Thursday 30 April 2020

ကြွေရက်ကယ်စောလို့ နှမြောမိတယ်ထွေးညိုရယ် .



. . . ရင်ဂိုတို့ မာရဇ္ဇတို့ ဇော်ဝင်းထွဋ်တို့ခေတ်မှာ လူဖြစ်လာတဲ့ ကိုယ့်အတွက် ထွေးညိုသီချင်းက တော်တော်လေး ခေတ်နောက်ကျတဲ့သီချင်းတစ်ပုဒ် ဆိုပေမယ့် အမေ့ကျေးဇူးနဲ့ ခေတ်ဟောင်းတေးတွေ ကြိုက်တတ်တဲ့ကိုယ့်အတွက် ထွေးညိုသီချင်းကလည်း ကိုယ့်အကြိုက်ဆုံးတစ်ပုဒ်အပါအပေါ့၊ နောက်ပိုင်း ထွေးညိုတို့ ကိုရင်သစ္စာတို့ ဘကြီးမှုန်တို့ဇာတ်လမ်းတွေကို သိလိုက်ရတဲ့အချိန်မှာ ဇာတ်လမ်းလေးနဲ့တွဲပြီး ပိုလို့တောင် ကြိုက်မိသေးတယ်၊ သီချင်းထဲက ကိုရင်သစ္စာက စစ်သားမို့လို့ ကိုယ်တိုင်စစ်သားဖြစ်လာတဲ့အချိန်မှာ ရွာအပြန်ညောင်ညိုပင်ရိပ်ကစောင့်နေမယ့် ထွေးညိုမရှိခဲ့ပေမယ့် ထွေးညိုကို ကြိုက်နေတာတော့ လျော့မသွားတဲ့အပြင် တိုးတောင်လာသေးလားမှတ်ရ
.
. . . ထွေးညိုသီချင်း အခု ယူကျုမှာဖြစ်ဖြစ် လိုက်ရှာကြည့်လိုက်ရင် ငါးမိနစ်ကျော်ရုံလေးနဲ့ သီချင်းအဆုံးသတ်သွားတာကို တွေ့ရဖို့များတယ်။ ရွာအဝင်လမ်းဝယ် မောရင်းပန်းရင်း လွမ်းစရာကြုံတော့တယ် ဆိုတဲ့ ကိုရင်သစ္စာရဲ့ အလွမ်းခန်းနဲ့ သီချင်းကို အဆုံးသတ်ထားတာကိုပဲ တော်တော်များများက နားထောင်ဖြစ်ကြတော့မယ်ထင်တယ်၊ ဘာလို့လဲဆိုတော့ အခုခေတ် ပြန်ရှာလို့လွယ်တဲ့ သီချင်းအပုဒ်တွေကလည်း အဲသည်နေရာမှာတင် အလွမ်းနဲ့ အဆုံးသတ်ပြီး ဇာတ်နာထားလိုက်ကြတာကိုး
.
. . . ထွေးညိုသီချင်းကို အဆုံးထိသာ သေချာနားထောင်မိရင် ထွေးညိုသီချင်းကို အခုကြိုက်နေကြသလောက်ကြိုက်ကြပါတော့မလားလို့ သံသယဖြစ်မိတယ်၊ ဘာလို့လဲဆိုတော့ သီချင်းက နောက်ပိုင်းမှာ နိုင်ငံရေးတွေပါလာတာကိုး

နှောင်းလေပြီ
ညောင်းရွက်ကယ်လေပွေချီတော့
မြေမဟီ ကြွေကာကျသည့်နှယ်
ကြွေရက်ကယ်စောလို့ နှမြောလှတယ်ထွေးညိုရယ်
ဆိုပြီး ထွေးညိုကို လွမ်းပြရင်းနဲ့ (ဆိုရှယ်လစ်)ခေတ်ကြီးက ဘယ်လောက်တောင် စည်ပင်တိုးတက်နေကြောင်း လွမ်းကြွားလေး ကြွားပြသလို ခံစားရမိတာကြောင့် သီချင်းအဆုံးထိ သေချာနားထောင်ကြည့်ရင် အစပိုင်းနားထောင်ရသလောက် ကောင်းပါ့မလားလို့ တွေးမိတာဖြစ်ပါတယ်၊
.
. . . တကယ်တော့ ထွေးညိုသီချင်းရယ်လို့မှ မဟုတ်ပါဘူးလေ
လုပ်ငန်းကိုင်ငန်းလေးကောင်းလို့ သောင်သာလို့ လူလူသူသူဖြစ်လာပြီဆိုလားရင် ငွေစကြေးစရွှင်လာပြီလားဆိုရင် အာ့လိုလူတွေကို မြေရှင်ယာရှင် စနစ်ဆိုးတို့ အရင်းရှင် အမြတ်ကြီးစားတို့ ခေါင်းပုံဖြတ်ဂုတ်သွေးစုပ်တို့ ဆိုတဲ့ မတန်ရင်ကာ တံဆိပ်ရိုင်းကြီးတွေတပ် လူဆိုးကြီးတွေလုပ်ပြီး ဇာတ်တွေနာပြကြတာ ထွေးညိုသီချင်းတစ်ပုဒ်ထဲမှာတင် မဟုတ်ပါဘူးလေ၊ အခု ယူကျုတို့ဘာတို့မှာ ပြန်ရှာရင် ရနိုင်တဲ့ အသံသွင်းကက်ဆက်ဇာတ်လမ်းတွေ ဇာတ်ထုပ်တွေ၊ ကိုယ်တွေငယ်ငယ်ကတောင် မီသေးတဲ့ ပြဇာတ်တွေမှာဆိုရင် ဆင်းရဲသားကျောမွဲတွေကသာ ဘာလုပ်လုပ်အမှန်၊ သူတို့သာလျှင် အဖိနှိပ်ခံနေရတဲ့လူတန်းစား၊ အရင်းရှင်တွေက သူတို့ကိုခေါင်းပုံဖြတ်အမြတ်ထုတ်ပြီး မသထာရေစာတွေ စားနေရသလိုမျိုး မြန်မာပြည်တစ်နံတစ်လျားမှာ ဆိုကြ ကကြ ဇာတ်တွေနာခဲ့ကြတဲ့ အကျိုးဆက်တွေက ပြီးခဲ့တဲ့ တပ်မတော်အစိုးရလက်ထက်ထိတောင် ခရိုနီခရိုပြာဆိုပြီး တံဆိပ်တပ်ခံနေရတုန်း ဗီလိန်ဇာတ်သွင်းခံနေရတုန်းမို့လား
.
. . . အခု လက်ထက်တော်ကြီးကျမှသာ ခရိုနီခရိုပြာလို့မခေါ်ရဘူး တိုက်ကွင်းဆိုလားခေါ်ရမယ်ဆိုပြီး အမှာတော်စကားကြောင့် ခရိုနီခရိုပြာနဲ့ အရင်းရှင်ဂုတ်သွေးစုပ်ဇာတ်ကြီးတွေ တစ်ခန်းရပ်သွားသလိုလိုရှိပေမယ့် အရင့်အရင် အနှစ်သုံးလေးဆယ်ကျော် နားထဲစွဲ နှလုံးသားထဲ စွဲလာခဲ့တဲ့ ထွေးညိုတို့ ဇာတ်နာတဲ့ အယူတွေက မပျောက်ကြသေးတော့ စက်ရုံအလုပ်ရုံတွေမှာ တစ်ခုခု အလုပ်သမားတွေက ဆူပုန်အုံကြွလုပ်ကြတယ်ဆိုရင်တောင် ကိုယ့်နိုင်ငံသား အောက်ခြေလူတန်းစား အရေအတွက်တစ်ခုကို အလုပ်အကိုင်ပေးထားတဲ့ စက်ရုံပိုင်ရှင်ကို ဥပဒေကပေးထားတဲ့ အကာအကွယ်တောင်မပေးနိုင်ဘဲ ထွေးညိုတို့အုပ်စုကို ဥပဒေနဲ့အညီ တားဆီးရမှာ လက်တွန့်နေကြတုန်းမို့လား၊ ဟိုကဂုတ်သွေးစုပ် အရင်းရှင်ကြီးက သူ့အခြေအနေမဟန်ရင် ရေကြည်ရာမြက်နုရာ ထွက်သွားမှာဖြစ်ပေမယ့် လတ်တလော စက်ရုံမှာ အလုပ်လုပ်နေကြတဲ့ နေ့စားလစား ထွေးညိုလေးတွေမှာ သုံးလစာ လုပ်ခလေးပိုက်ပြီး သောင်ပြင်မှာလွှတ်တဲ့ ဟင်္သာလေးဖြစ်သွားမှာမဟုတ်ဘဲ သံစဉ်တို့ မြတ်နိုးတို့ နာမည်ပြောင်းလိုက်ကြရတာကိုရော ဘယျသူက ဇာတျနာနပေေးနိုငျကွအုံးမှာပါလိမ့်
.
. . . အလုပ်သမားတွေ ဆူပူအုံကြွတာကို အလုပ်ရှင်ကဥပဒေအကာအကွယ်မရတာရယ် အစိုးရရဲ့ စောင့်ရှောက်မှုကိုမရတာရယ်ကြောင့် စက်ရုံကို ပိတ်လိုက်ရတယ် အလုပ်တွေရပ်လိုက်ရတယ် တစ်ခြားကိုပြောင်းသွားရပြီ ဆိုတဲ့ သတင်းတွေမြင်ရကြားရတိုင်း ကိုယ်ကတော့ မြေရှင်ယာရှင်စနစ်ဆိုးတွေကြောင့် အသေဆိုးသေခဲ့ရတဲ့ ထွေးညိုလေးအတွက်ပဲ ဆုတောင်းပေးနေမိတော့တယ်
.
အကြောင်းဖန် နှောင်းကံမွဲ
နန်းလယ်ဗွေ အခြေမလှခင်ဝယ်
ပန်းစံပယ်ကြွေ မြေခမရွှင်တယ်
မောင်ကြီးဆုတောင်းမယ်ကွယ်
ကောင်းရာအခြေရောက်ရစေသားတကယ်
.
ဗိုလ်ကောင်း
၃၀ ဧပြီ ၂၀၂၀

Wednesday 15 April 2020

အမှတ်ပေးစည်းမျဉ်း



. . . မိန်းမနဲ့ ယောက်ျား ကွာခြားတာတွေ အများကြီးရှိတဲ့အထဲမှာ အမှတ်ပေးစနစ်ကွာခြားတာလေးကို ပြောပြချင်တယ်၊ အမှတ်ပေးစနစ်ဆိုတာ ဘာလဲဆိုတော့ သူ့အတွက် တစ်ခုခု လုပ်ပေးလို့ သူတို့တွေက အသိအမှတ်ပြုပေးလိုက်တဲ့ အမှတ်ပေးစနစ်မျိုးပေါ့၊ ဥပမာ ယောက်ျားက မိန်းမကို ပန်းတစ်စည်းပေးရင် မိန်းမက ယောက်ျားကို အမှတ်ပေးလိုက်တဲ့ဟာမျိုး၊ မိန်းမက ယောက်ျားကို အင်္ကျီတစ်ထည်ဝယ်ပေးရင် ယောက်ျားက မိန်းမကို အမှတ်ပေးလိုက်တဲ့ဟာမျိုး၊ အဲသည်လို အမှတ်ပေးပုံတွေဟာ မိန်းမနဲ့ယောက်ျားမှာ မတူကြဘူးရယ်တဲ့
.
. .. ယောက်ျားတွေဘက်က စပြီးပြောပါမယ်၊ ယောက်ျားတစ်ယောက်က ပစ္စည်းတစ်ခုခု လက်ဆောင်ရတာပဲဖြစ်ဖြစ် မိန်းမ ရည်းစားက ပေးတာဖြစ်ဖြစ် အိမ်မှာ ယောက်ျားအတွက် အသုံးဝင်တာ တစ်ခုခု ဝယ်လိုက်တာဖြစ်ဖြစ်၊ တခြား အခွင့်အရေးတစ်ခုခု ပေးတာပဲဖြစ်ဖြစ်ပေါ့၊ အဲလိုမျိုးတွေမှာ ယောက်ျားတွေက အဲသည်ပစ္စည်း အဲသည်အခွင့်အရေးအတွက် ပေးတဲ့ ပေးမှတ်က သူတို့တွေ အဲဒါကို ဘယ်လောက် တန်ဖိုးထားသလဲ ဘယ်လောက်အသုံးဝင်သလဲ ဘယ်လောက်ကြိုက်သလဲဆိုတဲ့ပေါ်မှာ မူတည်ပြီး အမှတ်ပေးတတ်ကြတယ်။ ဥပမာ ညပိုင်းထမင်းမစားခင် အာမီရမ်သောက်တာကို မိန်းမက အပြစ်မပြောဘူးဆိုရင် ငါးမှတ်၊ အမြည်းလေးပါ လုပ်ပေးတယ်ဆိုရင် ဆယ့်ငါးမှတ်၊ အမြည်းလုပ်ပေးပြီး နံဘေးမှာထိုင်အဖော်လုပ်ပေး ပြောတာလေးတွေ နားထောင်ပေးတယ်ဆို သုံးဆယ့်နှစ်မှတ်၊ ထိုင်နေကြရင်း ယောက်ျားက မပြောရဘဲ မိန်းမကချည်း မသောက်ဘဲရစ်လာပြီဆိုရင် ဆယ့်ကိုးမှတ်ပြန်နုတ် စသည်ဖြင့်ပေါ့။ အရမ်းလိုချင်နေတဲ့ အိုင်ဖုန်းနောက်ဆုံးပေါ် ဝယ်ပေးတာတို့ဘာတို့ဆိုရင် အမှတ် ငါးရာ့ခြောက်ဆယ် စသည်ဖြင့် တစ်ခါတည်း ပေးပစ်လိုက်တာ၊ အဲ ယောက်ျားမကြိုက်တတ်တဲ့ အဝတ်အစားမျိုး ဘယ်လောက်ပဲ တန်ဖိုးကြီးကြီး ဝယ်ပေးတာမျိုးပဲ ဖြစ်ဖြစ် ကိုယ့်အကြိုက်မဟုတ်ရင် ငါ့မိန်းမငါ့ကို ဝယ်ပေးရှာသားဆိုတဲ့ သနားမှတ်လေး နှစ်မှတ်သုံးမှတ်လောက်ထက် ပိုမပေးတာမျိုး ယောက်ျားတွေက လုပ်တတ်တယ်
.
. . . မိန်းမတွေကျတော့ အာ့လိုမဟုတ်ဘူး၊ သူတို့က အကြိမ်ရေနဲ့အမှတ်ပေးကြတာမျိုး၊ သူတို့ကို ဘယ်လောက်ကြိုက်တဲ့ပစ္စည်းဖြစ်ဖြစ် ဘယ်လောက်တန်ဖိုးကြီးတဲ့ပစ္စည်းဖြစ်ဖြစ် ပေးရင် တစ်ကြိမ်အတွက် ဥပမာ သူတို့က သတ်မှတ်ထားတဲ့ တစ်ခါပေးသုံးမှတ်ဆို သုံးမှတ်ပဲ အာ့ထက်ပိုမပေးဘူး။ ပစ္စည်းက ဘယ်လောက်တန်ဖိုးကြီးကြီးနော် ဘယ်လောက်သူတို့လိုချင်တဲ့ အခွင့်အရေးပဲဖြစ်ဖြစ်နော် တစ်ခါကို သုံးမှတ်က သုံးမှတ်ပဲ။ စိန်တစ်ဆင်စာဝယ်ပေးလည်း မသကာ ပိုပေးရင် သုံးမှတ်ပေးနေကျကနေ ဆယ်မှတ်လောက် တက်ရင်တက်သွားဖို့ပဲ ၊ ယောက်ျားတွေလို အမှတ်ငါးရာ့သုံးဆယ်တို့ ခြောက့်ရာ့လေးဆယ်တို့ ရော့အင့်ဆိုပြီး အပုံလိုက်မပေးဘူး။ သူတို့သွားချင်တဲ့ ကမ်းခြေကို လိုက်ပို့တယ်နော် ခါတိုင်းသုံးမှတ်ပေးရင် ရှစ်မှတ်လောက်ပေးရင်ပေးလိုက်မယ် အာ့တာမိုင်ကုန်ပဲ
.
. . . ဆိုတော့ကာ ယောက်ျားလေးတွေဆီက အမှတ်လိုချင်ရင် မိန်းမတွေက သူတို့ဘာကြိုက်တာလဲ သိဖို့က အရမ်းအရေးကြီးတယ်၊ သူတို့ ဟတ်ထိမှ အမှတ်ရမှာလေ၊ နောက်ဆုံးကုန်ကုန်ပြောရရင် ယောက်ျားလေးတွေက ဘာမှ မတွေးမတောဘဲ တီဗီရှေ့ တွေ့ကရာလိုင်းဖွင့်ပြီး ငူငူကြီးထိုင်နေတာကို သွားမနှောင့်ယှက်ရင်တောင် အမှတ်တွေ တစ်ပုံကြီးရတတ်တာမျိုး၊ သူတို့အကြိုက်သိဖို့က သိပ်အရေးကြီးတာ
.
. . . မိန်းမတွေက တစ်ကြိမ်မှာ တစ်မှတ်ပဲပေးတာဆိုတော့ အမှတ်များများလိုချင်ရင် အကြိမ်ကြိမ်ပေးနေရမှာပေါ့တဲ့၊ အမှတ်လိုချင်တဲ့ သကောင့်သားတွေအတွက် နည်းလမ်းရှိပါတယ်ဗျ၊ အဲဒါက ပစ္စည်းတစ်ခုတည်းကို သူတို့စိတ်ထဲ အကြိမ်ကြိမ်ရနေတယ်လို့ ထင်အောင်လုပ်ရတာ၊ ဥပမာပေါ့ မိန်းမက လက်စွပ်လေးလိုချင်တယ်ပေါ့ ကိုယ်ကလည်း ဝယ်ပေးမယ်လို့ သေချာပြီဆိုရင် ချက်ချင်းကြီး ဝယ်လာပြီး စပရိုက်သွားမတိုက်လိုက်နဲ့၊ အာ့လိုလုပ်ရင် ခင်ဗျား သုံးမှတ်ပဲရမှာ မတန်ဘူး၊ ဒီလိုသာလုပ်
.
. . . သူကြိုက်တဲ့ လက်စွပ်က ဘယ်တစ်ခုဆိုတာ ဘယ်လောက်သေချာနေပါစေအုံးတော့ ခင်ဗျား အွန်လိုင်းပေါ်တက်ပြီး လက်စွပ်တွေ လျှောက်ရှာ ပုံစံတွေလျှောက်ကြည့် မိန်းမကိုခဏတိုင်း အာ့အကြောင်းပြောနေလိုက်၊ ခင်ဗျားတစ်ခါပြောလို့ သူ့စိတ်ထဲ ခင်ဗျားလက်စွပ်ဝယ်ပေးမယ့်ကိစ္စ တစ်ကြိမ်သိတိုင်း ခင်ဗျား သုံးမှတ် သုံးမှတ် ရနေမှာ၊ နောက်အပြင်သွားတယ်နော် သူမပါဘူးဆိုလည်း လက်စွပ်ဆိုင်ဘက်သွား နည်းနည်းပါးပါးကြည့်လာခဲ့ပြီး အိမ်ရောက်ရင် ပြန်ပြော မိန်းမရေ လက်စွပ်ဆိုင်ဘက်ရောက်ခဲ့တယ်သိလား သဲအတွက် လက်စွပ်တွေတောင်ကြည့်လာခဲ့သေးတယ်၊ ခင်ဗျား အာ့လိုသာ ကျပ်ကျပ်လုပ်နေလိုက် အမှတ်တွေက ပွားပွားနေတာ၊ တစ်ပတ်ဆယ်ရက်လောက် အာ့လိုလုပ်ပြီးမှ လက်စွပ်ကို တကယ်ဝယ်ပေးတဲ့ အချိန်လည်းရောက်ရော အရင်က သုံးမှတ်ပဲ ရနိုင်တဲ့ကိစ္စတစ်ခုအတွက် အမှတ် သုံးရာငါးဆယ့်ခုနစ်မှတ်ဆိုလည်းဟုတ် ရှစ်ရာနှစ်ဆယ့်ကိုးမှတ်ဆိုလည်းဟုတ်၊ ခင်ဗျားပွားယူတတ်ဖို့ပဲလိုတာ
.
. . . လက်စွပ်ဝယ်ပေးပြီးပြီမို့လား အမှတ်တွေ ထပ်ယူလို့ရသေးတယ်၊ နောက်နေ့ စိတ်ကူးပေါက်တဲ့ အချိန်တိုင်း မိန်းမ လက်စွပ်လေးက လှလိုက်တာ ငါ့မိန်းမနဲ့တော်တော်လိုက်တယ် စသည်ဖြင့် သတိရတိုင်း လက်စွပ်အကြောင်း ထပြောနေလိုက်၊ တစ်ခါပြောသုံးမှတ် မပိုင်ပေဘူးလား
.
. . . ကိုယ့်ညီတို့အတွက် သင်ခန်းစာက ရည်းစားတို့ ကောင်မလေးတို့ မိန်းမတို့ နောက်ဆုံး အမေပဲဖြစ်ဖြစ် ညီမပဲဖြစ်ဖြစ် ကိုယ်က တစ်ခုခု လုပ်ပေးရမယ် ဝယ်ပေးရမယ်ဆို ဘယ်တော့မှ စပရိုက်သွားမတိုက်နဲ့ မတန်ဘူး၊ အမှတ်တွေကို ရသလောက်သာ သဲ့ယူ
.
. . . ညီမလေးတွေကတော့ ကိုယ့်ကောင်လေး ဘာကြိုက်တတ်သလဲ သိအောင်လုပ်ပေါ့ ပြောသာပြောရတာပါ၊ ညည်းတို့တွေက သိသိကြီးနဲ့ ယောက်ျားတွေ မကြိုက်တာတမင်ရွေးရွေးလုပ်တတ်ကြတဲ့သူ ရစ်တတ်ကြတဲ့သူ ပိတ်ပင်တတ်ကြတဲ့သူ လက်ဆောင်ဝယ်ပေးရင်တောင် သူကြိုက်ဖို့ထက် ကိုယ်ကြိုက်ဖို့က ပိုအရေးကြီးတယ် သဘောထားတတ်ကြတဲ့သူတွေဆိုတော့ ပြောပြနေလည်း အပိုပါပဲ
.
. . . အဲသည်အမှတ်တွေက ဘာလုပ်ရမှာတုန်း
ဟ နင့်မေကလွှား အမှတ်ပေးစနစ်မှာ ပေးမှတ်တင်ရှိတာမဟုတ်ဘူး နုတ်မှတ်တွေလည်းရှိတယ်၊ ကိုယ့်ညီတို့အနေနဲ့ အခြေအနေပေးရင်ပေးသလို အမှတ်တွေကို များများပွား များများစုထား၊ နောက်ပိုင်း နုတ်မှတ်တွေအတွက် ကာမိတာပေါ့
.
ဗိုလ်ကောင်း
၁၅ ဧပြီ ၂၀၂၀

Tuesday 14 April 2020

Trace Together app

. . . ကိုရိုနာဗိုင်းရပ်စ်ရောဂါတိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး စင်္ကာပူအစိုးရ အသုံးပြုတဲ့ တယ်လီဖုန်း APP တစ်ခုအကြောင်း ပြောပြချင်ပါတယ်၊ ကိုယ်ကျွမ်းကျင်တဲ့ နယ်ပယ်မဟုတ်လို့ အစက မရေးဘူးလို့ စိတ်ကူးထားပေမယ့် ဘယ်သူမှ ရေးကြတာမတွေ့လို့ ဘယ်သူမှလည်း ဒီအကြောင်းပြောကြတာ အစိုးရကို အကြံပြုတာ မတွေ့လို့ (ကိုယ်မသိတာလည်း ဖြစ်နိုင်ပါတယ်) အထောက်အကူလေးတစ်ခု အကြံဉာဏ်လေးတစ်ခု ဖြစ်လိုဖြစ်ငြား ဒီစာကို ရေးပါတယ်
.
. . . Android & iOS နှစ်ခုလုံးမှာ သုံးလို့ရတဲ့ ဒီဟာလေးက ဘလူးတုဆက်သွယ်ရေးကိုသုံးပြီး ဒီဟာလေး ဖုန်းထဲထည့်ထားတဲ့သူတွေအချင်းချင်း အနည်းဆုံး မိနစ်သုံးဆယ် နှစ်မီတာအကွာမှာ အတူရှိနေမိရင် မှတ်တမ်းတင်ပေးထားတဲ့ app လေးဖြစ်ပါတယ်၊ အဓိက အလုပ်က တစ်ယောက်ယောက်များ ရောဂါရှိတယ်လို့ အတည်ပြုခံရခဲ့ရင် သူနဲ့ ဘယ်သူတွေ ဘယ်လောက်ကြာကြာ အတူရှိနေသလဲကို နောက်ကြောင်းလိုက်ပေးမယ့် ဟာလေးဖြစ်ပါတယ်။
.
. . . စင်္ကာပူအစိုးရနည်းပညာအေဂျင်စီက ထုတ်လုပ်ထားတဲ့ app လေးမို့ မြန်မာနိုင်ငံအနေနဲ့တော့ ဒီအတိုင်းယူသုံးလို့ မရပေမယ့် မြန်မာနိုင်ငံမှာလည်း အလားတူ app မျိုး လုပ်ပြီး ပြည်သူတွေ သုံးကြဖို့ အစိုးရက တိုက်တွန်းရင် ဖြစ်နိုင်စရာရှိပါတယ်၊ လူတိုင်းနီးပါးလက်ထဲမှာလည်း ဖုန်းတွေကိုင်ထားကြတဲ့ မြန်မာပြည်အနေနဲ့ ပိုးတွေ့သူနဲ့ ဘယ်သူတွေ အနီးကပ်နေခဲ့သလဲဆိုတာ သေချာနောက်ကြောင်းလိုက်နိုင်ဖို့ အများကြီး အထောက်အကူဖြစ်မယ်လို့ ထင်ပါတယ်
.
. . . ကုန်ခဲ့တဲ့ မတ်လ ၂၀ ရက်ကတည်းက သတင်းတွေမှာ တွေ့နေရတာမို့ အဲသည် app လေး ဘယ်လောက်အလုပ်ဖြစ်တယ်ဆိုတာ စင်္ကာပူအစိုးရလည်း သိနေလောက်ပါပြီ၊ အစိုးရချင်း ဆက်သွယ်ပြီး သူတို့ developer တွေနဲ့ချိတ်ဆက် အားသာချက် အားနည်းချက်တွေ မေးပြီးလုပ်ရင် ပိုကောင်းတဲ့ဟာကို ရနိုင်မယ်ထင်ပါတယ်
.
. . . ဒီကိစ္စက နည်းပညာနဲ့ အစိုးရမူဝါဒ ပေါင်းစပ်အလုပ်လုပ်ရမည့်ကိစ္စမို့ ဒီလောက်ပဲ ရေးပါတော့မယ်၊ အစိုးရအတွက် ထည့်သွင်းစဉ်းစားစရာတစ်ခုအနေနဲ့ အာဏာပိုင်တွေခေါင်းထဲရောက်အောင် ပို့ပေးကြဖို့ ပန်ကြားလိုပါတယ်ခင်ဗျ
.
ဗိုလ်ကောင်း
၁၄ ဧပြီ ၂၀၂၀
.
https://www.straitstimes.com/…/coronavirus-singapore-develo…

ရောဂါနဲ့ပတ်သက်တဲ့ ဥပဒေနှစ်ခု

ကိုရိုနာရောဂါကာကွယ်နှိမ်နင်းရေးနဲ့ ပတ်သက်ပြီး လိုအပ်လို့ တရားဥပဒေအရ တရားစွဲ အရေးယူမှုတွေ လုပ်နေကြတဲ့ နေရာမှာ ဥပဒေ ၂ ခုကို အဆင်ပြေသလို သုံးနေကြတာတွေ့လို့ စဉ်းစားမိတာလေးတွေ ရေးလိုက်ပါတယ်
.
. . . သတင်းတွေအရဆိုရင် ရန်ကုန်က ဘာသာရေးဝတ်ပြုဆုတောင်းပွဲလုပ်ခဲ့သူ လေးဦးကို #သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ နဲ့ အရေးယူခဲ့ပြီး နေပြည်တော်က စည်ပင်ရိပ်သာမှာထားတဲ့ စောင့်ကြည့်နေတဲ့ စည်းကမ်းမလိုက်နာသူပြည်တော်ပြန်( ၃) ဦးကို #ကူးစက်ရောဂါများကာကွယ်နှိမ်နင်းခြင်းဥပဒေပုဒ်မ( ၁၈)အရ အရေးယူထားတာကို တွေ့ရပါတယ်။ ဒါကြောင့် ဒီဥပဒေ နှစ်ခုနဲ့ ပတ်သက်ပြီးလေ့လာထားတာလေးတွေရယ် တွေးမိတာလေးတွေရယ်ကို ပြောပြပါမယ်
.
. . . #သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေမှာ
“လူသို့မဟုတ် တိရစ္ဆာန်များတွင် ကူးစက်ရောဂါ ဖြစ်ပွား ခြင်းကြောင့် သော်လည်းကောင်း၊ . . . အများပြည်သူ၏ အသက်အိုးအိမ်ဥစ္စာပစ္စည်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း၊ အခြေခံအဆောက်အအုံများ၊ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး သို့မဟုတ် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးမှုများကို ဆိုသည်” လို့ ပုဒ်မ ၂ မှာဖော်ပြထားတဲ့အတွက် ကူးစက်ရောဂါတွေနဲ့ ပတ်သက်ပြီးတော့လည်း ဒီဥပဒေက အကျုံးဝင်တာကိုတွေ့ရပါတယ်။ ပြစ်မှုနှင့်ပြစ်ဒဏ်များအခန်းမှာ ရန်ကုန်က ဘာသာရေးဆရာတွေကို စွဲဆိုနိုင်ဖွယ်ရှိတဲ့ ပုဒ်မ ၂ ခုတွေ့မိပါတယ်။ ပုဒ်မ ၂၅ နဲ့ ပုဒ်မ ၂၉ တို့ဖြစ်ပါတယ်။ ဘာတွေရေးထားလဲ ကြည့်ရအောင်ပါ
.
ပုဒ်မ ၂၅။ မည်သူမဆို ဆန်းစစ်ချက်မပြုလုပ်ဘဲ ပေါ့ဆစွာဆောင်ရွက်မှု တစ်ခုခုကြောင့်ဖြစ်စေ၊ ဘေးအန္တရာယ် တစ်စုံ တစ်ရာ ကျရောက်နိုင်သည်ကိုသိလျက်နှင့် တမင်ပြုလုပ်မှုကြောင့် ဖြစ်စေ၊ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လျှင် သို့မ ဟုတ် ဖြစ်ပေါ်စေရန်အကြောင်းရှိလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့် အပြင်ငွေဒဏ်လည်း ချမှတ်နိုင်သည်။
ပုဒ်မ ၂၉။ မည်သူမဆို ဤဥပဒေအရ ထုတ်ပြန်သောနည်းဥပဒေများ၊ အမိန့်ကြော်ငြာစာနှင့် အမိန့်တို့ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကိုတစ်နှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေချမှတ်ရမည်။
.
တစ်ခါ ဒီဥပဒေရဲ့ ပုဒ်မ ၄၁ မှာ “ ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်ဖြင့်သာ တရားစွဲဆိုရမည်။” လို့လည်း ပါနေတာကို တွေ့ရပြန်ပါတယ်။
.
. . . ဒါကြောင့် မေးစရာမေးခွန်းက ရန်ကုန်က ဘာသာရေးဆရာလေးယောက်ကို တရားစွဲဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ရဲ့ ကြိုတင်ခွင့်ပြုချက် ယူထားပြီးပြီလား၊ အဲသည်အဖွဲ့က ဖွဲ့ရောဖွဲ့ထားရဲ့လားဆိုတာဖြစ်ပါတယ်။
.
#ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေးဥပဒေ ပုဒ်မ ၁၄ မှာ
“ကျန်းမာရေးဝန်ကြီးဌာနက လုပ်ပိုင်ခွင့် အပ်နှင်းခြင်းခံရသော အဖွဲ့အစည်းသို့မဟုတ် အရာရှိသည် အောက်ပါကိစ္စရပ်များအတွက် တားမြစ်ပိတ်ပင်သည့် သို့မဟုတ် ကန့်သတ်သည့်အမိန့် ထုတ်ပြန်နိုင်သည်” လို့ပါရှိပြီး “14 (ဃ)။ မီးရထား၊ မော်တော်ယာဉ် လေယာဉ် ရေယာဉ် သို့မဟုတ် အခြားယာဉ်တစ်မျိုးဖြင့်ရောက်ရှိလာသူများအနက် အဓိက ကူးစက်မြန်ရောဂါဖြစ်ပွားနေသူ ပါရှိလာပါက ကျန်းမာရေးစစ်ဆေးရန်အလို့ငှာ သီးခြားထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်သောအချိန်အထိ ပြင်ပသို့ထွက်ခွာသွားလာခွင့်” ဆိုပြီး ပြဌာန်းထားတာကိုတွေ့ရပါတယ်။
.
နေပြည်တော် စည်ပင်ရိပ်သာမှာ စောင့်ကြည့်နေတဲ့ ပြည်တော်ပြန်တွေကို ဒီဥပဒေ ပုဒ်မ ၁၄ အရ ကန့်သတ်မိန့်ထုတ်ပြန်ထားတာရှိရဲ့လားဆိုတာ မေးစရာရှိပါတယ် (ဥပဒေအရ ကန့်သတ်မိန့် တရားဝင်ထုတ်ပြန်ထားတာ မဟုတ်ဘူးဆိုရင် အဲသည်ဂယ်ပေါက်ကို စွပ်စွဲခံရသူက ဖောက်ထွက်နိုင်ပါတယ်)။ နောက်တစ်ခုက သူတို့ဟာ ရောဂါဖြစ်ပွားနေသူအဖြစ် သတ်မှတ်ခံထားရတဲ့သူမဟုတ်တဲ့အတွက် ပုဒ်မ ၁၄(ဃ) နဲ့လည်း ကင်းလွတ်ခွင့်ရနိုင်စရာအကြောင်းရှိနေပါတယ်
.
. . . ကမ္ဘာမှာရော မြန်မာမှာပါ တစ်ခါမှ မကြုံဖူးတဲ့ ဒီလိုအဖြစ်အပျက်မျိုးကို ဥပဒေအရ ကိုင်တွယ်ဖို့ လိုလာတဲ့အခါမှာ တည်ဆဲဥပဒေတွေမှာ အားနည်းချက်တွေ ရှိနေနိုင်ပါတယ်၊ အပေါ်က ကျနော်ထောက်ပြခဲ့တဲ့ အချက်တွေက ဥပဒေရဲ့ဂယ်ပေါက်တွေပါ၊ ဒါတွေကို အချိန်မီ ပြင်ဆင်ဖို့လိုနေပေမယ့် အခုချိန်မှာ လွှတ်တော်ကလည်း အလုပ်လုပ်ဖို့မဖြစ်နိုင်တဲ့အတွက် တည်ဆဲဥပဒေတွေထဲမှာ ပြဌာန်းထားတဲ့အတိုင်း လိုအပ်တဲ့ တားဆီးမိန့် ကန့်သတ်မိန့်တွေကို လိုအပ်သူတွေက အတည်တကျ ထုတ်ပြန်ထားဖို့ လိုနေပြီဖြစ်ပါတယ်၊ ဆိုလိုတာက မေတ္တာရပ်ခံသလိုလို ပန်ကြားသလိုလို လုပ်နေရင် တကယ်လိုအပ်လို့ တရားစွဲ အရေးယူတဲ့အခါ တရားစွဲသူတွေအတွက် အားနည်းချက်ဖြစ်ပြီး စွပ်စွဲခံရသူတွေအတွက် ဂယ်ပေါက်တွေ အများကြီးဖြစ်နေနိုင်ပါတယ်
.
ကိုယ်က ဥပဒေ ပညာရှင်မဟုတ်တော့ ဒီလောက်ပဲ ပြောတတ်ပါတယ်၊ သိသူများ ဝေဖန်ဆန်းစစ်ကြည့်ကြပါကုန်
.
ဗိုလ်ကောင်း
၁၄ ဧပြီ ၂၀၂၀
.
မူရင်းဥပဒေတွေကို ဒီမှာဖတ်ပါ

#သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေ
https://www.mlis.gov.mm/lsScPop.do?lawordSn=288
#ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေးဥပဒေ
https://www.mlis.gov.mm/lsScPop.do?lawordSn=8355

Monday 13 April 2020

သင်္ကြန်စာ


. . . သတင်းစာ တစ်ပိုင်းလောက်အရွယ်ရှိတဲ့ စက္ကူသားခပ်ပါးပါးမှာ မင်ရောင်တစ်မျိုး နှစ်မျိုးနဲ့ ပုံနှိပ်ထားတဲ့ သင်္ကြန်စာကို ကျနော်တို့ ကလေးတွေက နားမလည်ပေမယ့်လည်း စိတ်ဝင်စားတာပါပဲ၊ အဓိက ကတော့ သိကြားမင်းလူ့ပြည်ဆင်းတဲ့ပုံကို သရုပ်ဖော်ထားတဲ့ အရုပ်ကလေးကိုကြည့်ပြီး လူကြီးတွေရဲ့ မျှော်လင့်ချက်တွေ စိုးရိမ်ပူပန်မှုတွေကို မျက်လုံးအဝိုင်းသားနဲ့ နားထောင်ခဲ့ကြရတာ
.
. . . ပန်းပွင့်လေးတို့ခေတ်ကိုရောက်တော့ တခြားကလေးတွေမသိပေမယ့် ပန်းပွင့်လေးကတော့ သင်္ကြန်စာအကြောင်း သူ့ဘာသာသိဖို့ အခွင့်အလမ်း အတော်နည်းသွားပြီ၊ သူနဲ့ အတူနေတဲ့ ကိုယ်တွေ မိဘတွေလည်း သင်္ကြန်စာကို စိတ်မဝင်စားတော့၊ သိကြားမင်းကြီး ဘာစီးပြီးဆင်းမလဲ ဘာတွေကိုင်ထားမလဲ မိုးလေဝသ ဘယ်လိုနေမလဲ ဘယ်နေ့သားသမီးတွေက ဘာတွေဖြစ်ကြမလဲ စသည်ဖြင့် သင်္ကြန်စာမှာပါတဲ့ ဟောကိန်းတွေကို စိတ်မဝင်စားကြတော့၊ ဒါကြောင့်မို့ ပန်းပွင့်လေးကို သင်္ကြန်အကြောင်း သိသင့်သိရာလေးတွေ ပြောပြတဲ့အခါ သင်္ကြန်စာအကြောင်းလည်း မပါမဖြစ်ပြောရတော့တာကိုး
.
. . . အရင်စာတစ်ပုဒ်မှာ ရေးခဲ့သလိုပဲ ကျနော်တို့က ယုံကြည်လိုက်နာသည်ဖြစ်စေ မလိုက်နာသည်ဖြစ်စေ ကိုယ့်နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုတွေကို ဓလေ့တွေ အယူတွေကို သိထားဖို့ လိုတယ်လို့ ကျနော်က ခံယူထားပါတယ်၊ ဒီခေတ်ဒီအခါကြီးမှာ ဆက်သွယ်ရေးနည်းပညာတွေ တာစားနေတဲ ခေတ်ကြီးမှာ ဘယ်ဗဟုသုတမဆို အလွယ်တကူရှာနိုင်တာပဲ တမင်တကာ သင်ပေးနေရရင် သင်လို့ကို ဆုံးမှာ မဟုတ်ပါဘူးလို့ စောဒနာကောင်း နာနိုင်ပါတယ်။ ကျနော်လိုချင်တာက သိရုံသိဖို့မဟုတ်ဘဲ သိလည်းသိပြီး တန်ဖိုးလည်းထား မြှင့်တင်ဖို့လည်း စိတ်အားထက်သန်တဲ့ နှလုံးသားတစ်ခုကို ပြုစုပျိုးထောင်ချင်တာပါ၊ သိပြီးတန်ဖိုးထားတတ်ဖို့ကတော့ နှလုံးသားထဲရောက်စေမယ့် သင်ကြားမှုမျိုး လိုအပ်တယ်လို့ ခံယူထားပါတယ်၊ ဒီလိုသင်ကြားတဲ့နေရာမှာ နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်းရဲ့ အခန်းကဏ္ဍကလည်း အဓိကနေရာက ပါဝင်နေတဲ့အကြောင်းကို ပြထားတဲ့ပုံကိုကြည့်ပြီးသာ အတွေးပွားကြပါတော့ခင်ဗျာ
.
ဗိုလ်ကောင်း
မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်
မဟာသင်္ကြန်အကျနေ့

ကပ်ကျော်မုန့်


. . . မနက်က အိမ်တံခါးလာခေါက်လို့ ဖွင့်ပေးလိုက်တော့ အိမ်နီးချင်း ညီလေးတစ်ယောက်က ကပ်ကျော်မုန့်ဒါနပြုတာပါဆိုပြီး ဖော့ဘူးလေးနဲ့ တစ်အိမ်တစ်ဘူး လိုက်ပေးတာကို ရပါတယ်ခင်ဗျ၊ ကပ်ကျော်မုန့်ဆိုတော့ သူမကြားဖူး မစားဖူးမုန့်မို့ ပန်းပွင့်လေးက စိတ်ဝင်စားတာပေါ့၊ အခုစားမယ်ဆိုပြီး ဖွင့်လိုက်တော့မှ ဟင် ကပ်ကျော်မုန့်ဆိုပြီး မုန့်လုံးရေပေါ်ကြီးတဲ့၊ ဒါနဲ့တစ်ဆက်တည်း ဒါကို ဘာလို့ ကပ်ကျော်မုန့်လို့ခေါ်တာလဲဆိုပြီးမေးလို့ ရှင်းပြလိုက်ရပါတယ်
.
. . . တို့အရပ်ဒေသမှာ မုန့်လုံးရေပေါ်ကို အတိတ်ကောင်းနိမိတ်ကောင်းယူပြီး ကပ်ကျော်မုန့်အဖြစ် ဒါနပြုတာ ဘုရားဆွမ်းတော်ကပ်တာတွေ လုပ်လေ့ရှိတဲ့အကြောင်း အရင်ပြောပြပြီး ကပ်ကျော်မုန့်အကြောင်းကို ရှင်းပြရပါတယ်။
.
. . . ဘုရားရှိခိုး ဩကာသ ဆိုတဲ့အခါ ကပ်သုံးပါးဆိုတာပါတဲ့အကြောင်း၊ ကမ္ဘာပေါ်မှာ ကပ်ဘေးဆိုးကြီးတွေက အခါအားလျော်စွာ ပေါ်လာလေ့ရှိကြောင်း၊ စစ်ဘေးစစ်ဒဏ်ကြောင့်လူတွေသေကျေပျက်စီးကြတဲ့ကပ်ဘေး၊ အစားအစာငတ်မွတ်ခေါင်းပါးလို့ လူတွေသေကျေပျက်စီးကြတဲ့ကပ်ဘေး၊ ရောဂါဘယကြောင့် လူတွေသေကျေပျက်စီးကြတဲ့ကပ်ဘေး ဆိုပြီး ကပ်ဘေးဆိုးကြီးသုံးခုရှိကြောင်း၊ အဲသည်ကပ်ဘေးဆိုးကြီးတွေနဲ့ မကြုံကြရပါစေနဲ့၊ ကြုံခဲ့ရရင် အမြန်ဆုံးကျော်လွှားနိုင်ပါစေ စသည်ဖြင့် ဆုတောင်းကုသိုလ်ပြုတဲ့အနေနဲ့ မုန့်လုံးရေပေါ်မုန့်ကို ကပ်ကျော်မုန့်အဖြစ် လှူကြတာဖြစ်ကြောင်း ရှင်းပြပါတယ်၊
.
. . . မုန့်လုံးရေပေါ်ဆိုတာ မုန့်လေးကိုလုံးပြီး ရေနွေးပူထဲကို ပစ်ချလိုက်တဲ့အခါ ရေအောက်ကို မြုပ်သွားတယ် ခဏနေတော့ ပြန်ပေါ်လာရော၊ အဲသည်လိုပဲ ကပ်ဘေးဆိုးကြီးတွေထဲ ကျရောက်သွားခဲ့ရင်တောင် အမြန်ဆုံးပြန်လည်လွတ်မြောက် ချမ်းသာရာရကြပါစေဆိုတဲ့ အတိတ်တဘောင် နိမိတ်ဆောင်ပြီး မုန့်လုံးရေပေါ်ကို ကပ်ကျော်မုန့်အဖြစ် သင်္ကေတပြုကြတာဖြစ်ကြောင်းလည်း ပြောပြရပါတယ်
.
. . . အခုဆိုရင် ကိုရိုနာကပ်ရောဂါဆိုးကြီး ကမ္ဘာမှာဖြစ်နေလို့ တို့တွေ အပြင်လည်းမထွက်ရ ဘယ်သူနဲ့မှလည်း မတွေ့ရ ဘယ်မှလည်းမသွားရ ဘယ်ကနေ ရောဂါကူးပြီး ဘယ်တော့သေမယ်ဆိုတာလည်း မသိရတဲ ကပ်ဘေးဆိုးကြီးက မြန်မြန်လွတ်မြောက်ပါစေဆိုတဲ့ အဓိပ္ပာယ်နဲ့ မုန့်လုံးရေပေါ်ကို ကပ်ကျော်မုန့်အဖြစ် လှူဒါန်းဒါနပြုကြတဲ့အကြောင်း စသည်ဖြင့် သူလည်း နားလည်အောင် ပြောပြရပါတယ်
.
ရောဂါဘယဖိစီးလို့သေကျေကြတဲ့ကပ်ဘေးဆိုးကြီးက အမြန်ဆုံးလွတ်မြောက်နိုင်ပါစေခင်ဗျာ
.
ဗိုလ်ကောင်း
၁၃ ဧပြီ ၂၀၂၀
.
photo credit
https://www.foodmagazinemyanmar.com/

Saturday 11 April 2020

မြန်မာမိန်းကလေး

ကိုယ့်ရဲ့ ပန်းပွင့်လေးကို မြန်မာမိန်းကလေးတစ်ယောက်ပဲ ဖြစ်စေချင်တယ်ဆိုတာ အရင်တုန်းက ပြောပြဖူးပါတယ်၊ ကျွန်တော်ပြောတဲ့ မြန်မာမိန်းကလေးဆိုတာ ထမိန်ကြီးခြေမျက်စိဖုံးနဲ့ ဆံပင်ကြီး ဒူးလေက်အရှည်ကြီးကို ဘီးဆံပတ်ကြီးနဲ့ ရင်ဖုံးအင်္ကျီကြီး တဖားဖားနဲ့ မျက်လွှာကြီးချပြီး သိမ်မွေ့နေတဲ့ မိန်းကလေးမျိုးကို ပြောတာမဟုတ်ပါဘူး။ မြန်မာစိတ်ရှိတဲ့သူ မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို သိပြီး တန်ဖိုးထားလေးစားတတ်တဲ့သူ၊ မြန်မာမှုကို နားလည်တဲ့သူ၊ နှလုံးသားထဲမှာ မြန်မာ့သွေးတွေ စီးဆင်းနေတဲ့သူကို ဆိုလိုတာပါ
.
. . . အခုလို ကပ်ဆိုးကြီးဖြစ်တော့ အတူတူ နီးနီးကပ်ကပ်နေရတဲ့ အခွင့်အခါကို ကောင်းကောင်းအသုံးချပြီး မြန်မာမှုတွေကို တတ်နိုင်သလောက် သင်ပေးမယ် နားလည်အောင် ရှင်းပြမယ်လို့ စိတ်ကူးထားပါတယ်။
မင်္ဂလသုတ်ကိုလည်း ပါဠိလိုကျက် အဓိပ္ပာယ်ရှင်းပြလုပ်နေတာ တစ်ဝက်ကျော် ရနေပါပြီ၊ မြန်မာလတွေရဲ့ လဆန်းလဆုတ် သဘောတရားတွေကိုလည်း လမင်းကြီးကိုပြပြီး သင်ပြီးပါပြီ၊ တန်ခူးလကနေ တပေါင်းလအထိ တစ်လမှာ ဘယ်နရက်ကို ဘယ်လိုတွက်တယ်ဆိုတဲ့ နည်းကိုလည်း နားလည်အောင်ရှင်းပြပြီးပါပြီ၊
.
. . . မြန်မာအက္ခရာတွေရဲ့ သက်ဆိုင်ရာရက်တွေအကြောင်းလည်း သင်ပြီးပါပြီ၊ ဥပမာ ကခဂဃင ဆိုရင် တနင်္လာနေ့ရဲ့ အက္ခရာတွေဖြစ်ကြောင်း စသည်ဖြင့်ပေါ့
.
. . . ဒေါက်တာထင်အောင်ရေးတဲ့ မြန်မာပုံပြင်များ စာအုပ်ကိုလည်း ဖတ်ပြီးပါပြီ၊ အဲသည်ထဲက ပုံပြင်အချို့ကတော့ ဆယ်တန်းပြဌာန်းစာမှာ ပါခဲ့တော့ သူဖတ်ပြီးသားတွေပါ၊ အခုတော့ အကုန်ဖတ်ပြီးသွားပါပြီ
.
. . . ရုပ်ရှင်ကြည့်ရတာ ဝါသနာပါတဲ့အတွက် မြန်မာရုပ်ရှင်ကားတွေ ပြချင်ပေမယ့် ကလေးတွေနဲ့ သင့်တော်၏မတော်၏ မခွဲတတ်တာရယ် ကိုယ်တိုင်လည်း မြန်မာကားရယ်လို့ သိပ်ပြီး မက်မက်မောမော မကြည့်တတ်တာရယ်ကြောင့် ဇာတ်ကားမရွေးတတ်ဘူးဖြစ်နေတာ ဘယ်ကားတွေ ပြရင်ကောင်းမလဲ အကြံပေးကြပါအုံး။ တီဗီကလာတဲ့ အရိပ်ဇာတ်လမ်းတွဲကိုလည်း သူကြိုက်ပါတယ်
.
. . . နောက်နေ့တွေကျရင် ရက်ရာဇာ ပြသဒါး သတ်မှတ်ချက်တွေ၊ နဂါးခေါင်းအလှည့်တွေ စတာတွေကို ကိုယ်လည်း လက်လှမ်းမီသလောက် ဆက်သင်ပေးပါအုံးမယ်၊ ပြီးရင် မြန်မာတွေရဲ့ နတ်ကိုးကွယ်တဲ့ အလေ့တွေ၊ သုံးဆယ်ခုနစ်မင်းနတ်တွေအကြောင်း၊ အိမ်တွင်းနတ်အုန်းအကြောင်း၊ အောက်ပြည်အောက်ရွာက ရေငံပိုင်ဦးရှင်ကြီးနဲ့ နံကရိုင်းမယ်တော်အကြောင်းတွေလည်း ပြောပြရပါအုံးမယ်၊
.
. . . ကိုယ်တိုင် မယုံကြည်လို့ လိုက်နာကျင့်သုံးခြင်း မရှိရင်တောင် မြန်မာ့ရှေးရိုးအယူတွေ ဓလေ့တွေ စရိုက်နဲ့ အတွေးအခေါ်တွေအကြောင်း သိထားဖို့ လိုမယ်လို ယုံကြည်ပါတယ်၊ ပန်းပွင့်လေးကိုလည်း တတ်နို်ငသလောက် သင်ပါမယ်၊ မြန်မာ့ယဉ်ကျေးမှုတွေအကြောင်း အင်္ဂလိပ်လို ဂဃနဏ ရေးထားတဲ့ စာအုပ်တွေဘာတွေရှိရင်လည်း သိသလောက် ညွှန်းပေးကြပါအုံးခင်ဗျ။ မြန်မာလိုဖတ်ခိုင်းရင် လက်ဝင်လွန်းလို့
.
ဗိုလ်ကောင်း
၁၁ ဧပြီ ၂၀၂၀

Wednesday 8 April 2020

အဟိံသလမ်းစဉ်ကို ယုံကြည်ပါတယ်ဆိုတဲ့

မဟတ္တမဂန္ဒီရဲ့
အဟိံသလမ်းစဉ်ကို ယုံကြည်ပါတယ်ဆိုတဲ့ လူတစ်ယောက် အစိုးရခေါင်းဆောင်ဖြစ်လာတော့ ကျွန်တော်ရေးဖူးတယ်၊ အဟိံသ လမ်းစဉ်ဆိုတာ တက်ကြွလှုပ်ရှားသူတစ်ယောက်သာ ကိုင်စွဲထားလို့ကောင်းတဲ့ လမ်းစဉ်မျိုးဖြစ်တယ်၊ နိုင်ငံကိုဦးစီးမယ့် ကိုယ့်နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကိုပဲ ကြည့်ရမယ့် နိုင်ငံ့ခေါင်းဆောင်တစ်ယောက်အတွက် အဟိံသလမ်းစဉ်ဆိုတာ အမြဲကိုင်စွဲထားရမယ့် လမ်းစဉ်မျိုးမဟုတ်ဘူး၊ ကိုယ့်နိုင်ငံသားအများရဲ့ အကျိုးစီးပွားအတွက် စစ်တိုက်သင့်ရင်တိုက်ရမယ်၊ အင်အားကိုအကြမ်းပတမ်းသုံးသင့်ရင်သုံးရမယ်၊ အကြမ်းဖက်သမားကို အကြမ်းဖက်သမားနဲ့ ထိုက်တန်တဲ့ တုန့်ပြန်မှုမျိုး ပေးရမယ်၊ တကယ်လို့ နိုင်ငံ့ခေါင်းဆောင်တစ်ယောက်က အဟိံသလမ်းစဉ်ကို ကိုင်စွဲထားပါတယ်လို့ လူသိရှင်ကြား ကျူးရင့်နေပြီဆိုရင် ဒါဟာ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ဖော်ဆောင်တဲ့နေရာမှာ ကိုယ့်ရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်ကို ကိုယ့်ဘာသာ ကန့်သတ်လိုက်တာနဲ့ တူသွားမယ်လို့ ကျနော် ဝေဖန်ဖူးပါတယ်။
.
. . . အစိုးရဖြစ်ခါစတုန်းကတော့ ပြည်တွင်းသောင်းကျန်းသူတွေ အကြမ်းဖက်သမားတွေနဲ့ ပတ်သက်ရင် လုပ်တာကိုင်တာ တွေဝေတွန့်ဆုတ်နေတာမျိုးတွေ တွေ့ရပေမယ့် နောက်ပိုင်းမှာတော့ ရဲရင့်ပြတ်သားစွာနဲ့ လိုအပ်တဲ့ ညွှန်ကြားချက်မျိုးပေးလို့ တပ်မတော်က မန်းဒိတ်ရပြီး လုပ်သင့်လုပ်ထိုက်တာကို လုပ်နိုင်သွားတာမျိုးတွေ့တော့ ကိုယ်က ချီးကျူးအသိအမှတ်ပြုခဲ့ပါတယ်၊ ဆိုလိုတာက တို့နိုင်ငံခေါင်းဆောင်တော့ သူကိုင်စွဲလာတဲ့ အဟိံသလမ်းစဉ်ကို တရားသေ ဆုပ်ကိုင်ထားတာမျိုး မဟုတ်တော့ဘဲ လုပ်သင့်လုပ်ထိုက်တာကို လုပ်ဖို့ သဘောပေါက်နားလည်သွားတာပဲလို့ ကိုယ့်နိုင်ငံအတွက် နည်းနည်း အားပိုရှိသွားပါတယ်
.
. . . အဟိံသလမ်းစဉ်ကို လိုအပ်ရင်လိုအပ်သလို စွန့်လွှတ်ခဲ့ပေမယ့် ဂန္ဒီကြီးကို အားကျနေသေးပုံရတဲ့ အလုပ်တွေထထလုပ်တာတော့ လှစ်ကနဲ လှစ်ကနဲဆိုသလို မြင်တွေ့နေရတုန်းပါပဲ ၊ ဒါကတော့ အပြစ်ဆိုသာတဲ့ ကိစ္စတစ်ခု မဟုတ်ပါဘူးလေ၊ နိုင်ငံတစ်ခုလုံး အစိုးရတစ်ဖွဲ့လုံးကို သမ္မတတောင် ဘာမှ ဝင်လုပ်စရာမလိုအောင် အကုန်လုံး အုပ်စီးပြီး လုပ်နေတဲ့ သူတစ်ယောက်၊ မိသားစုလည်း အနားမှာမရှိတဲ့ တစ်ကိုယ်တည်းနေတဲ့ အဖွားတစ်ယောက်အနေနဲ့ အဝေးကသားသမီးမြေးမြစ်တွေကို အလွမ်းပြေပဲဖြစ်ဖြစ် သူစိတ်ဖြေစရာလေးတွေတော့ လုပ်ခွင့်ရှိသင့်တယ်မဟုတ်လား၊ အဖွားကျန်းမာပါစေ
.
ဗိုလ်ကောင်း
၈ ဧပြီ ၂၀၂၀

Monday 6 April 2020

အလှဆုံးသာပ

အလှဆုံးသာပ
အားလုံးရယ်တဲ့ငှက်များတွင်
ဆိုတဲ့ ရွှေဥဒေါင်း ကဗျာလေး သင်ရတုန်းက ကဗျာထဲမှာပါတဲ့ ဒေါင်းအလံစိုက်ကာထိုးကြတယ် ဖိုးထိုက်ပါဘိ ဆိုတဲ့အတိုင်း မြန်မာ့နန်းဓလေ့မှာ တန်ဖိုးတထားနဲ့ ဘုရင့်အလံတော်လုပ်ခဲ့တဲ့ ကဒေါင်းအလံတော်ကြီးနဲ့ ကိုယ်နဲ့ တစ်နေ့မှာ ပတ်သက်လာရလိမ့်မယ်လို့ တွေးကို မတွေးထားခဲ့မိ
.
မြန်မာဘုရင်တွေ နန်းစဉ်အဆက် ဘုရင့်အထိမ်းအမှတ်သင်္ကေတအဖြစ် ဆောင်ထားလွှင့်ထူခဲ့တဲ့ ကဒေါင်းအလံတော်ဟာ လွတ်လပ်ရေးရပြီးနောက်မှာ သမ္မတအလံတော်အဖြစ် စစ်တက္ကသိုလ်ရဲ့ အတော်ဆုံးတပ်ခွဲတွေသာ ဆင်ယင်ကိုင်ဆောင်ခွင့်ရတယ်ဆိုတာ ကိုယ်တိုင်ဗိုလ်လောင်းဖြစ်မှ သိခဲ့ရ
.
ကိုယ်တော်လို့တော့ မဟုတ်ဘဲ ကိုယ့်အထက်က နောင်တော်တွေ ကြိုးစားအားထုတ်မှုကြောင့် ကိုယ်တွေ နောက်ဆုံးနှစ်ဗိုလ်လောင်းဘဝမှာ ဒေါင်းအလံလွှင့်ခွင့်ရတဲ့ အောင်စစ်သည်တပ်ခွဲဖြစ်တော့ ဒေါင်းတံဆိပ်ကို ရင်မှာတပ်ရင်း စစ်တက္ကသိုလ်မှာ ဦးစားအပေးခံရဆုံးတပ်ခွဲရဲ့ ဗိုလ်လောင်းအဖြစ် ခေါင်းမော့ခဲ့ရ
.
စွေးစွေးနီနေတဲ့ နောက်ခံနဲ့ အစိမ်းရောင်ကဒေါင်း အမြီးဖြန့်ကနေတဲ့ မြန်မာဘုရင်တွေလက်ထက်တော်ကတည်းက အဆောင်အယောင်ဖြစ်ခဲ့တဲ့ အောင်စစ်သည်ဆိုတဲ့ ဒေါင်းအလံလွှင့်တဲ့တပ်ခွဲကို ရှေ့ဆုံးကနေ ဦးဆောင်ပြီး ငွေရောင်ဓားကြီးဝင့်လို့ ကျောင်းဆင်းပွဲ စစ်ရေးပြလျှောက်ခွင့်ရတဲ့ စစ်တက္ကသိုလ် ကျောင်းဆင်းတွေထဲမှာ ကိုယ်က ဘယ်နယောက်မြောက်ဖြစ်လေမလဲပေါ့
.
ဘဝမှာ အော်ရတာ အရသာအရှိဆုံးနဲ့ ဂုဏ်အယူရဆုံး စစ်မိန့်သံက
"အောင်စစ်သည်တပ်ခွဲ အလေးပြုရန် ညာကြည့်" ဆိုပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အနှေးလျှောက် အမြန်လျှောက်ရင်း အလေးပြုခဲ့တဲ့ စစ်မိန့်သံ
.
နိုင်ငံတော်နဲ့ တပ်မတော်အပေါ် သစ္စာစောင့်သိစွာနဲ့ တာဝန်ထမ်းဆောင်ပြီး ထမ်းဆောင်ဆဲ ညီနောင်အပေါင်းနဲ့ ဆက်လက်ဝင်ရောက်လာကြမည့် ညီငယ်အပေါင်းအား ဦးညွတ်လျက်
.
ဗိုလ်ကောင်း
၆ ဧပြီ ၂၀၂၀

လေချွန်တဲ့သီချင်း

. . . စစ်တက္ကသိုလ်ဗိုလ်လောင်းတွေ ဗိုလ်လောင်းတပ်ရင်းကနေ စာပေသင်တန်းတွေဘက်ကို သွားတဲ့အခါ စစ်ကြောင်းပုံဖွဲ့ပြီး စစ်တီးဝိုင်းနဲ့ သီချင်းတွေဆိုပြီး သွားရပါတယ်၊ မနက်သွား ညနေပြန်မှာ စစ်တီးဝိုင်းပါပြီး နေ့လည်ထမင်းစားချိန်မှာတော့ စစ်တီးဝိုင်းမပါဘဲ သီချင်းပဲ ဆိုရပါတယ်
.
. . . အပတ်စဉ် ကြာသပတေးနေ့တွေမှာတော့ စာပေသင်တန်းအသွားအပြန်မှာ Colonel Bogey ဆိုတဲ့ သံစဉ်ကို တီးတဲ့အခါ သီချင်းဆိုစရာမလိုဘဲ သီချင်းသံစဉ်ကို လေချွန်ပြီး လျှောက်ရပါတယ်။
.
. . . ဒီသီချင်းကိုရေးတာက ၁၉၁၄ ခုနှစ်တုန်းက၊ သီချင်းရေးတဲ့သူက ဗြိတိသျှစစ်တပ်က စစ်တီးဝိုင်းခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။ ဂေါက်သီးကစားတဲ့အခါ သတ်မှတ်ရိုက်ချက်ထက် တစ်ချက်ပိုရင် Bogey လို့ခေါ်တာ ဒီသီချင်းက ဆင်းသက်လာတဲ့ အသုံးအနှုန်းတစ်ခုဖြစ်ပါသတဲ့
.
. . . ဒုတိယကမ္ဘာစစ်အတွင်းတုန်းက ဂျပန်စစ်တပ်က ထိုင်းမြန်မာရထားလမ်းဖောက်တဲ့ ချွေးတပ်တစ်ခုအကြောင်းရိုက်ထားတဲ့ The Bridge on the River Kwai ဇာတ်ကားကိုသိရင်တော့ အဲသည် Colonel Bogey သီချင်းကို သိကြမှာပါ၊ ဂျပန်ချွေးတပ်စခန်းမှာရှိတဲ့ ဗြိတိသျှ စစ်သုံ့ပန်းတပ်ဖွဲ့တစ်ဖွဲ့က အဲသည်ရထားလမ်းပေါ်က တံတားတစ်စီးကို တည်ဆောက်ပေးရပါတယ်။ သူတို့က အလုပ်သွားအလုပ်ပြန် သွားကြပြန်ကြတဲ့အခါ အခုပြောနေတဲ့ သီချင်းကို လေချွန်ပြီး စစ်ကြောင်းပုံနဲ့ စနစ်တကျ သွားကြတာပါ။ ဒီဇာတ်ကားကို ကြည့်ဖူးရင်တော့ ဒီသီချင်းသံစဉ်ကို အလွတ်နီးပါး ရသွားကြမယ်ထင်ပါတယ်
.
. . . ဒီသီချင်းသံစဉ်ကို မရင်းနှီးသေးခင်ကတော့ စစ်ရေးပြနဲ့လျှောက်နေရင်း သီချင်းသံစဉ်ကို လေလိုက်ချွန်ရတာ တော်တော်ကို ဂွကျကျနိုင်ပါတယ်။ နောက်ပိုင်းကျတော့လည်း သံစဉ်နဲ့ ရင်းနှီးပြီးအဆင်ပြေသွားပါရော
.
. . . ဒီသီချင်းနဲ့ လေချွန်ပြီး စာပေသင်တန်းကို ချီတက်ကြတဲ့ ဓလေ့ဟာ ကိုယ်တွေ ကျောင်းဆင်းသွားပြီး နောက်ထပ် ဘယ်နှစ်နှစ်လောက်ကြာအောင် တည်တံ့နေသလဲဆိုတာ စိတ်ဝင်စားမိပါတယ်၊ ကိုယ်သိသလောက် အငယ်တွေကို လိုက်မေးကြည့်တာတော့ သူတို့တွေ စာပေသင်တန်းကို လေချွန်ပြီးချီတက်တဲ့ သီချင်းကို စစ်တီးဝိုင်းက မတီးတော့တာမို့ သူတို့လည်း မသိကြတော့ပါဘူးတဲ့
သိတဲ့သူတွေ ပြောကြပါအုံး
.
အသေးစိတ်ကို အောက်က လင့်တွေမှာ ဖတ်နိုင်ပါတယ်
https://en.wikipedia.org/wiki/Colonel_Bogey_March
https://en.wikipedia.org/wiki/The_Bridge_on_the_River_Kwai…
https://en.wikipedia.org/wiki/Par_(score)#Bogey
.
Colonel Bogey Song
(Youtube Link - https://www.youtube.com/watch?v=QuVYS4uw0as )


The Bridge on the River Kwai full movie
(youtube link - https://www.youtube.com/watch?v=TECmDXSofkM&t=8808s)
.
ဗိုလ်ကောင်း
၆ ဧပြီ ၂၀၂၀