Sunday 18 December 2016

လှမေ


. . . ခုတစ်လော လှမေကိုပဲ သတိရရနေမိတယ်။ တိုက်ဆိုင်လို့လား ဆိုတော့လည်း မဟုတ်ဘူး။ လှမေနဲ့ ပတ်သက်တာလည်း တစ်ခုမှ ကြုံရကြားရတာ မရှိဘူး။ မရှိဆို လှမေနဲ့ နည်းနည်းလေးလောက် တူတာတောင်မှ ဒီအရပ်မှာ ရှိတာမဟုတ်။ ဒါနဲ့များ လှမေကို ဘာလို့ သတိရနေမိတာပါလိမ့်။
.
. . . ခါတိုင်းလည်း သတိရတဲ့အခါ ရှိပါတယ်။ ပန်းပွင့်လေး သိပ်ကြိုက်တဲ့ ဘာဘီကာတွန်းကားလေးထဲမှာ လှမေကို သတိရစရာလေးတွေရှိတယ်။ အခုတော့ ပန်းပွင့်လေးလည်း အနားမှာမရှိတော့ ဘာဘီကာတွန်းကားလည်း မရှိ၊ လှမေကို သတိရစရာလည်း မရှိ။ ဒါပေမယ့် လှမေကို ဘာကြောင့်များ သတိရရနေမိပါလိမ့် တွေးရခက်တယ်
.
. . . လှမေဆိုတာ အင်မတန်ချော အင်မတန်လှ အင်မတန် လိမ္မာတဲ့ ကိုပွကြီးရဲ့ သမီးလေးနာမည်။ ကိုပွကြီးကလည်း သူ့သမီးလေးဆို သိပ်ချစ်တဲ့ပုံပဲ။ ရိုက်ဟယ်နှက်ဟယ်ဆိုတာများ မမြင်ဖူးမကြားဖူး၊ တစ်ခါတစ်လေ ပြောမရ ဆိုမရ ဖြစ်ရင်တောင် သမီး လှမေ ဆိုပြီး လေအေးလေးနဲ့ ချော့လိုက်တာနဲ့ လှမေတို့က ချက်ချင်းကို လိမ္မာသွားတာ ဆိုတာမျိုး။ လှမေ ဆိုတဲ့ နာမည် ဘယ်သူပေးထားတာလဲ ဆိုတာတော့ မသိပေမယ့် နာမည်လိုပဲ ဒေါင်ကောင်းကောင်း ချောချောသန့်သန့်ကြီး။ လှမေဆိုတဲ့ နာမည်နဲ့ သိပ်လိုက်တယ်။
.
. . . လှမေ လှမေ နဲ့ တစ်လှမေတည်း လှမေနေတော့ လှမေဆိုတာ ရွာမှာ ကျန်ခဲ့တဲ့ ဗိုလ်ကောင်းရဲ့ ငယ်ကျွမ်းဆွေလေးတွေထဲက တစ်ယောက်လို့ ထင်နေအုံးမယ်။ ငယ်ကျွမ်းဆွေတော့ ငယ်ကျွမ်းဆွေပါ ဒါပေမယ့် လှမေက လူမဟုတ်ဘူးဗျ။ ကိုပွကြီးရဲ့ မြင်းမလေး နာမည်။ ကျွန်တော်တို့ရွာနီးချုပ်စပ်မှာ ရှိသမျှ မြင်းလှည်းတွေထဲမယ် ကိုပွကြီးမြင်းလှည်းလောက် စတိုင်ကျတဲ့ မြင်းလှည်း မရှိသလို ကိုပွကြီးသမီး လှမေလောက် ချောတဲ့ သန့်တဲ့ မြင်းလည်း မရှိဘူးဗျ။ မရှိဆို ကိုပွကြီးက ကိုယ်ကိုယ်တိုင်လည်း သန့်သန့်ပြန့်ပြန့်နေတဲ့ လူချောလူလှ ဖြစ်တဲ့အပြင် သူ့မြင်းကိုလည်း တကယ့်သမီးလေးလို သဘောထားတာကိုး။ ညနေတိုင် မြင်းလှည်းဖြုတ်ပြီးလို့ နားပြီလားဆိုရင် ကိုပွကြီးက ဘယ်သူခေါ်ခေါ် မလိုက်တော့ဘူးဗျ။ ဘာလို့လည်း ဆိုတော့ သူ့သမီး စပါးတွေစားထားတာ အစာမကျေသေးတော့ ပြေးလိုက်ရင် ဗိုက်ထဲမှာ စူးမှာစိုးလို့တဲ့။ သူ့သမီးကို အဲသလောက် အရိပ်တကြည့်ကြည့် ဂရုစိုက်မှတော့ လှမေ လှတာပတာ သခင့်စကား နားထောင်တာ အဆန်းလားဗျာ
.
. . . ကျွန်တော်တို့ ရှင်ပြုတော့ လှမေကို စီးချင်လို့ လုရသေးတယ်။ အလှူမတိုင်ခင် အစောကြီးကတည်းက ကြိုပြောထားရတာ။ ကိုပွကြီး အနော်ရှင်ပြုရင် လှမေကို စီးမှာနော်။ ကိုပွကြီးက မြင်းထိန်းလုပ်ဆိုပြီး။ တကယ်လည်း ရှင်ပြုတော့ လှမေကို စီးခဲ့ရပါတယ်။ ကိုပွကြီးကတော့ မိုးချုပ်မျက်မှန်နဲ့ ကော်လာပြား အကျီင်္ဖြူနဲ့ ပလေကပ်ပုဆိုးနဲ့ မြင်းထိန်းကြီးပေါ့။ အနီးအနား ရေနီလောက်ဘာလောက် သာရေးနာရေး ရှိရင်လည်း လေးငါးဆယ်ယောက် စုသွားမယ်ဆို ကိုပွကို ခေါ်ရတယ်။ ခရီးထောက်တဲ့အခါကျတော့ မြင်းပိန်မြင်းကတ်ဆိုရင် အလုပ်မဖြစ်ဘူးလေ။ လှမေလို လိမ္မာတဲ့မြင်းမျိုး ကိုပွကြီးလို စိတ်သဘောကောင်းတဲ့ မြင်းလှည်းသမားမျိုးမှ ခရီးဝေးခေါ်ရဲတာကလား။ နို့မဟုတ်ရင် လမ်းမှာ ကိုးတိုးကတ်တတ် လုပ်နေရင် ခက်ရချည်ရဲ့ ဆိုပြီး
.
. . . ကိုပွကြီးကလည်း ကိုပွကြီးပဲဗျ။ အသားညိုညို ပိန်ပိန် သွယ်သွယ် မျက်နှာချိုတဲ့အပြင် အားနေရင် သီချင်းလေး တညည်းညည်း လေကလေး တချွန်ချွန်နဲ့။ ဂီတနက်သန် ကိုစောညိမ်း သီချင်းတွေဆို ကိုပွကြီးရဲ့ အကြိုက်ဆုံးတွေထဲများ ပါမလားပဲ။ ငယ်ငယ်က အိမ်မှာ လေဒီယိုလေး တစ်လုံးပဲ ရှိတော့ သီချင်းတွေဘာတွေဆိုတာလည်း အကျအန သိပ်နားထောင်ဖြစ်တာ မဟုတ်။ ကိုပွကြီးကတော့ သီချင်းကို အသံနေအသံထားနဲ့ ဆိုလိုက် လေလေးချွန်ပြီး တီးလုံးလေးလိုက်လိုက် ဆိုတော့ ကိုပွကြီးတို့အိမ်မှာ သွားဆော့နေချိန် ကိုပွကြီးများ ရှိနေလို့ကတော့ သီချင်းသံလေးတွေ အကျအနကို နားထောင်ရတာ။ ရွာကြီးသူစံပယ်နွဲ့ ဆိုတဲ့သီချင်းကို ကိုပွကြီး ဆိုဆိုနေတာ အခုနေတောင် နားထဲမှာ ကြားယောင်နေမိပါသေးရဲ့
.
. . . ကိုပွကြီးကတော့ အေလာဘက်က အစ်မတစ်ယောက်နဲ့ အိမ်ထောင်ကျပြီး အေလာမှာပဲ လိုက်နေနေသလား၊ ကလေးတွေရော ဘယ်နှစ်ယောက်တောင် ရနေပြီလဲ၊ လှမေကြီးရော။ အခုနေ ရှိနေသေးရင် လှမေအသက်ကြီးလှရောပေါ့။ ဒီတစ်ခါ ကိုပွကြီးနဲ့တွေ့ရင် ကျွန်တော့်ရဲ့ ငယ်ကျွမ်းဆွေ လှမေကြီးအကြောင်း မေးအုံးမှပါ။ ဒီစာဖတ်မိတဲ့ သူတွေလည်း ကိုပွကြီး နဲ့ မိသားစု ကျန်းခန့်သာလို့ မာပါစေကြောင်း ကျွန်တော့်ရဲ့ မေတ္တာဆုတောင်းကို လက်ဆင့်ကမ်းပေးလိုက်ကြပါအုံးဗျာ

Friday 16 December 2016

ဆနွင်းမကင်း စားချင်တယ်


. . . ငါးတန်းကျောင်းသားဖြစ်လို့ အထက်တန်းကျောင်းကြီးကို တက်ရတော့ အမေက တစ်နေ့ကို မုန့်ဖိုး တစ်ကျပ်ပေးတယ်။ တစ်ကျပ်ဆိုတာ ကျောင်းက ဒေါ်သန်းလှ မုန့်ဟင်းခါး တစ်ပွဲ စားလို့ ရပေမယ့် မကျွက် မုန့်ဟင်းခါးမှ မုန့်ဟင်းခါး ထင်နေတဲ့သူဆိုတော့ ဒေါ်သန်းလှရဲ့ တစ်ကျပ်တန်က ဘယ်လိုမှ ပါးစပ်ထဲ မတိုးဘူး။ တစ်ခြား ကိုယ်စားချင်တာ တစ်ခုရှိတယ်။ အဲဒါက အနည်းဆုံး ငါးကျပ်ဖိုးမှ ရောင်းတာဆိုတော့ တစ်ပတ်နေမှ တစ်ခါပဲ စားလို့ ရမှာ။ ဒါပေမယ့် ကိုယ်က သည်းခံပါတယ်။ အမေပေးတဲ့ မုန့်ဖိုးတစ်ကျပ်ကို အမေ့ ပြန်အပ်ထားပြီး ငါးရက်တစ်ဈေး ဈေးနေ့ကျမှ ဈေးထဲမှာ ဗန်းဝိုင်းကြီးတွေနဲ့ တည်ရောင်းတဲ့ ဆနွင်းမကင်းနဲ့ ကျောက်ကျောရောရာ ငါးကျပ်ဖိုး ၀ယ်ပေးဖို့ အမေ့ကို မှာပါတယ်။ အမေက ငါ့သား စားချင်ရင် အမေ၀ယ်ကျွေးပါ့မယ် တစ်နေ့တစ်ကျပ် မုန့်ဖိုးကို သုံးပါ ဆိုပေမယ့် မောင်နှမတွေကြားမှာ ဒီလို အခွင့်အရေးယူရင် မမျှတဘူး ထင်လို့ လက်မခံခဲ့ဘူး။ မုန့်ဖိုးတစ်ကျပ်ကို အမေ့ကို ပြန်အပ်သလို အမေကလည်း မမေ့မလျော့ ၀ယ်ဝယ်လာပေးပါတယ်။ နောက်ပိုင်းကျတော့ အမေ့ကို ဆနွင်းမကင်း ၀ယ်လာပေးဖို့ မမှာတော့ဘူး။ ခြောက်တန်း ခုနစ်တန်းလောက်ကစပြီး တစ်နေ့တစ်ကျပ် မုန့်ဖိုးကိုတောင် မတောင်းဖြစ်တော့တာ ဆယ်တန်းအောင်တဲ့အထိပဲ။
.
. . . ဘာရယ်မဟုတ်ဘူး ဒီအချိန်ဆို ဗိုက်က ဆာဆာလာတတ်လို့ စားချင်တာလေးတွေ လျှောက်တွေးမိရင် ငါးတန်းတုန်းက အကြောင်းကို သတိရသွားတာ။ လောလောဆယ်တော့ ဆနွင်းမကင်းလေး ရရင် စားချင်သား
.
(ဂျပန်စံတော်ချိန် မနက် လေးနာရီဆယ့်ငါး)

Wednesday 7 December 2016


. .This is the class presentation of International Politics course. My topic is “Myanmar’s Reform and Opening”. To be specific, the topic is “Why the military leaders made a strategic decision to pursue reform and opening although they are believed to have enough capacity to control the authority of the state for many more years?” The photos on the screen simply show that the president is listening very attentively to the state counsellor in two different occasions, and the state counsellor alone is confidently smiling. The photos definitely reflect the current polity of Myanmar where the constitutional head of state has to listen to the person whose governmental post was artificially created out of the constitutional provisions.