Friday 21 August 2020

ထူးမခြားနား


. . . စတုတ္ထအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့တဲ့ မိန့်ခွန်းနဲ့ ပြည်ထောင်စု သဘောတူစာချုပ်များမှာ ပါရှိတဲ့ အပိုင်း ၃ အခြေခံမူများနဲ့ ပတ်သက်ပြီး ဝေဖန်သုံးသပ်သွားမှာဖြစ်ပါတယ်။
.
. . . ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညီလာခံ အဖွင့်မိန့်ခွန်းမှာ #စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု ဆိုတဲ့ စကားလုံးကို သုံးသွားတာ တွေ့ပါတယ်၊ ( #စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ဆိုတဲ့ စကားလုံးကို သတိရစရာဖြစ်ပါတယ်)၊ ဒီမိုကရေစီကို ရှေ့က နာမဝိသေသနတွေတပ်ထားတာကို ဝေဖန်ခဲ့ကြတဲ့သူတွေအနေနဲ့ အခု ဒေါ်အောင်ဆန်းစုကြည်က ဖယ်ဒရယ်ပြည်ထောင်စုကို ရှေ့က စစ်မှန်၍ ဆိုတဲ့ နာမဝိသေသန တပ်လိုက်တာကိုရော ဘယ်လို အမြင်ရှိကြမလဲ ဆိုတာ စိတ်ဝင်စားမိပါတယ်။ 
.
. . . ဖယ်ဒရယ်စနစ်ရဲ့ အခြေခံမူတွေဖြစ်တဲ့ အာဏာခွဲဝေမှု၊ သယံဇာတခွဲဝေမှု၊ အခွန်အကောက်ခွဲဝေမှု၊ ဖယ်ဒရယ်ယူနစ်တွေ တန်းတူရည်တူရှိမှု၊ ပြည်နယ်တွေကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်အတွက် ကိုယ်ပိုင်အခြေခံဥပဒေတွေရှိမှု ဆိုတဲ့ အချက် ငါးချက်ကို ပြီးခဲ့တဲ့ ၂၀၁၉ အောက်တိုဘာမှာ ပြုလုပ်ခဲ့တဲ့ NCA စာချုပ်လက်မှတ်ထိုးခြင်း ၄ နှစ်မြောက် အခမ်းအနားမှာ သူမအဆိုပြုခဲ့တာလို့ ဆိုပါတယ်။ အဲသည် အချက်ငါးချက်ထဲက ပြည်နယ်(တိုင်းဒေသကြီး)တွေ ကိုယ်ပိုင်အခြေခံဥပဒေ ရှိရမယ်ဆိုတဲ့ တစ်ချက်ကလွဲပြီး ကျန်တဲ့ အချက်တွေကို အခု ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ ထဲ ထည့်သွင်းချုပ်ဆိုနိုင်ခဲ့တယ်လို့ မိန့်ခွန်းထဲမှာထည့်ပြောခဲ့ပါတယ်။
.
. . . တကယ်တော့ ပြည်နယ်အခြေခံဥပဒေ ဆိုတဲ့ တစ်ချက်က လွဲပြီး အခု စာချုပ်ထဲ ပါဝင်နေတဲ့ ဖယ်ဒရယ်အခြေခံမူ ၄ ချက်က ဒေါ်အောင်ဆန်းစုကြည် အဆိုပြုခဲ့တယ်ဆိုတဲ့ ၂၀၁၉ ခုနှစ် အောက်တိုဘာလ မတိုင်မီ ၂၀၁၇ မေလ ၂၉ ရက်နေ့က ချုပ်ဆိုခဲ့တဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၁ (နောက်ပိုင်းမှာ စာချုပ် ၁ လို့ ဆက်သုံးသွားပါမယ်)မှာ အားလုံး ပါရှိပြီး ဖြစ်ပါတယ်။
.
. . . အသေးစိတ် ရှင်းပြပါမယ်။ ဒီနှစ်ချုပ်ဆိုလိုက်တဲ့ ပြည်ထောင်စု သဘောတူစာချုပ် အပိုင်း ၃ ဒီမိုကရေစီနှင့် ဖယ်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ မှာ အပိုဒ် ၅ ပိုဒ်ပါဝင်ပြီး တစ်ပိုဒ်ချင်းစီအလိုက် ယခင် စာချုပ် အပိုင်း ၁ ထဲမှာ ဘယ်နေရာပါခဲ့တဲ့အကြောင်း ထောက်ပြသွားမှာဖြစ်ပါတယ်။
.
#အပိုဒ်၁။ နိုင်ငံတော်ကို ဒီမိုကရေစီနှင့် ဖယ်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုအဖြစ် ဖွဲ့စည်းရမည်ဆိုတဲ့ စာသားဟာ စာချုပ် ၁ နိုင်ငံရေးကဏ္ဍ အပိုဒ် ၄(က) ကို မူရင်းအတိုင်း ပြန်ကူးထားတဲ့ စာသားဖြစ်ပါတယ်။
.
#အပိုဒ်၂။ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်အကြားတွင်သော်လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အချင်းချင်း အကြားတွင်သော်လည်းကောင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများကို ဖြေရှင်းရန်အတွက် သီးခြားလွတ်လပ်သော နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကို ထူထောင်ထားရှိရမည် ဆိုတဲ့ အပိုဒ်ဟာ စာချုပ် ၁ အပိုဒ် ၄(ဆ) ကို ကူးယူရေးသားထားတာကို တွေ့ရှိရပါတယ်။
.
#အပိုဒ်၃(က)။ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်များအကြား ဖယ်ဒရယ်စနစ်နှင့်အညီ အာဏာခွဲဝေမှု၊ သယံဇာတ ခွဲဝေမှု၊ အခွန်အကောက်ခွဲဝေမှု နှင့် ဘဏ္ဍာရေးခွဲဝေမှု ရှိရမည်။ ဆိုတဲ့ အပိုဒ်က အာဏာခွဲဝေမှုဆိုတာ စာချုပ် ၁ နိုင်ငံရေးကဏ္ဍ အပိုဒ် ၄ ရဲ့ ခေါင်းစဉ်ထဲမှာလည်းကောင်း၊ သယံဇာတခွဲဝေမှုနဲ့ပတ်သက်ပြီး စာချုပ် ၁ နိုင်ငံရေးကဏ္ဍ အပိုဒ် ၄(စ) မှာ အရင်းအမြစ်များကို ဥပဒေနှင့်အညီ မျှဝေခံစားခွင့် ဆိုတဲ့ စကားလုံးနဲ့လည်းကောင်း၊ အခွန်အကောက်ခွဲဝေမှုနှင့် ဘဏ္ဍာရေးခွဲဝေမှုဆိုတဲ့ စကားရပ်ကို စာချုပ် ၁ စီးပွားရေးကဏ္ဍ အပိုဒ် ၄ မှာလည်းကောင်း ပါရှိခဲ့ပြီးဖြစ်ပါတယ်။
.
#အပိုဒ်၃(ခ) တစ်ပိုဒ်လုံးဟာ စာချုပ် ၁ နိုင်ငံရေးကဏ္ဍ အပိုဒ် ၄(ဃ) ကို ကူးထည့်ထားတာဖြစ်ကြောင်း တွေ့ရပါတယ်။
.
#အပိုဒ်၃(ဂ) ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်များသည် ခွဲဝေထားသော ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင် တရားစီရင်ရေးအာဏာများကို ကျင့်သုံးပိုင်ခွင့်ရှိရမည်ဆိုတာကလည်း စာချုပ် ၁ နိုင်ငံရေးကဏ္ဍ အပိုဒ် ၄(ဃ) နဲ့ (င) တို့မှာ အသေးစိတ်ဖော်ပြထားတဲ့ အချုပ်အခြာအာဏာခက်မ သုံးဖြာကို ခွဲဝေအပ်နှင်းရမယ်ဆိုတဲ့ သဘောတရားနဲ့ အတူတူပဲ ဖြစ်တာကို တွေ့ရပါတယ်။
.
#အပိုဒ်၄။ တိုင်းဒေသကြီး/ပြည်နယ်အားလုံးသည် အချင်းချင်း လေးစားမှုရှိပြီး အခွင့်အာဏာ တန်းတူရှိရမည်။ ဆိုတဲ့ စာပိုဒ်ဟာ စာချုပ် ၁ နိုင်ငံရေးကဏ္ဍ အပိုဒ် ၄(ခ) မှာ ထည့်သွင်းဖော်ပြထားပြီးသား ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။
.
#အပိုဒ်၅။ နိုင်ငံသားများအတွက် မူလအခွင့်အရေးနှင့် တာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းရေးဆွဲရမည်ဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေတွေ ရေးရိုးရေးစဉ်အတိုင်း ပါကိုပါရမယ့်ကိစ္စဖြစ်ပြီး အဲသည်စာပိုဒ် နောက်ပိုင်းမှာပါတဲ့ တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှု၊ စာပေ၊ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှုနှင့် ဓလေ့ထုံးတမ်းစသည့် အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်အတွက် ဥပဒေပြဌာန်းပေးရမည်ဆိုတာ စာချုပ် ၁ နိုင်ငံရေးကဏ္ဍ အပိုဒ် ၃ မှာ ပါရှိခဲ့ပြီးသား ကိစ္စရပ်ဖြစ်နေတာကို တွေ့ရှိရပါတယ်။ ဒါ့အပြင် အပိုဒ် ၅ အောက်မှာ ရေးထားတဲ့ မှတ်ချက်ဆိုတာကလည်း အထက်မှာ ဖော်ပြခဲ့တဲ့ စာချုပ် ၁ နိုင်ငံရေးကဏ္ဍ အပိုဒ် (ခ) ရဲ့ မှတ်ချက်ကို မူရင်းအတိုင်း ထည့်ထားတာကို တွေ့ရှိရပါတယ်။
.
. . . အနှစ်ချုပ်ပြောရရင် ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၂၁ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ကြတဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) အပိုင်း (၃) ဒီမိုကရေစီနှင့် ဖယ်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ ဆိုတာ အသစ်တစ်ခုမှ သဘောတရားနဲ့ အချက်အလက် အသစ်တစ်ခုမှ ပါဝင်ခြင်းမရှိဘဲ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် မေလ ၂၉ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ကြတဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁) ထဲမှာ သဘောတူထားပြီးသား အချက်အလက်နဲ့ သဘောတရားတွေကိုပဲ စကားလုံး နဲ့စာပိုဒ် တိုက်ရိုက်သော်လည်းကောင်း၊ တစ်ချို့ကို အနည်းငယ်ပြင်ဆင် နေရာပြောင်းပြီး ရေးထားတာကို လေ့လာတွေ့ရှိရပါကြောင်း
.
ဗိုလ်ကောင်း
၂၁ ဩဂုတ် ၂၀၂၀

Tuesday 18 August 2020

ပြည်နယ်အခြေခံဥပဒေများ


ဒေါ်အောင်ဆန်းစုကြည် အဆိုပြုထားတဲ့
ဖယ်ဒရယ် အခြေခံမူ ငါးချက်ထဲက
ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးဆိုတဲ့ တစ်ချက်ကို
ပြည်နယ်အခြေခံဥပဒေ ခေါ်မလား
ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေခေါ်မလား
ဆိုတဲ့ သဘောထားကွဲလွဲမှုကြောင့်
အခု ချုပ်ဆိုမယ့်
ပြည်ထောင်စု သဘောတူစာချုပ်
အစိတ်အပိုင်း ၃ မှာ
ထည့်သွင်းချုပ်ဆိုနိုင်ခြင်းမရှိဘူးလို့ ဆိုပါတယ်
ကိုယ်တိုင်က
ဒီအစည်းအဝေးတွေ တက်တဲ့သူမဟုတ်တော့
အသေးစိတ်ကို သေချာမသိပေမယ့်
ဒီစကားလုံးနှစ်လုံးဟာ
အနှစ်သာရအားဖြင့် အတူတူပဲလို့ ခံစားမိတာကြောင့်
အခု ချုပ်ဆိုမယ့်
ပြည်ထောင်စုသဘောတူစာချုပ်
အစိတ်အပိုင်း ၃ ထဲ
ထည့်လိုက်နိုင်ရင်ကောင်းမှာပဲလို့
မချင့်မရဲ ဖြစ်မိပါတယ်
ကျန်တဲ့ လေးချက်ဖြစ်တဲ့
အာဏာခွဲဝေရေး
အခွန်အခ ခွဲဝေရေး
သယံဇာတ ခွဲဝေရေး
ဖယ်ဒရယ်ယူနစ်များ တန်းတူညီမျှရှိရေး
အခြေခံမူများကိုတော့
အားလုံး သဘောတူတဲ့အတွက်
စာချုပ်အစိတ်အပိုင်း ၃ ထဲ
ပါလာမယ့်သဘောရှိပါတယ်
ကိုယ့်သဘောပြောရရင်
အနှစ်သာရ မကွာခြားတဲ့
စကားလုံးတွေအတွက်
အချိန်တွေအကုန်ခံပြီး
အငြင်းမပွားနေစေချင်တော့ဘူးဆိုပေမယ့်
တကယ့် အစည်းအဝေးတွေမှာ
ပြောဆိုဆွေးနွေးနေကြတဲ့သူတွေက
ပိုပြီး သိကြမှာမို့
မှတ်ချက်ပေးဖို့ ခက်ပါတယ်
အားလုံး အဆင်ပြေပြီး
ငြိမ်းချမ်းစေချင်လှပါပြီ
အရှေ့တောင်အာရှမှာတောင်
ကိုယ့်နောက်လှည့်ကြည့်ရင်
ကျောပဲ ရှိတော့တဲ့ အခြေအနေမို့
ကျနော်တို့မှာ
လုပ်စရာတွေ အများကြီးရှိနေသေးလို့ပါ

Sunday 16 August 2020

ပြည်ထောင်စုနယ်မြေ



အခြေခံဥပဒေ ရေးဆွဲစဉ်တုန်းက သမ္မတက တိုက်ရိုက်အုပ်ချုပ်တဲ့ ပြည်ထောင်စုနယ်မြေအဖြစ် (ထိုစဉ်တုန်းက နိုင်ငံမြို့တော်) ရန်ကုန် နဲ့ ကိုကိုးကျွန်းတို့ကို သတ်မှတ်ခဲ့တာရှိတယ် ၊ နောက်ပိုင်း အခြေခံဥပဒေ အတည်ဖြစ်တဲ့အချိန်မှာ မြို့တော်နေပြည်တော် တစ်ခုတည်းကိုပဲ ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်ပြီး ကိုကိုးကျွန်းကို ရန်ကုန်တိုင်းရဲ့ မြို့နယ်တစ်ခုအဖြစ် သတ်မှတ်ထားခဲ့တယ်
.
ကိုကိုးကျွန်းနဲ့ကပ်လျက် အက်ဒမန်နဲ့နစ်ကိုဘာကျွန်းစုကြီးတစ်ခုလုံးကို အိန္ဒိယရဲ့ ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်ပြီး ဗဟိုအစိုးရရဲ့ တိုက်ရိုက်အုပ်ချုပ်မှုအောက်မှာ ထားထားတယ်
.
ပြောင်းလဲလာတဲ့ ကမ႓ာ့အခင်းအကျင်းတွေရယ် မြန်မာ့တပ်မတော်ရေရဲ့ စွမ်းဆောင်နိုင်မှုတွေရယ်ကို အမျိုးသားအကျိုးစီးပွားအတွက် ထိထိရောက်ရောက် အသုံးချနိုင်ဖို့ဆိုရင် ကိုကိုးကျွန်းကို နေပြည်တော်က တိုက်ရိုက်အုပ်ချုပ်တဲ့ ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်ဖို့ စဉ်းစားသင့်တယ်
.
ဗိုလ်ကောင်း
၁၆ ဩဂုတ် ၂၀၂၀