည့်မရှိရင် စိတ်က တယ်ကို မလုံချင်ဘူး။ အားတာနဲ့ ရေစက်မောင်း ရေတင် ရေကန်ကို ရေအပြည့် ဖြည့်ထားတာပဲ။
.
. . . ရန်ကုန်က အိမ်တစ်အိမ်မှာ နေတော့ အဲသည်အိမ်က ကွန်ဒိုမီနီယံအခန်း၊ ရေချိုးခန်း သုံးခန်းလောက်ရှိပေမယ့်ရေလှောင်ကန်မရှိဘူး၊ ရေလှောင်ထားစရာ ပုံးတွေ ခွက်တွေလည်း မရှိဘူး။ အကြောင်းတစ်ခုခုနဲ့ မီးတွေပြတ် ရေတွေပြတ်ကုန် ဘယ့်နယ်လုပ်မလဲမေးတော့ မပြတ်ဘူးလေတဲ့။ ကိုယ့်အိမ်မဟုတ်လို့ ဘာမှ မပြောဖြစ်ပေမယ့် ကိုယ့်လက်ထဲမှာ သိုလှောင်ထားတာ မရှိဘဲ နေ၀ံ့တဲ့ သူတို့စိတ်ကို အံ့သြမိသလို တော်တော် စွန့်စားမှုကြီးတာပဲလို့လည်း တွေးမိတယ်။ ကိုယ်က ရွာမှာဆို မီးပြတ်တဲ့အခါ တစ်ရွာလုံး ဒုက္ခရောက်ရတဲ့ အတွေ့အကြုံတွေက နည်းမှ မနည်းခဲ့ပဲကိုး။
.
. . . ရန်ကုန်က မြန်မာစင်္ကာပူသင်တန်းကျောင်းက သင်တန်းတစ်ခုတက်တော့ ပို့ချတဲ့ဆရာက သူ့ပါဝါပွိုင့်မှာပါတဲ့ မူဘီကလစ်တစ်ခုကို လင့်ဖွင့်တာ အင်တာနက် မကောင်းလို့ ဖွင့်မရဘူး။ ဒီဆရာ့နှယ် မြန်မာပြည်လာတာ ဗီဒီယိုဖိုင်လိုက်ထည့်မလာဘဲ လင့်ပဲ ယူလာရတယ်လို့ တော်တော် မိုက်တဲ့ဆရာဆိုပြီး စိတ်ထဲက မှတ်ချက်ချဖူးတယ်။ ကိုယ်ကတော့ ဘယ်နေရာမှာ ဘယ်လောက် အင်တာနက်လိုင်းကောင်းပါတယ်ပြောပြော အနည်းဆုံးတော့ ကိုယ့်စက်ထဲမှာ အဲသည် မူဘီဖိုင်ကတော့ ထည့်ထားတာပဲ။ ဂျပန်လို နိုင်ငံမျိုးမှာတောင် အရေးကြီးတဲ့ တင်ဆက်မှု လုပ်စရာရှိရင် ဖိုင်ကို နှစ်နေရာ သုံးနေရာခွဲသိမ်းတယ်။ အဲလို စိုးရိမ်တတ်တာ
.
. . . အင်တာနက်ခေတ်ရဲ့ အစပိုင်းမှာ ကိုယ်တွေက ဘလော့ဂါခေတ်ကို စမီခဲ့တာပြောရမယ်။ ဘလော့တစ်ခုထောင်ပြီး ကိုယ်တိုင် ပုံမှန်စာရေးနေနိုင်ရင် အဲသည်ခေတ်ကတော့ အကောင်ပဲ။ ရန်ကုန်တက္ကသိုလ်မှာ ကျောင်းတက်တဲ့ ၂၀၀၃ ခုနှစ်မှာဆရာဦးကြည်ရွှင်ကျေးဇူးနဲ့ ကိုယ့်မှာ ကိုယ်ပိုင် ကိုယ့်နာမည်အရင်းနဲ့ အီးမေးအကောင့်တစ်ခု တည်တည်တံ့တံ့ ရှိနေပြီ။ ဘလော့စာမျက်နာတစ်ခု တည်တည်တံ့တံ့ ရှိနေပြီ
.
. . . နောက်ပိုင်း ဖေ့ဘုတ်ဆိုတာ ပေါ်လာတော့ အင်တာနက်သုံးတဲ့သူတွေ တော်တော် ပေါချာချာဖြစ်ကုန်တယ် ထင်မိတယ်။ ကိုယ်တွေ ယဉ်ပါးခဲ့တဲ့ ဘလော့ဂါခေတ်ဆိုတာ တော်တော် ရုံးကန်ခဲ့ရတာကိုး၊ နိုင်ငံရေးဘလော့တွေ မကြည့်ဖို့ တားထားတာ၊ ဘာဘာညာညာဆိုက်တွေ မကြည့်ဖို့ တားထားတာ။ ကြည့်တော့လည်း အခုလို ကိုယ့်ဘာသာ တစ်ယောက်တည်း ဖုန်းလေးပွတ်ပြီး ကြည့်ရတာမျိုးမဟုတ်ဘဲ အင်တာနက်ဆိုင်ကိုသွားပြီး လူပုံအလယ် ကြည့်ရတာ။ ကျော်ရခွရ ၊ အပိတ်ခံရ၊ သတိပေးခံရ၊ ဒီလို ဘလော့ဂါ ခေတ်ကျပ်ကြီးထဲ ကြီးခဲ့ရတာဆိုတော့ ဖေ့ဘုတ်လောကကြီးက ကိုယ့်အတွက် ပေါချာချာ နိုင်လွန်းတယ်။ လူတွေကလည်း စုံလိုက်တာ။ မဟုတ်တာတွေကလည်း များလိုက်တာ။
.
. . . ဖေ့ဘုတ်ဆိုတာ ပေါချာချာပါကွာလို့ ထင်မိတဲ့အထင်ရယ်၊ ကိုယ်တစ်သက်လုံး ရေးလာသားလာခဲ့တာတွေကို ဖေ့ဘုတ်လို ခပ်ချာချာ ငပိန်းတွေများတဲ့ နေရာမှာတင် မထားနိုင်ဘူး။ သေချာဆက်သိမ်းမယ်ဆိုပြီး ရေးသမျှ စာတိုင်းနီးပါးကို ကိုယ့်အဆင့်ဆင့် ပြောင်းသုံးလာတဲ့ ဘလော့စာမျက်နှာမျက်တွေအပေါ်မှာ လက်ဆင့်ကမ်းပြီး မှတ်တမ်းတင်လာခဲ့တာ။ ကိုယ့်ဘာသာ ဒိုင်ယာရီသဘောမျိုး သီးခြားရေးတဲ့ စာတစ်ချို့ကို သီးခြားအကောင့်တစ်ခုနဲ့ သိမ်းထားခဲ့တာက လွဲရင် အခုချိန်ထိ အများသူငါကို ထုတ်ပြတဲ့ အရေးအသားတွေကို ကိုယ့်ရဲ့ ဘလော့စာမျက်နာမှာ တင်ထားနိုင်တုန်း။
.
. . . ဖေ့ဘုတ်လို ဘက်လိုက်တဲ့ ဆိုရှယ်မီဒီယာတစ်ခုက ကိုယ့်အကောင့်ကိုသာ ဖြုတ်ချလို့ ရချင်ရမယ်။ ကိုယ့်စာတွေကိုတော့ မဖျက်ပစ်နိုင်စေရဘူး။
.
ဒီဟာကတော့ အခုအချိန်ထိ အပ်ပဒိတ်ဖြစ်နေတဲ့ ကျွန်တော့်ရဲ့ ဘလော့ပဲ။ ဖေ့ဘုတ်က ဖြုတ်ချခံထိလဲ အဲဒီမှာ ဆက်ရှိနေမယ်

Sunday 26 August 2018

မယ်သီတာလို မိန်းမမျိုး


. . . ရာမယဏဇာတ်တော်ကြီးဆိုတာ ကိုယ်ငယ်ငယ်ကတည်းက သိပ်ကြိုက်ခဲ့တဲ့ ဇာတ်တော်ကြီး၊ စကားပြောပါတာရော မပါတာရောကို အကြိမ်ကြိမ်အခါခါကြည့်ဖူးတယ်။ တီဗီမှာ ကြည့်ဖူးတယ်၊ ကိုယ်တိုင် ဇာတ်ရုံမှာ ကြည့်ဖူးတယ်။ အကြိုက်ဆုံးအခန်းတွေထဲမှာ ရာမ လက္ခဏ သီတာဒေ၀ီတို့ တောထဲကို ထွက်လာပြီး အကြည်ဆိုက်ကြတဲ့အခန်းပဲ။ မော်စကိုက တက္ကသိုလ်တစ်ခုမှာ ရုရှားနိုင်ငံမှာ ကျောင်းတက်နေကြတဲ့ မြန်မာ့တပ်မတော်က စစ်ဗိုလ်တွေ မြန်မာပြည်က မင်းသမီးတစ်ယောက်နဲ့ပူးပေါင်းပြီး ကိုယ်တိုင်ဝင်ကကြတဲ့ သမင်လိုက်ခန်း တင်ဆက်မှုကတော့ တကယ့်ကို ရင်သပ်ရှုမောပဲ။ အဲသည်မှာ ကနေကြတဲ့ ရာမ လက္ခဏ ဒသဂီရိနဲ့ သမင်တို့က မြန်မာ့တပ်မတော်က သိပ္ပံနဲ့နည်းပညာ မဟာ ပါရဂူတန်းတွေတက်နေကြတဲ့ စစ်ဗိုလ်တွေပါလားဆိုတာ သူများကသာ ပြောလို့ဆို ယုံနိုင်စရာတောင်မရှိဘူး။ (နောက်ခံတီးလုံးက ပလွေသံလေးအသားပေးပြီး ခိုင်ပန်းစုံသီချင်းကို တီးပေးတာထင်တယ် အဲဒါလေးကိုလည်း ကြိုက်တယ်။)
.
. . . သီတာဒေ၀ီကို ညီအစ်ကိုနှစ်ယောက်စလုံးက ပန်းတွေ ခူးပေးကြတာကိုတော့ သိပ်နားမလည်ဘူး။ သူ့ခင်ပွန်းက ပန်းပေးတာထားပါတော့၊ မတ်တော်မောင်က ဘာလို့ ပန်းခူးပေးရတာလဲ။ ဒါကိုပဲ သီတာဒေ၀ီက ပန်းကို မယူဘူးတို့ဘာတို့ မူနေသေးတယ်။
.
. . . သူတို့အကြည်ဆိုက်နေကြတုန်း နောက်မှာ စောင့်ကြည့်နေတာက ဒသဂီရိ၊ အခြေအနေကိုကြည့်ပြီး တစ်ယောက်ကို သမင်ယောင်ဆောင်ပြီး လွှတ်လိုက်တယ်။ (သမင်ယောင်ဆောင်ရတဲ့သူက ဦးရီးတော်မာရဇ္ဇလား ဘိဘိဇနလား သိပ်မမှတ်မိတော့ဘူးဂ- အော် နှမတော် ဂမ္ဘီ တဲ့) မယ်သီတာက သမင်မြင်တော့ ဖမ်းပေးဖို့ ပူဆာတာပေါ့။ (မိန်းမတွေများ)
.
. . . အဲသည်အခန်းက ကိုယ်အကြိုက်ဆုံးအခန်းပေမယ့် ကြည့်ရတာလည်း အသည်းအယားဆုံး အခန်းပဲ၊ အဲဒါ သမင်မဟုတ်ဘူး ဘီလူးက သမင်ယောင်ဆောင်ထားတာ မလိုချင်ပါနဲ့လို့ အကြိမ်ကြိမ် ရှင်းပြတားမြစ်နေတဲ့ကြားက ပြောမရတဲ့အဆုံး သမင်ကို ပစ်ပေးမယ်ဆိုတော့ မဟုတ်ဘူး အရှင်လေးလိုချင်တာဆိုပဲ။ ငမိုက်သား ရာမခမျာ သမင်ကို ဖမ်းပေးမယ်ဆိုပြီး လိုက်ရတော့တာပဲ။ မဘက်လိုက်တော့ မိုက်ဘက်ပါဆိုတာ ဒါမျိုးပေါ့။ ကိုယ်သာဆို အမိုက်ခံပြီးတော့ အလိုမလိုက်ဘူး။
.
https://www.facebook.com/bokaunghtetsan/posts/710567809306497?__tn__=K-R
.
. . . တစ်ခါ သမင်ကိုမြားထိတော့ သမင်က ရာမအသံနဲ့အော်သတဲ့။ ငါ့ကို သမင်ခတ်လို့ ကယ်ကြပါဆိုပြီး။ အဲဒါကို ကြားတော့ မယ်မင်းကြီးမက စိုးရိမ်တော်မူပြန်သတဲ့။ သူ့ကိုစောင့်ရှောက်ကျန်ရစ်တဲ့ မတ်တော်မောင် လက္ခဏကိုပြောတယ်။ အစ်ကိုတော် ဒုက္ခရောက်နေတာ သွားကယ်ပါဆိုပြီး။ လက္ခဏက ရှင်းပြတယ် အဲဒါ နောင်တော့်အသံမဟုတ်ဘူး၊ ဘီလူးက လုပ်ကြံပြီးအော်တဲ့အသံ၊ ပြောလည်း မရဘူး။ ရှင်မ ကျွန်မကို စနိုက်ကြော်ချင်လို့ အစ်ကိုတစ်ယောက်လုံး ဒုက္ခရောက်နေတာတောင် သွားမကယ်တာလားပေါ့။ လက္ခဏလည်း ဒါမျိုးတော့ ဘယ်ခံနိုင်ပါ့မလဲ။ မဟုတ်မှန်းသိသိကြီးနဲ့ မယ်သီတာနားက ခွာရတာ။ သွားခါနီး မှာခဲ့သေးတယ်။ ဒီမှာ စည်းသုံးတန်တားထားတယ် မကျော်နဲ့။
.
. . . သိတဲ့အတိုင်းပဲလေ မယ်သီတာ သူများမှတ်လို့။ ဟိုက သူတော်ကောင်းအယောင်ဆောင်လာတာကို ယုံမှတ်ပြီး စည်းကျော်သတဲ့။ တစ်ခါတည်း ပါသွားရော။
.
. . . ဟော မယ်သီတာ ပါသွားဆိုရော အေးရောလားတဲ့။ ဒီလောက်ပြောဆိုရှင်းပြနေတဲ့ကြားက အမှားတွေ အကြိမ်ကြိမ်ကျူးလွန်လို့ ၊ လူ့စည်းဘီလူးစည်းကို အလေးမထားလို့ သူ့ဘာသာ ဒသဂီရိနောက်ပါသွားတဲ့ မယ်သီတာကိုသာ လိုက်မကယ်မိရင် ရာမတို့ ညီအစ်ကို ရာဇ၀င်မှာ ဘယ်လိုတောင် ရစရာမရှိအောင် အပြောခံကြရမှာပါလိမ့်။
.
. . . တကယ်တော့ ရာမယဏဇာတ်တော်ဆိုတာ မယ်သီတာ မိန်းမမျိုးတွေ ဘယ့်ကလောက်တောင် အသိဥာဏ်တုံးပြီး အဆင်ခြင်ဥာဏ်တရား ခေါင်းပါးသလဲဆိုတာကို ကွက်ကွက်ကွင်းကွင်း တင်ဆက်ထားတဲ့ ဇာတ်ကွက်ပဲဗျ.
.
. . . အရှေ့တောင်အာရှနဲ့ တောင်အာရှတစ်ခွင်က ဖီးမနစ် မမများ စုစည်းပြီး အဲသည်ဇာတ်လမ်း နဲ့ပတ်သက်ပြီး No Ramayana Campaign တွေဘာတွေ လုပ်သင့်တယ်။ အဲလောက် အစွမ်းအစ မရှိကြရင်လည်း ရာမဇာတ်လမ်းထဲက မယ်သီတာ ဘယ်လိုတောင်တုံးတယ်ဆိုတဲ့အကွက်တွေကို ပြင်ဖို့ ကြိုးစားသင့်တယ် 😛
.
ကျော်ပြောတာ မယုံရင် အောက်ကလင့်ထဲမှာ 31:18 လောက်ကနေပြီး 40:08 လောက်ထိ ကြည့်ကြည့်လိုက်။ ခင်ဗျား မယ်သီတာကို နားပန်ကျင်းချင်စိတ်မပေါက်ဘူးဆို ကြိုက်သလိုပြော

ပျဉ်အသစ်တွေ ခင်းသင့်သလား

. . . မန္တလေးလား အင်းဝဘက်ကလား ရှေးဟောင်းအဆောက်အအုံတစ်ခုမှာ သစ်သားကြမ်းခင်းတွေ လဲထားတာနဲ့ ပတ်သက်ပြီး လူပြောများနေလို့ ဒီစာကို ရေးပါတယ်။ အဲသည် ပြုပြင်အစားထိုးတာကိုတော့ အကျိုးအကြောင်း သေချာမသိလို့ မဝေဖန်တတ်ပေမယ့် ဒီစာကို ဖတ်ပြီးရင်တော့ ကျွန်တော်ဘာပြောချင်တယ်ဆိုတာကို သိကြမှာပါ။
.
. . . ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေကို ချစ်မြတ်နိုးဖို့ ငယ်ငယ်ကတည်းက နှလုံးသားလေးထဲ ထည့်ပေးထားကြတော့ ကိုယ်တွေက ချစ်တတ်တယ်။ ဘယ်လိုချစ်ရမှန်းသာ မသိတာ။
.
. . . ဒီဘက်ခေတ် အင်တာဗျူးတစ်ခုမှာ အရင်တုန်းက ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွှန့်ကို ပုဂံရှေးဟောင်းဘုရားတွေ ပြုပြင်တာနဲ့ ပတ်သက်ပြီး ရှေးဟောင်းပစ္စည်းကို ဖျက်ဆီးရာရောက်တယ်လို့ ဝေဖန်ကြတဲ့အကြောင်း ပြောတော့ ဦးခင်ညွှန့်ပြန်ပြောတာက ကိုယ်နားလည်သလောက်ဆိုရင် ဘုရားစေတီပုထိုးတွေဆိုတာ ကိုယ်တွေ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ အပျက်စီးမခံဘဲ ရေရှည်တည်တံ့အောင် ပြုပြင်ထိန်းသိမ်းသင့်တယ်ဆိုတဲ့ သဘော ပြောသွားတာတွေ့တယ်။
.
. . . ပုဂံလိုနေရာမျိုးကို ကိုယ်တိုင်လည်း ရောက်ဖူးတော့ ဘုရားပုထိုးတွေကို ပြန်ပြီး ပြုပြင်ထားတာတွေကို တွေ့တော့ ရှေးဟောင်း အမွေအနှစ်လက်ရာတွေဆိုပြီး ဒီအတိုင်းပဲ အုတ်ပုံအဖြစ် ပြိုလဲသွားတာကို စောင့်နေတာကောင်းလား၊ ပြန်ပြီး ပြုပြင်တည်ဆောက် ရေရှည်ခံအောင်လုပ်တာ ကောင်းလားဆိုတဲ့ မေးခွန်းကို ကိုယ့်ဘာသာ ထုတ်ပြီး ကိုယ့်ဘာသာ မဖြေနိုင်ခဲ့ဘူး။
.
. . . အခု ဒီနိုင်ငံမှာ နေခဲ့တဲ့ ကာလအတွင်း ရှေးဟောင်းယဉ်ကျေးမှုနေရာ တော်တော်များများကို ရောက်ခဲ့တယ်။ အဲသည် တော်တော်များများကလည်း ယူနက်စကိုကနေ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် အသိအမှတ်ပြုထားတဲ့ နေရာ တော်တော်များတယ်။ ခင်ဗျား စဉ်းစားကြည့်၊ အဲသည်နေရာတွေဆိုတာ တစ်ချို့ဆို သစ်သားနဲ့လုပ်ထားတဲ့ ဘုန်းကြီးကျောင်းဆောင်တွေ ဘုရားကျောင်းကြီးတွေ အများကြီးပဲ။ သူတို့တွေ နှစ်ပေါင်း ရာနဲ့ချီပြီး အခုထိတိုင်း မပျက်မစီး အကောင်းပကတိအတိုင်း ရှိနေကြတာ ဘာလို့လဲ။ မပြင်ဘဲနဲ့ ဒီအတိုင်းထိန်းသိမ်းထားရုံနဲ့ ကောင်းနေတာလား၊ ဒါမှမဟုတ် ပြင်ပစ်တယ်ဆိုရင်ရော ဘာလို့ ယူနက်စကိုက ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် အသိအမှတ်ပြု ထားတာလဲ။
.
. . . အဲဒီအဖြေကို ရခဲ့တာကတော့ ဂျပန်နိုင်ငံ နစ်ကိုးဒေသမှာရှိတဲ့ ရီးနောဂျိ (輪王寺) ကျောင်းတော်ကြီး ကိုသွားလေ့လာတဲ့ ခရီးစဉ်မှာပါပဲ။
.
. . . ရီးနောဂျိ (輪王寺) ဗုဒ္ဓဘာသာ ဘုရားကျောင်းတော်ကြီးကို အေဒီရှစ်ရာစု ခရစ်သက္ကရာဇ် ၇၆၆ ခုနှစ်တုန်းက အပြီးသတ်တည်ဆောက်ခဲ့ပြီး အထဲမှာ ကြီးမားတဲ့ ဘုရားဆင်းတုတော်ကြီး သုံးဆူနဲ့ အခြားသော ယဉ်ကျေးမှု အမွေအနှစ်တွေ ထိန်းသိမ်းထားပါတယ်။ အေဒီ ရှစ်ရာစုဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင့်နှစ်ရာကျော်ပါ။ သစ်သားတွေနဲ့ တည်ဆောက်ထားတဲ့ ဘုရားကျောင်းဆောင်ကြီးတစ်ခု လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင့်နှစ်ရာကျော်ကတည်းက အဆောက်အဦတစ်ခုကို ဘယ်လိုများ ထိန်းသိမ်းခဲ့ကြပါသလဲ။
.
. . . ကျွန်တော်တို့ အဲသည်ကို ရောက်တဲ့အချိန်မှာလည်း ကျောင်းတော်ကြီးကို အကြီးစား ပြင်ဆင်ထိန်းသိမ်းမှုတွေ လုပ်နေတဲ့အချိန်ဖြစ်ပါတယ်။ အကြီးစား ထိန်းသိမ်းပြင်ဆင်မှုဆိုတာ ဘယ်လိုလဲဆိုတာ ကျောင်းတော်ကြီးထဲ ၀င်ကြည့်မိမှ သေချာသိရပါတော့တယ်။ ထိန်းသိမ်းပြင်ဆင်မှု လုပ်ဖို့အတွက် ပထမဆုံး ကျောင်းတော်ကြီးတစ်ခုလုံးကို ငုံပြီး အလုပ်ရုံကြီးတစ်ခု တည်ဆောက်လိုက်ပါတယ်။ ကျောင်းတော်ကြီးထဲက ရှေးဟောင်း ရုပ်ပွားတော်တွေနဲ့ ယဉ်ကျေးမှု အနုလက်ရာပစ္စည်းတွေကို ဘုရားဖူးတွေ ခရီးသွားတွေ လေ့လာလို့ရအောင် အထဲမှာ ပြင်ဆင်ပေးထားသလို အထပ်ပေါင်း ဆယ်ထပ်လောက်ရှိတဲ့ ပြုပြင်ထိန်းသိမ်းရေး အလုပ်ရုံကြီးကိုလည်း အထက်ထိ ပတ်ကြည့်လို့ရအောင် ပတ်လမ်းလုပ်ပေးထားပါတယ်။
.
. . . ထိန်းသိမ်းပြင်ဆင်မှုဆိုတာ သာမန်ထိန်းသိမ်းပြင်ဆင်တာမျိုး မဟုတ်ပဲ အရင်ရှိတဲ့ အမိုးတွေကိုခွာချ၊ ကြမ်းတွေကို ဖြုတ်ချပြီး အရင်သုံးထားတဲ့ သစ်သားတွေထဲက ကောင်းတဲ့အပိုင်းကို ပြန်သုံး၊ ပိုးထိုးတဲ့အပိုင်းကို အစားထိုး၊ ကြေးဝါနဲ့လုပ်ထားတဲ့ အဆက်အစပ်နေရာတွေကို ကြေးဝါပြားအသစ်တွေကို မူလလက်ရာအတိုင်း ရှေးမူမပျက် ပြန်ပြီး အစားထိုး၊ စသည်ဖြင့် လုပ်နေတာ တွေ့ရပါတယ်။ လုပ်ကြတဲ့ နေရာမှာလည်း သစ်သားတွေ ဆက်တဲ့နည်းစနစ်တွေ ထုပ်တွေ တန်းတွေထိုးတဲ့ နည်းစနစ်တွေ စတာတွေကို ရှေးတုန်းက လုပ်ခဲ့တဲ့ ပုံစံအတိုင်း အတိအကျ မှတ်တမ်းယူလုပ်နေပြီး အစားထိုးတဲ့ နေရာမှာလည်း ရှေးတုန်းက ပုံစံ အရွယ်အစား အရည်အသွေးအတိုင်း အတိအကျရအောင် လုပ်နေတာ တွေ့ခဲ့ရပါတယ်။
.
. . . ကျောင်းတော်မွမ်းမံရေး အလုပ်ရုံကြီးထဲမှာ ပြထားတဲ့ ကျောင်းကြီးကို တကယ်ပြန်လည် တည်ဆောက်နေတဲ့ လုပ်ငန်းခွင်ကို အနီးကပ် ကြည့်လို့ လေ့လာလို့ရအောင် လုပ်ပေးထားတဲ့အပြင် လှူချင်တယ်ဆိုရင်လည်း ကြေးပြားတစ်ချပ်ကို ဘယ်လောက်၊ သစ်သားတစ်ချောင်းကို ဘယ်လောက် စသည်ဖြင့် လှူဖို့ စီစဉ်ပေးထားပါတယ်။ အဲသည်တွေမှာ ကိုယ့်ဘာသာ ကိုယ့်နာမည်ကို ကမ္ဗည်းထိုးဖို့လည်း လုပ်ပေးထားပါတယ်။ နောက်ပြီး ပိုစိတ်ဝင်စားဖို့ ကောင်းတာက ကျောင်းတော်ကြီးထဲက သစ်သားထည်တွေကို ဆွေးမြေ့ပေါက်ပြဲစေတဲ့ သစ်စားပိုး အမျိုးအစားတွေ ပုံစံတွေ ဘယ်လိုစားထားသလဲ ဘာကြောင့် ပျက်စီးရသလဲ ဆိုတာတွေ၊ အဲဒါတွေ နောက်မဖြစ်အောင် ဘယ်လို ဆေးမျိုးနဲ့ သစ်သားကို ပေါင်းတယ် သုတ်တယ် စသည်ဖြင့် ပြထားတဲ့အပြင် တည်ဆောက်ရေးလုပ်ငန်းခွင်မှာ လက်တွေ့ပြန်လည်တည်ဆောက်တဲ့နေရာမှာ ကျင့်သုံးတဲ့ ရှေးဟောင်း ဂျပန်သစ်သားဆက်နည်းပညာတွေကိုပါ နမူနာ ပြထားပြီး ကိုယ်တိုင်ကိုင်ကြည့် ဆက်ကြည့်နိုင်အောင် ခင်းကျင်းပြထားတာကို တွေ့ရပါတယ်။
.
. . . ကျောင်းတော်ကြီးထဲကို လာရောက် ဘုရားဖူး လေ့လာနေကြတဲ့အထဲမှာ ကျွန်တော်တို့လို့ တိုင်းခြားသားတွေပါသလို ဂျပန် ကလေး လူကြီး လူငယ် အရွယ်စုံကိုလည်း တွေ့ပါတယ်။ ကလေးတွေ တန်းစီပြီး လေ့လာရေးလာနေကြတာကို တာဝန်ရှိတဲ့သူက တလေးတစားနဲ့ အသေအချာ ရှင်းပြနေတာ ကလေးတွေကလည်း မေးခွန်းတွေပြန်မေးနေကြတာကို စိတ်ဝင်စားစရာ တွေ့ခဲ့ရပါတယ်။
.
. . . အဲဒီကအပြန်မှာ ရှေးဟောင်းယဉ်ကျေးမှု အနုပညာလက်ရာတွေ အဆောက်အအုံတွေကို ဘယ်နည်းဘယ်ပုံ ထိန်းသိမ်းရတယ်ဆိုတဲ့ ဗဟုသုတကို ရလာခဲ့ပေမယ့် ဒီထက်ပိုအရေးကြီးတဲ့ ကိုယ့်နိုင်ငံသား လူငယ်မျိုးဆက်သစ်တွေကို ဘယ်နည်းဘယ်ပုံ အသိပညာပေး ချစ်တတ်တဲ့ နှလုံးသားမွေးမြူပေးသင့်သလဲ၊ နည်းမှန်လမ်းမှန် ချစ်တတ် မြတ်နိုးတတ် ထိန်းသိမ်းတတ်အောင် ဘယ်လိုတွေ လုပ်သင့်သလဲဆိုတဲ့ အသိကိုပါ ရလာခဲ့ပါတယ်။ ကိုယ့်ကိုယ်ကို ဟိုစပ်စပ်ဒီစပ်စပ် စိတ်ဝင်စားတတ်တဲ့သူလို့ ထင်နေတာတောင် ဒါမျိုးအသိကို အသက်လေးဆယ်နားနီးမှ ရလိုက်လို့ တော်တော်လည်း သတိတရားရသွားပါတယ်။
.
ဗိုလ်ကောင်း
၂၇ သြဂုတ် ၂၀၁၈
.
http://www.sacred-destinations.com/japan/nikko-rinnoji

ကျောင်းတော်ကြီး ပြုပြင်မွမ်းမံရန်အတွက် အလုပ်ရုံကြီး တစ်ခု တည်ဆောက် ငုံထားလိုက်ပြီး အပြင်ကကြည့်လျှင် ကျောင်းတော်ကြီးကို မူလအရွယ်အတိုင်း မြင်ရအောင် ပုံပြထားပုံ

အလုပ်ရုံထဲတွင် ကျောင်းတော်ကြီး တည်ဆောက်မှုကို လှည့်ပတ်ကြည့်ရှုလေ့လာနိုင်သော စင်္ကြန်ပတ်လမ်းကို အမြင့်ဆုံးနေရာရောက်သည်အထိ တစ်ထပ်ချင်းတွင် ထည့်သွင်းထားသည်


ကျောင်းတော်ကြီး မူလပုံစံအတိုင်း မြင်တွေ့ရစဉ်


ကျောင်းတော်ကြီး အလုပ်ရုံ အပြင်နှင့် အတွင်းပိုင်းမြင်ကွင်း


တည်ဆောက်ရေးလုပ်ငန်းခွင် အတွင်းပိုင်းနေရာ၊ အမိုးတစ်ခုလုံး ဖြုတ်ချထားပြီး အသစ်ပြန်လည်တည်ဆောက်နေသည်


တည်ဆောက်ရေးလုပ်ငန်းခွင် အတွင်းပိုင်းနေရာ၊ အမိုးတစ်ခုလုံး ဖြုတ်ချထားပြီး အသစ်ပြန်လည်တည်ဆောက်နေသည်


တည်ဆောက်ရေးလုပ်ငန်းခွင် အတွင်းပိုင်းနေရာ၊ အမိုးတစ်ခုလုံး ဖြုတ်ချထားပြီး အသစ်ပြန်လည်တည်ဆောက်နေသည်


တည်ဆောက်ရေးလုပ်ငန်းခွင် အတွင်းပိုင်းနေရာ၊ အမိုးတစ်ခုလုံး ဖြုတ်ချထားပြီး အသစ်ပြန်လည်တည်ဆောက်နေသည်


ဘုရားဖူးများ ခရီးသွားများ ကိုယ်တိုင် ကမ္ဗည်းထိုး လှူဒါန်းနိုင်သော ကြေးဝါပြားများ

Friday 24 August 2018

(မူလလက်ဟောင်း)ပရော်ဖက်ရှင်တပ်မတော်ပုံစံ (ဖော်မြူလာသစ်)ပ‌ရော်ဖက်ရှင်နယ်တပ်မတော်ပုံစံ နှင့် အရည်အချင်းရှိသည့်တပ်မတော် - Standard Army


. . . ဒီနေ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရုရှားနိုင်ငံတက္ကသိုလ်တွေမှာ သိပ္ပံနဲ့နည်းပညာဆိုင်ရာ သင်တန်းအသီးသီးတက်ရောက်နေတဲ့ တပ်မတော်သားများကို တွေ့ဆုံ အမှာစကားပြောတာကို နားထောင်မိတာနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပဲ ဧရာဝတီအွန်လိုင်းစာမျက်နှာမှာ ချင်းတိုင်းရင်းသားပါတီခေါင်းဆောင်ပိုင်းလူငယ်တစ်ယောက်ရေးတဲ့ စာတစ်ပုဒ်ကို ဖတ်ဖြစ်မိတာကြောင့် ဒီစာကို ရေးဖြစ်ပါတယ်။
.
. . . ဧရာဝတီက ပါတဲ့စာထဲမှာ "တပ်မတော်သည် ပရော်ဖက်ရှင်နယ် Professional ဖြစ်ဖို့သာလိုသည်။ ကိုယ်စားပြုခြင်းဆိုင်ရာသည် နိုင်ငံရေးအပိုင်းသာဖြစ်ပြီး အထူးသဖြင့် ရွေးကောက်ပွဲနိုင်ငံရေး (Electoral politics) ပိုင်းဖြစ်သည်။ ထို့အတွက်ကြောင့် တပ်မတော် အနေဖြင့် ကိုယ်စားပြုမှုအပိုင်းတွင် ပါဝင်ပတ်သက်လိုခြင်းသည် ပရော်ဖက်ရှင်နယ် မဆန်ဟု ဆိုရပါမည်။" လို့ မှတ်ချက်ပြုထားတဲ့သဘော စာတစ်ပိုဒ်ပါပါတယ်။
.
. . . ပရောဖက်ရှင်နယ်ဆိုတဲ့ သဘောကတော့ ကိုယ်လုပ်တဲ့ အလုပ်တစ်ခုအပေါ်မှာ တကယ်ကို ကျွမ်းကျွမ်းကျင်ကျင် ပိုင်ပိုင်နိုင်နိုင်နဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိရှိ စေ့စေ့စပ်စပ် သေသေချာချာ လုပ်ပေးတာမျိုးကို ပရော်ဖက်ရှင်နယ်ဖြစ်တယ်လို့ အကြမ်းဖျင်း ဖွင့်ဆိုလို့ရနိုင်ပါတယ်။ ဒီနေရာမှာ တပ်မတော်နဲ့ ပတ်သက်ပြီး ပရော်ဖက်ရှင်နယ်ဆိုတဲ့ စကားလုံးကို သုံးကြတဲ့အခါ များသောအားဖြင့်တော့ စစ်ဘက်အရပ်ဘက်ဆက်ဆံရေးဘာသာရပ်မှာ ဆရာကြီးတစ်ဆူဖြစ်တဲ့ ဟန်တင်တန်ရဲ့ အယူအဆကို ကောက်ယူပြောဆိုကြတာများပါတယ်။ စစ်တပ်တစ်ခုဟာ သူရဲ့ စစ်ရေးစစ်ရာပိုင်းမှာ ကျွမ်းကျင်ပိုင်နိုင်အောင် လေ့ကျင့်ပြီး နိုင်ငံရေးသမားတွေရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာပြီး စစ်တိုက်ရမယ်လို့ အကြမ်းဖျင်း နားလည်ရတဲ့ ဟန်တင်တန်ရဲ့ အယူအဆက မြန်မာ့တပ်မတော်ကို နိုင်ငံရေးထဲက ထွက်သွားစေချင်ကြသူတွေ့ရဲ့ သည်းခြေကြိုက်ဖြစ်နေတာက အဓိကအကြောင်းရင်းဖြစ်နေတာကြောင့်မို့လို့ အထက်မှာ ဖော်ပြခဲ့တဲ့ တပ်မတော်ဟာ ပရော်ဖက်ရှင်နယ်ဖြစ်ဖို့သာလိုတယ်ဆိုတဲ့ အဓိပ္ပာယ်မှာ စစ်တပ်က စစ်တပ်အလုပ်လုပ် နိုင်ငံရေးထဲ ၀င်မပါနဲ့လို့ တည့်တည့်ပြောတယ်လို့ပဲ နားလည်ရပါတယ်။
.
. . . မြန်မာ့တပ်မတော်ကို နိုင်ငံရေးထဲကထွက်ပြီး ပရော်ဖက်ရှင်နယ်ကျကျ ဂုဏ်သိက္ခာရှိရှိ ရပ်တည်စေချင်ပါတယ်လို့ စေတနာသံပါတဲ့ စကားနဲ့ပဲဆိုဆို၊ စစ်တပ်က စစ်တပ်နေရာမှာပဲနေ နိုင်ငံရေးထဲ ၀င်မပါချင်နဲ့၊ စစ်တပ်ဆိုတာ အစိုးရရဲ့ကွပ်ကဲမှုအောက်မှာပဲရှိရမယ် အရပ်သားနိုင်ငံရေးသမားတွေရဲ့ ထိန်းချုပ်မှုကို နာခံရမယ်၊ စစ်တပ်က နိုင်ငံရေးမှာဝင်ပါနေတာ အလိုမရှိ ခုချက်ချင်းထွက်သွား ဆိုတဲ့ ရန်လိုတဲ့ လေသံနဲ့ပဲပြောပြော အဲသလိုပြောတဲ့သူအားလုံးက အထက်မှာပြောခဲ့တဲ့ ဟန်တင်တန်ရဲ့ ပရော်ဖက်ရှင်နယ်တပ်မတော်အယူအဆ (မူလလက်ဟောင်း ပရော်ဖက်ရှင်နယ်တပ်မတော်ပုံစံ - Old Professionalism) တစ်ခုကိုသာ သိဖူးကြားဖူးထားကြပုံရပြီး အခြားသော စစ်ဘက်-အရပ်ဘက်ဆက်ဆံရေးဆိုင်ရာ အယူအဆတွေ တွေးခေါ်ရေးသားခဲ့တဲ့ S.E. Finer ရဲ့ နိုင်ငံရေးမှာ စစ်ဘက်ရဲ့အခန်းကဏ္ဍအကြောင်းတွေ၊ နောက်ပြီး Alfred Stepan ရဲ့ (ဖော်မြူလာသစ် ပရော်ဖက်ရှင်နယ်တပ်မတော်ပုံစံ - New Professionalism) သဘောတရားတွေအကြောင်းကို တီးမိခေါက်မိ ရှိကြရဲ့လားလို့တောင် ထင်မိပါတယ်။
.
. . . မြန်မာ့တပ်မတော်ရဲ့ နိုင်ငံရေးမှာပါဝင်နေမှုအခန်းကဏ္ဍကို သုံးသပ်ကြည့်ရင် ဟန်တင်တန်ရဲ့ (မူလက်ဟောင်း) ပရော်ဖက်ရှင်နယ်တပ်မတော်သဘောတရား တွေထက် Alfred Stepan ရဲ့ (ဖော်မြူလာသစ်)ပရော်ဖက်ရှင်နယ်တပ်မတော်သဘောတရား တွေနဲ့ ပိုပြီး အပ်စပ်မှုရှိတာကို တွေ့ရမှာဖြစ်ပါတယ်လို့ မြန်မာ့တပ်မတော်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဆရာကြီး တင်မောင်မောင်သန်းက သုံးသပ်ထားပါတယ်။ အဲသည်တော့ (ဖော်မြူလာသစ်)ပရော်ဖက်ရှင်နယ်တပ်မတော်သဘောတရား တွေက ဘာတွေလဲဆိုတာကြည့်ကြရအောင်ပါ။ (မူလလက်ဟောင်း) နဲ့ (ဖော်မြူလာသစ်) ဘာတွေ ကွာခြားလဲ နှိုင်းယှဉ်ကြည့်ပါမယ်။
.
. . . မူလလက်ဟောင်း ပရော်ဖက်ရှင်နယ်လစ်ဇင်ဟာ ပြည်ပအန္တရာယ်ကို ကာကွယ်ဖို့ အဓိကထားပေမယ့် ဖော်မြူလာသစ်မှာတော့ ပြည်တွင်းလုံခြုံရေးကို ပိုပြီး ဇောင်းပေးပါတယ်။ မူလလက်ဟောင်း သဘောတရားမှာ နိုင်ငံရေးနဲ့ကင်းကင်းနေဖို့ နိုင်ငံရေးမှာ အစွဲကင်းကင်းရပ်တည်ဖို့ဖြစ်ပေမယ့် ဖော်မြူလာသစ်မှာတော့ နိုင်ငံရေးမှာ တပ်မတော်ရဲ့ ပါဝင်မှုအခန်းကဏ္ဍကို ကန့်သတ်မထားဘဲ တပ်မတော်ကို နိုင်ငံရေးဇာတ်သွင်းထားရမယ့်သဘောကို ပြောထားပါတယ်။
.
https://www.facebook.com/bokaunghtet…/posts/709377776092167…
.
. . . ဆက်ပြီး မေးရမယ့်မေးခွန်းက မြန်မာ့တပ်မတော်ဟာ ဘာကြောင့် အနောက်နိုင်ငံစစ်တပ်တွေလို (မူလလက်ဟောင်း) ပုံစံမပေါက်ဘဲ (ဖော်မြူလာသစ်) ပုံစံပေါက်နေရတာလဲ။ အဓိက အကြောင်းရင်းကတော့ တပ်မတော်က နားလည်သဘောပေါက်ပြီး အဆင့်ဆင့် လက်ဆင့်ကမ်းလာခဲ့ကြတဲ့ မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းဆိုင်ရာ တပ်ဘက်အမြင်ကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။
.
. . . မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနဲ့အတူ ပေါ်ပေါက်လာတဲ့ (ဒီစကားက ခဏခဏသုံးလို့ရိုးနေပေမယ့် ဒီခေတ်နိုင်ငံရေးသမားတွေ အဲဒါကို အရေးမထား လျစ်လျူရှုကြ) တပ်မတော်ရဲ့ ပထမဆုံးမျိုးဆက်ခေါင်းဆောင်တွေဟာ ကမ္ဘာ့အခြားနိုင်ငံတွေက စစ်တပ်တွေမှာလို ဂန္တ၀င်စစ်သားကြီးတွေ မဟုတ်ဘဲ ဆိုရှယ်လစ်ဝါဒကိုတိမ်းညွှတ်တဲ့ အမျိုးသားရေးသမားကြီးများ ဖြစ်ကြပါတယ်။ နိုင်ငံရေးသမားဆိုသူတွေ ကဂျိုးကဂျောင်လုပ်လို့ နိုင်ငံရေးတွေ ဖရိုဖရဲဖြစ်ရပြန်ပြီဆိုလည်း ၀င်ထိန်းလိုက်ရ၊ နိုင်ငံရေးနယ်ပယ်မှာလည်း တပ်မတော်က နေရာတော်တော်များများ လွှမ်းမိုးမှုရဆိုတဲ့ အခြေအနေတွေကြောင့် တပ်မတော်ရဲ့ နန်းတော်စောင့်လူစွမ်းကောင်းစစ်သည်တော်ဇာတ်ရုပ်ကလည်း တဖြည်းဖြည်းနဲ့ ပီပြင်လာတယ်လို့ ဆိုပါတယ်။ မြန်မာ့တပ်မတော်ရဲ့ ပထမဆုံးမျိုးဆက်ဖြစ်တဲ့ ဖက်ဆစ်တော်လှန်ရေး ဘီအိုင်အေ တပ်မတော်လက်ထက်ကတည်းကိုက တပ်ပိုင်းဆိုင်ရာ ခေါင်းဆောင်တွေဟာ တပ်မတော်ရဲ့ အခန်းကဏ္ဍကို နိုင်ငံတော်ကာကွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းတာထက်ပိုပြီး ထမ်းဆောင်တဲ့ အစဉ်အလာရှိခဲ့ပါတယ်။ အဲသည်လို နိုင်ငံတော်လုံခြုံရေးသာမက ပြည်သူလူထုရဲ့ သက်သာချောင်ချိရေးဝန်ဆောင်မှုသဘောတရားတွေကိုပါ ထည့်သွင်းစဉ်းစားလုပ်ဆောင်လာတဲ့ တပ်မတော်ဟာ နန်းတော်စောင့်စစ်သည်တော်အဖြစ်သာမက ရာဇပလ္လင်ကိုစောင့်ရှောက်တဲ့နတ်မင်းကြီးလိုအဖြစ်ကို ရောက်ခဲ့ပါတယ်လို့ ဆိုပါတယ်။
.
. . . တပ်မတော်က ချမှတ်ထားတဲ့ အဓိကတာဝန်ကြီးတွေမှာကိုက နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်၊ ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန် ဆိုပြီး ပြည်သူ့အကျိုးပြုဖို့ဆိုတာကို အဓိကတာဝန်ကြီးတစ်ရပ်အနေနဲ့ ထည့်သွင်းထားတာဖြစ်ပါတယ်။ (အရင်ကတော့ စစ်တိုက်ရန်၊ စစ်တိုက်ရန်မရှိက လေ့ကျင့်ရန်၊ စစ်တိုက်ရန်နှင့် လေ့ကျင့်ရန်မရှိက ပြည်သူ့အကျိုးပြုလုပ်ငန်းလုပ်ရန် လို့ ရေးကြပါတယ်။) တပ်မတော်က ပြောပြောနေတဲ့ အမျိုးသားနိုင်ငံရေး ဆိုတဲ့ သဘောတရားကလည်း ပါတီနိုင်ငံရေးကြောင့် အလုပ်မဖြစ် ခရီးမတွင်တဲ့ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းစဉ်တွေအတွက် တကယ်အလုပ်ဖြစ်မယ့်လမ်းစဉ်လို့ ယုံကြည်တဲ့ အမျိုးသားနိုင်ငံရေးသဘောတရားတွေနဲ့ တပ်မတော်ကို တည်ဆောက်ပုံဖော်ရင်း ပေါ်လာရတာဖြစ်ပါတယ်။
.
. . . Alfred Stepan လေ့လာဖော်ထုတ်ခဲ့တဲ့ ပရော်ဖက်ရှင်နယ်တပ်မတော်(ဖော်မြူလာသစ်) သဘောတရားဟာ မြန်မာ့တပ်မတော်ရဲ့ ၀ိသေသလက္ခဏာတွေနဲ့ အပ်စပ်ပါပေတယ်လို့ ဆိုပေမယ့်လို့ မြန်မာ့တပ်မတော်မှာတော့ ပရော်ဖက်ရှင်နယ်ဆိုတဲ့ ဝေါဟာရမျိုးကို ကြားရတွေ့ရဖတ်ရမှာ မဟုတ်ပါဘူး။ မြန်မာ့တပ်မတော်မှာ ဒီစကားလုံးကို မသုံးပါဘူး။ ဒီနေ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုရှားနိုင်ငံမှာ ပညာတော်သင်ရောက်နေကြတဲ့ တပ်မတော်သားတွေကို ပြောတဲ့ အမှာစကားအရ အရည်အချင်းရှိသည့်တပ်မတော် Standard Army ဆိုတဲ့ အသုံးမျိုးကိုပဲ တွေ့ရမှာပါ။ ဒီကနေ့တပ်မတော်က ယုံကြည်ထားတဲ့ တို့တာဝန်အရေးသုံးပါးဆိုတဲ့ အမျိုးသားနိုင်ငံရေးသဘောတရားအရ တပ်မတော်ရဲ့ ပုံစံဟာ ဟန်တင်တန်ပြောခဲ့တဲ့ (မူလလက်ဟောင်း)ပရော်ဖက်ရှင်နယ်တပ်မတော် ပုံစံမျိုးဖြစ်မှာ မဟုတ်ဘဲ Alfred Stepan လေ့လာဖော်ထုတ်ခဲ့တဲ့ (ဖော်မြူလာသစ်)ပရော်ဖက်ရှင်နယ်တပ်မတော်ပုံစံသာဖြစ်နေအုံးမယ်လို့ သုံးသပ်ထားပါတယ်။
.
. . . ဒါကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြားတဲ့ အမှာစကားထဲမှာပါတဲ့ အရည်အချင်းရှိသည့် တပ်မတော် Standard Army ဆိုတာ တပ်မတော်ရဲ့ မူလစစ်ဘက်တာဝန်တွေကို ထက်မြက်ထူးချွန်စွာ တာဝန်ကျေကျေ ထမ်းဆောင်နိုင်တဲ့အပြင် ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်တည်ဆောက်ရာမှာ လိုအပ်တဲ့ အရည်အသွေးအရည်အချင်းတွေကိုပါ ဖြည့်ဆည်းထားပြီး စစ်ဘက်မဟုတ်တဲ့ နိုင်ငံ့ရေးရာတာဝန်တွေကိုပါ ကောင်းမွန်သေသပ်စွာထမ်းဆောင်နိုင်မယ့် တပ်မတော်သားတွေနဲ့ ဖွဲ့စည်းထားတဲ့တပ်မတော်တစ်ရပ်ကို ရည်ညွှန်းတဲ့ စကားလုံးဖြစ်တယ်လို့ ယူဆနားလည်မိပါကြောင်း . . .
.
ဗိုလ်ကောင်း
၂၄ သြဂုတ် ၂၀၁၈
.
ဝေါဟာရများ
နန်းတော်စောင့်လူစွမ်းကောင်းစစ်သည်တော်ဇာတ်ရုပ် (praetorian ethos)
မူလလက်ဟောင်း ပရော်ဖက်ရှင်နယ်တပ်မတော်ပုံစံ (old professionalism)
ဖော်မြူလာသစ် ပရော်ဖက်ရှင်နယ်တပ်မတော်ပုံစံ ( new professionalism)
အရည်အချင်းရှိသည့်တပ်မတော် (Standard Army)
.
Ref:
Tin Maung Maung Than. "Burma: the “new professionalism” of the Tatmadaw." Military Professionalism in Asia: Conceptual and Empirical Perspectives, edited by Muthiah Alagappa (Honolulu, HI: East-West Center, 2001) (2001): 163-78.

Thursday 23 August 2018

မြန်မာပြည်မှာ ပါတီတွေများ

တိုင်းရင်းသားတွေကိုအခြေပြုတဲ့ ဒေသဆိုင်ရာနိုင်ငံရေးပါတီတွေရှိနေတာက ကျိုးကြောင်းဆီလျော်ပေမယ့် နိုင်ငံလုံးချီ နိုင်ငံရေးပါတီကြီးတွေ မွစာတက်အောင်ရှိနေတာ အခုချိန်ထိလည်း ထပ်ထပ်ပြီး အသစ်ဖွဲ့နေကြတာကတော့ သိပ်ပြီး လိုလားအပ်တယ်လို့ မထင်မိဘူး။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး သဘောအယူအရ အကြမ်းဖျင်း သုံးသပ်ကြည့်ရမယ်ဆိုရင် အမျိုးသားရေးဝါဒကို အခြေပြုတဲ့ နိုင်ငံရေးပါတီအုပ်စုနဲ့ လစ်ဘရယ်ဝါဒကိုအခြေပြုတဲ့ နိုင်ငံရေးပါတီနှစ်မျိုးနှစ်စားပဲ ရှိနေတာကို တူရာတူရာအုပ်စုဖွဲ့ပြီး ညီညီညွတ်ညွတ်လုပ်ကြမယ်ဆိုရင် နိုင်ငံတော်အတွက် ပိုပြီးများ ကောင်းမလားပေါ့။ ဒါကတော့ သဘောတရားပိုင်းဆိုင်ရာ
.
လက်တွေ့အခြေအနေကို ပြောရမယ်ဆိုရင် မဲတွေပြားပြီး လွှတ်တော်ထဲမှာ ပါတီကြီးတစ်ခုက သိသိသာသာ မလွှမ်းမိုးနိုင်ရင် လက်ရှိ အခြေခံဥပဒေအရ ၂၅ ရာခိုင်နှုန်းနေရာရထားတဲ့ တပ်မတော်ကသာ လွှမ်းမိုးနေအုံးမယ်ဆိုတဲ့အချက်ကို နိုင်ငံရေးသမားဆိုသူတွေ မျက်ခြေပြတ်မခံဘဲ အဆိုပါလိုအဖြစ်မျိုးမရောက်အောင် နိုင်ငံရေးပါတီတွေ မဟာဗျူဟာကျကျ စည်းရုံးလုပ်ဆောင်သင့်တာပါ
.
ဒီနေ့မြန်မာ့နိုင်ငံရေးကို မြင်နေရမှပဲ ကျွန်တော်တို့ ဂုဏ်ယူနေခဲ့ရတဲ့ ဟိုးအရင်က ပထမ ဒုတိယ တတိယနိုင်ငံတော်ကြီးတွေကို တည်ထောင်ခဲ့တဲ့ နိုင်ငံပြုပုဂ္ဂိုလ်ကြီးတွေရဲ့ စည်းရုံးသိမ်းသွင်းနိုင်စွမ်းကို ပိုပိုပြီး နားလည်သဘောပေါက် လေးစားလာမိတယ်


Wednesday 22 August 2018

မျောက်လောင်းလေးတွေ


. . မနေ့က စင်ကာပူလက်ချာမှာ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့အထဲက ကမ္ဘာ့စက်ရုပ်ပြိုင်ပွဲ အာဆီယံမှာ အဆင့်တစ် ရခဲ့တယ်ဆိုတဲ့ မြန်မာလူငယ်အဖွဲ့အကြောင်း ဂုဏ်ယူစွာ ကြားလိုက်ရပါတယ်။ ကျွန်တော်တို့ဒီလိုများများ ဂုဏ်ယူနိုင်ဖို့ ဘာတွေ လုပ်ကြရင်ကောင်းမလဲ စဉ်းစားမိတာလေး ပြောချင်လို့ပါ။
.
အချက်လေးချက် ပြောလိုပါတယ်
.
. . . နိုင်ငံတကယ်ဖွံ့ဖြိုး တိုးတက်ဖို့ဆိုရင် သိပ္ပံနဲ့ နည်းပညာ သင်္ချာဘာသာရပ်တွေမှ ထူးချွန်ဖို့လိုကြောင်း၊ အဲသည်ဘာသာရပ် ထူးချွန်တဲ့ နိုင်ငံတွေက ကမ္ဘာ့ထိပ်တန်းကို ရောက်နေကြောင်းတွေကို မကြာခဏကြားခဲ့ကြပြီးပါပြီ။ အဲဒါနဲ့အတူတူ အရေးကြီးတဲ့ နောက်ထပ် အချက်တစ်ခုက အသင်းအဖွဲ့နဲ့လုပ်တတ်တဲ့ စိတ်ရင်းခံဖြစ်ပါတယ်။ ဒါကိုလည်း ငယ်စဉ်ဘ၀ကတည်းက ကျောင်းတွေမှာ လေ့ကျင့်ပေးလို့ ရနိုင်ပါတယ်။ တတိယမြောက် အရေးကြီးတဲ့အချက်က တီထွင်ဖန်တီးမှုအတွက် စာပေ အနုပညာနဲ့ ဂီတ ပန်းချီတို့ကိုပါ ခံစားတတ်ဖို့ ငယ်စဉ်ကတည်းက သူတို့လေးတွေရဲ့ နှလုံးသားကို ပြုစုပျိုးထောင်ပေးဖို့ လိုတာပါ။
.
. . . အထက်ပါ အချက်သုံးချက်နဲ့ ပြည့်စုံအောင် ပြုစုပျိုးထောင်ပေးထားတဲ့ တီထွင်ဖန်တီးဥာဏ်အားကောင်းတဲ့ သင်္ချာနဲ့ သိပ္ပံထူးချွန်တဲ့ မျိုးဆက်သစ်တွေအတွက် နောက်ထပ် စတုတ္ထမြောက် အရေးကြီးတဲ့ အချက်ကတော့ သူတို့တွေ လက်ရည်စမ်းနိုင်မယ့် အခွင့်အရေးများများ ရရှိအောင် အခြေခံအဆောက်အအုံပိုင်းမှာ အားဖြည့်ပေးထားဖို့ လိုပါတယ်။
.
. . . အခြေခံအဆောက်အအုံဆိုလို့ စက်ရုပ်တီထွင်ဖန်တီးတဲ့ ၀ပ်ရှော့ကြီးတွေ စက်ကိရိယာအစုံအလင်နဲ့ အလုပ်ရုံကြီးတွေကိုချည်းပဲ ပြေးပြီး မမြင်သင့်ပါဘူး။ ကျွန်တော်တို့ ကလေးတွေ ရှာရှာကြံကြံ တီထွင်ဖန်တီး (ဆော့ကစား) ဖို့အတွက်ကို အခွင့်အရေးတွေ ဖန်တီးပေးသင့်ပါတယ်။ အနည်းဆုံးတော့ ကလေးတွေ ကစားတာကို အားပေးအားမြှောက်ပြုမယ့် ၀န်းကျင်ကို ဖန်တီးပေးသင့်ပါတယ်။
.
. . . ဥပမာ တစ်ခုပြောမယ်ဆို ကျွန်တော်ငယ်ငယ်က ရှာရှာကြံကြံ အင်မတန်လုပ်တတ်ပါတယ်။ ရွှေသွေးတေဇ စာအုပ်တွေထဲမှာပါတဲ့ ကစားနည်းတွေကိုကြည့်ပြီး တီတီထွင်ထွင်လည်း လုပ်တတ်ပါတယ်။ လေညွှန်တံတို့ လေဖိအားသုံးကိရိယာတို့ လေတိုက်ရင်လည်တဲ့ စကြ်ာ သီတင်းကျွတ်မှာထွန်းမယ့် မီးပုံး စတာတွေကို အိမ်မှာရှိနေတဲ့ ဘောပင်ဟောင်းတွေ ၀ါယာကြိုးတွေ ပင်အပ်တွေ ချောကလက်ဘူးခွံတွေသုံးပြီး လုပ်ဖူးပါတယ်။ ဒါပေမယ့် ကလေးတစ်ယောက် အဲသလို ရှာရှာကြံကြံတွေ လုပ်ဖို့အတွက် အားပေးမယ့် ၀န်းကျင်မရှိခဲ့ပါဘူး။ ဒီလိုလုပ်နေတာဟာ ကလေးတစ်ယောက်အတွက် လိုအပ်တဲ့ အရည်အသွေးတွေပါလားလို့ ဘယ်သူကမှ အသိအမှတ်မပြုကြသလို အားပေးကြဖို့ဆိုတာ ဝေလာဝေးပါ။ ကျောင်းစာတွေ အလွတ်ကျက်နေဖို့ထက် ကျန်တာဘာမှ အရေးမပါသလို တွေးခေါ်တုန့်ပြန်တဲ့ ပတ်ဝန်းမှာ ဒီလိုအလုပ်တွေကို အားပေးကြဖို့ နေနေသာသာ ပေါက်ကရဆော့တယ်ဆိုပြီး ပိတ်ပင်တားမြစ်တဲ့ ပတ်ဝန်းကျင်မှာသာ ကြီးခဲ့ရတာပါ။ ဒါက အိမ်နဲ့ပတ်ဝန်းကျင်ကို ပြောတာပါ။
.
. . . ကျောင်းကိုကြည့်ကြပါစို့။ ဆိုရှယ်လစ်ခေတ်မှာ မူလတန်းတက်ပြီး စစ်အစိုးရခေတ်မှာ အလယ်တန်းအထက်တန်းရောက်ခဲ့တဲ့ ကျွန်တော်တို့ ကျောင်းသားဘ၀တုန်းက ပုဂ္ဂလိက စာသင်ကျောင်းဆိုတာ ရှိမှန်းတောင် မသိခဲ့ရသလို ကိုယ်တက်နေတဲ့ အစိုးရတန်းကျောင်းတွေမှာလည်း တီထွင်ဖန်တီးမှုဆိုတာ ချိုနဲ့လားလို့ မေးရလောက်အောင် ခေါင်းပါးခဲ့ပါတယ်။ ရွာကျောင်းမှာနေခဲ့ရလို့ ပြေးလွှားကစားခုန်စား၊ ဆရာဆရာမတွေရဲ့ ပုံပြောကောင်းတာရဲ့အကျိုးဆက် စာတွေကဗျာတွေ ချစ်တတ်တာက ကျွန်တော်တို့ ကျောင်းက ရခဲ့တဲ့ အစွမ်းကုန်သော ကိုယ်ရည်ကိုယ်သွေးတွေ ဖြစ်ပါတယ်။ အဲဒါမျိုးတွေကလွဲရင် ကျောင်းစာဆိုတာ စာအုပ်ထဲမှာပဲ ရှိနေတဲ့အရာဖြစ်ခဲ့ပါတယ်။
.
https://www.facebook.com/bokaunghtetsan/posts/706673079695970?__tn__=K-R
.
. . . တစ်ခြားသော ရှာရှာကြံကြံ တီတီထွင်ထွင် လျှောက်လုပ်ဖို့ အသာထားလို့ သင်ခန်းစာထဲမှာပါတဲ့ အကြောင်းအရာတွေကို လက်တွေ့ဘ၀နဲ့ ထင်ဟပ်ပြတာမျိုး အားနည်းခဲ့တယ်လို့ ထင်ပါတယ်။ ဥပမာတစ်ခုပြောရရင် နေကြတ်တာမျိုးပေါ့။ ကိုယ်တွေအိမ်က သတင်းစာယူတဲ့အိမ်မို့ နေကြတ်လကြတ်တွေကို အိမ်ကလူကြီးတွေပြောတာနဲ့ သတင်းစာမှာ ဖတ်တာနဲ့ သိနေပါတယ်။ နာရီအတိအကျ မဟုတ်ရင်တောင် နေ့လည် ထမင်းစားနားပြီး ကျောင်းပြန်တက်ပြီးရင် နေကြတ်မယ်ဘာညာ ဆိုတာလောက် အမှတ်သညာ ထားတဲ့နေ့မျိုးတွေမှာ အပြင်မှာတကယ်နေကြတ်တဲ့အချိန် ကျွန်တော်တို့က စာသင်ခန်းထဲမှာ ကဗျာတွေ အော်ဆိုနေရတာမျိုးဖြစ်ပါတယ်။ နေကြတ်နေပြီဆိုတာ စိတ်က သိနေပေမယ့် နေကြတ်တာကို ကြည့်ချင်တယ်ရယ်လို့လည်း ဘယ်သူ့ကိုမှ မပြောရဲသလို နေကြတ်တဲ့အကြောင်းကိုလည်း ကျောင်းမှာ ဘယ်သူမှ တခုပ်တရလုပ်ပြီး ပြောတာမျိုး မကြုံခဲ့ဖူးပါဘူး။ ကျောင်းသားတွေကို နေကြတ်တဲ့အကြောင်း တစ်ခါတည်း လက်တွေ့ပြ ရှင်းပြသင်ပြဖို့ဆိုတာ ဝေလာဝေးပေါ့။
.
. . . ဆိုရှယ်လစ်ခေတ်သဘောတရားတွေအရ ငွေကြေးကြွယ်ဝချမ်းသာတာဟာ ၀ိသမလောဘဆိုတဲ့ သဘောတရားနဲ့ ဆက်စပ်မြင်မြင်နေတတ်တာက ဆိုရှယ်လစ်ခေတ်ကြီးပျက်သွားပြီးနောက်ပိုင်း တော်တော်ကြာကြာထိ ရှိနေတယ်လို့ ထင်တာပါပဲ။ ဒါကြောင့် လောကမှာ ငွေနဲ့ဂုဏ် (ပိုက်ဆံချမ်းသာတာနဲ့ အတန်းတွေအောင်ဘွဲ့တွေရတာ) ဟာ အဆက်အစပ် မရှိဘူးလို့ပဲ တွေးမိပြီး ငွေ နဲ့ ဂုဏ် ဆိုတာ တစ်ခုလိုချင် တစ်ခုစွန့်လွှတ်ရမယ်ဆိုတဲ့ ယုံကြည်ချက်မျိုး ပေါက်ဖွားလာရတဲ့အထိပါပဲ။
.
. . . အဲသည်လို ယုံကြည်မှုမျိုးက ဘယ်အထိ သက်ရောက်သလဲဆိုရင် မင်းစာတော်အောင်လုပ်မလား ပိုက်ဆံချမ်းသာအောင်လုပ်မလား၊ တစ်ခုကိုပဲ မင်းရမယ်ဆိုတဲ့ သဘောတရားထိရောက်သွားပြီး ကျောင်းမှာ စာတော်တာ ထူးချွန်တာက သပ်သပ်၊ တကယ့်လက်တွေ့ဘ၀မှာ ကိုယ့်ကိုယ်ကို ကြီးပွားချမ်းသာအောင် လုံ့လပြုတာက သပ်သပ်ဆိုတဲ့ အတွေးမျိုးနောက်မှာ ကျောင်းပညာဆိုတာ စာအုပ်ထဲမှာသက်သက်ပဲ အပြင်လောကမှာ အသုံးမ၀င်ပါဘူးလေဆိုတဲ့အထိ ရောက်သွားခဲ့သလိုပါပဲ။
.
. . . ကျွန်တော်တို့ ငယ်ငယ်က တီထွင်ဖန်တီးမှုပိုင်းမှာ အားပေးအားမြှောက်မခံရတာ၊ ကျောင်းစာဆိုတာ တစာစာအံနေပြီး စာမေးပွဲမှာ မှန်မှန်ပြန်ချရေးတတ်ရင် အမှတ်ကောင်းရင် ထူးချွန်တယ်လို့ အသိအမှတ်ပြုခံရတာတွေရဲ့ အကျိုးဆက်က အခု ကျွန်တော်တို့ မြင်နေရတဲ့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ လက်ရှိအခြေအနေပဲလို့ ထင်ပါတယ်။
.
. . . တကယ်တမ်းကျတော့ ကျောင်းပညာထူးချွန်တာက ပြင်ပလောကမှာ ထူးချွန်ထက်မြက်ဖို့အတွက် အောင်မြင်ပေါက်မြောက်ဖို့အတွက် အဓိကကျတဲ့ အကြောင်းရင်းဆိုတာ တဖြည်းဖြည်း လူလားမြောက်မှ သိသိလာရတာပါ။ ဟိုနိုင်ငံဒီနိုင်ငံတွေရောက်မှ ကျွန်တော်တို့ ကြီးမှသိတဲ့ အသိမျိုး အတွေးမျိုးကို သူတို့ဆီမှာ ငယ်ငယ်ကလေးတည်းက နှလုံးသားထဲခေါင်းထဲ ထည့်ပေးထားကြတာပါလားဆိုတာ သိလိုက်ရတာပါ။
.
. . . တစ်ခါတစ်လေမှာ အက်ဒီဆင်တို့ဘာတို့ တန်းကျောင်းမနေဘဲ ထူးချွန်ထက်မြက်တဲ့အကြောင်းတွေကို ပြောကြရင်း တန်းကျောင်းက အရေးမပါသလိုမျိုး အကောက်အယူလုပ်ကြတာ ကြားဖူး မြင်ဖူးပါတယ်။ ဒါကို ကျွန်တော်က သဘောမတူပါဘူး။ လူတိုင်းက သာမန်လူသာဖြစ်ပြီး အက်ဒီဆင်လို သူများနဲ့ ဥာဏ်ရည်မတူလို့ အိမ်မှာ စာသပ်သပ်သင်ပေး သူ့ဘာသာ ရှာဖွေလေ့လာ တီထွင်ဖန်တီးနိုင်တဲ့ ဥာဏ်ကြီးရှင်မျိုးမှာ တစ်ခေတ်မှာတစ်ယောက်လောက်သာ ထွန်းပေါက်တတ်တာပါ။ သူ့အမေက စာသင်ပေးနိုင်လို့သာ သူက ထွန်းပေါက်တာပါ။ ကျန်တဲ့ အများစုသော ကလေးများအတွက် ကျောင်းပညာရေးလို စနစ်ကျတဲ့ သင်ယူဝန်းကျင်မျိုးကို ကျောင်းပညာရေးကသာ ပေးနိုင်ပါတယ်။
.
. . . နောက်တစ်ခုက လောကမှာ အက်ဒီဆင်လို တစ်ယောက်ကောင်း ထွန်းပေါက်နိုင်တာမျိုးထက် အသင်းအပင်း အစုအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်တာမျိုးကိုသာ ပိုပြီး အားပေးထိုက်ပါတယ်။ ဆရာဖေမြင့်စာတစ်ပုဒ်မှာပါသလိုပဲ ငွေတစ်ရာနဲ့တစ်ရာ ပေါင်းလိုက်ရင် ငွေနှစ်ရာသာဖြစ်သွားပေမယ့် ဥနှောက်တစ်ခုနဲ့တစ်ခုပေါင်းလိုက်ရင် ဥနှောက်နှစ်ခုမက ဆယ်ခုလည်းဖြစ်နိုင်တယ် တစ်ရာလည်းဖြစ်နိုင်တယ်။ တစ်ထောင်လည်း ဖြစ်နိုင်တယ် ဆိုတာမျိုးလိုပါပဲ။ ဒါကြောင့် တစ်ဦးကောင်းတစ်ယောက်ကောင်း လူစွမ်းကောင်းတွေထက် အသင်းအပင်းအဖွဲ့အစည်းနဲ့ စုစည်းညီညွှတ် စုပေါင်းလုပ်ဆောင် တီထွင်ဖန်တီးတာမျိုးက ပိုပြီး အားပေးထိုက်တယ်လို့ ယုံကြည်ပါတယ်။
.
. . . အပေါ်မှာ ပြောခဲ့တာတွေကို ခြုံငုံကြည့်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံအတွက် မျိုးဆက်သစ်တွေကို ရင်းနှီးမြှပ်နှံပြုစုပျိုးထောင်တဲ့နေရာမှာ သင်္ချာနဲ့သိပ္ပံပညာကို အလေးထားသင်ကြားဖို့၊ ပူးပေါင်းဆောင်ရွက်တတ်တဲ့ အကျင့်ကို လေ့ကျင့်မွေးမြူဖို့၊ တီထွင်ဖန်တီးမှုအတွက် စာပေ ဂီတ ပန်းချီ အနုပညာတွေကို ကလေးဘ၀ကတည်းက နှလုံးသားနဲ့ ယဉ်ပါးနေစေဖို့ စတဲ့ အချက်သုံးချက်အပြင် တီထွင်ဖန်တီးမှုကို အားပေးအားမြှောက်ပြုတဲ့ စိတ်ထားတွေရင်းနှီးကျွမ်းဝင်နေတဲ့ ပတ်ဝန်းကျင်ကောင်းကို ကျွန်တော်တို့ လူလတ်ပိုင်းတွေကိုယ်တိုင် တည်ထောင်ဖို့ အရေးကြီးကြောင်း ပြောလိုရင်းဖြစ်ပါတယ်။ ဒါက လောလောဆယ် တွေးမိသလောက်ဖြစ်ပြီး ဒီထက်မက ပြောမယ်ဆို ပြောစရာတွေ အများကြီး ရှိနေအုံးမှာပါ။
.
. . . ကျွန်တော်တို့ သားသမီးတွေကို အနည်းဆုံးတော့ အထက်ကပြောတဲ့ အချက်လေးချက်နဲ့ ဖြည့်ဆည်းထောက်ပံ့ပေးနိုင်အောင် ကျွန်တော်တို့ ကိုယ်စီကိုယ်စီ ကိုယ့်အိမ်မှာကိုယ် စလိုက်ကြရအောင်ပါ
.
ဗိုလ်ကောင်း
၂၂ သြဂုတ် ၂၀၁၈
.
ဓာတ်ပုံ။ ဂျပန်နိုင်ငံ နိဂတခရိုင် စက်မှုလက်မှု အထက်တန်းကျောင်း ကောလိပ် တက္ကသိုလ် တစ်ခုကို သွားလေ့လာတုန်းက တွင်ခုံအခန်းတစ်ခုထဲမှာ ရိုက်ခဲ့တဲ့ပုံဖြစ်ပါတယ်။ အခြားသော စက်ရုပ်ခန်း ဆားကစ်ခန်း ဂဟေခန်း စသည်ဖြင့် ကိုယ့်စိတ်ကူးတွေကို လက်တွေ့ဖော်နိုင်တဲ့ ကိရိယာတွေကို အလုံးအရင်းနဲ့ ထားပေးပြီး စုပေါင်း လုပ်ဆောင် လေ့ကျင့် သင်ကြား တီထွင် ဖန်တီး နေကြတာပါ။

Tuesday 21 August 2018

Thayninga Institute for Strategic Studies - သေနင်္ဂ

https://www.facebook.com/thayninga/
https://thayninga.org/

"through #negotiation and through #evolution"

Amending the constitution has principally been agreed by all the stakeholders in Myanmar political hermisphere including the previous government, the current government, the Tatmadaw, the ethnic armed organizations, the political parties and other stakeholders. The intention of the NLD was rather radical for this purpose until the establishment of the current government. It seems to me that the radical to moderate shift of the NLD's constitutional amendment orientation is resulted from the experience of administering the complex polity of Myanmar. Up to now, no NLD leadership (except from some idiot fellows) mentions a need of a revolution to change the constitution, and rather says evolution. Unfortunately, the media (especially domestic ones) will never highlight such words as "But we aim to achieve it through #negotiation and through #evolution" because it seems boring and will not escalate the heart-beat of the fatheads, the majority of the people who enjoy their yellow journalism.
.
(refer to the 43rd Singapore Lecture)

Wednesday 15 August 2018

အမျိုးသားရေးဆိုင်ရာ စာပေရုပ်သံ သမိုင်းကြောင်း (၂၀၀၀ - ၂၀၁၈)


ခုနစ်တန်းရှစ်တန်းလောက်မှာ အခန်းထဲက သူငယ်ချင်းတွေ လက်ဆင့်ကမ်းလို့ စမြင်ဖူးတာ။ အညိုရောင် စက္ကူကြမ်းပေါ်မှာ လက်ရေးနဲ့ရေး ဖယောင်းစက္ကူနဲ့ လှိမ့်ထုတ်ပြီး ချုပ်စက်နဲ့ညှပ်ထားတဲ့ စာအုပ်လေးတွေ။ တစ်ခါတစ်လေ ရုပ်ပြစာအုပ်လေးတွေလည်း တွေ့တယ်။ အဲသည်စာအုပ်လေးတွေခေတ်က တော်တော်ကြာတယ်ပြောရမယ်။ ခုနစ်တန်း ရှစ်တန်း ကိုးတန်း ဆယ်တန်း တက္ကသိုလ်တက် ကျောင်းဆင်း။ နောက် ရန်ကုန်တက္ကသိုလ်ရောက်တော့ အင်တာနက်ခေတ်က စနေပြီ။ ဆိုပေမယ့်လည်း အွန်လိုင်းမှာက သိပ်မကျယ်ပျံ့သေးဘူး။ နောက်ပိုင်းမှာ ဘလော့တွေ ခေတ်စားလာပြီး ကွန်ပြူတာစာစီနဲ့ သရုပ်ဖော်ပုံ လှလှလေးတွေနဲ့။ ကျောင်းသားဆောင်မှာ အခန်းထဲ ကွန်ပြူတာရှိတဲ့သူ တီဗီ အောက်စက်ရှိတဲ့ တစ်ချို့အခန်းမှာတော့ အခွေထိုးကြည့်လို့ ရနေပြီ။ မောင်မင်းကြီးသားတွေကလည်း သဘောကောင်းကြတယ်။ လူမရှိလည်း အခန်းကိုဖွင့်ပေးထားတယ်။ အချင်းချင်းတွေပဲဆိုတော့ ကြိုက်တဲ့အချိန် သွားကြည့်ကြ။ တစ်ခါတစ်လေ ကျောင်းပိတ်ရက် နေ့လည်နေ့ခင်း အခန်းတံခါးပိတ် စုပြီး ကြည့်နေကြတုန်း မိန်းကလေး သူငယ်ချင်းတွေ အဆောင်ပေါ်တက်လာလို့ ပြေးပေါက်မှားကြတာမျိုးလည်း ရှိတယ်။ ကျောင်းဆင်းပြီး လုပ်ငန်းခွင်ရောက်တော့ ဘလော့စာမျက်နာတွေက တော်တော် ခေတ်စားနေပြီ။ နိုင်ငံရေးရောဘာရော အစုံပေါ့။ အဲသည်မှာ အမျိုးသားရေးဆိုင်ရာ စာပေတွေ ရုပ်သံတွေ ဇာတ်လမ်းတွေက တော်တော်ကို ခေတ်စားလာပြီပြောရမယ်။ လက်ကိုင် စမတ်ဖုန်းတွေ ခေတ်မစားသေးပေမယ့် အမ်ပီဖိုးလို့ခေါ်တဲ့ လက်တစ်ဝါးစာ ရုပ်သံစက်လေးတွေနဲ့ ကြည့်လို့ရနေပြီ။ တစ်ချို့တွေမှာလည်း လက်တော့လေးတွေ ဆောင်လာကြပြီဆိုတော့ ကြည့်စရာရှုစရာ တော်တော် ပေါလာပြီပြောရမယ်။ ရုံးတွေမှာလည်း ကွန်ပြူတာတွေက ဖောဖောသီသီ သုံးလာကြ အင်တာနက်တွေလည်း တပ်လာကြပြီဆိုတော့ အဆောင်မှာ မကြည့်ရတောင် ရုံးမှာတော့ ညနေ ငါးနာရီနောက်ပိုင်း ကိုယ့်လူကြီးမပြန်သေးလို့ ကိုယ်တွေလည်း မပြန်ရသေးဘူးဆို စက်ရှေ့လူစုပြီး ကြည့်ကြ ဝေဖန် လေကန်ကြ အရိုးများသေး ချေးခါးသလေး မစားရ၀ခမန်းတွေပြောကြပေါ့။ နောက်ပိုင်း စမတ်ဖုန်းတွေ သုံးလာကြပေမယ့် အဲဒါကတော့ သိပ်မတွင်ကျယ်သေးဘူး။ စမတ်ဖုန်းက ဘရောက်ဇာကနေ အင်တာနက်ကြည့်ရတာ သိပ်မှ မမိုက်တာကိုး။ ဖေ့ဘုတ်တွေ ခေတ်စားလာချိန် အစောပိုင်းမှာလည်း ဂရုတွေဘာတွေထောင်တာ သိပ်ခေတ်မစားသေးတော့ မတွင်ကျယ်သေးဘူး။ ဒီလိုနဲ့ ဆင်းကတ်တစ်ထောင့်ငါးရာဖြစ်တဲ့နောက်ပိုင်း ဖေ့ဘုတ်လူမှုကွန်ယက်တွေလည်း ပိုပြီး ခေတ်စားလာ၊ ဂရုတွေဘာတွေထောင်ရကောင်းမှန်းသိလာ၊ စကားဝိုင်းဖွဲ့ဂရုတွေမှာလည်း ကိုယ့်အချင်းချင်း ရဲဘော်ရဲဘက်စိတ်နဲ့ ဝေမျှလာလိုက်ကြတာ။ ဒီကနေ့ဆို အသစ်အသစ်တွေက တစ်နေ့တစ်နေ့ ထွက်လာလိုက်တာ ပေါလွန်းအားကြီးလို့ အရမ်းကို ခရေဇီဖြစ်တဲ့ ကလပ်စစ်တွေကလွဲရင် စက်ထဲမှာ ဘာမှ သိမ်းထားစရာ မလိုတော့သလောက်ပဲ
.
ဓာတ်ပုံ - ကားတွေ ညစ်ညမ်းတာတွေ့ရင် ဖမ်းမယ်ဆိုလားလို့ သန့်ရှင်းရေး ဂရုစိုက်နေရတာ

Wednesday 8 August 2018

ခေတ်သစ်မြန်မာ့သမိုင်း ချီးပေခဲ့ရသည့်ကာလ


မင်းမဲ့စရိုက်များ ဆူပူအကြမ်းဖက်သောင်းကျန်းမှုများ လုယက်ဖျက်ဆီးမှုများ နိုင်ငံရေးစနစ်ပြောင်းရေးထက် မိမိတို့လူတစ်စု အာဏာရရေးကိုသာ အလေးပေးသော ဖန်တီးလုပ်ဆောင်ချက်များဖြင့် ဖြူစင်တက်ကြွသော ကျောင်းသားလူငယ်များကို အသုံးချကာ စားဝတ်နေရေး ကျပ်တည်းနေသည့် ပြည်သူတို့ကို ခုတုံးလုပ်ပြီး မြေပေါ်မြေအောက်နည်းလမ်းများ လူအချင်းချင်း စွပ်စွဲသတ်ဖြတ် အရှင်လတ်လတ် ခေါင်းဖြတ်မီးရှို့မှုများ တင်းကျမ်းရှိခဲ့သော မြန်မာ့သမိုင်း ချီးပေခဲ့ရသည့် အခိုက်အတန့် ကာလဆိုးကြီးကို သင်ခန်းစာယူနိုင်ကြစိမ့်သောငှာ

Tuesday 7 August 2018

Yario Suika 八色スイカ


A number of watermelons are left behind not because they are disqualified. They also have the same qualities in terms of color, deliciousness, delicacy, juicy and taste. The only reason they are not brought to the market is the SIZE. They are neither big nor small enough to fit the size of small, medium or large commercial boxes for delivery service.
.
The lesson learned here is that you might have the similar qualifications to your colleagues but it doesn’t mean you are guaranteed to be selected for a higher position or important duties or whatsoever. You also need to fit with the convenience of the organization and demand of the market.
.
Otherwise you will be left behind and discarded as if you are good-for-nothing like these watermelon left in the field.
.

Monday 6 August 2018

Dad


19 years ago today, during my cadethood at the DSA, my dad left the family for an unforeseeable journey. About one month later I was notified about it but it was very hard for me to accept the reality of my dad’s expiration. I tried to look for a clue of my dad existence at home during my 28 days regular official leave despite my knowledge he has already passed away some months ago. Finally I had to believe that my dad will never come back to me. I often have a strong wish that I get a hug of my dad especially when I pass my hard time.

Thursday 2 August 2018

bad memories



The current scientific advancements claim that deletion of the bad memory from a human being’s brain is possible. The technology has also been proofed workability. If it is applicable to me, I really want to delete my memory before the years I graduated from the University of Yangon when I had no immediate friend to share my pain and happiness, and always forced to be an idol of the schooling environment. I had nothing to recall the enjoyable events belong to me with my contemporaries and