Wednesday 29 May 2019

ယောက်ျား မိန်းမ တိုက်ပွဲ

ကိုယ်အမြဲစောင့်ဖတ်ဖြစ်နေတဲ့
ဖေ့ဘုတ်ပေါ်က
ဆရာသမားတစ်ယောက်ရေးထားတာ
ဘယ်သူလဲ အခုမေ့နေလို့
.
လင်မယားတွေ ရန်ဖြစ်ကြပြီဆို
မိန်းမလုပ်သူက
သူရဲ့ခွန်အားဖြစ်တဲ့
ပါးစပ်သေနတ်ကို
အစွမ်းကုန်အသုံးချပြီး
ပက်ပက်စက်စက်
တိုက်စစ်ဆင်နေချိန်မှာ


ယောက်ျားလုပ်သူက
သူရဲ့ခွန်အားဖြစ်တဲ့
ကိုယ်ခန္ဓာအင်အားနဲ့
မိန်းမကို ပြန်မလုပ်မိအောင်
မနည်းထိန်းသိမ်းနေရတယ်ဆိုတာ

တစ်ဘက်က
သူ့ခွန်အားကိုသုံးပြီး
အနိုင်ယူနေချိန်မှာ
တစ်ဘက်က
ကိုယ့်ခွန်အားကို မသုံးမိအောင်
အတင်းအံကြိတ်ပြီးထိန်းနေရတယ်ဆိုတာ

အာ့တာမျိုးက
လင်ရယ်မယားရယ်မှမဟုတ်ဘူး
မိန်းမတွေက
လုပ်လိုက်ရင်တစ်ချက်တည်းနဲ့
သေသွားမှာကို
မလုပ်ဘဲနေတာကို
သိပ်ကမ်းတက်တယ်
ဒါလည်း သူတို့သဘာဝပဲထင်ပါရဲ့

မထိန်းနိုင်တဲ့ယောက်ျားနဲ့တွေ့တော့
အကြမ်းဖက်ခံရပါတယ်ဖြစ်ကုန်ရော

တကယ်တမ်း
လောကကြီးမှာ
မိန်းမတွေရဲ့ပါးစပ်သေနတ်နဲ့
အကြမ်းဖက်ခံနေရတဲ့ယောက်ျားတွေ
ဘယ်နယောက်တောင်ရှိနေလဲ
သိဖို့တော့မလွယ်

stay away from them

As long as you are an emotional being, you might not even notice that you are one of the subjects vulnerable to be manipulated by the player who intentionally keeps trying to mislead you into the trap of illusion which is much worse than the gravitational pull of a black hole you will never escape once you get in.

my emails

အခုလက်ရှိရောက်နေတဲ့ တက္ကသိုလ်ရဲ့ အီးမေးကို မသုံးခင်အထိ ကိုယ့်ရဲ့တရားဝင်အီးမေးအဖြစ်သုံးခဲ့တဲ့ အီးမေးကို ၂၀၀၃ ခုနှစ်လောက်က ဖွင့်ခဲ့တာဆိုတော့ အီးမေးသက်တမ်းက ဆယ့်ခြောက်နှစ်လောက်ဖြစ်နေပြီ၊ အခုထိ ကိုယ့်ရဲ့ ဒုတိယတရားဝင်အီးမေးအဖြစ် သုံးနေတုန်း၊

ပထမဆုံးဖွင့်ခဲ့တဲ့ ဘလော့ကတော့ သင်ကြားရေးကိစ္စတွေနဲ့မို့ ရေရှည်ဆက်မသုံးဖြစ်လိုက်ပေမယ့် ဒုတိယဖွင့်တဲ့ ဘလော့က အခုဝင်ကြည့်ရင် ကိုယ့်ရဲ့ ငယ်ဘ၀မှတ်တမ်းတွေကို တွေ့နေရတုန်း။ ၂၀၀၇ လောက်မှာ စဖွင့်ခဲ့တာဆိုတော့ ဆယ့်တစ်နှစ်လောက်ရှိပြီ

အခုလက်ရှိ မှတ်တမ်းတိုက်အဖြစ်သုံးနေတဲ့ ဘလော့ကို အိန္ဒိယမှာနေတုန်းက စဖွင့်ခဲ့တာ။ အိန္ဒိယအခြေခံဥပဒေအကြောင်း တစ်ခန်းချင်းရှင်းလင်းမှတ်စုတွေကို မြန်မာလို မှတ်တမ်းတင်မယ်၊ နေခဲ့တဲ့ တွေ့ခဲ့တဲ့ အတွေ့အကြုံတွေကို ရေးမယ်ဆိုပြီး ဖွင့်လိုက်တာကနေ အခုချိန်ထိ စွဲစွဲမြဲမြဲ မှတ်တမ်းတင်ဖြစ်နေတုန်းပဲ

ဖေ့ဘုတ်ကတော့ အယုံအကြည်သိပ်မရှိလို့ စိတ်ကူးပေါက်ရင်တင်တယ်၊ ဖျက်ချင်လည်းဖျက်တယ်။ ပိုစ့်တွေ ပုံတွေတင်မကဘူး၊ ဖေ့ဘုတ်အကောင့်ကိုလည်း တစ်နှစ်တစ်ခါနီးပါးလောက် ဖျက်ပြီး အသစ်ပြန်သုံးဖြစ်တယ်။ ဖေ့ဘုတ်မှာ သုံးတဲ့ အီးမေးကိုလည်း ကိုယ်တရားဝင်သုံးနေတဲ့ အီးမေးနဲ့ ဘယ်တော့မှ ချိတ်မထားဘူး။ ဖေ့ဘုတ်အကောင့်တစ်ခုဖွင့်ရင် အီးမေးအသစ်တစ်ခုဖွင့်ပြီး သုံးတာပဲ။ ကိုယ့်အကောင့်လုံခြုံရေးရယ် ကိုယ့်အီးမေးတွေ လုံခြုံရေးရယ် ဒီလောက်တော့ ခွဲခြားထားမှဖြစ်မယ်လို့ အောက်မေ့တယ်

ဒါကြောင့် ဖေ့ဘုတ်ကို အကြောင်းပြုပြီးတော့ဖြင့် ကိုယ့်ကို နောက်ကြောင်းလှန်ဖို့ ဘယ်တော့မှများ စိတ်မကူးကြလေနဲ့။ကိုယ်ပုံမှန်စာရေးနေတဲ့ ဂျာနယ်တွေ သတင်းစာတွေတောင် တစ်ချို့ သိပ်ကို စည်းစနစ်တကျနဲ့ မှတ်တမ်းတင်တဲ့ တိုက်တွေကလွဲရင် ကိုယ်ဘယ်သူလဲဆိုတာ သိကြတာမဟုတ်။ ကိုယ့်မှာ သတင်းစာဂျာနယ်တိုက်နဲ့ ဆက်သွယ်တဲ့ အီးမေးက သပ်သပ်၊ ကျောင်းကိစ္စ တက္ကသိုလ်ကိစ္စ နဲ့ ပညာရေးကိစ္စအတွက် သုံးတဲ့ အီးမေးက သပ်သပ်၊ ကိုယ်ဖတ်ချင်တဲ့စာတွေဘာတွေနဲ့ ပတ်သက်ပြီး သုံးတဲ့အီးမေးက သပ်သပ်၊ ဖေ့ဘုတ်အီးမေးက သပ်သပ်၊ ကိုယ့်ဓာတ်ပုံတွေဘာတွေကို ဂူဂဲဆာဗာမှာ သိမ်းတဲ့ အီးမေးက သပ်သပ်။

တစ်ခုတော့ရှိတယ်

ကိုယ့်ဖုန်းကို ရအောင်ယူနိုင်ရင်တော့ အာ့တာတွေ ရကောင်းရမယ်

ဒါပေမယ့် ကိုယ့်ဖုန်းက စကားဝှက် ဆယ်ခါ မှားထည့်မိတာနဲ့ ဖုန်းထဲက ဒေတာ အကုန်ပျက်မှာ၊ဖုန်းထဲကဒေတာပျက်တာက ကိုယ့်အတွက် ကိစ္စမရှိဘူး၊ ဖုန်းထဲကဒေတာက ကလောက်ထဲ အချိန်နဲ့တစ်ပြေးညီရောက်နေတာ အချိန်မရွေး ပြန်ဆွဲချလို့ရတယ်။ ကိုယ့်ဖုန်းကိုခိုးရင် ဖုန်းအခွံပဲရကောင်းရမယ်။ ဆင်းကတ်ကတော့ စဉ်းစားမနေနဲ့ ဖုန်းထဲကဆင်းကတ်က အင်တာနက်သုံးဖို့အတွက်ပဲ ကျန်တဲ့ကိစ္စတွေအတွက် သုံးတဲ့ နံပတ်ပါတဲ့ ဆင်းကတ်တွေကို ကိုယ်နဲ့အတူ ထားလေ့မရှိဘူး။

ကိုယ့်အကြောင်းကို သေချာသိချင်ရင် အသေချာဆုံးနည်းလမ်းက တစ်ခုပဲရှိတယ်။ သိချင်ရင် ကိုယ်နဲ့ခင်အောင်လုပ် ကိုယ်ကချစ်အောင်နေ၊ ချစ်တဲ့သူတွေကို ကိုယ်က သိပ်ယုံတာ

:p :p :p

ငါ့သယ်ရင်း ဟက်ကာတွေ မမြင်ပါစေနက်

Saturday 25 May 2019

ဗူးသီးကြော်



. . . ခင်ဗျားကို ဗူးသီးကြော်ခိုင်းတယ်ဆိုပါတော့၊ ဗူးသီးကို အပြင်မှာ တကယ်မကြော်ခင် ပါးစပ်နဲ့ အရင်ကြော်ပြဆိုရင် ခင်ဗျား ဘယ်လိုပြောမလဲ။ ခင်ဗျား ဗူးသီးလှီးမယ် မုန့်နှစ်စပ်မယ် မီးဖိုမယ် ဒယ်အိုးတယ်မယ် ဆီထည့်မယ် ဆီကျက်ရင် ဗူးသီးစိတ်ကို မုန့်နှစ်နဲ့နယ်ပြီး ဆီပူထဲထည့်ကြော်မယ် ကျက်ရင် ပြန်ဆယ်မယ် စသည်ဖြင့်ပေါ့လေ။
.
. . . ကောင်းပါပြီ ဗူးသီးကြော်တာ ခင်ဗျားကို မလုပ်ခိုင်းဘူး ကွန်ပြူတာကို လုပ်ခိုင်းမယ် ပရိုဂရမ်ရေးပေးဗျာဆိုရင် ဘယ်လိုရေးမလဲ၊ အခြေခံအားဖြင့်တော့ ခုနပြောတဲ့ အဆင့်တွေကို ကွန်ြ့ပူတာနားလည်တဲ့ ဘာသာစကားနဲ့ ရေးပြီး စက်ကို ခိုင်းရမှာပါပဲ။ အာ့လိုခိုင်းရင် အဆင့်ကျော်လို့ လွဲလို့မရဘူးနော်၊ ဥပမာအားဖြင့် မုန့်နှစ်နဲ့ဗူးသီးစိတ်နယ်တဲ့အဆင့်ရယ် ဗူးသီးဖတ်ကို ဆီပူထဲထည့်တဲ့ အဆင့်ရယ် နှစ်ခုက ရှေ့နောက်လွဲလို့မရဘူး၊လွဲရင် မုန့်နှစ်ကျွပ်ကျွပ်ရွရွလေးနဲ့ ဗူးသီးကြော်မထွက်ပဲ ဗူးသီးဖတ်ဆီပူကြော်မှာ မုန့်နှစ်အစိမ်းတွေနယ်ထားတာကြီးရမှာ
.
. . . လွန်ခဲ့တဲ့ ဆယ့်လေးငါးနှစ်က ကိုယ်လည်း ရန်ကုန်တက္ကသိုလ်မှာ ကွန်ပြူတာအခြေခံနဲ့ ပရိုဂရမ်ရေးနည်းတွေကို သင်ဖူးခဲ့တာရယ် လုပ်ငန်းခွင်မှာ လက်တွေ့သုံးဖူးတာရယ်တွေကြောင့် ဒီဟာတွေနဲ့ ပတ်သက်ရင် အခုထိကို ထိတွေ့သုံးစွဲနေဖြစ်တာ။ အခု အသက်ကိုးနှစ်ထဲရောက်နေတဲ့ သမီးဖြစ်သူကို ကွန်ပြူတာ ပရိုဂရမ်ကုတ်ရေးသားနည်း စသင်တော့မယ်ဆိုတော့ အဲ့သည်ပညာရပ်နဲ့ အဆင့်မြင့်ဘွဲ့ရထားပြီး လက်တွေ့လည်း အသက်မွေးဝမ်းကျောင်း ပညာရှင်တစ်ပိုင်းဖြစ်နေတဲ့ သူငယ်ချင်းက မျက်ကလဲဆန်ပြာနဲ့ မှတ်ချက်ဆန်တဲ့ မေးခွန်းတစ်ခု ထမေးတယ်။
.
. . . ကလေးက မငယ်သေးဘူးလား တဲ့
.
. . . ကိုယ်တွေကျော်ဖြတ်ခဲ့တဲ့ အတွေ့အကြုံအရဆိုရင်တော့ အသက်ရှစ်နှစ်ကိုးနှစ်က ကွန်ပြူတာ ပရိုဂရမ်ကုတ်ရေးနည်းသင်ဖို့ အလွန်ကို ငယ်သေးတယ်လို့ ယူဆနိုင်ပေမယ့် တကယ်တမ်းက ပရိုဂရမ်တစ်ခုရေးတဲ့နေရာမှာ စဉ်းစားရတဲ့ ယုတ္တိဗေဒနဲ့ လုပ်ငန်းစဉ်စဉ်းစားနည်းက အသက် ငါးနှစ်ခြောက်နှစ် ဆိုရင်ကိုပဲ စသင်လို့ ရနေပါပြီ။ နောက်ပြီး ကလေးတွေကို ပရိုဂရမ်ကုတ်ရေးသားနည်းနဲ့ ပတ်သက်တဲ့ ကလေးကစားစရာစာအုပ်တွေ ရှိနေပါပြီ။ အဲသည်ထဲက ကစားနည်းလေးတွေ ကစားရင်းနဲ့ ကလေးက ပရိုဂရမ်ကုတ်တွေ ဘယ်လိုရေးရတယ်ဆိုတာ သင်ယူသွားမှာဖြစ်ပါတယ်။ အင်္ဂလိပ်စာ အခြေခံတော့ လိုတာပေါ့လေ။
.
. . . စတုတ္ထမြောက်စက်မှုတော်လှန်ရေးခေတ်မှာ လူဖြစ်လာတဲ့ ပန်းပွင့်လေးအနေနဲ့ အခုအချိန်ကတည်းက ဒါတွေနဲ့ပတ်သက်ပြီး ထိတွေ့ရင်းနှီးမှုရထားမှ အဆင်ပြေလိမ့်မယ်။ လောလောဆယ်တော့ သူနဲ့အတူ ကစားဖို့ ကိုယ့်ရဲ့ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်က သင်ခဲ့တဲ့ ပရိုဂရမ်ကုတ်ရေးသားနည်း သင်ခန်းစာရဲ့ ခုခေတ် နောက်ဆုံးပေါ်နည်းလမ်းတွေကို ပြန်နွှေးရအုံးမယ်။ လောလောဆယ်တော့ မယ်မင်းကြီးမက ရွာက အဖွားအိမ်ခြံကျယ်ကြီးထဲက သစ်ပင်တွေကြား ပတ်ပြေးပြီး ပျော်နေလေရဲ့
.
ဇေယျာနိုင်
၂၅ မေ ၂၀၁၉

Saturday 18 May 2019

Academic Freedom


. . . မနက်က အိပ်ယာနိုးနိုးချင်း ဖတ်လိုက်ရတဲ့ စာတစ်ပုဒ်ထဲမှာ Academic Freedom နဲ့ Freedom of Learner ဆိုတဲ့ ဝေါဟာရနှစ်ခုကို တွေ့မိလို့ရယ်၊ အဲသည် သဘောအဓိပ္ပာယ်နဲ့ အနှစ်သာရကို နားလည်မှုလွဲနေကြတဲ့ အရိပ်အယောင်တွေ တွေ့လို့ရယ် ဒီစာကို ရေးဖြစ်ပါတယ်။
.
. . . ကျောင်းသားက တက်ချင်တဲ့အတန်းကို တက်လို့ရတယ်၊ ဆရာကလည်း သင်ချင်ရာသင်လို့ရတယ်ဆိုတာ တော်တော်ကို စည်းမရှိဘောင်မရှိသဘောသက်ရောက်တဲ့ အရေးအသားကြောင့် ဆိုင်ရာဗဟုသုတနောက်ခံအားနည်းသူအနေနဲ့ နားလည်မှုလွဲနိုင်ပါတယ်။ သင်ချင်တာသင်လို့ရတယ် တက်ချင်တဲ့အတန်းတက်လို့ရတယ်ဆိုတာက သတ်မှတ်ထားတဲ့ စည်းဘောင်ထဲမှာသာဖြစ်ပါတယ် ဆိုတာကို ရှင်းပြချင်ပါတယ်။
.
. . . ကျွန်တော်အခု တက်နေတဲ့ တက္ကသိုလ်ရဲ့ နည်းစနစ်ကို ရှင်းပြရင် လွတ်လပ်တဲ့ပညာသင်ကြားမှုသဘောတရားကို အနည်းငယ်ဖြစ်ဖြစ် တီးမိခေါက်မိရှိနိုင်မယ်ထင်ပါတယ်။ ကျွန်တော်ရဲ့ တက္ကသိုလ်က နိုင်ငံတကာဆက်ဆံရေးပညာရပ်နဲ့ မူဝါဒရေးရာကို အဓိကထားသင်ကြားပေးတဲ့ လူမှုရေးရာသိပ္ပံပညာရပ်အထူးပြု တက္ကသိုလ်ဖြစ်ပါတယ်။ ဒါကြောင့် ဒီကျောင်းကို လာတက်တဲ့သူတွေအနေနဲ့ အဲသည်နယ်ပယ်က ဘာသာရပ်တွေကိုပဲ မျှော်လင့်ထားလို့ရပြီး အဲသည်ဘာသာရပ်တွေကို ဆည်းပူးမယ့်သူတွေပဲ လာရောက်ကြပါတယ်။ လွတ်လပ်တဲ့ သင်ကြားသင်ယူမှုဝန်းကျင်ကို ဒီတက္ကသိုလ်က ဘယ်လို တည်ဆောက်ထားလဲဆိုတာ အပိုင်းနှစ်ပိုင်းခွဲ တင်ပြပါ့မယ်
.
သင်ကြားရေးပိုင်း
.
. . . ပထမပိုင်းအနေနဲ့ တက္ကသိုလ်က သင်ကြားရေးအပိုင်းရဲ့ လွတ်လပ်မှုဖြစ်ပါတယ်။ တက္ကသိုလ်မှာ ဘယ်ဘာသာရပ်တွေ သင်ကြားပေးမလဲဆိုတာကို တက္ကသိုလ်ဘုတ်အဖွဲ့က ဆုံးဖြတ်ပြီးတဲ့အခါ အဲသည်ဘာသာရပ်တွေ သင်ကြားပေးနိုင်တဲ့ ဆရာတွေကို ခေါ်ယူပါတယ်။ ခေါ်တဲ့အခါမှာလည်း တက္ကသိုလ်က ပိုက်ဆံတတ်နိုင်ရင်တတ်နိုင်သလောက် တက္ကသိုလ် ဂုဏ်သတင်းကြီးရင်ကြီးသလောက် ဆရာကောင်းတွေရပြီး ဆရာတွေကောင်းလေလေ တက္ကသိုလ်ရဲ့ ဂုဏ်သတင်းတက်လေဖြစ်တာမို့ အဲသည်နှစ်ခု အပြန်အလှန် ဟန်ချက်ညီနေအောင် တက္ကသိုလ်အုပ်ချုပ်ရေးဘုတ်အဖွဲ့က လုပ်ဆောင်ကြပါတယ်။ တက္ကသိုလ်အဆင့်အတန်းမြင့်မှ ဆရာကောင်းတွေလာမယ်၊ ဆရာကောင်းတွေလာမှ တက္ကသိုလ်အဆင့်အတန်းမြင့်မယ်၊ ဒါမှသာ အဆင့်အတန်းမီတဲ့ကျောင်းသားကောင်းတွေလာတက်မယ်၊ ကျောင်းသားတွေရဲ့ ပညာရပ်ဆိုင်ရာ အဆင့်အတန်းမြင့်မြင့် မွေးထုတ်ပေးနိုင်မှ တက္ကသိုလ်ဂုဏ်တက်မယ်၊ တက္ကသိုလ်ဂုဏ်တက်မှ ဆရာကောင်းတွေလာချင်မယ် စသည်ဖြင့် တစ်ခုနဲ့တစ်ခု အမီသဟဲဖြစ်နေတာကြောင့် အဲသည်ဟန်ချက်မပျက် တက္ကသိုလ်ရဲ့ ဂုဏ်သတင်းတက်အောင် သက်ဆိုင်ရာဘုတ်အဖွဲ့က ဆရာတွေ ခေါ်ယူရာမှာ ဘာသာရပ်တွေ သတ်မှတ်ရာမှာ အောင်မြင်မှုအဆင့်တွေ သတ်မှတ်ရာမှာ မူဝါဒတွေချပြီး လုပ်ဆောင်ကြရပါတယ်။
.
. . . ဆက်လက်ပြီး ဆရာတွေ တစ်ဦးချင်းရဲ့ လွတ်လပ်တဲ့ လုပ်ဆောင်ချက်တွေအကြောင်း ဆက်ပြောပါ့မယ်။ ဆရာတွေဟာ ဘယ်ဘာသာရပ်တွေကို ပို့ချမယ်ဆိုတာ ကျောင်းရဲ့ ဆရာများအစည်းအဝေးမှာ ဆွေးနွေးညှိနှိုင်းကြရပါတယ်။ ကျောင်းရဲ့အထူးပြုဘာသာရပ်ဘောင်ထဲလည်းဝင်အောင် ကျောင်းသားတွေအတွက် ဈေးကွက်ဝင်တဲ့ ဘာသာရပ်လည်းဖြစ်အောင်၊ စိတ်ဝင်စားတဲ့ကျောင်းသားတွေများတဲ့ ဘာသာလည်းဖြစ်အောင် ဘက်ပေါင်းစုံက စဉ်းစားတိုင်ပင်ပြီး ဘယ်ဆရာက ဘယ်ဘာသာရပ်တွေကို သင်ကြားမလဲဆိုတာ ဆွေးနွေးဆုံးဖြတ်ရပါတယ်။ ဆရာများအဖွဲ့အစည်းအဝေး (Faculty meeting) မှာ အဆိုပါအတိုင်း ဆုံးဖြတ်ပြီးတဲ့အခါ သက်ဆိုင်ရာဆရာများက သူတို့သင်မယ့် ဘာသာရပ်သင်ရိုးညွှန်းတမ်းကို ကိုယ့်ဘာသာ ရေးဆွဲတင်ပြကြရပါတယ်။ (ကျွန်တော်တို့ဆီက တက္ကသိုလ်အများစုလို အရင်ကတည်းက ရေးဆွဲထားတဲ့ သင်ရိုးညွှန်းတမ်းနဲ့ ပြဌာန်းစာအုပ်ကိုကိုင်ပြီး ဘယ်ဆရာက သင်မလဲတာဝန်ပေးတာနဲ့ ပြောင်းပြန်ဖြစ်နေတာကို သတိပြုစေလိုပါတယ်)
.
. . . ဒီနေရာမှာ ဘာသာရပ်တစ်ခုကို သင်ကြားတဲ့ ဆရာတစ်ယောက်အနေနဲ့ သူ့ဘာသာရပ်နဲ့ ပတ်သက်ပြီး ဘယ်လိုသင်ကြားမယ် ဘာတွေကိုသင်ကြားမယ်၊ တက္ကသိုလ်ကချမှတ်ထားတဲ့ မူဝါဒအဆင့်အတန်းနဲ့အညီ အမှတ်ပေးစည်းမျဉ်းကို ဘယ်လိုရေးဆွဲသတ်မှတ်ထားမယ်ဆိုတာတွေကို မိမိဘာသာ တစ်ဦးတည်းလွတ်လပ်စွာ သတ်မှတ် ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။ ဒါကြောင့် ဆရာတစ်ယောက်နဲ့တစ်ယောက် တစ်ဘာသာနဲ့တစ်ဘာသာ အမှတ်ပေးပုံခြင်း မတူသလို ကျောင်းသားရဲ့ အရည်အသွေးကို အကဲဖြတ်ပုံခြင်းလည်း မတူပါဘူး။
.
. . . တစ်ချို့ဆရာတွေက အတန်းတက်အမှတ်ကို ရာခိုင်နှုန်းတစ်ခုအနေနဲ့ ထည့်တွက်ပေမယ့် တစ်ချို့က ထည့်တွက်ချင်မှ တွက်ပါမယ်။ တစ်ချို့က စာမေးပွဲနှစ်ခါဖြေခိုင်းပေမယ့် တစ်ချို့ စာမေးပွဲလုံးဝမဖြေခိုင်းတာရှိသလို စာမေးပွဲခန်းထဲ ယူချင်တဲ့စာအုပ်ယူလာကိုးကားဖြေခွင့်ပေးတဲ့ ဆရာတွေလည်းရှိပါတယ်။ တစ်ချို့ စာတမ်းတစ်စောင်နှစ်စောင်ရေးခိုင်းသလို တစ်ချို့က အဖွဲ့လိုက်လုပ်ငန်းတွေမှာ အမှတ်ပိုပေးတာ စသည်ဖြင့် ဆရာတစ်ယောက်ချင်းစီက ကိုယ်ပိုင်မူနဲ့ အရာရာကို ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။ ကျွန်တော်တို့ဆီမှာလို ကျောင်းသားအားလုံး စာမေးပွဲဖြေရတဲ့ စာမေးပွဲကြီးဆိုတာမျိုး မရှိဘဲ ဆရာတစ်ယောက်ချင်းစီရဲ့ အကဲဖြတ်စနစ်အတိုင်းသာ ကျောင်းသားက လိုက်ပါလုပ်ဆောင်ရတာဖြစ်ပါတယ်။
.
. . . ဒုတိယပိုင်းအနေနဲ့ ကျောင်းသားတွေရဲ့ ရွေးချယ်နိုင်ခွင့်ကို တင်ပြလိုပါတယ်။ ကျောင်းသားက ရွေးချယ်နိုင်ခွင့်ရှိတယ်ဆိုပေမယ့် သတ်မှတ်ထားတဲ့ ဘောင်ထဲမှာပဲ ရွေးချယ်ခွင့်ရှိတယ်ဆိုတာ အထက်မှာပြောခဲ့ပါတယ်။ ဒါကြောင့် မူဝါဒရေးရာအထူးပြုကျောင်းမှာ ဆေးပညာတွေ အင်ဂျင်နီယာပညာတွေ မျှော်လင့်လို့မရသလို စိုက်ပျိုးရေးအထူးပြုတဲ့ကျောင်းမှာလည်း ဘာသာစကားဆိုင်ရာပညာရပ်တွေ မျှော်လင့်လို့မရပါဘူး။
တက္ကသိုလ် (University) အောက်မှာကို သက်ဆိုင်ရာဘာသာရပ်အထူးပြု (Schools) တွေ ခွဲထားပြီး အဲသည်အောက်မှာမှ ကျောင်းသားက ဘယ်ဘာသာရပ်အထူးပြုသလဲ (Program) ရွေးချယ်တဲ့အပေါ်မူတည်ပြီး ဘယ်ဘာသာရပ်တွေကို ရွေးချယ်သင်ကြားခွင့်ရှိသလဲဆိုတာ ဖြစ်လာတာပါ။ ကျွန်တော့်တက္ကသိုလ်မှာ International Relations School နဲ့ International Development School ဆိုတဲ့ ကျောင်းနှစ်ခုခွဲထားပြီး ကျောင်းတစ်ခုချင်းစီရဲ့အောက်မှာ သက်ဆိုင်ရာ Program တွေရှိပါတယ်။
.
. . . ဒါကြောင့် International Relations School အောက်က International Relations Program ကိုယူထားတဲ့ ကျောင်းသားတစ်ယောက်က အဲသည်ပရိုဂရမ်က သတ်မှတ်ထားတဲ့ မယူမဖြစ် ဘာသာရပ် (Core Courses) ဆယ်ခုလောက်ကို မဖြစ်မနေ ယူကြရပါတယ်။ အဲသည်သတ်မှတ်ထားတဲ့ ဘာသာရပ်အတန်းတွေကို မယူဘဲ သတ်မှတ်ထားတဲ့ အဆင့်နဲ့ မအောင်မြင်ဘဲနဲ့ ဘွဲ့မပေးပါဘူး။ ဒီပရိုဂ၇မ်မှာ မှတ်ပုံတင်ထားတဲ့ ကျောင်းသားတစ်ယောက်အနေနဲ့ အဲသည်သတ်မှတ်ထားတဲ့ မယူမနေရဘာသာရပ်တွေကို မယူဘူးလို့ ငြင်းခွင့်မရှိပါဘူး။ ငြင်းပယ်မယ်ဆိုအုံးတော့ ဘွဲ့မရရုံပဲရှိမှာပါ။

ပိုနားလည်အောင်ရှင်းပြရရင်

. . . IR Program မှာ မယူမနေရ ဘာသာရပ်က ဆယ်ခုရှိတယ်ဆိုပါစို့။ ဘာသာရပ်တစ်ခုအတွက် ခရက်ဒစ်နှစ်မှတ်ပေးပြီး ဘွဲ့ရဖို့လိုအပ်တဲ့ အနည်းဆုံး ခရက်ဒစ်က အမှတ်လေးဆယ်ဆိုပါစို့။ ကျန်တဲ့ ခရက်ဒစ် အမှတ် နှစ်ဆယ်အတွက် ဘယ်အတန်းတွေ တက်မလဲဆိုတာကို သတ်မှတ်ထားတဲ့ (Elective Courses) တွေထဲကနေ ကျောင်းသားက ရွေးခွင့်ရှိပါတယ်။ ရွေးခွင့်ရှိတယ်ဆိုတာတောင်မှ University တစ်ခုလုံးက သင်ကြားသမျှတွေထဲကနေ ယူချင်ရာယူလို့မရပါဘူး။ သက်ဆိုင်ရာ School အောက်က Program တွေထဲကပဲ အများဆုံး ရွေးရတာပါ။ ဥပမာ IR School အောက်က IR Program တက်နေတဲ့ကျောင်းသားက IM School အောက်က ဘာသာရပ်တွေကို သွားယူချင်တယ်ဆိုရင် ခရက်ဒစ် လေးမှတ်ထက် ပိုမပေးပါဘူး။ ဆိုလိုချင်တာက အချိန်ရလို့ စိတ်လည်းဝင်စားလို့ တစ်ခြား School အောက်က အတန်းတွေကို မှတ်ပုံတင်ပြီး သွားတက်မယ်ဆိုရင်တောင် ခရက်ဒစ် လေးခုအထိပဲ ရမှတ်ထဲ ထည့်တွက်ပေးပါတယ်။ ဘာလို့လဲဆိုတော့ ကျောင်းသားကို သက်ဆိုင်ရာ ဘာသာရပ်နယ်ပယ်နဲ့ နီးစပ်တဲ့ ဘာသာရပ်တွေကိုပဲ ယူစေချင်လို့ စနစ်အားဖြင့် ထိန်းကျောင်းကန့်သတ်ထားတာဖြစ်ပါတယ်။
.
. . . ကျောင်းသားက ဘာသာရပ်တွေကို ရွေးချယ်တဲ့ နည်းစနစ်ကလည်း အဆင်ပြေအောင် လုပ်ပေးထားပါတယ်။ အတန်းတစ်တန်း မစခင် တစ်လလောက်အလိုမှာ ကျောင်းသားဟာ သူတက်မယ့်အတန်းအတွက် ကြိုတင်မှတ်ပုံတင်ခြင်းကို လုပ်ဆောင်ရပါတယ်။ အွန်လိုင်းကနေ လုပ်ရတာပါ။ အဲလိုလုပ်တဲ့အခါမှာ တက္ကသိုလ်ဝက်ဆိုက်ထဲဝင်ပြီး ဒီအတန်းမှာတော့ ဘယ်ဘာသာရပ်တွေကို ပို့ချပေးမယ်ဆိုတာကို ဖော်ပြထားပြီး ဘာသာရပ်တစ်ခုချင်းအလိုက် သင်ရိုးနဲ့ လုပ်ဆောင်ရမယ့်အရာတွေ ဖတ်ရမယ့် စာအုပ်တွေ၊ စာသင်ချိန်တစ်ခုချင်းအလိုက် သင်ကြားမယ့် ခေါင်းစဉ်တွေ၊ အမှတ်ပေးစည်းမျဉ်းတွေကို သက်ဆိုင်ရာ သင်ကြားမယ့် ဆရာတွေက တင်ထားပေးပါတယ်။ ဒါ့အပြင် သင်ကြားပေးမယ် အချိန်ဇယားကိုလည်း တစ်ပါတည်းဖော်ပြပေးထားပါတယ်။ ဒါကြောင့် ကျောင်းသားက အတန်းကို ရွေးချယ်ဖို့အတွက် လုံလောက်တဲ့ သတင်းအချက်အလက်ကိုရပြီး ကိုယ်တက်ချင်တဲ့ ဘာသာရပ်နှစ်ခုက အချိန်တိုက်နေရင် ဘယ်ဟာကို ရွေးရမလဲ ဆိုတာကအစ စီစဉ်လို့ရပါတယ်။
.
. . . အတန်းတစ်ခု စစချင်း ပထမတစ်ပတ်မှာ ကျောင်းသားက သူမှတ်ပုံတင်ထားတဲ့ အတန်းတွေကို လိုက်တက်ကြည့်ပြီး သူမှတ်ပုံမတင်ထားပေမယ့် စိတ်ဝင်စားတဲ့အတန်းတွေကိုလည်း သက်ဆိုင်ရာဆရာတွေကို ခွင့်တောင်းပြီး လိုက်တက်ရင်း ဆရာတွေနဲ့ ဘာသာရပ်သဘောတွေကို အကဲခတ်ခွင့်ရှိပါတယ်။ ကျောင်းတက်ချိန် ပထမတစ်ပတ်ပြီးတဲ့အခါကျမှ ဘာသာရပ်မှတ်ပုံတင်ကို အပြီးသတ်လုပ်ဆောင်ရပါတယ်။ ဒါက ကျောင်းသားဘက်က ရွေးချယ်နိုင်ခွင့်ပါ။
.
. . . ဆရာက ကျောင်းသားရဲ့ လိုက်ပါလုပ်ဆောင်နိုင်မှုကို အကဲဖြတ် အမှတ်ပေးသလို ကျောင်းသားကလည်း ဆရာကို အကဲဖြတ် အမှတ်ပေးတဲ့စနစ်ပါရှိပါတယ်။ အတန်းတစ်ခုရဲ့ နောက်ဆုံး သတင်းပတ်မှာ သက်ဆိုင်ရာ ဘာသာရပ်နဲ့ နည်းပြဆရာကို အကဲဖြတ်တဲ့ အကဲဖြတ်လွှာကို ကျောင်းသားက ဖြည့်ရပါတယ်။ သက်ဆိုင်ရာ ၀က်ဆိုက်ကနေ အချိန်အကန့်အသတ်နဲ့ ကျောင်းသားဆီပို့ပေးတဲ့ အကဲဖြတ်လွှာကို ကျောင်းသားက သူ့စကားဝှက်နဲ့ ၀င်ရောက်ပြီး ဘာသာရပ်ပိုင်းဆိုင်ရာ သင်ကြားမှုပိုင်းဆိုင်ရာ စသည်ဖြင့် အကဲဖြတ်လွှာမှာ မိမိစိတ်ကြိုက် အမှတ်ပေးရပါတယ်။ ဘာသာရပ်ကို ဆရာကို ဝေဖန်ဆန်းစစ်ချက်တွေကို စိတ်ကြိုက်ရေးသားရပါတယ်။ ဒီလိုကျောင်းသားက ရေးသားတဲ့ အကဲဖြတ်ချက်ကို သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ကလွဲပြီး ဘယ်သူမှ မသိစေရပါဘူးဆိုတဲ့ အာမခံချက်ပေးထားတာကြောင့် ကျောင်းသားတစ်ယောက်က ဘာသာရပ်အပေါ်မှာဖြစ်စေ ဆရာပေါ်မှာဖြစ်စေ သင်ကြားနည်းစနစ်ပေါ်မှာဖြစ်စေ ဝေဖန်ဆန်းစစ်အကြံ့ပု အမှတ်ပေးခွင့်ရှိနေပါတယ်။
.
. . . အတန်းတစ်တန်းပြီးတိုင်းမှာလည်း ကျောင်းသားတွေရဲ့ အမှတ်စာရင်းနဲ့ အောင်မြင်မှုအဆင့်အတန်းတွေကို တစ်ယောက်ချင်းစီပို့ပေးသလို ဆရာတွေအပေါ် ကျောင်းသားတွေရဲ့ အကဲဖြတ်အမှတ်ပေးချက်တွေကို အားလုံးသိအောင် ပွင့်လင်းမြင်သာ ထုတ်ပြန်ပေးပါတယ်။ ဒါကြောင့် ကျောင်းသားတစ်ယောက်ဟာ ဘာသာရပ်တစ်ခု ဆရာတစ်ယောက်ကို သူ့ရဲ့သင်ရိုးညွှန်းတမ်းတွေ အမှတ်ပေးစည်းမျဉ်းတွေအပေါ်မှာသာမက သူသင်ခဲ့တဲ့အတန်းက ကျောင်းသားတွေရဲ့ ဝေဖန်အကြံပြုချက်တွေကိုပါ မြင်သာထင်သာ လေ့လာခွင့်ရပြီး လွတ်လွတ်လပ်လပ် ရွေးချယ်နိုင်ခွင့်ရှိနေပါတယ်။
ဒါကြောင့် တစ်ချို့အတန်းတွေမှာ ကျောင်းသားတွေ စုပြုံနေပြီး တစ်ချို့အတန်းတွေမှာ ကျောင်းသားတွေ နည်းနေတာစသည်ဖြင့် မျိုးစုံရှိနေနိုင်တာဖြစ်ပါတယ်။
.
. . . အခုရေးသားခဲ့တာကတော့ လွတ်လပ်တဲ့ သင်ကြားသင်ယူမှုဝန်းကျင်နဲ့ ပတ်သက်ပြီး စနစ်ပိုင်းဆိုင်ရာ ကိုယ်တွေ့ ဗဟုသုတတစ်ချို့ကို မျှဝေပေးတာဖြစ်ပါတယ်။ ပြောမယ်ဆိုရင်တော့ အများကြီးကျန်သေးပေမယ့် ဒီလောက်ဆိုရင်တော့ တီးမိခေါက်မိရှိပြီလို့ ယူဆပါတယ်။ ပိုသိချင်တာများရှိရင် အောက်က မှတ်ချက်နေရာမှာ မေးပေးပါ။ အများသိအောင် ဖြေပေးပါ့မယ်။

ကျေးဇူးတင်ပါတယ်ခင်ဗျ
.
ဇေယျာနိုင်

Friday 17 May 2019

Value Factor


သဘောထားကြီးလှချည် ထင်မနေကြနဲ့ သူတို့အတွက် ခြေအိတ်က ယုတ်နိမ့်တယ်လို့ အယူမရှိတာ ဂျပန်မှာ ကမာကူရဘုရားရောက်ဖူးရင်တွေ့လိမ့်မယ် ဆင်းတုတော်ပုံကို မုန့်လုပ်တယ် ယပ်တောင်လုပ်တယ် ခြေအိတ်လုပ်တယ်

ဒီလိုလုပ်ပြတာက
ကျွန်တော်က ခင်ဗျားဖန်ပါလို့ ပြောတဲ့သဘောပဲ၊ စိုင်းစိုင်းပွဲသွားတဲ့ခလိန်းမတွေ ပါးမှာ SAI လို့ စတစ်ကာကပ်ထားသလိုပဲ၊ ဟိုက သဘောတောင်ကျအုံးမယ်

ယဉ်ကျေးမှု ဓလေ့ တန်ဖိုးတွေ မတူကြတာကို နားလည်ဖို့လိုတယ်၊ သူ့ဓလေ့ကိုယ့်ဓလေ့ တူတာမဟုတ်

အာ့တာကိုလစ်ဘရယ်ကြောင်ပြီး
သောက်ရူးထပြီး
တို့လဲလုပ်မယ်ကွဆို
မြန်မာ့တန်ဖိုးတွေနဲ့ကန့်လန့်တိုက်ပြီး
အနည်းဆုံးတော့
အဆဲခံရလိမ့်မယ်

Saturday 4 May 2019

ရာဇဘိသေသ




ဘူမိဘောဘုရင်မင်းမြတ်နတ်ရွာစံပြီးတဲ့နောက် မဟာချက်ကရီမင်းဆက်ရဲ့ ဒသမမြောက်ရာမမင်းအဖြစ်တင်မြှောက်တဲ့ ရာဇဘိသေသမင်္ဂလာရဲ့ အဓိကအကျဆုံး အစီအစဉ်များကို ဒီနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဘုရင့်နန်းတော်မှာ ကျင်းပပါတယ်။

ဘုရင်အဖြစ်ဘိသိက်မခံယူခင်မှာ အရင်ဆုံး ၀တ်ဖြူစင်ကြယ်ကို ဖိုးသူတော်လိုဝတ်ဆင်ပြီး ထိုင်းနိုင်ငံတစ်လွှား နေရာပေါင်း ၉ နေရာက ရေကို ဂါထာမန္တန်များနဲ့စီမံထားတဲ့ ရေစင်နဲ့ ကိုယ်လက်သန့်စင်ပါတယ်။ 


ပြီးတဲ့အခါ မင်းဝတ်တန်ဆာကို ဆင်မြန်းပြီးတဲ့အခါ ရှစ်ထောင့်ပုံသစ်သားပလ္လင်မှာထိုင်ပြီး ရာဇဘိသေသ ရေစင်သွန်းပါတယ်။ မြန်မာပြည်က တပ်ချုပ်ကြီးရဲ့ မွေးစားဖခင်အဖြစ် လူသိများတဲ့ ထိုင်းဘုရင့်အတိုင်ပင်ခံကောင်စီ ဥက္ကဌ အငြိမ်းစားဗိုလ်ချုပ်ကြီး ဖရမ်၊ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာ အပါအ၀င် ထိုင်းအဆင့်မြင့်အရာရှိကြီး ရှစ်ယောက်က ထိုင်းနိုင်ငံတစ်လွှား နေရာပေါင်း ၁၀၈ နေရာက ဆောင်ယူလာတဲ့ ရေစင်ကို ဆက်သရပြီး ပုဏ္ဏားရှစ်ယောက်က ရေစင်ကို သွန်းပေးရပါတယ်။ 


အဲသည်နောက် ရာဇဘိသေသ မင်္ဂလာရဲ့ အထွဋ်အထိပ်ကာလဖြစ်တဲ့ ဥသျှောင်ဆောင်းတဲ့ အစီအစဉ်ဖြစ်ပါတယ်။ မေရုမြင့်မိုရ်တောင်ထွတ်သဖွယ် ပြုလုပ်ထားအပ်တဲ့ ဘုရင့်ဥသျှောင်ကို ရွှေအလေးချိန် လေးပိသာခွဲကျော် (၁.၆၅ ကီလိုဂရမ်) နဲ့ ပြုလုပ်ထားပြီး ဘုရင့်ရဲ့ ကြီးလေးတဲ့တာဝန်ကို ဦးထိပ်ပန်ဆင်တယ်လို့ အဓိပ္ပာယ်ရှိတယ်လို့ ဆိုပါတယ်။ ဥသျှောင်ဆောင်းပြီးတဲ့အချိန်မှာ ဘုရင့်ဘွဲ့တော်ရေးထွင်းထားတဲ့ ရွှေစင်ပြားနဲ့ မင်းမြောက်တန်ဆာငါးပါးကို သိမ်းပိုက်ခံယူတော်မူပါသတဲ့။ မင်းမြောက်တန်ဆာ ငါးပါးကတော့ ဥသျှောင်၊ သံလျက်၊ ကျိုင်း၊ သားမြီးယပ်နဲ့ ရွှေခြေနင်းတို့ဖြစ်ပါတယ်။ 


ဘုရင့်ဥသျှောင်ဆောင်းနေချိန်မှာ ကောင်းကင်ယံမှာ နေထီးဆောင်းနေတယ်လို့သတင်းဖြစ်နေတာရှိပေမယ့် အတည်ပြုလို့မရသေးပါဘူး။ 


ပြီးခဲ့တဲ့ မေလ တစ်ရက်နေ့က ကျင်းပတဲ့ ဂျပန်ဧကရာဇ်မင်းမြတ် အရိုက်အရာဆက်ခံပွဲက ရိုးရှင်းတိတ်ဆိတ်သလောက် ထိုင်းဘုရင်မင်းမြတ်ဘိသိက်ခံပွဲက အမြောက်ပစ်သံ ခရုသင်းမှုတ်သံ ဆိုင်းသံဗုံသံတစ်ညံညံနဲ့ ကြီးကျယ်ခမ်းနား စည်ကားလွန်းလှတယ်။ 


Refer to different multiple sources

ဗိုလ်ကောင်း

၎ မေ ၂၀၁၉

Friday 3 May 2019

ကျောင်းလခ



. . . မြန်မာ့ပညာရေးစနစ်က ဘယ်လို၊ မြန်မာတက္ကသိုလ်တွေရဲ့ အဆင့်က ဘယ်ချမ်းသာ စသည်ဖြင့် ပြောပြောနေကြတဲ့ သူတွေ မေ့ထားလေ့ရှိတဲ့ အချက်ကတော့ မြန်မာတက္ကသိုလ်တွေရဲ့ ကျောင်းဝင်ကြေး တစ်နည်းအားဖြင့် ကျောင်းလခလို့ ပြောရပါမယ်။ ကိုယ်တိုင်လည်း ရန်ကုန်တက္ကသိုလ်ကျောင်းသားဖြစ်ခဲ့ဖူးတာမို့ ကျွန်တော်တို့ မြန်မာပြည်က အစိုးရတက္ကသိုလ်တွေမှာ ကြည့်လိုက်မယ်ဆိုရင် ကျောင်းလခ နဲ့ စာကြည့်တိုက်ကြေးဘာညာဆိုတာ အခုခေတ် ဈေးနှုန်းတွေအရဆို ကွမ်းစားဆေးသောက် ကျပျောက်သလောက်ပဲ ရှိတဲ့ အတိုင်းအတာဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် မြန်မာ့တက္ကသိုလ်ပညာရေး ကုန်ကျစရိတ်ဟာ အစိုးရက အားလုံးနီးပါး စိုက်ထုတ်ကုန်ကျပေးထားတဲ့ အခမဲ့နီးနီးအခြေအနေမှာရှိပါတယ်။ ကျောင်းဆောင်တွေပေးနိုင်တဲ့ ရန်ကုန်တက္ကသိုလ်လို ကျောင်းမှာတက်တဲ့ ကျောင်းသားတွေမှာသာ လစဉ်အဆောင်လခ၊ ထမင်းလခ ပေးရတာရှိပေမယ့် ကျန်တာကတော့ အလကားနီးနီးဈေးနှုန်းနဲ့ပဲ ပေးသွင်းကျောင်းတက်ခွင့်ရနေတာဖြစ်ပါတယ်။
.
. . . ဒီလိုပြောရင် အခုလက်ရှိ ကျောင်းတက်နေတဲ့ တက္ကသိုလ်ကျောင်းသားတွေက ဆဲချင်ကြမှာဖြစ်ပေမယ့် ဆက်ပြီးတော့ ပြောပါရစေ
.
. . . နိုင်ငံရေးစနစ်ကိုလည်း ဗဟိုဦးစီး ဆိုရှယ်လစ်စနစ်ကနေ ဈေးကွက်စီးပွားရေးနဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ပြောင်းလိုက်ပြီဆိုရင် ပညာရေးစနစ်ကိုလည်း ခေတ်စနစ်နဲ့အညီ လိုက်လျောညီထွေ ပြောင်းလဲလိုက်ပါဖို့ လိုပါတယ်။ ဆိုရှယ်လစ်ခေတ်ကလို အစိုးရကပဲ နေရာတကာ အကုန်လုံး အကုန်အကျခံနေရတဲ့ စနစ်ကနေ ကိုယ့်အားကိုယ်ကိုးတဲ့ စနစ်ကို သွားနေချိန်မှာ အစိုးရက ဖွင့်လှစ်ထားတဲ့ တက္ကသိုလ်တွေလည်း ကိုယ့်အားကိုယ်ကိုး စနစ်ကို သွားနေဖို့ လိုလားအပ်တဲ့အလျောက် ကြိုးစားနေကြချိန်မှာ ကျောင်းသားတွေထံကနေပြီးတော့လည်း ထိုက်သင့်တဲ့ အခကြေးငွေကို ယူဖို့ သင့်ပါပြီ။
.
. . . တစ်ချို့တွေပြောပြောနေတဲ့ တက္ကသိုလ်တွေရဲ့ ကိုယ်ပိုင်စီမံခန့်ခွဲပိုင်ခွင့်ဆိုတာ တက္ကသိုလ်တွေ ကိုယ့်ဝင်ငွေနဲ့ကိုယ် ရပ်တည်နိုင်မှသာ လွတ်လွတ်လပ်လပ် စီမံခန့်ခွဲနိုင်ခွင့်ကို တောင့်တအပ်ပါတယ်။ အစိုးရကပေးတဲ့ ပြည်သူ့ဘဏ္ဍာနဲ့ လည်ပတ်နေသမျှတော့ တက္ကသိုလ်ကိုယ်တိုင်က စီမံခန့်ခွဲပိုင်ခွင့်လိုချင်လို့မရပါ။
ဒါကြောင့် ကျောင်းတွေမှာ ကျောင်းသားတွေထံက ကောက်ခံနေတဲ့ ကျောင်းဝင်ကြေးနှုန်းထားတွေကို ခေတ်နဲ့အညီကြီး မဟုတ်သေးဘူး ဆိုရင်တောင် ထိုက်သင့်တဲ့ အတိုင်းအတာတစ်ခုထိ ပြောင်းလဲကောက်ခံသင့်ပါပြီ။
.
. . . ကျောင်းသားတစ်ယောက်အတွက် အမှန်တကယ်ကုန်ကျတဲ့ ပမာဏအထိ ချက်ချင်းကောက်ခံဖို့ ဖြစ်နိုင်မှာ မဟုတ်သေးဘူးဆိုရင်တောင် ပုံမှန်အတိုင်း စာမေးပွဲ မအောင်တဲ့ ကျောင်းသား ဥပမာအားဖြင့် တစ်နှစ်တည်းကို နောက်တစ်ခါ ပြန်တက်ရပြီဆိုရင် ကျောင်းလခကို ဘယ်လောက်တိုးလိုက်တယ်ဆိုတဲ့ စနစ်မျိုးနဲ့ဆို ကျောင်းသားတွေကို ဆုပေးဒဏ်ပေးစနစ် ကျင့်သုံးရာလည်းရောက် ကျောင်းအတွက်လည်း နှစ်ပိုနေတဲ့ ကျောင်းသားတွေရဲ့ ၀န်အားကို တစ်နည်းအားဖြင့် လျှော့ချပေးနိုင်စရာ အကြောင်းတစ်ခုလို့ ထင်မြင်မိပါကြောင်း

ဗိုလ်ကောင်း
၃ မေ ၂-၁၉

Wednesday 1 May 2019

မင်းပြောင်းမင်းလွှဲ


သက်တော်ရှစ်ဆယ့်ငါးနှစ်ရှိပြီဖြစ်တဲ့ အာကီဟီတို ဧကရာဇ်မင်းမြတ် ထီးနန်းစွန့်မှာဖြစ်လို့ ဂျပန်နိုင်ငံရဲ့ ဆယ်စုနှစ်သုံးခုကြာမြင့်ခဲ့တဲ့ ငြိမ်းချမ်းရွှေပြည်ခေတ် (ဟေးဆေးခေတ်) က ဒီကနေ့ည သန်းခေါင်ယံမှာ ကုန်ဆုံးမှာဖြစ်ပြီး မနက်ဖြန်မနက်မှာ နန်းတက်မယ့် အိမ်ရှေ့မင်းသား နာရူဟီတို ဧကရာဇ်မင်းမြတ်အသစ်နဲ့အတူ လှပဝေစည်ဟန်ချက်ညီခေတ်သစ် (ရေ၀ခေတ်) အစပျိုးတော့မှာဖြစ်ပါတယ်။
ဒီကနေ့ ညနေ ငါးနာရီမှာ တိုကျိုမြို့လယ်က ဂျပန်ဧကရာဇ်နန်းတော်မှာ ဆယ်မိနစ်ပဲ အချိန်ယူမယ့် နန်းစွန့်ပွဲကို ကျင်းပမှာဖြစ်ပြီး မနက်ဖြန်မနက်မှာ အိမ်ရှေ့မင်းသား နာရူဟီတိုက မင်းမြောက်တန်ဆာနဲ့အဆောင်အယောင်ဓားတို့ကို လက်ခံပြီး နန်းတက်မှာဖြစ်ပါတယ်။
နှစ်ပေါင်းနှစ်ရာအတွင်း သက်ရှိထင်ရှားထီးနန်းစွန့်ရိုးထုံးစံမရှိတဲ့ ဂျပန်နန်းဓလေ့အရ လက်ရှိ ဧကရာဇ်မင်း နန်းစွန့်နိုင်ဖို့အတွက် ဒိုင်းယက်လွှတ်တော်က တစ်ကြိမ်သာအသက်ဝင်မယ့် အထူးဥပဒေတစ်ရပ်ပြဌာန်းပေးခဲ့ရပါတယ်။
နန်းတက်မယ့် အိမ်ရှေ့မင်းသား နာရူဟီတိုက အသက် ၅၉ နှစ်ရှိပြီဖြစ်ပြီး အောက်စ်ဖို့ကျောင်းထွက် ပညာတတ်တစ်ယောက်ဖြစ်တဲ့အပြင် ကြင်ယာတော် မာဆာကိုမိဖုရားကလည်း ဟားဗတ်တက္ကသိုလ်ထွက် ပညာတတ်တစ်ယောက်ဖြစ်ပါတယ်။ အသက် ဆယ့်ခုနစ်နှစ်အရွယ် သမီးတော်တစ်ပါးရှိပေမယ့် ဂျပန်နန်းဓလေ့အရ သူမက အိမ်ရှေ့အရာမရနိုင်ပါဘူး။
မနက်ဖြန်ကျင်းပမယ့် ဧကရာဇ်မင်းမြတ် ဘိသိက်သွန်းပွဲမှာ မိန်းမတွေ တက်ရောက်ခွင့် မရှိဘဲ တော်ဝင်မျိုးနွယ်အရွယ်ကောင်းယောက်ျားတွေသာ တက်ရောက်ခွင့်ရှိတဲ့ကိစ္စကို ဝေဖန်နေကြတာရှိပေမယ့် နန်းဓလေ့အစဉ်အလာအတိုင်းသာ လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။ဥပဒေအရ အိမ်ရှေ့မင်းသား နာရူဟီတိုက နက်ဖြန်ကစပြီး ဧကရာဇ်မင်းမြတ်တာဝန်တွေ ထမ်းဆောင်မှာဖြစ်ပေမယ့် နန်းတက်ပွဲအခမ်းအနားကိုတော့ အောက်တိုဘာလကျမှ ကျင်းပမှာဖြစ်ပါတယ်။

နာရူဟီတိုဧကရာဇ်မင်းမြတ် ထီးနန်းဆက်ခံပွဲ


.
အလွန်ရိုးရှင်းတိတ်ဆိတ်တဲ့ အခမ်းအနားဖြစ်ပါတယ်။ အင်ပါယာနန်းတော် ခန်းမဆောင်မှာ ကျင်းပတဲ့ ထီးနန်းဆက်ခံပွဲကို တော်ဝင်အနွယ် အရွယ်ရောက်ပြီး ယောက်ျားသားများသာ တက်ရောက်ခွင့်ရှိပြီး ကလေးများနဲ့ မိန်းမများ တက်ခွင့်မရှိပါဘူး။ ညီတော် အိမ်ရှေ့မင်းသား တက်ရောက်ပေမယ့် သူ့နောက်မှာ ထီးနန်းဆက်ခံခွင့်ရှိတဲ့ တူတော်မင်းသားလေးက အခုမှ ကလေးပဲရှိသေးလို့ အခမ်းအနား မတက်ရပါ။ ရှင်ဇိုအာဘေး အစိုးရအဖွဲ့ဝင်အဖြစ်တက်ရောက်တဲ့ အမျိုးသမီးရေးရာဝန်ကြီးသာ တစ်ဦးတည်းသော တက်ရောက်ခွင့်ရတဲ့ မိန်းမဖြစ်ပါတယ်။
အစိုးရအဖွဲ့ အသင့်စောင့်နေတဲ့ ခန်းမထဲ ဧကရာဇ်မင်းမြတ် ၀င်လာပြီး စင်မြင့်မှာနေရာယူတယ်။ နန်းတော်အမှုထမ်းတွေက မင်းမြောက်တန်ဆာတွေ ယူလာတယ်။ ဧကရာဇ်မင်းကို အပ်နှင်းတယ်၊ ဒါပါပဲ။ အင်မတန် ရိုးရှင်းတိတ်ဆိတ်တဲ့ ဘိသိတ်ခံပွဲပါ။
နောက်နာရီဝက်လောက်နေမှ ဧကရာဇ်အသစ်က မိန့်ခွန်းပြောတဲ့အခမ်းအနားလုပ်ပါတယ်။ အဲသည်ကျမှ တော်ဝင်မိသားစုတွေ မိန်းမတွေနဲ့ တခြား ဧည့်သည်တော်တွေ ခန်းမထဲမှာ ၀င်ခွင့်ရပါတယ်။
ဒီနေရာမှာကြည့်နိုင်ပါတယ်
NHK NEWS