Thursday 9 May 2024

ကြွေနှောင်း


. . . မနက်ဖြန်တော့ မိုးရွာကောင်းပါရဲ့
.
. . . ဒီရေကန်ကြီးဘေးက ဒီပိတောက်ပင်အိုကြီးအောက်ကို ရောက်တိုင်း ဘယ်နှကြိမ်မြောက်မှန်းမသိသော တောင့်တခြင်းဖြင့် မိုးကို မျှော်မိသည်။ ပိတောက်ပင်ပြီးအောက်မှာ ကြိုးတိုးကြဲတဲ ဝေကျနေသော ပိတောက်ပွင့်ခက်လေးများကို ကြည့်ရင်း အော်သူ့ခမျာလည်း အချိန်တင်အခါတင် ပွင့်ချင်ရှာပေမပေါ့လို့ ကရုဏာသက်မိသည်။
.
. . . ပိတောက်ဆိုတာ နှစ်သစ်ကူးမှာ ပွင့်ရတဲ့ပန်း၊ ရေကစားကြတဲ့ သင်္ကြန်ခါတွင်း မပွင့်နိုင်ရင်တောင်မှ မိုးမကျခင် နွေဆိုတဲ့သရုပ် ပီပြင်နေတုန်းအချိန်ပွင့်ရဖို့ကောင်းသည်။ ပိတောက်ဖြစ်ပြီး အခြားအပင်တွေ အပြိုင်အဆိုင်ပွင့်ချိန် ပွင့်ခွင့်မရဘဲ မိုးကျခါမှ ထပွင့်နေရလျှင် ပိတောက်မဟုတ်တော့ပြီ၊ ဘယ်သူမှလည်း တန်ဖိုးထားကြတော့မည်မဟုတ်၊ ဒါကြောင့် ဒီပိတောက်ပင်အိုကြီး တစ်ခါလောက်ပဲဖြစ်ဖြစ် မြိုင်မြိုင်ဆိုင်ဆိုင် ပွင့်နိုင်ဖို့အရေး မိုးကိုမျှော်မိနေခြင်းဖြစ်သည်။
.
. . . မိုးဆိုတာလည်း အခက်သားကလား၊ အရင်တုန်းကတော့ဖြင့် လူတွေ သီလကောင်းသဖြင့် မိုးလေဝသ မှန်ခဲ့သည်ဟုဆိုသည်။ နောက်ပိုင်း လူတွေအကျင့်သီလဖောက်ပြန်၊ အကုသိုလ်ဒုစရိုက်မှုတွေထူပြောလာပြီး မိုးလေဝသတွေလည်း ချို့ယွင်းဖောက်ပြန်လာကုန်သည် ဆိုကြ၏။ လူတွေ အကုသိုလ်များမများတော့မသိ၊ ချမ်းသာသောနိုင်ငံတွေကလည်း ချမ်းသာသောအလျောက်၊ ဆင်းရဲသောနိုင်ငံတွေကလည်း ဆင်းရဲသောအလျောက် သစ်ပင်တွေခုတ်၊ လေထုထဲ အဆိပ်ငွေ့တွေ အပြိုင်အဆိုင်လွှတ်ကြရင်း မျက်စိရှေ့မှာပင် ကမ္ဘာကြီး ပိုပိုပူလာတာ၊ ရာသီဥတုတွေ ဖောက်ပြန်လာတာကို အတိုင်းသားမြင်နေရသည်။
.
. . . အခြား မပြောနှင့် ကိုယ်တွေသွားတက်ခဲ့သည့် နှင်းပွင့်တိုင်းပြည်က တက္ကသိုလ်ကျောင်းသားဆောင်တွေပင်လျှင် ကိုယ်မရောက်မီနွေကျမှ လေအေးပေးစက်တွေ တပ်ရသည်တဲ့။ ဒါကတော့ ကိုယ့်အတွက် သိသာထင်ရှားလှသည့် ရာသီဥတုချို့ယွင်းဖောက်ပြန်မှု လက္ခဏာတစ်ရပ်ဖြစ်သည်။ ကိုယ်လည်း တတ်နိုင်သမျှတော့ သစ်ပင်တွေ စိုက်တာပါပဲ၊ သဌေးကြီးတွေလို၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားကြီးတွေလိုတော့ အများကြီး မစိုက်နိုင်၊ ကိုယ်စိုက်တာလောက်နှင့်လည်း ရာသီဥတုက ကောင်းသွားစရာမရှိ၊ ကောင်းသွားစရာမရှိဆို ဒီတစ်ခုတည်းသော ကမ္ဘာမြေကြီးကို ဝိုင်းဝန်းဖျက်ဆီး ကိုယ်ကျိုးရှာအမြတ်ထုတ်ခဲ့ကြတာ နှစ်တွေမှ မနည်းတော့တာကိုး
.
. . . အဲသည်တော့ ဒီပိတောက်ပင်အိုကြီး အချိန်တင်အခါတင် ပွင့်နိုင်ဖို့အရေး ကိုယ်လုပ်နိုင်သည့် တစ်ခုတည်းသောအလုပ်က မိုးကိုမျှော်ခြင်းဖြစ်သည်။ သို့သော် ယခင်က သတိမထားမိသည့် အချက်တစ်ခုမှာ ပိတောက်ပွင့်တွေမှာလည်း ရက်စွဲအကန့်အသတ် ရှိပုံရသည်။ မနက်တိုင်း ဒီနေရာကဖြတ်လျှောက်တိုင်း ပိတောက်ပန်းပွင့်ဖတ် ဝါဝါလေးတွေ လတ်လတ်ဆတ်ဆတ် ကြွေထားသည်ကို မြင်ရဖန်များလာတော့ အပင်ပေါ်မော့ စပ်စုကြည့်ရင်း အချိန်တန်သင့် ပိတောက်ပန်းလေးတွေ မဖြစ်မနေ ပွင့်ကြရပုံပေါ်သည်ကို တွေ့ရသည်။ ကဗျာထဲကလို လမ်းတစ်လျှောက်သင်းသည့် ပန်းပိတောက်မင်းအဖြစ် ကြွေကြရတာတော့မဟုတ်၊ မီးဇာကုန် ဆီခမ်းပြီး ကြွေကျရရှာသည့် ပန်းပွင့်လေးတွေ
.
. . . သိကြသည့်အတိုင်း ပိတောက်ဆိုတာမျိုးက အရင်းကအဖူး အရင်ပွင့် အဖျားကအဖူး နောက်မှပွင့်ဆိုပြီး စီနီယာအစဉ်လိုက် ပွင့်ကြသည့်အမျိုးမဟုတ်၊ ပွင့်ပြီလာဟေ့ဆိုလျှင် တစ်ပင်တည်းသာမက တစ်တောလုံးက အပင်တွေ ရှိသမျှ အကိုင်းအခက် စီနီယာ ဂျူနီယာ အဖူးမှန်သမျှ ထိပ်ပိုင်းက အဖူးငယ်နည်းနည်းကလွဲပြီး တညီတညာတည်း သောင်းသောင်းဖျဖျ ပွင့်ကြရသည့်အမျိုး၊ မိုးများလုံလုံလောက်လောက် ရွာပေးရင်ပေါ့လေ
.
. . . ဒီပုံအတိုင်းသာဆို ရေကန်ဘေးက ပိတောက်ပင်အိုကြီး မိုးရေဝဝရလို့ မြိုင်မြိုင်ဆိုင်ဆိုင် ပွင့်ချိန်တိုင်ခဲ့ရင်တောင် အရင့်အရင် မဖြစ်မနေ ပွင့်ကြွေကြရသည့် ကိုင်းရင်းပန်းပွင့်တွေ တရိရိ ပြုန်းတီးနေပုံမျိုးနဲ့ဆို စုံစုံညီညီ ပွင့်နိုင်ပါအုံးမည်လော စိုးရိမ်မိသည်။
.
. . . အခုလောလောဆယ် အခြေအနေအရ မိုးသားမိုးရိပ်တို့လည်း ဘယ်ဆီနေသည်မသိ၊ မိုးနံ့ပါသော လေကလေးမျှပင် အားနာပါးနာ မတိုက်၊ မိုးဆိုသည်ကို ဘယ်သို့ မျှော်ရပါ့၊ မိုးမျှော်ရတာလည်း ခေတ်ပျက်ကြီး မင်းလောင်းမျှော်ရသလိုပင်
.
ဒီနေ့က ရှိစေတော့
မနက်ဖြန် မိုးရွာကောင်းပါရဲ့
.
ဗိုလ်ကောင်း
၉ မေ ၂၀၂၄

No comments:

Post a Comment