Thursday 28 February 2013

To Build a Fire


    ဒါကတော့ ကျောင်းမှာသင်ဖူးတဲ့ ဝတ္ထုတိုတစ်ပုဒ်ပါ။ စာရေးဆရာက ဂျက်လန်ဒန်ထင်ပါရဲ့။ ထားပါတော့လေ။ ဝတ္ထုကြောင်းက ရေခဲမှတ်အောက်ရောက်အောင် အေးနေတဲ့ တောထဲတောင်ထဲ ရေခဲပြင်တွေထဲမှာ လျှောက်သွားနေတဲ့ လူတစ်ယောက် အနွေးဓာတ်ကလေးလိုချင်လို့ မီးဖိုဖို့ ကြိုးစားတဲ့အကြောင်းကို စာတစ်တန် ပေတစ်တန် ဖွဲ့ထားတဲ့ ဝတ္ထုပါ။ အင်မတန် ကောင်းတဲ့ အရေးအသားလို့ အဆိုရှိပါတယ်။ ဗိုလ်ကောင်းတို့လို မြန်မာပြည် အလယ်ပိုင်းမှာ နေတဲ့လူတစ်ယောက် ဒါမျိုးဒုက္ခတော့ ရောက်စရာအကြောင်း မရှိဘူးလို့ အရင်တုန်းက ထင်ခဲ့မိပါတယ်။ အခုတော့ အဲသည်အထင် မှားပြီဆိုတာ သိလိုက်ရပါပြီ။
    ကိုယ့်မြေကိုယ့်ရေ မဟုတ်တဲ့နေရာမှာ ရက်ရှည်လများ နေတဲ့သူတွေ အစားအသောက် ဒုက္ခရောက်တတ်တာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဘယ်လောက်ကောင်းတယ်ပြောပြော ကိုယ့်ထမင်း ကိုယ့်ဟင်းလောက် အာမတွေ့ပါဘူး။ အချိန်အတိုင်းအတာတစ်ခုအထိ နေရအုံးမယ်ဆိုတော့ အစားအသောက် ချက်ပြုတ်စားသောက်ဖို့ စီစဉ်ရပါတယ်။ ကိုယ်ချက်မှ ကိုယ်စားချင်တာ စားရတဲ့ ဘဝကိုး။ ပိုက်ဆံရှိလို့လည်း ဝယ်စားလို့မရ။ မှာစားလို့လဲ မရ။ ကဲ ကိုယ်စားချင်တာလေးတွေ အခါအားလျော်စွာ ကိုယ့်ဘာသာ ချက်စားတော့မယ်လို့ ဆုံးဖြတ်ပြီး သကာလ ပထမဆုံး ဖြစ်နိုင်ခြေရှိမရှိ စူးစမ်းလေ့လာရပါတယ်။ အသီးအရွက် ရှိတယ် ပေါတယ်။ ကောင်းပြီ၊ အသားငါး ကြက်ဥ ရှိတယ် ပေါတယ် ကောင်းပြီ။ ငရုတ် ကြက်သွန် ဆီ ဆား ဟင်းချိုမှုန့် အားလုံးရှိတယ် ဝယ်လို့ရတယ်။ ငါးပိကလွဲရင် အားလုံးရမယ်။ တစ်ခုပဲ လိုတယ်။ ဟင်းချက်ဖို့အိုး။ ကျန်တာအားလုံး အဆင်ပြေပါလျက်ကယ်နဲ့ ဟင်းချက်ဖို့ အိုးကျခါမှ ခက်နေတယ်ဗျာ။ တစ်မြို့လုံးမှာ လျှပ်စစ်နဲ့ ချက်တဲ့ အိုး မရှိပါတဲ့ဗျာ။ သူတို့က သုံးလည်း မသုံးပါတဲ့ဗျာ။ သူတို့က ဓာတ်ငွေ့မီးဖိုပဲ သုံးတာပါတဲ့။ လျှပ်စစ်မီးဖို လျှပ်စစ်ဟင်းချက်အိုးကို မသုံးပါဘူးတဲ့ဗျာ။ အင်မတန် ခင်မင်နေတဲ့ ဝယ်နေကျဆိုင်ကတောင်မှ သူတို့လည်း မှာပေးချင်ပါတယ်တဲ့ ဒါပေမယ့် ဘယ်မှာ မှာရမှန်းမသိပါဘူးတဲ့။ ကြုံကြုံဖူးပေါင်ဗျာ လျှပ်စစ်မီးဖို မသုံးကြဘူးရယ်လို့။ အဆောင်နေ ကျောင်းသားဆိုတော့လည်း မီးခိုးတွေ တလူလူနဲ့ ဟင်းချက်နေလို့ကလည်း မဖြစ်ပြန်။ မီးမွှေးပြီးချက်မယ်ဆိုရင်တောင်မှ ဘယ်မှာလဲ ထင်း။ တောထဲကို တစ်ပတ်တစ်ခါ ထင်းခွေထွက်ရမလို ဖြစ်နေပြီ။ ပြီးတော့ သူတို့က မီးသွေးလည်း သုံးတာမဟုတ်။ ဘယ်လိုများ လုပ်ရပါ့။ ဂျက်လန်ဒန် ဝတ္ထုထဲမှာတော့ အဲသည်ဇာတ်လိုက်ဟာ မီးဖိုဖို့ ကြိုးစားရင်းနဲ့ အအေးလွန်ပြီး သေသွားရှာတယ်။  ဗိုလ်ကောင်းကတော့ မီးဖိုဖို့အတွက် အားမလျှော့တမ်း ကြိုးပမ်းနေတုန်း။ (27-2-2013)

Wednesday 27 February 2013

တုံးချက်ကနာ


    ဒီနေ့ကျောင်းမှာ စကားပြော သင်ခန်းစာတစ်ခု လုပ်ရပါတယ်။ အကြောင်းအရာက ဒီလိုပါ။ ဒီမြို့မှာရှိတဲ့ အကျဉ်းထောင်က လူသိပ်များနေပါသတဲ့။ ဒါကြောင့် နေသာထိုင်သာရှိအောင် လူလျှော့ရပါမယ်တဲ့။ လူသိပ်များတယ်ဆိုလို့ အများကြီးမမှတ်ပါနဲ့။ ငါးယောက်တည်းပါ။ အဲသည် ငါးယောက်ထဲက တစ်ယောက်ကို မလွဲမသွေ ပြန်လွှတ်ပေးရပါမယ်။ ဗိုလ်ကောင်းတို့က တရားသူကြီးအနေနဲ့ ဘယ်သူ့ကို လွှတ်ပေးသင့်တယ်ဆိုတာ ဆုံးဖြတ်ပေးရမှာပါ။ ကိုယ်လွှတ်ပေးသင့်တယ်ထင်တဲ့ အကျဉ်းသားအတွက်လည်း ဘာလို့ လွှတ်ပေးသင့်တယ်ဆိုတာ အကျိုးအကြောင်း ခိုင်ခိုင်လုံလုံ လျှောက်လဲရမှာပါ။ အကျဉ်းသား ငါးယောက်ရဲ့ ကိုယ်ရေးအချက်အလက်တွေကိုလည်း အတန်အသင့် ဖော်ပြပေးထားပြီး အဲသည် အချက်တွေအပေါ်မှာ အခြေခံ စဉ်းစားဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ သင်ခန်းစာ ဖြစ်တဲ့အတွက် မရှုပ်ရှုပ်အောင်တော့ လုပ်ထားတာပေါ့ဗျာ။ တစ်ယောက်စီ တစ်ယောက်စီဟာ လွှတ်ပေးသင့်တယ်ထင်ရပေမယ့် ကန့်ကွက်မယ်ဆိုလည်း ကန့်ကွက်စရာအချက်လေးတွေ ထည့်ပေးထားတာပေါ့။ အမှန်က စကားပြောသင်ခန်းစာဆိုတော့ စကားမများများအောင် လုပ်ထားတာပါပဲ။ ကျောင်းသားတစ်ယောက်က အကျဉ်းသားတစ်ယောက်ကို ထောက်ခံဆွေးနွေးတယ်ဆိုရင် နောက်တစ်ယောက်က အကျိုးအကြောင်းပြပြီး ပယ်ချလိုက်။ တစ်ယောက်က အဆိုပြုလိုက် နောက်တစ်ယောက်က ပယ်ချလိုက်နဲ့။ သဘောတူညီချက် ရတယ်လို့ကို မရှိပါဘူး။ ကဲ တော်တော်လေးလည်း ဆွေးနွေးပြီးသွားပြီ။ တစ်ခန်းလုံးလည်း ဆူညံပွက်လောရိုက်လို့။ ဆရာကတော့ သဘောကျတာပေါ့။ သင်ခန်းစာကိုက စကားမများများအောင် လုပ်ထားတဲ့ သင်ခန်းစာဆိုတော့ ကျောင်းသားတွေ စကားများများပြောလေ ဆရာက ကြိုက်လေပဲ။ ကျွန်တော်တို့တွေ တစ်ယောက်ယောက်ကို အငြင်းအခုံမရှိ သဘောတူသွားမှာကိုတောင်စိုးရိမ်တဲ့ပုံပဲ။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ပဲ။ ဒီအရည်မရ အဖတ်မရ စကားပြောသင်ခန်းစာကို တကယ်ကြီးလိုလုပ်ပြီး ငြင်းကြခုံကြ ဆွေးကြနွေးကြ စကားများကြ။ လက်သီးလက်မောင်းတွေတန်းကြ။ ဒီလိုနဲ့ သင်ခန်းစာက သုံးရက်တောင် ကြာသွားပါတယ်။ ဗိုလ်ကောင်းတို့မှာ ကိုယ်ရွေးထားတဲ့ အကျဉ်းသားဘက်က ခုခံကာကွယ်ပြောနေလိုက်ကြတာ။ ပိုက်ဆံတွေ တစ်လှေကြီးရထားတဲ့ ရှေ့နေတွေလားကျလို့။ သင်ခန်းစာပြီးမှ စဉ်းစားမိတယ်။ ငါတော်တော်ညံ့သေးတဲ့ ရှေ့နေပါလားလို့။ တကယ်လို့သာ ငါ့အကျဉ်းသားကို ယုံကြည်ချက်ကြောင့် ဘာကြောင့် ညာကြောင့်ဆိုတဲ့ အကြောင်းပြချက်တွေပေး။ သူ့ဟာသူ အကျင့်စာရိတ္တမကောင်းလို့ အကျဉ်းကျနေတာကိုပဲ ဖိနှိပ်ခံရသယောင်ယောင်တွေ လျှောက်လဲချက် ပေးတတ်ရင် ဗိုလ်ကောင်းရွေးထားတဲ့ အကျဉ်းသားက နေရင်းထိုင်ရင်း နိုင်ငံရေးအကျဉ်းသား စာရင်းထဲဝင်သွားပြီး လွတ်စေသတည်းဖြစ်သွားမှာကို စောစာက မတွေးမိဘဲ စာအုပ်ကြီးထဲကအတိုင်း လျှောက်စဉ်းစားပြီး ပလီစိချောက်ချက်တွေ လျှောက်ပြောနေခဲ့မိတယ်။ တော်တော်တုံးတဲ့ ဗိုလ်ကောင်း။ (26-2-2013)

Sunday 24 February 2013

သမ္မတအလံတော်နေ့


    ၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ဟာ ကျွန်တော်တို့ကျောင်းရဲ့ သမ္မတအလံတော်နေ့ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာ ရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေထဲက နှစ်တစ်နှစ်တာမှာ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တဲ့ တပ်ရင်းတပ်ဖွဲ့ကို နိုင်ငံတော် သမ္မတက သမ္မတအလံတော် အပ်နှင်းလေ့ရှိပါတယ်။ သမ္မတအလံတော်ကို နိုင်ငံတော်သမ္မတကိုယ်တိုင် တပ်ကိုအရောက် လာရောက်အပ်နှင်းခြင်း ဖြစ်ပါတယ်။ အလွန်ကြီးကျယ်ခမ်းနားတဲ့ ဂုဏ်ပြုမှုတစ်ခု ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၄၃ နှစ်တုန်းက ကျွန်တော်တို့ကျောင်းဟာ သမ္မတအလံတော်ကို တစ်ကြိမ် လက်ခံရရှိခဲ့ဖူးပါတယ်။ အဲသည်လို သမ္မတအလံတော် ရရှိခဲ့တဲ့ အထိမ်းအမှတ်ကို နှစ်စဉ်နှစ်တိုင်း ကျင်းပပါတယ်။ ဒီနှစ်မှာလည်း ခါတိုင်း နှစ်တွေလိုပဲ သမ္မတအလံတော်အထိမ်းအမှတ်ပွဲကို ခမ်းခမ်းနားနား ကျင်းပပါတယ်။ ပထမပိုင်းက ယဉ်ကျေးမှု ပဒေသာကပွဲဖြစ်ပြီး ဒုတိယပိုင်းက ညစာစားပွဲ ဖြစ်ပါတယ်။
    ယဉ်ကျေးမှု ပဒေသာကပွဲကို တက်ရောက်လာတဲ့ တပ်မတော်ပညာရေး ညွန်ကြားရေးမှူး ဗိုလ်ချုပ် နဲ့ ဇနီးတို့က ဆီမီးထွန်းညှိ ဖွင့်လှစ်ပေးပါတယ်။ ပထမဆုံး ဆုတောင်းသီချင်းနဲ့ အခမ်းအနားကို ဖွင့်လှစ်ပါတယ်။ ဒုတိယအစီအစဉ်ကတော့ တိုင်းရင်းသူနဲ့ တိုင်းရင်းသား အကဖြစ်ပါတယ်။ မြူးမြူကြွကြွနဲ့ ကြည့်ကောင်းလှပါတယ်။ အဲသည်နောက်မှာတော့ ပြည်သူ့ဆက်ဆံရေး အဖွဲ့ရဲ့ တစ်ခန်းရပ် ဟာသပြဇာတ်ဖြစ်ပါတယ်။ ဘာတွေပြောနေကြမှန်း မသိပေမယ့် သူတို့ ရယ်တော့ လိုက်ရယ်ရတာ တော်တော် ရယ်ရပါတယ်။ စစ်သားနှစ်ယောက် ဘူတာမှာ ရထားစောင့်ရင်း မူးမူးနဲ့ အိပ်ပျော်သွားကြတာကို သရုပ်ဖော်ထားတာပါ။ ထိုင်ဆိုအဖွဲ့ရဲ့ ဖျော်ဖြေမှု အပြီး တင်ဆက်တဲ့ ကြက်ဖအော်သံယိမ်းအဖွဲ့ကတော့ ကလေးရော လူကြီးပါ အကြိုက်တွေ့တဲ့ အစီအစဉ်ဖြစ်ပါတယ်။ ကျွန်တော်တို့ ကြားဖူးနေကျ ကြောင်အော်သံ ခွေးအော်သံတွေနဲ့ သီချင်းသံစဉ်လေးတွေ ဖန်တီးထားသလိုမျိုး အခုကတော့ ကြက်အော်သံဖြစ်ပါတယ်။ သံစဉ်လေးကလည်း ရယ်စရာကောင်း အကကလည်း ရယ်စရာကောင်းဆိုတော့ ဒီနေ့ပွဲမှာ ပရိသတ် အားပေး အခံရဆုံး အစီအစဉ်ဖြစ်သွားပါတယ်။
   
ကျွန်တော်အကြိုက်ဆုံး အစီအစဉ်ကတော့ နိုင်ငံတော်အလံကို ဝှေ့ယမ်းပြီး သီချင်းဆိုတဲ့ အစီအစဉ်ဖြစ်ပါတယ်။ သီချင်းကို နားမလည်ပေမယ့် တင်ဆက်ပုံကို ကြည့်ရတာနဲ့တင် မျိုးချစ်စိတ်နဲ့ ဇာတိသွေး ဇာတိမာန် တက်ကြွစေတဲ့ သီချင်းတစ်ပုဒ်အဖြစ် ခံစားရပါတယ်။ ကြည့်နေရင်းနဲ့တောင် အမိနိုင်ငံတော်အလံကို မြင်ယောင်လာပြီး လွမ်းမိပါသေးတယ်။ တယောတီးခတ်ဖျော်ဖြေမှုအပြီးမှာ တင်ဆက်တဲ့ အကကိုတော့ ကိုကြီးကျော်နတ်ယိမ်းလို့ပဲ နာမည်ပေးလိုက်ပါတယ်။ ကိုကြီးကျော်နဲ့ တော်တော်ကိုတူတဲ့ အရောင်အသွေး ဝတ်စားဆင်ယင်မှု နဲ့ မြူးမြူးကြွကြွ အကတွေကိုကြည့်ရင်း တို့ကိုကြီးကျော်က ဒါမျိုးအရင်ဝတ်သလား သူတို့က အရင်ဝတ်သလားလို့တောင် တွေးမိပါသေးတယ်။
    နောက်ဆုံးအစီအစဉ်ကတော့ အားလုံးစုပေါင်းပြီး ဆိုကြကကြတဲ့အစီအစဉ်မို့ သူတို့မှာလည်း မန်းတောင်ရိပ်ခိုသီချင်း ရှိသားပဲလို့ အောက်မေ့မိလိုက်ပါတယ်။ ဖျော်ဖြေမှုအားလုံး အပြီးမှာ ကြွရောက်လာကြတဲ့ လူကြီးမင်းများနဲ့ အမှတ်တရ ဓာတ်ပုံရိုက်တဲ့အစီအစဉ်ဖြစ်ပါတယ်။ ဗိုလ်ကောင်းလည်း ဘယ်နေလိမ့်မတုန်း၊ သူတို့နဲ့တွဲပြီး ဓာတ်ပုံ ရိုက်ဖြစ်အောင် ရိုက်လာခဲ့ပါသေးတယ်။

    ဒုတိယပိုင်းကတော့ ညစာစားပွဲ အစီအစဉ် ဖြစ်ပါတယ်။ သူတို့ ရဲ့ ညစာစားပွဲဟာ စီတာစဉ်တာ စနစ်ကျန သပ်ရပ်လှပေမယ့် အခမ်းအနားမဆန်လှပဲ နွေးနွေးထွေးထွေး ပျူပျူငှာငှာ ရှိလှပါတယ်။ ပျော်စရာလည်း ကောင်းလှပါတယ်။ ကျောင်းရှေ့က မြက်ခင်းပြင်ကြယ်ကြီးကို ပတ်ပြီး တပ်ခွဲလိုက် မဏ္ဍာပ်တွေ ထိုးထားပါတယ်။ အလယ်က မြက်ခင်းပြင်ကျယ်ကြီးကို အားလုံး မျက်နှာမူလို့ပေါ့။ မဏ္ဍာပ်ထဲမှာ ခုံတွေ ခင်းထားပြီး မဏ္ဍာပ်ရှေ့မှာလည်း ခုံတွေကို မဏ္ဍာပ်ဘက်မျက်နှာမူ စက်ဝိုင်းခြမ်းပုံးခင်းထားပါတယ်။ မဏ္ဍာပ်ထဲမှာ မိသားစုနဲ့ မှီခိုတွေ ထိုင်ကြပြီး အပြင်မှာတော့ ယောက်ျားတွေ ထိုင်ကြပါတယ်။ ခဏနေတော့ ဗန်းလေးတွေနဲ့ ဖျော်ရည်ယမကာတွေ အမြည်းတွေ လာပေးပါတယ်။ ခွက်ကလေးတွေ ကိုယ်စီကိုင်ပြီး သောက်ကြစားကြ စကားပြောကြပေါ့။ အင်မတန်မှ နွေးနွေးထွေးထွေး ရှိပါတယ်။ ကျောင်းက ဌာနမှူးတွေ ဆရာ ဆရာမတွေ တပ်ခွဲမှူးတွေ စသည်ဖြင့် သက်ဆိုင်ရာ တပ်ခွဲအလိုက် ရင်းရင်းနှီးနှီးခင်ခင်မင်မင် ပြောကြဆိုကြတာ ဖြစ်ပါတယ်။ ခဏနေတော့ ကျောင်းကို ရောက်နေတဲ့ ပညာရေးညွှန်ကြားရေးမှူး ဗိုလ်ချုပ်က တစ်မဏ္ဍာပ်ပြီး တစ်မဏ္ဍာပ် လိုက်နှုတ်ဆက်ပါတယ်။ နိုင်ငံရပ်ခြား ကျောင်းသားတွေကိုလည်း တစ်ယောက်ချင်းစီ နှုတ်ဆက် စကားပြောပါတယ်။
    တော်တော်ကြာတော့မှ ညစာစားတဲ့ အစီအစဉ်စပါတယ်။ တပ်ခွဲအလိုက် စီစဉ်ထားတဲ့ ညစာကို ကိုယ်တိုင်ယူစနစ်နဲ့ တန်းစီထည့်ပြီး ခုနက ထိုင်ကြတဲ့ ထိုင်ခုံလေးတွေမှာ ပေါင်ပေါ်တင်ပြီး စားကြတာဖြစ်ပါတယ်။ တက်ရောက်လာတဲ့ ပညာရေးညွန်ကြားရေးမှူးဗိုလ်ချုပ်နဲ့ ဗိုလ်ချုပ်ကတော်ကစလို့ ရဲဘော်လေး ရဲ့ မိန်းမ ကလေးတွေအဆုံး အဲသည်လိုပဲ ယူပြီး စားကြတာ ဖြစ်ပါတယ်။ စားပွဲဆိုလို့ ထိုင်ခုံတွေ ရှေ့ဆုံးမှာ ခင်းထားတဲ့ ဆက်တီစားပွဲ လေးငါးလုံးကလွဲရင် မရှိပါဘူး။ အဲသည်စားပွဲလေးတွေပေါ်မှာလည်း ဘာမှ အထွေအထူးတင်မထားပါဘူး။ စားပြီးရင်လည်း စားပြီးသား ပန်းကန်ကို မဏ္ဍာပ်နောက်ထဲက စားပွဲမှာ သွားတင်ပြီး ရေဘူးကရေကို ဖွင့်ပြီး သောက်တာပါပဲ။

    ညစာစားပွဲမှာ မှတ်သားစရာလေးတွေ တွေ့ပါတယ်။ ပထမအချက်ကတော့ အခင်းအကျင်း စနစ်ကျန သပ်ရပ်တာဖြစ်ပါတယ်။ မြက်ခင်းပြင်ကို ဗဟိုပြု မျက်နှမူပြီး ထိုးထားတဲ့ တပ်ခွဲလိုက် မဏ္ဍာပ်တွေရဲ့ ခင်းကျင်းမှုပုံစံက နွေးထွေးမှု ရှိလှပါတယ်။ တစ်ခုနဲ့တစ်ခု သီးသန့်ဆန်မနေပါဘူး။ မဏ္ဍာပ်ထိုးတာလည်း သပ်သပ်ရပ်ရပ် မဏ္ဍာပ်နောက်မှာရှိတဲ့ အစားအသောက် စီစဉ်တဲ့ ရွက်ဖျင်တဲတွေကလည်း သပ်သပ်ရပ်ရပ်ပါပဲ။ နောက်ပြီး မြက်ခင်းနဲ့ မလှမ်းမကမ်းမှာ အလုံပိတ်ထားတဲ့ တဲလေးတွေတွေ့တော့ ဘာများပါလိမ့်ဆိုပြီး ကြည့်မိတယ်။ ရွေ့လျား အိမ်သာလေးတွေဗျ။ ယောက်ျားသတ်သတ် မိန်းမသတ်သတ် တဲတစ်လုံးစီ လုပ်ပေးထားတာ။ မဏ္ဍာပ်တွေ ထိုးထားတဲ့ မြက်ခင်းပြင်မှာပဲ လေထီး တဲတစ်ခု လုပ်ပြီး တီးဝိုင်းတစ်ခု ရှိနေသေးတယ်။ ကာရာအိုကေပေါ့ဗျာ သီချင်း ရတဲ့သူ ဝင်ဆိုလို့ ရတဲ့သဘောပါပဲ။
    ဒုတိယ မှတ်သားစရာ ကောင်းတဲ့ အချက်က စစ်သည် အဆင့်အတန်းအားလုံး မိသားစု အားလုံး ကွဲပြားမှုမရှိဘဲ ပျော်ရွှင်ကြရတာ ဖြစ်ပါတယ်။ နေရာထိုင်ခင်း အစားအသောက်စသည်ဖြင့် အားလုံး တစ်ပြေးညီနီးပါး စီစဉ်ပေးထားပြီး နွေးနွေးထွေးထွေး တွေ့ကြဆုံကြ ပြောကြဆိုကြ ကလေးတွေဆိုလည်း ပြေးလွှားဆော့ကစားကြ တကယ့်ကို ပျော်စရာကောင်းတဲ့ ပွဲခင်းကြီးပဲဗျ။
    တတိယ မှတ်သားရတာကတော့ အစားအသောက် အစီအစဉ်ကောင်းတာ ဖြစ်ပါတယ်။ ယမကာ အမြည်းနဲ့ ညစာတို့ကို ခမ်းခမ်းနားနား မဟုတ်တာတောင် သပ်သပ်ရပ်ရပ်နဲ့ လုံလုံလောက်လောက် စီစဉ်ထားပြီး တပ်ခွဲတစ်ခုမှာဆို တစ်ယောက်စီက ကြီးကြပ် စီမံနေတာ တွေ့ပါတယ်။
    စတုတ္ထ မှတ်သားရတဲ့ အချက်ကတော့ ဒီမြေကို နင်းပါပြီ ဆိုကတည်းက ပထမဆုံး မိန်းမတွေ များများစားစား တွေ့ရတာပါပဲ။ ဆာရီလေးတွေ ရောင်စုံနဲ့ တလက်လက် တောက်ပနေတဲ့ ဒီအမျိုးသမီးတွေကို တွေ့တာ ဒါပထမဆုံးပါပဲ ဆိုတော့ အင်္ဂလိပ်စာသင်တဲ့ ဆရာမက ရယ်လိုက်တာ။ (23-2-2013)

Friday 22 February 2013

ဂီတဖျော်ဖြေပွဲ


    ကျောင်းကို အရာရှိကြီးတစ်ယောက် တပ်စစ်လာပါတယ်။ အရာရှိကြီး လာမယ်ဆိုတော့ ထုံးစံအတိုင်း အလံတွေလွှင့် သန့်ရှင်းရေးတွေလုပ် စာရွက်စာတမ်းတွေ ပြင်ဆင်၊ ဌာနတွေမှာလည်း ကျောင်းသားအချက်အလက်တွေ သင်ခန်းစာဆိုင်ရာ အချက်အလက်တွေ ပြဌာန်းစာအုပ်တွေ လက်ရှိသင်နေတဲ့ သင်ခန်းစာတွေ ခင်းကျင်းပြသ၊ သက်ဆိုင်ရာ စာရင်းဇယားတွေ ပြင်ကြဆင်ကြပေါ့။ နည်းနည်းတော့ အလုပ်များကြတယ်။ အရာရှိကြီးရောက်လာတော့ ဌာနတွေ စာသင်ခန်းတွေ ကို ပတ်ကြည့်တယ်။ ကျောင်းသားတွေနဲ့ စကားစမြည်နည်းနည်းပါးပါး ပြောတယ်။ အရာရှိကြီး ဆိုတော့ သူ့နောက်မှာ ဦးစီးအရာရှိတွေလည်း ပါတာပေါ့။ ဦးစီးအရာရှိ ဗိုလ်မှူးမမ တစ်ယောက်တောင် ပါသေးသဗျ။
    ကျွန်တော်တို့ ကျောင်းမှာ တေးဂီတတပ်ခွဲတစ်ခွဲရှိတယ်။ တစ်နိုင်ငံလုံးက သင်တန်းသားတွေနဲ့ မိတ်ဆွေနိုင်ငံတွေက သင်တန်းသားတွေကို တေးဂီတတွေ သင်ကြားပို့ချပေးတဲ့ တပ်ခွဲပေါ့။ တေးဂီတဆိုင်ရာ ညွန်ကြားရေးမှူးက ဗိုလ်ကြီးပဲ ရှိသေးတယ်။ ညမှာ အဲသည် တပ်ခွဲက တေးဂီတ ဖျော်ဖြေပွဲ လုပ်ပါတယ်။ သီချင်း ခြောက်ပုဒ် မှာ ဂီတအမျိုးအစားကို စုံလင်အောင် ထည့်သွင်း စီစဉ်ထားပါတယ်။ တေးဂီတ ဖျော်ဖြေပွဲဆိုလို့ သာမန် တီးကြမှုတ်ကြ သဘောမျိုး မဟုတ်ပါဘူး။ လူငါးဆယ်လောက်ပါတဲ့ သြခတ်စတြာ တီးဝိုင်းကို ဂီတပညာရှင် တစ်ယောက်စီက သီချင်းတစ်ပုဒ်စီနဲ့ ကြီးကြပ် တီးမှုတ်ကြတာ ဖြစ်ပါတယ်။ ဗိုလ်ကောင်း အကြိုက်ဆုံးကတော့ တုတ်ကလေး တစ်ချောင်းကိုင်ပြီး ရှေ့ကနေ ကြီးကြပ်တဲ့သူရဲ့ ဟန်ပန် ဖြစ်ပါတယ်။ တီးဝိုင်းကြီးတစ်ခုလုံးကို တစ်ယောက်တည်း တီးခတ်နေဘိသည့်အလား ဟန်နဲ့ ပန်နဲ့ ကြီးကြပ်နေတဲ့ပုံက တကယ်ကို ကည့်ကောင်းပါတယ်။
    တီးဝိုင်းကြီး တစ်ခုလုံးကလည်း သူကတဲ့ ကကြိုးအတိုင်း အသံတွေ နိမ့်သွားလိုက် မြင့်လာလိုက် တစ်ချို့နေရာတွေမှာ လေမှုတ်တူရိယာသံတွေချည်း ထွက်လာလိုက်၊ တစ်ခါတစ်ခါ ဗုံတစ်လုံးတည်းကို စည်းချက်ကျကျ ထုနှက်တဲ့အသံ ထွက်လာလိုက်၊ ပလွေသံလေးတွေက အောက်သံထွက်နေချိန်မှာပဲ လေမှုတ်ခရာကြီးတွေက အထက်သံနဲ့ သံစဉ်နှစ်ခုကို ပေါင်းစပ်ထားတာမျိုးတွေ လုပ်လိုက်၊ ရိုးရာဂီတသံကို ရိုးရာတူရိယာတစ်လှည့် ခေတ်ပေါ်တူရိယာတစ်လှည့် တီးလိုက် နှစ်ခုပေါင်းပြီး တီးလိုက်၊ ကြေးပတ္တလားလေးက ထွက်တဲ့ အသံစီစီလေးကို လေမှုတ်တူရိယာကြီးတွေကထွက်တဲ့ အသံသြသြကြီးတွေနဲ့ ပေါင်းပြီး သံစဉ်တွေ ဖန်ဆင်းလိုက်၊ လေအိတ်ပလွေကို ရိုးရာဝတ်စုံနီကြီးတွေနဲ့ စစ်သည်တွေက ဟန်ကျပန်ကျ လျှောက်လှမ်းရင်း ဝင်လာလိုက် ထွက်သွားလိုက် စသည်ဖြင့် သီချင်းတစ်ပုဒ်နဲ့ တစ်ပုဒ်ကို မရှိုးနိုင်အောင် တီးခတ်ကြပါတယ်။


    ပထမဆုံးသီချင်းက တေးဂီတဆိုင်ရာ ညွန်ကြားရေးမှူး ဗိုလ်ကြီး ရေးဖွဲ့ထားတဲ့ မြောက်ပိုင်းကကြယ်တစ်ပွင့် ဆိုတဲ့ စစ်ချီသီချင်း ဖြစ်ပါတယ်။ မြူးမြူးကြွကြွနဲ့ စစ်သွေးစစ်မာန် တက်ကြွစေတဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ ဒုတိယ သီချင်းက ကြေးပတ္တလားလေးကို အသားပေး တီးခတ်သွားတဲ့ မီးပွားလေးတစ်ပွင့် ဆိုတဲ့ သီချင်း ဖြစ်ပါတယ်။ ဗိုလ်ကောင်းတို့ ဗိုလ်လောင်းတုန်းက စာပေသင်တန်းသွားရင် လေချွန်ရတဲ့ သီချင်းကို ရေးဖွဲ့ခဲ့တဲ့ ဂီတစာဆိုပဲ ရေးဖွဲ့ခဲ့တာပါ။ တတိယသီချင်းက လေအိတ်ပုလွေနဲ့ တီးမှုတ်ထားတဲ့ အံ့ဖွယ်ကျက်သရေ အမည်ရှိ ခရစ်ယန် ဓမ္မတေးတစ်ပုဒ် ဖြစ်ပါတယ်။ ရေးဖွဲ့ခဲ့တဲ့သူက ပင်လယ်ကူးသင်္ဘော မာလိန်မှူး ဘဝကနေ ခရစ်ယန် ဘုန်းကြီး ဖြစ်လာခဲ့တဲ့သူတစ်ယောက်ပါ။ စတုတ္ထသီချင်းက လေမှုတ်တူရိယာ အသားပေး ဂျက်ဇ်ဂီတ သံစဉ် တစ်ခု ဖြစ်ပါတယ်။ သံစဉ်ဖွဲ့သီတဲ့ ဂီတပညာရှင်ကိုယ်တိုင် ဆက်ဆိုဖုန်းမှုတ်ပြီး တီးဝိုင်းနဲ့ တွဲဖက် ဖျော်ဖြေခဲ့ပါတယ်။ နောက်တစ်ပုဒ်ကတော့ ရိုးရာဂီတ တူရိယာကို လည်း ရိုးရာမပျက် တီး ခေတ်ပေါ်ဂီတတူရိယာတွေကိုလည်း ရိုးရာသံစဉ်နဲ့ တစ်လှည့်စီ တီးခတ်တဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ နောက်ဆုံးတစ်ပုဒ်ကတော့ အတီးအမှုတ်တင်မကပဲ အဆိုပါ ပါပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ရေးသားထားသမျှ အခြေခံ ဥပဒေတွေထဲမှာ အရှည်ဆုံးအခြေခံဥပဒေဆိုပြီး ဂုဏ်ယူကြတဲ့ အခြေခံဥပဒေကို ဂုဏ်ပြု သီဆိုထားတာပါ။ သူတို့ အခြေခံ ဥပဒေဟာ ၁၉၅၀ ဇန်နဝါရီလ ၂၆ ရက်နေ့မှာ စတင် အာဏာသက်ရောက်တာမို့ အဲသည်နေ့ကို အမျိုးသားနေ့အဖြစ် နှစ်စဉ်နှစ်တိုင်း ကျင်းပကြတာလည်း ရှိပါတယ်။
    စုစုပေါင်း သီချင်းခြောက်ပုဒ်ကို နားဆင်ပြီးတဲ့အခါမှာ မဆုံးနိုင်တဲ့ အတွေးတွေလည်း ရခဲ့ပါတယ်။ (21-2-2013)

ပန်းပွင့်လေးရဲ့ ပုံပြင်


    ပန်းပွင့်လေးလို လှပပြီး နူးညံ့သိမ်မွေ့တဲ့ မြန်မာမလေး ဖြစ်စေချင်လို့ သမီးလေးကို ပန်းနာမည်လေး ပေးခဲ့တယ်။ ဗုဒ္ဓဟူးနေ့မှာ မွေးတဲ့သမီးကို ပန်းနာမည်ပေးဖို့ဆိုတာ အခက်သားကလား။ နာမည်မှည့်တဲ့ ဗေဒင်ဆရာတွေကလည်း နာမည် လှလှ ဆန်းဆန်းလေးတွေ ပေးတတ်ကြပေမယ့် ကိုယ်လိုချင်တဲ့ ပန်းနာမည်ကတော့ ပါမလာ။ နောက်ဆုံးတော့ ရှင်ကြာဖြူဆိုတဲ့ နာမည်လေးကို အဖေလုပ်သူကိုယ်တိုင် စိတ်တိုင်းကျ မှည့်ပေးခဲ့တယ်။ ကျန်းမာပြီး ရွှင်လန်းတဲ့ ပန်းပွင့်လေးကို အဖေအမေ အဘိုးအဘွားတွေ ကိုကိုမမ ဦးဦး ဒေါ်ဒေါ်တွေက ချစ်လို့ မဝခဲ့ကြဘူး။ ဒီလိုနဲ့ ပန်းပွင့်လေးဟာ ပက်လက်က မှောက်တတ်လာ။ မှောက်တတ်ရာက ထိုင်တတ်လာ။ ထိုင်တတ်ရာက မတ်တပ်ရပ်နိုင်လာ။ မတ်တပ်ရပ်နိုင်ရာက လမ်းလျှောက်တတ်တဲ့အရွယ်ကို ရောက်လာခဲ့တယ်။
    ပန်းပွင့်လေး လမ်းလျှောက်တတ်ခါစမှာ ယိုင်ယိုင် ယိုင်ယိုင်နဲ့လျှောက်တော့ လမ်းလျှောက်တတ်စလေးကို ဝိုင်းဝန်းအားပေးရင်း အမှီအတွယ်မရှိ လျှောက်နိုင်လာခဲ့တယ်။ လမ်းကောင်းကောင်း လျှောက်နိုင်တာတောင်မှ ခြေတစ်ဘက်က ပဲ့နင်းပဲ့နင်းနဲ့ ဖြစ်နေတုန်း။ လမ်းလျှောက်သက်နုစဉ်အခါတုန်းကတော့ ဟန်ချက်မထိန်းနိုင်သေးလို့ ယိုင်ယိုင် ယိုင်ယိုင် ဖြစ်နေတာပါပဲလေဆိုပြီး အလေးမထားမိပေမယ့် လမ်းကောင်းကောင်း လျှောက်နိုင်တဲ့အထိ ခြေတစ်ဘက်က ဆာတာတာ ဖြစ်နေတာကိုတော့ ဒီအတိုင်းကြည့်နေလို့ မဖြစ်တော့ဘူးဆိုပြီး ပန်းပွင့်လေး နေမကောင်းရင် ပြနေကျ အထူးကု (အထူးကု) ဆေးရုံက ကလေးပါရဂူ (ပါရဂူ) ဆီမှာ ပြကြည့်တယ်။ ကယ်လ်ဆီယမ်ဓာတ်များ မပြည့်ဝလို့လားဆိုပြီး ဆရာဝန်က ဆေးတွေတိုက်လို့ သောက်ရသေးတယ်။ အခြေအနေကတော့ တိုးတက်မလာဘူး။
    ဒီနေရာမှာ တစ်ခုပြောချင်တာက ကလေးတွေကို အထူးကုလုပ်ပေးနေတဲ့ ဆရာဝန်က ဒီအကြောင်းနဲ့ပတ်သက်ပြီး လုံးဝကို ကြားဖူးနားဝ မရှိပဲ သင့်တော်တဲ့ ဆရာဝန်ဆီကို လမ်းညွန်ပေးဖို့ ပျက်ကွက်ခဲ့တယ်။ အထူးကု ဆရာဝန်တစ်ယောက်ဟာ ရောဂါတွေ အကုန်လုံးအကြောင်း ခရေစေ့တွင်းကျ မသိနိုင်ဘူးဆိုတာ သဘာဝကျပေမယ့် အထူးကုဆိုတဲ့ ဆေးခန်းကြီးမှာ ကြေးကြီးကြီးနဲ့ ထိုင်ပြီး ကုသနေတဲ့ ကလေးအထူးကုဆိုတဲ့ ဆရာဝန်ကြီးကတော့ ကလေးတစ်ယောက်မှာ တစ်ခုခုတော့ မှားနေပြီး ဆိုတာကို သံသယစိတ်နဲ့ သက်ဆိုင်ရာကို လွှဲပို့ပေးနိုင်လောက်တဲ့ ဗဟုသုတတော့ ရှိသင့်တယ်လို့ ထင်ပါတယ်။ အခုတော့ ယုံယုံကြည်ကြည်နဲ့ အပ်နှံထားတဲ့ အထူးကု ဆရာဝန်ကြီးရဲ့ ဗဟုသုတ ခေါင်းပါးမှုကြောင့် ချစ်စရာကောင်းတဲ့ ပန်းပွင့်လေးကို အချိန်မီ ကုသမပေးနိုင်ခဲ့ဘူး။ ချစ်စရာကောင်းတဲ့ ပန်းပွင့်လေးဟာ တစ်သက်လုံး ဒီလိုပဲ ခြေတစ်ဖက် ဆာပြီး အလှ ပျက်ရတော့မှာလား။
    ပန်းပွင့်လေးအသက် နှစ်နှစ် ပြည့်ခါနီးမှာမှ အရိုးအထူးကု ဆရာဝန်ကြီးတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ ဒီတော့မှပဲ တကယ့် အဖြစ်မှန်ကို သိခဲ့ရတော့တယ်။ ပန်းပွင့်လေးက တင်ပါးဆုံရိုးနဲ့ ပေါင်ရင်း ဆုံတဲ့ နေရာမှာ တင်ပါးဆုံခွက်ထဲ ပေါင်ရိုးက နေရာတကျ မရောက်လို့ အခုလို့ ဖြစ်နေတာလို့ သိရတယ်။ မွေးရာပါ ဖြစ်နိုင်သလို မတော်တဆကြောင့်လည်း ဖြစ်နိုင်ပါသတဲ့။ ဘာကြောင့် ဖြစ်ရသလဲဆိုတာ အသာထားလို့ ဘယ်လိုကုလို့ရမလဲဆိုတော့ အရေးကြီးတယ်တဲ့။ အချိန်မီ မကုသရင် ဖွံ့ဖြိုးရေးကိုပါ ထိခိုက်နိုင်ပါသတဲ့ ဆိုတော့ မိဘဘိုးဘွားတွေ မျက်ကလဲဆန်ပြာ ဖြစ်ရပါပြီ။
    တကယ်လို့သာ အခုလိုဖြစ်တာကို ကလေးအသက် ဆယ့်ရှစ်လအတွင်း သိခဲ့ရင် အရိုးကို နှိပ်နယ် နေရာပြုပြင်ပြီး ကုသပေးလို့ ရနိုင်ပါသတဲ့။ ဆယ့်ရှစ်လ ကျော်သွားရင်တော့ ခွဲစိတ်ကုသမှ ရပါသတဲ့။ တကယ်လို့များ ကလေးအသက် လေးနှစ်ကျော်သွားရင်တော့ ကုသလို့ မရနိုင်တော့ပါဘူးတဲ့။
အခုတော့ ကလေးအသက် ဆယ့်ရှစ်လ ကျော်သွားပြီမို့ ခွဲစိတ်ကုသရမယ့် အဆင့်ကို ရောက်နေပါပြီ။
    ခွဲစိတ်ကုသဖို့ ပြင်ဆင်တဲ့အခါကျတော့ သာမန်အားဖြင့် ဒီလိုကိစ္စမျိုးက အသေးစားခွဲစိတ်မှု ဖြစ်ပေမယ့် ကလေးအသက်က နှစ်နှစ်ပြည့်သွားပြီး ကလေး လမ်းလျှောက်သက်ကလည်း တစ်နှစ်နီးပါးရှိသွားပြီမို့ အရိုး ပတ်ပတ်လည်က အသားတွေက အရိုးကို ကောင်းကောင်း တွယ်နေပါပြီတဲ့။ ခွဲစိတ်ရင် အဲသည်အသားတွေကိုပါ ဖယ်ထုတ်ပြီးမှ အရိုးကို နေရာပြန်ချရမှာမို့ အသေးစား ခွဲစိတ်မှုမဟုတ်တော့ဘဲ အကြီးစားခွဲစိတ်မှုဖြစ်သွားပါပြီတဲ့။ မိဘဘိုးဘွားတွေ ဘုရားတရပြီပေါ့။
    ဒါပေမယ့် ရတနာသုံးပါး ဂုဏ်ကျေးဇူးကြောင့် ပန်းပွင့်လေးကို ချောချောမွေ့မွေ့ ခွဲစိတ် ကုသပေးနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အရိုးနဲ့ ပတ်သက်ရင် အတော်ဆုံးဆိုတဲ့ ဆရာဝန်ကြီးက ခွဲစိတ်ကုသပေးပြီး တစ်ပတ်အကြာမှာ အားလုံးအဆင်ပြေ ပါပြီတဲ့။ ဆေးရုံက ဆင်းခွင့် ရခဲ့ပါပြီ။ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလ ၁၃ ရက် နေ့မှာ ခွဲစိတ်ကုသပြီး ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့မှာ ဆေးရုံက ဆင်းခွင့်ရခဲ့ပါတယ်။ ခွဲစိတ်ကုသမှု ရလဒ်တွေ ဓာတ်မှန်အဖြေတွေ အားလုံးဟာ အကောင်းဆုံး အနေအထားမှာ ရှိနေပါတယ်။ မေ့ဆေးပြယ်ပြီးပြီးချင်း ကလေးက လန့်ပြီး တစ်ရက်လောက် အပြင်းအထန် ဖျားပြီးနောက်မှာ အခုတော့ အရင်ကလိုပဲ ရွှင်လန်းတဲ့ ပန်းပွင့်လေးပြန်ဖြစ်နေပါပြီ။ ဘွားအေလုပ်ကျွေးတဲ့ အာဟာရဓာတ်အစုံပါတဲ့ ထမင်းကိုလည်း ကောင်းကောင်းစားနေပြီ။ ကြက်ပေါင်းနဲ့ ငှက်သိုက်ကိုလည်း ကောင်းကောင်းသောက်နေပြီ။ ရုပ်ရုပ်လေးတွေနဲ့လည်း ဆော့နေပြီ။ ဖေဖေနဲ့ ဖုန်းပြောတဲ့အခါ ဖေဖေ့ကို အများကြီးချစ်ဆိုပြီးတော့လည်း ချွဲနေနိုင်ပြီ။ (ပန်းပွင့်လေးကို ခွဲစိတ်ကုသတဲ့အချိန်မှာ အဖေလုပ်တဲ့သူက နိုင်ငံရပ်ခြားမှာ သင်တန်းသွားတက်ရတဲ့အချိန် ဖြစ်နေပါတယ်)ဘာဘာဘလက်ရှိ သီချင်းကိုလည်း အသံနေအသံထားနဲ့ ဆိုနေနိုင်ပါပြီ။ တစ်လကျော်အချိန် ကျောက်ပတ်တီး ဖြည်ပြီးတဲ့အခါကျရင် တစ်ခြား သူ့အရွယ်ကလေးတွေလိုပဲ မတ်မတ်လမ်းလျှောက်နိုင်ပါတော့မယ်။
ပန်းပွင့်လေး ဆေးရုံက ဆင်းလာပြီး အချိန်စေ့လို့ ကျောက်ပတ်တီးဖြေတဲ့အခါ လမ်းလျှောက်နိုင်ပေမယ့် ခြေထောက်က အနေအထားမကျဘဲ နည်းနည်းရွဲ့နေပါသတဲ့။ အဲဒီအချိန် ကျွန်တော်မရှိပါဘူး။ ကျောက်ပတ်တီးဖြေလို့ လွတ်လွတ်လပ်လပ် ဖြစ်သွားတဲ့ ပန်းပွင့်လေးက ပျော်ပျော်ရွှင်ရွှင် ပြေးလွှားဆော့ကစားနေပေမယ့် မြင်နေရတဲ့ အမေနဲ့ ဘိုးဘွားတွေက ခြေထောက်လေး ရွဲ့နေတဲ့ပန်းပွင့်လေးကို ကြည့်ပြီး စိတ်မချမ်းမသာ ဖြစ်နေရပါတယ်။ ဒါနဲ့ပဲ ပြင်သစ်နိုင်ငံက အဲသည်ဘာသာရပ်မှာ အထူးကျွမ်းကျင်တဲ့ ဆရာဝန်တစ်ဖွဲ့ ရောက်လာတဲ့အခါမှာ ထပ်မံ ခွဲစိတ်ဖို့ ပန်းပွင့်လေးကို သနားတဲ့ကြားကပဲ ဆုံးဖြတ်ကြရပါတယ်။ ပန်းပွင့်လေး ခြေထောက်လေး ရွဲ့နေတာ မြင်အောင်ပြောရရင် ကလေးတွေကစားတဲ့ အရုပ်မလေးများ ခြေထောက်ပြုတ်သွားလို့ ပြန်တပ်တဲ့အခါ အတည့်မတပ်မိဘဲ စောင်းနေသလိုပဲပေါ့။ ခွဲစိတ်ကုသတယ်ဆိုတာ ကလေးလေးတန်မဲ့နဲ့ မေ့ဆေးပေးရတာတွေ လုပ်ရတဲ့အပြင် တကယ်တမ်းကျတော့လည်း ခွဲစိတ်မှု အောင်မြင်ပါမယ်လို့ ဘယ်သူက အာမခံနိုင်ပါမယ်တဲ့လဲ။ ဒီလိုနဲ့ မိသားစုတွေ ရတနာသုံးပါး အာရုံပြုပြီး နောက်တစ်ခေါက် ခွဲစိတ်ဖို့ ဆရာဝန်တွေလက်ကို အပ်ရပါတော့တယ်။ ပန်းပွင့်လေးဟာ ဒီဆေးရုံဆိုတဲ့ နေရာကိုသွားဖို့ ဦးတည်လိုက်ပြီဆိုရင်ပဲ ကားစီးနေရာက အမေနားကို အတင်းကို ကပ်နေတော့တာပဲတဲ့။ ဆေးရုံဝင်းထဲကို ၀င်ပြီဆိုရင်လည်း သူ့ခမျာ ကြောက်လန့်နေရှာပြီပေါ့။ သူ့ကို ခွဲစိတ်ဒဏ်ရာတွေ ပေးထားတဲ့နေရာ။ ကျောက်ပတ်တီးကြီးနဲ့ ချုပ်နှောင်ထားခဲ့တဲ့နေရာ။ အပ်ကြီးတွေနဲ့ထိုးပြီး ဆေးတွေသွင်း သွေးတွေဖောက်တဲ့နေရာ။ ဒါပေမယ့် ဒီမသွားချင်တဲ့နေရာကိုပဲ နောက်တစ်ခေါက် ထပ်သွားရပြန်ပါတော့တယ်။
ရတနာသုံးပါး အနန္တောအနန္တငါးပါး ဂုဏ်ကျေးဇူးနဲ့ ဒုတိယအကြိမ် ခွဲစိတ်မှုဟာ အောင်အောင်မြင်မြင် ပြီးဆုံးခဲ့ပါတယ်။ ကျောက်ပတ်တီးကြီးနဲ့ ချုပ်နှောင်ထားတာကနေ လွပ်လပ်ခွင့်ရသွားတဲ့ ပန်းပွင့်လေးကလည်း ပျော်လို့ မိဘဘိုးဘွားတွေ ဆွေမျိုးတွေ မိတ်ဆွေတွေကလည်း ပျော်လို့ပေါ့။ ဒီတစ်ခေါက် ခွဲစိတ်တော့ အထဲမှာ ပေါင်ရိုးကို စတီးချောင်းလေးနဲ့ ထိန်းထားရတယ်တဲ့။ အဲသည်စတီးချောင်းလေးကို တစ်နှစ်နေရင် ထုတ်ရမယ်တဲ့။ တစ်နှစ်နေတော့ ပေါင်ရိုးကို ထိန်းထားတဲ့ စတီးချောင်းလေးကို ပြန်ထုတ်ဖို့ မသွားချင်ဆုံးနေရာကို နောက်တစ်ခေါက်ထပ်သွားရပြန်ပါတယ်။ အဲဒီအချိန်မှာ ပန်းပွင့်လေးဟာ ဖြောင့်ဖြောင့်တန်းတန်း လျှောက်နေနိုင်ပါပြီ။ ခွဲစိတ်တဲ့ဘက်က နှစ်ခါတောင် ကျောက်ပတ်တီးစီးထားရတဲ့ဘက်က ခြေထောက်လေးဟာ နည်းနည်းလေး ငယ်ပြီးကျန်ခဲ့တာလည်း တစ်နှစ်လောက်ရှိတဲ့အခါ နဂိုတစ်ဘက်နဲ့ ညီသလောက်ဖြစ်သွားပါပြီ။
နောက်ဆုံးခွဲစိတ်မှုကလည်း ချောချောမောမောနဲ့ ပြီးသွားလို့ အခုဆို ပန်းပွင့်လေးဟာ မွေးရာပါအကောင်းပကတိလေးလို ဖြစ်နေပါပြီ။ ပန်းပွင့်လေးကို ခွဲစိတ်ပေးခဲ့ကြတဲ့ ဆရာဝန်နဲ့ သူနာပြုတွေ အားပေးခဲ့ကြတဲ့ သူငယ်ချင်းမိတ်ဆွေတွေအားလုံး ကျန်းမာရွှင်လန်းကြပါစေ။

Thursday 21 February 2013

စောစောက ပြောပါတော့လား


မြန်မာစာ ဌာနမှ ပထမဆုံး စာဝင်ပြတဲ့ နေ့ကပေါ့။ စာတစ်ပိုဒ်ကို ရှင်းပြနေတာ ကျောင်းသားတစ်ချို့က ခေါင်းတစ်ယမ်းယမ်းနဲ့ နားထောင်နေကြတယ်။ ဘုရားဘုရား ငါလည်း ရှင်းပြရတာ အာပေါက်တော့မယ်။ အခုထိ နားမလည်ကြသေးပါလားဆိုပြီး ထပ်ရှင်းပြ။ သူတို့က ခေါင်းယမ်းနေတုန်းပဲ။ ပထမတစ်ခေါက် ရှင်းပြတုန်းက ကျောင်းသား သုံးပုံ တစ်ပုံလောက်ပဲ ခေါင်းယမ်းကြတာ။ ဒုတိယတစ်ခေါက် ရှင်းပြပြီးတော့ ကျောင်းသား သုံးပုံနှစ်ပုံလောက် ခေါင်းယမ်းလာကြတယ်။ ကဲ ဒီတစ်ခါ နောက်ဆုံးပဲ။ နားလည်ရင်လည်၊ မလည်ရင်လည်းနေ ဆိုပြီး တတိတစ်ကြိမ် ထပ်ရှင်းပြခါမှ တစ်တန်းလုံးနီးပါး ခေါင်းယမ်းပြကြတယ်။ တတ်နိုင်ဘူးလေဆိုပြီး ဌာမှူးကို ခေါ်ပြောရတယ်။ ဌာနမှူး ခင်ဗျား ကျောင်းသားတွေက ကျွန်တော် ဒီလောက်ရှင်းပြတာတောင် နားမလည်ကြဘူးလို့။ ဗိုလ်ကောင်းက ဘယ်လို ရှင်းပြလို့လဲတဲ့။ ကျွန်တော်ဗျာ ပါးစပ်ကလည်း အင်္ဂလိပ်လို ရှင်းပြတယ် (ကျောင်းသားတွေက အင်္ဂလိပ်လို ကောင်းကောင်း နားလည် ပြောတတ်တယ်) စာနဲ့လည်း ရေးပြတယ်။ လိုအပ်ရင် ပုံလည်း ဆွဲပြတယ်။ ကိုယ်ဟန်အမူအရာနဲ့လည်း ရှင်းပြတယ်။ သုံးခေါက်တောင် ရှင်းပြပြီးပြီဗျာ ဒါကို နားမလည်ကြတာ အံ့ပါရဲ့လို့ ပြောတော့ သူကြည့်ပါရစေတဲ့ တစ်ခေါက်လောက် ထပ်ရှင်းပြပါတဲ့။ ဒါနဲ့ ဌာနမှူးကို စာသင်ခန်းထဲခေါ်ပြီး တစ်ခေါက်ထပ်ရှင်းပြရတယ်။ မြတ်စွာဘုရား။ ဌာနမှူး ဦးစီးပြီး တစ်ညီတစ်ညွတ်တည်း ခေါင်းတွေ ရမ်းနေကြပါလား။ တော်ပြီ နောက်ကို ဒီဌာန စာလာမသင်တော့ဘူး လို့ ဆုံးဖြတ်ပြီး အတန်းချိန်ပြီးတော့ ဌာနမှူးကို ပြောလိုက်တယ်။ ဌာနမှူး ကျွန်တော် ဒီအတန်းကို ဆက်မသင်ပေးနိုင်တော့ဘူးလို့။ ဘာဖြစ်လို့လဲတဲ့။ ကျွန်တော် သူတို့ နားလည်အောင် မရှင်းပြတတ်တော့ဘူး ဆိုတော့ ဗိုလ်ကောင်း ဒီလောက် အသင်ကောင်းတာကိုတဲ့။ ဗိုလ်ကောင်း အသင်ကောင်းသားပဲတဲ့ ကျွန်တော်ဆို တစ်ခေါက်တည်းနဲ့ နားလည်သွားတာပဲတဲ့။ ဟင် ... ဒါဖြင့်ရင် ဘာလို့ ခေါင်းယမ်းတာလဲ ဆိုတော့ နားလည်လို့ ခေါင်းယမ်းပြတာပေါ့တဲ့။ သေရော။ သူတို့က နားလည်ရင် ခေါင်းယမ်းပြသတဲ့။ ဒီကကောင်က နားမလည်သေးဘူးထင်လို့ ထပ်ကာထပ်ကာ ရှင်းပြလိုက်ရတာ အမောဆို့တော့မယ်။ (20-2-2013)