Wednesday 30 May 2018

အရပ်ကတို့ရေ ဟောသည်မှာ . . .


. . . သမ္မတရုံးကနေ သူ့ကွပ်ကဲမှုအပြည့်ရှိတဲ့၊ အချိန်မရွေး ဖြုတ်ပစ်လိုက်လို့ရတဲ့ ၀န်ကြီးချုပ်တွေနဲ့ ၀န်ကြီးတွေကို အခြေခံဥပဒေကို လိုက်နာဖို့ လူသိရှင်ကြား စာထုတ်တယ်ဆိုတာ နည်းနည်းတော့ ဆန်းသလိုပဲ။ တပ်က နယ်လုံဝန်ကြီးတွေ ဘောင်ကျော်လုပ်နေတယ်ဆိုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အကြောင်းကြားလိုက်ပေါ့။ အမိန့်မနာခံတာ ဘောင်ကျော်တယ်ဆိုတာ တပ်မတော်မှာတော့ တော်တော်ကို ကြီးလေးတဲ့ ပြစ်မှုမို့ ဘယ်တပ်မတော်ခေါင်းဆောင်ကမှ လက်ခံမှာမဟုတ်ဘူး။ အခုက ဘာနဲ့တူလဲဆိုတော့ ကိုယ့်သားသမီးကို နိုင်အောင်မထိန်းသိမ်းတဲ့ ခပ်ညံ့ညံ့မိန်းမကြီးတစ်ယောက်က သူ့သား ငမူးငရူးကို မနိုင်တာနဲ့ အော်ကြီးဟစ်ကျယ် အရပ်ထဲလှည့် တိုင်တည်နေသလိုပဲ။ ဒီလောက်တောင် ပုဒ်ထီးပုဒ်မတွေ ညွှန်းပြီးပြောနေရမှတော့ မထူးတော့ပါဘူး၊ သမ္မတက အဲလို ငမိုက်သားတွေကို အချိန်မရွေးဖြုတ်ပစ်လို့ရတယ်ဆိုတာ ပြဌာန်းထားတဲ့ ပုဒ်မ ၂၆၄ ပါ တစ်ခါတည်း ထည့်ရေးလိုက်ရောပေါ့ . ၀ုတ်ဒေ
.
. . . ဒါမှမဟုတ် အခြေခံဥပဒေအရ နိုင်ငံတော်အကြီးအကဲ အစိုးရအဖွဲ့အကြီးအကဲကို ကျော်၊ ဟိုတစ်ယောက်နဲ့ပေါင်းပြီး သမ္မတကို ဘာထင်တဲ့အပေါက်ချိုးလို့များ စောင်းပါးရိပ်ခြည် မိတ္တူပေးတဲ့အနေနဲ့ ဒီစာကိုထုတ်သလား မဆိုနိုင်ဘူး၊ ဟုတ်တယ်လေ အခြေခံဥပဒေမှာ သမ္မတကိုတာဝန်ခံရမယ်လို့ပဲပါတာ၊ တစ်ခြားသူကို တာဝန်ခံရမယ်လို့မှမပါဘဲ၊ ခုသမ္မတကိုလည်း အရင်တစ်ယောက်လိုပဲ အောက်မေ့ပြီး ကျော်တာခွတာတွေ ရှိချင်ရှိနေမှာ ပြောမရဘူးရယ်
.
. . . မြန်မာလဆန်း ၁၅ ရက်ဆိုတာ လပြည့်နေ့ဆိုတာ သမ္မတရုံးက စာကြမ်းရေးစာစီတဲ့သူတွေရော တာဝန်ခံလက်မှတ်ထိုးတဲ့သူတွေရော သတိထားမိရင်ကောင်းမှာပဲ။ တစ်ခါလည်းမဟုတ် နှစ်ခါရှိနေပြီ၊ အရင်တစ်ခါ လစာတိုးအမိန့်စာတုန်းကလည်း ဒီလိုရေးခဲ့ကြသေးတယ်
.
https://www.facebook.com/bokaunghtetsan/posts/627704080926204
.
. . . ၀န်ကြီးချုပ်တွေ ၀န်ကြီးတွေထဲ စာမတတ်ပေမတတ်တွေပါလို့ အခြေခံဥပဒေကို စာနဲ့ မဖတ်တတ်ဘူးဆိုရင်လည်း ဗိုလ်ကောင်းအကောင့်ကို လာအက်ခိုင်းထားလိုက်၊ အခြေခံဥပဒေ အသံစာအုပ်ပေးမှာပေါ့၊ ညအိပ်ယာဝင်ခါနီးတိုင်း ဘုရားရှိခိုးပြီးတာနဲ့ ဗိုလ်ကောင်းအသံစာအုပ်လေးနားထောင်ပြီး အဆုံးမှာ သာဓုလေးခေါ်၊ ဘယ်လောက်အထာကျသလဲဆွာ
.
ငါးပိရည်ကို အသီးအရွက်မျိုးစုံနဲ့ နယ်ဖတ်စားရတာကြိုက်တဲ့
ဗိုလ်ကောင်း
၃၀ မေ ၂၀၁၈

Tuesday 29 May 2018

၄၉၄၂၁၈၇၉၁၇.၅၄ ကျပ်တန် ၀က်ဆိုက်


. . . ပြည်သူ့လွှတ်တော်ဝက်ဆိုက်မှာ လက်ရှိပြည်ထောင်စုလွှတ်တော်က ပြဌာန်းတဲ့ ဥပဒေတွေ မတင်ခင်အချိန် မတိုင်မီ အစိုးရအဆက်ဆက်က ပြဌာန်းခဲ့တဲ့ ဥပဒေတွေကို အရင်က စာအုပ်နဲ့ပဲ ဖတ်ခွင့်ရခဲ့တာ။ ၂၀၁၁ မှာ လွှတ်တော်တွေစတော့ အမျိုးသားလွှတ်တော်ဥက္ကဌကြီး ဦးခင်အောင်မြင့်က သူစုဆောင်းထားတဲ့ ဥပဒေတွေကို ပီဒီအက်ဖ်ဖတ်ပြီး လွှတ်တော်စာကြည့်တိုက်က စာဖတ်ကွန်ပျူတာထဲ ထည့်ထားပေးလို့ ဆော့ကော်ပီ စပြီး ရခဲ့တာ။ အခု အသစ်ပေါ်လာတဲ့ ၀က်ဆိုက်ကတော့ အရင့်အရင် စာအုပ်တွေ ပီဒီအက်ဖ်တွေက လုပ်ဆောင်နိုင်စွမ်းကို တော်လှန်ပြီး စကားလုံးနဲ့ ရှာဖွေလို့ရတဲ့ စနစ်ကို တည်ထောင်လိုက်တာ တစ်ခြားသူတွေအတွက် မသိပေမယ့် သုတေသနသမားတွေအတွက်တော့ တော်တော့်ကို အသုံးဝင်တဲ့ ၀က်ဆိုက်တစ်ခု ဖြစ်လာပါတယ်။
.
. . . အရင်တုန်းက ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာတောင် ပြည့်ပြည့်စုံစုံ စုစည်းထားတာ မရှိခဲ့တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ဥပဒေတွေကို တစ်စုတစ်စည်းတည်း ရနိုင်တာကလည်း ကျွန်တော်တစ်ချိန်က တောင့်တခဲ့ဖူးတဲ့ အခြေအနေပါပဲ။
.
. . . ပြင်ဆင်ချက်ရှိတဲ့ ဥပဒေတွေကို သက်ဆိုင်ရာပြင်ဆင်ချက်နေရာမှာ (သမိုင်း) အဖြစ် မူရင်း+ပြင်ဆင်ချက် ထည့်ပေးထားတာကလည်း ဥပဒေလေ့လာသူတွေအတွက် အလွန်အသုံးဝင်လှတဲ့ စွမ်းဆောင်ရည်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် (စကားရပ်များအနက်အဓိပ္ပာယ်ဖွင့်ဆိုချက်ဥပဒေအရ) တစ်ချို့ပြင်ဆင်ဖို့လိုအပ်တာလေးတွေတော့ ကျန်နေသေးပုံပါပဲ။ ဥပမာ - နယကအစိုးရက ၂၀၁၀ နိုဝင်ဘာ ၄ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ ၁(ခ) မှာပါတဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ ဆိုတဲ့ နေရာမှာ နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့်နေ့ရက်တွင် စတင်အာဏာတည်ရမည် လို့ (စကားရပ်များအနက်အဓိပ္ပာယ်ဖွင့်ဆိုချက်ဥပဒေအရ) ပြင်ထားပြီးဖြစ်နေသင့်ပါတယ်။
.
. . . ဥပဒေတွေကို တစ်ခုချင်းအလိုက် ဒါမှမဟုတ် ပုဒ်မတွေအလိုက် ကိုယ်လိုချင်သလို ရွေးချယ်ပြီး ပုံနှိပ်ထုတ်ယူဖို့ ဒေါင်းလုတ်ချဖို့ အဆင်ပြေပေမယ့် ဒေါင်းလုတ်က ကွန်ပြူတာမှာ ပီဒီအက်ဖ်နဲ့ ချလို့ မရပါဘူး။ မိုဘိုင်းဖုန်းမှာတော့ ရတဲ့ပုံပါပဲ။
.
https://www.facebook.com/bokaunghtetsan/posts/627647760931836
.
. . . KOICA ကနေ ဒေါ်လာ ၃.၆၅ သန်းအကုန်အကျခံ တည်ထောင်ပေးထားတယ် ဆိုတဲ့ အဲသည်ဝက်ဆိုက်ကို နောင်နှစ်ပေါင်းများစွာ အသစ်အသစ်သော ဥပဒေသတင်းအချက်အလက်တွေနဲ့ ရှင်သန်သက်ဝင်နေနိုင်ပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်။ ဒီနေ့ငွေကြေးပေါက်ဈေးအရ မြန်မာငွေ ၄၉၄၂၁၈၇၉၁၇ ကျပ် အကုန်အကျခံတည်ထောင်ထားတဲ့ ဒီဝက်ဆိုက်ကို (အထူးသဖြင့်) လွှတ်တော်အသီးသီးက အမတ်မင်းများ အကျိုးရှိရှိ ထိထိရောက်ရောက် အသုံးချနိုင်ကြပါစေလို့လည်း ထပ်ဆင့် ဆုတောင်းလိုက်ပါတယ်။
.
အောက်ကလင့်ကတော့
စစ်မှုမထမ်းမနေရဥပဒေလို့ လူတော်တော်များများ သိထားကြတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို လင့် ဖြစ်ပါတယ်
http://www.mlis.gov.mm/lsScPop.do?lawordListId=7347

Monday 21 May 2018

ကလေးဗိုလ်


. . . မူလတန်းသင်ရိုးတစ်ခုအတွက် ဆရာဆရာမတွေ မွမ်းမံသင်တန်းမှာ လက်တွေ့လုပ်နေတာတွေနဲ့ ပတ်သက်တဲ့ ဝေဖန်ချက်တွေကို မြင်ရတော့ နည်းနည်းရင်လေးမိတယ်။ ဆရာဆရာမတွေရဲ့ လက်တွေ့သင်ခန်းစာတွေအပေါ် မကောင်းမြင်နဲ့ ဝေဖန်နေတဲ့အထဲမှာ ကိုယ့်ဖရန့်လစ်ထဲက ကိုယ်စောင့်ဖတ်နေရတဲ့ သူတစ်ချို့ပါ ပါနေတာတွေ့တော့ ထိတ်လည်းထိတ်လန့်မိတယ်။ အဲသည်ထဲက တစ်ချို့တစ်တွေဟာ ဖော်လိုဝါ အရေအတွက်အားဖြင့် လူမှုကွန်ယက်ပေါ်မှာ အတော်အတန် သြဇာရှိကြပုံပေါ်တဲ့အတွက်ကြောင့် သူတို့ပြောတာကို နားယောင်ကြမယ့်သူတွေအရေးကို တွေးမိပြီး ရင်လေး ထိတ်လန့်မိတာပါ။
.
. . . ဆရာဆရာမလေးတွေ လေ့ကျင့်နေကြတာ သစ်ရွက်တွေနဲ့ ၀တ်စားဆင်ယင်ပြီး ဇာတ်တွေခင်းနေတာပါတယ်။ ဂီတသင်ခန်းစာတွေပါတယ်။ အကတွေပါတယ်။ စက္ကူတွေ ဖြတ်ညှပ်ကပ်ပြီး ကလေးတွေစိတ်ဝင်စားစရာလေးတွေ သင်ကြားပြသတာတွေပါတယ်။ တစ်ခြားလည်း ကိုယ်မသိသေးတာတွေ အများကြီးရှိအုံးမှာပါ။ အဲသည်လို လေ့ကျင့်နေကြတာကို ဝေဖန်ကြတဲ့ အဓိက အကြောင်းကတော့ ဒီလိုတွေ လုပ်ပြီး ပညာရေးကို ဘယ်လိုများ မြှင့်တင်မှာလဲဆိုတဲ့ မကောင်းမြင် ဝေဖန်ချက်တွေဖြစ်ပါတယ်။
.
. . . စာတွေအများကြီး သင်မယ်၊ ကလေးတွေက စာတွေ အများကြီးရမယ်၊ အမှတ်တွေကောင်းမယ်၊ စာမေးပွဲဖြေတဲ့အခါ အဆင့်တွေကောင်းမယ်၊ ကလေးက နေ့နေ့ညည တစာစာ အံနေမယ်၊ ဆရာဆရာမ လူကြီးမိဘရှေ့မှာ လက်ကလေးပိုက်ပြီး မျက်လွှာလေးချပြီး ပြောသမျှကို နာခံမယ်၊ ကျောင်းစာအုပ်ထဲက စာတွေကို သည်၏မရွေး အလွတ်ရမယ်၊ အိမ်စာတွေ အများကြီးလုပ်မယ်၊ စတဲ့ လက္ခဏာရပ်တွေကို ကလေးပညာရေးကောင်းမွန်မှုရဲ့ သင်္ကေတအဖြစ် ရှုမြင်ထားကြသူတွေက အဲသည် သင်ခန်းစာလက်တွေ့လေ့ကျင့်နေမှုတွေအပေါ် မကောင်းမြင် ဝေဖန်နေတဲ့ပုံပါပဲ
.
. . . အထက်က ပြောခဲ့တာတွေကို အကုန်လုံးကို လုံးဝကြီး မပယ်ပေမယ့် ကလေးတစ်ယောက် ဖွံ့ဖြိုးတိုးတက်ရေးရဲ့ အခြားမျက်နာစာတွေကိုလည်း လျစ်လျူရှုထားလို့ မရဘူးဆိုတဲ့ အချက်ကို ဝေဖန်နေတဲ့သူတွေက မသိတာလား မေ့နေတာလားတော့ ကိုယ်လည်း မမှန်းဆတတ်ပါဘူး။
.
. . . ကလေးတစ်ယောက်အတွက် ဘယ်လိုပညာရေးမျိုးက သင့်တော်တယ်လို့ သေသေချာချာ မပြောတတ်ပေမယ့် ကိုယ်တိုင်လည်း ကလေးအဖေဆိုတော့ ကိုယ်သိတဲ့ ကလေးပညာရေးဆိုတာလေးကို ပြောပြချင်လာပါတယ်။
.
. . . ကလေးဆိုတာ ဆော့ချိန်ရှိရမယ်။ ကလေးတစ်ယောက် ဘယ်လောက် ဆော့ချိန်ရှိရမလဲဆိုရင် အိပ်ပျော်နေတဲ့အချိန်ကလွဲရင် ကျန်တာ ဆော့ချိန်ပါပဲ။ ကလေးတစ်ယောက်ကို သူစိတ်မပါတာတွေ အတင်းအကျပ်လုပ်ခိုင်းပြီး ငြိမ်ငြိမ်နေအောင် နှိပ်ကွပ်ထားတာနဲ့ စာရင် သူစိတ်ဝင်စားနေတဲ့ အလုပ်တစ်ခုခုအပေါ်မှာ အာရုံစူးစိုက်နေတာက သူ့အတွက် ပိုကောင်းပါတယ်။ ကလေးတစ်ယောက်အတွက် မသိမဖြစ် သိသင့်သိထိုက်တာတွေကို သင်ပေးတော့မယ်ဆို အဲသည် သင်ပေးချင်တာတွေကို သူ့အတွက် ကစားစရာတွေအဖြစ် ပြောင်းလဲပေးနိုင်မှ ကလေးတစ်ယောက်ကို ပေးချင်တာ ပေးခွင့်ရမှာပါ။ ဒါတောင်မှ ကလေးရဲ့ ခံယူတဲ့အပေါ် မူတည်ပြီး ရသွားတာတွေက တစ်ယောက်နဲ့တစ်ယောက် ကွာအုံးမှာ။ ခံယူတယ်ဆိုတာကလည်း ကလေးရဲ့ ၀ါသနာ ဗီဇ ပတ်ဝန်းကျင်အခြေအနေ စိတ်နေစိတ်ထားတွေအပေါ် အများကြီး မူတည်သေးတာကိုး။
.
. . . အဲသည်တော့ ကလေးတွေကို သင်မယ့် စာသင်ခန်းဟာ ကလေးတစ်ယောက်အတွက် ဆော့ချင့်စဖွယ် နေရာကြီး ဖြစ်နေဖို့ ကောင်းပါတယ်။ ကလေးကို ပေးချင်တာတွေကို ကလေးအတွက် ဆော့စရာအဖြစ် ပုံစံပြောင်းဖန်တီးပြီး ဆရာက ကလေးခေါင်းကြီးလုပ်ပြီး ဆော့ဖို့အတွက်ကတော့ အထက်ကပြောခဲ့တဲ့ သင်တန်းတွေက လက်တွေ့လေ့ကျင့်မှုတွေက လိုကိုလိုပါတယ်။
.
. . . ကိုယ်တွေ မူလတန်း အလယ်တန်း အထက်တန်းကျောင်းသားဘ၀က မြန်မာနိုင်ငံရဲ့ ပညာရေး သဘောတရားတွေ ဘယ်လိုတွေ ရှိခဲ့လဲ ကိုယ်တော့ မသိခဲ့ပါဘူး။ တစ်ခါတစ်လေမှ ကြုံတောင့်ကြုံခဲ နေကြတ် လကြတ်လို အခါမျိုးမှာ အတန်းထဲက ဆရာဆရာမတွေက နေကြတ်လကြတ်ကိစ္စမျိုးကို ကျောင်းပညာရေးနဲ့ မဆိုင်သလို သဘောထားတာမျိုးတွေကို ကြုံခဲ့ရတာကိုတော့ ကိုယ် တကယ်ကို အသည်းယားခဲ့ပါတယ်။ အဲသည်တုန်းက အပြင်မှာ နေကြတ်လို့ မှောင်မည်းသွားတာ ကြုံရတာတောင်မှ အတန်းထဲက အတန်းပြင်မထွက်ပဲ သင်လက်စ အခြားအကြောင်းအရာကိုပဲ ဆက်သင်နေခဲ့တာကိုတော့ တော်တော့်ကို အသည်းယားခဲ့တာပါ။ တကယ်သာ အဲသည်တုန်းက နေကြတ်တာကို နေကြတ်နေချိန်မှာဖြစ်ဖြစ် အဲသည်နေ့မှာဖြစ်ဖြစ် ပူပူနွေးနွေး သင်ပေးခဲ့ရင် သဘောတရားနဲ့တကွ တစ်ခါတည်း မှတ်မိခဲ့မှာပဲလို့ တွေးမိခဲ့တာပါ။ အဲသည်အချိန်တုန်းက ပညာရေးသဘောတရားတွေကို မသိခဲ့ပေမယ့် ကိုယ်တွေအတွက်ကတော့ ပညာရေးဆိုတာ စာအုပ်ထဲက စာတွေကို ကျက်တာ စာမေးပွဲမှာဖြေတာပါပဲ။ အဲသည်အပြင် သိပ်မပိုခဲ့ပါဘူး။
.
. . . အားကစားတို့ ကစားခုန်စားတို့ ဆိုတာလည်း သိပ်ပြီး အားပေးအားမြှောက် ခံခဲ့ရတယ်လို့ မထင်ဘူး။ ကိုယ့်ဘာသာ မနေနိုင်မထိုင်နိုင် ယွရင်သာ အဲသည်ကလေး ကျန်းမာသန်စွမ်းတာ ဖြစ်ရင်ဖြစ်မယ်။ လွတ်လပ်ရေးနေ့လို အားကစားပြိုင်ပွဲတွေလိုမှာ ၀တ်ကျေတန်းကျေ ၀င်ပြိုင်လိုက်ကြမယ် ပြီးတော့လည်း မေ့မေ့ပျောက်ပျောက်ပဲ။ အားကစားဆိုတာ အဆော့သန်ပြီး အားကစားမှာ သူများထက် နည်းနည်းလေး ပိုသန်တဲ့သူတွေအတွက်သာပဲ သက်ဆိုင်တဲ့ ကိစ္စလို့ အောက်မေ့မိခဲ့တာပါ။ အားကစားဆိုတာ ပြိုင်ပွဲမှာ ပြိုင်ဖို့အတွက်ပဲ လိုတဲ့အရာလို့ ထင်ခဲ့မိတာပါ။
.
. . . ဂီတ အနုပညာဆိုတာ ဝေလာဝေးပါပဲ။ ကျောင်းမှာ ကမ္ဘာမကျေကလွဲလို့ ဘာဂီတမှ မရှိခဲ့တဲ့အပြင် ဆရာဆရာမကသော်လည်းကောင်း မိဘက သော်လည်းကောင်း ဂီတဆိုတာ တတ်ကောင်းတဲ့အရာ ခံစားရတဲ့အရာလို့ လမ်းကြောင်းပေးတာ မရှိခဲ့တဲ့အပြင်၊ ဂစ်တာတီးတတ်ရင် လမ်းသူရဲ အချိန်ဖြုန်းနေသူလို့ တံဆိပ်ကပ်ပြီး မကောင်းတဲ့ ဥပမာအဖြစ် လူဆိုးအဖြစ် ပုံဖော်ပေးထားတဲ့ ပတ်ဝန်းကျင်မှာ ကိုယ်က ဂစ်တာလေးတီးတတ်ချင်တာတောင် နင်ပဲငဆပြောပြီး ပိတ်ပင်ခံရတဲ့အဖြစ်၊ ဂီတာတီးတတ်ရင်ပဲ လူက ပျက်စီးတော့မယ့်လမ်းစပေါ်ရောက်တော့မယ်လူလို့ အစွပ်စွဲခံခဲ့ရတဲ့အဖြစ်။
.
. . . ပန်းချီဆိုတာ ကျောင်းသားနဲ့ ဘယ်အချိန်မှာ ဆိုင်သလဲဆိုရင် ဘာအထိမ်းအမှတ် ညာအထိမ်းအမှတ် ပန်းချီပြိုင်ပွဲဆိုရင် ကျောင်းသားနဲ့ ဆိုင်တဲ့ ပုံပါပဲ။ ဆွဲတတ်တဲ့သူတွေ ဆွဲနေကြတာကို မမြင်ဖူးတဲ့ ကိုယ်တွေက သွားငေးပေါ့။ ပန်းချီဆိုတာ ခံစားကောင်းတဲ့အရာ တတ်ကောင်းတဲ့အရာ နားလည်ကောင်းတဲ့အရာရယ်လို့ ဘယ်သူကမှလည်း မပြောပြဖူးဘူး။
.
. . . အခုပြောခဲ့တဲ့ သမားရိုးကျ ကိစ္စလေးတွေတောင်မှ ဒီလောက်ဝေးနေပြီဆိုတော့ တီထွင်ဖန်တီးမှုတို့ဘာတို့ဆိုတာ ကြားတောင်မကြားဖူးတဲ့ ကိစ္စမျိုးတွေပေါ့။
.
အခုတော့
.
. . . ခေတ်တွေလည်း ပြောင်းပါပြီ။ အသိအမြင်တွေလည်း ပွင့်လင်းနေကြပါပြီ၊ ကိုယ့်ကလေးတွေကို လူပီသတဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို ပြုစုပျိုးထောင်ပြီး သူတို့လေးတွေရဲ့ ထူးချွန်တဲ့ အစွမ်းအစလေးတွေကို မြေတောင်မြှောက်ပေးရမယ့် ခေတ်ကို ရောက်နေပါပြီ။ ပညာရေးဆိုတာ စာတွေကျက်နေရတာချည်း မလုံလောက်ဘူးဆိုတာ သတိပြုကြပါတော့။ လူ့လောကအလယ်မှာ ထည်ထည်ဝါ၀ါ နေနိုင်ဖို့ အပေါင်းအသင်း ၀င်ဆံ့နိုင်ဖို့ ကိုယ့်ကိုယ်ကို ယုံကြည်မှု မြင့်မားစေဖို့ ကိုယ့်ပတ်ဝန်းကျင်ကို အကျိုးပြုဖို့၊ တီထွင်ဖန်တီးနိုင်စွမ်းမြင့်မားတဲ့၊ ကမ္ဘာပေါ်က အခြားမျိုးဆက်တူတွေနဲ့ ရင်ဘောင်တန်းဖို့အတွက်က စာတစ်ခုတည်း အံနေနိုင်ရုံနဲ့ မပြီးဘူးဆိုတာ သဘောပေါက်ကြဖို့ သင့်ပါပြီ
.
. . . ကလေးတွေကို ဆော့ခွင့်ပေးကြဖို့ရယ်၊ ဆရာဆရာမတွေလည်း ကလေးတွေဆော့နိုင်မယ့် စာသင်ခန်းတွေကို ဖန်တီးနိုင်ကြဖို့ရယ်အတွက် ကျွန်တော်တို့ မိဘတွေက နားလည်မှုအပြည့်နဲ့ ပူးပေါင်းဆောင်ရွက်ပေးကြဖို့ အချိန်တန်ပါပြီ
.
ဗိုလ်ကောင်း
၂၁ မေ ၂၀၁၈
.
https://www.facebook.com/bokaunghtetsan/posts/623562111340401
.
ဓာတ်ပုံက သင်တန်းတက်နေတဲ့ ဆရာတစ်ယောက်ဆီက ယူထားတာပါ။ သူ့ရဲ့ ကိုယ်ရေးကိုယ်တာပြောစရာဖြစ်မှာစိုးလို့ မျက်နာကို အပြည့်မပေါ်အောင် ပြင်ထားပါကြောင်း

အင်းသာသား


. . . အခုအချိန်အထိ ပညာရေးနဲ့ပတ်သက်တဲ့ သဘောတရားတွေထဲမှာ ပညာရေးဝန်ကြီးလုပ်ခဲ့တဲ့ ဆရာကြီးဦးသန်းအောင်ရဲ့ သဘောတရားတွေကို အခိုက်ဆုံးပဲ။ လက်တွေ့ကျတယ်လို့လည်း ယုံကြည်တယ်။ (၂၀၀၀ ပြည့်နှစ်ဝန်းကျင်က)
.
. . . ဆရာကြီးပြောတာက တက္ကသိုလ်တွေက သုတေသနလုပ်ရမယ်တဲ့။ (ဒါကတော့လူတိုင်းပြောနေတဲ့ကိစ္စ သိပ်မဆန်းဘူး)။ သူဆက်ပြောတဲ့ သဘောတရားတစ်ခုက ကိုယ့်ကို လှုပ်နှိုးခဲ့တယ်။ မြန်မာပြည်မြောက်ဖျား ရေခဲတောင်တွေအကြောင်း၊ အဲသည်ရေခဲတောင်တွေမှာ ပေါက်ရောက်နေတဲ့ အပင်တွေအကြောင်း၊ ရှင်သန်နေထိုင်တဲ့ သားရဲတိရစ္ဆာန်တွေအကြောင်းနဲ့ ပတ်သက်ရင် ကမ္ဘာပေါ်မှာ မြစ်ကြီးနားတက္ကသိုလ်က အသိဆုံးဖြစ်နေရမယ်တဲ့။ မြန်မာ့ပင်လယ်ကမ်းရိုးတန်းနဲ့ ပတ်သက်တာတွေ မြန်မာ့ရေပိုင်နက်နဲ့ ပတ်သက်တာတွေ သယံဇာတတွေ ငါးတွေ ရေတိမ်ရေနက်တွေအကြောင်း ပုသိမ်တက္ကသိုလ်က အသိဆုံးဖြစ်နေရမယ်တဲ့ (ခုတော့ ထားဝယ်တို့ စစ်တွေတို့မှာလည်း တက္ကသိုလ်တွေရှိနေပြီထင်တယ်)။ မြန်မာပြည်အလယ်ပိုင်းက ပေါများလှတဲ့ ထန်းပင်တွေကနေ ထန်းလျက်ချက်ရုံတင်မကပဲ ရှန်ပိန်လို ထုတ်ကုန်မျိုး ဘယ်လိုထုတ်မလဲဆိုတာမျိုး သုတေသနပြုကြရမယ်တဲ့။
.
. . . ဆရာကြီးပြောခဲ့တုန်းက ကိုယ့်နားထဲမှာ အဆန်းဖြစ်နေပြီး သဘောလည်း အတော်ကျတယ်။ ဖြစ်လည်းဖြစ်သင့်တယ်လို့ ယူဆတယ်။ ဆရာကြီးရဲ့ ပညာရေးဆိုင်ရာ သုတေသနဆိုင်ရာ သဘောတရားတွေကို ကိုယ်ဥာဏ်မီသလောက် သဘောတူခဲ့တယ်။ ဒါပေမယ့် ဒါမျိုး သဘောတရားတွေ လက်တွေ့ဖြစ်နေတာကိုတော့ ဘယ်မှာမှ မမြင်ဖူးခဲ့ဘူး။
.
အခု မြင်ဖူးပြီ
.
. . . ဘယ်မှာမြင်သလဲဆိုရင် ကိုယ်တွေကျောင်းရှိတဲ့ မြို့လေးမှာ။ ကိုယ်တို့မြို့လေးက သေးသေးလေး။ လူဦးရေလည်း သိပ်မများဘူး ဆိုပေမယ့် ကျောင်းတွေကတော့ ကိုယ်တွေအတွက် အပျံစားတွေပဲ။ အပျံစားဆိုတာ ကျောင်းအဆောက်အအုံနဲ့ ပရိဘောဂတွေကောင်းနေတာတင် ပြောတာမဟုတ်ဘူး။ ကလေးတွေကို ဘယ်လို ပြုစုပျိုးထောင်နေသလဲဆိုတာ အပျံစားလို့ပြောတာ။
.
. . . ကလေးတွေက သူတို့မြို့မှာ ဘာတွေ ဂုဏ်ယူစရာတွေရှိသလဲဆိုတာ သိတယ်။ ဘာတွေစိုက်သလဲဆိုတာသိတယ်။ စိုက်ခင်းတွေထဲကို ကိုယ်တိုင်သွားရတယ်။ ကျောင်းမှာ ကိုယ်တိုင်စိုက်ရတယ်။ ခူးချိန်တန် ကိုယ်တိုင် စပျစ်ခင်းထဲဆင်း၊ စတော်ဘယ်ရီခင်းထဲဆင်း၊ လယ်ကွင်းထဲဆင်းပြီး ခူးရတယ်။ စပါးရိတ်ရတယ်။ စပါးစိုက်ရတယ်။ အားကစားချိန် အားကစားကို ကျကျနန လုပ်ရတယ်။ ကစားချိန် ပြောင်းဆန်နေအောင် ကစားရတယ်။ ထမင်းစားပြီး သွားတိုက်ရတယ်။ သွားတိုက်နေတဲ့အချိန်မှာ သွားတိုက်ခြင်းရဲ့ ကောင်းကျိုးတွေကို အခန်းထဲမှာ ကက်ဆက်ဖွင့်ပေးထားတယ်။ ကုလားထိုင်တွေကို စားပွဲပေါ်တင်ပြီး အခန်းသန့်ရှင်းရေးလုပ်ရတယ်။ နေ့တိုင်း ကျောင်းသန့်ရှင်းရေးချိန်ရှိတယ်။ ကိုယ်တာဝန်ကျတဲ့နေရာကိုယ်လုပ်ရတယ်။ တံမျက်စည်းတွေကိုင်လို့ ရေပုံးတွေ ရေ၀တ်တွေကိုင်လို့ ကြမ်းတိုက်တဲ့သူကတိုက်၊ အိမ်သာဆေးတဲ့သူကဆေး။
.
. . . သွားကိုဘယ်လိုတိုက်ရတယ်။ အိမ်သာတက်ပြီး လက်ကိုဘယ်လိုပြောင်အောင်ဆေးရတယ်။ ထမင်းကို ဘယ်လိုစားရတယ်။ ကစားစရာတွေ ဘယ်လိုလုပ်ရတယ်။ ကျောင်းမှာ ငလျင်လှုပ်ရင် မီးလောင်ရင်၊ ကျောင်းကို အကြမ်းဖက်သမား လူဆိုးတွေရောက်လာရင် ဘယ်လိုရှောင်ရတိမ်းရမယ်၊ ဘယ်လိုပုန်းနေရမယ်၊ ဘယ်လိုလူကလူကောင်း၊ ဘယ်လိုလူက လူဆိုး။ ကလေးကို သင်ပေးထားတယ်။ လက်တွေ့လုပ်တယ်။ ကလေးတွေအတွက်က ကစားနေသလိုပဲ။ ကစားနေရင်းနဲ့ သူတို့ သိသင့်တာတွေ သိသွားကြတာ။
.
. . . ဒေသထွက် အစားအစာကို ဘယ်လိုလုပ်ရသလဲ ကျောင်းမှာ မုန့်လုပ်တယ်၊ ကလေးတွေ မလုပ်တတ်လုပ်တတ်နဲ့ ပါရတယ်။ မုန့်လုပ်တမ်းကစားကြတယ်။ ပြီးတော့ သူတို့လုပ်ထားတဲ့မုန့်ကို အိမ်ကို လက်ဆောင်ထည့်ပေးတယ်။ အဖိုးအဖွားနေ့အတွက် ကလေးက ကျောင်းမှာ ကိုယ့်အဖိုးအဖွားအတွက် လက်ဆောင် ကိုယ်တိုင် လုပ်ရတယ်။ အိမ်ပြန်ယူလာပြီး လက်ဆောင်ပေးတယ်။
.
. . . လမ်းဘယ်လိုကူးသလဲ။ ယာဉ်ထိန်းရဲကို ကျောင်းကိုခေါ်ပြီး သင်ခိုင်းတယ်။ ပြီးတော့ ကလေးတွေကို လမ်းပေါ်ခေါ်သွားပြီး လက်တွေ့ပြတယ်။ ရိုးရာဗုံတွေ ဘယ်လိုတီးလဲ ကျောင်းမှာသင်တယ်။ ကလေးတွေက ဗုံတွေတီးပြီးဆော့ကြ။ ရထားဘယ်လိုစီးလဲ ကားဘယ်လိုစီးလဲ။ အိမ်ကပန်းပွင့်လေး မူကြိုတက်တယ်နော်၊ ကလေးကို ပိုက်ဆံအိတ်လေးနဲ့ အနုတ်လေးတွေ ထည့်ပေးရတယ်။ ကားစီးဖို့တဲ့ ။ ကလေးကိုယ်တိုင် ကားတန်းစီတယ်၊ ကားပေါ်တက်တယ်။ ကျသင့်ငွေကို ကိုယ်တိုင်ပေးရတယ်။ ရထားစီးတော့လည်း အဲလိုပဲ လက်မှတ်ဘယ်လိုဝယ်လဲ ပြတယ် ကိုယ်တိုင်ဝယ်ရတယ်။ ရထားကို လက်တွေ့စီးတယ် အနီးအနားက မြို့ရွာတွေ သွားလည်ကြတယ်။
.
. . . အားစကားပြိုင်ပွဲလုပ်တယ်နော်။ အားကစားကောင်းတဲ့ ကလေးလက်တစ်ဆုပ်စာပဲ မဟုတ်ဘူး။ ကလေးတိုင်းက တစ်ခုမဟုတ်တစ်ခုမှာ ၀င်ပြိုင်ရတယ်။ အသင်းခွဲပြီး ပြိုင်တယ်။ ကလေးက ဘယ်နေရာမှာမှ ငါတော့ဝင်မလုပ်လိုက်ရလေခြင်းဆိုတာ မရှိဘူး။ နောက်ဆုံး ဥာဏ်ရည်မမီတဲ့ ကလေးတွေအတွက်တောင် အားကစားပြိုင်ပွဲ သီးသန့်လုပ်တယ်။ အားကစားအနည်းဆုံး နှစ်မျိုးလုပ်ရတယ်။ တစ်ကိုယ်တော်အစွမ်းပြရတဲ့ အားကစားနဲ့ အသင်းလိုက်ပူးပေါင်းဆောင်ရွက်ရတဲ့ အားကစား။
.
. . . ပြောရရင်တော့ အများကြီးပဲ။ ကိုယ်တိုင်သွားလေ့လာပြီး တွေ့ခဲ့တာတွေရယ် ကိုယ့်သမီးလုပ်ခဲ့ရတာတွေရယ်ကို တစ်စွန်းတစ်စ သိရတာတွေပဲပြောပြတာ။ စာတွေ့တွေမဟုတ်ဘူး။
.
. . . ကောင်းပြီ ။ ဂျပန်လိုနိုင်ငံမျိုး တိုးတက်တယ်၊ ပိုက်ဆံတတ်နိုင်တယ်။ လုပ်နိုင်မှာပေါ့လို့ပြောချင်ပြောမယ်။ မှန်တော့မှန်တယ်အပြည့်မမှန်ဘူး။ အခု အထက်က ပြောခဲ့တဲ့ သဘောတရားတွေထဲမှာ ပိုက်ဆံတွေ အများကြီး ပိုသုံးစရာမလိုပဲ လုပ်လို့ရတာတွေ အများကြီးပါတယ်။ မိဘနဲ့ ဆရာတွေရဲ့အမြင်သဘောထား နည်းနည်းပြောင်းရင်တောင် အလုပ်ဖြစ်မယ့်ကိစ္စတွေ အများကြီးပဲ။
.
. . . ကိုယ်တွေဘိုးဘွားတွေ လယ်လုပ်တယ်။ လယ်လုပ်တယ်ဆိုတာ ဂုဏ်ယူရကောင်းမှန်းက တောင်သူလယ်သမားနေ့စာစီစာကုံးလောက်မှာပဲ ပါတာမဟုတ်လား။ စပါးစိုက်တယ်ဆိုတာ ဘယ်လိုဘယ်ချမ်းသာ၊ အခက်အခဲတွေကဘာ၊ ပိုကောင်းအောင် လုပ်နိုင်တာတွေကဘာ၊ တို့နယ်မှာ စိုက်တဲ့စပါးတွေကဘာ စသည်ဖြင့် ဘယ်ကျောင်းမှာများ တခုပ်တရ ထည့်ပြောခဲ့လို့လဲ။ ကိုယ်တွေနယ်မှာဆို ကြံတွေစိုက်တယ်၊ ပဲတွေစိုက်တယ်။ မုန့်ဟင်းခါးဖို သုံးဖိုလောက်ရှိတယ်။ မုန့်လက်ဆောင်းကောင်းကောင်းရှိတယ်။ စိန်ပန်းနီနီတွေရှိတယ်။ ကားလမ်းဘေးက အရိပ်ကောင်းတဲ့ ကုက္ကိုပင်တန်းကြီးတွေရှိတယ်။ ဂုဏ်ယူလောက်ဆရာ ဆရာကြီးတွေရှိတယ်။ တစ်နယ်လုံးက အားကိုးရတဲ့ ဆရာဝန်တွေရှိတယ်။ ကြည်ညိုလေးစားရတဲ့ ဆရာတော်ဘုရားကြီးတွေရှိတယ်။ နှစ်စဉ်ကျင်းပတဲ့ ဘုရားပွဲတော်တွေရှိတယ်။ အတုယူစရာကောင်းတဲ့ မိသားစုတွေရှိတယ်။ အားကစားသမားတွေရှိတယ်။ ဆိုရှယ်လစ်ခေတ်လက်ကျန် တစ်နေ့တစ်နေ့ တန်နဲ့ချီပြီး ကြိတ်ခွဲပေးနိုင်တဲ့ ဆန်စက်ကြီးရှိတယ်။ ၀က်လာအင်းဆိုတဲ့ ကန်ကြီးရှိတယ်။ အင်းကြီးရှိတယ်။ နောက်ထပ်အများကြီးရှိသေးတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ သေချာသိအောင်လုပ်တာ ပြောပြတာ ဆွေးနွေးတာ၊ ချစ်တတ်အောင် ဂုဏ်ယူတတ်အောင် လေးစားတတ်အောင် အားကျအတုယူချင်အောင် လက်ဆင့်ကမ်းထိန်းသိမ်းချင်အောင် ရေရှည်တည်တံ့အောင် စသည်ဖြင့် ဘယ်လူကြီးမိဘတွေက တခုပ်တရ စိတ်ကူးခဲ့ဖူးသလဲ။ ဘယ်ကျောင်းသင်ရိုးကရော သင်ပေးဖူးခဲ့သလဲ။
.
. . . ရွာမှာ ကိုယ်တွေငယ်ငယ်က ပုံပြောအင်မတန်ကောင်းတဲ့ အမေငွေခင်ဆိုတဲ့ အဘွားတစ်ယောက်ရှိခဲ့ဖူးတယ်။ အမေငွေခင့်ကို ကျောင်းကိုဖိတ်ပြီး ကလေးတွေကို ပုံပြောပြခိုင်းဖို့ ဘယ်သူများ စိတ်ကူးခဲ့ဖူးသလဲ။ အမေငွေခင်တို့ လက်ဆင့်ကမ်း နုတ်တိုက်မှတ်လာခဲ့တဲ့ ရွာနဲ့ပတ်သက်တဲ့ အတိတ်တွေ တဘောင်တွေကို ယဉ်ကျေးမှုအမွေအနှစ်အဖြစ် မှတ်တမ်းတင်ထားဖို့ ဘယ်သူများ စိတ်ကူးမိခဲ့ကြဖူးသလဲ။ ကျောင်းကျန်းမာရေးနဲ့ ပတ်သက်ရင် တစ်နယ်လုံးက အားထားရတဲ့ ဒေါက်တာခင်ဌေးဝင်းတို့ ဒေါက်တာခင်မောင်ရင်တို့ကို ဖိတ်ပြီး ကလေးတွေကို ပညာပေးဟောပြောခိုင်းဖို့ ဘယ်သူများ စိတ်ကူးမိခဲ့ဖူးသလဲ။ အင်းသာရွာ မြောက်ကျောင်းနားက ဟိုးအရင်ကတည်းက ရှိခဲ့တဲ့ နတ်ရေတွင်းအကြောင်းရော မှတ်တမ်းတင်ထားကြပြီးပြီလား။ ထိန်းသိမ်းကြဖို့ စိတ်ကူးကြပြီးပြီလား။ စိတ်ကူးမိခဲ့တဲ့သူတွေလည်း ရှိရင်ရှိမှာပေါ့လေ။အကန့်အသတ်တွေကြားမှာ လုပ်ခွင့်မသာခဲ့တာလည်း ဖြစ်ရင်ဖြစ်မှာပေါ့
.
. . . ဒီစာမှာ အဓိကပြောချင်တဲ့ အကြောင်းအရာက ကလေးတစ်ယောက်ဟာ သူ့မြို့သူ့ရွာနဲ့ ပတ်သက်ပြီး စိတ်ဝင်စားအောင် ချစ်တတ်အောင် ဂုဏ်ယူတတ်အောင် ပိုပြီးကောင်းအောင်လုပ်ချင်တဲ့ စိတ်ကလေးတွေ အမြစ်တွယ်လာအောင် လေးစားထိုက်သူတွေ ထူးချွန်ထက်မြက်သူတွေကို အားကျအတုယူချင်လာအောင် မြို့ဂုဏ်ရွာဂုဏ်ကို ပိုပြီးမြှင့်တင်နိုင်တဲ့သူလေး ဖြစ်လာအောင် ပညာရေးကဏ္ဍက အရေးပါတဲ့အကြောင်းကို ပြောပြတာပါ။ ပညာရေးကဏ္ဍဆိုလို့လည်း ကျောင်းကပဲ သင်ပေးရမယ်လို့လည်း မဆိုလိုပါဘူး။ မိဘတွေ ရပ်မိရပ်ဖတွေကပါ ၀ိုင်းဝန်းပူးပေါင်း ပံ့ပိုးကြဖို့ အရေးကြီးတဲ့အကြောင်း မီးမောင်းထိုးပြချင်တာပါ။
.
. . . ဆရာကြီးဦးအောင်သန်းရဲ့ လေသံနဲ့ ပြောရရင် အင်းသာရွာအကြောင်း အသိဆုံးက အင်းသာစာသင်ကျောင်းကဆင်းလာတဲ့ သူတွေဖြစ်ရမယ်။ အင်းသာရွာကို ချစ်တယ်ဆိုတာ ပါးစပ်နဲ့ ချစ်နေရုံနဲ့မပြီးဘဲ ကိုယ့်မြို့ကိုယ့်ရွာ တိုးတက်သာယာဖို့ ကိုယ့်ရဲ့နောက်မျိုးဆက်တွေ ပိုပြီး ထူးချွန်ထက်မြက်ဖို့ လက်တွေ့ကျတဲ့ ချစ်နည်းတွေနဲ့ ချစ်တတ်အောင် စာသင်ကျောင်းတွေက အများကြီး လုပ်ပေးလို့ရတယ်ဆိုတာ ပြောချင်တာ
.
ဗိုလ်ကောင်း
၂၁ မေ ၂၀၁၈
.
ဓာတ်ပုံ - ကျွန်တော်နေခဲ့တဲ့ မူလတန်းကျောင်း (အခုအထက်တန်းကျောင်း) ဆရာကန်တော့ပွဲပထမအကြိမ် ဖြစ်မြောက်အောင် လက်တွေ့ကျကျ လုပ်ခဲ့ကြတဲ့ ကျွန်တော့်သူငယ်ချင်းတွေနဲ့ ညီငယ်ညီမငယ်တွေထဲက တစ်ချို့။ သူတို့က ရွာမှာနေပြီး ရွာအကျိုးကို ထိထိရောက်ရောက် လုပ်နိုင်ကြတယ်။ ကိုယ်တွေက ဘယ်ဘက်ကမှ ဘာမှ မလုပ်ပေးနိုင်တာ တာဝန်မကျေသလိုဖြစ်နေတယ်။ ဒီလိုသူငယ်ချင်းတွေ ညီငယ်ညီမငယ်တွေရှိလို့သာ အင်းသာမူလတန်းကျောင်းထွက်တစ်ယောက်အနေနဲ့ ပိုပြီး ဂုဏ်ယူနိုင်တာပါ
.
ရန်ကုန်တက္ကသိုလ်ကျောင်းတော်သားဘ၀က ပညာရေးဝန်ကြီးဆရာကြီးဦးသန်းအောင်ရဲ့ ပညာရေးသဘောတရားတွေရေးထားတဲ့စာအုပ်ကို ဖတ်ဖြစ်အောင် အားပေးတိုက်တွန်းခဲ့တဲ့၊ ကျွန်တော့်ကို လက်ဖက်ရည်အမြဲတိုက် တစ်ခါတစ်လေ ဆိုင်မှာခေါ်ပြီး ထမင်းကောင်းဟင်းကောင်းကျွေးလေ့ရှိတဲ့ ကျွန်တော့်ဆရာဦးကြည်ရွှင် Kyi Shwin ကို ကျေးဇူးတင်ပါတယ်။

Monday 14 May 2018

စိတ်နယ်လွန်


. . . ဆရာဝန်တင်ရွှေတို့ဘာတို့ဆိုတာ ကိုယ်တွေ ဆယ်ကျော်သက်တုန်းက အင်မတန်စိတ်ဝင်စားစရာကောင်းတဲ့ ကျန်းမာရေးပညာပေး စာအုပ်တွေ ရေးသူတစ်ယောက်ပါ။ စိတ်ပိုင်းရုပ်ပိုင်း အပြောင်းအလဲနဲ့ ယောက်ျားလေးသဘာဝတွေ တိုးတက်ဖွံ့ဖြိုးလာစအချိန်မှာ အဲသည် ပညာပေးစာအုပ်တွေကို တိုးတိုးတိတ်တိတ်ဖတ်ခဲ့ရတာပေါ့။
.
. . . ဒေါက်တာတင်ရွှေနဲ့ မသက်သက်ရွှေ ပူးတွဲနာမည်နဲ့ ထုတ်တဲ့ စာအုပ်တွဲတစ်ခု ဖတ်ခဲ့ရတာကိုတော့ ခုထိ မမေ့နိုင်သေးပါဘူး။ အခုပြောမယ့်စာအုပ်တွဲကို ရေးခဲ့တဲ့ ဒေါက်တာတင်ရွှေဆိုတာ အဲသည်ပညာပေးစာအုပ်တွေရေးတဲ့ ဒေါက်တာတင်ရွှေဟုတ်မဟုတ်တော့ မသိပါဘူး။ အလယ်တန်းကျောင်းသားဘ၀လောက်တုန်းက အဖေတို့ မိတ်ဆွေတစ်ယောက် အိမ်ကိုယူလာပေးဖတ်တဲ့ စာအုပ်တွဲ ဖြစ်ပါတယ်။ စာအုပ်က စုစုပေါင်း ကိုးတွဲလား ဆယ့်နှစ်တွဲလားရှိတာကို အဖေ့မိတ်ဆွေက သူဝယ်ထားဖြစ်တော့ အကုန်ယူလာပြီး ကျွန်တော်တို့ကို ပေးဖတ်ခဲ့တာပါ။ စာအုပ်ဆိုပေမယ့် စာတွေ များများစားစား သိပ်မပါဘဲ ဓာတ်ပုံတွေအဓိကတင်ပြထားပြီး စာကတော့ ဓာတ်ပုံတွေကို ရှင်းပြသလောက်ပဲ ပါတာပါ။ ဓာတ်ပုံစာအုပ်ဆိုရင် ပိုမှန်မယ်ထင်ပါတယ်။
.
. . . စာအုပ်တွဲနာမည်က မှတ်တမ်းဝင်စိတ်နယ်လွန်ဖြစ်ရပ်မှန်များ တဲ့။ စာအုပ်နာမည်ကိုက စိတ်ဝင်စားစရာ ဆွဲဆောင်မှု ရှိပါတယ်။ စိတ်နဲ့တွေးကြည့်လို့ လိုက်မမီနိုင်တဲ့၊ ခေတ်မီ သိပ္ပံနည်းပညာက သေချာ ရှင်းမပြနိုင်သေးတဲ့ ကိစ္စတွေ အဖြစ်အပျက်တွေကို စုစည်းမှတ်တမ်းတင်ထားတဲ့ စာအုပ်တွဲဖြစ်ပါတယ်။ အဲသည်စိတ်နယ်လွန်ဖြစ်ရပ်တွေ တကယ်ဖြစ်ခဲ့တယ်ဆိုတာကိုပဲ တင်ပြထားတာဖြစ်ပြီး ဘာကြောင့်ဖြစ်တယ်ဆိုတာကို ဝေဖန်ပိုင်းခြားပြထားတာ မဟုတ်ပါဘူး။
.
. . . ဘယ်အရာမှာမဆို အထောက်အထားမရှိလျှင် မယုံကြည်နိုင်ဟု ပြောဆိုနေကြသော သိပ္ပံခေတ်လူငယ်များ အထူးသဖြင့် ဘာသာရေးစာပေတွင် ဖော်ပြပါရှိသော တန်ခိုးဣဒ္ဓိပတ်နှင့် ပတ်သက်၍ သံသယရှိသူများသို့ ရည်ရွယ်ရေးသားထားသည် လို့မိတ်ဆက်ထားတဲ့ အဲသည်စာအုပ်တွဲဟာ Nigel Blundell ရဲ့ Marvels and Mysteries of the Unexplained ကို မြန်မာလိုပြန်ထုတ်ထားတဲ့စာအုပ်လို့ ဆိုပါတယ်။ စာအုပ်တွဲအားလုံးမှာပါတာတွေကို မှတ်မိသလောက်ပြောရရင် ဈာန်ကိစ္စ၊ တန်ခိုးပြတာ၊ သချိင်္ုင်းထဲက အခေါင်းတွေ သူ့ဘာသာရွေ့နေတာမျိုး၊ လယ်ကွင်းတွေထဲမှာ ဘယ်သူမှမလုပ်ဘဲ ပေါ်လာတဲ့ စနစ်ကျလှတဲ့ ဂျီသြမေတြီဒီဇိုင်းတွေ၊ သေတဲ့သူကို သက်သေခေါ်တာ၊ စိတ်စွမ်းအင်နဲ့ဆေးကုတာ၊ ပန်းကန်ပြားပျံ၊ ရာဂါဘယများကို ကုသခြင်းအကြောင်း၊ ဘုရားကိုဆုတောင်းရာက ရောဂါပျောက်ကင်းသူများအကြောင်း၊ နတ်ဝင်သည်များ၏ အကူအညီဖြင့် ဖော်ထုတ်နိုင်ခဲ့သည့် လန်ဒန်လူသတ် မုဒိန်းကျင့်မှုခင်းများအကြောင်း၊ ပျောက်ကွယ်သွားသော အတ္တလန္တိတ်ကျွန်းအကြောင်း၊ ရုရှားနိုင်ငံ ဆိုင်ဘေးရီးယားဒေသမှ ထူးဆန်းသော မီးလုံးကြီးများအကြောင်း၊ ကမ္ဘာတစ်ဝန်းမှ မပုပ်မသိုးသော အလောင်းကောင်များ၊ ရှေးလောကီပညာများနှင့် ပတ်သက်၍ လေ့လာ၍ မကုန်နိုင်အောင် တွေ့ရှိနေရသည့် အီဂျစ်ဒေသအကြောင်း၊ မွေးရာပါ ဉာဏ်ရည်ထူးသော ပိဋကတ် မောင်ထွန်းကြိုင်၊ ဟိန္ဒူဘာသာဝင်တို့၏ အံ့သြဖွယ် မီးနင်းပွဲ၊ ဥရောပတိုက် မြေပြင်ပေါ်မှ အံ့သြဖွယ် မျဉ်းကြောင်းကြီးများ၊ ခရစ်တော်နှင့် ပတ်သက်၍ အံ့သြစရာ ဖြစ်ရပ်များ၊ ပြင်သစ်နိုင်ငံမှ သွေးယိုစီးနေသော ဘာသာရေးရုပ်တုများ၊ အမည်မသိ ကောင်းကင်ထဲ ပျံသန်းနေသော အရာဝတ္ထုများအကြောင်း၊ စကြာဝဠာမှ ဂြိုဟ်သားများအကြောင်း၊ မြောက်အမေရိက ရေကန်ထဲမှ အမည်မသိ သတ္တ၀ါကြီး၊ ထူးဆန်းသည့် ဘာမူဒါတြိဂံ၊ မိုးကုတ်ဆရာတော်ကြီး၏ အံ့သြစရာ ဖြစ်ရပ်ထူးများ၊ အံ့သြဖွယ် တိရစ္ဆာန်ဉာဏ်ရည်၊ အဂ္ဂိရတ်ပညာအကြောင်း၊ အီဂျစ် ပစ်ရမစ်များမှ စိတ်ဝင်စားစရာ ဖြစ်ရပ်ဆန်းအချို့၊ ပုဏ္ဏကတိုက်တာ စသည်ဖြင့် တော်တော်အမျိုးစုံပါပါတယ်။ စာအုပ်မှာပါတဲ့ အကြောင်းအရာတွေကို ညပိုင်းမှာ တစ်အိမ်လုံးအိပ်သွားတဲ့အချိန် စောင်လေးခြုံပြီးများ ဖတ်လိုက်ကြည့်လိုက်ရရင် ကြက်သီးမွေးညင်း ထစရာကောင်းလောက်အောင် ကြောက်စရာတွေလည်းပါပါတယ်။
.
. . . အခု ရန်ကုန်က အိမ်တစ်အိမ်က ရှေးဘီဒိုကြီးတစ်လုံးက တဒုန်းဒုန်း အသံတွေမြည်နေတာလို ဖြစ်ရပ်မျိုးတွေလည်း အဲသည်စာအုပ်ထဲ ရေးထားတာပါပါတယ်။ တစ်ချို့များဆို အဲသည်ထက် အခြေအနေဆိုးရင် ဇွန်းတွေ ပန်းကန်တွေ လေထဲပျံဝဲကျကွဲ မှန်တွေကွဲ အိမ်ကလူတွေ အိပ်မရအောင် ခုတင်တွေဆွဲ လူတွေတွန်းချ၊ ထိုင်ခုံတွေ လေထဲမြောက်တက်ပြီး ရိုက်ချိုးသလို ကျိုးပဲ့တာတွေအထိဖြစ်တာတွေတောင် ရှိပါသတဲ့။
.
. . . ကမ္ဘာကြီးမှာ ဘာကြောင့်မှန်း ရှင်းပြလို့မရနိုင်သေးတဲ့ ကိစ္စတွေ ဖြစ်တော့ဖြစ်နေကြတာပဲ

Thursday 10 May 2018

ကာကွယ်ရေးမူဝါဒ


. . . ပန်းပွင့်လေးက စာတော်တဲ့ပုံပေါ်လို့ ဘယ်ကျူရှင်မှာထားတာလဲလို့ မေးတော့ ဘယ်ကျူရှင်မှ မထားပါဘူးလို့ပြောတော့ အမေက အိမ်မှာသင်ပေးလားလို့ ဆက်မေးတယ်။ တကယ်တော့ အမေကလည်း အိမ်မှာ စာကို သင်တယ်ရယ်လို့ မရှိပါဘူး။ ပန်းပွင့်လေးက သူ့ဘာသာ လုပ်ချင်တာလေးတွေကိုသာ ကူညီပေးတာပါ။ ဥပမာ သမိုင်းတွေ ပထ၀ီတွေ သိပ္ပံတွေအကြောင်း သူအသစ်သိခဲ့ရတဲ့နေ့ဆို သူ့အမေကို ပြောပြချင်တဲ့အခါ အမေလုပ်သူက သူ့သမီးပြောတာကို စိတ်လိုလက်ရ နားထောင်ပေးတာ၊ သူပြောဖို့ ကျန်ခဲ့မယ့်အကြောင်းအရာမျိုးကို မေးခွန်းလေးတွေနဲ့ တို့ထိပြီး သူ့စိတ်ကို နှိုးဆွကြည့်တာ ဒါမျိုးပဲ လုပ်ပေးဖြစ်တာပါ။ တစ်ခါတစ်လေ အကြောင်းအရာတစ်ခုကို သူနားလည်သလို ရှင်းပြပေမယ့် သူနားလည်နေတာ မှန်မမှန်ကို တစ်ချို့မေးခွန်းလေးတွေနဲ့ ပစ်ပေါက်စမ်းသပ်ကြည့်တာမျိုး လုပ်ပါတယ်။ ဒါကတော့ အဖေရော အမေရော အလျဉ်းသင့်သလို ပန်းပွင့်လေးရဲ့ သင်ယူမှုဖြစ်စဉ်ကို ကူညီပေးကြတဲ့ အကောင်းဆုံးသော နည်းလမ်းတစ်ချို့ပါပဲ။
.
. . . ပန်းပွင့်လေးအတွက် အဖေရောအမေရော သေချာညှိနှိုင်းတိုင်ပင် သဘောတူထားတဲ့ ပညာရေး မူဝါဒက သူ့ကို ကျောင်းချိန်ပြင်ပမှာ ကျောင်းစာ မသင်ရေးပါ။ (ကျူရှင်မထားရေး) ယုတ်စွအဆုံး အခုနွေမှာ သူ့သူငယ်ချင်းတွေက နောက်နှစ်သင်မယ့် စာအုပ်တွေကို ကြိုဝယ်ပြီး စာတွေ ကြိုလုပ်နေချိန်မှာတောင် အဲသည်စာအုပ်တွေကို သူ့ကို ၀ယ်မပေးထားပါ။ (စာကြိုမသင်ရေး) စာသင်ခန်းထဲမှာ ဆရာ ဆရာမက ရှင်းပြတဲ့အချိန်မှာ စူးစမ်းစိတ်ဝင်စားတဲ့ စိတ်နဲ့ အာရုံစူးစိုက် နားထောင်ဖြစ်စေဖို့ ပိုပြီး အထောက်အကူဖြစ်တယ်လို့ ယုံကြည်ထားလို့ ဖြစ်ပါတယ်(ကျောင်းမှာအာရုံစိုက်တာကိုအားပေး)။ ကျောင်းစာအုပ်ဆိုတာ ကျောင်းဖွင့်ချိန်မှာ မဖြစ်မနေ လုပ်နေရမှာ ဖြစ်တဲ့အတွက် ကျောင်းကပြန်လာချိန်၊ စနေတနင်္ဂနွေ နဲ့ နွေရာသီကျောင်းပိတ်ရက်တွေမှာ သူ့ကို သူကြိုက်တဲ့ အခြားကစားနည်းတွေ တတ်နိုင်သမျှ ကစားခွင့်ရှိအောင် အချိန်တွေကို တတ်နိုင်သမျှ ကျောင်းစာနဲ့ ဝေးဝေးနေနိုင်အောင် မိဘတွေက ကူညီပေးတဲ့သဘောလည်း ဖြစ်ပါတယ် (ကစားတယ်ဆိုတာ သင်ယူတာ)။
.
. . . ကျောင်းစာနဲ့ ဝေးဝေးနေတယ်ဆိုတာ ကျောင်းစာကို အလုပ်တစ်ခုလို သဘောမျိုးနဲ့ မလုပ်မဖြစ်လုပ်ရတဲ့ အလုပ်ကြီးတစ်ခုအနေနဲ့ သူ့ကို စိတ်ဖိစီးမှု မပေးတာကိုပဲ ဆိုလိုတာပါ။ အလျဉ်းသင့်ရင်သင့်သလို သူသိထားတဲ့ ဗဟုသုတလေးတွေ အတွေးအခေါ်လေးတွေကိုတော့ တတ်နိုင်သမျှ အသုံးချဖို့ ကြိုးစားပေးပါတယ်။ သူ့အတွက် ဖတ်စရာစာအုပ်တွေ သူ့လက်တစ်ကမ်းမှာ အများကြီး ထားပေးထားတယ်။ သူလုပ်ချင်ရင်လုပ်ရအောင် အင်္ဂလိပ်စာ သင်္ချာလေ့ကျင့်ခန်းစာအုပ်လေးတွေ သူလိုချင်တယ်ဆို ၀ယ်ပေးထားတယ်။ တစ်ခါတစ်လေကျတော့ သူ့ဘာသာ အဲဒါတွေ ထိုင်လုပ်နေတတ်တာမျိုးပါ။ စာလုပ်တယ်ဆိုတာ သူ့ရဲ့ ကစားနည်းတွေထဲက အပြောင်းအလဲတစ်ခုအဖြစ်ပဲ ထားပါတယ်။ သူ့ကို တမင်တကာ နည်းနည်းလေး တွန်းပေးရတာကတော့ မြန်မာစာ အရေးအဖတ် ချောမောစေချင်တာလေး တစ်ခုပါပဲ။ စာအုပ်ဝယ်ရင်တောင် မြန်မာလိုစာအုပ်ကို မရွေးဘဲ အင်္ဂလိပ်လိုရေးထားတဲ့ စာအုပ်တွေပဲ ရွေးတတ်တဲ့သူ။ တစ်ခုခုဆို မြန်မာလို ချရေးမှာထက် အင်္ဂလိပ်လိုပဲ ချရေးချင်သူ၊ မြန်မာအင်္ဂလိပ် နှစ်ဘာသာစာအုပ်ဖတ်ရင်တောင်မှ မြန်မာလို မဖတ်ချင်ဘဲ အင်္ဂလိပ်လိုပဲ ဖတ်ချင်သူမို့ မြန်မာစာလေးကို သူနဲ့ အတန်းတူ မြန်မာစာတော်တဲ့ ကလေးတွေချောသလောက် ချောစေချင်တာလေးတစ်ခုပဲ သူ့ကို နည်းနည်းလေး တွန်းပေးချင်တာပါ။ ဒါတောင် သူ့အမေက အဲလို တွန်းတာကို သိပ်ကြိုက်ပုံ မရပါဘူး။ သူ့သမီးက အဖေတော်စေချင်သလောက် မြန်မာစာ မချောပေမယ့် သူနဲ့ရွယ်တူ မြန်မာစာကောင်းတဲ့ကလေးတွေနဲ့ ပခုံးချင်းယှဉ်နိုင်တယ်လို့ ပြောပါတယ်။ ကိုယ်ကတော့ ပန်းပွင့်လေး မြန်မာစာမချောမှာစိုးလို့ အလျဉ်းသင့်ရင်သင့်သလို စာလေးတွေဖတ်ပြခိုင်း ကဗျာလေးတွေဖတ်ပြခိုင်းပေါ့။
.
. . . အခုနွေမှာလည်း သူကတက်ချင်ပါတယ်ဆိုလို့ သင်္ချာတန်းတစ်ခုကို ပို့ပေးပါတယ်။ ၀င်ခွင့်ဖြေတော့ သူ့သူငယ်ချင်းတွေထက် တစ်ဆင့်ပိုမြင့်တဲ့အတန်းကို တက်ခွင့်ရပါတယ်။ တက်ရတယ်ဆိုသော်လည်း သင်္ချာသင်တယ်ဆိုတာထက် သင်္ချာတွက်တဲ့ အတန်းလို့ပြောရင် ပိုမှန်မှာပါ။ သူ တစ်နေ့တစ်နေ့ တွက်ရတဲ့ သင်္ချာပုစ္ဆာလေးတွေက စိတ်ဝင်စားစရာပါ။ သူနဲ့အတူတက်တဲ့ သူငယ်ချင်းတစ်ယောက်ကတော့ သူ့အမေက အဲသည်အတန်းမှာတွက်တဲ့ သင်္ချာကို အိမ်မှာလည်း ဆရာခေါ်ပြီး ထပ်လုပ်ပါသတဲ့။ သူက ပန်းပွင့်လေးကိုလည်း အတူတူ စာလုပ်ရအောင် ခေါ်ပေမယ့် ကျောင်းမှာတစ်ခါတွက်ပြီးသား သင်္ချာကို အိမ်မှာ စာလုပ်သလို ထပ်လုပ်ရမှာမျိုး မလုပ်စေချင်တာရယ် ကစားချိန်ပိုရအောင်ရယ် အိမ်မှာ ထပ်မတွက်ပါဘူး။ ကျောင်းမှာ တွက်တာတော့ သူ့အတန်းမှာအမှန်အများဆုံး ကလေးတစ်ယောက်ဖြစ်နေတာက သူ့အတွက် လွတ်လပ်တဲ့အချိန် ပိုများလို့ အာရုံစူးစိုက်မှု ပိုကောင်းတယ်ဖြစ်မယ်လို့ ယူဆရပါတယ်။ ပြီးတော့ ပြောမှစာလုပ်တတ်တဲ့၊ တွန်းအားပေးမှ လုပ်တတ်တဲ့ အကျင့်တွေ မစွဲကပ်တော့ဘဲ သူ့ဘာသာ လုပ်သင့်လုပ်ထိုက်တာကို လုပ်သင့်တဲ့အချိန်မှာ လုပ်နေတတ်တဲ့ အကျင့်ကောင်းလေးကိုလည်း ပြုစုပျိုးထောင်ပေးရာရောက်တယ်လို့ ယုံကြည်ရပါတယ်။
.
. . . ပန်းပွင့်လေးကို ကျောင်းချိန်ပြင်ပမှာ စာမလုပ်ရစေရေးမူဝါဒက အခုချိန်ထိတော့ အလုပ်ဖြစ်ပြီး အောင်မြင်နေတုန်းပါ။ လိုချင်တဲ့ ရလဒ်တွေလည်း အားရစရာကောင်းအောင် ရနေတုန်းပါ။ ဒါပေမယ့် ယှဉ်ပြိုင်စရာများတဲ့ လောကကြီးထဲ ပန်းပွင့်လေးအားလပ်ခွင့်တွေကို ကိုယ်တွေမိဘအနေနဲ့ ဘယ်အချိန်ထိ အကာအကွယ် ဆက်ပေးထားနိုင်အုံးမလဲဆိုတာတော့ မသေချာပါ။ သေချာတာကတော့ ပန်းပွင့်လေးရဲ့ ကလေးဘ၀ပျော်ရွှင်စရာကောင်းတဲ့ အားလပ်ချိန်လေးတွေကို ကျွန်တော်တို့ မိဘနှစ်ယောက်က အစွမ်းကုန် ဆက်လက်ကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်။
.
. . . ပန်းပွင့်လေးရဲ့ ကျောင်းချိန်ပြင်ပ ပျော်စရာ အားလပ်ချိန်လေးတွေကို ကာကွယ်ပေးနိုင်သောအဖေ ဖြစ်ပါရစေ . . .
.
ဗိုလ်ကောင်း
၁၀ မေ ၂၀၁၈

Monday 7 May 2018

ပေါအီဒီယော်လော်ဂျီ


. . . လက်ရှိ မြန်မာ့နိုင်ငံရေးလောကမှာ စစ်ဘက်နဲ့အနီကြောင်ဘက် နှစ်ဘက်ပဲရှိတယ်လို့ သုံးသပ်ရင်တော့ ဆင်းကတ်တစ်ထောင့်ငါးရာမျိုးဆက်မှာ ဖောဖောသီသီ လေတိုက်တိုင်းသီးပွင့်နေတဲ့ ပေါအိုင်ဒီယော်လော်ဂျီတစ်မျိုး လို့ပဲ ကင်ပွန်းတပ်လိုက်ချင်တယ်။ စစ်ဘက်ကိုလိုက်တဲ့သူဆိုရင် စနစ်တကျရိုက်သွင်းစုဖွဲ့ထားတဲ့ မဟာဗျူဟာဂိုဏ်းဝင်ဖြစ်သွားပြီး အနီကြောင်တယ်ဆိုရင်တော့ ကိုယ့်စိတ်ကိုယ့်စေတနာနဲ့ကိုယ်လုပ်ကြရင်း အုပ်စုဖွဲ့မိသွားတာဖြစ်တယ်ဆိုတဲ့ သုံးသပ်ချက်ကလဲ အထက်ကပြောခဲ့တဲ့ ပေါအိုင်ဒီယော်လော်ဂျီ တစ်စိတ်တစ်ပိုင်းပဲ။
.
. . . အာဏာရှင်စနစ်ကို မုန်းတီးသူများနှင့် အာဏာကို ဖက်တွယ်ထားလိုသူများ ဆိုပြီး အမျိုးအစားခွဲပြတာကလည်း လူ့သဘောသဘာဝကို လျစ်လျူရှုရာကျတယ်။ လူတိုင်းနီးပါးက အာဏာမရှိတဲ့အချိန်မှာ အာဏာရှင်တွေကို မုန်းတီးပြီး အာဏာရပြီဆိုတာနဲ့ အာဏာကိုဖက်တွယ်ထားချင်ကြတယ်ဆိုတာ မသိတာလား မသိခြင်ထောင် ထောင်နေတာလားတော့ ပြောတဲ့သူကိုယ်တိုင်သာ သိနိုင်လိမ့်မယ်။
.
. . . အာဏာရှင် လော်ဘီ သို့မဟုတ် စစ်ဝါဒလော်ဘီများနှင့် ဒီမိုကရေစီလော်ဘီ သို့မဟုတ် လူထုဆန္ဒကို အလေးထားသော ဒီမိုလော်ဘီ တဲ့။ ဖြေးဖြေးလုပ်ပါ ဆရာသမားရယ်။ ကိုယ့်စကားလုံးနဲ့ကိုယ် ပိနေပါအုံးမယ်။ အာဏာရအစိုးရဘာလုပ်လုပ် မေမေလေလည်တာ မွှေးနေတဲ့သူတွေက စစ်ဝါဒလော်ဘီတွေလား၊ နိုင်ငံမှာ ဒီမိုကရေစီရဲ့ အနှစ်သာရတွေ ထိပါးယိမ်းယိုင်စေမယ့် အာဏာကြီးသုံးရပ်အပြန်အလှန် ထိန်းကျောင်းကျင့်သုံးတဲ့ ဟန်ချက်ကို မပျက်ပျက်အောင် ဖျက်ချင်နေသူတွေနဲ့ အဲဒါကို အားပေးနေကြသူတွေက လူထုဆန္ဒကိုအလေးထားတဲ့ ဒီမိုလော်ဘီတွေလား၊ စဉ်းစဉ်းစားစားလည်း ပြောပါအုံးတော့။
.
. . . သေချာတာကတော့ "အသိဉာဏ်ပညာ၊ ဆင်ခြင်တုံတရား၊ သဘောတရား နိမ့်ပါးသိမ်ဖျင်းမှု၊ ရင့်ကျက် သဘောထားကြီးမှု အားနည်းချက်" ကင်းကင်းနဲ့ သမာသမတ်ကျကျသာ ဝေဖန်သုံးသပ်တတ်မယ်ဆိုရင် ဒီလို တစ်ရာဖိုးသုံးပုဒ်တန် ပေါအိုင်ဒီယိုလော်ဂျီမျိုး စာမျက်နာပေါ်ရောက်လာစရာအကြောင်းမရှိဘူး
.
. . . ဒီမိုကရေစီမျက်နာဖုံးတပ်ထားတဲ့ အာဏာရူးတွေကို နောက်တစ်ခါ "သစ္စာတိုင်ဝန်ချတောင်းပန်" ရမှာကြောက်လို့ ဘယာဂတိနဲ့ ဒီလိုစာမျိုးရေးခဲ့ရတာပါဆိုရင်လည်း မောင်ရင်ကိုယ်တိုင်ရေးတဲ့သမိုင်း မောင်ရင့်သမိုင်းပေါ့
.
. . . သူပြုစုပျိုးထောင်ခဲ့တဲ့ သစ်ပင်ကြီးက ဒီလိုအဆိပ်သီးတွေသီးနေတာသာ သိရင် ဆရာအောင်ထွဋ်တစ်ယောက် ရင်ကွဲနာကျပြီး နောက်တစ်ခါ ထပ်သေလိမ့်မယ်
.
ဗိုလ်ကောင်း
၇ မေ ၂၀၁၈
.
Ref:
https://www.facebook.com/photo.php?fbid=617510075278938&set=a.110405775989373.1073741828.100010598527758&type=3&theater

Saturday 5 May 2018

Institutionalization

I have no option but to very reluctantly admit that institutionalization does not always work well to its fully extent in such a situation where most of the subjects especially the leading members are unconscientious with regard to the responsibilities assigned. However, unfortunately or anyway, I am still willing to put faint in it, and heartfeltly curious to know how to compensate for their liability as well.

Friday 4 May 2018

ပြည်ပကျူးကျော်



. . . တိုင်းတစ်ပါးသားတွေ မြန်မာ့ရေမြေကို ကျူးကျော်စော်ကားခဲ့တဲ့သမိုင်းကို ပြန်ကြည့်ရင် ဆယ့်သုံးရာစုလောက်ကတည်း တရုတ်တွေ ပုဂံကို ကျူးကျော်တာက စပြီးတွေ့နိုင်ပါတယ်။ ဒီဘက် ဆယ့်ကိုးရာစုရောက်တော့ ကုလားဖြူအင်္ဂလိပ်တွေက ကျူးကျော်စစ်သုံးခါပြုပြီး တစ်နိုင်ငံလုံးကို သိမ်းပိုက်ခဲ့တယ်။ (၁၈၂၆၊ ၁၈၅၂၊ ၁၈၈၅)။ ၁၉၄၁-၄၂ မှာ အင်္ဂလိပ်တွေကို တိုက်ထုတ်ဖို့ဆိုပြီး ဂျပန်တွေခေါ်လာတော့ သူတို့တွေ တစ်ခါဝင်လာပြန်တယ်။ နောက် သူတို့ကို ပြန်တိုက်ထုတ်ဖို့ မဟာမိတ်တပ်တွေနဲ့ ပြန်ပေါင်းရတော့ ၁၉၄၄-၄၅ မှာ အင်္ဂလိပ်တွေ ပြန်ဝင်လာပြန်တယ်။ ၁၉၄၈ လွတ်လပ်ရေးရပြီးတော့လည်း တရုတ်ကူမင်တန်တွေ ကျူးကျော်မှုကို ခံရတာပဲ။ ဒီတုန်းကဆိုရင် အဲသည်ကျူးကျော်မှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂမှာ တိုင်ကြားခဲ့ပေမယ့် အမေရိကန်စီအိုင်အေ နောက်ခံကျူးကျော်မှုဖြစ်တာမို့ တိုင်ကြားတဲ့ စကားအသုံးအနှုံးနဲ့ ပတ်သက်ပြီး ကန့်ကွက်လို့ အသုံးအနှုံးပြင်ဆင်ပေးခဲ့ရတယ်လို့ မှတ်သားဖူးတယ်။ ဒီလောက် ပြောင်ပြောင်တင်းတင်း ကျူးကျော်စော်ကားခံရတာကိုတောင်မှ နောက်ဆုံးတော့လည်း ကိုယ့်ရှိတဲ့အားနဲ့ ပြန်ချလို့သာ ကိုယ့်မြေကိုယ့်ရေ ကိုယ့်မြေပုံက မပွန်းမပဲ့ အခုချိန်ထိ ရှိနေတာမို့လား။ ဘယ်ကုလသမဂ္ဂကိုများ အားကိုးလို့ရခဲ့ပါလိမ့်
.
. . . ဒီနောက်ပိုင်းမှာလည်း မြန်မာ့ရေမြေပိုင်နက်ကို လစ်ရင်လစ်သလို မထိခလုတ် ထိခလုတ် ကျူးကျော်ရန်စတာမျိုး ခံနေရသေးတာပဲ။ အနည်းဆုံးတော့ စကားအရာနဲ့ပဲဖြစ်ဖြစ် မြန်မာ့ရေမြေကို ထိပါးတာ ခံနေရသေးတာပဲ။ ၁၉၈၈ တိုင်းဆူပြည်ဖျက်အရေးအခင်းဖြစ်တုန်းကဆို အစိုးရရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဆီက လက်နက်တွေလုတာမျိုး လုပ်တဲ့သူတွေက အစိုးရကို တိုက်ခိုက်ဖို့အတွက် ပြည်ပသံရုံးတွေဆီက လက်နက်အကူအညီတွေတောင် သွားတောင်းကြသတဲ့။ အာဏာသိမ်းစစ်အစိုးရနဲ့ တစ်ချို့ပြည်ပနိုင်ငံအစိုးရတွေကြား နားလည်မှုကွာဟချက်ကို အမြတ်ထုတ်ပြီး တစ်ချို့ သူပုန်အဖွဲ့တွေက ပြည်ပအထောက်အပံ့တွေရအောင် လုပ်နေကြတယ်လို့ ဗိုလ်ချုပ်မှူးကြီးစောမောင်က ပြောနေတဲ့ကြားက ၁၉၈၈ နိုဝင်ဘာလမှာ အမေရိကန်လွှတ်တော်အမတ် Dana Rohrabacher က ကမ္ဘာတစ်လွှားက အလွတ်သမားတိုက်ခိုက်ရေးသမားများကို ထောက်ပံ့နိုင်ဖို့အတွက် စနစ်တစ်ခုအကောင်အထည်ဖော်ရမယ်ဆိုတဲ့ သူတို့ရဲ့ ရည်မှန်းချက်ကို လူသိရှင်ကြားဖော်ထုတ်ခဲ့ကြသေးတယ်။
.
. . . ၁၉၈၈ တိုင်းပြည်ဆူပူပြီး အဖျက်သမားတွေ သောင်းကျန်းနေတဲ့အချိန်တုန်းက မြန်မာ့ရေပိုင်နက်ထဲကို အမေရိကန်စစ်သင်္ဘောတစ်အုပ် ရောက်လာခဲ့တယ်ဆိုတာ ကြားဖူးကြမှာပါ။ စစ်တပ်က အာဏာမသိမ်းခင် စက်တင်ဘာလ ၁၂ ရက်နေ့မနက်ပိုင်းမှာ အမေရိကန်လေယာဉ်တင်သင်္ဘော Coral Sea ပါတဲ့ စစ်င်္ဘောငါးစီးပါ စစ်ရေယာဉ်တစ်အုပ် မြန်မာ့ရေပိုင်နက်ထဲကို ရောက်လာခဲ့တယ်။ (ဒါတောင်မှ ငါးဖမ်းသင်္ဘောတွေက သတင်းပို့လို့ သိခဲ့ရတာဆိုလား)။ ချက်ချင်းပဲ မြန်မာ့တပ်မတော်က အမေရိကန်သံရုံးကို ကန့်ကွက်ပြီး ဖြေရှင်းချက်တောင်းတော့ မြန်မာပြည်မှာ ရုတ်ရုတ်သဲသဲ ဖြစ်နေလို့မို့ သူတို့သံရုံးဝန်ထမ်းတွေကို ကယ်ထုတ်ဖို့ ရောက်နေတာပါလို့ ဖြေရှင်းတယ်။ အမေရိကန်သံရုံးဝန်ထမ်းတွေအပါအ၀င် ၂၇၆ ယောက်က ဖြစ်စဉ်မတိုင်ခင်တစ်ရက် (စက်တင်ဘာ ၁၁) ရက်ကတည်းက လေကြောင်းလိုင်းနဲ့ ထွက်သွားပြီးကြပြီဖြစ်လို့ သူတို့ကို ကယ်ထုတ်ဖို့အကြောင်းပြချက်နဲ့ စစ်သင်္ဘောတွေ မြန်မာ့ရေပိုင်နက်ထဲရောက်နေတာဟာ လက်ခံနိုင်စရာမရှိဘူးလို့ မြန်မာအစိုးရက တုန့်ပြန်ခဲ့ပါတယ်။ တကယ်တမ်းကျတော့ အမေရိကန် စစ်လေယာဉ် C -130 မင်္ဂလာဒုံလေဆိပ်မှာ ဆင်းခွင့်ပေးဖို့ အမေရိကန်အစိုးရက အကြိမ်ကြိမ်တောင်းဆိုနေခဲ့တာလည်း ရှိပါတယ်။ အဲသလို စစ်လေယာဉ်ဆင်းခွင့်ပေးလိုက်ရင် အခုလိုရုတ်ရုတ်သဲသဲဖြစ်နေတဲ့အခြေအနေကို ပိုမိုရှုပ်ထွေးသွားစေနိုင်တဲ့အပြင် အိမ်နီးချင်းနိုင်ငံတွေကလည်း နားလည်မှုလွဲတာတွေဖြစ်ကုန်မှာစိုးလို့ ခွင့်မပြုနိုင်ပါဘူးလို့ မြန်မာအစိုးရက ငြင်းပယ်ထားတဲ့အချိန်လည်း ဖြစ်ပါတယ်။ အမေရိကန်သံရုံးက မြန်မာအစိုးရကို ဖြေရှင်းချက်ပေးပြီး နောက်တစ်နေ့မှာပဲ မြန်မာ့ရေပိုင်နက်ထဲ သူတို့စစ်သင်္ဘောအုပ်ရောက်နေတယ်ဆိုတာ ကောလဟာလ သက်သက်သာဖြစ်ပါတယ်လို့ ကြေညာချက်ထုတ်ခဲ့ပါတယ်။ (နည်းပညာပိုင်းဆိုင်ရာ အတိအကျတိုင်းတာမယ်ဆိုရင် ရန်ကုန်မြို့ရဲ့ တောင်ဘက် နော်တီကယ်မိုင် ကိုးဆယ်လောက်မှာ တွေ့ရတဲ့ စစ်သင်္ဘောတွေက မြန်မာ့ရေပိုင်နက်အပြင်ဘက်မှာ ရှိနေခဲ့တယ်ဆိုအုံးတော့) ရန်ကုန်မြို့ထဲက တစ်ချို့ဆူပူလှုပ်ရှားအဖွဲ့တွေက အမေရိကန်မရိမ်းတပ်တွေ ၀င်လာရင် ကြိုဆိုဖို့ဆိုပြီး အလံလေးတွေလုပ်ထားတာ၊ ရန်ကုန်က အချို့အရေးကြီးနေရာတွေကို မြန်မာ့တပ်တော်ရေတပ်နဲ့ လေတပ်က အမြောက်နဲ့ပစ် ဗုံးကြဲမယ်ဆိုတဲ့ ကောလဟလတွေ ပြန့်နှံ့နေတာနဲ့ အမေရိကန်စစ်သင်္ဘောအုပ် မြန်မာ့ရေပိုင်နက်နားကို ချဉ်းကပ်နေတာတွေဟာ သာမန်တိုက်ဆိုက်မှုတစ်ခုလို့ မမှတ်ယူသင့်ပါဘူး။
.
. . . တိုင်းတစ်ပါးရဲ့ ကျူးကျော်ခြိမ်းခြောက်မှုက ဒီတစ်ခုတည်း မဟုတ်ခဲ့ပါဘူး။ အထက်ကပြောတဲ့ အမေရိကန်စစ်သင်္ဘောကိစ္စတွေ ဖြစ်နေချိန်မှာ မြောက်ဘက်က တရုတ်ကြီးကလည်း မြန်မာနယ်စပ်တစ်လျှောက်မှာ တပ်တွေဖြန့်နေပါပြီ။ အခြေအနေက အဲသလောက်မဆိုးပါဘူး ခင်ဗျားတို့ တပ်တွေဖြန့်ထားဖို့ မလိုပါဘူးလို့ တရုတ်စစ်သံမှူးကိုလည်းပြော တရုတ်နယ်စပ်ကိုလည်း ကိုယ်စားလှယ်တစ်ဖွဲ့လွှတ်ပြီး တရုတ်တပ်တွေ မြန်မာပြည်ထဲ မကျူးကျော်လာအောင် အခြေအနေကို ရှင်းပြဆွေးနွေးတာတွေ လုပ်ခဲ့ရပါသေးတယ်။ တစ်ချို့တွေ ပြောသားအရဆို အမေရိကန်စစ်သင်္ဘောအုပ် မြန်မာပြည်ထဲဝင်လာတာနဲ့ ဗကပတွေကို ရှေ့တန်းတင်ပြီး ရှမ်းပြည်နယ်ကို သိမ်းပိုက်ဖို့ တရုတ်လွတ်မြောက်ရေးတပ်မတော်က ပြင်ဆင်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။
.
. . . ဆက်ရန်

Thursday 3 May 2018

D A F F O D I L S


. . . သစ်ရွက်ကလေးတွေအကြောင်း လေပြေလေညင်းလေးတွေအကြောင်း ပန်းပွင့်လေးတွေအကြောင်း လိပ်ပြာလေးတွေအကြောင်း စတဲ့ သဘာဝလောကကြီးကို အမြဲလှလှပပမြင်တတ် ဖွဲ့တတ်တဲ့ အင်္ဂလိပ်လူမျိုး ကဗျာဆရာ ၀ီလျံ ၀ါ့စ်ဝါ့သ် ဆိုတာ ကိုယ့်အသည်းစွဲ ကဗျာဆရာတစ်ယောက်ပေါ့။ သူရေးတဲ့ ကဗျာတွေ တော်တော်များများကို ဖတ်ဖူးပြီး ကြိုက်လွန်းလို့ တစ်ချို့ကဗျာတွေဆို အလွတ်တောင်ရနေတယ်။ သူ့ကဗျာတွေထဲက ဒီဖိုလ်ဒီပန်းခင်းကြီးအကြောင်း ကဗျာကလည်း ကိုယ့်အကြိုက်ဆုံး ကဗျာတစ်ပုဒ်ပဲ။ နေပြည်တော်အနီးနားတစ်ဝိုက် ကြီးပြင်းခဲ့ရတဲ့ကိုယ့်မှာ အဲသည် ကဗျာထဲကလိုပန်းခင်းမျိုးဆိုတာလည်း သိပ်မမြင်ဖူးဘူးကိုး။ မြင်ဖူးချင်တယ်။ အဲလို ပန်းခင်းကြီးထဲ လျှောက်သွားဖူးချင်တယ်
.
. . . ကိုယ်တွေ ဂျပန်မှာကျောင်းတက်တော့ ကိုယ်တို့ဒေသမှာ အခုလို နွေဦးပေါက်လို့ နှင်းတွေပျော်ပြီး ပန်းတွေများ အပြိုင်းအရိုင်း ပွင့်ကြပြီလားဆို ကိုယ်ငယ်ငယ်တုန်းက အင်မတန်ကြွေခဲ့ရတဲ့ ဒီဖိုလ်ဒီ ပန်းတွေလည်း နှင်းခဲပျော်မြေကြီးအောက်ကနေ လူးလူးလွန့်လွန့် တိုးထွက်လာပြီး သူ့ထက်ငါ ပွင့်ကြတော့တာကိုး။ ဒါပေမယ့် ဒီပန်းလေးတွေကြည့်ပြီး ကိုယ့်မှာ မပျော်နိုင်တော့ဘူး။ ဒီဖိုလ်ဒီပန်းတွေ ၀င်းဝင်းဝါနေတဲ့ ပန်းခင်းကြီးဘေး အေးအေးလူလူ လမ်းလျှောက်ခွင့်ရနေပေမယ့် ကိုယ့်မှာ မကြည်နူးနိုင်တော့ဘူး။ ဒီဖိုလ်ဒီပန်းတွေ လှိုင်အောင်ပွင့်ကြတဲ့ အခုလို အချိန် လွန်ခဲ့တဲ့ ဆယ်နှစ်က ကိုယ်တို့တိုင်းပြည်က လူတွေသိန်းနဲ့ချီသေ အိုးမဲ့အိမ်မဲ့တွေဖြစ်ကြပြီး အသက်ရှင်ကျန်ရစ်ခဲ့တဲ့သူတွေကိုလည်း စိတ်ဒဏ်ရာများစွာနဲ့ ထားခဲ့တဲ့ ကမ္ဘာ့ပဉ္စမမြောက် အသေအပျောက်အများဆုံး မုန်တိုင်းကြီးရဲ့ နာမည်ဖြစ်တဲ့ ဒီပန်းလှလှလေးကြားမှာ ဘယ်သူကများ ကြည်နူးနေနိုင်မှာတဲ့လဲ။
.
. . . ဆိုင်ကလုန်းနာဂစ် လို့ လူတွေသိကြတဲ့ နာဂစ် ဆိုတာ ကိုယ်အရမ်းကြိုက်တဲ့ ကဗျာထဲက ဒီဖိုလ်ဒီပန်းကို အူရဒူဘာသာနဲ့ခေါ်တဲ့နာမည် نرگس ပါလားဆိုတာ သိခဲ့ပြီးတဲ့အချိန်ကစလို့ ကိုယ်သဘောကျတဲ့ ဒီကဗျာအကြောင်းတွေးမိတိုင်း ဒီပန်းဝါ၀ါလေးတွေကို မြင်မိတိုင်း ကိုယ့်တိုင်းပြည်က သေသွားခဲ့တဲ့သူတွေ အိုးမဲ့အိမ်မဲ့နဲ့ စိတ်ဒဏ်ရာပေါင်းများစွာနဲ့ အသက်ရှင်ကျန်ရစ်တဲ့သူတွေအကြောင်းကို တွေးပြီး တုန်လှုပ်မိတယ်။
.
. . . ဒီရက်ပိုင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီကလူတွေ မြန်မာပြည်လာပြီး သံခင်းတမန်ခင်း မပီသတဲ့ ဘက်လိုက်တဲ့ အပြုအမူ အပြောအဆိုတွေ မြင်ရကြားရပြန်တော့ ဒီအချိန်မှာပဲ ဖြစ်ခဲ့တဲ့ နာဂစ်မုန်တိုင်းအပြီး ကိုယ့်တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ထိပါးတဲ့ လုပ်ရပ်တွေအကြောင်းကိုလည်း ပြန်တွေးနေမိတယ်
.
. . . အဲသည်အချိန်တုန်းက မြန်မာပြည်က အုပ်ချုပ်နေတဲ့အစိုးရကို ဒီမိုကရေစီရေးတွေ လူ့အခွင့်အရေးတွေ အကြောင်းပြချက်မျိုးစုံနဲ့ အသားထဲက လောက်ထွက်တဲ့ တောင်းဆိုချက်တွေနဲ့ ဖိအားမျိုးစုံ ပိတ်ဆို့မှုမျိုးစုံ ခံနေရချိန်ပေါ့။ နာဂစ်မုန်တိုင်းကြောင့် ဒုက္ခရောက်တဲ့သူတွေကို ကူညီမယ်ဆိုပြီး အမေရိကန် အင်္ဂလိပ်နဲ့ ပြင်သစ်တို့က အထောက်အပံ့ပစ္စည်းတွေ တင်လာတယ်ဆိုတဲ့ ရေတပ်သင်္ဘောကြီးတွေ မြန်မာပြည်ကို လွှတ်လိုက်ကြသတဲ့။ ရေတပ် စစ်သင်္ဘောကြီးတွေနော်။ လာတာကလည်း စစ်သင်္ဘောတွေဆိုတော့ မြန်မာအစိုးရက ရေပိုင်နက်ထဲကို ပေးမ၀င်ဘူး။ အစိုးရက ပေးမ၀င်ရင် အင်အားသုံးပြီး ၀င်မယ်ကွာတွေဘာတွေ ဖြစ်ကြတာပဲ။
.
. . . မြန်မာအစိုးရက ခွင့်မပြုရင်လည်း မြန်မာ့ရေပြင်ပိုင်နက်ထဲကို အင်အားသုံး အတင်းအဓမ္မ၀င်မယ်လို့ ဆိုကြတဲ့အထဲ အရမ်းကားအမိုက်ရိုင်းဆုံးကတော့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Bernard Kouchner ဖြစ်ပါသတဲ့။ မြန်မာပြည်က မုန်တိုင်းဒဏ်ခံပြည်သူတွေကို ထောက်ပံ့ဖို့ မြန်မာပြည်ကို R2P နဲ့ ၀င်ထိုက်မ၀င်ထိုက် ကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကိုယူမယ် လို့အဲသည်လူက ပြောပါသတဲ့။ ချက်ချင်းဆိုသလိုပဲ လုံခြုံရေးကောင်စီဝင် တရုတ်နဲ့ ရုရှားက အဲသည်စကားကို ချက်ချင်း ပယ်ချလိုက်တယ်။ အဲလို ပယ်ချတာကို ကျန်အာဆီယံနိုင်ငံတွေကလည်း ထောက်ခံကြတယ်။ ဒီလိုကိစ္စမျိုးမှာ R2P သဘောတရားနဲ့ မြန်မာပြည်ထဲ ၀င်ဖို့ ကြိုးစားတယ်ဆိုတာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာကို ချိုးဖောက်ဖို့ကြိုးစားတာသာဖြစ်တယ်လို့ သဘောပေါက်ကြလို့ ဖြစ်ပါတယ်။ မေလ ၇ ရက်နေ့မှာသူပြောခဲ့တဲ့ စကား အရာမ၀င်တော့ဘူးဆိုတာသိတော့ လုံခြုံရေးကောင်စီဆုံးဖြတ်ခွင့်ပြုချက်ကို မစောင့်တော့ပဲ မြန်မာ့ရေပိုင်နက်ထဲကို စစ်သင်္ဘောတွေနဲ့ ၀င်တော့မယ်ဆိုပြီး မေလ ၁၀ ရက်နေ့မှာ ထပ်ပြောပြန်တယ်။ အဲသည်မှာတင် ဟေ့ကောင်တွေ နေပြည်တော်ရဲ့ ခွင့်ပြုချက်မရဘဲ ဘယ်ခွေးတစ်ကောင် ကြောင်တစ်မြီးမှ မြန်မာ့ပိုင်နက်ထဲ ၀င်ခွင့်မရစေရဘူးကွလို့ နယက အစိုးရက ကလော်တုပ်တော့မှ ပြင်သစ်အစိုးရက သူတို့ နိုင်ငံခြားရေးဝန်ကြီးပြောတဲ့စကားကို အသည်းအသန် ဖြေရှင်းရုပ်သိမ်းသွားပါတော့သတဲ့။
.
. . . အဲသည်လို အာဏာသိမ်းထားတဲ့ အစိုးရ၊ လူထုကတင်မြှောက်ထားတာ မဟုတ်တဲ့ အစိုးရတောင်မှ ကိုယ့်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ပတ်သက်လာရင် ကုလသမဂ္ဂမှာ လေသံပစ်လာတာလောက်ကိုတောင် ပြင်းပြင်းထန်ထန် တုန့်ပြန်ခဲ့လို့ ဘယ်ခွေးတစ်ကောင်ကြောင်တစ်မြီးမှ ၀င်လာဖို့ နေနေသာသာ ၀င်ပါမယ်ပြောမိတာကိုတောင် အိုးနင်းခွက်နင်း ပြန်ဖြေရှင်းရလောက်အောင် မာမာချာချာ ရှိခဲ့တာ။ အခု ပြည်သူ့အစိုးရဆိုတဲ့ သောက်သုံးမကျတဲ့ အာဏာရူးအစိုးရခေတ်ကျခါမှ ကိုယ့်အချုပ်အခြာအာဏာကို မာမာချာချာ မကာကွယ်နိုင်ဘဲ အိညှောင့်အိညှောင့် နဲ့ ကုလားမြင် သူ့အမေယိုးတော့မလို ဖင်ထောင်လိုက်လျောနေတဲ့ သူ့အမေဆိုသူနဲ့ အပေါင်းပါတစ်စုရဲ့ သူခိုးဓားရိုးကမ်း လုပ်ရပ်တွေကို ကျကျနန မှတ်တမ်းတင်ထားတယ်ဆိုတဲ့အကြောင်း . . .
.
ဗိုလ်ကောင်း
၃ မေ ၂၀၁၈
.
Ref:
"i wandered lonely as a cloud" by William Wordsworth
"Even Paranoids have Enemies" by Andrew Selth.

Wednesday 2 May 2018

တပ်မတော်နဲ့ အာနန်ကော်မရှင်


.
. . . ရခိုင်ဒေသဖွံ့ဖြိုးရေးဆိုင်ရာအကြံပေးကော်မရှင်ဖွဲ့ပြီးတဲ့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကော်မရှင်ကို သုံးကြိမ်လက်ခံတွေ့ဆုံခဲ့တယ်။ ကော်မရှင်အဖွဲ့ မြန်မာပြည်ကို ပထမဆုံးလာတဲ့ ၈ စက်တင်ဘာ ၂၀၁၆ မှာတစ်ကြိမ်၊ အစီရင်ခံစာရေးနေတဲ့ ၆ ဒီဇင်ဘာ ၂၀၁၆ မှာတစ်ကြိမ်၊ အစီရင်ခံစာလာတင်တဲ့ ၂၄ သြဂုတ် ၂၀၁၇ မှာတစ်ကြိမ် သုံးကြိမ်တွေ့ခဲ့တယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကော်မရှင်ကို ဘာတွေပြောလိုက်ပြီး ဘယ်သတင်းအချက်အလက်တွေ ပေးလိုက်သလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။
.
၈ စက်တင်ဘာ ၂၀၁၆ မှာ ပထမဆုံးအကြိမ်လက်ခံတွေ့ဆုံခဲ့တယ်။ အဓိက ပြောခဲ့တာ ၇ ချက်ရှိတယ်။
.
၁။ . . . ကိုလိုနီခေတ်တုန်းက စပါးစိုက်ဖို့ ဘင်္ဂလားကနေ ခေါ်သွင်းလာတဲ့ ဘင်္ဂါလီတွေ သမိုင်းကြောင်း
.
၂။ . . . ဘင်္ဂါလီတွေ တိုက်ခိုက်လို့ ဒေသခံ ရခိုင်တိုင်းရင်းတွေ ထွက်ပြေးခဲ့ရတဲ့ သမိုင်းကြောင်း။ ၁၉၄၂ မှာ ရခိုင်လူမျိုး နှစ်သောင်းကျော် အသတ်ခံခဲ့ရတဲ့အကြောင်း
.
၃။ . . .၁၉၄၇ ကစခဲ့တဲ့ မူဂျာဟစ်သောင်းကျန်းသူတွေ အကြောင်း
.
၎။ . . . ၁၉၇၀ ၀န်းကျင်မှာ ဗကပ သောင်းကျန်းသူတွေကြောင့် အ၀င်အထွက် မထိန်းသိမ်းနိုင်ဘဲ အခုအခြေအနေကို ရောက်ခဲ့ရတဲ့အကြောင်း၊
.
၅။ . . . လူဦးရေများတဲ့ နိုင်ငံတွေကြားထဲနေရလို့ နိုင်ငံသားစိစစ်ရေးလုပ်ငန်း အမှားမခံနိုင်ကြောင်း၊ စိစစ်မှုလုပ်ငန်းစဉ်အတွက် စိတ်ရှည်ဖို့လိုအပ်ကြောင်း
.
၆။ . . . လွတ်လပ်စွာကိုးကွယ်ခွင့်ရှိတဲ့ နိုင်ငံဖြစ်ကြောင်း။ ခုကိစ္စက ဘာသာရေးပြသနာမဟုတ်ဘဲ ဘာသာရေးကိုအခြေခံပြီး လှုံ့ဆော်ခံနေရတဲ့ ပြသနာဖြစ်နေကြောင်း
.
၇။ . . . ကော်မရှင်နဲ့ပတ်သက်ပြီး တပ်မတော်က လိုအပ်တာ ကူညီပေးသွားမှာဖြစ်ကြောင်း
.
ကိုဖီနာအန်ပြော
. . . Mr. Kofi Annan က ယခုကဲ့သို့ရှင်းလင်းပြောကြားပေး၍ မိမိ အတွက် သမိုင်းအသိရသွားပြီး အနာဂတ်ကိုမြော်မြင်နိုင်မှုအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ကော်မရှင် အနေဖြင့် ယခုကိစ္စအတွက် ဆုံးဖြတ်ချက်ပေးခြင်း မဟုတ်ဘဲ Stakeholder များ၊ နှစ်ဖက် အသိုက်အ၀န်းများနှင့်တွေ့ဆုံ၍ လေ့လာသုံးသပ်ပြီး အကြံပေးခြင်း၊ အကြံပြုခြင်းများသာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံသားဖြစ်မှု၊ မဖြစ်မှုကိစ္စတစ်ခုတည်းသာမက ဒေသဖွံ့ဖြိုးတိုးတက်မှုအပါအ၀င် ဘက်စုံထောင့်စုံမှ လေ့လာဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ မိမိရခိုင် ဒေသသို့ သွားရောက်ခဲ့သည့်ခရီးစဉ်တွင် နှစ်ဖက်အသိုက်အ၀န်း၏ စိုးရိမ်ပူပန်မှုအသီးသီးကိုလည်း ကြားသိခဲ့ရပါကြောင်း၊ နိုင်ငံသား စိစစ်ရေးလုပ်ငန်းစဉ်သည် ဆက်လက်ဆောင်ရွက်သင့်ပြီး ဥပဒေနှင့် အညီ ဆောင်ရွက်ခြင်းဖြင့် ပြဿနာကို ပြေလည်အောင်ဖြေရှင်းနိုင်မည့် နည်းလမ်းများကို လေ့လာလုပ်ဆောင်သွားမည် ဖြစ်ကြောင်း
.
https://www.facebook.com/seniorgeneralminaunghlaing/posts/1314670058567479
--------------------------------
၆ ဒီဇင်ဘာ ၂၀၁၆ တွေ့ဆုံမှု

၁။ . . . နိုင်ငံသားဖြစ်မှုနဲ့ပတ်သက်ပြီး လွတ်လပ်ရေးမရမီနဲ့ ရပြီး အခြေအနေနှစ်ရပ်၊ ရခိုင်တစ်ဒေသတည်း မဟုတ်ဘဲ တစ်နိုင်ငံလုံးနဲ့ ခြုံငုံစဉ်းစားရကြောင်း၊ ယခင်ဥပဒေများနဲ့ မခိုင်လုံလို့ ၁၉၈၂ ဥပဒေနဲ့ ထပ်မံစိစစ်ခဲ့၊ ဥပဒေနဲ့ညီသူများကို အသိအမှတ်ပြုမယ်
.
၂။ . . . အောက်တိုဘာ အကြမ်းဖက်မှုဖြစ်စဉ်အကြောင်း
.
၃။ . . . NVC ကတ် အကြောင်း၊ စိစစ်ရေးလုပ်ငန်းစဉ်အကြောင်း
.
၎။ . . . တပ်မတော်အပေါ် စွပ်စွဲချက်များ မမှန်ကြောင်း
.
လူငယ်များက ပူးပေါင်းဆောင်ရွက်မှုအားကောင်းသော်လည်း သက်ကြီးရွယ်အိုများ ပူးပေါင်းဆောင်ရွက်မှု အားနည်းမှုအကြောင်း ကိုဖီအာနန်ကပြောတော့ သမိုင်းမီခဲ့တဲ့ လူကြီးပိုင်းအနေနဲ့ တွေ့မြင်သိရှိခဲ့တဲ့ ခံစားချက်တွေကြောင့်ဖြစ်ကြောင်း တပ်ချုပ်ကြီးက ပြန်ပြောခဲ့တယ်။
.
https://www.facebook.com/seniorgeneralminaunghlaing/posts/1408676469166837
---------------------------------
. . . ၂၄ သြဂုတ် ၂၀၁၇ အစီရင်ခံစာ တင်တဲ့အချိန်မှာ တစ်ခါထပ်တွေ့တယ်။ ပြောခဲ့ကြတာတွေက
.
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြော
၁။ . . . ကော်မရှင်အနေဖြင့် အချိန်ကန့်သတ်ချက်၊ သွားလာမှုကန့်သတ်ချက်များကြောင့် အကြောင်းအရာအချက်အလက်ပိုင်းတွင် မပြည့်စုံနိုင်ဟု ယူဆပါကြောင်း၊ ကော်မရှင်၏အစီရင်ခံစာပါ အချက်အလက်အချို့မှာ လွဲမှားမှုလိုအပ်ချက်များရှိနေကြောင်း
.
၂။ . . . ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဖြစ်မှုဥပဒေမှာ တည်ဆဲဥပဒေဖြစ်၍ ယင်းဥပဒေနှင့်အညီ လုပ်ဆောင်ရမည်ဖြစ်၊ ကုလသမဂ္ဂ၏ အထွေထွေပြဋ္ဌာန်းချက်မှာပင် လူတစ်ယောက်နိုင်ငံသားဖြစ်မှုအတွက် မှတ်ပုံတင်ရန်လိုကြောင်း၊ သို့ဖြစ်၍ ရခိုင်ဒေသရှိ ဘင်္ဂါလီအားလုံး မှတ်ပုံတင်ရန်လိုကြောင်း၊ NVC ကတ်သည် ယင်းဘင်္ဂါလီများ၏ နိုင်ငံသားဖြစ်ခြင်း၊ နိုင်ငံသားပြုခွင့်ပေးရေးအတွက် ခွဲခြမ်းစိတ်ဖြာရန် အခြေခံလိုအပ်ချက်ဖြစ်ကြောင်း၊ သို့မှသာ ဘာသာရေး၊ လူမျိုးရေးနှင့် နိုင်ငံသားဖြစ်တည်မှုများအား ဆက်လက်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ခွဲခြား၍မရသောသူများကို ထိန်းသိမ်းထားရပြီး ခွဲခြား၍ရသူများကို လွတ်လွတ်လပ်လပ် နေထိုင်ခွင့်ပြု ထား
.
၃။ . . . လုံခြုံရေးဆိုသည်မှာ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ကာကွယ်ရေး စသည်ဖြင့် အဆင့်ဆင့်လုပ်ဆောင် ရကြောင်း၊ ဘူးသီးတောင်-မောင်တောဒေသ အခြေအနေသည် တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်၍ အုပ်ချုပ်ရေးအဖွဲ့အစည်းနှင့် သာမန်ရဲတပ်ဖွဲ့တို့က ထိန်းချုပ်နိုင်စွမ်းမရှိကြောင်း၊ သို့ဖြစ်၍ လုံခြုံရေးအရ နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို တာဝန်ပေးထားကြောင်း၊
.
. . . ယင်းနယ်မြေတွင် လက်ရှိပုဒ်မ-၁၄၄ ထုတ်ပြန်ထား ကြောင်း၊ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် လုံခြုံရေး အခြေအနေ ပိုမိုဆိုးရွားလာသဖြင့် တပ်များက ၀င်ရောက်ကာကွယ်ရခြင်းဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင်ပင် ဒေသခံပြည်သူများ အသတ်ခံရခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်း၊ ပျောက်ဆုံးနေခြင်းများ ရှိနေကြောင်း၊ ယင်းကိုထိန်းသိမ်းရန် လိုအပ်သကဲ့သို့ ယခုထက်ပိုမိုဆိုးရွားသည့် အရေးအခင်းများ ထပ်မံဖြစ်မလာစေရန် ကြိုတင်ကာကွယ်ရမည်ဖြစ်ကြောင်း၊
.
. . . မေယုတောင်တန်းပေါ်တွင် ဘင်္ဂါလီများ၏ စစ်ရေး အထောက်အကူစခန်းများ၊ စစ်ရေးလေ့ကျင့်မှုများကို ဖော်ထုတ်တွေ့ရှိရကြောင်း၊ ကာကွယ်ရေးအဆင့်အထိ ရောက်ရှိလာ၍ တပ်မတော်က ပါဝင်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိကြောင်း၊ တိုင်းရင်းသားများသည် နံပါတ်တစ်ဖြစ်ပြီး နိုင်ငံတွင်ရှိသည့် နိုင်ငံသားအားလုံးကိုလည်း ကာကွယ်ရမည်ဖြစ်ကြောင်း
.
၎။ . . . ၂၀၁၂ ခုနှစ် ဖြစ်စဉ်တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်း အဝေးခေါ်ယူ၍ သမ္မတ၏ဦးဆောင်မှုဖြင့် ဖြေရှင်းဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိအခြေအနေသည် လုံခြုံရေးစိတ်ချရမှုမရှိသေးကြောင်း၊ တစ်ဖက်နိုင်ငံနယ်စပ်တွင် လက်နက်ကိုင်အဖွဲ့အစည်းအချို့ ရောက်ရှိနေသည့် သတင်းများရရှိထားကြောင်း၊ မေယုတောင်တန်းတွင်လည်း နယ်မြေရှင်းလင်းမှုများ မပြီးပြတ်သေးကြောင်း၊ ဒေသခံများအတွက် လုံခြုံမှုစိတ်ချရသည်အထိ လုပ်ဆောင်ရန်လိုကြောင်း၊ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလဖြစ်စဉ်ကြောင့် တပ်များဖြင့်နယ်မြေရှင်းလင်းခဲ့ရာ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလတွင် စစ်ဆင်ရေးအားလုံးရပ်ဆိုင်းခဲ့ကြောင်း၊ ယခုထပ်မံဖြစ်ပွားလာသည့်အတွက် တပ်များဝင်ရောက်ရခြင်း ဖြစ်ကြောင်း၊ နယ်မြေရှင်းလင်းမှု အခြေအနေပေါ်မူတည်၍ တပ်များ၏လုပ်ဆောင်မှုကို ဆုံးဖြတ်ရမည် ဖြစ်ကြောင်း
.
၅။ . . . သတင်းအဖွဲ့များအား သွားလာခွင့်ပေးထားကြောင်း၊ မှန်မှန်ကန်ကန် ရေးသားရန်သာ လိုအပ်ကြောင်း၊ တပ်မတော်အနေဖြင့် လူသားချင်းစာနာမှုအကူအညီ ပေးသည့် လုပ်ငန်း များတွင် ပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်း၊ သို့သော် ၎င်းထောက်ပံ့ရေးပစ္စည်းများအား အကြမ်းဖက်သမားများ၏ စစ်ရေးလေ့ကျင့်ရေးစခန်းများတွင် တွေ့ရှိရခြင်းကိုလည်း စဉ်းစားသုံးသပ်ရန် လိုကြောင်း၊ ဒုက္ခသည်စခန်းတွင်နေထိုင်၍ စားနပ်ရိက္ခာများရယူပြီး တည်ငြိမ်မှုပျက်ပြားအောင် လုပ်ဆောင်နေပါက အကြမ်းဖက်ကူညီသူဟု သတ်မှတ်ရမည်ဖြစ်ကြောင်း၊ ဒုက္ခသည်များကို ကူညီထောက်ပံ့ရန် တာဝန်ရှိသကဲ့သို့ ဒုက္ခသည်များကလည်း စိစစ်မှုကိုခံယူရန်တာဝန်ရှိကြောင်း၊ ဘင်္ဂါလီများအနေဖြင့် စိစစ်ခံရန်လက်မခံ မှုများကို အစီရင်ခံစာတွင်ထည့်သွင်းရေးသားရန် လိုအပ်ကြောင်း
.
၆။ . . . ရခိုင်ပြည်နယ်၏စီမံခန့်ခွဲမှုဖြင့် ဘူးသီးတောင်၊ မောင်တောဒေသတွင် ပညာရေးကျောင်း များစွာဖွင့်လှစ် ပေးထားကြောင်း၊ သို့သော်၎င်းတို့၏ ဘာသာရေးခေါင်းဆောင်များက အကြောင်းအမျိုးမျိုးပြ၍ သင်ကြားခွင့်မရအောင် ပြုလုပ်ထားခြင်းဖြစ်ကြောင်း၊ စစ်တွေမြို့ရှိ တက္ကသိုလ်များတွင် လာရောက်ပညာသင်ကြားနေသော ဘူးသီးတောင်၊ မောင်တောမှ ဘင်္ဂါလီများရှိကြောင်း၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေအရ စိစစ်ပြီးပါက ဥပဒေနှင့်အညီ ပညာရေး၊ ကျန်မာရေးစသည်ဖြင့် အခွင့်အရေးများ ပိုမိုရရှိမည်ဖြစ်ကြောင်း
.
၇။ . . . က်ာမရှင်အနေဖြင့် နိုင်ငံတော်အစိုးရ၏သဘောထား၊ တပ်မတော်၏သဘောထား၊ ဒေသခံပြည်သူများ၏ သဘောထားများကို ခြုံငုံစဉ်းစားသုံးသပ်ရန်လိုကြောင်း၊ ဒေသခံရခိုင်တိုင်းရင်းသားများက လက်ခံရန် အရေးကြီးကြောင်း၊ ရခိုင်တိုင်းရင်းသားများ လက်မခံပါက ဖြေရှင်းဆောင်ရွက်ရန် ခက်ခဲ မည်ဖြစ်ကြောင်း၊ ဘက်လိုက်၍ ထည့်သွင်းရေးသားရန်မဟုတ်ဘဲ မျှတမှုရှိရန် အကြံပေးခြင်းသာဖြစ်ကြောင်း
.
ကိုဖီအာနန်ပြော
. . . အစီရင်ခံစာမထုတ်ပြန်မီ တပ်မတော်ဘက်မှ အကြံပြုချက်တစ်ချို့အား မိမိအစီရင်ခံစာတွင် ပြင်ဆင်ရေးသားခဲ့ပါကြောင်း၊ ကော်မရှင်၏ အစီရင်ခံစာထုတ်ပြန်ပြီးဖြစ်၍ ယခုတပ်မတော်မှ ဆွေးနွေးအကြံပြုမှုများအားလုံးကို ပြင်ဆင်ရန် အခက်အခဲရှိပါကြောင်း၊ ယင်းအကြံပြုချက်များကို ပြန်လည်လေ့လာပြီး လိုအပ်လျှင် အချက်အလက်မှားယွင်းမှုတစ်ချို့ကို ပြင်ဆင်ချက်ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း
.
https://www.facebook.com/seniorgeneralminaunghlaing/posts/1689496554418159
https://www.facebook.com/seniorgeneralminaunghlaing/videos/1689602944407520/
.
ရခိုင်ကိစ္စနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးရေးအစီရင်ခံစာ နဲ့ ပတ်သက်တာတွေ ဒီနေရာမှာ ရယူနိုင်ပါတယ်။
https://www.facebook.com/bokaunghtets…/posts/615157352180877
.
Compiled by
https://www.facebook.com/bokaunghtetsan
.