Showing posts with label IUJ. Show all posts
Showing posts with label IUJ. Show all posts
Saturday, 18 May 2019
Academic Freedom
. . . မနက်က အိပ်ယာနိုးနိုးချင်း ဖတ်လိုက်ရတဲ့ စာတစ်ပုဒ်ထဲမှာ Academic Freedom နဲ့ Freedom of Learner ဆိုတဲ့ ဝေါဟာရနှစ်ခုကို တွေ့မိလို့ရယ်၊ အဲသည် သဘောအဓိပ္ပာယ်နဲ့ အနှစ်သာရကို နားလည်မှုလွဲနေကြတဲ့ အရိပ်အယောင်တွေ တွေ့လို့ရယ် ဒီစာကို ရေးဖြစ်ပါတယ်။
.
. . . ကျောင်းသားက တက်ချင်တဲ့အတန်းကို တက်လို့ရတယ်၊ ဆရာကလည်း သင်ချင်ရာသင်လို့ရတယ်ဆိုတာ တော်တော်ကို စည်းမရှိဘောင်မရှိသဘောသက်ရောက်တဲ့ အရေးအသားကြောင့် ဆိုင်ရာဗဟုသုတနောက်ခံအားနည်းသူအနေနဲ့ နားလည်မှုလွဲနိုင်ပါတယ်။ သင်ချင်တာသင်လို့ရတယ် တက်ချင်တဲ့အတန်းတက်လို့ရတယ်ဆိုတာက သတ်မှတ်ထားတဲ့ စည်းဘောင်ထဲမှာသာဖြစ်ပါတယ် ဆိုတာကို ရှင်းပြချင်ပါတယ်။
.
. . . ကျွန်တော်အခု တက်နေတဲ့ တက္ကသိုလ်ရဲ့ နည်းစနစ်ကို ရှင်းပြရင် လွတ်လပ်တဲ့ပညာသင်ကြားမှုသဘောတရားကို အနည်းငယ်ဖြစ်ဖြစ် တီးမိခေါက်မိရှိနိုင်မယ်ထင်ပါတယ်။ ကျွန်တော်ရဲ့ တက္ကသိုလ်က နိုင်ငံတကာဆက်ဆံရေးပညာရပ်နဲ့ မူဝါဒရေးရာကို အဓိကထားသင်ကြားပေးတဲ့ လူမှုရေးရာသိပ္ပံပညာရပ်အထူးပြု တက္ကသိုလ်ဖြစ်ပါတယ်။ ဒါကြောင့် ဒီကျောင်းကို လာတက်တဲ့သူတွေအနေနဲ့ အဲသည်နယ်ပယ်က ဘာသာရပ်တွေကိုပဲ မျှော်လင့်ထားလို့ရပြီး အဲသည်ဘာသာရပ်တွေကို ဆည်းပူးမယ့်သူတွေပဲ လာရောက်ကြပါတယ်။ လွတ်လပ်တဲ့ သင်ကြားသင်ယူမှုဝန်းကျင်ကို ဒီတက္ကသိုလ်က ဘယ်လို တည်ဆောက်ထားလဲဆိုတာ အပိုင်းနှစ်ပိုင်းခွဲ တင်ပြပါ့မယ်
.
သင်ကြားရေးပိုင်း
.
. . . ပထမပိုင်းအနေနဲ့ တက္ကသိုလ်က သင်ကြားရေးအပိုင်းရဲ့ လွတ်လပ်မှုဖြစ်ပါတယ်။ တက္ကသိုလ်မှာ ဘယ်ဘာသာရပ်တွေ သင်ကြားပေးမလဲဆိုတာကို တက္ကသိုလ်ဘုတ်အဖွဲ့က ဆုံးဖြတ်ပြီးတဲ့အခါ အဲသည်ဘာသာရပ်တွေ သင်ကြားပေးနိုင်တဲ့ ဆရာတွေကို ခေါ်ယူပါတယ်။ ခေါ်တဲ့အခါမှာလည်း တက္ကသိုလ်က ပိုက်ဆံတတ်နိုင်ရင်တတ်နိုင်သလောက် တက္ကသိုလ် ဂုဏ်သတင်းကြီးရင်ကြီးသလောက် ဆရာကောင်းတွေရပြီး ဆရာတွေကောင်းလေလေ တက္ကသိုလ်ရဲ့ ဂုဏ်သတင်းတက်လေဖြစ်တာမို့ အဲသည်နှစ်ခု အပြန်အလှန် ဟန်ချက်ညီနေအောင် တက္ကသိုလ်အုပ်ချုပ်ရေးဘုတ်အဖွဲ့က လုပ်ဆောင်ကြပါတယ်။ တက္ကသိုလ်အဆင့်အတန်းမြင့်မှ ဆရာကောင်းတွေလာမယ်၊ ဆရာကောင်းတွေလာမှ တက္ကသိုလ်အဆင့်အတန်းမြင့်မယ်၊ ဒါမှသာ အဆင့်အတန်းမီတဲ့ကျောင်းသားကောင်းတွေလာတက်မယ်၊ ကျောင်းသားတွေရဲ့ ပညာရပ်ဆိုင်ရာ အဆင့်အတန်းမြင့်မြင့် မွေးထုတ်ပေးနိုင်မှ တက္ကသိုလ်ဂုဏ်တက်မယ်၊ တက္ကသိုလ်ဂုဏ်တက်မှ ဆရာကောင်းတွေလာချင်မယ် စသည်ဖြင့် တစ်ခုနဲ့တစ်ခု အမီသဟဲဖြစ်နေတာကြောင့် အဲသည်ဟန်ချက်မပျက် တက္ကသိုလ်ရဲ့ ဂုဏ်သတင်းတက်အောင် သက်ဆိုင်ရာဘုတ်အဖွဲ့က ဆရာတွေ ခေါ်ယူရာမှာ ဘာသာရပ်တွေ သတ်မှတ်ရာမှာ အောင်မြင်မှုအဆင့်တွေ သတ်မှတ်ရာမှာ မူဝါဒတွေချပြီး လုပ်ဆောင်ကြရပါတယ်။
.
. . . ဆက်လက်ပြီး ဆရာတွေ တစ်ဦးချင်းရဲ့ လွတ်လပ်တဲ့ လုပ်ဆောင်ချက်တွေအကြောင်း ဆက်ပြောပါ့မယ်။ ဆရာတွေဟာ ဘယ်ဘာသာရပ်တွေကို ပို့ချမယ်ဆိုတာ ကျောင်းရဲ့ ဆရာများအစည်းအဝေးမှာ ဆွေးနွေးညှိနှိုင်းကြရပါတယ်။ ကျောင်းရဲ့အထူးပြုဘာသာရပ်ဘောင်ထဲလည်းဝင်အောင် ကျောင်းသားတွေအတွက် ဈေးကွက်ဝင်တဲ့ ဘာသာရပ်လည်းဖြစ်အောင်၊ စိတ်ဝင်စားတဲ့ကျောင်းသားတွေများတဲ့ ဘာသာလည်းဖြစ်အောင် ဘက်ပေါင်းစုံက စဉ်းစားတိုင်ပင်ပြီး ဘယ်ဆရာက ဘယ်ဘာသာရပ်တွေကို သင်ကြားမလဲဆိုတာ ဆွေးနွေးဆုံးဖြတ်ရပါတယ်။ ဆရာများအဖွဲ့အစည်းအဝေး (Faculty meeting) မှာ အဆိုပါအတိုင်း ဆုံးဖြတ်ပြီးတဲ့အခါ သက်ဆိုင်ရာဆရာများက သူတို့သင်မယ့် ဘာသာရပ်သင်ရိုးညွှန်းတမ်းကို ကိုယ့်ဘာသာ ရေးဆွဲတင်ပြကြရပါတယ်။ (ကျွန်တော်တို့ဆီက တက္ကသိုလ်အများစုလို အရင်ကတည်းက ရေးဆွဲထားတဲ့ သင်ရိုးညွှန်းတမ်းနဲ့ ပြဌာန်းစာအုပ်ကိုကိုင်ပြီး ဘယ်ဆရာက သင်မလဲတာဝန်ပေးတာနဲ့ ပြောင်းပြန်ဖြစ်နေတာကို သတိပြုစေလိုပါတယ်)
.
. . . ဒီနေရာမှာ ဘာသာရပ်တစ်ခုကို သင်ကြားတဲ့ ဆရာတစ်ယောက်အနေနဲ့ သူ့ဘာသာရပ်နဲ့ ပတ်သက်ပြီး ဘယ်လိုသင်ကြားမယ် ဘာတွေကိုသင်ကြားမယ်၊ တက္ကသိုလ်ကချမှတ်ထားတဲ့ မူဝါဒအဆင့်အတန်းနဲ့အညီ အမှတ်ပေးစည်းမျဉ်းကို ဘယ်လိုရေးဆွဲသတ်မှတ်ထားမယ်ဆိုတာတွေကို မိမိဘာသာ တစ်ဦးတည်းလွတ်လပ်စွာ သတ်မှတ် ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။ ဒါကြောင့် ဆရာတစ်ယောက်နဲ့တစ်ယောက် တစ်ဘာသာနဲ့တစ်ဘာသာ အမှတ်ပေးပုံခြင်း မတူသလို ကျောင်းသားရဲ့ အရည်အသွေးကို အကဲဖြတ်ပုံခြင်းလည်း မတူပါဘူး။
.
. . . တစ်ချို့ဆရာတွေက အတန်းတက်အမှတ်ကို ရာခိုင်နှုန်းတစ်ခုအနေနဲ့ ထည့်တွက်ပေမယ့် တစ်ချို့က ထည့်တွက်ချင်မှ တွက်ပါမယ်။ တစ်ချို့က စာမေးပွဲနှစ်ခါဖြေခိုင်းပေမယ့် တစ်ချို့ စာမေးပွဲလုံးဝမဖြေခိုင်းတာရှိသလို စာမေးပွဲခန်းထဲ ယူချင်တဲ့စာအုပ်ယူလာကိုးကားဖြေခွင့်ပေးတဲ့ ဆရာတွေလည်းရှိပါတယ်။ တစ်ချို့ စာတမ်းတစ်စောင်နှစ်စောင်ရေးခိုင်းသလို တစ်ချို့က အဖွဲ့လိုက်လုပ်ငန်းတွေမှာ အမှတ်ပိုပေးတာ စသည်ဖြင့် ဆရာတစ်ယောက်ချင်းစီက ကိုယ်ပိုင်မူနဲ့ အရာရာကို ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။ ကျွန်တော်တို့ဆီမှာလို ကျောင်းသားအားလုံး စာမေးပွဲဖြေရတဲ့ စာမေးပွဲကြီးဆိုတာမျိုး မရှိဘဲ ဆရာတစ်ယောက်ချင်းစီရဲ့ အကဲဖြတ်စနစ်အတိုင်းသာ ကျောင်းသားက လိုက်ပါလုပ်ဆောင်ရတာဖြစ်ပါတယ်။
.
. . . ဒုတိယပိုင်းအနေနဲ့ ကျောင်းသားတွေရဲ့ ရွေးချယ်နိုင်ခွင့်ကို တင်ပြလိုပါတယ်။ ကျောင်းသားက ရွေးချယ်နိုင်ခွင့်ရှိတယ်ဆိုပေမယ့် သတ်မှတ်ထားတဲ့ ဘောင်ထဲမှာပဲ ရွေးချယ်ခွင့်ရှိတယ်ဆိုတာ အထက်မှာပြောခဲ့ပါတယ်။ ဒါကြောင့် မူဝါဒရေးရာအထူးပြုကျောင်းမှာ ဆေးပညာတွေ အင်ဂျင်နီယာပညာတွေ မျှော်လင့်လို့မရသလို စိုက်ပျိုးရေးအထူးပြုတဲ့ကျောင်းမှာလည်း ဘာသာစကားဆိုင်ရာပညာရပ်တွေ မျှော်လင့်လို့မရပါဘူး။
တက္ကသိုလ် (University) အောက်မှာကို သက်ဆိုင်ရာဘာသာရပ်အထူးပြု (Schools) တွေ ခွဲထားပြီး အဲသည်အောက်မှာမှ ကျောင်းသားက ဘယ်ဘာသာရပ်အထူးပြုသလဲ (Program) ရွေးချယ်တဲ့အပေါ်မူတည်ပြီး ဘယ်ဘာသာရပ်တွေကို ရွေးချယ်သင်ကြားခွင့်ရှိသလဲဆိုတာ ဖြစ်လာတာပါ။ ကျွန်တော့်တက္ကသိုလ်မှာ International Relations School နဲ့ International Development School ဆိုတဲ့ ကျောင်းနှစ်ခုခွဲထားပြီး ကျောင်းတစ်ခုချင်းစီရဲ့အောက်မှာ သက်ဆိုင်ရာ Program တွေရှိပါတယ်။
.
. . . ဒါကြောင့် International Relations School အောက်က International Relations Program ကိုယူထားတဲ့ ကျောင်းသားတစ်ယောက်က အဲသည်ပရိုဂရမ်က သတ်မှတ်ထားတဲ့ မယူမဖြစ် ဘာသာရပ် (Core Courses) ဆယ်ခုလောက်ကို မဖြစ်မနေ ယူကြရပါတယ်။ အဲသည်သတ်မှတ်ထားတဲ့ ဘာသာရပ်အတန်းတွေကို မယူဘဲ သတ်မှတ်ထားတဲ့ အဆင့်နဲ့ မအောင်မြင်ဘဲနဲ့ ဘွဲ့မပေးပါဘူး။ ဒီပရိုဂ၇မ်မှာ မှတ်ပုံတင်ထားတဲ့ ကျောင်းသားတစ်ယောက်အနေနဲ့ အဲသည်သတ်မှတ်ထားတဲ့ မယူမနေရဘာသာရပ်တွေကို မယူဘူးလို့ ငြင်းခွင့်မရှိပါဘူး။ ငြင်းပယ်မယ်ဆိုအုံးတော့ ဘွဲ့မရရုံပဲရှိမှာပါ။
ပိုနားလည်အောင်ရှင်းပြရရင်
. . . IR Program မှာ မယူမနေရ ဘာသာရပ်က ဆယ်ခုရှိတယ်ဆိုပါစို့။ ဘာသာရပ်တစ်ခုအတွက် ခရက်ဒစ်နှစ်မှတ်ပေးပြီး ဘွဲ့ရဖို့လိုအပ်တဲ့ အနည်းဆုံး ခရက်ဒစ်က အမှတ်လေးဆယ်ဆိုပါစို့။ ကျန်တဲ့ ခရက်ဒစ် အမှတ် နှစ်ဆယ်အတွက် ဘယ်အတန်းတွေ တက်မလဲဆိုတာကို သတ်မှတ်ထားတဲ့ (Elective Courses) တွေထဲကနေ ကျောင်းသားက ရွေးခွင့်ရှိပါတယ်။ ရွေးခွင့်ရှိတယ်ဆိုတာတောင်မှ University တစ်ခုလုံးက သင်ကြားသမျှတွေထဲကနေ ယူချင်ရာယူလို့မရပါဘူး။ သက်ဆိုင်ရာ School အောက်က Program တွေထဲကပဲ အများဆုံး ရွေးရတာပါ။ ဥပမာ IR School အောက်က IR Program တက်နေတဲ့ကျောင်းသားက IM School အောက်က ဘာသာရပ်တွေကို သွားယူချင်တယ်ဆိုရင် ခရက်ဒစ် လေးမှတ်ထက် ပိုမပေးပါဘူး။ ဆိုလိုချင်တာက အချိန်ရလို့ စိတ်လည်းဝင်စားလို့ တစ်ခြား School အောက်က အတန်းတွေကို မှတ်ပုံတင်ပြီး သွားတက်မယ်ဆိုရင်တောင် ခရက်ဒစ် လေးခုအထိပဲ ရမှတ်ထဲ ထည့်တွက်ပေးပါတယ်။ ဘာလို့လဲဆိုတော့ ကျောင်းသားကို သက်ဆိုင်ရာ ဘာသာရပ်နယ်ပယ်နဲ့ နီးစပ်တဲ့ ဘာသာရပ်တွေကိုပဲ ယူစေချင်လို့ စနစ်အားဖြင့် ထိန်းကျောင်းကန့်သတ်ထားတာဖြစ်ပါတယ်။
.
. . . ကျောင်းသားက ဘာသာရပ်တွေကို ရွေးချယ်တဲ့ နည်းစနစ်ကလည်း အဆင်ပြေအောင် လုပ်ပေးထားပါတယ်။ အတန်းတစ်တန်း မစခင် တစ်လလောက်အလိုမှာ ကျောင်းသားဟာ သူတက်မယ့်အတန်းအတွက် ကြိုတင်မှတ်ပုံတင်ခြင်းကို လုပ်ဆောင်ရပါတယ်။ အွန်လိုင်းကနေ လုပ်ရတာပါ။ အဲလိုလုပ်တဲ့အခါမှာ တက္ကသိုလ်ဝက်ဆိုက်ထဲဝင်ပြီး ဒီအတန်းမှာတော့ ဘယ်ဘာသာရပ်တွေကို ပို့ချပေးမယ်ဆိုတာကို ဖော်ပြထားပြီး ဘာသာရပ်တစ်ခုချင်းအလိုက် သင်ရိုးနဲ့ လုပ်ဆောင်ရမယ့်အရာတွေ ဖတ်ရမယ့် စာအုပ်တွေ၊ စာသင်ချိန်တစ်ခုချင်းအလိုက် သင်ကြားမယ့် ခေါင်းစဉ်တွေ၊ အမှတ်ပေးစည်းမျဉ်းတွေကို သက်ဆိုင်ရာ သင်ကြားမယ့် ဆရာတွေက တင်ထားပေးပါတယ်။ ဒါ့အပြင် သင်ကြားပေးမယ် အချိန်ဇယားကိုလည်း တစ်ပါတည်းဖော်ပြပေးထားပါတယ်။ ဒါကြောင့် ကျောင်းသားက အတန်းကို ရွေးချယ်ဖို့အတွက် လုံလောက်တဲ့ သတင်းအချက်အလက်ကိုရပြီး ကိုယ်တက်ချင်တဲ့ ဘာသာရပ်နှစ်ခုက အချိန်တိုက်နေရင် ဘယ်ဟာကို ရွေးရမလဲ ဆိုတာကအစ စီစဉ်လို့ရပါတယ်။
.
. . . အတန်းတစ်ခု စစချင်း ပထမတစ်ပတ်မှာ ကျောင်းသားက သူမှတ်ပုံတင်ထားတဲ့ အတန်းတွေကို လိုက်တက်ကြည့်ပြီး သူမှတ်ပုံမတင်ထားပေမယ့် စိတ်ဝင်စားတဲ့အတန်းတွေကိုလည်း သက်ဆိုင်ရာဆရာတွေကို ခွင့်တောင်းပြီး လိုက်တက်ရင်း ဆရာတွေနဲ့ ဘာသာရပ်သဘောတွေကို အကဲခတ်ခွင့်ရှိပါတယ်။ ကျောင်းတက်ချိန် ပထမတစ်ပတ်ပြီးတဲ့အခါကျမှ ဘာသာရပ်မှတ်ပုံတင်ကို အပြီးသတ်လုပ်ဆောင်ရပါတယ်။ ဒါက ကျောင်းသားဘက်က ရွေးချယ်နိုင်ခွင့်ပါ။
.
. . . ဆရာက ကျောင်းသားရဲ့ လိုက်ပါလုပ်ဆောင်နိုင်မှုကို အကဲဖြတ် အမှတ်ပေးသလို ကျောင်းသားကလည်း ဆရာကို အကဲဖြတ် အမှတ်ပေးတဲ့စနစ်ပါရှိပါတယ်။ အတန်းတစ်ခုရဲ့ နောက်ဆုံး သတင်းပတ်မှာ သက်ဆိုင်ရာ ဘာသာရပ်နဲ့ နည်းပြဆရာကို အကဲဖြတ်တဲ့ အကဲဖြတ်လွှာကို ကျောင်းသားက ဖြည့်ရပါတယ်။ သက်ဆိုင်ရာ ၀က်ဆိုက်ကနေ အချိန်အကန့်အသတ်နဲ့ ကျောင်းသားဆီပို့ပေးတဲ့ အကဲဖြတ်လွှာကို ကျောင်းသားက သူ့စကားဝှက်နဲ့ ၀င်ရောက်ပြီး ဘာသာရပ်ပိုင်းဆိုင်ရာ သင်ကြားမှုပိုင်းဆိုင်ရာ စသည်ဖြင့် အကဲဖြတ်လွှာမှာ မိမိစိတ်ကြိုက် အမှတ်ပေးရပါတယ်။ ဘာသာရပ်ကို ဆရာကို ဝေဖန်ဆန်းစစ်ချက်တွေကို စိတ်ကြိုက်ရေးသားရပါတယ်။ ဒီလိုကျောင်းသားက ရေးသားတဲ့ အကဲဖြတ်ချက်ကို သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ကလွဲပြီး ဘယ်သူမှ မသိစေရပါဘူးဆိုတဲ့ အာမခံချက်ပေးထားတာကြောင့် ကျောင်းသားတစ်ယောက်က ဘာသာရပ်အပေါ်မှာဖြစ်စေ ဆရာပေါ်မှာဖြစ်စေ သင်ကြားနည်းစနစ်ပေါ်မှာဖြစ်စေ ဝေဖန်ဆန်းစစ်အကြံ့ပု အမှတ်ပေးခွင့်ရှိနေပါတယ်။
.
. . . အတန်းတစ်တန်းပြီးတိုင်းမှာလည်း ကျောင်းသားတွေရဲ့ အမှတ်စာရင်းနဲ့ အောင်မြင်မှုအဆင့်အတန်းတွေကို တစ်ယောက်ချင်းစီပို့ပေးသလို ဆရာတွေအပေါ် ကျောင်းသားတွေရဲ့ အကဲဖြတ်အမှတ်ပေးချက်တွေကို အားလုံးသိအောင် ပွင့်လင်းမြင်သာ ထုတ်ပြန်ပေးပါတယ်။ ဒါကြောင့် ကျောင်းသားတစ်ယောက်ဟာ ဘာသာရပ်တစ်ခု ဆရာတစ်ယောက်ကို သူ့ရဲ့သင်ရိုးညွှန်းတမ်းတွေ အမှတ်ပေးစည်းမျဉ်းတွေအပေါ်မှာသာမက သူသင်ခဲ့တဲ့အတန်းက ကျောင်းသားတွေရဲ့ ဝေဖန်အကြံပြုချက်တွေကိုပါ မြင်သာထင်သာ လေ့လာခွင့်ရပြီး လွတ်လွတ်လပ်လပ် ရွေးချယ်နိုင်ခွင့်ရှိနေပါတယ်။
ဒါကြောင့် တစ်ချို့အတန်းတွေမှာ ကျောင်းသားတွေ စုပြုံနေပြီး တစ်ချို့အတန်းတွေမှာ ကျောင်းသားတွေ နည်းနေတာစသည်ဖြင့် မျိုးစုံရှိနေနိုင်တာဖြစ်ပါတယ်။
.
. . . အခုရေးသားခဲ့တာကတော့ လွတ်လပ်တဲ့ သင်ကြားသင်ယူမှုဝန်းကျင်နဲ့ ပတ်သက်ပြီး စနစ်ပိုင်းဆိုင်ရာ ကိုယ်တွေ့ ဗဟုသုတတစ်ချို့ကို မျှဝေပေးတာဖြစ်ပါတယ်။ ပြောမယ်ဆိုရင်တော့ အများကြီးကျန်သေးပေမယ့် ဒီလောက်ဆိုရင်တော့ တီးမိခေါက်မိရှိပြီလို့ ယူဆပါတယ်။ ပိုသိချင်တာများရှိရင် အောက်က မှတ်ချက်နေရာမှာ မေးပေးပါ။ အများသိအောင် ဖြေပေးပါ့မယ်။
ကျေးဇူးတင်ပါတယ်ခင်ဗျ
.
ဇေယျာနိုင်
Monday, 3 December 2018
Thursday, 22 November 2018
ြ့ပည် ညှပ်ပလာတာ
တန်ဆောင်မုန်းလပြည့်ည
ဆရာ့ရဲ့
ပြည် ညှပ်ပလာတာ ဒါနအတွက်
ဝေယျာဝစ္စကုသိုလ်
အမျှအမျှအမျှ
ယူတော်မူကြပါဗျို့
၂၂ နိုဝင်ဘာ ၂၀၁၈
ဆရာ့ရဲ့
ပြည် ညှပ်ပလာတာ ဒါနအတွက်
ဝေယျာဝစ္စကုသိုလ်
အမျှအမျှအမျှ
ယူတော်မူကြပါဗျို့
၂၂ နိုဝင်ဘာ ၂၀၁၈
Monday, 8 October 2018
Invitation
This piece of paper was found on the floor of my room near the door yesterday evening when I got back. Actually IUJ email is the official channel of communication among the members of IUJ community including students, staff, student councils, teachers and the local supporting teams. However such a way of communication is also occasionally practiced for attracting special attention of the fellows.
.
This is the first event of Nakayama Houses for this academic year. The house system was launched last year and still struggling to institutionalize in the student community since almost half of the students (most second year students) are more accustomed to the existing TEAM system which is the groupings among the likes students voluntarily.
.
Unfortunately I could not join this event because . . .
.
This is the first event of Nakayama Houses for this academic year. The house system was launched last year and still struggling to institutionalize in the student community since almost half of the students (most second year students) are more accustomed to the existing TEAM system which is the groupings among the likes students voluntarily.
.
Unfortunately I could not join this event because . . .
Monday, 1 October 2018
Trami Super Typhoon
ပုံပြောကောင်းတဲ့
ထားမေ ရယ်
မင်းလာမယ်ဆိုလို့
ကိုယ့်မှာ
တစ်ညလုံး
မျှော်လိုက်ရတာ
လှည့်စားရက်တဲ့
ထားမေက
လူလုံးတောင်မပြဘဲ
ရှောင်ပြေးသွားခဲ့တယ်နော်
အေးပေါ့လေ
တိုကျိုလို
မြို့ကြီးပြကြီးကိုမှ
အထင်ကြီးတတ်တဲ့
မင်းအတွက်
တို့လို
ကျေးတောဇနပုဒ်ဘက်
ခြေဦးမလှည့်ချင်ဘူးဆိုတာ
နားလည်လိုက်ပါပြီ
Trami
The super typhoon has just knocked the door of Niigata and disappeared without showing up.
ထားမေ ရယ်
မင်းလာမယ်ဆိုလို့
ကိုယ့်မှာ
တစ်ညလုံး
မျှော်လိုက်ရတာ
လှည့်စားရက်တဲ့
ထားမေက
လူလုံးတောင်မပြဘဲ
ရှောင်ပြေးသွားခဲ့တယ်နော်
အေးပေါ့လေ
တိုကျိုလို
မြို့ကြီးပြကြီးကိုမှ
အထင်ကြီးတတ်တဲ့
မင်းအတွက်
တို့လို
ကျေးတောဇနပုဒ်ဘက်
ခြေဦးမလှည့်ချင်ဘူးဆိုတာ
နားလည်လိုက်ပါပြီ
Trami
The super typhoon has just knocked the door of Niigata and disappeared without showing up.
Labels:
IUJ,
My Photos,
နိပွန်ပြည်က နေ့ရက်များ
Sunday, 30 September 2018
super typhoon trami (paeng)
ဒီတစ်ခါတော့ တိုင်ဖွန်းမုန်တိုင်းက မကြုံစဖူး ဂျပန်ကျွန်းတွေကို အလျားလိုက်ဖြတ်မယ်တဲ့။ ကိုယ်တွေနေတဲ့နေရာကို ဒီနေ့ည တစ်နာရီလောက်မှာ တည့်တည့်ဖြတ်မယ်။ မိုးရေချိန်က ၁၅-၁၆ လက်မလောက်ထိ ရွာမယ်။ လေက တစ်နာရီကို မိုင်တစ်ရာနှုန်းကျော် တိုက်မယ်ဆိုပဲ။ ဒီလိုမျိုး တစ်ခါမှ မကြုံဖူးတော့ အတွေ့အကြုံသစ်ရမယ့်သဘောပဲ။ အရင်တစ်ခါ မုန်တိုင်းအဖျားခတ်တုန်းက နာမည်ကျော် ချယ်ရီလမ်းက ချယ်ရီပင် ငါးပင်လောက် အမြစ်ကကျွတ်ပြီး လဲသွားတယ်။ ဒီတစ်ခါဆိုရင် ဘယ်လိုလာအုံးမလဲ မဆိုနိုင်ဘူး။ ဖြစ်နိုင်ရင်တော့ မုန်တိုင်းတည့်တည့်ဖြတ်နေချိန် မုန်တိုင်းမျက်စိ အပေါ်တည့်တည့်ရောက်နေချိန်မှာ ကြည်ကြည်လင်လင်မြင်နေမယ့် ကောင်းကင်ကြီးပေါ်က ကြယ်တွေကို ကြည့်ချင်တယ်။
.
ပုံထဲက မုန်တိုင်းသွားမယ့်လမ်းကြောင်းပေါ်တည့်တည့်က အနီရောင်အသည်းပုံလေးဟာ ကိုယ်တွေနေတဲ့ နေရာပေါ့။ ကိုယ့်ကိုချစ်ကြတဲ့သူတွေ စိတ်ပူတတ်ကြတယ်ဆို မုန်တိုင်းဖြတ်မယ့် ဒီည မြန်မာစံတော်ချိန် ၁၀-၁၁ လောက်မှာ မေတ္တာပို့ပေးလို့ရပါတယ်။ အခုချိန်ထိတော့ ကောင်းကင်မှာ တိမ်တွေဖုံးနေတာကလွဲရင် တည်ငြိမ်အေးချမ်းနေတုန်း . . .
.
မုန်တိုင်းကို အချိန်နဲ့ တစ်ပြေးညီ စောင့်ကြည့်ချင်ရင် ဒီမှာကြည့်ပါ
http://www.jma.go.jp/en/typh/182424d.html
.
ပုံထဲက မုန်တိုင်းသွားမယ့်လမ်းကြောင်းပေါ်တည့်တည့်က အနီရောင်အသည်းပုံလေးဟာ ကိုယ်တွေနေတဲ့ နေရာပေါ့။ ကိုယ့်ကိုချစ်ကြတဲ့သူတွေ စိတ်ပူတတ်ကြတယ်ဆို မုန်တိုင်းဖြတ်မယ့် ဒီည မြန်မာစံတော်ချိန် ၁၀-၁၁ လောက်မှာ မေတ္တာပို့ပေးလို့ရပါတယ်။ အခုချိန်ထိတော့ ကောင်းကင်မှာ တိမ်တွေဖုံးနေတာကလွဲရင် တည်ငြိမ်အေးချမ်းနေတုန်း . . .
.
မုန်တိုင်းကို အချိန်နဲ့ တစ်ပြေးညီ စောင့်ကြည့်ချင်ရင် ဒီမှာကြည့်ပါ
http://www.jma.go.jp/en/typh/182424d.html
Saturday, 4 November 2017
အချစ်စစ်သည်တော်
.
. . . ဂျပန်ကောင်မလေးတစ်ယောက်ယောက်နဲ့ တိုကျိုသွားတဲ့ လော်ကယ်ရထားပေါ်မှာဖြစ်ဖြစ် ကျောင်းပြင်ပကိစ္စတစ်ခုခုမှာ ကြုံကြိုက်လို့ဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ဖြစ်ကြတဲ့အခါ ကောင်မလေးလှလှလေးမို့ ကိုယ်က စကားများများပြောချင်ရင် ကိုယ်နေနေတဲ့မြို့လေးအကြောင်း တစ်ခမ်းတစ်နားပြောပြလေ့ရှိတယ်။ တစ်ထိုင်တည်းနဲ့ စကားတွေအများကြီး ပြောဖြစ်ဖို့ဆိုတာ သူစိတ်ဝင်စားတဲ့အကြောင်းလည်း ဖြစ်အုံးမှကိုး။ ကိုယ်က နာမည်ပြောမိတ်ဆက်ပြီးတာနဲ့ သူ့ကို ဘယ်မှာနေလဲ မေးလိုက်တယ်။ သူကလည်း ပြန်မေးတယ်လေ၊ ကိုယ့်ကိုဘယ်မှာနေလဲလို့ အမေးခံရပြီဆိုတာနဲ့ အဲဒါ ကိုယ့်အကွက်ထဲ ရောက်လာတာပဲ။ တစ်ခါတည်း ကောင်မလေးမျက်လုံးကို တည့်တည့်ကြည့် မျက်နှာကို အပြုံးရွှင်ဆုံးထားပြီး
. . . အချစ်စစ်သည်တော်ကြီးရဲ့ အချစ်မြို့လေးမှာ နေပါတယ်လို့ . . . ဖြေလိုက်တာပဲ . . .
.
. . . အဲသည်လို ဖြေလိုက်လို့ ကောင်မလေးမျက်လုံးလေးတွေ အရောင်တွေတောက်လာပြီး စိတ်ဝင်စားတဲ့ပုံပြပြီဆိုလို့ကတော့ ကိုယ့်ရဲ့ အချစ်မြို့လေးအကြောင်း စီကာပတ်ကုံး ပြောပြတော့တာပေါ့. . .
.
. . . ချစ်ခြင်းမေတ္တာကို ဂျပန်လို ခန်းကြီးနဲ့ဆိုရင် 愛 လို့ရေးတယ်။ အိုင်းယ် ဆိုတဲ့အသံထွက်မျိုးပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း လေးရာကျော်လောက်တုန်းက အခု မီနာမီအွန်နူမာလို့ခေါ်တဲ့ ဒီဒေသမှာ ဆာမူရိုင်းစစ်သည်တော်ကြီးတစ်ဦးရှိခဲ့တယ်။ အဲသည်ခေတ် အဲသည်အခါက လူတွေဟာ အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစား လုပ်ဖို့လောက်ပဲ စိတ်ဝင်စားကြလို့ လူ့အဖွဲ့အစည်းမှာလည်း အချင်းချင်း ယုံကြည်မှုတွေ ပျက်ယွင်းနေကြတဲ့ အချိန်အခါပေါ့။ နာအိုအဲကန့်တက်စုဂု (直江兼続) လို့အမည်တွင်တဲ့ အဲသည် ဆာမူရိုင်းကြီးဟာ လူအချင်းချင်း ချစ်ခြင်းတရားနဲ့ မျှတညီညွတ်မှုကိုလိုလားကြောင်း ဖော်ကျူးတဲ့အနေနဲ့ သူ့ရဲ့ ဆာမူရိုင်းစစ်ဥသျှောင်မှာ ချစ်ခြင်းမေတ္တာလို့ အဓိပ္ပာယ်ရတဲ့ 愛 ခန်းကြီးစာလုံးကို ၀တ်ဆင်ပြခဲ့ပါသတဲ့။ ဒါကြောင့် ဒီဆာမူရိုင်းကြီးကို အချစ်စစ်သည်တော်ကြီးအဖြစ် မော်ကွန်းတင်ကြပြီး အဲသည်ဆာမူရိုင်းကြီး နေသွားတဲ့ ကျွန်တော်တို့နေတဲ့ မြို့လေးမှာလည်း အချစ်စစ်သည်တော် ဆာမူရိုင်းကြီး သင်္ကေတကို အခုအချိန်ထိ အမြတ်တနိုး ဂုဏ်ယူစွာ ၀ိသေသပြုထားတာဖြစ်ပါတယ် . . .
.
. . . ကျွန်တော်တို့ကျောင်းမှာ အရင်တုန်းက ချစ်ချစ်ခင်ခင် ဆိုတဲ့ အဓိပ္ပာယ်မျိုးရှိတဲ့ ဒိုင်စုကီ ( 大好き ) ဆိုတဲ့ အားကစားအသင်းတစ်ခု ရှိခဲ့တယ်။ အလွယ်ခေါ်ရင်တော့ ချစ်တတ်သူများအသင်းပေါ့လေ။ အိုင်ယူဂျေ အိုလံပစ်ပွဲကျရင် စိတ်တူကိုယ်တူ လူတွေစုပြီး ဖွဲ့ကြတဲ့ အသင်းတွေက ချစ်စရာကောင်းတဲ့ နာမည်လေးတွေ ပေးကြတယ်။ သက်တန့်အသင်း (Rainbow) ရှိတယ်။ သိမ်းငှက် (Falcon) အသင်းရှိတယ်။ ၀ါဆာဘီ (山葵) လို့ခေါ်တဲ့ ဂျပန်ရိုးရာ ငါးစိမ်းအသားစိမ်းတွေစားရာမှာ တို့စားရတဲ့ စားစရာတစ်မျိုးနာမည်ပေးထားတဲ့ အသင်းလည်းရှိတယ်။ ကိုယ်အကြိုက်ဆုံး အသင်းကတော့ IDC လို့နာမည်ပေးထားတဲ့ အပြည်ပြည်ဆိုင်ရာအရက်သမားများအသိုက်အ၀န်းဆိုတဲ့ အသင်းပဲ။ ယင်းဂလိပ်လိုဆိုရင်တော့ International Drinkers' Community လို့ခေါ်မယ်ထင်ပါရဲ့။ [သူတို့က တစ်ခါအသင်းဝင်ရင် ရာသက်ပန် အသင်းသားဖြစ်သတဲ့။ အရက်သမားအသင်းသားတို့ရေ နာမည်အရှည်ကောက်ရေးတာ မှားနေရင် ပြောကြအုံး]။ ဒါပေမယ့် ဒါတွေက သမိုင်းထဲမှာ ကျန်ခဲ့ရပါပြီ။ ပြီးခဲ့တဲ့နှစ် အိုလံပစ်ပွဲအထိ အဲသည် အသင်းတွေရှိခဲ့ပေမယ့် အခုကျောင်းမှာ ကျန်စစ်သားအသင်းတို့ အောင်ဇေယျအသင်းတို့ ဖွဲ့သလို ကျောင်းကိုတည်ထောင်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတွေနာမည်နဲ့ အသင်းတွေဖွဲ့လိုက်တော့ အဲသည်အသင်းလိုက်ပဲ လုပ်ရတော့မယ့်သဘောပဲ။ အတိတ်မှာပဲ နေရစ်ခဲ့တော့ ဒိုင်စုကီရေလို့ ပြောရတော့မယ် . . .
.
. . . ဒီတစ်ခေါက် မြန်မာပြည်ကိုပြန်ရင် ပန်းပွင့်လေးမေမေအတွက် အချစ်စစ်သည်တော်ကိုယ်စားပြု ဆာမူရိုင်းစစ်ဥသျှောင်လေးတစ်ခု လက်ဆောင်ပေးမယ်လို့ စိတ်ကူးထားတယ်။ မပြန်ခင်တော့ အဲဒါလေး တွေ့အောင်ရှာရအုံးမှာပ . . .
.
ဗိုလ်ကောင်း
၎ နိုဝင်ဘာ ၂၀၁၇
Labels:
IUJ,
နိပွန်ပြည်က နေ့ရက်များ,
ရောက်တတ်ရာရာ
Friday, 29 September 2017
1950s 60s Fashion ?
One of the favorite snapshots ever taken. The photo was retouched and modified as an antique one in which the characters dressed up as the university students of the old days.
Sunday, 13 August 2017
ရှစ်ရောင်ခြယ်ဖရဲသီး
.
. . . ဂျိုရှင်းအက်စုကိုဂျန် အမျိုးသားဥယျာဉ်ကြီးထဲမှာ တစ်စိတ်တစ်ပိုင်း ပါဝင်နေတဲ့ မီနာမီအွန်နူမာ စီရင်စုကို ရှိယိုဇာဝါ၊ မူအီကာမာချီ နဲ့ အူရာစာ မြို့လေးသုံးမြို့နဲ့ ဖွဲ့စည်းထားပါတယ်။ တစ်နှစ်မှာ လေးလလောက်ရှိတဲ့ ဆောင်းရာသီထဲ နှင်းဖြူဖြူတွေနဲ့ အမြဲဖုံးလွှမ်းနေတတ်တာမို့ နှင်းပွင့်တိုင်းပြည်လို့ ကျော်ကြားတဲ့ ဒီဒေသရဲ့ အဓိက ထွက်ကုန်လေးမျိုးရှိတဲ့အနက် ရှစ်ရောင်ခြယ် ဖရဲသီးကတော့ နွေရာသီ သြဂုတ်လမှာ လှိုင်လှိုင်ထွက်ပါတယ် . . .
.
. . . ရှစ်ရောင်ခြယ်ဖရဲသီးဆိုတာ အရောင်ရှစ်ရောင်ပါတဲ့ ဖရဲသီးတော့ မဟုတ်ပါဘူး။ တောင်မြင့်ကြီးတွေဝန်းရံထားတဲ့ အလယ်က လယ်ယာမြေ လွင်ပြင်ကြီးမှာ ဆောင်းဦးရွက်ကြွေရာသီကနေ နွေဦးပွင့်ဝေရာသီအထိ ပန်းတွေ အရောင်ရှစ်မျိုးပွင့်တာမို့ အဲသည် ရှစ်ရောင်ခြယ်လွင်ပြင်ကို အစွဲပြုပြီး ဒီနေရာမှာ စိုက်တဲ့ ဖရဲသီးကို ရှစ်ရောင်ခြယ် ဖရဲသီးလို့ ခေါ်တာဖြစ်ပါတယ်။ ဂျပန်လိုတော့ ယာအိရိုဆူအီကာ 八色スイカ လို့ခေါ်ပါတယ်။ သကြားဓာတ်များပြီး ချိုလွန်းလှတာမို့ ဂျပန်မှာတော့ ရှစ်ရောင်ခြယ်ဖရဲသီးက နာမည်ကြီးပါသတဲ့ . . .
.
. . . ကျွန်တော်တို့တက်နေတဲ့ ဂျပန်နိုင်ငံတကာတက္ကသိုလ် ဘေးပတ်ပတ်လည်မှာ လယ်ကွင်းတွေ ဖရဲသီးစိုက်ခင်းတွေ ၀န်းရံထားပြီး စပါးအနှံစထွက်တဲ့ ဇူလိုင်လနှောင်းပိုင်းနဲ့ သြဂုတ်လမကုန်ခင်မှာ ဖရဲသီးတွေ လှိုင်လှိုင်ပေါ်ပါတယ်။ ဖရဲသီးတွေ လှိုင်လှိုင်ပေါ်ပေမယ့် ဈေးကတော့ မသေးပါဘူး။ ဈေးမသေးဆို သူတို့ဖရဲသီးတွေက အရည်အသွေးအလွန်ကို ထိန်းသိမ်းကြတာကိုး။ ဆောင်းကုန်လို့ နှင်းတွေအရည်ပျော်ပြီဆိုတာနဲ့ မြေတွေပြင်ပြီး ဖရဲပင် စပျိုးပါတယ်။ ပလတ်စတစ်အကြည်သားနဲ့ အုပ်ထားတဲ့ အပင်စိုက်အိမ်ရှည်ရှည်လေးတွေထဲမှာ ငန်းအလိုက် ဘောင်နဲ့စိုက်တာပါ။ အဲသည်ကမှ အပင်တွေ တဖြည်းဖြည်းကြီးလာ အသီးစသီးပြီဆိုတာနဲ့ အသီးတွေကို ခူးပြီး ပစ်ပါတော့တယ်။ အပင်တစ်ပင်မှာ အလွန်လှပရောင်းတန်းဝင်လောက်မယ့် အသီးကိုပဲ ချန်ပြီး ကျန်တဲ့အသီးတွေကို ခူးပြီး ပစ်လိုက်တာပါ။ အသီးစသီးကတည်းက အဲသလို ခူးခူးပြီး ပစ်နေတာ အသီးတွေရင့်မှည့်ချိန်ရောက်တဲ့အထိလို့ပဲ ဆိုရပါလိမ့်မယ်။ နောက်ဆုံး ချန်ထားတဲ့အထဲ အသီးတွေ ရင့်မှည့်ပြီး ရောင်းတန်းဝင် ခူးရတဲ့ အချိန်ထိအောင်တောင်မှ သူတို့ရဲ့ အသီးပယ်စနစ်က မပြီးသေးပါဘူး။ အသီးခူးချိန်မှာ အရည်အသွေးအကောင်းဆုံး ဖရဲသီးတွေကိုပဲ ခူးယူသွားပြီး သူတို့ ရောင်းတန်းမ၀င်ဘူးလို့ သတ်မှတ်ထားတဲ့ ဖရဲသီးတွေ အခင်းထဲမှာ ဒီအတိုင်းပဲ အပုံလိုက်နီးပါး ကျန်ရစ်ပါတယ်
.
. . . ဖရဲသီးပေါ်ချိန်မှာ ဖရဲသီးစားပွဲတော်လည်း လုပ်ပါတယ်။ ပွဲတော်လုပ်တဲ့နေရာမှာ တစ်ယောက်ကို ယန်းငါးရာလောက်ပေးပြီး ဖရဲသီးစားနိုင်သလောက် စားခွင့်ရတဲ့ ပွဲတော်ပါ။ ဒါပေမယ့် ကျွန်တော်တို့အတွက်ကတော့ ဖရဲသီးအ၀စားဖို့အတွက် ယန်းငါးရာပေးရတဲ့ ပွဲတော် သွားစရာ မလိုပါဘူး၊ သူတို့ရဲ့ ဖရဲသီး အရည်အသွေး ထိန်းသိမ်းတဲ့စနစ်ကြောင့် ကျွန်တော်တို့ ဖရဲသီး အ၀စားကြရပါတယ်။ ဖရဲသီးနုနု အရွယ် သူတို့ခူးပစ်လိုက်တဲ့ အသီးတွေကို ကျွန်တော်တို့က သွားကောက်ပြီး ဖရဲသီးပြုတ်လုပ်လုပ် အစိမ်းလိုက်လုပ်လုပ် ငါးပိရည်နဲ့ တို့စားပါတယ်။ အဲသည်ကနေ နည်းနည်း ကြီးလာတော့ ဖရဲသီးကို ဗူးသီးလုပ်ပြီး မုန့်နှစ်နဲ့နယ် ဗူးသီးကြော် (ဖရဲသီးကြော်) လုပ်စားပါတယ်။ ဟော အခုလို ဖရဲသီး ခူးချိန်ရောက်ပြီဆိုတော့လည်း သူတို့အခင်းထဲ ချန်ခဲ့တဲ့ ဖရဲသီးတွေက ကျွန်တော်တို့အတွက် စားလို့မကုန်တဲ့ ပဒေသာပင်ကြီးကို ဖြစ်လို့ပါ။ သူတို့က စွန့်ပစ်ထားတယ် ဆိုသော်လည်း ကျွန်တော်တို့က နေ့ခင်းကြောင်တောင် လူမြင်သူမြင် သွားမကောက်ရဲလို့ ညမှောင်တဲ့အခါမှ သွားကောက်ကြရပါတယ်။ အခုလို ညအခါ လသာသာ ခြေခင်းလက်ခင်း သာပြီဆိုရင် ဖရဲသီးကောက်သွားကြမယ်ဟေ့လို့ သူငယ်ချင်းတွေ အဖော်စပ်ပြီး ဖရဲသီးတွေ မနိုင်မနင်းသယ်၊ ရေခဲသေတ္တာထဲထည့်ပြီး အားရပါးရ စားကြရပါတယ်၊ ဖရဲသီးစိုက်တဲ့အထဲ လုပ်အား တစ်စိုးတစ်စိမှ မပါဘဲနဲ့ ဖရဲခင်းဘေးမှာနေပြီး ဖရဲသီးကို အရွယ်သုံးပါး စိတ်ကြိုက်စားခွင့်ရတာ နည်းတဲ့ ကုသိုလ်ကံတော့ မဟုတ်လောက်ပါဘူး၊ ဖရဲသီးစိုက်တောင်သူများ ကျန်းမာရွှင်လန်းပြီး စိုက်သမျှ အခင်းတိုင်းမှာ နှစ်စဉ်နှစ်တိုင်း အသီးကောင်းများများ ထွက်ပါစေဗျာ . . .
.
အဟွတ် အဟွတ် ဟွတ် အဟွတ်
ဖရဲသီးစားရတာ ချောင်းတွေတောင်ဆိုးတယ်
.
The screenshot facebook post credit to Jay Osama
@
https://www.facebook.com/photo.php?fbid=10213107418735206&set=a.10201076560291264.1073741826.1086112583&type=3&theater
Monday, 31 July 2017
အောင်စာရင်း
အောင်စာရင်းက ဇူလိုင်လ ၂၆ ရက်နေ့ကတည်းက စာတိုက်ပုံးထဲရောက်နေကြောင်း အီးမေးရခဲ့ပေမယ့် ကိုယ်တိုင်လည်း ခရီးထွက်နေလို့ ကျောင်းမှာမရှိ၊ မလိုချင်တဲ့ ရလဒ်အတွက် စိတ်အနှောင့်အယှက်လည်း မဖြစ်ချင်လို့ အခုမှ စိတ်အေးလက်အေး ဖွင့်ကြည့်မိတယ်။ ကိုယ်လုပ်ခဲ့သလောက် ကိုယ်ရတာကို တွေ့တယ်။ စာမေးပွဲအတွက် ဖတ်ဖို့ငှားထားတဲ့၊ စာမေးပွဲပြီးတာတောင် ချက်ချင်းပြန်မအပ်ရဲသေးတဲ့ စာအုပ်တွေအားလုံး စိတ်ချလက်ချ ပြန်အပ်ပစ်လိုက်လို့ရတာကို အကျေနပ်ဆုံးပဲ၊ သုတေသနအဆိုပြုချက်ကတော့ ပြန်ပြင်ရအုံးမတဲ့၊ ဘာပဲပြောပြော အဆင့်တစ်ခုကိုတော့ ကျော်ဖြတ်ဖြစ်ခဲ့ပြီ
Saturday, 29 July 2017
MOBA လေ့လာရေးခရီး
.
. . . ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာပြည်ကလာတဲ့ လေ့လာရေးအဖွဲ့တစ်ခုကို လိုအပ်တာတွေ ၀ိုင်းလုပ်ပေးဖို့ အခွင့်အရေးရခဲ့တယ်။ ကျွန်တော်တို့ တက္ကသိုလ်မှာ သုံးညအိပ်လေးရက်နေသွားတဲ့ သူတို့အတွက် တက်တဲ့အတန်းတွေမှာ သင်ကြားရေးလက်ထောက် လုပ်ပေးဖို့ တာဝန်ပေးလို့ သူတို့အတန်းတွေ လိုက်တက်ပြီး ကိုယ်လည်း ဗဟုသုတ တော်တော်များများ ရလိုက်တယ်။ ကိုယ်ကိုယ်တိုင်ကလည်း နုတ်ဖြေစာမေးပွဲရှိတော့ ကျန်တဲ့ နှစ်ရက်မှာ သူတို့အတန်းတွေ လိုက်တက်ပေးခဲ့တယ်။ သင်ကြားရေးလက်ထောက် ဆိုပေမယ့် တကယ်တမ်းကျတော့ သင်ကြားရေးနဲ့ ပတ်သက်ပြီး ကိုယ်က ဘာမှ ကူညီဆောင်ရွက်ပေးရတာ မရှိခဲ့ပါဘူး။ ကိုယ်က အိမ်ရှင်တစ်ယောက်အနေနဲ့ပဲ လိုအပ်တဲ့ နေရေးထိုင်ရေး စားရေးသောက်ရေး အဆင်ပြေအောင် အခြားအိမ်ရှင်ကျောင်းသားတွေနဲ့အတူ ပူးပေါင်း ဆောင်ရွက်ပေးရတာပဲ ရှိတာပါ . . .
.
. . . ကျောင်းကိုရောက်ပြီးနောက်တစ်ရက်ညနေမှာ ကျောင်းက ဧည့်ခံတဲ့ ကြိုဆိုရေးအခမ်းအနားကို တက်ပြီး စားသောက်နုတ်ဆက် စကားပြောကြပေါ့။ ပြီးတော့ ကျွန်တော်တို့မြို့ရဲ့ အမှတ်တရ ရေနွေးစိမ်ကန်ကို လိုက်ပို့ပေးပါတယ်။ နောက်တစ်ရက်ညကျတော့ ကျောင်းက ပွဲတွေလုပ်တဲ့ ခန်းမမှာ စားကြသောက်ကြ သီချင်းဆိုကြ ကကြနဲ့ ပျော်စရာတော့ အကောင်းသားပါ။ နောက်ဆုံးနေ့မှာ မနက်ပိုင်း ဆရာကြီးနာကာမူရရဲ့ ဂျပန်ဒေသဆိုင်ရာ အုပ်ချုပ်ရေးစနစ်နဲ့ ပတ်သက်တဲ့ အတန်းအပြီး နေ့လယ်စာစားပြီးတော့ ကျောင်းက စီစဉ်ပေးတဲ့ ကားနဲ့ပဲ အီချီဂို ယူဇာဝါ ဆိုတဲ့ မြို့က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို လေ့လာရေး သွားကြပါတယ်။ သွားတဲ့ လမ်းခရီးတစ်လျှောက် ကားစီးတဲ့ အချိန်ခဏလေးမှာ လမ်းမှာတွေ့တဲ့ မြင်တဲ့ ရှုခင်းလေးတွေကို အခြေခံပြီး ကျွန်တော်တို့ နယ်အကြောင်း မိုက်တစ်လုံးကိုင်ရှင်းပြ၊ ကိုယ့်ကင်မရာလေးယူသွားပြီး ဓာတ်ဆရာလည်း လုပ်ပေး။ ပြီးတော့ ကျည်ဆန်ရထားစီးမယ့် အီချီဂိုယူဇာဝါ ဘူတာ ဈေးတန်းမှာ လျှောက်ကြည့် ဓာတ်ပုံရိုက်ပေး။ ရထားစီးတော့လည်း ရထားပေါ်မှာ ကိုယ်တွေချည်းပဲမို့ အားလုံး စုစုစည်းစည်းနဲ့ အမှတ်တရ ဓာတ်ပုံလေးတွေ ရိုက်ပေးဖြစ်ခဲ့တယ် . . .
.
. . . တိုကျိုရောက်တော့ အီခဲဘုကူရိုဘူတာနားက ရိပ်သာတစ်ခုမှာ တည်းကြတယ်။ နောက်တစ်နေ့မှာ ကမာကူရဘုရား မနက်ပိုင်းလိုက်ပို့တယ်။ ကိုယ့်အတွက်ကတော့ သုံးကြိမ်မြောက် ရောက်ခြင်းပါပဲ။ နေ့လည်ပိုင်းမှာ တိုကျိုရဲ့ နာမည်ကျော် အဆာကုဆဘုရားကျောင်းနဲ့ တိုကျိုကောင်းကင်သစ်ပင် Sky Tree လို့ခေါ်တဲ့ အသံလွှင့်မျှော်စင်ကြီး တက်ကြတယ်။ ကမ္ဘာပေါ်မှာ အမြင့်ဆုံးမျှော်စင်ဖြစ်တဲ့ ဒီအဆောက်အအုံဟာ ပေပေါင်း ၂၀၀၀ ကျော်မြင့်ပြီး အဆောက်အအုံအနေနဲ့တော့ ဒူဘိုင်းက ကာလီဖာအဆောက်အအုံပြီးရင် ဒုတိယအမြင့်ဆုံးဖြစ်ပါတယ်။ အပေါ်ဆုံးထိ နှစ်ခေါက်ရောက်ဖူးပြီး ဒီတစ်ခေါက်မှာတော့ အပေါ်ဆုံးထိ မရောက်ဖြစ်ခဲ့ဘဲ အလယ်ထပ်ထိပဲ ရောက်ခဲ့ပါတယ်။ ခါတိုင်းဆိုရင် ဖူဂျီတောင်ကြီးကိုတောင် လှမ်းမြင်ရပေမယ့် ဒီတစ်ခေါက်တော့ ရာသီဥတုကလည်း မကောင်းတာကြောင့် ရှုခင်းကောင်းကောင်း မကြည့်ခဲ့ရပါဘူး။ ပြန်အဆင်းမှာ မျှော်စင်အခြေမှာရှိတဲ့ ဈေးဝယ်စင်တာမှာ အဖွဲ့သားတွေ လျှောက်ကြည့် ၀ယ်ခြမ်းကြပြီး တည်းတဲ့နေရာ ပြန်ခဲ့ကြပါတယ် . . .
.
. . . နောက်တစ်ရက် ခရီးစဉ်ကတော့ မနက်ပိုင်း နိပွန်ဖောင်ဒေးရှင်း ရုံးချုပ်မှာလုပ်တဲ့ ပို့ချမှုတစ်ခုကို တက်ရောက်ပြီး နေ့လည်စာကို အဲသည်အနီးနားက Dipmahal လို့ခေါ်တဲ့ အိန္ဒိယစားသောက်ဆိုင်တစ်ခုမှာ နိပွန်ဖောင်ဒေးရှင်းက တည်ခင်းပါတယ်။ စားသောက်ပြီးတဲ့အခါကျတော့ တစ်ရပ်ကွက်တည်းလောက်မှာပဲရှိတဲ့ ဒိုင်းယက်ဥပဒေပြုလွှတ်တော်ကို လေ့လာရေး သွားကြပါတယ်။ ဒိုင်းယက်ကို ပထမအကြိမ်လေ့လာရေး သွားဖူးထားတာမို့ ဒီတစ်ခေါက်မှာ ဒိုင်းယက်ထဲက သိသင့်သိထိုက်တာလေးတွေကို မျှဝေရှင်းပြပေးနိုင်ခဲ့ပါတယ်။ ဒိုင်းယက်က ထွက်လာအပြီးမှာ လျှပ်စစ်မြို့တော် အာကီဟာဘာရ နဲ့ နိပိုးရီမှာရှိတဲ့ ကီမိုနိုဈေးတန်းကို သွားပြီး တည်းတဲ့နေရာပြန်လာ နားကြပါတယ် . . .
.
. . . နောက်တစ်နေ့ မနက်မှာ အီခဲဘူကူရို ဘူတာကနေ နာရီတာလေဆိပ်ကိုသွားပြီး လေဆိပ်မှာ အားလုံးပစ္စည်းတွေဘာတွေ အပ်၊ လက်မှတ်တွေဘာတွေ ထုတ်ပြီးသူတို့တွေ အတွင်းထဲဝင်သွားကြမှ လေဆိပ်ထဲမှာ ကော်ဖီလေးသောက် မုန့်လေးစားပြီး တိုကျိုမြို့ထဲကို ပြန်ပါတယ်။ ကျည်ဆန်ရထား မစီးခင် အူရဲနို ဘူတာနားက ညောင်ပင်လေးဈေးလို့ ကျွန်တော်နာမည်ပေးထားတဲ့ ဈေးထဲမှာ မြန်မာကြိုက် စားသောက်ဖွယ်ရာလေးတွေ ၀င်ဝယ်ပြီး ကျောင်းကို ပြန်ခဲ့ကြပါတယ်။ သူတို့နဲ့အတူ လျှောက်သွား ၀ယ်ခြမ်းနေဖြစ်လို့ ပိုက်ဆံကုန် အချိန်ကုန်ပေမယ့် ကိုယ်တွေဆီ လေ့လာရေးလာတဲ့သူတွေ တတ်နိုင်သမျှ အကျိုးရှိအောင် ဗဟုသုတရအောင် လိုက်ပို့ရှင်းပြခွင့်ရတဲ့အတွက် ကျွန်တော် ပျော်ပါတယ် . . .
.
၂၉ ဇူလိုင် ၂၀၁၇
Saturday, 22 July 2017
ရွှေဖီဦး
လူတစ်ရပ်လောက် အသာလေးမြုပ်အောင် နှင်းထူထူကျတတ်တဲ့ ဒီလိုနေရာမျိုးမှာ နွေရာသီဆိုရင် ရန်ကုန်ထက်တောင် ပိုပူသေးတယ်လို့ ကြားဖူးတုန်းက ဟုတ်မှ ဟုတ်ပါ့မလားပေါ့။ ကိုယ်တွေလည်း သုံးနှစ်သုံးဆောင်းသာ ကျော်ဖြတ်ခဲ့တာ နွေတော့လည်း ဒီမှာ မနေဖူးဘူးကိုး . . .
.
. . . မနေ့ညက ရေမိုးချိုး အိပ်ယာဝင်ခါနီး အဲယားကွန်းလေးပိတ် ပြတင်းပေါက်လေးဖွင့်ပြီး အိပ်လိုက်တာ၊ လားလား အိပ်မက်ဆိုးတွေများတောင်မက်ပြီး လန့်နိုးလာတယ်။ ပူလွန်းလို့၊ ဒါတောင် အပြင်မှာ မိုးတဖြောက်ဖြောက် ကျနေတာကြီးနော်၊ နာရီကြည့်လိုက်တော့ မနက် လေးနာရီ မိုးက လင်းလုလင်းခင် . . .
.
. . . မဖြစ်သေးပါဘူးဆိုပြီး အဲယားကွန်း ထဖွင့်၊ အခန်းထဲမှာက မနေနိုင်လောက်အောင် ပူနေတာ ချွေးကျတော့လည်း တစ်စက်မှ မထွက်၊ အဲယားကွန်း ဖွင့်လိုက်ပြန်တော့လည်း အေးပုံကြီးက တစ်မျိုးကြီး၊ စိတ်ထဲ မသိုးမသန့်ဖြစ်မိ၊ မတော်လေများဖြတ်သွားရင် ခက်ရချည်ရဲ့ဆိုပြီး ပြတင်းပေါက်ကို ပြန်ဖွင့်၊ တံခါးပေါက်ကိုဖွင့် ၊ လေ၀င်လေထွက်ကောင်းအောင် အခန်းအပြင် စင်္ကြန်က ပြတင်းပေါက်ကိုပါ သွားဖွင့်၊ တံခါးကို ဟဟလေးထားပြီး အသာလေး နေကြည့်တယ်၊ မဟန်ဘူး၊ ပူတာ ပူတာပဲ . . .
.
. . . အဲဒါနဲ့ ပြတင်းပေါက်ကို တစ်ခါပြန်ပိတ်၊ အဲယားကွန်းကို ဖွင့်၊ အအေးဓာတ်ကို မိုင်ကုန်တင်၊ ဒီတစ်ခါတော့ နည်းနည်း အဆင်ပြေလာသလိုပဲ၊ အဲဒါနဲ့ မီးလေးပိတ် ခုတင်ပေါ်ပြန်တက်၊ တစ်ရက်နှစ်ရက်နေရင် လူတွေ့စာမေးပွဲစစ်မယ့် ဆရာဆရာမတွေကို မေတ္တာလေးပို့၊ ဆရာဆရာမတို့ အခု ကျွန်တော် ပူသလို မပူကြပါစေနဲ့။ ကျွန်တော် အိပ်ယာက လန့်နိုးသလို မလန့်နိုးကြပါစေနဲ့၊ အေးချမ်းကြပါစေ၊ အိပ်ကောင်းခြင်း အိပ်ကြရပါစေ၊ ချမ်းချမ်းသာသာ အိပ်စက် အနားယူနိုင်ကြပါစေ၊ စိတ်စက်ကြည်လင်စွာ နိုးထနိုင်ကြပါစေ ဘာညာပေါ့၊ ဆရာဆရာမတွေကို ပို့သတဲ့ မေတ္တာဓာတ်ကြောင့်လား မသိဘူး၊ ခဏနေတော့ ကိုယ်ပါ ပြန်အိပ်ပျော်သွားရော.
.
. . . မနက်အိပ်ယာနိုးတော့ နေ့လည်စာ စား၊ အပြင်သွားအုံးမယ်စိတ်ကူးတာ၊ နည်းနည်း ပူတာနဲ့ မသွားဖြစ်တော့ဘဲ စာကြည့်ခန်းသွား စာလုပ် . . .
.
. . . ခါတိုင်းဆိုရင် စာကြည့်ခန်းမှာ ငြီးငွေ့လာတယ်ဆို ကျောင်းတစ်ပတ်လောက် ပတ်လျှောက်ပြီး လတ်လျားလတ်လျား လုပ်တာ၊ အခုတော့ ပူလွန်းလို့ စာကြည့်ခန်းထဲက မထွက်ရဲဘူး၊ ဆရာမြန်မာပြည်က ယူလာပေးတဲ့ ရွှေဖီဦးလက်ဘက်ရည်လေးသောက်ပြီး ရုပ်ရှင်ကောင်းကောင်းလေးတစ်ကား ကြည့်ရရင် ကောင်းမလားလို့ . .
Friday, 21 July 2017
Monday, 26 June 2017
Saturday, 24 June 2017
ဘွဲ့ဝတ်ရုံအမှား
.
. . . သစ်ခေါက်ဆိုးဝတ်ရုံကြီးတွေကို သင်္ကန်းခြုံရုံလို့၊ ဒေါက်ခြာကြီးတွေ ဆောင်းလို့၊ မိန်းမတွေ ဆိုရင်လည်း သစ်ခေါက်ဆိုးရောင် ရင်ဖုံးလည်စိအင်္ကျီပေါ်မှာ အညိုရောင် ပုဝါစအကြီးကြီးတွေကို စလွယ်သိုင်းခြုံပြီး ခေါင်းပေါ်မှာလည်း အညိုရောင် တဘက်ကြီးတွေ ပေါင်းလို့ ဘွဲ့တက်ယူကြတဲ့ပုံကို မျက်လုံးထဲ မြင်ယောင်နေမိတယ်လို့ ကျွန်တော်က ပြောရင် ကျွန်တော့်ကို ရူးတယ်လို့ မထင်ကြပါနဲ့။ အဲသည်လို တွေးမိအောင် ရေးခဲ့တဲ့ စာရေးဆရာကိုသာ ရူးတယ်လို့ ထင်ချင်ထင်ကြပါခင်ဗျ။ ဘာလို့လဲဆိုတော့ ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ စာတစ်ပုဒ်ထဲမှာ အခုကျွန်တော်တို့ လေ့လာလိုက်စား ကျောင်းတွေတက် ဘွဲ့တွေယူနေကြတဲ့ ပညာရေးရဲ့ အစက ၁၂ ၊ ၁၃ ရာစုလောက်က ကိန်းဘရစ်နဲ့ အောက်စဖို့ တက္ကသိုလ်တွေက စခဲ့တယ်လို့ ရေးထားတာကိုး။ အဲသည်ခေတ်က တက္ကသိုလ် ဆရာတွေ ဆိုတာကလည်း ခရစ်ယန်ဘုန်းတော်ကြီးတွေပဲ များတော့ ကျောင်းဆင်းလို့ ဘွဲ့ယူကြပြီဆိုရင် အဲလို ၀တ်ရုံကြီးတွေ ၀တ်ရတာပါပဲတဲ့။ ခရစ်ယန်ဘုရားရှိခိုးကျောင်းတွေမှာ ဓမ္မတေးတွေ သံပြိုင်သီဆိုကြတဲ့ အသင်းအဖွဲ့တွေလည်း မြန်မာပြည်မှာတောင် ဒီလိုဝတ်ကြတာကလား။ သူက ဆက်ပြောတာက အခု ခေတ်ပညာရေးဟာ အနောက်နိုင်ငံတွေက စခဲ့လို့သာရယ်တဲ့။ တကယ်လို့များ ဗုဒ္ဓဘာသာ ထွန်းကားရာ တို့လို နိုင်ငံမျိုးကသာ စခဲ့မယ်ဆိုရင်တဲ့ အခု ဘွဲ့တွေဘာတွေ ယူကြတဲ့အခါ အပေါ်ဆုံးမှာ ရေးခဲ့သလို ဒေါက်ချာကြီးတွေဆောင်း သစ်ခေါက်ဆိုးရောင် ၀တ်ရုံကြီးတွေ သင်္ကန်းလိုခြုံပြီး ယူချင်ယူနေကြမှာတဲ့။ အဲဒါကို ဖတ်ဖူးပြီးကတည်းက ဘွဲ့ဝတ်စုံတွေ မြင်တဲ့ အပေါ်မှာ ပြောခဲ့သလိုကို ပြေးပြေးမြင်နေတော့တာ . . .
.
. . . ခရစ်ယန်ဘုရားကျောင်းတွေက ဘုန်းတော်ကြီးတွေ ရဲ့ ၀တ်ရုံမျိုးတွေ ခြုံပြီး ဘွဲ့တွေတွေတော့ ယူခဲ့ပါရဲ့။ ဘွဲ့သုံးခုရပြီးတဲ့ အချိန်ကျမှဘဲ ကိုယ်ဝတ်ခဲ့တဲ့ ဘွဲ့ဝတ်ရုံ ပုံစံ မမှန်ပါလားဆိုတာ သိလိုက်ရတာ။ ဟုတ်တယ်လေ ဘွဲ့ယူတယ်ဆိုတာလည်း မိန်းမယူသလိုပဲ အတွေ့အကြုံက တစ်ခါက နှစ်ခါရဖို့ သိပ်မှ အခြေအနေ မပေးတာကိုး။ မိန်းမယူမယ်ဆိုရင်သာ စီနီယာတွေက အိမ်ထောင်ရေးဆိုင်ရာ နည်းလမ်းအသွယ်သွယ်တွေကို မေးမေး မမေးမေး အတင်းကာရော ပြောဆိုပို့ချကြပေမယ့် ဘွဲ့ဆိုတဲ့အမျိုးက ကိုယ်ဘွဲ့ရတဲ့အချိန်မှာ ရှေ့က စီနီယာတွေက ဘွဲ့ယူတဲ့နေရာမှာ မရှိတော့တာရယ်၊ နောက်ပြီး ကိုယ်ဘွဲ့ယူခဲ့တဲ့ ကျောင်းတွေကလည်း ဘွဲ့ဝတ်စုံဘယ်လို ရုံရမယ်ဆိုတာကို စည်းမျဉ်းစည်းကမ်း နည်းလမ်းတွေရယ်လို့ တိတိပပ ထုတ်ထားတာ မတွေ့ခဲ့တာရယ်ကြောင့် ကိုယ်ဘွဲ့ယူမယ်ဆိုတဲ့ အခါကျတော့ ၀တ်ရုံကို စိတ်ကူးတည့်သလို ခြုံလိုက်တော့တာကိုး။ အင်း ပြောသာ ပြောရတာရယ်ပါ၊ ဘွဲ့ဝတ်ရုံစည်းမျဉ်းနည်းလမ်းတွေက သက်ဆိုင်ရာ ကျောင်းတွေက ထုတ်ပြန်ထားချင်ထားမှာပါ။ ကိုယ်တွေသာ မသိရှိခဲ့တာ ဖြစ်ချင်ဖြစ်မှာ . . .
.
. . . ကိုယ်က မနှစ်က ကျောင်းဆင်းပြီးပေမယ့် စာတွေ မကျေခဲ့လို့ ဒီစာတွေကို အတိုးနဲ့ ပြန်ဆပ်ဖို့ ကျောင်းကို ရောက်နေတဲ့ သခိုက်မှာ ဒီနှစ် ကျောင်းဆင်းမယ့်သူတွေ ဘွဲ့ဝတ်ရုံခြုံတော့မှ ကိုယ့်တုန်းက မှားခဲ့တာ သိရပါပကောလား။ ဒါပေသိ တော်သေးတယ် ပြောရမယ်။ နောင်နှစ်တွေမှာ ကိုယ့်လို မမှားကြအောင်တော့ သင်ခန်းစာ ပေးနိုင်တာလည်း အမှားထဲက အမြတ်ပေါ့လေ။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ ရန်ကုန်မှာပဲဖြစ်ဖြစ် မန္တလေးမှာပဲဖြစ်ဖြစ် ဘွဲ့ဝတ်ရုံခြုံတဲ့အခါ (အထူးသဖြင့် ဓာတ်ပုံဆိုင်တွေမှာ သေချာပြင်ဆင်ပြီး ဓာတ်ပုံရိုက်ကြတဲ့အခါ) ကျွန်တော် အခုပြောနေတဲ့ မှားနေပါတယ်ဆိုတဲ့ နည်းနဲ့ပဲ ခြုံပေးနေကြသလားလို့ပါ။ သူတို့လည်း မသိလို့လား ဘာလား ကိုယ်လည်း မပြောတတ် . . .
.
. . . ဒီလိုတော့လည်း အထွန့်တက်လို့ ရသပေါ့လေ။ ဟ ကောင်ရ၊ ဘွဲ့ဝတ်စုံပဲ သူတို့ ဘယ်လိုဝတ်ဝတ် ငါတို့နိုင်ငံမှာ ငါတို့ ကြိုက်တဲ့နည်းနဲ့ ၀တ်မှာပေါ့ဟ၊ ပြောချင်ပြောကြမှာပေါ့။ ပြောကြပါခင်ဗျာ။ အဲလို ပြောမယ့်သူတွေအတွက် ဒီစာက မရည်ရွယ်ပါဘူး။ အဲ သူတို့ ဘယ်လိုဝတ်သလဲ စိတ်များဝင်စားရင်တော့လည်း ဒီနေရာလေးမှာ ၀င်ကြည့်လိုက်ကြပါလို့ . . .
.
https://www.youtube.com/watch?v=eqgMMrRnMOE
.
ဗိုလ်ကောင်း
၂၄ ဇွန် ၂၀၁၇
Saturday, 17 June 2017
Happy Birthday Party
စာမေးပွဲက ကပ်နေ
နေလည်းသိပ်မကောင်းချင်ဖြစ်နေပေမယ့်
ညီအစ်ကိုမောင်နှမတွေနဲ့
ပူးပေါင်းဆင်နွှဲ့ခဲ့တဲ့
မွေးနေ့ပွဲလေး
Tuesday, 16 May 2017
ပတ်ဗလစ်ဂုစ် ဖရီးရိုက်ဒါ ပရော်ဘလမ် အင်န် အေစကျူးပစ် အင်တီတီ အင်သည် ပီအိတ်ခ်ျဒီ စတာဒီရွန်း
Political Economy ထဲက Neoclassical political economy မှာ Perfect markect ဖြစ်ရင်တောင် Market failure ဖြစ်နိုင်တဲ့ အချက်တွေကို ထောက်ပြထားတာရှိတယ်။ တစ်ခုက Public Goods ပေါ့။ တစ်ယောက်ယောက်က အဲသည်အတွက် ရင်းနှီးမြှပ်နှံလိုက်ပေမယ့် သူတစ်ယောက်တည်း အကျိုးအမြတ်ကို ခံစားရတာ မဟုတ်ဘဲ အခြား Free rider တွေပါ ခံစားရတဲ့ ကိစ္စမျိုး။ အဲသည်တော့ တကယ်လိုနေရင်တောင် ဘယ်သူကမှ မ မတည်ချင်ကြဘူး။ ဘာလို့လဲဆိုတော့ သူက အရင်းအနှီး စိုက်ထုတ် မတည်လိုက်လည်း သူတစ်ယောက်တည်းပိုင်အဖြစ် Ownership လုပ်ထားလို့ မရသလို အခြားသူတွေကလည်း သူမတည်ထားတဲ့ အကျိုးအမြတ်ကို သူ့လိုပဲ ခံစားကြတော့မှာကိုး။ အကျိုးဆက်က ဒီလိုကိစ္စမျိုးကို ဘယ်သူ့ဘယ်သူကမှ အရင်းအမြစ်တွေ စိုက်ထုတ်ပြီး ရင်းနှီးမြှပ်နှံမတည်ခြင်း မပြုလိုကြဘူး။ သူများလုပ်ရင်သာ ငါလည်း အကျိုးအမြတ်ခံစားလိုက်မယ်ဆိုပြီး စောင့်နေကြတဲ့သဘောရှိတော့ ဒီနေရာမှာ နိုင်ငံတော်ရဲ့ အခန်းကဏ္ဍက ပါကို ပါလာရတယ်။ နိုင်ငံတော်ကနေ ရင်းနှီးမြှပ်နှံပြီး အကျိုးအမြတ်ခံစားခွင့်ရှိတဲ့သူတွေဆီက ပြန်ပြီး အခွန်ကောက်တယ်ဆိုတဲ့ သဘောတရားမျိုးပေါ့။
Once produced, they enter the public realm. Indeed, one definition of a public good is a good that, once produced for any member of a group, automatically is available for any other member of that group bla bla bla . . .
(စာဖတ်ခန်းထဲမှာ အင်တာနက်က ပြတ်တလှည့် ငတ်တလှည့် ဖြစ်နေတာကြာပြီ၊ နက်ဝပ်တာဝန်ရှိသူကိုလည်း အကြောင်းကြားရတာ များပြီ၊ သူတို့ စစ်တဲ့အချိန်ကျတော့ ကောင်းနေသတဲ့၊ ခုလို ညကြီးသန်းခေါင် အင်တာနက်ပြတ်တောက်ပြတ်တောက်ဖြစ်နေလို့ စိတ်အနှောင့်အယှက်ဖြစ်ရတာလည်း များပြီ၊ ဖြစ်သမျှအကြောင်း ဒိုင်ခံ ကွန်ပလိန်းတက်လွန်းအားကြီးလို့ ကိုယ်တစ်ယောက်တည်း လူမိုက်ကြီးဖြစ်ရပေါင်းလည်း များပြီ၊ စာဖတ်စားပွဲကို ကေဘယ်ကြိုးဆင်ပေးပါဆိုတာလည်း အရေးမလုပ်ကြဘူး၊ အဲဒါ Theories of Political Economy စာအုပ်ဖတ်နေရင်း တွေးမိလို့)
.
၁၆ မေ ၂၀၁၇
၀၁၂၅ နာရီ
Friday, 5 May 2017
224th Day
The very first beautiful Tulips we have ever planted in IUJ. These were sawen on the Autumnal Equinox Day of 2016 (Thursday, September 22) in the backyard of the professors' residence. They were sleeping for about seven month under the heavy snow, and bloom in the colorful spring.
Welcome to the isolated university in the jungle . . .
Monday, 1 May 2017
သုံးခါတောင် ရှိသွားပါပကော
သုံးခါ
သုံးခါတောင် ရှိသွားပါပကော
.
. . . ၀ါသွားလိုက်၊ ကြွေကျပြီး အရိုးပြိုင်းပြိုင်းဖြစ်ကျန်ခဲ့တဲ့အချိန်မှာ ထုံးအိုးကြီး မှောက်ကျသလို မြင်မြင်ကရာ ဖွေးဖွေးဖြစ်ကျန်ခဲ့လိုက်၊ တစ်ခါ ပန်းတွေရောင်စုံပွင့်ပြီး မကြာခင်မှာပဲ စိမ်းစိမ်းမြမြ ဖြစ်လာလိုက်။ မနေ့တစ်နေ့ကမှ ဝေေ၀ဆာဆာ လှနေသေးသော ချယ်ရီပန်းတွေလည်း အပွင့်တွေကုန်လို့ အရွက်စိမ်းတွေတောင် ဝေနေချေပြီ . . .
.
. . . အနတ္တသဘောအရ ကိုယ်ကိုယ်ကို အစိုးမရတဲ့အခါ ငယ်ငယ်က ပိန်လညောင်လေး ပြည့်ပြည့်ဖြိုးဖြိုးဖြစ်ချင်တာတောင် မဖြစ်ခဲ့တာ အခုကျပြန်တော့ ပြည့်ပြည့်ဖြိုးဖြိုးကြီးမဖြစ်အောင် တားဆီးဟန့်တားနေတဲ့ကြားက တဖြည်းဖြည်းဆိုသလို . . .
.
. . . ပထမဆုံး တက်ခဲ့တဲ့ တက္ကသိုလ်မှာ သုံးနှစ်တိတိ ကြာခဲ့သည်၊ အခုကျမှ ပြန်လွမ်းရပေမယ့် ဟိုစဉ်တုန်းကတော့ စိတ်ကူးယဉ်ဖို့တောင် အခွင့်မရခဲ့တဲ့ သုံးနှစ်။ နောက်တက္ကသိုလ်တစ်ခုမှာ သုံးနှစ်တစ်ဖြတ် ဆယ်နှစ်လောက်ကြာတော့ တစ်နှစ်တစ်ဖြတ်၊ စုစုပေါင်း လေးနှစ်တိတိ။ ဒီတက္ကသိုလ်မှာတော့ ငါးနှစ်တောင်ကြာအုံးတော့မယ်ပေါ့။ ဒီနှုန်းအတိုင်းသာဆို နောက်တက္ကသိုလ်တစ်ခုသာ တက်ရဦးမယ်ဆိုရင် ခြောက်နှစ်တောင် တက်ရမလားမသိ။ တော်ပါပြီ တော်ပါပြီလေ၊ အသက်ကြီးမှ လက်ပေးသင်ဆိုသလို ပညာတွေများ သင်လို့ကို မကုန်နိုင်။ ငယ်တဲ့ရွယ်တဲ့သူတွေနဲ့ ရင်ဘောင်တန်း လုပ်နေရတဲ့အခြေအနေမှာ ဟိုးအရင် ဆယ်စုနှစ်တစ်ခုကျော် ရန်ကုန်တက္ကသိုလ်ကျောင်းသားဘ၀ကို လွမ်းမိသည်။ ကိုယ်လည်း တစ်ချိန်တုန်းကတော့ သူတို့လို ငယ်ရွယ်နုပျိုခဲ့တာပဲ၊ ဘယ်သူ့ဘယ်သူအတွက်မှ ပူစရာပင်စရာရယ်လို့ အနှောင်အဖွဲ့မရှိခဲ့ဘဲ တစ်ကြောင်းတည်းသောလမ်းကို လျှောက်ခဲ့နိုင်တာပဲ။ ခုတော့လည်း ဒီလိုမဟုတ်တော့ပြီ၊ အတွယ်အတာ အနှောင်အရစ်တွေနဲ့ ဘ၀ဟာ တစ်ခုခုကို စိုက်လိုက်မတ်တပ် အာရုံစိုက်ဖို့ အခြေအနေက နည်းလာခဲ့ပြီ။
.
. . . စနစ်တကျ အကွက်ချ စီမံဖန်တီးထားသော ပြဿနာတွေနှင့် နပမ်းလုံးနေရသည့် စာသင်သားဘ၀ကို မြတ်မြတ်နိုးနိုး ရှိလှသော်လည်း တစ်ခါတစ်ခါမှာတော့ ငါဘာလို့ ဒီအသက်ဒီအရွယ်အထိ ဒီစာတွေ သင်နေရသေးတာပါလိမ့်လို့ အတွေးပွားမိသည်။ တစ်ခါတစ်ခါ မဖတ်လို့လည်းမဖြစ် ဖတ်တော့လည်း နားမလည်သည့် စာတွေနဲ့ ရင်ဆိုင်ရတိုင်း ဒီစာတွေ မတတ်တော့ရော ဘာဖြစ်သေးလဲကွာဟု ရင်ထဲမှာ ငုပ်လျှိုးနေတဲ့ ဂျစ်ကန်ကန်စိတ်က ခေါင်းထောင်ထောင်လာတတ်ပြန်သည်။ သို့သော် ခဏသာ။ မဟုတ်သေးပါဘူးလေ။ ဖတ်ရမယ် ဖတ်ရမယ် မင်း ဖတ်ရမယ်။ ဒါ မင်းရွေးချယ်ခဲ့တဲ့ လမ်းပဲလေဟု ကိုယ့်တရားကိုယ်စီရင်ပြီး စာတွေ ဆက်ဖတ်နေရပြန်သည်။
.
. . . တစ်ခါတစ်ခါကျပြန်တော့လည်း လူက စာကြည့်စားပွဲ ထိုင်နေပေမင့် စိတ်တွေက လူကိုခွာပြီး သွားချင်ရာသွားနေတတ်သည်။ လေလွင့်နေသည့် စိတ်က တစ်ခါတစ်ခါ လူနားပြန်ရောက်လာသော်လည်း လူထဲကို ပြန်မကပ်သေးဘဲ လူကို လှည့်ပတ်အကဲခတ်နေတတ်ပြန်သေးသည်။ မင်း ဘာထိုင်လုပ်နေတာလဲ။ တစ်နေ့တစ်နေ့ လူနားမလည်တဲ့ စာတွေဖတ်မယ်။ ဓာတ်ပုံတွေ လျှောက်ရိုက်မယ်၊ လူမဖတ်ချင်တဲ့စာတွေ ရေးမယ်၊ ဖေ့ဘုတ်ပေါ်တင်မယ်၊ ချီးကျူးရင် အကောင်းပြောခံရရင်ပျော်မယ်၊ စကားတင်းအဆိုခံရရင် ဒေါသထွက်မယ်၊ အခွင့်ရတဲ့အခါ အပေါင်းအသင်းတွေနဲ့ ပျော်မယ်ပါးမယ်၊ ရယ်မောမယ်၊ တစ်ခါတစ်ခါလည်း ရန်ဖြစ်ကြမယ် ပြီးရင်လည်း ပြန်ချစ်ကြမယ်၊ မြန်မာပြည်က ပန်းပွင့်လေးတို့ သားအမိကို ဖုံးဆက်မယ်၊ နေကောင်းလား ဘာစားလဲ ဘယ်သွားလဲ မေးမယ်၊ စိတ်ကူးပေါက်တဲ့အခါလည်း တောင်စဉ်ရေမရတွေပြောပြီး ရယ်ကြမောကြမယ်။ တစ်ခါတစ်လေလည်း အမေ့ဆီဖုန်းဆက်မယ်၊ အမေပြောတာတွေကို နားထောင်မယ် အလိုက်အထိုက် ပြန်ပြောမယ်၊ ရွာကအကြောင်းတွေ အမေ့ကို မေးမယ်၊ ဒီလိုနဲ့ပဲ မနက်နေကြီးမြင့်မှ အိပ်ယာထ၊ ချက်ပြုတ်စား၊ ချက်ရမှာ ပျင်းရင် သူများတွေဆီကပ်စား၊ ဆိုင်မှာသွားစား၊ အပြင်သွားစားတဲ့အခါလည်း စားကြ၊ ပြီးတော့ စာကြည့်စားပွဲကိုလာ၊ ဒီတစ်ပတ်ဘယ်ဟာပြီးအောင် ဖတ်ရမှာလည်းကြည့်၊ နားလည်လည် မလည်လည် အချိန်ဇယားချထားတဲ့အတိုင်း ပြီးအောင်ဖတ်၊ မပြီးတော့လည်း ကျော်ခွဖတ်၊ ညနေ နေလေးချိုရင် စားကောင်းသောက်ကောင်း ကျောင်းတစ်ပတ်လောက် ပတ်ပြေး၊ ပြန်ရောက်တော့ ညစာစားပြီး စာကြည့်စားပွဲမှာ တစ်ခါထိုင်။ ပြီးတော့ အခန်းပြန်အိပ်။ ဒီလိုနဲ့ပဲ တစ်ရက်ပြီးတစ်ရက် ကုန်ရပြန်သည်။ ဘာတွေ အလုပ်ဖြစ်ခဲ့လဲဆိုတော့လည်း မယ်မယ်ရရ ပြစရာက ဘာပါလိမ့်၊ ဖတ်ပြီးခဲ့တဲ့ စာမျက်နာ အရေအတွက်လား၊ ခေါင်းထဲကျန်ခဲ့တဲ့ စာတွေလား၊ အဲဒါကိုရော ဘယ်လိုများ တိုင်းတာလို့ရမှာပါလိမ့်၊ ဒါမှမဟုတ် ပြေးလိုက်တုန်းက လောင်ကျွမ်းသွားတဲ့ ကယ်လိုရီတွေလား၊ ရိုက်ခဲ့မိတဲ့ ဓာတ်ပုံတွေလား . . .
.
. . . ကြိုက်သော်ရှိ ပျော်သော်ရှိ လောလောဆယ်တော့ ဘ၀က ဒီလိုပဲ ဖြတ်သန်းနေရအုံးမည်။ အသက်တွေ တစ်ရက်ပြီးတစ်ရက် ကြီးလာမည်၊ မျက်နာပေါ်က အရေးအကြောင်းတွေ တစ်ရစ်ပြီးတစ်ရစ် ထင်လာမည်၊ မလိုချင်ပါဘူးဆိုတဲ့ အဆီတွေက အရေပြားအောက်မှာ ပုန်းခိုစုဝေးလာကြမည်၊ နုပျိုလန်းဆန်းတဲ့ တက်ကြွမှုတွေကြားမှာ ခြားနားပေါ်လွင်နေတဲ့ အိုမင်းရင့်ရော်မှုတွေက တိုက်စားနေမည်။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်တုန်းကလို တီတီတာတာ ရည်းစားလေးတစ်ယောက်လောက် အနားမှာ ရှိရင်တော့ ပြန်လည်နုပျိုကောင်း နုပျိုလာမည်ထင်သည်။ ဒီအတွေးစကိုသာ မြန်မာပြည်က ပန်းပွင့်လေးမေမေ ကြားသွားရင်တော့ ဆုတောင်းလေဆုတောင်းဟု မျက်စောင်းလေးခဲပြီးပြောမှာဧကန် . . .
.
၁ မေ ၂၀၁၇
Labels:
IUJ,
နိပွန်ပြည်က နေ့ရက်များ,
ရောက်တတ်ရာရာ
Tuesday, 14 February 2017
ပင်း ကန်း အ
. . . အီကိုနိုမက်ထရစ် ဆိုတဲ့ ဘာသာရပ်ကို စကြားဖူးတာ လွန်ခဲ့တဲ့ ၂၀၁၄ နှစ်ဆန်းပိုင်းလောက်ကမှ။ ဗဟိုဘဏ် ဒုဥက္ကဌ ဦးဆက်အောင် သင်ခန်းစာလာပို့ချတော့ မြန်မာနိုင်ငံရဲ့ ကျပ်ငွေဟာ တန်ဖိုးတက်နေသလား ကျနေသလား ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး အဲသည်မေးခွန်းကို ဖြေဖို့ဆို ဒီအတိုင်းပြောလို့မရကြောင်း၊ အီကိုနိုမက်ထရစ် နည်းလမ်းတွေသုံးပြီး တွက်ချက်ရကြောင်း အင်မတန်ရှုပ်ထွေးပွေလီတဲ့ တွက်ချက်နည်းတွေနဲ့ တွက်ချက်ရကြောင်း စသည်ဖြင့် ဆရာဦးဆက်အောင်က ရှင်းပြလို့ စကြားဖူးခဲ့တာပါ။ သူဟာ ငွေကြေးနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ မဟာဘွဲ့အတွက် ယူကေမှာ ကျောင်းသွားတက်တော့ အီကိုနိုမက်ထရစ် ပထမဆုံး သင်ရတဲ့ နေ့မှာ ကျောင်းကနေ စိတ်ဓာတ်ကျပြီး ပြန်လာခဲ့ရပါသတဲ့။ အခန်းဖော် ယူကေကျောင်းသားကို စာသင်တာ သူဘာမှ နားမလည်ကြောင်း ပြောပြမိတော့ အခန်းဖော် အတန်းဖော် ကျောင်းသားက မင်းမပြောနဲ့ ငါလည်း ဘာမှ နားမလည်ခဲ့ဘူးကွ ဆိုလို့ အားတက်ခဲ့ရကြောင်း၊ ဘာသာရပ်တွေထဲမှာ အီကိုနိုမက်ထရစ်ကို အကြောက်ဆုံးဖြစ်ပြီး အဲသည်ဘာသာအတန်းတိုင်းမှာလည်း အေပလပ်စ်တွေချည်း ရခဲ့ကြောင်း ညည်းကြွားလေး ကြွားပြပါသေးတယ်။
.
. . . ဆယ်တန်းတုန်းက ဆိုင်းကိုဆိုင်း မနီမနီထထ ပုစ္ဆာဆယ်ပုဒ်ကိုတောင် ဆယ်မှတ်ဖိုးပါမှာ သိသိကြီးနဲ့ ဘယ်လိုမှ လိုက်မမီလို့ (တစ်ချို့တွေလို ကျက်ပြီးလည်း မဖြေချင်လို့) လွှတ်ခဲ့ရတဲ့ ရာဇ၀င်ရှိခဲ့ဖူးတော့ ကိုယ့်ကိုယ်ကို သင်္ချာညံ့တယ်လို့ပဲ မှတ်ထားမိတဲ့ သူတစ်ယောက်အနေနဲ့ ဆရာဦးဆက်အောင်ပြောတဲ့ အီကိုနိုမက်ထရစ်ဆိုသဟာ အင်မတန်ခက်တဲ့ သင်္ချာဘာသာရပ်ပဲ၊ ငါနဲ့ မဆိုင်ပါဘူးလေလို့ အောက်မေ့မိခဲ့ပါတယ်။ ဒါပေမယ့် ဘာကြောင့်ရယ်မသိ အဲသည်ဘာသာကို စိတ်ထဲကနေ တိတ်တခိုးလေး စွဲလန်းနေမိခဲ့သလို ကိုယ်နဲ့ မဆိုင်ပေမယ့် ဘယ်တော့မှလည်း မမေ့နိုင်ခဲ့ဘူး. . .
.
. . . ဒီကျောင်းရောက်တော့ ကိုယ်ယူတဲ့ အိုင်အာမှာ အီကိုနိုမက်ထရစ်လို ဘာသာရပ်လည်း မပါတော့ ဘာသိဘာသာပါပဲ။ အိုင်အာနဲ့လည်း ဆိုင်လှတယ်ရယ်လို့ မအောက်မေ့မိခဲ့ဘူး။ ကျောင်းက စီးပွားရေးဘာသာရပ်ဆိုင်ရာတွေမှာ အဲသည်ဘာသာရပ် ပါတယ်ဆိုတာ ကြားမိပေမယ့် ကိုယ်နဲ့လည်း ဆိုင်တဲ့ အတန်းမှ မဟုတ်ပေပဲကို။ ဒီလိုနဲ့ပဲ ကျောင်းပြီးလာခဲ့တယ်။
.
. . . အရင် နှစ်နှစ်တက်တာ စာမကျေခဲ့လို့ နောက်ထပ် ထပ်တက်ရအုံးမယ်ဆိုလို့ ကျောင်းကို တစ်ခေါက် ပြန်ရောက်လာတော့ သူငယ်ချင်းတစ်ယောက်က အီကိုနိုမက်ထရစ်အတန်းတက်ဖို့ မြှောက်ပေးပါတယ်။ ကျွန်တော့် သုတေသနအတွက် အသုံးဝင်နိုင်တယ်ပေါ့လေ သူပြောတာက။ သူငယ်ချင်းအပြောကောင်းတာနဲ့ ကိုယ်လည်း မသင်ဖူးသေးတဲ့ဘာသာ လေ့လာမယ်ဆိုပြီး အီကိုနိုမက်ထရစ်အတန်းကို တက်ခဲ့တယ်။ တကယ်ဆို ဆောင်းနှင်းဝေတန်းမှာ သင်တဲ့ အဲသည်အတန်းကို တက်ဖို့ဆိုရင် ပြီးခဲ့တဲ့ ဆောင်းဦးရွက်ကြွေတန်းတုန်းက စတယ်တက်စတစ်လို့ခေါ်တဲ့ ပါးစပ်က အသံထွက်ကြည့်ရင် အင်မတန်း လျှာလိပ်စရာကောင်းတဲ့ ဘာသာရပ်ကို တက်ခဲ့ပြီး ဖြစ်ရမှာလေ။ ကိုယ်တွေက အခုမှ အီကိုနိုမက်ထရစ်ကို စတက်တော့ ကုလားကား ကြားထဲက ဖြတ်ကြည့်ရသလိုပ။
.
. . . ဆောင်းနှင်းဝေတန်း စပြီဆိုတာနဲ့ အီကိုနိုမက်ထရစ်သင်တဲ့ ဆရာတာကာဟရှိ ကို သွားတွေ့ပြီး ဒီအတန်းကို ခရက်ဒစ်မယူ စာမေးပွဲ မဖြေဘဲ တက်ချင်တဲ့အကြောင်း သွားပြောတော့ သူက ၀မ်းမြောက်ဝမ်းသာခွင့်ပြုပါတယ်။ စာမေးပွဲ ဖြေစရာမလိုတဲ့ ကျောင်းသားတစ်ယောက်ရဲ့ လွတ်လပ်တဲ့ သင်ယူခြင်းအရသာကို ဒီဘာသာသင်တော့မှ စခံစားဖူးတယ်ပြောရမလား။ အဲသည်လို အရသာမျိုး ခံစားရတာနဲ့ တစ်ပြိုင်နက်တည်းမှာပဲ ကိုယ်နားလည်တဲ့ သဘောတရားတွေကို ကိုယ်နားမလည်တဲ့ သင်္ကေတတွေသုံးပြီး ရှင်းပြတာကို ထိုင်နားထောင်နေရတာ တစ်ခါတစ်ခါလည်း နည်းနည်းတော့ ကျွဲမြီးတိုမိချင်သား . . .
.
. . . တကယ်တော့ မျက်မမြင်ပုဏ္ဏား ဆင်စမ်းသလို စမ်းမိစမ်းရာစမ်းပြီး ထင်ရာမြင်ရာ ရမ်းသမ်းပြောရရင်ဖြင့် အခု ငါးပတ်မြောက်အထိ ကျွန်တော် နားလည်တဲ့ အီကိုနိုမက်ထရစ်ဆိုသဟာ အကြောင်းနဲ့အကျိုးကို တိကျတဲ့ ကိန်းဂဏန်းတွေသုံးပြီး ဖော်ထုတ်ဖို့ ကြိုးစားတဲ့ ဘာသာရပ်ပါပဲ။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က မိုက်ကရိုဆော့ အိပ်ဇဲကို သင်ထားဖူးတဲ့ အခြေခံလေးရယ်၊ ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသားဘ၀ သက္ကရာဇ်နှစ်ထောင်ပြည့်လွန်နှစ်များဆီက ခေတ်စားခဲ့တဲ့ စီဒဗယ်ပလပ် နဲ့ ဂျာဗား ပရိုဂရန်းမင်း လော့ဂျစ်အခြေခံလေးတွေရယ်ကြောင့် ဆရာသင်ပေးနေတဲ့ ယုတ္တိယုတ္တာ စဉ်းစားနည်း တွက်ချက်နည်းတွေ သုံးသပ်နည်းတွေကို တော်တော်များများ နားလည်နိုင်ပေမယ့် ကိုယ်နားလည်နေတဲ့ သဘောတရားတွေကို ကိုယ်နဲ့ အင်မတန်မှ တစိမ်းပြင်ပြင်ဆန်လှတဲ့ သင်္ချာသင်္ကေတတွေသုံးပြီး ရှင်းပြတာကိုတော့ တော်တော်ကိုကြိုးစားပြီး လျစ်လျှူရှုနေရပါတယ်။ အဲသည်သင်္ချာသင်္ကေတတွေကို နားလည်ဖို့ လိုက်ကြိုးစားရင် ဆရာပြောပြနေတဲ့ အခြေခံနဲ့ အဓိကကျတဲ့ ယုတ္တိယုတ္တာတွေက လွတ်လွတ်သွားတတ်တာကြောင့်ရယ်ပါ။
.
. . . စာသင်ခန်းထဲမှာ ကိုယ်နားမလည်တဲ့ သင်္ကေတတွေ ညီမျှခြင်းတွေနဲ့ ရှင်းပြတာ ခံရတိုင်း ငယ်ငယ်က လူကြီးတွေ ဆုံးမခဲ့ဖူးတာကိုပဲ ခဏခဏ ပြန်ကြားယောင်နေမိတယ်။ ဘာတဲ့ . . . သူပြောတာကို နားမလည်ရင် အပင်း၊ သူရေးတာကို မဖတ်နိုင်ရင် အကန်း၊ ကိုယ်နားလည်တာကို ပြန်မပြောနိုင်ရင် အအ . . .
.
. . . ကိုယ်တွေလည်း အသက်လေးဆယ်နားနီးခါမှ ပင်းလိုက် ကန်းလိုက် အ လိုက် ဆိုသလို . . .
.
၂၀၁၇ ဖေဖေါ်ဝါရီ ၁၄
Subscribe to:
Posts (Atom)