Sunday 25 July 2021

ဤမှန်သောသစ္စာစကားကြောင့်



. . . ဘဝမှာ မနှစ်မြို့စရာ အနှောင်အဖွဲ့ အကျပ်အတည်း အခက်အခဲမျိုးနဲ့ ကြုံရတဲ့အခါ အဲသည်အနှောင်အဖွဲ့က လွတ်မြောက်ပါစေကြောင်း သစ္စာပြု ဆုတောင်းလို့ရတယ် ဆိုတဲ့ ယုံကြည်ချက်မျိုးက အခုခေတ်အခုအခါတော့ လူပြောသူပြော အတော်နည်းနေပြီပေတဲ့ ရှေးခေတ်ရှေးအခါ စာပေတွေ ဇာတ်တော်တွေမှာတော့ အထင်အရှားကို မြင်ခဲ့ရတဲ့ သစ္စာတန်ခိုးတစ်ခုပါပဲ။
.
. . . စကားသစ္စာ မှန်သောခါကား ဩဇာလေးနက် ပေါ်ဆီတက်၍ နွယ်မြက်သစ်ပင် ဆေးဘက်ဝင် ဆိုပြီးတော့ ရှင်မဟာသီလဝံသ ရေးဖွဲ့ခဲ့တဲ့ ပါရမီတော်ခန်းပျို့ထဲက သစ္စာပါရမီကို ပြဆိုတဲ့ အခန်း စာပိုဒ် ၁၂၃ မှာ ထည့်ရေးခဲ့တာကို ထောက်ရင် ရှေးအခါက သစ္စာအကြောင်း အတော့်ကို အလေးအနက် ထားခဲ့ကြတယ်ဆိုတာ ပေါ်လွင်ပါတယ်။ အဲသည်တော့ မေးစရာရှိတာက ဒီခေတ် ဒီအခါမှာရော သစ္စာတရားက အလေးအနက် ပြုစရာ အားကိုးအားထားဖြစ်စရာ ဟုတ်သေးရဲ့လား ဆိုတာပါပဲ
.
. . . ဆိုပါတော့ဗျာ အခု ကျွန်တော်တို့ ခေတ်ကြီးမှာမှ တည့်တည့်လာကြုံနေတဲ့ ရောဂန္တရ ကပ်ဆိုးကြီးက အမြန်လွတ်မြောက်ပါစေ သက်သာပါစေ ကပ်ဆိုးဘေးက ချမ်းသာရာရကြပါစေ ဆိုတဲ့ ဆုတောင်းကို အထက်က ပြောခဲ့တဲ့ သစ္စာစကားနဲ့ တောင်းရင်ရော ရနိုင်သလားပေါ့
.
. . . ရနိုင်တယ်လို့ ယုံကြည်တယ်ဆိုပါတော့၊ ကျနော်တို့မှာ လောက်လောက်လားလား သစ္စာဆိုရလောက်တဲ့ လေးနက်တဲ့ သစ္စာတရားကို ဘယ်လိုရှာကြရပါ့။ မိမိရဲ့ ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်တွေအပြင် တစ်ခြားသော ဘဝမှာ သစ္စာတရားအဖြစ် တန်ဖိုးထား စောင့်စည်းခဲ့တဲ့ အရာတွေကို သစ္စာပြုတိုင်တည်ပြီး ဆုတောင်းရင်လည်း ရနိုင်ကောင်းရဲ့ပေါ့ဗျာ
.
. . . ဗုဒ္ဓဘာသာဝင်လည်းဖြစ် ဘုရား တရား သံဃာဆိုတဲ့ ရတနာမြတ်သုံးပါးကိုလည်း နှစ်နှစ်ကာကာ ယုံကြည်တယ်ဆိုရင်ဖြင့် ကျနော်တို့မှာ အဲသည်ယုံကြည်ချက်ကို တိုင်တည်ပြီး သတ္တဝါအများ ကျန်းမာချမ်းသာကြပါစေလို့ ဆိုလောက်စရာ သစ္စာတိုင် သုတ္တန်တစ်ခုအကြောင်းကို ပြောပြချင်ပါတယ်။
.
. . . ဘုရားရှင်လက်ထက်တော်က ဝေသာလီပြည်မှာ ရောဂါတွေဖြစ် လူတွေသေ ဘီလူးသရဲတွေ သောင်းကျန်းကြတဲ့အခါ အဲသည်ကပ်ဆိုးက လွတ်မြောက်အောင် ကယ်တင်တော်မူပါဆိုပြီး မြတ်စွာဘုရားကို ပင့်လျှောက်တော့ မြတ်စွာဘုရားက အခုပြောမယ့် ရတနသုတ္တန်ကို သင်ပေးတော်မူပြီး ရွတ်ဆိုစေတဲ့အခါ ဘီလူးသရဲတွေ ထွက်ပြေးရပြီး တိုင်းသူပြည်သားများ ချမ်းသာရာ ရကြသတဲ့။ ဒီသုတ္တန်ရွတ်တာနဲ့ပဲ ဘီလူးသရဲ ထွက်ပြေးရတာ ဘာများဆိုင်လို့လဲလို့ သိချင်ကြမယ့် သူများအတွက် သုတ္တန်အကြောင်း နည်းနည်းပြောပြချင်ပါတယ်။
.
. . . ရတနသုတ် ပါဠိတော်မှာ အပိုဒ် ၂၁ ပိုဒ် ပါဝင်ပြီး အပိုဒ် ၄ ကနေ အပိုဒ် ၁၈ အထိ စုစုပေါင်း ၁၅ ဂါထာဟာ မြတ်စွာဘုရားကိုယ်တော်တိုင် ရွတ်ဆို အရှင်အာနန္ဒာကို သင်ကြားပေးပြီး မြို့ထဲရွာထဲ လိုက်လံရွတ်ဆိုစေခဲ့တဲ့ သုတ္တန်ဖြစ်ပါတယ်။ အဲသည် ၁၅ ပိုဒ်မှာ ဘာတွေများ ရေးထားလို့ ဘီလူးတွေ သရဲတွေ ပြေးတာပါလိမ့်
.
. . . တကယ်တမ်းကတော့ အထက်ကပြောခဲ့တဲ့ ဘုရားရှင်ကိုယ်တိုင် နုတ်တိုက်ချပေးခဲ့တဲ့ ၁၅ ဂါထာမှာ ဘီလူးတွေ သရဲတွေ ပြေးဖို့ ခြိမ်းခြောက်မောင်းထုတ်တဲ့ စာသားသဘော မပါပါဘူး။ မြတ်စွာဘုရား စပြီးရွတ်ဆိုပေးတဲ့ အပိုဒ် ၄ မှာဆို ဒီသုတ္တန်ကို ရွတ်ဆိုတော့မှာမို့လို့ မြေ၌တည်သောနတ်၊ ကောင်းကင်၌တည်သော နတ်အပေါင်းတို့ တရားနာလာရောက်ကြကုန်လော့ ဆိုပြီး ဖိတ်ကြားတဲ့ စကားရယ်၊ လူတွေကို စောင့်ရှောက်ပေးကြပါဆိုတဲ့ မေတ္တာစကားရယ် ပါတာကြောင့် မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ဒါမှမဟုတ် အကျင့်သီလနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်များက ရွတ်ဖတ်ပွားများတဲ့အခါ အဆိုပါနတ်တွေ ကြွရောက်လာပေးလို့ နတ်ဆိုးဘီလူးဆိုးတွေ အဝေးကို အလိုအလျောက်ပြေးရှောင်ကြရတာ ဖြစ်ပါတယ်ခင်ဗျာ့
.
. . . ကျန်တဲ့ အပိုဒ်တွေကတော့ သစ္စာပြု ဆုတောင်းပေးတဲ့ မေတ္တာစာ အပိုဒ်တွေချည်းပါပဲ။ ဘာတွေကို သစ္စာပြုသလဲဆို ဘုရားတရားသံဃာ ရတနာသုံးပါးသည် အမြတ်ဆုံးဖြစ်ကြောင်း၊ သောတာပန်ပုဂ္ဂိုလ်တို့ဟာ မကောင်းမှုကို မေ့လျော့လို့ ပြုမိရင်တောင် မိမိပြုမိခဲ့တာကို မလိမ်မညာမကွယ်မဝှက်တော့ကြောင်း၊ ရဟန္တာပုဂ္ဂိုလ်တို့မှာ ဘဝသစ်တစ်ဖန်ပြန်ဖြစ်စရာ အကြောင်းကုန်ခမ်းသွားပြီးတဲ့အကြောင်း စတဲ့ အမှန်စကားတွေကို သစ္စာအဖြစ်တိုင်တည်ပြီး သတ္တဝါတွေ ကျန်းမာချမ်းသာကြပါစေလို့ မေတ္တာပြုတဲ့ ဂါထာတော်တွေပဲ ဖြစ်ပါတယ်။
.
. . . အခုနေခါ ကျနော်တို့ မိတ်ဆွေရောင်းရင်းများ မကျန်းမမာဖြစ်တယ်လို့ ကြားသိကြတဲ့အခါ အချင်းချင်း အားပေးကြ မေတ္တာပို့ ဆုတောင်းကြ လုပ်ကြရင်တောင် မိတ်ဆွေများရဲ့ အားပေးစကားဟာ ကာယကံ့ရှင်အတွက် အားဆေးတစ်ခွက်လို ဖြစ်စေတယ်မဟုတ်လား ခင်ဗျာ၊ ဒါ့အပြင် ကျနော်တို့ ကိုယ်တိုင် မကျန်းမမာဖြစ်ကြတဲ့ အခါများမှာ စိတ်ကြောင့်မကျေဘဲ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ တောင့်ခံနိုင်တဲ့အခါ ရောဂါဘယဒဏ်ကို ပိုမိုအောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ကြတယ်မဟုတ်လား ခင်ဗျာ့
.
. . . မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းများပေးတဲ့ မေတ္တာဓာတ်ကတောင် အဲသလောက် အားဖြစ်စေရိုးမှန်ရင် ဘုရားရှင်ကိုယ်တော်တိုင် ပေးအပ်ခဲ့တဲ့ အားတက်ရွှင်လန်းစရာ ရတနာသုံးပါးကိုအကြောင်းပြုတဲ့ သစ္စာအရင်းခံတိုင်လို့ မေတ္တာဓာတ်များ ပေးဝေတာကို နာယူနှလုံးသွင်းကြမယ်ဆိုရင် ဘီလူးတွေ သရဲတွေ ပြေးတာမပြေးတာ အပထားလို့ ကိုယ့်ရဲ့ စိတ်နှလုံးမှာ ခွန်အားများရလာပြီး ကိုယ်ခန္ဓာကို ဖိစီးနှိပ်စက်နေတဲ့ ရောဂါဒဏ်ကို ခုခံပေးတဲ့ အတွင်းအားစနစ်တွေ တက်လာတယ်ဆိုတာ ဒီခေတ်ကြီးထဲ အထွေအထူး ရှင်းပြနေစရာ မလိုလောက်ပါဘူးခင်ဗျာ
.
. . . ဒါကြောင့် ကျနော့်မိတ်ဆွေရောင်းရင်းများ ရတနာသုံးပါးကို ကြည်ညိုမြတ်နိုး တန်ဖိုးထားကြသူများကို ကို အထူးတိုက်တွန်းလိုတာက မိမိရဲ့ စိတ်ခွန်အားအတွက်ဖြစ်ဖြစ်၊ မိမိအိမ်သားများ စိတ်ခွန်အားအတွက်ဖြစ်ဖြစ်၊ နာမကျန်းဝေဒနာကို တွန်းလှန်တိုက်ထုတ်နေတဲ့အခါ လိုအပ်တဲ့ စိတ်ခွန်အားအတွက်ပဲ ဖြစ်ဖြစ်၊ အနည်းဆုံးတော့ သတ္တဝါအများအပေါ် ကျန်းမာချမ်းသာပါစေကြောင်း အေးမြတဲ့ မေတ္တာဓာတ်သွန်းလောင်းရင်း ဘဝနာပွားဖို့ပဲ ဖြစ်ဖြစ် ရတနသုတ္တန် မြန်မာပြန်တရားတော်ကို နာယူကြဖို့ အထူးတိုက်တွန်းလိုက်ရကြောင်း
.
ဗိုလ်ကောင်း
၂၅ ဇူလိုင် ၂၀၂၁
.
the photo was taken some days ago at . . .

Friday 23 July 2021

ချစ်သူနဲ့ကွေကွင်းရခြင်းဒုက္ခ




. . . ဘုန်းကြီးကျောင်းသား လုပ်ခဲ့ဖူးတဲ့သူဆိုတော့ ဓမ္မစကြ်ာတို့ဘာတို့ဆိုတာ ကလေးကတည်းက အလွတ်နီးနီးရခဲ့တဲ့ ဒေသနာတွေပေါ့၊ ဘုန်းကြီးကျောင်းမှာ ပျင်းပျင်းရိရိနဲ့ ရွတ်နေတုန်းကတော့ စိတ်မဝင်စားခဲ့ပေမယ့် တက္ကသိုလ်ဘုန်းနိုင်ရဲ့ သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင် ဝတ္ထုကို ဖတ်ပြီးတဲ့အချိန်မှာ ဓမ္မစကြ်ာကို စိတ်ဝင်စားလာခဲ့တယ်။ ခုနစ်တန်းပဲ ရှိသေးတဲ့ ချာတိတ်လေးက သူခါတိုင်း ဝတ်ကျေတန်းကျေ ကျက်ရမှတ်ရ စာပြန်ရ ရွတ်ဖတ်ရ လုပ်နေခဲ့တဲ့ ဓမ္မစကြ်ာတရားကို စစ်စစ်ပေါက်ပေါက်မေးတော့ ဦးဇင်းလေးက မျက်လုံးကိုစိုက်ကြည့်ပြီးမေးတော့တာပဲ။ ငါ့လူ မင်း ဘယ်သူ့ကို ကြိုက်နေတာတုန်းတဲ့။ ဟာ မဟုတ်ပါဘူး ဦးဇင်းကလည်း ဆိုပြီး ရှက်ရှက်နဲ့ ဖြေခဲ့ရပေမယ့် တကယ်တမ်းကျတော့ တက္ကသိုလ်ဘုန်းနိုင်ဝတ္ထုဖတ်ပြီး ကိုယ့်ရဲ့ စိတ်ကူးယဉ်ကမ္ဘာထဲမှာ ရည်းစားရရုံမကလို့ အသည်းတွေဘာတွေတောင် ကွဲပြီးနေပြီရယ်
.
. . . ဓမ္မစကြ်ာဒေသနာမေးတာနဲ့ ဦးဇင်းက ဘယ်သူ့ကို ကြိုက်နေတာတုန်းမေးတာ ဘာဆိုင်လို့လဲလို့ ထင်ချင်စရာရှိတယ်။ ကိုယ်မေးတာကလည်း ဓမ္မစကြ်ာထဲ ဒုက္ခသစ္စာကို ပြတဲ့အပိုဒ်က အပိယေဟိ သမ္ပယောဂေါ ဒုက္ခေါ ပိယေဟိ ဝိပ္ပရောဂေါ ဒုက္ခေါ ဆိုတာရယ်၊ သမုဒယသစ္စကိုပြတဲ့ အပိုဒ်က ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာ ဆိုတာရယ်ကို ဖောက်ပြီး မေးတာကိုး၊ အရွယ်ကလည်း ကိုးလိုးကန့်လန့် ဟိုမရောက်သည်မရောက် လူပျိုမပေါက်တပေါက်အရွယ်ဆိုတော့ ဦးဇင်းလေးလည်း ငယ်ရာက ကြီးလာသူဆိုတော့ ရိပ်မိခဲ့ဟန်တူပါရဲ့လေ
.
. . . ကိုယ်က ဘုန်းကြီးကျောင်းသားလုပ်ခဲ့ဖူးတုန်းက ရွတ်ရဖတ်ရတွေ လုပ်ခဲ့ရလို့ ငြီးငွေ့သွားတာပဲလားမသိ ဘုရားစင်ရှေ့ထိုင်ပြီး ဘာဘာညာညာတွေ ရွတ်ရဖတ်ရ အကြာကြီးဘုရားရှိခိုးရတာတွေကို အင်မတန့်အင်မတန် ပျင်းတဲ့သူပေတဲ့ ကိုယ်သဘောကျတဲ့ ဒေသနာလေးများ ရွတ်နေဖတ်နေသံကြားရင် စိတ်ထဲကကို လိုက်ပြီး နှလုံးသွင်းဖြစ်နေတော့တာ၊ အထက်မှာ ပြောခဲ့တဲ့ ဓမ္မစကြ်ာဆိုတာလည်း ကိုယ့်အကြိုက်ဆုံး ဒေသနာတွေထဲက တစ်ခုပေါ့။
.
. . . အဓိကက သစ္စာလေးပါးတရားကို ဟောတယ်ဆိုပေတဲ့ အဲသည် သစ္စာလေးပါးကိုလည်း ကိုယ်တွေဉာဏ်နဲ့ မမီတဲ့ အရာပေမယ့် ဒီဒေသနာရဲ့ နောက်ခံအကြောင်းတွေကအစ စိတ်ဝင်စားစရာ ဖြစ်နေခဲ့တာကိုး၊
.
. . . သုဒ္ဓေါဓန ဘုရင်ကြီးက သူ့သားတော် သိဒ္ဓတ္ထ မိတဆိုးလေး ရှေ့ဖြစ်ကို ဟောပါဆိုလို့ ဧကံသဗျာကရဏ တစ်ချောင်းတည်းသော လက်ညှိုးကိုထောင်ပြီး တစ်ခုတည်းသောအဟောနဲ့ ဘုရားစင်စစ်ဧကန်ဖြစ်မယ့်သူပါလို့ ရဲရဲတောက် ဟောမိလို့ နန်းတော်ထဲက ဆွဲထုတ်ခံရတဲ့ ကောဏ္ဍညပုဏ္ဏားက သူ့ဆွဲထုတ်ဖို့လာတဲ့ မင်းချင်းတွေကို အေး မင်းတို့ ဆွဲထုတ်တာတော့ မခံဘူး၊ ငါကိုယ်တိုင် တရားဦးနာဖို့ မိဂါဒါဝုန်တောက သွားစောင့်မယ်ဟေ့ဆိုပြီး ခပ်ချေချေနဲ့ ထွက်သွားခဲ့တာက ဒီဒေသနာကို စိတ်ဝင်စားမိတဲ့ မူရင်းဇာတ်ကွက်အစပေါ့။
.
. . . အလောင်းတော်မင်းသားက အစွန်းရောက်အကျင့်ဖြစ်တဲ့ ဒုက္ကရစရိယအကျင့်ကို စွန့်လွှတ်လိုက်တော့ ဘုရားဖြစ်ရင် တရားနာဖို့ စောင့်နေကြတဲ့ ကောဏ္ဍညရသေ့အပါအဝင် ရသေ့ငါးယောက်က စိတ်ပျက်သွားပြီး ဒီတစ်ခါ တို့ဆီပြန်လာလို့ကတော့ ဘယ်သူမှ ထွက်မကြိုကြေး မနုတ်ဆက်ကြကြေး ဆိုပြီး သဘောတူထားကြပေမယ့် တကယ်တမ်း ဘုရားလည်း ကြွလာရော ဘယ်သူမှ ချေမိုးမနေနိုင်ကြတော့ဘဲ သူ့ထက်ငါ ဦးအောင် ကြိုကြသတဲ့။ မိဂါဒါဝုန်တောက ဘုရားရှင် ဓမ္မစကြာဒေသနာဟောတဲ့ နေရာကို ရောက်ခဲ့တုန်းက ဘုရားကို မကြိုကြကြေးလို့ သဘောတူထားပြီးမှ သူ့ထက်ငါ ထွက်ကြိုကြတဲ့ ရသေ့ငါးယောက်အကြောင်း လိုက်ပို့တဲ့ ဦးဇင်းက ရှင်းပြတော့ တစ်ယောက်နဲ့တစ်ယောက် မျက်နာမပူကြဘူးလား မသိဘူးလို့ ခပ်သောသော တွေးမိခဲ့ပါသေးတယ်။
.
. . . အလောင်းတော်ဘဝမှာ ခြောက်နှစ်တိုင်တိုင်ကျင့်ခဲ့တဲ့ ဒုက္ကရစရိယအကျင့်ကို စွန့်လွှတ်လို့ စိတ်ပျက်သွားခဲ့တဲ့ ရသေ့ငါးဦးကို ဘာကြောင့် ဒီအကျင့်ကို စွန့်ခဲ့ရသလဲဆိုတာ ဒေသနာထဲမှာ သေသေချာချာကို ထည့်ဟောပေးခဲ့ပါတယ်။ ဓမ္မစကြ်ာ တရားကို စဖွင့်တာကိုက အဲသည် အစွန်းရောက်အကျင့်နှစ်ပါးဖြစ်တဲ့ ကာမသုခလ္လိကာနုယောဂေါ နဲ့ အတ္တကိလမထာနုယောဂေါ ဆိုတာကို အရင်ရှင်းပြရင်း ဒေသနာကို နိဒါန်းပျိုးခဲ့တာပါ။ ကာမဂုဏ်စည်းစိမ်တွေကို အလွန်အကျူးခံစားခြင်းနဲ့ မိမိကိုယ်ကို နှိပ်စက်ခြင်းဆိုတဲ့ အစွန်းတရားနှစ်ပါးကို ရှောင်ကျဉ်ပြီး မဈ္ဇိမပဋိပဒါ အလယ်အလတ်လမ်းစဉ်နဲ့ ကျင့်ဆောင်ရမယ်လို့ အရင်ရှင်းပြပြီးမှ သစ္စာလေးပါးကို ဆက်ရှင်းပြတာပါ။
.
. . . ဘုရားအဖြစ်ကို ရောက်ရှိပြီးဖြစ်ကြောင်းကိုလည်း ပဉ္စဝဂ္ဂီ ရသေ့ငါးဦးကို တွေ့တွေ့ချင်း ပြောပြသေးတာ မဟုတ်ဘဲ ဓမ္မစကြ်ာဒေသနာက သစ္စာလေးပါးတရားကို သေသေချာချာ ဟောပြီးတဲ့အခါကျမှ ဝန်ခံပြောကြားတာကိုလည်း တွေ့ရပါတယ်။ တရားအဆုံးမှာ ပထမဆုံး သောတာပန်တည်တဲ့ ပုဂ္ဂိုလ်ကတော့ ကျနော့်ရဲ့ အိုင်ဒေါကြီး ကောဏ္ဍညရသေ့ပါပဲ။
.
. . . တကယ်တမ်းကျတော့ ဓမ္မစကြ်ာဒေသနာကို နာယူနေတာ လူပုဂ္ဂိုလ်ထဲက ပဉ္စဝဂ္ဂီ ရသေ့ငါးဦးပဲ ဆိုပေတဲ့ နတ်တွေ ဗြဟ္မာတွေတော့ အများကြီး တရားနာ လာကြသတဲ့။ ဓမ္မစကြ်ာသုတ္တန်ထဲမှာ ကိုယ်သဘောကျတဲ့ နေရာတစ်ခုက နတ်ဗြဟ္မာတွေ ဘုံအဆင့်ဆင့် ကောင်းချီးပေးကြတဲ့အခန်း ဖြစ်ပါတယ်။ လူ့ပြည်မှာ ဟောတဲ့ ဒေသနာကို နာကြားကြရတဲ့အခါ နှစ်ထောင်းအားရ ကောင်းချီးပေးကြတဲ့အသံကို အောက်ဆုံးနတ်ဘုံဖြစ်တဲ့ စတုမဟာရာဇ် နတ်ဘုံက နတ်တွေကြားပြီး သူတို့လည်း သဘောကျလို့ ကောင်းချီးပေးကြသတဲ့။ သူတို့ရဲ့ အသံကို အထက်နတ်ဘုံတွေဖြစ်တဲ့ တာဝတိံသာ၊ ယာမာ၊ တုသိတာ၊ နိမ္မာနရတိ၊ ပရနိမ္မိတဝသဝတ္တီ နတ်ပြည်ခြောက်ထပ်နဲ့ ဗြဟ္မပြည်တို့က အဆင့်ဆင့် ကောင်းချီးပေးသံတွေကြားပြီး ဆက်ကာဆက်ကာ ကောင်းချီးပေးကြသတဲ့။
.
. . . အခုချိန်ထိက ခုန တရားနာပြီး သောတာပန်တည်တဲ့ ကောဏ္ဍညရသေ့အပါအဝင် ငါးဦးစလုံးက ရဟန်းမဖြစ်ကြသေးပါဘူး။ ကောဏ္ဍညရသေ့က သူတို့ကို ရဟန်းအဖြစ်ခွင့်ပြုပါဆိုပြီး တောင်းပန်တော့မှ ဧဟိဘိက္ခူ ဆိုပြီး ဘုရားရှင်က ခေါ်လို့ ရဟန်းဘဝရောက်ကြရတယ်လို့ ဆိုပါတယ်။
.
. . . ဘုရားရှင်ရဲ့ ဓမ္မစကြ်ာဒေသနာကလည်း ဒီအတိုင်းဟောဖြစ်ခဲ့တာတော့ မဟုတ်ပါဘူး။ ဘုရားအဖြစ်ကို ရောက်တော်မူပြီးတဲ့နောက် လောကကို ဆင်ခြင်ကြည့်တဲ့အခါ လူတွေက ငါ့တရားကိုနားလည်ကြဖို့ ခက်လိမ့်မယ်၊ ဒီအမိုက်အမဲတွေ အကျွတ်တရားရအောင် ငါတော့ တော်တော်အာပေါက်အောင်ဟောမှ ရလိမ့်မယ်၊ တော်တော်လက်ဝင်မယ့်ကိစ္စပဲ မလွယ်ပါဘူးလေ ငါဟောလည်း အသိတရားရကြမယ်မထင်ဘူးဆိုပြီး လူတွေကို တရားဟောဖို့ စိတ်ပျက်သွားခဲ့သေးသတဲ့။ ဟာ ဒီလိုတော့ မဖြစ်ချေဘူး တတ်နိုင်သလောက်တော့ ကယ်ချွတ်ပေးဖို့ တောင်းပန်ဦးမှ ဆိုပြီး သဟမ္ပတိဗြဟ္မာကြီးက လာတောင်းပန်လို့သာ တရားဦးဖြစ်တဲ့ ဓမ္မစကြ်ာဒေသနာကစလို့ လူတွေကို ဉာဏ်နဲ့ဆင်ခြင်ပြီး သင့်တော်ရာတရားတွေ ဟောသွားဖြစ်ခဲ့တာလို့ ဆိုပါတယ်။
.
. . . နောက်တစ်ခါ စိတ်ကူးပေါက်ရင်တော့ ကျွန်တော် အနှစ်သက်ဆုံးထဲမှာပါတဲ့ ရတနာသုတ္တန်အကြောင်း ပြောပြပါအုံးမယ်၊ စိတ်ဝင်စားရင် ကွန်းမင့်မှာ ပြောသွားပေး
.
ဝါဆိုလပြည့်၊ သောကြ်ာနေ့
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်
(တကယ်တော့ မနက်ဖြန် စနေနေ့မှ တကယ်လပြည့်ရက်)
၂၃ ဇူလိုင် ၂၀၂၁
.
the photo was taken on 25 Nov, a rainy day of the 2019 Autumn, in the snow country.