Friday 3 July 2015

နွေဦးပွင့်ဝေ နှုတ်ဆက်


အောင်မြင်စွာလား ဘာလားတော့မသိ၊ နွေဦးပွင့်ဝေတန်းကတော့ တကယ်ကို ပြီးသွားခဲ့ပြီ။ တစ်ပြန်မနေ့က စာတမ်းတစ်စောင်တင်၊ ဒီနေ့ စာမေးပွဲတစ်ခုဖြေပြီး စာတမ်းတစ်စောင်တင်၊ နက်ဖြန်တင်ရမယ့် စာတမ်းတစ်စောင်ရော ဖိန်းနွှဲခါတင်ရမယ့် စာတမ်းတစ်စောင်ရော တင်ဖို့အသင့်ဖြစ်ပြီ။ နက်ဖြန်တွေ သဘက်ခါတွေ မစောင့်နိုင်တော့။ အတန်းတစ်တန်းပြီးပြီဆိုတော့ ထုံးစံအတိုင်း ခရီးထွက်ရအုံးမည်။ (အမှန်ကတော့ အတန်းမပြီးသေးလည်း ကြုံရင်ကြုံသလို ခရီးကတော့ သွားနေကျ) အဲ ခရီးကပြန်လာရင်တော့ မဟာဘွဲ့ယူကျမ်း အခန်းတစ်ကို တစ်ပတ်အတွင်းတင်နိုင်အောင် လက်စသတ်ရမည်လေ။ ဒါကလည်း ပြီးသလောက် ဖြစ်နေတာမို့ ကိစ္စမရှိလှ။
မနက်က နှစ်နာရီဖြေရမည့် စာမေးပွဲ မေးခွန်းသုံးပုဒ်ကို တစ်ပုဒ် နာရီဝက်နှုန်းနဲ့ ဖြေလိုက်တာ။ တစ်နာရီခွဲကျော်ကျော်မှာ ပြီးတော့ ဖြေလွှာအပ်ပြီး ထွက်လာခဲ့သည်။ ခက်လိုက်သည့်မေးခွန်းတွေ တကယ်တမ်းသာ ကျကျနန ဖြေရမည်ဆိုလျှင် တစ်ပုဒ်တည်းနဲ့တင် နေ့လည်စာရော ညစာပါ လွတ်သွားနိုင်သည့် အပြင် ညလုံးတောင် ပေါက်သွားမည့် မေးခွန်းတွေ။ ကြိုက်တဲ့စာအုပ်တွေ ယူလာပြီး ကိုးကားလို့ရတယ် ဆိုသော်လည်း စာဖတ်စာရင်းထဲက စာတွေကတင် နည်းတာမဟုတ်။ ဘာပဲ ပြောပြော သုံးပုဒ်ပြည့်အောင်တော့ ဖြေလိုက်သည်။ ပါမောက္ခကတော့ ကျောင်းသားတွေ ခေါင်းကုတ်ဖင်ကုတ် ဟိုစာရွက်လှန် ဒီစာရွက်လှန်၊ ပါလာသမျှ စာရွက်စာတမ်းတွေ ကို အမြီးပြန်ခေါင်းပြန်လှန်ပြီး ဒုက္ခပင်လယ်ဝေနေတာကို တော်တော် သဘောကျနေပုံရသည်။ ပြုံးပြုံး ပြုံးပြုံးနဲ့။ စာမေးပွဲပြီးတော့မှ မေးကြည့်ရသည်။ ဆရာ ဘာတွေ ပြုံးနေတာတုန်းဆိုတော့ ဟ တပည့်ရ ငါပြုံးနေတာ ရယ်မလို့ပေါ့ဟ တဲ့။ ဘာပြောလိုက်မှန်း ချက်ချင်း သဘောမပေါက်၊ ပညာသည်တွေဆိုတာ သည်လိုကိုး။ သူတို့များတစ်ခုခု ပြောလိုက်ရင် နားလည်ဖို့ တော်တော်လေး စောင့်လိုက်ရသေးတာလေ။ ဒါပေမယ့် ကိစ္စမရှိ။ ပါမောက္ခ ရယ်ရတော့မည်ကတော့ မုချ။ ကျွန်တော်တို့လို ကျောင်းသားတွေ ပေါက်ကရဖြေထားသော အဖြေလွှာတွေဖတ်ပြီး အဲသည် ပါမောက္ခ ခိုးခိုးခစ်ခစ် ရယ်စရာလေးတွေ တွေ့ရတော့မည်။ ဆရာသမားတွေကို မပျော်ပျော်အောင် လုပ်ပေးကြတဲ့ ကျောင်းသားလေးတွေပဲဟု ကြံဖန်ပြီးတောင် ကျေးဇူးတင်ချင် တင်သွားနိုင်သည်လေ။
စာမေးပွဲခန်းထဲက ထွက်လာတော့ ရင်ထဲမှာ ဟာနေသလိုလို။ စာရေးဆရာတွေ ရေးသလို ရင်ထဲမှာ ဟင်းလင်းကြီးဖြစ်နေသလို။ အမှန်က ရင်ထဲမှာ ဟာတာမဟုတ် ဗိုက်ထဲက ဟာနေတာပဲ ဆိုတာ ခဏနေမှ သိလိုက်သည်။ ငါ့နှယ် ကဗျာဆန်လိုက်ရန်ကော။ ဗိုက်ဟာနေတယ်ဆိုသော်လည်း နေ့လည်စာစားစရာ ဘာမှမရှိ။ ထူးပါဘူးလေ ဆိုင်မှာပဲ စားတော့မယ်ဆိုပြီး ဆိုင်ထဲဝင်။ လူသိပ်မများလို့ တန်းအရှည်ကြီး မစီလိုက်ရ။ တစ်ခါတစ်ခါ နောက်ကျရောက်လာလျှင် တန်းစီနေရတာနဲ့တင်ကို ထမင်းစားချင်စိတ် ပျောက်ပျောက်သွားတတ်သည်။ အော် တော်တော်ခက်သည့် ဂျပန်တွေ။ ကိုယ့်ပိုက်ဆံကိုယ်ပေးစားတာတောင် တန်းက စီရသေး။
ထမင်းစားပြီးတော့ အခန်းပြန်၊ ဒီနေ့ထပ်ရမည့်စာတမ်း ပုံနှိပ်ထုတ်၊ နက်ဖြန် သဘက်ခါ ဖိန်းနွှဲခါ စာတမ်းတွေပါ ပုံနှိပ်ထုတ်။ သေချာချုပ်ပြုပြီး ကျောင်းသားရေးရာဌာနရှေ့က ပါမောက္ခ နာမည်များ တန်းစီတပ်ထားသော စာတိုက်ပုံးတွေထဲ သွားထည့်။ ထည့်ခါနီး အပြန်ပြန် အလှန်လှန် စစ်ရသေးသည်။ ကိုယ်ထပ်မည့်စာတမ်းနဲ့ ထပ်ရမည့် ပါမောက္ခစာတိုက်ပုံး မှန်ရဲ့လား။ စာတိုက်ပုံးမှားထည့်လိုက်လို့ကတော့ ရှင်းလို့ ဆုံးမည်မဟုတ်တော့။
စာတမ်းတွေထပ်ပြီး အဆောင်လည်း မပြန်ချင်သေးတာနဲ့ ချယ်ရီလမ်းဘက် ထွက်လာခဲ့သည်။ ချယ်ရီတွေ ပွင့်တုန်းကတော့ ကြက်ပျံမကျ စည်ကားခဲ့သော ချယ်ရီလမ်း။ ချယ်ရီတွေတုံးပြီး စိမ်းရွက်တွေ တဝေေ၀ ဖြစ်ပါပြီဆိုကတည်းက ဘယ်သူမှ မလာကြတော့။ ချယ်ရီလမ်းဆိုတာ လမ်းလျှောက်တဲ့သူ နည်းသွားလို့ ရေညှိတွေတောင် တက်လို့။ ချော်လဲမှာတောင် ကြောက်ရသည့်အဖြစ်။ မိုးလေး တစ်ပေါက်နှစ်ပေါက်လောက် ကျထားပြီး တိမ်တွေအုံ့ဆိုင်းနေတဲ့ ချယ်ရီလမ်းမှာ ချော်မလဲအောင် လမ်းလျှောက်ရင်း ဘာကိုလွမ်းမှန်းမသိ လွမ်းနေတုန်း ထူးထူးဆန်းဆန်း တွေ့ရသည်။ လမ်းပေါ်ကြွေကျနေတဲ့ ရွက်ဝါလေးတွေ။ ဟင် ဒီသစ်ရွက်လေးတွေက ဘာကြောင့်များ ကြွေနေတာပါလိမ့်။ ဒီအချိန်ပဲ ရှိသေးတယ် ဘာကြောင့် ၀ါနေရတာပါလိမ့်။ ငါများ အမှတ်မှားလေသလား။ လက်ချိုးပြီး ပြန်တွက်ကြည့်ရသေးသည်။ ဟုတ်ပါတယ်။ ငါမမှားပါဘူး။ အခုမှ နွေဦးပွင့်ဝေရာသီ ကုန်တော့မလို ရှိသေးတာ။ အမှန်က ဒီသစ်ရွက်ဝါလေးတွေဆိုတာ ဆောင်းဦးရွက်ကြွေမှ ကြွေကြရမှာ မဟုတ်ဘူးလား။ ကြားထဲမှာ တစ်နွေလုံး အပင်ပေါ်မှာ စိမ်းနေရအုံးမှာကို ဘာလို့ အစောကြီး ကြွေကျနေပါလိမ့်။ အော် တန်တော့ သူတို့လေးတွေ အပင်ပေါ်မှာ ချစ်သူနဲ့ လွဲ အသည်းကွဲပြီး မထူးဇာတ်ခင်း မြေပေါ်ခုန်ဆင်းကြတာထင်ပါရဲ့။ ကိုယ့်ဘာသာတွေးပြီး ကိုယ့်ဘာသာ ပြုံးမိပြန်သည်။ တယ်တော်တဲ့ ငါပါလား။ ကဗျာဆရာလုပ်စားလို့ကတော့ တကယ်ကို နာမည်ကြီးမှာပဲ ဟု ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်လုပ်ရင်း ချယ်ရီလမ်းကိုခွာ အဆောင်ကို ပြန်ခဲ့သည်။
အ၀တ်တွေ လျှော်ရအုံးမည်။ ခရီးဆောင်အိတ် ပြင်ရအုံးမည်။ အခန်းရှင်းရအုံးမည်။ စာအုပ်တွေ သိမ်းရအုံးမည်။ စာကြည့်တိုက်က စာအုပ်တွေ ပါမောက္ခစာအုပ်တွေ ပြန်အပ်ရအုံးမည်၊ ညနေ နှုတ်ဆက်ပွဲ တက်ရအုံးမည်။ ပွဲမှာလည်း ခါတိုင်းလို သိပ်ကဲလို့ မဖြစ်၊ မနက် အစောထ ခရီးထွက်ရမှာဆိုတော့ စောစော ပြန်လာအိပ်မှ ဖြစ်မည်။ အိပ်ရေးပျက်တာတွေလည်း များနေပြီကိုး။

No comments:

Post a Comment