Sunday 21 February 2021

နှစ်နိုင်ငံ



. . . အာဆီယံရဲ့ မြန်မာအထူးကိုယ်စားလှယ် မြန်မာပြည်လာတဲ့အခါ မြန်မာအစိုးရက အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာထားတဲ့ အဖွဲ့တွေနဲ့ပါ တွေ့ဆုံဆွေးနွေးဖို့ အာဆီယံ နိုင်ငံ နှစ်နိုင်ငံက အကြံပြုခဲ့တာကို သတိပြုမိတယ်ဆိုပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့တယ် (#LINK1)
.
မေးစရာရှိတာက “နှစ်နိုင်ငံ” ဆိုတာ ဘယ်သူတွေလဲ ???
.
. . . ပြီးခဲ့တဲ့ AMM Retreat အပြီးမှာ အာဆီယံဥက္ကဌ ကမ္ဘောဒီးယားကထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ထဲ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ သီးခြားအပိုဒ် ၃ ပိုဒ်ပါတယ်၊ နောက်ဆုံးတစ်ပိုဒ်မှာ အာဆီယံအထူးကိုယ်စားလှယ် မြန်မာပြည်လာရေးကိစ္စပါတယ်၊ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံရေး all the parties concerned ဆိုတာပဲပါပြီး ဘယ်သူဘယ်ဝါဆိုတာ နာမည်တပ်ပြီး မပါဘူး၊ (#LINK2) သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံရေးဆိုတာလည်း အရင်ကတည်းက ရှိတဲ့ သဘောတူညီချက်ငါးရပ်ထဲ ပါပြီးသား
.
. . . အာဆီယံထဲမှာ မဟာမဲခေါင်ဒေသခွဲ GMS အဖွဲ့ဝင်နိုင်ငံတွေနဲ့ အခြားနိုင်ငံတွေက မြန်မာ့အရေးနဲ့ ပတ်သက်ပြီး နှစ်ပိုင်းကွဲနေတယ်လို့ အကဲခတ်တွေ ထင်မြင်ချက်ပေးနေကြတာရှိတယ်(#LINK3) ဒီတော့ “နှစ်နိုင်ငံ” ဆိုတာ GMS မဟုတ်တဲ့အထဲက ဖြစ်မယ်လို့ မှန်းဆရတယ်၊ အင်ဒိုနီးရှား-မလေးရှား-စင်္ကာပူ-ဖိလစ်ပိုင်-ဘရူနိုင်း ထဲက ဘယ် “နှစ်နိုင်ငံ” လဲပေါ့
.
. . . စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနက ဝက်ဆိုက်မှာ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးပြောသမျှ လုံးကောက်လိုက်ကြည့်တဲ့အခါ မြန်မာနိုင်ငံနဲ့ပတ်သက်ရင် သဘောတူညီချက်ငါးရပ်ထဲမှာ ပါတဲ့အတိုင်း သက်ဆိုင်သူအားလုံးနဲ့တွေ့ဆုံရေး “All party concerned” ဆိုတာပဲ တွေ့တယ်၊ ဘယ်သူဘယ်ဝါရယ်လို့ နာမည်တပ်ပြောတာမျိုး မတွေ့မိဘူး (#LINK4)
.
. . . ဘရူနိုင်းကလည်း ပြီးခဲ့တဲ့ အထူးကိုယ်စားလှယ်တာဝန်ပြီးသွားပြီးနောက်ပိုင်း ဘာမှ သိပ်ပြောတာ မတွေ့ရတော့ဘူး
.
. . . အင်ဒိုနီးရှားအနေနဲ့ကလည်း သဘောတူညီချက်ငါးရပ်မှာ ပါတဲ့အတိုင်း သက်ဆိုင်သူအားလုံးနဲ့ တွေ့ဖို့ ဆိုတာပဲ ပြောတာတွေ့မိတယ်၊(#LINK5) နာမည်တပ်ပြောတာ မတွေ့မိ (တွေ့ရင်ပြောကြအုံး)
.
. . . မလေးရှားကတော့ အတိအလင်းကိုပြောတယ်၊ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက သူ့ဖေ့ဘုတ်အကောင့်မှာ ပို့စ်တင်ပြီးတော့ပြောတာ၊(#LINK6) အထူးကိုယ်စားလှယ်က အနူကြီးနဲ့လည်းတွေ့သင့်တယ်လို့ ဒဲ့ပြောထားတော့ သူကသေချာတယ် တစ်နိုင်ငံ
.
. . . နောက်ဆုံးကျန်တာ ဖိလစ်ပိုင်၊ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးညှိနှိုင်းတာလုပ်ရင် ဒေါ်အောင်ဆန်းစုကြည်က မပါမဖြစ်ပါရမှာပဲ ဆိုပြီး ဇန်နဝါရီလက ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ပြောတာရှိခဲ့ပေမယ့် (#LINK7) အခု အစည်းအဝေးပြီးနောက် ထွက်လာတဲ့ သတင်းတွေမှာတော့ အနူကြီးအကြောင်း ပြောတာမတွေ့မိ
.
. . . အာဆီယံကိုယ်စားလှယ်ပြောတာတော့ ရှင်းတယ်၊ တွေ့သင့်တဲ့သူတွေ တွေ့မှာပေမယ့် အကုန်လည်း ဟုတ်ချင်မှဟုတ်မယ်၊ အရင်ကိုယ်စားလှယ်တုန်းက ဘယ်သူနဲ့တွေ့မှ ဘယ်ဝါနဲ့တွေ့မှဆိုပြီး ဈေးကိုင်ခဲ့လို့ မြန်မာပြည်ကိုတောင် မသွားလိုက်ရဘူး၊ သူကတော့ သိပ်လောဘမကြီးဘူး၊ လုပ်နိုင်သလောက် လုပ်သွားမယ်လို့ပြောတယ် (#LINK8)
.
. . . အာဆီယံအထူးကိုယ်စားလှယ်လာရင် အနူကြီးနဲ့တွေ့ဖို့ “နှစ်နိုင်ငံ” ကအကြံပြုခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့အထဲ တစ်ခုက မလေးရှားဖြစ်တာ သေချာပေမယ့် နောက်တစ်နိုင်ငံက ဘယ်နိုင်ငံလဲဆိုတာ စဉ်းစားစရာပဲ၊ သတင်းရင်းမြစ်နှစ်ခုမှာတော့ မလေးရှားနဲ့ အင်ဒိုနီးရှားလို့ ဆိုကြပေမယ့် သူတို့နှစ်နိုင်ငံလုံးက အထူးကိုယ်စားလှယ်ကို သက်ဆိုင်သူအားလုံး နဲ့တွေ့ဖို့ပဲ ပြောထားတာဖြစ်ပြီး အနူကြီးနဲ့တွေ့ဖို့ ပြောတာက မလေးရှားတစ်နိုင်ငံပဲ ထင်ထင်ရှားရှားရှိနေတယ် (#LINK9) (#LINK10)
.
. . . အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံကို မတ်လထဲ လာဖို့ရှိတယ်ဆိုတော့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းကြတဲ့ အကြောင်းကြားစာထဲ ဘယ် “နှစ်နိုင်ငံ” ကတော့ဖြင့် အထူးကိုယ်စားလှယ်ကို အနူကြီးနဲ့ တွေ့ဖို့ အကြံပြုခဲ့တယ်လို့ ထည့်ရေးခဲ့လေသလား၊ ကိုယ်ကတော့ မလေးရှားတစ်နိုင်ငံကလွဲပြီး အခြားနိုင်ငံတစ်ခုခုကနေ အနူကြီးနဲ့ တွေ့ပါလို့ နာမည်တပ်ပြောတာ မတွေ့မိ၊ တွေ့မိတဲ့သူရှိ လက်တို့ကြအုံး
.
ဗိုလ်ကောင်း
၂၁ ဖေဖော်ဝါရီ ၂၀၂၁

Tuesday 2 February 2021

အရေးပေါ်အခြေအနေဆိုတာ



သာမန်လုပ်ရိုးလုပ်စဉ် ဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေအတိုင်း ကျင့်သုံးဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းစဉ်တွေ အဆင်ပြေချောမွေ့မှုရှိတော့မှာ မဟုတ်လို့ သက်ဆိုင်ရာ အာဏာပိုင်ကို လိုအပ်တဲ့ နည်းလမ်းတွေသုံးခွင့်ပြုနိုင်ဖို့ ကြေညာရတဲ့ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါတယ်၊
.
အမေရိကန်လို နိုင်ငံမျိုးမှာ သဘာဝဘေးအန္တရာယ်ကျရောက်ရင်တောင် အရေးအပေါ်အခြေအနေ ကြေညာရပါတယ်၊ ကြေညာရတဲ့ အဓိက အကြောင်းရင်းက သက်ဆိုင်ရာ ကယ်ဆယ်ရေးတပ်ဖွဲ့တွေက လိုအပ်တဲ့ ကယ်ဆယ်မှု လုပ်ငန်းတွေကို အနှောင့်အယှက်မရှိလုပ်နိုင်အောင်ပါ၊ ဒါကြောင့်မို့လို့ အရေးပေါ်အခြေအနေ ကြေညာတာနဲ့အတူ နိုင်ငံသားတွေရဲ့ အခွင့်အရေးတစ်ရပ် သို့မဟုတ် တစ်ရပ်ထက်ပိုပြီး ရုပ်သိမ်းခွင့်ကိုပါ တစ်ပါတည်း ပေးအပ်ရပါတယ်၊ ဥပမာ အားဖြင့် ကိုယ့်အိမ်မှာ ကိုယ်နေတာ ကိုယ်အခွင့်အရေးဆိုပေမယ့် လိုအပ်လို့ အိမ်ကို စွန့်ခွာစေတဲ့ အမိန့်ကို ပေးတဲ့အခါ သာမန်အခြေအနေမျိုးမှာ သူ့ရဲ့ နိုင်ငံသားအခွင့်အရေးကို ထိပါးစေတာမျိုးမို့လို့ တရားဥပဒေနဲ့ ညီညွတ်ခြင်း မရှိပေမယ့် အရေးပေါ်အခြေအနေ ကြေညာထားတဲ့ ကာလဒေသအတွင်းမှာ အစိုးရ သို့မဟုတ် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက လူတစ်ယောက်ကို အိမ်ထဲကနေ အတင်းအကျပ် အင်အားသုံးပြီး ဆွဲထုတ်နိုင်တဲ့ တာဝန်ရော လုပ်ပိုင်ခွင့်ပါ အပ်နှင်းထားတဲ့အခါ အဲသည်အလုပ်ကို ဥပဒေနဲ့အညီ လုပ်ဆောင်နိုင်ဖို့အတွက် သက်ဆိုင်ရာ နိုင်ငံသားရဲ့ မူလအခွင့်အရေးတစ်ရပ်ကို ရုပ်သိမ်းပေးထားရပါတယ်
.
အခြေခံဥပဒေ ပုဒ်မ ၄၂၀ မှာ အရေးပေါ်ကာလ ကြေညာထားစဉ်အတွင်း နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေး ကန့်သတ် ရုပ်သိမ်းထားနိုင်တဲ့ အခွင့်အာဏာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အပ်နှင်းထားတာဖြစ်တဲ့အတွက် အခြေခံ ဥပဒေ အခန်း ၁၁ အသက်ဝင်ကျင့်သုံးနေတဲ့ ကာလအတွင်း အခန်း ၈ မှာ ပြဌာန်းထားတဲ့ အခွင့်အရေးတွေကို နှိုင်းနှိုင်းဆဆ ဆင်ခြင်ကျင့်သုံးကြဖို့ လိုတယ်ဆိုတာ သတိထားမိနိုင်အောင်လို့ ဒီစာကို မိတ်ဆွေများအတွက် ရေးသားတင်ပြခြင်းဖြစ်ပါတယ်
.
ရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျ