Monday 13 April 2020

ကပ်ကျော်မုန့်


. . . မနက်က အိမ်တံခါးလာခေါက်လို့ ဖွင့်ပေးလိုက်တော့ အိမ်နီးချင်း ညီလေးတစ်ယောက်က ကပ်ကျော်မုန့်ဒါနပြုတာပါဆိုပြီး ဖော့ဘူးလေးနဲ့ တစ်အိမ်တစ်ဘူး လိုက်ပေးတာကို ရပါတယ်ခင်ဗျ၊ ကပ်ကျော်မုန့်ဆိုတော့ သူမကြားဖူး မစားဖူးမုန့်မို့ ပန်းပွင့်လေးက စိတ်ဝင်စားတာပေါ့၊ အခုစားမယ်ဆိုပြီး ဖွင့်လိုက်တော့မှ ဟင် ကပ်ကျော်မုန့်ဆိုပြီး မုန့်လုံးရေပေါ်ကြီးတဲ့၊ ဒါနဲ့တစ်ဆက်တည်း ဒါကို ဘာလို့ ကပ်ကျော်မုန့်လို့ခေါ်တာလဲဆိုပြီးမေးလို့ ရှင်းပြလိုက်ရပါတယ်
.
. . . တို့အရပ်ဒေသမှာ မုန့်လုံးရေပေါ်ကို အတိတ်ကောင်းနိမိတ်ကောင်းယူပြီး ကပ်ကျော်မုန့်အဖြစ် ဒါနပြုတာ ဘုရားဆွမ်းတော်ကပ်တာတွေ လုပ်လေ့ရှိတဲ့အကြောင်း အရင်ပြောပြပြီး ကပ်ကျော်မုန့်အကြောင်းကို ရှင်းပြရပါတယ်။
.
. . . ဘုရားရှိခိုး ဩကာသ ဆိုတဲ့အခါ ကပ်သုံးပါးဆိုတာပါတဲ့အကြောင်း၊ ကမ္ဘာပေါ်မှာ ကပ်ဘေးဆိုးကြီးတွေက အခါအားလျော်စွာ ပေါ်လာလေ့ရှိကြောင်း၊ စစ်ဘေးစစ်ဒဏ်ကြောင့်လူတွေသေကျေပျက်စီးကြတဲ့ကပ်ဘေး၊ အစားအစာငတ်မွတ်ခေါင်းပါးလို့ လူတွေသေကျေပျက်စီးကြတဲ့ကပ်ဘေး၊ ရောဂါဘယကြောင့် လူတွေသေကျေပျက်စီးကြတဲ့ကပ်ဘေး ဆိုပြီး ကပ်ဘေးဆိုးကြီးသုံးခုရှိကြောင်း၊ အဲသည်ကပ်ဘေးဆိုးကြီးတွေနဲ့ မကြုံကြရပါစေနဲ့၊ ကြုံခဲ့ရရင် အမြန်ဆုံးကျော်လွှားနိုင်ပါစေ စသည်ဖြင့် ဆုတောင်းကုသိုလ်ပြုတဲ့အနေနဲ့ မုန့်လုံးရေပေါ်မုန့်ကို ကပ်ကျော်မုန့်အဖြစ် လှူကြတာဖြစ်ကြောင်း ရှင်းပြပါတယ်၊
.
. . . မုန့်လုံးရေပေါ်ဆိုတာ မုန့်လေးကိုလုံးပြီး ရေနွေးပူထဲကို ပစ်ချလိုက်တဲ့အခါ ရေအောက်ကို မြုပ်သွားတယ် ခဏနေတော့ ပြန်ပေါ်လာရော၊ အဲသည်လိုပဲ ကပ်ဘေးဆိုးကြီးတွေထဲ ကျရောက်သွားခဲ့ရင်တောင် အမြန်ဆုံးပြန်လည်လွတ်မြောက် ချမ်းသာရာရကြပါစေဆိုတဲ့ အတိတ်တဘောင် နိမိတ်ဆောင်ပြီး မုန့်လုံးရေပေါ်ကို ကပ်ကျော်မုန့်အဖြစ် သင်္ကေတပြုကြတာဖြစ်ကြောင်းလည်း ပြောပြရပါတယ်
.
. . . အခုဆိုရင် ကိုရိုနာကပ်ရောဂါဆိုးကြီး ကမ္ဘာမှာဖြစ်နေလို့ တို့တွေ အပြင်လည်းမထွက်ရ ဘယ်သူနဲ့မှလည်း မတွေ့ရ ဘယ်မှလည်းမသွားရ ဘယ်ကနေ ရောဂါကူးပြီး ဘယ်တော့သေမယ်ဆိုတာလည်း မသိရတဲ ကပ်ဘေးဆိုးကြီးက မြန်မြန်လွတ်မြောက်ပါစေဆိုတဲ့ အဓိပ္ပာယ်နဲ့ မုန့်လုံးရေပေါ်ကို ကပ်ကျော်မုန့်အဖြစ် လှူဒါန်းဒါနပြုကြတဲ့အကြောင်း စသည်ဖြင့် သူလည်း နားလည်အောင် ပြောပြရပါတယ်
.
ရောဂါဘယဖိစီးလို့သေကျေကြတဲ့ကပ်ဘေးဆိုးကြီးက အမြန်ဆုံးလွတ်မြောက်နိုင်ပါစေခင်ဗျာ
.
ဗိုလ်ကောင်း
၁၃ ဧပြီ ၂၀၂၀
.
photo credit
https://www.foodmagazinemyanmar.com/

No comments:

Post a Comment