Showing posts with label အိန္ဒိယနိုင်ငံရေး. Show all posts
Showing posts with label အိန္ဒိယနိုင်ငံရေး. Show all posts

Tuesday, 9 September 2014

ပါတီကူးပြောင်းခြင်းနှင့် စပ်လျဉ်း၍

 ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်လည်မှတ်ပုံတင်ပြီးတဲ့အချိန်မှာ အမျိုးသားလွှတ်တော်က အမျိုးသားဒီမိုကရေစီအင်အားစုပါတီ လွှတ်တော်အမတ် ဒေါက်တာမြတ်ဥာဏစိုးဟာ သူ့ရဲ့ မိခင်ပါတီကို စွန့်ခွာပြီး  ပြန်လည်မှတ်ပုံတင်လိုက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ၀င်ရောက်သွားခဲ့တာ မှတ်မိကြအုံးမယ်ထင်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေအရ ရွေးကောက်ပွဲတောင် မ၀င်ရသေးတဲ့ ပါတီဟာ လွှတ်တော်ထဲမှာ အမတ်တစ်ယောက် ရောက်နှင့်လို့နေတာ နည်းနည်းတော့ ဆန်းတယ်လို့ ထင်စရာပါပဲ။ ဒါနဲ့ ပတ်သက်ပြီးတော့လည်း အဲဒီလို လွှတ်တော်အမတ်တစ်ယောက် ပါတီကူးပြောင်းသွားတာဟာ အခြေခံဥပဒေနဲ့ ညီညွတ်မှု ရှိမရှိ မေးခွန်းတွေ ပေါ်ပေါက်လာခဲ့ပါတယ်။
    လက်ရှိကျင့်သုံးနေတဲ့ အခြေခံဥပဒေမှာတော့ ဒီလို ပါတီကူးပြောင်းမှုနဲ့ ပတ်သက်ပြီး သီးခြား ပြဌာန်းထားတာ မတွေ့ရပါဘူး။ နိုင်ငံရေးပါတီများနဲ့ ပတ်သက်တဲ့ ပြဌာန်းချက်တွေမှာ ပါတီကူးပြောင်းမှုနဲ့ ပတ်သက်တဲ့ ပြဌာန်းချက်တွေ ထည့်သွင်းထားတာ မတွေ့ရပါဘူး။ အမျိုးသားညီလာခံ မှတ်တမ်းများကို ဖတ်ရှုလေ့လာကြည့်ရာမှာလည်း ဒီလိုကိစ္စမျိုးနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တာ မတွေ့ရပါဘူး။ ( ကျွန်တော်မျက်စိလျှမ်းပြီး မတွေ့မိတာလည်း ဖြစ်နိုင်ပါတယ်။) အမျိုးသားညီလာခံ တက်ရောက်ခဲ့တဲ့ ရှေ့မီနောက်မီ ပုဂ္ဂိုလ်အချို့ရဲ့ အပြောအရ ဒီကိစ္စကို အခြေခံဥပဒေထဲ ထည့်ရေးလိုက်ရင် တင်းကျပ်တဲ့ စည်းမျဉ်းတစ်ခု ဖြစ်သွားနိုင်တာမို့ ထည့်မရေးခဲ့တာလို့ ပြောပါတယ်။  ဒီတော့ ထုံးစံအတိုင်း တစ်ခြားနိုင်ငံတွေမှာရော ဒီလိုမျိုးတွေ ရှိသလားဆိုတာ လေ့လာကြည့်မိပါတယ်။ ကျွန်တော် နားလည်သလောက် ပြန်လည်တင်ပြ ပါရစေ။
    ပါတီကူးပြောင်းမှု တားမြစ်ချက် ဥပဒေရဲ့ သမိုင်းကြောင်းကို ကြည့်မယ်ဆိုရင် အိန္ဒိယနိုင်ငံမှာ ၀န်ကြီးချုပ် အင်ဒီယာဂန္ဒီ လုပ်ကြံခံရပြီးနောက် ရာဂျစ်ဂန္ဒီအစိုးရ တက်လာပါတယ်။ ၀န်ကြီးချုပ် ရာဂျစ်ဂန္ဒီအာဏာရအပြီး ၁၉၈၅ ခုနှစ်မှာ အခြေခံဥပဒေ ပြင်ဆင်ချက် အမှတ် ၅၂ ကို လုပ်ဆောင်ပြီး ဇယား ၁၀ ကို အခြေခံဥပဒေထဲမှာ ထည့်သွင်း ပြဌာန်းခဲ့ပါတယ်။ ဇယား ၁၀ ကတော့ အထက်မှာ ပြောခဲ့တဲ့ ပါတီကူးပြောင်းမှုကို တားမြစ်တဲ့ ပြဌာန်းချက် ဖြစ်ပါတယ်။
    ဆိုခဲ့ပါ ဥပဒေအရ လွှတ်တော်အမတ်တစ်ယောက်ဟာ ဒီလိုအချက်အလက်တွေ နဲ့ညိစွန်းရင် လွှတ်တော်အမတ်တစ်ယောက်ရဲ့ အရည်အချင်း ပျက်ယွင်းတယ်လို့ ပြဌာန်းထားပါတယ်။ အဲဒါတွေကတော့ အမတ်တစ်ယောက်ဟာ သူ့သဘောနဲ့သူ နိုင်ငံရေးပါတီဝင်အဖြစ်က နုတ်ထွက်လိုက်ခြင်း၊ မိခင်ပါတီ ဒါမှမဟုတ် မိခင်ပါတီကဲ့သို့ သူ့အပေါ် သြဇာသက်ရောက်သူရဲ့ ကြိုတင်ခွင့်ပြုချက်မရဘဲ ပါတီရဲ့ သဘောထားနဲ့ ဆန့်ကျင်မဲပေးခြင်း ဒါမှမဟုတ် မဲမပေးဘဲနေခြင်း တို့နဲ့ စပ်လျဉ်းပြီး သက်ဆိုင်ရာပါတီက ၁၅ ရက်အတွင်းမှာ ကိစ္စမရှိဘူးလို့ သဘောထား ထုတ်ပြန်ခြင်း မပြုရင် (သက်ဆိုင်ရာပါတီက ခွင့်မလွှတ်ရင်) လွှတ်တော်အမတ်တစ်ယောက်ရဲ့ အရည်အချင်း ပျက်ယွင်းပါတယ်။ ဆိုလိုတာက လွှတ်တော်အမတ်အဖြစ်က ရပ်စဲခံရမယ်ဆိုတဲ့ သဘောပါပဲ။
    အိန္ဒိယနိုင်ငံ လွှတ်တော်တွေထဲမှာ ရွေးကောက်ခံ အမတ်တွေသာမက သမ္မတက တိုက်ရိုက်အမည်စာရင်း တင်သွင်းတဲ့ အမတ်တွေလည်း ဒီပြဌာန်းချက်နဲ့ အကျုံးဝင်ပါတယ်။ အမည်စာရင်းတင်သွင်းလို့ ဖြစ်လာတဲ့အမတ်တစ်ယောက်ဟာ သူအမတ်ဖြစ်လာပြီး ခြောက်လမကျော်ခင်မှာ ပါတီတစ်ခုခုရဲ့ ပါတီဝင်ဖြစ်တယ်ဆိုရင် ဒီပြဌာန်းချက်နဲ့ အကျုံးဝင်ပါတယ်။
    ပါတီတွေ ခွဲထောင်ကြတာနဲ့ ပတ်သက်ပြီးတော့လည်း ပြဌာန်းပေးထားပါတယ်။ ဥပမာအားဖြင့် မြန်မာနိုင်ငံက အမျိုးသားဒီမိုကရေစီ အင်အားစုပါတီကနေ အမျိုးသားဒီမိုကရေစီပါတီသစ် ခွဲထောင်လိုက်တဲ့သဘောမျိုးကို ပြောတာပါ။ တကယ်လို့ ပါတီတစ်ခုတည်းက ပါတီခွဲ ထောင်လိုက်တယ်ဆိုရင် အသစ်တည်ထောင်လိုက်တဲ့ ပါတီမှာလည်း မူလပါတီက ပါတီဝင်အမတ် သုံးပုံတစ်ပုံထက်မနည်း ပါဝင်တယ်ဆိုရင်တော့ ဒီပြဌာန်းချက်နဲ့ အကျုံးမ၀င်ပါဘူး။ ဒီနည်းနဲ့ ပါတီခွဲထောင်တာက တရားဝင်တဲ့ သဘောဖြစ်ပါတယ်။
    နောက်တစ်ခါ ပါတီတွေ ပူးပေါင်းတည်ထောင်ကြတာနဲ့ ပတ်သက်ပြီးတော့လည်း ပြဌာန်းထားပါသေးတယ်။ ပါတီတွေ ပူးပေါင်းပြီး တစ်ပါတီတည်းမှာ စုစည်းလိုက်ကြတာ ဒါမှမဟုတ် ပါတီအသစ်တစ်ခု တည်ထောင်လိုက်ကြတာတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ မူလပါတီဝင် အနည်းဆုံး သုံးပုံနှစ်ပုံက သဘောတူတယ်ဆိုရင် ဒီပြဌာန်းချက်နဲ့ အကျုံးမ၀င်ပါဘူးတဲ့။ အဲဒါ တရားဝင်တယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ (အခြေခံဥပဒေ ပြင်ဆင်ချက်အမှတ် ၉၁ (၂၀၀၃))
    တကယ်လို့ အဲသည်လို လုပ်တဲ့အမတ်ဟာ သာမန်အမတ်တစ်ယောက်မဟုတ်ဘဲ လွှတ်တော် ဥက္ကဌ သို့မဟုတ် ဒုဥက္ကဌဖြစ်နေရင် ဘယ်လိုလုပ်မလဲ ဆိုတာလဲ ထည့်သွင်းပြဌာန်းထားပါသေးတယ်။ လွှတ်တော်ဥက္ကဌ သို့မဟုတ် ဒုဥက္ကဌတစ်ယောက်ဟာ ပါတီတစ်ခုကနေ မိမိဘာသာနုတ်ထွက်လိုက်ပြီး လွှတ်တော်ဥက္ကဌတာဝန် ဆက်လက်ထမ်းဆောင်နေစဉ်အတောအတွင်း အဲသည်ပါတီကိုလည်း ပြန်မ၀င် အခြားပါတီတစ်ခုခုကိုလည်း မ၀င်ဘူးဆိုရင်၊ ဒါမှမဟုတ် လွှတ်တော်ဥက္ကဌတာဝန်ကို ရပ်စဲပြီး ပါတီကို ပြန်ဝင်မယ်ဆိုရင် တရားဝင်ကြောင်း ပြဌာန်းထားပါတယ်။
    ဒီလိုရှုပ်ထွေးတဲ့ ပြဌာန်းချက်တွေကြောင့် လွှတ်တော်အမတ်တစ်ယောက်ရဲ့ လုပ်ရပ်တစ်ခုခုဟာ ဒီဥပဒေနဲ့ ညိစွန်းမှု ရှိမရှိ ဆုံးဖြတ်ပိုင်ခွင့်ကို လွှတ်တော်ဥက္ကဌလက်ထဲ အပ်နှင်းထားပါတယ်။ လွှတ်တော်ဥက္ကဌကိုယ်တိုင် ဒီလုပ်ရပ်ကို လုပ်ဆောင်တာဆိုရင် အမတ်တွေ အသစ်ရွေးကောက်တင်မြှောက်လိုက်တဲ့ လွှတ်တော်ဥက္ကဌက ဆုံးဖြတ်ပေးရမှာ ဖြစ်ပါတယ်။ ဒီကိစ္စကို တရားရုံးများက ဆုံးဖြတ်ပေးပိုင်ခွင့် မရှိပါဘူး။
    အခြေခံဥပဒေရဲ့ ဇယား ၁၀ ပါ ပြဌာန်းချက်များကို အကောင်အထည်ဖော်မယ့် စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများကို လွှတ်တော်ဥက္ကဌများက ထုတ်ပြန်ပြဌာန်းပေးရမှာ ဖြစ်ပါတယ်။
    ဒီလောက်ဆိုရင် လွှတ်တော်အမတ်များ ပါတီကူးပြောင်းမှုနဲ့ ပတ်သက်ပြီး အိန္ဒိယ အခြေခံဥပဒေက ပြဌာန်းထားချက်တွေကို သဘောပေါက်ပြီလို့ ယူဆပါတယ်။ မြန်မာနိုင်ငံမှာလည်း ဒီလိုဥပဒေပြဌာန်းချက်မျိုး လိုအပ်သလား မလိုအပ်ဘူးလားဆိုတာ စဉ်းစားသုံးသပ်ကြဖို့ပါ။
    ရွှင်လန်းချမ်းမြေ့ကြပါစေဗျ #


Saturday, 18 May 2013

အိန္ဒိယအခြေခံဥပဒေပါ အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များ


    ကမ္ဘာပေါ်က ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ နိုင်ငံအများစုရဲ့ အခြေခံ ဥပဒေတွေမှာ အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များကို သီးခြား အခန်းတစ်ခန်းနေနဲ့ ရေးသားဖော်ပြလေ့ မရှိကြပါဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် အိန္ဒိယအခြေခံဥပဒေနဲ့ မြန်မာအခြေခံဥပဒေတို့မှာတော့ အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များကို သီးခြား အခန်း တစ်ခန်းအနေနဲ့ ဖော်ပြထားကြပါတယ်။
    အိန္ဒိယအခြေခံဥပဒေ အပိုင်း ၁၈ ဟာ အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များအပိုင်း ဖြစ်ပါတယ်။ အဲသည်မှာ ပုဒ်မ ၃၅၂ ကနေ ပုဒ်မ ၃၆၀ ထိ ပုဒ်မပေါင်း ကိုးခု ပါဝင်ပါတယ်။ ဒီနေရာမှာ ပုဒ်မ တစ်ခုချင်းကို ဖွင့်ဆိုရှင်းပြတာထက် အားလုံးကို ခြုံငုံရှင်းလင်းတင်ပြတာက ပိုမို နားလည်လွယ်မယ်လို့ ယူဆပါတယ်။ အိန္ဒိယနိုင်ငံရဲ့ အရေးပေါ်ကာလ ကြေညာရတဲ့အခြေအနေ အမျိုးအစား သုံးမျိုးရှိပါတယ်။ ပထမတစ်ခုက နိုင်ငံတော် အချုပ်အခြာအာဏာကို ထိပါးခြိမ်းခြောက်ခံရလို့ ကြေညာရတဲ့ အရေးပေါ်အခြေအနေ၊ ဒုတိယတစ်ခုက အခြေခံဥပဒေပါ ပြဌာန်းချက်များအတိုင်း ကျင့်သုံးဆောင်ရွက်ရန် မဖြစ်နိုင်တော့လို့ ကြေညာရတဲ့ အရေးပေါ် အခြေအနေ နဲ့ တတိယတစ်ခုကတော့ ဘဏ္ဍာရေးအကျပ်အတည်းကြောင့် ကြေညာရတဲ့ အရေးပေါ်အခြေအနေတို့ပဲ ဖြစ်ပါတယ်။
    အိန္ဒိယနိုင်ငံရဲ့ နယ်မြေ တစ်စိတ်တစ်ဒေသဖြစ်စေ တစ်နိုင်ငံလုံး ဖြစ်စေ စစ်မက်ပြုခံရလို့ ဒါမှမဟုတ် ပြည်ပျအင်အားစုတွေရဲ့ ခြိမ်းခြောက်ခံရလို့ ဒါမှမဟုတ် ပြည်တွင်း သောင်းကျန်းမှုကို ကြုံရလို့ အိန္ဒိယနိုင်ငံရဲ့ လုံခြုံရေးကို ထိပါးလာပြီဆိုရင် သမ္မတက နိုင်ငံတော် အရေးပေါ်အခြေအနေကို ထုတ်ပြန်ကြေညာရပါတယ်။ ဒါ့အပြင် နိုင်ငံတော်ရဲ့ လုံခြုံရေးအခြေအနေဟာ အမှန်တကယ် ထိပါးသေးတာ မဟုတ်ဘဲ ထိပါးခံရတော့မယ်လို့ သမ္မတက ယုံကြည်ရင်လည်း အရေးပေါ်အခြေအနေကို ထုတ်ပြန်ကြေညာလို့ ရပါတယ်။ အဲသည်လို ထုတ်ပြန်ကြေညာရင် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ကို ထုတ်ပြန်ရတာ ဖြစ်သလို အရေးပေါ်အခြေအနေကို ပြန်ရုပ်သိမ်းရင်လည်း ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ကို ထုတ်ပြန် ရုပ်သိမ်းရတာ ဖြစ်ပါတယ်။
    သမ္မတက အရေးပေါ်အခြေအနေကို ထုတ်ပြန် ကြေညာပြီးရင် အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် နှစ်ရပ်လုံးကို တင်ပြပြီး အတည်ပြုချက် ရယူရပါတယ်။ တကယ်လို့ ပါလီမန်လွှတ်တော်ရဲ့ အတည်ပြုချက် မယူဘူးဆိုရင် အဲသည် အရေးပေါ်အခြေအနေ အကျိုးသက်ရောက်မှုဟာ တစ်လပြည့်တာနဲ့ ပျက်ပြယ်ပါတယ်။ တကယ်လို့ အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာချိန်ဟာ အောက်လွှတ်တော် ဖျက်သိမ်းထားချိန်ဖြစ်ရင်၊ ဒါမှမဟုတ် အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာပြီး တစ်လအတွင်းမှာ အောက်လွှတ်တော်ကို ဖျက်သိမ်းခဲ့ရင်၊ အထက်လွှတ်တော်က သဘောတူ အတည်ပြုထားပြီး တစ်လအတွင်းမှာ အောက်လွှတ်တော်က အတည်မပြုဘူးဆိုရင်၊ အောက်လွှတ်တော် ပြန်လည်ဖွဲ့စည်းပြီး တစ်လအတွင်းမှာ အောက်လွှတ်တော်က အတည်မပြုပေးဘူး ဆိုရင်၊ အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာချက်ဟာ အလိုအလျောက် ပျက်ပြယ်ပါတယ်။
    တကယ်လို့ အထက်လွှတ်တော်ရော အောက်လွှတ်တော်ကပါ အတည်ပြုပေးပြီ ဆိုရင် အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာချက်ဟာ ခြောက်လတာ အာဏာတည်ပါတယ်။ တကယ်လို့ ခြောက်လလွန်မြောက်ပြီး ဆက်လက် အာဏာတည်ဖို့ လိုအပ်တယ်ဆိုရင် ပါလီမန်လွှတ်တော်ကို ခြောက်လပြည့်ချိန်မှာ ထပ်မံတင်ပြ အတည်ပြုချက် ယူဖို့ လိုအပ်ပါတယ်။ လွှတ်တော်က တစ်ခါ သဘောတူအတည်ပြုရင် အရေးပေါ်ကာလ အကျိုးသက်ရောက်မှုကို ခြောက်လစီ သက်တမ်း တိုးသွားလို့ ရတဲ့အနေအထားမှာ ရှိပါတယ်။ တကယ်လို့ ခြောက်လအတွင်းမှာ အောက်လွှတ်တော်ကို ဖျက်သိမ်းလိုက်လို့ အောက်လွှတ်တော်ရဲ့ အတည်ပြုချက် မယူလိုက်ရဘူးဆိုရင် အောက်လွှတ်တော် ပြန်လည်ဖွဲ့စည်းပြီး ရက်ပေါင်း ၃၀ အတွင်း အောက်လွှတ်တော်ရဲ့ အတည်ပြုချက် လိုအပ်ပါတယ်။ ဖော်ပြပါ ရက်ပေါင်း ၃၀ အတွင်းမှာ အောက်လွှတ်တော်ရဲ့ သဘောတူ အတည်ပြုချက်ကို မရဘူးဆိုရင် အရေးပေါ်ကာလ အကျိုးသက်ရောက်မှု ပျက်ပြယ်ပါတယ်။
    အရေးပေါ်ကာလကို အတည်ပြုဖို့ပဲဖြစ်ဖြစ် သက်တမ်းတိုးဖို့ပဲ ဖြစ်ဖြစ်  လွှတ်တော်ကို တင်ပြတယ်ဆိုရင် တက်ရောက်မဲပေးတဲ့ အမတ်အရေအတွက်ရဲ့ ထက်ဝက်ကျော်နဲ့ သုံးပုံနှစ်ပုံက ထောက်ခံဖို့ လိုအပ်ပါတယ်။
    အထက်မှာ ဘယ်လိုပဲ ပြဌာန်းထားသည်ဖြစ်ပါစေ အရေးပေါ်အခြေအနေ ကြေညာမှုကိုဖြစ်စေ သက်တမ်းတိုးမှုကို ဖြစ်စေ အောက်လွှတ်တော်က အတည်ပြုပေးခြင်း မရှိဘူးဆိုရင် သမ္မတက အရေးပေါ်အခြေအနေကို ပြန်လည် ရုပ်သိမ်းရပါတယ်။ အရေးပေါ်အခြေအနေ ကြေညာတဲ့ကိစ္စမှာ အောက်လွှတ်တော်က သမ္မတအလိုကို ကျော်လွန်ဆောင်ရွက်နိုင်ခွင့်ရှိတယ်ဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်။ တကယ်လို့ အရေးပေါ်အခြေအနေ ကြေညာထားတုန်းမှာ အဲသည် အရေးပေါ်အခြေအနေ ကြေညာထားမှုကို ရုပ်သိမ်းစေချင်ကြောင်း အောက်လွှတ်တော်အမတ် အနည်းဆုံး ဆယ်ပုံတစ်ပုံက လွှတ်တော်ကျင်းပချိန်ဆိုရင် လွှတ်တော်ဥက္ကဌထံကို၊ လွှတ်တော်ရပ်နားထားချိန်မှာ သမ္မတထံကို လက်မှတ်ထိုး စာရေးအကြောင်းကြားရင် အဲသည်စာ ရရှိတဲ့ရက်ကနေ ဆယ့်လေးရက်အတွင်းမှာ အရေးပေါ်အခြေအနေနဲ့ပတ်သက်ပြီး ဆုံးဖြတ်ဖို့ အောက်လွှတ်တော် အထူးအစည်းအဝေး ခေါ်ယူကျင်းပ ဆုံးဖြတ်ပေးရပါတယ်။


    အရေးပေါ်အခြေအနေ ကြေညာထားစဉ်အတွင်း အရေးယူ ဆောင်ရွက်ချက်များနဲ့ ပတ်သက်ပြီး ဥပဒေပြုခွင့်ကို ပါလီမန် လွှတ်တော်ကို ပြဌာန်းထားပြီး အရေးပေါ်အခြေအနေနဲ့ ပတ်သက်ရင် ပါလီမန်လွှတ်တော်ဟာ ပြည်ထောင်စု ဥပဒေပြုစာရင်းမှာ ပါဝင်ခြင်းမရှိတဲ့ ကိစ္စရပ်များကိုပါ ဥပဒေပြုခွင့် အာဏာ ရရှိပါတယ်။ (သာမန်အားဖြင့် ဆိုရင် ပါလီမန်လွှတ်တော်ဟာ ပြည်ထောင်စု ဥပဒေပြုစာရင်းမှာပါတဲ့ ကိစ္စရပ်များကိုပဲ ဥပဒေပြုခွင့်ရှိတာပါ။ အရေးပေါ်အခြေအနေ အကျိုးသက်ရောက်တဲ့ ကာလအတွင်း အရေးယူ ဆောင်ရွက်ချက်များနဲ့ ပတ်သက်ပြီး ပြည်နယ်ဥပဒေပြုစာရင်း တွေထဲမှာ ပါတဲ့ ကိစ္စရပ်များကိုပါ ပါလီမန်က ဥပဒေပြဌာန်းပိုင်ခွင့် ရှိတဲ့ဆိုတဲ့ သဘောဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြည်နယ်တွေရဲ့ အာဏာကို ပြည်ထောင်စုလက်အောက်ကို ထည့်သွင်းပေးလိုက်တာပါ။)
    အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက် ပုဒ်မ ၃၅၈ အရ အရေးပေါ်ကာလ အကျိုးသက်ရောက်စဉ် အတောအတွင်းမှာ နိုင်ငံသားတစ်ယောက်ရဲ့ မူလအခွင့်အရေးများကို တားဆီးကန့်သတ်ထားနိုင်ကြောင်း ပြဌာန်းထားပါတယ်။ နိုင်ငံသားများ၏ မူလအခွင့်အရေးများအခန်း ပုဒ်မ ၁၉ မှာ ပြဌာန်းခွင့်ပြုထားတဲ့ လွပ်လပ်စာပြောဆို ရေးသား ဖော်ထုတ်ပိုင်ခွင့်၊ လက်နက်မပါဘဲ လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့်၊ အသင်းအပင်းများ ဖွဲ့စည်းခွင့်၊ နိုင်ငံတစ်ဝန်း လွတ်လပ်စွာ သွားလာခွင့်၊ လွတ်လပ်စွာ အခြေစိုက်နေထိုင်ခွင့် ဆိုတဲ့ နိုင်ငံသား အခွင့်အရေးတွေကို အရေးပေါ်ကာလ အကျိုးသက်ရောက်စဉ် အတွင်းမှာ ကန့်သတ် ပိတ်ပင် ရုပ်သိမ်းထားနိုင်တဲ့ ဥပဒေများကို ပါလီမန် လွှတ်တော်က ပြဌာန်းပိုင်ခွင့် ရှိပါတယ်။ ဒါပေမယ့် အဲသည် ကန့်သတ်ချက်များဟာ အရေးပေါ်ကာက ကြေညာထားစဉ်အတောအတွင်း အရေးပေါ်ကာလ အကျိုးသက်ရောက်တဲ့ နေရာဒေသမှာသာ အာဏာသက်ရောက်ပြီးတော့ အရေးပေါ်ကာလ ကုန်ဆုံးပြီဆိုတာနဲ့ အဲသည် ကန့်သတ်ထားတဲ့ ဥပဒေများရဲ့ အာဏာသက်ရောက်မှုဟာ အလိုအလျောက် ပျက်ပြယ်သွားမှာ ဖြစ်ပါတယ်။
    အခြေခံဥပဒေပုဒ်မ ၃၅၉ ရဲ့ မူလပြဌာန်းချက်မှာဆိုရင် နိုင်ငံသားတစ်ယောက်ရဲ့ မူလအခွင့်အရေးတစ်ရပ်ရပ်ကို အရေးပေါ်ကာလ အကျိုးသက်ရောက်စဉ် အတောအတွင်းမှာ ကန့်သတ် ရုပ်သိမ်း ပယ်ဖျက်နိုင်ခွင့်အာဏာကို သမ္မတက အမိန့်ထုတ်ပြန် ကျင့်သုံးခွင့် ပြုပေးထားပါတယ်။ ဒါပေမယ့် အခြေခံဥပဒေ ပြင်ဆင်ချက် အမှတ် ၄၄ က အုပ်ချုပ်ရေးမဏ္ဍိုင်ကို ပေးအပ်ထားတဲ့ အဆိုပါ အာဏာအချို့ကို ပြန်လည် လျှော့ချခဲ့ပါတယ်။
    အခုတင်ပြခဲ့တာကတော့ အိန္ဒိယ အခြေခံဥပဒေမှာ ပါရှိတဲ့ အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များထဲက ပထမဆုံး အပိုင်းဖြစ်ပါတယ်။ ဗိုလ်ကောင်းတို့ မြန်မာနိုင်ငံ အခြေခံဥပဒေ အခန်း ၁၁ ကလည်း အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များအခန်း ဖြစ်ပါတယ်။ အဲသည်မှာ ဖော်ပြထားတဲ့ အကြောင်းအရာတွေက အခုတင်ပြခဲ့တဲ့ အိန္ဒိယနိုင်ငံ အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များနဲ့ သဘောတရားချင်း ဆင်ဆင်တူနေတာကို တွေ့ရပါတယ်။
ကျန်အပိုင်းများကို ဆက်လက် တင်ပြပေးသွားမှာ ဖြစ်ပါတယ်။ ရွှင်လန်း ချမ်းမြေ့ကြပါစေဗျ။

အိန္ဒိယအခြေခံဥပဒေပါ အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များ (၂)


    အိန္ဒိယအခြေခံဥပဒေပါ အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များထဲက နိုင်ငံတော် အချုပ်အခြာနဲ့ လုံခြုံရေးကို ထိပါးလာရင် ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာ တင်ပြပြီးတဲ့နောက် အခုတစ်ခါ အခြေခံဥပဒေပါ ပြဌာန်းချက်များအတိုင်း ကျင့်သုံးဆောင်ရွက်ရန် မဖြစ်နိုင်တော့လို့ ကြေညာရတဲ့ အရေးပေါ် အခြေအနေ နဲ့ ဘဏ္ဍာရေးအကျပ်အတည်းကြောင့် ကြေညာရတဲ့ အရေးပေါ်အခြေအနေများအကြောင်း ဆက်လက် တင်ပြပေးသွားမှာဖြစ်ပါတယ်။
    အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်တစ်ခုခုဟာ အခြေခံဥပဒေပါ ပြဌာန်းချက်များအတိုင်း လုပ်ကိုင်ဆောင်ရွက်ဖို့ မဖြစ်နိုင်တော့ဘူးလို့ သမ္မတက ယုံကြည်ယူဆလောက်တဲ့ အခြေအနေများ ဖြစ်ပေါ်နေပြီဆိုရင် သမ္မတက အရေးပေါ်အခြေအနေ ကြေညာရမယ့်အကြောင်း အခြေခံဥပဒေ ပုဒ်မ ၃၅၆ မှာ ပြဌာန်းထားပါတယ်။ ဒီကြေညာချက်ဟာ လွှတ်တော်နှစ်ရပ်လုံးရဲ့ သဘောတူညီချက် လိုအပ်ပြီး တကယ်လို့ လွှတ်တော်က သဘောမတူဘူးဆိုရင် အရေးပေါ်ကာလသက်တမ်းဟာ နှစ်လနေရင် ကုန်ဆုံးသွားမှာ ဖြစ်ပါတယ်။ ဒီကြေညာထားတဲ့ ကာလမှာပြည်ထောင်စုအစိုးရဟာ ပြည်နယ်အစိုးရရဲ့ အခွင့်အာဏာကို ကျင့်သုံးဆောင်ရွက်ပိုင်ခွင့် ရှိပါတယ်။ ပြည်နယ်အစိုးရကိုတော့ ဖယ်ရှားပစ်လေ့ရှိပြီး ပြည်နယ်လွှတ်တော်ကိုလည်း ဖျက်သိမ်းရင် ဖျက်သိမ်း၊ မဖျက်သိမ်းရင်လည်း အစည်းအဝေးတွေ ရွှေ့ဆိုင်းထားရပါတယ်။ အခြေခံဥပဒေပါ ပြဌာန်းချက်များအတိုင်း ကျင့်သုံးနိုင်ခြင်းမရှိလို့ အရေးပေါ်အခြေအနေ ကြေညာရတဲ့ ကိစ္စတွေက နောက်ပိုင်းမှာ အငြင်းပွားစရာတွေ များလာတယ်လို့ ဆိုပါတယ်။
    အိန္ဒိယနိုင်ငံရဲ့ ဘဏ္ဍာငွေကြေးတည်ငြိမ်မှု ပျက်ပြားစေမယ့် ခြိမ်းခြောက်မှုမျိုး ရှိနေပြီလို့ သမ္မတက ယူဆရင် အရေးပေါ်အခြေအနေ ကြေညာရမယ့်အကြောင်း အခြေခံဥပဒေ ပုဒ်မ ၃၆၀ မှာ ပြဌာန်းထားပါတယ်။ ဒီလိုအရေးပေါ်အခြေအနေ ကာလမှာဆိုရင် သမ္မတဟာ ပြည်နယ်တစ်ခုခု ဒါမှမဟုတ် ပြည်နယ်တွေရဲ့ ဘဏ္ဍာရေးဆိုင်ရာ ညွှန်ကြားချက်တွေကို တိုက်ရိုက်ညွှန်ကြားပိုင်ခွင့် ရှိပါတယ်။ ဒါ့အပြင် လိုအပ်တဲ့ တစ်ခြား ညွှန်ကြားမှုတွေကိုလည်း လုပ်လို့ရပါတယ်။ ဒီလိုညွှန်ကြားတဲ့နေရာမှာ ပြည်ထောင်စုအစိုးရ ဒါမှမဟုတ် ပြည်နယ်အစိုးရတွေမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းများရဲ့ လစာများ ခံစားခွင့်များကို ဖြတ်တောက်လျှော့ချဖို့အပါအဝင် လိုအပ်တဲ့ ဘဏ္ဍာရေးဆိုင်ရာ အရေးယူဆောင်ရွက်မှုများကို လုပ်ဆောင်နိုင်ဖို့ သမ္မတကို အထူးအာဏာအပ်နှင်းထားပါတယ်။ ကံကောင်းထောက်မစွာပဲ ဒီနေ့ဒီအချိန်အထိ ဘဏ္ဍာရေးဆိုင်ရာ အရေးပေါ်အခြေအနေ တစ်ခါမှ မပေါ်ပေါက်ဖူးသေးပါဘူး။

Friday, 17 May 2013

အိန္ဒိယနိုင်ငံ မြို့ပြအုပ်ချုပ်ရေးစနစ်


    အိန္ဒိယနိုင်ငံ အခြေခံဥပဒေ အပိုင်း ၉(က) မှာ မြို့ပြအုပ်ချုပ်ရေးနဲ့ ပတ်သက်ပြီး ပြဌာန်းထားပါတယ်။ အမှန်ကတော့ အပိုင်း ၉(က) ဆိုတာ မူလ အခြေခံဥပဒေ ရေးဆွဲစဉ်က ပါခဲ့ဟန် မတူပါဘူး။ နောက်မှ ပြင်ဆင်ချက်နဲ့ ထပ်ဖြည့်တဲ့ အပိုင်းဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အပိုင်း ၉ မှာ ပုဒ်မ ၂၄၃ တစ်ခုတည်းသာ ပါဝင်ပြီး အဲသည်ပုဒ်မကို ပုဒ်မခွဲတွေ ခွဲထားပြီး ကျေးလက်အုပ်ချုပ်ရေး မြို့ပြအုပ်ချုပ်ရေး စသည်ဖြင့် ခွဲခြားပြဌာန်းထားတာကို တွေ့ရလို့ဖြစ်ပါတယ်။  မြို့ပြ အုပ်ချုပ်ရေး အဖွဲ့ငယ်တွေကို မြူနီစီပယ်ကောင်စီ လို့ခေါ်ပြီး အဖွဲ့ကြီးတွေကိုတော့ မြူနီစီပယ် ကော်ပိုရေးရှင်းလို့ ခေါ်တာပါ။


 မြန်မာပြည်မှာတော့ မြူနီစီပယ်ဆိုတာ စည်ပင်သာယာရေး အဖွဲ့မျှသာ ဖြစ်ပေမယ့် သူတို့ဆီမှာတော့  အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့ ဖြစ်ပါတယ်။ စက်မှုလုပ်ငန်း မြို့များနဲ့ တပ်မြို့များကတော့ သူတို့ အုပ်ချုပ်အောက်မှာ မရှိပါဘူးတဲ့။ မြူနီစီပယ် အုပ်ချုပ်ရေး အဖွဲ့ဝင်တွေကိုလည်း သက်ဆိုင်ရာ မဲဆန္ဒနယ်များက တိုက်ရိုက်ရွေးကောက် တင်မြှောက်ပါတယ်။ ကျေးရွာအဆင့်မှာလိုပဲ ဇာတ်နိမ့်များနဲ့ အမျိုးသမီးများအတွက် အဖွဲ့ဝင်နေရာ သတ်မှတ်ထားပေးပါတယ်။ မြုနီစီပယ် အဖွဲ့တွေမှာ စည်ပင်သာယာရေးဆိုင်ရာ နားလည် တတ်ကျွမ်းသူများ။ သက်ဆိုင်ရာ အောက်လွှတ်တော် အမတ်များနဲ့ ပြည်နယ်လွှတ်တော်အမတ်များ လွှတ်တော်ကော်မတီဥက္ကဌများက အဖွဲ့ဝင်အဖြစ် ပါပေမယ့် ဆုံးဖြတ်ချက်တွေချရင်တော့ မဲပေးခွင့် မရှိပါဘူး။
    မြို့နယ်မြူနီစီပယ်အဖွဲ့များကို ဖျက်သိမ်းပစ်ခွင့် မရှိပါဘူးတဲ့။ သက်တမ်း ငါးနှစ် မပြည့်ခင်မှာ ဥပဒေကို ပြင်ပြီးတော့လည်း ဖျက်သိမ်းခွင့် မရှိပါဘူး။ မြို့နယ်မြူနီစီပယ် အဖွဲ့ဝင်ဖြစ်ဖို့ အငယ်ဆုံး အသက်သတ်မှတ်ချက်က ၂၁ နှစ်ဖြစ်ပြီး သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်များက ပြဌာန်းထားတဲ့ ဥပဒေပါ အရည်အချင်းများနဲ့ ကိုက်ညီသူ ဖြစ်ဖို့ လိုပါတယ်။


 မြူနီစီပယ်အဖွဲ့တွေ ကိုင်တွယ်ဆောင်ရွက်ရတဲ့ လုပ်ငန်းရပ်များကတော့ မြို့ပြစီမံကိန်း၊ မြေအသုံးချမှုနဲ့ အဆောက်အုံများ ဆောက်လုပ်ခြင်း၊ စီးပွားရေးနဲ့ လူမှုရေးဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းတံတားများ၊ စိုက်ပျိုးရေးကိစ္စမဟုတ်တဲ့ ရေအသုံးချခြင်း၊ ပြည်သူ့ကျန်းမာရေး၊ မိလ္လာနှင့်သန်ရှင်းရေး၊ မီးသတ်အဖွဲ့၊ မြို့ပြသစ်တောထူထောင်ခြင်း၊ သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟစနစ်ထိန်းသိမ်းခြင်း၊ လူနည်းစုများရဲ့ အခွင့်အရေးကို ကာကွယ်ပေးခြင်း၊ မြို့ပြဆင်းရဲမွဲတေမှုတိုက်ဖျက်ခြင်း၊ မြို့ပြသာယာလှပရေး၊ ပညာရေးနှင့် ယဉ်ကျေးမှုထိန်းသိမ်းခြင်း၊ သင်္ချိုင်းများနှင့် သဂြိုဟ်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ လျှပ်စစ်မီးပေးဝေခြင်း၊ စားကျက်မြေများ၊ တိရစ္ဆာန်များအား ညှင်းပန်းမှုမှ ကာကွယ်ရေး၊ မွေးဖွားမှုနှင့် သေဆုံးမှု မှတ်ပုံတင်ခြင်း၊ သားသတ်ခြင်းနှင့် သားရေလုပ်ငန်းဆိုင်ရာ ကြီးကြပ်ခြင်း စသည်တို့ ဖြစ်ပါတယ်။ ဒီလုပ်ငန်းရပ်တွေကို အခြေခံဥပဒေ ဇယား ၂ မှာ ဖော်ပြထားပြီး ဒီကိစ္စရပ်များနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်များက ဥပဒေပြဌာန်း ဆောင်ရွက်စေနိုင်ပါတယ်။


    ဗိုလ်ကောင်းတို့ မြန်မာပြည်နဲ့ အဓိက ကွာခြားချက်ကတော့ သူတို့က မြို့နယ်အဆင့် အုပ်ချုပ်ရေးကို ရွေးကောက်တင်မြှောက် အုပ်ချုပ်စေတာ ဖြစ်ပေမယ့် မြန်မာအခြေခံဥပဒေ ပုဒ်မ ၂၈၈ မှာ ခရိုင်နှင့် မြို့နယ်အဆင့်တို့၏ အုပ်ချုပ်ရေးကို နိုင်ငံ့ဝန်ထမ်းများအား တာဝန်ပေး ဆောင်ရွက်စေရမည်လို့ ပြဌာန်းထားပါတယ်။  သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်များက မြန်မာ့အခြေခံဥပဒေ ဇယား ၂ ပါကိစ္စရပ်များကို ဥပဒေပြဌာန်း ဆောင်ရွက်စေတာခြင်းတော့ တူနေပါတယ်။ မြန်မာပြည်မှာတော့ နေပြည်တော် ပြည်ထောင်စု နယ်မြေဟာ သမ္မတရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်မှာ ရှိနေပြီး နေပြည်တော်ကောင်စီရဲ့ စီမံခန့်ခွဲ့မှုသာ သက်ရောက်ပြီးတော့ ဘယ်ပြည်နယ် တိုင်း လွှတ်တော်ရဲ့ ဥပဒေပြုမှု အာဏာစက်အောက်မှာ ရှိမနေပါဘူး။ ဒါပေမယ့် သူတို့ ဆီမှာတော့ ပြည်နယ်လွှတ်တော်များရဲ့ ဥပဒေပြုမှုဟာ သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေများကိုလည်း အကျုံးဝင် သက်ရောက်ပါတယ်။ သီးခြား သတ်မှတ်ထားတဲ့ လူမျိုးစုတွေ အမျိုးဇာတ်တွေကိုလည်း အာဏာစက်သက်ရောက်အောင် ဥပဒေ ပြဌာန်း ဆောင်ရွက်လို့ ရပါတယ်တဲ့။
    အခု တင်ပြခဲ့တာကတော့ အိန္ဒိယနိုင်ငံ မြို့ပြအုပ်ချုပ်ရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတ အနည်းအကျဉ်းမျှသာ ဖြစ်ပါတယ်။ ဖတ်ရှုသူများ ရွှင်လန်း ချမ်းမြေ့ကြပါစေဗျ။ (17-5-2013)

Tuesday, 14 May 2013

အိန္ဒိယနိုင်ငံ အောက်ခြေအဆင့် အုပ်ချုပ်ရေးစနစ်



    အိန္ဒိယနိုင်ငံမှာ အခြေခံအကျဆုံး အုပ်ချုပ်ရေးအဖွဲ့အစည်းက ဂရင်းဆာဗားလို့ခေါ်တဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ ဖြစ်ပြီး အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကို သက်ဆိုင်ရာ ပြည်သူက တိုက်ရိုက်ရွေးကောက်တင်မြှောက်ရတာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲများကိုတော့ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်တွေက ကြီးကြပ်တာပါ။ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ရဲ့ အထက်မှာ အုပ်ချုပ်ရေးအဖွဲ့ အဆင့် သုံးဆင့် ရှိနေပါတယ်။ ပန်ချာယပ် လို့ခေါ်တဲ့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့၊ အင်တာမီဒီယိတ်လို့ခေါ်တဲ့ မြန်မာပြည်မှာဆိုရင်တော့ မြို့နယ်အဆင့် သဘောမျိုး အုပ်ချုပ်ရေးအဖွဲ့ နဲ့ ခရိုင်အဆင့် အုပ်ချုပ်ရေးအဖွဲ့ ဆိုပြီး ရှိပါတယ်။ ဒါက လူဦးရေ နှစ်သန်းကျော်တဲ့ ပြည်နယ်တွေမှာ ဖြစ်ပြီး လူဦးရေ နှစ်သန်းအောက်နည်းတဲ့ ပြည်နယ်တွေမှာ ဆိုရင်တော့ မြို့နယ်အဆင့် အုပ်ချုပ်ရေးအဖွဲ့ မရှိဘဲ ကျေးရွာအုပ်စု နဲ့ ခရိုင်အဆင့် အုပ်ချုပ်ရေးအဖွဲ့သာ ရှိပါတယ်။ သက်တမ်းကတော့ ငါးနှစ်ဖြစ်ပါတယ်။ အဲသည်အုပ်ချုပ်ရေးအဖွဲ့တွေမှာ အဖွဲ့ဝင်ဖြစ်ဖို့က အသက် ၂၁ နှစ်ထက် မငယ်ရင် ရပါတယ်။ ကျန်တဲ့အရည်အချင်းတွေကတော့ သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်အမတ်များရဲ့ အရည်အချင်းအတိုင်းပဲ ဖြစ်ပြီး သက်ဆိုင်ရာ ပြည်နယ်များက ပြဌာန်းထားတဲ့ သတ်မှတ်ချက်တွေနဲ့ လည်း ကိုက်ညီဖို့ လိုပါတယ်။ အုပ်ချုပ်ရေးအဖွဲ့ရဲ့ သက်တမ်းက ငါးနှစ်ဖြစ်ပါတယ်။ ကျေးရွာအဆင့်ထက် မြင့်တဲ့ အုပ်ချုပ်ရေးအဖွဲ့တွေမှာ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌကို အဖွဲ့ဝင်များက မဲပေးရွေးချယ်ရပါတယ်။ ကျေးရွာအဆင့်မှာတော့ မဲပေးရွေးချယ်ဖို့ မလိုဘူးလို့ ပြဌာန်းထားပေမယ့် ဘယ်လို ရွေးချယ်ရမယ်ဆိုတာ ဖော်ပြထားခြင်း မရှိပါဘူး။
    အောက်လွှတ်တော် အမတ်များနဲ့ ပြည်နယ်လွှတ်တော် အမတ်များကလည်း သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေမှာ ကိုယ်စားလှယ် အဖြစ် ပါဝင်ပြီး ဆုံးဖြတ်ချက်များကို မဲပေးခွင့်ရှိပါတယ်။ အုပ်ချုပ်ရေးအဖွဲ့ဝင်များအနေနဲ့ ဇာတ်နိမ့်တွေ အမျိုးသမီးတွေလည်း ပါဝင်ထမ်းဆောင်လို့ ရအောင် ဥပဒေက နေရာပေး ခွင့်ပြုထားပါတယ်။ အုပ်ချုပ်ရေးအဖွဲ့တွေမှာ သက်ဆိုင်ရာ ဒေသက ဇာတ်နိမ့် သုံးပုံတစ်ပုံ ပါဝင်ရမယ်လို့ ပြဌာန်းထားပေမယ့် တကယ်တမ်း အလုပ်ဖြစ်ရဲ့လား ဆိုတာတော့ သေချာ မသိပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ဆီမှာ ဇာတ်နိမ့်ဆိုရင် သိပ်ကို အနှိမ်ခံရလွန်းလို့ ဖြစ်ပါတယ်။
    အခြေခံဥပဒေ ဇယား ၁၁ မှာ ဖော်ပြပါ အုပ်ချုပ်ရေးအဖွဲ့များရဲ့ လုပ်ငန်း တာဝန်များကို ဖော်ပြပေးထားပါတယ်။ ကျေးလက်စိုက်ပျိုးရေး၊ မြေယာဖွံ့ဖြိုးတိုးတက်ရေး၊ မြေယာပြုပြင်ပြောင်းလဲရေး၊ မြေယာပြုပြင်ထိန်းသိမ်းရေး၊ ရေပေးမြောင်းများ၊ ရေအသုံးချစီမံခန့်ခွဲမှု၊ တံငါလုပ်ငန်း၊ လူထုအခြေပြု သစ်တောကဏ္ဍနဲ့ လယ်ယာအခြေပြု သစ်တောကဏ္ဍ၊ အသေးစား သစ်တောထွက်ပစ္စည်း ထုတ်လုပ်ရေး၊ လက်ယက်ကန်း၊ အိမ်တွင်းမှုလုပ်ငန်း၊ သောက်သုံးရေ၊ လောင်စာနှင့် တိရစ္ဆာန်အစားအစာ၊ လမ်းများ၊ မြေအောက်ရေမြောင်းများ၊ တံတားများ၊ ခရီးသည်ပို့ဆောင်ရေး၊ ရေလမ်းခရီးနှင့် အခြား ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းများ၊ ကျေးလက် လျှပ်စစ်မီးပေးဝေခြင်း၊ ပုံမှန်မဟုတ်သော စွမ်းအင် အရင်းအမြစ်များ၊ ဆင်းရဲမှုတိုက်ဖျက်ရေး အစီအမံများ၊ ပညာရေး၊ စာကြည့်တိုက်၊ ယဉ်ကျေးမှုအစီအစဉ်များ၊ ဈေးများ၊ ကျန်းမာရေးနှင့် သန့်ရှင်းရေး၊ မိသားစုသက်သာချောင်ချိရေး၊ အမျိုးသမီးနှင့် ကလေးများ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုဖူလုံရေး၊ မသန်စွမ်းသူများ ဇာတ်နိမ့်များ၏ သက်သာချောင်ချိရေး ကိစ္စရပ်များ၊ ပြည်သူပိုင်ပစ္စည်းများ ထိန်းသိမ်းစောင့်ရှောက်ရေး စသည်ဖြင့် ကျေးလက်ဖွံ့ဖြိုးရေး အစီအစဉ်များစွာ ပါဝင်ပါတယ်။
    ငွေကြေးရှာဖွေ သုံးစွဲမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ပြည်နယ်ရံပုံငွေက ထောက်ပံ့ပေးခြင်း၊ အခွန် အကောက် လမ်းဖြတ်သန်းခ တံတားအသုံးပြုခ စတာတွေ ကောက်ခံခွင့်ကို ပြည်နယ်လွှတ်တော်တွေက ဥပဒေပြဌာန်း ခွင့်ပြုပေးနိုင်ပါတယ်။ သက်ဆိုင်ရာ ပြည်နယ် အုပ်ချုပ်ရေးမှူးက ကျေးရွာအုပ်စုအုပ်ချုပ်ရေး အဖွဲ့များရဲ့ ငွေကြေးဆိုင်ရာ ကိစ္စများကို စစ်ဆေးဖို့ ငွေကြေးကော်မရှင်တစ်ရပ် ဖွဲ့ပေးပြီး ငါးနှစ်တစ်ကြိမ် စစ်ဆေးပါတယ်။ အဲသည်အဖွဲ့က စစ်ဆေးပြီးရင် အုပ်ချုပ်ရေးမှူးကို အကြံပြုချက်များနဲ့တကွ အစီရင်ခံ တင်ပြရပါတယ်။
    အထက်မှာ ဖော်ပြခဲ့တဲ့ အုပ်ချုပ်ရေးအဖွဲ့များနဲ့ ပတ်သက်တဲ့ ပြဌာန်းချက်များဟာ ပြည်နယ်တွေ အားလုံးနီးပါးနဲ့ ပြည်ထောင်စု နယ်မြေအချို့မှာပါ အကျုံးဝင်ပါတယ်။ တစ်ချို့နေရာတွေမှာတော့  သီးခြားပြဌာန်းချက်တွေ နဲ့ ဆောင်ရွက်ရတာလည်း ရှိပါတယ်။
    အခုတင်ပြခဲ့တာကတော့ အိန္ဒိယက ကျေးရွာအုပ်ချုပ်ရေးနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တာလေးတွေကို အကျဉ်းချုံး ရေးသားထားတာဖြစ်ပါတယ်။ တို့မြန်မာနိုင်ငံမှာတော့ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးနဲ့ ပတ်သက်ပြီး အခြေခံဥပဒေမှာ ဖော်ပြထားတာ တစ်ခုပဲ ရှိပါတယ်။ အခြေခံဥပဒေ ပုဒ်မ ၂၈၉ မှာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးကို ရပ်ရွာက ကြည်ညိုလေးစားပြီး သိက္ခာသမာဓိရှိသည့် ပုဂ္ဂိုလ်တစ်ဦးဦးကို ဥပဒေနှင့်အညီ ခန့်အပ် တာဝန်ပေး ဆောင်ရွက်စေရမည် လို့
တစ်ချက်ပဲ ပြဌာန်းထားပြီးအသေးစိတ်ကိုတော့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ မူရင်း နှင့် ပြင်ဆင်ချက် မှာ ရေးသားပြဌာန်းထားပါတယ်။ စိတ်ဝင်စားသူများ နှိုင်းယှဉ်လေ့လာကြည့်နိုင်ပါတယ် ခင်ဗျာ။ ရွှင်လန်း ချမ်းမြေ့ကြပါစေဗျ။ (14-5-2013)

Monday, 29 April 2013

နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ


    ခေါင်းစဉ်ကတော့ မြန်မာနိုင်ငံ အခြေခံဥပဒေ အခန်း ၂ ခေါင်းစဉ်ဖြစ်ပါတယ်။ အိန္ဒိယအခြေခံဥပဒေမှာတော့ အပိုင်း ၁ ဖြစ်ပါတယ်။ ဒါ့အပြင် ဆက်စပ်နေတဲ့ အိန္ဒိယနိုင်ငံ ပြည်နယ်များစာရင်းကို ဖော်ပြထားတဲ့ အခြေခံဥပဒေ ဇယား ၁ နဲ့ ပြည်နယ်အလိုက် လွှတ်တော်ကိုယ်စားလှယ်ဦးရေ သတ်မှတ်ပေးထားတဲ့ ဇယား ၄ တို့ကိုပါ ပူးတွဲ လေ့လာတင်ပြသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပြည်နယ် ၇ ခ၊ု တိုင်းဒေသကြီး ၇ ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ၁ တိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၅ ခု၊ ပြည်ထောင်စုနယ်မြေ ၁ ခုနဲ့ ဖွဲ့စည်းထားပြီး အိန္ဒိယနိုင်ငံမှာတော့ ပြည်နယ် ၂၈ ခု၊ ပြည်ထောင်စုနယ်မြေ ၇ ခုနဲ့ ဖွဲ့စည်းထားပါတယ်။ ပြည်နယ် ၂၈ ပြည်နယ်မှာ ပြည်နယ်လွှတ်တော်တွေ ရှိပြီး ပြည်ထောင်စုနယ်မြေ ၇ ခုအနက် ပွန်ဒီချယ်ရီ ပြည်ထောင်စုနယ်မြေနဲ့ မြို့တော်ဒေလီတို့မှာ ရွေးကောက်တင်မြှောက် ဖွဲ့စည်းထားတဲ့ ဥပဒေပြုအဖွဲ့အစည်းနဲ့ သီးခြားအစိုးရတို့ ရှိနေပြီး ကျန်ပြည်ထောင်စု နယ်မြေတွေကိုတော့ ဗဟိုကနေ ခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူးနဲ့ တိုက်ရိုက် အုပ်ချုပ်တာဖြစ်ပါတယ်။ ပြည်နယ်တွေရဲ့အောက်မှာ ခရိုင် မြို့နယ် ကျေးရွာအုပ်စု ကျေးရွာတွေ ရှိနေတာကတော့ မြန်မာပြည်နဲ့ ဆင်ဆင်တူပါတယ်။

    ပြည်နယ်တွေကတော့
၁။    အန်ဒရာပရာဒက်ရှ်ပြည်နယ် (Andhra Pradesh)   
၂။    အရမ်နက်ချာပရာဒက်ရှ်ပြည်နယ် (Arunachal Pradesh)
၃။    အာသံပြည်နယ် (Assam)
၎။    ဘီဟာပြည်နယ် (Bihar)
၅။    ချက်တီစ်ဂါ့ပြည်နယ် (Chhattisgarh)
၆။    ဂိုအာပြည်နယ် (Goa)
၇။    ဂူဂျာရတ်ပြည်နယ် (Gujarat)
၈။    ဟာယာနပြည်နယ် (Haryana)
၉။    ဟီမာချယ်ပရာဒက်ရှ်ပြည်နယ် (Himachal Pradesh)
၁၀။    ဂျမူးနှင့်ကက်ရှ်မီးယားပြည်နယ် (Jammu and Kashmir)
၁၁။    ဂျဟာယခန့်ပြည်နယ် (Jharkhand)
၁၂။    ကာနာတကပြည်နယ် (Karnataka)
၁၃။    ကာရာလပြည်နယ် (Kerala)
၁၄။    မတ်ဒရာပရာဒက်ရှ်ပြည်နယ် (Madhya Pradesh)
၁၅။    မဟာရပ်ရှ်တြာပြည်နယ် (Maharashtra)
၁၆။    မဏိပူရ်ပြည်နယ် (Manipur)
၁၇။    မဟာလာယပြည်နယ် (Meghalaya)
၁၈။    မီဇိုရမ်ပြည်နယ် (Mizoram)
၁၉။    နာဂလန့်ပြည်နယ် ( Nagaland)
၂၀။    အောဒိရှပြည်နယ် (Odisha)
၂၁။    ပန်ဂျပ်ပြည်နယ် (Punjab)
၂၂။    ရာဂျက်စ်သန်ပြည်နယ် (Rajasthan)
၂၃။    ဆစ်ခင်ပြည်နယ် (Sikkim)
၂၄။    တမီလ်နာဒူးပြည်နယ် (Tamil Nadu)
၂၅။    ထရိပူရ်ပြည်နယ် (Tripura)
၂၆။    ဥတ္တရာပရာဒက်ရှ်ပြည်နယ် (Uttar Pradesh)
၂၇။    ဥတ္တရာခန့်ပြည်နယ် (Uttarakhand)
၂၈။    အနောက်ဘင်္ဂလားပြည်နယ် (West Bengal) တို့ ဖြစ်ပါတယ်။


ပြည်ထောင်စုနယ်မြေများကတော့
(က)    အက်ဒမန်နှင့်နီကိုဘာ ကျွန်းစုများ (Andaman and Nicobar Islands)
(ခ)    ချန်ဒီဂါ့ (Chandigarh)
(ဂ)    ဒက်ရာ နှင့် နာဂါ ဟက်ဝလီ (Dadra and Nagar Haveli)
(ဃ)    ဒက်မန်နှင့် ဒီရူး (Daman and Diu)
(င)    လာ့ခ်ရှဒွိ (Lakshadweep)
(စ)    ဒေလီမြို့တော် (National Capital Territory of Delhi)
(ဆ)    ပွန်ဒီချယ်ရီ (Puducherry) တို့ပဲ ဖြစ်ပါတယ်။

    အိန္ဒိနိုင်ငံရဲ့ တောင်ဘက်မှာ အာရေဗျပယ်လယ်နဲ့ ဘင်္ဂလားပင်လယ်အောင်တို့နဲ့ ထိစပ်နေတဲ့ ရှည်လျားတဲ့ ကမ်းရိုးတန်းရှိပါတယ်။ အနောက်ဘက်မှာ ပါကစ္စတန်နိုင်ငံ၊ မြောက်ဘက်မှာ တရုတ်နိုင်ငံ၊ နီပေါနိုင်ငံ၊ ဘူတန်နိုင်ငံ၊ အရှေ့ဘက်မှာ မြန်မာနိုင်ငံတို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံကတော့ အိန္ဒိယနိုင်ငံရဲ့ အတွင်းထဲမှာပဲ ငုံထားမိတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ တောင်ဘက် ကမ်းလွန်ပင်လယ်ထဲမှာ သီရိလင်္ကာနိုင်ငံနဲ့ မော်လ်ဒိုက်ကျွန်းစုများ တည်ရှိပြီး အက်ဒမန်နဲ့ နီကိုဘာကျွန်းစုတွေကတော့ ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံတို့နဲ့ ရေပြင်နယ်နိမိတ် ထိစပ်လျက်ရှိနေပါတယ်။


    နိုင်ငံတော် နယ်နိမိတ်ထဲကို အသစ်ထပ်မံဝင်ရောက်လာတဲ့ နယ်မြေကိုလည်း ပြည်နယ်အသစ်ဖွဲ့စည်းမှုအဖြစ် ပါလီမန်က ဥပဒေပြဌာန်းသတ်မှတ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ပြည်နယ်နှစ်ခု ပူးပေါင်းပြီး ပြည်နယ်တစ်ခုတည်ထောင်တာပဲ ဖြစ်ဖြစ်၊ ပြည်နယ်တစ်ခုရဲ့ နယ်ပယ်ကို ချဲ့ထွင်တာပဲဖြစ်ဖြစ်၊ ပြည်နယ်တစ်ခုရဲ့နယ်ပယ်ကို လျှော့ချတာပဲဖြစ်ဖြစ်၊ ပြည်နယ်ရဲ့ နယ်နိမိတ်ကို ပြောင်းလဲ သတ်မှတ်တာပဲ ဖြစ်ဖြစ်၊ ပြည်နယ်တစ်ခုရဲ့ နာမည်ကို ပြောင်းလဲတာပဲ ဖြစ်ဖြစ် ပါလီမန်က ဥပဒေပြဌာန်း ဆောင်ရွက်နိုင်တယ်လို့ ဆိုထားပေမယ့် သမ္မတရဲ့ထောက်ခံချက်မပါဘဲ ဆောင်ရွက်လို့ မရပါဘူး။ အထက်ပါဆောင်ရွက်ချက်တွေကို ဥပဒေပြဌာန်း ဆောင်ရွက်လိုက်ပြီ ဆိုရင်တောင် ပုဒ်မ ၃၆၈ မှာဖော်ပြထားတဲ့ ပြည်နယ်လွှတ်တော်များ ဥပဒေပြုစာရင်းကို ပြင်ဆင်တယ်လို့ မှတ်ယူခွင့် မရှိပါဘူးတဲ့။ ဆိုလိုတာက ပြည်နယ်နယ်နိမိတ်တွေ နာမည်ကိုတွေ ပြင်ဆင်လိုက်တယ် ဆိုရင်တောင် အဲဒီ ပြင်ဆင်ချက်များဟာ အခြေခံဥပဒေ ပုဒ်မ ၃၆၈ မှာ ဖော်ပြထားတဲ့ ပြည်နယ်လွှတ်တော်များ ဥပဒေပြုစာရင်းကို အကျိုးသက်ရောက်မှု မရှိစေရဘူးလို့ ပြောတာဖြစ်ပါတယ်။
    တို့မြန်မာနိုင်ငံ အခြေခံဥပဒေမှာလည်း နိုင်ငံတော်နယ်နိမိတ် ပြင်ဆင်သတ်မှတ်ရန် လိုအပ်ပါက ပြင်ဆင်သတ်မှတ်နိုင်မယ့် နည်းလမ်းများကို ပုဒ်မ ၅၂ မှာ ဖော်ပြထားပါတယ်။ အကြမ်းဖျင်းအားဖြင့် သမ္မတက ပြည်ထောင်စုလွှတ်တော်ကို အကြောင်းကြားမယ်။ လွှတ်တော်က သဘောတူရင် သမ္မတက ဆက်လက်ဆောင်ရွက်ဖို့ ပြဌာန်းထားတာပါ။ ပြည်နယ်တိုင်း တွေရဲ့ နယ်နိမိတ်ပြင်ဆင်ချင်ရင်တော့ ပထမဆုံး သက်ဆိုင်ရာပြည်နယ်တိုင်း နယ်နိမိတ်ထဲမှာ နေတဲ့သူတွေရဲ့ သဘောထားကို အရင်ရယူရမှာဖြစ်ပါတယ်။ သူတို့ သဘောတူပြီဆိုမှ သက်ဆိုင်ရာ ပြည်နယ်တိုင်း လွှတ်တော်တွေမှာ ဆက်လက် သဘောထားရယူရမှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ ပြည်နယ်တိုင်း လွှတ်တော်တွေ သဘောတူပြီဆိုမှ ပြည်ထောင်စုလွှတ်တော်ကို တင်ပြပြီး အဆုံးအဖြတ် ခံယူရတာဖြစ်ပါတယ်။ ရပ်ကွက် ကျေးရွာ အုပ်စု မြို့နယ် ခရိုင်တွေကို ပြင်ဆင်ဖွဲ့စည်းဖို့ဆိုရင်တော့ သက်ဆိုင်ရာ ပြည်နယ် တိုင်း ဝန်ကြီးချုပ်က သမ္မတကို ထောက်ခံတင်ပြပေးတဲ့အခါကျရင် သမ္မတက လိုအပ်သလို ဆက်လက်ဆောင်ရွက်ပေးရတာ ဖြစ်ပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသတွေကိုလည်း အမည်ပြောင်းလဲ နိုင်ပေမယ့် အသစ်ဖွဲ့စည်းမှု ဘယ်လို လုပ်ရမလဲဆိုတာတော့ မတွေ့မိပါဘူး။ နိုင်ငံတော် ကာကွယ်ရေး လုံခြုံရေး စီးပွားရေး အုပ်ချုပ်ရေးတို့နဲ့ စပ်လျဉ်းပြီး ထူးခြားသောအခြေအနေရှိတဲ့ နေရာတစ်ခုကို ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်မယ်ဆိုရင်တော့ ဥပဒေပြဌာန်း သတ်မှတ်နိုင်ပါတယ်။
    တကယ့်တကယ်တော့ အိန္ဒိယနိုင်ငံ ဖွဲ့စည်းတည်ဆောက်ပုံကို ပြောရမယ်ဆိုရင် အများကြီး ကျန်ပါသေးတယ်။ ပြည်နယ်တွေ အသစ်တိုးလာတာ၊ နယ်ခြားပြဿနာတွေ စတဲ့ အကြောင်းအရာတွေ အများသားပါ။ ပြီးတော့ နိုင်ငံတစ်ခုရဲ့ ပထဝီဝင်အကြောင်း ပြောပြီ ဆိုရင်လည်း အိမ်နီးချင်း နိုင်ငံတွေ ပင်လယ်တွေအကြောင်းက မပါမဖြစ်ပါ။ ဒီနေရာမှာတော့ အခြေခံဥပဒေကို ဇောင်းပေး တင်ပြတာဖြစ်လို့ အထူးအထွေ ထပ်မံ မတင်ပြလိုတော့ပါဘူး။ စာဖတ်သူများ ရွှင်လန်းချမ်းမြေ့ပါစေဗျာ။

Friday, 26 April 2013

အိန္ဒိယနိုင်ငံသားများ၏ မူလအခွင့်အရေးများ (နိဒါန်း)


    အိန္ဒိယနိုင်ငံ အခြေခံဥပဒေစာအုပ်ကို ဖတ်နေရင်းနဲ့ တစ်ခါတစ်လေတော့လည်း စာသင်ခန်းကို ယူသွားမိပါတယ်။ တစ်ရက်တော့ စာသင်ခန်းထဲမှာ စားပွဲပေါ်တင်ထားတဲ့စာအုပ်ကို ဆရာမကတွေ့တော့ မင်းဒီစာအုပ်ကို ဖတ်နေတာလားတဲ့။ ဘာလို့ ဖတ်တာလဲတဲ့။ အိန္ဒိယနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို ဘယ်လိုများ ကျင့်သုံးနေကြသလဲဆိုတာ စိတ်ဝင်စားလို့ ဖတ်တာပါလို့ ဖြေလိုက်ပြီး ဆရာမရော ဖတ်ပါသလား လို့ပြန်မေးတော့ တစ်ခုပဲ ဖတ်တယ်တဲ့။ နိုင်ငံသားများ၏ မူလအခွင့်အရေးများ အခန်းတစ်ခုကိုပဲ ဖတ်ပါတယ်တဲ့။ သူ့အခွင့်အရေးသူသိထားရအောင်လို့ပါတဲ့။ ဒါနဲ့ ဗိုလ်ကောင်းလည်း သူ့နိုင်ငံသားအခွင့်အရေးနဲ့ တို့နိုင်ငံသားအခွင့်အရေးနဲ့ ဘာများ ကွာခြားချက် တူညီချက်တွေ ရှိသလဲ သိရအောင်ရယ် ကိုယ်သိထားတာလေးတွေကိုလည်း ပြန်ပြီး မျှဝေပေးလို့ ရအောင်ရယ် ဆိုပြီး လေ့လာရေးသား တင်ပြလိုက်တာ ဖြစ်ပါတယ်။
    အိန္ဒိယနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပိုင်း ၃ ဟာ နိုင်ငံသားများရဲ့ မူလအခွင့်အရေးများကို ပြဌာန်းထားတဲ့ အပိုင်းဖြစ်ပါတယ်။ ဒီအပိုင်းမှာ ပုဒ်မ ၁၂ ကနေ ပုဒ်မ ၃၅ အထိပြဌာန်းထားပြီး ဒီအထဲက အချို့ပုဒ်မတွေကိုတော့ အခြေခံဥပဒေပြင်ဆင်ချက် လုပ်ပြီး ပယ်ဖျက်လိုက်တာတွေလည်း ရှိပါတယ်။ ပထမဆုံး ပုဒ်မ ၁၂ ကတော့ အဓိပ္ပာယ်ဖွင့်ဆိုတဲ့ ပုဒ်မဖြစ်လို့ အထွေအထူး တင်ပြဖို့ မရှိပါဘူး။ ပုဒ်မ ၁၃ ကစပြီး တင်ပြပါ့မယ်။
    ပုဒ်မ ၁၃ ကတော့ အိန္ဒိယ အခြေခံဥပဒေထဲမှာ ပြင်ဆင်ခွင့် မရှိတဲ့ တစ်ခုတည်းသော ပုဒ်မ ဖြစ်ပါတယ်။ ပုဒ်မ ၁၃ မှာ ပြဌာန်းထားတာက အခြေခံဥပဒေ အာဏာမတည်ခင် ပြဌာန်းထားတဲ့ ဥပဒေတွေဟာ သည်အခန်းမှာ ဖော်ပြထားတဲ့ အခွင့်အရေးများနဲ့ မဆီမလျော် ဖြစ်နေပြီဆိုရင် ပျက်ပြယ်စေရမယ်လို့ ဆိုပါတယ်။ လွှတ်တော်တွေကလည်း ဒီအခန်းမှာ ပြဌာန်းထားတဲ့ အခွင့်အရေးတွေကို ကျူးလွန်ဖောက်ဖျက်ရာကျတဲ့ ဥပဒေတွေ ပြဌာန်းခွင့် မရှိဘဲ တကယ်လို့ ပြဌာန်းလိုက်တဲ့ ဥပဒေတစ်ရပ်ဟာ ဒီအခန်းမှာ ပါဝင်တဲ့ အခွင့်အရေးများနဲ့ မဆီမလျော် ကျူးလွန်ဖောက်ဖျက်တယ်ဆိုရင် ပျက်ပြယ်စေရမယ်လို့ ဆိုထားပါတယ်။ အခု ဖော်ပြထားတဲ့ ဥပဒေဆိုတဲ့စကားမှာ လွှတ်တော် ဒါမှမဟုတ် ဥပဒေထုတ်ပြန်ခွင့်ရှိတဲ့ မည်သူကမဆို ထုတ်ပြန်လိုက်တဲ့ ဥပဒေ၊ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်၊ အမိန့်၊ နည်းဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ သတိပေးထုတ်ပြန်ချက် အားလုံး ပါဝင်ပြီး တစ်နိုင်ငံလုံးအတွက် ထုတ်ပြန်သည် ဖြစ်စေ၊ ဒေသတစ်ခုအတွက်ပဲ ထုတ်ပြန်သည်ဖြစ်စေ ထုတ်ပြန်တဲ့ ဥပဒေအားလုံး ပါဝင်ပါတယ်။ ဒီပုဒ်မ ၁၃ ကို ပြင်ဆင်ခွင့် မရှိစေရဆိုပြီး ပုဒ်မ ၃၆၈(၃) မှာ ပြဌာန်းထားတာ ဖြစ်ပါတယ်။ (ဒီစာစုကို www.mymosaicpages.blogspot.com မှာလည်း ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်)

အိန္ဒိယနိုင်ငံသားများ၏ မူလအခွင့်အရေးများ (တန်းတူညီမျှမှုအခွင့်အရေး)


    ပုဒ်မ ၁၄ ကနေ ၁၆ အထိဟာ နိုင်ငံသားတွေရဲ့ တန်းတူညီမျှမှု အခွင့်အရေးကို အကာအကွယ် ပေးထားတဲ့ ပြဌာန်းချက်များ ဖြစ်ပါတယ်။ ပုဒ်မ ၁၄ က တို့အခြေခံဥပဒေ ပုဒ်မ ၃၄၇ နဲ့ အတူတူပါပဲ။ နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေး ရရှိစေရမည့်အပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့် ပေးရမယ်လို့ ဆိုထားပါတယ်။
    ပုဒ်မ ၁၅ ကတော့ ကိုးကွယ်တဲ့ ဘာသာ၊ လူမျိုး၊ အမျိုးဇာတ်၊ ယောက်ျားမိန်းမ နဲ့ ဇာတိတို့ကို အကြောင်းပြုပြီး လူအချင်းချင်း ခွဲခြားဆက်ဆံတာကို တားမြစ်ထားတဲ့ ပုဒ်မ ဖြစ်ပါတယ်။ ဘယ်သူမဆို ဈေးဆိုင်မှာ ဈေးဝယ်တာ၊ စားသောက်ဆိုင်မှာ စားသောက်တာ၊ တည်းခိုခန်း ဟိုတယ်မှာ တည်းတာ၊ အများပြည်သူ ဖျော်ဖြေပွဲတွေကို သွားရောက် ကြည့်ရှုတာ၊ ရေတွင်း ရေကန် အသုံးပြုတာ၊ ရေချိုးဆိပ်အသုံးပြုတာ၊ လမ်းတွေ အများပြည်သူ နေရာတွေမှာ သွားလာတာတွေနဲ့ ပတ်သက်ပြီး ခွဲခြားဆက်ဆံမှု မရှိစေရလို့ တားမြစ်ထားတာ ဖြစ်ပါတယ်။ တို့အခြေခံဥပဒေ ပုဒ်မ ၃၄၈ မှာလည်း နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ မည်သည့် နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှု မရှိစေရ လို့ ပြဌာန်းထားပါတယ်။
    ပုဒ်မ ၁၆ ကတော့ ပြည်သူ့ဝန်ထမ်းတာဝန်ထမ်းဆောင်မှုနဲ့ ပတ်သက်ပြီး နိုင်ငံသားအားလုံးဟာ အခွင့်အရေး တန်းတူညီမျှ ရှိစေရမယ်လို့ ပြဌာန်းထားပါတယ်။ ဒါပေမယ့် အလုပ်အကိုင်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ပြည်နယ်ဒေသအတွင်း နေထိုင်သူကို ဦးစားပေးတာ၊ ဇာတ်နိမ့်တွေအတွက် သီးခြား အခွင့်အရေးတွေ သတ်မှတ်ပေးတာကို တော့ ဒီပြဌာန်းချက်က အဟန့်အတား မဖြစ်စေရလို့လည်း ဆိုပါတယ်။ တို့အခြေခံဥပဒေ ပုဒ်မ ၃၅၂ မှာလည်း နိုင်ငံတော်သည် အလုပ်အကိုင် ခန့်ထားရာတွင်ဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်း ရွေးချယ်တာဝန်ပေးရာတွင် ဖြစ်စေ သတ်မှတ်သော အရည်အချင်းနှင့် ပြည့်စုံပါက ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ မည်သည့် နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ သာသနာ၊ အမျိုးသား၊ အမျိုးသမီးကို အကြောင်းပြုလျက် ရာထူး ရွေးချယ်ခန့်ထားခြင်းကို ခွဲခြားမှု မပြုရ၊ သို့ရာတွင် အမျိုးသားများနှင့်သာ လျော်ကန်သင့်မြတ်သည့် ရာထူးတာဝန်များအတွက် အမျိုးသားများအား ရွေးချယ်ခန့်ထားခြင်းကို ဤပုဒ်မအရာ အဟန့်အတား မဖြစ်စေရ လို့ ပြဌာန်းထားပါတယ်။
    ပုဒ်မ ၁၇ ကတော့ အိန္ဒိယနိုင်ငံက လူတန်းစားတစ်မျိုးနဲ့ ဆိုင်ပါတယ်။ သူတို့တွေက သိပ်ဇာတ်ကြီးကြတာဆိုတော့ တစ်ချို့ ဇာတ်နိမ့်တွေကိုများဆိုရင် မထိကောင်း မကိုင်ကောင်းတဲ့ အရာလို့တောင် သတ်မှတ်ကြသတဲ့။ တစ်ချို့ဈေးဆိုင်တွေက ဇာတ်နိမ့်တွေကို ဆိုင်ထဲ အဝင်မခံဘူးတဲ့။ တစ်ချို့အိမ်တွေက သူတို့အိမ်မှာ သန့်ရှင်းရေးလာလုပ်တဲ့သူဟာ ဇာတ်နိမ့်ဆိုရင် အိမ်ပြင်ထွက်နေကြသတဲ့။ သူတို့ကို အဖက်လုပ် စကားပြောဖို့ ဝေးလို့ မတော်တဆ သူတို့ကို ထိမိကိုင်မိတယ် ဆိုရင်တောင် ရေခုနစ်ခါချိုးပြီး ပြန်သန့်ကြသတဲ့။ အဲသည်လို ဖြစ်နေတာဟာ လူလူချင်း ခွဲခြားတာဖြစ်လို့ အိန္ဒိယအခြေခံဥပဒေ ရေးဆွဲစဉ်မှာ အဲသည် အကျင့်တွေကို ဖျောက်ဖျက်ပစ်ဖို့ ထည့်သွင်းရေးဆွဲ ခဲ့ပါတယ်။ လူလူချင်း အဲသည်လို ခွဲခြားဆက်ဆံမှုဟာ ပြစ်မှုမြောက်ပြီး အပြစ်ဒဏ်ပေးတာ ခံရမယ်လို့ ပုဒ်မ ၁၇ မှာ ပြဌာန်းခဲ့ပြီး အဲသည်ပုဒ်မအရ ၁၉၅၅ ခုနှစ်မှာ ပါလီမန်က ဇာတ်နိမ့်ခွဲခြားမှု တိုက်ဖျက်ရေး ဥပဒေတစ်ရပ် ပြဌာန်းခဲ့ပါတယ်။ တို့အခြေခံဥပဒေ ပုဒ်မ ၃၅၂ ပြဌာန်းချက်မှာတော့ ဒီအကြောင်းအရာတွေအားလုံး အကျုံးဝင်ပြီး ဖြစ်ပါတယ် (အထက်မှာဖော်ပြပြီး)။
    ပုဒ်မ ၁၈ ကတော့ နည်းနည်း ထူးဆန်းပါတယ်။ စစ်ဘက်ဆိုင်ရာနဲ့ ပညာရပ်ပိုင်းဆိုင်ရာကလွဲပြီး ဘယ်ဘွဲ့ထူးဂုဏ်ထူးကိုမှ လက်ခံရယူခွင့် မရှိဘူးလို့ ပြဌာန်းထားပါတယ်။ ပြည်ပနိုင်ငံက ဘွဲ့ထူးဂုဏ်ထူးကို ရယူခြင်းကိုလည်း တားဆီးထားတဲ့အတွက် အင်္ဂလိပ်ခေတ်က ပေးအပ်ခဲ့တဲ့ ဘွဲ့ထူးဂုဏ်ထူးတွေတကိုလည်း အသိအမှတ်မပြုတဲ့သဘော သက်ရောက်တာကို တွေ့ရပါတယ်။

အိန္ဒိယနိုင်ငံသားများ၏ မူလအခွင့်အရေးများ (လွတ်လပ်ခွင့်များ)

 
    ပုဒ်မ ၁၉ မှာပြဌာန်းထားတာက လွတ်လပ်စွာပြောဆိုခွင့်နဲ့ ဆိုင်ပါတယ်။ နိုင်ငံသားတိုင်းဟာ လွတ်လပ်စွာ ပြောဆိုခွင့်ရှိတယ်၊ လက်နက်မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့် ရှိတယ်၊ အသင်းအပင်းများ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရှိတယ်၊ နိုင်ငံတစ်ဝှမ်းမှာ လွတ်လပ်စွာ သွားလာခွင့်ရှိတယ်၊ နိုင်ငံတစ်ဝန်းမှာ လွတ်လပ်စွာ အခြေစိုက် နေထိုင်ခွင့်ရှိတယ်၊ အသက်မွေးဝမ်းကျောင်းမှုပညာရပ်တွေ အလုပ်အကိုင်တွေ ကုန်သွယ်စီးပွားလုပ်ငန်းတွေကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရှိတယ်လို့ ပြဌာန်းထားပါတယ်။ ဒါပေမယ့် . . .
    အဲသည် ဒါပေမယ့် ဆိုတာကြီးက တော်တော်ကို ကြီးတဲ့ ဒါပေမယ့်ကြီးပါ။ ပုဒ်မ ၁၉ ကို ပထမတစ်ပိုဒ်ပဲ ဖတ်မယ်ဆိုရင်တော့ ကားလမ်းပေါ် စပါးထွက်လှန်းချင်ကြတဲ့ ကိုကိုဒီမိုတို့ မမဒီမိုတို့ အကြိုက်ပေါ့။ ဒါပေမယ့် နေပါအုံး၊ ဆက်ဖတ်ကြည့်ကြပါဦးစို့။
    အထက်ဖော်ပြပါ အခွင့်အရေးတွေ ပေးထားတယ်ဆိုပေမယ့် အဲသည်အခွင့်အရေးတွေနဲ့ ပတ်သက်တဲ့ ကျိုးကြောင်းဆီလျော်တဲ့ ကန့်သတ်ချက်တွေ ပြဌာန်းထားတဲ့ လက်ရှိတည်ဆဲဥပဒေတွေ အကောင်အထည်ဖော် ကျင့်သုံးတာကို အတားအဆီး မဖြစ်စေရပါတဲ့၊ လိုအပ်တဲ့ ဥပဒေတွေ ထုတ်ပြန်တာကို အဟန့်အတား မဖြစ်စေရပါတဲ့။ ဘာအတွက်လည်း ဆိုတော့ အိန္ဒိယနိုင်ငံတော်ရဲ့ အချုပ်အခြာနဲ့ စည်းလုံးညီညွတ်မှုကို မထိခိုက်ဖို့အတွက်၊ နိုင်ငံတော်လုံခြုံရေးကို မထိခိုက်ဖို့အတွက်၊ မိတ်ဆွေနိုင်ငံများနဲ့ ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးကို မထိခိုက်ဖို့ရာအတွက်၊ ပြည်သူလူထုရဲ့ အေးချမ်းသာယာမှုကို မထိခိုက်စေဖို့အတွက်၊ ပြည်သူလူထုရဲ့ စိတ်ဓာတ်ရေးရာ ထိပါးနိမ့်ကျမှု မဖြစ်စေဖို့အတွက်၊ တရားရုံးတွေကို မထေမဲ့ပြင် ပြုရာ မရောက်စေဖို့အတွက် ပြီးတော့ ဖျက်လိုဖျက်ဆီး လုပ်တဲ့သူတွေကို အားပေးအားမြှောက်ပြုရာ မရောက်အောင်လို့ အတွက် ပြီးတော့ အခြေခံဥပဒေက အထူးကာကွယ်ပေးထားတဲ့ လူမှုရေးအဆင့်အတန်း နိမ့်ကျတဲ့ါ ဇာတ်နိမ့် လူတန်းစားတွေကို ကာကွယ်နိုင်ဖို့အတွက် လိုအပ်တဲ့ ကန့်သတ်ချက်တွေ စည်းကမ်းတွေ ဥပဒေတွေကို ထုတ်ပြန်ရမယ် လို့ အပိုဒ် ၂၊ ၃၊ ၄ နဲ့ ၅ မှာ ဆက်လက် ဖော်ပြထားပါတယ်။
    အလားတူပဲ တို့အခြေခံဥပဒေ ပုဒ်မ ၃၅၄ မှာ နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် အောက်ပါ အခွင့်အရေးများကို လွပ်လပ်စွာ သုံးစွဲ ဆောင်ရွက်ခွင့်ရှိသည် ဆိုပြီး (က) မိမိ၏ ယုံကြည်ချက် ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရေးသားဖြန့်ဝေခွင့်၊ (ခ) လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့် စီတန်းလှည့်လည်ခွင့်၊ (ဂ) အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့်၊ (ဃ) တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့်တစ်မျိုး သို့မဟုတ် တိုင်းရင်းသားလူမျိုး အချင်းချင်းကိုလည်းကောင်း အခြားဘာသာ သာသနာကိုလည်းကောင်း ထိခိုက်နစ်နာမှု မရှိစေဘဲ မိမိချစ်ခင်မြတ်နိုးသည့် စကား စာပေ ယဉ်ကျေးမှု ကိုးကွယ်သည့် ဘာသာသာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့် ရှိရမယ်လို့ ပြဌာန်းထားပါတယ်။ ဒါ့အပြင် ပုဒ်မ ၃၅၅ မှာ နိုင်ငံသားတိုင်းသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အတွင်း မည်သည့် အရပ်ဒေသ၌မဆို ဥပဒေနှင့်အညီ အခြေစိုက်နေထိုင်ခွင့် ရှိသည်လို့ ဖော်ပြထားပါတယ်။ ပုဒ်မ ၃၇၀ မှာ နိုင်ငံသားများသည် နိုင်ငံတော်အတွင်း အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီးပွားရေး လုပ်ငန်းများကို ဥပဒေနှင့်အညီ လွတ်လပ်စွာ လုပ်ကိုင် ဆောင်ရွက်ခွင့်ရှိသည် လို့ ပြဌာန်းထားပါတယ်။

အိန္ဒိယနိုင်ငံသားများ၏ မူလအခွင့်အရေးများ (တရားစီရင်ရေးဆိုင်ရာ)


    အိန္ဒိယအခြေခံဥပဒေ ပုဒ်မ ၂၀ မှာ ပြဌာန်းထားတာကတော့ တရားရုံးတွေနဲ့ အဓိက သက်ဆိုင်မယ် ထင်ပါတယ်။ သူတို့ ပုဒ်မ ၂၀(၁)က တို့ဆီက ပုဒ်မ ၃၇၃ နဲ့ အတူတူပါပဲ။ ဖော်ပြထားတာက ပြစ်မှုကျူးလွန်သူ မည်သူ့ကိုမဆို ယင်းပြစ်မှု ကျူးလွန်သည့်အချိန်က အတည်ဖြစ်လျက်ရှိသော သက်ဆိုင်ရာ ဥပဒေအရသာ ပြစ်မှုထင်ရှား စီရင်ရမည်။ ထို့ပြင် ယင်းဥပဒေအရ ချမှတ်နိုင်သော ပြစ်ဒဏ်ထက်ပို၍ ချမှတ်ခြင်း မပြုရ လို့ ပါရှိပါတယ်။ အဲဒါက ဘာနဲ့ သွားတူသလဲဆိုရင် တို့အခြေခံဥပဒေ အခြေခံမူများအခန်းက ပုဒ်မ ၄၃ မည်သည့် ပြစ်မှုဆိုင်ရာ ဥပဒေမျှ နောက်ကြောင်းပြန် အာဏာသက်ရောက်စေရန် ပြဌာန်းခွင့် မရှိစေရ ဆိုတာနဲ့ အတူတူပဲ ဖြစ်ပါတယ်။
    သူတို့အခြေခံဥပဒေ ပုဒ်မ ၂၀(၂)မှာ ပြစ်မှုတစ်ခုအတွက် တစ်ကြိမ်ထက်ပိုပြီး ပြစ်ဒဏ်မချမှတ်ရဘူးလို့ တားမြစ်ထားပါတယ်။ တို့အခြေခံဥပဒေ ပုဒ်မ ၃၇၄ မှာ တစ်ဦးတစ်ယောက်သည် စီရင်ပိုင်ခွင့်ရှိသော တရားရုံးက ပြစ်မှုတစ်ရပ်အတွက် ပြစ်မှု ထင်ရှား စီရင်ခြင်း ခံရလျှင်ဖြစ်စေ အမှုမှ အပြီးအပြတ် လွှတ်ခြင်းခံရလျှင် ဖြစ်စေ အဆိုပါ ပြစ်မှုထင်ရှား စီရင်သည့် စီရင်ချက် သို့မဟုတ် အမှုမှ အပြီးအပြတ် လွှတ်သည့် စီရင်ချက်ကို အဆင့်မြင့် တရားရုံးက ပယ်ဖျက်ပြီး အမှုကို အသစ်တစ်ဖန် ပြည်လည်စစ်ဆေးစေရန် အမိန့်ချမှတ်သည့် အခါမှတစ်ပါး ယင်းပြစ်မှုအတွက် ထိုသူအား ထပ်မံ စစ်ဆေးခြင်း မပြုရ လို့ တားမြစ်ထားပါတယ်။
    ဆက်လက်ပြီး သူတို့အခြေခံဥပဒေ ပုဒ်မ ၂၀(၃) မှာဆက်လက် ဖော်ပြထားတာက ပြစ်မှုကျူးလွန်တဲ့သူကို သူ့ကိုယ်သူ သက်သေအဖြစ် ထွက်ဆိုဖို့ အတင်းအကျပ်လုပ်ဆောင်ခြင်း မပြုရလို့လည်း တားမြစ်ထားပါတယ်။
    ပုဒ်မ ၂၁ ဟာ တို့ဆီက ပုဒ်မ ၃၅၃ နဲ့ အတူတူပါပဲ။ မည်သူ့ကိုမျှ တည်ဆဲဥပဒေနှင့်အညီမှတစ်ပါး အသက်ကိုဖြစ်စေ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကို ဖြစ်စေ နစ်နာဆုံးရှုံးမှု မရှိစေရ လို့ ပြဌာန်းထားပါတယ်။
    ပုဒ်မ ၂၂ နဲ့ ပတ်သက်ပြီး တို့အခြေခံဥပဒေက ပြဌာန်းချက်ကို အရင် တင်ပြပါ့မယ်။ တို့အခြေခံဥပဒေ ပုဒ်မ ၃၇၆ မှာ နိုင်ငံတော် လုံခြုံရေး တရားဥပဒေစိုးမိုးရေး အများပြည်သူ အေးချမ်းသာယာရေးနှင့် အများပြည်သူအကျိုးငှာ ဥပဒေနှင့်အညီ ကြိုတင်ကာကွယ်ထားရှိရန် လိုအပ်သော ကိစ္စ သို့မဟုတ် တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ ခွင့်ပြုသည့် ကိစ္စမှတစ်ပါး စီရင်ပိုင်ခွင့်ရှိသော တရားသူကြီး၏ ချုပ်မိန့်မရဘဲ မည်သူ့ကိုမျှ ၂၄ နာရီထက် ပို၍ ချုပ်နှောင်ခြင်း မပြုရ လို့ ပြဌာန်းထားပါတယ်။ သူတို့ အခြေခံဥပဒေမှာ ဖော်ပြထားတာကတော့ နည်းနည်း ပိုပြီး ကျယ်ပျံ့ပါတယ်။ အဲသည် ၂၄ နာရီဆိုတဲ့ အချိန်ထဲမှာ တရားရုံးကို သွားလို့ ကြာတဲ့အချိန် မပါဘူးဘူးလို့ ဆိုပါတယ်။ ပြီးတော့လည်း ကြိုတင်ကာကွယ်မှု ဥပဒေတစ်ရပ်ရပ်အရ လူတစ်ယောက်ကို ချုပ်နှောင်တယ် ဆိုရင်လည်း သုံးလထက် ပိုချုပ်ဖို့ရာ အထူးခွင့်ပြုချက် လိုပါတယ်။ တကယ်လို့ ချုပ်တော့မယ့်အမိန့် ထုတ်လိုက်ပြီဆိုရင်လည်း အချုပ်ခံရမယ့်သူကို စောနိုင်သမျှစောစော အကြောင်းကြားပြီး အဲဒီလူကို ခုခံခွင့် ပေးရမှာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပါလီမန်က လိုအပ်တဲ့ ဥပဒေ ပြဌာန်းနိုင်တယ်လို့ ဆိုပါတယ်။


    သူတို့ အခြေခံဥပဒေ ပုဒ်မ ၂၃ ပြဌာန်းချက်တွေကလည်း တို့အခြေခံဥပဒေ ပုဒ်မ ၃၅၈ နဲ့ ၃၅၉ တို့နဲ့ ထပ်တူထပ်မျှ ဖြစ်ပါတယ်။ ပုဒ်မ ၃၅၈ မှာ နိုင်ငံတော်သည် ကျေးကျွန်ပြုမှုနှင့် လူကုန်ကူးမှုများကို တားမြစ်သည်။ ပုဒ်မ ၃၅၉ မှာ နိုင်ငံတော်သည် ဥပဒေကျူးလွန်၍ ပြစ်ဒဏ်ပေးခြင်းကို ခံရသဖြင့် အလုပ်ဒဏ် ထမ်းဆောင်ခိုင်းခြင်းနှင့် အများပြည်သူအကျိုးအတွက် ဆောင်ရွက်ရန် နိုင်ငံတော်က ဥပဒေနှင့်အညီ တာဝန်ချထားခြင်းမှတစ်ပါး အဓမ္မစေခိုင်းခြင်းကို တားမြစ်သည် လို့ ပြဌာန်းထားပါတယ်။ သူတို့ အခြေခံဥပဒေ ပုဒ်မ ၂၄ မှာက အသက် ၁၄ နှစ်အောက် ကလေးသူငယ်တွေကို စက်ရုံတွေ မိုင်းတွင်းတွေနဲ့ တစ်ခြား အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်ခိုင်းစေတာကို တားမြစ်ထားပါတယ်။

အိန္ဒိယနိုင်ငံသားများ၏ မူလအခွင့်အရေးများ (လွတ်လပ်စွာကိုးကွယ်ခွင့်)

 
    သူတို့အခြေခံဥပဒေ ပုဒ်မ ၂၅ က လွတ်လပ်စွာ ကိုးကွယ်ခွင့်နဲ့ ပတ်သက်တဲ့ အခွင့်အရေးတွေကို ဖော်ပြထားတာပဲ ဖြစ်ပါတယ်။ သူတို့ပုဒ်မ ၂၅(ခ) က တို့အခြေခံဥပဒေ ပုဒ်မ ၃၄ နဲ့ ထပ်တူထပ်မျှနီးပါး တူညီနေပါတယ်။ ငြိမ်ဝပ်ပိပြားနေရေးနှင့် သော်လည်းကောင်း ပြည်သူ့ကိုယ်ကျင့်တရားနှင့် သော်လည်းကောင်း ဤဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခြားပြဌာန်းချက်တို့နှင့် သော်လည်းကောင်း မဆန့်ကျင်လျှင် နိုင်ငံသားတိုင်းသည် ဘာသာ သာသနာရေးတွင် လွတ်လပ်စွာ ယူဆနိုင်သော အခွင့်အရေး လွတ်လပ်စွာ ကိုးကွယ်ဆောက်တည်နိုင်သော အခွင့်အရေးတို့ကို အညီအမျှ ရရှိစေရမည် လို့ ပြဌာန်းထားပါတယ်။ သူတို့အခြေခံဥပဒေမှာ ဆက်ပြီး ဖော်ပြထားတာက အဲသလို ဘာသာရေးနဲ့ ပတ်သက်ပြီး လွတ်လပ်ခွင့် ပေးထားပေမယ့် ဘာသာရေးကိစ္စရပ်များနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ ဥပဒေတွေ ကန့်သတ်ချက်တွေ ထုတ်ပြန်တာကို အဟန့်အတား မဖြစ်စေရပါဘူးတဲ့။ ပြီးတော့လည်း ဟိန္ဒူဘာသာရေးဆိုင်ရာ လူမှုဖူလုံရေးကိစ္စရပ်တွေကို အထောက်အပံ့ပြုတာ နဲ့ ဟိန္ဒူဘာသာရေးဆိုင်ရာ ကိစ္စရပ်တွေကို အဟန့်အတား မဖြစ်စေရဘူးလို့ ဆိုပါတယ်။ ( သူတို့ဆီမှာ ဟိန္ဒူဘာသာဝင်က အများဆုံး ဖြစ်ပါတယ်) ရှင်းလင်းချက်အနေနဲ့ ဆစ်ခ် ဘာသာဝင်တွေ ဓားကိုင်ဆောင်တာကို ဘာသာရေး လက္ခဏာတစ်ရပ်အနေနဲ့ လက်ခံပေးတယ်လို့ ဆိုပါတယ်။
    တို့အခြေခံဥပဒေ ပုဒ်မ ၃၄ မှာ အထက်ဖော်ပြပါ ပြဌာန်းချက်များရဲ့ နောက်ဆက်တွဲအဖြစ် ပုဒ်မ ၃၆၀ မှာလည်း ဒီလို ဆက်လက် ပြဌာန်းထားပါတယ်။ ဘာသာသာသနာရေးဆိုင်ရာ ကိုးကွယ် ဆောက်တည်မှုသည် စီးပွားရေး ဘဏ္ဍာရေး နိုင်ငံရေး အခြားလောကီရေးရာ ဆောင်ရွက်မှု တစ်ခုခုနှင့် ဆက်စပ်နေပါက ပုဒ်မ ၃၄ ပါ ဘာသာ သာသနာရေးဆိုင်ရာ လွတ်လပ်ခွင့်များတွင် မပါဝင်စေရပါတဲ့။ ဒါ့အပြင် ထိုသို့ ဘာသာရေးနှင့် စပ်လျဉ်း၍ လွတ်လပ်သော အခွင့်အရေးများကို ပေးထားသော်လည်း အများပြည်သူ အကျိုးကိစ္စနှင့် ပြုပြင်ရေး ကိစ္စတို့အတွက် နိုင်ငံတော်၏ ဥပဒေပြုခြင်းကို မတားမြစ်ရ လို့ ဖော်ပြထားပါတယ်။ ပြောရမယ်ဆိုရင်တော့ ပေးထားတဲ့ အခွင့်အရေးတွေဟာ တို့ဆီမှာနဲ့ သူတို့ဆီမှာ ထပ်တူထပ်မျှပဲ ဆိုတာပါပဲ။
    ပုဒ်မ ၂၆ ကတော့ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ ဘာသာရေးဆိုင်ရာ ကိစ္စရပ်တွေကို လွတ်လပ်စွာ စီမံဆောင်ရွက်ခွင့် ရွှေ့ပြောင်းနိုင်တဲ့ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေ ပိုင်ဆိုင်ခွင့် စတာတွေကို ပြဌာန်းပေးထားတာ ဖြစ်ပါတယ်။ ပုဒ်မ ၂၇ က ဘာသာရေးဆိုင်ရာ ကိစ္စရပ်များနဲ့ ပတ်သက်ပြီး အခွန်ကင်းလွတ်ခွင့် ပေးထားတာပဲ ဖြစ်ပါတယ်။ ပုဒ်မ ၂၈ ကတော့ အစိုးရအထောက်အပံ့နဲ့ တည်ထောင်ထားတဲ့ ပညာရေးဆိုင်ရာ ကျောင်းဌာနတွေမှာ တက်ရောက်တဲ့သူတွေကို သူတို့ သဘောဆန္ဒမပါဘဲ ဘာသာရေးဆိုင်ရာ ဝတ်ပြုကိုးကွယ်မှုတွေ တွန်းအားပေး လုပ်ဆောင်စေတာကို တားဆီးထားတဲ့ ပုဒ်မ ဖြစ်ပါတယ်။
    သူတို့ အခြေခံဥပဒေက ဘာသာရေးဆိုင်ရာ ပြဌာန်းချက်များကတော့ အထက်မှာ တင်ပြခဲ့တဲ့အတိုင်းပါပဲ။ တို့ အခြေခံဥပဒေမှာတော့ နောက်ထပ် ပုဒ်မ လေးခုကျန်သေးတာကို ဆက်လက် တင်ပြလိုပါတယ်။ ပုဒ်မ ၃၆၁ မှာ နိုင်ငံတော်သည် ဗုဒ္ဓဘာသာ သာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာဖြစ်သော ဂုဏ်ထူး ဝိသေသနှင့် ပြည့်စုံသည့် ဘာသာသာသနာ ဖြစ်သည်ဟု နိုင်ငံတော်က အသိအမှတ်ပြုသည် လို့ ဖော်ပြထားပါတယ်။ ပုဒ်မ ၃၆၂ မှာ နိုင်ငံတော်သည် ခရစ်ယာန် ဘာသာသာသနာ အစ္စလာမ်ဘာသာ သာသနာ ဟိန္ဒူဘာသာသာသနာ နှင့် နတ်ကိုးကွယ်သော ဘာသာတို့ကို ဤဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာတည်သောနေ့၌ နိုင်ငံတော်တွင် ရှိနေကြသော ကိုးကွယ်ရာ ဘာသာများဟူ၍ အသိအမှတ်ပြုသည်လို့ ပြဌာန်းထားပြီး ပုဒ်မ ၃၆၃ မှာ နိုင်ငံတော်သည် အသိအမှတ်ပြုထားသော ဘာသာသာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှာက်မည်လို့ ပြဌာန်းထားပါတယ်။ ပုဒ်မ ၃၆၄ မှာ နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသာသနာကို အလွဲသုံးစား မပြုရ။ ထို့ပြင် လူမျိုးရေးကြောင့် သော်လည်းကောင်း ဘာသာရေးကြောင့် သော်လည်းကောင်း တစ်ဖက်နှင့်တစ်ဖက် တစ်ဂိုဏ်းနှင့် တစ်ဂိုဏ်း မုန်းတီးခြင်း ရန်မူခြင်း စိတ်ဝမ်းကွဲခြင်း တစ်မျိုးမျိုး ပေါ်ပေါက်လာစေရန် ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာရန် အကြောင်းရှိသော အပြုအမူသည် ဤဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်သည်။ ထိုအပြုအမူမျိုးအတွက် ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေပြဌာန်းနိုင်သည် လို့ ဖော်ပြထားပါတယ်။

အိန္ဒိယနိုင်ငံသားများ၏ မူလအခွင့်အရေးများ (ယဉ်ကျေးမှုနှင့်ပညာရေး)


    ဆက်လက်ပြီး သူတို့အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ ယဉ်ကျေးမှုနဲ့ ပညာရေးဆိုင်ရာ နိုင်ငံသားများရဲ့ အခွင့်အရေးများကို တင်ပြသွားမှာ ဖြစ်ပါတယ်။ ပုဒ်မ ၂၉ ဟာ လူနည်းစုများရဲ့ အကျိုးစီးပွားကို ကာကွယ်တဲ့ ပုဒ်မဖြစ်ပြီး နိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ ဘာသာစကား စာပေ ယဉ်ကျေးမှုတွေကို အဓွန့်ရှည်အောင် ထိန်းသိမ်းဖို့ရယ် ဘယ်နိုင်ငံသားမဆို ဘာသာ လူမျိုး ဇာတ်နိမ့်ဇာတ်မြင့်ကို အကြောင်းပြုပြီး အစိုးရ အထောက်အပံ့ယူတဲ့ ပညာသင်ကျောင်းတွေမှာ ကျောင်းတက်ရောက်ခွင့် ငြင်းပယ်ခံရခြင်း မရှိစေရလို့ ပြဌာန်းထားပါတယ်။  ဒါနဲ့ပတ်သက်ပြီး သူတို့ဆီမှာ ဇာတ်နိမ့်လူနည်းစုတွေအတွက် ကျောင်းတွေမှာ ဘယ်နှရာခိုင်နှုန်း လက်ခံရမယ်လို့ သတ်မှတ်ထားတာတွေ ရှိပါတယ်တဲ့။  ပုဒ်မ ၃၀ မှာလည်း လူနည်းစုများဟာ ဘာသာရေးကို အခြေခံလို့ဖြစ်စေ ဘာသာစကားကို အခြေခံလို့ဖြစ်စေ ပညာရေးအဖွဲ့အစည်းတွေ တည်ထောင်ခွင့် ရှိရမယ်လို့ ဆိုထားပါတယ်။ အဲသည် အဖွဲ့အစည်းတွေကို နိုင်ငံတော်က အထောက်အပံ့ပြုရာမှာလည်း ကိုးကွယ်ရာ ဘာသာနဲ့ ဘာသာစကားကို အကြောင်းပြုပြီး ခွဲခြားမှု မရှိစေရဘူးလို့ ပြဌာန်းထားပါတယ်။ ဒီနေရာမှာ လူနည်းစုဆိုတာကို အခြေခံဥပဒေက အဓိပ္ပာယ်ဖွင့်ဆိုထားတာ မရှိပေမယ့် ပြည်နယ်တစ်ခုမှာ လူဦးရေ ၅၀ ရာခိုင်နှုန်းအောက်ရှိရင် လူနည်းစုပဲလို့ တရားလွှတ်တော်ချုပ်က အဓိပ္ပာယ် ဖွင့်ဆိုပေးထားပါတယ်။
    အထက်ပါ သူတို့ ပြဌာန်းချက်တွေနဲ့ ဆင်ဆင်တူတဲ့ တို့အခြေခံဥပဒေက ပြဌာန်းချက် တွေကို တင်ပြပေးပါမယ်။ ပုဒ်မ ၂၂ မှာ နိုင်ငံတော်သည် (က) တိုင်းရင်းသားများ၏ စကား စာပေ အနုပညာ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်မည် (ခ) တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေး ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်းကူညီရေးတို့ တိုးတက်ဖြစ်ထွန်းစေရန် ကူညီဆောင်ရွက်မည် (ဂ) တိုးတက် ဖွံ့ဖြိုးမှု နည်းပါးနေသည့် တိုင်းရင်းသားများ၏ ပညာရေး ကျန်းမာရေး စီးပွားရေး လမ်းပန်းဆက်သွယ်ရေး စသည်တို့ ပါဝင်သော လူမှုစီးပွားရေး တိုးတက်ဖွံ့ဖြိုးရေးအတွက် ကူညီဆောင်ရွက်မည် လို့ ပြဌာန်းထားပြီး ပုဒ်မ ၂၇ မှာ နိုင်ငံတော်သည် အမျိုးသား ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက် ခိုင်မာရေးနှင့် စောင့်ရှောက် ထိန်းသိမ်းရေးအတွက် ကူညီဆောင်ရွက်မည် လို့ ပြဌာန်းထားပါတယ်။ ပုဒ်မ ၃၆၅ မှာလည်း နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ မိမိတို့ အမြတ်တနိုး ထားရှိသော စာပေ ယဉ်ကျေးမှု အနုပညာနှင့် ဓလေ့ထုံးတမ်းတို့ကို လွတ်လပ်စွာ ပြုစုပျိုးထောင် ဆောင်ရွက်ပိုင်ခွင့် ရှိသည်။ ယင်းသို့ ဆောင်ရွက်ရာတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိပါးမှု မရှိစေရန် ရှောင်ကျဉ်ရမည်။ ထို့ပြင် မိမိတို့၏ ဆောင်ရွက်မှုသည် အခြားတိုင်းရင်းသား လူမျိုးတစ်မျိုးကိုဖြစ်စေ လူမျိုးများကို ဖြစ်စေ ထိခိုက်နစ်နာစေနိုင်လျှင် သက်ဆိုင်သူများအချင်းချင်း ညှိနှိုင်း၍ ပြေလည်မှု ရရှိပြီးမှသာ ဆောင်ရွက်ခွင့် ရှိသည်လို့ ပြဌာန်းထားပါတယ်။
    ပညာရေးနဲ့ ပတ်သက်ရင်လည်း တို့အခြေခံဥပဒေ ပုဒ်မ ၂၈ မှာ နိုင်ငံတော်သည် (က) ပြည်သူများ၏ ပညာရေးနှင့် ကျန်းမာရေး တိုးတက်စေရေးတို့အတွက် အလေးထား ဆောင်ရွက်ရမည်။ (ခ) ပြည်သူများ၏ ပညာရေးနှင့် ကျန်းမာရေးတို့တွင် တိုင်းရင်းသား ပြည်သူများက ပါဝင်ဆောင်ရွက်နိုင်ရန် လိုအပ်မည့်ဥပဒေ ပြဌာန်း ဆောင်ရွက်ရမည်။ (ဂ) အခမဲ့ မသင်မနေရ မူလတန်း ပညာရေးစနစ် ဖော်ဆောင်ရမည်။ (ဃ) ဘက်စုံအတွေးအခေါ် အယူအဆ မှန်ကန်၍ အကျင့်စာရိတ္တ ကောင်းမွန်ပြီး နိုင်ငံတော် တည်ဆောက်ရေးအတွက် အကျိုးပြုမည့် ခေတ်မီ ပညာရေးစနစ် ဖော်ဆောင်ရမည် လို့ ပြဌာန်းထားပါတယ်။ ပုဒ်မ ၃၆၆ မှာလည်း နိုင်ငံသားတိုင်းသည် နိုင်ငံတော်က ချမှတ်ထားသော ပညာရေးဆိုင်ရာ မူဝါဒများနှင့်အညီ (က) ပညာသင်ကြားပိုင်ခွင့်ရှိသည် (ခ) ဥပဒေဖြင့် ပြဌာန်းသည့် မသင်မနေရ အခြေခံပညာများကို သင်ကြားရမည် (ဂ) သိပ္ပံပညာ စူးစမ်းရှာဖွေမှု စာပေနှင့် အနုပညာခေတ်မီ တိုးတက်စေရန် တီထွင်ကြံဆ ဖော်ထုတ် ရေးသားမှုနှင့် ယဉ်ကျေးမှု ကိစ္စများတွင် လွပ်လပ်စွာ သုတေသနပြု ဖော်ထုတ်ခွင့်ရှိသည်လို့ ဆိုထားပါတယ်။ ပုဒ်မ ၃၆၈ မှာ နိုင်ငံတော်သည် ပညာရည် ထူးချွန်သော နိုင်ငံသားများအား လူမျိုး ကိုးကွယ်ရာဘာသာ အမျိုးသား အမျိုးသမီး ခွဲခြားမှု မထားရှိဘဲ ယင်းတို့၏ အရည်အချင်းအလိုက် ချီးမြှောက်ထောက်ပံ့မည်လို့ ဖော်ပြထားပါတယ်။

အိန္ဒိယနိုင်ငံသားများ၏ မူလအခွင့်အရေးများ (ပြန်လည်ကုစားနိုင်သောအခွင့်အရေး)


    ဆက်လက်ပြီး အိန္ဒိယနိုင်ငံ အခြေခံဥပဒေထဲက ဖော်ပြပါ အခွင့်အရေးတွေ ဆုံးရှုံးနစ်နာရင် ပြန်လည် ကုစားပေးနိုင်တဲ့ နည်းလမ်းကိုလည်း ထည့်သွင်းပေးထားပါတယ်။ အဲသည်အာဏာကို တရားလွှတ်တော်ချုပ်ကို အပ်နှင်းထားပါတယ်။ နိုင်ငံသားတွေရဲ့ ဖော်ပြပါ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့အတွက် တရားလွှတ်တော်ချုပ်က ရှေ့တော်သွင်းစာချွန်တော်အမိန့် အာဏာပိုင်မေးစာချွန်တော်အမိန့် တားမြစ်စေစာချွန်တော်အမိန့် အာဏာပိုင်မေးစာချွန်တော်အမိန့် အမှုခေါ်စာချွန်တော်အမိန့်တွေ ထုတ်ဆင့်ခွင့်ရှိပါတယ်။ ဒီစာချွန်တော်အမိန့်တွေ ထုတ်ဆင့်ခွင့် အာဏာကို တရားလွှတ်တော်ချုပ်ကို အပ်နှင်းထားတယ် ဆိုပေမယ့် လိုအပ်ရင် ဒီအာဏာကို တစ်ခြားတရားရုံးတွေကလည်း ကျင့်သုံးနိုင်အောင် ပါလီမန်က ဥပဒေပြုပိုင်ခွင့် ရှိတယ်လို့ ဆိုပါတယ်။ စာချွန်တော်အမိန့်တွေ ထုတ်ဆင့်ပေးဖို့ လျှောက်ထားမှုနဲ့ ပတ်သက်ပြီး အခြေခံဥပဒေက တစ်ခြားနည်းနဲ့ ပြဌာန်းထားတာက လွဲရင် အဲသည်လျှောက်ထားပိုင်ခွင့်ကို ဆိုင်းငံ့ထားလို့ မရပါဘူးတဲ့။
    မြန်မာနိုင်ငံ အခြေခံဥပဒေမှာလည်း နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး ပြန်လည် ကုစားပေးနိုင်တဲ့ နည်းလမ်းကို ပြဌာန်းပေးထားပါတယ်။ တို့အခြေခံဥပဒေပုဒ်မ ၁၈(ဂ)မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် စာချွန်တော်အမိန့်များ ထုတ်ပိုင်ခွင့် အာဏာများ ရှိသည်လို့ ပြဌာန်းထားပါတယ်။ ပုဒ်မ ၃၇၇ မှာလည်း ဤအခန်း၌ ပေးအပ်ထားသော အခွင့်အရေး တစ်ရပ်ရပ်ကို ရယူလိုပါလျှင် သတ်မှတ်ချက်များနှင့်အညီ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ လျှောက်ထား ပိုင်ခွင့် ရှိရမည် လို့ ဖော်ပြထားပြီး ပုဒ်မ ၃၇၈(က) မှာ ဤအခန်း၌ ပေးအပ်ထားသော အခွင့်အရေးများနှင့် စပ်လျဉ်း၍ လျှောက်ထားလာသည့် ကိစ္စရပ်များတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် အောက်ဖော်ပြပါ စာချွန်တော် အမိန့်တစ်ရပ်ရပ်ကို သင့်လျော်သည့်အတိုင်း ထုတ်ဆင့်ပေးခွင့် အာဏာ ရှိရမည်- (၁) ရှေ့တော်သွင်း စာချွန်တော်အမိန့် (၂) အာဏာပေးစာချွန်တော်အမိန့် (၃) တားမြစ်စေစာချွန်တော်အမိန့် (၄) အာဏာပိုင်မေးစာချွန်တော်အမိန့် (၅)အမှုခေါ်စာချွန်တော်အမိန့်။ ဆက်လက်ပြီး ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ အပ်နှင်းသည့် စာချွန်တော်အမိန့်များ ထုတ်ဆင့်ခွင့် အာဏာသည် အခြားတရားရုံးများအား တည်ဆဲဥပဒေများအရ အပ်နှင်းထားသည့် စာချွန်တော်အမိန့် သဘောမျိုး သက်ရောက်သည့် အမိန့်ထုတ်ဆင့်ပိုင်ခွင့်အာဏာကို မထိခိုက်စေရ လို့ ပြဌာန်းထားပါတယ်။

အိန္ဒိယနိုင်ငံသားများ၏ မူလအခွင့်အရေးများ (ကန့်သတ်ခြင်းနှင့် ရုပ်သိမ်းခြင်း)


    အခြေခံဥပဒေကတော့ နိုင်ငံသားတွေကို မူလအခွင့်အရေးတွေ ခံစားနိုင်အောင် ပြဌာန်း ပေးအပ်ထားပါပြီး။ အဲသည်အခွင့်အရေးတွေကို နိုင်ငံသားအားလုံး ခံစားခွင့် ရှိရဲ့လား။ အဲသည်လို မေးလာရင်တော့ ဟင့်အင်း လို့ပဲ ဖြေရမှာပါ။ အခြေခံဥပဒေက ဘယ်လိုပင် ပြဌာန်းထားစေအုံးတော့ အဲသည်အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး လိုအပ်သလို တားဆီးကန့်သတ်တဲ့ ဥပဒေတွေကို ပါလီမန်က ပြဌာန်းခွင့် ရှိပါတယ်တဲ့။ လူတိုင်းကိုတော့ တားဆီးကန့်သတ်လို့ မရပါဘူး။ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးတွေနဲ့ ပတ်သက်ပြီး ကန်တော့ဆွမ်း လုပ်ခွင့်ရှိတဲ့သူတွေက လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ၊ တပ်မတော်သားတွေ၊ ပြည်သူ့လုံခြုံရေးကို စောင့်ရှောက်နေရတဲ့သူတွေ၊ ထောက်လှမ်းရေးနဲ့ တန်ပြန်ထောက်လှမ်းရေး တာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံ့ဝန်ထမ်းတွေ လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ တယ်လီဖုန်းဆက်သွယ်ရေး ဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့နဲ့ ပတ်သက်လို့ လိုအပ်ရင် အခြေခံဥပဒေပါ နိုင်ငံသားများရဲ့ မူလအခွင့်အရေးများအနက် အချို့ကို ဥပဒေပြဌာန်း ကန့်သတ် ရုပ်သိမ်းထားခွင့် ပေးထားပါတယ်ဗျ။ ဘာလို့လဲ ဆိုတော့ သူတို့ တာဝန်ဝတ္တရားတွေကို ကျေကျေပွန်ပွန် ထမ်းဆောင်နိုင်အောင်ရယ် စည်းကမ်းသေဝပ်မှု ရှိအောင်ရယ်ဆိုပြီး အခွင့်အရေးတစ်ချို့ကို ရုပ်သိမ်းဖို့ လိုအပ်ရင် ရုပ်သိမ်းရပါမယ်တဲ့ဗျာ။
    တို့နိုင်ငံ အခြေခံဥပဒေမှာ ပြန်ကြည့်ကြည့်တော့လည်း ပုဒ်မ ၃၈၂ မှာ ကာကွယ်ရေး တပ်ဖွဲ့ဝင်များ သို့မဟုတ် ငြိမ်ဝပ်ပိပြားရေးနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်ရသော တပ်ဖွဲ့ဝင်များအား ယင်းတို့၏ တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးနှင့် စည်းကမ်းသေဝပ်မှုများ ရှိစေရေးတို့အတွက် ဤအခန်း၌ ပေးအပ်ထားသော အခွင့်အရေးများအနက် ကန့်သတ်ရန် သို့မဟုတ် ဖျက်သိမ်းရန် လိုအပ်သော အခွင့်အရေးများကို ဥပဒေပြဌာန်း၍ ကန့်သတ်ခြင်း သို့မဟုတ် ဖျက်သိမ်းခြင်း ပြုလုပ်ရမည်။ ဟဲ ဟဲ သေချာ ဖတ်ကြနော်။ စစ်သားတို့ ရဲတို့ကို အခွင့်အရေး ပိုပေးထားတာ မဟုတ်ဘူး။ သာမန် နိုင်ငံသားတစ်ယေက်လောက်တောင် သူတို့က အခွင့်အရေး အပြည့်အဝမရကြဘူး။ သာမန် နိုင်ငံသားတစ်ယောက်ကတောင်မှ သူတို့ထက် အခွင့်အရေး ပိုသာနေသေးတယ်။
    အိန္ဒိယအခြေခံဥပဒေ ပုဒ်မ ၃၄ က ပိုလို့တောင် စိတ်ဝင်စားစရာ ကောင်းပါသေးတယ်။ စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန်ထားတဲ့ ဒေသတွေမှာတဲ့ အခြေခံဥပဒေက ပေးအပ်ထားတဲ့ အခွင့်အရေးတွေကို ကန့်သတ်ထားလို့ ရတယ်လို့ ပြဌာန်းထားပါတယ်။ ဒါနဲ့ ပတ်သက်ပြီး သိပ်မရှင်းလင်းတာက အိန္ဒိယ အခြေခံ ဥပဒေမှာ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ဖို့ သီးခြားပြဌာန်းချက် မပါဘဲ ဒီပုဒ်မကို ဘာလို့ဖော်ပြထားတာလဲ ဆိုတာပါ။ ဗိုလ်ကောင်းတို့ မြန်မာနိုင်ငံ အခြေခံဥပဒေမှာလည်း စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်တဲ့အကြောင်း မပါပေမယ့် အရေးပေါ် အခြေအနေကြေညာထားတဲ့ အချိန် နဲ့ ဒေသတွေမှာ နိုင်ငံသားအခွင့်အရေးကို ကန့်သတ်ထားနိုင်ကြောင်း ပြဌာန်းထားတာ ရှိပါတယ်။ တို့အခြေခံဥပဒေ ပုဒ်မ ၄၁၄(ခ)မှာ လိုအပ်ပါက အရေးပေါ်အခြေအနေ အကျိုးသက်ရောက်သည့် နယ်မြေဒေသအတွင်း နေထိုင်ကြသော နိုင်ငံသားများ၏ မူလအခွင့်အရေးတစ်ရပ်ရပ်ကိုဖြစ်စေ တစ်ရပ်ထက်ပို၍ဖြစ်စေ လိုအပ်သလို ကန့်သတ်နိုင်သည် သို့မဟုတ် ရပ်ဆိုင်းထားနိုင်သည် လို့ ဖော်ပြထားပါတယ်။ ဆက်လက်ပြီး ပုဒ်မ ၃၇၉ မှာလည်း အောက်ဖော်ပြပါ အခြေအနေ တစ်ရပ်ရပ် ပေါ်ပေါက်ချိန်တွင် အများပြည်သူ လုံခြုံရေးအတွက် လိုအပ်သည့် ကိစ္စမှတစ်ပါး ပုဒ်မ ၃၇၇ ပါ အခွင့်အရေးများ တောင်းခံပိုင်ခွင့်ကို ရပ်ဆိုင်းထားခြင်း မပြုရဆိုပြီး (က)စစ်မက်ဖြစ်ပွားချိန် (ခ)တိုင်းတစ်ပါးမှကျူးကျော်ဝင်ရောက်ချိန် (ဂ)ဆူပူသောင်းကျန်းမှုများဖြစ်ပေါ်နေချိန်လို့ ပြဌာန်းထားပြီး တစ်ခါ ပုဒ်မ ၃၈၁ မှာလည်း အောက်ဖော်ပြပါ အခြေအနေနှင့် အချိန်အခါမှတစ်ပါး နိုင်ငံသားများ၏ တရားဝင်ရပိုင်ခွင့်ရှိသော နစ်နာချက်များအတွက် ဥပဒေဖြင့် သတ်မှတ်ထားသော ရယူပိုင်ခွင့်များကို ငြင်းပယ်ခြင်း မပြုရဆိုပြီး (က)တိုင်းတစ်ပါးမှကျူးကျော်ဝင်ရောက်တိုက်ခိုက်ချိန် (ခ)ဆူပူသောင်းကျန်းမှုများဖြစ်ပေါ်နေချိန် (ဂ)အရေးပေါ်အခြေအနေဖြစ်ပေါ်နေချိန် ဆိုပြီး ပြဌာန်းထားပါတယ်။
    သူတို့ အခြေခံဥပဒေ နိုင်ငံသားအခွင့်အရေးများအခန်း နောက်ဆုံးပုဒ်မ ၃၅ ကတော့ ဥပဒေပြဌာန်းခြင်းနဲ့ ပတ်သက်တဲ့ ကန့်သတ်ချက်များဖြစ်ပါတယ်။ ဒီအခန်းနဲ့ ပတ်သက်တဲ့ တစ်ချို့အပိုင်းကို ပါလီမန်လွှတ်တော်ကသာ ပြဌာန်းခွင့် ရှိပြီး တစ်ချို့အပိုင်းတွေကိုတော့ ပါလီမန်ရော ပြည်နယ်လွှတ်တော်တွေကပါ ပြဌာန်းခွင့် ရှိကြောင်း ခွဲခြားဖြော်ပထားတာဖြစ်ပါတယ်
    အခု အထက်မှာ တင်ပြခဲ့တာတွေကတော့ အိန္ဒိယနိုင်ငံ အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ နိုင်ငံသားများရဲ့ မူလအခွင့်အရေးများ အခန်းပါ ဖော်ပြချက်များကို ဗိုလ်ကောင်း လက်လှမ်းမီရာ မြန်မာအခြေခံဥပဒေ ပြဌာန်းချက်များနဲ့ ချိန်ထိုး တင်ပြခဲ့တာပဲ ဖြစ်ပါတယ်။ ဥပဒေပညာရှင်လည်း မဟုတ်တဲ့ ဗိုလ်ကောင်းရဲ့ ရေးသားတင်ပြချက်တွေထဲမှာ ချွတ်ချော်တိမ်းပါး အယူအဆမှားတာလေးတွေ အထိုက်အလျောက် ရှိနိုင်ပါတယ်။ သိတဲ့သူများက ဗိုလ်ကောင်းကို ပြင်ဆင်တည့်မတ် ပေးကြမယ်ဆိုရင် အင်မတန်ကို ဝမ်းမြောက်ဝမ်းသာနဲ့ ပြင်ဆင်ဖြည့်ဆည်းဖို့ အမြဲ အသင့်ရှိနေပါကြောင်း ပြောကြားရင်းနဲ့ ဒီအခန်းကို ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။ ဆက်လက်ပြီးတော့လည်း ကျန်ရှိနေသေးတဲ့ အိန္ဒိယအခြေခံဥပဒေဆိုင်ရာ အပိုင်းများကို လေ့လာ တင်ပြသွားပါအုံးမယ်။

Monday, 22 April 2013

အခြေခံဥပဒေက အပ်နှင်းထားသော အိန္ဒိယနိုင်ငံသားများ၏ တာဝန်များ


    အခြေခံဥပဒေတစ်ခု ရေးပြီဆိုရင် နိုင်ငံသားတွေရဲ့ မူလ အခွင့်အရေးနဲ့ တာဝန်များဆိုတာ မဖြစ်မနေ ထည့်သွင်းရေးဆွဲရပါတယ်။ မြန်မာနိုင်ငံ အခြေခံဥပဒေ အခန်း (၈) မှာ နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များဆိုပြီး အကြောင်းအရာ သုံးရပ်ကို တစ်ခန်းတည်းမှာ စုပေါင်းပြဌာန်းထားပေမယ့် အိန္ဒိယအခြေခံဥပဒေမှာတော့ အဲသည်အပိုင်းသုံးပိုင်းကို သီးခြားအပိုင်းတွေအဖြစ် ပြဌာန်းဖော်ပြထားပါတယ်။ အခုတင်ပြမှာကတော့ အဲသည်ထဲမှာပါတဲ့ နိုင်ငံသားများရဲ့ တာဝန်များအပိုင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အခြေခံဥပဒေ အခန်း(၁) ပုဒ်မ ၂၁(ဂ) မှာ ပြည်သူတို့၏ အေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့သည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်လို့ ဖော်ပြထားပြီး အခန်း(၈)မှာတော့ ပုဒ်မ ၃၈၃ ကနေ ပုဒ်မ ၃၉၀ ထိ နိုင်ငံသားများရဲ့ တာဝန်ကို ဖော်ပြထားပါတယ်။ အိန္ဒိယ အခြေခံဥပဒေ အပိုင်း ၄က၊ ပုဒ်မ ၅၁က မှာ နိုင်ငံသားတွေရဲ့ တာဝန်နဲ့ပတ်သက်လို့ အချက် ၁၀ ချက်ပြဌာန်းထားပါတယ်။ ဘာတွေ တူပြီး ဘာတွေ ကွဲပြားသလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။
    ပုဒ်မ ၅၁က(က)မှာ နိုင်ငံသားတိုင်းသည် အခြေခံဥပဒေကို လိုက်နာရန် နှင့် နိုင်ငံတော်အလံနှင့် နိုင်ငံတော်သီချင်းကို လေးစားရန်တာဝန်ရှိသည်လို့ ပြဌာန်းထားပါတယ်။ တို့အခြေခံဥပဒေ ပုဒ်မ ၃၈၄ မှာလည်း နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များကို လိုက်နာစောင့်ထိန်းရန် တာဝန်ရှိသည်လို့ ပြဌာန်းထားပါတယ်။
    ပုဒ်မ ၅၁က(ခ)မှာ နိုင်ငံတော်လွတ်လပ်ရေးအတွက် အမျိုးသားလှုပ်ရှားမှုများကို လှုံ့ဆော်ခဲ့တဲ့ မြင့်မြတ်စိတ်ထားတွေကို မြတ်နိုးတန်ဖိုးထားရမယ်လို့ ဖော်ပြထားပါတယ်။ တို့ဆီမှာတော့ အဲသည်လို ပြဌာန်းထားတာ မတွေ့ရပါဘူး။
    ပုဒ်မ ၅၁က(ဂ)မှာ တော့ တို့ဆီကလိုပဲ တို့တာဝန် အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရမယ်လို့ ဖော်ပြထားသဗျ။ ဟဲဟဲ တို့တာဝန်အရေးသုံးပါးဆိုလို့ ဗိုလ်ကောင်းတော့ ရွှီးပြီလို့ ထင်ကြမယ်။ အဲဒီလို ထင်မှာစိုးလို့ မူရင်းကူးထည့်ပေးလိုက်ပါတယ်။ It shall be the duty of every citizen of India to uphold and protect the sovereignty, unity and integrity of India. ကဲ . . . ယုံပြီမဟုတ်လား။
    ပုဒ်မ ၅၁က(ဃ)မှာ နိုင်ငံသားတိုင်းဟာ နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ရန် ဆင့်ခေါ်တဲ့အခါမှာ စစ်မှုထမ်းဆောင်ဖို့ တာဝန်ရှိသတဲ့။ တို့အခြေခံဥပဒေ ပုဒ်မ ၃၈၆ မှာလည်း နိုင်ငံသားတိုင်းသည် ဥပဒေ ပြဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည် လို့ ပြဌာန်းထားပါတယ်။


    ပုဒ်မ ၅၁က(င)မှာ ကိုးကွယ်ရာ ဘာသာမတူညီ ပြောဆိုတဲ့စကား မတူညီ၊ နေထိုင်ရာဒေသ မတူညီတဲ့  နိုင်ငံသားတွေရဲ့ သွေးစည်း ညီညွတ်တဲ့ ညီရင်းအစ်ကို မောင်ရင်းနှမ စိတ်ဓာတ်ကို မြှင့်တင်ပေးရမယ်လို့ ဆိုတဲ့အပြင် အမျိုးသမီးတွေရဲ့ ဂုဏ်သိက္ခာကို ထိပါးနိမ့်ကျစေတဲ့ အပြုအမူတွေကို စွန့်လွှတ်ရမယ် လို့ ဆိုထားပါတယ်။ အဲဒါနဲ့ ခပ်ဆင်ဆင်တူတဲ့ ပြဌာန်းချက်ကတော့ တို့အခြေခံဥပဒေ ပုဒ်မ ၃၈၇ မှာ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံ၍ တိုင်းရင်းသားလူမျိုးအချင်းချင်း စည်းလုံး ညီညွတ်ရေးနှင့် ပြည်သူတစ်ရပ်လုံး အေးချမ်း သာယာရေးတို့အတွက် ကြိုးပမ်းအားထုတ် ဆောင်ရွက်ရန် တာဝန်ရှိသည် လို့ ပြဌာန်းထားပါတယ်။ အမျိုးသမီးတွေရဲ့ ဂုဏ်သိက္ခာကို ထိပါးနိမ့်ကျစေတဲ့ ဘာညာသာရကာကတော့ မပါတာ ခပ်ကောင်းကောင်းပါဗျာ။ အမှန်က အမျိုးသားတွေရဲ့ ဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက်ဖို့ လိုနေတာဗျ၊ တို့ဆီမှာတော့ ထစ်ကနဲရှိ ဗိုလ်ကောင်းတို့ ယောက်ျားတွေက ခံဘက်ကချည်းပဲ။


    ပုဒ်မ ၅၁က(စ)မှာ ကြွယ်ဝလှတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို တန်ဖိုးထားထိန်းသိမ်းရမယ်လို့ ဆိုထားပြီး ပုဒ်မ ၅၁က(ဆ)မှာ သစ်တော သစ်ပင် မြစ်ချောင်း ရေအိုင်တွေ အပါအဝင် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်မြှင့်တင်ပြီး သက်ရှိသတ္တဝါတွေကို သနားကြင်နာရမယ်လို့ ဖော်ပြထားပါတယ်။ တို့အခြေခံဥပဒေ ပုဒ်မ ၃၉၀(က)နဲ့(ခ)မှာလည်း နိုင်ငံသားတိုင်းဟာ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်တဲ့ နေရာနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်တဲ့ နေရာတွေမှာ နိုင်ငံတော်ကို ကူညီဖို့ တာဝန်ရှိတယ်လို့ ပြဌာန်းထားပါတယ်။
    ပုဒ်မ ၅၁က(ဇ)မှာ သိပ္ပံနည်းကျ လေ့လာစူးစမ်းတတ်တဲ့ စိတ်ဓာတ်၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးက အဓိကကျတယ်ဆိုတဲ့ ခံယူချက်နဲ့ လေ့လာစူးစမ်းတတ်တဲ့ ညာဉ်ကို အားပေးမြှင့်တင်ရမယ်လို့ ဆိုထားပါတယ်။ တို့အခြေခံဥပဒေ ပုဒ်မ ၃၉၀(ဂ) မှာလည်း နိုင်ငံသားတိုင်းဟာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး မြင့်မားလာစေဖို့ ကြိုးပမ်းတဲ့နေရာမှာ နိုင်ငံတော်ကို ကူညီဖို့ တာဝန်ရှိတယ်လို့ ပြဌာန်းထားပါတယ်။


    ပုဒ်မ ၅၁က(ဈ)မှာ နိုင်ငံသားတွေဟာ အများပြည်သူပိုင်ပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ရှိပြီး ဖျက်လိုဖျက်ဆီးစိတ်ဓာတ်တွေကို ပယ်ဖျောက်ရမယ်လို့ ဖော်ပြထားပါတယ်။ တို့အခြေခံဥပဒေ ပုဒ်မ ၃၉၀(ဃ)မှာလည်း နိုင်ငံသားတိုင်းဟာ အများပြည်သူပိုင်ပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်တဲ့ နေရာမှာ နိုင်ငံတော်ကို ကူညီဖို့ တာဝန်ရှိတယ်လို့ ပြဌာန်းထားပါတယ်။
    နောက်ဆုံးအချက်ဖြစ်တဲ့ ပုဒ်မ ၅၁က(ည)မှာ နိုင်ငံတော်က အဆင့်အတန်းမြင့်တဲ့ အောင်မြင်မှုတွေကို စဉ်ဆက်မပြတ် ရရှိဖို့ရာအတွက် တစ်ဦးချင်းဖြစ်ဖြစ် အစုအဖွဲ့လိုက်ဖြစ်ဖြစ် ကြိုးပမ်းအားထုတ် လုပ်ဆောင်ရမယ်လို့ ဖော်ပြထားပါတယ်။ တို့အခြေခံဥပဒေ ပုဒ်မ ၃၈၈ မှာလည်း ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး ပေါ်ထွန်းရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်တယ်လို့ ပြဌာန်းထားပါတယ်။
    သူတို့အခြေခံဥပဒေနဲ့ တို့အခြေခံဥပဒေမှာပါတဲ့ နိုင်ငံသားတွေရဲ့ မူလတာဝန်များဆိုင်ရာ ပြဌာန်းချက်များဟာ အားလုံး အတူတူနီးပါး ဖြစ်ပါတယ်။ ဒါကတော့ ဘယ်အခြေခံဥပဒေမှာမဆို ပါဝင်လေ့ရှိတဲ့ အချက်များလည်း ဖြစ်ပါတယ်။ ဘယ်နိုင်ငံမှာမဆို နိုင်ငံသားတိုင်းဟာ ဒီတာဝန်တွေကို ထမ်းဆောင်ဖို့ တာဝန်ရှိနေပါတယ်။ အဲဒီလို တာဝန်တွေ ရှိနေသလို နိုင်ငံသားများ၏ မူလအခွင့်အရေးများ ဆိုတာကိုလည်း တခမ်းတနား ရေးသားပြဌာန်းလေ့ ရှိကြပါတယ်။ မူလအခွင့်အရေးများနဲ့ ပတ်သက်ပြီးတော့လည်း ဆက်လက် တင်ပြသွားပါအုံးမယ်။ စာဖတ်သူများ ရွှင်လန်း ချမ်းမြေ့ကြပါစေ။

Saturday, 20 April 2013

အိန္ဒိယနိုင်ငံ ပြည်နယ်အစိုးရများ


 အိန္ဒိယနိုင်ငံ ပြည်နယ်အစိုးရများအကြောင်းကို ပြောမယ်ဆိုရင် ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တို့ အကြောင်း အရင် ပြောရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုပြောမယ့် ပြည်နယ်အုပ်ချုပ်ရေးအကြောင်းမှာ ဂျမူးနဲ့ကက်ရှ်မီးယားပြည်နယ် မပါပါဘူး။ အဲသည်အကြောင်းကို နောက်မှ သီးခြား တင်ပြပေးပါ့မယ်။
    ပြည်နယ်တိုင်းမှာ ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ယောက်ကို သမ္မတက ခန့်အပ်ပေးရပါတယ်။ ပုဒ်မ ၁၅၃ အရ လူတစ်ယောက်တည်းကိုပဲ ပြည်နယ် နှစ်ခု ဒါမှမဟုတ် နှစ်ခုထက်ပိုတဲ့ ပြည်နယ်တွေရဲ့ အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်နိုင်ကြောင်း ဖော်ပြထားပါတယ်။ ပြည်နယ် အုပ်ချုပ်ရေးမှူးရဲ့ သက်တမ်းက သမ္မတသက်တမ်းနဲ့ အတူတူဖြစ်ပြီး နုတ်ထွက်ချင်ရင် သမ္မတဆီမှာစာတင်ပြီး နုတ်ထွက်လို့ ရပါတယ်။ အရည်အချင်းကတော့ အိန္ဒိယနိုင်ငံသားဖြစ်ရင် ရပါပြီ။ တကယ်လို့ လွှတ်တော်အမတ်တစ်ယောက်ကို ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် သမ္မတက ခန့်အပ်ခဲ့တယ်ဆိုရင် စတင်ခန့်အပ်တာနဲ့ သူဟာ လွှတ်တော်အမတ်အဖြစ်က ရပ်စဲပြီး ဖြစ်တယ်လို့ မှတ်ယူရမှာ ဖြစ်ပါတယ်။ ရာထူးတာဝန် မထမ်းဆောင်ခင်မှာ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်ရဲ့ ရှေ့မှောက်မှာ ကျမ်းသစ္စာကျိန်ဆိုဖို့တော့ လိုအပ်ပါတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ယောက်ကို သမ္မတက ရာထူးတာဝန်က ရပ်စဲချင်တယ်ဆိုရင်လည်း ရပ်စဲလို့ ရပါတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူးဟာ ပြည်နယ်ရဲ့ အခွင့်အာဏာအတွင်းမှာရှိတဲ့ တရားရုံးများက စီရင်ထားတဲ့ အပြစ်ဒဏ်များကို လျှော့ချပေးခြင်း၊ ရွှေ့ဆိုင်းပေးခြင်း၊ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းတို့ကို ဆောင်ရွက်နိုင်တဲ့ အာဏာ ရှိပါတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ အခွင့်အာဏာကတော့ ပြည်နယ်လွှတ်တော်များ ဥပဒေပြုခွင့်ရှိတယ်လို့ အခြေခံဥပဒေက ပြဌာန်းထားတဲ့ ကိစ္စများအားလုံးအပေါ်မှာ သက်ရောက်ပါတယ်။
    အိန္ဒိယနိုင်ငံ သမ္မတလိုပဲ ပြည်နယ်အုပ်ချုပ်ရေးမှူးဆိုတာ တကယ်တော့ ရုပ်ပြေခေါင်းဆောင် တစ်ဦးမျှသာ ဖြစ်ပါတယ်။ သမ္မတကို အထောက်အကူပြုဖို့ ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ်အစိုးရအဖွဲ့တို့ ရှိပြီး ပြည်နယ်ဝန်ကြီးချုပ်ကိုတော့ အုပ်ချုပ်ရေးမှူးက ခန့်အပ်ရတာ ဖြစ်ပါတယ်။ ပြည်နယ်ဝန်ကြီးတွေကို ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ထောက်ခံချက်နဲ့ အုပ်ချုပ်ရေးမှူးက ခန့်အပ်ပြီး ပြည်နယ်အစိုးရအဖွဲ့ဟာ ပြည်နယ်လွှတ်တော်ကို စုစည်းတာဝန်ခံ ရပါတယ်။ ပြည်နယ်ဝန်ကြီးတွေဟာ ပြည်နယ်လွှတ်တော်အမတ် ဖြစ်ရမယ်လို့ မဖော်ပြထားပေမယ့် လွှတ်တော်အမတ်အဖြစ်က ရပ်စဲတာ ခြောက်လပြည့်ရင် ပြည်နယ်ဝန်ကြီးတာဝန်ကိုလည်း ရပ်စဲရမယ်လို့ ဖော်ပြထားပါတယ်။


    မြန်မာပြည်မှာ ပြည်နယ် တိုင်း အစိုးရအဖွဲ့တွေအားလုံးမှာ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေ ခန့်အပ်ထားပေမယ့် သူတို့ဆီမှာတော့ ဘီဟာပြည်နယ်၊ မဒရာပရာဒက်ရှ်ပြည်နယ် နဲ့ အောရိရှ ပြည်နယ်တွေမှာသာ တိုင်းရင်းသားရေးရာဝန်ကြီးတွေ ရှိပါတယ်။
    ပြည်နယ်ရဲ့အုပ်ချုပ်ရေးရာ ကိစ္စရပ်တွေ အားလုံးကို ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်တဲ့ ပြည်နယ်အစိုးရအဖွဲ့ကသာ အမှန်တကယ် ဆောင်ရွက်ပေမယ့် ပြည်နယ်အုပ်ချုပ်ရေးမှူးအမည်နဲ့ ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ အမည်ခံ အုပ်ချုပ်ရေးမှူးပေါ့။ အဲသည်လို ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ဘယ်တရားရုံမှာမှ တရားစွဲဆိုပိုင်ခွင့် မရှိတာကတော့ မြန်မာနိုင်ငံနဲ့ တူပါတယ်။
    ပုဒ်မ ၁၆၇ မှာ ပြည်နယ်ဝန်ကြီးချုပ်ဟာ လိုအပ်တဲ့ သတင်းအချက်အလက်တွေကို စုစည်းပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးကို တင်ပြပေးရမယ်လို့ ဆိုထားပေမယ့် တကယ့်တကယ်ကတော့ ဝန်ကြီးချုပ် လုပ်ကိုင်ဆောင်ရွက်မယ့် ကိစ္စရပ်တွေကို အုပ်ချုပ်ရေးမှူးကို အသိပေးတဲ့ သဘောလောက်ပဲ ရှိတာပါ။
    ဗိုလ်ကောင်းတို့ မြန်မာပြည်နဲ့ ကွာခြားချက်ကတော့ မြန်မာပြည်မှာလည်း ပြည်နယ်တိုင်း လွှတ်တော်အမတ်များထဲက ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်နယ်တိုင်း ဝန်ကြီးချုပ်ဆိုတာ ရှိပေမယ့် သူ့အထက်မှာ ပြည်နယ်တိုင်း အုပ်ချုပ်ရေးမှူးဆိုတာ မရှိပါဘူး။ ပြည်နယ်တိုင်း အုပ်ချုပ်ရေးကိစ္စနဲ့ ပတ်သက်ရင် သူက အာဏာအရှိဆုံးဖြစ်ပါတယ်။ ပြည်နယ်တိုင်း လွှတ်တော်အမတ်တွေနဲ့ ပြည်နယ်အစိုးရဖွဲ့ထားတာချင်းတော့ တူပါတယ်။ ဒီလို အစိုးရပုံစံမျိုးကို ဗြိတိသျှပါလီမန် ဒီမိုကရေစီပုံစံလို့ ခေါ်ကြောင်း မှတ်သားဖူးပါတယ်။
    ပြည်နယ်အုပ်ချုပ်ရေးမှူး = Governor
    ပြည်နယ်ဝန်ကြီးချုပ် = Chief Minister

Friday, 19 April 2013

အိန္ဒိယနိုင်ငံ ရွေးကောက်ပွဲများ


    အိန္ဒိယနိုင်ငံမှာလည်း ရွေးကောက်ပွဲတွေ ကြီးကြပ်ဖို့၊ ညွှန်ကြားဖို့၊ ထိန်းသိမ်းကွပ်ကဲဖို့အတွက် ရွေးကောက်ပွဲ ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်း တာဝန်ပေးအပ် ရမယ်လို့ အခြေခံဥပဒေ အပိုင်း ၁၅ မှာ ပြဌာန်းထားပါတယ်။ အဲသည်ကော်မရှင်ဟာ ပါလီမန်လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော် အမတ်တွေ ရွေးကောက်တင်မြှောက်ရာမှာ၊ သမ္မတနဲ့ ဒုသမ္မတ ရွေးကောက်တင်မြှောက်ရာမှာ ကြီးကြပ်ပေးရပါတယ်။ အဲသည် ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဥက္ကဌနဲ့ အဖွဲ့ဝင်တွေကို သမ္မတက ခန့်အပ်ရပါတယ်။ ပြည်နယ်တွေမှာ ဒေသဆိုင်ရာအလိုက် ကြီးကြပ်နိုင်အောင် ရွေးကောက်ပွဲ ကော်မရှင်တွေ ဖွဲ့တဲ့နေရာမှာလည်း ကော်မရှင်ဥက္ကဌရဲ့ အကြံပြုချက်နဲ့ ဒေသဆိုင်ရာ ကော်မရှင်အဖွဲ့ဝင်များကို သမ္မတက ခန့်အပ်ရပါတယ်။ ကော်မရှင်ဥက္ကဌကို တရားလွှတ်တော်ချုပ် တရားသူကြီးတစ်ဦးရဲ့ ဆုံးဖြတ်ချက်က လွဲရင် ရာထူးတာဝန်က ဖယ်ရှားခွင့် မရှိပါဘူး။ မြန်မာအခြေခံဥပဒေမှာတော့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌနဲ့ အဖွဲ့ဝင်တွေကို သမ္မတကသာ စွပ်စွဲပြစ်တင်ခွင့် ရှိပါတယ်။ ဒါပေမယ့် ပြည်ထောင်စု လွှတ်တော် နာယကကို တင်ပြပြီး လွှတ်တော်မှာ စုံစမ်းစစ်ဆေးရပါတယ်။ တာဝန်က ရပ်စဲတန်တယ်လို့ လွှတ်တော်က ဆုံးဖြတ်ရင် သက်ဆိုင်ရာ ပုဂ္ဂိုလ်ကို တာဝန်က ရပ်စဲလို့ ရပါတယ်။


    တို့မြန်မာပြည်မှာတော့ မဲဆန္ဒရှင်တွေဟာ အထက်လွှတ်တော်၊ အောက်လွှတ်တော်နဲ့ ပြည်နယ်တိုင်း လွှတ်တော်အမတ်တွေ အားလုံးအတွက် မဲပေးရပေမယ့် သူတို့ဆီမှာတော့ အောက်လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော် တစ်ရပ်ကိုပဲ ရွေးကောက် တင်မြှောက်ပေးရတာပါ။ အထက်လွှတ်တော် အမတ်ကို ပြည်နယ်လွှတ်တော်တွေက ရွေးကောက် တင်မြှောက်တာဖြစ်ပြီး လွှတ်တော်နှစ်ရပ် ရှိတဲ့ ပြည်နယ်တွေမှာလည်း ကျန်လွှတ်တော်တစ်ရပ်ကို ပြည်သူက တိုက်ရိုက် ရွေးကောက်တင်မြှောက်ရတာ မဟုတ်ပါဘူး။ တို့ဆီက တိုင်းရင်းသားတွေဟာ သက်ဆိုင်ရာ ပြည်နယ် တိုင်း တိုင်းရင်းသားရေးရာအမတ် နေရာအတွက် သီးခြားမဲပေးပိုင်ခွင့် ရှိပေမယ့် သူတို့ဆီမှာတော့ အဲသည်လို သီးခြားအခွင့်အရေးပေးဖို့ ခွင့်ပြုမထားပါဘူး။ အိန္ဒိယမှာ မနေသူ၊ စိတ်ပေါ့သွပ်သူ၊ ရာဇဝတ်မှုကျူးလွန်သူ တွေကလွဲရင် ဘာသာရေး၊ လူမျိုးရေး၊ အမျိုးဇာတ်နဲ့ ကျားမ ခွဲခြားမှုမရှိစေပဲ တားမြစ်ခြင်း အထူးအခွင့်အရေးပေးခြင်း မရှိစေရလို့ ပုဒ်မ ၃၂၅ နဲ့ ၃၂၆ တို့မှာ ဖော်ပြထားပါတယ်။


    ရွေးကောက်ပွဲများနဲ့ ပတ်သက်ပြီး မဲစာရင်းပြုစုတာ၊ မဲဆန္ဒနယ် ကန့်သတ်တာ စတဲ့ သက်ဆိုင်ရာ ကိစ္စရပ်များအတွက် လိုအပ်တဲ့ ဥပဒေတွေကို ပါလီမန်က ပြဌာန်းပေးရပါတယ်။ ပါလီမန်က ပြဌာန်းခြင်း မပြုသော်လည်း သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်တွေအတွက် ရွေးကောက်ပွဲဆိုင်ရာ လိုအပ်တဲ့ ဥပဒေတွေကို သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်များက ပြဌာန်းခွင့် ရှိပါတယ်။ ပြီးတော့ ရွေးကောက်ပွဲ ဆိုင်ရာ ကိစ္စရပ်များကို တရားစီရင်ရေးမဏ္ဍိုင်က ဝင်ရောက်စွက်ဖက်မှု မရှိအောင်လည်း တားမြစ်ထားပါသေးတယ်။ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဘယ်တရားရုံးမှာမှ တရားစွဲဆိုခွင့် မရှိတဲ့ သဘောဖြစ်ပါတယ်။ တို့ မြန်မာပြည်မှာတော့ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများကို ကော်မရှင်က ခုံရုံးဖွဲ့ပြီး စစ်ဆေး ဆုံးဖြတ်ပေးပါတယ်။ တရားစီရင်ရေး မဏ္ဍိုင်က ဆုံးဖြတ်ခွင့် မရှိတဲ့ သဘောပါပဲ။
    အခြေခံဥပဒေ စတင်ရေးသားစဉ်အခါက ပါလီမန်မှာ ဝန်ကြီးချုပ်နဲ့ လွှတ်တော် ဥက္ကဌ ရွေးကောက်တင်မြှောက်ခြင်းနဲ့ ပတ်သက်တဲ့ အထူးပြဌာန်းချက်ကို ထည့်သွင်း ရေးသားခဲ့ပေမယ့် အခြေခံဥပဒေ ပြင်ဆင်ချက်အမှတ် ၄၄ နဲ့ ၁၉၇၈ ခုနှစ်မှာပဲ ပယ်ဖျက်ပြီး ဖြစ်လို့ အဲသည်အကြောင်းကို မတင်ပြတော့ပါဘူး။


    ဒီနေရာမှာ မြန်မာနိုင်ငံ အခြေခံဥပဒေရဲ့ ရွေးကောက် တင်မြှောက်ခြင်း အခန်းပါ ထူးခြားချက်လေးတစ်ခုကို အလျဉ်းသင့်လို့ တင်ပြလိုပါတယ်။ မြန်မာနိုင်ငံ အခြေခံဥပဒေမှာ ပါဝင်တဲ့ ရာထူးနေရာ ခန့်ထားခြင်းတွေမှာ အသက်အပိုင်းအခြားတွေ ပါလေ့ရှိပါတယ်။ ဥပမာ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးဆိုရင် အသက် ၅၀ နှစ် မှ ၇၀ နှစ်အတွင်း ရှိရမယ်လို့ ပြဌာန်းထားပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌနဲ့ အဖွဲ့ဝင်တွေကိုတော့ အသက် ၅၀ နှစ်ပြည့်ပြီးသူ ဖြစ်ရမယ်လို့ ပုဒ်မ ၃၉၈(ခ)(၁) မှာ ဖော်ပြထားတာက လွဲရင် ဘယ်နှစ်နှစ်ထိ တာဝန်ထမ်းဆောင်ရမလဲ ဆိုတာကို ကန့်သတ်ထားချက် မတွေ့ရပါဘူး။ ဒါပေမယ့် ပြည်ထောင်စု လွှတ်တော်က  ၂၀၁၂ ခုနှစ် မတ်လ ၁၉ ရက်နေ့မှာ ပြင်ဆင်ပြဌာန်းလိုက်တဲ့ ၂၀၁၂ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်(၃) ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေ အခန်း(၃) ပုဒ်မ (၆)မှာ "ဖွဲ့စည်းထားသော ကော်မရှင်၏ ရာထူးသက်တမ်းသည် နိုင်ငံတော် သမ္မတ၏ ရာထူးသက်တမ်းအတိုင်းဖြစ်သည်" လို့ ပါရှိတာကို တွေ့ရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အဲသည်ပြဌာန်းချက်ဟာ အခြေခံဥပဒေနဲ့ ညီညွတ်ပါရဲ့လားလို့ သိချင်တဲ့အတွက် လက်လှမ်းမီသလောက် မေးမြန်းလေ့လာကြည့်ရာမှာလည်း ဒီနေ့အထိ စိတ်ကျေနပ်လောက်တဲ့ အဖြေ မရသေးပါဘူး။ ဒါ့အပြင် မြန်မာနိုင်ငံ အခြေခံဥပဒေကို အနက်အဓိပ္ပာယ် ဖွင့်ဆိုခွင့်ရှိတဲ့ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကလည်း ဒါနဲ့ ပတ်သက်ပြီး ဘာမှ ပြောသံဆိုသံ မကြားမိသေးပါဘူး။ ဒါကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး သိကြသူများက ဗိုလ်ကောင်းနားမလည်ဖြစ်နေတာကို ကူညီရှင်းပြပေးကြပါလို့ ပန်ကြားရင်းနဲ့ ဒီစာစုကို နိဒါန်းချုပ်အပ်ပါတယ်။ ရွှင်လန်း ချမ်းမြေ့ကြပါစေ။

Thursday, 18 April 2013

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့


    အခြေခံဥပဒေက နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးအာဏာကို သမ္မတကို အပ်နှင်းထားတယ် ဆိုပေမယ့် သမ္မတဟာ တကယ်တော့ ရုပ်ပြခေါင်းဆောင်မျှသာ ဖြစ်ပါတယ်။ နိုင်ငံရဲ့ အုပ်ချုပ်ရေးအာဏာက ဝန်ကြီးချုပ်ရဲ့ လက်ထဲမှာပဲ ရှိနေတာပါ။ အခြေခံဥပဒေ ပုဒ်မ ၇၄ အရ သမ္မတကို အထောက်အကူပြုဖို့ ဝန်ကြီးချုပ် ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ ဖွဲ့စည်းရမယ်လို့ ဖော်ပြထားပါတယ်။ ဝန်ကြီးချုပ်က သမ္မတကို အကြံဥာဏ်ပေးတာနဲ့ ပတ်သက်ပြီးတော့လည်း ဘယ်တရားရုံးကမှ မေးမြန်းစစ်ဆေးပိုင်ခွင့် မရှိစေရလို့ ပြဌာန်းထားပါတယ်။
    ဝန်ကြီးချုပ်ကို သမ္မတက ခန့်အပ်ရတာဖြစ်ပြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကို ဝန်ကြီးချုပ်ရဲ့ ထောက်ခံချက်နဲ့ သမ္မတက ခန့်ရတာ ဖြစ်ပါတယ်။  အစိုးရအဖွဲ့ဟာ အောက်လွှတ်တော်ကို စုစည်းတာဝန်ခံ ရပါတယ်။ အစိုးရအဖွဲ့ဝင်တွေဟာ တာဝန်မထမ်းဆောင်ခင်မှာ အခြေခံဥပဒေ ဇယား ၃ မှာ ပါတဲ့အတိုင်း သမ္မတရှေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုရပါတယ်။ ဝန်ကြီးတွေက ပါလီမန် အမတ်တွေ ဖြစ်ရမယ်လို့ မဖော်ပြထားပေမယ့် ပါလီမန်အမတ်အဖြစ်က ရပ်စဲတဲ့ ဝန်ကြီးတစ်ဦးဟာ ခြောက်လပြည့်တဲ့နေ့မှာ ဝန်ကြီးတာဝန်ကိုလည်း ရပ်စဲ ရမယ်လို့ ဖော်ပြထားပါတယ်။ အစိုးရအဖွဲ့ဝင်တွေရဲ့ လစာစရိတ်နဲ့ ပတ်သက်ပြီး အခြေခံဥပဒေ ဇယား ၂ မှာ ဖော်ပြထားတာကို တွေ့ရပါတယ်။


            ဆက်လက်ပြီး အစိုးရအဖွဲ့ရဲ့ လုပ်ငန်းဆောင်တာများနဲ့ ပတ်သက်ပြီး တင်ပြပါ့မယ်။ အစိုးရရဲ့ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်အားလုံးကို သမ္မတအမည်နဲ့ပဲ လုပ်ဆောင်ရပါတယ်။ အစိုးရ လုပ်ငန်းဆောင်တာများ ချောမွေ့စွာ လည်ပတ်လုပ်ကိုင် နိုင်ရေးအတွက် ဝန်ကြီးများကို လုပ်ငန်းတာဝန်များ ခွဲဝေတာဝန်ပေးရေးနဲ့ ပတ်သက်ပြီး သမ္မတက လိုအပ်တဲ့ အမိန့်များ ထုတ်ပြန်ရပါတယ်။
    ဝန်ကြီးချုပ်ရဲ့ လုပ်ငန်းတာဝန်တွေကတော့ အစိုးရအဖွဲ့ရဲ့ အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေ၊ ဥပဒေပြုဖို့ လိုအပ်တဲ့ ကိစ္စရပ်တွေအတွက် ပါလီမန်ကို အဆိုပြုချက်တွေကို သမ္မတထံ တင်ပြရပြီး ဆက်စပ်တဲ့ သတင်းအချက်အလက်တွေကိုလည်း သမ္မတကို တင်ပြရပါတယ်။ ဒါ့အပြင် အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက် မဟုတ်ဘဲနဲ့ ဝန်ကြီးတစ်ဦးက ဆုံးဖြတ်ဆောင်ရွက်လိုက်တာရှိခဲ့ရင်လည်း အဲသည် လုပ်ဆောင်ချက်အပေါ်မှာ အစိုးရအဖွဲ့ရဲ့ သဘောထား ဘယ်လို ရှိတယ်ဆိုတာ သမ္မတကို တင်ပြပေးရပါတယ်။ တကယ်လို့ အစိုးရအဖွဲ့က လျှို့ဝှက်ကိစ္စ တစ်ရပ်ကို လုပ်ဆောင်ခဲ့တယ် ဆိုရင် အဲဒါကို တရားရုံးက တောင်းခံစစ်ဆေးပိုင်ခွင့် မရှိပါဘူး။ သာမန် ကိစ္စရပ်တွေကိုတော့ တရားရုံးက စစ်ဆေးနိုင်ပါတယ်။
    အိန္ဒိယ အခြေခံဥပဒေမှာ ဝန်ကြီးချုပ်နဲ့ ပတ်သက်ပြီး ဖော်ပြထားချက်က နည်းနည်းပဲ ရှိပါတယ်။ ဒါပေမယ့် အဲသည်နည်းနည်းလေးကပဲ ဝန်ကြီးချုပ်ကို အုပ်ချုပ်ရေးအာဏာ သွယ်ဝိုက်အပ်နှင်းထားတဲ့ သဘောကို တွေ့ရပါတယ်။ အမှန်တက်ကယ်လည်း လက်တွေ့မှာ နိုင်ငံကို စီမံခန့်ခွဲနေတာ ဝန်ကြီးချုပ်သာ ဖြစ်ပြီး သမ္မတဟာ နာမည်ခံသက်သက်သာ ဖြစ်ပါတယ်။ နောက်တစ်ခု ရှိတာက ဝန်ကြီးချုပ် ဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ လွှတ်တော်ထဲမှာ ရှိနေပြီး အုပ်ချုပ်ရေးအာဏာသာမက ဥပဒေပြုရေးအာဏာကိုလည်း အတိုင်းအတာ တစ်ရပ်အထိ ကိုင်တွယ် ထိန်းချုပ်ထားနိုင်တာကို တွေ့ရပါတယ်။ ပထမဆုံး ဝန်ကြီးချုပ်က ဂျဝါဟလာနေရူးဖြစ်ပြီး လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာ မန်မိုဟန်ဆင်းကတော့ ၁၇ ဆက်မြောက် ဝန်ကြီးချုပ် ဖြစ်ပါတယ်။


    မြန်မာနိုင်ငံနဲ့ အဓိက ကွာခြားချက်ကတော့ မြန်မာနိုင်ငံမှာ အုပ်ချုပ်ရေး အာဏာဟာ ဥပဒေပြုရေး အာဏာနဲ့ သီးခြား ကင်းလွတ်နေပြီး ဥပဒေပြုရေး နဲ့ ပတ်သက်လာရင် လွှတ်တော်ကိုသာ အာဏာအလုံးစုံ အပ်နှင်းထားတာကို တွေ့ရမှာပါ။ လွှတ်တော်ရဲ့ ဥပဒေပြုရေး လုပ်ငန်းစဉ်မှာ အုပ်ချုပ်ရေးပိုင်းက သက်ဆိုင်ရာ ကဏ္ဍအလိုက် သွားရောက် ဆွေးနွေးဖြေရှင်းနိုင်ခွင့် ရှိပေမယ့် နောက်ဆုံးတော့ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါတယ်။ လွှတ်တော်က ပေးပို့လာတဲ့ ဥပဒေကြမ်းတစ်ခုကို သမ္မတက သဘောမတူရင်တောင် သတ်မှတ်ရက်ပြည့်တာနဲ့ ဥပဒေအဖြစ် အာဏာတည်တာကတော့ သွားတူနေတာကို တွေ့ပါတယ်။
    ဒီနေရာမှာ တစ်ခု ရှုပ်ထွေးစရာတော့ ရှိနေပါတယ်။ မြန်မာပြည်မှာ ဝန်ကြီးချုပ်ဆိုတာ ပြည်နယ်နဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်များသာ ရှိတာမို့ ရှုပ်ထွေးစရာ မရှိပေမယ့် အိန္ဒိယမှာတော့ ပြည်ထောင်စု အစိုးရမှာလည်း သမ္မတနဲ့ ဝန်ကြီးချုပ် ရှိနေပြီး ပြည်နယ် အစိုးရများမှာလည်း ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တို့ ရှိနေပါတယ်။ ဒီစာစုမှာ ဖော်ပြထားတဲ့ ဝန်ကြီးချုပ်ဆိုတာ ပြည်ထောင်စု အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကို ဆိုလိုတာ ဖြစ်ပြီး ပြည်နယ်အစိုးရများအကြောင်း တင်ပြတဲ့အခါ ပြည်နယ်ဝန်ကြီးချုပ်လို့ သုံးနှုံးသွားမှာ ဖြစ်ပါတယ်။


Wednesday, 17 April 2013

အိန္ဒိယနိုင်ငံ ရုံးသုံးဘာသာစကားများ


    သာမန်အားဖြင့်တော့ အိန္ဒိယနိုင်ငံရဲ့ ရုံးသုံးဘာသာစကားဟာ အင်္ဂလိပ်ဘာသာပဲလို့ မှတ်ထားခဲ့မိပါတယ်။ ဒါဟာ မှန်တယ်ဆိုပေမယ့် အပြည့်အဝ မှန်တယ်လို့လည်း မဆိုနိုင်ပြန်ပါဘူး။ လက်ရှိမှာ အခြေခံဥပဒေက အသိအမှတ်ပြုထားတဲ့ ရုံးသုံးဘာသာစကားက စုစုပေါင်း ၂၂ မျိုးတောင် ရှိနေပါတယ်။ အဲဒါတွေကတော့ အာသံ၊ ဘင်္ဂလီ၊ ဘိုဒို၊ ဒေါ့ဂရီ၊ ဂူဂျာရတီ၊ ဟင်ဒီ၊ ကန်နဒ၊ ကက်ရှိမီရီ၊ ကော့ကနီ၊ မိုင်သီလီ၊ မာလာယာလမ်၊ မဏိပူရ်၊ မာရသီ၊ နီပေါလီ၊ အောရိယ၊ ပန်ဂျပ်ဘီ၊ သက္ကတ၊ စန်သီလီ၊ ဆင်ဒီ၊ တမီလ်၊ တယ်လ်ဂူ၊ အူရ်ဒူ ဘာသာစကားတို့ပဲ ဖြစ်ပါတယ်။ တစ်ခုထူးခြားတာက တို့မြန်မာနိုင်ငံ အခြေခံဥပဒေလို ရုံးသုံးဘာသာစကား တစ်ခုတည်း သတ်မှတ်ထားတာ မဟုတ်ဘဲ နေရာဌာနကို လိုက်ပြီး သတ်မှတ်ထားခြင်းပဲ ဖြစ်ပါတယ်။ နောက်ထူးခြားတာ တစ်ခုက အခြေခံဥပဒေက အသိအမှတ် မပြုထားဘဲ ရုံးသုံးသတ်မှတ်ထားတဲ့ ဘာသာစကားတွေ ရှိပါသေးတယ်။ အဲဒါတွေကတော့ ထရိပူရ် ပြည်နယ်မှာ ကော့ဘိုရော့ခ် ဘာသာစကား၊ မီဇိုရမ် ပြည်နယ်မှာ မီဇိုဘာသာစကား၊ မဟာလယပြည်နယ်မှာ ခါစီနဲ့ ဂါရို ဘာသာစကား၊ ဂိုအာပြည်နယ်မှာ ပေါ်တူဂီဘာသာစကား၊ ပွန်ဒီချယ်ရီ ပြည်ထောင်စု နယ်မြေမှာ ပြင်သစ်ဘာသာစကားတို့ပဲ ဖြစ်ပါတယ်။ ပြည်နယ်တွေနဲ့ ပြည်ထောင်စုနယ်မြေတွေဟာ ကိုယ့်ပြည်နယ်အတွင်း ရုံးသုံးဘာသာစကား သတ်မှတ်ပြဌာန်းဖို့အတွက် အခြေခံဥပဒေ ဇယား ၈ ပါ အသိအမှတ်ပြုထားတဲ့ ဘာသာစကားတွေ ဖြစ်ဖို့ မလိုပါဘူးတဲ့ဗျာ။



   ပြည်ထောင်စုအစိုးရရဲ့ လုပ်ငန်းဆောင်တာတွေနဲ့ ပတ်သက်ပြီး သုံးစွဲရမယ့် ဘာသာစကားကတော့ ဒီဗာနာဂရိ အက္ခရာနဲ့ ရေးထားတဲ့ ဟင်ဒီဘာသာစကား ဖြစ်ပါတယ်။ ဂဏန်းသင်္ချာ သင်္ကေတတွေကိုလည်း နိုင်ငံတကာသုံး ဟင်ဒီသင်္ကေတနဲ့ ရေးရမယ်လို့ ပုဒ်မ ၃၄၃ မှာ ပြဌာန်းထားပါတယ်။ ချွင်းချက်အနေနဲ့တော့ အခြေခံဥပဒေ အာဏာမတည်မီက အင်္ဂလိပ်လို ရေးသားသုံးစွဲခဲ့တဲ့ ကိစ္စရပ်များမှာတော့ အခြေခံဥပဒေ အာဏာတည်ပြီး ဆယ့်ငါးနှစ်အတွင်း ဆက်လက် သုံးစွဲ ရမယ်လို့ ပြဌာန်းထားတာ ဖြစ်ပါတယ်။ ဒီဆယ့်ငါးနှစ်အတွင်းမှာ အစိုးရကိစ္စရပ်များအတွက် အင်္ဂလိပ်စကားအပြင် ဟင်ဒီစကားကိုလည်း ထပ်လောင်းသုံးစွဲဖို့ သမ္မတက အမိန့်ထုတ်ပြန် ညွှန်ကြားနိုင်တယ်လို့လည်း ဆိုပြန်ပါတယ်။ ဒီဆယ့်ငါးနှစ်အတွင်းမှာ အင်္ဂလိပ်လို သုံးမလား၊ ဟင်ဒီလို သုံးမလားဆိုတာကို ပါလီမန်က ဥပဒေပြဌာန်း သတ်မှတ်ဖို့လည်း ဖော်ပြထားပါသေးတယ်။
    အဲသည် ဆယ့်ငါးနှစ် လွန်မြောက်ပြီးရင် ဘယ်ဘာသာစကားကို သုံးသင့်တယ် ဆိုတာ ထောက်ခံ တင်ပြနိုင်ဖို့အတွက် ကော်မရှင်နဲ့ ကော်မတီတစ်ရပ် ဖွဲ့စည်းပြီး လေ့လာစုံစမ်းဖို့လည်း အခြေခံဥပဒေမှာ ပြဌာန်းထားပါသေးတယ်။ အဲသည်ကော်မရှင်ကို သမ္မတအမိန့်နဲ့ ဖွဲ့ရမှာဖြစ်ပြီး ကော်မရှင်ရဲ့ တာဝန်ကတော့ ဟင်ဒီဘာသာစကား တိုးတက်ဖြစ်ထွန်းမှု၊ အစိုးရကိစ္စတွေမှာ အင်္ဂလိပ်စကား အသုံးပြုရခြင်းရဲ့ ကန့်သတ်ချက်တွေ၊ တရားစီရင်ရေးနဲ့ ဥပဒေပြုရေးမှာ အင်္ဂလိပ်စာ သုံးစွဲနေပုံတွေ၊ ဂဏန်းသင်္ချာ သင်္ကေတ သုံးစွဲမှုတွေ၊ ပြည်ထောင်စုနဲ့ ပြည်နယ်များကြား ပြည်နယ်အချင်းချင်းကြားမှာ သုံးစွဲနေတဲ့ ဘာသာစကားတွေ စတဲ့ အကြောင်းအရာတွေကို လေ့လာပြီး သမ္မတဆီ တင်ပြပေးရမှာ ဖြစ်ပါတယ်။ အဲသည်လို လေ့လာတင်ပြတဲ့ နေရာမှာ အိန္ဒိယနိုင်ငံရဲ့ စက်မှုလုပ်ငန်း ယဉ်ကျေးမှုနယ်ပယ်နဲ့ သိပ္ပံပညာရပ်တွေ တိုးတက်ဖြစ်ထွန်းနေတဲ့ အခြေအနေအပြင် ဟင်ဒီစကား မပြောတဲ့ ဒေသက လူတွေအတွက် ပြည်သူ့ရေးရာဝန်ဆောင်မှု လုပ်ငန်းတွေအပေါ် အကျိုးသက်ရောက်မှုကိုပါ ထည့်သွင်း သုံးသပ်ရမယ်လို့ ဖော်ပြထားပါတယ်။


    ဒါ့အပြင် အောက်လွှတ်တော် အမတ် ၂၀၊ အထက်လွှတ်တော်အမတ် ၁၀ ယောက် ပေါင်း ၃၀ ပါတဲ့ ကော်မတီတစ်ရပ်ကို သက်ဆိုင်ရာ လွှတ်တော်တွေက ရွေးကောက်တင်မြှောက် ဖွဲ့စည်းရပါမယ်တဲ့။ ကော်မတီရဲ့ တာဝန်ကတော့ အထက်မှာ ဖော်ပြခဲ့တဲ့ ကော်မရှင်ရဲ့ တွေ့ရှိချက်တွေကို လေ့လာသုံးသပ်ပြီး သဘောထားမှတ်ချက်နဲ့တကွ သမ္မတဆီ တင်ပြပေးဖို့ ဖြစ်ပါတယ်။ အဲသည် အစီရင်ခံစာကို လေ့လာသုံးသပ်ပြီး သမ္မတက လိုအပ်တဲ့ ညွန်ကြားချက် ထုတ်ပြန်ရမယ်လို့ ဆိုပါတယ်။
    နောက်တစ်ခုက ဒေသဆိုင်ရာ ဘာသာစကားတွေနဲ့ ပတ်သက်ပြီး ပုဒ်မ သုံးခု ပြဌာန်းထားပါတယ်။ ပြည်နယ်တွေအနေနဲ့ သူတို့ ပြည်နယ်မှာ အသုံးပြုဖို့ ဘာသာစကားကို ပြည်နယ်လွှတ်တော်တွေမှာ ဥပဒေပြဌာန်း သတ်မှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ အဲသည်လို မပြဌာန်းခင်ကာလမှာ အင်္ဂလိပ်စကားကိုပဲ ဆက်လက် သုံးစွဲရမယ်လို့ ဆိုပါတယ်။
    ပြည်နယ်အချင်းချင်း ဒါမှမဟုတ် ပြည်နယ်နဲ့ ပြည်ထောင်စုတို့ ဆက်သွယ်ပြောဆိုဖို့ ဘာသာစကားအနေနဲ့ ပြည်နယ်တွေက ဟင်ဒီစကားကို သုံးဖို့ သဘောတူတယ်ဆိုရင် ဟင်ဒီစကားကို သုံးရမယ်လို့ ဆိုပါတယ်။
    ပြည်နယ်တစ်ခုထဲက လူများစု ပြောဆိုတဲ့ ဘာသာစကားကို အသိအမှတ်ပြုပေးဖို့ တောင်းဆိုလာရင် သမ္မတက အသိအမှတ်ပြုပေးရမယ်လို့ ဖော်ပြထားပါတယ်။
    နောက်တစ်ခုကတော့ တရားလွှတ်တော်ချုပ်၊ တရားရုံးများနဲ့ ဥပဒေပြဌာန်းရာမှာ အသုံးပြုတဲ့ ဘာသာစကားနဲ့ ပတ်သက်ပြီး ပါလီမန်က ဥပဒေပြု မသတ်မှတ်ခင်မှာ အင်္ဂလိပ်စကားကို သုံးစွဲရမယ်လို့ ဖော်ပြထားပါတယ်။ သုံးစွဲရမယ့် နေရာတွေက တရားရုံးမှာ တရားရင်ဆိုင်တဲ့အခါ၊ တရားဝင် စာရွက်စာတမ်းမှာ၊ ဥပဒေပြဌာန်းတဲ့အခါ ပြင်ဆင်ချက်များ လုပ်တဲ့အခါ၊ သမ္မတနဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးတို့က ဥပဒေကဲ့သို့ အာဏာတည်တဲ့ အမိန့်တွေ ထုတ်ပြန်တဲ့အခါ၊ အမိန့် ညွန်ကြားချက် လုပ်ထုံးလုပ်နည်း နည်းဥပဒေ စသည်တို့ ထုတ်ပြန်တဲ့အခါမှာ ပါလီမန်က ဥပဒေပြဌာန်း သတ်မှတ်ခြင်း မပြုသရွေ့ အင်္ဂလိပ်စကားကို ဆက်လက် သုံးစွဲရမယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် တရားရုံးကုထုတ်ပြန်တဲ့ အမိန့်တွေ စီရင်ချက်တွေကတော့ ဒီပြဌာန်းချက်နဲ့ မသက်ဆိုင်ဘူးလို့ ဆိုပါတယ်။


    တကယ်လို့ ပြည်နယ်တွေက အင်္ဂလိပ်စကားမဟုတ်တဲ့ တစ်ခြားဘာသာစကားတစ်ခုကို တရားဝင် ရုံးသုံးစာအဖြစ် သတ်မှတ်လိုက်ပြီဆိုရင် အထက်မှာ တင်ပြခဲ့တဲ့ လုပ်ငန်းကိစ္စတွေနဲ့ ပတ်သက်ပြီး ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်တွေကို သက်ဆိုင်ရာ ပြည်နယ်ပြန်တမ်းမှာ အင်္ဂလိပ်လို ဖော်ပြပေးရမှာ ဖြစ်ပြီး အဲဒီ ဖော်ပြချက်က တရားဝင်ဖြစ်တယ်လို့ ပြဌာန်းထားပါတယ်။
    နောက်တစ်ပိုင်းကတော့ ဘာသာစကားများနဲ့ ပတ်သက်တဲ့ အထူးညွှန်ကြားချက် ဖြစ်ပါတယ်။ ပြည်နယ်တွေမှာရှိတဲ့ လူနည်းစု ဘာသာစကားတွေကို သူတို့တွေ မူလတန်း ပညာရေးမှာ သုံးစွဲ သင်ကြားပေးနိုင်အောင် သက်ဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်တွေကို ကြိုးစားရမယ် ဆိုတာရယ် သမ္မတက လိုအပ်တဲ့ ညွှန်ကြားချက် ထုတ်ပြန်ပေးရမယ်ဆိုတာရယ် ဖော်ပြထားပါတယ်။ ပြီးရင်လည်း လူနည်းစုပဲ ပြောဆိုသုံးစွဲတဲ့ ဘာသာစကားတွေအတွက် အထူးအရာရှိတစ်ယောက်ကို သမ္မတက ခန့်အပ်ထားရမယ်လို့ ဆိုပါတယ်။ အဲဒီအရာရှိဟာ လူနည်းစု ဘာသာစကားဆိုင်ရာ ကိစ္စတွေကို လေ့လာပြီး အခါအားလျော်စွာ သမ္မတကို တင်ပြပြီး ပါလီမန်ကိုလည်း တင်ပြတဲ့အပြင် သက်ဆိုင်ရာ ပြည်နယ်အစိုးရများကိုလည်း ပေးပို့ရမယ်လို့ ဆိုပါတယ်။
    ဘာသာစကားနဲ့ ပတ်သက်တဲ့ နောက်ဆုံးပြဌာန်းချက်ကတော့ ဟင်ဒီဘာသာစကား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုအစိုးရမှာ တာဝန်ရှိတယ်လို့ ဆိုပါတယ်။ အိန္ဒိယရဲ့ ယဉ်ကျေးမှု အားလုံးကို ကြွယ်ဝလှတဲ့ ဟင်ဒီစကားနဲ့ ပြောနိုင်ဆိုနိုင် သုံးစွဲနိုင်အောင် ဆောင်ရွက်ဖို့ ပြဌာန်းထားပါတယ်။ ဒါ့အပြင် အစမှာတုန်းက ဖော်ပြခဲ့တဲ့ ဘာသာစကား တွေကိုလည်း ဖွံ့ဖြိုးအောင် ဆောင်ရွက်ဖို့ ပြဌာန်းထားပါတယ်။


    အိန္ဒိယနိုင်ငံရဲ့ ရုံးသုံး ဘာသာစကားများနဲ့ ပတ်သက်ရင် အခု ရေးသား တင်ပြထားတာက တော်တော်ကို `ရှုပ်ထွေးတယ်လို့ ထင်စရာပါပဲ။ အမှန်တကယ်လည်း ရှုပ်ထွေးလှပြီး ဒီကနေ့အထိ အိန္ဒိယနိုင်ငံမှာ ဘာသာစကား သတ်မှတ်ရေးနဲ့ ပတ်သက်လို့ အငြင်းပွားလို့ မပြီးဆုံးနိုင်သေးဘူးလို့ သိရပါတယ်။
    ဒီနေရာမှာ အလျဉ်းသင့်လို့ မြန်မာနိုင်ငံ အခြေခံဥပဒေမှာ ဘာသာစကားနဲ့ ပတ်သက်တဲ့ ဖော်ပြချက်များကို ကောက်နုတ် တင်ပြလိုပါတယ်။ အခြေခံဥပဒေ ပုဒ်မ ၂၂(က) မှာ နိုင်ငံတော်ဟာ တိုင်းရင်းသားများရဲ့ စကား၊ စာပေ၊ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်ပေးရမယ် လို့ ပြဌာန်းထားပါတယ်။ ပုဒ်မ ၄၅၀ မှာ မြန်မာစာဟာ ရုံးသုံးစာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အခြေခံဥပဒေကို အနက်အဓိပ္ပာယ် ဖွင့်ဆိုရာမှာ မြန်မာစာနဲ့ ရေးသားထားချက်များကို အခြေခံရမယ်လို့ ဆိုပါတယ်။ အခြေခံဥပဒေ တရားဝင်စာမူမှာ အင်္ဂလိပ်လိုလည်း ပါလို့ ဒီလိုပြဌာန်းထားတာလို့ ထင်ပါတယ်။ (တစ်ချို့ကတော့ အင်္ဂလိပ်လိုလေး ပြောလိုက်ရမှ၊ အနည်းဆုံးတော့ ညှပ်ပြောလိုက်ရမှ လူရာဝင်တယ် ထင်ကြသဗျ။ ဤကားစကားချပ်) အခြေခံဥပဒေ မြန်မာစာမူတစ်ခုကို အမျိုးသား မော်ကွန်းတိုက်မှာ မော်ကွန်းတင်ထားရမှာ ဖြစ်ပြီး ပြဌာန်းချက်များအတွက် အပြီးအပြတ် သက်သေအရာ တည်စေရမယ်လို့ ဆိုပါတယ်။ အခြေခံဥပဒေကို ပုံနှိပ်ထုတ်ဝေတဲ့အခါ ဖြစ်လာနိုင်တဲ့ အမှားတွေကို ကြိုတင်ကာကွယ်ထားတယ်လို့ ယူဆရပါတယ်။
    အခုထိ ရေးသားခဲ့သမျှ အိန္ဒိယနိုင်ငံ အခြေခံဥပဒေဆိုင်ရာ စာစုတွေထဲမှာ ဒီစာစုကို ရေးရတာ ခေါင်းအစားဆုံးနဲ့ နားမလည်ဆုံးပါပဲဗျာ။ ဒီထက်ပိုနားလည်အောင် ထပ်ဖတ်ကြည့်ပြီးရင် ဒီထက် ရှင်းရှင်းလင်းလင်း ရေးနိုင်အောင် ကြိုးစားလိုက် ပါအုံးမယ်။ အမှားအယွင်းရှိရင် ဗိုလ်ကောင်း ရဲ့ အားနည်းချက်လို့သာ အောက်မေ့ပြီး ထောက်ပြတည့်မတ် ပေးကြပါလို့ ပန်ကြားလိုက်ပါတယ်။