Thursday 30 April 2020

ကြွေရက်ကယ်စောလို့ နှမြောမိတယ်ထွေးညိုရယ် .



. . . ရင်ဂိုတို့ မာရဇ္ဇတို့ ဇော်ဝင်းထွဋ်တို့ခေတ်မှာ လူဖြစ်လာတဲ့ ကိုယ့်အတွက် ထွေးညိုသီချင်းက တော်တော်လေး ခေတ်နောက်ကျတဲ့သီချင်းတစ်ပုဒ် ဆိုပေမယ့် အမေ့ကျေးဇူးနဲ့ ခေတ်ဟောင်းတေးတွေ ကြိုက်တတ်တဲ့ကိုယ့်အတွက် ထွေးညိုသီချင်းကလည်း ကိုယ့်အကြိုက်ဆုံးတစ်ပုဒ်အပါအပေါ့၊ နောက်ပိုင်း ထွေးညိုတို့ ကိုရင်သစ္စာတို့ ဘကြီးမှုန်တို့ဇာတ်လမ်းတွေကို သိလိုက်ရတဲ့အချိန်မှာ ဇာတ်လမ်းလေးနဲ့တွဲပြီး ပိုလို့တောင် ကြိုက်မိသေးတယ်၊ သီချင်းထဲက ကိုရင်သစ္စာက စစ်သားမို့လို့ ကိုယ်တိုင်စစ်သားဖြစ်လာတဲ့အချိန်မှာ ရွာအပြန်ညောင်ညိုပင်ရိပ်ကစောင့်နေမယ့် ထွေးညိုမရှိခဲ့ပေမယ့် ထွေးညိုကို ကြိုက်နေတာတော့ လျော့မသွားတဲ့အပြင် တိုးတောင်လာသေးလားမှတ်ရ
.
. . . ထွေးညိုသီချင်း အခု ယူကျုမှာဖြစ်ဖြစ် လိုက်ရှာကြည့်လိုက်ရင် ငါးမိနစ်ကျော်ရုံလေးနဲ့ သီချင်းအဆုံးသတ်သွားတာကို တွေ့ရဖို့များတယ်။ ရွာအဝင်လမ်းဝယ် မောရင်းပန်းရင်း လွမ်းစရာကြုံတော့တယ် ဆိုတဲ့ ကိုရင်သစ္စာရဲ့ အလွမ်းခန်းနဲ့ သီချင်းကို အဆုံးသတ်ထားတာကိုပဲ တော်တော်များများက နားထောင်ဖြစ်ကြတော့မယ်ထင်တယ်၊ ဘာလို့လဲဆိုတော့ အခုခေတ် ပြန်ရှာလို့လွယ်တဲ့ သီချင်းအပုဒ်တွေကလည်း အဲသည်နေရာမှာတင် အလွမ်းနဲ့ အဆုံးသတ်ပြီး ဇာတ်နာထားလိုက်ကြတာကိုး
.
. . . ထွေးညိုသီချင်းကို အဆုံးထိသာ သေချာနားထောင်မိရင် ထွေးညိုသီချင်းကို အခုကြိုက်နေကြသလောက်ကြိုက်ကြပါတော့မလားလို့ သံသယဖြစ်မိတယ်၊ ဘာလို့လဲဆိုတော့ သီချင်းက နောက်ပိုင်းမှာ နိုင်ငံရေးတွေပါလာတာကိုး

နှောင်းလေပြီ
ညောင်းရွက်ကယ်လေပွေချီတော့
မြေမဟီ ကြွေကာကျသည့်နှယ်
ကြွေရက်ကယ်စောလို့ နှမြောလှတယ်ထွေးညိုရယ်
ဆိုပြီး ထွေးညိုကို လွမ်းပြရင်းနဲ့ (ဆိုရှယ်လစ်)ခေတ်ကြီးက ဘယ်လောက်တောင် စည်ပင်တိုးတက်နေကြောင်း လွမ်းကြွားလေး ကြွားပြသလို ခံစားရမိတာကြောင့် သီချင်းအဆုံးထိ သေချာနားထောင်ကြည့်ရင် အစပိုင်းနားထောင်ရသလောက် ကောင်းပါ့မလားလို့ တွေးမိတာဖြစ်ပါတယ်၊
.
. . . တကယ်တော့ ထွေးညိုသီချင်းရယ်လို့မှ မဟုတ်ပါဘူးလေ
လုပ်ငန်းကိုင်ငန်းလေးကောင်းလို့ သောင်သာလို့ လူလူသူသူဖြစ်လာပြီဆိုလားရင် ငွေစကြေးစရွှင်လာပြီလားဆိုရင် အာ့လိုလူတွေကို မြေရှင်ယာရှင် စနစ်ဆိုးတို့ အရင်းရှင် အမြတ်ကြီးစားတို့ ခေါင်းပုံဖြတ်ဂုတ်သွေးစုပ်တို့ ဆိုတဲ့ မတန်ရင်ကာ တံဆိပ်ရိုင်းကြီးတွေတပ် လူဆိုးကြီးတွေလုပ်ပြီး ဇာတ်တွေနာပြကြတာ ထွေးညိုသီချင်းတစ်ပုဒ်ထဲမှာတင် မဟုတ်ပါဘူးလေ၊ အခု ယူကျုတို့ဘာတို့မှာ ပြန်ရှာရင် ရနိုင်တဲ့ အသံသွင်းကက်ဆက်ဇာတ်လမ်းတွေ ဇာတ်ထုပ်တွေ၊ ကိုယ်တွေငယ်ငယ်ကတောင် မီသေးတဲ့ ပြဇာတ်တွေမှာဆိုရင် ဆင်းရဲသားကျောမွဲတွေကသာ ဘာလုပ်လုပ်အမှန်၊ သူတို့သာလျှင် အဖိနှိပ်ခံနေရတဲ့လူတန်းစား၊ အရင်းရှင်တွေက သူတို့ကိုခေါင်းပုံဖြတ်အမြတ်ထုတ်ပြီး မသထာရေစာတွေ စားနေရသလိုမျိုး မြန်မာပြည်တစ်နံတစ်လျားမှာ ဆိုကြ ကကြ ဇာတ်တွေနာခဲ့ကြတဲ့ အကျိုးဆက်တွေက ပြီးခဲ့တဲ့ တပ်မတော်အစိုးရလက်ထက်ထိတောင် ခရိုနီခရိုပြာဆိုပြီး တံဆိပ်တပ်ခံနေရတုန်း ဗီလိန်ဇာတ်သွင်းခံနေရတုန်းမို့လား
.
. . . အခု လက်ထက်တော်ကြီးကျမှသာ ခရိုနီခရိုပြာလို့မခေါ်ရဘူး တိုက်ကွင်းဆိုလားခေါ်ရမယ်ဆိုပြီး အမှာတော်စကားကြောင့် ခရိုနီခရိုပြာနဲ့ အရင်းရှင်ဂုတ်သွေးစုပ်ဇာတ်ကြီးတွေ တစ်ခန်းရပ်သွားသလိုလိုရှိပေမယ့် အရင့်အရင် အနှစ်သုံးလေးဆယ်ကျော် နားထဲစွဲ နှလုံးသားထဲ စွဲလာခဲ့တဲ့ ထွေးညိုတို့ ဇာတ်နာတဲ့ အယူတွေက မပျောက်ကြသေးတော့ စက်ရုံအလုပ်ရုံတွေမှာ တစ်ခုခု အလုပ်သမားတွေက ဆူပုန်အုံကြွလုပ်ကြတယ်ဆိုရင်တောင် ကိုယ့်နိုင်ငံသား အောက်ခြေလူတန်းစား အရေအတွက်တစ်ခုကို အလုပ်အကိုင်ပေးထားတဲ့ စက်ရုံပိုင်ရှင်ကို ဥပဒေကပေးထားတဲ့ အကာအကွယ်တောင်မပေးနိုင်ဘဲ ထွေးညိုတို့အုပ်စုကို ဥပဒေနဲ့အညီ တားဆီးရမှာ လက်တွန့်နေကြတုန်းမို့လား၊ ဟိုကဂုတ်သွေးစုပ် အရင်းရှင်ကြီးက သူ့အခြေအနေမဟန်ရင် ရေကြည်ရာမြက်နုရာ ထွက်သွားမှာဖြစ်ပေမယ့် လတ်တလော စက်ရုံမှာ အလုပ်လုပ်နေကြတဲ့ နေ့စားလစား ထွေးညိုလေးတွေမှာ သုံးလစာ လုပ်ခလေးပိုက်ပြီး သောင်ပြင်မှာလွှတ်တဲ့ ဟင်္သာလေးဖြစ်သွားမှာမဟုတ်ဘဲ သံစဉ်တို့ မြတ်နိုးတို့ နာမည်ပြောင်းလိုက်ကြရတာကိုရော ဘယျသူက ဇာတျနာနပေေးနိုငျကွအုံးမှာပါလိမ့်
.
. . . အလုပ်သမားတွေ ဆူပူအုံကြွတာကို အလုပ်ရှင်ကဥပဒေအကာအကွယ်မရတာရယ် အစိုးရရဲ့ စောင့်ရှောက်မှုကိုမရတာရယ်ကြောင့် စက်ရုံကို ပိတ်လိုက်ရတယ် အလုပ်တွေရပ်လိုက်ရတယ် တစ်ခြားကိုပြောင်းသွားရပြီ ဆိုတဲ့ သတင်းတွေမြင်ရကြားရတိုင်း ကိုယ်ကတော့ မြေရှင်ယာရှင်စနစ်ဆိုးတွေကြောင့် အသေဆိုးသေခဲ့ရတဲ့ ထွေးညိုလေးအတွက်ပဲ ဆုတောင်းပေးနေမိတော့တယ်
.
အကြောင်းဖန် နှောင်းကံမွဲ
နန်းလယ်ဗွေ အခြေမလှခင်ဝယ်
ပန်းစံပယ်ကြွေ မြေခမရွှင်တယ်
မောင်ကြီးဆုတောင်းမယ်ကွယ်
ကောင်းရာအခြေရောက်ရစေသားတကယ်
.
ဗိုလ်ကောင်း
၃၀ ဧပြီ ၂၀၂၀

No comments:

Post a Comment