Friday, 3 July 2015

ဝါဂီနစ်

          ငယ်ငယ်ကတည်းက ဖြစ်ချင်နေပေမယ့် ခုထိ မဖြစ်သေးတာကတော့ ဂီတတူရိယာတစ်ခုကို ကျွမ်းကျွမ်းကျင်ကျင် တီးတတ်ချင်တာပါ။ အဲသည်အိပ်မက် အစကတော့ အမေပေါ့။ အမေက သီချင်းဆိုသိပ်ကောင်းတာဆိုတော့ အမေ့သီချင်းတွေ နားထောင်ရင်းနဲ့ပဲ တူရိယာတစ်ခုခုကို ကိုယ်တိုင် တီးတတ်ချင်လာတယ်။ ငယ်ငယ်က နေခဲ့တဲ့ အသိုင်းအ၀ိုင်းမှာလည်း တီးတတ်မှုတ်တတ်တဲ့သူက အရှားသားဆိုတော့ ငယ်တုန်းကတော့ ဘယ်လိုမှကို မနီးစပ်ခဲ့ပါဘူး။ ပထမဆုံး သင်ဖို့ကြိုးစားခဲ့တဲ့ တူရိယာကတော့ ဂစ်တာပါ။ မှတ်မှတ်ရရ ကိုးတန်းလောက်ကပေါ့။ ကျွန်တော်တို့အိမ် မြောက်ဘက် တစ်အိမ်ကျော်မှာ ကျွန်တော်တို့က ကိုဝင်းခိုင်လို့ခေါ်တဲ့ အစ်ကိုကြီးက ဂစ်တာတီးသိပ်တော်တာ။ ညဘက်ဆို ကိုဝင်းခိုင်ဆီသွားလို့ သီချင်းဆိုမယ် ဆိုရင် အစ်ကိုကြီးက မညည်းမညူ ဂစ်တာတီးပေးတယ်။ အဲသည်တုန်းကတော့ ရင်ဂိုတို့ ဇော်ဝင်းထွဋ်တို့ခေတ်ပေါ့။ ဗဒင်တို့ခေတ်ပေါ့။ နောက် စိတ်ပါလာတော့ ဂစ်တာတီးမယ်လုပ်ရော။ သင်ပေးပါတယ် အစ်ကိုကြီးက။ ပြဿနာက ဘယ်ကစလဲဆိုရင် အဖေက စတယ်ပြောရမှာပဲ။ အိမ်မှာ အဲသည်တုန်းက အမှုန့်ကြိတ်စက်ရှိတယ်။ ရွာမှာ ကြက်မွေးတဲ့သူတွေရှိတော့ အဓိက ကြက်စာ ကြိတ်တာပေါ့။ စီးပွားဖြစ်လှတယ်ရယ်လို့ မဟုတ်ပါဘူး။ လာတဲ့အခါလည်း ကြိတ်ပေးပေါ့။ ကျွန်တော်က ကိုဝင်းခိုင်အိမ်ကိုသွားရင်လည်း အဖေ့ကို ခွင့်တိုင်ပြီးမှ သွားတာပါ။ အဖေ ကျွန်တော် ကိုဝင်းခိုင်တို့အိမ်ဘက်သွားလိုက်အုံးမယ်နော် ခိုင်းစရာရှိရင် ခေါ်လိုက်နော် အဖေဆိုပြီး။ တစ်အိမ်တည်းကျော်တာဗျာ အိမ်ရှေ့ထွက် အော်လိုက်ရင် အသာလေးကြားရတာ။ ဘာမှ အပန်းကြီးတာမဟုတ်ဘူး။ တစ်ရက်သားမှာ အမှုန့်ကြိတ်တဲ့သူလာတော့ အဖေက လှမ်းခေါ်တယ်။ ကျွန်တော်လည်း အဖေခေါ်ခေါ်ချင်း ချက်ချင်း ထပြန်လာတာပါ။ အဲဒီအချိန် အဖေက တစ်ခုခုနဲ့ စိတ်တိုနေတယ် ထင်ပါရဲ့။ ဒီမှာ အလုပ်လာနေတာ မင်းက ဘယ်လျှောက်သွားနေတာလဲတဲ့။ အော် ကိုဝင်းခိုင်အိမ်မှာ ဂီတာသွားတီးနေတာလေ အဖေ့ပြောသွားသားပဲလို့ ဆိုတော့ မင်း ဂစ်တာတီးတာ ဘာပိုက်ဆံရလို့တုန်းတဲ့။ အဲသည်စကားကို အခုထိ မမေ့နိုင်ဘူး။ အော် အဖေရယ် ဂစ်တာတီးတာ ပိုက်ဆံမရတဲ့အလုပ်မို့ ဂစ်တာ မတီးရဘူးတဲ့လား။ အဲသည်စကားကို တော်တော်ကို စိတ်နာသွားတယ်။ အဖေ့ကို စိတ်နာတာလည်း မဟုတ် ဂစ်တာတီးတာကို စိတ်နာတာလည်း မဟုတ်။ အဲသည်စကားကိုတော့ အခုထိတောင် မှတ်မိနေလောက်အောင် စိတ်ထဲမှာ စွဲစွဲမြဲမြဲ နာကျင်မိတယ်။ အဲသည်စိတ်နဲ့ အဖေကိုများ ပြစ်မှားမိခဲ့လားမသိ။ အခုထိကို ဘာတူရိယာသင်သင် သေချာသင်ဖို့ သေချာတတ်ဖို့ အခွင့်အရေးမပေးဘူး။ အခုထိလည်း လက်မလျှော့နိုင်သေးဘူး။

         နောက်တစ်ခုက တယော။ ရန်ကုန်မှာ ကျောင်းတက်တော့ ဘေးခန်းက သူငယ်ချင်းဆီ လာလာနေတဲ့ အစ်ကိုတစ်ယောက်က တယော သိပ်ကျွမ်းတာ။ အားကျပြီး တာမွေက မြန်မာနိုင်ငံဂီတအစည်းအရုံးမှာ တစ်ပတ်ကို နှစ်ရက် သွားသွားသင်တယ်။ ဘုရင့်နောင်ကနေ တာမွေအထိ တယောကြီးပိုက်ပြီး လိုင်းကားတိုးစီးရတာကလည်း မချောင်ဘူးဗျ။ မချောင်တဲ့ကြားထဲကပဲ ဇွဲနပဲနဲ့ တော်တော်ကြာ သွားသင်ဖြစ်လိုက်သေးတယ်။ တစ်ဆောင်တည်းနေ သူငယ်ချင်းတွေအတွက်ကတော့ ကျွန်တော် အဆောင်မှာ တယောလေ့ကျင့်တဲ့အချိန်က လောကငရဲပေါ့ဗျာ။ သိတယ်မလား။ တယောက တကယ်တီးတတ်ရင်သာ အသံလေးချွဲချွဲနွဲ့နွဲ့နဲ့ နားထောင်ကောင်းတာ၊ မတီးများ မတီးတတ်လို့ကတော့ တကယ့်ကို နားထဲကို ကန့်လန့်ဝင်တာ အသံက လှည်းအီသံလိုလိုဘာလိုလိုဗျာ တော်တော် နားညီးတဲ့အသံ။ ဘေးခန်းက ကျော်ဇေယူဆိုတဲ့ သူငယ်ချင်းကဆို ငိုသံပါကြီးနဲ့ကို လာတောင်းပန်ယူရတယ်။ သူငယ်ချင်းရင် စာမေးပွဲတွင်းလေးတော့ ချမ်းသာပေးပါကွာဆိုပြီး။ အဲသည်တယောကိုလည်း ကျောင်းပြီးကတည်းက မတီးဖြစ်ဘဲ နေလိုက်တာ။ နောက်ငါးနှစ်လောက်ကြာလို့ နေပြည်တော်ကို တစ်ခေါက်ပြန်ရောက်တော့မှ နေပြည်တော်က တယောဆရာတစ်ယောက်ဆီမှာ ဆက်သင်ပြန်ရော။ အဲဒါလည်းခုထိတော့ ဟုတ်တိပတ်တိ တတ်တယ်ရယ်လို့လည်း မဟုတ်။ အခု ဒီရောက်တော့ အခုမှ သင်ပေးမယ့်ဆရာနဲ့ ထပ်တွေ့ပြန်ပြီ။ တယောတစ်လက်လည်း ရထားတယ်ဆိုတော့ နွေဦးပွင့်ဝေတန်း စတာနဲ့ တယောတီးဆက်သင်မယ် စိတ်ကူးထားတယ်။ ဘေးခန်းတွေပဲ ကပ်ဆိုက်မလား ကျွန်တော့်ကိုပဲ ဘယ်အချိန် လုံခြုံရေးက လာတားမလားတော့ မသိဘူးပေါ့ဗျာ။

           နောက်တစ်ခုက စန္ဒယား။ စန္ဒယားကတော့ အစကတည်းကကို မနီးစပ်တဲ့ တူရိယာပါဗျာ။ ပြီးခဲ့တဲ့ တစ်နှစ်ကျော်က အိန္ဒိမှာ ခြောက်လလောက် သင်တန်းတစ်ခု သွားတက်တော့ ကျွန်တော်တို့တက်တဲ့ကျောင်းမှာ ဂီတသင်တန်းပါရှိသဗျ။ အခွင့်ရတုန်းလေး သင်မယ်ဆိုပြီး ကိုယ်ပိုင်အားလပ်ချိန်မှာ စန္ဒယား သွားသွားသင်တယ်။ ဂီတဌာနမှူးက သင်ပေးတယ်ဆိုပေမယ့် ကိုယ်ပိုင်ချိန်ဆိုတော့ သူလည်း သေချာတော့ ဂရုမစိုက်နိုင်အားတာနဲ့ နောက်ပိုင်း အားနာလို့ ဆက်မသွားဖြစ်တော့ဘူး။ ဒီမှာတော့ ကောင်မလေးတစ်ယောက်က လာမယ့် နွေဦးပွင့်ဝေတန်းမှာ သင်ပေးမယ်လို့ ပြောတယ်ဗျ။ တီးတတ်ရချည်သေးရဲ့ပေါ့ဗျာ။

          သီချင်းဆိုတဲ့အကြောင်း နည်းနည်း ပြောပြအုံးမယ်။ ရွာမှာ နှစ်တိုင်း စတိတ်ရှိုး လုပ်ပေမယ့် တစ်ခါမှ စင်ပေါ်တက် မဆိုဖူးဘူးဗျ။ ကိုယ့်ဘာသာတော့ ရေချိုးရင်းဘာရင်း ဆိုတာပေါ့လေ။ တစ်ခါတစ်လေလည်း ကိုဝင်းခိုင်ကြီးက ဂစ်တာတီး ကျွန်တော်တို့က သီချင်းဆိုပေါ့လေ။ စင်ပေါ်မှာ တကယ်ဆိုဖူးတာက ရန်ကုန်တက္ကသိုလ်ရောက်မှဗျ။ မှတ်မှတ်ရရ အာစီထဲမှာ ဆိုတာ ကိုတင်လှိုင်ရဲ့ အမုန်းခွန်အား ပေးသနားပါ သီချင်း။ အတီးသမားနဲ့ တစ်ညနေပဲ သုံးခေါက်လောက် တိုက်လိုက်ရတယ် ဆိုပေမယ့် တကယ်ဆိုတော့လည်း ချောလို့ဗျ။ အစ်ကိုကြီးတစ်ယောက်က ပြောတာလေး ရှိပါတယ်။ ငါတို့ကွာတဲ့ အပြင်ကနေ ကြားနေရတာ သီချင်းဆိုနေတယ်လို့ မသိဘူးတဲ့။ သီချင်းဖွင့်ထားတယ်မှတ်လို့တဲ့ တော်တော်ကောင်းတယ်ဆိုပဲ (ဤကားစကားချပ်တည်း)။ သီချင်းဆိုရင်း တိုင်ပတ်တာကတော့ မာလာဆောင်မှာ ပထမနှစ်တွေကို ကြိုဆိုပွဲနဲ့ နောက်ဆုံးနှစ်တွေကို နုတ်ဆက်ပွဲလုပ်တဲ့ ညမှာပါပဲ။ မာလာဆောင်က အဲဒီတုန်းက အင်္ဂလိပ်ဘာသာစကား အမျိုးသားဗဟိုဌာန စဖွင့်တဲ့အချိန်ပေါ့။ ကျောင်းသူတစ်ယောက်နဲ့ တွဲဆိုတဲ့ ငယ်ကျွမ်းဆွေ သီချင်းတုန်းကတော့ အဟုတ်ဗျ။ နောက်မှ တစ်ကိုယ်တော်ဆိုတဲ့ လွှမ်းမိုးသီချင်းကျမှ တိုင်ပတ်တော့တာ။ ဟိုသီချင်းဗျာ အခုတော့ ပါးစပ်ရာဇ၀င်လေးဖြစ်လို့ ကျန်ခဲ့ပြီ ဆိုတဲ့သီချင်း။ သီချင်းက နည်းနည်းရှည်တယ်ဗျ ဇာတ်လမ်းလေးလိုပဲ သီချင်း စာသားတွေက။ အဲဒါ ဆိုရင်းဆိုရင် ဆိုရမယ့်အပိုဒ်တွေ မေ့နေတော့ စာသားတွေကို ရှေ့နောက်တွေ ကျော်ခွ၊ ဟိုအပိုဒ်က ခေါင်းနဲ့ ဒီအပိုဒ်က အမြီးနဲ့ တွဲလိုတွဲပေါ့ဗျာ။ ကီးဘုတ်တီးပေးတဲ့ ကလေးမလေးကတော့ သတိထားမိလားဘာလားတော့ မသိဘူး။ သီချင်းဆုံးအောင်တော့ တီးပေးသွားတာပါ။ ကိုယ့်မှာသာ တစ်ယောက်တည်း တိုင်တွေပတ်ပြီး ကျော်ခွဆိုနေရတယ်။ အမယ် သီချင်းကို တကယ်နားထောင်တဲ့သူတွေရှိတယ်ဗျ။ စင်ပေါ်က ဆင်းလာတော့ ကောင်းကောင်း သြဘာပေးတာပေါ့။ နင်သီချင်းတွေ ရှေ့နောက် မှားဆိုတာမလားတဲ့။ ဟဲ ဟဲ ပေါ့။ အဲသည်နောက်ပိုင်းတော့ ကြုံရင်ကြုံသလို မကြုံရင်လည်း ကြုံအောင်လုပ်ပြီး စင်တွေ့ရင် တက်တော့တာပဲ။ ဧရာဝတီတိုင်းဘက် ရောက်တုန်းကများဆို မူလတန်း ကျောင်းကပွဲမှာတောင် ကလေးတွေကြားတက်ပြီး သီချင်းဆိုတာ။ ရုံးအဖွဲ့သားတွေနဲ့ သင်္ကြန်တွင်း ဘုရားဖူးသွားတုန်းကလည်း လမ်းမှာ ကားပျက်တော့ အနားကရွာက ညပိုင်းအဆိုအကလုပ်တဲ့ သင်္ကြန်မဏ္ဍာပ်မှာ ဧည့်သည်အဆိုတော် သွားလုပ်ခဲ့သေးတာဗျ။ သူငယ်ချင်းတွေနဲ့ စင်တင်တွေဘာတွေ ကြုံရင်လည်း လက်လွတ်မခံဘူးဗျ။ သူတို့ဆိုတာချည်း ထိုင်နားထောင် မနေနိုင်ဘူးဆိုပြီး တစ်ပုဒ်လောက်ဖြစ်ဖြစ်တော့ တက်ဟဲဖြစ်အောင် ဟဲသေးတာ။

          အခု နောက်ဆုံးဆိုဖြစ်ခဲ့တဲ့ပွဲကတော့ ကျောင်းကဆောင်းနှင်းဝေနုတ်ဆက် ဂီတပွဲ။ ကြီးကြီးကျယ်ကျယ်ကြီးတော့ မဟုတ်ပေမယ့် ကိုယ့်ကျောင်းပွဲဆိုတော့ သီချင်း ဆိုမယ်ပေါ့။ အဲသည်ကျမှ သိတယ်ဗျာ။ အင်္ဂလိပ်သီချင်းမှ ဟုတ်တိပတ်တိ မဆိုတတ်ဘဲကို။ ဒါနဲ့ပဲ မြန်မာသီချင်းတစ်ပုဒ် ဆိုမယ်ဆိုပြီး မျိုးကျော့မြိုင်ရဲ့ ကာရန်လေး သီချင်းတက်ဆိုတာဗျာ။ အပြင်မှာတုန်းကတော့ အဟုတ်ပဲ၊ ပရိသတ်ရှေ့ တကယ်ဆိုပြီ ဆိုတော့မှ မှားဆိုတာဗျို့။ တော်သေးတယ် ဂစ်တာတီးပေးတဲ့ ညီလေး ဇာနည်က အဖာအထေးကောင်းလို့။ မြန်မာသီချင်းဆိုတော့ နားထောင်နေတဲ့ပရိသတ်က မှားတာကိုတော့ သိလိုက်ဟန်မတူဘူးဗျို့။

          စိတ်ကူးပေါက်ရင် ပေါက်သလိုတော့ ကိုယ့်ဘာသာ အခန်းထဲမှာ သီချင်းဆို အသံသွင်း ဆောင်းကလောက်မှာတင် တစ်ခါတစ်ခါလည်း ဖေ့ဘုတ်ပေါ်တင်လေးတော့ လုပ်မိနေတာပဲ။ ခလုတ်မှားနှိပ်မိကြတာလားတော့မသိ အားပေးတဲ့သူတွေတော့ ရှိနေတယ်ဗျ။

No comments:

Post a Comment