. . . သင်္ကြန်အပျော်ကို သိပ်ပြီး မက်မက်စက်စက် မရှိလှပေမယ့် အွန်လိုင်းက မြန်မာပြည်သင်္ကြန်ကို မြင်တော့လည်း အလွမ်းသား။ အထူးသဖြင့် သားတွဲလောင်း သမီးတွဲလောင်းနဲ့ မိသားစု စုံစုံညီညီ ပျော်နေကြတာ မြင်ရင် မြန်မာပြည်မှာ ကျန်ခဲ့တဲ့ ပန်းပွင့်လေးတို့ သားအမိကို ဘယ်လိုလွမ်းတယ်ဆိုတာများ အွန်လိုင်းတက်ပြီး ရင်ဖွင့်ပြချင်ပေမယ့် မဖွင့်ပြရဲဘူး။ ဘာလို့လဲဆိုတော့ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲဝင်နေကြတဲ့ အသက်တွေ တဖြုတ်ဖြုတ် စွန့်လွှတ်နေရတဲ့ ဒဏ်ရာတွေ တဂျိမ်းဂျိမ်းရနေတဲ့ ညီအစ်ကို ရဲဘော်ရဲဘက်တွေရဲ့ အကြောင်းကပဲ ခေါင်းထဲမှာ အမြဲစိုးမိုးနေလေတော့ သူတို့ကတောင် ဒီလောက်စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်နေကြတဲ့ အချိန်မှာ သက်တောင့်သက်သာ ပညာသင်ခွင့်ရနေတဲ့ ဗိုလ်ကောင်းက ဘယ်လို နှလုံးသားမျိုးနဲ့ အလွမ်းတွေ ခင်းပြနေ၀ံ့မှာလဲဗျာ။ သားတစ်ကွဲ မယားတစ်ကွဲ မိသားစုနဲ့ ဆွေမျိုးတွေ ချစ်သူရည်းစားတွေရဲ့ အဝေးမှာ ရောက်နေရတာချင်း အတူတူ ဘယ်နေ့ဒဏ်ရာရလို့ ဘယ်နေ့ ရန်သူ့ကျည်သင့်မလဲ မသိတတ်နိုင်တဲ့ ပင်ပင်ပန်းပန်း တိုက်ပွဲဝင်နေတဲ့ စစ်သည်တော်တွေရဲ့ မျက်နှာမှ မထောက် ကျွန်တော်က ဖွဲ့နွဲ့ လွမ်းပြနေမယ်ဆိုရင် ကျွန်တော့်လောက် ရဲဘော်ရဲဘက်စိတ်ကင်းသူ ရှိပါအုံးတော့မလား။
. . . ပြီးခဲ့တဲ့ အပတ်လောက်က တပ်ထဲမှာရှိတဲ့ အမျိုးအရင်းဆုံး တစ်ဦးတည်းသော ညီငယ်လေး၊ လောက်ကိုင်ဒေသမှာ တိုက်ပွဲဝင်ရင်း ဒဏ်ရာရခဲ့တယ်။ နောင်တော်တွေ ညီငယ်တွေ သူငယ်ချင်းတွေ ကျဆုံးကြ ဒဏ်ရာရကြနဲ့ ခံစားခဲ့ရတဲ့ သောကဟာ အရင်အခါတွေမှာတော့ ကျွန်တော့်တစ်ဦးတည်းကိုပဲ လောင်မြိုက်ခဲ့ပေမယ့် ဒီတစ်ခါ သောကမီးက ကျွန်တော့် အမေရယ် မောင်နှမတွေရယ်နဲ့ ဆွေမျိုးနီးစပ်တွေကိုပါ လောင်မြိုက်နေခဲ့ပါတယ်။ ပထမ လားရှိုးဆေးရုံကနေ ပြင်ဦးလွင် ဆေးရုံကိုပြောင်း။ ပြင်ဦးလွင်မှာ ရှိတဲ့သူငယ်ချင်းတွေကို သွားကြည့်ပေးပါအုံးပြောရ။ ဒဏ်ရာအခြေအနေ ဘယ်လိုလဲ မေးရ။ စိုးရိမ်စရာအခြေအနေက ကျော်လွန်သွားပါပြီဆိုတာ သိတော့မှ နည်းနည်း စိတ်အေးရ။ အမေနဲ့ ဆရာဝန်ညီမလေးတို့ သွားကြည့်ခဲ့ပါတယ်ဆိုလို့ အမေတစ်ယောက် ဘယ်လောက်တောင် ပူပင်သောက ရောက်လိမ့်မလဲဆိုတာ ခန့်မှန်းမိပါတယ်။ ညီငယ်လေးကို ကိုယ်တိုင်ဖုန်းဆက်ပြီး အားပေးချင်ပေမယ့် သူ့အခြေအနေက သေချာမသိရတော့ ဖုန်းပြောလို့ရမရ မသိရလို့ ဒီနေ့အထိ ညီငယ်လေးအသံ မကြားရသေးပါဘူး။
. . . အရင်ကတည်းက ခံစားနေခဲ့ရတာပေမယ့် ကိုယ့်ညီလေး တိုက်ပွဲမှာ ဒဏ်ရာရတဲ့အကြောင်း သိပြီးတဲ့နေ့ကစပြီး ကျွန်တော်လည်း စိတ်မှာ ပိုလို့နာကျင်မိပါတယ်။ ကျွန်တော့်ရဲ့ ရဲဘော်ရဲဘက် ညီအစ်ကို သူငယ်ချင်းတွေ အသက်ကိုတောင်စွန့်ပြီး တိုက်ပွဲဝင်နေရချိန်မှာ ဘေးကင်းရန်ကင်း သာသာယာယာ နေခွင့်ရနေတဲ့ ကိုယ့်ကိုယ်ကိုလည်း တာဝန်မကင်းသလို ခံစားရပါတယ်။ သူတို့တွေအတွက် အားပေးစကားတွေ နှစ်သိမ့်စကားတွေလည်း မပြောပြတတ်လောက်အောင် ဆွံ့အနေမိပါတယ်။ သူတို့ကို ဘယ်လို သတ္တိမျိုးနဲ့ ကျွန်တော်က အားပေးရမှာလဲ။ စစ်မြေပြင်မှာ စွန့်စွန့်စားစား တိုက်ပွဲဝင်ရင်း ကာယစိတ္တ သတ္တိနှစ်ပါးကို လက်တွေ့ကျကျ ထုတ်ပြသွားကြတဲ့ ကျွန်တော့် ရဲဘော်ရဲဘက်တွေကို ကျွန်တော်က ဘယ်လို သတ္တိမျိုးနဲ့ အားပေးနှစ်သိမ့်ရမှာလဲ။ ကျွန်တော်က ဘယ်လောက်တောင် သတ္တိတွေကောင်းနေလို့ သူတို့ကို အားပေးရမှာပါလိမ့်။
. . . အခုနေ ကျွန်တော့်ညီလေးကို တွေ့ရတယ်ဆိုရင်တောင် ဘယ်လို မျက်နှာမျိုးနဲ့ သူ့ရှေ့ကို သွားရမလဲ ဆိုတာ မတွေးတတ်နိုင်အောင်ပါပဲ။ ကျွန်တော်တို့လို လူစားတွေ ကျည်လွတ်မြေမှာ စိတ်အေးချမ်းသာ ပညာသင်ကြားနေနိုင်အောင် ကျွန်တော့်ညီလေးနဲ့ ရဲဘော်ရဲဘက်တွေက ကျွန်တော်တို့ အတွက် အလုပ်တွေပိုလုပ်နေရတယ်။ အနည်းဆုံး ကျွန်တော် လုပ်ရမယ့် အလုပ်ဝန်ထုပ်တွေကို သူတို့က ပိုထမ်းထားပေးရတယ်။ ကျွန်တော့် ရဲဘော်ရဲဘက်တွေက ပိုလုပ်ပေးထားတဲ့ အလုပ်ကြွေးတွေကို ကျွန်တော် ဘယ်တော့များမှ ဘယ်လို ပြန်ဆပ်ခွင့် ကြုံပါမလဲ။ သူတို့ကိုယ်တိုင်တောင်မှ အထူးတလည် သတိထားမိမှာ မဟုတ်တဲ့ ကျေးဇူးကြွေးတွေကို ကျွန်တော် ဘယ်လို ပြန်ဆပ်ရမလဲဗျာ။ ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် ကျွန်တော့် ရဲဘော်ရဲဘက်တွေက ပြုပေးထားတဲ့ ကျေးဇူးတွေကို ဒီဘ၀မှာတင် ပြန်ဆပ်ခွင့်ရသောကိုယ် ဖြစ်ရပါလို၏လို့ ဆုတောင်းမိမှာပဲ။
No comments:
Post a Comment