Monday 30 August 2021

ဦးသိန်းစိုး

… အခု ရွေးကော်ဥက္ကဌ ဦးသိန်းစိုးက ပြီးခဲ့တဲ့ ဒီမိုကရေစီ ပထမသက်တမ်းတုန်းက အခြေခံဥပဒေ ခုံရုံးဥက္ကဌ၊ ဦးသိန်းစိန်အစိုးရကိုလည်း အလိုမလိုက်ခဲ့သလို၊ ဦးရွှေမန်းလွှတ်တော်ကိုလည်း အလိုမလိုက်ခဲ့ဘူး၊ ဦးသိန်းစိန်အစိုးရမကြိုက်တဲ့ စီရင်ချက်တွေချတုန်းက ဘာမှ သိပ်ပြဿနာမရှိခဲ့ပေမယ့် ဦးရွှေမန်းလွှတ်တော်မကြိုက်တဲ့ စီရင်ချက်ချမိလို့ ခုံရုံးတစ်ဖွဲ့လုံး စွပ်စွဲပြစ်တင်ပြီး ဖြုတ်ချမယ်လုပ်လို့ တစ်ဖွဲ့လုံး အဖြုတ်မခံရခင် နုတ်ထွက်သွားခဲ့ရတဲ့သူ၊ မိခင်ပါတီဖြစ်တဲ့ ပြည်ခိုင်ဖြိုးက ပါတီဌာနချုပ်ကိုခေါ်တာ သူက ပြည်ထောင်စုအဆင့်တာဝန်ထမ်းဆောင်နေလို့ မလာနိုင်ပါဘူးလုပ်ထားလို့ ပါတီကလည်း သိပ်မကြည်ဘူးဆိုလား
.
… အခု ၂၀၂၃ မှာ ရွေးကောက်ပွဲလုပ်ရင် ဦးသိန်းစိန်တို့ ပြည်ခိုင်ဖြိုးရော၊ ဦးရွှေမန်းတို့ ပြည်သူ့ကောင်းကျိုးဆောင်ပါတီရော ဦးသိန်းစိုးရဲ့ ရွေးကော်နဲ့ ကောင်းကောင်းတွေ့တော့မယ်ထင်ရဲ့၊ အချိုးကျကိုယ်စားပြုစနစ်ကလည်း လုပ်ဖို့သေချာသလောက်နီးနီးရှိနေပြီမို့ ပါတီကြီးတွေထက် ပါတီငယ်တွေက ပိုပြီး အခြေအနေကောင်းနိုင်မလား
.
ဘယ်လိုထင်ကြတုန်းဗျ

ဘိစတိတ်


. . . ဘာဘီကျူးဆိုတာကို စပြီးကြားဖူးခါစတုန်းက လိုင်းမကြူးလို သောက်စရာတစ်မျိုးလို့ ထင်ခဲ့မိတာ၊ နောက်မှ ဘာဘီကျူးဆိုတာ မီးဖိုထဲ အသားကင်စားကြတာကိုးလို့ သိရတာ၊ တကယ်တော့ ဘာဘီကျူးဓလေ့က ကိုယ်တွေလို ပူတဲ့ရာသီဥတုရှိတဲ့နေရာနဲ့ အံဝင်ခွင်ကျမဖြစ်တာလည်း ပါမယ်ထင်ပါရဲ့ ကိုယ်တွေမွေးရပ်မှာတော့ မထွန်းကားပါဘူး
.
. . . ခုနောက်ပိုင်းတော့ အကင်စက်လေးတွေ အလွယ်ဝယ်လို့ရလာတာရယ်၊ တခြားနေရာတွေက အစားအသောက်ဓလေ့တွေ ကူးစက်လာတာမို့ ကိုယ်တွေဆီလည်း ဘာဘီကျူးကြတာတွေ တွေ့လာရတယ်၊ ဘာဘီကျူးနဲ့ တွဲပါလာတာက အမဲသားကင်စားကြတာပါပဲ၊ ဘာတဲ့ ဘိစတိတ်ဆိုလား
.
. . . အဲသဟာဗျာ ဟိုတစ်နေ့က သူငယ်ချင်းတစ်ယောက်က သူ့အိမ်မှာ ဘိစတိတ်လုပ်တဲ့စက်လေး ဝယ်ထားတာ စမ်းပြီး လုပ်စားကြည့်မို့ အသားတွေလည်း အများကြီးဝယ်ထားတယ် လာခဲ့ဆိုလို့သွားလိုက်ပါတယ်။ ရောက်လည်းရောက်ရော ထင်ထားတာထက်တောင် တော်တော်ကို ပြည့်ပြည့်စုံစုံ လုပ်ထားတာမို့ ပျော်သွားတာပေါ့၊ ဘိစတိတ်လုပ်မယ့် အမဲသားကိုလည်း တကယ့်ကို ကျကျနန နှပ်ပြုထားပြီး ဘယ်လိုလုပ်တယ်ဆိုတာလည်း ယူကျုက သေချာကြည့်ထားတယ်ဆိုပဲ၊ အသားတုံးတာတောင်မှ တကယ့်ယူကျုထဲကအတိုင်း သေချာတုံးထားတာတဲ့၊ ကိုယ်က မီးဖိုချောင်ထဲ ဟိုဟိုသည်သည် လက်ဆော့ချင်ပေမယ့် အိမ်ရှေ့မှာပဲ အေးအေးဆေးဆေး တီဗီရှေ့မှာ စောင့်ပါဆိုလို့ ဘီယာလေးစုပ်ရင်း စောင့်နေတာ၊
.
. . . ဘီယာတစ်ဗူးသောက်ခန့် ကြာတဲ့အခါ ဘိစတိတ်နံ့ မွှေးမွှေးလေးရပြီး မရှေးမနှောင်းမှာပဲ အင်မတန် လှပပြီး စားချင့်စဖွယ် လှလှပပ ပြင်ဆင်ထားတဲ့ ဘိစတိတ်တစ်ပွဲ ကိုယ့်ရှေ့ရောက်လာပါလေရောလား၊ တကယ့်ကို ပုံတွေထဲကအတိုင်းပါပဲဗျာ၊ အလယ်သားရဲရဲလေး အတိုင်းသားနဲ့ အနားသားလေးတွေ ကျက်နေတဲ့ ဘိစတိတ်၊ အမယ် ဂျပန်စတိုင်ဆိုပြီး ပြင်ထားတာလေးကလည်း ကြက်သွန်ဖြူအလုံးလိုက်ထိပ်ဖွင့် ကင်ထားတဲ့ ဟာမျိုးနဲ့ဗျ၊ မစားရသေးခင်ကို သွားရေကျစရာလေး ရောက်လာပါလေရော
.
. . . အိမ်ရှင်မ လုပ်လာတဲ့ ဘိစတိတ်လေးက စားချင်စရာလေးပေမယ့် ကြည့်ရတဲ့ပုံအရ သိပ်ပြီး သင်္ကာမကင်းတာနဲ့ သူငယ်ချင်းကို တိုးတိုးလေး ကပ်မေးရသေးတယ် ဟျောင့် မင့်ဟာကြီးက ကျက်ရောကျက်ရဲ့လား မသိဘူးဆိုတော့ မင်းကလည်း ဂျပန်ပြန်ဖြစ်ပြီး ဒီလောက်တောင် ခေတ်မမီဘူးလား နိုင်နိုင်ဂျားမှာ ဒီလိုပဲ စားကြတာလေကွာတဲ့ ပုံတွေထဲမှာလည်း ဒီအတိုင်းပဲ ပြထားတာကို၊ ဟိုတစ်နေ့က ယူကျုမှာ ကြည့်တာ အာ့လို ရဲရဲလေးပဲ ခပ်စိမ်းစိမ်းစားကြတာ တဲ့
.
. . . အော် သူ့ဟာ မကျက်ဘူးပြောရင်ပဲ ကိုယ်က ခေတ်မမီဘူးဖြစ်အုံးမယ်ဆိုပေတဲ့ သိပ်တော့ မယုံတာနဲ့ ညာတာပါတေးလုပ်ပြီး တခြားအမြည်းတွေပဲ လျှောက်ဝါးပြီး ဘီယာပဲ သောက်နေလိုက်တယ်၊ အဲဒါ မောင်မင်းကြီးသားကဗျာ တစ်တုံးကောက်ဝါးလိုက်တာ မျက်နာကြီးကို ရှုံ့မဲ့တက်လာတာပဲ၊ ငင့် ကျက်လည်းကျက်ဘူးတဲ့
.
. . . သူ အင်မတန်မွှန်းထားတဲ့ ဘိစတိတ်က ကျက်လည်းမကျက် ဝါးလို့လည်း မရဆိုတော့ ဒင်းက မိန်းမကို ခေါ်ဆူပါလေရော၊ အဲ ဆူတယ်တော့ မဟုတ်ဘူးပေါ့လေ၊ နင်သေချာမလုပ်ဘူးလားပေါ့ ဘာညာပေါ့၊ ကိုယ်ကတော့ အခြေအနေကို ရိပ်မိလို့ စကားနည်းရန်စဲ ဒီအတိုင်းပဲ ရိုးရိုးကြော်လိုက်တာလေး စားရရင်ကောင်းမယ်ဘာညာ ဝင်ပြီး ဝါရတာပေါ့လေ၊ တကယ်လည်း ကြော်စားတာတောင် တော်တော် ဝါးရတာကလား
.
. . . သူတို့တွေ အမဲသားကို လုပ်စရာရှိတာ ထည့်စရာရှိတာ အကုန်လုပ် အကုန်ထည့်ပါရဲ့ အဆင့်တွေလည်း မှန်ပါရဲ့၊ မီးအပူချိန်ဘာညာကအစ အတိအကျလုပ်တာ ထွက်လာတော့လည်း ပုံတွေထဲကအတိုင်း အတိအကျနီးပါးဖြစ်ပါရဲ့ ၊ ဘာလို့များ စားတဲ့အခါကျမှ အသားစိမ်းကြီးပဲ ဝါးနေရသလို မနူးမနပ်ဖြစ်ရသလဲပေါ့၊ သူတို့ နောက်တစ်ခါ ထပ်လုပ်စားကြည့်ကြသေးသတဲ့၊ ပထမတစ်ခါလိုပဲ မရဘူးတဲ့ ဝါးမရပြုမရ အမဲသားစိမ်းကြီး စားရသလိုဖြစ်လို့ အရင်တစ်ခါလိုပဲ အမဲကြော်လုပ်လိုက်ရသတဲ့
.
. . . တကယ်တမ်းက သူတို့လုပ်စားတယ်ဆိုတဲ့ ဘိစတိတ်လုပ်နည်းထဲမှာပါတဲ့ အမဲသားဆိုတာ ဘီယာတွေတိုက်၊ လူတွေက နှိပ်နယ်ပေးပြီး သတ်မှတ်တဲ့ အသားနုနုချိုချို အင်မတန်နူးညံ့တဲ့အရွယ်မှာ အသားပေါ်ပြီး တစ်ရာဂရမ် (ခြောက်ကျပ်သားကျော်ကျော်လောက်) ကိုတောင် ဒေါ်လာ လေးငါးဆယ် ပေးဝယ်မှရတဲ့ ဂျပန်မှာ အင်မတန်နာမည်ကြီး ဈေးကြီးတဲ့ ကိုဘေးအမဲသား။ သူတို့တကယ်လုပ်တဲ့ အမဲသားက ချက်ရင်တောင် နှစ်ရေသုံးရေခမ်းမှ နူးတဲ့ ဈေးထဲက အချိန်နဲ့ခုတ်ထစ်ရောင်းတဲ့ အမဲသား
.
. . . လုပ်နည်းဘယ်လောက်မှန်မှန်၊ အဆာပလာတွေ ဘယ်လောက်သုံးသုံး၊ အခြေခံအကျဆုံး ကုန်ကြမ်းက အရည်အသွေးအင်မတန် ညံ့ဖျင်းနေရင် အပြင်အဆင်ကောင်းလို့ ဘယ်လောက်ပဲ စားကောင်းမယ့်ပုံပေါက်ပေါက် တကယ်စားကြည့်ရင် အမဲသားအစိမ်းကြီး ကိုက်နေရသလိုပဲနေနေမှာ ဆိုတာ ရုံးတွေပြန်ဖွင့်လို့ တွေ့ရင် ကျနော့်သယ်ရင်းကြီးကို ပြောပြအုံးမှပါ
.
ဗိုလ်ကောင်း
၂၉ ဩဂုတ် ၂၀၂၁
.
လိုင်းမကြူး = Lime Juice

Tuesday 24 August 2021

活け花


 

စလယ်ဝင်ဖင်မမည်းခင်


. . . ဒန့်ကျွဲပင် ပုခက်ဆင်တဲ့ခေတ်ရောက်ရင် စလယ်ဝင် ဖင်မမည်းခင်က ကွဲကြတဲ့ဖြစ်အင် ဘာညာ ဆိုတာ ကြားဖူးကြမှာပေါ့။ အဲသည်စကားက ချက်ချင်းကြီးဆို နားလည်ဖို့ နည်းနည်းခက်မယ်ထင်တယ်။ ဒန့်ကျွဲပင်ကို သိတယ်ထားအုံးတော့ စလယ်ဝင်ဖင်မမည်းခင် ဆိုတာကတော့ နည်းနည်းလေး သိဖို့ အလှမ်းဝေးတန်ကောင်းရဲ့
.
. . . ဒန့်ကျွဲပင်ဆိုတာ ကိုယ်တွေအရပ်မှာတော့ ပေါပါတယ်။ အပင်မြင့်လှ ခါးလယ်ပေါင်လယ်လောက်ပေါ့။ အဲသည်အပင်မှာတဲ့ ပုခက်ဆင်ကြတဲ့ ခေတ်ကိုရောက်ရင်တဲ့။ အင်း အဲသည်အပင်မှာ တကယ်တော့ ပုခက်ဆင်ဖို့ မပြောနဲ့ ခြေထောက်နဲ့ နင်းရင်တောင် မြေပေါ်လဲသွားလောက်တဲ့အပင်၊ ဆိုလိုတာကတော့ဗျာ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်သားမွေးပြုတဲ့ခေတ်ရောက်ရင်ပေါ့၊ ဒါကတစ်ပိုင်း
.
. . . နောက်တစ်ပိုင်းဖြစ်တဲ့ စလယ်ဝင်ဖင်မမည်း ဆိုတဲ့စကားမှာ စလယ်ဝင် ဆိုတာ ဘာလဲ သိဖို့လိုလာတယ်။ စလယ်ကိုသိဖို့ဆို မြန်မာ့ရိုးရာ အခြင်အတွယ်တွေကို သိဖို့ပါပဲ။ ကိုယ်တွေဆီမှာ တွယ်ကျယ်တာက နို့ဆီဗူး ရှစ်လုံး တစ်ပြည် လေးပြည်တစ်စိတ်ဆိုတာပဲ သိတာ၊ ဒါနဲ့ နို့ဆီဗူးမပေါ်ခင်က မြန်မာတွေ အခြင်အတွယ်က ဘယ်လိုရှိခဲ့တုန်း၊ နို့ဆီတစ်ဗူးက မြန်မာ့အခြင်အတွယ်နဲ့ဆို ဘယ်လောက်အတိုင်းအတာရှိသတုံး
.
. . . မြန်မာ့အတိုင်းအတာမှာ လမြူ၊ လမျက်၊ လမယ်၊ စလယ်၊ ခွက်၊ ပြည်၊ စိတ်၊ ခွဲ၊ တောင်း ဆိုပြီး ရှိတယ်။ အသေးငယ်ဆုံး အခြင်အတွယ်ဖြစ်တဲ့ တစ်လမြူဟာ ခုခေတ်အကြမ်းပန်းကန်တစ်လုံးစာလောက်လို့ အကြမ်းဖျင်း ခန့်မှန်းလို့ရတယ်။ အတိအကျဆိုရင်တော့ ၇၉.၉၁၁၈ မီလီလီတာ ရှိသတဲ့။ အဆင့်ဆင့် အခြင်အတွယ်တွေကို ပြောရရင် နှစ်လမြူ = တစ်လမျက်၊ နှစ်လမျက် = တစ်လမယ်၊ နှစ်လမယ် = တစ်စလယ်၊ နှစ်စလယ် = တစ်ခွက်၊ နှစ်ခွက် = တစ်ပြည်၊ လေးပြည် = တစ်စိတ်၊ နှစ်စိတ် = တစ်ခွဲ၊ နှစ်ခွဲ = တစ်တင်း ဆိုပြီး မှတ်လို့ရတယ်။
.
. . . ဆိုတော့ကာ ခုခေတ်အသုံး နို့ဆီဗူးတစ်လုံးဟာ ရိုးရာအခေါ် တစ်လမယ် နဲ့ ညီပြီး၊ အထက်က စကားထဲမှာပါတဲ့ စလယ်ဝင်ဆိုတာ ဆန်နို့ဆီဗူး နှစ်လုံးချက်ဝင်တဲ့ ထမင်းအိုးကို ဆိုလိုတာပါတဲ့။ ဖင်မည်းတယ်ဆိုတာက ရှေးတုန်းကတော့ ထမင်းကို မြေအိုးနဲ့ချက်၊ ကိုယ်တွေငယ်တုန်းက ဒန်အိုးနဲ့ ချက်ကြတဲ့ခေတ်၊ အောက်က ထင်းမီးနဲ့ ချက်ကြတဲ့ခေတ် ဆိုတော့ ထမင်းအိုးဟင်းအိုးတွေက တစ်ခါလောက် မီးဖိုပေါ်ရောက်တာနဲ့ ဖင်မည်းတာပါပဲ။
.
. . . အဓိပ္ပာယ်ကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်သားမွေးခေတ်ကို ရောက်ကြရင် ဆန်နို့ဆီဗူးနှစ်လုံးချက်အိုး ဖင်တောင်မမည်းသေးခင် ကွဲကြပြုကြဖြစ်ကြလိမ့်မယ်ဆိုတဲ့ ရှေးလူကြီးတွေက ခေတ်လူငယ်တွေကို အထင်သေးအမြင်သေး ဆိုလေ့ရှိခဲ့တဲ့ စကားလို့ပဲ ကိုယ်ကတော့ မြင်မိတယ်
.
. . . ဒီစကားက ဘယ်ခေတ်လောက်ကို မှန်းပြီး ပြောခဲ့တဲ့ စကားလဲ မသိပေမယ့် ကိုယ်မြင်နေရတာတော့ ခေတ်ကြီးက တိုးတက်လေလေ လူငယ်တွေက အိမ်ထောင်သားမွေး နောက်ကျလေလေ၊ ပညာတွေတတ် ပိုက်ဆံတွေ ရာထူးရာခံတွေရှိလေလေ အိမ်ထောင်ပြုတာ နောက်ကျလေလေပဲ၊ ကျနော်ပြောတာ မယုံရင် ကိုယ့်ပတ်ဝန်းကျင်ကို ဆန်းစစ်ကြည့်၊ တကယ်လို့ ဒန့်ကျွဲပင်တွေမှာ တကယ်ပုခက်ဆင်ကြတဲ့ ခေတ်ကို ရောက်တယ်ဆိုရင်တောင် စလယ်ဝင်အိုး ဖင်မည်းဖို့ နေနေသာသာ ထမင်းကို ပေါင်းအိုးနဲ့ ချက်ကြလို့ ပြည်ဝင်အိုးတောင် နှစ်ပေါက်အောင်ချက် ဖင်မမည်းဘူးရယ်
.
. . . ပန်းပွင့်လေးကို မြန်မာ့ရိုးရာ အခြင်အတွယ်တွေ သင်ပေးရင်း တွေးမိတွေးရာ
.
ဗိုလ်ကောင်း
၂၄ ဩဂုတ် ၂၀၂၁
.
မှတ်ချက်။ ဒန့်ကျွဲပင် အရွက်ကို ရေနွေးဖျောသုပ်စားလို့ရလို့ မိုးကျလက်ဖက်လို့လည်း ခေါ်ကြသတဲ့။ အင်္ဂလိပ်လိုက Senna tora လို့ခေါ်တယ်။
Photo Credit: https://5.imimg.com/.../MY.../cassia-tora-seed-500x500.jpg

Tuesday 17 August 2021

ခါတော်တစ်ပုံ ပွင့်ချိန်ကြုံ

. . . လယ်တီဆရာတော်ဘုရားကြီးရေးတဲ့ ခုနစ်နေ့ဘုရားရှိခိုးဆိုတာ ကိုယ်တွေ ငယ်တုန်းက ဘုန်းကြီးကျောင်းမှာ တစ်နေ့တစ်ခါ ကျောင်းသားကျောင်းသူတွေ မနက်ခင်း ဆွမ်းခံချိန်မကျခင် ကျောင်းအဆင်းမှာ သံပြိုင်ဆို ဘုရားရှိခိုးခဲ့ရတာပေမယ့် သူ့မှာပါတဲ့ အနက်တွေကို သာမန်လောက်ပဲ နားလည်ထားဖြစ်ခဲ့တာ
.
. . . အခု ပန်းပွင့်လေးကို ပြန်သင်ပေးချိန်ကျတော့မှ ညအိပ်ယာဝင်ချိန်မှာ သေချာရှင်းပြရင်း ဘုရားရှိခိုး လင်္ကာသွားရဲ့ အရသာကို သေသေချာချာ ခံစားမိတယ်။ ချမ်းမြေ့စုံစီ လုမ္ဗနီ၊ ချမ်းမြေ့ရဂုံ တောရပ်လှုံ၊ ချမ်းမြေ့နိဗ္ဗူ စံတော်မူ ဆိုတဲ့ အသုံးလေးတွေက အသံကလည်း သာသာနဲ့မို့ တော်တော် ချစ်စရာကောင်းလှတယ်။ ဒါ့အပြင် နေ့တွေကို ဖွဲ့ရာမှာလည်း ဝါဆိုလပြည့် ကြွက်မင်းနေ့၊ ဝါဆိုလပြည့် ကျားမင်းနေ့၊ ကဆုန်လပြည့် ဆင်မင်းနေ့၊ ထိုရော်ကဆုန် လဆုတ်ကြုံ၍ ဂဠုန်နေ့ဝယ် ဆိုတာလေးတွေကို ဘယ်လို သဘောကျမိမှန်း မသိဘူးရယ်။ ပြီးတော့ တစ်ပိုဒ်တစ်ပိုဒ် အချမှာလည်း အသံရှည်လေးဆွဲပြီး ချထားတော့ ဆိုကြည့်နေရတာ နားထောင်ရတာကိုက အရသာ
.
. . . လင်္ကာထဲမှာပါတဲ့ ဘုရားပွင့်တော်မူရာ နဲ့ ပရိနိဗ္ဗာန်ပြုတော်မူရာ နှစ်နေရာလုံးမှာ ရှိနေခဲ့တဲ့ အင်ကြင်းပင်နဲ့ ပတ်သက်ပြီး ဘယ်အပင်လဲဆိုတာလည်း အငြင်းပွားစရာ တော်တော်ရှိတယ်၊ မြန်မာလူမျိုးတော်တော်များများ သိထားကြတဲ့ အင်ကြင်းပင်ဆိုတာ ပင်စည်ကနေ သန္တာရောင်ပန်းပွင့်အာအာလေးတွေ ထွက်တဲ့ Couroupita guianensis ကိုပဲ ဗုဒ္ဓဝင်ထဲက အင်ကြင်းပင်အဖြစ် သိမှတ်နေကြတာ များတယ်။ တကယ်တမ်းကျတော့ အဲသည် အင်ကြင်းပင်အမျိုးအစားရဲ့ မူရင်းဒေသက အမေရိကတိုက် အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေဖြစ်ပြီး အာရှတိုက်ကို ၁၉ ရာစုလောက်ကျမှ ဗြိတိသျှတွေ သယ်လာပြီးစိုက်ကြလို့ ရောက်လာတာလို့ ဆိုတယ်။ ဆိုလိုတာက ဘုရားရှင်ပွင့်တော်မူရာ မဇ္ဈိမဒေသကို ဒီအပင်ရောက်လာတာ နှစ်ပေါင်းတစ်ရာကျော်လောက်ပဲ ရှိသေးတာဖြစ်ပြီး ဘုရားရှင်ပွင့်တော်မူတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်လောက်တုန်းက အဲသည်အပင် လုမ္ဗနီဥယျာဉ်ထဲ ရှိမနေခဲ့ဘူး ဆိုတာပါပဲ။ ဒါပေမယ့် ကျနော်တို့ မြန်မာလူမျိုးတွေတင် မကပါဘူး၊ အာရှသား တော်တော်များများက ဒီအပင်ကို ဗုဒ္ဓဝင်ထဲက အင်ကြင်းပင်အဖြစ် အမှတ်မှားကြတဲ့အပြင် ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူဘုရားကျောင်းကန်တွေမှာလည်း အဲသည်အမှတ်မှားနေတဲ့ အပင်ကို စိုက်လေ့ရှိကြသတဲ့
.
. . . ဗုဒ္ဓဝင်ထဲက အင်ကြင်းပင်ဆိုတာက Shorea robusta ဆိုတာ ပိုပြီး ဖြစ်နိုင်တယ်လို့ထင်တယ်၊ အပင်ရဲ့ သမိုင်းကြောင်းအရလည်း သူ့ရဲ့ မူရင်းဒေသက ကျနော်တို့ မဇ္ဈိမဒေသလို့ သိထားတဲ့ ဟိမဝန္တာတောင်တန်းကြီးရဲ့ တောင်ဘက်ပိုင်းက အိန္ဒိယနိုင်ငံ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာတို့ ဖြစ်ကြတာကြောင့် ဘုရားရှင်ဖွားတော်မူချိန်တုန်းက ဒီဒေသမှာ ရှိနေခဲ့တာ အဲသည် အင်ကြင်းပင်သာဖြစ်တယ်ဆိုတဲ့ အယူအဆက ပိုပြီး ယုတ္တိတန်ပါတယ်
.
. . . ထားပါတော့လေ ဒီစာစုက အင်ကြင်းပင်ရှာပုံတော်ဖွင့်တဲ့ အကြောင်းတော့ မဟုတ်ပါဘူး၊ ဒီလင်္ကာထဲက ကျနော် တကယ်ရှာနေတာက ဘုရားရှင်ပွင့်တော်မူတဲ့ စာပိုဒ်ထဲက “ခါတော်တစ်ပုံ ပွင့်ချိန်ကြုံက” ဆိုတဲ့ နှစ်ပါဒကိုပါ။ ခါတော်တစ်ပုံဆိုတာ ကျနော်တို့ဆီမှာ ရှိတဲ့ ခါတော်မီ ပန်းတွေ ပွင့်ဝေနေတဲ့အချိန်ကို ထည့်ဖွဲ့ထားတာများလားပေါ့၊ ခါတော်မီပန်းဆိုတာက ကိုယ်တွေ ဗိုလ်လောင်းတုန်းက စစ်တက္ကသိုလ်ထဲ မြင်မြင်နေကျ အပင်ကြီးတွေမို့ ရင်းနှီးနေပြီးသားပါ။ ဘုရားပွင့်ချိန်ရယ်၊ ခါတော်မီပင်ရဲ့ မူရင်းဒေသရယ် နဲ့ ဘုရားပွင့်တော်မူချိန်မှာ ခါတော်မီပန်းက မဇ္ဈိမဒေသကို ရောက်ပြီလားဆိုတာရယ်ကို လိုက်တူးဆွကြည့်တော့ ခါတော်မီပန်းရဲ့ မူရင်းဒေသက ဩစတေးလျ အရှေ့ဘက်ကမ်းရိုးတန်းတဲ့၊ နောက်ပြီး ဘုရားပွင့်ချိန်မှာ ခါတော်မီပန်းက မဇ္ဈိမဒေသကို ရောက်နေပြီလားဆိုတာလည်း သိပ်မသေချာဘူး၊ ပိုဆိုးတာက ခါတော်မီပန်း ပွင့်တဲ့အချိန်က စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာဆိုတော့ ဘုရားပွင့်ချိန် ကဆုန်လ (ဧပြီ ၊ မေ) နဲ့က ဝေးကွာလွန်းပြန်တယ်
.
. . . ဆိုတော့ကာ
ခုနစ်နေ့ ဘုရားရှိခိုး လင်္ကာသွားထဲက ဘုရားပွင့်တော်မူရာနေ့ကို ဖွဲ့နွဲ့ထားတဲ့ ခါတော်တစ်ပုံ ပွင့်ချိန်ကြုံ ဆိုတာ ခါတော်မီပန်းတွေ ပွင့်တဲ့အချိန်ကို ပြောတာတော့ တော်တော်တော့ မဟုတ်လောက်တော့ဘူး၊ အဲဒါဆို ခါတော်တစ်ပုံ ပွင့်ချိန်ကြုံဆိုတာ ဘာကိုပြောတာလဲ၊ ဘုရားပွင့်ဖို့ အချိန်အခါတော် သင့်တင့်ကျရောက်လေပြီလို့ ဆိုတာလား၊ ဒါမှမဟုတ် ကျနော်မသိသေးတဲ့ ပန်းတစ်မျိုးပွင့်တာကို ပြောတာလား၊
.
သိရင်ပြောကြပါအုံးဗျာ
.
ဗိုလ်ကောင်း
၁၇ ဩဂုတ် ၂၀၂၁
.
ဓာတ်ပုံက ခါတော်မီပန်းလို့ ကျနော်တို့သိထားတဲ့ Grevillea robusta ပုံထဲမှာအဝါရောင်ပေမယ့် အနီဘက်သန်းတဲ့ အရောင်တွေလည်း ရှိပါသတဲ့
Photo Credit to https://upload.wikimedia.org/.../Grevillea_robusta_leaves...

Orchid Cho
ကိုကောင်းရေ။ ခါတော်မီပန်းတော့မသိဘူး။ပုဂံခေတ်ကဖွဲခဲ့တယ်ဆိုတဲ့ သိုး‌က လေ ချီကဗျာထဲမှာနံ့ရှားကြိုင်လွင့်ခါတန်ပွင့်သည် လို့ပါတယ်။ ခါတန်ဆိုတာအချိန်သင့်အခါသင့်ပွင့်တာပါ။ခုနစ်နေ့ဘုရားရှိခိုးမှာဆရာတော်ကြီးကရှေ့က ပေါ် နဲ့ ပျော် ကိုကာရန်ငဲ့ပြီးခါတော်တစ်ပုံလို့ ဖွဲ့ဟန်တူပါတယ်။ကိုယ့်ယူဆချက်သာပါ။ကဗျာဆရာရဲ့လွတ်လပ်ခွင့် poetic licenceကိုသုံးသွားဟန်တူပါတယ်။တပုံကတော့တစ်ခါပန်းပွင့်ချိန်ကြုံတယ်လို့ဆိုလိုမယ်ထင်ပါတယ်။တွေးကြည့်တာပါလေ။

Thursday 5 August 2021

ဖရဲသီး



. . . ဆောင်းရာသီဆို နှင်းတွေ လူတစ်ရပ်လောက်ဖုံးပြီး အပူချိန်က သုညအောက် တစ်ဆယ်ဝန်းကျင်လောက်အထိ ကျတတ်တဲ့ နှင်းပွင့်တိုင်းပြည်မှာ ဩဂုတ်လရဲ့ နွေရာသီအပူဓာတ်က တို့နေပြည်တော်ထက်တောင် တစ်ခါတစ်လေ ပိုများတတ်တယ်ဆိုတော့ကာ ကြားဖူးတုန်းကဖြင့် မယုံချင်စရာပါပဲ
.
. . . ပြီးခဲ့တဲ့ မတ် ဧပြီလောက်က အညွန့်အဖူးထွက်ခဲ့တဲ့ သစ်ရွက်တွေလည်း စိမ်းရောင်ရင့်ကြပြီမို့ ဘယ်ဆီကြည့်ကြည့် စိမ်းစိမ်းညို့ညို့နဲ့ ဒီလိုအချိန်မှာ ကိုယ်တို့နေတဲ့အရပ်က ထွက်တဲ့ နာမည်ကျော် ဖရဲသီးကိုလည်း တစ်ဝကြီး စားရခွင့်ကြုံပါတယ်
.
. . . နွေဦးပေါက်နှင်းတွေအရည်ပျော်ချိန်မှာ စစိုက်တဲ့ ယာအီရိုဆူအီကာ ဖရဲသီးဟာ ဒီအချိန်မှာ လှိုင်လှိုင်ထွက်ပါပြီ။ ကျောင်းပတ်ပတ်လည်က ရှိသမျှ ဖရဲခင်းတွေမှာ ကိုယ်တွေအတွက် စားစရာ ဖရဲသီးဆိုတာ တောင်ပုံယာပုံလို့တောင် ဆိုရမလားမသိ
.
. . . ဖရဲစိုက်တောင်သူတွေက ဖရဲသီးထွက်တဲ့အခါ အသီးအမျိုးအစား သုံးမျိုးလောက်ပဲ ခူးပါတယ်။ အကြီး အလတ် နဲ့ အသေး ဆိုပြီး သုံးမျိုးလောက်ပဲ ခွဲပြီး အဲသည် အရွယ်သုံးမျိုးထဲ မဝင်တဲ့ စကောစက အရွယ်အသီးတွေကို အခင်းထဲမှာ ဒီအတိုင်းပဲ ထားခဲ့ပြီး ဖရဲသီးတုံးချိန်ကျမှ လိုက်ကောက်ပြီးပစ်ပါတယ်။ ရောင်းတမ်းဝင်တဲ့ ဖရဲသီးတွေကိုတော့ ဖရဲသီးစားပွဲတော်လိုနေရာတွေ၊ ဆူပါမတ်ကက်တွေ မှာ သာမက ရပ်ဝေးမှာရှိတဲ့ အပေါင်းအသင်းရောင်းရင်းများကိုပါ ပို့ပေးလို့ရအောင် ဝန်ဆောင်မှုပေးပါတယ်။ ကိုယ်တွေလည်း အလျည်းသင့်တဲ့အခါ မိတ်ဆွေတွေဆီ ဒေသထွက်ဖရဲသီးပို့ဖြစ်ခဲ့တာတွေလည်း ရှိပါတယ်။ အခင်းထဲကနေတောင် တိုက်ရိုက်ပို့ပေးတဲ့ ဝန်ဆောင်မှုမျိုးရှိပြီး အခင်းနားမှာ သွားဝယ်မယ်ဆိုရင်တော့ ဖရဲသီး တစ်ဝကြီးကျွေးတဲ့အပြင် အပြန်မှာလည်း ဖရဲသီးအပိုတွေ တော်တော်များများ လက်ဆောင်ပေးတတ်ပါသေးတယ်။
.
. . . ဒါပေမယ့် ဖရဲသီးကတော့ ဝယ်မစားရတာ များပါတယ်၊ အဓိကအားဖြင့်တော့ ကျောင်းပတ်ဝန်းကျင် အခင်းတွေက တောင်သူတွေ မခူးဘဲ ချန်ခဲ့တဲ့ ပယ်သီးတွေက စကောစကအရွယ်မို့သာ ကျန်နေခဲ့တာဖြစ်ပေမယ့် ရောင်းတမ်းဝင်အသီးတွေလိုပဲ အရသာအရည်အသွေးအပြည့်နဲ့မို့ ကျနော်တို့အတွက်တော့ ဒီလိုအချိန်ဟာ ဖရဲသီး လှိုင်လှိုင်စားရတဲ့အချိန်ပါပဲ
.
. . . အမှန်ကတော့ ဖရဲသီး စသီးပြီဆိုကတည်းက သီးကင်းလေးတွေအရွယ်မှာ အပင်က အကောင်းဆုံးအလုံးကိုချန်ပြီး ခူးပစ်ကြလေ့ ရှိတာမို့ မြန်မာပြည်က ဗူးသီးနုနုလေးလိုသဘောထားပြီး အလုံးလိုက်ပြုတ်ပြီး ငါးပိရည်နဲ့ တို့စားတာမျိုး၊ ဗူးသီးကြော်လို ကြော်စားတာမျိုးတွေလည်း လုပ်စားဖြစ်ပါတယ်
.
. . . ပုံထဲက စာလေးကတော့ ဖရဲခင်းကြီးကိုကြည့်ပြီး တွေးမိတာလေးကို ရေးထားတာပါ။

Wednesday 4 August 2021

ဘေဘီလာမှ ကွေးသောကြောင့်



. . . တစ်ခါတစ်ခါတော့ အမှန်အကန်လူ့လောကြီးနဲ့ရော ပုံရိပ်ယောင်လူ့လောကကြီးနဲ့ရော ဝေးတဲ့နေရာကို တစ်ပတ်တန်သည် တစ်လတန်သည် ခဏလောက်သွားနေချင်မိတယ်။ ဝေးတဲ့နေရာ ဆိုပေတဲ့ အုပ်ချုပ်မှုကိစ္စလေးတွေကလည်း အဆင်ပြေချင်သေးတာကိုး၊ လူ့လောကြီးနဲ့သာ ဝေးနေချင်တာ လူ့စည်းစိမ်တွေနဲ့ကျပြန်တော့လည်း ဝေးမနေချင်ပြန်ဘူး။ အဲသည်နေရာလေးမှာ လူအစစ်တွေနဲ့ အင်တာနက်ပေါ်က ပုံရိပ်ယောင်လူတွေနဲ့ကလွဲရင် ကျန်တာကျ အကုန်လုံး ပြည့်စုံနေချင်မိပြန်တယ်
.
. . . စားစရာရှိမယ်၊ တစ်ပတ်စာလောက်ဆို ရေခဲသေတ္တာထဲ အသီးအရွက် အသားငါး သိမ်းလို့ရမှာပဲ။ နောက်ပြီးတော့ သောက်စရာလေးတွေ။ များများစားစား မတောင်းဆိုပါဘူး တစ်ပတ်ကနေ တစ်လလောက်အထိ ဖူလုံရင် ရပါပြီ။ အစားအစာမှာလည်း ကိုယ်က သိပ်ပြီး ချေးမများတတ်ဘူးဆိုတော့ ဆော်လမွန်ငါးတွေ၊ ကိုဘေး အမဲသားတွေ၊ ချိစ်တွေ၊ ကမ္ဘာကျော်အရက်တွေ၊ အာ့လို သိပ်ပြီး ကိန်းခမ်းကြီးတာတွေကိုလည်း မတောင်းဆိုပါဘူး။ သာမန် အိမ်မှာ စားသောက်နေကျလေးတွေရယ် အာမီရမ်ရယ် ဝက်အူချောင်းတို့ ဆိတ်သားခြောက်ဖုတ်တို့လောက်ဆို ပြည့်စုံပါပြီ
.
. . . အရေးကြီးဆုံး
အဲ . . . အရေးကြီးဆုံးက ကိုယ့်ကို ဘယ်သူမှ ဆက်သွယ်လို့ မရစေဖို့ပဲ၊ ဒီလောက်တိုတောင်းတဲ့ ရက်ကလေးထဲမှာ ကိုယ်ကလည်း ဘယ်သူ့ကိုမှ ဆက်သွယ်မှာ မဟုတ်သလို ကိုယ့်ကိုလည်း ဘယ်သူမှ မဆက်သွယ်နိုင်စေချင်ဘူး။ ယုတ်စွအဆုံး အင်တာနက်ပါ မရစေချင်ဘူး။
.
. . . အင်တာနက် မရဘူးဆိုပေတဲ့ ဖုန်းတော့လိုတယ်၊ ဖုန်းဆိုတာက ကိုယ့်ရဲ့ တစ်ကိုယ်ရေမှတ်တမ်းစက်လေးလဲ ဖြစ်တာမို့ အဲသည်ရက်တွေမှာ နေတဲ့အိမ်ဝန်းကျင် လျှောက်သွားမယ် တွေ့ခဲ့တာတွေအကုန် ဓာတ်ပုံရိုက်မယ် မှတ်တမ်းတင်မယ်၊ စိတ်ကူးပေါ်တာလေးတွေရှိရင်လည်း ဖုန်းကိုပြောပြပြီး အသံသွင်းထားမယ်
.
. . . အိမ်ပြန်ရောက်ရင် စိတ်ကူးတည့်ရာတွေ ချက်ပြုတ်စားသောက်မယ်။ ပြီးရင် ယူလာတဲ့ ဟာ့ဒစ်ထဲက စိတ်ကြိုက်ရုပ်ရှင်တွေကြည့်မယ်၊ ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်နေမှာဆိုတော့ ညသိပ်နက်တဲ့အထဲ နေဖြစ်မှာမဟုတ်ဘူး။ သန်းခေါင်မတိုင်ခင် အိပ်ဖြစ်မှာပဲ
.
. . . မနက်ကျ စောစောထပြီး ငှက်တွေအသံကိုနားထောင်မယ် နေပူဆာလှုံမယ်၊ ခြင်မကိုက်ဘူးဆိုရင်တော့ မနက်နေပူဆာလှုံတဲ့အခါ အဝတ်ကပ်ချင်မှ ကပ်မှာပေါ့လေ။ ပြီးရင် အနီးဝန်းကျင် လျှောက်သွားမယ်။ တွေ့တဲ့စမ်းချောင်းမှာ ရေချိုးမယ်၊ ဘယ်သူမှလည်း မရှိဘူးဆိုတော့ လွတ်လွတ်လပ်လပ် ရေချိုးလို့ရတာပေါ့။ ပြန်လာရင် နေ့လည်စာစားမယ်။ တစ်ရေးတစ်မော အိပ်မယ်၊ နိုးလာရင် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်မယ် တစ်ခြားဟာလည်း လုပ်ချင်လုပ်မယ်
.
. . . အခု စိတ်ကူးထဲကဟာတွေ လုပ်လို့ရအောင် ဘယ်နားသွားရမလဲ စဉ်းစားကြည့်တော့ ဆင်ဖြူရှင်မင်းလက်ထက်က စာဆိုတော် လက်ဝဲသုန္ဒရအမတ်ကြီး မင်းဒဏ်သင့်လို့ သွားရတဲ့ ကသာ၊ ထီးချိုင့်နယ်ထဲက မဲဇာအရပ်ဆိုရင် အဆင်ပြေမယ်လို့ ထင်မိတယ်
.
. . . လက်ဝဲသုန္ဒရအမတ်ကြီး ဦးမြတ်စံကတော့ သူမင်းဒဏ်သင့်နေတုန်းမှာ အဲသည်မဲဇာတောကြီးထဲ တော်တော်ကို ဒုက္ခကြီးစွာနဲ့ နေခဲ့ရပုံပဲ။ မဲဇာတောင်ခြေ၊ သဲသာသောင်မြေ၊ ပွဲခါညောင်ရေ အစချီတဲ့ ရတုသုံးပိုဒ်နဲ့ ရွှေပြည်ဌာနဝေးသောကြောင့်၊ လေပြည်လာကအေးသောကြောင့်၊ နေခြည်ဖြာမှနွေးသောကြောင့် အဆုံးသတ်တဲ့ ဂန္တဝင်ရတုတစ်ပုဒ် ရေးနိုင်ခဲ့တာပဲ
.
. . . ကိုယ်ကတော့ ကိုယ့်သဘောနဲ့ကိုယ် ပျော်လို့ကို သွားနေခဲ့တာမို့ သူ့လိုတော့ အလွမ်းရတုတွေ ရေးဖြစ်စရာအကြောင်းမရှိဘူး၊ မသကာ ဘေဘီလာမှ ကွေးသောကြောင့်ဆိုပြီး ခုခေတ်အခေါ် အိပ်ချ်ဒီဇာတ်လမ်းကောင်းလေးတွေတော့ ရေးဖြစ်ခဲ့မယ်ထင်တယ်၊ ဒါမျိုးကလည်း ဂန္တဝင်တွင်ဖို့ အခက်သားကလား၊ ဖတ်ချင်တဲ့သူများ ခုတည်းက စာရင်းပေးထားကြ
.
၄ ဩဂုတ် ၂၀၂၁

Sunday 1 August 2021

သေနိုင်ပါရိုးလား

. . . ငှက်ဖျားမိလို့ လက်ခံထားတဲ့ အငြိမ့်ပွဲတွေဖျက်လိုက်ရပြီး လူတွေမြင်ကွင်းက ပျောက်သွားတော့ မမြရင်တစ်ယောက် သေရှာပါလေပြီဆိုပြီး သတင်းကြီးရပြန်သတဲ့။
.
. . . မမြရင်ဆိုတာကလည်း တစ်ခေတ်တစ်ခါမှာ တစ်ယောက်ဆိုသလောက် ထွန်းထွန်းပေါက်ပေါက် ပရိသတ်များတဲ့သူဆိုတော့ သူနေမကောင်းဘူးကြားတော့ စာတွေဘာတွေရေးကြ သတင်းမေးကြ မေတ္တာပို့ကြတာတွေကလည်း အများသားကလား
.
. . . ဒီလောက်တောင် မေတ္တာပန်းပွင့်ထားသူဆိုတော့ မမြရင် ဒီတိုင်းနေလို့ မရတော့ဘူး၊ ထူထူထောင်ထောင်ဖြစ်တာနဲ့ သူ့အငြိမ့်သီချင်းတွေ ပင်တိုင်ရေးပေးနေကျ နန်းတော်ရှေ့ဆရာတင်ဆီကို ပြေးရတော့တာပဲ၊ ကိုကြီးတင်ရေ လုပ်ပါအုံး လူတွေက ကျမသေပြီထင်နေကြတယ်၊ ကျမ မသေဘူး ပြန်လာပြီဆိုတာ သီချင်းလေးတစ်ပုဒ်လောက် ရေးစမ်းပါအုံးရှင် ဆိုတော့
.
. . . ကိုယ့်ဘဝမှာ သေလောက်အောင်ဖြစ်ရတဲ့ အခက်အခဲကြီးတော့ မကြုံဖူးပေမယ့် လူတစ်ခု ပူမှုရယ်တဲ့ ဆယ်ကုဋေဆိုသလို တစ်ခါတစ်လေ သေသွားတာကမှ အကောင်းသားလို့ တ,ရလောက်အောင် စိတ်ပျက်ရတဲ့ အခိုက်အတန့်တွေကို အားတင်းကျော်ဖြတ်ပြီးတိုင်း
.
. . . အမေက ကိုယ်တွေငယ်ငယ်တုန်းက သီချင်းဆိုဆိုပြလေ့ ရှိတဲ့အခါ သီချင်းနောက်ခံအကြောင်းကိုပါ ပြောပြောလေ့ရှိတာကိုး၊ လေဘာတီမမြင်ရင်ရဲ့ တုံးကျော်မ သီချင်းဟာ အသက်ဘေးက ကျော်လွှားလွန်မြောက်လာနိုင်တဲ့ အတိတ်ကောင်းနိမိတ်ကောင်း သီချင်းအဖြစ် ကိုယ့်ရဲ့ အကြိုက်ဆုံးတွေထဲက တစ်ခုဖြစ်လာတဲ့အခါ တစ်ခုခုကို ခက်ခက်ခဲခဲ ကျော်ဖြတ်နိုင်ပြီးတိုင်း အဆိုတော်ကြီးမာမာအေးရဲ့ တုံးကျော်မသီချင်းကို အကျယ်ကြီးဖွင့်ပြီး အောင်ပွဲခံလေ့ရှိတာ ကိုယ့်အခန်းနားနီးတဲ့သူတွေ တစ်ခါတစ်လေတော့ သတိထားမိခဲ့ကြတယ်ထင်ပါရဲ့
.
. . . အခုကပ်ဘေးကြီးထဲ ပိုးဒဏ်သင့်ကြတဲ့ မိတ်ရင်းဆွေချာများလည်း အမြန်ပြန်ပြီး ကျန်းမာကြပါစေကြောင်း အကိုဗိုလ်ကောင်းကမေတ္တာရေလောင်းရင်း ရောဂါဒဏ်ကို ကျော်လွှားလွန်မြောက်ပြီးတဲ့အခါ ကျနော်နဲ့အတူ တုံးကျော်မ သီချင်းကို အကျယ်ကြီးသံပြိုင်ဆိုရင်း အောင်ပွဲခံကြဖို့ စောင့်မျှော်နေမယ်ဆိုတဲ့အကြောင်း
.
ဗိုလ်ကောင်း
၁ ဩဂုတ် ၂၀၂၁