Showing posts with label IR. Show all posts
Showing posts with label IR. Show all posts

Tuesday, 25 April 2023

တရုတ်ရဲ့ မဟာဗျူဟာမြောက်နည်းပညာ ၃ ရပ်




တရုတ်ရဲ့ မဟာဗျူဟာမြောက် နည်းပညာကြီး သုံးရပ် (၁)
.
. . . တရုတ်ဟာ နည်းပညာအရာမှာ အမေရိကန်ကို ယှဉ်ပြိုင်နိုင်ဖို့အတွက် နည်းပညာနယ်ပယ်ကြီးသုံးရပ်ကို မဟာဗျူဟာမြောက် ပြင်ဆင်နေပြီလို့ ဆိုပါတယ်။ ဒီနည်းပညာ နယ်ပယ်ကြီး သုံးရပ်ကတော့ အာကာသဆိုင်ရာနည်းပညာနယ်ပယ်၊ ဉာဏ်ရည်တုနည်းပညာနယ်ပယ် နဲ့ ကွမ်တမ်ဆက်သွယ်ရေးနည်းပညာနယ်ပယ်တို့ ဖြစ်ပါသတဲ့၊ ဒီနည်းပညာနယ်ပယ်သုံးခုမှာ တရုတ်က ဘယ်လောက်တောင် ခရီးရောက်နေပြီလဲ
.
. . . တရုတ်ဟာ မကြာသေးမီကပဲ သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းလိုက်ပြီး သိပ္ပံနဲ့နည်းပညာဆိုင်ရာဗဟိုကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းလိုက်ပါတယ်။ အာဏာစက်ပြင်းလှတဲ့ ဒီကော်မရှင်ကို ဖွဲ့စည်းလိုက်တာကတော့ သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနကို ကွန်မြူနစ်ပါတီကနေ တိုက်ရိုက်ကိုင်တွယ်ထိန်းချုပ်ဖို့ ပါပဲ။ တရုတ်နိုင်ငံတော်ကောင်စီရဲ့ အားပေးထောက်ခံမှုနဲ့ လုပ်ဆောင်လိုက်တဲ့ ဒီလုပ်ဆောင်ချက်ကို ကြည့်မယ်ဆိုရင် တရုတ်နိုင်ငံမှာ အမေရိကန်နဲ့ ပြိုင်ဆိုင်နေရတဲ့ နည်းပညာဆိုင်ရာပြိုင်ပွဲကို နိုင်ငံရဲ့ အဆင့်အမြင့်ဆုံးအဖွဲ့အစည်းက တိုက်ရိုက်ကိုင်တွယ်ဖို့ လိုအပ်တယ်ဆိုတာ အသိအမှတ်ပြုလိုက်ခြင်းလည်း ဖြစ်ပါတယ်။
.
. . . ဒီအပြောင်းအလဲကို နိုင်ငံရေးရှုထောင့်က ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့ မတ်လမှာ ကျင်းပခဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီညီလာခံရဲ့ နှစ်စဉ်အစည်းအဝေးတွေနဲ့ နိုင်ငံရေးအကြံပေးကွန်ဖရင့် (CPPCC) တို့က ဒီအပြောင်းအလဲကို ဆောင်ကျဉ်းပေးခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒီအစည်းအဝေးတွေကနေ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ပတ်သက်ပြီး အတည်ပြုဖို့၊ လိုအပ်တဲ့ ဘဏ္ဍာငွေသုံးစွဲပိုင်ခွင့်တွေပေးဖို့တွေ ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။
.
. . . တရုတ်သမ္မတရှီကျင့်ဖျင်က ဒီအစည်းအဝေးတွေမှာ ပြောကြားခဲ့တာက တရုတ်နိုင်ငံရဲ့ အမျိုးသားမဟာဗျူဟာတွေကို မဟာဗျူဟာစွမ်းဆောင်နိုင်မှုတွေနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် တရုတ်တို့ ရည်မှန်းထားတဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံအဆင့်ကိုတက်လှမ်းနိုင်မယ်ဆိုတဲ့ ဩဝါဒစကားနဲ့ အခုလို အပြောင်းအလဲတွေကို လုပ်ဆောင်နိုင်ခဲ့တာလို့ ဆိုပါတယ်။
.
. . . တရုတ်နိုင်ငံဟာ ၂၀၄၉ ခုနှစ်ရောက်တဲ့အခါ အထက်မှာ တင်ပြခဲ့တဲ့ မဟာဗျူဟာနည်းပညာကြီးသုံးရပ်မှာ ကမ္ဘာ့ဦးဆောင်နိုင်ငံအဖြစ် ရည်မှန်းထားတယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင် သတ်မှတ်ထားပါတယ်။ တရုတ်နိုင်ငံတော်ကောင်စီက ၂၀၁၉ ခုနှစ်မှာ နိုင်ငံတော်ကောင်စီက ထုတ်ပြန်ခဲ့တဲ့ “တရုတ်နိုင်ငံ၏ ခေတ်သစ်အမျိုးသားကာကွယ်ရေး” စက္ကူဖြူစာတမ်းမှာ အင်အားကြီးနိုင်ငံအဖြစ်ရောက်ရှိရေးအတွက် အဓိကကျတဲ့ နည်းပညာရပ်တွေမှာပြိုင်ဆိုင်နိုင်ရေးကိစ္စကို အလေးပေးဖော်ပြခဲ့တဲ့အပြင် ဒီနည်းပညာရပ်တွေဟာ တရုတ်နိုင်ငံရဲ့ အလွန်ကိုအရေးပါတဲ့အခြေခံအဆောက်အအုံများအဖြစ် ဖော်ပြခဲ့ပါတယ်။
.
. . . သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် ၁၉၈၀ ပြည့်လွန်နှစ်တွေတုန်းက တရုတ်ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်ကလည်း သိပ္ပံနဲ့နည်းပညာတိုးတက်မှု (Comprehensive National Power – CNP) က တရုတ်နိုင်ငံကို အင်အားကြီးနိုင်ငံအဖြစ် ရောက်ရှိစေဖို့ အရေးကြီးတယ်ဆိုတဲ့ အမြင်သဘောထားမျိုး ရှိနှင့်ခဲ့ပြီးဖြစ်ပါတယ်။ နိုင်ငံအတွင်း ကဏ္ဍပေါင်းစုံမှာ အင်အားကောင်းဖို့ လိုတယ်ဆိုတာအထဲမှာ သိပ္ပံနဲ့နည်းပညာက ရှေ့တန်းက အရေးကြီးတယ်ဆိုတာ ညွှန်းဆိုခဲ့တာ ဖြစ်ပါတယ်။
.
. . . အထက်က ဆိုခဲ့တဲ့ မဟာဗျူဟာမြောက် နည်းပညာကြီးတွေတစ်ခုချင်းဆီမှာ တရုတ်ရဲ့ စွမ်းဆောင်နိုင်မှုတွေကို ကြည့်ကြရအောင်
.
အာကာသနည်းပညာ
.
. . . တရုတ်ရဲ့ အာကာသနည်းပညာနဲ့ပတ်သက်ရင် အစိုးရမဟုတ်တဲ့ ပုဂ္ဂလိက အစီအစဉ်တွေနဲ့တင် လုံလောက်နေပြီလို့ ဆိုရမှာဖြစ်ပါတယ်။ တရုတ်ရဲ့ အာကာသနည်းပညာဆိုင်ရာ ရည်မှန်းချက်တွေကို ကြည့်မယ်ဆိုရင် ၂၀၃၆ ခုနှစ်မှာ လကမ္ဘာမှာ အမြဲတမ်းအခြေစိုက်စခန်းတစ်ခု တည်ဆောက်နိုင်ရေး၊ ၂၀၅၀ ပြည့်နှစ်မှာ ဂစ်ဂါဝပ်ပမာဏ ထုတ်လုပ်နိုင်မယ့် အာကာသအခြေပြု နေရောင်ခြည်စွမ်းအင်ထုတ်စီမံကိန်း၊ ၂၀၃၃ နဲ့ ၂၀၄၉ ကြားမှာ အင်္ဂါဂြိုဟ်ကို လူအရောက်စေလွှတ်နိုင်ရေး နဲ့ ၂၀၂၅ ခုနှစ် ကြယ်ကြွေမှုများလေ့လာရေး (အာကာသအတွင်းလွင့်မျောအပိုင်းအစများ လေ့လာရေး) တို့ ဖြစ်ပါတယ်။
.
. . . အာကာသအတွင်း တရုတ်ရဲ့ စွမ်းဆောင်ရည်တွေ ကြည့်မယ်ဆိုရင် ဂြိုဟ်ပတ်လမ်းနိမ့် နိုင်ငံပိုင်အာကာသစခန်း Tiangong ပိုင်ဆိုင်ထားတဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်ပါတယ်။ မကြာခင်ကပဲ အဲသည် အာကာသစခန်းမှာ အောက်ဆီဂျင်ကို ရာနှုန်းပြည့် ထုတ်လုပ်သုံးစွဲနိုင်ဖို့ စမ်းသပ်ပြီးဖြစ်ကြောင်း ကြေညာထားခဲ့ပါတယ်။ ဒါ့အပြင် အာကာသစခန်းမှာ အသုံးပြုနေတဲ့ ရေ ရဲ့ ၉၅ ရာခိုင်နှုန်းကို ပြန်လည်အသုံးပြုနိုင်အောင် လုပ်ဆောင်နိုင်ခဲ့ပြီးဖြစ်လို့ အာကာသလွန်းပျံယာဉ်အနေနဲ့ တစ်နှစ်ကို ရေပမာဏ ခြောက်တန်လောက်သာ ပေးပို့ဖို လိုအပ်တော့မှာ ဖြစ်ပါတယ်။
.
. . . ဒီလို နည်းပညာတိုးတက်မှုတွေဟာ လကမ္ဘာပေါ်မှာ တရုတ်တို့အနေနဲ့ အရင်းအမြစ်တွေဘယ်လိုဖန်တီးပြီး နေနိုင်မလဲဆိုတာအတွက် အများကြီး အထောက်အကူဖြစ်တဲ့အပြင် ၂၀၃၆ ခုနှစ် လကမ္ဘာခရီးစဉ်အပြီးမှာ လပေါ်က ဟီလီယမ်-၃ နဲ့ ရေခဲတွေ ဘယ်လိုတူးဖော်အသုံးပြုနိုင်မလဲဆိုတာအတွက်ပါ အရေးပါလှပါတယ်။
.
. . . တရုတ်ရဲ့ အာကာသဆိုင်ရာ နောက်ထပ်နည်းပညာတစ်ခုကို ပြောရမယ်ဆိုရင် ဂြိုဟ်တု ၃၅ လုံးနဲ့ အလုပ်လုပ်နေတဲ့ BeiDou တည်နေရာရှာဖွေရေးစနစ်ဖြစ်ပါတယ်။ ဒါ့အပြင် စစ်ဘက်သုံး ထောက်လှမ်းရေးဂြိုဟ်တု ၂၅၀ နီးပါး ရဲ့ ကင်းထောက်ရေးနဲ့ ပစ်မှတ်ရှာဖွေညွှန်ပြရေးစွမ်းဆောင်ရည်တွေနဲ့ အာကာသအတွင်းက ဂြိုဟ်တုတွေကို ပစ်ချဖျက်ဆီးနိုင်တဲ့ စွမ်းဆောင်ရည်တွေပါ ပိုင်ဆိုင်ထားပြီလို့ ဆိုပါတယ်။
.
. . . တရုတ်နိုင်ငံက ၂၀၂၁ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ အာကာသအစီအစဉ်များဆိုင်ရာ စက္ကူဖြူစာတမ်းမှာ ဖော်ပြထားချက်အရ ‘ကမ္ဘာမြေကာကွယ်ရေး’ က အဓိကရည်မှန်းချက်ဖြစ်တယ်လို့ ဆိုပါတယ်။ မြေကမ္ဘာကာကွယ်ရေးမှာ အာကာသအတွင်း လွင့်မျောပျံသန်းနေတဲ့ ဲ့ ဥက္ကာခဲများ ပျံသန်းနေခြင်းကို ခြေရာခံပြီး လမ်းကြောင်းပြောင်းဖို့လည်း ပါဝင်ပါတယ်။ တရုတ်တို့ရဲ့ အစီအစဉ်တစ်ခုမှာဆိုရင် 2019VL5 လို့အမည်ပေးထားတဲ့ အချင်း ၁၀၈ ပေလောက်ကြီးပြီး နေကို ၃၆၅ ရက်မှာ တစ်ကြိမ် ပတ်နေတဲ့ ဥက္ကာခဲကြီးကို အာကာသယာဉ် နှစ်စင်းစေလွှတ်ပြီး တစ်စင်းက ဥက္ကာခဲ့ကြီးကို လေ့လာကာ တစ်စင်းက ဥက္ကာခဲကြီးကို ဝင်တိုက်ပြီး လမ်းကြောင်းပြောင်းဖို့ စီစဉ်ထားပါတယ်။ တရုတ်ရဲ့ အာကာသယာဉ်က ဥက္ကာခဲကြီးကို ဝင်တိုက်လိုက်တဲ့အခါ ဥက္ကာခဲကြီးရဲ့ လမ်းကြောင်းဟာ တစ်လက်မ ကနေ နှစ်လက်မလောက်အထိ ပြောင်းသွားမှာဖြစ်ပြီး သုံးလအကြာမှာတော့ မိုင်ပေါင်း ၆၂၀ လောက် လမ်းကြောင်းပြောင်းသွားဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။ ဒီနည်းပညာနဲ့ဆို အာကာသထဲက ဂြိုဟ်တုတွေကိုပါ လမ်းကြောင်းပြောင်းသွားအောင် လုပ်နိုင်စွမ်းရှိနေတယ်ဆိုတာ ထင်ရှားပါတယ်။
.
. . . တရုတ်တို့အနေနဲ့ အာကာသထဲကို နက်နက်ရှိုင်းရှိုင်းလေ့လာနိုင်ဖို့ Chogquing ဒေသမှာ ရေဒါ ၂၅ လုံးပါတဲ့ China Fuyan လို့ နာမည်ပေးထားတဲ့ လေ့လာရေးဌာကြီးတစ်ခု တည်ဆောက်ပြီး အကွာအဝေး ကီလိုမီတာ ဆယ်သန်းအကွာက ဥက္ကာခဲတွေကိုပါ လေ့လာဖို့လည်း ပြင်ဆင်နေပါတယ်။
ဉာဏ်ရည်တုနည်းပညာ
.
. . . တရုတ်နိုင်ငံ သတင်းနည်းပညာနဲ့ ဆက်သွယ်ရေးအကယ်ဒမီက ၂၀၂၁ ခုနှစ်မှာ “ယုံကြည်စိတ်ချရတဲ့ ဉာဏ်ရည်တုနည်းပညာ” အမည်ပေးထားတဲ့ စက္ကူဖြူစာတမ်းတစ်စောင် ထုတ်ပြန်ခဲ့ရာမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါတဲ့ ဉာဏ်ရည်တုနည်းပညာနဲ့ပတ်သက်ပြီး အထူးပြု ဖော်ပြခဲ့ပါတယ်။ ဉာဏ်ရည်တုနည်းပညာထဲမှာဆိုရင် လူမှုရေးဆိုင်ရာစနစ်တွေ၊ မျက်နာမှတ်မိတဲ့စနစ်တွေ၊ မောင်းသူမဲ့ယာဉ်တွေ၊ ကိုယ်ပိုင်အစီအစဉ်နဲ့ ပျံသန်းနိုင်တဲ့ မောင်းသူမဲ့ယာဉ်ပျံတွေ နဲ့ လေယာဉ်တွေ၊ ရုပ်လုံးကြွပုံနှိပ်နည်းပညာတွေအပြင် အာကာသထဲမှာဆိုရင် ဉာဏ်ရည်တုနည်းပညာနဲ့ ထောက်လှမ်းရေးနည်းပညာ ပေါင်းစပ်အသုံးပြုထားပြီး ရန်သူကို ခွဲခြားသိမြင်နိုင်စွမ်းရှိတဲ့ ကမ္ဘာပတ်လမ်းကြောင်းထဲက စနစ်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။ အခု ၂၀၂၃ ခုနှစ်အတွင်းမှာ တရုတ်တို့ဟာ ဉာဏ်ရည်တုနည်းပညာနယ်ပယ်က စီမံချက်တွေအတွက် အမေရိကန်ဒေါ်လာ ၁၄.၇ ဘီလျံအသုံးပြုဖို့ ရည်မှန်းထားပြီး အဲသည်ပမာဏဟာ တစ်ကမ္ဘာလုံးအသုံးပြုနေတဲ့ ပမာဏရဲ့ ၁၀ ရာခိုင်နှုန်းခန့် ရှိပါသတဲ့။ ၂၀၂၆ ခုနှစ်ကို ရောက်ရင်တော့ သုံးစွဲမှုပမာဏကို ၂၆ ဘီလျံအထိ တိုးမြှင့်သွားမှာလည်း ဖြစ်ပါတယ်။
.
. . . ဉာဏ်ရည်တုနည်းပညာကို စစ်ဘက်နည်းပညာတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ စစ်မြေပြင်သုံးလက်နက်တွေအတွက် နည်းပညာတွေပိုမိုအစွမ်းထက်လာနိုင်မှာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ထူးထူးခြားခြား ထွက်ပေါ်လာတဲ့ နည်းပညာနှစ်ရပ်ကတော့ အာကာသနည်းပညာနဲ့ ပင်လယ်ရေအောက်နည်းပညာတို့ပဲ ဖြစ်ပါတယ်။
.
. . . မကြာသေးခင်ကပဲ တရုတ်တို့ ကြေညာထားတာက သူတို့ဟာ အာကာသထဲ လွင့်မျောနေတဲ့ အပျက်အစီးအလေအလွင့်တွေနဲ့ မတိုးတိုက်မိအောင် ရှောင်နိုင်တိမ်းနိုင်တဲ့ ဂြိုဟ်တုနည်းပညာကို ရရှိထားပြီဆိုတာ ဖြစ်ပါတယ်။ အာကာသအတွင်း ဂြိုဟ်တုလမ်းကြောင်းများစီမံခန့်ခွဲရေးလို့ ဆိုနိုင်တဲ့ space traffic management ဆိုတာ အာကာသကို စီးမိုးကြည့်နိုင်လောက်တဲ့ အမြင်နဲ့ ကြည့်ရတာမျိုးလို့ ဆိုပါတယ်။
.
. . . နောက်ထပ်အာကာသဆိုင်ရာ ဉာဏ်ရည်တုနည်းပညာအသုံးချမှုတစ်ခုကတော့ အာကာသထဲမှာရှိတဲ့ တရုတ်ပိုင်လွှတ်တင်ထားမှုတွေကို တိုက်ခိုက်လာမှုကနေ ကာကွယ်နိုင်တဲ့ ကိုယ်ပိုင်ဆုံးဖြတ်လုပ်ကိုင်နိုင်စွမ်းတဲ့ နည်းပညာဆိုင်ရာ စီမံချက်တစ်ခု ဖြစ်ပါတယ်။ အဲသည်စနစ်ဟာ ဂြိုဟ်တုတွေ ကာကွယ်ရေးအပြင် အာကာသထဲမှာပဲ လောင်စာဆီပြန်လည်ဖြည့်တင်းပေးတာ၊ ပြင်ဆင်ပေးတာတွေကို လုပ်နိုင်မှာပါ။
.
. . . ၂၀၂၅ ခုနှစ်ကို ရောက်တဲ့အခါ Jilin-1 လို့ အမည်ပေးထားတဲ့ စီမံချက်ကို လုပ်ဆောင်တဲ့အခါ အမေရိကန်လက်ရှိပိုင်ဆိုင်ထားတဲ့ အာကာသအတွင်းဂြိုဟ်တုများ ဖျက်ဆီးနိုင်တဲ့ စွမ်းရည်ကိုပါ အလှည့်အပြောင်းဖြစ်သွားစေလိမ့်မယ်လို့ ဆိုပါတယ်။ အဲသည် စီမံချက်မှာ ဂြိုဟ်တု ၁၃၈ လုံး ပါဝင်ပြီး အလုံး ၇၀ လွှတ်တင်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က မဟာဗျူဟာအထောက်အကူပြုတပ်ဖွဲ့ (PLASSF) ရဲ့ အကူအညီနဲ့ ဒီဂြိုဟ်တုတွေဟာ ဉာဏ်ရည်တုနည်းပညာသုံးပြီး မြေပြင်ပေါ်က လှုပ်ရှားနေတဲ့အရာတွေကို တိတိကျကျ ခြေရာခံ ထောက်လှမ်းနိုင်တယ်လို့ ဆိုပါတယ်။
.
. . . ဉာဏ်ရည်တု နည်းပညာနဲ့ပတ်သက်ပြီး နောက်ထပ် ထူးထူးခြားခြား ထွက်ပေါ်လာတဲ့ နည်းပညာကတော့ ပင်လယ်ရေအောက်သွားလူမဲ့ရေငုပ်ယာဉ်များမှာ ရန်သူကိုထောက်လှမ်းပြီး အမျိုးအစားခွဲခြားသတ်မှတ်နိုင်တဲ့ နည်းပညာဖြစ်ပါတယ်။ ရေအောက် ပေ ၃၀ အနက်မှာ မောင်းနှင်နေတဲ့ လူမဲ့ရေငုပ်သင်္ဘောများဟာ ပုံစံတူပြုလုပ်ထားတဲ့ ရေငုပ်သင်္ဘောများကို တိုက်ခိုက်နိုင်ခဲ့တာကို ထိုင်ဝမ်ရေလက်ကြားမှာပြုလုပ်ခဲ့တဲ့ စစ်ရေးလေ့ကျင့်ခန်းမှာ ထည့်သွင်းလေ့ကျင့်ခဲ့ပါတယ်။ ထိုင်ဝမ်ရေလက်ကြားမှာ မြင့်တက်လာတဲ့ တင်းမာမှုများအကြား ဒီနည်းပညာကို မဟာဗျူဟာမြောက် အသုံးချလာနိုင်တာ တော်တော်ကိုအရေးကြီးတဲ့ အချက်တစ်ခု ဖြစ်လာပါတယ်။
.
. . . တရုတ်တို့ ရည်မှန်းထားတဲ့ “Made in China 2025” နဲ့ တီထွင်ဆန်းသစ်ရေးမဟာဗျူဟာမှာ ဆိုရင်လည်း ဉာဏ်ရည်တုနည်းပညာက အဓိကဖြစ်လာပါတယ်။ တရုတ်ဟာ ၂၀၃၀ ပြည့်နှစ်မှာ ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ကမ္ဘာ့ဦးဆောင်နေရာကို ရရှိဖို့ ရည်မှန်းထားပါတယ်။ လက်ရှိမှာတော့ ဉာဏ်ရည်တုနည်းပညာဆိုင်ရာ အဆင့်အတန်းမြင့် ပညာရပ်ဆိုင်ရာစာတမ်းများ (Peer reviewed papers) တွေကို တရုတ်နိုင်ငံက အများဆုံး ထုတ်ဝေနေပြီး ဉာဏ်ရည်တုနည်းပညာဆိုင်ရာ မူပိုင်ခွင့်တွေကို ရယူထားတယ်လို့ ဆိုပါတယ်။
.
ကွမ်တမ်ဆက်သွယ်ရေး နှင့် ကွန်ပြူတာနည်းပညာ
.
. . . ကွမ်တမ်ဆက်သွယ်ရေးနည်းပညာနဲ့ ပတ်သက်ရင် တရုတ်တို့ဟာ ၂၀၁၆ ခုနှစ်က လွှတ်တင်ခဲ့တဲ့ Micius အမည်ရှိ ဂြိုဟ်တုကနေ ဖိုတွန်ရောင်ခြည်တန်းကို ၂၀၁၇ ခုနှစ်မှာ ပထမဆုံး ထုတ်လွှင့်ပြခြင်းဖြင့် ကမ္ဘာ့ဦးဆောင်အဆင့်ရှိတယ်ဆိုတာ ပြသခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် ဇွန်လက ထုတ်ပြန်ခဲ့တဲ့ စာတမ်းတစ်စောင်မှာဆိုရင်လည်း Micius ဂြိုဟ်တုကနေ ကွမ်တန်နည်းပညာသုံး စာတိုပေးပို့စနစ်ကို လုံခြုံစွာအသုံးပြုနိုင်တဲ့ နည်းလမ်းကို ဖော်ပြခဲ့ပြီး အဲသည်နည်းပညာဟာဆိုရင် တရုတ်တို့ ရည်မှန်းထားတဲ့ ကြားဖြတ်ဖမ်းယူပုံဖျက်မရနိုင်တဲ့ ဆက်သွယ်ရေးစွမ်းရည်ကို ပိုင်ဆိုင်ဖို့ ပိုမိုနီးစပ်လာစေခဲ့ပါတယ်။ ဒီစာတမ်းကို ရေးသားခဲ့သူကတော့ တရုတ်သိပ္ပံနဲ့နည်းပညာတက္ကသိုလ် ဒုတိယဥက္ကဌလည်းဖြစ်၊ တရုတ်နိုင်ငံရေးအကြံပေးကွန်ဖရင့် (CPPCC) ရဲ့ အမျိုးသားကော်မတီဝင်လည်းဖြစ်တဲ့ Pan Jianwei ဖြစ်ပါတယ်။
.
. . . ဒီစာတမ်းထဲမှာ ကွမ်တမ်နည်းပညာသုံး ဆက်သွယ်ရေးကွန်ရက်တစ်ခု တည်ဆောက်နိုင်တဲ့အဆင့်အထိ အစီအစဉ်များကို ဖော်ပြထားပြီး မြေပြင်စခန်းတွေမှာ ကွမ်တမ်ကွန်ပြူတာနည်းပညာသုံး စကားဝှက်နည်းလမ်းကို အသုံးပြုမယ်လို့ ဆိုပါတယ်။ ဒီနည်းပညာ နဲ့ပတ်သက်ပြီး အလယ်အလတ်ပတ်လမ်းမြင့် ဂြိုဟ်တုနည်းပညာ ဆက်လက်တိုးတက်ရေးအတွက် အမျိုးသားအာကာသသိပ္ပံစင်တာ နဲ့ ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပြီး ပတ်လမ်းမြင့် နဲ့ ပတ်လမ်းနိမ့်ဂြိုဟ်တုတွေပေါင်းစပ်ကာ ကျယ်ပျံ့တဲ့ ကွမ်တမ်ဆက်သွယ်ရေးကွန်ရက်ကို တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ ကွမ်တမ်နည်းပညာဆိုင်ရာ ပထမဆုံးဂြိုဟ်တုကို ၂၀၁၆ ခုနှစ်က လွှတ်တင်ခဲ့တာဖြစ်ပြီး ဆယ့်ငါးနှစ်အကြာ ၂၀၃၈ ခုနှစ် ရောက်တဲ့အခါ ကွမ်တမ်ကွန်ပြူတာဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းလည်ပတ်မှုကို နားလည်သဘောပေါက်ဖို့ လုပ်ဆောင်နေပါတယ်။ ကွမ်တမ်ဆက်သွယ်ရေးနဲ့ကွန်ပြူတာနည်းပညာက တရုတ်တို့အတွက် အလွန့်အလွန်ကို အရေးကြီးတဲ့ နည်းပညာအဖြစ် သတ်မှတ်ထားတာကြောင့် ဒီနည်းပညာကို ခြေခြေမြစ်မြစ် ပိုင်ဆိုင်သွားနိုင်ခြေကတော့ အလွန်ကို မြင့်မားပါတယ်။
.
. . . အာကာသနည်းပညာ၊ ဉာဏ်ရည်တုနည်းပညာ နဲ့ ကွမ်တမ်ဆက်သွယ်ရေးနည်းပညာတို့ ပေါင်းစပ်လိုက်မယ်ဆိုရင် တရုတ်နိုင်ငံအတွက် နည်းပညာဆိုင်ရာ ကြီးမားတဲ့ စွမ်းရည်ကို ပိုင်ဆိုင်လာနိုင်စေမှာဖြစ်ပါတယ်။ တရုတ်သမ္မတရှီကျင့်ဖျင်ကလည်း မဟာဗျူဟာနည်းပညာတွေ ဖွံ့ဖြိုးတိုးတက်ရေးဟာ ၂၁ ရာစုနိုင်ငံတကာ ဆက်ဆံရေးမှာ တရုတ်နိုင်ငံအနေနဲ့ ဦးဆောင်နိုင်ငံဖြစ်လာဖို့ နဲ့ ဖွံ့ဖြိုးရေးမောင်းနှင်အားကို ပိုမိုစွမ်းအားတက်စေဖို့အတွက် အထောက်အကူပြုမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ ၂၀ ကြိမ်မြောက်ပါတီညီလာခံမှာ ပြောကြားခဲ့တာရှိပါတယ်။ ဒါဟာ အရင်က ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန် ရဲ့ အဂ္ဂမဟာဗျူဟာ အတွေးအခေါ်ကိုဆက်ခံထားတာဖြစ်ပြီး တရုတ်နိုင်ငံကို အင်အားကြီးနိုင်ငံဖြစ်စေဖို့နဲ့ ၂၀၂၀ ပြည့်လွန်နှစ်များမှာ အမေရိကန်နေရာကို အစားထိုးယူနိုင်ဖို့ သိပ္ပံနဲ့နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဟာ အဓိကအချက်ဖြစ်တယ်ဆိုတာ ပြသနေတာဖြစ်ပါတယ်။
.
. . . လက်ရှိ အင်အားကြီးထွားလာတဲ့တရုတ်နဲ့ အင်အားကျဆင်းနေတဲ့ အမေရိကန်တို့ဟာ တစ်ယောက်ယောက် အပြတ်အသတ် အနိုင်ရစေမယ့် ပြိုင်ပွဲ မဟုတ်ဘူးဆိုရင်တောင် ဘယ်သူက ပိုသာမလဲဆိုတာကို ယှဉ်ပြိုင်နေကြတာ ဖြစ်ပါတယ်။ ဒီအပေါ်မူတည်ပြီး ရေရှည်မှာ နိုင်ငံတကာအခင်းအကျင်းက ဘယ်လိုဖြစ်လာမလဲဆိုတာအပေါ် သက်ရောက်လာမှာဖြစ်ပါတယ်။ တရုတ်ရဲ့ အာကာသ၊ ဉာဏ်ရည်တုနဲ့ ကွမ်တန်ဆက်သွယ်ရေးနည်းပညာတွေမှာ တိုးတက်လာမှုတွေဟာ တရုတ်နိုင်ငံအနေနဲ့ ကမ္ဘာလုံးဆိုင်ရာ ကြီးစိုးသူနေရာကို ရောက်လာမှာ ထင်ရှားစေတဲ့အချက်တွေဖြစ်ပါတယ်လို့ ဆိုပါတယ်။
.
ဗိုလ်ကောင်း
၂၅ ဧပြီ ၂၀၂၃


https://thediplomat.com/2023/04/china-prioritizes-3-strategic-technologies-in-its-great-power-competition/?fbclid=IwAR03ANBJECtbl7C44mKRUSBq4Vu-idtmvByJUYjfATCBA6LmxcsG6NYIRNI

Wednesday, 31 January 2018

Sharp Power


. . . Sharp Power ဆိုတဲ့ ဝေါဟာရအသစ်တစ်ခုကို ၂၀၁၇ နိုဝင်ဘာလ ၁၆ ရက်စွဲနဲ့ Foreign Affairs အွန်လိုင်းစာမျက်နှာမှာ ခရစ်စတိုဖာဝေါ့ကာ နဲ့ ဂျက်ဆီကာလုဒွစ်တို့ စတင်မိတ်ဆက်ခဲ့ပါတယ်။ အဲသည် အွန်လိုင်းဆောင်းပါး နာမည်ကိုက "The Meaning of Shapr Power" ဖြစ်ပါတယ်။ Sharp Power အကြောင်း ရှင်းမပြခင် အဲသည်စကားလုံးလေးရဲ့ ဖြစ်ပေါ်လာတဲ့ သမိုင်းကြောင်းနဲ့ နောက်ခံအဖွဲ့အစည်းအကြောင်း အရင်ပြောပြချင်ပါတယ်။
.
. . . ဒီဆောင်းပါးကိုရေးခဲ့တဲ့ ခရစ်စတိုဖာဝေါ့ကာ နဲ့ ဂျက်ဆီကာလုဒွစ်တို့ နှစ်ဦးလုံးဟာ အမေရိကန်ကွန်ဂရက်အထောက်အပံ့နဲ့ ရပ်တည်နေတဲ့ National Endowment for Democracy (NED) မှာ တာဝန်ထမ်းဆောင်နေသူတွေဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းလုံးမှာ ဒီမိုကရေစီမြှင့်တင်ရေး ရည်ရွယ်ချက်နဲ့ ၁၉၈၃ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ အဲသည် NED ရဲ့ အဓိကလည်ပတ်ငွေကို အမေရိကန်ကွန်ဂရက် နှစ်စဉ်ခွင့်ပြုငွေ ပြဌာန်းသတ်မှတ်ပေးပြီး USIA (United States Information Agency) ကနေတစ်ဆင့် ထောက်ပံ့ပါတယ်။ NED ရဲ့ အောက်မှာ the World Movement for Democracy, the International Forum for Democratic Studies, the Reagan–Fascell Fellowship Program, the Network of Democracy Research Institutes, နဲ့ the Center for International Media Assistance တို့ရှိပြီး Journal of Democracy ကိုလည်း သုံးလတစ်ကြိမ်ထုတ်ဝေပါတယ်။ အမေရိကန်ပြင်ပမှာရှိတဲ့ ဒီမိုကရေစီရေး လှုပ်ရှားတက်ကြွတဲ့ အဖွဲ့အစည်းတွေကို ငွေကြေးထောက်ပံ့ပေးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးမူဝါဒကို အကောင်အထည်ဖော်နေတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိပါတယ်။ ဒီမိုကရေစီနဲ့လူ့အခွင့်အရေး လှုပ်ရှားတက်ကြွသူတွေကို ဆုတွေပေးလေ့ရှိရာမှာ ပထမဆုံးပေးတဲ့ ၂၀၁၂ ခုနှစ်မှာပဲ မြန်မာနိုင်ငံက ဦးခွန်ထွန်းဦး၊ ဦးကျော်သူ၊ ဒေါက်တာစင်သီယာမောင်တို့ ရရှိခဲ့ပါတယ်။ ကမ္ဘာတစ်လွှားမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးခေါင်းစဉ်နဲ့ လှုပ်ရှားထောက်ပံ့နေတဲ့ NED ကို ရုရှားနိုင်ငံက သူ့နိုင်ငံထဲ လှုပ်ရှားဆောင်ရွက်ခွင့်ပိတ်ပင်ခဲ့ပါတယ်။ ရုရှားနိုင်ငံရဲ့ ရွေးကောက်ပွဲရလဒ်တွေနဲ့ ပတ်သက်ပြီး ၀င်ရောက်စွက်ဖက်မှု၊ အာဏာပိုင်တွေရဲ့ ဆုံးဖြတ်ချက်တွေကို လွှမ်းမိုးစေမယ့်နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်ဆောင်မှု၊ စစ်တပ်ကိုအကြည်ညိုပျက်စေမှုတွေအပြင် ရုရှားဖက်ဒရေးရှင်းရဲ့အခြေခံဥပဒေကို မူလအနှစ်သာရတွေကို ပျက်စီးစေခြင်း၊ ရုရှားရဲ့ကာကွယ်ရေးစွမ်းရည်နဲ့ နိုင်ငံတော်လုံခြုံရေးကို ထိပါးစေခြင်း စတဲ့အကြောင်းပြချက်တွေနဲ့ NED ရဲ့ လှုပ်ရှားမှုတွေကို ၂၀၁၅ ဇူလိုင်လက စတင်အမိန့်ထုတ်ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။
.
. . . အဲသည် NED လိုအဖွဲ့အစည်းမှာ တာဝန်ထမ်းဆောင်နေတဲ့သူတွေ ရေးသားတီထွင်လိုက်တဲ့ Sharp Power ဆိုတဲ့ စကားလုံးက ဘယ်လိုအဓိပ္ပာယ်ဘက်ကို ယိမ်းတဲ့ စကားလုံးလဲဆိုတာ မှန်းဆကြည့်လို့ ရနိုင်ပါတယ်။ ဒီဝေါဟာရကို ၂၀၁၇ နိုဝင်ဘာလမှာ လူသိရှင်ကြား စတင်သုံးစွဲခဲ့တယ်ဆိုပေမယ့် အဲသည်မတိုင်ခင်ကတည်းက NED က ဦးစီးကျင်းပတဲ့ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲနှစ်ခုမှာ စတင်သုံးစွဲခဲ့တယ်လို့ ယူဆရပါတယ်။ Sharp Power ဆိုတဲ့ အဓိပ္ပာယ်ကို အကျယ်တ၀င့်ရှင်းလင်းတင်ပြထားတဲ့ ၂၀၁၇ ဒီဇင်ဘာလထုတ် NED Forum အစီရင်ခံစာအရ ၂၀၁၆ မေလနဲ့ ၂၀၁၇ ဇန်န၀ါရီလတို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲတွေမှာ အဲသည်ဝေါဟာရသစ်ကို စတင်သုံးစွဲခဲ့ဟန်တူပါတယ်။ လက်တင်အမေရိက၊ ပီရူး၊ ပိုလန်၊ အာဂျင်တီးနားနဲ့ စလိုဗက်ကီးယားတို့ရဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး အဓိကလေ့လာသုံးသပ်ထားတဲ့ အဲသည်အစီရင်ခံစာရဲ့ အဖွင့်မိတ်ဆက်အခန်းမှာ Sharp Power ဆိုတဲ့ အဓိပ္ပာယ်ကို ရှင်းပြထားတာပါ။
.
. . . Sharp Power ရဲ့ ဆိုလိုရင်းကို စေ့ငုမိစေဖို့အတွက် ပထမဆုံး Soft Power နဲ့ Hard Power တို့ရဲ့ အဓိပ္ပာယ်တွေကိုလည်း နားလည်ထားဖို့ လိုပါသေးတယ်။ Hard Power ဆိုတာကတော့ ရှင်းပါတယ်။ ကိုယ်လိုချင်တာကို ဖိအားပေး အင်အားသုံးအနိုင်အထက်ပြုပြီး ရယူတဲ့စွမ်းရည်မျိုးကို ခေါ်တာပါ။ Soft Power ဆိုတာကတော့ နိုင်ငံတစ်နိုင်ငံကို ဖိအားပေးခြင်းအနိုင်အထက်ပြုခြင်းမပါဘဲနဲ့ ကိုယ်လိုချင်တာကို လုပ်ဆောင်လာအောင် ဆွဲဆောင်စည်းရုံးနိုင်တဲ့ စွမ်းရည်လို့ အကြမ်းဖျင်းအဓိပ္ပာယ်ဖွင့်လို့ ရပေမယ့် တကယ့်နိုင်ငံတကာဆက်ဆံရေးနယ်ပယ်မှာတော့ အဲသည်ထက် အများကြီးပိုပြီး ကျယ်ပျံ့တဲ့ အဓိပ္ပာယ်ကို ဆောင်ပါတယ်။ Soft Power ဆိုတဲ့အမျိုးက ခင်ဗျားကို ဘာမှ အတင်းအကျပ်မလုပ်ဘဲနဲ့ကို ကိုယ့်ဘာသာအလိုလို အထင်ကြီးပြီး သူဖြစ်စေတာတွေ လျှောက်လုပ်နေဖြစ်တဲ့ သဘောပါ။ ရုပ်ရှင်ထဲက မင်းသမီးလေးတွေလို လှချင်တော့ သူတို့လို အတုခိုးပြီး ၀တ်စားပြင်ဆင်ကြတာ Soft Power လွှမ်းမိုးမှုကိုပြတဲ့ ထင်ရှားတဲ့ ဥပမာတစ်မျိုးဖြစ်ပါတယ်။ အမေရိကန်ဒီမိုကရေစီစနစ်ရဲ့ Soft Power က ကမ္ဘာကို လွှမ်းမိုးနေတာ ကြာကြာလှပါပြီ။ အမေရိကန်ဒီမိုကရေစီစနစ်အောက်က လွတ်လပ်ပွင့်လင်းတဲ့ အမေရိကန် လူ့အဖွဲ့အစည်းမျိုးမှာသာ အမေရိကန်လို အဆင့်အတန်းမြင့်တဲ့ လူနေမှုစနစ်ကို ဖန်တီးပေးနိုင်တယ်လို့ လူတော်တော်များများ ယုံကြည်နေကြတာလည်း အမေရိကန်ရဲ့ Soft Power သြဇာသက်ရောက်မှုတစ်ခုဖြစ်ပါတယ်။
.
. . . အစီရင်ခံစာမှာ တရုတ်နဲ့ ရုရှားတို့ရဲ့ Soft Power တည်ဆောက်ကြပုံနဲ့ ပတ်သက်ပြီး မီးမောင်းထိုးတင်ပြထားပါတယ်။ ၂၀၀၇ အောက်တိုဘာလတုန်းက ကျင်းပခဲ့တဲ့ ၁၇ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီအမျိုးသားကွန်ဂရက်မှာ Soft Power ကိုမြှင့်တင်ဖို့လိုတယ်ဆိုတဲ့အကြောင်း သမ္မတဟူကျင်တောင်ပြောကြားခဲ့သလို၊ ရုရှားကလည်း သူ့နိုင်ငံပုံရိပ်မြှင့်တင်ရေးအတွက် RT လို့နာမည်ကြီးတဲ့ Russia Today ရုပ်သံလိုင်းကို ၂၀၀၅ ခုနှစ်က စတင်တည်ထောင်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ တရုတ်နဲ့ရုရှားတို့ဟာ သူတို့အပေါ်ကမ္ဘာကြီးက မြင်စေချင်တဲ့ပုံရိပ်ကို ဖော်ဆောင်ဖို့ရန်အတွက် ပြီးခဲ့တဲ့ ဆယ်စုနှစ်မှာ ငွေကြေးဒေါ်လာ သန်းထောင်ပေါင်းများစွာ သုံးစွဲလုပ်ဆောင်ခဲ့ပါသတဲ့။ သူတို့လုပ်ဆောင်ချက်တွေထဲမှာ နိုင်ငံသားတွေချင်း ကူးလူးဆက်သွယ်မှု မြှင့်တင်တာ၊ ယဉ်ကျေးမှုဖလှယ်ခြင်းဆိုင်အစီအစဉ်တွေ၊ ပညာရေးဆိုင်ရာအစီအစဉ်တွေ နဲ့ သတင်းအချက်အလက်ဆိုင်ရာ အစီအစဉ်တွေအတွက် ငွေကြေးပုံအောသုံးစွဲပြီး သူတို့နိုင်ငံများ ပုံရိပ်မြင့်တက်အောင် လုပ်ဆောင်ခဲ့ကြကြောင်း အထက်ဖော်ပြပါ အစီရင်ခံစာမှာ ရေးသားထားပါတယ်။ "အာဏာရှင်နိုင်ငံများ" လို့ အစီရင်ခံစာက ရည်ညွှန်းဖော်ပြထားတဲ့ တရုတ်နဲ့ရုရှားတို့ရဲ့ ဆိုခဲ့ပါ ကြိုးပမ်းအားထုတ်မှုများဟာ အထက်မှာ ရှင်းပြခဲ့တဲ့ Soft Power အတွက် လုပ်နေတာ မဟုတ်ပါဘူးတဲ့။ သူတို့လုပ်နေတာက သူတို့ကို သဘောကျလာအောင် ဆွဲဆောင်စည်းရုံးနေရုံသက်သက်မဟုတ်ဘဲ ကမ္ဘာ့လူထုကို လိမ်လည်လှည့်စားပြီး သွေးဆောင်ဖျားယောင်း အမြတ်ထုတ်ဖို့ဖြစ်တယ်။ တစ်နည်းအားဖြင့် Sharp Power ကို တည်ဆောက်နေကြတာဖြစ်တယ်လို့ ကောက်ချက်ချထားပါတယ်။ ကမ္ဘာတစ်လွှားမှာရှိတဲ့ ကွန်ဖြူးရှပ်အင်စတီကျုတွေရယ် တက္ကဆက်တက္ကသိုလ်တို့ရယ်ကို ဟောင်ကောင်အခြေစိုက် တရုတ်-အမေရိကန်ဖောင်ဒေးရှင်းက ငွေကြေးထောက်ပံ့ပေးနေတာတွေကလည်း တရုတ်ရဲ့ Sharp Power ဥပမာဖြစ်တယ်လို့ဆိုပါတယ်။ သူတို့ဦးတည်ချက်ပစ်မှတ်ထားတဲ့နိုင်ငံရဲ့ နိုင်ငံရေးဝန်းကျင်မှာ သူတို့လိုချင်တာကို နှက်ကြောင်းပေး ပုံဖော် ထိုးဖောက်ဖို့အတွက် လိုအပ်တဲ့ နိုင်ငံရေးလွှမ်းမိုးမှုစွမ်းအားကို Sharp Power လို့ ဖွင့်ဆိုပြထားပါတယ်။
.
. . . Sharp Power နဲ့ ပတ်သက်ပြီး အကြောင်းအချက်သုံးခုနဲ့ ရှင်းပြထားပါတယ်။ ပထမတစ်ခုကတော့ သိသာထင်ရှားတဲ့ဘက်မညီတဲ့အခြေအနေပေါ်မှာ အမြတ်ထုတ်ခြင်း ဖြစ်ပါသတဲ့။ ရုရှားနဲ့ တရုတ်တို့ဟာ သူတို့နိုင်ငံတွေမှာ ပြင်ပကမ္ဘာရဲ့ နိုင်ငံရေးနဲ့ယဉ်ကျေးမှုဆိုင်ရာ လွှမ်းမိုးမှုတွေကိုတော့ ပိတ်ပင်တားဆီးထားပြီး နိုင်ငံရပ်ခြားက ဒီမိုကရေစနစ်ရဲ့ ပွင့်လင်းမြင်သာမှုတွေကိုတော့ ကိုယ့်အတွက်အကျိုးရှိအောင် ရသလောက်အမြတ်ထုတ်ပါသတဲ့။ ဒုတိယတစ်ခုက သူတို့ရဲ့ အာဏာရှင်လွှမ်းမိုးမှုကို ချဲ့ထွင်ခြင်းဖြစ်ပါတယ်တဲ့။ အစီရင်ခံစာမှာတော့ လက်တင်အမေရိကနဲ့ဥရောပအလယ်ပိုင်းက နိုင်ငံလေးခု (အာဂျင်တီးနား၊ ပီရူး၊ ပိုလန်၊ စလိုဗက်ကီးယား) ကိုပဲ အထူးပြုလေ့လာရေးသားထားပေမယ့် ကမ္ဘာတစ်ဝန်းက ဒီမိုကရေစီနိုင်ငံတွေအပေါ် တရုတ်နဲ့ရုရှားတို့ရဲ့ လွှမ်းမိုးမှုက သိသာထင်ရှားနေကြောင်း ဖော်ပြထားပါတယ်။ တတိယတစ်ချက်ကတော့ သိပ်အခြေမခိုင်သေးတဲ့ဒီမိုကရေစီနိုင်ငံတွေအပေါ် ခြိမ်းခြောက်မှုရှိနေတယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။ အာဏာရှင်ဦးဆောင်နိုင်ငံတွေရဲ့ ကမ္ဘာလုံးချီရည်မှန်းချက်ကြီးတွေရဲ့အောက်မှာ ဒီမိုကရေစီနုနယ်သေးတဲ့ နိုင်ငံတွေက လွှမ်းမိုးမှုကိုအခံရဆုံးဖြစ်နေပြီး အဲသည်ထဲကမှ နိုင်ငံချင်းနီးကပ်မှု နဲ့ မဟာဗျူဟာအရ အကွက်အကွင်းကောင်းတဲ့ မြောက်အမေရိကနဲ့ ဥရောပအနောက်ပိုင်းနိုင်ငံတွေက အာဏာရှင်နိုင်ငံကြီးတွေရဲ့ ပစ်မှတ်ဖြစ်နေရပါတယ်လို့ ဆိုပါတယ်။
.
. . . အထက်ပါရှင်းပြချက်တွေအရဆိုရင် Sharp Power ဆိုတာ Soft Power နဲ့ ဆင်သလိုလိုရှိပေမယ့် Sharp Power ကိုပဲ ရန်လိုတဲ့ဦးတည်ချက်နဲ့အသုံးပြုတယ်ဆိုရင် Hard Power သဘောသက်ရောက်ပါသတဲ့။ ကိုယ့်ဦးတည်ရန်သူကို တိုက်ခိုက်ချေမှုန်းဖို့အတွက် သတင်းအချက်အလက်တွေကို ပုံဖျက်တာ လှည့်ဖျားတာ ဖုံးကွယ်တာ လိုတဲ့အပိုင်းပဲဖော်ပြပြီး မလိုတဲ့အပိုင်းကို အမှောင်ချထားတာ စသည်ဖြင့် လုပ်လာခဲ့ကြတာ စစ်အေးခတ်တစ်လျှောက်လုံး အမေရိကန်ရော ဆိုဗီယက်ရော နှစ်ဘက်စလုံးကပါပဲ။ နာမည်က အသစ်ပေမယ့် သဘောတရားကတော့ အဟောင်းပါ။ ဒါပေမယ့် အရင်နဲ့ မတူတာက ဘာလဲဆိုရင် အဲသည်သတင်းအချက်အလက်တွေ ဖြန့်ဖြူးဖို့အတွက် ကုန်ကျစရိတ်နဲ့ အချိန်ကတော့ အခုခေတ်အခါမှာ အရင်တုန်းကနဲ့ မတူအောင် သက်သာလျင်မြန်သွားပြီဖြစ်ပါတယ်။ ဒါ့အပြင် Soft Power နဲ့ Sharp Power တို့ကို အသုံးချပုံခြင်း ဦးတည်ချက် မတူကြပေမယ့် အဲသည်နှစ်ခုကို ခွဲခွဲခြားခြား မြင်နိုင်ဖို့တော့ အင်မတန်ခက်တဲ့အတွက် Sharp Power ကို ဘယ်လိုဘယ်နည်းတုန့်ပြန်ရမယ်ဆိုတာလည်း စိန်ခေါ်ချက်တစ်ခုဖြစ်ပါသတဲ့။ ဒီခေတ် နည်းပညာတိုးတက်မှုတွေကြောင့် မိတ်ဆွေရော မိတ်ဆွေယောင်ဆောင်သူတွေရောဟာ ကလစ်တစ်ချက်နှိပ်စာအကွာအဝေးမှာပဲ ရှိနေကြတဲ့အတွက် သူတို့ပေးတဲ့ သတင်းတွေက သတင်းအစစ်လား ဒါမှမဟုတ် တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖြန့်ဖြူးလိုက်တဲ့ သတင်းတုလားဆိုတာ အစိုးရတွေသာမက ပုဂ္ဂလိက တစ်ဦးချင်းမှာတောင် ခွဲခြားရခက်တဲ့အခြေအနေ ဖြစ်နေပါပြီတဲ့။ အာဏာရှင်နိုင်ငံကြီးတွေရဲ့ Sharp Power ကို တိုက်စစ်ဆင်မယ်ဆိုရင်လည်း အတော်ကို သတိထားဖို့ လိုပါလိမ့်မယ်တဲ့။ အာဏာရှင်တွေသုံးတဲ့နည်းတွေနဲ့ အာဏာရှင်ကိုတိုက်ခိုက်ရင် ဒီမိုကရေစီနိုင်ငံကြီးတွေရဲ့ Soft Power ကျဆင်းလာနိုင်တဲ့ အန္တရာယ်ရှိလို့ဖြစ်တယ်လို့ သတိပေးထားပါတယ်။
.
ဒါပေမယ့်. . .
. . . တရုတ်နဲ့ရုရှားတို့ကို အာဏာရှင်နိုင်ငံကြီးတွေအဖြစ် ရည်ညွှန်းပြီး သတင်းအချက်အလက်တွေကို လိုသလိုပုံဖော်လှည့်ဖျားနေတယ်ဆိုတဲ့ Sharp Power ဆိုတဲ့ ပညာရပ်ဆိုင်ရာဝေါဟာရအသွင်ဖမ်းထားတဲ့ စကားလုံးဟာ အနောက်နိုင်ငံကြီးတွေရဲ့ ကိုယ်လိုရာကိုယ်ဆွဲဘက်လိုက်ဖော်ပြတတ်တဲ့ သဘောသဘာဝရှိတယ်ဆိုတာကို ထပ်လောင်းအတည်ပြုပေးလိုက်တဲ့ စကားလုံးသာဖြစ်တယ်လို့ တရုတ်အစိုးရအာဘော် အွန်လိုင်းစာမျက်နာက တုန့်ပြန်ပါတယ်။ တရုတ်တို့အနေနဲ့ အဲသလောက်ကြီး လုပ်ဆောင်နိုင်စွမ်းမရှိသလို မိတ်ဆွေနိုင်ငံများနဲ့ နားလည်မှုတိုးပွားစေဖို့လုပ်ဆောင်နေတဲ့ ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်တွေနဲ့ အနောက်ဒီမိုကရေစီသဘောတရားတွေထဲမှာ တရုတ်အမှတ်တံဆိပ်လာခတ်နှိပ်ဖို့ဆိုတာ စိတ်ထဲတောင် မတွေးမိဖူးပါဘူးလို့ တုန့်ပြန်ပါတယ်။ တရုတ်တို့ရဲ့ လုပ်ဆောင်ချက်တွေက အနောက်နိုင်ငံကြီးတွေရဲ့ နိုင်ငံရေးနဲ့ယဉ်ကျေးမှုကို ထိုးဖောက်နှောက်ယှက်ဖို့ မြင်နေပြီဆိုရင် တရုတ်နဲ့ပတ်သက်ပြီး အနောက်ကမ္ဘာရဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှု ကျဆင်းနေလို့သာဖြစ်ပြီး တရုတ်အပေါ် တိုက်စစ်ဆင်နေရာက ခံစစ်အဖြစ်အခြေအနေပြောင်းလဲလာခြင်းရဲ့ အစကနဦး လက္ခဏာသာဖြစ်တယ်လို့ ကောက်ချက်ပြုထားတာကို တွေ့ရပါတယ်။
.
. . . အခု ရေးသားတင်ပြခဲ့တာတွေကတော့ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်မှာ လတ်တလောပေါ်ထွက်လာတဲ့ Sharp Power ဆိုတဲ့ ဝေါဟာရနဲ့ ပတ်သက်တဲ့ သဘောတရားမိတ်ဆက်မျှသာဖြစ်တာမို့ စိတ်ပါဝင်စားသူများ ဆက်လက် လေ့လာနိုင်ကြပါကြောင်း . . .
.
ဗိုလ်ကောင်း
၃၀ ဇန်န၀ါရီ ၂၀၁၈
၂၀၁၈ ဇွန်လထုတ် သုတအလင်း မဂ္ဂဇင်း ဆောင်းပါး
.
 https://www.foreignaffairs.com/articles/china/2017-11-16/meaning-sharp-power
 https://www.ned.org/
 http://genproc.gov.ru/smi/news/genproc/news-832994/
 https://www.ned.org/sharp-power-rising-authoritarian-influence-forum-report/
 https://www.foreignaffairs.com/articles/china/2018-01-24/how-sharp-power-threatens-soft-power
 http://www.globaltimes.cn/content/1087165.shtml
https://www.economist.com/news/leaders/21732524-china-manipulating-decision-makers-western-democracies-best-defence
https://www.project-syndicate.org/commentary/china-soft-and-sharp-power-by-joseph-s--nye-2018-01