Friday 3 July 2015

ပြတိုက်က ပြန်ခဲ့တယ်


မိုမိုး မိုမိုး စကားလေးဘာလေး ပြောပါအုံး ကားပေါ်ရောက်တာနဲ့ တန်းအိပ်တော့တာပဲ
ဘာလဲ ယုမိရာ တစ်နေကုန် လျှောက်သွားနေရတာ ပင်ပန်းလှပြီ အိပ်ချင်နေပြီ
မအိပ်ပါနဲ့ဆို။ ယုမိမှာ ချိုချဉ်ပါတယ် အဲဒါစားလိုက် အိပ်ချင်ပြေအောင်
ဟာ ချိုချဉ်ကြီး မစားချင်ဘူးကွာ
မိုမိုနော် ယုမိ စိတ်ဆိုးလိုက်မှာ
ကဲ ကဲ သခင်မလေး ခင်ဗျားလုပ်တာနဲ့ အိပ်ချင်လည်း ပြေပြီ ကဲ ပြော ဘာပြောရမှာလဲ
ဒီနေ့ ရိုက်ခဲ့တဲ့ ပုံတွေ ကြည့်မယ်
ဖုန်းက အားမရှိတော့ဘူး အဆောင်ရောက်မှ ကြည့်တော့
ယုမိမှာ ဘက်ထရီအပိုပါလာတယ် မိုမိုရဲ့ ပေး အားသွင်းပြီးကြည့်မယ်
ကဲ ရော့ စိတ်တိုင်းကျ ကြည့်တော်မူ ကျွန်တော်မျိုး အိပ်လိုက်အုံးမယ်
မအိပ်ပါနဲ့ မိုမိုရာ ယုမိ မေးစရာရှိလို့ပါ
လုပ်ပြန်ပြီ ခုတစ်မျိုး တော်ကြာတစ်မျိုး ကဲ မေး ဘာသိချင်ပြန်ပြီလဲ
ဟိုလေ ခုနောက်ဆုံး ရောက်ခဲ့တဲ့ တိုကျိုအမျိုးသားပြတိုက်ကို မိုမို ကြိုက်လားဟင်
အင် ယုမိမေးတာကြီးကလည်း
အော် ဟို ပြတိုက်ကို သဘောကျလားလို့ မေးတာပါ
ကျတာပေါ့ ယုမိရယ် သဘောကျသမှ သိပ်ကိုကျ
မိုမိုတို့ဆီမှာရော အဲလို ပြတိုက်မျိုးရှိလားဟင်
ရှိပါသော်ကောဗျာ။ ယုမိတို့ တိုကျိုအမျိုးသားပြတိုက်ထက်တောင် ပစ္စည်းအမယ်စုံသေးတယ် ပြထားတာတွေက
အဲဒါဆိုရင် မြန်မာပြည်က ပြတိုက်နဲ့ ဒီကပြတိုက် ဘယ်ဟာကို ပိုသဘောကျလဲဟင်
အဲ အဲဒါတော့ ဘယ်လို ပြောရမလဲ။ မြန်မာလူမျိုးတစ်ယောက်အနေနဲ့ မြန်မာအမျိုးသားပြတိုက်က ကိုယ်တို့အတွက် ဂုဏ်ယူစရာတစ်ခုပေါ့လေ။ အင်း ခင်းတာ ကျင်းတာ ပြထားတာတွေအနေနဲ့ကတော့ ဒီက ပြတိုက်ကို ပိုသဘောကျတယ်လို့ပဲ ရိုးရိုးသားသား ၀န်ခံရမှာပဲ။
ဘာတွေကို သဘောကျတာလဲ မိုမို
အဓိကကတော့ တိုကျိုပြတိုက်မှာ အခင်းအကျင်းက သိပ်ကို ကောင်းတယ်လို့ ပြောရမယ်။ ကိုယ်လည်း ပြတိုက်ပညာရပ်တွေ သိပ်တော့ နားမလည်ပါဘူး။ သာမန် ပြတိုက်လာကြည့်သူ တစ်ယောက် အနေနဲ့ ပြောရမယ်ဆိုရင် ကိုယ်တို့ဆီက ပြတိုက်က ရှိသမျှတွေ စုပြုံခင်းကျင်းထားတာမျိုး ဖြစ်နေပြီး ဒီမှာကတော့ ပစ္စည်းတစ်ခု အနုပညာလက်ရာတစ်ခုဆို တစ်ခုကို ပေါ်ပေါ်လွင်လွင် ခင်းကျင်းပြသထားတာက ပိုကောင်းတယ်လို့ ထင်တယ်။ ပိုပြီး ပိုက်ဆံသုံးနိုင်တာလည်း ပါမှာပေါ့လေ။
ဘာကို ပြောတာလဲ မိုမို
ဥပမာကွာ ရှေးဟောင်း ကြွေပန်းအိုးလေး တစ်လုံး ဆိုပါတော့။ အဲသည် ကြွေပန်းအိုးလေးကိုပဲ သမိုင်းကြောင်းလေးနဲ့ တခမ်းတနား နေရာအများကြီးပေးပြီး ခင်းပြထားနိုင်တယ်။ နောက်တစ်ခု သဘောကျတာက အလင်းရောင် ပေးတဲ့ စနစ်ပဲ။ ကိုယ်ဆို ပစ္စည်းတစ်ခုချင်းဆီမှာ အလင်းရောင်ကို ဘယ်နားကနေ ပေးထားပါလိမ့်လို့ သေသေချာချာ လိုက်ကြည့်မိတယ်။ တစ်ချို့ဟာတွေဆို အလင်းရောင်က ဘယ်နားက ပေးထားမှန်းကို မသိဘူး။ ဥပမာ ပန်းချီကား ပြခန်းထဲမှာ ပန်းချီကားတွေကပဲ ကွက်ပြီး လင်းနေတာများ ကိုယ်က တော်တော်ကို အံ့သြမိတယ်။ ဘယ်လို နည်းပညာနဲ့ အဲသည်လို ဖြစ်အောင် လုပ်ထားပါလိမ့်ပေါ့။ ပြီးတော့မှ ဘယ်ဟုတ်ပါ့မလဲ။ ပန်းချီကားအောက်ခြေက ပိုက်လုံးလို အပေါက်ကလေးကနေ အလင်းရောင်ထွက်နေပြီး ပန်းချီကားပေါ်ကို ကွက်တိကျအောင် ချိန်ပြီး ပေးထားတာတွေ့တယ်။ နောက်တစ်နေရာမှာ ဆိုရင်လည်း ရှေးခေတ် ကြေးအိုးလေးတတစ်လုံး။ အမှောင်ထဲမှာ ကြေးအိုးလေးပဲ မြင်နေရတယ်။ လေးဘက်လေးတန်ကလည်း မြင်နေရတယ်။ အမှောင်ထဲမှာ အဲသည်ကြေးအိုးလေးကို ကပ်ပြီးကြည့်တာတောင် အလင်းရောင်လာတဲ့ နေရာကို ရုတ်တရက် မတွေ့ဘူး။ ဟဲ ဟဲ ပြောရရင် အဲသည်နေရာမှာတင် ဆယ်မိနစ်လောက် အချိန်ကုန်သွားတယ်။ ကြေးအိုးလေးပေါ်ကို ပေးထားတဲ့ အလင်းရောင် ဘယ်က ထွက်လာလဲ လိုက်ရှာတာ။
တွေ့ခဲ့လား။
အို ဘာလို့ မတွေ့ရမှာလဲ။ ကြေးအိုးလေးတင်ထားတဲ့ စင်ရဲ့ အထိန်းဒေါက်တံလို့ ထင်ရတဲ့ ပိုက်ချောင်းလေးထိပ်က အလင်းရောင်ထွက်နေတာ။ အလင်းရောင်က အပြင်ကို လျှံမကျဘဲ အိုးလေးပေါ်မှာပဲ ကွက်တိကျအောင် လုပ်ထားတာတော့ လက်ဖျားခါတယ် ယုမိရေ။ ပြတိုက်ပညာရှင်တွေ တော်တော်ကို စိတ်ရှည်လက်ရှည် လုပ်ထားတာပဲ။
နောက်ထပ်ရော ဘာသဘောကျသေးလဲ
ဒီမှာလေ ယုမိရဲ့
ဘာလဲ အဲဒါ
ဒီမှာလေ။ ပြတိုက်ထဲမှာ ရိုက်လာတဲ့ ပုံတွေ အများကြီးပဲ။ ကိုယ်သိသလောက် ပြတိုက် တော်တော်များများက ဓာတ်ပုံရိုက်ခွင့် မပေးကြဘူး။ ကိုယ်တစ်ခါ ရောက်ဖူးတဲ့ ဘရူနိုင်းဘုရင့်တော်ဝင်ပြတိုက်ဆို အထဲကို ကင်မရာနဲ့ လက်ကိုင်ဖုန်းတောင် ယူခွင့်မပြုဘူး။ ဒီမှာတော့ ပြတိုက်ထဲမှာ ဓာတ်ပုံရိုက်ခွင့် ပြုထားတယ်။ တစ်ချို့ ပစ္စည်းပိုင်ရှင်က ရိုက်ခွင့်မပေးပါဘူးလို့ ဆန္ဒပြုထားတဲ့ အနုပညာ လက်ရာတစ်ချို့က လွဲရင်ပေါ့လေ။
ဓာတ်ပုံရိုက်ခွင့်ပေးတာကို သဘောကျတယ်ပေါ့
အင်း ဘယ်လို ပြောရမလဲ။ ဓာတ်ပုံရိုက်ခွင့်ပေးတာကို သဘောကျတယ် ဆိုပေမယ့် စည်းကမ်းလည်း ရှိဖို့ လိုသေးတာကိုး။ ဓာတ်ပုံရိုက်ခွင့် ပေးထားတယ် ဆိုပေမယ့် ကင်မရာဒေါက်တွေနဲ့ တည်ရိုက်တာကို ခွင့်မပြုသလို မီးပွင့်တဲ့ ရိုက်ချက်မျိုးကိုလည်း ခွင့်မပြုထားဘူးလေ။ ဒါပေမယ့် တစ်ချို့က မီးပွင့် ရိုက်ချက်တွေ သုံးတဲ့အခါကျတော့ ပြတိုက်ရဲ့ အလင်းရောင်ပေးစနစ်ကို သွားထိခိုက်တယ်လို့ မြင်မိတယ်။ ကိုယ်ဆိုရင် မှိန်ပြပြ အခန်းထဲက အလင်းရောင်စနစ်ကောင်းကောင်းနဲ့ အနုပညာပစ္စည်းတွေကို အရသာခံ ကြည့်နေတဲ့အချိန် တစ်ချို့ကင်မရာတွေက အလင်းရောင် ဖျတ်ကနဲ ဖျတ်ကနဲ ထွက်လာတဲ့အခါ ကြည့်ရတာ သိပ်အရသာ ပျက်တာပဲ။ ပြတိုက်ဝန်ထမ်းတွေကလည်း ဒါကိုတော့ တားဆီးသင့်တယ် ထင်တာပဲ။
မိုမို ပန်းချီကားပုံတွေ ပို့စကတ်လေးတွေ အများကြီး ၀ယ်လာတယ်မလား
ဟုတ်တယ် ယုမိရေ။ ပြတိုက်ကို သဘောကျတဲ့ အထဲမှာ အဲဒါလည်း ပါတယ်။ ပြတိုက်မှာ ပြထားတဲ့ ရှေးဟောင်း ပန်းချီကားတွေ ရုပ်ထုတွေရဲ့ ပုံစံတူလေးတွေကို ပြတိုက်ထဲက ဆိုင်မှာ ရောင်းပေးတာလဲ တော်တော်ကို သဘောကျတယ်။ ပို့စကတ် တစ်မျိုးတည်းတင် မဟုတ်ဘဲ လက်ဆွဲအိတ်တွေ ပန်းချီကားပုံစံတွေ လက်ကိုင်အိတ်တွေ ပလတ်စတစ်ဖိုင်တွေ ပုံစံအမျိုးမျိုးနဲ့ လုပ်ရောင်းတာကိုလည်း သိပ်သဘောကျတာပဲ။ ကိုယ်ဆို ကြိုက်မိတဲ့ ပန်းချီကားပုံစံတူ ပို့စကတ်နဲ့ စာအိတ်လေးတွေ ကတ်လေးတွေ ၀ယ်လာတာ အများကြီးပဲ
ပြီးတော့ရော
အော် နောက်တစ်ခု ရှိသေးတယ်။ ပြခန်းတွေထဲမှာ သက်တောင့်သက်သာ ထိုင်နားလို့ ရအောင် ပြီးတော့ ပြထားတာတွေကို သက်တောင့်သက်ရာ ထိုင်ပြီး တစိမ့်စိမ့် ကြည့်နေလို့ ရအောင် ထိုင်ခုံတွေ ခုံတန်းတွေ လုပ်ပေးထားတာလည်း သိပ်ကောင်းတယ်။ ကိုယ်တို့က ပြတိုက်ကို ရောက်ဖူးတယ် ဆိုရုံလောက်သာ ရောက်ကြရတာကိုး။ တကယ်ဆိုရင် ပြတိုက်ထဲက အနုပညာလက်ရာတွေ ပန်းချီကားတွေ ရှေးဟောင်းပစ္စည်းတွေကို အရသာခံပြီး ဇိမ်နဲ့ ကြည့်သင့်တယ် မဟုတ်လား။ ပြတိုက်ဆိုတာ တစ်ခါဝင်သွားရင် စိမ်ပြေနပြေ ကြည့်ပြီးမှ ပြန်ထွက် သင့်တဲ့ နေရာလေ။ ဒီပြတိုက်ကတော့ အဲသည်လို စိမ်ပြေနပြေ လျှောက်ကြည့်ဖို့ အဆင်ပြေတယ်
ဒီပြတိုက်က အဆင်ပြေတယ်ဆိုတော့ ဘယ်ပြတိုက်က အဆင်မပြေဘူးလဲ
ကိုယ်တို့ဆီက ပြတိုက်တွေမှာ ကိုယ်မှတ်မိသလောက် ပြခန်းတွေထဲမှာ အဲသည်လို ခုံတွေ ခင်းကျင်းပေးထားတာ မရှိဘူးလေ။ အမျိုးသားပြတိုက်နဲ့ တပ်မတော် စစ်သမိုင်း ပြတိုက်တွေဆို ၀င်သွားမိတာနဲ့ ထိုင်စရာကို မရှိဘူး။ လမ်းလျှောက်ရင်း လမ်းလျှောက်ရင်း ညောင်းကညောင်း ထိုင်စရာကမရှိနဲ့ ဆိုတော့ နောင်ပိုင်းနေရာတွေမှာ သေသေချာချာကို မကြည့်မိလိုက်တော့ပါဘူး။ အပြင်ပြန်ရောက်ချင်ဇောနဲ့ အမြန်ပြန်ထွက်ခဲ့ရတာပါပဲ။ ဒီမှာတော့ ပြခန်းတော်တော်များများမှာ ထိုင်စရာတွေ လုပ်ထားပေးတော့ တစ်ချို့ ခုံရှည်တွေမှာဆိုရင် ခဏတစ်ဖြုတ် ကျောဆန့်လို့တောင် ရတယ်။ ဘယ်လောက် အဆင်ပြေလိုက်လဲလို့
မိုမို အမှတ်တရ တံဆိပ်လေးတွေ ထုတဲ့နေရာနေရာအကြောင်းလည်း ပြောပြအုံးလေ
အင်း ပြောပြပါမယ်။ ယုမိအတွက်တောင် ကိုယ်ကိုယ်တိုင် တံဆိပ်လှလှလေးတွေ ထုပေးထားသေးတယ်လေ။ မိုက်တယ်နော်။ ဂျပန်ရိုးရာ ပန်းချီပန်းလေးတွေကို ကိုယ့်စိတ်ကြိုက်ရွေးပြီး ပို့စကတ်ပေါ်မှာ အမှတ်တရ ထုယူလာလို့ရတယ်။ အစောင့် အဖိုးကြီးကလည်း သဘောကောင်းလိုက်တာ။ ကိုယ် အစက အဲသည်ကတ်လေးတွေအတွက် ပိုက်ဆံ ပေးရမယ်ထင်နေတာ။ တစ်ယောက်တစ်ခု ယူပါဆိုပေမယ့် လိုချင်လို့ ထပ်တောင်းရင်လည်း ပေးတယ်ဗျာ။ ကိုယ်ကတော့ ဂျပန်ရိုးရာ ခြင်္သေ့ရုပ်ရယ် ဆာကုရာပန်း ဒီဇိုင်းလေးတွေရယ်ကို အရောင်စုံ ထုလာခဲ့တယ်။
တံဆိပ်ထုတယ်ဆိုမှ အဲသည်အခန်းထဲမှာ ပြတိုက်တစ်ခုလုံးကို တစ်ထိုင်တည်းကြည့်လို့ရအောင် လုပ်ပေးထားသေးတယ်နော်။ ဖန်သားပြင်ပေါ်မှာ ကိုယ်ကြိုက်တဲ့ ဘာသာစကားနဲ့ ကိုယ်ကြည့်ချင်တဲ့ ပြခန်း ကိုယ်ကြည့်ချင်တဲ့ ရှေးဟောင်း ပစ္စည်းအကြောင်းကို အသေးစိတ် ရှင်းပြပေးတဲ့ စနစ်လေးက တော်တော် လန်းတယ်။
ဟို ဂျပန်ရိုးရာ ပန်းခြံလေးနဲ့ လက်ဖက်ရည်အိမ်လေးတွေကိုရော သဘောမကျဘူးလား
အဲသည်အိမ်လေးထဲမှာ ယုမိရယ် ကိုယ်ရယ် အေးအေးဆေးဆေး လက်ဖက်ရည်ပွဲလေး နွှဲလိုက်ရရင် ကောင်းမှာပဲလို့တောင် စိတ်ကူးယဉ်မိသေးတယ်။ ရေကန်လေးရယ် သစ်ပင်ပုလေးတွေရယ် အရွက်ကြွေနေတဲ့ သစ်ပင်တွေရယ် နောက်က ဂျပန်ရိုးရာ အိမ်လေးရယ်က ကိုယ့်စိတ်ထဲမှာ ပန်းချီကားလေး ကြည့်နေရသလိုပဲ။ ကိုယ်တောင် တွေးမိသေးတယ်။ မြန်မာပြည်ရောက်ရင် ဒီလို ပန်းခြံလေးနဲ့ ဒီလိုအိမ်လေး ဆောက်အုံးမှပါ ဆိုပြီး
မိုမိုက ပြောရင်းဆိုရင်း မြန်မာပြည်ကို လွမ်းသွားပြန်ပြီလား
အင်း လွမ်းလားဆိုတော့ လူ့စိတ်ဆိုတာ အခက်သားပဲလေ။ ဒီမှာရှိနေတုန်း မြန်မာပြည်ကို လွမ်းတယ်။ မြန်မာပြည် ပြန်ရောက်သွားရင်လည်း တစ်မျိုးလွမ်းရအုံးမှာပါပဲ
ဟင် ကိုယ့်နိုင်ငံကို ပြန်ရောက်တာ ဘာကို လွမ်းမှာလဲ မိုမိုရဲ့
အော် ယုမိလေးရယ်။ မြန်မာပြည်ပြန်ရောက်ရင် ဘာကို လွမ်းနေမယ်ဆိုတာ တကယ်ကို မသိတာလား။ မသိချင်ယောင် ဆောင်နေတာလားကွယ်

ရည်းစားဦး


မိုမို ဒီဂျပန်ပြည်က ဆာကုရာနဲ့ မြန်မာပြည်က ချယ်ရီနဲ့က အတူတူပဲ မဟုတ်ဘူးလားဟင်
အတူတူပဲပေါ့ ယုမိစံ
အဲဒါဆို မိုမိုက ဘာလို့ ဒီကပန်းကို ဆာကုရလို့ခေါ်ပြီး မြန်မာပြည်က ပန်းကိုကျ ချယ်ရီလို့ ခေါ်တာလဲဟင်
ယုမိရယ် ပန်းချင်းတော့ တူပါတယ်။ ဒါပေမယ့် မိုမို့အတွက်တော့ ချယ်ရီနဲ့ ဆာကုရာက မတူပါဘူးကွယ်
ဘယ်လိုမတူတာလဲဟင်
ချယ်ရီဆိုတာ ကိုယ်တို့ ငယ်ငယ်က ရူးခဲ့ရတဲ့ ပန်းလေး။ သူက ရည်းစားဦးနဲ့တူတယ်။ ကိုယ့်ရဲ့ ရည်းစားဦးအတွက် အဲသည် နာမည် ရှိပြီးသားမို့ ဒီမှာ ရှိတဲ့ပန်းကို ဆာကုရာလို့ပဲ ခေါ်ပါရစေတော့
နားမလည်ဘူးမိုမို ပြန်ပြောပါအုံး။ မိုမို့ ရည်းစားနာမည်က ချယ်ရီတဲ့လား
ဟား ယုမိကတော့ လုပ်ပြီ။ ကိုယ်ပြောတာက တင်စားပြီး ပြောတာပါကွာ။ ယုမိ မြန်မာရသစာပေ သင်ရတော့ အလင်္ကာတွေ သင်ခဲ့ရတယ်မလား။
ဟိုက် ဟိုက် သင်ခဲ့ရပါတယ်
အဲသည်ထဲက ရူပကအလင်္ကာကို မှတ်မိသေးလား
မက်တာဖာကို ပြောတာလား မိုမို မှတ်မိပါတယ

ဟုတ်တယ် အင်္ဂလိပ်လို ဆိုရင်တော့ မက်တာဖာပေါ့။ မြန်မာလို ရူပက အလင်္ကာလေ။ ထပ်ထူတပြု တင်စားတာ။ ချယ်ရီပန်းကို ရည်းစားနဲ့ တင်စားထားတာပါ။ မြန်မာစာပေ သုံးသပ်ချက်နဲ့ဆို ဘာဂုဏ်မြောက်တယ် ဆိုနိုင်မလဲ။
သမာဓိဂုဏ်လား မသိ
ဟား ယုမိက တော်တော် မှတ်မိတာပဲ။ ကိုယ်တို့ မြန်မာတွေတောင် အဲသည် ဂုဏ်တွေ အလင်္ကာတွေ သင်ပြီး စားမေးပွဲပြီးတာနဲ့ မေ့ပစ်လိုက်ကြတာ။ အခုလို မှတ်မိနေတဲ့အတွက် ကိုယ် အများကြီး ၀မ်းသာပါတယ် ယုမိစံ
စောစောကဟာ ဆက်ပြောအုံးလေ မိုမိုရဲ့
အော် ပြောရင်းနဲ့ ဘယ်ရောက်သွားပါလိမ့်။ သိပြီ ချယ်ရီပန်းက ကိုယ့်ရဲ့ ရည်းစားဦးဆိုတာ။ ယုမိသိလား။ ယုမိ ရည်းစား ထားဖူးလား
....................
အော် ဆောရီး ဆောရီး ကိုယ်မမေးသင့်တာကို မေးမိသွားတယ် ထင်တယ်။ ထားပါတော့။ ကိုယ်တို့ မြန်မာစကားတစ်ခု ရှိတယ် ရည်းစားဦးဆိုတာ မြေးဦးရရင်တောင် မမေ့ဘူးတဲ့
မြေးဦး မြေးဦးဆိုတာ ဘာလဲဟင်
မြေးဦးဆိုတာ သည်ဗဲရီးဖတ်စ်တ် ဂရင်းချိုင်း ကိုပြောတာပါ
ဒါတင်မကဘူး ကိုယ်ဖတ်ဖူးတဲ့ စာလေးတစ်ခုရှိတယ်။ ရည်းစားဦးကို ဘယ်လောက်တောင် မမေ့နိုင်တဲ့အကြောင်း ရေးထားတဲ့ စာလေး။ ယုမိ နားထောင်မလား
ဟိုက် ဟိုက် ပြောပြပါ။ ယုမိ နားထောင်ကြည့်ချင်ပါတယ်ရှင်း
ငယ်ကချစ်တော့ အနှစ်တစ်ရာ မမေ့သာ
ငယ်ကချစ်တော့ အနှစ်တစ်ထောင် မမေ့ပေါင်
ငယ်ကချစ်တော့ အနှစ်တစ်သောင်း မမေ့ကောင်း
ငယ်ကချစ်တော့ အနှစ်တစ်သိန်း မမေ့ကိန်း
ငယ်ကချစ်တော့ အနှစ်တစ်သန်း မမေ့တမ်း
ငယ်ကချစ်တော့ အနှစ်ကုဋေ မမေ့ပေ
ငယ်ကချစ်တော့ အနှစ်ကဋကဋာ မမေ့ပါတဲ့။ နားလည်ရဲ့လား ယုမိလေး
ဟိုက် ဟိုက် ကိန်းဂဏန်းတွေ အများကြီးဆိုတာတော့ သိပါတယ်။ ယုမိ ခံစားလို့ ရပါတယ်။ အဲဒါနဲ့ချယ်ရီနဲ့ ဘယ်လို. . . . .
ပြောပြမယ်လေ ချယ်ရီပန်းက ကိုယ့်ရဲ့ ရည်းစားဦးလို ပန်းမျိုးလို့ ပြောခဲ့တယ်မလား။ အဲသည်ရည်းစားဦးဆိုတာ နောက်ထပ် ဘယ်လို အချစ်မျိုးနဲ့မှ အစားထိုးလို့ မရနိုင်ဘူးလေ။ ကိုယ်တို့ငယ်ငယ် ဗိုလ်လောင်းဘ၀တုန်းကချယ်ရီတွေ တွေ့ခဲ့တဲ့ ခံစားချက်မျိုးကို နောက်ထပ်ချယ်ရီတွေ ထပ်တွေ့တာနဲ့ အစားမထိုးပစ်လိုက်နိုင်ဘူး။ ဒါကြောင့် ဒီက ပန်းတွေကို ဆာကုရာလို့ ခေါ်တာပါ။
ဟိုက် ဟိုက် နားလည်ပါပြီရှင်း။ မိုမိုက သိပ်ပြီး ဟို ရိုမန်းတစ်
ကဗျာဆန်တယ် ပြောမလို့လား
ဟိုက် ကဗျာဆန်တယ်
အဲဒါ ထားလိုက်ပါတော့ ယုမိရယ်၊ ပြီးခဲ့တဲ့ မြန်မာသင်္ကြန်ပွဲတုန်းက မြန်မာလိုလေး ၀တ်ပြီး လာတက်တဲ့အတွက် အများကြီး ၀မ်းသာပါတယ် ကျေးဇူးလည်း အများကြီး တင်ပါတယ်
မိုမိုရယ် အဲဒါက မိုမို ကျေးဇူးတင်ရမှာ မဟုတ်ဘူး ယုမိက ကျေးဇူးတင်ရမှာ။ ယုမိလေ မြန်မာဝတ်စုံကို ၀တ်ကြည့်ချင်တာ ကြာလှပြီ သိလား။ ကိုယ့်ဘာသာ ၀တ်ဖို့ကလည်း မဖြစ်သေးဘူးလေ။ မိုမိုက မြန်မာဝတ်စုံလေးနဲ့ ကြည့်ချင်ပါတယ်ဆိုလို့ ယုမိမှာ မြန်မာမိန်းကလေးတွေကို အကူအညီတောင်းပြီး ၀တ်ဖြစ်အောင် ၀တ်လိုက်ရတာ။ ဒါပေမယ့် ယုမိ ကျေနပ်တယ် သိလား။ မိုမိုအတွက် အထူးတလည် အရောင်ဖြစ်တဲ့ ကြက်သွေးရင့်ရောင်လေး ၀တ်လိုက်ရတာ။
ဘယ့်နှယ် ကြက်သွေးရင့်ရောင်က မိုမိုအတွက် အထူးတလည် အရောင်ဖြစ်ရပါလိမ့်
ဟင်း မိုမိုကတော့ ကိုယ့်ဘာသာ ရေးထားပြီး မေ့ပစ်လိုက်ပြန်ပြီ မိုမိုပဲ ရေးထားတာလေ။ မိုမို ငယ်ငယ်က သင်္ကြန်အကြောင်း။ အဲသည်ထဲမှာ မိုမို့ကောင်မလေးက ကြက်သွေးရောင် အင်္ကျီလေး ၀တ်ထားတာဆိုလို့ ယုမိမှာဖြင့် ကြက်သွေးရောင်ရအောင် လုပ်လိုက်ရတာ
ဟား ဟား ဟား ယုမိရယ် အဲဒါတွေက ကိုယ်က ဖတ်ကောင်းအောင် လျှောက်ရေးထားတာပါကွာ။ တကယ်လို့ မထင်လိုက်ပါနဲ့
အဲဒါဆို အဲသည်ကောင်မလေး တကယ် မရှိခဲ့ဘူးပေါ့
အယ် အဲဒါက ဟိုလေ ဘယ်လို ပြောရမလဲ
ထားပါ မိုမို မဖြေချင် မဖြေပါနဲ့။ ယုမိကတော့ မိုမို့အတွက် အမှတ်တရ ကြက်သွေးရောင် ၀တ်စုံလေး ၀တ်လိုက်ရတာ သိပ်ကို ကျေနပ်တယ်
အဲသည်နေ့က ယုမိ မြန်မာလို ၀တ်လာတော့ ကိုယ်တို့အားလုံး အံ့လည်းအံ့သြ ၀မ်းလည်းဝမ်းသာ ဖြစ်ရတယ်သိလား
သွားပါ အခုမှ အပိုတွေ
တကယ်ပြောတာ ယုမိလေးရဲ့။ တစ်ချို့က ယုမိလေးနဲ့ ကိုယ်နဲ့ သိပ်ကို ရင်းနှီးကြတာ သိတော့အဲသည်ဝတ်စုံကို ကိုယ်က ချုပ်ပေးတယ် ထင်နေကြတာ
ဟင် ဟုတ်လား ယုမိလည်း အဲသည်ဝတ်စုံ မိုမို ချုပ်ပေးတာလို့ ဒီက ဂျပန်သူငယ်ချင်းတွေကို ပြောထားတာ
သေလိုက်ပါတော့ မယ်မင်းကြီးမရယ် အဲဒါကြောင့် ကိုယ့်ကို အဲသည်ဝတ်စုံ မင်းချုပ်ပေးတာ သေချာတယ်ဆိုပြီး အတပ်ပြောနေကြတော့တာကိုး။ ဖြစ်ချင်တော့ အဲသည်နေ့မှာ ကိုယ်ကလည်း ယုမိနဲ့ အရောင်တူ အကျီင်္လေး ၀တ်မိလျက်သား ဖြစ်နေတာ။ လက်စသတ်တော့ မယ်မင်းကြီးမ လက်ချက်ကိုး
ကျွန်တော် ခေါင်းကုတ်နေတာကို ကြည့်ပြီး ခိုးခိုးခစ်ခစ် သဘောကျနေတဲ့ ယုမိလေးကို မြင်မိတော့ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိတဲ့ သက်ပြင်းဖွဖွလေး ချမိပြန်ပါတယ်

ဆာကုရာတွေ ကြွေပါစေ


ဖုန်းသံကြောင့် ရုတ်တရက် အိပ်ယာက လန့်နိုးလာပြီး စောစောစီးစီး ဘယ်သူများ ဖုန်းဆက်လာပါလိမ့်လို့ ကျွဲမြီးတိုတိုနဲ့ ဖုန်းကို ကြည့်မိတော့မှ မရွှေယုမိစံ။
ယုမိရာ ဘာလဲကွာ စောစောစီးစီးဖုန်းခေါ်ရတယ်လို့ ဒီမှာ အိပ်လို့ကောင်းတုန်း ရှိသေးတယ်
မိုမို ကာလနဂါး အိပ်ပုပ်ကြီး အချိန်လည်း ကြည့်ပါအုံးရှင်း ဘယ်မှာ စောသေးလို့လဲ
ယုမိပြောမှ စာကြည့်စားပွဲမျက်နှာခြင်းဆိုင်နံရံမှာ ကပ်ထားတဲ့ နာရီကို လှမ်းကြည့်လိုက်တော့ ဆယ်နာရီ ဆယ်မိနစ်

အော် အေးပါ ယုမိရာ ညက လေးနာရီလောက်မှ အိပ်ဖြစ်လို့ အိပ်ယာထ နောက်ကျသွားတာပါ။ ဘာလဲ မူအီကာမာချီကို ဈေးသွားဝယ်မလို့လား။
ဟုတ်ပါဘူး မိုမိုရယ်။ မိုမို အပြင်မှာ ဘာတွေဖြစ်နေလဲ သိလား။
ဟင် ဘာတွေ ဖြစ်နေလို့တုန်း။ အိုင်ယူဂျေမှာ ရေကြီးလို့လား
ခစ်ခစ် အဲ့လူကြီး ပေါက်ကရလျှောက်ပြောတော့မယ်။ ကဲ အိပ်ယာကထ ပြတင်းပေါက်ခန်းဆီးလှပ်ပြီး အောက်ကို ကြည့်လိုက်ပါအုံး
အိပ်ယာက လူးလဲထ ပြတင်းပေါက်က ယင်းလိပ်ကို ဆွဲတင်လိုက်ပြီး အပြင်ကိုကြည့်တော့လည်း ခါတိုင်းလို နေသာနေတာကလွဲပြီး ဘာမှလည်း ထူးထူးခြားခြား မမြင်မိ
မိုမို မိုမို ဒီမှာ ဒီမှာ ယုမိဒီမှာ
အော်သံကြားတဲ့ဘက်ကို ကြည့်လိုက်တော့မှ ယုမိက ခုန်ပေါက်ပြီး လက်ပြနေတာ တွေ့လို့ လက်ပြန်ပြလိုက်တယ်
သိပ်လည်း အော်ကြီးဟစ်ကျယ် လုပ်မနေနဲ့အုံး အဒေါ်ကြီး အိုင်ယူဂျေမှာ အရူးမဘွဲ့ ရနေအုံးမယ်
အောင်မယ် သူများက သူ့ကို ကြည့်စေချင်လို့ ဖုန်းဆက်ပြီး ခေါ်တာကို လူကိုများ အရူးမလေးဘာလေးနဲ့ တော်ပြီ မကြည့်ချင်လည်း မပြတော့ဘူး
ဟောဗျာ အဲသလိုတော့ စိတ်မကောက်လိုက်ပါနဲ့ သခင်မလေးရယ်။ ကဲ ကဲ ပြော ဘာကြည့်ရမှာလဲ
အဲဒါပဲ။ မိုမိုက အရင်ရက်တွေကတော့ ဆာကုရာတွေ မပွင့်သေးဘူးလား မပွင့်သေးဘူးလားနဲ့ တစ်မေးတည်း မေးနေပြီးတော့ အခု ဆာကုရာပွင့်နေတာကျတော့ မမြင်ဘူး
ဟုတ်ပါရဲ့ဗျာ ယုမိပြောမှ ကြည့်မိတော့ အိုင်ယူဂျေ ဆာကုရာလမ်းမှာ ဆာကုရာတွေ ပွင့်စပြုနေပါပြီကော
ကဲ ကဲ ဒါဘဲ မိုမိုရေ ဆင်းလာခဲ့တော့ ယုမိကို ဓာတ်ပုံရိုက်ပေး ဆာကုရာစပွင့်တဲ့ အထိမ်းအမှတ်
အိုကေ အိုကေ ဆယ်မိနစ်အတွင်း ဆင်းလာခဲ့မယ် ဆာကုရာလမ်းက စောင့်နေ
**********************
ရှင် မိုမိုပြောတာ ယုမိနားမလည်ဘူးရယ် ပြန်ပြောပြအုံး
အင်း ဘယ်လို ပြောရမလဲ အခု ယုမိက မေးတယ်လေ။ ဆာကုရာတွေပွင့်တာတွေ့တော့ ပျော်လားဆိုတာ။ ကိုယ်က ဖြေတာက ပျော်တယ်လို့လည်း မဟုတ်ပါဘူးလို့၊ ဆာကုရာတွေ ပွင့်တာထက် ကြွေတဲ့အချိန်ကျရင် ပိုပျော်မှာပါလို့ ပြောတာလေ။ ယုမိ ဘာကို နားမလည်တာလဲ။
ဟိုလေ ယုမိ နားမလည်ဘူးဆိုတာ။ မိုမိုပြောတဲ့ မြန်မာစကားကို ယုမိ နားလည်ပါတယ်။ နားမလည်တာက ဘာကြောင့် မိုမိုက ဆာကုရာတွေ ကြွေချိန်ကျရင် ပိုပျော်မှာလဲ ဆိုတာကိုပါ။
အော် ဟုတ်သားပဲ။ ကိုယ်က သေချာပြောပြမှ နားလည်မဲ့ကိစ္စကိုး။ ဒီလိုပါ ယုမိစံ။ ကိုယ်တို့ တက်ခဲ့ရတဲ့ စစ်တက္ကသိုလ်မှာလည်း ဒီ ဆာကုရာနဲ့တူတဲ့ ချယ်ရီတွေရှိတယ်။ ဒီမှာ ဆာကုရာတွေက ဂျပန်တစ်နိုင်ငံလုံး ပွင့်ကြပေမယ့် ကိုယ်တို့ဆီက ချယ်ရီကတော့ မြန်မာပြည် အလယ်ပိုင်း အောက်ပိုင်းမှာ မပွင့်ဘဲ ရာသီဥတုအေးတဲ့ တောင်ပေါ်တွေမှာဘဲ ပွင့်တယ်။ ကိုယ်တို့ စစ်တက္ကသိုလ်က ပြင်ဦးလွင်လို့ခေါ်တဲ့ တောင်စခန်းမြို့လေးမှာဆိုတော့ ချယ်ရီတွေပွင့်တဲ့ နေရာတစ်ခုပေါ့ ယုမိစံ။ အခု ပြောတဲ့အထိ ယုမိ နားလည်ရဲ့လား။
နားလည်ပါတယ် မိုမို
ကိုယ်တို့ စစ်တက္ကသိုလ်တက်တဲ့အချိန်ဆိုတာ တကယ့်ကို ကလေးဘ၀ကနေ လူငယ်ဘ၀ကို ရောက်ခါစမှာ မိဘဆွေမျိုးတွေနဲ့ ခွဲပြီး နေရတာ၊ ချစ်သူရည်းစား ရှိတဲ့သူတွေကလည်း ချစ်သူရည်းစားတွေနဲ့ ခွဲပြီးနေရတော့ အိမ်ကို လွမ်းတာပေါ့။ အိမ်ကို မြန်မြန်ပြန်ချင်ကြတာပေါ့။ အဲသည်တုန်းကလည်း အခုခေတ်လို အင်တာနက်မပြောနဲ့ လက်ကိုင်ဖုန်းတောင် မြန်မာပြည်မှာ မရှိသေးဘူး။ ကိုယ်တို့ ဗိုလ်လောင်းတွေက အိမ်ကို သတိရရင် စာရေးတယ်။ အိမ်ကလည်း စာရေးတယ်။ တစ်ချို့တယ်လီဖုန်းနဲ့ စကားပြောဖို့ အဆင်ပြေလို့ အိမ်ကို ဖုန်းဆက်မယ် ဆိုရင်တောင် ကျောင်းပိတ်ရက်တွေ မြို့ထဲ ထွက်လည်ခွင့်ရလို့ အိမ်နဲ့ချိန်းပြီး ဆက်ရင်ဆက်။ ဒါမှမဟုတ် ကျောင်းဖွင့်ရက်မှာ အရေးပေါ်လို့ ဆက်ချင်ရင်တောင်မှ တစ်ကျောင်းလုံးမှာ ကိုယ်တို့ ဆက်ခွင့်ရှိတဲ့ဖုန်းက တစ်လုံးတည်းရှိတာ။ အခုထိ ကိုယ်ပြောတာ နားလည်ရဲ့လား ယုမိစံ
ဟိုက် ဟိုက် နားလည်ပါတယ် မိုမို ကျေးဇူးပြုပြီး စကားနှေးနှေးပြောပေးပါ
အိုကေ ကောင်းပါပြီ ယုမိစံ ကိုယ်ဖြည်းဖြည်းပြောပေးပါ့မယ်
အဲသည်လို အိမ်လွမ်းတဲ့ ကိုယ်တို့ဗိုလ်လောင်းတွေဟာ ခွင့်ပြန်ရမယ့်ရက်ကို ပန်းတွေပွင့်တာကြည့်ပြီး လက်ချိုးရေတွက်ကြတယ်ဆိုရင် ယုမိစံ ယုံပါ့မလားမသိဘူး
ဘယ်လို မိုမို။ ခွင့်ပြန်ရမယ့်ရက်ကို ပန်းတွေပွင့်တာကြည့်ပြီး လက်ချိုးရေတွက်ကြတယ်။ ဘာကို ပြောတာလဲဟင်
ဟုတ်တယ် ယုမိရေ။ ကိုယ်ပြောပြမယ်။ ကိုယ်တို့ ကျောင်းပိတ်ရက်က ဧပြီလ မြန်မာနှစ်သစ်ကူး ပွဲတော်လပေါ့လေ။ မေလဆန်းမှာ ခွင့်ရက်စေ့ပြီး ကျောင်းကို ပြန်လာရတယ်။ ပိတောက်ပန်းတွေ ငုဝါပန်းတွေ တထိန်ထိန်ပွင့်နေတဲ့ ဧပြီလမှာ ကိုယ်တို့ အိမ်မှာ နေရတော့ သိပ်ပျော်တာပေါ့။ မေလဆန်းလို့ ကျောင်းကို ပြန်ပြီဆိုရင် ကျောင်းအ၀င်လမ်းတစ်လျှောက်မှာ နီရဲနေအောင် ကြွေကျနေတဲ့ စိန်ပန်းနီနီအပင်တွေ အောက်ကဖြတ်ပြီး ဗိုလ်လောင်းကုန်းကို တက်ရတာ တော်တော်ကို စိတ်ကုန်စရာကောင်းတယ်။ နားလည်ရဲ့လား ယုမိလေး
ဘာကို စိတ်ကုန်တာလဲ မိုမို
စိတ်ကုန်တယ်ဆိုတာ ဘာရယ်တော့ မဟုတ်ပါဘူးလေ။ ခွင့်ရတဲ့ တစ်လနီးပါးလုံး စားလိုက်သောက်လိုက် လည်လိုက်ပတ်လိုက် ချစ်သူရည်းစားရှိတဲ့ သူတွေကလည်း ချစ်သူနဲ့ တွေ့လိုက် အပျော်ကြီးပျော်ပြီး လွတ်လွတ်လပ်လပ်ကြီး နေလာခဲ့ပြီးတော့ စည်းကမ်းတွေ ကလနားတွေ တင်းကျပ်တဲ့ လေ့ကျင့်ရေးတွေ ပင်ပင်ပန်းပန်း လုပ်ရတဲ့ ကျောင်းတော်ကြီးကို ပြန်လာရပြီဆိုတော့ ရုတ်တရက်မှာ စိတ်ထဲ တယ်မပါလှဘူးပေါ့။
ဟိုက် ဟိုက် နားလည်ပါပြီ မိုမို
ဒါကလည်း တစ်ရက် နှစ်ရက် အလွန်ဆုံး တစ်ပတ်ပါပဲ။ နောက်တော့လည်း ကျောင်းမှာ သူငယ်ချင်းတွေ ညီတွေ အစ်ကိုတွေနဲ့ ပြန်ပျော်သွားတာပါပဲ။
ပြန်ပျော်သွားတယ်ဆိုလို့ နောက်တစ်နှစ်ကုန် ကျောင်းပိတ်ခွင့်ပြန်ရက်ကို မမျှော်ဘဲ နေတယ်လို့တော့ မထင်လေနဲ့။ ခွင့်ပြန်ရက်ကို မျှော်တာက မျှော်တာပဲ။ စိန်ပန်းတွေ ကြွေပြီးရင် မိုးတွေလည်း ရွာပြီ နေကြာရိုင်းတွေလည်း ပွင့်ပြီ။ နေကြာရိုင်းဆိုတာ ယုမိသိမှာပါ ဟို ဆန်းဖလားဝါး တစ်မျိုးပဲ။ ဒါပေမယ့် သူကတော့ အစေ့ထုတ်လို့မရဘူး အရိုင်းမျိုးပေါ့လေ။ လှတာကတော့ တော်တော်ကို လှတယ်။ စစ်တက္ကသိုလ်မှာ နေကြာရိုင်းတွေ ပွင့်ပြီလား ဆိုမှဖြင့် မြင်မြင်သမျှ တောတောင်လျှိုမြောင် တောင်ကုန်း နိမ့်မြင့်တွေဟာ နေကြာရိုင်းတွေနဲ့ ၀ါဝါတောက်လို့ပေါ့။ သာမန်အားဖြင့်ဆိုရင်တော့ သိပ်ကိုလှတဲ့ ရှုခင်းပေါ့။
မိုမို သာမန်အားဖြင့်ဆိုတာ ဘာကို ပြောတာလဲဟင်။ အဲဒါက မလှလို့လား
အော် သာမန် ရှုခင်းတစ်ခုအနေနဲ့ပဲ ဆိုရင်တော့ လှတာပေါ့။ ဒါပေမယ့်
ဒါပေမယ့် ဘာဖြစ်လဲ မိုမို
ဒါပေမယ့် ကိုယ်တို့ကတော့ နေကြာရိုင်းတွေကို တစ်ခါတစ်လေ တယ်ကြည့်မရချင်ဘူး
ဟင် . . . ဘာဖြစ်လို့လဲ မိုမိုရဲ့
ဟဲ . ဟဲ . ဘာမှ မဟုတ်ပါဘူး ယုမိရယ် အဝေးကြီးတွေ လျှောက်မတွေးပါနဲ့ ။ တစ်ခါတစ်လေ ပတ်ဝန်းကျင်သာယာလှပရေးအတွက် သန့်ရှင်းရေးလုပ် ခြုံတွေ ရှင်းတဲ့အခါ နေကြာရိုင်းတွေ ခုတ်ထွင်ရှင်းလင်းရတာ အင်မတန် ပင်ပန်းတယ် ဒါကြောင့်ပါ ယုမိရယ် တစ်ခြားတော့ မဟုတ်ပါဘူး။
မိုမိုပြောနေတာ ချယ်ရီပန်းကို မရောက်နိုင်တော့ဘူး
ရောက်မှာပါ ယုမိရယ်။ အဲသည်နေကြာရိုင်းတွေတုံးပြီဆို ကိုယ်တို့က နှင်းပန်းလို့ခေါ်တဲ့ ပန်းလေးတွေ မြေကြီးထဲက ထွက်လာပြန်ရော။ အရောင်က ခရမ်းရောင်ရှိတယ် အဖြူရောင်ရှိတယ်။ သူကတော့ ဘယ်တော့ဖြစ်ဖြစ် သိပ်လှတယ်။ ဘာနဲ့ တူလဲ ဆိုတော့ ဒီမှာ နွေဦးပေါက် နှင်းတွေ ပျော်တဲ့အချိန် မြေကြီးထဲကနေ ကျူးလစ်ပန်းတွေ ထွက်လာသလိုမျိုး။
အဲသည်နောက်တော့ ချယ်ရီတွေပွင့်တယ်။ နောက် စိန်ပန်းပြာတွေ ပွင့်တယ်။ စိန်ပန်းပြာပွင့်တဲ့အချိန်ကတော့ ကိုယ်တို့တွေ အပျော်ဆုံးအချိန်ပေါ့။ ဒါကြောင့် စိန်ပန်းပြာဆိုရင် မျက်စိထဲမှာ အလိုလိုနေရင်း လှနေတယ်။ ဘာလို့လဲဆိုတော့ စိန်ပန်းပြာဆိုတာ ကိုယ်တို့ မိဘရပ်ထံ ခွင့်ပြန်ရတဲ့ အထိမ်းအမှတ်သင်္ကေတမို့လို့ပဲ။
မိုမိုက ချယ်ရီအကြောင်း ပြောနေရင်းနဲ့ ချယ်ရီကို ကျော်သွားပြီ
ပြောမှာပါ မယ်မင်းကြီးမရယ်။ ချယ်ရီပန်းကို ကိုယ်က စစ်တက္ကသိုလ်ရောက်မှ စမြင်ဖူးတာ။ ကျောင်းဝင်းထဲမှာ မပွင့်ခင် မြို့ထဲမှာ အရင်ပွင့်တော့ ကိုယ်တို့ ဆရာမကြီး ဒေါ်ဝင်းဝင်းမေဆိုတာ ကိုယ်တို့ကို ချယ်ရီပန်း ဦးဦးဖျားဖျား မြင်ဖူးစေချင်လို့ဆိုပြီး ချယ်ရီတွေ ခူးယူလာပေးတယ်။ ကိုယ်တို့ကလည်း ချယ်ရီတွေတွေ့တော့ ပျော်တာပေါ့။ ချယ်ရီပန်းလေးတွေကို စာအုပ်ကြားမှာ ညှပ်ပြီး ပန်းခြောက်လုပ်တယ်။ စာရွက်လေးတွေပေါ်မှာ ကဗျာလေးတွေနဲ့ ရေးပြီးကပ်တယ်။ ချစ်သူဆီကိုပို့တယ်။ ချစ်သူမရှိတဲ့သူကလည်း အမေဆီ ပို့တာပေါ့။
မိုမိုကရော ဘယ်သူ့ဆီ ပို့လိုက်လဲဟင်
ဒေါ်ယုမိ အဲဒါတွေ မမေးနဲ့လေ ပြောတာ နားထောင်အုံး
နောက်တစ်ပတ်လောက်နေတော့ ကိုယ်တို့ ကျောင်းဝင်းထဲမှာ ချယ်ရီတွေ ပွင့်ပါလေရော။ ချယ်ရီတွေကြည့်ပြီး ကိုယ်အစက ပျော်မယ် ထင်ခဲ့တယ်။ ဒါပေမယ့် ကိုယ်မပျော်နိုင်ဘူး။ ဒီချယ်ရီတွေကို ကြည့်ပြီး ကြွေပဲ မကြွေနိုင်ဘူးလို့ စိတ်ထဲမှ ကျိန်ဆဲမိတယ်။
ဟယ် ဖြစ်မှ ဖြစ်ရလေ မိုမိုရယ် ဘာဖြစ်လို့တုန်း။ ချယ်ရီက မိုမို့ကို ဘာလုပ်နေလို့တုန်း
အော် ယုမိလေးရယ် ဒီချယ်ရီတွေ မြန်မြန်ကြွေမှ ရွာမှာကျန်ခဲ့တဲ့ ချစ်သူနဲ့ အမေ့ဆီကို အပြေးသွားခွင့်ရမယ့် မိုမိုက ဒီ ချယ်ရီတွေမြန်မြန်ကြွေစေချင်တာ ဘာများ ဆန်းလို့လည်းကွယ်။ ဒါကြောင့် ကိုယ်က ချယ်ရီတွေကို မြန်မြန်ကြွေစေချင်ခဲ့သလို အခု ပွင့်စပြုနေတဲ့ ဆာကုရာတွေလည်း မြန်မြန်ကြွေရင် ကောင်းမှာပဲလို့။ ဆာကုရာ ပွင့်ချိန်ထက် ကြွေချိန်ကျရင် ပိုပျော်မှာပဲလို့ ပြောတာပါ ယုမိစံရယ်။ ဒီမှာ ကိုယ်ဗိုလ်လောင်းတုန်းက ရေးထားတဲ့ကဗျာလေး တစ်ပုဒ်ရှိတယ်။ ခွင့်လွှတ်ပါ မိချယ်ရီ တဲ့။ ဖတ်ကြည့်နော်
စစ်တက္ကသိုလ် ကျောင်းရိပ်ညိုသို့
ခိုလာပြန်ပြီ မိချယ်ရီ
စိုပြည်ပွင့်လွှာ ဆင်မြန်းကာနှင့်
လှပါပေသည် မိချယ်ရီ
ပြာလဲ့ ညက်စင် မိုးကောင်းကင်အား
ရောင်စဉ် စိုလျှမ်း အလှပန်းနှင့်
ဆင်မြန်းတတ်သည် မိချယ်ရီ
စစ်မြေပညာ သောက်စို့လာသော
မဟာ ယောက်ျား ကျောင်းတော်သားတို့
စိတ်ထားရွရွ အရူးထအောင်
ပြုတတ်လှသည် မိချယ်ရီ
အို မိချယ်ရီ မိချယ်ရီရေ
ငါလေယောက်ျား နှလုံးသားကား
ဖုံးထားမဏိ မာလှဘိဟု
မချိသလို ဆိုချင်ဆို
နင်လိုချယ်ရီ ပင်ယံဆီမှ
ကြွေကျသက်ဆင်း မြေခခြင်းကို
ရင်တွင်းပျော်ရွှင် ငါမြင်ချင်ဟု
အဆိုပြုလျှင်
မုန်းပင်ပွင့်သီး အရွံကြီးရွံ
နင်မလွန်ပါ
နင်ရဲ့ အလှ မြေကိုခမှ
ငါ့မိဘရင်း မွေးရပ်တွင်းသို့
ချဉ်းနင်း အိမ်ပြန်ရပါမည်
အတ္တတစ်ခု ငါရှေးရှုလျက်
နင့်ရဲ့ ဘ၀ ပျက်ရစေကြောင်း
ငါ့ဆုတောင်းကို
အကြောင်းသိပေ ခွင့်လွှတ်လေလော့
လှကျော့ခိုင်သီ မိချယ်ရီ

မိုမိုရဲ့ ယုမိစံ


မိုမိုး
မိုမိုး
. . ..သောကြ်ာနေ့ တစ်နေကုန် အတန်းတက်ပြီးလို့ ညရောက်တော့ ကျောင်းစာလည်း မဖတ်ချင်တာနဲ့ မြန်မာပြည်က ယူလာတဲ့ လက်ရွေးစင်မြန်မာကဗျာပေါင်းချုပ်ထဲက ကဗျာလေးတွေ ဖတ်ရင်း ပက်လက်ကုလားထိုင်ပေါ်မှာ မှေးကနဲ အိပ်ပျော်သွားမလို ဖြစ်တဲ့အချိန်မှာ အခန်းအပြင်က ခေါ်သံကြားရတယ်။ ကျွန်တော့် နာမည်က ဗိုလ်ကောင်းပေမယ့် ဒီတက္ကသိုလ်မှာတော့ ဖွဘုတ်ထဲမှာ ပေးထားတဲ့ မှတ်ရလည်းလွယ်တဲ့ မိုမို ဆိုတဲ့ နာမည်နဲ့ပဲ သူငယ်ချင်းတွေက သိကြပြီး အဲလိုပဲ ခေါ်ကြတယ်။ အခု အခန်းပြင်က ခေါ်နေတဲ့ အသံလေးကတော့ မိုမို မဟုတ်ဘဲ ချွဲနွဲ့တဲ့ အသံလေးနဲ့ မိုမိုး တဲ့။ တံခါးလေးကို ခေါက်တယ်ဆိုရုံလေး ညင်ညင်သာသာလေး ခေါက်ပြီး တိုးတိုးညင်းညင်းခေါ်နေတဲ့ အသံလေးက အိပ်ချင်မူးတူး ဖြစ်နေတဲ့ ကျွန်တော့်ကို ချက်ချင်း လန်းဆန်းသွားအောင် စွမ်းနိုင်ပါပေရဲ့။ မြန်မာသူငယ်ချင်းတွေဆိုရင်တော့ ကိုဗိုလ်ကောင်းလို့ပဲ ခေါ်ကြတာဆိုတော့ အခုက ဘယ်သူများပါလိမ့်။ ဘေးခန်းက ကောင်မလေးတော့ မဖြစ်နိုင်ဘူး။ ညနေကပဲ ဓာတ်လှေခါးထဲမှာတွေ့လို့ တိုကျိုသွားမယ့်အကြောင်း သိပြီးပြီ။ ဒါဆိုရင် အခု အပြင်က ခေါ်နေတာ ဘယ်သူများပါလိမ့်။ အပြေးအလွှား ထပြီး တံခါးကို ဖွင့်လိုက်တယ်။
. . .တံခါး ဟဟချင်းမှာ အရင်ဆုံး မြင်လိုက်ရတာက စင်ဒရဲလား ပုံပြင်ထဲက စင်ဒရဲလားစီးတဲ့ ဖိနပ်လေး။ ဒီဟာက ဖန်ဖိနပ်လေးတော့ မဟုတ်။ ခြေဦးထိပ်မှာ ပုလဲဖြူနဲ့ ငွေရောင် ရွဲလုံးလေးတွေ ရောပြီး အသည်းပုံလေး ဖော်ထားတဲ့ ဒေါက်ဖိနပ်အနက်ရောင် လှလှလေး။ မီးခိုးရောင်မှာ ငွေရောင်အစင်းလေးတွေပါတဲ့ သိုးမွေးခြေစွပ်ကိုစွပ်ထားတဲ့ ခြေချောင်းသွယ်သွယ်လေးကလည်း ဒီဒေါက်ဖိနပ်လေးနဲ့ လှချင်တိုင်း လှနေတော့။ အို အနက်ရောင် နတ်သမီးလေးပါလား။ မြန်မာလို လှတာ မဟုတ်ပေမယ့် တစ်မျိုးလေး လှနေတဲ့ မိန်းကလေး။ မျက်နှာမှာ အခြယ်အသ မရှိပေမယ့် ၀င်းဝင်းမွတ်မွတ်ကလေး ကြည့်ကောင်းနေတဲ့ မျက်နှာလေးနဲ့။ နှုတ်ခမ်းလေးက မပြုံးတုံ့တုံ့ ပြုံးတုံ့တုံ့။
မိုမိုး ယုမိ လာလည်တာလေ မိုမိုရဲ့။ ယုမိကို မဖိတ်ခေါ်တော့ဘူးလား။
အော် ယုမိစံ
. . . ဂျာနယ်ကျော် မမလေးရဲ့ နာမည်ကြီး သွေးဝတ္ထုထဲက ဂျပန်မလေး ယုမိစံကို သဘောကျလို့ ကျွန်တော်က ယုမိစံလို့ နာမည်ပေးထားတဲ့ ကောင်မလေး။ ငယ်ငယ်တုန်းက မြန်မာပြည်ကို တစ်ခေါက် ရောက်ဖူးပြီး မြန်မာစကားကို သဘောကျလို့ တက္ကသိုလ်မှာ မြန်မာစာအထူးပြုနဲ့ ကျောင်းပြီးလာခဲ့ပြီးမှ အခု ကျွန်တော်တို့တက္ကသိုလ်မှာ ဘွဲ့လွန်လာတက်နေတဲ့ အတန်းထဲက ကောင်မလေး။ ကျွန်တော် နည်းနည်း အတွေးလွန်သွားတယ်ထင်တယ်။
. . . မိုမိုး ယုမိ လာလည်တာလေ။ မိုမို အားရဲ့လားဟင်။ သေကြ်ာနေ့ ညဆိုတော့ မိုမို အားမယ်ထင်လို့ လာလည်တာပါ။ မအားရင်လည်း ပြန်ပါတော့မယ်။
အဲသည်တော့မှ ကျွန်တော်လည်း သတိဝင်လာပြီး မျက်နှာကို ချက်ချင်း ပြုံးပစ်လိုက်ရတယ်။
ယုမိစံအတွက်ဆို မိုမို အားရမှာပေါ့ ယုမိရယ်။ လာ လာ။
ကဲယုမိ ထိုင်။
. . . စာကြည့်စားပွဲက ခုံလေးကို ဆွဲယူပြီး ယုမိကို ထိုင်ခိုင်းလိုက်တယ်။ မီးခိုးရောင်အောက်ခံမှာ အနက်ရောင် အပွင့်တန်းလေးတွေပါတဲ့ ပေါင်လည်လောက်ပဲရှိတဲ့ စကတ်တိုလေးနဲ့ ပေမယ့် ယုမိက အနေအထိုင် ပိပြားသိမ်မွေ့လှပါတယ်။ ဒူးလေးနှစ်ဘက်ကို စိပြီး ထိုင်ခုံမှာ ထိုင်နေတဲ့ ယုမိကို ကျွန်တော် သေသေချာချာ ကြည့်မိတယ်။
ဘာကြည့်တာလဲ မိုမိုရဲ့
ယုမိစံ သိပ်လှတယ်။ ယုမိစံ လှတာဟာ မြန်မာမလေးတွေ လှတာနဲ့ သိပ်တူတာပဲ။ ယုမိစံမှာ မျက်ခုံးမွေး သွယ်သွယ်လေးတွေ ရှိတယ်။ မျက်လုံးမှာ မျက်ရစ်မရှိဘူးဆိုပေမယ့် မျက်ရစ်ရှိတဲ့ မြန်မာမလေးတွေလိုကို လှတယ်။ နောက်ပြီးတော့ . . .
တော်ပါတော့ မိုမိုရယ်။ ယုမိကို အဲသည်လောက်ကြီးလည်း မမြှောက်တင်ပါနဲ့။ ကဲ ကြည့် ဘာပြုံးတာလဲ။
. . . အော် ယုမိကလည်း ဟိုတစ်နေ့က ပြောထားတာကို မေ့သွားပြန်ပြီလား။ မြှောက်တင်တယ်လို့ မပြောရဘူးလေ။ မြှောက်တယ်လို့ ပြောရမှာ။ ဒါပေမယ့် ကိုယ်က ယုမိကို မြှောက်ပြောတာ မဟုတ်ပါဘူး။ ယုမိက တကယ်ကို လှလို့ ပြောတာ။ ကိုယ့်မှာ ဒီလို သိပ်လှတဲ့ သူငယ်ချင်းမလေးတစ်ယောက်ရှိတာ ကြွားချင်လို့ နောက်ဆုံးတစ်ခေါက် တိုကျိုသွားတုန်းက ယုမိကို ကိုယ်ရိုက်ပေးထားတဲ့ပုံကိုတောင် မြန်မာပြည်ပို့လိုက်သေးတယ်။
ဟို . . .ပန်း ပန်း . . .
. . . ဟုတ်တယ် ယုမိ . . . ပန်းပွင့်လေးတို့ မေမေကို ပို့လိုက်တာ . . . ယုမိက သိပ်လှတာပဲတဲ့ နောက်တစ်ခါ မြန်မာပြည်လာရင် အိမ်ကို လာလည်ပါတဲ့
ကျေးဇူးပါ ယုမိက အရမ်းကြီး ကျေးဇူးတင်တဲ့အကြောင်း ပြောပေးပါနော်။ နောက်တစ်ခါ မြန်မာပြည်ကို သွားလည်ဖြစ်ရင်လေ ပန်းပွင့်လေးတို့ဆီကို ရောက်အောင် လာခဲ့ပါ့မယ်လို့ ပြောပေးပါနော်
ကောင်းပါပြီတဲ့ဗျာ . . . ကဲ ယုမိ ဒီနေ့ ဘာအကြောင်း ပြောပြရမလဲ
. . . မိုမို ယုမိ မိုမိုဆီ လာတာက မြန်မာစကားပြောသင်ရုံသက်သက် မဟုတ်ပါဘူး။ မြန်မာ စကားပြောဖို့အတွက်ကို မိုမိုး ညီလေးတွေကလည်း အများကြီးကို ကူညီပြောကြပါတယ်။ အခုလာတာ မိုမိုးအခန်းကို အလည်လာခြင်း တစ်ခုတည်းပါ။
အလည်လာရုံ သက်သက်လို့ ပြောရတယ် ယုမိရဲ့။
ဟိုက် ဟိုက် အလည်လာရုံ သက်သက်ပါရှင်း
အော် အခုမှ သတိရတယ်။ ယုမိကို မေးချင်နေတာတော့ ကြာပြီ မေ့မေ့နေလို့။ ယုမိ ဒီပုံကို မြင်ဖူးတယ်မလား။
အိုး ယုမိ သိတာပေါ့။ ယုမိတို့နဲ့ အများကြီး ကျွမ်းဝင်တဲ့ ပန်းချီကားပဲ။ မိုမို ဘယ်က ရတာလဲဟင်။
ဟိုတစ်ခါ တိုကျိုအမျိုးသားပြတိုက်မှာတုန်းက သဘောကျလို့ ၀ယ်လာခဲ့တာ။
သဘောကျ သဘောကျ။ ဘာပြောလိုက်လဲ မိုမို
အော် သဘောကျတယ်ဆိုတာ ကြိုက်တာကို ပြောတာ ယုမိရဲ့။
ဟိုက် ဟိုက် သဘောကျ သဘောကျ သဘောကျ နေအုံး ယုမိ မှတ်လိုက်အုံးမယ်
. . . လက်ကိုင်အိတ် အသားရောင်လေးထဲက မှတ်စုစာအုပ်လေး ထုတ်ပြီး ရေးမှတ်နေတဲ့ ယုမိကို ကြည့်ရင်း လက်သည်းဆိုးဆေး ဆိုးမထားဘဲ ပန်းသွေးရောင်လေး တောက်ပနေတဲ့ ယုမိရဲ့ လက်သည်းလေးတွေနဲ့ ဖယောင်းလုံးလေးတွေလို သွယ်မွတ်နေတဲ့ လက်ချောင်းလေးတွေကို သတိထားမိတယ်။ စားပွဲပေါ်မှာ ငုံပြီး စာရေးတော့ နက်မှောင်ပြီး ပိုးသားလေးလို နူးညံ့တဲ့ ဆံပင်လေးတွေက ယုမိရဲ့ ပါးနှစ်ဘက်ကို ကလူကျီစယ်လို့။
ယုမိကို ဘာမေးမှာလဲဟင်
ယုမိ ဒီမှာကြည့်စမ်း ဒီပန်းချီကားပေါ်မှာ စာတွေရေးထာတာ ရှိတယ်။ အဲဒီ စာလေးတွေရဲ့ အဓိပ္ပာယ်ကို ကိုယ့်ကို ဘာသာပြန်ပြပါလား။
ဟို ဟို ယုမိ မဖတ်တတ်ဘူးရှင်း
ဟင် ဒါ ဂျပန်လို ရေးထားတာ မဟုတ်ဘူးလား
ဟိုက် ဟိုက် ဂျပန်လို ရေးထားတာ ဟုတ်မှန်ပါတယ်။ ဒါပေမယ့်။ ယုမိ ခန်းကြီးစာ အကုန် မသိဘူး။ မိုမို ဒီပုံကို ဘာလို့ ဟို ဟို သဘာ သဘော သဘောကျတာလဲဟင်
ဒီမှာလေ ယုမိရဲ့ ပန်းချီကားထဲက မိန်းကလေးက ကလောင်တံနဲ့ စာရွက်လေးနဲ့ ကိုင်ထားတယ် မဟုတ်လား။ အဲဒါတွေ့တော့ ကိုယ့်ရဲ့ ပန်းပွင့်လေးမေမေကို သတိရသွားတာနဲ့ ၀ယ်လာခဲ့လိုက်တာ။
ပန်းပွင့်လေး မေမေကို ဘာလို့ သတိရသွားတာလဲ။
ပန်းပွင့်လေး မေမေက တက္ကသိုလ်က ဆရာမလေ ယုမိရဲ့။ စာရွက်နဲ့ ကလောင်တံလေးနဲ့ ကိုင်ထားတဲ့ပုံတွေ့တော့ ကိုယ့်စိတ်ထဲမယ် ပန်းပွင့်လေး မေမေလို့ပဲ အောက်မေ့မိလို့ သတိရသွားတာ။
ယုမိ မှတ်မိတယ်။ မိုမိုပြောဖူးခဲ့တယ်လေ။ ပန်းပွင့်လေး မေမေက ဆရာမဆိုတာ။ ယုမိတို့က ဆရာမဆိုရင် အများကြီးကို အရမ်းကြီးကို ဟို ဘယ်လို ပြောရသလဲ။ ရစပက် . . .
လေးစားတယ်လို့ ခေါ်တယ် ယုမိရဲ့
ဟိုက် ဟိုက် အရမ်းကြီးကို လေးစားတယ်။ ပန်းပွင့်လေးမေမေက ဒီပန်းချီကားလေး တွေ့ရင် သိပ်ကို ပျောသွားမှာဘဲနော်
ကိုယ်ဓာတ်ပုံရိုက်ပြီး ပို့လိုက်ပြီးပြီ ယုမိရဲ့ သဘောကျတယ်တဲ့
မိုမို ဒီပုံလေးက မိုမို ဆွဲထားတာလားဟင် ဒီတစ်ယောက်က မိုမိုနဲ့တူတယ် ဒီကလေးငယ်က ပန်းပွင့်လေးလားဟင်
ဟုတ်တယ် ဒါ ကိုယ်နဲ့ ပန်းပွင့်လေးပုံလေ ကယ်ရီကေချာဆွဲပေးထားတာ။ ပန်းပွင့်လေးတို့နဲ့ လျှောက်လည်တုန်းက အပျော်ဆွဲထားတာပါ။
ကယ်ရီကေချာကို မြန်မားလို ဘယ်လို ခေါ်လဲဟင်
အဲ ဟို အဲလိုပဲ ခေါ်တယ်။ မြန်မာလို ရုပ်ပြောင်လို့ ခေါ်ကြတာတော့ ရှိတယ်။ ဒါပေမယ့် အဓိပ္ပာယ် မတူပါဘူး။ ကယ်ရီကေချာလို့ ခေါ်တာ အကောင်းဆုံးပါ။ နေအုံး ယုမိကိုယ် ကော်ဖီတိုက်မယ်။
ဆူမီမန်စယ်။ နေပါစေရှင် ယုမိကော်ဖီလုပ်ပါမယ်။ မိုမိုးလုပ်ရင် ဟိုတစ်ခါလို နို့ နို့ ဟို
ဘာလဲ ယုမိ နို့ဆီတွေ အများကြီး ထည့်မှာ စိုးလို့လား။ ယုမိ နို့ဆီနဲ့ မသောက်တတ်တာ ကိုယ်သိပါပြီ။ ဒီတစ်ခါ နို့မှုန့်နဲ့ ဖျော်ပေးပါမယ်။ ကဲ မယ်မင်းကြီးမ ထိုင်ခုံပေါ်မှာပဲ စိတ်အေးလက်အေး စံနေတော်မူပါ။ ကျွန်တော်မျိုးကြီး ဖျော်ပေးပါ့မယ်။
မိုမိုး စကားပြောတွေကလည်း ဟိုတစ်ခါ မိုမိုးကြည့်ခိုင်းတဲ့ မူဘီထဲကလိုပဲ။ နားလည်သလိုလို ရှိတယ်ပေမယ့် နားလည်တာ မဟုတ်ဘူး
အော် အဲဒါတောင် မေးဖို့ မေ့နေတာ ဘယ်နှယ်လဲ ကိုယ်ပေးလိုက်တဲ့ သူ့ကျွန်မခံပြီဇာတ်ကား ကြည့်လို့ကောင်းလား
ဟိုက် ကြည့်တာကောင်းတယ် စကားပြောတာက လူတွေလို မဟုတ်ဘူး။ ဟော ပြုံးပြန်ပြီ ယုမိပြောတာ မှားသွားလား။
စကားပြောတာ လူတွေလို မဟုတ်ဘူးဆိုတာကို သဘောကျလို့ပါ ယုမိရယ်။ ဇာတ်ကားထဲမှာ ပြောတဲ့ စကားတွေက ရှေးတုန်းက ပြောတဲ့ စကားပြောဟန်တွေလေ။
အော် ယုမိ သိပြီ။ ယုမိ ဘားမိတက်တုန်းက လင်ဂွစ်စတစ်ကာ သင်ရတယ်လေ။ အဲဒါမျိုးကို စတိုင်လစ်စတစ်ကာထဲမှာ တွေ့ရတယ်။ အတိတ်ခေတ်က ပြောတဲ့စကား။ အခုခေတ်က ပြောတဲ့စကား မတူကြဘူးဆိုတာ . . . အဲဒါ ထားလိုက်ပါ မိုမိုရဲ့ ခုနက ဘာပြောလိုက်တာလဲဟင် ဟို စံ စံ နေတောပါဆိုတာ
စံနေတော်မူပါလို့ ပြောတာက သက်တောင့်သက်သာ နေပါလို့ ပြောတာပါ။
ယုမိ မှတ်မိပြီး ရီလက်ဇ် ရီလက်ဇ် ကို ပြောတာမဟုတ်လား
အိုကေ အိုကေ အိုကေ သခင်မဖုရားလေး ကျွန်တော်မျိုးကြီးရဲ့ ထိုင်ခုံပေါ်မှာ စိတ်အေးလက်အေး စံနေတော်မူပါ ကျွန်တော်မျိုးကြီး ကော်ဖီ ဖျော်ပါ့မယ်။
မိုမိုး
ဘာလဲ ယုမိရဲ့
မိုမိုး ရေးတဲ့စာတွေကို ယုမိ ဖတ်ကြည့်တယ်
ကောင်းလား
ဘာသာ နည်းနည်း နားလည်တယ် ထင်တယ်။ အကုန်နားမလည်ဘူး။ မိုမိုဘားမီးက ခက်တယ်။ မိုမို ပြုံးပြန်ပြီ
သဘောကျလို့ပါ ဒေါ်ယုမိရယ်။ ယုမိက မြန်မာလူမျိုးမှ မဟုတ်တော့ မြန်မာစာက ခက်မှာပေါ့။ အဲဒါ မဆန်းပါဘူး။ ကဲ ရော့ သောက်။ ယုမိအကြိုက် အချိုလျှော့ထားတယ်။ နို့ဆီ မထည့်ဘဲ နို့မှုန့်နဲ့ ဖျော်ထားတဲ့ ဗိုလ်ကောင်းကော်ဖီ။
မိုမို ဟိုတစ်နေ့က မိုမိုတင်ထားတဲ့ သီချင်းလေးကို ဒီတစ်ခါလာလည်ရင် ဆိုပြမယ်ဆို။
အာ အတူတူပဲကို ။ တင်ထားတာလည်း ကိုယ်ဆိုထားတာပဲလေ
ယုမိက မိုမိုသက်ရှိဆိုနေတာကို နားထောင်ချင်လို့ပါ။ ပြီးတော့ ဟိုဟို လစ်ပ်စ် လစ်ပ်စ် ပါးစပ်က လှုပ်တာကို ကြည့်ချင်လို့
ကဲ အဲသလောက်တောင် နားထောင်ချင်လည်း မယ်မင်းကြီးမ ဒီပက်လက်ကုလားထိုင်ပေါ်ကို ကြွ။ တယောက ဒီမှာ ထိုင်တီးလို့ မရဘူး။ ကိုယ်က ထိုင်ခုံမှာ ထိုင်ပြီး . . . ဟာ မရဘူးလေ။ တယောတီးရင်းနဲ့ ကိုယ်က သီချင်းမှ မဆိုတတ်တာ။ သိပြီး ဟိုတစ်နေ့က ကြီးတော်ကျုပ်ကို သီချင်းဆိုပြမယ် ပြောထားတာလည်း ရှိတယ်လေ။ အဲဒါ အရင်ဆိုပြ။ ကိုယ် တယောတီးမယ်။
မိုမိုးနော် စကားပြောရင် ဗေးရီးယပ် အဒရက်စ်တွေနဲ့။ အဲလိုမှန်းသိရင် ယုမိ မတောင်းဆိုပါဘူး။ အခုတော့ ယုမိပဲဆိုပြရတော့မယ်။
ဆိုလိုက်ပါ ယုမိလေးရယ်။ ကိုယ်နားထောင်ချင်လို့ပါ။ ယုမိလေးက လိမ္မာသားနဲ့
. . . ကျွန်တော်က တယောကို အသံစမ်းနေတဲ့အချိန်မှာ ယုမိကလည်း သီချင်းကို တိုးတိုးလေး စမ်းဆိုကြည့်နေတယ်။ မျက်လွှာလေးချပြီး ပန်းသွေးရောင်နုတ်ခမ်းပါးလေးနဲ့ သီချင်းလေး တိုးတိုးညည်းနေတဲ့ ယုမိကိုကြည့်ပြီး ကျွန်တော် သက်ပြင်းဖွဖွ ချမိပါတယ်။
အော် ယုမိ ယုမိ

ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်


. . . သင်္ကြန်အပျော်ကို သိပ်ပြီး မက်မက်စက်စက် မရှိလှပေမယ့် အွန်လိုင်းက မြန်မာပြည်သင်္ကြန်ကို မြင်တော့လည်း အလွမ်းသား။ အထူးသဖြင့် သားတွဲလောင်း သမီးတွဲလောင်းနဲ့ မိသားစု စုံစုံညီညီ ပျော်နေကြတာ မြင်ရင် မြန်မာပြည်မှာ ကျန်ခဲ့တဲ့ ပန်းပွင့်လေးတို့ သားအမိကို ဘယ်လိုလွမ်းတယ်ဆိုတာများ အွန်လိုင်းတက်ပြီး ရင်ဖွင့်ပြချင်ပေမယ့် မဖွင့်ပြရဲဘူး။ ဘာလို့လဲဆိုတော့ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲဝင်နေကြတဲ့ အသက်တွေ တဖြုတ်ဖြုတ် စွန့်လွှတ်နေရတဲ့ ဒဏ်ရာတွေ တဂျိမ်းဂျိမ်းရနေတဲ့ ညီအစ်ကို ရဲဘော်ရဲဘက်တွေရဲ့ အကြောင်းကပဲ ခေါင်းထဲမှာ အမြဲစိုးမိုးနေလေတော့ သူတို့ကတောင် ဒီလောက်စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်နေကြတဲ့ အချိန်မှာ သက်တောင့်သက်သာ ပညာသင်ခွင့်ရနေတဲ့ ဗိုလ်ကောင်းက ဘယ်လို နှလုံးသားမျိုးနဲ့ အလွမ်းတွေ ခင်းပြနေ၀ံ့မှာလဲဗျာ။ သားတစ်ကွဲ မယားတစ်ကွဲ မိသားစုနဲ့ ဆွေမျိုးတွေ ချစ်သူရည်းစားတွေရဲ့ အဝေးမှာ ရောက်နေရတာချင်း အတူတူ ဘယ်နေ့ဒဏ်ရာရလို့ ဘယ်နေ့ ရန်သူ့ကျည်သင့်မလဲ မသိတတ်နိုင်တဲ့ ပင်ပင်ပန်းပန်း တိုက်ပွဲဝင်နေတဲ့ စစ်သည်တော်တွေရဲ့ မျက်နှာမှ မထောက် ကျွန်တော်က ဖွဲ့နွဲ့ လွမ်းပြနေမယ်ဆိုရင် ကျွန်တော့်လောက် ရဲဘော်ရဲဘက်စိတ်ကင်းသူ ရှိပါအုံးတော့မလား။

. . . ပြီးခဲ့တဲ့ အပတ်လောက်က တပ်ထဲမှာရှိတဲ့ အမျိုးအရင်းဆုံး တစ်ဦးတည်းသော ညီငယ်လေး၊ လောက်ကိုင်ဒေသမှာ တိုက်ပွဲဝင်ရင်း ဒဏ်ရာရခဲ့တယ်။ နောင်တော်တွေ ညီငယ်တွေ သူငယ်ချင်းတွေ ကျဆုံးကြ ဒဏ်ရာရကြနဲ့ ခံစားခဲ့ရတဲ့ သောကဟာ အရင်အခါတွေမှာတော့ ကျွန်တော့်တစ်ဦးတည်းကိုပဲ လောင်မြိုက်ခဲ့ပေမယ့် ဒီတစ်ခါ သောကမီးက ကျွန်တော့် အမေရယ် မောင်နှမတွေရယ်နဲ့ ဆွေမျိုးနီးစပ်တွေကိုပါ လောင်မြိုက်နေခဲ့ပါတယ်။ ပထမ လားရှိုးဆေးရုံကနေ ပြင်ဦးလွင် ဆေးရုံကိုပြောင်း။ ပြင်ဦးလွင်မှာ ရှိတဲ့သူငယ်ချင်းတွေကို သွားကြည့်ပေးပါအုံးပြောရ။ ဒဏ်ရာအခြေအနေ ဘယ်လိုလဲ မေးရ။ စိုးရိမ်စရာအခြေအနေက ကျော်လွန်သွားပါပြီဆိုတာ သိတော့မှ နည်းနည်း စိတ်အေးရ။ အမေနဲ့ ဆရာဝန်ညီမလေးတို့ သွားကြည့်ခဲ့ပါတယ်ဆိုလို့ အမေတစ်ယောက် ဘယ်လောက်တောင် ပူပင်သောက ရောက်လိမ့်မလဲဆိုတာ ခန့်မှန်းမိပါတယ်။ ညီငယ်လေးကို ကိုယ်တိုင်ဖုန်းဆက်ပြီး အားပေးချင်ပေမယ့် သူ့အခြေအနေက သေချာမသိရတော့ ဖုန်းပြောလို့ရမရ မသိရလို့ ဒီနေ့အထိ ညီငယ်လေးအသံ မကြားရသေးပါဘူး။

. . . အရင်ကတည်းက ခံစားနေခဲ့ရတာပေမယ့် ကိုယ့်ညီလေး တိုက်ပွဲမှာ ဒဏ်ရာရတဲ့အကြောင်း သိပြီးတဲ့နေ့ကစပြီး ကျွန်တော်လည်း စိတ်မှာ ပိုလို့နာကျင်မိပါတယ်။ ကျွန်တော့်ရဲ့ ရဲဘော်ရဲဘက် ညီအစ်ကို သူငယ်ချင်းတွေ အသက်ကိုတောင်စွန့်ပြီး တိုက်ပွဲဝင်နေရချိန်မှာ ဘေးကင်းရန်ကင်း သာသာယာယာ နေခွင့်ရနေတဲ့ ကိုယ့်ကိုယ်ကိုလည်း တာဝန်မကင်းသလို ခံစားရပါတယ်။ သူတို့တွေအတွက် အားပေးစကားတွေ နှစ်သိမ့်စကားတွေလည်း မပြောပြတတ်လောက်အောင် ဆွံ့အနေမိပါတယ်။ သူတို့ကို ဘယ်လို သတ္တိမျိုးနဲ့ ကျွန်တော်က အားပေးရမှာလဲ။ စစ်မြေပြင်မှာ စွန့်စွန့်စားစား တိုက်ပွဲဝင်ရင်း ကာယစိတ္တ သတ္တိနှစ်ပါးကို လက်တွေ့ကျကျ ထုတ်ပြသွားကြတဲ့ ကျွန်တော့် ရဲဘော်ရဲဘက်တွေကို ကျွန်တော်က ဘယ်လို သတ္တိမျိုးနဲ့ အားပေးနှစ်သိမ့်ရမှာလဲ။ ကျွန်တော်က ဘယ်လောက်တောင် သတ္တိတွေကောင်းနေလို့ သူတို့ကို အားပေးရမှာပါလိမ့်။

. . . အခုနေ ကျွန်တော့်ညီလေးကို တွေ့ရတယ်ဆိုရင်တောင် ဘယ်လို မျက်နှာမျိုးနဲ့ သူ့ရှေ့ကို သွားရမလဲ ဆိုတာ မတွေးတတ်နိုင်အောင်ပါပဲ။ ကျွန်တော်တို့လို လူစားတွေ ကျည်လွတ်မြေမှာ စိတ်အေးချမ်းသာ ပညာသင်ကြားနေနိုင်အောင် ကျွန်တော့်ညီလေးနဲ့ ရဲဘော်ရဲဘက်တွေက ကျွန်တော်တို့ အတွက် အလုပ်တွေပိုလုပ်နေရတယ်။ အနည်းဆုံး ကျွန်တော် လုပ်ရမယ့် အလုပ်ဝန်ထုပ်တွေကို သူတို့က ပိုထမ်းထားပေးရတယ်။ ကျွန်တော့် ရဲဘော်ရဲဘက်တွေက ပိုလုပ်ပေးထားတဲ့ အလုပ်ကြွေးတွေကို ကျွန်တော် ဘယ်တော့များမှ ဘယ်လို ပြန်ဆပ်ခွင့် ကြုံပါမလဲ။ သူတို့ကိုယ်တိုင်တောင်မှ အထူးတလည် သတိထားမိမှာ မဟုတ်တဲ့ ကျေးဇူးကြွေးတွေကို ကျွန်တော် ဘယ်လို ပြန်ဆပ်ရမလဲဗျာ။ ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် ကျွန်တော့် ရဲဘော်ရဲဘက်တွေက ပြုပေးထားတဲ့ ကျေးဇူးတွေကို ဒီဘ၀မှာတင် ပြန်ဆပ်ခွင့်ရသောကိုယ် ဖြစ်ရပါလို၏လို့ ဆုတောင်းမိမှာပဲ။

New Year Resolution


. . . ဒီစိတ်ကူးနဲ့ စပြီး မိတ်ဆက်ပေးခဲ့တာတော့ ဗိုလ်ကောင်းတို့ကို သားတွေလို ချစ်တဲ့ ဗိုလ်ကောင်းတို့ကလည်း အမေလိုချစ်တဲ့ ဆရာမကြီး ဒေါ်ဝင်းရှီရှို ဖြစ်ပါတယ်။ တီချယ်ဝင်းက အင်္ဂလိပ်စာ စွမ်းရည်လေးခု သင်တဲ့အခါ စကားပြောစွမ်းရည်အတွက် ခေါင်းစဉ်တွေပေးပြီး အခါအားလျော်စွာ အတန်းရှေ့ ထွက်ပြောခိုင်းတတ်ပါတယ်။ အရင်ကတော့ ဒီအကြောင်းအရာမျိုး တစ်ခါမှ မကြားဖူးပါဘူး။ တီချယ်ဝင်း မိတ်ဆက်ပေးလို့သာ နှစ်သစ်အဓိဌာန်ဆိုတာမျိုး ထားရကောင်းမှန်းသိပြီး အမြဲတမ်းလည်း ချမှတ် ကျင့်သုံးဖြစ်တာဖြစ်တဲ့အတွက် တီချယ်ဝင်းကို အများကြီး ကျေးဇူးတင်ပါတယ်။
. . . မြန်မာလို နှစ်သစ်အဓိဌာန်ပဲ ဆိုကြပါစို့။ ငါသည် ဒီနေ့မှစ၍ ဒီတစ်နှစ်အတွင်း ဘာလုပ်မယ်ညာလုပ်မယ်။ ဆင်ဖမ်းမယ် ကျားဖမ်းမယ်ပေါ့ဗျာ။ ကျွန်တော်ကတော့ တီချယ်ဝင်း ရဲ့ စကားပြောသင်ခန်းစာ ပြီးကတည်းက နှစ်တိုင်းလိုလို နှစ်သစ်အဓိဌာန်တွေ ချမှတ်ပြီး ကိုယ့်ကိုယ်ကို တည်ဆောက်ပြုပြင် မြန်ပြည်တစ်ခွင် လုပ်လာခဲ့တာ အခုဆိုရင် ဆယ့်သုံးနှစ်တောင် တိုင်ခဲ့ပြီပေါ့ဗျာ။ အခု ဒီစာကို မရေးခင် ကျွန်တော့်ရဲ့ မှတ်စုတွေ သိမ်းထားတဲ့ ဘလော့ထဲ ၀င်ကြည့်မိတော့ ကိုယ်ကိုယ်တိုင် လိုက်နာစောင့်ထိန်းဖို့ ချမှတ်ခဲ့တဲ့ အဓိဌာန်တွေထဲမှာ လေးလေးနက်နက် စကားလုံးကြီးကြီးတွေ ပါသလို ပေါ့ပေါ့ပါးပါး ကိစ္စလေးတွေလည်း ပါခဲ့တာကို တွေ့မိပါတယ်။ ဥပမာ ပြောရရင် လမ်းလျှောက်တာ တအားမြန်လို့ လမ်းလျှောက်တဲ့အခါ ခုန်ဆွခုန်ဆွ ဖြစ်နေတယ်လို့ သူငယ်ချင်းတွေက ပြောကြလွန်းလို့ ငါသည် အိနြေ္ဒရရ လမ်းလျှောက်ပါမည်။ အထူးသဖြင့် တက္ကသိုလ်ဝင်းထဲတွင်လည်းကောင်း မိန်းမချောလေးများ ရှေ့တွင်လည်းကောင်း အထူးအိနြေ္ဒရစွာ လမ်းလျှောက်ပါမည် ဆိုပြီး ကိုယ့်ကိုယ်ကို စည်းကမ်းထုတ် ပြုပြင်ခဲ့ရဖူးတယ်ဗျ။ နောက်တစ်ခုက ကျွန်တော်ကိုယ့်ကိုယ်ကို ပြုပြင်ဖို့ လိုအပ်ချက်လို့ ထင်မိတဲ့ ကိစ္စတစ်ခုကိုလည်း အဓိဌာန်နဲ့ ထိန်းသိမ်းခဲ့ဖူးတယ်။ တစ်ခုခုဆို ကျွန်တော်က ဒေါသကြီးတတ်တယ် ပြီးတော့ စိတ်ထဲမှာ ရှိရင် ရှိသလို မတိုင်းမဆ ပြောပြောမိတတ်လို့ နောက်ကျမှ စိတ်မကောင်းတွေဖြစ်ပြီး ပြန်တောင်းပန်ရ ပြန်ချော့ရ မိတ်တွေပျက်ရတွေလည်း ဖြစ်ဖြစ်နေတာလေးတွေကို လျော့နည်းသွားအောင်ဆိုပြီး ငါသည် ယနေ့မှစ၍ တစ်နှစ်အတွင်း စိတ်လိုက်မာန်ပါ မလုပ်တော့ပါ ဆိုပြီး လည်း အဓိဌာန်ဖူးတယ်ဗျ။ နောက်ဥပမာ တစ်ခုပေးရရင် အားကစားမလုပ်ဖြစ်လို့ နေ့စဉ်ပုံမှန် အပြေးလေ့ကျင့်ပါမည်ဆိုပြီး အဓိဌာန်ထားမိလို့ အဆောင်အောက် ဆင်းမပြေးချင်တာတောင် အဆောင်ကော်ရစ်ဒါမှာ ပတ်ပြေးနေရလို့ တစ်ဆောင်တည်းနေ သူငယ်ချင်းတွေ မေတ္တာပို့တာကိုလည်း ခံရဖူးသဗျ။ အဲသည်နှစ်က ရန်ကုန်တက္ကသိုလ်ပတ် အပြေးပြိုင်ပွဲမှာ ပထမရခဲ့သေးတယ်
. . . အဓိဌာန်တွေကတော့ အမျိုးမျိုးပေါ့လေ။ ကာယကံ စောင့်ထိန်းမယ့်အဓိဌာန်၊ ၀စီကံစောင့်ထိန်းမယ့် အဓိဌာန်၊ မနောကံ စောင့်ထိန်းမယ့်အဓိဌာန်၊ ကိုယ့်ကိုယ်ကို တားမြစ်တဲ့ အဓိဌာန်၊ ကိုယ့်ကိုယ်ကို တိုက်တွန်းတဲ့ အဓိဌာန်၊ မိသားစုနဲ့ ပတ်သက်တဲ့အဓိဌာန်၊ သူငယ်ချင်း အပေါင်းအသင်းနဲ့ ပတ်သက်တဲ့ အဓိဌာန်၊ သောက်ကျင့်လေးတွေနဲ့ ပတ်သက်တဲ့ အဓိဌာန် စသည်ဖြင့် အမျိုးမျိုးပေါ့။ အဓိဌာန်ပြီး လုပ်ရော လုပ်ရဲ့လားဆိုတာကတော့ ကိုယ့်အပေါ်နဲ့ ကိုယ့်ပတ်ဝန်းကျင်အပေါ်တော့ မူတည်သေးတာပေါ့။ ဒါပေမယ့် ဒီစာကို ဖတ်ရင်း အဲသည်လို နှစ်သစ်အဓိဌာန်လုပ်ချင်စိတ်ပေါက်သွားလို့ လုပ်တော့မယ်ဆိုရင် အဓိဌာန်အောင်ရာသော အချက်လေးတွေ ပြောပြမယ်ဗျ။
. . . ပထမဆုံး အရေးကြီးဆုံးအချက်က ကိုယ်လုပ်နိုင်တာကိုပဲ အဓိဌာန်ဖို့ပါ။ တကယ်လုပ်လို့ရတဲ့ လက်တွေ့ကျတဲ့ အဓိဌာန်မျိုးမှ တကယ်လုပ်ဖြစ်လိမ့်မယ်။ အဲသည် အဓိဌာန်ကို စာရွက်နဲ့ ချရေးဗျ။ သိပ်တော့ မများစေနဲ့။ ကျွန်တော်ဆိုရင် လေးချက် ငါးချက် အလွန်ဆုံးပဲ။ ကိုယ်တိုင် ပြုပြင်ယူရင်လည်း ရတယ်။ လိုက်နာစောင့်ထိန်းခြင်းအားဖြင့်လည်း ကိုယ့်အတွက် တကယ်အကျိုးရှိတယ်လို့ ယုံကြည်တဲ့ အချက်တွေထဲက လက်တွေ့အကျဆုံးနဲ့ တကယ် အလိုအပ်ဆုံး လေးငါးချက်လောက်ကို ရွေးပြီး စာရွက်ပေါ် ချရေးလိုက်။ ပြီးရင် နေ့တိုင်း ကိုယ်တိုင်မြင်နေရမယ့် နေရာမှာ အဲသည်စာရွက်ကို ကပ်ထားလိုက်ဗျ။ အဲဒါ ကိုယ့်ကိုယ်ကို သတိပေးနေသလိုပဲ။ အရေးကြီးတာ တစ်ခုက ပတ်ဝန်းကျင်ရဲ့ ပူးပေါင်းကူညီမှုကိုလည်း ယူဖြစ်အောင် ယူဗျ။ ကိုယ်နဲ့ အတူနေတဲ့ သူငယ်ချင်းတွေ ကိုယ်နဲ့ နီးနီးစပ်စပ် ဆက်ဆံ ပေါင်းသင်းနေတဲ့အထဲက လုပ်ငန်းခွင်ထဲက ကိုယ့်အဓိဌာန်ကို ပျက်ရယ်မပြုလောက်မယ့် သူတွေကို ကိုယ့်ကိုယ်ကိုယ် ဘာတွေလုပ်ဖို့ မလုပ်ဖို့ ပြုပြင်ဖို့ ဆုံးဖြတ်ထားတဲ့အကြောင်း သူတို့ကို အသိပေးထားဗျ။ အဲဒါဆို ဒီမိုကရေစီ စကားနဲ့ ပြောရရင် ထိန်းကျောင်းမယ့်သူတွေ ရှိသွားသလိုပဲ။ တကယ်ပြောတာ။ ကိုယ့်ကိုယ်ကို တိတ်တိတ်ကလေး ဆုံးဖြတ်ပြီး လုပ်နေတာနဲ့ စာရင် ဘေးပတ်ဝန်းကျင်ကပါ သိနေတော့ ပိုလိုက်နာဖြစ်တယ်ဗျ။ ဘာနဲ့ တူလဲ ဆိုတော့ ကိုယ့်အခန်းကိုယ် စာကြည့်တာနဲ့ စာကြည့်တိုက်ထဲ သွားထိုင်ကြည့်တာ ကွာသလိုပဲဗျ။ စာကြည့်တိုက်မှာက ဘေးမှာလည်း ကိုယ့်လို စာဖတ်တဲ့သူတွေ ရှိနေတော့ ဘယ်သူကမှ တကူးတက ကိုယ့်ကို စောင့်မကြည့်နေဘူး ဆိုတာတောင် ပိုပြီး ဖင်မြဲတယ်ဗျ။ ကိုယ့်အခန်းထဲမှာကိုယ်ဆို ရေထသောက်သလိုလို သီချင်းထဖွင့်သလိုလို၊ တံမျက်စည်းထလှည်းသလိုလိုနဲ့ ဂနာမငြိမ်တတ်ဘူးလေ။
. . . နောက်ပြီးရင် အခါအားလျော်စွာ ကိုယ့်ရဲ့ လိုက်နာလုပ်ဆောင်နိုင်စွမ်းအားကို ပြန်ပြန် သုံးသပ်ဖို့လည်း လိုသေးတယ်။ ဘယ်လောက် လိုက်နာနိုင်ခဲ့လဲ။ ဘယ်လောက် ပျက်ကွက်ခဲ့သလဲ။ လိုက်နာနိုင်တာ ဘာကြောင့်လဲ။ ပျက်ကွက်ခဲ့တာရော ဘာကြောင့်လဲ။ ဒီအကြောင်းဒီအကြောင်းတွေကြောင့် ဆိုတာ သိရင် ကိုယ့်အဓိဌာန် အောင်မြင်ဖို့အတွက် ဘယ်လိုရှေ့ဆက်လျှောက်ရမလဲဆိုတာ ပိုပြီး ရှင်းရှင်းလင်းလင်း မြင်ရတယ်ဗျ။
. . . တစ်ချို့က ပြောကြမှာပဲ။ ဒါလေး ပြုပြင်ဖို့များတော့ တစ်နှစ်မလိုပါဘူး။ တစ်လလောက် အလေ့အကျင့်လုပ်လိုက် ရတာပဲဆိုပြီး။ မှန်ပါသော်ကောဗျာ။ ဗိုလ်ကောင်း သူငယ်ချင်းတစ်ယောက်ဆို တစ်ပတ်တစ်ခါ အဓိဌာန်ချတယ်။ အဲသည်တစ်ပတ်အတွင်းမှာ အဲဒါကို သေချာ လိုက်နာတယ်။ တစ်ပတ်ပြည့်ရင် အဓိဌာန်အသစ်ချတယ် လိုက်လုပ်တယ်ပေါ့။ အဲသည်နည်းကလည်း တော်တော်လေး အလုပ်ဖြစ်တဲ့နည်းလို့ ဆိုရမယ်ဗျ။ အဲသည်သူငယ်ချင်းကဆို သူဘာလုပ်မယ်ဆိုတာ ကျွန်တော့်ကိုလည်း ပြောပြတယ်။ အနည်းဆုံး ကျွန်တော့်ရှေ့မှာတော့ သူစောင့်ထိန်းစရာကို စောင့်ထိန်းနိုင်တာတွေ့ရတယ်ဗျ။ အဲသည်နည်းက တော်တော် အောင်မြင်တယ်လို့လည်း ပြောပါတယ်။ ဒါကြောင့် နှစ်သစ် အဓိဌာန်အကြောင်း ပြောပြတယ် ဆိုပေမယ့် အပတ်စဉ် အဓိဌာန် လစဉ် အဓိဌာန် စသည်ဖြင့်လည်း လုပ်လို့ ရပါတယ်ဆိုတာ ပြောပြတာပါ။ တစ်ချို့ကျတော့လည်း မွေးနေ့ရောက်တိုင်း အဓိဌာန်လုပ်သတဲ့။ နောက်နှစ်မွေးနေ့မှာ ငါ့ကိုယ်အလေးချိန် ဘယ်လောက်ထက် မကျော်စေရဘူး စသည်ဖြင့်ပေါ့။
. . . ဗိုလ်ကောင်းလည်း ဒီနှစ်အတွက် နှစ်သစ်ကူး အထိမ်းအမှတ် ဘာအဓိဌာန်လုပ်ရရင် ကောင်းမလဲဆိုတာ စဉ်းစားနေတာ။ ဟိုဟာလေးဆို ကောင်းမလားလို့။ ဘာတဲ့ . . . ငါသည် ကျောင်းသူလှလှလေးများကို တွေ့သောအခါတိုင်း . . . . .
(Photo : "The Spring has come to my window)

သင်္ကြန်ရောက်တိုင်း လွမ်းတယ်


. . . သင်္ကြန်အကြောင်း ပြောကြစတမ်းဆိုရင်တော့ ဗိုလ်ကောင်းမှာလည်း လွမ်းစရာလေးတွေ အပုံကြီး ရှိပါသော်ကောဗျာ။ ပန်းပွင့်လေး မေမေကို ပြန်မပြောဘူး ဆိုရင်တော့ ဗိုလ်ကောင်းရဲ့ ဆယ်ကျော်သက် ရင်ခုန်သံလေးကို စမြုံ့ပြန်ပြချင်သဗျ။
. . . လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်နီးပါး တိတိကျကျပြောရရင်တော့ လွန်ခဲ့တဲ့ ဆယ့်ကိုးနှစ် ၁၉၉၆ မြန်မာ့ခရီးသွားနှစ်ရဲ့ နှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့မှာပေါ့ဗျာ။ နေရာကတော့ နေပြည်တော် ပျဉ်းမနားက နာမည်ကြီး လှေခွင်းတောင်ခြေက ပေါင်းလောင်းမြစ်ထဲမှာပေါ့။ ဆယ်တန်းဖြေပြီးလို့ စိတ်ရောလူရော အနားရနေတဲ့အချိန် အိမ်ကလည်း ခွင့်ပေးထားတဲ့အချိန်ဆိုတော့ ၀မ်းကွဲအစ်ကိုတွေရှိတဲ့ ပျဉ်းမနားမှာ အစ်ကို့သူငယ်ချင်းတွေနဲ့အတူ သင်္ကြန်ကို ကျော်ဖြတ်ကြတာ။ အဲသည် အစ်ကို့ သူငယ်ချင်းဆိုတာလည်း ယောက်ျားလေးရော မိန်းကလေးရောဗျ။ တော်တော်လည်း ချစ်ကြတဲ့ သူငယ်ချင်းတွေဗျာ။ အရင်ရက်တွေ လည်နေပတ်နေကြတုန်းကတော့ အဲသည်ကောင်မလေးကို သတိမထားမိဘူးဗျ။ နောက်ဆုံးနေ့ နှစ်ဆန်း တစ်ရက်နေ့ကျမှ သူ့ကို သတိထားမိတာ။
. . . ဇာတ်လမ်းက ဒီလို။ ဗိုလ်ကောင်းသူငယ်ချင်းဖြစ်လာတဲ့ အစ်ကို့သူငယ်ချင်းက လှေခွင်းတောင်ခြေ ပေါင်းလောင်းမြစ် တစ်ဘက်ကမ်းက သာယာဝှမ်းဆိုတဲ့ ရွာလေးမှာ နေတယ်။ နာမည်နဲ့လိုက်အောင်လည်း ရွာလေးက တကယ်ကို သာသာယာယာ ချစ်စရာလေးဗျ။ အဲသည်ရွာကို သွားမယ်ဆိုရင် ဒီဘက်ကမ်းက ကျည်တောင်ရွာနဲ့ ဆက်ထားတဲ့ သစ်သားတံတားလေးပေါ်ကနေ သွားလို့ရတယ်။ အဲသည်တံတားအောက်က စီးနေတဲ့ရေ ကျွန်တော်တို့တွေ ရေအမြဲသွားသွားချိုးကြတဲ့ ပေါင်းလောင်းမြစ်ရေ ကြည်နေ စိမ်းနေပုံများတော့ ခါးလည်လောက် မြုပ်တဲ့နေရာတောင်မှ ရေအောက်ကြမ်းပြင်က ကျောက်စရစ်ခဲလေးတွေကို မြင်ရတယ်။ ပြောရင်တော့ ပိုတယ်ထင်ကြလိမ့်မယ်။ သာယာဝှမ်းသား ကျည်တောင်သားတွေ မေးကြည့်။ မြစ်ဘေးက သောင်ပြင်ဖွေးဖွေးဆိုတာလည်း နေ့ခင်း နေပူပူမှာသာ မလှရင်ရှိမယ်။ မနက် နေထွက်တပြူ ညနေစောင်းနဲ့ လသာသာ ညများမှာ ဘယ်လောက်တောင် လှလိုက်လိမ့်မလဲဆိုတာ မှန်းသာကြည့်တော့။ လသာသာညတွေမှာ ပေါင်းလောင်းသောင်ခုံပေါ် သွားပြီး လေညင်းမခံဖူးပေမယ့် သာယာဝှမ်းသား သူငယ်ချင်း ညီအစ်ကိုတွေ ပြောပြတာ နားထောင်ရတာနဲ့တင်ကို တော်တော် ဟုတ်နေလှပြီ။
. . . အဲသည်နေ့က သူလေးလည်း ပေါင်းလောင်းမြစ်ရေထဲမှာ ရေလာကစားတယ်။ ရေကစားတာတော့ အသေးစိတ် မပြောပြတော့ဘူးဗျာ။ ရေစိုစိုမှာ ကျွန်တော် မြင်ခဲ့တာလေးတွေ ဖောက်သည်ချချင်တယ်။ သူဝတ်ထားတာ ကြက်သွေးရင့်ရောင် ၀မ်းဆက်။ လက်စကအင်္ကျီလေးမှာ လည်ပင်းက ပစောက်ပုံလေးနဲ့။ ဘာလို့ အသေးစိတ် အဲသည်လောက်တောင် မှတ်မိနေရလဲ အကြောင်းရှိတယ်ဗျ။ သူလေးက အသားလေးက ဖြူဖြူလေး။ နေပူထဲမှာ တစ်နေကုန် ရေဆော့တော့ အသားဖြူဖြူလေးက နေလောင်ပြီး အသားနီနီလေး ဖြစ်နေတာပေါ့ဗျာ။ အဲသည်မှာ သူ့လက်ကလေးတွေကို ပြတယ်ဗျ။ ပြတယ်ဆိုတာထက် ဒီလိုဗျာ။ ရေထဲမှာ ကျောက်စရစ်ခဲ ရောင်စုံလေးတွေကို ကျွန်တော်က သဘောကျပြီး ကောက်တော့ သူကလည်း ကောက်တယ်ဗျ။ အီဖေကိုယ်ကလည်း အကြံနဲ့ဆိုတော့ နင်နဲ့ငါနဲ့ ကျောက်စရစ်ခဲလေးတွေ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် လက်ဆောင်ပေးကြမယ်ပေါ့။ ရော့နင်က အသားနီနီလေးဆိုတော့ အနီရောင်လေးယူ ဆိုတော့ ။ အမယ် သူများက မနီပါဘူးနော်တဲ့ အခု နေလောင်ထားလို့ အသားလေးတွေ နီနေတာ ဒီမှာကြည့် နဂိုအသားကဆိုပြီးတော့ ဘာလှန်ပြတယ်မှတ်တုန်း။ ပြောတာကို ဆက်ဖတ်အုံး ထင်ရာမြင်ရာတွေ လျှောက်တွေးမနေနဲ့အုံး။ သူ့အင်္ကျီ လက်စကလေး အစလေးကို နည်းနည်း လှန်ပြတယ်။ ဒီမှာ တွေ့လားတဲ့။ ဟုတ်ပါပြီဟာပေါ့။ ပြီးတော့ သူလည်း ကျွန်တော့်ကို ကျောက်စရစ်ခဲလေးတစ်လုံး လက်ဆောင်ပေးတယ်။ နင်က အသားညိုတဲ့သူဆိုတော့တဲ့ ဒီကျောက်ခဲ ညိုညိုလေး ယူထား တဲ့။ အဲသည်လို ကျောက်စရစ်ခဲ လက်ဆောင်လေးတွေ အပေးအယူလုပ်ရင်းနဲ့ သူ့ကုပ်ပိုးက မှည့်နီနီလေးတွေကို သတိထားမိသွားတယ်။ ဒါကြောင့် အဲသည်နေ့က သူလေး ၀တ်ထားတဲ့ အကျီင်္ဘယ်လိုပုံဆိုတာ မှတ်မိနေရတာပါဗျာ။
. . . နောက်ပိုင်းတော့ ခေတ်ကာလ ဆက်သွယ်ရေးစနစ်အတိုင်း သူ့ဆီကို ပန်းပုံလေးတွေ အသည်းပုံလေးတွေ အင်္ဂလိပ်ကဗျာအပိုင်းအစလေးတွေပါတဲ့ စာအိတ်ရောင်စုံ စာရေးစက္ကူရောင်စုံလေးတွေနဲ့ စာရေးတယ်ဗျ။ သူကတော့ စာမပြန်ပါဘူး။ ဖုန်းဆက်ရင်တော့လည်း ကောင်းကောင်းမွန်မွန် ပြန်ပြောသားဗျ။ ဘ၀ချင်းကလည်း ခြားခဲ့သကိုးဗျာ။ သူက ပျဉ်းမနားမြို့ပေါ်က အဖေဆရာဝန် အမေဆရာဝန်ရဲ့ ကြေးရေတတ်သမီးချော။ ဒီကမောင်က ပျဉ်းမနားဆိုတာ တစ်ခါတစ်လေမှ သွားခွင့်ကြုံရတဲ့ ဇနပုဒ် ကျေးတောသား။ ဘ၀ချင်းက တကယ်ကို ခြားခဲ့တာပါဗျာ။ ဘ၀ချင်း ခြားခဲ့ပေမယ့် သူပေးခဲ့တဲ့ ကျောက်စရစ်ခဲ အညိုလေးကတော့ ကျွန်တော့် အမှတ်တရလေးတွေ သိမ်းထားတဲ့ ကတီပါသေတ္တာလေးထဲမှာ ပေးခဲ့တဲ့ ရက်စွဲအချိန်နေရာမှတ်တမ်းစာရွက်လေးနဲ့တကွ အခုထိ ရှိနေတုန်းပါပဲ။
. . . ဒီလိုနဲ့ သူလေးရယ် ပေါင်းလောင်းမြစ်ကြီးရယ်နဲ့ ဝေးကွာခဲ့တာ နှစ်တွေ အတော်ကြာပေါ့။ လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က သူငယ်ချင်းတွေ ဆုံကြရင်း လှေခွင်းတောင်ခြေက ပေါင်းလောင်းမြစ်ကမ်း သွားကြမယ့်အကြောင်း စပ်မိကြတယ်။ ဆယ်ကျော်သက်လေး မဟုတ်တော့ပေမယ့် ကျွန်တော် ရင်ခုန်မိတယ်။ တစ်ချိန်တုန်းက ကျွန်တော် ရင်ခုန်ခဲ့ဖူးတဲ့ ကျောက်စရစ်ခဲလေးတွေပေါ်က ရေကြည်ကြည်လေးတွေ စီးနေတဲ့မြစ်။ နေရောင်မှာများဆို ကြယ်လေးတွေ ပွင့်သလို တလက်လက်နဲ့ ဖိတ်ဖိတ်ထနေတဲ့ မြစ်။ ကျွန်တော်ရဲ့ အသည်းနှလုံးလေး နုနယ်စဉ်က ပုဇွန်ဆိတ်ကလေးလို တဆတ်ဆတ်ခုန်စေတဲ့ ကောင်မလေးနဲ့ ဆုံခဲ့တဲ့ မြစ်။ မြစ်ပေါ်က ဖြတ်တိုက်လာတဲ့ ရေကြည်နံ့သင်းတဲ့ လေညှင်းကလေးကိုများ ရှူမိရင် ပင်ပန်းသမျှတွေ ပြေပျောက်ခဲ့ရတဲ့မြစ်။ ဒီမြစ်နံဘေးမှာ နေခွင့်ရကြတဲ့ သာယာဝှမ်းနဲ့ ကျည်တောင်ကလူတွေကို မနာလို ဖြစ်ရလောက်အောင် သိပ်လှတဲ့မြစ်။ အခု အဲသည်မြစ်ကို တစ်ခေါက် သွားရတော့မယ်ဆိုတော့ အတော်အတန် ရင့်မာနေတဲ့ ကျွန်တော့် နှလုံးသားလေး တဆတ်ဆတ်နဲ့ ထခုန်တာ လွန်သလားဗျာ။
. . . ဒါပေမယ့် ဒါပေမယ့်ဗျာ
. . . ကျွန်တော်သိတဲ့ ပေါင်းလောင်းမြစ်ကြီးရဲ့ နုပျိုလန်းဆန်းတဲ့ အလှတွေနဲ့ အိပ်မက်ခဲ့ရတဲ့ ကျွန်တော် အဲသည်နေ့မှာပဲ အိပ်မက်က လန့်နိုးခဲ့ရတယ်။ မြစ်ကမ်းကိုဆင်းတဲ့ လမ်းရဲ့ မြင်ရခါနီးအကွေ့မှာ ရည်းစားနဲ့ချိန်းထားတဲ့ကောင်လေးလို ရင်ခုန်နေတဲ့ ကျွန်တော့်ကို အရင်ဆုံး နုတ်ဆက်လိုက်တာက လှောင်ထားလို့ အောက်သိုးသိုးဖြစ်နေတဲ့ ရေနံ့ဗျ။ မြစ်ကိုလည်း ဘွားကနဲ မြင်လိုက်ရရော ကျွန်တော် မယုံနိုင်လောက်အောင် ဖြစ်သွားမိတယ်။ မြစ်ကြမ်းပြင်က ကျောက်စရစ်ခဲလေးတွေကို မြင်ရလောက်အောင် ကြည်စိမ်းနေတဲ့ ပေါင်းလောင်းမြစ်ကြီးကို အလွမ်းတွေတဝေေ၀နဲ့ မျှော်လင့်ခဲ့မိတဲ့ ကျွန်တော် တကယ်မြင်လိုက်ရတာက အနယ်တွေဒင်းကြမ်းနဲ့ ရေစိမ်းနောက်နောက်တွေ စီးနေတဲ့ မြစ်ကြီးဗျ။ ကျွန်တော်သိပ်သဘောကျတဲ့ သောင်ခုံဖြူဖြူလေးကိုလည်း မတွေ့တော့ဘူး။ နောက်ဆုံးတော့ ကျွန်တော် တကယ်သိလိုက်ရပါတယ်။ ကျွန်တော်သိပ်ချစ်ခဲ့တဲ့ ကောင်မလေး မရှိတော့သလို ကျွန်တော်ရဲ့ နှလုံးသားထဲမှာ ကြည်ကြည်လင်လင် စီးနေတဲ့ ပေါင်းလောင်းမြစ်ကြီးလည်း မရှိတော့ပါဘူး။ အမှန်ကတော့ ကျွန်တော် ပေါင်းလောင်းမြစ်ကြီးကို သွားမကြည့်ခဲ့သင့်ဘူး။ အလာတုန်းက လမ်းမှာ တဂျိမ်းဂျိမ်းမောင်းနေတဲ့ ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်း တံဆိပ်တပ်ထားတဲ့ ကားတွေကို တွေ့ရတတည်းက ကျွန်တော် သဘောပေါက်ဖို့ ကောင်းခဲ့တာ။
. . . ဗျာ . . .
ကောင်မလေးနာမည်တော့ မပြောပါရစေနဲ့တော့ဗျာ
ပန်းပွင့်လေးမေမေကို တွေ့ကတည်းက သူ့နာမည်ကို မေ့သွားတာ ခုထိပဲ

ပုံသွန်း


. . . သံပုရာသီးတန်းလို့ ကျွန်တော်တို့တွေက ကင်ပွန်းတပ်ထားတဲ့ ဆရာကြီးနာကာမူရရဲ့ အတန်းကတော့ ထုံးစံအတိုင်း ကျောင်းသားတွေအပြည့်နဲ့ စည်စည်ကားကားပေါ့။ စာမေးပွဲအများစုက စာသင်ခန်းထဲမှာတင် တစ်နာရီခွဲအတွင်း အပြီးဖြေရတာ ဖြစ်ပေမယ့် ဆရာကြီး စာမေးပွဲကတော့ ကိုယ့်ဘာသာ လွတ်လွတ်လပ်လပ် ကြိုက်တဲ့နေရာမှာ ဖြေလို့ရတယ်။ မေးခွန်းတစ်ခုကို ဖြေဖို့ နှစ်ပတ်တောင် အချိန်ရတာ။ နောက်ပြီး ဆရာကြီးက အမှတ်ပေးလည်း သိပ်ရက်ရောတာ။ ကျောင်းသားအများစုက ဆရာကြီးအတန်းကို တက်ချင်ကြတော့ မှတ်ပုံတင်တာတောင် အွန်လိုင်းကနေ အစောကြီးကတည်းက တင်ထားမှ စိတ်ချရတာဆိုတာမျိုး။ ဆရာကြီးကို အချဉ်ဖမ်းကြတာပေါ့လေ။ ဒါကြောင့် ဆရာကြီးအတန်းကို သံပုရာသီးတန်းလို့ နာမည်ပေးထားတာ။ တစ်ခုပဲ ရှိတာ။ ဆရာကြီးအတန်းမှာဆို အတန်းတက် လက်မှတ်တော့ ထိုးရတယ်။ ဆရာကြီးကလည်း အချဉ်ဖမ်းခံရတာ များလို့လားမသိဘူး။ ကျောင်းသားတွေကို အဲသည်နည်းနဲ့တော့ ထိန်းထားလိုက်တာပဲ။ ဘယ်လိုပဲ ထိန်းထိန်း ကျောင်းသားဆိုတာ ကျောင်းသားပဲလေ။ ဂျပန်ပြည်မှာဖြစ်ဖြစ် အမေရိကန်မှာဖြစ်ဖြစ် ဆိုမာလီယာမှာဖြစ်ဖြစ်။ ကျောင်းသားဆိုတာတော့ လူမျိုးဘာသာ အသားအရောင်မရွေး ဒီအချိုးမျိုးချည်း နေမှာပါပဲ။ ပါမောက္ခဆိုတာ တစ်ချိန်တုန်းက ကျောင်းသားပါဆိုတာ ဆရာကြီးလည်း သဘောမိလောက်ပါရဲ့။ ငှင်း ငှင်း ငှင်း
. . . ကျွန်တော်တို့ ဆရာကြီးက အသက်လည်း ကြီးလှပါပြီ။ အသံကလည်း တိုးတော့ စာသင်ရင် မိုက်ကလေးနဲ့။ မျက်နာကလည်း အပြစ်ကင်းစင်တဲ့ ကလေးလေး မျက်နာမျိုးနဲ့ဆိုတော့ သိပ်ချစ်ဖို့ကောင်းတယ် ပြောရမလား။ ကျောင်းသားတွေ ဘာလုပ်နေနေ သူသင်စရာရှိတာကို ပြုံးပြုံး ပြုံးပြုံးနဲ့တော့ သင်နေတာပဲ။ ပြီးခဲ့တဲ့အတန်းက နိုင်ငံတကာ စီးပွားရေးအကြောင်းသင်ပြီး ဒီတစ်တန်းမှာ ဂျပန်နိုင်ငံရဲ့ စစ်ပြီးခေတ် စီးပွားရေးအခြေအနေအကြောင်း သင်တယ်။ စီးပွားရေးအကြောင်းပြောပြီဆို ကိန်းဂဏန်းတွေ ညီမျှခြင်းတွေက ပါပါလာတတ်တာကိုး။ ၀ိဇ္ဖာတွဲနဲ့ ကျောင်းပြီးလာတဲ့ ကျွန်တော့်အတွက်တော့ တစ်ချို့ညီမျှခြင်းတွေက နားလည်ဖို့ ခက်လှတယ်။ တစ်ချို့သင်္ကေတတွေဆိုရင်မြင်ရုံပဲ မြင်ဖူးတာတွေ ပါပါလာတတ်သေးတာ။ ဆရာကြီးက ညီမျှခြင်းတွေချရေးပြီး ရှင်းပြနေပြီဆိုရင် ပါးစပ်အဟောင်းသားနဲ့ပေါ့။ ဒီကြားထဲ နားလည်တယ်မဟုတ်လား လွယ်လွယ်လေးပါလို့လည်း ထည့်ထည့်ပြောတတ်တော့ တစ်ခါတစ်လေ ရယ်ရအခက် ငိုရအခက်။
. . . ဒီနေ့တော့ စစ်ပြီးခေတ် ဂျပန်နိုင်ငံစီးပွားရေးအခြေအနေအကြောင်း ပို့ချရင်း ပုံပြင်လေးတစ်ပုဒ် ပြောပြတယ်။ သူငယ်ငယ်တုန်းက မူလတန်းမှာ သင်ခဲ့ရတဲ့ ပုံပြင်ပါတဲ့။ အတန်းထဲမှာ တက်နေတဲ့ ဂျပန်ကျောင်းသားလေးတွေကို အဲသည်ပုံပြင် သင်သေးလားလို့ သူကမေးတော့ သင်သေးတယ်ပြောကြတာပဲ။ ပုံပြင်ကတော့ အထူးအဆန်း မဟုတ်ပါဘူး။ ဗိုလ်ကောင်းတို့လည်း မူလတန်းတုန်းက သင်ခဲ့ဖူးတဲ့ ပရွတ်ဆိတ်နှင့်နှံကောင် ပုံပြင်ပါ။ ဆရာကြီးက အဲသည်ပုံပြင်ကို အသေအချာကို မှတ်မိနေတာတော့ နည်းနည်း ဆန်းတယ် ထင်မိတယ်။ အီစွပ်ပုံပြင်များထဲက ပုံပြင်အမှတ် ၁၁၇ တဲ့။ ပုံပြင်မှာ အခန်း ကိုးခန်းရှိပြီး သူတို့ကိုတော့ အခန်းတစ် တစ်ခုတည်းပဲ သင်ပေးလိုက်တာတဲ့။ အခန်းတစ်က ဘာလဲဆိုတော့ ကျွန်တော်တို့လည်း သင်ခဲ့ဖူးတဲ့ ပရွက်ဆိတ်နှင့်နှံကောင်အကြောင်းပါပဲ။
. . . ဂျပန်လိုပြည်မှာ ရာသီလေးခု ရှိတဲ့အနက် ကျန်တဲ့ရာသီသုံးခုမှာ ပရွက်ဆိတ်က ကြိုးစားပမ်းစား အလုပ်လုပ်ပြီး အစားအစာ စုဆောင်းနေချိန်မှာ နှံကောင်ကတော့ တယောလေးထိုးပြီး ကျူနေတဲ့အကြောင်းပေါ့။ ဆောင်းတွင်းရောက်လို့ နှင်းတွေလည်းကျရော နှံကောင်က စားစရာမရှိတော့ ပရွက်ဆိတ်ဆီမှာ လာတောင်းသတဲ့။ ပရွက်ဆိတ်ကလည်း နွေဦးပေါက်ရင် အလုပ်လုပ်ပါမယ်ဆိုတဲ့ ကတိကို တောင်းပြီး နှံကောင်ကို စားစရာ ပေးလိုက်သတဲ့။ တကယ်လည်း နွေဦးပေါက်ရော ပရွက်ဆိတ်က ခါတိုင်းလို အလုပ်ကြိုးစားလုပ်နေချိန်မှာ နှံကောင်ကလည်း ထုံးစံအတိုင်း အလုပ်မလုပ်ဘဲ တယောလေးနဲ့ ကျူနေပြန်သတဲ့။ နှင်းတွေကျတဲ့ ဆောင်းကိုရောက်ပြန်တော့ မနှစ်ကလိုပဲ ပရွက်ဆိတ်ဆီမှာ စားစရာ လာတောင်းပြန်ရောတဲ့။ ဒီတစ်ခါတော့ အလုပ်မကြိုးစား ကတိမတည်တဲ့ နှံကောင်ကို ပရွက်ဆိတ်က ဘာမှ မပေးတော့ဘူးတဲ့။ အဲဒါပဲ ပုံပြင်အမှတ်တစ်က။
. . . အဲသည်ပုံပြင်ရဲ့ သင်ခန်းစာတွေဖြစ်တဲ့ အလုပ်ကြိုးစားဖို့ရယ် ကတိတည်ဖို့ရယ်ဆိုတာတွေကြောင့် သူတို့ ဂျပန်တွေက အင်မတန်ကို အလုပ်ကြိုးစားပြီး အချိန်လည်း သိပ်ကို မှန်သတဲ့။ ဒီအချိန်ရောက်လာမယ်ဆို ရောက်အောင်ကို လာတယ်ပေါ့။ ရထားတွေ အချိန်မှန်တာကို ဥပမာ ပေးသွားတယ်။ ( ငါတို့လည်း ဒီပုံပြင် သင်ခဲ့ရတာပဲ သူတို့လို ဘာလို့ အလုပ်မကြိုးစားကြတာပါလိမ့်လို့ တွေးမိလိုက်သေးတယ်)။ ဒါပေမယ့်။ ဒါပေမယ့် တဲ့ သူတို့တွေ မပျော်ဘူးတဲ့။ သူတို့ဘ၀တွေမှာ အလုပ်တွေပဲ ရှိပြီး ဘ၀ဟာ ပျော်စရာမကောင်းဘူးတဲ့။ အီစွပ်ရဲ့ ပရွက်ဆိတ်နှင့်နှံကောင် ပုံပြင်မှာ တစ်ကယ်က အခန်း ကိုးခန်း ရှိပေမယ့် ဂျပန်ပညာရေးဝန်ကြီးဌာနက သူတို့ကို အခန်းတစ် တစ်ခုပဲ သင်ပေးလိုက်တာတဲ့။ အခန်းကိုးအကြောင်း ပြောပြအုံးမယ်တဲ့။
. . . အခန်းကိုးမှာလည်း ထုံးစံအတိုင်း ဆောင်းတွင်းရောက်တော့ နှံကောင်က ပရွက်ဆိတ်ဆီကို စားစရာတောင်းမယ်ဆိုပြီး သွားတာပေါ့။ ပရွက်ဆိတ်အိမ်ရောက်လို့ ခေါ်ကြည့်တော့ ဘယ်သူမှ ပြန်မထူးတာနဲ့ အိမ်ထဲကို ၀င်သွားတဲ့အခါ အထဲမှာရှိတဲ့ ပရွက်ဆိတ်တွေအားလုံး ပင်ပန်းတဲ့ဒဏ်နဲ့ အကုန်သေနေကြတာကိုပဲ တွေ့လိုက်ရတယ်တဲ့။ နှံကောင်က သေသွားတဲ့ ပရွက်ဆိတ်တွေ ရှာဖွေစုဆောင်းခဲ့တဲ့ စားစရာတွေနဲ့ ဆောင်းတွင်းကို ပျော်ပျော်ကြီး ဖြတ်သန်းပါသတဲ့လေ။ သင်ခန်းစာက ဘ၀မှာ အလုပ်ဆိုတာရှိသလို အနားယူတာ ဘ၀ရဲ့ ချိုမြိန်တဲ့အရသာကို ခံစားတာ ပျော်ပျော်ရွှင်ရွှင်နေတာတွေလည်း ရှိဖို့လိုတယ်ဆိုတာပါတဲ့။ အလုပ်တွေချည်းပဲ နင်းကန် ကြိုးစားပြီးလုပ်မယ်ဆိုရင် ကိုယ်လုပ်တဲ့အသီးအပွင့်တောင် ကိုယ်မခံစားရပဲ ဖြစ်သွားမယ်ပေါ့လေ။ ဒါပေမယ့် သူတို့ကို ဂျပန်ကလေးတွေကို အဲသည်ပုံပြင် သင်မပေးလိုက်တော့ သူတို့က ဘ၀ကို အလုပ်နဲ့ပဲ အချိန်ကုန်နေပါသတဲ့။ (အဲသည်တော့မှပဲ ကျွန်တော်လည်း သက်ပြင်းချမိတော့တယ်။ ကျွန်တော်တို့က ဘ၀မှာ ပျော်အောင် သိပ်နေတတ်ကြတယ်မလား )
. . . အခန်းငါး ပုံပြင်လည်း ပြောပြသေးတယ်။ ပရွက်ဆိတ်က အလုပ်ကြိုးစားတာ နှံကောင်က ထုံးစံအတိုင်း တယောလေးတစ်လက်နဲ့ ကျူနေတာထိတော့ အတူတူပါပဲ။ မတူတာက ဆောင်းတွင်းရောက်လို့ နှံကောင်က ပရွက်ဆိတ်ဆီ စားစရာ သွားတောင်းတဲ့အခါ ပရွက်ဆိတ်က စိတ်လိုလက်ရနဲ့ ပေးပါသတဲ့။ နှံကောင်က အံ့သြပြီး မေးတော့ ပရွက်ဆိတ်တွေ အလုပ်လုပ်နေချိန်မှာ နှံကောင်ကျူတဲ့ တယောသံလေးကြောင့် သူတို့တွေ အလုပ်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်တော့ အလုပ်တွင်ပါတယ်တဲ့။ ဒါကြောင့် နှံကောင် တယောထိုးနေတာက အချိန်ဖြုန်းတာသက်သက် မဖြစ်တော့ဘဲ ပရွက်ဆိတ်တွေ အလုပ်လုပ်နေတာကို နံဘေးကနေ ကူညီနေသလိုဖြစ်တာကြောင့် ကျေးဇူးတင်လို့ စားစရာပေးတာလို့ ဆိုပါတယ်။ သင်ခန်းစာကတော့ ကိုယ်သန်ရာသန်ရာကို ခွဲဝေပြီး လုပ်ကြရင် အလုပ်တွင်တယ်ပေါ့လေ။ စီးပွားရေး စကားနဲ့ဆိုရင်တော့ Division of Labor ပေါ့။
. . . ဒီပုံပြင်သုံးပုဒ် နားထောင်ပြီးတဲ့အချိန်မှာ စဉ်းစားမိတာက ကလေးတွေကို ပုံသွင်းလို့ ရသလား။ ကမ္ဘာပေါ်က ကလေးတွေ ပုံသွင်း ခံနေရသလား ဆိုတာပါပဲ။ ငယ်ငယ်က နားထောင်ခဲ့ရတဲ့ သင်ခဲ့ရတဲ့ ပုံပြင်တွေမှာ သင်ခန်းစာတွေပါတယ်။ ပညာရေးဝန်ကြီးဌာနတွေက သင်ရိုးညွှန်းတမ်းတွေကို ရေးတဲ့အခါမှာ ရည်ရွယ်ချက်တွေနဲ့ သေသေချာချာကို ရွေးချယ်ပြုစုကြတယ်။ ပုံပြင်တွေ အများကြီးရှိတဲ့အထဲကမှ ကလေးတွေကို ဖြစ်စေချင်တဲ့ သင်ခန်းစာတွေပါတဲ့ ပုံပြင်တွေကိုပဲ ရွေးသင်ပေးတယ်။ ကလေးတွေကို လိုချင်တဲ့ပုံ သွန်းယူကြတယ်။ အဲဒါ ကောင်းသလား ဆိုးသလား။ ကျွန်တော်လည်း မသိဘူး။

သူငယ်ချင်းလေးပါတဲ့


ပုံပြင်လေးတစ်ပုဒ် ပြောပြမယ်။ ဟိုးတစ်ခါတုန်းက ရန်ကုန်တက္ကသိုလ်မှာ သိပ်ချစ်ကြတဲ့ သူငယ်ချင်းလေးနှစ်ယောက် ရှိကြတယ်တဲ့။ အဲသည်ကောင်လေးနဲ့ ကောင်မလေးက ဘယ်လောက်တောင် ချစ်ကြသလဲ ဆိုရင် သူတို့နှစ်ယောက်က ရိုးရိုး သူငယ်ချင်းပါဆိုတာကို တစ်ခြားသူငယ်ချင်းတွေက မယုံကြတဲ့အထိပဲတဲ့။ သူတို့နှစ်ယောက်ကတော့ သူငယ်ချင်းတွေဆိုတော့ သူငယ်ချင်းတို့ ၀တ္တရားရှိသည်နှင့်အညီ တစ်ယောက်ကို တစ်ယောက် ဖေးကူကြ။ တစ်ယောက်အခက်အခဲကို တစ်ယောက်က ၀ိုင်းဝန်း ဖြေရှင်းပေးကြ။ တစ်ယောက်က စိတ်ညစ်စရာတွေနဲ့ အားငယ်နေတဲ့အခါ တစ်ယောက်က အားပေးကြ။ သူငယ်ချင်းကောင်လေး စာမေးပွဲနီးရင် သူငယ်ချင်းကောင်မလေးက စားစရာသောက်စရာလေးတွေ အကြော်အလှော်လေးတွေ လုပ်ပေး (အမှန်ကတော့ သူလည်း စာမေးပွဲနီးတာ အတူတူပဲ)၊ သူငယ်ချင်းကောင်မလေး စာမေးပွဲနီးရင် ကောင်လေးက သူလုပ်ထားတဲ့ မှတ်စုလေးတွေ ထုတ်ပေးနဲ့ သိပ်ကို ကြည်နူးစရာ ကောင်းသတဲ့။ သောကြ်ာနေ့ ညနေကျောင်းဆင်းပြီဆိုရင် ကောင်လေးက သူ့အဆောင်သူ ချက်ချင်း မပြန်ဘဲ ကောင်မလေးအဆောင်ကိုသွားပြီး အဆောင်မီးဖိုထဲမှာ နှစ်ယောက်အတူ ချက်ပြုတ်စားသောက်ကြ၊ (မိန်းကလေးဆောင်ကို ယောက်ျားလေး ၀င်လို့မရဘူးလို့ မပြောနဲ့နော် ပုံပြင်ထဲမှာ ရတယ်) ကျောင်းပိတ်ရက်တွေဆိုရင် ဘုရားအတူသွားကြ စသည်ဖြင့်ပေါ့လေ။ သူငယ်ချင်းကောင်လေးက အဲသည်ကောင်မလေးကို ဘ၀လက်တွဲဖော်အဖြစ် ရည်ရွယ်ထားပေမယ့် ကျောင်းတက်နေတုန်းကတော့ ဖွင့်မပြောဖြစ်ခဲ့ဘူးတဲ့လေ။ ဒါပေမယ့် ကောင်မလေးကလည်း ကောင်လေး သူ့ကို သိပ်ချစ်တယ်ဆိုတာကို ဘာသာ နားလည်နေသတဲ့။ (မိုက်တယ်ကွာ)
. . . . .
. . . ဗျာ . . .
ဘယ်သူတွေလဲ သိချင်တာလား
နေအုံး။ ပုံပြင်ထဲမှာ တစ်ခုကျန်သွားတယ်။ သူငယ်ချင်းကောင်မလေးက ကောင်လေးကို ပေးထားတဲ့ ကဗျာလေးတစ်ပုဒ် ရှိသတဲ့။ အဲသည်ကဗျာလေးကိုလည်း ကောင်လေးက ကောင်မလေးကို လွမ်းတိုင်း သတိရတိုင်း ခဏခဏ ထုတ်ပြီး ဖတ်ရလွန်းလို့ အလွတ်တောင် ရနေပြီဆိုပဲ။အဲသည်ကဗျာလေး အရင် ဖတ်ကြည့်ကြအုံး။ ပြီးမှ ဘယ်သူတွေလဲဆိုတာ ပြောပြမယ်။
Portrait of a Friend
I can't give solutions to
all of life's problems, doubts,
or fears. But I can listen to you,
and together we will
search for answers.
I can't change your past
with all it's heartache and pain,
nor the future with
its untold stories.
But I can be there now
when you need me to care.
I can't keep your
feet from stumbling
I can only offer my hand
that you may grasp it and not fall.
Your joys, triumphs, successes,
and happiness are not mine
Yet I can share in your laughter.
Your decisions in life are
not mine to make, nor to judge;
I can only support you,
encourage you,
and help you when you ask.
I can't prevent you from
falling away from friendship,
from your values, from me.
I can only pray for you,
talk to you and wait for you.
I can't give you boundries
which I have determined for you,
But I can give you the room
to change, room to grow,
room to be yorself.
I can't keep your heart
from breaking and hurting,
But I can cry with you and
help you pick up the pieces
and put them back in place.
I can't tell you who you are.
I can only love you
and be your friend.
ဇာတ်ပေါင်းသော်တဲ့ သူငယ်ချင်း ကောင်လေးသည် ပန်းပွင့်လေးရဲ့ ဖေဖေ၊ သူငယ်ချင်းကောင်မလေးသည် ပန်းပွင့်လေးရဲ့ မေမေ။ ပုံပြင်ထဲမှာ မပါဘဲ အခုမှ ရောက်လာတာကတော့ ပန်းပွင့်လေး ဖြစ်ပါသတဲ့။
(Poem credit to Renee Duvall )

ဘယ်အတန်းတွေတက်ရင် ကောင်းမလဲ ???


. . . နွေဦးပွင့်ဝေတန်း ဖွင့်ပြီဆိုတော့ ပထမဆုံး လုပ်ရတဲ့အလုပ်က ဘယ်အတန်းတွေကို တက်ရင် ကောင်းမလဲ စဉ်းစားရတာပါပဲ။ စဉ်းစားတယ်ဆိုတာထက် မေးမြန်း စူးစမ်း စမ်းတက် လေ့လာ ဝေဖန် သုံးသပ် ဆုံးဖြတ်ရတာပါ။ အရင်အတန်းတွေတုန်းကတော့ အိုင်အာကျောင်းသားတွေ မယူမနေရ ဘာသာတွေ များတာရယ် ရွေးရတဲ့ ဘာသာရပ်ထဲမှာလည်း မယူမဖြစ် အရေးပါတဲ့ဘာသာတွေ ဖြစ်နေတာရယ်ကြောင့် ဘာသာရပ်ရွေးဖို့ သိပ်ခေါင်းမစားခဲ့ဘူး။ ဒီတစ်တန်းမှာတော့ မယူမနေရ လုံခြုံရေးနှင့် မဟာဗျူဟာ ဘာသာရပ် တစ်ခုပဲ ဆိုတော့ ခရက်ဒစ် ဆယ်ခုလောက်ရအောင် ကျန်တာ ဘယ်ဘာသာတွေ ယူရမလဲ ဆိုတာ စဉ်းစားရပါတော့တယ်။
. . . ဘာသာရပ် ရွေးချယ်တာကလည်း စိတ်ဝင်စားစရာတော့ အကောင်းသားဗျ။ ကိုယ်ယူချင်တဲ့ ဘာသာရပ်တွေက အချိန်ဇယား တိုက်နေသလား ကြည့်ရတယ်။ အချိန်ဇယား တိုက်နေတဲ့ ဘာသာရပ်တွေ တစ်ပြိုင်တည်းတက်ဖို့ဆိုတာ ဖြစ်မှ မဖြစ်တာကိုး။ အချိန်ဇယား မတိုက်ဘူးဆိုရင် အတန်းတက်ရမယ့် ရက်တွေ အချိန်တွေ ကြည့်ရတယ်။ တစ်ရက်ကို တစ်ဘာသာလောက် တက်ရရင်တော့ အကောင်းဆုံးပေါ့ဗျာ။ တစ်ခါတစ်လေလည်း တစ်ရက်တည်း နှစ်ဘာသာ တက်ရတဲ့ ရက်တွေရှိပါတယ်။ နည်းနည်းတော့ ပြိုင်းတာပေါ့။ နောက်ပြီး ကိုယ်စိတ်ဝင်စားတဲ့ ဘာသာရပ်ကို ဘယ်သူသင်သလဲ။ ဘယ်လို သင်သလဲ။ ဘယ်လို အမှတ်ပေးသလဲ။ ဟဲ ဟဲ အဲဒါကလည်း အရေးကြီးသဗျို့။ တစ်ချို့ ပါမောက္ခတွေက စာတွေလည်း နင်းကန် ဖတ်ခိုင်းတယ်။ အခန်းထဲမှာ လုပ်ရမယ့် အစီအစဉ်တွေလည်း အပြည့်။ တင်ဆက်မှု လုပ်ရတယ်။ တန်းလယ် စာမေးပွဲဖြေရတယ်။ စာတမ်းလည်း တင်ရတယ်။ အတန်းဆုံးစာမေးပွဲလည်း ဖြေရတယ်။ အတန်းထဲမှာလည်း တက်တက်ကြွကြွ ဆွေးနွေးစေချင်တယ်။ အမှတ်ပေးကလည်း ကပ်စေးနဲသေးတယ်။ အဲလို ဆရာမျိုးဆိုလို့ကတော့ ဘာသာရပ်ကို သိပ်စိတ်ဝင်စားတယ် ဆိုရင်တောင် ဝေါင်ဝေါင်ရှေး ဝေးဝေးရှောင်ရတယ်။ ဒါပေမယ့်။ ဘယ်လောက်ပဲ ပွဲကြပ်တဲ့ ပါမောက္ခဖြစ်ဖြစ် မရှောင်နိုင်တာတွေလည်း ရှိတယ်ဗျ။ အထူးသဖြင့် ကိုယ့်စာတမ်း ကြီးကြပ်တဲ့ ပါမောက္ခအတန်းဆိုရင်တော့ ရှောင်ဖို့ ခပ်ခက်ခက်ပေါ့။ နောက်တစ်ခုက ကိုယ့်စာတမ်းနဲ့ တိုက်ရိုက်သက်ဆိုင်လို့ဆိုပြီး စာတမ်းကြီးကြပ်တဲ့ ပါမောက္ခက တက်စေချင်တဲ့ အတန်းမျိုးဆိုလည်း ရှောင်လို့ မရဘူးဗျ။ တစ်ချို့ကတော့ ပညာပါရမီပါတယ် ပြောရမလား ပညာ အဆစ်ရတယ်ပြောရမလားတော့ မသိ။ ခရက်ဒစ်လည်း မရ ဘာမရနဲ့ ကိုယ့်စာတမ်းကြီးကြပ်တဲ့ ပါမောက္ခ အတန်းတွေကို အကုန် လိုက်တက်ရတာမျိုးတွေလည်း ရှိသဗျ။ ကိုယ်ယူထားတဲ့ ခရက်ဒစ်ဆယ်ခု ဆယ့်တစ်ခုပေါ့ဗျာ အဲဒါကလည်း ပြည့်နေပြီ ဒါပေမယ့် ကိုယ့်ကျမ်းကြီးကြပ်သူ ပါမောက္ခ အတန်းတွေကိုလည်း အကုန်လိုက်တက်ပြီး ပို့ချချက်တွေ လိုက်နားထောင်၊ တစ်ချို့ဆို စာတမ်းဘာညာတောင် ရေးရတယ်ဆိုလား။ အရင်ဘ၀က ဈေးဝယ်ရင် အဆစ်တောင်းတာ အထုံပါခဲ့တဲ့ သူတွေထင်ပါရဲ့ဗျာ။ အတန်းတက်တာတောင် အဆစ်ရတယ်၊ ကံတွေများ ထူးချက်။
. . . ဘာသာရပ်ရွေးဖို့ ဘယ်လိုတွေ လေ့လာရသလဲ ဆိုရင် ပထမဆုံး ပါမောက္ခ တင်ထားတဲ့ သင်ခန်းစာအကျဉ်းချုပ်ကို အရင်ဝင်ကြည့်ရတယ်။ ဘာခေါင်းစဉ်တွေပို့ချမယ်။ ဘယ်စာတွေ ဖတ်ရမယ်။ ဘာတွေလုပ်ရမယ်။ လေ့လာခရီးထွက်ရမယ်။ အမှတ်ပေးစည်းမျဉ်းက ဘယ်လိုရှိတယ် စသည်ဖြင့်ပေါ့။ ဒါက သင်ခန်းစာအကျဉ်းချုပ်ကိုကြည့်ပြီး လေ့လာတဲ့အပိုင်း။ နောက်တစ်ပိုင်းက
ကျောင်းသားချင်း မေးမြန်းစူးစမ်းရတယ်။ အဲသည် ဆရာက ဘယ်လိုနေလဲ အမှတ်ပေးရက်ရောသလား။ ပို့ချချက်တွေ ရှင်းရှင်းလင်းလင်း ရှိရဲ့လား၊ အတန်းထဲမှာ စာတွေ သိပ်မေးသလား။ အတိုချုပ်တွေ အမြဲရေးခိုင်းသလား။ စာတမ်းစာလုံးရေ ဘယ်လောက်တင်ရလဲ၊ စာတမ်းတင်ဖို့ အချိန်ဘယ်လောက်ပေးလဲ စသည်ဖြင့်ပေါ့။ သူ့အတန်းတက်ဖူးတဲ့ ကျောင်းသားတွေ စီနီယာကျောင်းသားတွေကို မေးမြန်းကြည့်ရတာပေါ့။ တက်မယ်လို့ ကြံရွယ်ချက်ရှိတဲ့ အတန်းတွေကို ပထမဆုံး တစ်ပတ်တန်သည် နှစ်ပတ်တန်သည် လိုက်တက်ကြည့်ရတာ။ ဘာသာရပ်မှတ်ပုံတင်က ဒုတိယပတ်မှာ အပြီးတင်ရတာဆိုတော့ ပါမောက္ခရဲ့ သင်ကြားမှုကို လေ့လာဖို့ နှစ်ပတ်လောက်တော့ အချိန်ရတဲ့ သဘောပါပဲ။ ကြိုက်ပြီ ကိုယ်နဲ့လည်း ကိုက်တယ် ဆိုရင်တော့ ဆက်တက်ပေါ့လေ။ ကီးမကိုက်ဘူး ထင်ရင်လည်း ဆက်မတက်နဲ့ပေါ့။ အဲ ပါမောက္ခ သင်တာကိုလည်းကြိုက်တယ်။ အမှတ်ပေးစည်းမျဉ်းကိုလည်း သဘောကျတယ် ဆိုတာချင်းတူရင်တောင် ကျွန်တော့်ညီလေးတွေ ရွေးချယ်တဲ့ နည်းလမ်းတစ်ခု ရှိသေးသဗျ။ ( ဟဲ ဟဲ . . .ညီလေးတွေကို လွှဲချလိုက်ပြီနော်) အဲဒါကတော့ ဘယ်အတန်းက ကျောင်းသူလေးတွေက ပိုလန်းသလဲ ဆိုတာပါပဲ။
. . .ကျွန်တော် မောင်ဗိုလ်ကောင်းကတော့ နွေဦးပွင့်ဝေတန်းအတွက် ဘာသာရပ် လေးခု ယူမယ်လို့ စိတ်ကူးထားတယ်။ နက်ဖြန်ခါ အပြီးသတ် မှတ်ပုံတင်ရမယ့်ရက်။ ဘယ်ဘာသာတွေ ယူရင်ကောင်းမလဲ ဆိုတာ ခုထိ ခေါင်းစားတုန်း။ အတန်းတွေစုံအောင် လိုက်တက်ကြည့်ပြီး ဘယ်အတန်းက . . .

သီတာရာမ

သီတာရာမ ရှေးမြိုင်ထ နှင့်
ဂီတလက်စွမ်း နုပညာပန်းတို့
ပွင့်လန်းလှိုင်ကြူ
ဘီ အမ် အက်စ် တီ ယူ
*************************

. . .ဟိုတစ်လောလေးက ဖွဘုတ်မှာ ဟိုမွှေဒီမွှေလုပ်ရင်း ရုရှားနိုင်ငံ ဘောမန်း တက္ကသိုလ်မှာ လုပ်မယ့် မြန်မာနှစ်သစ်ကူးပွဲအတွက် ဇာတ်တိုက်နေကြတဲ့ ရုပ်ရှင်လေးတွေ တွေ့မိတော့ တော်တော်ကို လေးစားသွားမိတယ်။ ကျွန်တော် ကြည့်လိုက်မိတာက ရာမ လက္ခဏာ သီတာဒေ၀ီ ဒဿဂီရိ တို့ပါတဲ့ သမင်လိုက်ခန်းနဲ့ ဒဿဂီရိက မယ်သီတာကို နောက်ပိုး ပိုးတဲ့အခန်း။ အဲဒီလို အကမျိုးဆိုတာ တကယ့် ဇာတ်သဘင် ပညာရှင်ကြီးတွေမှ ကနိုင်တဲ့ အကမျိုးလို့ သိထားတာကိုး။ အဲဒါကို ရှုရှားမှာ ကျောင်းတက်နေတဲ့ ကျောင်းသားတွေက ကကြမှာဆိုတော့ မလေးစားပဲ နေပါ့မလားဗျာ။ နောက်ပြီး ရာမာယဏ ဇာတ်တော်ကြီးဆိုတာ ကျွန်တော် ငယ်ငယ်ကတည်းက စွဲလန်းခဲ့ရတဲ့ ဇာတ်တော်ကြီး။ ငယ်ငယ်တုန်းက မူလတန်း အလယ်တန်း ကျောင်းသားဘ၀လောက်ကတည်းက တီဗီကလာတဲ့ အော်ပရာစတိုင် ရာမဇာတ်တော်ကြီးဆိုတာ စကားတစ်ခွန်းမှ မပြောဘဲနဲ့ အကနဲ့ နောက်ခံ တီးလုံးနဲ့ပဲ ဇာတ်တစ်ခုလုံးကို သရုပ်ဖော်သွားတာကို စွဲစွဲလန်းလန်း ရှိခဲ့တာ။ အနုပညာဦးစီးဌာနက တင်ဆက်တဲ့ အဲသည်ဇာတ်ကို တီဗီကလည်း မကြာမကြာဆိုသလို လွှင့်တယ်။ ကျွန်တော်လည်း အဲသည်ဇာတ်တော်ကြီး လွှင့်မယ့်နေ့ဆို စာကျက်စရာရှိတာတွေ အိမ်စာတွေ အစောကြီး ပြီးအောင် လုပ်ထားပြီး တီဗီရှေ့မှာ တမေ့မော သွားစောင့်ကြည့်နေကျ။ နောက် ဆိုကရေးတီး ပြိုင်ပွဲတွေလုပ်တော့ မှတ်မှတ်ရရ အဲသည်ဇာတ်ကိုပဲ သုံးနှစ်လား နှစ်နှစ်ဆက်တိုက်လားမသိဘူး ဇာတ်တော်ကြီး ပြိုင်ပွဲ ထည့်တယ်။ ရန်ကုန်မှာ ကျောင်းတက်နေသခိုက်ဆိုတော့ အမျိုးသားဇာတ်ရုံမှာလုပ်တဲ့ ဇာတ်တော်ကြီးပြိုင်ပွဲကို ခဏတိုင်း သွားကြည့်ဖြစ်တယ်။ ဒီတစ်ခါ ကြည့်ရတာကတော့ အကနဲ့ နောက်ခံတီးလုံးသက်သက် မဟုတ်တော့ဘဲ အဆို အငို အပြောတွေ ပါလာပြီ။ သူလည်း ပညာသား တစ်မျိုးပေါ့ဗျာ။ မှတ်မှတ်ရရ ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွှန့်က အဲသည်ဇာတ်တော်ကြီး ပြိုင်ပွဲတွေဆို အမြဲ လာအားပေးနေကျဗျ။ ကျွန်တော်တို့ကလည်း အမြဲ သွားအားပေးနေကျဆိုတော့ သိတာပေါ့။ အဲသည်ရက်တွေမှာတော့ ဆရာသမား လာအားပေးတာ မတွေ့မိဘူး။ တစ်ရက်နှစ်ရက်လောက်နေတော့ ၀န်ကြီးချုပ်ရာထူးက အနားပေးတယ်ဆိုတာ ဖတ်ရတာပါပဲ။ ထားပါတော့။ ဗိုလ်ကောင်းတို့က ရာမ လက္ခဏာ သီတာဒေ၀ီ ဒဿဂီရိ ရွှေသမင် ဟန်နုမာန် ဦးရီးတော်မာရဉ္ဇ သုကျိတ် ဘိုးရသေ့ စတဲ့ ဇာတ်ကောင်တွေကို အမျိုးတွေလိုကို ရင်းနှီးနေတဲ့အကြောင်း ပြောတာပါ။ ဆယ်တန်းမှာ သင်ရတဲ့ စိမ့်ကြီးမြိုင်ကြီး ရိပ်ကြီးတောတောင် ဆိုတဲ့ သဇင်ပန်းဘွဲ့ကလည်း တကယ်တော့ စာဆိုတော် ဦးတိုး ရေးခဲ့တဲ့ ရာမ ရကန်ထဲကဗျ။ သဇင်ပန်းနဲ့ ရာမဇာတ်တော်ကြီးဆိုတာလည်း ခွဲလို့ ရတာမှတ်လို့။ ရာမတို့ လက္ခဏတို့ ခေါင်းဆောင်းတွေမှာ သဇင်ပန်းဆက်ရတယ်လို့လည်း မှတ်သားဖူးသဗျ။ ကျွန်တော် အဲသလောက်တောင် အစွဲကြီး စွဲခဲ့တဲ့ ရာမဇာတ်တော်လာ ဇာတ်ဝင်ခန်းတွေကို ဘောမန်းတက္ကသိုလ်က ကျောင်းသားတွေ ကကြမယ်ဆိုတော့ စိတ်မ၀င်စားပဲ နေပါ့မလားဗျာ။

. . . တကယ့်ကပွဲ ဓာတ်ပုံတွေကို ကြည့်ရတဲ့အခါကျမှ ကျွန်တော် မျှော်လင့်ထားတာထက်တောင် အများကြီး ပိုတဲ့ တင်ဆက်မှုတွေ လုပ်သွားတယ်ဆိုတာ တွေ့ရတယ်ဗျ။ ဓာတ်ပုံတွေအရတော့ သူတို့ တင်ဆက်မှုထဲမှာ အနော်ရထာမင်း နိုင်ငံတော်တည်ဆောက်ခန်းပါတယ်ဗျာ။ အဲဒါကတော့ ဆီးဂိမ်းတုန်းက ကျွန်တော်သိပ်ကြိုက်တဲ့ တင်ဆက်မှုတစ်ခုပေါ့။ နောက်ပြီး ကျွန်တော်ထင်တာ မမှားဘူးဆို မြေ၀ိုင်းနဲ့ နောက်ပိုင်းခေတ် မြိုင်ထ နှစ်ပါးသွားပါတယ်ဗျာ။ ပုဂံအက ပါတယ်ဗျာ။ မြန်မာကျောင်းသားလေးတွေ စန္ဒယားတီး ပတ္တလာတီးပြီး မြန်မာ့စိတ်ရင်း မြန်မာ့ရှုခင်း သီချင်းပါတယ်ဗျာ။ ရုစကီးလုံမလေးတွေရဲ့ မြူးမြူးကြွကြွ သင်္ကြန်ယိမ်းပါတယ်ဗျာ။ အ၀ါရောင်ဝမ်းဆက်လေးတွေနဲ့ ကကြတာကတော့ မြန်မာမလေးတွေလား ဘာမလေးတွေလား မခွဲတတ်ဘူးဗျာ။ နောက်တစ်ခုကတော့ ရှုရားရိုးရာအကတွေလားတော့ မသိ အဲဒါတွေ ပါတယ်ဗျာ။ အမယ် သူတို့ရိုးရာကိုကတာ ကိုယ့်အမျိုးကောင်းသားလေးတွေဗျ။ တိုင်းရင်းသားအကတွေ ပါတယ်ဗျာ။ တော်တော်လေးကို စုံစုံလင်လင် တင်ဆက်ခဲ့တာပဲ လို့ ကောက်ချက်ချရမှာပဲ။ အဲဒီ ပွဲတစ်ခုဖြစ်ဖို့အတွက် တော်တော်ကို အားထည့်ပြီး လုပ်ခဲ့ရမယ်ဆိုတာလည်း နားလည်အသိအမှတ် ပြုမိပါတယ်။

့  ရာမဇာတ်လမ်းကဖို့အတွက် ရာမ လက္ခဏာ သီတာဒေ၀ီ ဒဿဂီရိနဲ့ ရွှေသမင်ဝတ်စုံတွေ ဘယ်လို ငှားခဲ့ကြသလဲ။ ရုစကီးလုံမလေးတွေ ၀တ်တဲ့ မြန်မာဝတ်စုံတွေ ဘယ်လို ချုပ်ခဲ့ကြသလဲ။ မြိုင်ထ နှစ်ပါးသွားဝတ်စုံတွေ ဘယ်လို စီစဉ်ခဲ့သလဲ။ ပညာသားပါပါ ကရတဲ့ ခဲရာခဲဆစ် အကတွေကို ဘယ်သူက ဘယ်လိုသင်ပေးခဲ့ကြသလဲ။ အဲဒီအကတွေ ကဖို့ ညီအစ်ကိုတွေကို ဘယ်လို စည်းရုံးခဲ့သလဲ အချိန်ပေးပြီး ဘယ်လို ဇာတ်တိုက်ခဲ့ရသလဲ။ နောက်ခံတီးလုံးတွေ နောက်ခံပုံရိပ်တွေ အသံတွေအတွက် ဘယ်လို ပြင်ဆင်ခဲ့ရသလဲ။ ငွေကုန်ကြေးကျတွေကို ဘယ်လို စီမံခန့်ခွဲခဲ့ကြသလဲ။ နောက်ပြီး တိုင်းခြားပေါင်ဖြူမလေးတွေ မြန်မာအက ကတတ်အောင် ဘယ်လောက်တောင် စည်းရုံးသင်ပြပေးခဲ့ရလဲဆိုတဲ့ မေးခွန်းတွေရဲ့ အဖြေဟာ ဒီပွဲကြီးတစ်ခုလုံး အောင်အောင်မြင်မြင် လှလှပပ တခမ်းတနား ပြီးမြောက်အောင် ၀ိုင်းဝန်းပါဝင်ခဲ့ကြတဲ့ သူတွေအားလုံးရဲ့ စည်းလုံးညီညွတ်မှု မြန်မာဆိုတဲ့ ဇာတိပုည ဂုဏ်မာနကို ဖော်ကျူးပြချင်တဲ့စိတ်ဓာတ်နဲ့ ငါတို့ လုပ်နိုင်တယ်ဆိုတဲ့ သက်သေပြချက်တွေပဲ ဖြစ်ပါလိမ့်မယ်။

. . .တကယ်တော့ ဒီလိုပွဲမျိုးဆိုတာ ပရော်ဖက်ရှင်နယ် ကင်မရာတွေ ကင်မရာမင်းတွေနဲ့ ကျကျနန မှတ်တမ်းတင်ထားသင့်တဲ့ ပွဲပဲဗျ။ ဒီလောက် စေ့စပ်တဲ့ ကျွန်တော်တို့ ညီအစ်ကိုတွေ အဲသည်တစ်ခုကိုလည်း လွတ်မသွားလောက်ဘူးလို့ ယုံကြည်ပါတယ်။ သိပ်မကြာခင်မှာ ဘောမန်းတက္ကသိုလ် နှစ်သစ်ကူး မြန်မာ့ယဉ်ကျေးမှု တင်ဆက်ပွဲ အစအဆုံးကို ယူကျုကဖြစ်ဖြစ် အရုပ်အသံကြည်ကြည်လင်လင် ပြတ်ပြတ်သားသား ကြည့်ရှုခွင့်ရတော့မယ်လို့ ယုံကြည်ပါတယ်ဗျာ။ အမိမြေနဲ့ မိုင်ပေါင်း ထောင်ချီဝေးတဲ့ တိုင်းတစ်ပါးမှာ မြန်မာ့ယဉ်ကျေးမှုကို အစွမ်းကုန် ပြသနိုင်ခဲ့တဲ့ ညီအစ်ကို မောင်နှမများအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။

တကယ်ပျော်


           ပျော်ရွှင်တက်ကြွတဲ့သူတွေ တွေ့ရတဲ့အခါ ကျွန်တော်တို့တွေ အားကျမိတတ်ကြပါတယ်။ ကျွန်တော်တို့ အားကျမိတဲ့အတိုင်း သူတို့တွေ တကယ်ရော ပျော်နေကြရဲ့လား။ ကျွန်တော်ငယ်တုန်းက ကျောင်းမှာတုန်းက သိပ်ကိုအားကျခဲ့ရတဲ့ အစ်ကိုကြီးတစ်ယောက်ရှိတယ်။ ကျောင်းဆင်းသွားပြီး ရုံးကြီးကနားကြီးမှာ အတူတူ တာဝန်ထမ်းဆောင်တော့လည်း အစ်ကိုကြီးရဲ့ အားကျအတုယူစရာကောင်းတဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ပိုလို့တောင် တိုးလာတယ်ထင်ရတယ်။ အစ်ကိုကြီးဟာ ကြည့်လိုက်ရင် အမြဲပျော်ရွှင်တက်ကြွနေတာ။ အ၀တ်အစားဝတ်လိုက်ရင်လည်း စမတ်ကျကျ နေတာထိုင်တာလည်း သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်။ လမ်းလျှောက်သွားရင်တောင် မာန်ချီနေတဲ့ခြေလှမ်းတွေနဲ့၊ ကြည့်လိုက်ရင်လည်း အမြဲပြုံးပြုံး ပြုံးပြုံးနဲ့။ အလုပ်တွေ လုပ်နေတာများဆို တစ်ခုမှ စိတ်မပါ လက်မပါ လုပ်တယ်ရယ်လို့ မရှိဘူး။ အစ်ကိုကြီးနဲ့ တစ်ဆောင်တည်းနေတော့ တစ်ခါသားမှာ အတူတူဝိုင်းဖွဲ့ကြရင်း အစ်ကိုကြီးကို မေးမိတယ်။ အစ်ကိုကြီး ကြည့်ရတာ ဘာအပူအပင်မှ ရှိပုံမရဘူး အမြဲတမ်းရွှင်လန်းတက်ကြွနေတာပဲ ဆိုတော့ အစ်ကိုကြီးပြန်ပြောပြတဲ့ စကားတွေ ခုထက်ထိတောင် မှတ်မိနေပါသေးတယ်။

            ညီလေး ကိုယ့်ကို အမြဲတမ်းပျော်ရွှင်နေတဲ့သူလို့ ထင်တဲ့အတွက် ကျေးဇူးတင်ပါတယ် ၀မ်းလည်းသာပါတယ်တဲ့။ ဒါပေမယ့် ကိုယ့်မှာ အပူတွေနဲ့ပါကွာတဲ့။ ကိုယ့်ညီလေးတစ်ယောက်က ကုမရတဲ့ရောဂါနဲ့ အိပ်ယာထဲလဲနေတာ သူ့အတွက်လည်း ပိုက်ဆံတွေကုန်နေတာ သောက်သောက်လဲပဲတဲ့။ တစ်မိသားစုလုံးလည်း အဲသည်အတွက် တစ်ရက်မှ စိတ်ချမ်းသာရတယ်ဆိုတာ မရှိဘူးတဲ့။ ကိုယ့်ညီမလေးလည်း ကျောင်းတက်နေတာကို ကိုယ်က ထောက်ပံ့ပေးနေရတယ်တဲ့။ တစ်လကို ကိုယ်ရတဲ့ လစာ တစ်သိန်းသုံးသောင်းခွဲမှာ ကိုယ်က သုံးသောင်းခွဲပဲ သုံးရတာတဲ့။ ကျန်တာ ညီမလေးကို ကျောင်းစရိတ်ပေးရတယ်တဲ့။ အရာရှိတန်မဲ့နဲ့ အရာရှိလို သုံးစရာစွဲစရာ လိုလာတဲ့အခါ ငါ့မှာ ပိုက်ဆံကို ဘယ်နားက အပိုထွက်လာမလဲဆိုပြီး မနည်းစိစစ် သုံးနေရတာပါကွာတဲ့။ တစ်ခါတစ်လေများဆို ရုံးဆင်းနောက်ကျလို့ အဆောင်က ထမင်းစားဆောင် ပိတ်သွားတဲ့ အခါ ၀ယ်စားစရာလည်း ပိုက်ဆံမရှိလို့ ထမင်းမစားဘဲ နေရပါတယ်တဲ့။ တစ်ခါတစ်လေကျတော့လည်း ဆံပင်ညှပ်စရာ ပိုက်ဆံသုံးရာတောင် မရှိလို့ အကြွေးညှပ်ခဲ့ရတာတွေလည်း ရှိပါတယ်တဲ့။ သူငယ်ချင်းတွေက ကိုယ့်အပေါ် ကောင်းကြတာ ၀မ်းသာစရာပေမယ့် ကိုယ်က ဘယ်တော့မှ ပြန်မကောင်းနိုင်တဲ့အဖြစ်က တကယ်ကို ခံစားရခက်တဲ့ အဖြစ်ပါတဲ့။ ကောင်မလေးကလည်း ပြန်မချစ်ပါဘူးတဲ့။ အဲသည်အတွက်လည်း အသည်းကွဲနေရပါတယ်တဲ့။ တစ်ခါတစ်ခါများဆို အိမ်က ပိုက်ဆံလိုတယ်လို့ ပြောတဲ့အခါမျိုးမှာ သားကြီးဖြစ်တဲ့သူက ဘယ်လိုမှ ငြင်းဆန်နိုင်အားမရှိပေမယ့် အိမ်ကလိုတဲ့ပိုက်ဆံကိုလည်း မရှာပေးနိုင်တဲ့အခါ ဘယ်လိုစိတ်အကျဉ်းအကျပ်ဖြစ်ရသလဲဆိုတာ ကိုယ်တိုင်ကြုံဖူးမှ သိနိုင်တာမျိုးပါတဲ့။ နောက်ထပ်ကိုယ်မပြောပြချင်တဲ့ စိတ်ပျက်စရာ အခက်အခဲ အကျဉ်းအကျပ်တွေကိုတော့ မသိချင်ပါနဲ့တော့တဲ့။ ( အဲဒါကို ပြောပြနေတာတောင်မှ သူ့ရည်းစားအကြောင်း ကြည်ကြည်နူးနူး ပြောနေသလို ပြုံးတုံးတုံးနဲ့ဗျ အကြောင်းမသိရင် ၀ါနေသလား မှတ်ရတယ်)

             ဒါပေမယ့် အစ်ကိုကြီးရာ အစ်ကိုကြီးကြည့်ရတာ အမြဲတမ်း တက်တက်ကြွကြွ ရွှင်ရွှင်လန်းလန်းနဲ့ ဆိုတော့ ကျွန်တော်တို့မှာ အစ်ကိုကြီးကို မြင်ရင်တောင် ရွှင်လန်းတက်ကြွတာတွေ ကူးသွားပြီး ကိုယ်တိုင် တက်ကြွလာတတ်တာ။ အစ်ကိုကြီး လုပ်ငန်းခွင်ထဲမှာဆို ဟာသတွေပြောလိုက် ရယ်လိုက်မောလိုက်နဲ့ အလုပ်တွေ လုပ်နေတာမြင်ရတာ၊ ရုံးအဖွဲ့သားတွေနဲ့ ပျော်ပျော်ရွှင်ရွှင် စလိုက်နောက်လိုက် အလုပ်မလုပ်ချင်တဲ့သူတွေကို အားတွေပေးလိုက်နဲ့ နေနေတာ မြင်ရတာ အခု အစ်ကိုကြီး ပြောပြတာတွေကို ယုံဖို့တောင် ခပ်ခက်ခက်ပဲ ဆိုတော့။ အေးပါ ညီလေးရာတဲ့ မယုံပါနဲ့ကွာတဲ့။ တော်ကြာ ငါပြောတာတွေ ယုံပြီး ငါ့ကိုမြင်တာနဲ့ မင်းပါ စိတ်ညစ်နေပါအုံးမယ်တဲ့။ ငါလည်း မနက် အိပ်ယာနိုးတာနဲ့ စိတ်ညစ်စရာတွေ အကုန်လုံးကို မေ့တန်သရွေ့မေ့ထားပြီး တကယ်ကို ပျော်ရွှင်တက်ကြွနေသူတစ်ယောက်လို ဟန်ဆောင်ပြီး လုပ်ငန်းခွင်ကို လာရတာပါတဲ့။ ကိုယ့်ရဲ့ စိတ်ခံစားချက်အမှန်တွေကို ကိုယ့်ကိုယ်ကို မရှိချင်ယောင်ဆောင်ပြီး ပျော်ရွှင်နေတယ်လို့ ကိုယ့်ကိုယ်ကို ညာပြီး အလုပ်လုပ်နေရတာပါတဲ့။ ကိုယ့်ကိုယ်ကို ညာတယ်ဆိုတာ ကောင်းလားမကောင်းလား မသိပေမယ့် ကိုယ်ကတော့ ညာရင်းညာရင်းနဲ့ တကယ်ထင်ပြီး လုပ်ငန်းခွင်ထဲမှာ ပျော်မိတယ်တဲ့။ အလုပ်တွေ သိပ်ပင်ပန်းတဲ့အခါ အလုပ်ဖိအားတွေ များတဲ့အခါ စောစောစီးစီးရုံးဆင်းပြီး အဆောင်ပြန် နားနားနေနေ အေးအေးလူလူ နေရတဲ့ အဖြစ်လေးကို တောင့်တမိပေမယ့် ကိုယ့်အခန်းကို ပြန်ရောက်တဲ့အခါ တကယ့်ဘ၀မှန်က စိတ်ခံစားချက်တွေ သောကတွေကို အဲသည်အချိန်ကျတော့ မေ့ထားလို့ မရတော့ဘူးတဲ့။ ဒါကြောင့် စိတ်ပင်ပန်းရတာချင်းအတူတူ လုပ်ငန်းခွင်မှာဘဲ ကိုယ့်ရဲဘော်ရဲဘက်တွေကြားမှာ ပျော်ချင်ယောင်ဆောင်ပြီး ပင်ပန်းနေရတာက ပိုသက်သာပါတယ်ကွာတဲ့။ ဒါကြောင့် အလုပ်တွေကို ပျော်ရွှင်တက်ကြွချင်ယောင်ဆောင်ပြီး လုပ်နေရတာပါတဲ့။ နောက်ပိုင်း စကားစပ်မိလာ တော်တော်လေးလည်း ရင်းနှီးလာတော့ အစ်ကိုကြီးအကြောင်းတွေ ပိုသိလာရတဲ့အခါ အစ်ကိုကြီးကို လေးစားချစ်ခင်တာတွေ မလျော့သွားပေမယ့် သနားမိတာတော့ အမှန်ပါပဲ။ အဲဒီလောက် ကြံ့ခိုင်တဲ့ အစ်ကိုကြီးတစ်ယောက်ကို အားပေးစကားပြောရလောက်အောင် ကျွန်တော်က မကြံ့ခိုင်ပါဘူး။ အားပေးစကားပြောစရာလည်း စကားလုံးတွေ မရှိပါဘူး။ ဘာလို့လည်းဆိုတော့ အစ်ကိုကြီးက သူ့အခက်အခဲတွေကို အကောင်းဆုံးနည်းလမ်းနဲ့ ရင်ဆိုင်နေတယ်လို့ ယုံကြည်မိလို့ပါပဲ။ နောက်တစ်ခုက အစ်ကိုကြီးက သူ့ကို အားပေးစကားတွေဘာတွေ ပြောတာကိုလည်း ကြိုက်ပုံမရပါဘူး။ သူ့ကိုသနားတာ ကရုဏာမျက်လုံးနဲ့ အကြည့်ခံရတာကိုတောင် တော်တော် စက်ဆုပ်ပုံရပါတယ်။ သူ့အခက်အခဲလေးတွေကို ကျွန်တော်တို့ကို ပြောပြတယ်ဆိုတာကလည်း ရင်ဖွင့်ပြရုံသက်သက်ပဲဆိုတာရယ် ကျွန်တော်တို့က သူပြောတာလေးကို ဂရုတစိုက်နားထောင်ပေးတယ်ဆိုတာကတင် အစ်ကိုကြီးအတွက် စိတ်လက်ပေါ့ပါးစေမယ့် အကြောင်းဖြစ်တယ်ဆိုတာတော့ တဖြည်းဖြည်းသိလာရပါတယ်။

           အစ်ကိုကြီး တစ်ဆင့်မြင့်ရာထူးနဲ့ ပြောင်းသွားပြီး လူချင်းမတွေ့ကြတာ နှစ်တွေကြာမှ ဖေ့ဘုတ်ပေါ်မှာ ပြန်တွေ့ပါတယ်။ အစ်ကိုကြီး တိုင်းလိုင်း ၀င်ကြည့်တဲ့အခါ ပျော်စရာကောင်းတဲ့ မိသားစုလေးနဲ့ ပျော်ရွှင်ချမ်းမြေ့နေတဲ့ အစ်ကိုကြီးပုံတွေ စာသားလေးတွေ အများကြီးတွေ့ပါတယ်။ ဒီတစ်ခါတော့ တို့အစ်ကိုကြီး တကယ်ပျော်နေတာဖြစ်ပါစေလို့ ဆန္ဒပြုလိုက်မိပါတယ်။ အစ်ကိုကြီး ပျော်ရွှင်ပါစေ

ဝါဂီနစ်

          ငယ်ငယ်ကတည်းက ဖြစ်ချင်နေပေမယ့် ခုထိ မဖြစ်သေးတာကတော့ ဂီတတူရိယာတစ်ခုကို ကျွမ်းကျွမ်းကျင်ကျင် တီးတတ်ချင်တာပါ။ အဲသည်အိပ်မက် အစကတော့ အမေပေါ့။ အမေက သီချင်းဆိုသိပ်ကောင်းတာဆိုတော့ အမေ့သီချင်းတွေ နားထောင်ရင်းနဲ့ပဲ တူရိယာတစ်ခုခုကို ကိုယ်တိုင် တီးတတ်ချင်လာတယ်။ ငယ်ငယ်က နေခဲ့တဲ့ အသိုင်းအ၀ိုင်းမှာလည်း တီးတတ်မှုတ်တတ်တဲ့သူက အရှားသားဆိုတော့ ငယ်တုန်းကတော့ ဘယ်လိုမှကို မနီးစပ်ခဲ့ပါဘူး။ ပထမဆုံး သင်ဖို့ကြိုးစားခဲ့တဲ့ တူရိယာကတော့ ဂစ်တာပါ။ မှတ်မှတ်ရရ ကိုးတန်းလောက်ကပေါ့။ ကျွန်တော်တို့အိမ် မြောက်ဘက် တစ်အိမ်ကျော်မှာ ကျွန်တော်တို့က ကိုဝင်းခိုင်လို့ခေါ်တဲ့ အစ်ကိုကြီးက ဂစ်တာတီးသိပ်တော်တာ။ ညဘက်ဆို ကိုဝင်းခိုင်ဆီသွားလို့ သီချင်းဆိုမယ် ဆိုရင် အစ်ကိုကြီးက မညည်းမညူ ဂစ်တာတီးပေးတယ်။ အဲသည်တုန်းကတော့ ရင်ဂိုတို့ ဇော်ဝင်းထွဋ်တို့ခေတ်ပေါ့။ ဗဒင်တို့ခေတ်ပေါ့။ နောက် စိတ်ပါလာတော့ ဂစ်တာတီးမယ်လုပ်ရော။ သင်ပေးပါတယ် အစ်ကိုကြီးက။ ပြဿနာက ဘယ်ကစလဲဆိုရင် အဖေက စတယ်ပြောရမှာပဲ။ အိမ်မှာ အဲသည်တုန်းက အမှုန့်ကြိတ်စက်ရှိတယ်။ ရွာမှာ ကြက်မွေးတဲ့သူတွေရှိတော့ အဓိက ကြက်စာ ကြိတ်တာပေါ့။ စီးပွားဖြစ်လှတယ်ရယ်လို့ မဟုတ်ပါဘူး။ လာတဲ့အခါလည်း ကြိတ်ပေးပေါ့။ ကျွန်တော်က ကိုဝင်းခိုင်အိမ်ကိုသွားရင်လည်း အဖေ့ကို ခွင့်တိုင်ပြီးမှ သွားတာပါ။ အဖေ ကျွန်တော် ကိုဝင်းခိုင်တို့အိမ်ဘက်သွားလိုက်အုံးမယ်နော် ခိုင်းစရာရှိရင် ခေါ်လိုက်နော် အဖေဆိုပြီး။ တစ်အိမ်တည်းကျော်တာဗျာ အိမ်ရှေ့ထွက် အော်လိုက်ရင် အသာလေးကြားရတာ။ ဘာမှ အပန်းကြီးတာမဟုတ်ဘူး။ တစ်ရက်သားမှာ အမှုန့်ကြိတ်တဲ့သူလာတော့ အဖေက လှမ်းခေါ်တယ်။ ကျွန်တော်လည်း အဖေခေါ်ခေါ်ချင်း ချက်ချင်း ထပြန်လာတာပါ။ အဲဒီအချိန် အဖေက တစ်ခုခုနဲ့ စိတ်တိုနေတယ် ထင်ပါရဲ့။ ဒီမှာ အလုပ်လာနေတာ မင်းက ဘယ်လျှောက်သွားနေတာလဲတဲ့။ အော် ကိုဝင်းခိုင်အိမ်မှာ ဂီတာသွားတီးနေတာလေ အဖေ့ပြောသွားသားပဲလို့ ဆိုတော့ မင်း ဂစ်တာတီးတာ ဘာပိုက်ဆံရလို့တုန်းတဲ့။ အဲသည်စကားကို အခုထိ မမေ့နိုင်ဘူး။ အော် အဖေရယ် ဂစ်တာတီးတာ ပိုက်ဆံမရတဲ့အလုပ်မို့ ဂစ်တာ မတီးရဘူးတဲ့လား။ အဲသည်စကားကို တော်တော်ကို စိတ်နာသွားတယ်။ အဖေ့ကို စိတ်နာတာလည်း မဟုတ် ဂစ်တာတီးတာကို စိတ်နာတာလည်း မဟုတ်။ အဲသည်စကားကိုတော့ အခုထိတောင် မှတ်မိနေလောက်အောင် စိတ်ထဲမှာ စွဲစွဲမြဲမြဲ နာကျင်မိတယ်။ အဲသည်စိတ်နဲ့ အဖေကိုများ ပြစ်မှားမိခဲ့လားမသိ။ အခုထိကို ဘာတူရိယာသင်သင် သေချာသင်ဖို့ သေချာတတ်ဖို့ အခွင့်အရေးမပေးဘူး။ အခုထိလည်း လက်မလျှော့နိုင်သေးဘူး။

         နောက်တစ်ခုက တယော။ ရန်ကုန်မှာ ကျောင်းတက်တော့ ဘေးခန်းက သူငယ်ချင်းဆီ လာလာနေတဲ့ အစ်ကိုတစ်ယောက်က တယော သိပ်ကျွမ်းတာ။ အားကျပြီး တာမွေက မြန်မာနိုင်ငံဂီတအစည်းအရုံးမှာ တစ်ပတ်ကို နှစ်ရက် သွားသွားသင်တယ်။ ဘုရင့်နောင်ကနေ တာမွေအထိ တယောကြီးပိုက်ပြီး လိုင်းကားတိုးစီးရတာကလည်း မချောင်ဘူးဗျ။ မချောင်တဲ့ကြားထဲကပဲ ဇွဲနပဲနဲ့ တော်တော်ကြာ သွားသင်ဖြစ်လိုက်သေးတယ်။ တစ်ဆောင်တည်းနေ သူငယ်ချင်းတွေအတွက်ကတော့ ကျွန်တော် အဆောင်မှာ တယောလေ့ကျင့်တဲ့အချိန်က လောကငရဲပေါ့ဗျာ။ သိတယ်မလား။ တယောက တကယ်တီးတတ်ရင်သာ အသံလေးချွဲချွဲနွဲ့နွဲ့နဲ့ နားထောင်ကောင်းတာ၊ မတီးများ မတီးတတ်လို့ကတော့ တကယ့်ကို နားထဲကို ကန့်လန့်ဝင်တာ အသံက လှည်းအီသံလိုလိုဘာလိုလိုဗျာ တော်တော် နားညီးတဲ့အသံ။ ဘေးခန်းက ကျော်ဇေယူဆိုတဲ့ သူငယ်ချင်းကဆို ငိုသံပါကြီးနဲ့ကို လာတောင်းပန်ယူရတယ်။ သူငယ်ချင်းရင် စာမေးပွဲတွင်းလေးတော့ ချမ်းသာပေးပါကွာဆိုပြီး။ အဲသည်တယောကိုလည်း ကျောင်းပြီးကတည်းက မတီးဖြစ်ဘဲ နေလိုက်တာ။ နောက်ငါးနှစ်လောက်ကြာလို့ နေပြည်တော်ကို တစ်ခေါက်ပြန်ရောက်တော့မှ နေပြည်တော်က တယောဆရာတစ်ယောက်ဆီမှာ ဆက်သင်ပြန်ရော။ အဲဒါလည်းခုထိတော့ ဟုတ်တိပတ်တိ တတ်တယ်ရယ်လို့လည်း မဟုတ်။ အခု ဒီရောက်တော့ အခုမှ သင်ပေးမယ့်ဆရာနဲ့ ထပ်တွေ့ပြန်ပြီ။ တယောတစ်လက်လည်း ရထားတယ်ဆိုတော့ နွေဦးပွင့်ဝေတန်း စတာနဲ့ တယောတီးဆက်သင်မယ် စိတ်ကူးထားတယ်။ ဘေးခန်းတွေပဲ ကပ်ဆိုက်မလား ကျွန်တော့်ကိုပဲ ဘယ်အချိန် လုံခြုံရေးက လာတားမလားတော့ မသိဘူးပေါ့ဗျာ။

           နောက်တစ်ခုက စန္ဒယား။ စန္ဒယားကတော့ အစကတည်းကကို မနီးစပ်တဲ့ တူရိယာပါဗျာ။ ပြီးခဲ့တဲ့ တစ်နှစ်ကျော်က အိန္ဒိမှာ ခြောက်လလောက် သင်တန်းတစ်ခု သွားတက်တော့ ကျွန်တော်တို့တက်တဲ့ကျောင်းမှာ ဂီတသင်တန်းပါရှိသဗျ။ အခွင့်ရတုန်းလေး သင်မယ်ဆိုပြီး ကိုယ်ပိုင်အားလပ်ချိန်မှာ စန္ဒယား သွားသွားသင်တယ်။ ဂီတဌာနမှူးက သင်ပေးတယ်ဆိုပေမယ့် ကိုယ်ပိုင်ချိန်ဆိုတော့ သူလည်း သေချာတော့ ဂရုမစိုက်နိုင်အားတာနဲ့ နောက်ပိုင်း အားနာလို့ ဆက်မသွားဖြစ်တော့ဘူး။ ဒီမှာတော့ ကောင်မလေးတစ်ယောက်က လာမယ့် နွေဦးပွင့်ဝေတန်းမှာ သင်ပေးမယ်လို့ ပြောတယ်ဗျ။ တီးတတ်ရချည်သေးရဲ့ပေါ့ဗျာ။

          သီချင်းဆိုတဲ့အကြောင်း နည်းနည်း ပြောပြအုံးမယ်။ ရွာမှာ နှစ်တိုင်း စတိတ်ရှိုး လုပ်ပေမယ့် တစ်ခါမှ စင်ပေါ်တက် မဆိုဖူးဘူးဗျ။ ကိုယ့်ဘာသာတော့ ရေချိုးရင်းဘာရင်း ဆိုတာပေါ့လေ။ တစ်ခါတစ်လေလည်း ကိုဝင်းခိုင်ကြီးက ဂစ်တာတီး ကျွန်တော်တို့က သီချင်းဆိုပေါ့လေ။ စင်ပေါ်မှာ တကယ်ဆိုဖူးတာက ရန်ကုန်တက္ကသိုလ်ရောက်မှဗျ။ မှတ်မှတ်ရရ အာစီထဲမှာ ဆိုတာ ကိုတင်လှိုင်ရဲ့ အမုန်းခွန်အား ပေးသနားပါ သီချင်း။ အတီးသမားနဲ့ တစ်ညနေပဲ သုံးခေါက်လောက် တိုက်လိုက်ရတယ် ဆိုပေမယ့် တကယ်ဆိုတော့လည်း ချောလို့ဗျ။ အစ်ကိုကြီးတစ်ယောက်က ပြောတာလေး ရှိပါတယ်။ ငါတို့ကွာတဲ့ အပြင်ကနေ ကြားနေရတာ သီချင်းဆိုနေတယ်လို့ မသိဘူးတဲ့။ သီချင်းဖွင့်ထားတယ်မှတ်လို့တဲ့ တော်တော်ကောင်းတယ်ဆိုပဲ (ဤကားစကားချပ်တည်း)။ သီချင်းဆိုရင်း တိုင်ပတ်တာကတော့ မာလာဆောင်မှာ ပထမနှစ်တွေကို ကြိုဆိုပွဲနဲ့ နောက်ဆုံးနှစ်တွေကို နုတ်ဆက်ပွဲလုပ်တဲ့ ညမှာပါပဲ။ မာလာဆောင်က အဲဒီတုန်းက အင်္ဂလိပ်ဘာသာစကား အမျိုးသားဗဟိုဌာန စဖွင့်တဲ့အချိန်ပေါ့။ ကျောင်းသူတစ်ယောက်နဲ့ တွဲဆိုတဲ့ ငယ်ကျွမ်းဆွေ သီချင်းတုန်းကတော့ အဟုတ်ဗျ။ နောက်မှ တစ်ကိုယ်တော်ဆိုတဲ့ လွှမ်းမိုးသီချင်းကျမှ တိုင်ပတ်တော့တာ။ ဟိုသီချင်းဗျာ အခုတော့ ပါးစပ်ရာဇ၀င်လေးဖြစ်လို့ ကျန်ခဲ့ပြီ ဆိုတဲ့သီချင်း။ သီချင်းက နည်းနည်းရှည်တယ်ဗျ ဇာတ်လမ်းလေးလိုပဲ သီချင်း စာသားတွေက။ အဲဒါ ဆိုရင်းဆိုရင် ဆိုရမယ့်အပိုဒ်တွေ မေ့နေတော့ စာသားတွေကို ရှေ့နောက်တွေ ကျော်ခွ၊ ဟိုအပိုဒ်က ခေါင်းနဲ့ ဒီအပိုဒ်က အမြီးနဲ့ တွဲလိုတွဲပေါ့ဗျာ။ ကီးဘုတ်တီးပေးတဲ့ ကလေးမလေးကတော့ သတိထားမိလားဘာလားတော့ မသိဘူး။ သီချင်းဆုံးအောင်တော့ တီးပေးသွားတာပါ။ ကိုယ့်မှာသာ တစ်ယောက်တည်း တိုင်တွေပတ်ပြီး ကျော်ခွဆိုနေရတယ်။ အမယ် သီချင်းကို တကယ်နားထောင်တဲ့သူတွေရှိတယ်ဗျ။ စင်ပေါ်က ဆင်းလာတော့ ကောင်းကောင်း သြဘာပေးတာပေါ့။ နင်သီချင်းတွေ ရှေ့နောက် မှားဆိုတာမလားတဲ့။ ဟဲ ဟဲ ပေါ့။ အဲသည်နောက်ပိုင်းတော့ ကြုံရင်ကြုံသလို မကြုံရင်လည်း ကြုံအောင်လုပ်ပြီး စင်တွေ့ရင် တက်တော့တာပဲ။ ဧရာဝတီတိုင်းဘက် ရောက်တုန်းကများဆို မူလတန်း ကျောင်းကပွဲမှာတောင် ကလေးတွေကြားတက်ပြီး သီချင်းဆိုတာ။ ရုံးအဖွဲ့သားတွေနဲ့ သင်္ကြန်တွင်း ဘုရားဖူးသွားတုန်းကလည်း လမ်းမှာ ကားပျက်တော့ အနားကရွာက ညပိုင်းအဆိုအကလုပ်တဲ့ သင်္ကြန်မဏ္ဍာပ်မှာ ဧည့်သည်အဆိုတော် သွားလုပ်ခဲ့သေးတာဗျ။ သူငယ်ချင်းတွေနဲ့ စင်တင်တွေဘာတွေ ကြုံရင်လည်း လက်လွတ်မခံဘူးဗျ။ သူတို့ဆိုတာချည်း ထိုင်နားထောင် မနေနိုင်ဘူးဆိုပြီး တစ်ပုဒ်လောက်ဖြစ်ဖြစ်တော့ တက်ဟဲဖြစ်အောင် ဟဲသေးတာ။

          အခု နောက်ဆုံးဆိုဖြစ်ခဲ့တဲ့ပွဲကတော့ ကျောင်းကဆောင်းနှင်းဝေနုတ်ဆက် ဂီတပွဲ။ ကြီးကြီးကျယ်ကျယ်ကြီးတော့ မဟုတ်ပေမယ့် ကိုယ့်ကျောင်းပွဲဆိုတော့ သီချင်း ဆိုမယ်ပေါ့။ အဲသည်ကျမှ သိတယ်ဗျာ။ အင်္ဂလိပ်သီချင်းမှ ဟုတ်တိပတ်တိ မဆိုတတ်ဘဲကို။ ဒါနဲ့ပဲ မြန်မာသီချင်းတစ်ပုဒ် ဆိုမယ်ဆိုပြီး မျိုးကျော့မြိုင်ရဲ့ ကာရန်လေး သီချင်းတက်ဆိုတာဗျာ။ အပြင်မှာတုန်းကတော့ အဟုတ်ပဲ၊ ပရိသတ်ရှေ့ တကယ်ဆိုပြီ ဆိုတော့မှ မှားဆိုတာဗျို့။ တော်သေးတယ် ဂစ်တာတီးပေးတဲ့ ညီလေး ဇာနည်က အဖာအထေးကောင်းလို့။ မြန်မာသီချင်းဆိုတော့ နားထောင်နေတဲ့ပရိသတ်က မှားတာကိုတော့ သိလိုက်ဟန်မတူဘူးဗျို့။

          စိတ်ကူးပေါက်ရင် ပေါက်သလိုတော့ ကိုယ့်ဘာသာ အခန်းထဲမှာ သီချင်းဆို အသံသွင်း ဆောင်းကလောက်မှာတင် တစ်ခါတစ်ခါလည်း ဖေ့ဘုတ်ပေါ်တင်လေးတော့ လုပ်မိနေတာပဲ။ ခလုတ်မှားနှိပ်မိကြတာလားတော့မသိ အားပေးတဲ့သူတွေတော့ ရှိနေတယ်ဗျ။

တပ်မတော်နေ့အမှတ်ရစရာလေးတွေ


. . . တပ်မတော်နေ့ စစ်ရေးပြတွေကို စကြည့်ဖူးတာ ကျွန်တော်တို့ တောင်ဘက်က အိမ်မှာဗျ။ သူတို့အိမ်မှာ တီဗီရှိတယ်လေ။ ဗိုလ်ကောင်းတို့က အချိန်တန် အဲဒီအိမ်မှာ သွားမော့ရတာပေါ့။ တပ်မတော်နေ့ စစ်ရေးပြကို အပြင်မှာ ကိုယ်တိုင် ကြည့်ဖူးတာကတော့ ပျဉ်းမနားမြို့မှာ။ မှတ်မှတ်ရရ ၁၉၉၆ ခုနှစ် မြန်မာ့ခရီးသွားနှစ်။ ပျဉ်းမနားမှာ အမှတ် ၆ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က ဖွင့်ခါစလားမသိ။ စကခမှူး ဗိုလ်မှူးချုပ်မောင်ဘို ဆိုရင် ကလေးကအစ ဆိုက္ကားသမားကအစ သိတဲ့ခေတ်ပေါ့။ အဲသည် မြန်မာ့ခရီးသွားနှစ် ပျဉ်းမနားမှာလုပ်တဲ့ တပ်မတော်နေ့ စစ်ရေးပြချီတက်ပွဲမှာ အစ်မတွေ ပန်းကုံးစွပ်တာ လိုက်ကြည့်ဖူးတယ်။ နောက်ထပ် မှတ်မှတ်ရရ ထပ်ပြောရရင် ပျဉ်းမနားက မျိုးဆက်သစ်လက်ဆင့်ကမ်း မြင်းရတနာရုပ်ထု၊ တောင်ညိုလမ်းခွဲက ၁၈၈၆ ခုနှစ်ကလို့ ရေးထားတဲ့ သစ်တုံးကြီးကို ဆွဲနေတဲ့ ဆင်ရတနာရုပ်ထု၊ လယ်ဝေးဈေးရှေ့လမ်းဆုံက ရုပ်တုနဲ့ တပ်ကုန်းက ရုပ်တုတွေကိုလည်း အဲသည် ၁၉၉၆ မတ်လ ၂၇ ရက်နေ့မှာ ဖွင့်ခဲ့တာပေါ့။ အဲသည်နေ့ကို ဘာလို့ အမှတ်ထင်ထင် ရှိနေတာလဲ ဆိုရင် ဆယ်တန်းဖြေပြီးခါစမှာ စိတ်ပြေလက်ပျောက်ဆိုပြီး အမေတို့က ငါ့သား သွားချင်ရာသွားလို့ ခွင့်ပေးလို့ အစ်မတွေရှိတဲ့ ပျဉ်းမနားကို သွား၊ အဖေ့ရွာ ကြို့ပင်ဆိပ်ကိုသွားလည်ခဲ့တဲ့ အားလပ်ရက်ဖြစ်နေလို့ပါ။

. . . စစ်တက္ကသိုလ်တက်တော့ ပြင်ဦးလွင်တပ်နယ်က လုပ်တဲ့ တပ်မတော်နေ့ စစ်ရေးပြမှာ တစ်ခါမှ မလျှောက်ခဲ့ရဘူး။ ကျောင်းမှာလုပ်တဲ့ စစ်ရေးပြကတော့ ပါရတာပေါ့လေ။ ကျောင်းဆင်းတော့လည်း သူများတပ်မတွေက ဒုဗိုလ်ကို စစ်ရေးပြခေါ်ပေမယ့် ကျွန်တော်တို့ တပ်မက ဗိုလ်အဆင့်ကိုမှ ခေါ်တာရယ် နောက်တစ်ခုက အရပ်မမီတာရယ်ကြောင့်လားမသိ စစ်ရေးပြလျှောက်ဖို့ တစ်ခါမှ အရွေးမခံရဘူးဗျ။ ဒါပေမယ့် ရန်ကုန်မှာ ကျောင်းတက်တဲ့ သုံးနှစ်လုံး စစ်ရေးပြနဲ့ညားတော့တာပါပဲ။ စစ်ရေးပြနဲ့ ညားတယ်ဆိုတာ ကိုယ်တိုင် ၀င်လျှောက်ရတာကို ပြောတာမဟုတ်ဘူး။ ကျွန်တော်တို့နေတဲ့ ဘုရင့်နောင် တည်းခိုရေးစခန်းမှာ စစ်ရေးပြစစ်ကြောင်းတွေရှိတော့ မတ်လ တပ်မတော်နေ့ နီးပြီလားဆိုမှဖြင့် တဒိန်းဒိန်းနဲ့ လေ့ကျင့်ကြတာ၊ ကျွန်တော်တို့ကလည်း အဲဒီအချိန်ဆိုရင် နောက်ဆုံးစာမေးပွဲရာသီ၊ စစ်ရေးပြကလည်း ဘင်သံ တဒိန်းဒိန်း ကျွန်တော်တို့ကလည်း စာတွေမရလို့ ရင်ထဲမှာ တဂျိန်းဂျိန်းပေါ့ဗျာ။ အဲဒါ ရန်ကုန်မှာ ကျောင်းတက်တဲ့ သုံးနှစ်လုံးပဲ။ စစ်ရေးပြ စစ်ကြောင်းတွေ တပ်ခွဲတွေမှာ စစ်သားချင်းတောင် ငေးကြည့်လေးစားရလောက်အောင် စည်းကမ်းကောင်းတာကတော့ အမြောက်နဲ့သံချပ်ကာတပ်ဖွဲ့ပဲ။ စစ်ရေးပြဆုတွေလည်း သူတို့ပဲ နှစ်တိုင်းလိုရတယ်လို့ ကြားဖူးတယ်။

. . . နေပြည်တော်ရောက်တော့ စစ်ရေးပြကိုယ်တိုင်မလျှောက်ရပေမယ့် ကျွန်တော်တို့အခေါ် ရပ်ကြည့်စစ်ကြောင်းမှာ ပါရတဲ့အခါလည်းရှိ။ လူကြီးတွေရဲ့ ဦးစီးအရာရှိအဖြစ်နဲ့ စစ်ရေးပြကွင်းထဲ လိုက်ရတဲ့အခါလည်းရှိ။ ဘာတာဝန်မှ သီးခြားမရှိလို့ စစ်ရေးပြစစ်ကြောင်းကို တစ်ခြားပြည်သူတွေနဲ့အတူ အားပေးခဲ့ရတာလည်း ရှိပေါ့။ အမှတ်တရလေးတွေလည်း အရှိသားပါ။ တစ်ခါက ဗိုလ်ချုပ်တစ်ယောက်ရဲ့ ဦးစီးအရာရှိတာဝန် ထမ်းဆောင်နေတဲ့အခိုက်။ မနက် စစ်ရေးပြသွားမယ်ဆိုတော့ အခမ်းအနားတက်တဲ့ ကားထိုးပေးထားတာပေါ့ ဆင်ဝင်အောက်မှာ။ အချိန်တန်တော့ ဗိုလ်ချုပ်က အိမ်ထဲက ထွက်လာတဲ့ပြီး ဟာ စစ်ရေးပြကို ဒီကားကြီးနဲ့ သွားရမှာလား ဘာလား လုပ်တော့တာ။ ဦးစီးအရာရှိဆိုတာ သိတာပေါ့ ဘယ်ခရီးဘယ်ထီး ဘယ်အရပ် ဘယ်ဖိနပ် ဘယ်နားကို ဘယ်ကားနဲ့သွားသင့်တယ်ဆိုတာ။ ဒီနေ့ စစ်ရေးပြကွင်းကို ဘယ်ကားနဲ့ သွားရမယ်ဆိုတာ သိလို့ အဲဒီကား ထိုးပေးထားတာကို အဲသလို မာန်တယ်ဗျာ။ ကျွန်တော့်ဗိုလ်ချုပ်က စိတ်တော့ အကြီးသား။ နောက်တစ်ခုက စစ်ရေးပြကို ဘယ်ကားနဲ့ လာခဲ့ပါဆိုတဲ့ သီးခြား ညွှန်ကြားချက်လည်း မရှိထားတော့ ရှင်းပြဖို့ကလည်း ခက်နေတယ်။ နောက်ထပ်တစ်ခုက ဘယ်ကားပဲ စီးသွားသွား လွဲသွားလဲ သိပ်ကိစ္စရှိမယ့်အဖြစ်မျိုး မဟုတ်တော့ ရှင်းပြမနေတော့ဘဲ ကားသမားကို မျက်စပစ်ပြပြီး ကားလဲခိုင်းလိုက်တယ်။ ရှေ့ခန်းမှာ ကိုယ်နဲ့ ယာဉ်မောင်း၊ နောက်ခန်းမှာ ဗိုလ်ချုပ်။ စစ်ရေးပြကွင်းကို ရောက်ရော။ ဟိုရောက်တော့ ကျွန်တော် သိထားတဲ့အတိုင်းပဲ ကျွန်တော်တို့ စီးလာတဲ့ကားက လွဲနေတယ်။ အဲသည်တော့မှ ဗိုလ်ချုပ်က ကဲကဲ ကားသွားပြန်လဲလိုက်တဲ့။ အဲဒီလိုလည်း ကြုံခဲ့ရဖူးတယ်။

. . . နောက် အမှတ်တရဖြစ်စရာတစ်ခုက ဒီလို။ အရင်လည်း စစ်ရေးပြကို တီဗီမှာပဲ ကြည့်ဖူးတာဆိုတော့ ကွင်းထဲက ဧည့်သည်တော်နေရာက သွားကြည့်ရတဲ့အတွေ့အကြုံကလည်း အဲသည်တစ်ခါက ပထမဆုံး။ ကျွန်တော်တို့ ဦးစီးအရာရှိတွေဆိုတာ ကွင်းထဲမှာ ငြိမ်ငြိမ်လေး ထိုင်ကြည့်နေတာမဟုတ်ဘူးရယ်။ ကိုယ်က ကွင်းထဲရောက်နေပေမယ့် အခမ်းအနားဝတ်စုံနဲ့ လာတက်တဲ့သူမှ မဟုတ်တာကိုး။ တာဝန်ချိန်ဝတ်စုံ အစိမ်းနဲ့ဆိုတော့ ထိုင်ခုံမှာ ငြိမ်ငြိမ်မထိုင်ဘဲ ကွင်းပတ်လည် သွားလို့ရတဲ့နေရာတွေ လျှောက်သွားပြီး ဓာတ်ပုံရိုက်လိုက် လေပစ်လိုက် လုပ်ကြတာ။ စစ်ရေးပြစစ်ကြောင်းတွေ နေရာယူပြီးတဲ့အချိန်မှာ တပ်ချုပ်ကြီးယာဉ်တန်းက ၀င်လာပါရော။ တပ်ချုပ်ကြီးကားရပ်တဲ့ အလေးပြုခံစင်မြင့်နောက်တည့်တည့်နေရာမှာ သတင်းထောက်တွေက အပြေးအလွှား စုပြုံပြီး ဓာတ်ပုံရိုက်ကြတော့ ကိုယ်တွေလည်း တပ်ချုပ်ကြီး ကားပေါ်ကဆင်း နုတ်ဆက်လုပ်နေတာတွေ နောက်ခံထားပြီး တစ်ယောက်တစ်လှည့် ဓာတ်ပုံရိုက်ကြတာပေါ့။ အဲဒါကလည်း ခဏပဲလေ။ တပ်ချုပ်ကြီးကလည်း အဲသည်နေရာရပ်ပြီး ဓာတ်ပုံအရိုက်ခံ ပို့စ်ပေးနေတာမှ မဟုတ်တာကို။ ကားပေါ်က ဆင်းတယ်။ လက်ပြနုတ်ဆက်တယ်။ အလေးပြုခံစင်မြင့်ပေါ်ကို တက်သွားတယ်။ စက္ကန့်ပိုင်းလောက်ပါပဲ၊ စောစောက ၀ိုင်းအုံနေတဲ့ သတင်းထောက်တွေ ရှဲသွားတော့ အလေးပြုခံစင်မြင့် နောက်တည့်တည့်က ဧည့်သည်တော် ထိုင်ခုံတွေကြား လွတ်နေတဲ့ ကွက်လပ်ကျယ်ကြီးမှာ ကျွန်တော်တစ်ယောက်တည်း ငေါင်းစင်းစင်းလေး ကျန်ခဲ့တယ်။ အဲသည်အချိန်ကျမှ လူက လှုပ်လို့ မဖြစ်တော့ဘူး။ စစ်ရေးပြစစ်ကြာင်းတွေက တပ်ချုပ်ကို အလေးပြုနေပြီလေ။ ကိုယ်လည်း သတိဆွဲရပ်ပေါ့။ စစ်ရေးပြမှူးကြီးက တပ်ချုပ်ကြီးကို တန်းအပ်တယ်။ ပြီးတာနဲ့ နိုင်ငံတော်အလံကို အလေးပြု ကျဆုံးလေပြီးသော တပ်မတော်သားများကို အလေးပြုဆိုတော့ တပ်ချုပ်ကြီးက အလံတိုင်ရှိတဲ့ နောက်ဘက်ကို လှည့်ပြီး အလေးပြုရတာကိုး။ အဲသည်မှာ ကွိုင်တာပဲ။ အဲသည်တော့မှ ကျွန်တော်ရပ်နေတဲ့နေရာမှာ ဘာကြောင့် ကျွန်တော်တစ်ယောက်တည်း ကျန်ခဲ့သလဲဆိုတာ သဘောပေါက်တော့တယ်။ တပ်ချုပ်ကြီးက နိုင်ငံတော်အလံ အလေးပြုတော့မယ်ဆိုပြီး နောက်ကို လှည့်လိုက်တော့ ကျွန်တော်ရပ်နေတာနဲ့က မျက်နှာချင်းဆိုင်တည့်တည့်ကြီး ဖြစ်နေတာ။ တပ်ချုပ်ကြီးတစ်ယောက်နဲ့ မျက်နှာချင်းဆိုင်နေရာမှာ သွားရပ်မိတဲ့ ဦးစီးအရာရှိ ပေါက်စနတစ်ယောက် ဘယ်လောက်တောင် ဇောချွေးပြန်လိုက်မလဲဆိုတာ မှန်းသာကြည့်တော့။ တစ်သက်နဲ့တစ်ကိုယ် ရင်ထဲအသည်းထဲက စွဲစွဲမြဲမြဲ နှစ်ခြိုက်ခဲ့ရတဲ့ စစ်တီးဝိုင်းက နိုင်ငံတော်သီချင်းသံကလည်း ဒီတစ်ခါကျမှ ကြာလွန်းလိုက်တာ ပြီးမပြီးနိုင်ဘူးလို့ အောက်မေ့မိတယ်။ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ သတိကို အဲသလာက်တင်းတင်း မဆွဲခဲ့ဖူးဘူး ထင်တာပဲ။ လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်းလောက်ကြာတဲ့ နိုင်ငံတော်သီချင်းတီးအပြီး ကျဆုံးလေပြီးသော တပ်မတော်သားတွေကို အသံတိတ် အလေးပြုအပြီးမှာ တပ်ချုပ်ကြီးက စစ်ရေးပြစစ်ကြောင်းတွေဘက်ကို ပြန်လှည့်သွားတော့မှပဲ ဗိုလ်ကောင်းတစ်ယောက် မစ္စတာဘင်း ခြေလှမ်းလေးတွေနဲ့ တရွေ့ရွေ့ဆုတ်ခွာပြီး နည်းနည်းလှမ်းတာနဲ့ ပြေးတော့တာ။ အဲလို အဖြစ်မျိုးလည်း ကြုံခဲ့ရဖူးတယ်။

. . .ဘုရင့်နောင် ရိပ်သာမှာလုပ်တဲ့ တပ်မတော်နေ့ ညစာစားပွဲတွေလည်း အခါခါ တက်ဖူးပါရဲ့။ ဗိုလ်ချုပ်ရဲ့ ဦးစီးအရာရှိအဖြစ်နဲ့ပေါ့။ ဦးစီးအရာရှိဆိုတာကတော့ ဗိုလ်ချုပ်ကိုထိုင်ခုံနေရာပို့ပေးပြီးရင် အခမ်းအနားမပြီးမချင်းက ဦးစီးအရာရှိတွေကို ဧည့်ခံတဲ့နေရာမှာ ညစာသွားစားပေါ့။ တစ်ခါတစ်လေတော့လည်း ဘီယာလေးဘာလေး သောက်ကြပေါ့။ ညစာစားပွဲမှာ တပ်မတော်နေ့ ဂုဏ်ပြုဇာတ်လမ်းရိုက်တဲ့ သရုပ်ဆောင်တွေပါ ဖိတ်တော့ ကျွန်တော်တို့ ကြည့်ရတာပေါ့ဗျာ။ သက်မွန်မြင့်နဲ့တောင် ဓာတ်ပုံတွဲရိုက်ဖူးသေးတယ်။ သက်မွန်မြင့်ရဲ့ နဂိုနေအရပ်ကိုက ကျွန်တော့်ထက်ရှည်တယ်ဗျ။ ဒေါက်ဖိနပ်နဲ့ဆိုတော့ ကျွန်တော်က သူ့ဘေးမှာ ဂျပုလေးကိုဖြစ်လို့။ ရှက်တာနဲ့ အဲပုံလဲ ဘယ်သူ့မှ မပြရဲပါဘူးဗျာ။

. . .စစ်ရေးပြအခမ်းအနားတစ်ခုလုံးမှာ ကျွန်တော်သဘောအကျဆုံးက အလေးပြုခံစင်မြင့်ရှေ့မှာ ရပ်ပြီး တပ်ချုပ်ကြီး တပ်စစ်တဲ့အခါ ရှေ့ကနေ ဓားကိုင်ပြီး ဦးဆောင်ခေါ်ရတဲ့ ရှေ့ဆောင်နှစ်ယောက်ကိုပဲ။ တပ်မတော်နေ့ရယ်လို့မှ မဟုတ်ပါဘူး။ ဗိုလ်လောင်းတုန်းကလည်း အဲသည်နေရာမှာ လျှောက်ဖို့ ၀င်အရွေးခံခဲ့ပေမယ့် မပါခဲ့ပါဘူး။ ပေမမီဒေါက်မမီတာရယ် ကိုယ်နဲ့ရုပ်ရည်ရူပကာ ကိုယ်နေဟန်ထားတူတာရယ် မရှိခဲ့လို့ပါ။

. . .အရင်တုန်းက တပ်မတော်နေ့စစ်ရေးပြဆိုတာ စစ်သည်တွေချည်းပဲ လမ်းလျှောက်ပြခဲ့တာ။ အခုခေတ်ကျတော့ သံချပ်ကာတပ်ဖွဲ့တွေ ဒုံးတပ်ဖွဲ့တွေက လက်နက်အကြီးကြီးတွေ တင့်ကားတွေ သံချပ်ကာကားတွေနဲ့ဆိုတော့ ပိုပြီးတော့ မြိုင်ဆိုင်လာတယ်။တိုက်လေယာဉ်တွေ ကောင်းကင်က၀ဲတယ်။ နိုင်ငံတော်အလံ တပ်မတော်အလံတွေနဲ့ အလေးပြုတယ်။ ၀ါစိမ်းနီအရောင်တွေနဲ့ ကောင်းကင်ကိုချယ်တယ်။ ဒီနှစ်ဆိုရင် ဗိုလ်ကြီးမမ ရဲမမတွေ ရေတပ်အထူးတပ်ဖွဲ့တွေ လေကြောင်းချီစစ်သည်တော်တွေ စာပို့ဆက်သားတွေ၊ အကြမ်းဖက်နှိမ်နင်းရေး အထူးတပ်ဖွဲ့တွေပါ ပါမယ်လို့ ကြားတယ်။ ကျွန်တော်တို့တွေမှာ ရောက်ရာအရပ်ကနေ ဒါတွေကို စောင့်ကြည့်ပြီး ကျေနပ်ချက် အားရချက် ဂုဏ်ယူချက်။ ငါမှ ငါတို့တပ်မတော်။ ဒါမှ ငါတို့နိုင်ငံကွဆိုပြီး ရောက်တဲ့နေရာကနေ ဂုဏ်ယူကြရတယ်။ လက်မထောင်ကြရတယ်။

. . .တပ်မတော်နေ့ပြီးပြီဆိုရင်လည်း သတင်းဌာနတွေကတင်တဲ့ သတင်းဓာတ်ပုံတွေဆိုတာ သိမ်းရတာအမော။ သူတို့က ရိုက်လည်း ရိုက်တတ်ကြတယ်။ မင်းသုံးပါးကို နောက်ခံထား။ စစ်ရေးပြစစ်ကြောင်းတွေ။ ဧည့်သည်တော်တွေကို အနုပညာမြောက် ရှုမငြီးမှတ်တမ်းပုံတွေ ကိုယ်တိုင် ကွင်းထဲသွားထိုင်ကြည့်ရင်တောင် သူတို့ရိုက်ထားတဲ့ ရိုက်ချက်တွေရဲ့အလှကို ခံစားနိုင်ဖို့ မလွယ်ဘူးဗျ။ ဓာတ်ပုံဆရာတွေဆိုတာက မြင်တတ်တာကိုး။

ကြီးကျယ်ခမ်းနားလှတဲ့ နေပြည်တော်စစ်ရေးပြကွင်းကြီးထဲမှာ တစ်ခုလောက်သာ ထပ်ဖြည့်လိုက်ရင် ကမ္ဘာပေါ်မှာ အလှဆုံး စစ်ရေးပြကွင်းကြီး ဖြစ်သွားလိမ့်မယ်လို့ ထင်တယ်။ အဲဒါကတော့ ကျွန်တော်တို့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်တုပဲ။ 

ဆောင်းနှင်းဝေကို နုတ်ဆက်ပြီ


ပြီးခဲ့တဲ့ ဇန်န၀ါရီလ အစောပိုင်းက စခဲ့တဲ့ ဆောင်းနှင်းဝေတန်းကတော့ ဒီကနေ့ ညနေငါးရီမှာ နောက်ဆုံးစာတမ်းတင်အပြီး တရားဝင် အဆုံးသတ်သွားပါပြီ။ ဒီကျောင်းကို ရောက်ခါစက စာကြည့်တိုက်ထဲမှာ စာဖတ်တာအထာမကျခဲ့လို့ ပြီးခဲ့တဲ့ ဆောင်းဦးရွက်ကြွေတစ်တန်းလုံးမှာ စာကြည့်တိုက်ထဲ လေးငါးခါလောက်ပဲ စာသွားကြည့်ဖြစ်ခဲ့ပါတယ်။ စာအုပ်သွားငှားတာ မပါပေါ့လေ။ အခု ဆောင်းနှင်းဝေတန်းမှာတော့ အချိန်တော်တော်များများ စာကြည့်တိုက်ထဲမှာပဲ ကုန်လွန်ခဲ့တာ များပါတယ်။ စာကြည့်တိုက်ထဲမှာ နေသားကျသွားတော့ အခန်းမှာတောင် သိပ်မနေတတ်တော့သလိုပါပဲ။ စာကြည့်တိုက်ကလည်း တကယ်ကို သက်တောင့်သက်သာ ရှိပါတယ်။ ကျောင်းစာလုပ်ဖို့ ကျယ်ဝန်းပြီး တသီးတသန့်ထိုင်လို့ရတဲ့ စာကြည့်စားပွဲတွေရှိတယ်။ ပတ်ဝန်းကျင်ကို ကျယ်ကျယ်ဝန်းဝန်း ရှုစားလို့ရတဲ့ ပြတင်းပေါက်ကျယ်ကြီးတွေကို မျက်နှာပြုထားတဲ့ စာကြည့်စားပွဲတွေရှိတယ်။ စာကြည့်ရတာ ပျင်းလာလို့ စာကြည့်စားပွဲမှာတင် မှောက်အိပ်နေလို့လည်းရတယ်။ စာကြည့်တိုက် တစ်ဘက်စွန်က ဆိုဖာထိုင်ခုံလေးတွေ တန်းစီချထားတဲ့ နေရာသွားပြီး ဆိုဖာပေါ် ပက်လက် အိပ်နေလို့လည်းရတယ်။ ဆွေးနွေးစရာရှိတာ တိုးတိုးတိတ်တိတ် ဆွေးနွေးလို့ရတဲ့ နေရာလေးတွေ ရှိတယ်။ ကောင်လေးတွေ ကောင်မလေးတွေ ရှိတဲ့သူတွေ အတူတူ စာလုပ်ချင် လုပ်လို့ ရတဲ့ စားပွဲတွေလည်း ရှိတယ်။ တစ်ခုပဲ ရှိတာက စာကြည့်တိုက်ထဲ ဖုန်းပြောတာ စကားကျယ်ကြီးပြောတာတော့ ခွင့်မပြုပါဘူး။ ပုံမှန်ကတော့ မနက် ရှစ်ခွဲကနေ ည ဆယ့်တစ်လေးငါးထိ ဖွင့်ပါတယ်။ စနေတနင်္ဂနွေဆိုရင်တော့ နေ့လည် ဆယ့်နှစ်နာရီမှ စဖွင့်တာပါ။ ပိတ်ချိန်ကတော့ ပုံမှန်အတိုင်းက အတူတူပါပဲ။ တစ်ခါတစ်လေတော့ ညခုနစ်နာရီ ပိတ်တဲ့ရက်တွေလည်း ရှိတတ်ပါတယ်။ မနက်ပိုင်းကို စာကြည့်တိုက်ထဲ သွားမထိုင်တတ်ပေမယ့် နေ့လည်ပိုင်းတွေကတော့ သီးခြား လုပ်စရာ သွားစရာ မရှိရင် စာကြည့်တိုက်ထဲ သွားထိုင်နေတာပါပဲ။ စာကြည့်တိုက်ထဲမှာဆိုတော့ အကျိုးရှိတာ တစ်ခုခုတော့ လုပ်ဖြစ်တာပါပဲ။ စာဖတ်မယ်။ အိမ်စာတွေ လုပ်မယ်။ စာအုပ်တွေ လျှောက်ကြည့်မယ်။ နောက်ဆုံး ပျင်းရင်တောင် အိပ်ချင်အိပ်နေမယ် ဆိုတာမျိုးပေါ့။ အိုင်ယူဂျေ ကျောင်းသားတွေ စာကြည့်တိုက်မှာ စာကြည့်လေ့ရှိတဲ့ ကျောင်းသားတွေထဲမှာ စာကြည့်တိုက်ထဲ မအိပ်ဖူးတဲ့သူတောင် ရှိပါ့မလား ရှိရင်တောင် ရှားလိမ့်မယ်ထင်ပါတယ်။ တစ်ခါတစ်လေများဆို စာဖတ်နေရင်းနဲ့ နံဘေးဝန်းကျင်က ဟောက်သံလေးတွေများတောင် ကြားရတတ်ပါတယ်။ စာကြည့်တိုက်ထဲမှာ ဟောက်သံကြားရတာကတော့ သိပ်ဆန်းတော့တဲ့ ကိစ္စမဟုတ်ပါဘူး။ ဆောင်းနှင်းဝေတန်းတစ်လျှောက်လုံး စာကြည့်တိုက်ထဲမှာ ရေတစ်ဗူး ကျောပိုးအိတ်တစ်လုံးနဲ့ လာပြီး ထမင်းစားချိန် စာကြည့်တိုက်ပိတ်ချိန်တွေကျမှ မပြန်ချင်ပြန်ချင်နဲ့ အခန်းပြန်ရတာပါ။ တစ်ခါတစ်လေ စာကြည့်တိုက်ပိတ်ချိန်ကို သတိမထားမိလို့ စာကြည့်တိုက်ဝန်ထမ်းက လိုက်သတိပေးမှ ပစ္စည်းပစ္စယလေးတွေ ကောက်သိမ်းပြီး ပြန်ခဲ့ရတာလည်း ခဏခဏပါ။
အခု ဆောင်းနှင်းဝေတန်းပြီးရင် ကျောင်းတစ်ပတ် ပိတ်ပါမယ်။ ကျောင်းပိတ်ရက်မှာတော့ ကောင်းကောင်းအနားယူ လျှောက်ပတ်လည်ပြီး နောက်တစ်တန်းအတွက် အားမွေးရမှာပေါ့။ ဧပြီလဆန်းမှာ ပြန်စမယ့် နွေဦးပွင့်ဝေတန်းအတွက်ရယ် ဘွဲ့ယူစာတမ်းအတွက်ရယ် ကြိုင်တင်ပြင်ဆင်ရင်း နွေဦးကို ကြိုဆိုပါ့မယ်။ နှင်းတွေအရည်ပျော်စပြုနေပြီမို့လို့ နှင်းတွေ မကုန်သေးခင် မရောက်ဖူးသေးတဲ့ စကီကွင်းတွေ သွားပြီ စကီစီးမယ်လို့လည်း စိတ်ကူးထားပါတယ်။ လော်ကယ်ရထားကြီး စီးပြီးတော့ အနီးအနားက မြို့တွေ ရွာတွေကို သွားလည်မယ်။ လူချင်းဆုံရင် မျက်နှာလွှဲလေ့ရှိတဲ့ ဂျပန်လူမျိုးတွေရဲ့ မျက်လုံးကို ရအောင်လိုက်ဖမ်းပြီး သူတို့ရဲ့ အပြုံးတွေကို တူးဖော်မယ်။ အရည်ပျော်သွားတဲ့ နှင်းခဲတွေအောက်ကနေ တိုးထွက်လာမယ့် နွေဦးကြို ပန်းပွင့်ရောင်စုံလေးတွေကို လိုက်ရှာပြီး မှတ်တမ်းတင်ဖို့လည်း ရည်ရွယ်ထားပါတယ်။ ဆောင်းဦးရွက်ကြွေရာသီကတည်းက အပင်ပေါ်မှာ သစ်ကိုင်းလေးတွေပေါ်မှာ တစ်ဆောင်းတွင်းလုံး သည်းခံစောင့်ဆိုင်းနေကြရှာတဲ့ ပုရစ်ဖူးလေးတွေ နွေနေခြည်နွေးနွေးအောက်မှာ ဘယ်လို ပြူထွက်ပွင့်အာလာကြမလဲ ဆိုတာကိုလည်း သေချာစောင့်ကြည့်ပြီး မှတ်တမ်းတင်ပါ့မယ်။ ပုံမှန်မရောက်ဖြစ်တော့တဲ့ အားကစားခန်းမကို ပုံမှန် ပြန်သွားနိုင်ပါမယ်။ စာမေးပွဲတွေ စာတမ်းတွေကြောင့် အချိန်နည်းနည်းပဲ ပေးနိုင်ခဲ့တဲ့ ချစ်သမီးပန်းပွင့်လေးကို အချိန်တွေအများကြီးပေးပြီး စကားတွေ ပြောမယ်။ သမီးလေးပြောတာတွေ နားထောင်မယ်။ အတူတူ ဆော့ကြမယ်ပေါ့။ ပြီးတော့ တဆိုင်းဆိုင်းဆုတ်ခွာသွားတဲ့ ဆောင်းနှင်းဝေနဲ့ နှင်းဖြူဖြူတွေကိုလည်း မရှိတော့ကာမှ လွမ်းမနေရအောင် တ၀ကြီး ထိုင်ကြည့်ပစ်ပါမယ်။
. . .
. . .ဒီနေ့ညမှာတော့ ညီအစ်ကိုတွေ စုပြီး အောင်ပွဲခံကြမယ်။ ပျော်သလားဟေ့ မောင်တို့ရေ ပျော်တယ်ဟေ့ ပျော်တယ်ဟေ့ .

Time, you old Gypsy man


. . . ကျွန်တော်တို့ ဘ၀တွေမှာ ပျော်စရာကောင်းတဲ့ အချိန်တွေဆိုတာ ရှိကို ရှိခဲ့ကြပါတယ်။ ကျွန်တော်တို့ မိသားစုတွေ အဖေတွေ အမေတွေ ညီအစ်ကို မောင်နှမတွေ၊ သားသမီးတွေ၊ ကျွန်တော်တို့ ချစ်ခင်မြတ်နိုးကြသူတွေ၊ ကျွန်တော်တို့ရဲ့ သူငယ်ချင်းတွေ၊ သေတူရှင်ဘက် ရဲဘော်ရဲဘက်တွေနဲ့အတူတူ ပျော်စရာကောင်းတဲ့ အချိန်တွေကို အတူတူ ဖြတ်သန်းကြရတဲ့အခါ အဲသည် အချိန် ခဏလေးတွေကို မကုန်ဆုံးသွားစေချင်ကြဘူးလေ။ ဖြစ်နိုင်ရင် ပျော်စရာအချိန်လေးတွေကို ဆွဲဆန့်ထားချင်ကြမှာပါပဲ။ အခု ရေးပြထားတဲ့ ကဗျာထဲမှာ ကိုယ့်ဆီလာလည်ရင်တောင် ခဏလေးပဲ နေပြီး ထွက်သွားတတ်တဲ့ ပျော်စရာကောင်းတဲ့ အချိန်ခဏလေးကို ကုန်ဆုံးသွားမှာစိုးလို့ နေပါအုံးလို့ တောင်းတောင်းပန်ပန် ပြောနေတာကို ဂျစ်ပဆီအဘိုးကြီးနဲ့ တင်စား ရေးဖွဲ့ထားတာပါ။ ဘယ်လိုပဲ တောင်းပန်တောင်းပန် အချိန်ဆိုတာကို တော့ ကျွန်တော်တို့တွေ ဆွဲဆန့် မထားနိုင်ဘူး ဆိုပေမယ့် အထီးကျန်နေ့တွေကို ကြုံရတဲ့အခါများမှာ ဘ၀ရဲ့ ပျော်စရာအချိန်လေးတွေကို ပြန်လည်အောက်မေ့ ကြည်နူးစရာတော့ ဖြစ်မှာပါ . . .

Time, you old Gypsy man
Will you not stay
Put up your caravan
Just for one day ?

အချိန်ဆိုတဲ့ ဂျစ်ပဆီ အဘိုးအိုကြီးရယ်
မနေတော့ဘူးလား
ခင်ဗျား လှည်းတွေနွားတွေ ဖြုတ်ပြီး
တစ်ရက်လောက်တောင် မနေတော့ဘူးလားဗျာ

All things I'll give you
Will you be my guest,
Bells for your jennet
Of silver the best,
Goldsmiths shall beat you
A great golden ring,
Peacocks shall bow to you,
Little boys sing,
Oh, and sweet girls will
Festoon you with may.
Time, you old gypsy,
Why hasten away?

ဒီမယ်ကြည့်စမ်း
ဧည့်သည်တော်ကြီးအဖြစ်
ခင်ဗျားသာ နေအုံးမယ် ဆိုရင်လေ
ကျွန်တော့်မှာ ရှိတာတွေ
အကုန်ပေးပါ့မယ်ဗျာ
အဘိုးရဲ့ မြင်းပုလေးအတွက်
အကောင်းဆုံးငွေသားနဲ့ လုပ်ထားတဲ့
ချူလုံးလေးတွေ
အဘိုးအတွက်
ရွှေသားဦးရစ်
သရဖူကြီး တစ်ခုလေ
ပြီးတော့ဗျာ
သိပ်လှတဲ့ ဒေါင်းငှက်တွေကလည်း
အဘိုးကို ဦးညွတ်စေရမယ်ဗျာ
လူငယ်လေးတွေအားလုံး
သီချင်းတွေဆိုပြီး
ချစ်စရာကောင်းတဲ့ မိန်းကလေးတွေက
နွေဦးရာသီရဲ့
နှင်းဆီရိုင်းပွင့် ပန်းကုံးတွေနဲ့
အဘိုးကို ပူဇော်စေရမယ်ဗျာ
အချိန်ဆိုတဲ့ အဘိုးအိုရယ်
ဘာကြောင့်များ
လတ်တလောကြီး
သွားချင်နေရတာလဲ

Last week in Babylon,
Last night in Rome,
Morning, and in the crush
Under Paul's dome;
Under Paul's dial
You tighten your rein—
Only a moment,
And off once again;
Off to some city
Now blind in the womb,
Off to another
Ere that's in the tomb.

အရင်အပတ်ကတော့
အဘိုးက ဘေဘီလုံမှာ
မနေ့ညက ရောမမြို့မှာ
ဒီနေ့မနက်တော့
စိန့်ပေါနာရီဒိုင်ခွက်ကြီးအောက်မှာပါလား
အဘိုးက
အဘိုးရဲ့ မြင်းဇက်ကြိုးကို
ခဏလေး သတ်တာပါလား
ခဏလေးပဲနေပြီး
ခရီးဆက်ပြန်ပြီ
တစ်ခြားတစ်မြို့မြို့ကို
မြန်လည်းမြန်လိုက်တဲ့အဘိုး
အခုပဲ
မမြင်မစမ်းနဲ့ အမေ့ဗိုက်ထဲမှာ
သချိုင်းမှ မရောက်ရသေးခင်
နောက်တစ်ခါ ၀င်စားပြန်ပြီလားဗျာ

Time, you old Gypsy man
Will you not stay
Put up your caravan
Just for one day ?

အချိန်ဆိုတဲ့ ဂျစ်ပဆီ အဘိုးအိုကြီးရယ်
မနေတော့ဘူးလား
ခင်ဗျား လှည်းတွေနွားတွေ ဖြုတ်ပြီး
တစ်ရက်လောက်တောင် မနေတော့ဘူးလားဗျာ

(Poem credit to Ralph Hodgson and translation credit to တက္ကသိုလ်ဘုန်းနိုင်)