Sunday 29 January 2017

စီရင်ချက်


. . . ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသက ပင်လယ်ထဲထွက်တဲ့ မြစ်ဝကျယ်တစ်ခုထဲ ဖိုင်ဘာစက်လှေလေးတစ်စီးပေါ်မှာ လှိုင်းဒဏ်လေဒဏ် လိမ့်နေအောင် ခံရတုန်းက သေဖို့အကြောင်း တစ်ခါတွေးမိဖူးတယ်။ ပင်လယ်ဆိုတာလဲ တစ်ခါမှ မမြင်ဖူး မရောက်ဖူးသူအတွက် ပင်လယ်ဝမှာ ဟိုဘက်ကမ်း ဒီဘက်ကမ်း ကူးတာကိုကပဲ ကမ်းမမြင် လမ်းမမြင်မဟုတ်လား။ ဒါတင်မက စီးလာတဲ့ လှေကလည်း အင်မတန် ပေါ့ပါးတဲ့ ဖိုင်ဘာလေ အသေးစားလေးဆိုတော့ လှိုင်းတွေကြားမှာ လူးချင်တိုင်း လူးနေတော့တာပေါ့။ ရေကူးလို့ရတယ် ဆိုအုံးတော့ ခုလို အခြေအနေမျိုးမှာ လှေသာမှောက်သွားလို့ကတော့ ကမ်းထိရောက်အောင် ကူးနိုင်ဖို့က မလွယ်၊ လှေနံနှစ်ဘက်ကို လက်နဲ့ တင်းတင်းဆုပ် ငြိမ်ငြိမ်လေး ထိုင်ပြီး ရတနာသုံးပါး အာရုံပြုရုံက လွဲလို့ ဘာမှလည်းလုပ်မရတဲ့အတူ အခုနေများ သေသွားရင် ဆိုတဲ့အတွေးကို ဘ၀မှာ ပထမဆုံး အကြိမ်အဖြစ် စိမ်ပြေနပြေ ထိုင်တွေးဖူးတာပါပဲ . . .
.
. . . အခုနေ သေမယ်ဆို သေလို့ရပြီလားလို့ တွေးတာပါ။ ဖြတ်သန်းခဲ့တဲ့ ဘ၀တစ်လျှောက် လုပ်သင့်လုပ်ထိုက်တာတွေ ဘယ်လောက်အထိ လုပ်ခဲ့ပြီးပြီလဲ တာဝန်တွေ ကျေတန်သရွေ့ ကျေပြီလားပေါ့။ အဲသည်တုန်းက တွေးမိတာလေးတွေ အခုနေ ပြန်တွေးကြည့်ရင် ကောက်ချက်ချပုံ ကွဲလွဲကောင်းတော့ ကွဲလွဲနိုင်ပေမယ့် အဲသည်တုန်းက ကိုယ့်ဘ၀ကိုယ် ပြန်သုံးသပ်ပြီး ချလိုက်တဲ့ ကောက်ချက်က ငါသေလို့ရပြီဆိုတဲ့ ကောက်ချက်ပါပဲတဲ့ . . .
.
. . . ငယ်ငယ်တုန်းက စိတ်အခန့်မသင့်တဲ့အခါ အဖေအမေအပေါ် ညီအစ်ကို မောင်နှမတွေအပေါ် ဆိုးမိခဲ့တာမျိုး ရှိခဲ့ပေမယ့် ကိုယ့်ကိုယ်ကိုယ်တော့ ယေဘုယျအားဖြင့် မိသားစုအပေါ် လိမ္မာတယ် ယူဆထားပါတယ်။ ကျောင်းပြီးပြီ ဆိုကတည်းက အမေ့အိမ်က ပိုက်ဆံလုံးဝ မတောင်းတော့ဘူးလို့ ဆုံးဖြတ်ထားတဲ့အတိုင်း ဖြစ်အောင်နေခဲ့တယ်။ နောက်ပိုင်းမှာ အမေ့ကိုလည်း အထိုက်အသင့် ပြန်ကန်တော့ နိုင်ခဲ့တယ်။ ညီမလေးကို ကျောင်းပြီးအောင်ထားနိုင်ခဲ့တယ်။ အခု ညီမလေးက အမေ့ကို ပြန်စောင့်ရှောက်နိုင်ပြီ။ ကျွန်တော်မရှိလည်း ဖြစ်ပြီပေါ့ . . .
.
. . . ပန်းပွင့်လေးက အဲသည်တုန်းက လသားလောက် ရှိအုံးမှာ။ အခုနေ သေသွားရရင် ပန်းပွင့်လေးအပေါ် အဖေတာဝန် မကျေနိုင်တော့ပေမယ့် ပန်းပွင့်လေးမေမေကို စိတ်ချတယ်လေ။ ပန်းပွင့်လေးဟာ ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင်ကြီးပြင်းခွင့်ရအောင် ပန်းပွင့်လေး မေမေရယ် ညီအစ်ကိုမောင်နှမတွေရယ်က ၀ိုင်းပြီး စောင့်ရှောက်ကြမှာပဲ။ ကျွန်တော်မရှိတော့ပေမယ့် လောကကြီးမှာ ကျွန်တော့်မျိုးဆက်ကလေးတော့ ကျန်နေရစ်ပြီလေ။ အမေတို့ မမတို့ ပန်းပွင့်လေးမေမေတို့ ကျွန်တော့်ကိုယ်စား ကြည့်စရာ ချစ်စရာ လောကကြီးမှာ ရှိနေပြီပဲ. . .
.
. . . နိုင်ငံအပေါ်မှာရော ဘယ်လောက်တာဝန်ကျေပြီလဲ။ ကျေတန်သရွေ့တော့ ကျေခဲ့ပြီလို့ ယူဆမိတယ်။ ကိုယ်ရောက်တဲ့နေရာမှာ စိတ်ကောင်းစေတနာနဲ့ ပညာနဲ့ လုံ့လနဲ့ စိုက်ထုတ်ပြီးတော့ အကောင်းဆုံးကြိုးစားကြီး လုပ်ခဲ့တယ်။ အဖျင်းဆုံးတော့ လုပ်ဖော်ကိုင်ဖက်တွေ မိတ်ဆွေတွေကြားမှာ စိတ်ကျေနပ်မှု အတိုင်းအတာတစ်ခုရအောင် လုပ်ခဲ့ပြီပဲ. . .
.
. . . သံသရာ အတွက်ကရော . . .။ ငယ်ငယ်တုန်းကတော့ ရှေးဘ၀တွေ နောက်ဘ၀တွေကို စိတ်ဝင်စားခဲ့ပေမယ့် အခုတော့ ရှေးဘ၀ နောက်ဘ၀ဆိုတာကို သိပ်စိတ်ဝင်စားတာ မရှိတော့သလိုပဲ။ ရန်ကုန်တက္ကသိုလ်မှာ ကျောင်းတက်နေတုန်းက ဆရာမတွေ ကျေးဇူးနဲ့ ချမ်းမြေ့ရိပ်သာမှာ တရားအားထုတ်နည်း သင်ဖူးတော့ ပစ္စုပ္ပန်ကို တည့်တည့်ကြည့်တတ်ဖို့ လေ့ကျင့်ခန်း ရထားပြီး အလျဉ်းသင့်ရင်သင့်သလို ကိုယ့်စိတ်ကိုယ့်ခန္ဓာရဲ့ လက်ရှိအခြေအနေကိုပဲ စောင့်စောင့်ကြည့်နေတတ်တာမို့ နောက်ဘ၀တွေဘာတွေကို သိပ် အာရုံမထားမိတော့ဘူး။ အခုလည်း ရတနာသုံးပါးကို အာရုံလည်းပြု ကိုယ့်စိတ်မှာ ဖြစ်နေတာကိုလည်း သေချာမြင်အောင် ကြည့်နေရင်း အခုနေများ ဘ၀ကူးရရင် လောဘစိတ် ဒေါသစိတ်တွေ အပါးလျားဆုံးနဲ့ ကိုယ့်ကိုယ်ကို သတိကပ်ရင်း ဘ၀ကူးမယ်လို့ သတိခါးတောင်းကျိုက်ထားလိုက်တယ်။ ဒါပေမယ့် တကယ့်တကယ် ရေထဲပြုတ်ကျသွားရင် လူတို့ရဲ့ ပဋိသန္ဓေစိတ်အခံအရ ဒီလိုချည်းတော့ မလှုပ်မရှား အသေခံမယ်မဟုတ်ဘူးလေ။ မလွတ်နိုင်မှန်း သိရင်တောင် ဇနက္ကထုံး နှလုံးမူပြီး ရေတော့ ကူးရအုံးမယ် မဟုတ်လား။ ယောက်ျားတို့လုံ့လ သေခါမှ လျှော့ရမယ်မဟုတ်လား။ မဏိမေခလာတော့ ရောက်မလာနိုင်ပေမယ့် တံငါလှေလေးဘာလေးနဲ့ တွေ့နိုင်သေးတယ်မဟုတ်လား။ ဘာပဲဖြစ်ဖြစ်လေ လှေမှောက်လို့ ရေထဲ ကူးနေရပြီဆိုရင်တောင် အတတ်နိုင်ဆုံး သတိလက်မလွတ်ဖို့ ကိုယ့်ကိုယ်ကို သတိပေးထားဖြစ်ခဲ့တယ်. . .
.
. . . အဲသည်တုန်းကလို အတွေးမျိုး အခုလည်း တစ်ခါတွေးမိပြန်တယ်။
.
. . . အခုက သေဘေးကြုံနေရတဲ့ အခြေအနေ မဟုတ်ပေမယ့် ငါသေသွားရရင်လို့ တွေးမိတိုင်း ပန်းပွင့်လေးမျက်နှာကိုပဲ ပြေးပြေး မြင်မိနေတော့တယ်။ ကိုယ်တွေ အချိန်တန်အရွယ်ရောက်လို့ ကိုယ့်လမ်းကိုလျှောက်တဲ့အချိန်ကျမှ အဖေမဲ့ရတဲ့ဘ၀ကို ရောက်ခဲ့တာတောင် နှလုံးသားထဲက လစ်လပ်သွားတဲ့ အဖေ့မေတ္တာဆိုတဲ့ ကွက်လပ်ကြီးကို ဘာနဲ့မှ ပြန်ဖြည့်ဆည်းလို့ မရနိုင်ခဲ့တာ အခုချိန်ထိ မဟုတ်လား။ လူမမယ် ပန်းပွင့်လေး အခုနေခါ အဖေသာ မရှိတော့ဘူးဆိုရင် ဘယ်လိုပင် ၀ိုင်းဝန်း ပြုစုပျိုးထောင် စောင့်ရှောက်ကြသော်လည်း အဖေဆိုတဲ့ ကွက်လပ်တစ်ခုကို ပြန်ဖြည့်ဆည်းဖို့ဆိုတာ လွယ်နိုင်ပါ့မလား။ လောကကြီးတစ်ခုလုံး ဘယ်သူ့ဘယ်သူအတွက်မှ ရှင်သန်ပေးနေဖို့ မလိုဘူး ဆိုရင်တောင် ပန်းပွင့်လေး တစ်ယောက်အတွက်ကတော့ အဖေအဖြစ် ဆက်နေပေးဖို့ မရှိမဖြစ် လိုအပ်နေသေးတာကြောင့်မို့ ငါသေလို့ မရသေးပါဘူးလေ လို့ပဲ ကိုယ့်တရားကို စီရင်လိုက်ပါတယ် . . .
.
၂၀၁၇ ဇန်န၀ါရီလ ၂၉ ရက်

Friday 27 January 2017

အိုင်ဖုန်း ဆယ်နှစ်ပြည့်


အိုင်ပေါ့ရယ် မိုဘိုင်းဖုန်းရယ် အင်တာနက်ရယ် သုံးမျိုးပေါင်းထားတဲ့ လက်ကိုင်အရွယ်အပြားလေးကို အိုင်ဖုန်းလို့ နာမည်ပေးပြီး ထုတ်လုပ်ဖြန့်ချီလိုက်ကြောင်း ၂၀၀၇ ခုနှစ် ဇန်န၀ါရီလ ၉ ရက်နေ့က အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့မှာရှိတဲ့ နည်းပညာ ပြပွဲတစ်ခုမှာ ကမ္ဘာကျော် အဲပဲကုမ္ပဏီကို စတင်တည်ထောင်ခဲ့သူ စတိဂျော့က စတင်မိတ်ဆက်ခဲ့တာနဲ့အတူ ကမ္ဘာ့မိုဘိုင်းဖုန်းလောက တစ်ခေတ် ဆန်းသစ်ခဲ့ပါတယ်။ အဲသည်လို အများပြည်သူရှေ့ တင်ဆက်ပြနိုင်ဖို့အတွက် စတိဂျော့က နှစ်နှစ်ကျော်ကြာ အချိန်ယူခဲ့ရပါသတဲ့။ အခုဆိုရင် အိုင်ဖုန်းပေါ်တာ ဆယ်နှစ်ပြည့်ပါပြီ။ ကျွန်တော် ဂျပန်ပြည်ကို စတင်ခြေချမိတဲ့ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့ဟာ ဂျပန်ပြည်မှာ အိုင်ဖုန်းမျိုးဆက် အမှတ်ခြောက် စတင်ဖြန့်ချိတဲ့ ရက်ဖြစ်ပါတယ်။
.
ဓာတ်ပုံထဲက ကျွန်တော်ဘေးမှာ ရပ်နေတဲ့ အိုင်ဖုန်းဖခင်ကြီး စတိဂျော့ ကတော့ အသက် ၅၆ နှစ်အရွယ်၊ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါပြီ။ သူမရှိတော့ပေမယ့် သူမွေးဖွားပေးခဲ့တဲ့ အိုင်ဖုန်းကတော့ မျိုးဆက်တွေ တစ်ဆက်ပြီး တစ်ဆက် တိုးတက်ရှင်သန်နေဆဲ လူတွေအများကြီးရဲ့ နှလုံးသားကို ညှို့ယူဖမ်းစားနေနိုင်ဆဲပါပဲ . . .