Wednesday 30 August 2017

တာဝန်မကျေ


. . . တို့နိုင်ငံတော်ကြီး လုံခြုံရေးစည်းကို ထိပါးခံနေရချိန်မှာ အဲသည်အခြေအနေ စိတ်ဝင်စားမှုများနေတာကို အခွင့်ကောင်းယူပြီး မိတ်ဆွေများကို သိစေချင်တဲ့ အကြောင်းအရာလေးတွေ ရေးတင်ရင်း ကိုယ့်နိုင်ငံသားတွေ (အနည်းဆုံးတော့ ဖွဘုတ်မိတ်ဆွေတွေ) အတွက် လုံခြုံရေးအသိအမြင်ကို တစ်ဘက်တစ်လမ်းက ဖြည့်ဆည်းနိုင်ဖို့ ကြိုးစားခြင်းဟာ နိုင်ငံတော်ကို ကာကွယ်နေခြင်းတစ်မျိုးဖြစ်တယ်လို့ ခံယူထားပေမယ့် လတ်တလောမှာ မဖြစ်မနေ အာရုံစိုက်လုပ်နေရတာတစ်ခု ရှိနေတော့ လုပ်သင့်တဲ့ ဦးစားပေး နောက်ကိုရွှေ့ထားလိုက်ရတယ်။ လုပ်သင့်တဲ့အချိန်မှာ လုပ်ဖို့အခွင့်မသာတဲ့ အခြေအနေကြောင့် တာဝန်မကျေသလို ခံစားရမိတယ် . . .
.
၃၀ သြဂုတ် ၂၀၁၇

ဖီးလင်း နော့တီး


မက်ဆေ့ဘောက်ကနေ စကားပြောနေရင်း ရုတ်တရက် မက်ဆေ့ဘောက်ပိတ်ခံလိုက်ရတဲ့ ညီလေးရေ
.
မင်းကို မက်ဆေ့ဘောက်ကနေ ဘလော့ထားတယ် ညီလေး။ ဘာလို့ ဘလော့လဲ သိလား။ ငါစိတ်လိုက်မာန်ပါ ပြောတဲ့ စကားကို မင်းက လက်ခံမှာမဟုတ်ဘူး။ ပြီးရင် ငါပြောတာ မှားတယ်ဆိုတဲ့အကြောင်း မင်းက ငါ့ကို အကိုးအကားအမျိုးမျိုးနဲ့ ရှင်းပြဖို့ ကြိုးစားလိမ့်မယ်။ နဂိုကတည်းက စိတ်လိုက်မာန်ပါ လေသံနဲ့ ပြောထားတဲ့အတွက် ငါကလည်း အလျော့ပေးမှာ မဟုတ်ဘူး။ မင်းကလည်း စိတ်လိုက်မာန်ပါ ဖြစ်နေတဲ့သူတစ်ယောက်ကို အသာလေး လွှတ်ထားပေးပြီး စိတ်အေးလက်အေးရှိမှ သူဘာကြောင့် ဒီလိုပြောတာလဲဆိုပြီး ကိုယ့်သဘောတရား သူလက်ခံလာအောင် ပြောနိုင်လောက်တဲ့ သံခင်းတမန်ခင်း မရှိဘူး။ ပြောရရင် မပါးဘူးပေါ့ကွာ။

ပေါင်းသင်းဆက်ဆံရေးမှာ မင်း အဲသည်လို ထူတာတွေကြောင့် အရင်လည်း ခဏခဏ ဖေ့ဘုတ်ကနေ ငါဘလော့တာ ခံရပြီးပြီ ။ အခုလည်း ဘလော့ရတော့မယ့် အခြေအနေ ဆက်မဖြစ်အောင်လို့ မက်ဆေ့ဘောက်ကိုပဲ ဘလော့လိုက်တယ် သိလား ညီလေး

အခု အဲသည်အကြောင်း ခေါင်းထဲ မထည့်နိုင်သေးဘူးကွာ

ဆောရီးပါ ညေးရာ

ငါက မင်းဖြစ်စေချင်သလို စိတ်သဘောထား မပြည့်ဝဘူးကွ ခ်ခ် 

Tuesday 29 August 2017

ဝက်ပေါက်လေး မီးပန်းလွှတ်


ဟျောင့် သားရီး . . .
နောက်တစ်ခါ မီးပန်းဖောက်မယ်ဆို မနက်အစောကြီး အိပ်ကောင်းတုန်းကြီးတော့ မလုပ်နဲ့လေကွာ . လခွမ်းတဲ့မှဘဲ အိပ်ရေးပျက်တယ်ဟ
.
. . . မနက်အိပ်ကောင်းတုန်းရှိသေး တယ်လီဖုန်းက အန္တရာယ်သတိပေးတဲ့အသံနဲ့ ထမြည်လို့ အိပ်ချင်မူးတူးနဲ့ မျက်လုံးမဖွင့်ဘဲ ဖုန်းကို လက်နဲ့လိုက်စမ်းပြီး ပိတ်ပစ်လိုက်တယ်။ ကိုရွှေနိပွန်းတွေ ဘယ်တော့မဆို လုပ်လိုက်မှဖြင့် အလန့်ထညက်၊ မိုးများလို့ မြေပြိုမှာစိုးလို့ သတိပေးရတာနဲ့၊ ငလျင်လှုပ်လို့ သတိပေးရတာနဲ့၊ သူတို့က သတိတွေ ပေးနေဖန်များတော့ ကိုယ်လည်း သိပ်ဂရုမစိုက်မိတော့ဘူး။ ဖြစ်ချင်ရာဖြစ်ကွာ သေနေ့စေ့လို့ကတော့ ထွက်ပြေးလည်း သေမှာပဲ၊ ဒီမှာနေလည်း သေမှာပဲ၊ သေရမယ့်အတူတူ အပင်ပန်းတော့ မခံနိုင်ဘူး ကိုယ့်အိပ်ယာလေးထဲမှာပဲ ဇိမ်ကျကျ သေမယ်ဆိုပြီး ဖုန်းပိတ် ဆက်အိပ်နေလိုက်တယ် . . .
.
. . . နိုးလာတော့မှ သတင်းတွေတက်နေလိုက်တာ နည်းပါရိုးလား၊ ဟိုဝက်ပေါက်လေးက မီးပန်းစမ်းလိုက်တာ ဂျပန်ပင်လယ်ထဲကနေ ဟော့ကိုင်းဒိုးကိုဖြတ်ပြီး ရေထဲကျသွားတယ်ဆိုပဲ။ အဲ မကြောက်ဘူးဆိုပေတဲ့ နည်းနည်းတော့ ဟိုဒင်းပြုတယ်။ ဟော့ကိုင်းဒိုးဆိုတာ ဂျပန်မြောက်ဘက်အစွန်ဆုံးက ကျွန်းမကြီး၊ တိုကျိုနဲ့ နည်းနည်းလှမ်းပေမယ့် ကိုယ်တွေကနဲ့က ပိုနီးတယ်လေ။ ကိုယ့်အရပ်ကို တည့်တည့်ချိန်ပစ်လို့ မသကာ သေရတယ်ဆို သေပျော်သေး။ မတော်တဆများ ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ၊ သူတို့ ပရိုဂရမ်မှားလို့ပဲဖြစ်ဖြစ်၊ ယမ်းအချိန်အဆလွဲလို့ပဲဖြစ်ဖြစ်၊ လေသင့်ပြီးတော့ပဲဖြစ်ဖြစ် လမ်းကြောင်းချော်ချက်ပြီး ကိုယ်တွေပေါ်များတည့်တည့်လာကျလို့ကတော့ . . .
.
၂၉ သြဂုတ် ၂၀၁၇

Monday 28 August 2017

မူလန်


. . . ရာသီဥတုသာယာပြီး တိမ်ကင်းစင်တာမို့ လဆန်းခုနစ်ရက်လက အေးအေးမြမြသာနေတယ်၊ ကြယ်တွေကလည်း စုံလိုက်တာ၊ ဒီလိုကြယ်တွေ စုံစုံညီညီနဲ့ မမြင်ရတာ ကြာပါပကော၊ ကြယ်တွေစုံတဲ့ အခုလို ညမျိုးမှာ ပန်းပွင့်လေးကို လွမ်းနေမိတယ်။ ပန်းပွင့်လေးသာ အနားမှာရှိရင် ဖတ်စရာစာတွေ ခဏပစ်ထားပြီး မြက်ခင်းစိမ်းစိမ်းပေါ်မှာ ဖျာလေးတစ်ချပ်ခင်းလို့ ကောင်းကင်ကြီးကို မျက်နာချင်းဆိုင်ရင်း ကြယ်လေးတွေ တူတူ ကြည့်ချင်တယ်။ လွတ်လပ်အေးချမ်းတဲ့ အရသာကို ပန်းပွင့်လေးလည်း သဘောကျမှာပဲ။ တလက်လက်တောက်ပနေတဲ့ ကြယ်တွေကိုကြည့်ရင်း ပန်းပွင့်လေးကို ပုံပြောပြမယ်။ ပန်းပွင့်လေး သိပ်ကြိုက်လွန်းလို့ ခဏခဏပြောပြရတဲ့ တရုတ်လူစွမ်းကောင်းမယ်လေး မူလန်အကြောင်း၊ နယ်စွန်နယ်ဖျားမှာ ချဉ်းနင်းဝင်ရောက်လာတဲ့ တိုင်းတစ်ပါး ကျူးကျော်သူတွေကို သွားရောက်နှိမ်နင်းဖို့ နေပြည်တော်ကနေ ဘုရင့်အမိန့်နဲ့ တစ်အိမ်တစ်ယောက် စစ်သားဆင့်တော့ အိုမင်းမစွမ်းတဲ့ ဖခင်ကြီးကိုယ်စား ယောက်ျားလေးအယောင်ဆောင်ပြီး စစ်ထဲလိုက်ခဲ့တဲ့ မူလန်၊ စစ်သင်တန်းရဲ့ ပင်ပန်းဆင်းရဲမှုတွေကို ကြံ့ကြံ့ခံ ကျော်လွှားခဲ့တဲ့ မူလန်၊ ယောက်ျားတွေနဲ့ ပခုံးချင်းယှဉ်ပြီး ကျူးကျော်သူတွေကို တွန်းလှန်ချေမှုန်းခဲ့တဲ့ သူရဲကောင်းမယ်လေး မူလန်၊ ပန်းပွင့်လေးရဲ့ နှလုံးသားထဲက ဇာတ်လိုက်ကျော် မူလန်အကြောင်း ကြယ်လေးတွေကြည့်ပြီး ပြောပြချင်တယ် . . .
.
၂၈ သြဂုတ် ၂၀၁၇

Monday 21 August 2017

၁၅၀၀ တန်


. . . ကိုယ်တွေတုန်းကတော့ ကျောင်းစာလုပ်ရင်း အင်တာနက်ကို စာရှာတဲ့နေရာတစ်ခုအဖြစ် စရင်းနှီးခဲ့ပြီး လူမှုကွန်ယက်ဆိုတာ ကျွဲကူးရေပါ ကြုံရတဲ့ ကိစ္စ။ ကိုယ်သိဖို့လိုတဲ့ ဗဟုသုတအတွက် အင်တာနက်ကို ဘယ်လိုသုံးရမလဲ ဆိုတာရယ်၊ ဘယ်လောက်အတိုင်းအတာအထိ အားကိုးအားထားဖြစ်သလဲ ဆိုတာရယ် သုံးနေရင်းနဲ့ သိလာရတဲ့ အသိ။ လခလေး တစ်လ တစ်သောင်းလောက်ရတဲ့ ခေတ်မှာ တစ်နာရီငါးရာတစ်ထောင်ပေးရတဲ့ အင်တာနက်ကို တစ်ပတ်မှာမှ တစ်နာရီပဲ သုံးနိုင်လို့ အကျိုးရှိအောင် ကြံဖန်သုံးခဲ့ရတာ၊ လွန်ခဲ့တဲ့ ဆယ့်လေးငါးနှစ်က အဲသလို . . .
.
. . . အခု ဆင်းကတ် တစ်ထောင့်ငါးရာတန်မျိုးဆက်ကတော့ ဖေ့ဘုတ်ကို အင်တာနက် ထင်နေကြပုံပဲ။ ဘယ်လိုအရင်းအမြစ်မျိုးကတော့ ဘယ်လောက်အတိုင်းအတာအထိ အားကိုးအားထားပြုနိုင်သလဲဆိုတာ ဝေဖန်ပိုင်းခြားနိုင်ဖို့ အသာထားလို့ ကိုယ့်အတွက် လိုအပ်တဲ့ ဗဟုသုတတွေကို အင်တာနက်မှာ ရှာလို့ရနိုင်တယ်ဆိုတာတောင် မသိကြတာလား အရေးမလုပ်ကြတာလား ကိုယ်လည်းသေချာတော့မသိ။ သေချာတာကတော့ သူတို့က အင်တာနက်ကို အကျိုးရှိရှိ မသုံးကြရုံတင်မက ကိုယ့်အတွက်လိုအပ်တဲ့ သတင်းအချက်အလက်ကိုတောင် အင်တာနက်ကနေ ဘယ်လို ရှာရမလဲဆိုတာ လျစ်လျူရှုထားကြတယ်။ ကလေးတွေမဟုတ်တော့တဲ့ ခေတ်ပညာတတ် ဘွဲ့ရလူငယ်တွေကိုယ်တိုင်ကို ဒီလိုဖြစ်နေတာ . . .
.
. . . နောက်တစ်ခုက စာဖတ်ဖို့ကိစ္စ။ ကမ္ဘာပေါ်က ရှိသမျှ စာတွေ အကုန်လျှောက်ဖတ်နေရမယ်တော့ မဟုတ်ဘူးပေါ့လေ။ ကိုယ့်အတွက် လိုအပ်တဲ့စာလေးတော့ ဖတ်ကြပေါ့။ ကိုယ်ကိုယ်တိုင်ပါဝင်ဆင်နွှဲနေတဲ့ ပွဲတစ်ခုအကြောင်း ရေးစရာရှိတယ်ဆိုရင်တောင် ကိုယ်တွေ့တစ်ခုတည်းနဲ့ ပြည့်မှ မပြည့်စုံပဲကို။ ပွဲအကြောင်းရေးထားတဲ့ အားကိုးအားထားပြုလောက်တဲ့ စာမျိုးရှာဖတ်ပြီး ကိုယ်တိုင်တွေ့ကြုံနေရတာနဲ့ ပေါင်းစပ်ပြီး ရေးမှ ပိုပြီး သမာသမတ်ကျတဲ့ စာကောင်းစာသန့်တစ်ပုဒ် ဖြစ်တော့မပေါ့။ စာတွေချည်းမပြည့်စုံပေမယ့် စာမဖတ်ဘဲနဲ့လည်း ပြည့်စုံမှာမှ မဟုတ်ဘဲ . . .
.
. . . စာဖတ်ကြကွာ၊ နေရာတကာ လာလာမမေးကြနဲ့၊ မင်းတို့လက်ထဲက စမတ်ဖုန်းက ဖေ့ဘုတ်သုံးဖို့သက်သက် တီထွင်ထားတာ မဟုတ်ဘူး၊ တစ်ထောင့်ငါးရာတန်ဆင်းကတ်ကို တစ်ထောင့်ငါးရာဖိုးလောက်ပဲ သုံးတတ်ရင်ရင် မင်းတို့လည်း တစ်ထောင့်ငါးရာတန် လူသားပဲ ဖြစ်လိမ့်မယ် — feeling စာဖတ်ကြကွာ အသေးစိတ်တွေ လာလာမမေးကြနဲ့ 

Wednesday 16 August 2017

ပန်းပွင့်လေး သတိရ


. . . လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်တုန်းက မန္တလေးမှာ ကျောင်းတက်နေတဲ့ ညီမငယ်လေးကို "ဇေယျာကမ်းအလှပန်းချီ" သီချင်းဆိုတတ်အောင် လေ့ကျင့်ဖို့နဲ့ နေရာကျကျ ဆိုပြတတ်ပြီဆိုရင် မုန့်ဖိုး တစ်သောင်း ဆုချမယ်လို့ ကမ်းလှမ်းဖူးတယ်။ အဲသည်တုန်းက တစ်သောင်းဆိုတာ ကျွန်တော် တစ်လသုံးငွေရဲ့ သုံးချိုးတစ်ချိုးလောက်ရှိပါတယ်။ ဒါပေမယ့် ညီမလေးက အဲသည်သီချင်းကို ဆိုပြဖို့ နေနေသာသာ အဆုံးထိအောင်တောင်မှ နားထောင်ဖြစ်ခဲ့ရဲ့လား မသိပါဘူး။ ကိုယ်တွေက ကိုယ်မြတ်နိုးတဲ့ အနုပညာကို ကိုယ့်ချစ်တဲ့သူတွေလည်း မြတ်နိုးစေချင်တာကိုး . . .
.
. . . အခု ပန်းပွင့်လေး တဖြည်းဖြည်းနဲ့ ကြီးလာတော့ ပန်းပွင့်လေးကို ဖြစ်စေချင်တာလေးတွေက တဖြည်းဖြည်း များလာသလိုပဲ။ ဒါတောင် သိပ်လောဘတကြီးနဲ့ ဘက်စုံကြီးထူးချွန်နေစေချင်လောက်အောင် ဇောကပ်နေတာကြီးမျိုး မဟုတ်သေးဘူး။ တစ်ခါတစ်ခါကျတော့လည်း ကိုယ့်စိတ်ကူးယဉ်တဲ့အထဲမှာ မပါတဲ့ နေရာမှာ သူက အစွမ်းပြချင် ပြနေပြန်ရော။ ဥပမာ ပန်းချီဆွဲတာမျိုးပေါ့။ ကိုယ်ကိုယ်တိုင်လည်း အရုပ်ဆွဲတာတွေဘာတွေ သိပ်ဝါသနာလည်းမပါဘူး၊ မြန်မာပြည်မြေပုံတောင် အဖြစ်ရှိအောင် ဆွဲတတ်တာ မဟုတ်ဘူးရယ်။ ဟော ပန်းပွင့်လေးကျတော့ အရုပ်တွေဘာတွေ ဆွဲတာ ၀ါသနာပါတယ်၊ ပန်းချီလည်းဆွဲတယ်၊ ဆရာနဲ့ဘာနဲ့ သေချာသင်လိုက်တော့ ကိုယ်တောင် အံ့သြယူရတဲ့ ပုံလေးတွေ ထွက်လာရော။ ဘ၀က အဲလိုပါဆို၊ ကိုယ်ဖြစ်စေချင်တာက တစ်မျိုး၊ သူဖြစ်နေတာက တစ်မျိုး . . .
.
. . . ကိုယ်မြင်ချင်တဲ့ ပန်းပွင့်လေးရဲ့ အရွယ်ရောက်တဲ့ အခြေအနေတွေကို ခြုံငုံကြည့်လိုက်ရင် ပန်းပွင့်လေးကို မြန်မာဆန်တဲ့ မြန်မာမလေး ဖြစ်စေချင်တာပါလား ဆိုတာ တွေ့မိတယ်။ မြန်မာမလေးဆိုလို့ ဆံပင်ကြီးပေါင်လယ်လောက်နဲ့၊ လုံခြည်ခြေဖျားထိအောင်ဝတ်ပြီး မျက်လွှာလေးချလို့ နေရာတကာ ဣိနြေ္ဒကြီးတစ်ခွဲသားနဲ့ လူကြားမတိုးတဲ့ မိန်းကလေးမျိုးကို ပြောတာ မဟုတ်ပါဘူး။ ဖတ်ဖူးတဲ့ ၀တ္ထုတစ်ပုဒ်ထဲက (ဂျာနယ်ကျော်မမလေး ထင်တယ်) မြန်မာဆန်ဆန် ထက်ထက်မြက်မြက် နဲ့ ကိုယ့်ယဉ်ကျေးမှုကို အထင်တကြီး လေးစားမြှင့်တင်တတ်တဲ့ မိန်းကလေးမျိုးကို ပြောတာပါ . . .
.
. . . အိနြေ္ဒရရ ထက်ထက်မြက်မြက် မြန်မာ့ယဉ်ကျေးမှုကိုလည်း အတန်အသင့်တီးမိခေါက်မိရှိတဲ့ မိန်းကလေးတွေ မြင်မိရင် ပန်းပွင့်လေးအတွက် အားကျစိတ်နဲ့ ကြည့်မိတယ်။ ပန်းပွင့်လေးကို မြန်မာအကလေး အခြေခံကျကျ နည်းလမ်းတကျ ကတတ်စေချင်တယ်။ မြန်မာကဗျာနဲ့ စာပေတွေကိုလည်း မြတ်နိုးတတ်စေချင်တယ်။ မြန်မာ့ဂီတကိုလည်း တီးမိခေါက်မိရှိပြီး တူရိယာတစ်ခုကိုတော့ ကျွမ်းကျွမ်းကျင်ကျင် တီးတတ်စေချင်တယ်။ အားကစားဆိုရင်လည်း လူဝင်ဆံ့လောက်တဲ့ အတိုင်းအတာအထိ တစ်ခုခုမှာ အစွမ်းပြနိုင်စေချင်တယ် . . .
.
. . . ပညာရေးမှာတော့ ပန်းပွင့်လေးကို အတန်းထဲမှာ အဆင့်တစ်ရတာတွေဘာတွေအတွက် ဖိအားမပေးကြေး ဆိုပြီး ပန်းပွင့်လေးမေမေနဲ့ နှစ်ဦးသဘောတူထားတာ ရှိတယ်။ မိဘဖိအား မရှိသော်လည်း သူကျင်လည်နေတဲ့ ပတ်ဝန်းကျင်ဖိအားက ရှိနေအုံးမှာမို့ အဲလို ဖိအားမရှိတဲ့ (နည်းတဲ့) ၀န်းကျင်ကောင်းလေးကိုလည်း ရှာရတာအမောပေါ့။ အဓိကကတော့ သူ့ဘ၀အတွက် သိပ်ပြီး တန်ဖိုးမရှိတဲ့၊ ပေးဆပ်ရတဲ့ စိတ်ဖိစီးမှု ကြိုးစားအားထုတ်မှုတွေနဲ့ မထိုက်တန်ဘူးလို့ ကိုယ်တွေထင်တဲ့ တန်ဖိုးတွေနောက် လိုက်နေရတာထက်စာရင် ကလေးတစ်ယောက်ရဲ့ ဘ၀ကို အဓိပ္ပာယ်ရှိရှိ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခွင့်ရပြီး တစ်သက်တာအတွက် လိုအပ်တဲ့ စိတ်ခွန်အား ခန္ဓာခွန်အားနဲ့ ပညာခွန်အားတွေ ရနိုင်တဲ့ ရေခံမြေခံကောင်းမှာ ကလေးကို ကြီးထွားရှင်သန်ခွင့် ပေးချင်တယ်။ ပန်းပွင့်လေးရဲ့ ဘ၀တစ်သက်တာလုံး ဘယ်တော့ပြန်တွေးတွေး သူမှတ်မိနိုင်သလောက် မှတ်မိမယ့် ကလေးဘ၀ဟာ ပျော်စရာလေးတွေ ပြည့်နေစေချင်တယ်။ ယုံကြည်မှုတွေ ပြည့်နေစေချင်တယ်။ သူ့ရဲ့ ကလေးဘ၀က လှပတဲ့ နေ့ရက်ကလေးတွေကို သူရောက်ရာအရပ်မှာ အခြားသူတွေကို မျှဝေပေးချင်စိတ်ရှိတဲ့ နှလုံးလှမိန်းကလေးတစ်ယောက် ဖြစ်စေချင်မိတယ် . . .
.
. . . တစ်ခါတစ်လေ ပန်းပွင့်လေး ကျောင်းကပြန်လာတဲ့အခါ သူနားချိန်မှာ ကျောင်းကအကြောင်းတွေ မေးလို့ ပြောပြတဲ့အခါ သင်ခန်းစာတွေအကြောင်းရောက်ရင် ကိုယ်က တစ်ခုခုဆို နှိုက်နှိုက်ချွတ်ချွတ် အပြည့်အ၀ သိစေချင်တဲ့ လောဘမျိုးနဲ့ ဖိအားပေးမိတတ်လေးကိုလည်း ကိုယ့်ဘာသာ သတိထားနေရတယ်။ ပန်းပွင့်လေးတင် မဟုတ်ပါဘူးလေ၊ နေပြည်တော်က သားတော်မောင်ဆိုရင်လည်း ဒီလိုပဲ၊ သင်ထားသမျှစာ အကုန်သိနေရမယ်လို့ ကိုယ်က လိုချင်စိတ်ဖြစ်မိတဲ့အခါ သူတို့ခမျာ ကိုယ်နဲ့ စကားပြောဖို့တောင် စိတ်မပါတော့တာမျိုးပေါ့။ သားကတော့ နည်းနည်းကြီးပြီဆိုတော့ ဖိအားကို နည်းနည်းပါးပါး ခံနိုင်ရည်ရှိနေပါပြီ။ ပန်းပွင့်လေးကို စာနဲ့ ပတ်သက်တဲ့ ဖိအား မပေးဘူး ဆိုပေမယ့် နေ့စဉ်ကြုံတွေ့နေရတဲ့ သူ့အခက်အခဲလေးတွေအတွက်တော့ ကိုယ်တိုင်ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ သတ္တိမျိုး မွေးပေးဖို့ ကြိုးစားရတာပါပဲ။ တစ်ခုခုဆို နေရာတကာ ၀င်မကူညီဘဲ သူ့ဘာသာ ပြေလည်အောင် ကြိုးစားတာကို နံဘေးကနေ အပြုသဘောနဲ့ အားပေးတာမျိုးပေါ့။ သူ့ရဲ့ ကိုယ်ပိုင်ပြဿနာလေးတွေကို ဖြစ်နိုင်သမျှ ၀င်မဖြေရှင်းပေးဘဲ သူ့ဘာသာ ဖြေရှင်းနေတာကို နံဘေးက အသိအမှတ်ပြု အားပေးတာမျိုးတာပါ . . .
.
. . . ကလေးဆိုတာ ပူဆာတတ်တာ သဘာဝကျပေမယ့် စည်းကမ်းလေးတစ်ခုနဲ့တော့ ထိန်းထားရတယ်။ စာအုပ်ဆိုင်ပို့တယ် ပန်းပွင့်လေး အကြိုက်ဆုံး စာအုပ်တစ်အုပ်ရွေး ဆိုပြီး သူရွေးတာကျ ကိုယ်က အမှန်တကယ် ၀ယ်ပေးရတာမျိုးပေါ့။ တစ်ခါတစ်လေကျတော့လည်း သူ့ခမျာ ကြိုက်တဲ့စာအုပ်က တစ်အုပ်မက ဖြစ်နေလို့ ဗျာများရတာမျိုးလည်း ရှိတယ်။ ဟိုစာအုပ်ချလိုက် ဒီစာအုပ်ကောက်ကိုင်လိုက်၊ ကိုယ့်သမီးလေး အဲလို ဗျာများနေတာ မကြည့်ရက်ပေမယ့် သူ့ဘ၀တစ်ခုလုံးအတွက် အရေးကြီးတဲ့ ကိုယ့်ဆုံးဖြတ်ချက်တွေ ကိုယ့်ဘာသာချတတ်အောင် ဒီလိုပဲ လေ့ကျင့်ပေးရပဲမို့ နံဘေးကပဲ အသာကြည့်နေရတယ်။ သူ့ဘာသာ တစ်ခုကို ရွေးပြီးသွားမှ သူသိပ်လိုချင်နေတဲ့ နောက်တစ်အုပ်ကို ဖေဖေ၀ယ်ပေးတာဆိုပြီး ၀ယ်ပေးလိုက်တာမျိုးတော့ လုပ်ဖြစ်ပါတယ်။ အရုပ်ဆိုင်ရောက်ရင်လည်း သူ့ခမျာ တစ်ခုပဲရမယ် ဆိုတဲ့ စည်းကမ်းအရ တော်တော်လေး တိုင်ပတ်တဲ့အခါတွေရှိတယ်။ အရုပ်တစ်ခုကို ကောက်လာတယ်၊ နောက်တစ်ခုတွေ့တော့ အရင်တစ်ခုကို သွားပြန်ထားတယ်၊ နောက်အရုပ် နောက်အရုပ်၊ ပြီးမှ စိတ်ပြောင်းပြီး အရင်ထားခဲ့တဲ့ အရုပ်တွေ သွားပြန်ကိုင်တယ်။ ကိုယ်က နံဘေးက သူသိသင့်တာလေးတော့လည်း နားလည်အောင် ပြောပြပေးပါတယ်။ ဒီအရုပ်ဆိုရင် သမီးအတွက် ဘယ်လို အသုံးဝင်တယ်။ ဒီဟာကတော့ သိပ်အသုံးမ၀င်ဘူး၊ ဒါပေမယ့် သမီးကြိုက်တာ ယူခွင့်ရှိပါတယ် ဆိုပြီး သူ့ကို ဆုံးဖြတ်ခွင့်ပေးတာမျိုး . . .
.
. . . နေပြည်တော်ကအိမ်မှာ သူ့အတွက် အခန်းသတ်သတ်လေး လုပ်ပေးထားတာကိုလည်း တော်တော်လေး သဘောကျပုံ

Sunday 13 August 2017

ရှစ်ရောင်ခြယ်ဖရဲသီး



.
. . . ဂျိုရှင်းအက်စုကိုဂျန် အမျိုးသားဥယျာဉ်ကြီးထဲမှာ တစ်စိတ်တစ်ပိုင်း ပါဝင်နေတဲ့ မီနာမီအွန်နူမာ စီရင်စုကို ရှိယိုဇာဝါ၊ မူအီကာမာချီ နဲ့ အူရာစာ မြို့လေးသုံးမြို့နဲ့ ဖွဲ့စည်းထားပါတယ်။ တစ်နှစ်မှာ လေးလလောက်ရှိတဲ့ ဆောင်းရာသီထဲ နှင်းဖြူဖြူတွေနဲ့ အမြဲဖုံးလွှမ်းနေတတ်တာမို့ နှင်းပွင့်တိုင်းပြည်လို့ ကျော်ကြားတဲ့ ဒီဒေသရဲ့ အဓိက ထွက်ကုန်လေးမျိုးရှိတဲ့အနက် ရှစ်ရောင်ခြယ် ဖရဲသီးကတော့ နွေရာသီ သြဂုတ်လမှာ လှိုင်လှိုင်ထွက်ပါတယ် . . .
.
. . . ရှစ်ရောင်ခြယ်ဖရဲသီးဆိုတာ အရောင်ရှစ်ရောင်ပါတဲ့ ဖရဲသီးတော့ မဟုတ်ပါဘူး။ တောင်မြင့်ကြီးတွေဝန်းရံထားတဲ့ အလယ်က လယ်ယာမြေ လွင်ပြင်ကြီးမှာ ဆောင်းဦးရွက်ကြွေရာသီကနေ နွေဦးပွင့်ဝေရာသီအထိ ပန်းတွေ အရောင်ရှစ်မျိုးပွင့်တာမို့ အဲသည် ရှစ်ရောင်ခြယ်လွင်ပြင်ကို အစွဲပြုပြီး ဒီနေရာမှာ စိုက်တဲ့ ဖရဲသီးကို ရှစ်ရောင်ခြယ် ဖရဲသီးလို့ ခေါ်တာဖြစ်ပါတယ်။ ဂျပန်လိုတော့ ယာအိရိုဆူအီကာ 八色スイカ လို့ခေါ်ပါတယ်။ သကြားဓာတ်များပြီး ချိုလွန်းလှတာမို့ ဂျပန်မှာတော့ ရှစ်ရောင်ခြယ်ဖရဲသီးက နာမည်ကြီးပါသတဲ့ . . .
.
. . . ကျွန်တော်တို့တက်နေတဲ့ ဂျပန်နိုင်ငံတကာတက္ကသိုလ် ဘေးပတ်ပတ်လည်မှာ လယ်ကွင်းတွေ ဖရဲသီးစိုက်ခင်းတွေ ၀န်းရံထားပြီး စပါးအနှံစထွက်တဲ့ ဇူလိုင်လနှောင်းပိုင်းနဲ့ သြဂုတ်လမကုန်ခင်မှာ ဖရဲသီးတွေ လှိုင်လှိုင်ပေါ်ပါတယ်။ ဖရဲသီးတွေ လှိုင်လှိုင်ပေါ်ပေမယ့် ဈေးကတော့ မသေးပါဘူး။ ဈေးမသေးဆို သူတို့ဖရဲသီးတွေက အရည်အသွေးအလွန်ကို ထိန်းသိမ်းကြတာကိုး။ ဆောင်းကုန်လို့ နှင်းတွေအရည်ပျော်ပြီဆိုတာနဲ့ မြေတွေပြင်ပြီး ဖရဲပင် စပျိုးပါတယ်။ ပလတ်စတစ်အကြည်သားနဲ့ အုပ်ထားတဲ့ အပင်စိုက်အိမ်ရှည်ရှည်လေးတွေထဲမှာ ငန်းအလိုက် ဘောင်နဲ့စိုက်တာပါ။ အဲသည်ကမှ အပင်တွေ တဖြည်းဖြည်းကြီးလာ အသီးစသီးပြီဆိုတာနဲ့ အသီးတွေကို ခူးပြီး ပစ်ပါတော့တယ်။ အပင်တစ်ပင်မှာ အလွန်လှပရောင်းတန်းဝင်လောက်မယ့် အသီးကိုပဲ ချန်ပြီး ကျန်တဲ့အသီးတွေကို ခူးပြီး ပစ်လိုက်တာပါ။ အသီးစသီးကတည်းက အဲသလို ခူးခူးပြီး ပစ်နေတာ အသီးတွေရင့်မှည့်ချိန်ရောက်တဲ့အထိလို့ပဲ ဆိုရပါလိမ့်မယ်။ နောက်ဆုံး ချန်ထားတဲ့အထဲ အသီးတွေ ရင့်မှည့်ပြီး ရောင်းတန်းဝင် ခူးရတဲ့ အချိန်ထိအောင်တောင်မှ သူတို့ရဲ့ အသီးပယ်စနစ်က မပြီးသေးပါဘူး။ အသီးခူးချိန်မှာ အရည်အသွေးအကောင်းဆုံး ဖရဲသီးတွေကိုပဲ ခူးယူသွားပြီး သူတို့ ရောင်းတန်းမ၀င်ဘူးလို့ သတ်မှတ်ထားတဲ့ ဖရဲသီးတွေ အခင်းထဲမှာ ဒီအတိုင်းပဲ အပုံလိုက်နီးပါး ကျန်ရစ်ပါတယ်
.
. . . ဖရဲသီးပေါ်ချိန်မှာ ဖရဲသီးစားပွဲတော်လည်း လုပ်ပါတယ်။ ပွဲတော်လုပ်တဲ့နေရာမှာ တစ်ယောက်ကို ယန်းငါးရာလောက်ပေးပြီး ဖရဲသီးစားနိုင်သလောက် စားခွင့်ရတဲ့ ပွဲတော်ပါ။ ဒါပေမယ့် ကျွန်တော်တို့အတွက်ကတော့ ဖရဲသီးအ၀စားဖို့အတွက် ယန်းငါးရာပေးရတဲ့ ပွဲတော် သွားစရာ မလိုပါဘူး၊ သူတို့ရဲ့ ဖရဲသီး အရည်အသွေး ထိန်းသိမ်းတဲ့စနစ်ကြောင့် ကျွန်တော်တို့ ဖရဲသီး အ၀စားကြရပါတယ်။ ဖရဲသီးနုနု အရွယ် သူတို့ခူးပစ်လိုက်တဲ့ အသီးတွေကို ကျွန်တော်တို့က သွားကောက်ပြီး ဖရဲသီးပြုတ်လုပ်လုပ် အစိမ်းလိုက်လုပ်လုပ် ငါးပိရည်နဲ့ တို့စားပါတယ်။ အဲသည်ကနေ နည်းနည်း ကြီးလာတော့ ဖရဲသီးကို ဗူးသီးလုပ်ပြီး မုန့်နှစ်နဲ့နယ် ဗူးသီးကြော် (ဖရဲသီးကြော်) လုပ်စားပါတယ်။ ဟော အခုလို ဖရဲသီး ခူးချိန်ရောက်ပြီဆိုတော့လည်း သူတို့အခင်းထဲ ချန်ခဲ့တဲ့ ဖရဲသီးတွေက ကျွန်တော်တို့အတွက် စားလို့မကုန်တဲ့ ပဒေသာပင်ကြီးကို ဖြစ်လို့ပါ။ သူတို့က စွန့်ပစ်ထားတယ် ဆိုသော်လည်း ကျွန်တော်တို့က နေ့ခင်းကြောင်တောင် လူမြင်သူမြင် သွားမကောက်ရဲလို့ ညမှောင်တဲ့အခါမှ သွားကောက်ကြရပါတယ်။ အခုလို ညအခါ လသာသာ ခြေခင်းလက်ခင်း သာပြီဆိုရင် ဖရဲသီးကောက်သွားကြမယ်ဟေ့လို့ သူငယ်ချင်းတွေ အဖော်စပ်ပြီး ဖရဲသီးတွေ မနိုင်မနင်းသယ်၊ ရေခဲသေတ္တာထဲထည့်ပြီး အားရပါးရ စားကြရပါတယ်၊ ဖရဲသီးစိုက်တဲ့အထဲ လုပ်အား တစ်စိုးတစ်စိမှ မပါဘဲနဲ့ ဖရဲခင်းဘေးမှာနေပြီး ဖရဲသီးကို အရွယ်သုံးပါး စိတ်ကြိုက်စားခွင့်ရတာ နည်းတဲ့ ကုသိုလ်ကံတော့ မဟုတ်လောက်ပါဘူး၊ ဖရဲသီးစိုက်တောင်သူများ ကျန်းမာရွှင်လန်းပြီး စိုက်သမျှ အခင်းတိုင်းမှာ နှစ်စဉ်နှစ်တိုင်း အသီးကောင်းများများ ထွက်ပါစေဗျာ . . .
.
အဟွတ် အဟွတ် ဟွတ် အဟွတ်
ဖရဲသီးစားရတာ ချောင်းတွေတောင်ဆိုးတယ်
.
The screenshot facebook post credit to Jay Osama
@
https://www.facebook.com/photo.php?fbid=10213107418735206&set=a.10201076560291264.1073741826.1086112583&type=3&theater


Friday 11 August 2017

တပ်မတော်ရဲ့ ခြေလှမ်းသစ်


.
. . . စိုးရိမ်မှုတွေ မြင့်တက်လာနေတဲ့ အနောက်တံခါး လုံခြုံရေးနဲ့ ပတ်သက်ပြီး အစိုးရဘက်က လိုအပ်တဲ့ အစီအမံတွေ ဆောင်ရွက်ထားကြောင်း သမားရိုးကျ ဖြေရှင်းချက်တွေပဲ ပေးနေတဲ့ အချိန်မှာပဲ တပ်မတော်က သမားရိုးကျမဟုတ်တဲ့ ခြေလှမ်းသစ်တစ်ခုကို လှမ်းလိုက်ပါတယ်။ အဲဒါကတော့ ရခိုင်တိုင်းရင်းသားတို့ရဲ့ အင်အားအကြီးဆုံး နိုင်ငံရေးပါတီဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ ANP ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးတဲ့အကြောင်းပဲ ဖြစ်ပါတယ် . . .
.
. . . ရခိုင်အမျိုးသားပါတီ ANP ဟာ ပါတီတွေ ပေါင်းစည်းတာ ပြန်လည် လမ်းခွဲတာ စတဲ့ သမိုင်းကြောင်းတွေ ရှိပေမယ့် လတ်တလော အခြေအနေမှာတော့ ရခိုင်ပြည်နယ် လွှတ်တော်မှာ အမတ်အင်အား အများစု ရထားတဲ့ ပါတီဖြစ်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ် ဆယ့်လေးခုအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေနဲ့ အမတ်နေရာအများစု ဆုံးရှံးခဲ့တဲ့ တစ်ခုတည်းသော ပြည်နယ်ဟာ ရခိုင်ပြည်နယ်ဖြစ်ပါတယ်။ အမျိုးသားရင်ကြားစေ့ရေး ကြွေးကြော်သံနဲ့ ရွေးကောက်ပွဲ ၀င်လာခဲ့တဲ့ NLD ပါတီဟာ အမတ်နေရာအများစု အနိုင်ရတဲ့ ANP ပါတီ ရဲ့ ပြည်သူလူထု အားပေးထောက်ခံမှုကို လျစ်လျူရှုပြီး အခြေခံဥပဒေက ပေးအပ်ထားတဲ့ အာဏာကို အပြည့်အ၀ ကျင့်သုံးကာ ပြည်နယ်ဝန်ကြီးချုပ်ကို NLD စိတ်ကြိုက် ခန့်အပ်ခဲ့လို့ NLD ရဲ့ တိုင်းရင်းသားတွေပေါ်ထားတဲ့ သဘောထားကို မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါသေးတယ်။ တိုင်းရင်းသားတို့တန်းတူညီမျှခွင့်နဲ့ ဖယ်ဒရယ်ပြည်ထောင်စုကို ရည်မှန်းထားတယ်ဆိုတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့အခြေခံဥပဒေက နိုင်ငံတော်သမ္မတကို အပ်နှင်းထားတဲ့ ပြည်နယ်ဝန်ကြီးချုပ်များ ခန့်အပ်ပိုင်ခွင့်အရ သက်ဆိုင်ရာ ဒေသခံ အင်အားကြီးပါတီကို နေရာပေးလိမ့်မယ်လို့ မျှော်လင့်မိခဲ့ကြပေမယ့်လည်း အခြေခံဥပဒေက ပေးအပ်တဲ့ အခွင့်အာဏာကိုပဲ အပြည့်အ၀ ကျင့်သုံးပြီး အမတ်အများစု ရွေးကောက်ခံရတဲ့ တိုင်းရင်းသားပါတီကြီးရဲ့ လူထုထောက်ခံမှုကို လျစ်လျှူရှုခဲ့တာ ဖြစ်ပါတယ် . . .
.
. . . နိုင်ငံတော်ရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနဲ့ ပတ်သက်ပြီး လက်ရှိ NLD အစိုးရလက်ထက်မှာ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ NDSC အစည်းအဝေးကို တစ်ကြိမ်မှ ခေါ်ယူခဲ့ဖူးခြင်း မရှိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဖြေကြားဖူးပါတယ်။ အဲသည်ဖြေကြားချက်နောက်ပိုင်းမှာလည်း NDSC အစည်းအဝေး ခေါ်ယူကျင်းပကြောင်း ကြားသိခဲ့ရတာ မရှိခဲ့သေးပါဘူး။ လုံခြုံရေးဆိုင်ရာ အရေးပေါ်အခြေအနေမျိုး ဖြစ်မှသာ လုံခြုံရေးအထူးအစည်းအဝေး ဆိုတာမျိုးကို အစိုးရက ဦးဆောင်ပြီး တစ်ခါတစ်ရံ ခေါ်ယူကျင်းပနေတာ တွေ့ရပါတယ်။ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးမဏ္ဍိုင်အကြီးအကဲတွေ တပ်မတော်ထိပ်တန်းအရာရှိကြီးတွေနဲ့ ဖွဲ့စည်းထားတဲ့ NDSC ကို ပုံမှန်ခေါ်ယူစည်းဝေးတာမျိုး မလုပ်ဘူးဆိုရင် စဉ်ဆက်မပြတ် ဆောင်ရွက်နေရတဲ့ နိုင်ငံတော်ရဲ့ လုံခြုံရေးကိစ္စတွေကို ဘယ်လိုများ ညှိနှိုင်းတိုင်ပင်ကြသလဲဆိုတာလည်း မေးခွန်းထုတ်စရာတစ်ခု ဖြစ်နေပါတယ်။ အစိုးရရဲ့ မူဝါဒများနဲ့အညီ တာဝန်ထမ်းဆောင်လျက်ရှိနေကြောင်း တပ်မတော်က စဉ်ဆက်မပြတ် ပြောကြားနေပေမယ့် နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်သလောက်သာ ပြည်သူတွေ သိခွင့်ရတဲ့ လုံခြုံရေး အထူးအစည်းအဝေး ဆိုတာတွေနဲ့တင် သက်ဆိုင်ရာ နိုင်ငံတော်လူကြီးမင်းများ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်နေနိုင်ကြပါပြီလား ဆိုတာလည်း စိတ်ဝင်စားစရာ ကောင်းပါတယ် . . .
.
. . . သြဂုတ်လ ကိုးရက်နေ့က ကျင်းပခဲ့တဲ့ ANP ခေါင်းဆောင်များနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ တွေ့ဆုံဆွေးနွေးပွဲဟာ အထက်ကပြောခဲ့တဲ့ အစိုးရဦးဆောင်တဲ့ လုံခြုံရေးအထူးအစည်းအဝေးတွေနဲ့တင် မလုံလောက်ကြောင်း သက်သေပြလိုက်သလိုပါပဲ။ တပ်မတော်အနေနဲ့လည်း နိုင်ငံတော်လုံခြုံရေးကိစ္စတွေအတွက် NDSC အစည်းအဝေးကို ပုံမှန်ကျင်းပပြီး စဉ်ဆက်မပြတ်တိုင်ပင်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်လိုကောင်း လိုမှာ ဖြစ်ပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီး လူသိရှင်ကြား ပြောဆိုတာမျိုး သတင်းစကားပါးတာမျိုးတော့ မလုပ်ခဲ့ပါဘူး။ အစိုးရရဲ့ သတင်းထုတ်ပြန်ချက်တွေအရ လုံခြုံရေးဆိုင်ရာ အထူးအစည်းအဝေးတွေမှာ တပ်မတော်က တက်တက်ကြွကြွ တက်ရောက်နေတာတွေ့ပြီး တပ်မတော်ခေါင်းဆောင်များကလည်း နိုင်ငံတော်အကြီးအကဲများကို စစ်သားတို့ရဲ့ လေးစားရိုသေမှုမျိုးနဲ့ ဆက်ဆံနေခဲ့ကြတာကို သတင်းထုတ်ပြန်ချက်များမှာ သတိထားမိပါတယ် . . .
.
. . . တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရခိုင်အမျိုးသားပါတီ ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးနေတဲ့ တစ်ရက်တည်းမှာပဲ ပြည်ထောင်စုအစိုးရအဖွဲ့မှာလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဦးစီးပြီး ရခိုင်ပြည်နယ်လုံခြုံရေးအစည်းအဝေးကို ကျင်းပခဲ့တာဖြစ်ပါတယ်။ အစည်းအဝေးနှစ်ခုလုံးရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာပါတဲ့ တက်ရောက်သူများစာရင်းအရ ပြည်ထောင်စုအစိုးရရဲ့ အစည်းအဝေးမှာ တပ်မတော်ဝန်ကြီးသုံးဦး၊ ပြည်ထောင်စုဝန်ကြီးအချို့၊ လုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်၊ ခေတ္တရဲချုပ်၊ ရခိုင်ပြည်နယ် နယ်လုံဝန်ကြီး၊ ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီးတို့ ပါဝင်ကြောင်း သိရပြီး၊ တပ်မတော်ဘက်က အစည်းအဝေးမှာတော့ ရခိုင်အမျိုးသားပါတီခေါင်းဆောင်များနဲ့ တပ်မတော်ရဲ့ အဆင့်အမြင့်ဆုံး ထိပ်တန်းအရာရှိကြီး သုံးဦးနဲ့အတူ အခြား အရာရှိကြီးနှစ်ဦး တက်ရောက်တာကို တွေ့ရပါတယ် . . .
.
. . . ရခိုင်ဒေသတည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရခိုင်တိုင်းရင်းသားပါတီကြီးတစ်ခုနဲ့ အခုလို တိုက်ရိုက်ဖိတ်ခေါ် တွေ့ဆုံဆွေးနွေးခြင်းရဲ့ ပါးလိုတဲ့ သတင်းစကားက ဘာများ ဖြစ်မှာပါလိမ့်။ သေချာတာကတော့ ပြည်ထောင်စုအစိုးရ ဦးစီးဆောင်ရွက်နေတဲ့ လုံခြုံရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှုတွေ မလုံလောက်ဘူးဆိုတာကို လှစ်ဟဖော်ပြလိုက်တာပါပဲ။ ဒါ့အပြင် တပ်မတော်အနေနဲ့ ပြည်ထောင်စုအစိုးရရဲ့ ဦးဆောင်မှုကို အပြည့်အ၀ ခံယူ လိုက်နာ ပူးပေါင်း ဆောင်ရွက်နေတဲ့ တစ်ချိန်တည်းမှာပဲ နိုင်ငံတော်လုံခြုံရေးအတွက် မိမိတို့သင့်လျော်ကောင်းမွန်မယ်လို့ ယူဆတဲ့ နည်းလမ်းများနဲ့လည်း အခြားပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ သတင်းစကား ပါးလိုတာလည်း ဖြစ်နိုင်ပါတယ်။ သြဂုတ်လ ကိုးရက်မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုအစိုးရနဲ့ တပ်မတော်တို့ရဲ့ အစည်းအဝေးများအပြီး လာလတ္တံ့သောအချိန်များမှာ ဖြစ်ပေါ်လာမယ့် ရခိုင်ဒေသ လုံခြုံရေးဆိုင်ရာ အရေးယူဆောင်ရွက်မှုများ မည်သို့မည်ပုံထူးခြားပြောင်းလဲလာမလဲ ဆိုတာကတော့ စိတ်ဝင်တစား စောင့်ကြည့်ရမယ့် အခြေအနေဖြစ်ပါကြောင်း . . .
.
ဗိုလ်ကောင်း
၉ သြဂုတ် ၂၀၁၇
.
The Voice Daily 2017 August 11

Wednesday 9 August 2017

အိမ်



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအလံတော်အောက်က အချုပ်အခြာအာဏာပိုင်စိုးတဲ့ အဆောက်အအုံထဲမှာ အိမ်နီးချင်းတွေ ချက်ပြုတ်ကျွေးတဲ့ ထမင်းနဲ့ဟင်းကို မျှဝေစားကြတယ်၊ ရေချိုးခန်းနဲ့ အိမ်သာမျှသုံးကြတယ်၊ စောင်တွေ ခေါင်းအုံးတွေ မျှအိပ်ကြတယ်၊ အပြင်ကို အတူတူ သွားကြတယ်၊ ကောင်မလေးတွေကို အတူတူ ငမ်းကြတယ်၊ ကိုယ်တွေကို မြန်မာ မဟုတ်ဘူးထင်လို့ ကိုယ်တွေဘေးမှာထား အတင်းတုပ်ကြတဲ့သူတွေကို ရုပ်တည်ကြီးနဲ့ ဟာသပြန်လုပ်ကြတယ်၊ အမှိုက်အတူတူရှင်းကြတယ်၊ ပန်းကန်ခွက်ယောက်တူတူဆေးကြတယ်၊ အိမ်မှာ လူကြီးတွေရှိချိန်ဆို လေးစားသမှုနဲ့ ငြိမ်ငြိမ်ကုပ်ကုပ်နေကြတယ်၊ လူကြီးအပြင်သွားနေချိန်ဆိုရင်တော့ စိတ်ရှိလက်ရှိ အော်ဟစ်ရယ်မောကြတယ်၊ ဟာသတွေပြောကြတယ်၊ တစ်ယောက်ဆီကတစ်ယောက် သင်ယူကြတယ်၊ ပြီးရင်တော့ ကိုယ့်နေရာကိုယ်ပြန်ကြရမယ်၊ မြန်မာပြည်အစစ်ကြီးက မိသားစုဆီ မပြန်နိုင်ခင်သေးမှာတော့ မြန်မာနိုင်ငံသေးသေးလေးက ဒီမိသားစုလေးနဲ့ ခဏခဏ လာနေချင်တယ် . .