Friday, 3 July 2015

ပြတိုက်က ပြန်ခဲ့တယ်


မိုမိုး မိုမိုး စကားလေးဘာလေး ပြောပါအုံး ကားပေါ်ရောက်တာနဲ့ တန်းအိပ်တော့တာပဲ
ဘာလဲ ယုမိရာ တစ်နေကုန် လျှောက်သွားနေရတာ ပင်ပန်းလှပြီ အိပ်ချင်နေပြီ
မအိပ်ပါနဲ့ဆို။ ယုမိမှာ ချိုချဉ်ပါတယ် အဲဒါစားလိုက် အိပ်ချင်ပြေအောင်
ဟာ ချိုချဉ်ကြီး မစားချင်ဘူးကွာ
မိုမိုနော် ယုမိ စိတ်ဆိုးလိုက်မှာ
ကဲ ကဲ သခင်မလေး ခင်ဗျားလုပ်တာနဲ့ အိပ်ချင်လည်း ပြေပြီ ကဲ ပြော ဘာပြောရမှာလဲ
ဒီနေ့ ရိုက်ခဲ့တဲ့ ပုံတွေ ကြည့်မယ်
ဖုန်းက အားမရှိတော့ဘူး အဆောင်ရောက်မှ ကြည့်တော့
ယုမိမှာ ဘက်ထရီအပိုပါလာတယ် မိုမိုရဲ့ ပေး အားသွင်းပြီးကြည့်မယ်
ကဲ ရော့ စိတ်တိုင်းကျ ကြည့်တော်မူ ကျွန်တော်မျိုး အိပ်လိုက်အုံးမယ်
မအိပ်ပါနဲ့ မိုမိုရာ ယုမိ မေးစရာရှိလို့ပါ
လုပ်ပြန်ပြီ ခုတစ်မျိုး တော်ကြာတစ်မျိုး ကဲ မေး ဘာသိချင်ပြန်ပြီလဲ
ဟိုလေ ခုနောက်ဆုံး ရောက်ခဲ့တဲ့ တိုကျိုအမျိုးသားပြတိုက်ကို မိုမို ကြိုက်လားဟင်
အင် ယုမိမေးတာကြီးကလည်း
အော် ဟို ပြတိုက်ကို သဘောကျလားလို့ မေးတာပါ
ကျတာပေါ့ ယုမိရယ် သဘောကျသမှ သိပ်ကိုကျ
မိုမိုတို့ဆီမှာရော အဲလို ပြတိုက်မျိုးရှိလားဟင်
ရှိပါသော်ကောဗျာ။ ယုမိတို့ တိုကျိုအမျိုးသားပြတိုက်ထက်တောင် ပစ္စည်းအမယ်စုံသေးတယ် ပြထားတာတွေက
အဲဒါဆိုရင် မြန်မာပြည်က ပြတိုက်နဲ့ ဒီကပြတိုက် ဘယ်ဟာကို ပိုသဘောကျလဲဟင်
အဲ အဲဒါတော့ ဘယ်လို ပြောရမလဲ။ မြန်မာလူမျိုးတစ်ယောက်အနေနဲ့ မြန်မာအမျိုးသားပြတိုက်က ကိုယ်တို့အတွက် ဂုဏ်ယူစရာတစ်ခုပေါ့လေ။ အင်း ခင်းတာ ကျင်းတာ ပြထားတာတွေအနေနဲ့ကတော့ ဒီက ပြတိုက်ကို ပိုသဘောကျတယ်လို့ပဲ ရိုးရိုးသားသား ၀န်ခံရမှာပဲ။
ဘာတွေကို သဘောကျတာလဲ မိုမို
အဓိကကတော့ တိုကျိုပြတိုက်မှာ အခင်းအကျင်းက သိပ်ကို ကောင်းတယ်လို့ ပြောရမယ်။ ကိုယ်လည်း ပြတိုက်ပညာရပ်တွေ သိပ်တော့ နားမလည်ပါဘူး။ သာမန် ပြတိုက်လာကြည့်သူ တစ်ယောက် အနေနဲ့ ပြောရမယ်ဆိုရင် ကိုယ်တို့ဆီက ပြတိုက်က ရှိသမျှတွေ စုပြုံခင်းကျင်းထားတာမျိုး ဖြစ်နေပြီး ဒီမှာကတော့ ပစ္စည်းတစ်ခု အနုပညာလက်ရာတစ်ခုဆို တစ်ခုကို ပေါ်ပေါ်လွင်လွင် ခင်းကျင်းပြသထားတာက ပိုကောင်းတယ်လို့ ထင်တယ်။ ပိုပြီး ပိုက်ဆံသုံးနိုင်တာလည်း ပါမှာပေါ့လေ။
ဘာကို ပြောတာလဲ မိုမို
ဥပမာကွာ ရှေးဟောင်း ကြွေပန်းအိုးလေး တစ်လုံး ဆိုပါတော့။ အဲသည် ကြွေပန်းအိုးလေးကိုပဲ သမိုင်းကြောင်းလေးနဲ့ တခမ်းတနား နေရာအများကြီးပေးပြီး ခင်းပြထားနိုင်တယ်။ နောက်တစ်ခု သဘောကျတာက အလင်းရောင် ပေးတဲ့ စနစ်ပဲ။ ကိုယ်ဆို ပစ္စည်းတစ်ခုချင်းဆီမှာ အလင်းရောင်ကို ဘယ်နားကနေ ပေးထားပါလိမ့်လို့ သေသေချာချာ လိုက်ကြည့်မိတယ်။ တစ်ချို့ဟာတွေဆို အလင်းရောင်က ဘယ်နားက ပေးထားမှန်းကို မသိဘူး။ ဥပမာ ပန်းချီကား ပြခန်းထဲမှာ ပန်းချီကားတွေကပဲ ကွက်ပြီး လင်းနေတာများ ကိုယ်က တော်တော်ကို အံ့သြမိတယ်။ ဘယ်လို နည်းပညာနဲ့ အဲသည်လို ဖြစ်အောင် လုပ်ထားပါလိမ့်ပေါ့။ ပြီးတော့မှ ဘယ်ဟုတ်ပါ့မလဲ။ ပန်းချီကားအောက်ခြေက ပိုက်လုံးလို အပေါက်ကလေးကနေ အလင်းရောင်ထွက်နေပြီး ပန်းချီကားပေါ်ကို ကွက်တိကျအောင် ချိန်ပြီး ပေးထားတာတွေ့တယ်။ နောက်တစ်နေရာမှာ ဆိုရင်လည်း ရှေးခေတ် ကြေးအိုးလေးတတစ်လုံး။ အမှောင်ထဲမှာ ကြေးအိုးလေးပဲ မြင်နေရတယ်။ လေးဘက်လေးတန်ကလည်း မြင်နေရတယ်။ အမှောင်ထဲမှာ အဲသည်ကြေးအိုးလေးကို ကပ်ပြီးကြည့်တာတောင် အလင်းရောင်လာတဲ့ နေရာကို ရုတ်တရက် မတွေ့ဘူး။ ဟဲ ဟဲ ပြောရရင် အဲသည်နေရာမှာတင် ဆယ်မိနစ်လောက် အချိန်ကုန်သွားတယ်။ ကြေးအိုးလေးပေါ်ကို ပေးထားတဲ့ အလင်းရောင် ဘယ်က ထွက်လာလဲ လိုက်ရှာတာ။
တွေ့ခဲ့လား။
အို ဘာလို့ မတွေ့ရမှာလဲ။ ကြေးအိုးလေးတင်ထားတဲ့ စင်ရဲ့ အထိန်းဒေါက်တံလို့ ထင်ရတဲ့ ပိုက်ချောင်းလေးထိပ်က အလင်းရောင်ထွက်နေတာ။ အလင်းရောင်က အပြင်ကို လျှံမကျဘဲ အိုးလေးပေါ်မှာပဲ ကွက်တိကျအောင် လုပ်ထားတာတော့ လက်ဖျားခါတယ် ယုမိရေ။ ပြတိုက်ပညာရှင်တွေ တော်တော်ကို စိတ်ရှည်လက်ရှည် လုပ်ထားတာပဲ။
နောက်ထပ်ရော ဘာသဘောကျသေးလဲ
ဒီမှာလေ ယုမိရဲ့
ဘာလဲ အဲဒါ
ဒီမှာလေ။ ပြတိုက်ထဲမှာ ရိုက်လာတဲ့ ပုံတွေ အများကြီးပဲ။ ကိုယ်သိသလောက် ပြတိုက် တော်တော်များများက ဓာတ်ပုံရိုက်ခွင့် မပေးကြဘူး။ ကိုယ်တစ်ခါ ရောက်ဖူးတဲ့ ဘရူနိုင်းဘုရင့်တော်ဝင်ပြတိုက်ဆို အထဲကို ကင်မရာနဲ့ လက်ကိုင်ဖုန်းတောင် ယူခွင့်မပြုဘူး။ ဒီမှာတော့ ပြတိုက်ထဲမှာ ဓာတ်ပုံရိုက်ခွင့် ပြုထားတယ်။ တစ်ချို့ ပစ္စည်းပိုင်ရှင်က ရိုက်ခွင့်မပေးပါဘူးလို့ ဆန္ဒပြုထားတဲ့ အနုပညာ လက်ရာတစ်ချို့က လွဲရင်ပေါ့လေ။
ဓာတ်ပုံရိုက်ခွင့်ပေးတာကို သဘောကျတယ်ပေါ့
အင်း ဘယ်လို ပြောရမလဲ။ ဓာတ်ပုံရိုက်ခွင့်ပေးတာကို သဘောကျတယ် ဆိုပေမယ့် စည်းကမ်းလည်း ရှိဖို့ လိုသေးတာကိုး။ ဓာတ်ပုံရိုက်ခွင့် ပေးထားတယ် ဆိုပေမယ့် ကင်မရာဒေါက်တွေနဲ့ တည်ရိုက်တာကို ခွင့်မပြုသလို မီးပွင့်တဲ့ ရိုက်ချက်မျိုးကိုလည်း ခွင့်မပြုထားဘူးလေ။ ဒါပေမယ့် တစ်ချို့က မီးပွင့် ရိုက်ချက်တွေ သုံးတဲ့အခါကျတော့ ပြတိုက်ရဲ့ အလင်းရောင်ပေးစနစ်ကို သွားထိခိုက်တယ်လို့ မြင်မိတယ်။ ကိုယ်ဆိုရင် မှိန်ပြပြ အခန်းထဲက အလင်းရောင်စနစ်ကောင်းကောင်းနဲ့ အနုပညာပစ္စည်းတွေကို အရသာခံ ကြည့်နေတဲ့အချိန် တစ်ချို့ကင်မရာတွေက အလင်းရောင် ဖျတ်ကနဲ ဖျတ်ကနဲ ထွက်လာတဲ့အခါ ကြည့်ရတာ သိပ်အရသာ ပျက်တာပဲ။ ပြတိုက်ဝန်ထမ်းတွေကလည်း ဒါကိုတော့ တားဆီးသင့်တယ် ထင်တာပဲ။
မိုမို ပန်းချီကားပုံတွေ ပို့စကတ်လေးတွေ အများကြီး ၀ယ်လာတယ်မလား
ဟုတ်တယ် ယုမိရေ။ ပြတိုက်ကို သဘောကျတဲ့ အထဲမှာ အဲဒါလည်း ပါတယ်။ ပြတိုက်မှာ ပြထားတဲ့ ရှေးဟောင်း ပန်းချီကားတွေ ရုပ်ထုတွေရဲ့ ပုံစံတူလေးတွေကို ပြတိုက်ထဲက ဆိုင်မှာ ရောင်းပေးတာလဲ တော်တော်ကို သဘောကျတယ်။ ပို့စကတ် တစ်မျိုးတည်းတင် မဟုတ်ဘဲ လက်ဆွဲအိတ်တွေ ပန်းချီကားပုံစံတွေ လက်ကိုင်အိတ်တွေ ပလတ်စတစ်ဖိုင်တွေ ပုံစံအမျိုးမျိုးနဲ့ လုပ်ရောင်းတာကိုလည်း သိပ်သဘောကျတာပဲ။ ကိုယ်ဆို ကြိုက်မိတဲ့ ပန်းချီကားပုံစံတူ ပို့စကတ်နဲ့ စာအိတ်လေးတွေ ကတ်လေးတွေ ၀ယ်လာတာ အများကြီးပဲ
ပြီးတော့ရော
အော် နောက်တစ်ခု ရှိသေးတယ်။ ပြခန်းတွေထဲမှာ သက်တောင့်သက်သာ ထိုင်နားလို့ ရအောင် ပြီးတော့ ပြထားတာတွေကို သက်တောင့်သက်ရာ ထိုင်ပြီး တစိမ့်စိမ့် ကြည့်နေလို့ ရအောင် ထိုင်ခုံတွေ ခုံတန်းတွေ လုပ်ပေးထားတာလည်း သိပ်ကောင်းတယ်။ ကိုယ်တို့က ပြတိုက်ကို ရောက်ဖူးတယ် ဆိုရုံလောက်သာ ရောက်ကြရတာကိုး။ တကယ်ဆိုရင် ပြတိုက်ထဲက အနုပညာလက်ရာတွေ ပန်းချီကားတွေ ရှေးဟောင်းပစ္စည်းတွေကို အရသာခံပြီး ဇိမ်နဲ့ ကြည့်သင့်တယ် မဟုတ်လား။ ပြတိုက်ဆိုတာ တစ်ခါဝင်သွားရင် စိမ်ပြေနပြေ ကြည့်ပြီးမှ ပြန်ထွက် သင့်တဲ့ နေရာလေ။ ဒီပြတိုက်ကတော့ အဲသည်လို စိမ်ပြေနပြေ လျှောက်ကြည့်ဖို့ အဆင်ပြေတယ်
ဒီပြတိုက်က အဆင်ပြေတယ်ဆိုတော့ ဘယ်ပြတိုက်က အဆင်မပြေဘူးလဲ
ကိုယ်တို့ဆီက ပြတိုက်တွေမှာ ကိုယ်မှတ်မိသလောက် ပြခန်းတွေထဲမှာ အဲသည်လို ခုံတွေ ခင်းကျင်းပေးထားတာ မရှိဘူးလေ။ အမျိုးသားပြတိုက်နဲ့ တပ်မတော် စစ်သမိုင်း ပြတိုက်တွေဆို ၀င်သွားမိတာနဲ့ ထိုင်စရာကို မရှိဘူး။ လမ်းလျှောက်ရင်း လမ်းလျှောက်ရင်း ညောင်းကညောင်း ထိုင်စရာကမရှိနဲ့ ဆိုတော့ နောင်ပိုင်းနေရာတွေမှာ သေသေချာချာကို မကြည့်မိလိုက်တော့ပါဘူး။ အပြင်ပြန်ရောက်ချင်ဇောနဲ့ အမြန်ပြန်ထွက်ခဲ့ရတာပါပဲ။ ဒီမှာတော့ ပြခန်းတော်တော်များများမှာ ထိုင်စရာတွေ လုပ်ထားပေးတော့ တစ်ချို့ ခုံရှည်တွေမှာဆိုရင် ခဏတစ်ဖြုတ် ကျောဆန့်လို့တောင် ရတယ်။ ဘယ်လောက် အဆင်ပြေလိုက်လဲလို့
မိုမို အမှတ်တရ တံဆိပ်လေးတွေ ထုတဲ့နေရာနေရာအကြောင်းလည်း ပြောပြအုံးလေ
အင်း ပြောပြပါမယ်။ ယုမိအတွက်တောင် ကိုယ်ကိုယ်တိုင် တံဆိပ်လှလှလေးတွေ ထုပေးထားသေးတယ်လေ။ မိုက်တယ်နော်။ ဂျပန်ရိုးရာ ပန်းချီပန်းလေးတွေကို ကိုယ့်စိတ်ကြိုက်ရွေးပြီး ပို့စကတ်ပေါ်မှာ အမှတ်တရ ထုယူလာလို့ရတယ်။ အစောင့် အဖိုးကြီးကလည်း သဘောကောင်းလိုက်တာ။ ကိုယ် အစက အဲသည်ကတ်လေးတွေအတွက် ပိုက်ဆံ ပေးရမယ်ထင်နေတာ။ တစ်ယောက်တစ်ခု ယူပါဆိုပေမယ့် လိုချင်လို့ ထပ်တောင်းရင်လည်း ပေးတယ်ဗျာ။ ကိုယ်ကတော့ ဂျပန်ရိုးရာ ခြင်္သေ့ရုပ်ရယ် ဆာကုရာပန်း ဒီဇိုင်းလေးတွေရယ်ကို အရောင်စုံ ထုလာခဲ့တယ်။
တံဆိပ်ထုတယ်ဆိုမှ အဲသည်အခန်းထဲမှာ ပြတိုက်တစ်ခုလုံးကို တစ်ထိုင်တည်းကြည့်လို့ရအောင် လုပ်ပေးထားသေးတယ်နော်။ ဖန်သားပြင်ပေါ်မှာ ကိုယ်ကြိုက်တဲ့ ဘာသာစကားနဲ့ ကိုယ်ကြည့်ချင်တဲ့ ပြခန်း ကိုယ်ကြည့်ချင်တဲ့ ရှေးဟောင်း ပစ္စည်းအကြောင်းကို အသေးစိတ် ရှင်းပြပေးတဲ့ စနစ်လေးက တော်တော် လန်းတယ်။
ဟို ဂျပန်ရိုးရာ ပန်းခြံလေးနဲ့ လက်ဖက်ရည်အိမ်လေးတွေကိုရော သဘောမကျဘူးလား
အဲသည်အိမ်လေးထဲမှာ ယုမိရယ် ကိုယ်ရယ် အေးအေးဆေးဆေး လက်ဖက်ရည်ပွဲလေး နွှဲလိုက်ရရင် ကောင်းမှာပဲလို့တောင် စိတ်ကူးယဉ်မိသေးတယ်။ ရေကန်လေးရယ် သစ်ပင်ပုလေးတွေရယ် အရွက်ကြွေနေတဲ့ သစ်ပင်တွေရယ် နောက်က ဂျပန်ရိုးရာ အိမ်လေးရယ်က ကိုယ့်စိတ်ထဲမှာ ပန်းချီကားလေး ကြည့်နေရသလိုပဲ။ ကိုယ်တောင် တွေးမိသေးတယ်။ မြန်မာပြည်ရောက်ရင် ဒီလို ပန်းခြံလေးနဲ့ ဒီလိုအိမ်လေး ဆောက်အုံးမှပါ ဆိုပြီး
မိုမိုက ပြောရင်းဆိုရင်း မြန်မာပြည်ကို လွမ်းသွားပြန်ပြီလား
အင်း လွမ်းလားဆိုတော့ လူ့စိတ်ဆိုတာ အခက်သားပဲလေ။ ဒီမှာရှိနေတုန်း မြန်မာပြည်ကို လွမ်းတယ်။ မြန်မာပြည် ပြန်ရောက်သွားရင်လည်း တစ်မျိုးလွမ်းရအုံးမှာပါပဲ
ဟင် ကိုယ့်နိုင်ငံကို ပြန်ရောက်တာ ဘာကို လွမ်းမှာလဲ မိုမိုရဲ့
အော် ယုမိလေးရယ်။ မြန်မာပြည်ပြန်ရောက်ရင် ဘာကို လွမ်းနေမယ်ဆိုတာ တကယ်ကို မသိတာလား။ မသိချင်ယောင် ဆောင်နေတာလားကွယ်

No comments:

Post a Comment