Thursday 29 June 2017

ပန်းပွင့်လေးအတွက် လက်ဆောင်

ဗိုလ်ကောင်းရဲ့ အသည်းကျော် ပန်းပွင့်လေးအတွက် လူကြုံပါးလိုက်တဲ့ လက်ဆောင်လေးတွေ ဒီနေ့ ရောက်သွားမှာပဲ။ သည်းတုန်လေး ကျောင်းသွားနေရင် ဖွင့်မကြည့်နဲ့အုံးလို့ ပန်းပွင့်လေးမေမေကို မှာထားတယ်။ ကျောင်းက ပြန်လာမှ တူတူ ဖွင့်ကြည့်ကြမယ်လေ။ အထဲမှာ ဘာတွေပါလဲ - သူစိတ်ကူးယဉ်ထားတာနဲ့ ဘယ်လောက်တောင် ကိုက်ညီသလဲဆိုတာ ဒီနေ့ညနေပိုင်းရောက်ရင် သိရတော့မှာပါ။ တကယ်လို့ စိတ်ကူးထားတဲ့အတိုင်း ဖြစ်မလာခဲ့ရင် စိတ်မပျက်ဖို့၊ စိတ်ကူးတိုင်း မဖြစ်ဘူးဆိုရင်လည်း စိတ်ဓာတ်ကြံ့ခိုင်ဖို့ လေ့ကျင့်ခန်းရတယ်လို့ သဘောထားဖို့လည်း ကြိုပြီး ပြောပြထားတယ်။ ပန်းပွင့်လေး ပျော်ပါစေ . .


Saturday 24 June 2017

ဘွဲ့ဝတ်ရုံအမှား


.
. . . သစ်ခေါက်ဆိုးဝတ်ရုံကြီးတွေကို သင်္ကန်းခြုံရုံလို့၊ ဒေါက်ခြာကြီးတွေ ဆောင်းလို့၊ မိန်းမတွေ ဆိုရင်လည်း သစ်ခေါက်ဆိုးရောင် ရင်ဖုံးလည်စိအင်္ကျီပေါ်မှာ အညိုရောင် ပုဝါစအကြီးကြီးတွေကို စလွယ်သိုင်းခြုံပြီး ခေါင်းပေါ်မှာလည်း အညိုရောင် တဘက်ကြီးတွေ ပေါင်းလို့ ဘွဲ့တက်ယူကြတဲ့ပုံကို မျက်လုံးထဲ မြင်ယောင်နေမိတယ်လို့ ကျွန်တော်က ပြောရင် ကျွန်တော့်ကို ရူးတယ်လို့ မထင်ကြပါနဲ့။ အဲသည်လို တွေးမိအောင် ရေးခဲ့တဲ့ စာရေးဆရာကိုသာ ရူးတယ်လို့ ထင်ချင်ထင်ကြပါခင်ဗျ။ ဘာလို့လဲဆိုတော့ ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ စာတစ်ပုဒ်ထဲမှာ အခုကျွန်တော်တို့ လေ့လာလိုက်စား ကျောင်းတွေတက် ဘွဲ့တွေယူနေကြတဲ့ ပညာရေးရဲ့ အစက ၁၂ ၊ ၁၃ ရာစုလောက်က ကိန်းဘရစ်နဲ့ အောက်စဖို့ တက္ကသိုလ်တွေက စခဲ့တယ်လို့ ရေးထားတာကိုး။ အဲသည်ခေတ်က တက္ကသိုလ် ဆရာတွေ ဆိုတာကလည်း ခရစ်ယန်ဘုန်းတော်ကြီးတွေပဲ များတော့ ကျောင်းဆင်းလို့ ဘွဲ့ယူကြပြီဆိုရင် အဲလို ၀တ်ရုံကြီးတွေ ၀တ်ရတာပါပဲတဲ့။ ခရစ်ယန်ဘုရားရှိခိုးကျောင်းတွေမှာ ဓမ္မတေးတွေ သံပြိုင်သီဆိုကြတဲ့ အသင်းအဖွဲ့တွေလည်း မြန်မာပြည်မှာတောင် ဒီလိုဝတ်ကြတာကလား။ သူက ဆက်ပြောတာက အခု ခေတ်ပညာရေးဟာ အနောက်နိုင်ငံတွေက စခဲ့လို့သာရယ်တဲ့။ တကယ်လို့များ ဗုဒ္ဓဘာသာ ထွန်းကားရာ တို့လို နိုင်ငံမျိုးကသာ စခဲ့မယ်ဆိုရင်တဲ့ အခု ဘွဲ့တွေဘာတွေ ယူကြတဲ့အခါ အပေါ်ဆုံးမှာ ရေးခဲ့သလို ဒေါက်ချာကြီးတွေဆောင်း သစ်ခေါက်ဆိုးရောင် ၀တ်ရုံကြီးတွေ သင်္ကန်းလိုခြုံပြီး ယူချင်ယူနေကြမှာတဲ့။ အဲဒါကို ဖတ်ဖူးပြီးကတည်းက ဘွဲ့ဝတ်စုံတွေ မြင်တဲ့ အပေါ်မှာ ပြောခဲ့သလိုကို ပြေးပြေးမြင်နေတော့တာ . . .
.
. . . ခရစ်ယန်ဘုရားကျောင်းတွေက ဘုန်းတော်ကြီးတွေ ရဲ့ ၀တ်ရုံမျိုးတွေ ခြုံပြီး ဘွဲ့တွေတွေတော့ ယူခဲ့ပါရဲ့။ ဘွဲ့သုံးခုရပြီးတဲ့ အချိန်ကျမှဘဲ ကိုယ်ဝတ်ခဲ့တဲ့ ဘွဲ့ဝတ်ရုံ ပုံစံ မမှန်ပါလားဆိုတာ သိလိုက်ရတာ။ ဟုတ်တယ်လေ ဘွဲ့ယူတယ်ဆိုတာလည်း မိန်းမယူသလိုပဲ အတွေ့အကြုံက တစ်ခါက နှစ်ခါရဖို့ သိပ်မှ အခြေအနေ မပေးတာကိုး။ မိန်းမယူမယ်ဆိုရင်သာ စီနီယာတွေက အိမ်ထောင်ရေးဆိုင်ရာ နည်းလမ်းအသွယ်သွယ်တွေကို မေးမေး မမေးမေး အတင်းကာရော ပြောဆိုပို့ချကြပေမယ့် ဘွဲ့ဆိုတဲ့အမျိုးက ကိုယ်ဘွဲ့ရတဲ့အချိန်မှာ ရှေ့က စီနီယာတွေက ဘွဲ့ယူတဲ့နေရာမှာ မရှိတော့တာရယ်၊ နောက်ပြီး ကိုယ်ဘွဲ့ယူခဲ့တဲ့ ကျောင်းတွေကလည်း ဘွဲ့ဝတ်စုံဘယ်လို ရုံရမယ်ဆိုတာကို စည်းမျဉ်းစည်းကမ်း နည်းလမ်းတွေရယ်လို့ တိတိပပ ထုတ်ထားတာ မတွေ့ခဲ့တာရယ်ကြောင့် ကိုယ်ဘွဲ့ယူမယ်ဆိုတဲ့ အခါကျတော့ ၀တ်ရုံကို စိတ်ကူးတည့်သလို ခြုံလိုက်တော့တာကိုး။ အင်း ပြောသာ ပြောရတာရယ်ပါ၊ ဘွဲ့ဝတ်ရုံစည်းမျဉ်းနည်းလမ်းတွေက သက်ဆိုင်ရာ ကျောင်းတွေက ထုတ်ပြန်ထားချင်ထားမှာပါ။ ကိုယ်တွေသာ မသိရှိခဲ့တာ ဖြစ်ချင်ဖြစ်မှာ . . .
.
. . . ကိုယ်က မနှစ်က ကျောင်းဆင်းပြီးပေမယ့် စာတွေ မကျေခဲ့လို့ ဒီစာတွေကို အတိုးနဲ့ ပြန်ဆပ်ဖို့ ကျောင်းကို ရောက်နေတဲ့ သခိုက်မှာ ဒီနှစ် ကျောင်းဆင်းမယ့်သူတွေ ဘွဲ့ဝတ်ရုံခြုံတော့မှ ကိုယ့်တုန်းက မှားခဲ့တာ သိရပါပကောလား။ ဒါပေသိ တော်သေးတယ် ပြောရမယ်။ နောင်နှစ်တွေမှာ ကိုယ့်လို မမှားကြအောင်တော့ သင်ခန်းစာ ပေးနိုင်တာလည်း အမှားထဲက အမြတ်ပေါ့လေ။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ ရန်ကုန်မှာပဲဖြစ်ဖြစ် မန္တလေးမှာပဲဖြစ်ဖြစ် ဘွဲ့ဝတ်ရုံခြုံတဲ့အခါ (အထူးသဖြင့် ဓာတ်ပုံဆိုင်တွေမှာ သေချာပြင်ဆင်ပြီး ဓာတ်ပုံရိုက်ကြတဲ့အခါ) ကျွန်တော် အခုပြောနေတဲ့ မှားနေပါတယ်ဆိုတဲ့ နည်းနဲ့ပဲ ခြုံပေးနေကြသလားလို့ပါ။ သူတို့လည်း မသိလို့လား ဘာလား ကိုယ်လည်း မပြောတတ် . . .
.
. . . ဒီလိုတော့လည်း အထွန့်တက်လို့ ရသပေါ့လေ။ ဟ ကောင်ရ၊ ဘွဲ့ဝတ်စုံပဲ သူတို့ ဘယ်လိုဝတ်ဝတ် ငါတို့နိုင်ငံမှာ ငါတို့ ကြိုက်တဲ့နည်းနဲ့ ၀တ်မှာပေါ့ဟ၊ ပြောချင်ပြောကြမှာပေါ့။ ပြောကြပါခင်ဗျာ။ အဲလို ပြောမယ့်သူတွေအတွက် ဒီစာက မရည်ရွယ်ပါဘူး။ အဲ သူတို့ ဘယ်လိုဝတ်သလဲ စိတ်များဝင်စားရင်တော့လည်း ဒီနေရာလေးမှာ ၀င်ကြည့်လိုက်ကြပါလို့ . . .
.
https://www.youtube.com/watch?v=eqgMMrRnMOE
.
ဗိုလ်ကောင်း
၂၄ ဇွန် ၂၀၁၇

Wednesday 21 June 2017

နေ့တာရှည်


.
. . . ပင်ပင်ပန်းပန်း ကျော်ဖြတ်ရတဲ့နေ့တွေ၊ အလုပ်တွေ အများကြီးလုပ်လိုက်ရတဲ့နေ့တွေ၊ ပျင်းရိငြီးငွေ့စရာကောင်းလို့ အချိန်တွေကလည်း ကုန်ခဲလိုက်တာဆိုတဲ့နေ့တွေအကြောင်း ပြောတဲ့အခါ အင်္ဂလိပ် ဘာသာစကားမှာ long day ဆိုတဲ့ စကားလုံးမျိုး သုံးပြီးပြောလေ့ရှိပါတယ်။ ဒါပေမယ့် အခု ပြောပြမယ့် အကြောင်းအရာကတော့ အဲလို အဓိပ္ပာယ်မျိုး မဟုတ်ပါဘူး။ တကယ့်ကို နေ့တာရှည်တဲ့အကြောင်းပါ . . .
.
. . . ကမ္ဘာကြီးက ဗဟိုပြုပြီး လည်နေတဲ့ ၀င်ရိုးစွန်းနှစ်ဘက်ဟာ ၂၃.၅ ဒီဂရီ စောင်းနေလို့ ကမ္ဘာကြီးက နေကို တစ်နှစ် တစ်ပတ်နှုန်းနဲ့ လှည့်ပတ်နေတဲ့အခါမှာ နေ့တာညတာ အတိုအရှည်တွေ ကွာခြားသွားရတဲ့အကြောင်း ငယ်ငယ်ကတည်းက ပထ၀ီမှာ သင်ဖူးကြပါတယ်။ အဲဒီလို တိမ်းစောင်းလည်နေလို့လည်း ဆောင်းရာသီမှာ နေ့တာက တိုသွားလိုက် နွေရောက်တော့ နေ့တာက ရှည်လာလိုက် ဖြစ်နေရတာပါ။ (အမှန်က ဆောင်းတွင်းရောက်လို့ နေ့တာတိုတာမဟုတ် နေ့တာတိုလို့ ဆောင်းဖြစ်ပြီး နေ့တာရှည်လို့ နွေဖြစ်လာတာရယ်)။ အဲဒီလို နေ့တာညတာ အတိုအရှည်တွေက တစ်ကမ္ဘာလုံးက အရပ်ဒေသ အားလုံးမှာ တစ်ညီတစ်ညာတည်း ဖြစ်နေတာ မဟုတ်ဘူး။ ကမ္ဘာ့တောင်ခြမ်းက နေ့တာရှည်ရင် ကမ္ဘာ့မြောက်ခြမ်းမှာ နေ့တာတို၊ တစ်ခါ ကမ္ဘာ့တောင်ခြမ်းမှာ နေ့တာတိုရင် ကမ္ဘာ့မြောက်ခြမ်းမှာ နေ့တာရှည် အဲလို အလှည့်ကျ ဖြစ်နေတာပါတဲ့ . . .
.
. . . ပထ၀ီစကားနဲ့ ပြောရရင်တော့ ဒီကနေ့ ဇွန်လ ၂၁ ရက်နေ့ဟာ ကမ္ဘာနဲ့ နေရဲ့ ထောင့်အနေအထားအရ ကမ္ဘာ့မြောက်ဘက်ခြမ်းမှာ နေ့တာအရှည်ဆုံးနေ့ ဖြစ်ပါသတဲ့။ တစ်နည်းအားဖြင့် ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့တုန်းက နေ့တာညတာ အတူတူဖြစ်ခဲ့ပြီးတဲ့နောက် နေ့တာက တဖြည်းဖြည်း ရှည်လာလိုက်တာ ဒီကနေ့ ဇွန်လ ၂၁ ရက်နေ့မှာ နေ့တာ အရှည်ဆုံး ဖြစ်သွားပါတယ်။ မနက်ဖြန်ကစလို့ နေ့တာက တဖြည်းဖြည်း ပြန်တိုသွားမှာဖြစ်ပြီး လာမယ့် စက်တင်ဘာလ ၂၃ ရက် စနေနေ့ကျရင် နေ့တာညတာ အတူတူဖြစ်သွားအုံးမှာပါ။ အဲသည်နောက် လာမယ့် ဒီဇင်ဘာလ ၂၂ ရက် သောကြ်ာနေ့ကျရင် နေ့တာအတိုဆုံးနေ့ ပြန်ဖြစ်သွားပါအုံးမယ်။ ဒီလိုပဲ နေ့တာတွေ တိုလာလိုက် ရှည်လာလိုက်နဲ့ ကမ္ဘာကုန်ကျယ်သရွေ့ ဆက်ပြီး လည်ပတ်နေအုံးမှာပါ . . .
.
. . . ကမ္ဘာ့မြောက်ခြမ်းမှာ နေ့တာအရှည်ဆုံးနေ့ ဖြစ်ပေမယ့်လည်း တစ်နေရာနဲ့တစ်နေရာ နေ့ကာလအတိုအရှည် မတူကြပါဘူး။ အီကွေတာရဲ့ မြောက်ဘက်ကိုရောက်လေလေ နေ့တာရှည်လေလေဖြစ်ပြီး အီကွေတာနဲ့ နီးသွားလေလေ နေ့တာ တိုလေပါပဲ။ မြန်မာနိုင်ငံမှာဆိုရင် တောင်ဘက်ကနေ မြောက်ဘက် အစဉ်လိုက် ကော့သောင်း၊ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ မြစ်ကြီးနားတို့ကို ကြည့်မယ်ဆိုရင် တောင်ဘက်အကျဆုံး၊ အီကွေတာနဲ့ အနီးဆုံး ကော့သောင်းမြို့မှာ နေထွက်ချိန် မနက် ၀၅း၃၃ ၊ နေ၀င်ချိန် ညနေ ၁၈း၁၉ နဲ့ နေ့တာက ဆယ့်နှစ်နာရီ လေးဆယ့်ခြောက်မိနစ်ဖြစ်ပါတယ်။ မြောက်ဘက်အကျဆုံး အီကွေတာနဲ့ အဝေးဆုံး မြစ်ကြီးနားမြို့မှာတော့ နေထွက်ချိန် မနက် ၀၅း၁၀ ဖြစ်ပြီး နေ၀င်ချိန် ညနေ ၁၈း၅၃ ဖြစ်လို့ နေ့တာက ဆယ့်သုံးနာရီ လေးဆယ့်သုံးမိနစ် ကြာမြင့်ပါတယ်။ ဒီနေ့ ဇွန်လ ၂၁ ရက်၊ နေ့တာအရှည်ဆုံးနေ့ရဲ့ မြန်မာနိုင်ငံက မြို့အချို့ကို တောင်ဘက်ကနေ မြောက်ဘက် အစဉ်လိုက် လေ့လာကြည့်မယ်ဆိုရင်
.
ကော့သောင်း . . . . နေထွက် ၀၅း၃၃ ၊ နေ၀င် ၁၈း၁၉ ၊ နေ့တာ ၁၂း၄၆ နာရီ
ရန်ကုန်. . . . . . . . . နေထွက် ၀၅း၃၃ ၊ နေ၀င် ၁၈း၄၁ ၊ နေ့တာ ၁၃း၀၇ နာရီ
နေပြည်တော် . . . . နေထွက် ၀၅း၂၇ ၊ နေ၀င် ၁၈း၄၇ ၊ နေ့တာ ၁၃း၁၉ နာရီ
မန္တလေး . . . . . . . . နေထွက် ၀၅း၂၃ ၊ နေ၀င် ၁၈း၅၁ ၊ နေ့တာ ၁၃း၂၈ နာရီ
မြစ်ကြီးနား . . . . . . နေထွက် ၀၅း၁၀ ၊ နေ၀င် ၁၈း၅၃ ၊ နေ့တာ ၁၃း၄၃ နာရီ
.
. . . ဒါကြောင့် ဒီကနေ့ ဇွန်လ ၂၁ ရက်နေ့မှာ အီကွေတာနဲ့ ပိုနီးတဲ့ မြန်မာနိုင်ငံ တောင်ဘက်ဖျားက ကော့သောင်းမြို့ထက် အီကွေတာနဲ့ ဝေးတဲ့ မြောက်ဘက်ပိုင်းက မြစ်ကြီးနားမြို့က နေ့တာ ၅၇ မိနစ် ပိုရှည်ကြောင်း တွေ့ရမှာပါ။
.
. . . ဂျပန်နိုင်ငံက မြန်မာနိုင်ငံရဲ့ မြောက်ဘက်မှာ ရှိပြီး အီကွေတာနဲ့ ပိုဝေးတဲ့အတွက် ဒီကနေ့မှာ မြန်မာနိုင်ငံထက် နေ့တာ ပိုရှည်ပါတယ်။ ကျွန်တော်တို့နေတဲ့ မီနာမီအွန်နူမာမြို့လေးဟာ တိုကျိုမြို့ရဲ့ မြောက်ဘက်မှာမို့ တိုကျိုထက် နေ့တာ ရှစ်မိနစ် ပိုရှည်ပါတယ်။ ကျွန်တော်တို့ဆီမှာ ဒီကနေ့ မနက် ၀၄း၂၄ မှာ နေထွက်ပြီး ညနေ ၁၉း၀၇ မှာ နေ၀င်တဲ့အတွက် နေတာကာလ စုစုပေါင်း ၁၄း၄၂ နာရီ ကြာမြင့်ပါတယ်။ ကျွန်တော့် မွေးရပ်မြေ အင်းသာရွာထက် အခုနေရာက တစ်နာရီ နှစ်ဆယ့်သုံးမိနစ် နေ့တာ ပိုရှည်ပါတယ် . . .
.
. . . အဲဒီလိုနဲ့ အီကွေတာနဲ့ ဝေးလေ နေ့တာရှည်လေ ဖြစ်သွားလိုက်တာ ကမ္ဘာ့မြောက်ဘက်အကျဆုံးမြို့ဖြစ်တဲ့ နော်ဝေနိုင်ငံက ပုံမှန်လူဦးရေ ၃၀-၃၅ ယောက်လောက်ပဲ သုတေသနလုပ်ဖို့ နေထိုင်နေကြတဲ့ Ny-Ålesund မြို့လေးမှာဆိုရင် ဒီကနေ့ ဇွန်လ ၂၁ ရက်နေ့မှာ ညဆိုတာ မရှိတော့အောင်ကို နေ့တာက ရှည်သွားပါတော့တယ်။ အဲဒီလို ဖြစ်တာ ဒီနေ့တစ်ရက်တည်း မဟုတ်ပါဘူး၊ နှစ်စဉ်နှစ်တိုင်း ဧပြီလလယ်လောက်ကနေ သြဂုတ်လ နောက်ဆုံးပတ်အထိ ညဆိုတာ လုံးလုံး မရှိတော့ဘဲ တစ်နည်းအားဖြင့် နေလုံးဝ မ၀င်သွားဘဲနဲ့ လေးလလုံးလုံး နေ့ဖြစ်နေတဲ့ သဘောပါ။ ထိုနည်းတူစွာပဲ ဆောင်းတွင်းရောက်ပြီ ဆိုရင်လည်း အောက်တိုဘာလ နောက်ဆုံးပတ်ကနေ ဖေဖေါ်ဝါရီ လလယ်လောက်ထိက နေလုံးဝမထွက်ဘဲ သုံးလခွဲကျော် လေးလနီးပါးလောက် ညကြီးလုံးလုံး ဖြစ်နေပါသတဲ့ . . .
.
. . . တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင်တော့ အဲဒီလို နေ့တာညတာ ထူးထူးခြားခြား အတိုအရှည်ဖြစ်တဲ့ နေရာတွေကို ပန်းပွင့်လေးတို့နဲ့အတူ သွားကြည့်ချင်ပါသေးတယ် . . .
.
ဗိုလ်ကောင်း
၂၁ ဇွန် ၂၀၁၇
.
#SummerSolstice

Tuesday 20 June 2017

ဆရာကြီး ဒေါက်တာမျိုး



ကျွန်တော်တို့ ကျောင်းသားဘ၀တုန်းက အချိန်ပြည့်ဌာနမှာနေပြီး အလုပ်လုပ်နေတတ်တဲ့ ဆရာကြီး၊ ဒီကွန်ပြူတာတွေက မင်းတို့မသုံးလည်း အချိန်တန်ရင် ဟောင်းသွားမှာ ပျက်ချင်ပျက်ပါစေ ကြိုက်သလောက်သုံး စားပွဲပေါ်က တွန်းချလို့ ကျကွဲတာမဟုတ်ရင်ပြီးတာပဲ ဆိုပြီး ကွန်ပြူတာပေါ်ဦးပေါ်ဖျား သက္ကရာဇ် ၂၀၀၀ ကျော်နှစ်တွေမှာ ကျောင်းသင်ခန်းစာတွေ အခန်းတွင်းတင်ဆက်မှုတွေကို ကွန်ပြူတာနဲ့လုပ်ဖို့ အားပေးခဲ့တဲ့ ဆရာကြီး၊ နိုင်ငံတကာက အနုပညာပစ္စည်းတွေကို မြတ်မြတ်နိုးနိုး စုဆောင်းထားပြီး ကျောင်းမှာလည်း မြန်မာ့အနုပညာလက်ရာတွေနဲ့ မြတ်နိုးဂုဏ်ယူစွာ ဆင်ယင်တတ်တဲ့ ဆရာကြီး၊ ကျွန်တော်တို့ကို စာသင်တဲ့ ကထိက ဆရာမတွေ ဌာနမှာ ပုဝါတကားကားနဲ့ ပြေးလွှား အလုပ်လုပ်နေအောင် စိတ်အားထက်သန်မှု ပေးခဲ့တဲ့ ဆရာကြီး၊ အလှအပကို မြတ်နိုးတန်ဖိုးထားပြီး ပတ်ဝန်းကျင်ကိုလည်း အမြဲလှနေအောင် ဂရုစိုက် ဖန်တီးပေးခဲ့တဲ့ ဆရာကြီး၊ အစိုးရ၀န်ကြီးမလုပ်ချင်ဘူး ကျောင်းဆရာပဲ လုပ်ချင်တယ်ဆိုတဲ့ ဆရာကြီး၊ ကျောင်းသားတွေ တိုးတက်ရာတိုးတက်ကြောင်းကို အမြဲ အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်နေတတ်တဲ့ ဆရာကြီး၊ တပည့်တွေ အားလုံးက ချစ်စနိုးနဲ့ ဆရာမျိုးလို့ ၀ိသေသပြုကြတဲ့
ကျွန်တော်တို့ချစ်တဲ့ ဆရာကြီး ဒေါက်တာမျိုးမြင့်
ကောင်းရာသုဂတိလားပါစေ
၂၀ ဇွန် ၂၀၁၇

Saturday 17 June 2017

Happy Birthday Party



စာမေးပွဲက ကပ်နေ
နေလည်းသိပ်မကောင်းချင်ဖြစ်နေပေမယ့်
ညီအစ်ကိုမောင်နှမတွေနဲ့
ပူးပေါင်းဆင်နွှဲ့ခဲ့တဲ့
မွေးနေ့ပွဲလေး

Monday 12 June 2017

မီးနင်းမပေးတဲ့ သင်္ချာဆရာလေး ပုံပြင်များ


.
. . . နေတဲ့အခန်းလေးကို သိပ်သန့်ရှင်း သပ်ရပ်တာပဲလို့များ ချီးကျူးခံရရင် ဆရာလေးကို သတိရမိတယ်။ နေခဲ့တဲ့ နေရာတိုင်းမှာလည်း အဲလို ချီးကျူး ခဏခဏ ခံရတော့ ဆရာလေးကိုလည်း ခဏခဏဆိုသလို သတိရစရာ ဖြစ်နေတာပေါ့။ ဆရာလေးဆိုတာ ကျွန်တော်တို့ ငယ်ငယ်တုန်းက အင်းသာကျောင်းမှာ သင်္ချာသင်ပေးတဲ့ ဆရာလေး ဦးဝင်းကြိုင်ကို ပြောတာပါ။ ဆရာလေးက သင်္ချာသင်တဲ့အခါ သင်္ချာတွက်တဲ့အခါ စည်းစနစ်ကို အင်မတန် ဦးစားပေးတယ်။ ငယ်ငယ်က သင်ရတဲ့ ပုစ္ဆာတွေမှာ ပေးထားချက် မေးထားချက် စတာတွေကို ချရေးတဲ့အခါ ညီမျှခြင်းလေးတွေက အပေါ်အောက်ကို တန်းစီနေမှ ဆရာလေးက လက်ခံတာကလား။ သင်္ချာပုစ္ဆာတစ်ပုဒ်ကို တွက်တဲ့အခါ ဘယ်လို စနစ်တကျ စဉ်းစားရတယ်ဆိုတာ၊ မေးခွန်းကို ဘယ်လို ခွဲခြမ်းစိတ်ဖြာရတယ်ဆိုတာ ဆရာလေးက သေသေချာချာကို ပုံစံချပေးလိုက်တာလို့ ပြောလို့ရတယ် . . .
.
. . . ဆရာလေးသင်ပေးလိုက်တဲ့ သင်္ချာတွက်နည်းကို အခြေခံပြီး မူလတန်း အလယ်တန်း အထက်တန်းထက် ပိုပြီး ရှုပ်ထွေးတဲ့ လောကထဲက လက်တွေ့ပုစ္ဆာတွေကို တွေ့ကြုံရတဲ့အခါမှာလည်း ပေးထားချက်က ဘာလဲ၊ ဘယ်အဖြေကို ရအောင်တွက်ရမှာလဲ၊ ကိုယ်တွက်နေတဲ့သင်္ချာ ကိုယ့်ဘာကိုယ် ပြန်စစ်တဲ့အခါ ဘယ်နေရာမှားနေတယ်ဆိုတာ သိသာထင်ရှားအောင် ကိုယ်တွက်ခဲ့တဲ့ စနစ်က အထောက်အကူပြုနေတယ်ဆိုတာ ရိပ်စားမိလာပြီး လက်တွေ့လည်း အသုံးဝင်လာခဲ့တယ်။ ဒီလိုပြောလို့ ကျွန်တော်က သင်္ချာတော်တဲ့ ကျောင်းသားတစ်ယောက်လို့တော့ မထင်လိုက်သင့်ပါဘူး။ သင်္ချာနဲ့ ပတ်သက်တဲ့ စဉ်းစားတွေးခေါ်ပုံမှာ သာမန်အဆင့်လောက်ပဲ ရှိတာပါ။ သို့သော်လည်း အဲသည် သာမန်အဆင့်လောက် သင်္ချာကို စနစ်ကျနမှုနဲ့ ပေါင်းစပ်လိုက်ပြီး လက်တွေ့မှာ အသုံးဝင်လာအောင် ကျင့်သုံးဖြစ်ခဲ့တာလောက်ပါပဲ . . .
.
. . . စစ်ထဲရောက်တော့လည်း လက်နက်ငယ် လက်နက်ကြီး ဖြုတ်တပ် လေ့ကျင့်ခန်းတွေမှာ ဖြုတ်ထားတဲ့ လက်နက် အစိတ်အပိုင်းလေးတွေကို နောက်နားညီလို့ခေါ်တဲ့ ညီညီညာညာစီထားရတဲ့ စည်းကမ်းကို သင်ရတဲ့အခါကျတော့လည်း ငယ်ငယ်တုန်းက ဆရာလေးသင်ပေးတဲ့ သင်္ချာပုစ္ဆာတွေတွက်နည်းတွေထဲက ညီမျှခြင်းလေးတွေ ညီညီညာညာ ချရတာနဲ့ အတူတူပါပဲလားဆိုပြီး အောက်မေ့ခဲ့မိပြန်ပါတယ်။ သင်္ချာတွက်တဲ့အခါ တစ်ဆင့်ချင်းကို ညီမျှခြင်းလက္ခဏာလေးတွေ ညီညီညာညာ ချခဲ့မှ ကိုယ့်ပုစ္ဆာကို ပြန်စစ်တဲ့အခါ အမှားအမှန် ရှင်းရှင်းလင်းလင်း သိနိုင်သလိုပဲ လက်နက်တွေ ဖြုတ်ပြီးတဲ့အခါ ထွက်လာတဲ့ အစိတ်အပိုင်းလေးတွေကို သူ့အစဉ်လိုက် နောက်နားညီ စီထားတဲ့အခါမှသာ ပြန်တပ်တဲ့အခါ စည်းစနစ်တကျ မှန်မှန်ကန်ကန် ပြန်ပြီး တပ်ဆင်ဖို့ အထောက်အကူ အများကြီး ဖြစ်တယ်ဆိုတာ အတူတူပဲလို့ မှတ်သားခဲ့ရပြန်ပါတယ် . . .
.
. . . ဆရာလေး ဦးဝင်းကြိုင်အကြောင်း စကားစပ်မိတော့ တစ်ဆက်တည်း သတိရတာက အင်္ဂလိပ်စာ နဲ့ ဇာတ်တော်ကြီးတွေအကြောင်းပါ။ ဆရာလေးက အင်္ဂလိပ်စာကိုတော့ သင်္ချာသင်သလောက် မသင်ပါဘူး။ ဒါပေမယ့် အင်္ဂလိပ်စာနဲ့ ပတ်သက်ပြီး ဆရာလေးကို အမှတ်ထင်ထင် ဖြစ်ရတဲ့ ကိစ္စကတော့ ဆရာလေးက မီးနင်းလို့ခေါ်တဲ့ အင်္ဂလိပ်ဝေါဟာရတွေ ကျက်မှတ်ဖို့ ဘယ်တော့မှ မပေးလို့ပါပဲ။ မူလတန်း အလယ်တန်း ကျောင်းသားဘ၀မှာ မီးနင်းကျက်ရတယ်ဆိုတာ အင်္ဂလိပ်စာ လေ့လာရေးရဲ့ အဓိက ကျောရိုးကိစ္စလို့တောင် ပြောလို့ ရချင်ရနိုင်တယ်မဟုတ်လား။ ဒါပေမယ့် လေးတန်းကျောင်းသားလေးတွေကို ဆရာလေးက မီးနင်း မပေးပါဘူး။ ဆရာလေးရဲ့ မူက မသိတဲ့ စကားလုံးတွေ့ရင် မေး၊ ပြီး ကိုယ့်ဘာသာ ရေးထား ကျက်ထား၊ ဒီလိုပါ။ လေးတန်းကျောင်းသားကို တက္ကသိုလ်ကျောင်းသားလို ဆက်ဆံတာပါ။ အဲသည်တော့ ကျွန်တော်တို့က ဆရာဦးဥာဏ်လင်း စေတနာတို့ဘာတို့ အင်္ဂလိပ် အထူးထုတ်စာအုပ်တွေ အားကိုးရပါတယ်။ ဆရာက မီးနင်းမပေးဘဲ ကိုယ့်ဘာသာ အထူးထုတ်ထဲကနေ မီးနင်းတွေ ကျက်ရတာပါ။ မကျက်ဘဲ မနေရဲပုံကိုလည်း ပြောပြပါ့မယ်။ ဆရာလေးက အင်္ဂလိပ်စာ သင်ခန်းစာတွေ ပေးနေရင်း ဝေါဟာရတစ်ခုကို အရင်သင်ခန်းစာတွေထဲမှာလည်း ပါပြီး လို့ သူယုံကြည်တယ်ဆို ကျောင်းသားတွေက မသိတဲ့ စကားလုံးတွေ များလာရင် မီးနင်းမေးပါတော့တယ်။ လေးတန်းကျောင်းသားကို မီးနင်းကျက်စရာမပေးဘဲ မီးနင်းမေးတာနော်။ ဆရာလေးက မရိုက်ရင်လည်း မရိုက်ဘူး၊ အဲ ရိုက်ပြီဆိုရင်လည်း မသက်သာပါဘူး . . .
.
. . . ရိုက်ရင် မသက်သာဘူး ဆိုပေတဲ့ ဆရာလေးက ကျောင်းသားကို ရိုက်ရတာ စိတ်ပါပုံတော့ မရပါဘူး။ ဘာလို့လဲဆိုတော့ မီးနင်းမေးပြီလားဆိုရင် တစ်ယောက်မရရင် နောက်တစ်ယောက် နောက်တစ်ယောက် အဲသည်စကားလုံး တစ်လုံးတည်းကိုပဲ သိတဲ့လူ မတွေ့မချင်း မေးတော့တာပါ။ မရတဲ့ သူတွေကတော့ မတ်တပ်ရပ် ကျန်ခဲ့ပေါ့လေ။ ကျောင်းသားကုန်သွားရင် အစကလူကို နောက်တစ်လုံး ထပ်မေးပါတယ်။ သူဖြေနိုင်ရင် ထိုင်ရပါတယ်။ မဖြေနိုင်ရင် ကျန်တဲ့သူကို အဲသည်စာလုံးပဲ ထပ်မေးပါတယ်။ လေးငါးဆယ်ကျော့လောက် ကျော့ပြီး တစ်လုံးမှ မဖြေနိုင်မှသာ အဲသည်ကျောင်းသား အရိုက်ခံရတာပါ။ ကျွန်တော်လည်း အခုထိ စာဖတ်ရင် မသိတာလေးတွေမှတ်ဖို့ မီးနင်းစာအုပ်လေး ဘေးမှာ ချထားတဲ့ပြီး မသိတဲ့ စကားလုံးတွေ့ရင် အဘိဓာန်ထဲကြည့် စာအုပ်ထဲမှတ်။ တစ်ချို့ ၀ါကျဖွဲ့ထုံးလေးတွေ တစ်ချို့ အသုံးအနှုံး စကားလုံးတွဲလေးတွေ အသုံးဝင်မယ်ထင်ရင် မှတ် လုပ်တဲ့အခါများ ဆရာလေးကို အင်မတန် သတိရမိပါတယ် . . .
.
. . . ဆရာလေးနဲ့ ပတ်သက်ပြီး မမေ့နိုင်ဆုံးကတော့ ဆရာလေးပြောတဲ့ ပုံပြင်တွေပါ။ ကျွန်တော်တို့ လေးတန်း ငါးတန်း ခြောက်တန်း ခုနစ်တန်း ရှစ်တန်း ဆရာလေးဆီမှာ သင်္ချာကျူရှင်တက်ပါတယ်။ ဆရာလေးက စာဖတ်အားလည်း ကောင်းသလို ပုံပြောလည်း အင်မတန် ကောင်းပါတယ်။ ကျူရှင်က ညနေ ကျောင်းဆင်းချိန်ပြီးမှပါ။ ညနေ လေးနာရီ ကျောင်းဆင်းပြီဆို ကျွန်တော်တို့တွေ အားရအောင် ဆော့လို့ရပါသေးတယ်။ တစ်နာရီလောက်တောင် ဆော့ချိန်ရတယ်ထင်ပါတယ်။ အများဆုံး အားကစားကတော့ ဘောလုံး ကန်တာပါ။ ညနေ ကျောင်းဆင်းပြီဆိုတာနဲ့ ကျွန်တော်တို့တွေ ဘောလုံး ကန်ကြပါတယ်။ (ကျွန်တော်တို့ ဘောလုံး ကန်နေချိန် ကောင်မလေးတွေ ဘာလုပ်ကြပါလိမ့်)။ ဘောလုံးကန်လို့ မောပန်းပေတူးနေလောက်တော့မှ ဆရာလေးက လာကြတော့ဆိုရင် စာသင်ခန်းထဲ ပြန်ဝင်ကြတာပါ။ ကျွန်တော်တို့အတွက် တစ်ခုတည်းသော ကျူရှင်ဖြစ်ပြီး သင်္ချာတစ်ဘာသာတည်းကိုသာ သင်တာပါ။ တစ်နာရီလောက် သင်ပြီးရင် ပြီးပါပြီ။ ကိုယ့်အိမ်ကိုယ်ပြန် ခြေလက်ဆေး၊ ညစာစားပြီး စာကြည့် အိပ် အင်မတန် ဖိစီးမှုနည်းတဲ့ ကျောင်းသားဘ၀ပါ။ အပတ်တိုင်းရဲ့ သောကြ်ာနေ့ ညနေကတော့ ပုံပြင်နေ့ ဖြစ်ပါတယ်။ ညနေ ကျောင်းဆင်း ထုံးစံအတိုင်း ဘောလုံးကန် ဆရာလေးကခေါ်ရင် ခြေထောက်လေး လက်လေးဆေးပြီး စာသင်ခန်းထဲဝင်၊ အခါတိုင်း စာသင်ရင် အတန်းခွဲထားပေမယ့် ပုံပြင်ပြောရင်တော့ ပေါင်းပြီး ပြောပါတယ်။ ဆရာလေးရဲ့ ပုံပြင်တွေက အစုံပါပဲ။ ရိုးရိုးပုံပြင်တွေ ပါသလို ဇာတ်တော်ကြီးတွေလည်း ပါပါတယ်။ ဇာတ်တော်ကြီး ဆယ်ဖွဲ့ထဲက ဇာတ်တစ်ခုခုကို ပြောရင်တော့ တစ်ပတ်တည်းနဲ့ မပြီးပါဘူး။ အခန်းဆက်လုပ်ပြီး တစ်ပတ်စီ ပြောပါတယ်။
.
. . . ဆရာလေး ပုံပြောတာ ဘယ်လောက်ကောင်းလဲဆိုရင် အင်မတန် ဇာတ်အိမ်ခိုင်မာတဲ့ ဇာတ်တော်ကြီးတွေကိုတောင် ကျွန်တော်တိုက ကလေးတွေ လိပ်ပတ်လည်အောင် ပြောပြတတ်ပါတယ်။ ဥပမာ ဘူရိဒတ် နဂါးမင်းဇာတ်တော်မှာဆိုရင် ဘယ်သူနဲ့ ဘယ်သူက ဘယ်လိုတော်တယ်ဆိုတဲ့ ဆွေစဉ်မျိုးဆက်တွေကအစ ကျောက်သင်ပုန်းပေါ် ဇယားဆွဲပြီး မြင်အောင် ရှင်းပြတာပါ။ တစ်ခါတစ်လေ မြေပုံလိုတွေတောင် ပါတတ်ပါသေးတယ်။ ဆရာလေးက အဲသလို အပတ်စဉ် သောကြ်ာနေ့တိုင်း ပုံပြောတဲ့ ကျေးဇူးက စာတွေကို ပိုပြီး ဖတ်ဖြစ် စိတ်ဝင်စားဖြစ်သွားစေတာပါပဲ။ အိမ်မှာကလည်း တစ်အိမ်လုံး စာဖတ်ဝါသနာပါပြီး စာအုပ်တွေလည်း များများစားစားရှိ၊ သာဝတ္ထိထဲက နှင်းမိုးဖြူစာပေကလည်း ညနေဆိုရင် မဂ္ဂဇင်း ၀တ္ထုတွေကို စက်ဘီးခြင်းလေးထဲ ထည့်ပြီး အိမ်တိုင်ယာရောက် စာအုပ်လာငှားပေးတော့ ဆယ်တန်းအောင်ပြီး စစ်ထဲ မ၀င်ခင်အထိ စာတော်တော် ဖတ်ဖြစ်ခဲ့တာပါ . . .
.
. . . ကိုယ်လည်း ပန်းပွင့်လေးနဲ့ အတူနေခွင့်များ ရခဲ့ရင် ပုံပြင်လေးတွေ ပြောပြရအုံးမယ်၊ စာဖတ်တဲ့ အလေ့အကျင့်လေး ပြုစုပျိုးထောင်ပေးရအုံးမယ်။ ဆရာလေး သင်ထားတဲ့ သင်္ချာတွက် စည်းစနစ်လေးတွေ လက်ဆင့်ကမ်းပေးရပါအုံးမယ် . . .
.
ဗိုလ်ကောင်း
၁၂ ဇွန် ၂၀၁၇

Saturday 10 June 2017

ကျောင်းဖွင့်စ



ကျောင်းဖွင့်စမှာ မိဘတွေက သားသမီးတွေ ကျောင်းပို့နေကြတာတွေကို ဖေ့ဘုတ်ပေါ် တင်နေကြတာတွေ့တော့ စိတ်မသက်မသာ ခံစားမိတယ်။ အသက်မပြည့်သေးတဲ့ ကိုယ့်ကိုယ်ကို မကာကွယ်နိုင်သေးတဲ့ ကလေးပုံတွေ ဖေ့ဘုတ်ပေါ်ကို အချိန်နေရာဖော်ပြပြီး မတင်သင့်ဘူးလို့ ထင်ပါတယ်။ ကလေးပုံတွေကို Public နဲ့လည်း မတင်သင့်ဘူး။ အချိန်နဲ့ တစ်ပြေးညီလည်း မတင်သင့်ဘူး။ ကလေး ပုံမှန် သွားလာနေတတ်တဲ့ ကျောင်းစသည်ဖြင့် သိသာထင်ရှားစေမယ့် ပုံမျိုးလည်း မတင်သင့်ဘူး။ တင်ချင်သပဆိုရင် အချိန်နေရာ ချက်ချင်း ဖြစ်နေရင် Friend Only နဲ့ပဲ တင်သင့်ပါတယ်။ သားကတော့ ဘယ်ကျောင်းမှာ ဘယ်နှစ်တန်း စတက်ပြီ၊ သမီးကတော့ ဘာညာဆိုပြီး တင်နေတာက နေရာတွေရော ကလေးပုံတွေရော မိဘပုံတွေရော ပါနေတာက အန္တရာယ်ကို လက်ယပ်ခေါ်နေသလို ဖြစ်မနေဘူးလားလို့ တွေးမိပါတယ်။ တစ်ချို့ ပုဂ္ဂလိကကျောင်းတွေရဲ့ စာမျက်နှာတွေမှာ ကလေးပုံတွေကို ကြော်ငြာသဘောမျိုးဖြစ်ဖြစ် ဖောဖောသီသီ ဖော်ပြနေတာလည်း သင့်ပါရဲ့လားဆိုတာ စဉ်းစားမိပါတယ်။ ကျွန်တော် အတွေးခေါင်တာလည်း ဖြစ်ချင်ဖြစ်မှာပါ . . .

Sunday 4 June 2017

Homo Deus: A Brief History of Tomorrow


.
. . . ဂျေရုဆလင်မှာရှိတဲ့ ဟီဘရူးတက္ကသိုလ်က ပါမောက္ခ ယူဘယ်နိုအာဟာရာရီ ဟာ ၂၀၁၅ ခုနှစ်မှာ ဟီဘရူးဘာသာနဲ့ ရေးသားခဲ့ပြီး ၂၀၁၆ စက်တင်ဘာမှာ အင်္ဂလိပ်ဘာသာပြန်ဆိုခဲ့တဲ့ စာအုပ်။ ၂၀၁၄ အောက်တိုဘာမှာ စတဲ့ လူ့အခွင့်အရေးနှင့် ကမ္ဘာလုံးဆိုင်ရာ တရားမျှတမှု ဆိုတဲ့ အတန်းတက်တုန်းက ဒီစာအုပ်က ရှိတောင် မရှိသေးဘူး။ အခု အဲသည်အတန်းကိုပဲ နောက်တစ်ခေါက် ထပ်တက်တော့ ဒီစာအုပ်က သင်ရိုးထဲ ပါလာတယ်။
.
. . . ခါတိုင်း ဖတ်နေကျ သင်ရိုးပြဌာန်းစာအုပ်တွေနဲ့ လုံးလုံးမတူတဲ့ ဒီစာအုပ်ကို ဖတ်ရတာကိုက အရသာရှိလှတယ်။ ရသစာအုပ် မဟုတ်ပါဘဲနဲ့ ရသမျိုးစုံလည်း ခံစားရတယ်။ စာဖတ်နေရင်းနဲ့လည်း တစ်ခါတစ်ခါ ကြောင်တောင်တောင်တွေဖြစ်ပြီး ကိုယ်သိတဲ့ စကားလုံးတစ်ချို့ကိုတောင် အသစ်ဖြစ်တယ်ထင်တာမျိုးလည်း ရှိခဲ့တယ်။ ဥပမာ Technologically ကို Techno နဲ့ Logically ဆိုပြီး ခွဲမြင်မိလို့ ဘာများပြောတာပါလိမ့်ဆိုပြီး ကြောင်တောင်တောင် ဖြစ်သွားတဲ့ အခိုက်အတန့်လေးတွေ စာအုပ်ဖတ်နေရင်း ရှိခဲ့တယ်။ ရက်ပိုင်းအတွင်း ဖြေရတော့မယ့် နိုင်ငံရေးဆိုင်ရာ စီးပွားရေးပညာ ဘာသာရပ်အတွက် ဖတ်ထားတဲ့ စာတွေထဲက အတွေးအခေါ်တွေကိုလည်း ဒီစာအုပ်က ကမောက်ကမဖြစ်အောင် လုပ်တယ်။ လာမယ့် ဗုဒ္ဓဟူးနေ့ ပါမောက္ခနဲ့ တွေ့တဲ့အခါ ဒီစာအုပ်အကြောင်း ဆွေးနွေးပြီးတာနဲ့ စာအုပ်ထဲက ပြောထားတာတွေအားလုံး ခေါင်းထဲက မေ့ပျောက်ပစ်လိုက်မှ အဆင်ပြေလောက်မှာ၊ နို့မဟုတ်ရင် ဒီစာအုပ်ထဲက အတွေးအခေါ်အသစ်တွေနဲ့ စာမေးပွဲမှာ ဖြေလိုက်မိလို့ကတော့ ငါးပါးကိုမှောက်လောက်တယ် . . .
.
. . . စာအုပ်က တင်ပြတဲ့ အထဲမှာ စိတ်ဝင်စားစရာ ကောင်းတဲ့အချက်တွေက ဘာလဲဆိုတော့ အရင့်အရင် အနောက်ကမ္ဘာပညာရှင်များ ယူဆထားတဲ့ လူဆိုတာ အတ္တရှိတယ် ၀ိဥာဏ်ရှိတယ်ဆိုတာ မဟုတ်ဘူးတဲ့။ လူမှာ ငါ လို့ ပြစရာ ဘာမှ မရှိဘူးတဲ့။ လူက စိတ်ကူးတာ ခံစားတာ ဆုံးဖြတ်တာ တုန့်ပြန်တာတွေ အားလုံးဟာ အယ်ဂိုရစ်သမ်လို့ခေါ်တဲ့ ခန္ဓာကိုယ်ထဲက ဆဲလ်တစ်ခုချင်းစီရဲ့ ပြုမူတုန့်ပြန်မှု စနစ်တစ်ရပ်အပေါ်မှာ မူတည်နေတာတဲ့။ ဒါကြောင့် တစ်ခုခုဆို ငါက လုပ်တာ ဘာမှ မရှိဘဲ အဲသည် စနစ်က အလုပ်လုပ်နေတာတဲ့။ အဲသည်စနစ် အလုပ်လုပ်ပုံတွေကို ခေတ်ပေါ် ကွန်ပြူတာစနစ်တွေက အစားထိုးနိုင်လုနီးပါး ဖြစ်နေပြီတဲ့ . . .
.
. . . မောင်းသူမဲ့ကားလို တံမျက်စည်းလှည်းတဲ့စက်ရုပ်လို ရုပ်ပိုင်းဆိုင်ရာအလုပ်တွေတင်မက ရှေ့နေအလုပ် ဆရာဝန်အလုပ် သမိုင်းဆရာအလုပ်လို အလုပ်မျိုးကိုပါ ကွန်ပြူတာစနစ်တွေက အစားထိုးနိုင်လာတော့မယ်တဲ့။ ကိုယ့်ကိုကိုယ်သာ ကွန်ပြူတာစနစ်က အချိန်ပြည့် စောင့်ကြည့်နေခွင့်ရမယ်ဆိုရင် ကိုယ့်ရဲ့ စိတ်ခံစားချက်တွေ တုန့်ပြန်မှုတွေ အကြိုက်တွေ ဇီဝပြောင်းလဲမှုတွေကို အချိန်ပြည့် မှတ်တမ်းတင်ထားပြီး ကွန်ပြူတာက ကိုယ့်ထက် ကိုယ့်အကြောင်းပိုသိလာပြီး ကိုယ့်အတွက် အကောင်းဆုံး ဆုံးဖြတ်ချက်တွေကို ကိုယ်ကိုယ်တိုင်ထက် မှန်မှန်ကန်ကန် ချနိုင်လာတော့မယ်တဲ့။ ပန်းချီဆွဲတာ တေးဂီတသီကုံးတာလို အနုပညာအလုပ်တွေကိုတောင် ကွန်ပြူတာက လုပ်နိုင်နေပြီတဲ့။ နောက်ပိုင်းမှာ လူက လုပ်စရာအလုပ် ဘာမှ မကျန်တော့တဲ့အခါ ကမ္ဘာ့လူ့အဖွဲ့အစည်းစနစ်ကြီး ဘယ်လို ဖြစ်သွားမလဲဆိုတဲ့ ဖြစ်နိုင်ချေတွေကို လက်တွေ့အထောက်အထားတွေနဲ့ တင်ပြထားတာပါ . . .
.
. . . အခုဆိုရင်တောင် ကိုယ့်ရဲ့ ဖေ့ဘုတ်အကောင့်မှာ ကိုယ်တင်တဲ့ ပုံ စာ၊ ကိုယ်နှိပ်တဲ့ လိုက်ခ်၊ ကိုယ်ရှယ်တဲ့ ပိုစ့်၊ ကိုယ်ဝင်ကြည့်တဲ့ ပေ့ခ်ျ၊ ကိုယ့်ရဲ့ ဖရန့်တွေ၊ ကိုယ်ဖော်လိုလုပ်ထားတဲ့ အကြောင်းအရာ စတာတွေကို ဖေ့ဘုတ်က မှတ်တမ်းတင် သိမ်းဆည်းထားပြီး ကိုယ်ဘယ်လိုလူဆိုတာ တွက်ချက်နေနိုင်ပြီး ကိုယ်နဲ့ ကိုက်ညီသင့်လျော်မယ့်အရာတွေ ဖြည့်ဆည်းဖို့ ကြိုးစားရင်း စီးပွားဖြစ်နေပါသတဲ့။ Google ဆိုရင်လည်း လူတွေရဲ့ အဆက်အသွယ်၊ ရှာဖွေဖတ်ရှုတဲ့ အကြောင်းအရာတွေကို စုစည်းတွက်ချက်ပြီးတော့ တစ်လောက လန်ဒန်မြို့မှာ တုပ်ကွေးရောဂါ ကူးစက်ပြန့်ပွားနေပြီဆိုတာကို အာဏာပိုင်တွေ ဆရာဝန်တွေ မသိခင် ဆယ်ရက်လောက် ကြိုပြီး ထောက်လှမ်းမိနေပြီး ဖြစ်ပါသတဲ့။ ဒါက မြင်သာထင်ရှားတဲ့ ဥပမာ ပြောတာပါ၊ ကျန်တဲ့ အသေးစိတ် ရှင်းပြထားတာတွေ ဖတ်ရတာ ဖတ်ရင်းနဲ့ ရူးတောင် ရူးချင်လာတယ်၊ နောက်ဆုံး ကုန်ကုန်ပြောရရင် ဒီနေ့ ဘာဟင်းချက်စားရင်ကောင်းမလဲ အ၀တ်အစား ဘာအရောင်ဘာဒီဇိုင်းဝတ်ရရင် ကောင်းမလဲ ဆိုတဲ့ အသေးအဖွဲ ကိစ္စလေးက စလို့ ဘယ်လိုအလုပ်မျိုးကို ရွေးချယ်လုပ်ကိုင်သင့်လဲ၊ ကိုယ်နဲ့ အလိုက်ဖက်ဆုံး ဘ၀လက်တွဲဖော်က ဘယ်သူဖြစ်မလဲ၊ စတဲ့ ဘ၀နဲ့ချီတဲ့ ဆုံးဖြတ်ချက်မျိုးကိုတောင် ကွန်ပြူတာက ကိုယ့်ထက် ကောင်းကောင်း ချနိုင်တော့မှာတဲ့ . . .
.
. . . ကဲ အဲသလို စိတ်ခံစားချက်မရှိတဲ့ ကွန်ပြူတာစနစ်တွေက ကျွန်တော်တို့လူတွေတစ်ယောက်ချင်းရဲ့အကြောင်း အစုအဖွဲ့အသိုင်းအ၀န်းတွေရဲ့အကြောင်းကို ကျွန်တော်တို့ထက် ပိုသိလာတဲ့တစ်နေ့ရောက်ရင် ဒီနေ့ကမ္ဘာကြီးရဲ့ လူ့အဖွဲ့အစည်း နိုင်ငံရေး စီးပွားရေး လူမှုရေးနဲ့ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘ၀တွေက ဘယ်လိုတွေ ဖြစ်သွားကြမှာလဲဆိုတဲ့ မေးခွန်းနဲ့ စာအုပ်ကို အဆုံးသတ်ထားပါတယ် . . .
.
. . . အဲသည်မေးခွန်းကို ကိုယ့်ဘာသာစဉ်းစားပြီးသာ ဖြေကြည့်ကြပေတော့ . . .
.
(ဒီစာအုပ်ကို ဖတ်ခိုင်းတဲ့ ပါမောက္ခရဲ့ အဓိက သိစေလိုရင်းက ဘာလဲ ဆိုတော့ လူတိုင်းတစ်ယောက်ချင်းက လွတ်လပ်တဲ့ရပ်တည်ချက်ရှိတယ်ဆိုတဲ့ သဘောတရားကို အခြေခံထားတဲ့ လစ်ဘရယ်ကမ္ဘာထဲက လူ့အခွင့်အရေးစံနှုန်းတွေက တကယ့်သိပ္ပံတွေ့ရှိချက်တွေနဲ့ ဘယ်လောက်တောင် အံမ၀င်ခွင်မကျ ဖြစ်နေသလဲဆိုတာ သိအောင် ဖတ်ခိုင်းတာပါ)
.
ဗိုလ်ကောင်း
.
၎ ဇွန် ၂၀၁၇
JSD 02:07