Friday, 16 December 2016
ဆနွင်းမကင်း စားချင်တယ်
. . . ငါးတန်းကျောင်းသားဖြစ်လို့ အထက်တန်းကျောင်းကြီးကို တက်ရတော့ အမေက တစ်နေ့ကို မုန့်ဖိုး တစ်ကျပ်ပေးတယ်။ တစ်ကျပ်ဆိုတာ ကျောင်းက ဒေါ်သန်းလှ မုန့်ဟင်းခါး တစ်ပွဲ စားလို့ ရပေမယ့် မကျွက် မုန့်ဟင်းခါးမှ မုန့်ဟင်းခါး ထင်နေတဲ့သူဆိုတော့ ဒေါ်သန်းလှရဲ့ တစ်ကျပ်တန်က ဘယ်လိုမှ ပါးစပ်ထဲ မတိုးဘူး။ တစ်ခြား ကိုယ်စားချင်တာ တစ်ခုရှိတယ်။ အဲဒါက အနည်းဆုံး ငါးကျပ်ဖိုးမှ ရောင်းတာဆိုတော့ တစ်ပတ်နေမှ တစ်ခါပဲ စားလို့ ရမှာ။ ဒါပေမယ့် ကိုယ်က သည်းခံပါတယ်။ အမေပေးတဲ့ မုန့်ဖိုးတစ်ကျပ်ကို အမေ့ ပြန်အပ်ထားပြီး ငါးရက်တစ်ဈေး ဈေးနေ့ကျမှ ဈေးထဲမှာ ဗန်းဝိုင်းကြီးတွေနဲ့ တည်ရောင်းတဲ့ ဆနွင်းမကင်းနဲ့ ကျောက်ကျောရောရာ ငါးကျပ်ဖိုး ၀ယ်ပေးဖို့ အမေ့ကို မှာပါတယ်။ အမေက ငါ့သား စားချင်ရင် အမေ၀ယ်ကျွေးပါ့မယ် တစ်နေ့တစ်ကျပ် မုန့်ဖိုးကို သုံးပါ ဆိုပေမယ့် မောင်နှမတွေကြားမှာ ဒီလို အခွင့်အရေးယူရင် မမျှတဘူး ထင်လို့ လက်မခံခဲ့ဘူး။ မုန့်ဖိုးတစ်ကျပ်ကို အမေ့ကို ပြန်အပ်သလို အမေကလည်း မမေ့မလျော့ ၀ယ်ဝယ်လာပေးပါတယ်။ နောက်ပိုင်းကျတော့ အမေ့ကို ဆနွင်းမကင်း ၀ယ်လာပေးဖို့ မမှာတော့ဘူး။ ခြောက်တန်း ခုနစ်တန်းလောက်ကစပြီး တစ်နေ့တစ်ကျပ် မုန့်ဖိုးကိုတောင် မတောင်းဖြစ်တော့တာ ဆယ်တန်းအောင်တဲ့အထိပဲ။
.
. . . ဘာရယ်မဟုတ်ဘူး ဒီအချိန်ဆို ဗိုက်က ဆာဆာလာတတ်လို့ စားချင်တာလေးတွေ လျှောက်တွေးမိရင် ငါးတန်းတုန်းက အကြောင်းကို သတိရသွားတာ။ လောလောဆယ်တော့ ဆနွင်းမကင်းလေး ရရင် စားချင်သား
.
(ဂျပန်စံတော်ချိန် မနက် လေးနာရီဆယ့်ငါး)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment