Wednesday 14 December 2022

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

. . .       ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ တရားသူကြီးချုပ်အပါအဝင် တရားသူကြီး ၇ ဦးကနေ ၁၁ ဦးထိ ခန့်အပ်ခွင့်ရှိပေမယ့် (အခြေခံဥပဒေ ၂၉၉-ခ) သမ္မတဦးသိန်းစိန်က တရားသူကြီး စုစုပေါင်း ၇ ဦးကိုသာ ခန့်အပ်ခဲ့ပါတယ် (သမ္မတရုံး ၏ ၃၀ မတ် ၂၀၁၁ ရက်စွဲပါ ကြေညာချက် ၃/၂၀၁၁) ဦးထွန်းထွန်းဦး၊ ဦးသာဌေး၊ ဦးစိုးညွန့်၊ ဦးမြသိမ်း၊ ဦးမြင့်အောင်၊ ဦးအောင်ဇော်သိန်း၊ ဦးမြင့်ဟန်။

.

. . .       သမ္မတဦးထင်ကျော်လက်ထက်မှာ နောက်ထပ် တရားသူကြီး ၄ ဦး ထပ်မံ ခန့်အပ်ခဲ့တဲ့အတွက် အခြေခံဥပဒေက သတ်မှတ်ထားတဲ့ တရားသူကြီး ဦးရေ ၁၁ ဦး ပြည့်သွားပါတယ်။ (သမ္မတရုံး၏ ၁၄ ဇွန် ၂၀၁၇ ရက်စွဲပါ အမိန့် ၁၃/၂၀၁၇) ဦးမြဟန်၊ ဦးမျိုးတင့်၊ ဦးစိုးနိုင်၊ ဦးခင်မောင်ကြည်။

.

. . .       သမ္မတဦးဝင်းမြင့်လက်ထက်မှာ တရားသူကြီး ဦးမြသိမ်း အငြိမ်းစားယူသွားတာကြောင့် တရားသူကြီး ဦးမျိုးဝင်းကို ထပ်မံခန့်အပ်နိုင်ခဲ့ပါတယ်။ ( သမ္မတရုံး၏ ၁၅ နိုဝင်ဘာ ၂၀၁၈ ရက်စွဲပါ အမိန့် ၃၈/၂၀၁၈)

.

. . .       ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ တစ်ရက်နေ့မှာ အရေးပေါ်အခြေအနေကြညာပြီး တာဝန်အပ်နှင်းခံရတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးချုပ်နဲ့ တရားသူကြီးတွေကို မိမိတို့တာဝန်တွေ ဆက်လက်ထမ်းဆောင်ဖို့ တာဝန်ပေးလိုက်တဲ့အတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က နေမြဲအတိုင်း ဆက်လက်တာဝန်ထမ်းဆောင်နေခဲ့ပါတယ် (တပ်ချုပ်ရုံး၏ ၁ ဖေဖော်ဝါရီ ၂၀၂၁ ရက်စွဲပါ အမိန့် ၁/၂၀၂၁)။ ဒါပေမယ့် မကြာခင်မှာပဲ တရားလွှတ်တော်ချုပ် တရားသူကြီး လေးဦးကို တာဝန်မှ ရပ်စဲခဲ့ပါတယ်၊ ရပ်စဲခံရသူတွေထဲမှာ သမ္မတဦးထင်ကျော်ခန့်အပ်ခဲ့တဲ့ တရားသူကြီး ၄ ဦးအနက် ၃ ဦးပါဝင်ပြီး၊ သမ္မတဦးဝင်းမြင့်ခန့်ခဲ့တဲ့ တရားသူကြီး တစ်ဦးပါဝင်ပါတယ် (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁ ဖေဖော်ဝါရီ ၄ ရက်စွဲပါ အမိန့် ၂၄/၂၀၂၁) ဦးမျိုးဝင်း၊ ဦးမြဟန်၊ ဦးစိုးနိုင်၊ ဦးခင်မောင်ကြည်။

. . .       အဲသည်နေ့မှာပဲ လစ်လပ်သွားတဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ၄ ဦးကို ထပ်မံခန့်အပ်ခဲ့ပါတယ် (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၄ ဖေဖော်ဝါရီ ၂၀၂၁ ရက်စွဲပါ အမိန့် ၂၃/၂၀၂၁) ဦးမျိုးမောင်၊ ဦးကြည်သိန်း၊ ဦးတင်ဟုန်၊ ဒေါ်ခင်မေရီ။

.

. . .       မကြာခင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ဦးခင်မောင်ကြီးကို တရားလွှတ်တော်ချုပ် တရားသူကြီးအဖြစ် ထပ်မံခန့်အပ်ခဲ့ပါတယ်။

.

. . .       ၂၀၂၂ ခုနှစ် မတ်လ ၁၄ ရက်နေ့မှာ ဦးသောင်းနိုင်၊ ဦးသိန်းကိုကို၊ ဒေါ်သင်းသင်းနွဲ့ တို့ သုံးဦးကို ထပ်မံခန့်အပ်ခဲ့ပါတယ်။

.

. . .       ဒါကြောင့် လက်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ သမ္မတဦးသိန်းစိန် ခန့်အပ်ခဲ့တဲ့ တရားသူကြီးချုပ်အပါအဝင် တရားသူကြီး ၂ ဦး၊ သမ္မတဦးထင်ကျော်ခန့်ခဲ့တဲ့ တရားသူကြီး တစ်ဦး နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ခန့်ထားတဲ့ တရားသူကြီး ၈ ဦး၊ စုစုပေါင်း တရားသူကြီးချုပ်နဲ့ တရားသူကြီး ၁၁ ဦး တာဝန်ထမ်းဆောင်နေကြောင်း တွေ့ရှိရပါတယ်။ အခြေခံဥပဒေ ပုဒ်မ ၂၉၉(ခ) အရ တရားသူကြီးစုစုပေါင်း ၁၁ အပြည့်ခန့်အပ်ထားတာဖြစ်ပါတယ်။

        ဦးထွန်းထွန်းဦး (၃၀ မတ် ၂၀၁၁ တွင် သမ္မတဦးသိန်းစိန် ခန့်အပ်)

        ဦးအောင်ဇော်သိန်း (၃၀ မတ် ၂၀၁၁ တွင် သမ္မတဦးသိန်းစိန် ခန့်အပ်)

        ဦးမျိုးတင့် (၁၄ ဇွန် ၂၀၁၇ တွင် သမ္မတ ဦးထင်ကျော် ခန့်အပ်)

        ဦးမျိုးမောင် (၄ ဖေဖော်ဝါရီ ၂၀၂၁ တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခန့်အပ်)

        ဦးကြည်သိန်း (၄ ဖေဖော်ဝါရီ ၂၀၂၁ တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခန့်အပ်)

        ဦးတင်ဟုန် (၄ ဖေဖော်ဝါရီ ၂၀၂၁ တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခန့်အပ်)

        ဒေါ်ခင်မေရီ (၄ ဖေဖော်ဝါရီ ၂၀၂၁ တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခန့်အပ်)

        ဦးခင်မောင်ကြီး (၇ ဖေဖော်ဝါရီ ၂၀၂၁ တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခန့်အပ်)

        ဦးသောင်းနိုင် (၁၄ မတ် ၂၀၂၂ တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခန့်အပ်)

        ဦးသိန်းကိုကို (၁၄ မတ် ၂၀၂၂ တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခန့်အပ်)

        ဒေါ်သင်းသင်းနွဲ့ (၁၄ မတ် ၂၀၂၂ တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခန့်အပ်)

. . .       သမ္မတဦးသိန်းစိန်ခန့်ခဲ့တဲ့ အထဲက ဦးသာဌေး၊ ဦးစိုးညွန့်၊ ဦးမြင့်အောင်၊ ဦးမြင့်ဟန် တို့ လေးဦး ဘယ်အချိန်က၊ ဘယ်လိုနည်းနဲ့ အနားယူသွားလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိပါဘူး၊ သိသူများရှိရင် ပြောကြပါအုံး။

ဗိုလ်ကောင်း

၁၄ ဒီဇင်ဘာ ၂၀၂၂

(၅ ဖေဖော်ဝါရီ ၂၀၂၁ မှတ်စုအား မွမ်းမံပြင်ဆင်ထားသည်)