Thursday 19 November 2015

ဖယ်ဒရယ်ဆန်


အနော်တို့ ငယ်ငယ်တုန်းက သမိုင်းထဲမှာ သင်ခဲ့ရတာ ဖယ်ဒရယ်ဆိုတာ ပြည်ထောင်စုက ခွဲထွက်မယ့် မူတစ်မျိုးတဲ့။ ဖယ်ဒရယ်ဆိုတာ ပြည်ထောင်စုကြီး တည်တံ့ဖို့အတွက် မဟာအန္တရာယ်ကြီး တစ်ခုအဖြစ် သင်ကြားခံခဲ့ရတာပါ။ အခု ကြီးလာတော့ ဖယ်ဒရယ်သံတွေ ပြန်ညံလာတဲ့အခါမှာ ကိုယ်လည်း ဖတ်မှတ်စူးစမ်းကြည့်တော့ ဖယ်ဒရယ်ဆိုသဟာ ငယ်ငယ်တုန်းက သင်ခဲ့ရသလို ပြည်ထောင်စုကြီး ပြိုကွဲစေတဲ့ စနစ်မျိုး မဟုတ်ဘဲ အုပ်ချုပ်ရေးအာဏာကို ပြည်ထောင်စု အစိုးရတစ်ရပ်တည်းက ဗဟိုဦးစီး ချုပ်ကိုင်ထားတာ မဟုတ်ဘဲ သက်ဆိုင်ရာ ဒေသအလိုက် နယ်မြေအလိုက် အစိုးရတွေက အာဏာခွဲဝေ ကျင့်သုံးတာကို ပြောတာပဲ ဆိုတာ ရေးတေးတေး သဘောပေါက်မိပါတယ်။ တစ်ချို့က ပြောတာကလည်း အခု ၂၀၀၈ အခြေခံဥပဒေအရ ဗဟိုဦးစီးစနစ် မဟုတ်တော့ဘဲ အုပ်ချုပ်ရေးအာဏာကို ပြည်နယ်တိုင်း အစိုးရတွေဆီ ခွဲဝေပေးထားပြီဆိုလို့ သူတို့ပြောတာ ဟုတ်မဟုတ် ဖတ်ကြည့်ရပြန်ပါတယ်။ တွေ့တာလေးတွေ ပြန်ပြီး ဖောက်သည်ချပါရစေ။

လူအာဏာ၊ ကိစ္စအာဏာ နဲ့ ပိုက်ဆံအာဏာ ဆိုပြီး သုံးပိုင်းခွဲ ပြောချင်ပါတယ်။

လူအာဏာ
------------
ပြည်နယ် တိုင်း အစိုးရတွေကို အာဏာခွဲဝေပေးထားတယ် ဆိုပေတဲ့ ပြည်နယ် တိုင်း ၀န်ကြီးချုပ်တွေကို သက်ဆိုင်ရာ ပြည်နယ် တိုင်း လွှတ်တော်က ရွေးချယ်ခွင့် မရှိပါဘူး။ ပြည်နယ် တိုင်း လွှတ်တော် အမတ်တွေထဲက သမ္မတ စိတ်ကြိုက် ရွေးချယ်ပြီး ၀န်ကြီးချုပ်အဖြစ် သမ္မတကိုယ်တိုင် ခန့်အပ်တဲ့အပြင် ၀န်ကြီးချုပ်တွေဟာ သမ္မတကို တာဝန်ခံရတဲ့ သမ္မတ လက်အောက်ဝန်ထမ်းတွေ ဖြစ်နေပါတယ်။ ဒါ့အပြင် ပြည်နယ် တိုင်း ၀န်ကြီးချုပ်တွေ ရွေးချယ်ပေးထားတဲ့ ပြည်နယ် တိုင်း ၀န်ကြီးတွေဟာလည်း နိုင်ငံတော် သမ္မတကို တာဝန်ခံကြရပါတယ်။ (သက်ဆိုင်ရာ ပြည်နယ် တိုင်း လွှတ်တော်ကို တာဝန်ခံရမယ် လို့ ပြဌာန်းထားခြင်း မရှိပါဘူး) ဆိုတော့ ပြည်နယ် တိုင်း အစိုးရ ဖွဲ့စည်းထားတယ် ဆိုပေတဲ့ သူတို့ဟာ သမ္မတရဲ့ တိုက်ရိုက်အုပ်ချုပ်မှုအောက်မှာဘဲ ရှိနေကြတာပါ။
လူအာဏာကို ပီပီပြင်ပြင် ခွဲဝေပေးချင်တယ်ဆိုရင် (ပိုပြီး ဖယ်ဒရယ် ဆန်ချင်တယ်ဆိုရင်) ပြည်နယ် တိုင်း ၀န်ကြီးချုပ်တွေကို သက်ဆိုင်ရာ ပြည်နယ် တိုင်း လွှတ်တော်တွေက တိုက်ရိုက်ရွေးကောက်တင်မြှောက်တဲ့ စနစ်ကို ကျင့်သုံပြီး နိုင်ငံတော်သမ္မတကို တာဝန်ခံစရာ မလိုဘဲ အခြေခံဥပဒေကိုသာ တာဝန်ခံရတဲ့ အဆင့်ကို ပေးနိုင်ရင်တော့ ဖယ်ဒရယ် ပိုဆန်မယ် ထင်ပါတယ်။ (အခြေခံဥပဒေ ပြင်တဲ့အခါ ထည့်ပြင်ဖို့)

ကိစ္စအာဏာ
--------------
သမ္မတရဲ့ ပြည်ထောင်စု အစိုးရ နဲ့ ၀န်ကြီးချုပ်တွေရဲ့ ပြည်နယ် တိုင်း အစိုးရတွေ လုပ်ပိုင်ခွင့် ရှိတဲ့ ကိစ္စတွေ ခွဲပေးထားတဲ့ အာဏာကို ကိစ္စအာဏာလို့ ပြောတာပါ။ အခြေခံဥပဒေ ဇယား ၁ မှာ သမ္မတရဲ့ ပြည်ထောင်စု အစိုးရ အာဏာပိုင်တဲ့ ကိစ္စတွေအဖြစ် ကဏ္ဍကြီး ၁၁ ခုနဲ့ ခေါင်းစဉ်ခွဲ ၁၂၃ ခု၊ အခြေခံဥပဒေ ဇယား ၂ မှာ ၀န်ကြီးချုပ်တွေရဲ့ ပြည်နယ် တိုင်း အစိုးရတွေ အာဏာပိုင်တဲ့ ကိစ္စတွေအဖြစ် ကဏ္ဍကြီး ၈ ခုနဲ့ ခေါင်းစဉ်ခွဲ ၄၁ ခု၊ နောက်ပြီး အခြေခံဥပဒေ ဇယား ၃ မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း ဒေသ ဦးစီးအဖွဲ့တွေ အာဏာပိုင်တဲ့ ကိစ္စတွေအဖြစ် ခေါင်စဉ် ၁၀ ခု သတ်မှတ် ပြဌာန်းပေးထားပါတယ်။ ဒီဟာတွေနဲ့ ပတ်သက်လို့ ဘယ်ကိစ္စကို ဘယ်အစိုးရက အာဏာပိုင်သင့်တယ်ဆိုတာ မဝေဖန်လိုပါဘူး။ တစ်ခုပဲ ရှိတာက အခြေခံဥပဒေက အပ်နှင်းထားတဲ့ အာဏာပိုင်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ငါးနှစ် သက်တမ်းအတွင်း ပြည်နယ် တိုင်း လွှတ်တော်တွေ ဘယ်လောက်တောင် ဥပဒေပြဌာန်းပြီး အာဏာကို လက်တွေ့ ရယူကျင့်သုံးနိုင်ခဲ့သလဲ ဆိုတာကတော့ စိတ်ဝင်စားစရာပါ။ ဇယား ၂ ထဲက အာဏာကို သက်ဆိုင်ရာ ပြည်နယ် တိုင်း လွှတ်တော်တွေက ဥပဒေ မပြုနိုင်သရွေ့ကတော့ သမ္မတရဲ့ ပြည်ထောင်စုအစိုးရ စီမံခန့်ခွဲမှုကို နာခံနေရအုံးမှာပဲ ဖြစ်ပါတယ်။

ပိုက်ဆံအာဏာ
-----------------
ပိုက်ဆံအာဏာဆိုတာကတော့ အခွန်အခ ကောက်ခံခွင့် အာဏာကို ဆိုလိုတာပါ။ ၀န်ကြီးချုပ်တွေရဲ့ ပြည်နယ် တိုင်း အစိုးရတွေ ကောက်ခံခွင့်ရှိတဲ့ အခွန်အခ အမျိုးအစား ၁၉ မျိုးကို အခြေခံဥပဒေ ဇယား ၅ မှာ ပြဌာန်းထားပါတယ်။ ဒါကိုလည်း မဝေဖန်လိုပါဘူး။ စိတ်ဝင်စားသူများ ဖတ်ရှုဝေဖန်နိုင်ဖို့ ဖြစ်ပါတယ်။

ချုပ်ပြီး ပြောရမယ်ဆိုရင် ပြည်ထောင်စုကြီးကို ပိုပြီး ဖယ်ဒရယ်ဆန်ချင်တယ်ဆိုရင် အထက်မှာ ပါတဲ့ အာဏာသုံးမျိုး ခွဲဝေမှုကို မလွဲမသွေ ပြန်လည်ဆန်းစစ် ပြင်ဆင် ကျင့်သုံးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ တက်လာမယ့် အစိုးရတွေအနေနဲ့ ဖယ်ဒရယ်စနစ်ကို တကယ်လိုလားတာ ဟုတ်မဟုတ် အထက်ပါ အာဏာသုံးရပ် ခွဲဝေမှု ဘယ်လောက် အတိုင်းအတာအထိ လုပ်ဆောင်မလဲ ဆိုတာနဲ့ တိုင်းတာသင့်တယ်လို့ ထင်မြင်မိပါကြောင်း . . .

ရွှင်လန်း ချမ်းမြေ့ကြပါစေဗျ
( ၁၃၇၇ ခုနှစ် တန်ဆောင်မုန်းလဆန်း ရှစ်ရက် ကြာသပတေးနေ့)