Thursday 18 May 2017

ကျင့်ဝတ် သြဇာ နဲ့ ဥပဒေ


. . . အခြေခံဥပဒေထဲမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တွေရဲ့ သက်တမ်းနဲ့ ပတ်သက်ပြီး ကန့်သတ်ထားခြင်း မရှိတာကြောင့် ကောက်မရှင်အဖွဲ့ဝင်များရဲ့ သက်တမ်းဟာ အကန့်အသတ်မရှိဖြစ်တယ်လို့ ဆိုလိုသလား၊ အစိုးရတစ်ဆက်ပြောင်းတိုင်း ကော်မရှင်အသစ်တစ်ခု ပြန်လည်ဖွဲ့စည်းဖို့ မလိုအောင်များ အခြေခံဥပဒေက ပြဌာန်းထားခဲ့သလားဆိုတဲ့ မေးခွန်းတွေနဲ့ ပတ်သက်ပြီး ကျွန်တော့်ရဲ့ သုံးသပ်ချက်ကို ၂၀၁၆ ခုနှစ် ဖေဖေါ်ဝါရီလ ၂၄ ရက်ထုတ် The Voice Daily သတင်းစာမှာ ရေးသားခဲ့ပါတယ်။ အဲသည်အချိန်တုန်းက ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်တွေကို ရွေးကောက်ခံသမ္မတလောင်းကနေ အမည်စာရင်းတင်သွင်းပြီး လွှတ်တော်ရဲ့ သဘောတူညီချက် ရယူနေတဲ့အချိန် ဖြစ်ပါတယ်။ ယုတ္တိကျကျ စဉ်းစားကြည့်မယ်ဆိုရင်လည်း နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲများကို စောင့်ကြည့်ထိန်းကျောင်း ကြီးကြပ်ကွပ်ကဲဖို့ တာဝန်ရှိတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များဟာ ပါတီနိုင်ငံရေးနဲ့ လုံးလုံးကင်းရှင်းပြီး နိုင်ငံရေးပါတီတစ်ခုခုရဲ့ သြဇာလွှမ်းမိုးမှု ကင်းရှင်းမှသာလျှင် သူ့ရဲ့ မူလတာဝန်ဝတ္တရားများကို အဂတိတရား အနည်းဆုံးနဲ့ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
.
. . . ပြီးခဲ့တဲ့ ဧပြီလ တစ်ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ တိုက်ဆိုင်ပြီး မဲဆွယ်စည်းရုံးခြင်းမပြုဖို့ ဥပဒေက တားမြစ်ထားတဲ့ အချိန်မှာ အာဏာရပါတီအကြီးအကဲများက ပါတီတံဆိပ်တပ်ပြီး နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ ဆွေးနွေးချက်တစ်ခု ထုတ်လွှင့်သွားတာရယ်၊ အာဏာရပါတီ အစိုးရအဖွဲ့က နိုင်ငံခြားရေးဝန်ကြီးက ပါတီနဲ့ပတ်သက်တဲ့ မဲဆွယ်စည်းရုံးမှုလို့ ယူဆနိုင်စရာရှိတဲ့ စကားများကို နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ ထုတ်လွှင့်သွားတာရယ်နဲ့ ပတ်သက်ပြီး အခြား နိုင်ငံရေးပါတီ ၁၃ ခုက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားတဲ့အခါမှာ အဆိုပါတိုင်ကြားချက်နဲ့ ပတ်သက်ပြီး ကော်မရှင်အနေနဲ့ အရေးယူဆောင်ရွက်ရန် မရှိကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
.
. . . အာဏာရပါတီက စိတ်ကြိုက်ရွေးချယ်ခန့်အပ်ထားတဲ့ အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကော်မရှင်ဟာ ဒီသတင်းထုတ်ပြန်ချက်ကို သဘောရိုးနဲ့ အမှန်တကယ် ယုံကြည်လို့ ထုတ်ပြန်ခဲ့သလား၊ မိမိတို့ကို ရွေးချယ်ခန့်အပ်ထားတဲ့ အာဏာရပါတီရဲ့ သြဇာကို မလွန်ဆန်နိုင်လို့လား ဆိုတာကတော့ ဘုရားမှသာသိနိုင်မယ့် ကိစ္စမျိုးပါ။ သို့သော် ပြဿနာက ဘာလဲဆိုရင် အခုချိန်ဟာ နိုင်ငံတော်တည်ဆောက်ရေးအတွက် အရေးပါတဲ့ အင်စတီကျူးတွေ တည်ဆောက်ပြီး ခိုင်မာအားကောင်းလာအောင် လုပ်ဆောင်နေရချိန် ဖြစ်ပါတယ်။ ကော်မရှင်ရဲ့ ဒီကြေညာချက်ဟာ စီရင်ထုံးတစ်ခုသဖွယ် သဘောသက်ရောက်သွားပြီဆိုရင် နောင်အစိုးရဖွဲ့စည်းခွင့်ရကြတဲ့ အာဏာရ ပါတီများက အစိုးရနေရာကို ရောက်တဲ့အခါ ပါတီများ လိုက်နာစောင့်ထိန်းအပ်တဲ့ ကျင့်ဝတ်တွေကို လျစ်လျှူရှုပြီး ဒီလို အငြင်းပွားစရာ ကိစ္စမျိုးကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်ခွင့် ရကြတော့မှာ ဖြစ်ပါတယ်။ နိုင်ငံပိုင်မီဒီယာများကလည်း အာဏာရပါတီများရဲ့ ၀ါဒဖြန့်ချိရေးဌာနတွေအဖြစ် တစ်ဘက်စောင်းနင်းဖြစ်ကုန်ကြတော့မလားလို့လည်း စဉ်းစားစရာဖြစ်လာပါတယ်။
.
. . . တရားဥပဒေစိုးမိုးရေးကို ကြွေးကြော်ပြီး ရွေးကောက်ပွဲဝင်ခဲ့တဲ့ အာဏာရ ပါတီအနေနဲ့လည်း ဒီလိုအငြင်းပွားဖွယ်ရာ ကိစ္စမျိုးကို လုပ်ဆောင်ခဲ့ခြင်းကြောင့် ကိုယ်တိုင် ကြွေးကြော်ခဲ့တဲ့ တရားဥပဒေစိုးမိုးရေးဆိုတာကို ကိုယ်တိုင်က ဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုသလဲ၊ တရားဥပဒေစိုးမိုးရေးကို အမှန်တကယ်ရော ယုံကြည်မှု ရှိပါရဲ့လားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပါကြောင်း . . .
.
ဗိုလ်ကောင်း
.
၁၈ ရက် မေလ ၂၀၁၇
.
ယခင်ရေးခဲ့သော ဆောင်းပါး
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သက်တမ်းဘယ်လောက်လဲ
Page 14. The Voice Daily, Feb 24, 2016
https://drive.google.com/…/0B--t85AlezzcYU5mUUV0YmZaW…/view…



No comments:

Post a Comment