Monday 1 May 2017

သုံးခါတောင် ရှိသွားပါပကော



သုံးခါ
သုံးခါတောင် ရှိသွားပါပကော
.
. . . ၀ါသွားလိုက်၊ ကြွေကျပြီး အရိုးပြိုင်းပြိုင်းဖြစ်ကျန်ခဲ့တဲ့အချိန်မှာ ထုံးအိုးကြီး မှောက်ကျသလို မြင်မြင်ကရာ ဖွေးဖွေးဖြစ်ကျန်ခဲ့လိုက်၊ တစ်ခါ ပန်းတွေရောင်စုံပွင့်ပြီး မကြာခင်မှာပဲ စိမ်းစိမ်းမြမြ ဖြစ်လာလိုက်။ မနေ့တစ်နေ့ကမှ ဝေေ၀ဆာဆာ လှနေသေးသော ချယ်ရီပန်းတွေလည်း အပွင့်တွေကုန်လို့ အရွက်စိမ်းတွေတောင် ဝေနေချေပြီ . . .
.
. . . အနတ္တသဘောအရ ကိုယ်ကိုယ်ကို အစိုးမရတဲ့အခါ ငယ်ငယ်က ပိန်လညောင်လေး ပြည့်ပြည့်ဖြိုးဖြိုးဖြစ်ချင်တာတောင် မဖြစ်ခဲ့တာ အခုကျပြန်တော့ ပြည့်ပြည့်ဖြိုးဖြိုးကြီးမဖြစ်အောင် တားဆီးဟန့်တားနေတဲ့ကြားက တဖြည်းဖြည်းဆိုသလို . . .
.
. . . ပထမဆုံး တက်ခဲ့တဲ့ တက္ကသိုလ်မှာ သုံးနှစ်တိတိ ကြာခဲ့သည်၊ အခုကျမှ ပြန်လွမ်းရပေမယ့် ဟိုစဉ်တုန်းကတော့ စိတ်ကူးယဉ်ဖို့တောင် အခွင့်မရခဲ့တဲ့ သုံးနှစ်။ နောက်တက္ကသိုလ်တစ်ခုမှာ သုံးနှစ်တစ်ဖြတ် ဆယ်နှစ်လောက်ကြာတော့ တစ်နှစ်တစ်ဖြတ်၊ စုစုပေါင်း လေးနှစ်တိတိ။ ဒီတက္ကသိုလ်မှာတော့ ငါးနှစ်တောင်ကြာအုံးတော့မယ်ပေါ့။ ဒီနှုန်းအတိုင်းသာဆို နောက်တက္ကသိုလ်တစ်ခုသာ တက်ရဦးမယ်ဆိုရင် ခြောက်နှစ်တောင် တက်ရမလားမသိ။ တော်ပါပြီ တော်ပါပြီလေ၊ အသက်ကြီးမှ လက်ပေးသင်ဆိုသလို ပညာတွေများ သင်လို့ကို မကုန်နိုင်။ ငယ်တဲ့ရွယ်တဲ့သူတွေနဲ့ ရင်ဘောင်တန်း လုပ်နေရတဲ့အခြေအနေမှာ ဟိုးအရင် ဆယ်စုနှစ်တစ်ခုကျော် ရန်ကုန်တက္ကသိုလ်ကျောင်းသားဘ၀ကို လွမ်းမိသည်။ ကိုယ်လည်း တစ်ချိန်တုန်းကတော့ သူတို့လို ငယ်ရွယ်နုပျိုခဲ့တာပဲ၊ ဘယ်သူ့ဘယ်သူအတွက်မှ ပူစရာပင်စရာရယ်လို့ အနှောင်အဖွဲ့မရှိခဲ့ဘဲ တစ်ကြောင်းတည်းသောလမ်းကို လျှောက်ခဲ့နိုင်တာပဲ။ ခုတော့လည်း ဒီလိုမဟုတ်တော့ပြီ၊ အတွယ်အတာ အနှောင်အရစ်တွေနဲ့ ဘ၀ဟာ တစ်ခုခုကို စိုက်လိုက်မတ်တပ် အာရုံစိုက်ဖို့ အခြေအနေက နည်းလာခဲ့ပြီ။
.
. . . စနစ်တကျ အကွက်ချ စီမံဖန်တီးထားသော ပြဿနာတွေနှင့် နပမ်းလုံးနေရသည့် စာသင်သားဘ၀ကို မြတ်မြတ်နိုးနိုး ရှိလှသော်လည်း တစ်ခါတစ်ခါမှာတော့ ငါဘာလို့ ဒီအသက်ဒီအရွယ်အထိ ဒီစာတွေ သင်နေရသေးတာပါလိမ့်လို့ အတွေးပွားမိသည်။ တစ်ခါတစ်ခါ မဖတ်လို့လည်းမဖြစ် ဖတ်တော့လည်း နားမလည်သည့် စာတွေနဲ့ ရင်ဆိုင်ရတိုင်း ဒီစာတွေ မတတ်တော့ရော ဘာဖြစ်သေးလဲကွာဟု ရင်ထဲမှာ ငုပ်လျှိုးနေတဲ့ ဂျစ်ကန်ကန်စိတ်က ခေါင်းထောင်ထောင်လာတတ်ပြန်သည်။ သို့သော် ခဏသာ။ မဟုတ်သေးပါဘူးလေ။ ဖတ်ရမယ် ဖတ်ရမယ် မင်း ဖတ်ရမယ်။ ဒါ မင်းရွေးချယ်ခဲ့တဲ့ လမ်းပဲလေဟု ကိုယ့်တရားကိုယ်စီရင်ပြီး စာတွေ ဆက်ဖတ်နေရပြန်သည်။
.
. . . တစ်ခါတစ်ခါကျပြန်တော့လည်း လူက စာကြည့်စားပွဲ ထိုင်နေပေမင့် စိတ်တွေက လူကိုခွာပြီး သွားချင်ရာသွားနေတတ်သည်။ လေလွင့်နေသည့် စိတ်က တစ်ခါတစ်ခါ လူနားပြန်ရောက်လာသော်လည်း လူထဲကို ပြန်မကပ်သေးဘဲ လူကို လှည့်ပတ်အကဲခတ်နေတတ်ပြန်သေးသည်။ မင်း ဘာထိုင်လုပ်နေတာလဲ။ တစ်နေ့တစ်နေ့ လူနားမလည်တဲ့ စာတွေဖတ်မယ်။ ဓာတ်ပုံတွေ လျှောက်ရိုက်မယ်၊ လူမဖတ်ချင်တဲ့စာတွေ ရေးမယ်၊ ဖေ့ဘုတ်ပေါ်တင်မယ်၊ ချီးကျူးရင် အကောင်းပြောခံရရင်ပျော်မယ်၊ စကားတင်းအဆိုခံရရင် ဒေါသထွက်မယ်၊ အခွင့်ရတဲ့အခါ အပေါင်းအသင်းတွေနဲ့ ပျော်မယ်ပါးမယ်၊ ရယ်မောမယ်၊ တစ်ခါတစ်ခါလည်း ရန်ဖြစ်ကြမယ် ပြီးရင်လည်း ပြန်ချစ်ကြမယ်၊ မြန်မာပြည်က ပန်းပွင့်လေးတို့ သားအမိကို ဖုံးဆက်မယ်၊ နေကောင်းလား ဘာစားလဲ ဘယ်သွားလဲ မေးမယ်၊ စိတ်ကူးပေါက်တဲ့အခါလည်း တောင်စဉ်ရေမရတွေပြောပြီး ရယ်ကြမောကြမယ်။ တစ်ခါတစ်လေလည်း အမေ့ဆီဖုန်းဆက်မယ်၊ အမေပြောတာတွေကို နားထောင်မယ် အလိုက်အထိုက် ပြန်ပြောမယ်၊ ရွာကအကြောင်းတွေ အမေ့ကို မေးမယ်၊ ဒီလိုနဲ့ပဲ မနက်နေကြီးမြင့်မှ အိပ်ယာထ၊ ချက်ပြုတ်စား၊ ချက်ရမှာ ပျင်းရင် သူများတွေဆီကပ်စား၊ ဆိုင်မှာသွားစား၊ အပြင်သွားစားတဲ့အခါလည်း စားကြ၊ ပြီးတော့ စာကြည့်စားပွဲကိုလာ၊ ဒီတစ်ပတ်ဘယ်ဟာပြီးအောင် ဖတ်ရမှာလည်းကြည့်၊ နားလည်လည် မလည်လည် အချိန်ဇယားချထားတဲ့အတိုင်း ပြီးအောင်ဖတ်၊ မပြီးတော့လည်း ကျော်ခွဖတ်၊ ညနေ နေလေးချိုရင် စားကောင်းသောက်ကောင်း ကျောင်းတစ်ပတ်လောက် ပတ်ပြေး၊ ပြန်ရောက်တော့ ညစာစားပြီး စာကြည့်စားပွဲမှာ တစ်ခါထိုင်။ ပြီးတော့ အခန်းပြန်အိပ်။ ဒီလိုနဲ့ပဲ တစ်ရက်ပြီးတစ်ရက် ကုန်ရပြန်သည်။ ဘာတွေ အလုပ်ဖြစ်ခဲ့လဲဆိုတော့လည်း မယ်မယ်ရရ ပြစရာက ဘာပါလိမ့်၊ ဖတ်ပြီးခဲ့တဲ့ စာမျက်နာ အရေအတွက်လား၊ ခေါင်းထဲကျန်ခဲ့တဲ့ စာတွေလား၊ အဲဒါကိုရော ဘယ်လိုများ တိုင်းတာလို့ရမှာပါလိမ့်၊ ဒါမှမဟုတ် ပြေးလိုက်တုန်းက လောင်ကျွမ်းသွားတဲ့ ကယ်လိုရီတွေလား၊ ရိုက်ခဲ့မိတဲ့ ဓာတ်ပုံတွေလား . . .
.
. . . ကြိုက်သော်ရှိ ပျော်သော်ရှိ လောလောဆယ်တော့ ဘ၀က ဒီလိုပဲ ဖြတ်သန်းနေရအုံးမည်။ အသက်တွေ တစ်ရက်ပြီးတစ်ရက် ကြီးလာမည်၊ မျက်နာပေါ်က အရေးအကြောင်းတွေ တစ်ရစ်ပြီးတစ်ရစ် ထင်လာမည်၊ မလိုချင်ပါဘူးဆိုတဲ့ အဆီတွေက အရေပြားအောက်မှာ ပုန်းခိုစုဝေးလာကြမည်၊ နုပျိုလန်းဆန်းတဲ့ တက်ကြွမှုတွေကြားမှာ ခြားနားပေါ်လွင်နေတဲ့ အိုမင်းရင့်ရော်မှုတွေက တိုက်စားနေမည်။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်တုန်းကလို တီတီတာတာ ရည်းစားလေးတစ်ယောက်လောက် အနားမှာ ရှိရင်တော့ ပြန်လည်နုပျိုကောင်း နုပျိုလာမည်ထင်သည်။ ဒီအတွေးစကိုသာ မြန်မာပြည်က ပန်းပွင့်လေးမေမေ ကြားသွားရင်တော့ ဆုတောင်းလေဆုတောင်းဟု မျက်စောင်းလေးခဲပြီးပြောမှာဧကန် . . .
.
၁ မေ ၂၀၁၇

No comments:

Post a Comment