Tuesday 27 October 2020

အဆင့်မြင့်ကြက်ဥပြုတ်

ကြက်ဥပြုတ်ကို အရသာရှိအောင် ပြုတ်တတ်ရင် စားလို့သိပ်ကောင်းတာ
ကြက်ဥပြုတ်မှာ အပြင်အကာသားက မာမာကြီးမဖြစ်ဘဲ အနေတော် နူးညံ့တဲ့အနေအထားလေးနဲ့ ၊ အနှစ်ကလည်း အရည်တွေ ခဲကာစ စိမ့်နေတဲ့ အရသာလေးနဲ့ ဖြစ်ဖို့ဆိုတာ ပြုတ်တဲ့အခါ အတိုင်းအဆ အင်မတန် အရေးကြီးတာ
.
ကြက်ဥပြုတ်တာများ လွယ်တာပေါ့လို့ ပြောလို့ရတာပေါ့၊ ဒါပေသိ အထက်မှာ ပြောခဲ့တဲ့ အရသာနဲ့ နူးညံ့မှုကို ရဖို့ကတော့ အတိုင်းအဆ လိုတယ်
.
ကြက်ဥပြုတ်ဖို့အတွက် ကြက်ဥမြုပ်လောက်တဲ့ ရေကို အိုးထဲထည့်ပြီး ဆူအောင်တည်ရတယ်၊ ရေဆူပြီဆိုမှ ကြက်ဥကို ထည့်ရတာ၊ ထည့်တဲ့အခါမှာလည်း ကြက်ဥကို ရေနွေးပူပူထဲ ပစ်ထည့်လိုက်ရင် ကွဲတတ်တယ်၊ ကြက်ဥကွဲသွားရင် ကြက်ဥထဲက အရည်တွေ အပြင်ထွက်ပြီး ပျက်ကရောပဲ၊ ဒါကြောင့် ကြက်ဥကို ဇွန်းလေးနဲ့ အသာယူပြီး ဆူနေတဲ့ ရေထဲကို အသာလေး ထည့်ရတာ
.
ထည့်ပြီးဆိုတာနဲ့ အိုးအဖုံးကို ပိတ်လိုက်၊ ပြီးတာနဲ့ နာရီကို မှတ်ထားတော့
အိုးအဖုံးပိတ်ပြီး ခြောက်မိနစ်တိတိ ဆူနေတဲ့ ရေဆူထဲမှာ အဖုံးပိတ်ပြီး ထားရမယ်
.
ခြောက်မိနစ်ပြည့်ပြီဆိုတာနဲ့ ကြက်ဥကို ဆူနေတဲ့ ရေထဲကနေ ဇွန်းလေးနဲ့ဆယ်ပြီး ရေခဲရေထဲကို စိမ်ထားလိုက်၊ အနည်းဆုံး ငါးမိနစ်စိမ်ရမယ်
ရေခဲရေထဲ ငါးမိနစ်စိမ်ပြီးတာနဲ့ ကြက်ဥလည်း အေးသွားပြီ အခွံနွှာဖို့ အသင့်ဖြစ်ပြီ
.
ကြက်ဥကို ဘေးပတ်ပတ်လည် ခေါက်လိုက်ရင် ကြက်ဥအခွံက အတွင်းသားတွေနဲ့ ကပ်မနေဘဲ ကောင်မလေးကို အင်္ကျီချွတ်သလို သာသာယာယာ ကွာသွားလိမ့်မယ်
.
ပြီးတာနဲ့ ဓားနဲ့ မခွဲဘဲ အပ်ချည်ကြိုး ဒါမှမဟုတ် ဝါယာကြိုးစလေးနဲ့ ကြက်ဥကို လိုသလို ပိုင်းစိတ်ကြည့်လိုက် နူးညံ့တဲ့ အပြင်အကာသားဖြူဖြူလေး အထဲမှာ အရည်က အနှစ်ဖြစ်ခါစ နူးညံ့ပြီး အရသာရှိတဲ့ အနှစ်သားလေးနဲ့ အဆင့်မြင့် ကြက်ဥပြုတ် ရပါပြီ
.
အဲ
တစ်ခုပဲရှိတာ
အရမ်းအရသာရှိတဲ့ အနှစ်သားလေးတွေကို
ဝိတ်ချနေတဲ့အချိန်မှာတော့ မစားသင့်ပါဘူးတဲ့
.
လခွမ်းတဲ့မှဘဲ
အဲ့သည် အနှစ်သားလေး အရသာရှိရှိ စားချင်လို့ ဒီလောက် အလုပ်ရှုပ်ခံပြီးပြုတ်ထားတာကို အနှစ်မစားရဘူးဆိုမှတော့ ဘာအဓိပ္ပာယ်ရှိတော့မှာလဲ
.
ဖာ့ခ်

Friday 16 October 2020

NCA Speeches by different stakeholders

the speeches obviously indicate that there are different versions of narrative on Pyidaungsu, Federalism, and Peace concepts. Reconcialiation of the narrative, i think, would be the most important in the priority order of the process, life and death matter for a Myanmar dream


#genuine
both parties never disagree
on the use of it
one uses it for #democracy
the other uses it for #Pyidaungsu

Wednesday 7 October 2020

တင်သွင်းလွှာ ၁/၂၀၂၀


. . . ဥပဒေကိစ္စတွေတော့ သိပ်နားမလည်ပေမယ့် မနေ့က လုပ်တဲ့ အခြေခံဥပဒေခုံရုံး တင်သွင်းလွှာ ကြားနာမှုနဲ့ ပတ်သက်ပြီး မြင်တာလေးတွေပြောချင်တယ်
.
ဝန်ကြီးချုပ်က တင်သွင်းခွင့်ရှိမရှိ
.
. . . ဆုံးဖြတ်ရမယ့်အချက် နံပတ်တစ်ဟာ ကယားပြည်နယ်ဝန်ကြီးချုပ်အနေနဲ့ ခုံရုံးကို တင်သွင်းခွင့် ရှိမရှိကိစ္စဖြစ်ပါတယ်၊ စာရွက်စာတမ်းတွေအပေါ် ဖော်ပြထားတဲ့ ရက်စွဲတွေအရ ဝန်ကြီးချုပ်ဟာ တာဝန်က ရပ်စဲမခံရခင်မှာ တင်တယ်လို့ဆိုတယ်၊ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်နေစဉ်မှာ တင်သွင်းခဲ့တာဆိုရင် ဒါကို ခုံရုံးက လက်ခံထိုက်တယ်လို့ ယူဆလို့ရတယ်၊ ခုံရုံးက တင်သွင်းလွှာကို လက်ခံကြားနာထိုက်တယ်လို့ ဆုံးဖြတ်ခဲ့ရင် အမှုက ရှေ့ဆက်သွားမယ်၊ လက်မခံရင် အမှုက ဘာမှ ဆက်လုပ်စရာမလိုတော့ဘူး
.
ဝန်ကြီးချုပ်လား အယ်ဖောင်းရှိုလား
.
. . . အခု အမှုကို လက်ခံကြားနာထိုက်တယ်လို့ ခုံရုံးက ဆုံးဖြတ်ပြီး ဆက်လက် ကြားနာစစ်ဆေးခဲ့မယ်ဆိုရင် ဒီအမှုဟာ ဘယ်သူတင်တာလဲဆိုတာ ဥပဒေကြောင်းအရ ရှင်းလင်းဖို့ လိုမယ်လို့ထင်တယ်၊ အခြေခံဥပဒေအရ ခုံရုံးကို နည်းလမ်းတကျ တင်သွင်းခွင့်ရှိတာ ပြည်နယ်ဝန်ကြီးချုပ် ဖြစ်ပါတယ်၊ တာဝန်က ရပ်စဲခံရတဲ့ ဦးအယ်ဖောင်းရှို မဟုတ်ပါဘူး၊ ဒါကြောင့် သူတာဝန်က ရပ်စဲသွားတဲ့ နောက်မှာ ဒီအမှုကို လက်ရှိ ပြည်နယ်ဝန်ကြီးချုပ်က ရာထူးတာဝန်အရ ဒီအမှုကို ဆက်ခံရပါမယ်။ လက်ရှိ ပြည်နယ်ဝန်ကြီးချုပ်ကသာ အမှုကို ဆက်လက် ရင်ဆိုင်ရပါမယ်၊ လက်ရှိ ဝန်ကြီးချုပ်က တာဝန်လွှဲအပ်တဲ့ ရှေ့နေကသာ ရုံးတော်မှာ လျှောက်လဲခွင့်ရှိရပါမယ်၊ အခု လက်ရှိ ရုံးတော်မှာ ဦးအယ်ဖောင်းရှိုရဲ့ ပုဂ္ဂိုလ်ရှေ့နေက လာရောက်လျှောက်လဲနေတာ နည်းလမ်းကျတယ်လို့ မထင်ပါဘူး။ ဒါကိုလည်း ရုံးတော်က ထည့်သွင်းစဉ်းစားရမယ့် အရေးကြီးကိစ္စလို့ ထင်ပါတယ်
.
ရုံးတော်သဟာယ
.
. . . ခုံရုံးက ရုံးတော်သဟာယ ဖိတ်ခေါ်တဲ့အခါမှာ ရှေ့နေချုပ်ရုံးကို ဖိတ်ခေါ်ခဲ့တဲ့အတွက် ရှေ့နေချုပ်ကိုယ်စား ညွှန်ကြားရေးမှူးချုပ်တစ်ယောက် တက်ရောက်တာကို တွေ့ရပါတယ်၊ ရုံးတော်သဟာယရဲ့ ပြောကြားချက်တွေကလည်း မူလတင်သွင်းလွှာမှာပါတဲ့ အချက်တွေကို ထောက်ခံတဲ့သဘောမျိုး တင်ပြသွားတာ တွေ့ရပါတယ်၊ ကိုယ့်အမြင်အရ ပြောရရင် အုပ်ချုပ်ရေးမဏ္ဍိုင်အကြီးအကဲ နိုင်ငံတော်သမ္မတ အမည်ပေးပို့ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးအာဏာပိုင် ဝန်ကြီးချုပ်ကို ဥပဒေပြုရေးအာဏာပိုင် ပြည်နယ်လွှတ်တော်က စွပ်စွဲပြစ်တင်ဖြုတ်ချခဲ့လို့ ဖြစ်ခဲ့ရတဲ့ နောက်ဆက်တွဲအဖြစ် အခြေခံဥပဒေခုံရုံးကို ရောက်လာတဲ့ ကိစ္စမှာ အုပ်ချုပ်ရေးအကြီးအကဲ သမ္မတက ခန့်အပ်ထားတဲ့ ရှေ့နေချုပ်ကို ရုံးတော်သဟာယအဖြစ် ဖိတ်ကြားတာက ရာထူးအာဏာအလျောက် ဩဇာလွှမ်းမိုးမှု မကင်းနိုင်ဘူးလို့ သံသယဖြစ်ဖွယ်ရှိပါတယ်၊ ဒါကြောင့် ရုံးတော်သဟာယအဖြစ် အုပ်ချုပ်ရေး နဲ့ ဥပဒေပြုရေး မဏ္ဍိုင်တွေနဲ့ လွတ်ကင်းတဲ့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီတို့လို ကြားနေအဖွဲ့အစည်း ပုဂ္ဂိုလ်မျိုးကိုသာ ရုံးတော်သဟာယအဖြစ် ဖိတ်ကြားဖို့ ပိုမိုသင့်လျော်မယ်လို့ ယူဆပါတယ်
.
ခုံရုံးရဲ့ သမာသမတ်ကျမှု
.
. . . အခြေခံဥပဒေအရ ခုံရုံးကို သမ္မတနဲ့ လွှတ်တော်ဥက္ကဌ နှစ်ယောက်တို့က တရားသူကြီးသုံးဦးစီ အမည်စာရင်းပေး ခန့်အပ်ထားတာမို့ တရားသူကြီး ကိုးဦးလုံးက လက်ရှိ အာဏာရပါတီက အလုံးစုံခန့်အပ်ထားတဲ့ တရားသူကြီးတွေ ဖြစ်နေတဲ့ အချက်လည်း ခုံရုံးရဲ့ ဆုံးဖြတ်ချက်အပေါ် သက်ရောက်နိုင်ဖွယ်ရှိပါတယ်၊ (အခြေခံဥပဒေပြင်ဆင်ရေးရှုထောင့်ပြောရရင်) ခုံရုံးရဲ့ ဖွဲ့စည်းပုံရယ် သက်တမ်းကိုလည်း အစိုးရသက်တမ်းနဲ့ အတူတူ ပေးထားတာရယ်ကြောင့် အစိုးရတစ်ရပ်ပြောင်းတိုင်း လိုက်ပြောင်းနေမယ့် ခုံရုံးအစား ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကဲ့သို့ တရားစီရင်ရေးမဏ္ဍိုင်ကို ခိုင်ခိုင်ခံ့ခံ့ ထိန်းကျောင်းနိုင်တဲ့ စနစ်မျိုးပြင်ဆင်ဖို့လိုမယ်လို့ ထင်ပါတယ်
.
ကယားလွှတ်တော်စုံစမ်းရေးအဖွဲ့မှာစွပ်စွဲသူပါနေတဲ့ကိစ္စ
.
. . . ဥပဒေပြဌာန်းချက်များမှာ တားမြစ်မထားပေမယ့် စွပ်စွဲသူကို စုံစမ်းစစ်ဆေးရေးအဖွဲ့ထဲ ထည့်ဖွဲ့တာက သာမန်အားဖြင့်တော့ မလုပ်သင့်တဲ့ ကိစ္စလို့ ထင်ပါတယ်၊ ဒါပေမယ့် စုံစမ်းစစ်ဆေးရေးအဖွဲ့က စုံစမ်းရုံသာဖြစ်ပြီး ဆုံးဖြတ်တာက ကယားလွှတ်တော်သာဖြစ်တဲ့အတွက် ဘယ်သူစုံစမ်းစစ်ဆေးခဲ့တယ်ဆိုတဲ့အချက်က အယ်လ်ဖောင်းရှို ဖြုတ်ချခံရတဲ့ ကိစ္စမှာ သက်ရောက်မှု ကြီးမယ်လို့တော့ မထင်မိပါဘူး
.
. . . အခုပြောခဲ့တာက ကိုယ့်အမြင်သက်သက်ပါ၊ ခုံရုံးရဲ့ ဆုံးဖြတ်ချက် ထွက်လာတဲ့အခါ လက်ရှိအာဏာရပါတီရဲ့ အစိုးရနဲ့ လွှတ်တော်အကြီးအကဲတွေက ခန့်အပ်ထားတဲ့ တရားသူကြီးတွေ အမှုကို ဘယ်လိုဆုံးဖြတ်ကြမလဲဆိုတာကြည့်ပြီး သူတို့ရဲ့ တရားမျှတမှုအယူအဆကို အကဲဖြတ်ကြပါစို့
.
ဗိုလ်ကောင်း
၇ အောက်တိုဘာ ၂၀၂၀
.
တစ်နာရီခွဲလောက်ကြာတဲ့ ခုံရုံးကြားနာချက် အပြည့်အစုံကို ဒီနေရာမှာ ကြည့်ရှုလေ့လာနိုင်ပါတယ်
https://youtu.be/ikE_PCleP38

Thursday 1 October 2020

နောက်ဆုံးတိုက်ပွဲ


      သမ္မတ စဖြစ်ပြီဆိုကတည်းက အရင့်အရင်သမ္မတတွေနဲ့ မတူဘဲ ဘာပဲလုပ်လုပ် ပွဲဆူလေ့ရှိတဲ့ သမ္မတထရမ့် လေးနှစ်သက်တမ်းပြည့်ခါနီးမှာ နောက်ဆုံးတိုက်နေရတဲ့ တိုက်ပွဲကတော့ တရားရုံးချုပ် တရားသူကြီးတစ်ယောက် ကွယ်လွန်လို့ လစ်လပ်သွားတဲ့တစ်နေရာ အစားထိုးပြန်ခန့်ဖို့ ကြိုးစားနေရခြင်း ဖြစ်ပါတယ်။
.
. . . သာမန်အားဖြင့်ကတော့ အမေရိကန်အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့အတိုင်း လစ်လပ်သွားတဲ့ တရားသူကြီးတစ်ယောက်ကို သမ္မတက အမည်စာရင်းတင်သွင်း လွှတ်တော်က လိုအပ်တဲ့ စိစစ်ကြားနာမှုတွေလုပ်ပြီး အတည်ပြုခန့်အပ်လိုက်တာဆိုပေမယ့် အခြေအနေက ထင်သလောက် မရိုးရှင်းပါဘူး။
.
. . . ပထမဆုံးအချက်က သမ္မတရွေးကောက်ပွဲ အလွန်ကိုနီးကပ်နေတဲ့အချိန်ဖြစ်တဲ့အပြင် အမေရိကန်တစ်လွှားက ကြိုတင်မဲပေးမယ့်သူတွေက မဲပေးပြီးကုန်ကြပါပြီ။ ဒီလိုအချိန်မျိုးမှာ လစ်လပ်တရားသူကြီးတစ်ယောက်ကို အမည်စာရင်းတင်သွင်းပြီး ခန့်အပ်ဖို့ ကြိုးစားတာက အမေရိကန်သမိုင်းမှာ မရှိခဲ့သေးဘူးလို့ ဆိုပါတယ်၊ အခြေခံဥပဒေအရ သမ္မတရဲ့ လုပ်ပိုင်ခွင့်ဘောင်ဝင်ပေမယ့် ဒီလိုအခြေအနေမျိုးမှာ ဒီလိုလုပ်တာက ကျင့်ဝတ်နဲ့မညီတဲ့ သဘောမျိုး ကန့်ကွက်နေကြတာတွေရှိပါတယ်
.
. . . အထူးသဖြင့် သမ္မတလောင်းပြိုင်ဘက် ဂျိုးဘိုင်ဒင်က သူသမ္မတဖြစ်ခဲ့ရင် ဒီအမည်စာရင်းတင်သွင်းမှုကို ပြန်လည်ရုပ်သိမ်းပြီး အမည်စာရင်းအသစ်ပြန်တင်မယ်လို့ ဆိုပါတယ်၊ အောက်လွှတ်တော်ဥက္ကဌ ဒီမိုကရက်အမတ် နန်စီပလိုစီကလည်း ဒါကို ခုချိန်မှာ မလုပ်သင့်ဘူးလို့ ကန့်ကွက်နေပါတယ်၊ ဒါ့အပြင် တခြားသော ထင်ရှားကျော်ကြားတဲ့ နိုင်ငံရေးသမားတွေအပိုင်းက ကန့်ကွက်နေကြတာတွေ ကျယ်ကျယ်လောင်လောင် လုပ်နေကြပေမယ့် ထောက်ခံတဲ့သူတွေကလည်း ဒုနဲ့ဒေးပါပဲ၊
.
. . . ဒုတိယ အချက်ကတော့ လက်ရှိ တရားသူကြီးတွေရဲ့ ဝါဒစွဲတွေနဲ့ ဆိုင်ပါတယ်၊ တရားသူကြီးဆိုသော်လည်း သူတို့လည်း လူဖြစ်တဲ့အတွက် သူတို့ယုံကြည်ရာ ဝါဒစွဲတွေ ကိုယ်စီရှိကြပါတယ်။ သူတို့ကို ဘယ်သမ္မတက ခန့်ခဲ့သလဲ ဆိုတာအပေါ် မူတည်ပြီး သူတို့ရဲ့ ဝါဒစွဲကို ပြောကြတာ ဖြစ်ပါတယ်၊ အခုလက်ရှိ တရားသူကြီးချုပ်အပါအဝင် တရားသူကြီးစုစုပေါင်း ရှစ်ဦး ရှိတဲ့အနက် ရီပတ်ပလစ်ကင် သမ္မတွေဖြစ်တဲ့ ဘုရှ် စီနီယာနဲ့ ဂျူနီယာ၊ လက်ရှိသမ္မတ ထရမ့် တို့ ခန့်ခဲ့တဲ့ တရားသူကြီးက ငါးဦးရှိနေပြီး ဒီမိုကရက်သမ္မတတွေဖြစ်တဲ့ ကလင်တန်နဲ့ အိုဘားတို့ ခန့်ခဲ့တဲ့ တရားသူကြီးက သုံးဦးပဲ ရှိပါတယ်။ ထရမ့်ရဲ့ လေးနှစ်သက်တမ်းအတွင်းမှာ ယခင်က တရားသူကြီး ၂ ယောက်နေရာလွတ်လို့ ခန့်အပ်ခဲ့တာရှိပြီး အခုအခါ တရားသူကြီး Ruth Bader Ginsburg ကွယ်လွန်သွားတဲ့အတွက် သူ့နေရာကို တစ်ယောက်ထပ်ခန့်ခဲ့ရင် ရီပတ်ပလစ်ကင် တရားသူကြီး ၆ ဦးအထိဖြစ်လာမှာဖြစ်ပါတယ်၊ တရားရုံးချုပ်လို နိုင်ငံတော်တရားစီရင်ရေး အထွတ်အထိပ် အာဏာအပ်နှင်းထားရတဲ့နေရာမှာ အခုလိုမျိုး နိုင်ငံရေးဝါဒစွဲ မမျှမတဖြစ်နေမှာကို မလိုလားဘူးလို့ ဝေဖန်သူတစ်ချို့က ဆိုကြပေမယ့် သမ္မတ ထရမ့်ကတော့ ဒါဟာ အခြေခံဥပဒေက ပေးထားတဲ့ သမ္မတ အခွင့်အာဏာသာဖြစ်လို့ သူ့မှာ ခန့်ခွင့်ရှိတယ်လို့ ဆိုနေပါတယ်။
.
. . . အထက်မှာ ဆိုခဲ့သလို ဝေဖန်မှုတွေ ကျယ်ကျယ်လောင်လောင် ဖြစ်နေတဲ့ ကြားကပဲ အစားထိုးခန့်အပ်မည့် တရားသူကြီးတစ်ဦး အမည်ကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့ကသမ္မတထရမ့် ကြေညာခဲ့ပါတယ်။ အသက် ၄၈ နှစ်အရွယ် နော်တာဒိမ်းတက္ကသိုလ်က ဥပဒေပညာရှင် လက်ရှိမှာလည်း တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ အေမီကော်နီဘားရက် ဆိုသူကို အမည်စာရင်းတင်သွင်းလိုက်ခြင်းပဲ ဖြစ်ပါတယ်။
.
. . . ရှေးရိုးစွဲဘာသာရေးကိုင်းရှိုင်းတယ်လို့ နာမည်ကြီးတဲ့ အေမီတစ်ယောက် တရားသူကြီးခန့်အပ်ရေး လုပ်ငန်းစဉ်အရ ဆီးနိတ်မှာ လိုအပ်တဲ့ ကြားနာစစ်ဆေးမှုနဲ့ မဲခွဲဆုံးဖြတ်မှုကို ခံယူရအုံးမှာပါ။ လက်ရှိ ဆီးနိတ် အထက်လွှတ်တော်ထဲမှာ ဥက္ကဌဖြစ်တဲ့ ထရမ့်ရဲ့ ဒုသမ္မတ မိုက်ခ်ပန့်စ် နဲ့ ရီပတ်ပလစ်ကင် အမတ် ၅၂ ဦး၊ ဒီမိုကရက်အမတ် ၄၇ ဦးနဲ့ တစ်သီးပုဂ္ဂလအမတ် ၂ ဦးရှိနေတဲ့အတွက် အများစုနဲ့ အနည်းစု အမတ်ဦးရး သိပ်မကွာလှပါဘူး။ သမ္မတ ထရမ့်အနေနဲ့လည်း သူလုပ်သမျှတိုင်းကို သူ့ရဲ့ မိခင်ပါတီ ရီပတ်ပလစ်ကင်က ထောက်ခံလေ့ မရှိတာမို့ ခုတစ်ကြိမ် တရားသူကြီးခန့်တဲ့ ကိစ္စမှာ လွှတ်တော်ထဲက ရီပတ်ပလစ်ကင်အမတ်တွေရဲ့ ရပ်တည်ချက်အပေါ်မူတည်ပြီး သမ္မတထရမ့် (ပထမ)သက်တမ်းရဲ့ နောက်ဆုံးတိုက်ပွဲ အနိုင်အရှုံးက အဆုံးအဖြစ်အဖြေဖြစ်သွားမှာမို့ ငွေရောင်ပိတ်ကားပေါ်မှ ဆက်လက်စောင့်မျှော်ကြည့်နေရမှာဖြစ်ပါကြောင်း
.
ဗိုလ်ကောင်း
၁ အောက်တိုဘာ ၂၀၂၀
.
Photo credit
http://www.financetwitter.com/.../us-supreme-court-judges...
See Less