Showing posts with label မြန်မာ့နိုင်ငံရေး. Show all posts
Showing posts with label မြန်မာ့နိုင်ငံရေး. Show all posts

Tuesday, 3 November 2020

၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တပ်မတော်က နာခံခဲ့တဲ့ ကိစ္စတွေ

တစ်ခုက ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများ ပြင်တုန်းက၊ တပ်ပရဝုဏ်အတွင်းက မဲရုံတွေ တပ်ပြင်ကို ထုတ်ဖို့ဆိုတာပါတဲ့ နည်းဥပဒေကို ပြင်ဆင်ထုတ်ပြန်တုန်းက ဥပဒေအရ ရက်ပေါင်း ၆၀ အတွင်း ပြင်ဆင်ချက်တင် ကန့်ကွက်နိုင်ပေမယ့် မလုပ်တော့ဘဲ အဲသည် နည်းဥပဒေအတိုင်း တပ်မဲရုံတွေကို တပ်ပြင်ကို ထုတ်ပေးခဲ့တယ်
နောက်တစ်ခုက တပ်မတော်ဦးစီးချုပ်ရဲ့ မူဝါဒခြောက်ချက်ကို သတင်းစာမှာထည့်တာကို စာနယ်ဇင်းကောင်စီတစ်ဆင့် ကန့်ကွက်တာကိုလည်း အသာတကြည် ဖြုတ်ပေးခဲ့တယ်၊ အင်စတီကျူးရှင်း နှစ်ခုကြားမှာ မလိုလားအပ်တဲ့ ပွတ်တိုက်မှုတွေမဖြစ်ချင်လို့ အခုလို လိုက်လျောခဲ့တာလို့ ဆိုတယ်

တပ်နယ်တစ်ခုက ကြိုတင်မဲတွေ စာအိတ်ပွင့်နေလို့ ပယ်မဲလုပ်မယ် ဘာညာ အသံထွက်လာတော့လည်း ဥပဒေအတိုင်းလုပ်တာကို နာခံမယ်လို့ ပြောခဲ့တယ်၊ ဒါပေမယ့် ဒီပြသနာက သူ့တစ်နေရာတည်းဖြစ်နေတာမဟုတ်ဘူး တစ်ခြားမှာလည်း ဖြစ်နေတာကို ထင်ရှားအောင်ပြပြီး Double Standard မဖြစ်ဖို့တော့ လိုတယ်ဆိုတာလောက် သတိပေးခဲ့တယ်၊ မကြာပါဘူး ရွေးကော်က ဥပဒေတွေ မကိုးမကားနဲ့ စိတ်ကူးပေါက်ရာရေးထားတဲ့ ကြိုတင်မဲဆန္ဒရှင်များသို့ အသိပေးကြေညာချက်ဆိုတာ ထွက်လာတာပဲ

နောက်ထပ် ဘာတွေ ရှိသေးပါလိမ့်

Friday, 18 October 2019

တရားသူကြီးချုပ်နဲ့ ရှေ့နေချုပ်

. . . တရားသူကြီးချုပ်နဲ့ ရှေ့နေချုပ်ဆိုတာ လုပ်ငန်းသဘောသဘာဝအရ တရားရုံးတွေနဲ့ နီးစပ်တာမို့ တရားစီရင်ရေးမဏ္ဋိုင် ထဲကသူတွေလို့ သာမန်အားဖြင့် ထင်စရာရှိပါတယ်၊ ဒါပေမယ့် နိုင်ငံရေးနဲ့ ပတ်သက်ပြီး တီးမိခေါက်မိရှိတယ်ဆိုရင်တော့ ဒီနှစ်ယောက်ရဲ့ ထမ်းဆောင်ရတဲ့တာဝန်နဲ့ နိုင်ငံရေးအရ အရေးပါမှုက တော်တော်ကို ကွဲပြားတယ်ဆိုတာ သိကြမှာပါ
.
. . . နိုင်ငံ‌တော်မှာ အချုပ်အခြာအာဏာ ဒေါက်တိုင်ကြီး သုံးခုရှိတဲ့အနက် တရားသူကြီးချုပ်ဆိုတာ တရားစီရင်ရေးမဏ္ဋိုင်ရဲ့ အထွတ်အထိပ်ပုဂ္ဂိုလ်ဖြစ်ပြီး ရှေ့နေချုပ်ဆိုတာက‌တော့ နိုင်ငံတော်သမ္မတရဲ့ ဥပဒေဆိုင်ရာ အကြံပေးရာထူးမျှသာဖြစ်ပါတယ်
.
. . . တရားသူကြီးချုပ်ရော ရှေ့နေချုပ်ရော နှစ်‌ယောက်လုံးကို နိုင်ငံတော်သမ္မတက နာမည်စာရင်းတင်သွင်းပြီး ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောတူညီချက်နဲ့ ခန့််ရတာချင်း တူပေမယ့် တရားသူကြီးချုပ်က အသက်ခုနစ်ဆယ်ပြည့်တဲ့အထိ တာဝန်ထမ်းဆောင်နိုင်ပြီး ရှေ့နေချုပ်ကတော့ သမ္မတသက်တမ်းအတိုင်းပဲမို့ သမ္မတပြုတ်ရင် သူလည်းပြုတ်မှပါပဲ၊ နောက်တစ်ချက်က တရားသူကြီးချုပ်ကို သမ္မတက ခန့်ခွင့်သာရှိပြီး ပြန်ဖြုတ်ခွင့် မရှိပါဘူး၊ ဒါ့အပြင် ရှေ့က သမ္မတတစ်ယောက်ခန့်သွားတဲ့ တရားသူကြီးချုပ်က အသက်မပြည့်သေးလို့ ဆက်ပြီး တာဝန်ထမ်းဆောင်နေသေးတယ်ဆိုရင်လည်း တရားသူကြီးချုပ် နောက်တစ်ယောက် ထပ်ခန့်လို့ မရပါဘူး။ တရားစီရင်ရေးမဏ္ဋိုင်ရဲ့ လွတ်လပ်မှုကို ဒီနည်းနဲ့ ထိန်းထားတာပါ၊ ရှေ့နေချုပ်ကတော့ သမ္မတက မလိုချင်တဲ့အချိန် ဖြုတ်ပြီး အသစ်ခန့်လို့ရပါတယ်။
.
. . . လက်ရှိအခြေအနေနဲ့ ပြောရမယ်ဆိုရင် လက်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တရားသူကြီးချုပ် ဦးထွန်းထွန်းဦးကို နိုင်ငံတော်သမ္မတဦးသိန်းစိန် အမည်စာရင်း တင်သွင်းခန့််အပ်ခဲ့တာဖြစ်ပြီး အသက်က အခု ၆၃ နှစ်မို့ နောက်ထပ် ခုနစ်နှစ် ဆက်လက်တာဝန်ထမ်းဆောင်ခွင့် ရှိနေပါတယ်။ သူနဲ့နာမည်တူ ရှေ့နေချုပ်ဦးထွန်းထွန်းဦးကိုတော့ သမ္မတဦးထင်ကျော်ခန့်အပ်ခဲ့တာဖြစ်ပြီး သူ့ရဲ့ရာထူးသက်တမ်းက အခုလက်ရှိအစိုးရအဖွဲ့ရာထူးသက်တမ်းနဲ့အတူ ကုန်ဆုံးမှာဖြစ်ပါတယ်။ နောက်ကြောင်းနည်းနည်းထပ်ပြောရရင် လက်ရှိတရားသူကြီးချုပ်က ၁၉၉၀ - ၁၉၉၄ တပ်မတော်ရဲ့ စစ်ဥပဒေချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နယကအစိုးရရဲ့ ဒုတိယတရားသူကြီးချုပ်အဖြစ် ၂၀၀၇ ခုနှစ်ကနေ ၂၀၁၁ ထိ တာဝန်ထမ်းဆောင်ခဲ့တဲ့သူ ဖြစ်ပါတယ်။ လက်ရှိ ရှေ့နေချုပ် ဦးထွန်းထွန်းဦးကလည်း နယကအစိုးရလက်ထက် ၂၀၀၆ ခုနှစ်ကနေ ဒုတိယရှေ့နေချုပ်အဖြစ် တာဝန်ထမ်းဆောင်လာရာကနေ သမ္မတဦးသိန်းစိန်လက်ထက်မှာလည်း ဒုတိယရှေ့နေချုပ်အဖြစ် တာဝန်ပေးခံရပြီး သမ္မတဦးထင်ကျော်က ရှေ့နေချုပ်အဖြစ် ခန့်အပ်ခဲ့သူဖြစ်ပါတယ်။
.
ဗိုလ်ကောင်း
၁၈ အောက်တိုဘာ ၂၀၁၉

Wednesday, 31 July 2019

ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း တရားဝင်ခြင်းမ၀င်ခြင်းနှင့် ပတ်သက်ပြီး


 ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း တရားဝင်ခြင်းမ၀င်ခြင်းနှင့် ပတ်သက်ပြီး ဒီမေးခွန်းတွေ မေးခဲ့ပါတယ်

ဘာသာရေးကိုအခြေခံတဲ့
လူမှုရေးအသင်းအဖွဲ့တွေကို
ဥပဒေအရ ဖွဲ့ခွင့်ရှိသလား

သံဃာတော်တွေက
သံဃာ့အဖွဲ့အစည်းမဟုတ်တဲ့
လူမှုရေးအသင်းအဖွဲ့တွေမှာ
အဖွဲ့ဝင်ဖြစ်ခွင့်ရှိသလား

ဥပဒေကခွင့်ပြုထားတဲ့
အသင်းအဖွဲ့အမျိုးအစားက
ဘယ်နှခုလောက်ရှိလဲ

တရားမဝင်အသင်း
မတရားသင်းအဖြစ်
ဘယ်လိုအချက်တွေနဲ့ကိုက်ညီရင်
ကြေညာလို့ရသလဲ
အသင်းအဖွဲ့ဆိုင်ရာ ဥပဒေသုံးခု တွေ့ပါတယ်
.
၁။ အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဥပဒေ
https://www.constitutionaltribunal.gov.mm/lawdatabase/my/law/226?fbclid=IwAR0KevSlekwluJYMRJ3jm7T-BNo-7uYx4SQuRg2elCFZeRpGkADtaOjE3oQ
.
၂။ THE UNLAWFUL ASSOCIATION ACT
https://www.constitutionaltribunal.gov.mm/lawdatabase/my/content/unlawful-association-act-india-act?fbclid=IwAR1PbE5m0_K2gW4YGha5zm_dT-GIXr2RwPkjaT97JWprnThUedWT6kxS6LQ
.
၃။ သံဃာ့အဖွဲ့အစည်းဆိုင်ရာဥပဒေ
https://www.constitutionaltribunal.gov.mm/lawdatabase/my/law/620

အခြေခံဥပဒေပုဒ်မ ၃၅၄(ဂ) နဲ့
ဒီဥပဒေသုံးခုရယ်ကို လေ့လာပြီးတဲ့အခါမှာ အောက်ပါအတိုင်း သုံးသပ်ရရှိပါတယ်

ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း တရားဝင်ခြင်းမဝင်ခြင်းကို နိုင်ငံတော်ရဲ့ တည်ဆဲ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေများအရသာလျှင် သက်ဆိုင်ရာ ဥပဒေစောင့်ထိန်းရေးအဖွဲ့အစည်းများက ဆုံးဖြတ်ရမယ့်ကိစ္စဖြစ်ပါတယ်။ မဘသက ဝင်ဆုံးဖြတ်ပေးရမယ့်ကိစ္စလို့ မမြင်ပါဘူး၊ မဘသမှာလည်း အဲ့သည်လိုဆုံးဖြတ်ပေးနိုင်တဲ့အာဏာရှိတယ်လို့ မတွေ့ပါဘူး၊ သက်ဆိုင်ရာ ဥပဒေများဟာလည်း အခြေခံဥပဒေကပေးထားတဲ့ နိုင်ငံသားတို့ရဲ့ မူလအခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းဆောင်ရွက်တာကို အားပေးကူညီဖို့ ပြဌာန်းထားတဲ့ ဥပဒေများဖြစ်ပါတယ်၊ ဆိုလိုတာက နည်းလမ်းမကျတဲ့ ဖွဲ့စည်းမှုဖြစ်နေသည့်တိုင်အောင် နည်းလမ်းတကျဖွဲ့စည်းဆောင်ရွက်ဖို့ ကူညီပေးရဖို့ပါ နှိပ်ကွပ်ဖို့မဟုတ်ပါ သာသနာရေးဝန်ကြီးဌာနသည်လည်း ဒီအဖွဲ့က တရားမဝင်ဘူးလို့ ဆုံးဖြတ်ပေးခွင့်ရှိတဲ့ ဝန်ကြီးဌာနတစ်ခုမဟုတ်ပါ၊ အခုက ဥပဒေအရ ဆုံးဖြတ်ပေးခွင့်ရှိတဲ့ သက်ဆိုင်ရာတွေမပြောဘဲ မဆိုင်သူတွေက ကြည့်မရလို့လျှောက်ပြောနေသလိုဖြစ်နေပါတယ်၊ ဒီမိုကရေစီစနစ်မှာ ဥပဒေလွတ် စည်းမျဉ်းလွတ် စိတ်ထင်ရာလျှောက်ပြောနေခြင်းက ဘောင်မဝင်ပါဘူး အားလည်းမပေးထိုက်ပါဘူး ဒီအဖွဲ့တရားဝင်ခြင်းမဝင်ခြင်းနဲ့ပတ်သက်ပြီး အုပ်ချုပ်ရေးပိုင်းက ထိုက်သင့်တဲ့ကူညီစောင့်ရှောက်မှုမျိုးအစား နှိပ်ကွပ်တာတွေပဲ ဆက်လာနေမယ်ဆိုရင် ဖောင်ဒေးရှင်းအနေနဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကနေ သင့်တော်ရာစာချွန်တော်တစ်ခု ထုတ်ဆင့်ပေးဖို့ လျှောက်ထားပြီး မိမိတို့ရဲ့ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းဆောင်ရွက်ခွင့် မူလအခွင့်အရေးကို ကာကွယ်ဖို့ နည်းလမ်းရှာသင့်ပါတယ် ဆိုခဲ့တဲ့အထဲက အမှားအယွင်း အကောက်အယူလွဲနေတာများရှိရင် တည့်မတ်ပေးကြမယ်ဆို ဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ်

 ဇေယျာနိုင်
 ၃၁ ဇူလိုင် ၂၀၁၉


Sunday, 9 June 2019

နိုင်ငံတော်အတိုင်ပင်ခံရာထူး ပုဒ်မ ၂၃၂(ဋ) နှင့် ပါတီသို့ပြန်သွားခြင်း



ရန်ကုန်ခေတ်သစ်မှာရေးထားတဲ့ သတင်းတစ်ပုဒ်အရ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရတာဝန်များ ရပ်နား၍ ၂၀၂၀ ရွေးကောက်ပွဲအတွက် NLD ပါတီသို့ ပြန်၍ စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်နိုင် သည့် အခြေအနေများ ရှိနေပြီး ပါတီပြန်မည့် အခြေအနေများကို အရိပ်အမြွတ်ထုတ်ဖော်ပြောဆိုမှုများရှိနေကြောင်း” ဆိုပြီး ရန်ကုန်တိုင်းပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ချို့ကို ကိုးကားပြီး ဖော်ပြထားတာကိုတွေ့မိတော့ အတိုင်ပင်ခံရာထူးနဲ့ပြည်ထောင်စုဝန်ကြီးရာထူးတွေယူထားတဲ့ အစိုးရအဖွဲ့ဝင်တစ်ယောက်အနေနဲ့ ပါတီကို ဘယ်လိုပြန်သွားလို့ ရနိုင်မလဲဆိုတာတွေ တွေးမိပါတယ်။
.
အမှန်ပြောရရင် ကိုယ်က ဒီချုပ်ပါတီကို တော်တော်ကို မျှော်လင့်ထားခဲ့တာပါ။ သမ္မတကြီးဦးသိန်းစိန်လက်ထက်က မယ်မယ်ရရ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ တိုးတက်မှုတွေ ထင်သာမြင်သာပြုပြင်ပြောင်းလဲရေးတွေကို မြင်ခဲ့ရတော့ စစ်အစိုးရ အငွေ့အသက်မကင်းတဲ့ စစ်သားဟောင်းကြီးတွေတောင် ဒီလောက်လုပ်နိုင်တာ၊ ဒီမိုကရေစီကို ဆီမန်းမန်းသလို တတွတ်တွတ်ရွတ်ခဲ့တဲ့သူတွေက ပိုပြီးတောင် အစွမ်းပြနိုင်မှာပါလေဆိုပြီး မျှော်လင့်ခဲ့တာပါ။ အရင်အစိုးရလက်ထက်က အတိုက်အခံအဖြစ်နဲ့ ဘယ်အရာကိုမဆို ဝေဖန်ထောက်ပြနေတဲ့သူတွေဆိုတော့ သူတို့က ပိုလုပ်တတ်လို့ပါလေလို့ ထင်ခဲ့မိတာလည်း ပါတာပေါ့။
.
ပါတီရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ပထမဆုံး သံသယကို ဘယ်မှာ စရှိခဲ့သလဲဆိုတော့ အစိုးရအဖွဲ့ဝင်တွေရဲ့ နာမည်စာရင်း လွှတ်တော်ကို တင်တဲ့အချိန်မှာပါ။ ကိုယ်ထင်ထားတာက တကယ့်ကို ဒိတ်ဒိတ်ကျဲ ပြည်တွင်းပြည်ပ ပညာရှင်တွေ တကယ့်ကို နိုင်ငံတော်တည်ဆောက်ရေးကို အားကောင်းမောင်းသန်လုပ်နိုင်မယ့်သူတွေနဲ့ ပွဲထွက်လာမယ်လို့ ထင်ထားရာကနေ ပါတီဥက္ကဌကိုယ်တိုင်တောင် ၀န်ကြီးရာထူး လေးနေရာ ယူထားရတဲ့အပြင် ပါလာတဲ့ သူတွေတစ်ချို့မှာလည်း ပညာအရင်အချင်းပိုင်းဆိုင်ရာဖော်ပြချက်တွေမှာ ဝေဖန်ထောက်ပြစရာတွေ ပါလာတာမို့ အရင်တုန်းက သံသယရှိခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အကျယ်ချုပ်က လွတ်လာပြီးနောက်ပိုင်း ပါတီ တည်ဆောက်ရေးကို သေချာရော လုပ်နေရဲ့လားဆိုတဲ့ အချက်ဟာ ပိုပြီး မေးခွန်းထုတ်စရာ ဖြစ်ခဲ့ရပါတယ်။
.
ကိုယ့်အတွေးအရဆိုရင် ဥက္ကဌဟာ ပါတီကို ဆက်လက်ပြီး တည်ဆောက်နေဖို့ လိုအပ်တယ်။ တကယ်လို့ အစိုးရရဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်ထဲ ၀င်လိုက်မယ်ဆို အခြေခံဥပဒေအရ ပါတီလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်ခွင့် မရှိတော့တာကြောင့် ပါတီကို ထင်ထင်ပေါ်ပေါ် ဆက်ပြီး ဦးစီးလို့ရမှာ မဟုတ်ဘူး။ ပါတီတည်ဆောက်ရေးမှာ အားနည်းသွားနိုင်တယ်။ တကယ်လို့သာ လွှတ်တော်ဥက္ကဌလို ဒုက္ကဌလို ရာထူးမျိုးကိုယူလိုက်မယ်ဆိုရင် ပါတီကိုလည်း ဆက်လက်ပြီး တရားဝင်ဦးစီးနေလို့ရတဲ့အပြင် ပါတီဥက္ကဌအနေနဲ့ရော အပြန်အလှန်ထိန်းကျောင်းခြင်းအနေနဲ့ပါ အစိုးရအဖွဲ့ကို ကောင်းကောင်းကြီးကြပ်နေနိုင်တာမို့ အစိုးရထဲမသွားဘဲ လွှတ်တော်ထဲမှာပဲ နေမယ်လို့ ထင်ခဲ့တာ။ ဒါပေမယ့် သူက ပါတီကို ပစ်ပြီး အစိုးရထဲ သွားနေခဲ့တယ်။
.
အခု ပါတီကို ပြန်လာတော့မယ်ဆိုတော့ အခြေခံဥပဒေ ပုဒ်မ ၂၃၂(ဋ) အရ ပြည်ထောင်စုဝန်ကြီးရာထူးကို ကိုင်ထားပြီး ပြန်လာလို့တော့ မဖြစ်နိုင်ဘူး။ ပြည်ထောင်စုဝန်ကြီးရာထူးကိုစွန့်လွှတ်ပြီး အစိုးရထဲက ရာထူးကို ဆက်ယူထားအုံးမယ်ဆိုရင်လည်း စပြီး တီထွင်ကတည်းကိုက အခြေခံဥပဒေဆိုင်ရာ အငြင်းပွားဖွယ် ရာထူးဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံရာထူးကို ဆက်ကိုင်ထားမယ့်သဘောရှိတယ်။ အခြေခံဥပဒေရဲ့ အနှစ်သာရ (spirit of law) အရ ပြည်ထောင်စုအဆင့်အုပ်ချုပ်ရေးအာဏာပိုင်တွေကို ပါတီလုပ်ငန်းတွေနဲ့ သီးခြားခွဲထားတာဖြစ်ပေမယ့် အခြေခံဥပဒေမှာ မပါတဲ့ အတိုင်ပင်ခံလိုရာထူးမျိုးကို ဂယ်ပေါက်ရှာပြီး ထွင်ထားမှတော့ အခြေခံဥပဒေထဲ မပါဘူးဆိုပြီး အတိုင်ပင်ခံက ပါတီလုပ်ငန်းမှာ ၀င်လုပ်ခွင့်ရှိတယ်လို့ ကောက်ချက်ဆွဲဖို့လည်း ၀န်လေးမယ်လို့ မထင်ဘူး။ ဒါကြောင့် ပြည်ထောင်စုဝန်ကြီးရာထူးကိုစွန့်လွှတ် အတိုင်ပင်ခံရာထူးကို ကိုင်ထားပြီး ပါတီကို ပြန်ဦးစီးမယ့်နည်းလမ်းတစ်ခုတော့ရှိတယ်။

အင်း

ကိုယ်ကသာ ဥပဒေ ဘောင်ဝင်အောင် လျှောက်စဉ်းစားနေတာပါ၊ တကယ်တမ်းကျတော့ လုပ်ချင်ရင်လည်း ဥပဒေကို ကိုယ်လိုသလို အဓိပ္ပာယ်ဖွင့်ပြီး လုပ်လို့ရနေတာကြီးကို၊ လွှတ်တော်တင်ပြီး မဲသာခွဲလိုက်၊ ဘာလာလာဒေါင်းနေတာ ရှေ့မှာ သာကေတတွေမှ ပုံလို့ပဲမဟုတ်လား

Ref: https://www.facebook.com/khitthitnews/posts/665474250556591

Friday, 26 April 2019

လွတ်ငြိမ်းချမ်းသာ

နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးနှင့်ဆက်နွယ်ပြီး အမှုရင်ဆိုင်နေကြရသော ကျောင်းသားကျောင်းသူများ လွတ်မြောက်ရေးသည် ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်သော ပြည်သူ့အစိုးရ၏ ဦးစားပေးလုပ်ငန်းတစ်ခုဖြစ်ပါသည် ဆိုပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခံရပြီးတဲ့နောက်တစ်နေ့ ဧပြီလ ၇ ရက်နေ့မှာပဲ နိုင်ငံတော်အတိုင်ပင်ခံရုံးကနေ ကြေညာချက်ထုတ်ပြန်ပါတယ်။ သမ္မတလုပ်ပိုင်ခွင့်အရ လုပ်ရမယ့်အလုပ်ကို ရှေ့က ကြိုတင်ကြေညာခြင်းဖြင့် သူဟာ သမ္မတအထက်မှာရှိတယ်ဆိုတဲ့အကြောင်း ချက်ချင်းကို သက်သေပြလိုက်တဲ့ ထုတ်ပြန်ချက်လို့နားလည်ရပါတယ်။

တစ်ပတ်အကြာ ဧပြီလ ၁၆ ရက်နေ့မှာ အမျိုးသားရင်ကြားစေ့ရေးခေါင်းစဉ်အောက်ကနေ အကျဉ်းသား ၈၃ ဦးကို သမ္မတ ဦးထင်ကျော်အမိန့်နဲ့ လွှတ်ပေးလိုက်ပါတယ်။ ၂၀၁၇ မေလ ၂၃ ရက်နေ့မှာလည်း ၂၁ ရာစုပင်လုံကိုကြိုဆိုသောအားဖြင့်ဆိုပြီး အကျဉ်းသား ၁၈၆ ဦးကို လွှတ်ပေးခဲ့ပါတယ်

ဦးဝင်းမြင့် သမ္မတဖြစ်လာပြီးနောက် ၂၀၁၈ ဧပြီ ၁၇ ရက်နေ့နှစ်သစ်ကူးအခါသမယမှာ အရင်လွှတ်ခဲ့တဲ့ အကျဉ်းသားတွေအပေါ် ချမှတ်ထားတဲ့ စည်းကမ်းချက်တွေကို ပယ်ဖျက်ပေးလိုက်ပါတယ်။ အရင်သမ္မတ ဦးထင်ကျော်လက်ထက်က လွှတ်ခဲ့တဲ့ အကျဉ်းသားတွေကို စည်းကမ်းချက်ထားပြီး လွှတ်ပေးခဲ့ပုံပါပဲ။
အခု ဒီနှစ် နှစ်သစ်ကူးမှာတော့ နိုင်ငံသားအကျဉ်းသား ၉၅၃၅ ဦးတစ်ကြိမ်၊ ၆၉၄၈ ဦးတစ်ကြိမ် နှစ်ကြိမ်လွှတ်ပေးရာမှာ ရာဇ၀တ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွှတ်ပေးခဲ့တာဖြစ်ပါတယ်။ ထူးခြားတာက အရင်တုန်းက ထုတ်ခဲ့သမျှ အမိန့်အားလုံးမှာ အခြေခံဥပဒေ ပုဒ်မ ၂၀၄(က) ကို ကိုးကားခဲ့ပေမယ့် အခုအမိန့်တွေမှာတော့ ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ကိုသာ ကိုးကားထားပါတယ်။ 

ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက်တုန်းက နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီဖွဲ့ပေးထားပြီး အဲသည်ကော်မတီရဲ့ ထောက်ခံချက်နဲ့ အကျဉ်းသားတွေကို လွှတ်ပေးလေ့ရှိပါတယ်။ ကော်မတီမှာ NLD အပါအ၀င် အခြားသော အတိုက်အခံအင်အားစုတွေကိုပါ ထည့်သွင်းဖွဲ့စည်းပေးထားပြီး သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ဦးဆောင်ခဲ့တာပါ။ အစိုးရတက်တက်ချင်းမှာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမယ်ဆိုပြီး စာတစ်တန်ပေတစ်တန်ထုတ်ခဲ့တဲ့ အစိုးရက အခုကျတော့လည်း နိုင်ငံရေးအကျဉ်းသားဆိုတာ မရှိပါဘူးဆိုပြီး စာထုတ်တာကတော့ တော်တော်ကိုစိတ်ဝင်စားစရာကောင်းပါတယ်။

အကျဉ်းသားတွေကို လွတ်ငြိမ်းသက်သာခွင့်ပေးနေတာနဲ့ ပတ်သက်ပြီး ခိုင်မာတဲ့ မူဝါဒတစ်ခုနဲ့ လုပ်နေသလား၊ ဘာနဲ့လုပ်နေသလဲဆိုတာတော့ ဆက်လက်လေ့လာရအုံးမှာဖြစ်ပါတယ်။ 

ဗိုလ်ကောင်း
ပုံတစ်ခုချင်းစီမှာ သက်ဆိုင်ရာ စာတွေ ထည့်ရေးပေးထားတယ်
နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးမည်ဟု အတိုင်ပင်ခံခန့်အပ်ခံရပြီး နောက်တစ်နေ့တွင် ထုတ်ပြန်သော ကြေညာချက်

အခြေခံဥပဒေ ပုဒ်မ ၂၀၄


ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ (၁)


အမျိုးသားရင်ကြားစေ့ရေးခေါင်းစဉ်ဖြင့် ပုဒ်မ ၂၀၄(က)ကို ကိုးကားထုတ်ပြန်ခဲ့သော ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ၈၃ ဦး

ရာဇ၀တ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁(၁)အရ သတ်မှတ်ထားသော စည်းကမ်းချက်များကို ပယ်ဖျက်ပေးခြင်း


အခြေခံဥပဒေ ပုဒ်မ ၂၀၄(က) ကို ကိုးကားခြင်းမပြုဘဲ ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(၁) ကိုသာ ကိုးကားထုတ်ပြန်သည့် အမိန့် ၉၅၃၅ ဦး



အကျဉ်းဦးစီးဌာနက ထုတ်ပြန်သည့် နိုင်ငံရေးအကျဉ်းသားမရှိကြောင်း ထုတ်ပြန်ချက်





Friday, 19 April 2019

ငြိမ်းချမ်းရေး အနှစ်သုံးဆယ်



ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာကျင်းပတဲ့ ငြိမ်းချမ်းရေး အနှစ်သုံးဆယ်ပြည့်ပွဲနဲ့ ပတ်သက်ပြီး ကျွန်တော့်ရဲ့ အမြင်ကို မေးကြသူများကို ဒီနေရာကနေ ပြောပြပါ့မယ်။

၁) ပြည်ထောင်စုအလံတော်ကို အမြဲတမ်း ထိပ်မှာထားတတ်တဲ့ ၀ တွေရဲ့ အင်အားကြီးထွားမှုက ပြည်ထောင်စုကို ပြိုကွဲစေမယ့် ခြိမ်းခြောက်မှုတစ်ခုဖြစ်တယ်လို့ မမြင်ပါဘူး။ သုံးတတ်ရင် ပြည်ထောင်စုအတွက် အားတစ်ခုဖြစ်ပါတယ်။ သမိုင်းကြောင်းများအရ ပြည်ထောင်စုကို ကာကွယ်ဖို့အတွက်လည်း အားထားရတဲ့ တပ်ဖွဲ့တစ်ခု ဖြစ်ခဲ့ပါတယ်။

၂) ၀ တပ်ဖွဲ့ကို အားကျပြီး အခြားတပ်ဖွဲ့များက အင်အားတည်ဆောက်တာလုပ်လာနိုင်ခြေရှိတာကိုတော့ သတိထားစောင့်ကြည့်ရမှာဖြစ်ပါတယ်။

၃) ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ကနေ ပြည်နယ်အဆင့်ကို တိုးယူတောင်းဆိုတဲ့ အသံတစ်ချို့ကြားရပါတယ်။ လက်ရှိအခြေခံဥပဒေ ပြဌာန်းချက်တွေအရ ပြည်နယ်နယ်နိမိတ်ပြင်ဆင်သတ်မှတ်တဲ့ ပုဒ်မတွေကိုကိုးကားပြီး ပြည်နယ်အသစ်တစ်ခုအဖြစ် ပေါ်ပေါက်လာနိုင်ခြေရှိမရှိ ဥပဒေရှုထောင့်က သေချာမပြောတတ်ပေမယ့် ၀ ကို ပြည်နယ်ပေးလိုက်ရင် အခြားအင်အားကြီးများကလည်း သီးခြားပြည်နယ်တောင်းလာနိုင်တဲ့ အခြေအနေရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်နယ်အဆင့်တောင်းဆိုတာက ပြည်ထောင်စုကခွဲထွက်ဖို့ မကြံရွယ်သမျှ ကာလပတ်လုံး ပြည်ထောင်စုအတွက် ခြိမ်းခြောက်မှုတစ်ခု မဖြစ်ပါဘူး။

၎) တပ်မတော်တစ်ရပ်တည်းသာရှိရမယ်ဆိုတဲ့ နိုင်ငံတကာစံနှုန်းနဲ့ ကြည့်မယ်ဆိုရင် ပြည်ထောင်စုတပ်မတော်ကွပ်ကဲမှုနဲ့ ကင်းလွတ်နေတဲ့ ၀ တပ်ဖွဲ့ရဲ့ တည်ရှိနေမှုက နည်းနည်းတော့ ဂွတီးဂွကျနိုင်ပါတယ်။ ပြည်ထောင်စုတပ်မတော်ထဲကို ၀င်ရောက်ပူးပေါင်းတာဟာ ဗမာလူမျိုးလက်အောက်ကို ၀င်တာမဟုတ်ဘူးလို့ သဘောပေါက်အောင် ပြောနိုင်ပြနိုင်တဲ့တစ်နေ့တော့ ပြည်ထောင်စုတပ်မတော်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။

၅) ပြည်ထောင်စုက ခွဲထွက်မယ်ဆိုတဲ့ အရိပ်အယောင် နဲ့ လုပ်ဆောင်ချက် ပြောဆိုချက် မရှိသေးသမျှ ကာလပတ်လုံး ၊ ပြည်ထောင်စုရဲ့ အစိတ်အပိုင်းတစ်ခုခုကို လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်မလာသမျှ ကာလပတ်လုံး၊ ပြည်ထောင်စုတပ်မတော်နဲ့ ၀ တပ်ဖွဲ့ကြား စစ်ရေးပဋိပက္ခ ပေါ်လာစရာ အကြောင်းမရှိပါဘူး။

( သတင်းဓာတ်ပုံတွေနဲ့ ပတ်သက်ပြီး ထူးခြားချက်တစ်ခုက ဘာလဲဆိုရင် ၀တပ်ဖွဲ့ စစ်ရးပြမှာ အလံကိုင်တပ်ဖွဲ့ဟာ တပ်မတော်နေ့ စစ်ရေးပြလိုပဲ ပြည်ထောင်စုအလံတော်ကို ရှေ့ဆုံးမှာထားပြီး ချီတက်လာတာဖြစ်ပေမယ့် အဲသည်ဓာတ်ပုံကို သတင်းဌာနတွေရဲ့ ဓာတ်ပုံတွေထဲမှာ မတွေ့ရပါဘူး၊ သတင်းဌာနတွေက အမှတ်တမဲ့ပဲလား ရည်ရွယ်ချက်ရှိရှိပဲ အဲသည်ဓာတ်ပုံကို မသုံးတာလားဆိုတာ စိတ်ဝင်စားစရာဖြစ်ပါတယ်)

ဇေယျာနိုင်
ဓာတ်ပုံ
7 Day News

Sunday, 28 October 2018

Election Campaign and Union Ministers

. . . Should Myanmar Parliament enact a law to prohibit the elected officials from participating their mother party’s activities?
.
. . . The constitution bans some elected officials including the presidents, the union ministers, cabinet members, and members of some union level organizations not to participate the activities of the political parties especially the parties they came from. However, there is no law or code of conduct which clearly interprets the actions of the official deemed to be participating in the party’s activities. The lack of such law or code of conduct encourages the elected officials to cross the line banned by the constitution.
.
. . . There have been many criticisms of such actions committed by the ruling party NLD. The first one is a televised program conducted by the CEC members of the NLD broadcasted on a state-owned media just one day before the byelection 2017. The second one is the attendance of the two union ministers to the second party congress of the NLD. The opposition party group led by the USDP put their objection on the matters as violating the constitution. In spite of their official complaint, the election commission responsible for such actions of the political parties did not make any action and just released an announcement that the actions do not violate the constitution.
.
. . . For the time being, enacting such a law or drafting a set of code of conducts initiated by the election commission or elected MPs in the parliament could not be expected. Probably but almost impossible, the military MPs in both houses could fill this blank as they are also eligible for submitting a bill in the parliament.
.
. . . The State Counsellor who is serving as a union minister for two ministries also paid two visits to the Kachin and Chin States during the campaign period of the 2018 byelection. The election will be held on 3rd November to fill 13 parliamentary seats and two of them will come from the two states Daw Aung San Suu Kyi has recently visited.

28 October 2018


Wednesday, 8 August 2018

ခေတ်သစ်မြန်မာ့သမိုင်း ချီးပေခဲ့ရသည့်ကာလ


မင်းမဲ့စရိုက်များ ဆူပူအကြမ်းဖက်သောင်းကျန်းမှုများ လုယက်ဖျက်ဆီးမှုများ နိုင်ငံရေးစနစ်ပြောင်းရေးထက် မိမိတို့လူတစ်စု အာဏာရရေးကိုသာ အလေးပေးသော ဖန်တီးလုပ်ဆောင်ချက်များဖြင့် ဖြူစင်တက်ကြွသော ကျောင်းသားလူငယ်များကို အသုံးချကာ စားဝတ်နေရေး ကျပ်တည်းနေသည့် ပြည်သူတို့ကို ခုတုံးလုပ်ပြီး မြေပေါ်မြေအောက်နည်းလမ်းများ လူအချင်းချင်း စွပ်စွဲသတ်ဖြတ် အရှင်လတ်လတ် ခေါင်းဖြတ်မီးရှို့မှုများ တင်းကျမ်းရှိခဲ့သော မြန်မာ့သမိုင်း ချီးပေခဲ့ရသည့် အခိုက်အတန့် ကာလဆိုးကြီးကို သင်ခန်းစာယူနိုင်ကြစိမ့်သောငှာ

Tuesday, 31 July 2018


တရားစီရင်ရေးမဏ္ဍိုင်အကြီးအကဲကို အုပ်ချုပ်ရေးမဏ္ဍိုင်အကြီးအကဲက လမ်းညွှန်မှာကြားလို့ရသလား
???
ဥပဒေပြုရေးမဏ္ဍိုင်အကြီးအကဲတွေကိုတောင် သမ္မတက ပြောစရာရှိရင် သဝဏ်လွှာပို့ပြီး ပြောရတာမျိုးမဟုတ်ဘူးလား
???
Democratic constitutions are engineered to separate the three pillars deliberately in order to make sure that one pillar shall not be able to influence the others by designing a pattern of check and balance between and among them.

Wednesday, 4 July 2018

Cobra effect???


The attempt to rise the statue of the great person amongst the complaints of the locals obviously resulted in a negative impact of the intended purpose. The colonial stooges assassinated him only ONCE but his daughter’s supporters have been killing his reputation REPEATEDLY.

Friday, 4 May 2018

ပြည်ပကျူးကျော်



. . . တိုင်းတစ်ပါးသားတွေ မြန်မာ့ရေမြေကို ကျူးကျော်စော်ကားခဲ့တဲ့သမိုင်းကို ပြန်ကြည့်ရင် ဆယ့်သုံးရာစုလောက်ကတည်း တရုတ်တွေ ပုဂံကို ကျူးကျော်တာက စပြီးတွေ့နိုင်ပါတယ်။ ဒီဘက် ဆယ့်ကိုးရာစုရောက်တော့ ကုလားဖြူအင်္ဂလိပ်တွေက ကျူးကျော်စစ်သုံးခါပြုပြီး တစ်နိုင်ငံလုံးကို သိမ်းပိုက်ခဲ့တယ်။ (၁၈၂၆၊ ၁၈၅၂၊ ၁၈၈၅)။ ၁၉၄၁-၄၂ မှာ အင်္ဂလိပ်တွေကို တိုက်ထုတ်ဖို့ဆိုပြီး ဂျပန်တွေခေါ်လာတော့ သူတို့တွေ တစ်ခါဝင်လာပြန်တယ်။ နောက် သူတို့ကို ပြန်တိုက်ထုတ်ဖို့ မဟာမိတ်တပ်တွေနဲ့ ပြန်ပေါင်းရတော့ ၁၉၄၄-၄၅ မှာ အင်္ဂလိပ်တွေ ပြန်ဝင်လာပြန်တယ်။ ၁၉၄၈ လွတ်လပ်ရေးရပြီးတော့လည်း တရုတ်ကူမင်တန်တွေ ကျူးကျော်မှုကို ခံရတာပဲ။ ဒီတုန်းကဆိုရင် အဲသည်ကျူးကျော်မှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂမှာ တိုင်ကြားခဲ့ပေမယ့် အမေရိကန်စီအိုင်အေ နောက်ခံကျူးကျော်မှုဖြစ်တာမို့ တိုင်ကြားတဲ့ စကားအသုံးအနှုံးနဲ့ ပတ်သက်ပြီး ကန့်ကွက်လို့ အသုံးအနှုံးပြင်ဆင်ပေးခဲ့ရတယ်လို့ မှတ်သားဖူးတယ်။ ဒီလောက် ပြောင်ပြောင်တင်းတင်း ကျူးကျော်စော်ကားခံရတာကိုတောင်မှ နောက်ဆုံးတော့လည်း ကိုယ့်ရှိတဲ့အားနဲ့ ပြန်ချလို့သာ ကိုယ့်မြေကိုယ့်ရေ ကိုယ့်မြေပုံက မပွန်းမပဲ့ အခုချိန်ထိ ရှိနေတာမို့လား။ ဘယ်ကုလသမဂ္ဂကိုများ အားကိုးလို့ရခဲ့ပါလိမ့်
.
. . . ဒီနောက်ပိုင်းမှာလည်း မြန်မာ့ရေမြေပိုင်နက်ကို လစ်ရင်လစ်သလို မထိခလုတ် ထိခလုတ် ကျူးကျော်ရန်စတာမျိုး ခံနေရသေးတာပဲ။ အနည်းဆုံးတော့ စကားအရာနဲ့ပဲဖြစ်ဖြစ် မြန်မာ့ရေမြေကို ထိပါးတာ ခံနေရသေးတာပဲ။ ၁၉၈၈ တိုင်းဆူပြည်ဖျက်အရေးအခင်းဖြစ်တုန်းကဆို အစိုးရရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဆီက လက်နက်တွေလုတာမျိုး လုပ်တဲ့သူတွေက အစိုးရကို တိုက်ခိုက်ဖို့အတွက် ပြည်ပသံရုံးတွေဆီက လက်နက်အကူအညီတွေတောင် သွားတောင်းကြသတဲ့။ အာဏာသိမ်းစစ်အစိုးရနဲ့ တစ်ချို့ပြည်ပနိုင်ငံအစိုးရတွေကြား နားလည်မှုကွာဟချက်ကို အမြတ်ထုတ်ပြီး တစ်ချို့ သူပုန်အဖွဲ့တွေက ပြည်ပအထောက်အပံ့တွေရအောင် လုပ်နေကြတယ်လို့ ဗိုလ်ချုပ်မှူးကြီးစောမောင်က ပြောနေတဲ့ကြားက ၁၉၈၈ နိုဝင်ဘာလမှာ အမေရိကန်လွှတ်တော်အမတ် Dana Rohrabacher က ကမ္ဘာတစ်လွှားက အလွတ်သမားတိုက်ခိုက်ရေးသမားများကို ထောက်ပံ့နိုင်ဖို့အတွက် စနစ်တစ်ခုအကောင်အထည်ဖော်ရမယ်ဆိုတဲ့ သူတို့ရဲ့ ရည်မှန်းချက်ကို လူသိရှင်ကြားဖော်ထုတ်ခဲ့ကြသေးတယ်။
.
. . . ၁၉၈၈ တိုင်းပြည်ဆူပူပြီး အဖျက်သမားတွေ သောင်းကျန်းနေတဲ့အချိန်တုန်းက မြန်မာ့ရေပိုင်နက်ထဲကို အမေရိကန်စစ်သင်္ဘောတစ်အုပ် ရောက်လာခဲ့တယ်ဆိုတာ ကြားဖူးကြမှာပါ။ စစ်တပ်က အာဏာမသိမ်းခင် စက်တင်ဘာလ ၁၂ ရက်နေ့မနက်ပိုင်းမှာ အမေရိကန်လေယာဉ်တင်သင်္ဘော Coral Sea ပါတဲ့ စစ်င်္ဘောငါးစီးပါ စစ်ရေယာဉ်တစ်အုပ် မြန်မာ့ရေပိုင်နက်ထဲကို ရောက်လာခဲ့တယ်။ (ဒါတောင်မှ ငါးဖမ်းသင်္ဘောတွေက သတင်းပို့လို့ သိခဲ့ရတာဆိုလား)။ ချက်ချင်းပဲ မြန်မာ့တပ်မတော်က အမေရိကန်သံရုံးကို ကန့်ကွက်ပြီး ဖြေရှင်းချက်တောင်းတော့ မြန်မာပြည်မှာ ရုတ်ရုတ်သဲသဲ ဖြစ်နေလို့မို့ သူတို့သံရုံးဝန်ထမ်းတွေကို ကယ်ထုတ်ဖို့ ရောက်နေတာပါလို့ ဖြေရှင်းတယ်။ အမေရိကန်သံရုံးဝန်ထမ်းတွေအပါအ၀င် ၂၇၆ ယောက်က ဖြစ်စဉ်မတိုင်ခင်တစ်ရက် (စက်တင်ဘာ ၁၁) ရက်ကတည်းက လေကြောင်းလိုင်းနဲ့ ထွက်သွားပြီးကြပြီဖြစ်လို့ သူတို့ကို ကယ်ထုတ်ဖို့အကြောင်းပြချက်နဲ့ စစ်သင်္ဘောတွေ မြန်မာ့ရေပိုင်နက်ထဲရောက်နေတာဟာ လက်ခံနိုင်စရာမရှိဘူးလို့ မြန်မာအစိုးရက တုန့်ပြန်ခဲ့ပါတယ်။ တကယ်တမ်းကျတော့ အမေရိကန် စစ်လေယာဉ် C -130 မင်္ဂလာဒုံလေဆိပ်မှာ ဆင်းခွင့်ပေးဖို့ အမေရိကန်အစိုးရက အကြိမ်ကြိမ်တောင်းဆိုနေခဲ့တာလည်း ရှိပါတယ်။ အဲသလို စစ်လေယာဉ်ဆင်းခွင့်ပေးလိုက်ရင် အခုလိုရုတ်ရုတ်သဲသဲဖြစ်နေတဲ့အခြေအနေကို ပိုမိုရှုပ်ထွေးသွားစေနိုင်တဲ့အပြင် အိမ်နီးချင်းနိုင်ငံတွေကလည်း နားလည်မှုလွဲတာတွေဖြစ်ကုန်မှာစိုးလို့ ခွင့်မပြုနိုင်ပါဘူးလို့ မြန်မာအစိုးရက ငြင်းပယ်ထားတဲ့အချိန်လည်း ဖြစ်ပါတယ်။ အမေရိကန်သံရုံးက မြန်မာအစိုးရကို ဖြေရှင်းချက်ပေးပြီး နောက်တစ်နေ့မှာပဲ မြန်မာ့ရေပိုင်နက်ထဲ သူတို့စစ်သင်္ဘောအုပ်ရောက်နေတယ်ဆိုတာ ကောလဟာလ သက်သက်သာဖြစ်ပါတယ်လို့ ကြေညာချက်ထုတ်ခဲ့ပါတယ်။ (နည်းပညာပိုင်းဆိုင်ရာ အတိအကျတိုင်းတာမယ်ဆိုရင် ရန်ကုန်မြို့ရဲ့ တောင်ဘက် နော်တီကယ်မိုင် ကိုးဆယ်လောက်မှာ တွေ့ရတဲ့ စစ်သင်္ဘောတွေက မြန်မာ့ရေပိုင်နက်အပြင်ဘက်မှာ ရှိနေခဲ့တယ်ဆိုအုံးတော့) ရန်ကုန်မြို့ထဲက တစ်ချို့ဆူပူလှုပ်ရှားအဖွဲ့တွေက အမေရိကန်မရိမ်းတပ်တွေ ၀င်လာရင် ကြိုဆိုဖို့ဆိုပြီး အလံလေးတွေလုပ်ထားတာ၊ ရန်ကုန်က အချို့အရေးကြီးနေရာတွေကို မြန်မာ့တပ်တော်ရေတပ်နဲ့ လေတပ်က အမြောက်နဲ့ပစ် ဗုံးကြဲမယ်ဆိုတဲ့ ကောလဟလတွေ ပြန့်နှံ့နေတာနဲ့ အမေရိကန်စစ်သင်္ဘောအုပ် မြန်မာ့ရေပိုင်နက်နားကို ချဉ်းကပ်နေတာတွေဟာ သာမန်တိုက်ဆိုက်မှုတစ်ခုလို့ မမှတ်ယူသင့်ပါဘူး။
.
. . . တိုင်းတစ်ပါးရဲ့ ကျူးကျော်ခြိမ်းခြောက်မှုက ဒီတစ်ခုတည်း မဟုတ်ခဲ့ပါဘူး။ အထက်ကပြောတဲ့ အမေရိကန်စစ်သင်္ဘောကိစ္စတွေ ဖြစ်နေချိန်မှာ မြောက်ဘက်က တရုတ်ကြီးကလည်း မြန်မာနယ်စပ်တစ်လျှောက်မှာ တပ်တွေဖြန့်နေပါပြီ။ အခြေအနေက အဲသလောက်မဆိုးပါဘူး ခင်ဗျားတို့ တပ်တွေဖြန့်ထားဖို့ မလိုပါဘူးလို့ တရုတ်စစ်သံမှူးကိုလည်းပြော တရုတ်နယ်စပ်ကိုလည်း ကိုယ်စားလှယ်တစ်ဖွဲ့လွှတ်ပြီး တရုတ်တပ်တွေ မြန်မာပြည်ထဲ မကျူးကျော်လာအောင် အခြေအနေကို ရှင်းပြဆွေးနွေးတာတွေ လုပ်ခဲ့ရပါသေးတယ်။ တစ်ချို့တွေ ပြောသားအရဆို အမေရိကန်စစ်သင်္ဘောအုပ် မြန်မာပြည်ထဲဝင်လာတာနဲ့ ဗကပတွေကို ရှေ့တန်းတင်ပြီး ရှမ်းပြည်နယ်ကို သိမ်းပိုက်ဖို့ တရုတ်လွတ်မြောက်ရေးတပ်မတော်က ပြင်ဆင်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။
.
. . . ဆက်ရန်

Wednesday, 21 March 2018

အနန္တရ ပစ္စယ

 

. . . ကျန်းမာရေးအားနည်းနေတဲ့ နိုင်ငံတော် သမ္မတကြီး အနားယူသွားတာဟာ နိုင်ငံ့အုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့ အားနည်းချက်တစ်ရပ်အဖြစ် မြင်ချင်မြင်လို့ရပေမယ့် အားသာချက်အဖြစ် ယူမယ်ဆိုရင်လည်း ယူစရာတွေ အများကြီးရှိပါတယ်။
.
. . . အုပ်ချုပ်ရေးမဏ္ဍိုင်ကို အမှန်တကယ် စီမံခန့်ခွဲနိုင်ခွင့်ရှိတဲ့ အကြီးအကဲတစ်ယောက်ကို ခန့်အပ်ဖို့ အခွင့်အခါပေါ်လာတာကတော့ တကယ်ကို ကြီးမားတဲ့ အခွင့်အရေးဖြစ်ပါတယ်။ လက်ရှိ နိုင်ငံ့အုပ်ချုပ်ရေးကို လက်တွေ့ကျကျ စီမံခန့်ခွဲနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ သြစတေးလျ ခရီးစဉ်မှာ နေမကောင်းလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အစီအစဉ်တစ်ခုကို ပယ်ဖျက်ခဲ့ဖူးတာကိုကြည့်ရင် နိုင်ငံ့အုပ်ချုပ်ရေးယန္တယားအတွက် လက်ရှိအာဏာရပါတီ ခေါင်းဆောင်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ခံတဲ့သူတစ်ယောက် လူသိရှင်ကြား အဆင်သင့်ရှိနေဖို့လိုနေကြောင်း အချက်ပေးခေါင်းလောင်းသံအဖြစ် မှတ်ယူလို့ ရမှာပါ။ ဖြေရှင်းစရာ ပြသနာတွေများစွာနဲ့ နိုင်ငံတစ်ခုအတွက် အသက်အရွယ် ခုနစ်ဆယ်တန်းရောက်နေတဲ့ လက်ရှိခေါင်းဆောင်နေရာမှာ ကျန်းမာကြံ့ခိုင်ပြီး အများရဲ့ ယုံကြည်ကိုးစားလောက်တဲ့သူတစ်ယောက် အရေးတကြီးလိုအပ်နေတာပါ။ အခု သမ္မတကြီး ဦးထင်ကျော် အနားယူလိုက်ခြင်းက အဲသည်လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ အခွင့်အခါကောင်းဖြစ်ပါတယ်။
.
. . . ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်ရှိဖြစ်ပျက်နေတဲ့ အရှိတရားတွေကို လက်ခံပြီး လိုအပ်တဲ့ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ အချိန်အခါကောင်းလည်း ဖြစ်ပါတယ်။ အကြီးမားဆုံး ပြုပြင်ပြောင်းလဲရေးအနေနဲ့ အသစ်တင်မြှောက်တဲ့ နိုင်ငံတော်သမ္မတကို သမ္မတတာဝန် ပီပီပြင်ပြင် ထမ်းဆောင်နိုင်အောင် ကူညီပေးရမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ငါမရှိတော့ရင် ဒါမှမဟုတ် ဒီသက်တမ်းအတွင်း ငါအခုအလုပ်တွေကို အခုလောက် ဆက်မလုပ်နိုင်တော့ရင်ဆိုတဲ့ ဖြစ်နိုင်ခြေကို မူတည်ပြီး အဲသည်အခြေအနေအတွက် အဆင်သင့်ဖြစ်မယ့် အနေအထားတစ်ခုကို တည်ဆောက်ဖို့ အချိန်အခါသင့်ပြီဖြစ်ပါတယ်။
.
. . . ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်ကို လစ်လပ်နေတဲ့ သမ္မတရာထူးနေရာအတွက် အမည်စာရင်းတင်သွင်းမယ်ဆိုရင် ထင်မြင်ချက်ပေးစရာ နှစ်ခုရှိပါတယ်။ တကယ်လို့ အသစ်တင်မြှောက်လိုက်တဲ့သမ္မတဟာ အရင်သမ္မတကြီးလို အဆောင်အယောင်သက်သက် သမ္မတကြီးအဖြစ်သာ နေရာပေးမယ်ဆိုရင်တော့ ဦးဝင်းမြင့်ရဲ့ ပထမအကြိမ်လွှတ်တော်အတွေ့အကြုံ၊ ဒုတိယအကြိမ်လွှတ်တော် ဥက္ကဌအတွေ့အကြုံနဲ့ မိမိကိုယ်ကို ယုံကြည်မှုရှိစွာ လွှတ်တော်အတွင်း ထိန်းကျောင်းပဲ့ပြင် မောင်းနှင်နေတဲ့ အရည်အသွေးတွေကို နှမြောစရာကောင်းမှာပါ။ ဒီလိုမှ မဟုတ်ဘဲ အထက်မှာ တင်ပြခဲ့သလို တကယ့်သမ္မတတာဝန်ကို ပီပီပြင်ပြင်ထမ်းဆောင်စေဖို့ ရည်ရွယ်ပြီး ဦးဝင်းမြင့်ကို ရွေးချယ်ခဲ့တာဆိုရင်တော့ အင်မတန် သင့်တော်ကောင်းမွန်တဲ့ ရွေးချယ်မှုအဖြစ် ချီးကျူးကြိုဆိုအပ်ပါတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနောက်ပိုင်း ဥပဒေပြုရေးမဏ္ဍိုင်ထဲမှာ အတွေ့အကြုံ ရှိတန်သရွေ့ ရှိထားတဲ့အပြင် အခုလက်ရှိသက်တမ်း လွှတ်တော်ဥက္ကဌအဖြစ် မိမိကိုယ်ကို ယုံကြည်မှုရှိရှိ လွှတ်တော်ကို ထိန်းကျောင်းမောင်းနှင်နေတဲ့ ဦးဝင်းမြင့်အနေနဲ့ အများသူငါရဲ့ ယုံကြည်မှုကိုလည်း ရတန်သရွေ့ရထားပြီးဖြစ်တယ်လို့ ယူဆပါတယ်။ ဒီလိုလူမျိုးတစ်ယောက်ကို သမ္မတတာဝန် ပီပီပြင်ပြင်ထမ်းဆောင်နိုင်အောင် အခွင့်အရေးပေးမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နောက်ပိုင်း လက်ရှိသမ္မတသက်တမ်းအတွက်ရော ၊ အာဏာရပါတီ ဒီချုပ်ရဲ့ အနာဂတ်အတွက်ပါ ကောင်းတဲ့အလားအလာတစ်ရပ်အဖြစ် ရှုမြင်နိုင်မှာ ဖြစ်ပါတယ်။
.
. . . သမ္မတကြီး ဦးထင်ကျော်အနားယူသွားရာကနေ ရလာတဲ့ မြန်မာနိုင်ငံတော်ရဲ့ ရှေ့လျှောက်ရမယ့်ခရီးအတွက် အခွင့်အလမ်းကောင်းတွေကို မလွတ်တမ်း ရယူအသုံးချဖြစ်ပါစေလို့ ဆန္ဒပြုရင်း . . .
.
ဗိုလ်ကောင်း
၂၁ မတ် ၂၀၁၈
.
(ခက်ဆစ်။ အနန္တရ ပစ္စယော=အခြားမဲ့ဖြစ်၍ကျေးဇူးပြုတတ်သောတရား။ (သားတော်ကြီးထီးနန်းဆက်ခံရန်အတွက် စကြ၀တေးမင်းနတ်ရွာစံခြင်းဖြင့် ကျေးဇူးပြုတတ်သောသဘောတရား)

Friday, 1 December 2017

232 (k)


. . . The Union Minister for Foreign Affairs who has also assumed a post called “the State Counsellor” which creation was highly controversial for its unconstitutionality pays an official visit to China to attend the “CPC in Dialogue with World Political Parties” High-Level Meeting. This event indicates two major factors in Myanmar polity.
.
. . . The first one is that she does not respect to one slogan of her own electoral campaign “rule of law” since a union minister is not allowed to take part in the party activities, and attending such a meeting as a party leader is unconstitutional.
.
. . . The second factor this event indicates is that the NLD seems to have no reliable leadership to send to this meeting as the representative of the party.
.
Ref: Section 232 (k) of the Constitution of the Republic of the Union of Myanmar (2008) page. 87

Wednesday, 25 October 2017

Policy Dilemma

If the aggressive stance of the established power in Western Hemisphere on the Rakhine crisis leads to impose economic and other sanctions on the fragile democratic nation, then it definitely would push Myanmar away from the ambiguity of choosing strategic partners to bangwagoning the emerging power which has heavily invested in it for the energy security. Amidst a potentiality of becoming a thucydides battlefield between the established and the emerging powers, choosing either democratic norms or long term national interests would be a policy dilemma for the infant government of Myanmar.

Friday, 11 August 2017

တပ်မတော်ရဲ့ ခြေလှမ်းသစ်


.
. . . စိုးရိမ်မှုတွေ မြင့်တက်လာနေတဲ့ အနောက်တံခါး လုံခြုံရေးနဲ့ ပတ်သက်ပြီး အစိုးရဘက်က လိုအပ်တဲ့ အစီအမံတွေ ဆောင်ရွက်ထားကြောင်း သမားရိုးကျ ဖြေရှင်းချက်တွေပဲ ပေးနေတဲ့ အချိန်မှာပဲ တပ်မတော်က သမားရိုးကျမဟုတ်တဲ့ ခြေလှမ်းသစ်တစ်ခုကို လှမ်းလိုက်ပါတယ်။ အဲဒါကတော့ ရခိုင်တိုင်းရင်းသားတို့ရဲ့ အင်အားအကြီးဆုံး နိုင်ငံရေးပါတီဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ ANP ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးတဲ့အကြောင်းပဲ ဖြစ်ပါတယ် . . .
.
. . . ရခိုင်အမျိုးသားပါတီ ANP ဟာ ပါတီတွေ ပေါင်းစည်းတာ ပြန်လည် လမ်းခွဲတာ စတဲ့ သမိုင်းကြောင်းတွေ ရှိပေမယ့် လတ်တလော အခြေအနေမှာတော့ ရခိုင်ပြည်နယ် လွှတ်တော်မှာ အမတ်အင်အား အများစု ရထားတဲ့ ပါတီဖြစ်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ် ဆယ့်လေးခုအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေနဲ့ အမတ်နေရာအများစု ဆုံးရှံးခဲ့တဲ့ တစ်ခုတည်းသော ပြည်နယ်ဟာ ရခိုင်ပြည်နယ်ဖြစ်ပါတယ်။ အမျိုးသားရင်ကြားစေ့ရေး ကြွေးကြော်သံနဲ့ ရွေးကောက်ပွဲ ၀င်လာခဲ့တဲ့ NLD ပါတီဟာ အမတ်နေရာအများစု အနိုင်ရတဲ့ ANP ပါတီ ရဲ့ ပြည်သူလူထု အားပေးထောက်ခံမှုကို လျစ်လျူရှုပြီး အခြေခံဥပဒေက ပေးအပ်ထားတဲ့ အာဏာကို အပြည့်အ၀ ကျင့်သုံးကာ ပြည်နယ်ဝန်ကြီးချုပ်ကို NLD စိတ်ကြိုက် ခန့်အပ်ခဲ့လို့ NLD ရဲ့ တိုင်းရင်းသားတွေပေါ်ထားတဲ့ သဘောထားကို မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါသေးတယ်။ တိုင်းရင်းသားတို့တန်းတူညီမျှခွင့်နဲ့ ဖယ်ဒရယ်ပြည်ထောင်စုကို ရည်မှန်းထားတယ်ဆိုတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့အခြေခံဥပဒေက နိုင်ငံတော်သမ္မတကို အပ်နှင်းထားတဲ့ ပြည်နယ်ဝန်ကြီးချုပ်များ ခန့်အပ်ပိုင်ခွင့်အရ သက်ဆိုင်ရာ ဒေသခံ အင်အားကြီးပါတီကို နေရာပေးလိမ့်မယ်လို့ မျှော်လင့်မိခဲ့ကြပေမယ့်လည်း အခြေခံဥပဒေက ပေးအပ်တဲ့ အခွင့်အာဏာကိုပဲ အပြည့်အ၀ ကျင့်သုံးပြီး အမတ်အများစု ရွေးကောက်ခံရတဲ့ တိုင်းရင်းသားပါတီကြီးရဲ့ လူထုထောက်ခံမှုကို လျစ်လျှူရှုခဲ့တာ ဖြစ်ပါတယ် . . .
.
. . . နိုင်ငံတော်ရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနဲ့ ပတ်သက်ပြီး လက်ရှိ NLD အစိုးရလက်ထက်မှာ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ NDSC အစည်းအဝေးကို တစ်ကြိမ်မှ ခေါ်ယူခဲ့ဖူးခြင်း မရှိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဖြေကြားဖူးပါတယ်။ အဲသည်ဖြေကြားချက်နောက်ပိုင်းမှာလည်း NDSC အစည်းအဝေး ခေါ်ယူကျင်းပကြောင်း ကြားသိခဲ့ရတာ မရှိခဲ့သေးပါဘူး။ လုံခြုံရေးဆိုင်ရာ အရေးပေါ်အခြေအနေမျိုး ဖြစ်မှသာ လုံခြုံရေးအထူးအစည်းအဝေး ဆိုတာမျိုးကို အစိုးရက ဦးဆောင်ပြီး တစ်ခါတစ်ရံ ခေါ်ယူကျင်းပနေတာ တွေ့ရပါတယ်။ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးမဏ္ဍိုင်အကြီးအကဲတွေ တပ်မတော်ထိပ်တန်းအရာရှိကြီးတွေနဲ့ ဖွဲ့စည်းထားတဲ့ NDSC ကို ပုံမှန်ခေါ်ယူစည်းဝေးတာမျိုး မလုပ်ဘူးဆိုရင် စဉ်ဆက်မပြတ် ဆောင်ရွက်နေရတဲ့ နိုင်ငံတော်ရဲ့ လုံခြုံရေးကိစ္စတွေကို ဘယ်လိုများ ညှိနှိုင်းတိုင်ပင်ကြသလဲဆိုတာလည်း မေးခွန်းထုတ်စရာတစ်ခု ဖြစ်နေပါတယ်။ အစိုးရရဲ့ မူဝါဒများနဲ့အညီ တာဝန်ထမ်းဆောင်လျက်ရှိနေကြောင်း တပ်မတော်က စဉ်ဆက်မပြတ် ပြောကြားနေပေမယ့် နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်သလောက်သာ ပြည်သူတွေ သိခွင့်ရတဲ့ လုံခြုံရေး အထူးအစည်းအဝေး ဆိုတာတွေနဲ့တင် သက်ဆိုင်ရာ နိုင်ငံတော်လူကြီးမင်းများ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်နေနိုင်ကြပါပြီလား ဆိုတာလည်း စိတ်ဝင်စားစရာ ကောင်းပါတယ် . . .
.
. . . သြဂုတ်လ ကိုးရက်နေ့က ကျင်းပခဲ့တဲ့ ANP ခေါင်းဆောင်များနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ တွေ့ဆုံဆွေးနွေးပွဲဟာ အထက်ကပြောခဲ့တဲ့ အစိုးရဦးဆောင်တဲ့ လုံခြုံရေးအထူးအစည်းအဝေးတွေနဲ့တင် မလုံလောက်ကြောင်း သက်သေပြလိုက်သလိုပါပဲ။ တပ်မတော်အနေနဲ့လည်း နိုင်ငံတော်လုံခြုံရေးကိစ္စတွေအတွက် NDSC အစည်းအဝေးကို ပုံမှန်ကျင်းပပြီး စဉ်ဆက်မပြတ်တိုင်ပင်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်လိုကောင်း လိုမှာ ဖြစ်ပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီး လူသိရှင်ကြား ပြောဆိုတာမျိုး သတင်းစကားပါးတာမျိုးတော့ မလုပ်ခဲ့ပါဘူး။ အစိုးရရဲ့ သတင်းထုတ်ပြန်ချက်တွေအရ လုံခြုံရေးဆိုင်ရာ အထူးအစည်းအဝေးတွေမှာ တပ်မတော်က တက်တက်ကြွကြွ တက်ရောက်နေတာတွေ့ပြီး တပ်မတော်ခေါင်းဆောင်များကလည်း နိုင်ငံတော်အကြီးအကဲများကို စစ်သားတို့ရဲ့ လေးစားရိုသေမှုမျိုးနဲ့ ဆက်ဆံနေခဲ့ကြတာကို သတင်းထုတ်ပြန်ချက်များမှာ သတိထားမိပါတယ် . . .
.
. . . တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရခိုင်အမျိုးသားပါတီ ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးနေတဲ့ တစ်ရက်တည်းမှာပဲ ပြည်ထောင်စုအစိုးရအဖွဲ့မှာလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဦးစီးပြီး ရခိုင်ပြည်နယ်လုံခြုံရေးအစည်းအဝေးကို ကျင်းပခဲ့တာဖြစ်ပါတယ်။ အစည်းအဝေးနှစ်ခုလုံးရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာပါတဲ့ တက်ရောက်သူများစာရင်းအရ ပြည်ထောင်စုအစိုးရရဲ့ အစည်းအဝေးမှာ တပ်မတော်ဝန်ကြီးသုံးဦး၊ ပြည်ထောင်စုဝန်ကြီးအချို့၊ လုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်၊ ခေတ္တရဲချုပ်၊ ရခိုင်ပြည်နယ် နယ်လုံဝန်ကြီး၊ ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီးတို့ ပါဝင်ကြောင်း သိရပြီး၊ တပ်မတော်ဘက်က အစည်းအဝေးမှာတော့ ရခိုင်အမျိုးသားပါတီခေါင်းဆောင်များနဲ့ တပ်မတော်ရဲ့ အဆင့်အမြင့်ဆုံး ထိပ်တန်းအရာရှိကြီး သုံးဦးနဲ့အတူ အခြား အရာရှိကြီးနှစ်ဦး တက်ရောက်တာကို တွေ့ရပါတယ် . . .
.
. . . ရခိုင်ဒေသတည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရခိုင်တိုင်းရင်းသားပါတီကြီးတစ်ခုနဲ့ အခုလို တိုက်ရိုက်ဖိတ်ခေါ် တွေ့ဆုံဆွေးနွေးခြင်းရဲ့ ပါးလိုတဲ့ သတင်းစကားက ဘာများ ဖြစ်မှာပါလိမ့်။ သေချာတာကတော့ ပြည်ထောင်စုအစိုးရ ဦးစီးဆောင်ရွက်နေတဲ့ လုံခြုံရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှုတွေ မလုံလောက်ဘူးဆိုတာကို လှစ်ဟဖော်ပြလိုက်တာပါပဲ။ ဒါ့အပြင် တပ်မတော်အနေနဲ့ ပြည်ထောင်စုအစိုးရရဲ့ ဦးဆောင်မှုကို အပြည့်အ၀ ခံယူ လိုက်နာ ပူးပေါင်း ဆောင်ရွက်နေတဲ့ တစ်ချိန်တည်းမှာပဲ နိုင်ငံတော်လုံခြုံရေးအတွက် မိမိတို့သင့်လျော်ကောင်းမွန်မယ်လို့ ယူဆတဲ့ နည်းလမ်းများနဲ့လည်း အခြားပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ သတင်းစကား ပါးလိုတာလည်း ဖြစ်နိုင်ပါတယ်။ သြဂုတ်လ ကိုးရက်မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုအစိုးရနဲ့ တပ်မတော်တို့ရဲ့ အစည်းအဝေးများအပြီး လာလတ္တံ့သောအချိန်များမှာ ဖြစ်ပေါ်လာမယ့် ရခိုင်ဒေသ လုံခြုံရေးဆိုင်ရာ အရေးယူဆောင်ရွက်မှုများ မည်သို့မည်ပုံထူးခြားပြောင်းလဲလာမလဲ ဆိုတာကတော့ စိတ်ဝင်တစား စောင့်ကြည့်ရမယ့် အခြေအနေဖြစ်ပါကြောင်း . . .
.
ဗိုလ်ကောင်း
၉ သြဂုတ် ၂၀၁၇
.
The Voice Daily 2017 August 11

Monday, 29 May 2017

ငြိမ်းချမ်းရေးညီလာခံ ရလဒ်များကို သုံးသပ်ကြည့်ခြင်း

.
. . . ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၁) ကို ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ နောက်ဆုံးရက်ဖြစ်တဲ့ ၂၀၁၇ မေလ ၂၉ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။ စုစုပေါင်း ကိုးမျက်နှာရှိတဲ့အထဲမှာ မူဝါဒ သဘောတူညီချက်အနေနဲ့ နိုင်ငံရေးကဏ္ဍမှာ ၁၂ ချက်၊ စီးပွားရေးကဏ္ဍမှာ ၁၁ ချက်၊ လူမှုရေးကဏ္ဍမှာ ၄ ချက်၊ နဲ့ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍမှာ ဆယ်ချက်၊ စုစုပေါင်း ၃၇ ချက် ပါရှိပါတယ်။ စာချုပ်မှာ လက်မှတ်ရေးထိုးသူ ငါးဦး၊ အသိသက်သေအဖြစ် လက်မှတ်ရေးထိုးသူ ခြောက်ဦး စုစုပေါင်း ဆယ့်တစ်ဦးအမည်များကို ဖော်ပြထားပါတယ်။ 
.
. . . နောက်ဆက်တွဲများအပါအ၀င် စာချုပ်တစ်ခုလုံးမှာ သုံးထားတဲ့ ဝေါဟာရများကို လေ့လာကြည့်တဲ့အခါ အများဆုံး သုံးထားတဲ့ ဝေါဟာရက "ပြည်ထောင်စု"
ဖြစ်ပြီး ၂၉ ခါ သုံးစွဲထားပါတယ်။ ဒုတိယအများဆုံးက "တန်းတူ၊ မျှတ၊ မျှဝေ၊ ညီမျှ" ဆိုတဲ့စကားလုံးတွေဖြစ်ပြီး ၁၈ ခါသုံးစွဲရေးသားထားပါတယ်။ "ဖက်ဒရယ်" နဲ့ "ဒီမိုကရေစီ" ဆိုတဲ့ စကားလုံးတွေကို ခုနစ်ခါစီ ရေးသားထားပြီး "အခွင့်အရေး" ဆိုတဲ့ စကားလုံးကို လေးခါ သုံးစွဲထားကာ၊ "အမျိုးသားရေး" နဲ့ "နိုင်ငံတကာ" ဆိုတဲ့ စကားလုံးတွေကို နှစ်ခါစီ သုံးစွဲထားကြောင်းတွေ့ရပါတယ်။
.
. . . "ပြည်ထောင်စု" ဆိုတဲ့ ဝေါဟာရကို နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ထားတဲ့ ပုံသဏ္ဍာန်ကို ဖော်ညွှန်းတဲ့အနေနဲ့ သုံးတဲ့အပြင် နိုင်ငံတော်ရဲ့ နယ်နိမိတ်နယ်နိမိတ်ပိုင်နက်ကို ညွှန်းဆိုရာမှာလည်းကောင်း၊ ဗဟိုအစိုးရကို ညွှန်းဆိုရာမှာလည်းကောင်း၊ နိုင်ငံတော်အချုပ်အခြာအာဏာကို ကျင့်သုံးသည့် အဆင့်အမြင့်ဆုံး ယန္တရားကို ညွှန်းဆိုရာမှာလည်းကောင်း သုံးစွဲရေးသားထားတာကို တွေ့ရပါတယ်။ "ဖက်ဒရယ်" ဆိုတဲ့ ဝေါဟာရကိုတော့ နိုင်ငံတော်က ကျင့်သုံးမယ့် နိုင်ငံရေးစနစ်နဲ့ စီးပွားရေးစနစ်အဖြစ် ရည်ညွှန်းသုံးစွဲထားပါတယ်။ 
.
. . . နိုင်ငံရေးကဏ္ဍမူဝါဒ သဘောတူညီချက် အပိုဒ် ၄ (ဆ) မှာ "သီးခြားလွတ်လပ်သော" နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကို တည်ထောင်မယ် လို့ ပါရှိတဲ့အတွက် အခုလက်ရှိ ဖွဲ့စည်းထားတဲ့ အခြေခံဥပဒေခုံရုံးကို သီးခြားလွတ်လပ်တဲ့ ခုံရုံးတစ်ခုအဖြစ် ပြန်လည်ဖွဲ့စည်းမယ်လို့ နားလည်ရပါတယ်။ လက်ရှိမှာ သမ္မတ၊ အမျိုးသားလွှတ်တော်ဥက္ကဌနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌတို့က အမည်စာရင်း သုံးယောက်စီတင်သွင်းပြီး ပြည်ထောင်စုလွှတ်တော်သဘောတူညီချက်နဲ့ ခန့်အပ်ရတဲ့ အခြေခံဥပဒေ ခုံရုံးအဖွဲ့ဝင်တွေရဲ့ သက်တမ်းဟာ သမ္မတသက်တမ်းနဲ့ အတူတူ ဖြစ်နေပြီး သမ္မတ တစ်ဆက်ပြောင်းတိုင်း အသစ်ပြန်လည်ခန့်အပ်ဖို့ လိုအပ်တာမို့ တရားစီရင်ရေးမဏ္ဍိုင်ဖြစ်တဲ့ အခြေခံဥပဒေခုံရုံးရဲ့ သီးခြားလွတ်လပ်မှုဟာ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ အစိုးရတစ်ဆက်ပြောင်းတိုင်း အုပ်ချုပ်ရေးအကြီးအကဲနဲ့ ဥပဒေပြုရေးအကြီးအကဲ နှစ်ယောက်တို့က စိတ်ကြိုက်ရွေးချယ် အမည်စာရင်းတင်သွင်းခန့်အပ်ထားတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ခုံရုံးရဲ့ ဆုံးဖြတ်ချက်များဟာ အုပ်ချုပ်ရေးနဲ့ဥပဒေပြုရေးတို့ရဲ့ လွှမ်းမိုးမှုက လွတ်ကင်းမှုအတိုင်းအတာ ဘယ်လောက်ထိ ရှိနိုင်မလဲဆိုတာမေးခွန်းထုတ်စရာ ဖြစ်နေတာပါ။ 
.
. . . စီးပွားရေးကဏ္ဍ မူဝါဒ သဘောတူညီချက် အပိုဒ် ၄ မှာလည်း ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရများအကြား ဘဏ္ဍာငွေနှင့် အခွန်ငွေများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ မျှတစွာ ခွဲဝေရန် ဆိုပြီး ရေးသားထားမှုဟာလည်း စဉ်းစားစရာဖြစ်ပါတယ်။ "မျှတစွာ ခွဲဝေရန်" ဆိုတာ ဘာကို ဆိုလိုပါသလဲ။ လူဦးရေနည်းပါးတဲ့ ကယားပြည်နယ်နဲ့ လူဦးရေထူထပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးတို့ကို ပမာဏအတူတူ ခွဲဝေပေးမှာကို ဆိုလိုသလား၊ လူဦးရေအချိုးအစားနဲ့ ခွဲဝေပေးမှာလား၊ နယ်မြေအကျယ်အ၀န်းနဲ့ အချိုးချပြီး ခွဲဝေမှာလား။ မျှတစွာ ဆိုတဲ့စကားလုံးလေးက တရားမျှတမှုကို ဖော်ညွှန်းတယ်လို့ ယူဆစရာဖြစ်ပေမယ့် ဒီနေရာမှာ ဒီစကားလုံးကို သုံးစွဲရေးသားထားတာကတော့ အငြင်းပွားစရာတွေ ရှိလာနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ ဘယ်သို့ဘယ်ပုံ ခွဲဝေရမယ်ဆိုတာကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားလို့ ရပေမယ့် "ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ" ဆိုတဲ့ အထူးပြုပုဒ်ဟာ နောက်မှာ ကပ်လျက်ရေးထားတဲ့ "မျှတစွာ" ဆိုတဲ့ အထူးပြုပုဒ်နဲ့ ၀ိရောဓိဖြစ်နိုင်စရာရှိနေတယ်လို့ ထင်မြင်မိပါတယ်။ 


. . . စီးပွားရေးကဏ္ဍမူဝါဒ သဘောတူညီချက်အောက်က ဒေသန္တရဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံမူများ အပိုဒ် တစ်ရဲ့ အောက်မှာ "ပြည်ထောင်စုအစိုးရက ချမှတ်သော မူဝါဒများနှင့်သော်လည်းကောင်း၊ ပြည်ထောင်စုဥပဒေများနှင့်သော်လည်းကောင်း မဆန့်ကျင်စေဘဲ ဆောင်ရွက်ရန်" ဆိုတဲ့ မှတ်ချက်အပိုဒ်ကို ထည့်ထားတာကတော့ အစိုးရိမ်ကြီးတဲ့သဘောကို ပြနေတယ်လို့ ယူဆမိပါတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံရေးကဏ္ဍမူဝါဒ သဘောတူညီချက် အပိုဒ် ၄ (ဃ) မှာပါတဲ့ "ပြည်ထောင်စု၊ တိုင်းဒေသကြီး/ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများအကြား ဥပဒေပြုရေးဆိုင်ရာ အာဏာများနှင့် ပူးတွဲအာဏာများကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေက ခွဲဝေအပ်နှင်းပေးရမည်" လို့ ဆိုထားပြီးသားဖြစ်တဲ့အတွက် အထက်ကပြောခဲ့တဲ့ မှတ်ချက်စာပိုဒ်ကို မထည့်သွင်းဘဲနဲ့လည်း အဲသည်ကန့်သတ်ချက်က ရှိနေပြီးသားဖြစ်နေလို့ဖြစ်ပါတယ်။ 
.
. . . ပြည်ထောင်စုသဘောတူညီချက် အစိတ်အပိုင်း (၁) အပိုဒ် ၅ အရ ဒီသဘောတူညီချက်တွေဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အပိုဒ် ၂၀ (င) အရ ဆွေးနွေးရေးသား သဘောတူလက်မှတ်ရေးထိုးကြတာဖြစ်တဲ့အတွက် NCA လက်မှတ်ထိုးထားပြီးတဲ့ လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ နိုင်ငံတော်အစိုးရအကြား ငြိမ်းချမ်းရေးတိုးတက်မှု အဆင့်တစ်ဆင့်အဖြစ် ရှုမြင်ရမှာဖြစ်ပါတယ်။ တစ်ပိုင်းကလည်း NCA ကို လက်မှတ်ရေးထိုးခြင်း မပြုဘူးဆိုရင် ဒီအဆင့်ကို တက်လှမ်းခွင့်ရမှာမဟုတ်ဘူးဆိုတဲ့ သဘောဖြစ်တယ်လို့လည်း နားလည်ရပါတယ်။ အကယ်၍ NCA လက်မှတ်ထိုးဖို့ ကျန်နေတဲ့ အဖွဲ့တွေထဲက တစ်ချို့ကဖြစ်စေ အားလုံးကဖြစ်စေ လက်မှတ်ရေးထိုးတဲ့ အဆင့်ကို တက်လှမ်းလာခဲ့မယ်ဆိုရင် အခုဆွေးနွေးသဘောတူညီထားတဲ့အချက်တွေကို ပြန်လည်ဆွေးနွေးပြင်ဆင်မွမ်းမံခွင့် ရှိမရှိကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ တကယ်လို့သာ ပြန်လည်ဆွေးနွေးပြင်ဆင်ခွင့် ရှိနေအုံးမယ်ဆိုရင် အခုအခြေအနေမှာတောင် ဘယ်လောက်ကြာကြာထိ ဆက်လျှောက်နေရအုံးမလဲ မသိတဲ့ ငြိမ်းချမ်းရေးခရီးရှည်ကြီးဟာ ဒီထက်မက ပိုပြီး ကြာရှည်သွားဖို့သာ ရှိပါလိမ့်မယ်။ အဲသည်လို ကာလရှည်ကြာသွားတာနဲ့အမျှ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာပိုင်စိုးမှု၊ တပ်မတော်နဲ့တိုင်းရင်းသားညီအစ်ကိုမောင်နှမများရဲ့ အသက်သွေးချွေးတွေနဲ့ မြေပေါ်မြေအောက်သယံဇာတတွေ ဘယ့်ကလောက်အထိ ဆုံးရှုံးထိပါး စတေးခံရအုံးမလဲဆိုတာ မမှန်းဆနိုင်အောင်ပါပဲ။ 
.
. . . ဆွေးနွေးမှုတွေမှာ အဓိက အငြင်းပွားစရာ ဖြစ်ခဲ့တဲ့ "ပြည်ထောင်စုက ခွဲမထွက်ရ" ဆိုတာရယ် "တစ်ခုတည်းသော တပ်မတော်" ဆိုတာတွေရယ်ကတော့ ဒီညီလာခံမှာ သဘောတူညီမှု မရခဲ့တဲ့အတွက် ညီလာခံရလဒ်အဖြစ် ပါဝင်လာခဲ့ခြင်း မရှိပါဘူး။ နောင်ညီလာခံများမှာ ဆက်လက်ဆွေးနွေးကြမယ်လို့ သိရပါတယ်။ အခုညီလာခံရဲ့ ရလဒ်တွေက ကျေနပ်အားရစရာကောင်းတယ်ဆိုတဲ့ မှတ်ချက်တွေ ရှိသလို များများဆွေးနွေးလေ သဘောထားကွာဟချက်တွေ များလာလေ ဆိုတဲ့ မှတ်ချက်မျိုးကိုလည်း ကြားရပါတယ်။ သို့သော်လည်း ဘယ်လောက်ပင် ခက်ခဲတဲ့ စိန်ခေါ်မှုတွေ ရှိနေပါစေ ဒီလမ်းကို လျှောက်မိမှတော့ ဆုံးအောင်လျှောက်ရတော့မှာမို့ လာမယ့် ညီလာခံများမှာ တစ်ဦးနဲ့တစ်ဦး တစ်ဘက်နဲ့တစ်ဘက် စကားတွေပြောရင်း ဆွေးနွေးညှိနှိုင်းတိုင်ပင်ကြရင်း မျက်နာစိမ်းရာက မျက်နာကျက်၊ တစိမ်းပြင်ပြင်မှ ခင်မင်ရင်းနှီးမှုတွေ တိုးပွားလာပြီး တစ်ယောက်နဲ့တစ်ယောက် တစ်ဖွဲ့နဲ့တစ်ဖွဲ့ တစ်ဘက်နဲ့တစ်ဘက် သံယောဇဉ်တရား ချစ်ခင်ခြင်းတရားများကို အခြေခံလို့ သံသယများ ပါးသထက်ပါးပြီး အပြန်အလှန် ယုံကြည်မှုများနဲ့ အခက်အခဲ စိန်ခေါ်မှုများကို ညီညီညွတ်ညွတ် ကျော်လွှားနိုင်ကြပါစေကြောင်း ပြည်ထောင်စုကြီးတစ်ခုလုံး ငြိမ်းချမ်းသာယာရေးကို ရည်မျှော်ဆန္ဒပြုလိုက်ရပါတယ်။
.
ဗိုလ်ကောင်း
၂၉ မေ ၂၀၁၇

The Voice Daily 31 May 2017 Download here











Wednesday, 24 May 2017

Tax Burden and Elasticity of Demand and Supply


. . . ငြိမ်းချမ်းရေးကို ကျွန်တော်တို့ အစိုးရသက်တမ်းအတွင်း ရအောင်လုပ်သွားမှာပါတို့ဘာတို့ ကြားရင် ဘောဂဗေဒဘာသာရပ်ထဲက သင်ခဲ့ဖူးတဲ့ သဘောတရားတစ်ခုကို သွားသွား သတိရနေမိတယ်။ အရင်အစိုးရလည်း အဲဒါနဲ့ ခံခဲ့ရတာပဲလားလို့လည်း စောကြောမိတယ်။ အခုအစိုးရလည်း အဲဒါနဲ့ပဲ ခံရအုံးမှာလားတော့မသိ။ မခံရပါစေနဲ့ ဆုတောင်းပါတယ် . . .

. . . အစိုးရက ကုန်ပစ္စည်းတစ်ခုအပေါ် အခွန်စည်းကျပ်လိုက်တဲ့အခါ အဲသည်အခွန်ဝန်ထုပ်ဝန်ပိုးက ပစ္စည်းထုတ်လုပ် ရောင်းချတဲ့သူအပေါ် ကျရောက်သလား၊၀ယ်ယူသုံးစွဲသူအပေါ် ကျရောက်သလား၊ ဒါမှမဟုတ် ပစ္စည်းထုတ်လုပ်ရောင်းချသူနဲ့ ၀ယ်ယူသုံးစွဲသူတို့ဟာ အဲသည်ပစ္စည်းအပေါ်မှာ စည်းကျပ်ထားတဲ့ အခွန်ကို ညီတူညီမျှ ကျခံကြရသလား ဆိုတာကို တွက်ချက်တဲ့ သဘောတရားတစ်ခု ရှိပါတယ်။ သာမန်အားဖြင့် ဆိုရင်တော့ ပစ္စည်းတစ်ခုအပေါ် အခွန်စည်းကျပ်လိုက်ပြီဆိုရင် ရောင်းသူကတော့ အခွန်ဖိုးကို ကျခံပေးမှာမဟုတ်ဘူး။ ပစ္စည်းဖိုးထဲမှာ အခွန်ဖိုးထပ်တိုးလိုက်ပြီး ဈေးတက်လိုက်ရုံပဲလို့ တွေးစရာပါ။ အပြင်ပန်းအားဖြင့် ကြည့်ရင်လည်း အဲဒီနည်းနဲ့ပဲ လုပ်ကြပါတယ် . . .
.
. . . သို့သော် ဘောဂဗေဒ ပညာမှာတော့ အပြင်ပန်းဈေးနှုန်းသတ်မှတ်တာထက် ပိုပြီး ကြည့်ရှုသုံးသပ်လေ့ရှိပါတယ်။ ကိစ္စတစ်ခုခုကို တွက်ချက်သုံးသပ်တဲ့အခါ အခြေခံအားဖြင့် ရောင်းလိုအား ၀ယ်လိုအားမျဉ်းဆွဲ သုံးသပ်တတ်ကြပါတယ်။ တစ်ခြားနည်းလမ်းတွေလည်း ရှိသေးပေမယ့် အဲသည်နည်းလမ်းကတော့ မြင်သာထင်ရှားပြီး အဖြေကို အလွယ်ဆုံး ရှာပေးနိုင်တဲ့ နည်းလမ်းတစ်ခုအဖြစ် သုံးတတ်ကြပါတယ် . . .
.
. . . အထက်က ကိစ္စနဲ့ ပတ်သက်ပြီး ဘောဂဗေဒပညာရပ်ရဲ့ ရှုထောင့်အရ ထွက်လာတဲ့ အဖြေကတော့ အခွန်ဝန်ထုပ်ဝန်ပိုးကို ဘယ်သူက ထမ်းရသလဲဆိုတာ ဘယ်သူက ပိုပြီး လိုချင်စိတ်များသလဲ ဆိုတဲ့အပေါ်မှာ မူတည်ပါသတဲ့။ ရောင်းသူက ဒီပစ္စည်းကို သိပ်ပြီး ရောင်းချင်နေပြီဆိုရင် အခွန်ဝန်ထုပ်ဝန်ပိုးက ရောင်းသူအပေါ် ကျရောက်ပြီး၊ ၀ယ်သူဘက်က သိပ်ပြီး ၀ယ်ချင်နေတယ်ဆိုရင်တော့ အခွန်ဝန်ထုပ်ဝန်ပိုးက ၀ယ်သူအပေါ် ကျရောက်ပါသတဲ့။ အခွန်ဝန်ထုပ်ဝန်ပိုးက တစ်ဘက်တည်းအပေါ်ကို လုံးလုံးလျားလျား ကျရောက်တာမျိုး မဟုတ်ပေမယ့် ရောင်းသူဝယ်သူတို့ရဲ့ ရောင်းချင်စိတ် ၀ယ်ချင်စိတ် ဘယ်လောက်ရှိသလဲဆိုတဲ့ အတိုင်းအတာပေါ် မူတည်ပြီး အခွန်ကို ထမ်းကြရတယ်လို့ ဆိုလိုတာပါ . . .
.
. . . ဦးသိန်းစိန် အစိုးရလက်ထက်တုန်းကလည်း အစိုးရသက်တမ်းအတွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ခရီးတွေ အများကြီး ပေါက်ခဲ့တယ်ဆိုတဲ့ ဂုဏ်ကို လိုချင်လွန်းလို့ သူ့ခမျာ မနည်းကြီး စိတ်ရှည်သည်းခံပြီး အလျှော့တွေ ပေးခဲ့ရတယ်။ တပ်မတော်က ထိုးစစ်ရပ်ဆိုင်းထားဆိုတဲ့ အမိန့်တစ်ခုအောက်မှာ တပ်မတော်သားတွေ မကြွေသင့်ပဲ ကြွေလွင့်ခဲ့ရတာတွေ နည်းပါရိုးလား။ ကိုယ်မပစ်ရင် သူက စပစ်တော့မှာကို သိသိကြီးနဲ့ ကိုယ့်ဘက်က စပစ်လို့မရဘူးဆိုတဲ့ အခြေအနေအောက်မှာ၊ လက်ဦးမှုဟာ အားသာချက်တစ်ခုဖြစ်တဲ့ စစ်မြေပြင်မှာ၊ ငြိမ်းချမ်းရေးဗိသုကာကြီး ဖြစ်ချင်လှတဲ့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ရဲ့ အမိန့်ကြောင့် ရင်တနာနာ တောက်တခေါက်ခေါက် အံတကြိတ်ကြိတ်နဲ့ လက်သီးကို တင်းအောင်ဆုပ်ပြီး သက်ပြင်းတွေချခဲ့ရတဲ့ တပ်မတော်သားတွေနဲ့ နှလုံးသားတွေ နင်းချေခံခဲ့ရတာ နည်းပါရိုးလား။ နိုင်ငံတော်အစိုးရက ငြိမ်းချမ်းရေး ကမ်းလှမ်းပြီးခါမှ နိုင်ငံတော်ရဲ့ စေတနာတွေကို နားလည်အထာကျပြီး သူပုန်အဖွဲ့ သုံးဖွဲ့တောင် ခါတော်မီ ထပ်ပေါ်လာခဲ့သေးတယ်မဟုတ်လား . . .

. . . အခုလည်း လာပြန်ပြီ။ ပြောကြပြန်ပြီ။ အစိုးရသက်တမ်းအတွင်း ငြိမ်းချမ်းရေးရအောင် လုပ်အုံးမတဲ့။ သူတို့တွေ ငြိမ်းချမ်းရေး ဗိသုကာကြီးတွေဖြစ်ဖို့ ဘယ်သူတွေက အသက်သွေးချွေးတွေ ဘယ်လောက်တောင် ထပ်ပြီး စတေးကြရအုံးမှာပါလိမ့်။ ခါတော်မှီ ပေါ်လာခဲ့တဲ့ သူပုန်အဖွဲ့၊ နိုင်ငံတော်ကို စစ်ကြေညာပြီး တိုက်ခဲ့တဲ့ ပြည်ပလက်ဝေခံ သူပုန်အဖွဲ့တွေတောင် ငြိမ်းချမ်းရေးခေါင်းစဉ်အောက်မှာ အမြိန့်သား အခန့်သား နေရာရနေကြပြီဆိုတော့ကာ . . .
.
. . . အပေါ်မှာ ရှင်းပြခဲ့တဲ့ ဘောဂဗေဒ သဘောတရား ဒီနေရာမှာ မှားသွားပါစေတော့လို့ ဆုတောင်းနေရုံမှတစ်ပါး . . .
.
၂၄ မေ ၂၀၁၇
.
Photo credit: https://www.toonpool.com/cartoons/peace%20in%20dilemma_86651

Tuesday, 23 May 2017

Chatham House Rule

. . . အခုကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံနဲ့ ပတ်သက်ပြီး လေ့လာသူအဖြစ် တက်ရောက်သူများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ ဆိုတဲ့အထဲမှာ Chatham House Rule ဆိုတဲ့ စကားကိုတွေ့မိတော့ အရင်တစ်ခါတုန်းကလို တိုင်းသိပြည်သိ စာတမ်းတွေဖတ်ကြ ဆွေးနွေးကြတဲ့ပွဲမျိုးမဟုတ်ဘဲ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေပဲ တံခါးပိတ် ဆွေးနွေးကြမယ့်ပွဲလို့ စိတ်ထဲမှာ မြင်ယောင်လိုက်မိတယ်။ Chatham House Rule ဆိုတာ တက်ရောက်ဆွေးနွေးသူများက မိမိတို့အမြင်ကို လွတ်လွတ်လပ်လပ် စိတ်ထဲရှိတဲ့အတိုင်း ဘာကိုမှ မထောက်မထား ဂရုထားစရာမလိုဘဲ ပြောဆိုဆွေးနွေးကြပြီးတဲ့အခါ၊ တက်ရောက်သူတွေထဲက ဘယ်သူဘယ်ဝါက ဘာစကားတွေပြောခဲ့တယ်၊ ဘယ်လိုသဘောထားမျိုးရှိတယ်ဆိုတာကို အပြင်မှာ ပြန်မပြောကြစတမ်းဆိုတဲ့ စည်းမျဉ်းရှိတဲ့ ပညာရှင်များ လွတ်လပ်စွာ အသိအမြင် ဖလှယ်ခြင်းဆိုင်ရာ ကျင့်ဝတ်တစ်ခုပေကိုး။ စည်းကမ်းချက်ထဲမှာကျ Chatham House Rule ဆိုတာကြီး ထည့်ခဲ့ပြီး အခုကျတော့လည်း ငြိမ်းချမ်းရေးညီလာခံကို ရုပ်မြင်သံကြားက တိုက်ရိုက်ပြမတဲ့။ ခပ်သောသောကလေး စဉ်းစားရရင် Chatham House Rule နဲ့ Live Show ဆိုတာ ပြဒါးတစ်လမ်းသံတစ်လမ်း ကိစ္စကြီးပါ။
.
. . . အဲသည်လို ရှေ့နောက်မညီဖြစ်တာ တကယ်တော့ လေ့လာသူတွေကို ကျပ်ချင်လွန်းလို့ ဖြစ်သွားတာလို့ ထင်ပါတယ်။ စည်းမျဉ်းစည်းကမ်း ရှစ်ချက်ကို ရေးထားတာလည်း တကယ့်ကို ယဉ်ကျေးဖွယ်ရာ မရှိပါဘူး။ တလေးတစား ဖိတ်ကြားတဲ့ သဘောမျိုးထက် မင်းတို့ တက်ချင်ရင် ဒါတွေတော့ လိုက်နာရမယ်၊ လိုက်နာနိုင်မှတက် မင်းတို့မတက်လည်း ကိစ္စမရှိဘူး ဆိုတဲ့ အထက်စီးဆန်ဆန် လေသံမျိုးနဲ့ ရေးထားတယ်လို့ ခံစားရမိပါတယ်။ ကျွန်တော်တို့ ငယ်ငယ်က ကျောင်းအုပ်ကြီးတွေက ကျောင်းသားလေးတွေ လိုက်နာရမယ့်စည်းကမ်း ထုတ်သလိုမျိုးပေါ့။ တပ်မှူးတစ်ယောက်က တပ်ဖွဲ့ဝင်တွေ လိုက်နာရမယ့် အမိန့်ထုတ်ပြန်သလိုမျိုးပေါ့။ 
 .
. . . ကျွန်တော်တို့တွေ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပြောပြော၊ အမျိုးသားရင်ကြားစေ့ရေးပြောပြော၊ ကြိုးစားတည်ဆောက်နေချိန်မှာ ဒီလိုအသေးအဖွဲလေးတွေကအစ သတိထားသင့်တယ်လို့ ထင်ပါတယ်။ လူများစုရှိတဲ့ လူမျိုးတွေရဲ့ စိတ်ထဲမှာ ငါတို့က ခွဲခြားဆက်ဆံတာ မရှိပါဘူး၊ ပြည်ထောင်စုထဲက တစ်ခြားတိုင်းရင်းသားတွေများဆို စကားသံဝဲတာလေးကအစ ချစ်စရာတောင်ကောင်းသေးတယ် ဆိုပြီး ပြောကြဆိုကြ ရေးကြပေမယ့် ဒီလို ကိစ္စမျိုးလေးတွေမှာလည်း အပြောအဆို အရေးအသား ဆင်ခြင်သင့်ပါတယ်။ အလေးအနက် ထားသင့်ပါတယ်။ ဒီကနေ့ ငြိမ်းချမ်းရေးအတွက် ခက်ခဲနေတယ်ဆိုတာ တစ်ခြားအကြောင်းတွေလည်း အများကြီး ရှိနေပေမယ့် လူနည်းစုတိုင်းရင်းသားတွေရဲ့ စိတ်ထဲမှာ ငါတို့မှာများ လက်နက်မရှိတော့ရင် ငါတို့ကို လူများစုအားနဲ့ အနိုင်များ ကျင့်လေမလားဆိုတဲ့ စိုးရွံ့မှုကိုအခြေခံတဲ့ သံသယစိတ်တွေ ရှိနေသေးတာကလည်း မသေးလှတဲ့ အကြောင်းရင်းတစ်ရပ်ပါ။ ဒီလို သဘောသဘာဝ ရှိနေတာကို လျစ်လျှူရှုပြီး သံသယစိတ်များနေသေးတဲ့ တိုင်းရင်းသားအဖွဲ့အစည်းများနဲ့ ဆက်ဆံတဲ့နေရာမှာ ဒီလို စည်းမျဉ်းစည်းကမ်း ရေးသားတာကအစ အလေးအနက်ထား သင့်ပါတယ်လို့ ပြောချင်တာပါ။ သာမန်အစည်းအဝေးမျိုးမှာတောင်မှ စည်းမျဉ်းစည်းကမ်းသတ်မှတ်ရင် ယဉ်ကျေးဖွယ်ရာတဲ့ နာလိုဖွယ်ရှိတဲ့ အပြောအဆို လေသံများနဲ့ လူအချင်းချင်း လေးစားမှုကို အခြေခံပြီး ပြောဆိုရေးသားကြရတာမို့ ဒီလို ငြိမ်းချမ်းရေးညီလာခံမှာ မပူးပေါင်းသေးတဲ့လူတွေ ပူးပေါင်းလာအောင် လုပ်ဖို့အတွက်က သူတို့တွေကို လေးစားမှု တန်းတူရည်တူ သဘောထားမှုဆိုတာမျိုးကို အတတ်နိုင်ဆုံး ပြသပေးနေဖို့ လိုအပ်ပါတယ်။ အနည်းဆုံးတော့ အထက်စီးလေသံမျိုးနဲ့ မဆက်ဆံမိဖို့ အရေးကြီးပါတယ်။ နိုင်ငံတော်အဆင့်လုပ်တဲ့ ငြိမ်းချမ်းရေးညီလာခံ ဆိုတာမျိုးကတောင်မှ လေးစားမှု နဲ့ တန်းတူရည်တူ ဆက်ဆံတဲ့ သဘောထားမျိုးကို မရဘူးဆိုရင် ရှေ့ဆက် ပူးပေါင်းဆောင်ရွက်ကြဖို့အတွက် အဟန့်အတားဖြစ်စရာ စိတ်ခံစားချက်တွေ ထပ်ဆင့်တိုး ခံစားစေမိတယ်ဆို ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးအတွက် အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ 
.
. . . မနက်ဖြန်မှာ စတင်ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီး အောင်မြင်ပါစေ၊ ပြည်ထောင်စုကြီး အမြန်ဆုံး ငြိမ်းချမ်းပါစေ . . .
.
၂၃ မေ ၂၀၁၇




.
https://www.chathamhouse.org/about/chatham-house-rule…

Thursday, 18 May 2017

ကျင့်ဝတ် သြဇာ နဲ့ ဥပဒေ


. . . အခြေခံဥပဒေထဲမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တွေရဲ့ သက်တမ်းနဲ့ ပတ်သက်ပြီး ကန့်သတ်ထားခြင်း မရှိတာကြောင့် ကောက်မရှင်အဖွဲ့ဝင်များရဲ့ သက်တမ်းဟာ အကန့်အသတ်မရှိဖြစ်တယ်လို့ ဆိုလိုသလား၊ အစိုးရတစ်ဆက်ပြောင်းတိုင်း ကော်မရှင်အသစ်တစ်ခု ပြန်လည်ဖွဲ့စည်းဖို့ မလိုအောင်များ အခြေခံဥပဒေက ပြဌာန်းထားခဲ့သလားဆိုတဲ့ မေးခွန်းတွေနဲ့ ပတ်သက်ပြီး ကျွန်တော့်ရဲ့ သုံးသပ်ချက်ကို ၂၀၁၆ ခုနှစ် ဖေဖေါ်ဝါရီလ ၂၄ ရက်ထုတ် The Voice Daily သတင်းစာမှာ ရေးသားခဲ့ပါတယ်။ အဲသည်အချိန်တုန်းက ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်တွေကို ရွေးကောက်ခံသမ္မတလောင်းကနေ အမည်စာရင်းတင်သွင်းပြီး လွှတ်တော်ရဲ့ သဘောတူညီချက် ရယူနေတဲ့အချိန် ဖြစ်ပါတယ်။ ယုတ္တိကျကျ စဉ်းစားကြည့်မယ်ဆိုရင်လည်း နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲများကို စောင့်ကြည့်ထိန်းကျောင်း ကြီးကြပ်ကွပ်ကဲဖို့ တာဝန်ရှိတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များဟာ ပါတီနိုင်ငံရေးနဲ့ လုံးလုံးကင်းရှင်းပြီး နိုင်ငံရေးပါတီတစ်ခုခုရဲ့ သြဇာလွှမ်းမိုးမှု ကင်းရှင်းမှသာလျှင် သူ့ရဲ့ မူလတာဝန်ဝတ္တရားများကို အဂတိတရား အနည်းဆုံးနဲ့ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
.
. . . ပြီးခဲ့တဲ့ ဧပြီလ တစ်ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ တိုက်ဆိုင်ပြီး မဲဆွယ်စည်းရုံးခြင်းမပြုဖို့ ဥပဒေက တားမြစ်ထားတဲ့ အချိန်မှာ အာဏာရပါတီအကြီးအကဲများက ပါတီတံဆိပ်တပ်ပြီး နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ ဆွေးနွေးချက်တစ်ခု ထုတ်လွှင့်သွားတာရယ်၊ အာဏာရပါတီ အစိုးရအဖွဲ့က နိုင်ငံခြားရေးဝန်ကြီးက ပါတီနဲ့ပတ်သက်တဲ့ မဲဆွယ်စည်းရုံးမှုလို့ ယူဆနိုင်စရာရှိတဲ့ စကားများကို နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ ထုတ်လွှင့်သွားတာရယ်နဲ့ ပတ်သက်ပြီး အခြား နိုင်ငံရေးပါတီ ၁၃ ခုက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားတဲ့အခါမှာ အဆိုပါတိုင်ကြားချက်နဲ့ ပတ်သက်ပြီး ကော်မရှင်အနေနဲ့ အရေးယူဆောင်ရွက်ရန် မရှိကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
.
. . . အာဏာရပါတီက စိတ်ကြိုက်ရွေးချယ်ခန့်အပ်ထားတဲ့ အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကော်မရှင်ဟာ ဒီသတင်းထုတ်ပြန်ချက်ကို သဘောရိုးနဲ့ အမှန်တကယ် ယုံကြည်လို့ ထုတ်ပြန်ခဲ့သလား၊ မိမိတို့ကို ရွေးချယ်ခန့်အပ်ထားတဲ့ အာဏာရပါတီရဲ့ သြဇာကို မလွန်ဆန်နိုင်လို့လား ဆိုတာကတော့ ဘုရားမှသာသိနိုင်မယ့် ကိစ္စမျိုးပါ။ သို့သော် ပြဿနာက ဘာလဲဆိုရင် အခုချိန်ဟာ နိုင်ငံတော်တည်ဆောက်ရေးအတွက် အရေးပါတဲ့ အင်စတီကျူးတွေ တည်ဆောက်ပြီး ခိုင်မာအားကောင်းလာအောင် လုပ်ဆောင်နေရချိန် ဖြစ်ပါတယ်။ ကော်မရှင်ရဲ့ ဒီကြေညာချက်ဟာ စီရင်ထုံးတစ်ခုသဖွယ် သဘောသက်ရောက်သွားပြီဆိုရင် နောင်အစိုးရဖွဲ့စည်းခွင့်ရကြတဲ့ အာဏာရ ပါတီများက အစိုးရနေရာကို ရောက်တဲ့အခါ ပါတီများ လိုက်နာစောင့်ထိန်းအပ်တဲ့ ကျင့်ဝတ်တွေကို လျစ်လျှူရှုပြီး ဒီလို အငြင်းပွားစရာ ကိစ္စမျိုးကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်ခွင့် ရကြတော့မှာ ဖြစ်ပါတယ်။ နိုင်ငံပိုင်မီဒီယာများကလည်း အာဏာရပါတီများရဲ့ ၀ါဒဖြန့်ချိရေးဌာနတွေအဖြစ် တစ်ဘက်စောင်းနင်းဖြစ်ကုန်ကြတော့မလားလို့လည်း စဉ်းစားစရာဖြစ်လာပါတယ်။
.
. . . တရားဥပဒေစိုးမိုးရေးကို ကြွေးကြော်ပြီး ရွေးကောက်ပွဲဝင်ခဲ့တဲ့ အာဏာရ ပါတီအနေနဲ့လည်း ဒီလိုအငြင်းပွားဖွယ်ရာ ကိစ္စမျိုးကို လုပ်ဆောင်ခဲ့ခြင်းကြောင့် ကိုယ်တိုင် ကြွေးကြော်ခဲ့တဲ့ တရားဥပဒေစိုးမိုးရေးဆိုတာကို ကိုယ်တိုင်က ဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုသလဲ၊ တရားဥပဒေစိုးမိုးရေးကို အမှန်တကယ်ရော ယုံကြည်မှု ရှိပါရဲ့လားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပါကြောင်း . . .
.
ဗိုလ်ကောင်း
.
၁၈ ရက် မေလ ၂၀၁၇
.
ယခင်ရေးခဲ့သော ဆောင်းပါး
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သက်တမ်းဘယ်လောက်လဲ
Page 14. The Voice Daily, Feb 24, 2016
https://drive.google.com/…/0B--t85AlezzcYU5mUUV0YmZaW…/view…



Tuesday, 9 May 2017

ဒေါ်အောင်ဆန်းစုကြည် ယူကေရောက်မြန်မာများနဲ့ တွေ့ဆုံပွဲ


၉ ရက် မေလ ၂၀၁၇
.
မေး။ NLD အစိုးရအနေနဲ့ အခြေခံဥပဒေ ပြင်ဆင်ဖို့ လုပ်နေတဲ့နေရာမှာ ဘယ်အတိုင်းအတာထိ အောင်မြင်နေပါပြီလဲ
.
ဖြေ။ အခုဆိုလို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ အင်မတန်မှ ဆက်နွယ်နေပါတယ်။ ဒီ NCA သဘောတူညီမှုထဲမှာကို ဒါ ပါပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံပဲ ခေါ်ခေါ်ပေါ့နော်၊ ၂၁ ရာစုနှစ် ပင်လုံပဲခေါ်ခေါ်၊ ဒီညီလာခံကနေတစ်ဆင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု ဒီမိုကရေစီပြည်ထောင်စု ဖြစ်အောင်လို့ ပြုပြင်ပြောင်းလဲသွားရမယ်ဆိုတာ ပါပြီးသားပါ။ ကျွန်မတို့ကနေပြီးတော့ ဒီလိုပြောင်းလဲတဲ့ နေရာမှာ အေးအေးချမ်းချမ်းနဲ့ ဥပဒေဘောင်အတွင်းက ပြောင်းလဲစေချင်တာ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ နိုင်ငံအတွက် အစဉ်အလာကောင်းတွေကို ကျွန်မတို့ ချသွားချင်လို့
.
အခုပြောကြားချက်ဟာ ၂၀၁၆ ခုနှစ် ဇွန်လ ၁၀ ရက်နေ့က ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေးရမှ အခြေခံဥပဒေပြင်ဆင်ရေး ဆောင်ရွက်နိုင်မယ်လို့ ပြောခဲ့ပြီးတဲ့နောက်ပိုင်း NLD အစိုးရရဲ့ သဘောထားကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုတဲ့ ဒုတိယမြောက် မှတ်တမ်းဖြစ်ပါတယ်။
.
၁၀ ရက် မေလ ၂၀၁၇