Saturday 20 March 2021

ကြောက်ဖွယ့်လျှာ



. . . မီးဖွားပြီးစ ခုနစ်ရက်သားလေးမှာပဲ အမေဖြစ်သူ လွန်ရှာလေတဲ့ မိတဆိုးလေး ဖြစ်ရတာမို့ အဖေ သုဒ္ဓေါဒနမင်းကြီးက အချစ်ပိုရတယ်၊ ဒီကြားထဲ မင်းသားလေးကို ရှေ့ဖြစ်ဟောစမ်းဟဲ့လို့ ဗေဒင်ဆရာတွေ မေးပြန်တော့ တခြားသူတွေက ဘုရားရင်လည်းဖြစ်မယ်၊ စကြ်ဝတေးမင်းရင်လည်း ဖြစ်မယ်ဆိုပြီး နှစ်ခွဟောကြပေမယ့် ကောဏ္ဍညအနွယ် သုဒတ္ထပုဏ္ဏားငယ်က သူ့ရဲ့ ဗေဒင်ပညာက ဧကံသဗျာကရဏ တစ်ကြောင်းတည်းသော အဟောကိုသာ ဟောမယ်ဆိုပြီး ဒီမင်းသားဟာ အသက် ၂၉ နှစ်မှာ နိမိတ်ကြီးလေးပါးကိုမြင်ပြီး တောထွက်မယ် ဘုရားစင်စစ်ဧကန်ဖြစ်မယ်လို့ ရဲရဲတောက် ဟောချလိုက်လေတော့ ဒီလောက်ကြီး မှန်အောင် ဟောရပါ့မလားဆို ပုဏ္ဏားကို နန်းတော်ထဲက ဆွဲထုတ်မယ်လုပ်၊ ပုဏ္ဏားကလည်း ခေသူမဟုတ်၊ အေး နင်တို့ဆွဲထုတ်တာတော့ မခံဘူး၊ ငါ့ဘာသာငါထွက်ပြီး ဘုရားရဲ့ တရားဦးနာရအောင် မိဂါဒါဝုန်တောက စောင့်မယ်ဟေ့ ဆိုပြီး သွားကြိုစောင့်နေတာ၊ ဘုရားလည်းဖြစ်ပြီးရော ဓမ္မစကြ်ာတရားကို နာခွင့်ရတဲ့ ပဉ္စဝဂ္ဂီငါးဦးထဲမှာ ပထမဆုံး သောတာပတ္တိဖိုလ်ရတဲ့ ဧတဒဂ်ခံ ရဟန္တာမထေရ်ကြီး ဖြစ်ပါလေရောလား
.
. . . သိဒ္ဓတ္ထမင်းသားလေး တောထွက်သွားမှာကြောက်လို့ မြို့ရိုးတွေဆင့်ကာ အစောင့်တွေ အထပ်ထပ်ချ၊ နိမိတ်ကြီးလေးပါးမြင်မှာစိုးလို့ ဖအေကြီးက ပိတ်ကာဆီးထားတဲ့ကြားက နတ်တွေ လာအလင်းပြလို့ နိမိတ်ကြီးတွေမြင်ရ၊ တောထွက်တော့လည်း ဖွားဖက်တော် ကဏ္ဍကမြင်းက ငါ့သခင်ကို ပါရမီဖြည့်ခွင့်ရပဟဲ့လို့ ဝမ်းမြောက်ဝမ်းသာ ဟီတာကိုတောင် မြင်းဟီသံကြားရင် ဘုရားလောင်း တောထွက်ပျက်ရချည်ရဲ့ဆိုပြီး နတ်တွေက မြင်းဟီသံဘယ်သူမှမကြားအောင် ပိတ်ကာဆီးထားကြ၊ မင်းသားက တောထွက်သွား
.
. . . ဟင် ဒီလောက် အထပ်ထပ် မြို့ရိုးတွေဆင့် အစောင့်တွေချထားတဲ့ကြားက ချစ်လှတဲ့အဖေကြီးကိုထားပြီး တောထွက်သွားရက်လေတဲ့သားဆိုပြီး အဖေသုဒ္ဓေါဒနမင်းကြီးမှာ အသည်းတွေကွဲရရှာတာပေါ့။ ငါ့သားလေး ဘုရားဖြစ်ပြီးတော့လည်း ဖအေကြီးဆီ ခြေဦးမလှည့်လေတော့ လွမ်းလှတဲ့သားကို အခေါ်တော်လွှတ်ရလေတယ်
.
“ . . . ဘွားပြည်တော်က၊ သုဒ္ဓေါ်မည်ရင်း၊ မွေးဘမင်းလျှင်၊ သည်းတွင်ညွတ်ခွေ၊ လွမ်းရက်ရေသော်၊ ကြာထွေမြင့်လစ်၊ ခုနစ်နှစ်လျှင်၊ မျှလောက်စင်တည့်၊ အသျှင်ဘုရား၊ စောထွတ်ဖျားကို၊ စကားတင်းသံ၊ တို့ သံ သွတ်လှယ်၊ တုံ့ပယ်ကြောင်းစ၊ မသိရ၍၊ ကြင်ဆလွမ်းမှု . . .”
.
. . . ဘုရားကို အပင့်လွှတ်လိုက်တဲ့ အမတ်တွေဆိုတာလည်း ပါရမီကံ အထိုက်အလျောက်ပါလာပြီးသားမို့ ဘုရားဆီရောက် တရားနာရတယ်ဆိုရင်ပဲ လာရင်းကိစ္စကို မေ့ပြီး ရဟန်းဝတ်နေလိုက်ပြီး ပြန်မလာကြတော့ နောက်ဆုံး ဘုရားရဲ့ ဖွားဖက်တော် ကာဠုဒါယီအမတ်ကို လွှတ်ရတယ်၊ အေး မောင်ကာဠု သွားချေ မင်းဖွားဖက်တော်ဘုရားကို ပင့်ခဲ့ချေ၊ အရင်လွှတ်လိုက်တဲ့ အမတ်တွေလိုပဲ ရဟန်းဝတ်ချင်လည်းဝတ် ငါမတား ဒါပေမယ့် ငါ့သားတော်လေးကိုတော့ ရအောင်ခေါ်ခဲ့ပေးပါကွယ်ဆိုတော့ အမိန့်တော်မြတ်အတိုင်းပါဘုရားပေါ့
.
. . . မင်းသားကြီး ရွှေမန်းတင်မောင်ရဲ့ မဟာဗုဒ္ဓဝင် လေးတော်တင်ခန်းထဲက ကာဠုဒါယီအမတ်ဟာ ပလီတတ်လှချည့်ဆိုပြီး သဘောကျနေခဲ့တာ ရှင်အုံးညိုရဲ့ ဂါထာခြောက်ဆယ်ပျို့ကို ဖတ်မိတော့မှပဲ ကိုယ်သိထားတဲ့ မောင်ကာဠုပလီတယ်ဆိုတာ ဘာဟုတ်သေးလို့လဲလို့ အောက်မေ့မိတယ်၊ တကယ်တမ်းကျတော့ သုဒ္ဓေါဘုရင်ကြီးခမျာ သားတော်သိဒ္ဓတ္ထ မရှိလေကတည်းက သားတော်နဲ့ တစ်ရက်တည်းဖွားတဲ့ မောင်ကာဠုကို သားတော်အမှတ်နဲ့ ချစ်ခဲ့စောင့်ရှောက်ခဲ့ရတာမို့ အမတ်ကိုးယောက်ကို အလုပ်အကျွေးတစ်ထောင်စီနဲ့ ကိုးခေါက်လွှတ်လိုက်တာတောင် ရဟန်းဝတ်နေပြီး ဘုရားကိုတော့ ရအောင်ရအောင် မပင့်လာခဲ့ကြလို့ နောက်ဆုံး သားနဲ့မခြားချစ်ရတဲ့ မောင်ကာဠုကို လွှတ်လိုက်ရတာ၊
.
. . . မောင်ကာဠုကလည်း ခေတဲ့သူတော့မဟုတ်၊ ဘုရားကိုပင့်ဖို့သွားတဲ့ ခရီးမှာ ဘုရားနဲ့တွေ့ရင် ဘာတွေပြောပြီး ရအောင်ပင့်မယ်လို့များ စိတ်ကူးစာစီသွားလားမှတ်ရ၊ ဘုရားနဲ့လည်းတွေ့ရော သူစိတ်ကူးစီထားတဲ့ ဂါထာလို့ဆိုရတဲ့ ကဗျာအပုဒ်ပေါင်း ခြောက်ဆယ်တိတိနဲ့ ဘုရားကို ဖခမည်းတော်ဆီ ကြွသင့်ကြောင်း လျှောက်တော့တာကလား
.
. . . အဲသည်ဂါထာတွေထဲမှာ ဆောင်းကူးနွေစ တပေါင်းလသာယာပုံတွေကို ဖွဲ့ဆိုထားတာက ၃ ကဗျာ၊ တောလမ်းခရီး သစ်သီးမျိုးစုံသီးကြပုံကို ဖွဲ့ဆိုထားတာက ၈ ကဗျာ၊ တောလုံးအနှံ့ ပန်းရနံ့ သင်းပျံ့နေပုံကို ဖွဲ့ထားတာက ၇ ကဗျာ၊ သားမျိုးစုံစုဝေး၍ ဟစ်ကြွေးနေပုံကိုဖွဲ့ထားတာက ၈ ကဗျာ၊ ငှက်ပေါင်းဆင့်ဆင့် ကျူးရင့်နေပုံကို ဖွဲ့ထားတာက ၇ ကဗျာ၊ နဲ့ ရေကန်သာလှ အေးမြနေပုံကို ဖွဲ့ထားတာက ၆ ကဗျာ စုစုပေါင်း ကဗျာ ခြောက်ဆယ်အနက် သုံးဆယ့်ကိုးကဗျာက တောတောင်ခရီးသာယာပုံကို ဖွဲ့ထားတာတဲ့
.
. . . ရာဇဂြိုလ်ပြည်ကို ပြာသိုလကတည်းက ရောက်ရှိသီတင်းသုံးနေတဲ့ မြတ်စွာဘုရားကို ကာဠုဒါယီအမတ်ရောက်တဲ့အချိန်က တပေါင်းလတဲ့၊ အထက်က ဖွဲ့သီထားတဲ့ ကဗျာတွေက ဘုရားရှင်သီတင်းသုံးတော်မူရာ ရာဇဂြိုဟ်ပြည်နဲ့ မွေးဇာတိ ဒေဝဒဟပြည်အကြားက တောလမ်းခရီးသာယာပုံဟာ တစ်နည်းဆိုရရင်ဖြင့် တပေါင်းလရဲ့ ရာသီဖွဲ့လို့ ဆိုရမှာပါတဲ့၊ ပါဠိလို မဖတ်တတ်လို့ မူရင်းဂါထာတွေမှာ ဘယ်လိုဖွဲ့ထားလဲ မဆိုနိုင်ပေမယ့်၊ ရှင်အုန်းညိုရေးတဲ့ ဂါထာခြောက်ဆယ်ပျို့မှာတော့ လမ်းခရီးသာယာပုံကို တစ်ပုဒ်တစ်ပါဒချင်းစီ ဖွဲ့ဆိုပြထားတာများ အလွန်ကို အသေးစိတ်ချယ်မှုန်းထားတဲ့ ပန်းချီကားတစ်ချပ် ကြည့်ရသလိုပ
.
. . . ကိလေသာတွေ အကုန်အစင်ပယ်သတ်ပြီး ဖြစ်တော်မူတဲ့ မြတ်စွာဘုရားအဖို့တော့ ကာဠုဒါယီအမတ်ရဲ့ လမ်းခရီးအလှအပ သာယာပုံတွေနဲ့ အဖေ့အိမ်ပြန်လိုက်ခဲ့ဖို့ ပလီတာတွေကို ဘယ်မှာ ရင်ခုန်လိမ့်မတုန်း၊ သို့သော်လည်း ကာဠုဒါယီအမတ်ရဲ့ ဂါထာခြောက်ဆယ်ကို အခြေခံမြန်မာမှုရေးဖွဲ့ထားတဲ့ ရှင်အုန်းညိုရေးတဲ့ ဂါထာခြောက်ဆယ်ပျို့ကိုတော့ ကိုယ်က အင်မတန်ကြွေတယ်၊ အဲသည်ပျို့ကို ဖတ်ပြီးတဲ့နောက်ပိုင်း ကိုယ်ဖြတ်သန်းခဲ့ရတဲ့ တပေါင်းလတွေကလည်း ဒီပျို့ကဗျာရှည်ကြီးထဲကလို လှပခဲ့တယ်၊ နှစ်စဉ်နှစ်တိုင်းရဲ့ တပေါင်းလတွေကို ကိုယ်အမှတ်ထင်ထင် တမြတ်တနိုး တန်ဖိုးထား တသနေခဲ့ရတာပေမယ့်
.
ဗိုလ်ကောင်း
တပေါင်းလဆန်း ၈ ရက်
မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်
.
The photo was taken on 17 March 2020 at my residence
.
ရှင်အုန်းညိုရေးတဲ့ ဂါထာခြောက်ဆယ်ပျို့ကို ဒီမှာအစအဆုံး ဖတ်နိုင်ပါတယ်
https://my.wikipedia.org/.../%E1%80%82%E1%80%AB%E1%80%91...

Friday 19 March 2021

ညညောင်းတာရှည်ကုန်ပါစေ

 

. . . ညတာရှည်ရင် အိပ်မက်များတယ်ဆိုတာ အကောင်းပြောတဲ့စကားလား မကောင်းပြောတဲ့စကားလား မသိပေမယ့် ညတာရှည်တာကို မလိုလားတဲ့သူများအတွက် ဝမ်းသာစရာ သတင်းစကားပါးရရင် ရှည်တဲ့ညတာတွေ ဒီနေ့ကစလို့ ကုန်ဆုံးပါပြီ
.
. . . အဆုံးအစမထင်တဲ့ အာကာသဟင်းလင်းပြင်ကြီးထဲ နဂါးငွေ့တန်းဂလက်ဆီဆိုတဲ့ ကြယ်အစုအဝေးထဲက အသေးစားကြယ်လေးတစ်လုံးကို ဝန်းရံဖွဲ့စည်းထားတဲ့ နေအဖွဲ့အစည်းထဲက ကမ္ဘာဆိုတာ ဘာဆိုဘာမှ မဟုတ်တဲ့ အစက်အပြောက်လေးတစ်ခုသာဆိုပေမယ့် သူ့ကမ္ဘာမှာတော့ သူ့အထွာနဲ့သူ ဆူကြုံနိမ့်မြင့် လောကဓံတွေဆိုတာလည်း အရှိသားပေါ့
.
. . . အဲသည် ဘာမဟုတ်တဲ့ ကမ္ဘာလေးဟာ သူ့ဘာသာ ခပ်စောင်းစောင်းလေး လည်နေရင်း တစ်ချိန်တည်းမှာပဲ နေကိုလည်း ပတ်နေရသေးတာဆိုတော့ အဲသည် ကမ္ဘာကြီးမြောက်ဘက်ခြမ်းက ရှမ်းရိုးမအခြေမှာရှိတဲ့ ကိုယ်နေတဲ့အိမ်ကလေးကလည်း တစ်နှစ်ဆိုတဲ့ ဆယ့်နှစ်လအတွင်းမှာ နေ့တာအရှည်ဆုံးမို့ အပူဆုံးနေ့တွေကြုံလိုက်၊ ညတာအရှည်ဆုံးမို့ အအေးဆုံးနေ့တွေဆုံလိုက်၊ အဲသည်အစွန်းနှစ်ဘက်ကြား ဟိုဘက်သွားတစ်ခါ ဒီဘက်ပြန်တစ်ခါ နေ့တာညတာ တူမျှပါတဲ့ဆိုတဲ့ နေ့ရက်တွေကိုကြုံရလိုက်နဲ့ လုံးချာလည်လိုက်နေသတဲ့လေ
.
. . . မနှစ်က ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ညတာအရှည်ဆုံးကို ကြုံခဲ့ရပြီးတဲ့နောက် ရှည်လျားလှတဲ့ ညတာတွေ တဖြည်းဖြည်းတိုလာလိုက်တာ မနက်ဖြန် မတ်လ ၂၀ ရက်ဆိုရင် ညတာနဲ့ နေ့တာ ကာလညီတူညီမျှဖြစ်တဲ့ အခါကို ရောက်ပါပြီ၊ ပြီးရင်တော့ လောကဓမ္မတာအတိုင်း နေ့တာတွေ တဖြည်းဖြည်း ရှည်လာတော့မှာပါ
.
. . . ကြိုက်သည်ဖြစ်ဖြစ် မကြိုက်သည်ဖြစ်ဖြစ် ဟောသည်ကမ္ဘာကြီးက အခုလိုပုံမှန်လည်နေရင်း နေကိုပတ်နေတာ မပျက်သရွေ့တော့ ကမ္ဘာကြီးပေါ်က ဗိုလ်ကောင်းတို့အိမ်လေးလည်း နေ့တာရှည်တဲ့ရက်တွေကြုံလိုက် နေ့တာတိုတဲ့ရက်တွေကြုံလိုက်၊ မကြိုက်ရင်လည်း သည်းခံလိုက် ကြိုက်ရင်လည်း ပျော်နေလိုက်ဆိုပေမယ့် ကိုယ့်ရဲ့ ကြိုက်ခြင်းမကြိုက်ခြင်းတွေကို ကမ္ဘာကြီးက ထည့်တွက်နေမှာ မဟုတ်ဘဲ သူ့လည်စရာရှိတာ လည်ပတ်ပြောင်းလဲနေမှာပါပဲ
.
. . . ကိုယ်လုပ်လို့ရတာဆိုလို့ နေ့တာတိုလည်း တိုအလျောက်၊ ရှည်လည်းရှည်အလျောက်၊ ညီလည်းညီအလျောက် သင့်တင့်လျောက်ပတ်အောင် ကျင့်ကြံနေထိုင်ပြီး မကြိုက်တာလာလို့လည်း အရမ်းကြီး စိတ်မညစ်အောင်၊ ကြိုက်တာလာလို့လည်း အရမ်းကြီးပျော်မသွားအောင် ယောနိသောမနသီကာရ သင့်တင့်တဲ့ သဘောကိုဆောက်တည်နိုင်အောင် နှလုံးသွင်းရမှာပ
.
. . . ကမ္ဘာကြီးက သူ့သဘောသူဆောင်နေတာကို ကိုယ်သဘောမတွေ့တာနဲ့ပဲ ငိုနေရမယ်ဆို ကျနော်တို့မှာ ရယ်ဖို့အချိန်တောင် ကျန်ချင်မှကျန်တော့မှာမို့လား
.
ဗိုလ်ကောင်း
၁၉ မတ် ၂၀၂၁
.
#VernalEquinox2021

Monday 15 March 2021

ပျဉ်းမဇာတ်ပေါင်း



. . . ပျဉ်းမ လို့ကြားလိုက်ရင် မျက်စိအေးစရာ ခရမ်းရောင်ပန်းလေးတွေ ဝေနေအောင်ပွင့်တဲ့ အရိပ်ကောင်းကောင်း သစ်ပင်ကြီးကို မမြင်မိဘဲ ငယ်ငယ်က ခဏခဏ နားထောင်ခဲ့ဖူးတဲ့ ပျဉ်းမငုတ်တို ဇာတ်လမ်းရယ်၊ ကဗျာဆရာကြီး မင်းသုဝဏ်ရဲ့ ပျဉ်းမငုတ်တိုကဗျာထဲက ခြတက်ခံရလိုက်၊ ဓားထစ်ခံရလိုက်၊ လေပြင်းတိုက်ခံရလိုက် နဲ့ သစ်ခေါင်းအဆွေးကြီးနဲ့ ကုန်းကမူထက်မှာ ထီးထီးကြီးရှိနေတဲ့ အပင်ငုတ်တိုကြီးပဲ ပြေးပြေးမြင်နေမိတာ
.
. . . ဆယ်တန်းအောင်ပြီးတဲ့ပထမဆုံး နွေမှာ ပျဉ်းမပန်း ခရမ်းရောင်လေးတွေကို စတွေ့ဖူးတုန်းက ကိုယ်သိခဲ့တဲ့ ပျဉ်းမပင်လူကြမ်းကြီးဟာ ဒီလိုပန်းလှလှလေးတွေလည်း ပွင့်ပေးတတ်ပါလားဆိုတာ သိရတော့ တအံ့တဩ ဖြစ်မိသေးတာ။ ကဗျာထဲမှာကျတော့လည်း ပျဉ်းမပင်ကြီး ဘယ်လောက်ပဲ အခုတ်အထစ်ခံရရ ခြတက်ခံရရ လေပြင်းတိုက်ခံရရ နွေရောက်ပြီဆိုတာနဲ့ ရွက်ဟောင်းတွေကြွေပြီး ရွက်သစ်တွေဝေလို့ ငယ်ရုပ်ဆင်တယ်လို့ပဲ ရေးထားတာကိုး၊ ခရမ်းရောင်ပန်းလေးတွေ လှနေအောင်လည်းပွင့်ပေးသေးတယ်ဆိုတာကို ဆရာကြီး မင်းသုဝဏ် ဘာလို့များ ထည့်မရေးသွားပါလိမ့်လို့ တွေးမိခဲ့သေးတယ်၊
.
. . . ကဗျာဆရာကြီးက ပျဉ်းမပင်ကြီးရဲ့လောကဓံအထုအထောင်းကို ခံနိုင်ရည်ရှိတဲ့အကြောင်းကို သက်ကျားအိုဆိုတဲ့ စကားလုံး၊ ယောက်ျားကောင်းဆိုတဲ့ စကားလုံးတွေနဲ့ တန်ဆာဆင် ရေးထားခဲ့လေတော့ ကိုယ်တွေမျာ ပျဉ်းမလို့ဆိုလိုက်တာနဲ့ တောင်ကုန်းထက်က ထီးထီးကြီးရှိနေတဲ့အပင်ငုတ်တိုကြီး ဘယ်လောက်အသင်းခံရရ အချိန်တန်ရင် အရွက်တွေ တဝေဝေနဲ့ လူကြမ်းကြီးလို့မြင်နေတော့အောင်၊ ဇာတ်လမ်းတွေမှာဆိုရင်လည်း ပျဉ်းမဆိုတဲ့ အသံကြားတာနဲ့ဖက်ဆစ်တော်လှန်ရေး ဇာတ်ကောင်တွေနဲ့အတူတူ သေနတ်သံတညံညံကိုပါ ကြားယောင်လာအောင် တမင်များ ရေးခဲ့လေသလားလို့တောင် တစ်ခါတစ်လေ စိတ်ထဲကွက်မိတယ်
.
. . . ကိုယ်သာ ဆရာကြီး မင်းသုဝဏ်လို ကဗျာကောင်းကောင်းရေးတတ်ခဲ့ရင် သက်ကျားအိုလူကြမ်းကြီး ပျဉ်းမငုတ်တိုကို အလှသွေးကြွယ်တဲ့ ခရမ်းရောင်လုံမပျိုလေးအဖြစ် ဘဝပြန်ပြောင်းမယ်၊ ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်တို့လို့ ဝတ္ထုရှည်ကြီးတွေ ရေးတတ်ခဲ့ရင်လည်း ပျဉ်းမပန်းတွေရဲ့ အလှနဲ့ ပျဉ်းမပင်တွေရဲ့ အရိပ်အာဝါသအကြောင်းကို ဇာတ်အိမ်ခိုင်ခိုင်နဲ့ ကိုယ်ဖြတ်သန်းခဲ့တဲ့ ခေတ်တွေနောက်ခံထားပြီး ဂန္တဝင်တွင်မယ့် ဝတ္ထုရှည်ကြီးတစ်ပုဒ် ရေးမယ်၊ ဖြစ်နိုင်ရင် နေပြည်တော်ရာဇဌာနီ လမ်းမကြီးဘေးက နွေရောက်ရင်ဝေနေအောင်ပွင့်တဲ့ ပျဉ်းမပင်တန်းကြီးတွေကိုပါ ဇာတ်ကောင်လုပ်ပြီး အားလုံးပျော်ရွှင်ကြလေသတည်းနဲ့ ဇာတ်သိမ်းတဲ့ ဇာတ်လမ်းကြီးတစ်ပုဒ် ကိုယ်မသေခင်တော့ ရေးခဲ့နိုင်ချင်တယ်၊ ကိုယ်မရေးဖြစ်ဘူးဆိုရင်လည်း ရေးနိုင်တဲ့သူတွေ ရေးကြစေချင်သေးတယ်
.
ဗိုလ်ကောင်း
၁၅ မတ် ၂၀၂၁
.
ဓာတ်ပုံက နေပြည်တော် ရာဇဌာနီလမ်းမကြီးဘေးက ပျဉ်းမပင်တန်းမှာ ၂၀၂၀ ဧပြီ၂၅ က ရိုက်ထားတာ

Tuesday 9 March 2021

ခွာညိုရာသီ



. . . ပြာသိုလွန် တပို့တွဲ ဆုပ်တဲ့ရက်မို့ ခွာညိုရာသီက ကုန်ခဲ့ပြီဆိုပေမယ့် ကျနော့်ရဲ့ ခွာညိုမလေးကတော့ ဖူးပွင့်စ အချိန်တုန်းကလို လန်းဆန်းညိုစင် မွှေးမြနေဆဲပဲဆိုတာ ရုတ်တရက် သိလိုက်ရချိန်မှာ ကိုယ့်ဘာသာကိုယ်တောင် အံ့ဩသွားမိခဲ့တယ်၊
.
. . . ခွာညိုရာသီက ကုန်ခဲ့ပြီ မဟုတ်ဘူးလား၊ ရင်ထဲမှာ ပွင့်ခဲ့ဖူးတဲ့ ခွာညိုပန်းလေး တစ်ခက်က နှစ်ပေါင်းဒီလောက်ကြာတာတောင် လန်းနေဝေနေဆဲဆိုတာ ကျနော့်ဘာ့ကြောင့် မေ့လျော့နေခဲ့မိတာပါလိမ့်
.
. . . မဆုံဖြစ်ခဲ့ကြပေမယ့် ကျနော်နဲ့ ခွာညိုမလေးတို့ ရေခြားမြေခြားမှာ နှစ်တွေနဲ့ချီပြီး အတူတူ ရှိနေခဲ့ကြတာပဲ ဆိုတဲ့အသိက အိပ်ပျော်နေတဲ့ ကိုယ့်ရဲ့ ခွာညိုပန်းရုံလေးကို လှုပ်နှိုးလိုက်သလို ခွာညိုနဲ့တွေ လေအဝေ့မှာ သင်းကနဲ ဆွတ်ပျံ့သွားသလို ကိုယ်တိုင်ကလည်း နှစ်ပေါင်းများစွာ ပြန်ငယ်သွားပြီး အထက်တန်းကျောင်းသားလေး ချက်ချင်းဖြစ်သွားသလိုတောင် ထင်မိပါရဲ့
.
. . . ကိုယ်တိုင်စိုက်ထားတဲ့ ခွာညိုပန်းရုံက ပွင့်လာတဲ့ ပန်းလေးတွေကို ဘဝရဲ့ ပထမဆုံး ပန်းလက်ဆောင်အဖြစ် ခွာညိုမလေးကို ပေးလိုက်တုန်းက ရင်ခုန်စိတ်လှုပ်ရှားခဲ့ရတာရယ်၊ ပန်းလေးကို သူလက်ခံလိုက်တော့ နေ့ပေါင်းရက်ပေါင်းများစွာ ဆက်ပြီး ကြည်နူးရွှင်ပျနေခဲ့မိတာရယ်တွေ တစ်ခါပြန်ပြီး ရှင်သန်ထမြောက်လာသလိုတောင် ခံစားမိ
.
. . . ကောင်မလေးတွေ အသားဖြူမှ လှတယ်လို့ ထင်ခဲ့မိတဲ့အထင်ဟာ ဒီခွာညိုမလေးနဲ့တွေ့မှ ကဗျာတွေထဲက မိန်းကလေးအလှဖွဲ့တွေကို ပိုပြီး ခံစားတတ်သွားခဲ့တယ်၊ အော် ဒီစာဆိုတွေ ကြွေခဲ့တဲ့ မိန်းကလေးတွေလည်း ငါ့ရဲ့ ခွာညိုမလေးလို ညိုစိမ့်စိမ့်လေးနဲ့ လှနေခဲ့ကြရှာမှာပဲဆိုပြီး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကဗျာထဲက မိန်းကလေးတွေကိုတောင် လှမ်းပြီး သဘောကျမိလောက်အောင် ကျနော့်နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့တဲ့ ခွာညိုမလေး
.
. . . ကတီပါသေတ္တာလေးထဲ တယုတယ ထည့်သိမ်းထားတဲ့ စက္ကူခေါက်လေးထဲက ခွာညိုပန်းလေးတွေကတော့ ဆယ်စုနှစ် နှစ်ခုစာလောက်အပြီးမှာ ပွင့်ဖတ်လေးတွေ အကုန်ကြွေကျပြီး ပန်းညှာတံလေးတွေပဲ ကိုင်ကြည့်လို့ရလောက်အောင် သွေ့လျော်နှောင်းမြေ့နေပြီပေမယ့် ရင်ထဲမှာ အသစ်ပြန်ရှင်သန်လာတဲ့ ခွာညိုပန်းလေးကို အပြင်မှာလည်း မွှေးမြနေရအောင် အိမ်မှာ ခွာညိုပန်းရုံစိုက်တော့မယ်လို့ စိတ်ကူးမိတယ်၊ ပွင့်လာမယ့် ခွာညိုပန်းလေးတွေက ဟိုးလွန်ခဲ့တဲ့ နှစ်များစွာဆီက ခွာညိုပန်းလေးတွေ ပြန်နိုးထလာတယ်ဆိုတာ သေချာအောင် ကတီပါသေတ္တာထဲက စက္ကူနဲ့ ထုပ်ထားတဲ့ ခွာညိုပန်းခြောက်လေးတွေကို အပြင်စိုက်ဖို့ တွင်းတူးတဲ့အခါ အောက်ဆုံးမှာထားပြီး အပင်ကိုစိုက်မယ်၊ ကျနော့်ရဲ့ ခွာညိုပန်းရုံက ခွာညိုပန်းလေးတွေ ဝေနေမယ့် တစ်နေ့နေ့တစ်ချိန်ချိန်ကျရင် အဲသည် ပန်းရုံကြီးအောက်မှာ ကိုယ့်ရဲ့ သမီးလေးကို ဖေဖေ့ရဲ့ တစ်ချိန်တုန်းက ခွာညိုပန်းလေးအကြောင်း တခမ်းတနား ပြောပြမယ်၊ သူ့အမေတော့ မသိစေနဲ့ပေါ့လေ
.
မောင်လွမ်းဝေ
၉ မတ် ၂၀၂၁
.
Clematis smilacifolia
.
Photo credit: https://i.pinimg.com/.../867ff18e78f7e61fd7987b6964573e2a...

Sunday 7 March 2021

နွေဦးတေးသီ



. . .​နွေဦးပေါက်ပြီဆိုတာနဲ့ သူ့အသံလေးတွေကို ဟိုနေရာ ဒီနေရာမှာကြားရတယ်၊ နွေဦးရဲ့ တေးသံလို့လည်း စာတွေကဗျာတွေက ဆိုကြတယ်၊ အသံသာကြားရပြီး ရှာရင်တော့ မတွေ့တာမို့ ပုန်းများပုန်းနေသလားလို့လည်း သီချင်းတွေထဲမှာ ဆိုကြတယ်၊ အသံသာယာမှုနဲ့ ပတ်သက်လာရင် အနုအလှ သမုဒယတွေနဲ့ ပတ်သက်လာရင် မော်ကွန်းအတင်ခံရဆုံး သတ္တဝါလေးလို့တောင် ဆိုရမလိုပါပဲ၊ ဒီလို ကဗျာတွေစာတွေ ဖွဲ့သီခံရတဲ့ ဥဩလေးဟာ သူ့အသံလေးလိုပဲ သာယာချိုအေးတဲ့ သတ္တဝါလေး ဟုတ်ပါရဲ့လား
.
. . .​ဥဩမှာ ထူးခြားတဲ့ သဘာဝလေးတွေရှိပါတယ်၊ အထူးခြားဆုံးကတော့ ကိုယ်တိုင် အသိုက်မဆောက်ဘဲ တခြားငှက်တွေရဲ့ အသိုက်ထဲမှာ သွားပြီး ဥဥတာပါ၊ အာ့လိုဥတာတောင်မှ သူဥမည့် အသိုက်ဆောက်ပြီးပြီးချင်း အိမ်ရှင် မဥခင် ဝင်ဥတာ မဟုတ်ပါဘူး၊ အိမ်ရှင်ငှက် ဥဥနေတုန်း ကာလမှာ သူ့ဥတစ်လုံးကို အသိုက်ထဲက ပစ်ချပြီး သူ့ဥနဲ့ အစားထိုးထားလိုက်တာပါ၊ ငှက်တွေမှာလည်း ကိုယ့်ဥကိုယ် သိနိုင်တဲ့ မျက်လုံးရှိတာမို့ ဥဩငှက်တွေဟာ သူတို့နဲ့ ဥချင်းတူတဲ့ ငှက်တွေရဲ့ အသိုက်မှာပဲ ဝင်ဥပါသတဲ့၊ အင်မတန်ကို ပရိယာယ်များလှတဲ့ ဥဩလေး
.
. . .​သူများအသိုက်ထဲ ဥဝင်ဥတဲ့အထိတော့ ပြဿနာ မဟုတ်သေးပါဘူး၊ တကယ့်ပြဿနာက အကောင်ပေါက်လာတဲ့အချိန်မှပါ၊ ဥဩငှက်တွေက သူတို့ ဝင်ဥတဲ့ ငှက်တွေထက် အကောင်ပေါက်စောလေ့ရှိပါသတဲ့၊ ဥဩငှက် အကောင်ပေါက်ပြီလားဆိုရင် သူ့ရဲ့ မျိုးရိုးဗီဇ သဘောအရကို အသိုက်ထဲက အိမ်ရှင်ငှက်ဥတွေကို ကန်ချတာပါပဲ၊ အိမ်ရှင် ငှက်ဥတွေ အကောင်ပေါက်ပြီဆိုရင်လည်း အဲသည် အကောင်ပေါက်လေးတွေကို ကန်ချတာပါပဲတဲ့
.
. . .​ပြီးတော့ ဥဩပေါက်လေးတွေက အစာတောင်းအသံလည်း အင်မတန်ကျယ်သတဲ့၊ သူအစာတောင်းတဲ့ အသံက သူကန်ချခဲ့တဲ့ အိမ်ရှင်ငှက်ဥတွေက ပေါက်လာမယ့် အကောင်သုံးလေးကောင်စာနဲ့ ညီမျှတော့ အိမ်ရှင် မအေငှက်မကြီးခင်ဗျာ သူ့ကလေးတွေ အစာတောင်းတယ်မှတ်ပြီး အစာရှာကျွေးရသတဲ့၊ အကောင်ကလည်း အကြီးမြန်တော့ အသိုက်နဲ့တောင်မဆန့်ဘဲ သူ့ကို အစာလာကျွေးနေတဲ့ အိမ်ရှင်ငှက်မကြီးထက်တောင် အကောင်ကြီးနေတာမျိုးတွေ ရှိပါသတဲ့
.
. . .​ဥဩမှာ အထီးနဲ့ အမ ရှိတဲ့အထဲ အထီးကပဲ သာယာတဲ့ ဥဩသံကို ပြုပါတယ်၊ နွေဦးတေးသီငှက်လို့ ကျနော်တို့တွေ သိထားကြတဲ့ ကဗျာတွေစာတွေမှာ ဖွဲ့နွဲ့ချီးမွမ်းကြတဲ့ ဥဩဆိုတာ သူများအသိုက်ထဲ သွားဝင်ဥပြီး အိမ်ရှင်ငှက်ဥတွေ ငှက်ပေါက်တွေ ကန်ချပြီး အသံကျယ်ကျယ်နဲ့ ညာစားနေတဲ့ ငှက်တွေဆိုတာ သိရပြီဆိုရင် ဥဩသံချိုချိုလေးကို သာယာတယ်ဆိုပြီး ခံစားနိုင်ကြပါအုံးမလားလို့ တွေးနေမိတယ်
.
ဗိုလ်ကောင်း
၇ မတ် ၂၀၂၁
.
https://www.youtube.com/watch?v=dHQ7W_JIfxM
https://images.app.goo.gl/ZUqNn88GMSDrzMFC6

Friday 5 March 2021

ပင်လားမြောက်ချိန်



. . . ပျိုးခြံက ယူလာတုန်းက အရွက်တေွ တဝေဝေနဲ့ အပင်က ကိုယ့်မြေမှာလည်း စိုက်ပြီးရော တဖြည်းဖြည်း ညှိုးလျော်လာလို့ စိတ်ပျက်ခဲ့မိတယ်၊ ဝါဆိုဝါဦး မြေကြီးနူးတဲ့အချိန်မှာ စိုက်ထားတာမို့ ရေလိုလို့တော့ မဟုတ်တန်ရာပါဘူးဆိုပြီး ရေလည်းမလောင်းမိခဲ့ဘူး၊ နောက်ပိုင်းမှ သေချာတူးဆွကြည့်လိုက်တော့ ကိုယ်စိုက်မိတဲ့မြေက အပေါ်ယံအငှားထည့်ထားတဲ့ သဲမြေဖြစ်နေတာကိုး၊ ဒါကြောင့် မိုးကျတော့လည်း ရေမထိန်း၊ အမြစ်ကိုလည်း ကောင်းကောင်းမကုပ်နိုင်ဘဲ အပင်က တဖြည်းဖြည်း ညှိုးလျော်လာရတာ
.
. . . ဒါကြောင့် အပင်ခြေမှာ ရေဝပ်စရာနေရာလေးလုပ် ညနေစောင်းရင် ရေလေးလောင်း လုပ်နေရင်း ညှိုးတဲ့အရွက်လေးတေွ ပြန်လန်းလာမလို့ အရှိန်ယူနေတုန်းရှိသေး ကလေးတွေက အရွွက်တွေချွေပြီး ဆော့ပစ်လိုက်တော့ အသည်းတွေကွဲရပြန်ရော၊ ဆော့တဲ့ ကလေးတွေ ကြည့်တော့လည်း သူတို့မှ ဖျက်လိုဖျက်ဆီးစိတ်နဲ့ မဟုတ်ဘဲ ပေါ့ပေါ့ပါးပါး ဆော့ကြတာဆိုတော့ သူတို့ကို ဒီအပင်လေး တန်ဖိုးထားလာအောင် စည်းရုံးကြည့်တယ်
.
“လာ သားသားတို့ ဦးဦးပြမယ်”
“ဒီအပင်လေးကလေ နောက်ကျရင် အပင်အကြီးကြီး ဖြစ်လာမှာသိလား၊ အပင်ကြီး ကြီးလာပြီဆိုရင် သားတို့ အပင်အောက်မှာ အေးအေးဆေးဆေး ကစားလို့ရတယ်၊ နောက်ပြီးတော့လေ ပန်းတွေလည်း ပွင့်အုံးမှာ”
“ဘာပန်းပွင့်မှာလဲ ဦးဦး”
“ပိတောက်ပန်းလေ သားရဲ့ သိလား၊ ပိတောက်ပန်း ဘာရောင်လဲ သားပြောပြပါအုံး”
“အပြာရောင်”
[စည်းရုံးရေးဆင်းရတာ အားရှိစရာကောင်းချက်]
“အပင်ကြီး ကြီးလာရင် သားတို့ တက်ဆော့လို့ ရလားဦး”
“ဟာ ရတာပေါ့သားရဲ့ နောက်ပြီးတော့လေ အပင်ကြီး ကြီးလာရင် သားတို့ ဟိုတစ်နေ့က ခူးတဲ့ သစ်ရွက်တွေလည်း အများကြီးခူးပြီး ဆော့လို့ရပြီ၊ အခုတော့ အရွက်လေးတွေ ထွက်လာရင် မခူးဘဲ အပင်ကြီးလာအောင် သားတို့ပါ ရေလောင်းပေးကြနော်၊ လာတို့တွေ ရေလောင်းတမ်း ကစားရအောင်”
.
. . . ဒီလိုနဲ့ပဲ ကလေးတွေကို ညာတာပါတေးနဲ့ အပင်လေးထပ်မပျက်အောင် စည်းရုံးခဲ့ရတာ၊ ဒါပေမယ့် ကိုယ့်အပင်လေးရဲ့ အဝေးမှာ နှစ်ပတ်လောက် ခြေချုပ်မိနေခဲ့တဲ့ အချိန်မှာ အပင်လေးက ရေတွေပြတ်ပြီး ထွက်လာခါစ အညှောက်လေးတွေ တစ်ခါပြန်ခြောက်သွားပြန်ရော
.
. . . အဲသည်အချိန်မှာ စဉ်းစားခဲ့တာက ဒီအပင်ကို ပြန်နုတ်လိုက်ပြီး ပျိုးခြံက အရွက်တွေ တဝေဝေနဲ့ အပင်သစ်ယူစိုက်မလား၊ ဒီစိုက်လက်စ အပင်ကိုပဲ ဆက်ပြီး ထိန်းသိမ်းရှင်သန်အောင် လုပ်မလားဆိုတာပါပဲ၊ တကယ်လို့ ပျိုးခြံက အပင်သစ်ယူလာတယ်ဆိုရင် အဲသည်အပင် ဒီရေဒီမြေမှာ ရှင်သန်အောင် အမြစ်တွယ်အောင် ဇာတ်လမ်းကို အသစ်က ပြန်စရအုံးမယ်၊ အခန့်မသင့်ရင် အခုလို မကြည့်နိုင်အားတဲ့အခါ ရေငတ်ရအုံးမယ်၊ ကလေးတွေဆော့လို့ အရွက်တွေပြောင်ကုန်အုံးမယ်ဆိုတာတွေ ဘာမဆို ထပ်ဖြစ်နိုင်သေးတယ်၊ အခု စိုက်လက်စ အပင်ကတော့ ဒီမြေဒီရေမှာ အမြစ်လည်း တွယ်တန်သရွေ့ တွယ်နေပြီ အညွန့်အဖူးတွေလည်း ထွက်တန်သရွေ့ ထွက်ပြီးပြီ၊ ဒါကြောင် ဒီအပင်ကိုပဲ ဆက်ပြီး ပြုစုပျိုးထောင်ဖို့ ဆုံးဖြတ်ပြီး ရေဆက်လောင်းရတော့တယ်
.
. . . ဘာပဲ ပြောပြော ဒီနေရာမှာ ပိတောက်ပင်တစ်ပင် စိုက်ဖို့ အကောင်းဆုံးအချိန်က လွန်ခဲ့တဲ့ဆယ်နှစ်လောက်က ဖြစ်ခဲ့ပေမယ့် ခု လက်ရှိက ဒုတိယအကောင်းဆုံးအချိန်ပဲ၊ ဒီမြေဒီရေ ဒီကလေးတွေ ကြားထဲမှာတော့ ဒီအပင်လေးက အရွက်တွေအခူးခံရလိုက်၊ ရေငတ်လိုက်နဲ့ ဆက်ပြီး ကြုံကောင်းကြုံနေရမယ့် ကြားထဲက တဖြည်းဖြည်း အမြစ်တွေခိုင်မာ အရွက်တွေ ဝေဆာပြီး ထီးထီးမားမား ပင်လားမြောက်လို့ နွေရာသီ ရာသီဥတု ပူလောင်ပြင်းပြနေတဲ့ အချိန်မှာ အရိပ်ကောင်းကောင်းပေးနိုင်တဲ့၊ သင်္ကြန်လက်ဆေးမိုးလေးများ ရွာလိုက်ပြီလားဆို ပန်းဝါဝါလေးတွေ တစ်ဝေဝေနဲ့ လှပဝေစည်လာမှာပဲ ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ . . .
.
ဗိုလ်ကောင်း
၅ မတ် ၂၀၂၁
.
Photo taken on 4 March 2021 in my yard

Thursday 4 March 2021

ဇာတ်အလွမ်း



. . . ဇာတ်သမားပြန်ရင် မှတ်သားစရာကျန်ရမယ်ဆိုလို့ ကိုယ်ကတော့ ဇာတ်ပွဲဆို ကြိုက်လိုက်တာပဲ၊ ဇာတ်ပွဲအကြည့်ကောင်းလို့ ငယ်ငယ်တုန်းက ပွဲခင်းထဲ လူကြီးတွေနဲ့ ကွဲပြီး ပြန်ကြားရေးကို ကိုယ်တိုင်လူပျောက်သွားတိုင်လို့ မိုက်ကြီးနဲ့အော်တော့ လူကြီးတွေက လာပြန်ခေါ်ကြသတဲ့၊ ကိုယ်က မမှတ်မိတော့ပေမယ့် အမေတို့ပြောပြောပြလို့ သိခဲ့ရတဲ့ ကိုယ့်ဘဝရဲ့ ဇာတ်ပွဲဆိုင်ရာ အစောဆုံးမှတ်တမ်း၊ ငယ်ငယ်တုန်းက ဇာတ်ပွဲဆိုရင် အဲသည် ဘောလုံးကွင်းကြီးထဲမှာပဲ အများဆုံး ကြည့်ဖူးခဲ့တာလို့ထင်တယ်၊
.
. . . ပေတရာလမ်းတံတားကြီးနားမှာ အရင်တုန်းက ဇာတ်ရုံကြီးတစ်ရုံရှိတယ်၊ ပုံမှန်အတိုင်းဆို ညဘက် ရုပ်ရှင်ပြပြီး တစ်ခါတစ်လေလည်း ဇာတ်လာကကြတာတွေရှိတယ်၊ အဲသည်မှာလည်း သွားသွားကြည့်ဖူးတာပဲ၊ ကိုယ်တွေ ကလေးတုန်းက နာမည်ကြီးတဲ့ ဇော်ဝင်းမောင်၊ ဘီအီးဒီအောင်သိုက်တို့တောင် လာကကြဖူးတယ်ထင်တယ်၊
.
. . . ဘုန်းဘုန်းဦးအိန္ဒြိယ ပျံတော်မူတော့ ပွဲကို ရွာက မူလတန်းကျောင်း ဘောလုံးကွင်းထဲမှာလုပ်တာ ဇာတ်ပွဲ သုံးည ပါတယ်၊ သုံးညလုံးကြည့်ဖြစ်တာပါပဲ၊ မှတ်မှတ်ရရ အဲသည်ပွဲမှာ ရွာက ကာလသားတစ်ယောက်က မင်းသမီးကို အတွင်းခန်းထဲမှာ ဝင်ပြီး ဖက်နမ်းသွားလို့ဆိုလား မင်းသမီးအမေက ဓားကြီးကိုင်ပြီး ဇာတ်ခွင်ထဲ ဒေါနဲ့မောနဲ့ ဝင်ပြောလို့ ကလက်စ ဇာတ် ပျက်ခဲ့ဖူးတာလည်း သတိရတယ်။
.
. . . လယ်ဝေးက ဖောင်တောင်ချက်မ ကဆုန်ညောင်ရေသွန်းပွဲ နဲ့ ပျဉ်းမနား တပေါင်းပွဲတို့ကတော့ ကိုယ်တွေအရပ်မှာ အစည်ကားဆုံး ဇာတ်ပွဲတွေလို့ ဆိုရမယ်။ ပွဲကွင်းကြီးထဲမှာ မန္တလေးသိန်းဇော်တို့၊ သစ္စာမေတ္တာရွှေမန်းသဘင်တို့လို့ တကယ့်နာမည်ကြီး ဇာတ်ကြီးတွေက ရုံပြိုင် ကကြတာ၊ မှတ်မိသလောက်တော့ အဲသည်ပွဲတွေ မကြည့်ခဲ့ဖူးဘူး၊ တပေါင်းပွဲဆိုရင်တော့ ညဦးပိုင်း ပွဲခင်းထဲလျှောက်လည် မိုးကြိုးငှက်ငယ်လေးများဝင်ကြည့် မုန့်စားပြီး ပြန်လာဖြစ်တာများပါတယ်၊ သိပ်လည်း မလည်ခဲ့ဖူးပါဘူး
.
. . . တကယ်တမ်း ဇာတ်တော်ကြီးတွေကို တခမ်းတနား ကြည့်ဖြစ်ခဲ့တာက ဆိုကရေးတီးပြိုင်ပွဲတွေမှာပဲ၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားဘဝက မြို့မကျောင်းလမ်း အမျိုးသားကဇာတ်ရုံမှာ ဇာတ်တော်ကြီးပြိုင်ပွဲလုပ်တော့ တော်တော်များများ သွားကြည့်ဖြစ်တယ်၊ အများဆုံး ကြည့်ခဲ့ရတာက ရာမာယဏဇာတ်တော်ကြီး၊ ကိုယ်တွေ ငယ်ငယ်တုန်းက ယဉ်ကျေးမှု ဝန်ကြီးဌာနက တင်ဆက်တာကို တီဗီမှာ လွှင့်တဲ့ စကားမပြောဘဲ တီးလုံးနဲ့ အကနဲ့ပဲ တစ်ဇာတ်လုံး ကသွားတဲ့ ရာမာယဏဇာတ်တော်ကြီးနဲ့ ယဉ်ပါးခဲ့ရသူမို့ အဆိုအငိုအပြောတွေနဲ့ ကြည့်ရတော့လည်း အရသာ အသစ်အဆန်းပေါ့၊ ဒါ့အပြင် ပြည်နယ် တိုင်းတွေက ဇာတ်ထုပ်တစ်ခုတည်းကိုပဲ မူကွဲအမျိုးမျိုးနဲ့ ကသွားတာ ညဆက်ကြည့်ခွင့်ရတော့ ကိုယ့်လို ဇာတ်ဝါသနာအိုးအတွက် ကွမ်းသီးကြိုက်သူ တောင်ငူပို့ ဆိုသလိုပါပဲ
.
. . . နောက်ပိုင်း နေပြည်တော်မှာ ဆိုကရေးတီးပြိုင်ပွဲ ပြောင်းပြီးကျင်းပတော့လည်း ရေဆင်း တိမွေးကုတက္ကသိုလ် ဘွဲ့နှင်းခန်းမမှာ ဇာတ်တော်ကြီးပြိုင်ပွဲလုပ်တော့ ဆက်ကြည့်ဖြစ်နေသေးတာပဲ၊ နောက်ဆုံးကြည့်ဖြစ်ခဲ့တာက ၂၀၁၀ လောက်က ဆိုတော့ ဇာတ်ပွဲမကြည့်ဖြစ်တာ ဆယ်စုနှစ်တစ်ခုတောင် ရှိသွားပြီလို့ ဆိုရမှာ
.
. . . ဒီဆယ်နှစ်အတွင်းမှာလည်း ဇာတ်ပိုးက မသေဘူးဆိုတော့ အင်တာနက် ယူကျုမှာရှိတဲ့ ရွှေမန်းတင်မောင်ရဲ့ မဟာဗုဒ္ဓဝင် ဇာတ်ထုပ်တွေကို အမြဲနားထောင်ဖြစ်တယ်၊ ဘယ်လောက်တောင် နားထောင်ဖြစ်သလဲဆိုရင် တစ်ချို့ဇာတ်စာတွေ ငိုချင်းတွေ ပြက်လုံးတွေ ဆိုင်းဆင့်တွေဆို အလွတ်တောင် လိုက်ဆိုလို့ရတယ်
.
. . . ဆယ်တန်းမှာသင်ရတဲ့ ဦးပုညရဲ့ သောနုတ္တရမုဆိုးနဲ့ ဆဒ္ဒန်ဆင်မင်းဇာတ်ထဲက ကာရံချိတ်တဲ့ စကားပြေအရေးသားတွေကို နှစ်သက်မိရာက ဇာတ်စာတွေ ဇာတ်စကားတွေဆို အလွတ်နီးပါးကို ရနေပြီး တစ်ခါတစ်လေ တစ်ယောက်တည်း ဇာတ်တော်ကြီးတွေ နားထောင်တဲ့အခါ အထဲက ဇာတ်ကောင်တွေနဲ့အပြိုင် ဇာတ်စာတွေ လိုက်ရွတ်အော်ဟစ်နေမိတော့တာပဲ၊ ရွှေမန်းတင်မောင်ကို ဇာတ်စာရေးပေးတဲ့ အမယ်ကြီးအို ဦးအောင်စိန်ဆိုတာကလည်းတော်လိုက်တာ၊ စာတွေက ရသလည်းမြောက် ဗဟုသုတလည်း အပြည့်နဲ့မို့ တကယ့်ကို ဇာတ်သမားပြန်ရင် မှတ်သားစရာ ကျန်ရတဲ့စာတွေ
.
. . . မောင်မှူးဇာတ်ထုပ်ဆိုလည်း ကြိုက်တာပဲ၊ ဇာတ်လမ်းထက်ကို အထဲမှာ တန်ဆာဆင်ထားတဲ့ မောင်ရှင်လောင်းလှည့်တဲ့အခါ လုလင်နဲ့ လုံမအဖွဲ့တို့ အပြိုင်အဆိုင် လက်တမ်း သျှိုးတိုက်ကြတဲ့အခန်း၊ ရည်းစားစကား ပြောပြီးလို့ လက်ခံပါပြီဆိုတာနဲ့ လင်ဘက်က ရှောင်စေချင်တဲ့ အကျင့်တွေ မယားဘက်က ရှောင်စေချင်တဲ့ အကျင့်တွေကို တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ကတိတောင်းကြတဲ့အခန်း၊ လင်စံရွေးရင်လင်ခွေးနဲ့ ညားတတ်တယ်ဆိုတဲ့ လင်ရွေးနည်းနိဿရည်းကို အပျိုတွေ ရေခပ်ဆင်းချိန်မှာ အချင်းချင်း ပြောပြကြ ဟာသလုပ်ကြတဲ့အခန်း၊ ဇာတ်အစနဲ့ အဆုံးမှာ ဆိုရှယ်လစ်ခေတ်ရဲ့ စုပေါင်းလယ်ယာ အားပေးတဲ့ သီချင်းလေးထည့်လိုက်တာက အစ ဘယ်လောက်နားထောင်ထောင် မရိုးတဲ့ဇာတ်ကွက် ဇာတ်ပြောတွေနဲ့မို့ အကြိုက်ဆုံးဇာတ်ထုပ်တစ်ခုပဲလို့ ပြောလို့ရတယ်
.
. . . အခုလည်း ဇာတ်ပွဲမကြည့်ရတာ ဆယ်နှစ်လောက်တောင် ရှိနေပြီမို့ အခုနေများ အမျိုးသားဇာတ်ရုံလို နေရာမျိုးမှာ ကိုယ်ချစ်ခင်တဲ့ မိသားစုဝင်တွေ မိတ်ဆွေ သူငယ်ချင်းတွေနဲ့အတူ ဇာတ်ပွဲကောင်းကောင်း ကျကျနန ကြည့်လိုက်ရရင် သိပ်ကောင်းမှာပဲလို့ တောင်းတမိတယ်၊ ဒီတစ်ခါ ကြည့်ရင်တော့ ကိုယ်တစ်သက်လုံး ကြိုက်လာခဲ့တဲ့ ဦးပုညရဲ့ ကာရံနဘေတွေနဲ့ ဇာတ်စာဖြည့်ထားတဲ့ ဆဒ္ဒန်ဆင်မင်းလို အမုန်းတရားနဲ့ လက်စားချေတဲ့ ဇာတ်တော်ကြီးမျိုးတွေ မကြည့်ချင်တော့ဘူး၊ မဟောသဓ ဇာတ်တော်ကြီး ဒုတိယပိုင်းထဲက မဟောသဓ ပညာရှိသုခမိန်ရဲ့ နိုင်ငံတော်တည်ဆောက်ရေး ဇာတ်လမ်းဇာတ်ကွက်တွေကိုပဲ ကြည့်ချင်နေမိတော့တယ်
.
ဗိုလ်ကောင်း
၄ မတ် ၂၀၂၁
.
Photo credit: https://amawpyay.com/archives/4224