Friday, 3 July 2015

အိုင်ယူဂျေမှာ မိုးတွေရွာ


       ခါတိုင်းဆိုရင်တော့ ကျည်ဆန်ရထားကြီး ဘူတာထဲ ၀င်လာပြီဆို ခရီးသွားရတော့မယ်ဆိုပြီး ပျော်နေခဲ့ပေမယ့် ဒီတစ်ခါ ကျည်ဆန်ရထားကြီး ၀င်လာတာကိုကြည့်ပြီး မုန်းတီးမိတယ်။ ခါတိုင်းအတွက်ကတော့ မရောက်ဖူးသေးတဲ့နေရာတွေ မတွေ့ဖူးသေးတဲ့သူတွေ မမြင်ဖူးသေးတာတွေ မြင်ရဖို့ဆိုတဲ့ စိတ်ကူးနဲ့ ရင်ခုန်ပျော်မြူးခဲ့ရတဲ့ ရထားစီးခရီးစဉ်ဟာ အခုကျတော့ ကျွန်တော်တို့တွေကို တစ်ယောက်တစ်နေရာစီဆီ ပို့ဆောင်ခွဲခွာပစ်တော့မယ့် ဇာတ်ထဲက လူကြမ်းကြီးလို မုန်းတီးမိတယ်။

          ဒီနေ့မနက် မှုန်မှိုင်းအုံ့ဆိုင်းနေတဲ့ ရာသီဥတုက အမေ့ရင်ခွင်က ခွဲခွာတော့မယ့် သားသမီးတွေကို ကြည့်ပြီး လွမ်းကျန်ရစ်တဲ့ မိခင်မျက်ဝန်းလို၊ တို့ဆရာတွေ ဘယ်လိုများ နေကြရှာမှာပါလိမ့် . . .

          ကျွန်တော့်အတွက်ကတော့ ကျွန်တော့်ရဲ့ ပြီးခဲ့တဲ့ တစ်နှစ်တာ ပျော်ရွှင်ရင်ခုန်မှုတွေအားလုံးကို ကျောင်းဝင်းကြီးထဲမှာ ထားခဲ့ရသလိုပဲ။ အဲသည် ကျောင်းဝင်းထဲမှာ ကျွန်တော့်ကို အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ဖော်ရတဲ့ ကျွန်တော့်ရဲ့ ချစ်သူငယ်ချင်းတွေရှိတယ်။ စိတ်ညစ်နေတဲ့အချိန်မှာ ပျော်အောင် စကြ နောက်ကြမယ့် ကျီစားမှုတွေ ရှိတယ်။ ၀မ်းနည်းတဲ့အချိန်မှာ မျက်နှာအပ်ငိုစရာ ကြင်နာတဲ့ ပခုံးတွေ ရှိတယ်။ အားငယ်တဲ့အချိန်မှာ ထွေးပွေ့ အားပေးမယ့် နွေးထွေးတဲ့ ရင်ခွင်နဲ့ တင်းတင်းကျပ်ကျပ် ဖက်ထားပေးမယ့် လက်အစုံတွေ ရှိတယ်။ ကျွန်တော့်ရဲ့ အနုပညာဖန်တီးမှုတွေကို လှိုက်လှဲဝမ်းသာ အားပေးမယ့် နှလုံးသားတွေရှိတယ်။ ကျရှုံးမှုတွေကို ဖေးမပေးမယ့် စာနာမှုတွေရှိတယ်၊ အမှားတွေ ကျူးလွန်မိတဲ့အခါ အားမနာပါးမနာ ထောက်ပြပြုပြင်ပေးကြမယ့် ရင်းနှီးမှုတွေရှိတယ်၊ တစ်နေ့တစ်မျိုး တစ်ရာသီတစ်ဘာသာ မရိုးအောင် လှတဲ့ သစ်ပင်နဲ့ တောင်တန်းတွေ မြစ်ချောင်းရေကန်တွေ၊ ဘယ်တော့ကြည့်ကြည့် မငြီးငွေ့နိုင်တဲ့ သဘာဝရှုခင်းတွေရှိတယ်၊ စာသင်သားတွေကို နည်းလမ်းအမျိုးမျိုးနဲ့ ပညာဖြည့်ဆည်းပေးမယ့် ဆရာတွေရှိတယ်၊ ဆရာလို အဖေလို ဦးလေးလို အစ်ကိုလို သူငယ်ချင်းလို စောင့်ရှောက်ပေးတဲ့ ကျွန်တော်တို့အားလုံးရဲ့ ဆရာမျိုးရှိတယ်။ လေ့လာလို့မကုန် ဖတ်လို့ မကုန်နိုင်တဲ့ စာကြည့်တိုက်ကြီးရှိတယ်၊ သူငယ်ချင်းတွေ ပြေးလွှားဆော့ကစားနိုင်တဲ့ ကျယ်ပျံ့တဲ့ မြင်ခင်းပြင်ကြီးရှိတယ်၊ တစ်ကိုယ်ရေနားခိုစရာ အိပ်ခန်းဆောင်ရှိတယ်၊ ရင်ခုန်စရာကောင်းတဲ့ ကောင်မလေးတွေရှိတယ်၊ ပြီးတော့ အမိမြေကို လွမ်းတဲ့ အလွမ်းတွေလည်းရှိတယ်။

အခုတော့

          အဲဒါတွေ အားလုံးရဲ့ အဝေးကို သယ်ဆောင်သွားမယ့် ရထားကြီးက ဘူတာထဲ ၀င်လာတော့မယ်၊ ကျွန်တော့်တစ်ယောက်ထဲကိုသာမဟုတ် ကျွန်တော်တို့ အားလုံးကို တစ်ယောက်တစ်နေရာဆီ သယ်သွားတော့မယ့် ရထားကြီး၊
ရထားကြီး ရောက်လာပြီ
ရထားကြီး ရပ်ပြီ
တံခါးပွင့်လာပြီ
ရထားပေါ်တက်ပြီး နေရာမှာ ထိုင်လိုက်မိတဲ့အချိန်မှာပဲ ပြတင်းပေါက်ကနေမြင်ရတဲ့ ကျောင်းတော်ကြီးကို ကြည့်မိတယ်။
အော် . . .
အိုင်ယူဂျေမှာ မိုးတွေရွာနေပါပြီကော

No comments:

Post a Comment