Monday, 21 May 2018
အင်းသာသား
. . . အခုအချိန်အထိ ပညာရေးနဲ့ပတ်သက်တဲ့ သဘောတရားတွေထဲမှာ ပညာရေးဝန်ကြီးလုပ်ခဲ့တဲ့ ဆရာကြီးဦးသန်းအောင်ရဲ့ သဘောတရားတွေကို အခိုက်ဆုံးပဲ။ လက်တွေ့ကျတယ်လို့လည်း ယုံကြည်တယ်။ (၂၀၀၀ ပြည့်နှစ်ဝန်းကျင်က)
.
. . . ဆရာကြီးပြောတာက တက္ကသိုလ်တွေက သုတေသနလုပ်ရမယ်တဲ့။ (ဒါကတော့လူတိုင်းပြောနေတဲ့ကိစ္စ သိပ်မဆန်းဘူး)။ သူဆက်ပြောတဲ့ သဘောတရားတစ်ခုက ကိုယ့်ကို လှုပ်နှိုးခဲ့တယ်။ မြန်မာပြည်မြောက်ဖျား ရေခဲတောင်တွေအကြောင်း၊ အဲသည်ရေခဲတောင်တွေမှာ ပေါက်ရောက်နေတဲ့ အပင်တွေအကြောင်း၊ ရှင်သန်နေထိုင်တဲ့ သားရဲတိရစ္ဆာန်တွေအကြောင်းနဲ့ ပတ်သက်ရင် ကမ္ဘာပေါ်မှာ မြစ်ကြီးနားတက္ကသိုလ်က အသိဆုံးဖြစ်နေရမယ်တဲ့။ မြန်မာ့ပင်လယ်ကမ်းရိုးတန်းနဲ့ ပတ်သက်တာတွေ မြန်မာ့ရေပိုင်နက်နဲ့ ပတ်သက်တာတွေ သယံဇာတတွေ ငါးတွေ ရေတိမ်ရေနက်တွေအကြောင်း ပုသိမ်တက္ကသိုလ်က အသိဆုံးဖြစ်နေရမယ်တဲ့ (ခုတော့ ထားဝယ်တို့ စစ်တွေတို့မှာလည်း တက္ကသိုလ်တွေရှိနေပြီထင်တယ်)။ မြန်မာပြည်အလယ်ပိုင်းက ပေါများလှတဲ့ ထန်းပင်တွေကနေ ထန်းလျက်ချက်ရုံတင်မကပဲ ရှန်ပိန်လို ထုတ်ကုန်မျိုး ဘယ်လိုထုတ်မလဲဆိုတာမျိုး သုတေသနပြုကြရမယ်တဲ့။
.
. . . ဆရာကြီးပြောခဲ့တုန်းက ကိုယ့်နားထဲမှာ အဆန်းဖြစ်နေပြီး သဘောလည်း အတော်ကျတယ်။ ဖြစ်လည်းဖြစ်သင့်တယ်လို့ ယူဆတယ်။ ဆရာကြီးရဲ့ ပညာရေးဆိုင်ရာ သုတေသနဆိုင်ရာ သဘောတရားတွေကို ကိုယ်ဥာဏ်မီသလောက် သဘောတူခဲ့တယ်။ ဒါပေမယ့် ဒါမျိုး သဘောတရားတွေ လက်တွေ့ဖြစ်နေတာကိုတော့ ဘယ်မှာမှ မမြင်ဖူးခဲ့ဘူး။
.
အခု မြင်ဖူးပြီ
.
. . . ဘယ်မှာမြင်သလဲဆိုရင် ကိုယ်တွေကျောင်းရှိတဲ့ မြို့လေးမှာ။ ကိုယ်တို့မြို့လေးက သေးသေးလေး။ လူဦးရေလည်း သိပ်မများဘူး ဆိုပေမယ့် ကျောင်းတွေကတော့ ကိုယ်တွေအတွက် အပျံစားတွေပဲ။ အပျံစားဆိုတာ ကျောင်းအဆောက်အအုံနဲ့ ပရိဘောဂတွေကောင်းနေတာတင် ပြောတာမဟုတ်ဘူး။ ကလေးတွေကို ဘယ်လို ပြုစုပျိုးထောင်နေသလဲဆိုတာ အပျံစားလို့ပြောတာ။
.
. . . ကလေးတွေက သူတို့မြို့မှာ ဘာတွေ ဂုဏ်ယူစရာတွေရှိသလဲဆိုတာ သိတယ်။ ဘာတွေစိုက်သလဲဆိုတာသိတယ်။ စိုက်ခင်းတွေထဲကို ကိုယ်တိုင်သွားရတယ်။ ကျောင်းမှာ ကိုယ်တိုင်စိုက်ရတယ်။ ခူးချိန်တန် ကိုယ်တိုင် စပျစ်ခင်းထဲဆင်း၊ စတော်ဘယ်ရီခင်းထဲဆင်း၊ လယ်ကွင်းထဲဆင်းပြီး ခူးရတယ်။ စပါးရိတ်ရတယ်။ စပါးစိုက်ရတယ်။ အားကစားချိန် အားကစားကို ကျကျနန လုပ်ရတယ်။ ကစားချိန် ပြောင်းဆန်နေအောင် ကစားရတယ်။ ထမင်းစားပြီး သွားတိုက်ရတယ်။ သွားတိုက်နေတဲ့အချိန်မှာ သွားတိုက်ခြင်းရဲ့ ကောင်းကျိုးတွေကို အခန်းထဲမှာ ကက်ဆက်ဖွင့်ပေးထားတယ်။ ကုလားထိုင်တွေကို စားပွဲပေါ်တင်ပြီး အခန်းသန့်ရှင်းရေးလုပ်ရတယ်။ နေ့တိုင်း ကျောင်းသန့်ရှင်းရေးချိန်ရှိတယ်။ ကိုယ်တာဝန်ကျတဲ့နေရာကိုယ်လုပ်ရတယ်။ တံမျက်စည်းတွေကိုင်လို့ ရေပုံးတွေ ရေ၀တ်တွေကိုင်လို့ ကြမ်းတိုက်တဲ့သူကတိုက်၊ အိမ်သာဆေးတဲ့သူကဆေး။
.
. . . သွားကိုဘယ်လိုတိုက်ရတယ်။ အိမ်သာတက်ပြီး လက်ကိုဘယ်လိုပြောင်အောင်ဆေးရတယ်။ ထမင်းကို ဘယ်လိုစားရတယ်။ ကစားစရာတွေ ဘယ်လိုလုပ်ရတယ်။ ကျောင်းမှာ ငလျင်လှုပ်ရင် မီးလောင်ရင်၊ ကျောင်းကို အကြမ်းဖက်သမား လူဆိုးတွေရောက်လာရင် ဘယ်လိုရှောင်ရတိမ်းရမယ်၊ ဘယ်လိုပုန်းနေရမယ်၊ ဘယ်လိုလူကလူကောင်း၊ ဘယ်လိုလူက လူဆိုး။ ကလေးကို သင်ပေးထားတယ်။ လက်တွေ့လုပ်တယ်။ ကလေးတွေအတွက်က ကစားနေသလိုပဲ။ ကစားနေရင်းနဲ့ သူတို့ သိသင့်တာတွေ သိသွားကြတာ။
.
. . . ဒေသထွက် အစားအစာကို ဘယ်လိုလုပ်ရသလဲ ကျောင်းမှာ မုန့်လုပ်တယ်၊ ကလေးတွေ မလုပ်တတ်လုပ်တတ်နဲ့ ပါရတယ်။ မုန့်လုပ်တမ်းကစားကြတယ်။ ပြီးတော့ သူတို့လုပ်ထားတဲ့မုန့်ကို အိမ်ကို လက်ဆောင်ထည့်ပေးတယ်။ အဖိုးအဖွားနေ့အတွက် ကလေးက ကျောင်းမှာ ကိုယ့်အဖိုးအဖွားအတွက် လက်ဆောင် ကိုယ်တိုင် လုပ်ရတယ်။ အိမ်ပြန်ယူလာပြီး လက်ဆောင်ပေးတယ်။
.
. . . လမ်းဘယ်လိုကူးသလဲ။ ယာဉ်ထိန်းရဲကို ကျောင်းကိုခေါ်ပြီး သင်ခိုင်းတယ်။ ပြီးတော့ ကလေးတွေကို လမ်းပေါ်ခေါ်သွားပြီး လက်တွေ့ပြတယ်။ ရိုးရာဗုံတွေ ဘယ်လိုတီးလဲ ကျောင်းမှာသင်တယ်။ ကလေးတွေက ဗုံတွေတီးပြီးဆော့ကြ။ ရထားဘယ်လိုစီးလဲ ကားဘယ်လိုစီးလဲ။ အိမ်ကပန်းပွင့်လေး မူကြိုတက်တယ်နော်၊ ကလေးကို ပိုက်ဆံအိတ်လေးနဲ့ အနုတ်လေးတွေ ထည့်ပေးရတယ်။ ကားစီးဖို့တဲ့ ။ ကလေးကိုယ်တိုင် ကားတန်းစီတယ်၊ ကားပေါ်တက်တယ်။ ကျသင့်ငွေကို ကိုယ်တိုင်ပေးရတယ်။ ရထားစီးတော့လည်း အဲလိုပဲ လက်မှတ်ဘယ်လိုဝယ်လဲ ပြတယ် ကိုယ်တိုင်ဝယ်ရတယ်။ ရထားကို လက်တွေ့စီးတယ် အနီးအနားက မြို့ရွာတွေ သွားလည်ကြတယ်။
.
. . . အားစကားပြိုင်ပွဲလုပ်တယ်နော်။ အားကစားကောင်းတဲ့ ကလေးလက်တစ်ဆုပ်စာပဲ မဟုတ်ဘူး။ ကလေးတိုင်းက တစ်ခုမဟုတ်တစ်ခုမှာ ၀င်ပြိုင်ရတယ်။ အသင်းခွဲပြီး ပြိုင်တယ်။ ကလေးက ဘယ်နေရာမှာမှ ငါတော့ဝင်မလုပ်လိုက်ရလေခြင်းဆိုတာ မရှိဘူး။ နောက်ဆုံး ဥာဏ်ရည်မမီတဲ့ ကလေးတွေအတွက်တောင် အားကစားပြိုင်ပွဲ သီးသန့်လုပ်တယ်။ အားကစားအနည်းဆုံး နှစ်မျိုးလုပ်ရတယ်။ တစ်ကိုယ်တော်အစွမ်းပြရတဲ့ အားကစားနဲ့ အသင်းလိုက်ပူးပေါင်းဆောင်ရွက်ရတဲ့ အားကစား။
.
. . . ပြောရရင်တော့ အများကြီးပဲ။ ကိုယ်တိုင်သွားလေ့လာပြီး တွေ့ခဲ့တာတွေရယ် ကိုယ့်သမီးလုပ်ခဲ့ရတာတွေရယ်ကို တစ်စွန်းတစ်စ သိရတာတွေပဲပြောပြတာ။ စာတွေ့တွေမဟုတ်ဘူး။
.
. . . ကောင်းပြီ ။ ဂျပန်လိုနိုင်ငံမျိုး တိုးတက်တယ်၊ ပိုက်ဆံတတ်နိုင်တယ်။ လုပ်နိုင်မှာပေါ့လို့ပြောချင်ပြောမယ်။ မှန်တော့မှန်တယ်အပြည့်မမှန်ဘူး။ အခု အထက်က ပြောခဲ့တဲ့ သဘောတရားတွေထဲမှာ ပိုက်ဆံတွေ အများကြီး ပိုသုံးစရာမလိုပဲ လုပ်လို့ရတာတွေ အများကြီးပါတယ်။ မိဘနဲ့ ဆရာတွေရဲ့အမြင်သဘောထား နည်းနည်းပြောင်းရင်တောင် အလုပ်ဖြစ်မယ့်ကိစ္စတွေ အများကြီးပဲ။
.
. . . ကိုယ်တွေဘိုးဘွားတွေ လယ်လုပ်တယ်။ လယ်လုပ်တယ်ဆိုတာ ဂုဏ်ယူရကောင်းမှန်းက တောင်သူလယ်သမားနေ့စာစီစာကုံးလောက်မှာပဲ ပါတာမဟုတ်လား။ စပါးစိုက်တယ်ဆိုတာ ဘယ်လိုဘယ်ချမ်းသာ၊ အခက်အခဲတွေကဘာ၊ ပိုကောင်းအောင် လုပ်နိုင်တာတွေကဘာ၊ တို့နယ်မှာ စိုက်တဲ့စပါးတွေကဘာ စသည်ဖြင့် ဘယ်ကျောင်းမှာများ တခုပ်တရ ထည့်ပြောခဲ့လို့လဲ။ ကိုယ်တွေနယ်မှာဆို ကြံတွေစိုက်တယ်၊ ပဲတွေစိုက်တယ်။ မုန့်ဟင်းခါးဖို သုံးဖိုလောက်ရှိတယ်။ မုန့်လက်ဆောင်းကောင်းကောင်းရှိတယ်။ စိန်ပန်းနီနီတွေရှိတယ်။ ကားလမ်းဘေးက အရိပ်ကောင်းတဲ့ ကုက္ကိုပင်တန်းကြီးတွေရှိတယ်။ ဂုဏ်ယူလောက်ဆရာ ဆရာကြီးတွေရှိတယ်။ တစ်နယ်လုံးက အားကိုးရတဲ့ ဆရာဝန်တွေရှိတယ်။ ကြည်ညိုလေးစားရတဲ့ ဆရာတော်ဘုရားကြီးတွေရှိတယ်။ နှစ်စဉ်ကျင်းပတဲ့ ဘုရားပွဲတော်တွေရှိတယ်။ အတုယူစရာကောင်းတဲ့ မိသားစုတွေရှိတယ်။ အားကစားသမားတွေရှိတယ်။ ဆိုရှယ်လစ်ခေတ်လက်ကျန် တစ်နေ့တစ်နေ့ တန်နဲ့ချီပြီး ကြိတ်ခွဲပေးနိုင်တဲ့ ဆန်စက်ကြီးရှိတယ်။ ၀က်လာအင်းဆိုတဲ့ ကန်ကြီးရှိတယ်။ အင်းကြီးရှိတယ်။ နောက်ထပ်အများကြီးရှိသေးတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ သေချာသိအောင်လုပ်တာ ပြောပြတာ ဆွေးနွေးတာ၊ ချစ်တတ်အောင် ဂုဏ်ယူတတ်အောင် လေးစားတတ်အောင် အားကျအတုယူချင်အောင် လက်ဆင့်ကမ်းထိန်းသိမ်းချင်အောင် ရေရှည်တည်တံ့အောင် စသည်ဖြင့် ဘယ်လူကြီးမိဘတွေက တခုပ်တရ စိတ်ကူးခဲ့ဖူးသလဲ။ ဘယ်ကျောင်းသင်ရိုးကရော သင်ပေးဖူးခဲ့သလဲ။
.
. . . ရွာမှာ ကိုယ်တွေငယ်ငယ်က ပုံပြောအင်မတန်ကောင်းတဲ့ အမေငွေခင်ဆိုတဲ့ အဘွားတစ်ယောက်ရှိခဲ့ဖူးတယ်။ အမေငွေခင့်ကို ကျောင်းကိုဖိတ်ပြီး ကလေးတွေကို ပုံပြောပြခိုင်းဖို့ ဘယ်သူများ စိတ်ကူးခဲ့ဖူးသလဲ။ အမေငွေခင်တို့ လက်ဆင့်ကမ်း နုတ်တိုက်မှတ်လာခဲ့တဲ့ ရွာနဲ့ပတ်သက်တဲ့ အတိတ်တွေ တဘောင်တွေကို ယဉ်ကျေးမှုအမွေအနှစ်အဖြစ် မှတ်တမ်းတင်ထားဖို့ ဘယ်သူများ စိတ်ကူးမိခဲ့ကြဖူးသလဲ။ ကျောင်းကျန်းမာရေးနဲ့ ပတ်သက်ရင် တစ်နယ်လုံးက အားထားရတဲ့ ဒေါက်တာခင်ဌေးဝင်းတို့ ဒေါက်တာခင်မောင်ရင်တို့ကို ဖိတ်ပြီး ကလေးတွေကို ပညာပေးဟောပြောခိုင်းဖို့ ဘယ်သူများ စိတ်ကူးမိခဲ့ဖူးသလဲ။ အင်းသာရွာ မြောက်ကျောင်းနားက ဟိုးအရင်ကတည်းက ရှိခဲ့တဲ့ နတ်ရေတွင်းအကြောင်းရော မှတ်တမ်းတင်ထားကြပြီးပြီလား။ ထိန်းသိမ်းကြဖို့ စိတ်ကူးကြပြီးပြီလား။ စိတ်ကူးမိခဲ့တဲ့သူတွေလည်း ရှိရင်ရှိမှာပေါ့လေ။အကန့်အသတ်တွေကြားမှာ လုပ်ခွင့်မသာခဲ့တာလည်း ဖြစ်ရင်ဖြစ်မှာပေါ့
.
. . . ဒီစာမှာ အဓိကပြောချင်တဲ့ အကြောင်းအရာက ကလေးတစ်ယောက်ဟာ သူ့မြို့သူ့ရွာနဲ့ ပတ်သက်ပြီး စိတ်ဝင်စားအောင် ချစ်တတ်အောင် ဂုဏ်ယူတတ်အောင် ပိုပြီးကောင်းအောင်လုပ်ချင်တဲ့ စိတ်ကလေးတွေ အမြစ်တွယ်လာအောင် လေးစားထိုက်သူတွေ ထူးချွန်ထက်မြက်သူတွေကို အားကျအတုယူချင်လာအောင် မြို့ဂုဏ်ရွာဂုဏ်ကို ပိုပြီးမြှင့်တင်နိုင်တဲ့သူလေး ဖြစ်လာအောင် ပညာရေးကဏ္ဍက အရေးပါတဲ့အကြောင်းကို ပြောပြတာပါ။ ပညာရေးကဏ္ဍဆိုလို့လည်း ကျောင်းကပဲ သင်ပေးရမယ်လို့လည်း မဆိုလိုပါဘူး။ မိဘတွေ ရပ်မိရပ်ဖတွေကပါ ၀ိုင်းဝန်းပူးပေါင်း ပံ့ပိုးကြဖို့ အရေးကြီးတဲ့အကြောင်း မီးမောင်းထိုးပြချင်တာပါ။
.
. . . ဆရာကြီးဦးအောင်သန်းရဲ့ လေသံနဲ့ ပြောရရင် အင်းသာရွာအကြောင်း အသိဆုံးက အင်းသာစာသင်ကျောင်းကဆင်းလာတဲ့ သူတွေဖြစ်ရမယ်။ အင်းသာရွာကို ချစ်တယ်ဆိုတာ ပါးစပ်နဲ့ ချစ်နေရုံနဲ့မပြီးဘဲ ကိုယ့်မြို့ကိုယ့်ရွာ တိုးတက်သာယာဖို့ ကိုယ့်ရဲ့နောက်မျိုးဆက်တွေ ပိုပြီး ထူးချွန်ထက်မြက်ဖို့ လက်တွေ့ကျတဲ့ ချစ်နည်းတွေနဲ့ ချစ်တတ်အောင် စာသင်ကျောင်းတွေက အများကြီး လုပ်ပေးလို့ရတယ်ဆိုတာ ပြောချင်တာ
.
ဗိုလ်ကောင်း
၂၁ မေ ၂၀၁၈
.
ဓာတ်ပုံ - ကျွန်တော်နေခဲ့တဲ့ မူလတန်းကျောင်း (အခုအထက်တန်းကျောင်း) ဆရာကန်တော့ပွဲပထမအကြိမ် ဖြစ်မြောက်အောင် လက်တွေ့ကျကျ လုပ်ခဲ့ကြတဲ့ ကျွန်တော့်သူငယ်ချင်းတွေနဲ့ ညီငယ်ညီမငယ်တွေထဲက တစ်ချို့။ သူတို့က ရွာမှာနေပြီး ရွာအကျိုးကို ထိထိရောက်ရောက် လုပ်နိုင်ကြတယ်။ ကိုယ်တွေက ဘယ်ဘက်ကမှ ဘာမှ မလုပ်ပေးနိုင်တာ တာဝန်မကျေသလိုဖြစ်နေတယ်။ ဒီလိုသူငယ်ချင်းတွေ ညီငယ်ညီမငယ်တွေရှိလို့သာ အင်းသာမူလတန်းကျောင်းထွက်တစ်ယောက်အနေနဲ့ ပိုပြီး ဂုဏ်ယူနိုင်တာပါ
.
ရန်ကုန်တက္ကသိုလ်ကျောင်းတော်သားဘ၀က ပညာရေးဝန်ကြီးဆရာကြီးဦးသန်းအောင်ရဲ့ ပညာရေးသဘောတရားတွေရေးထားတဲ့စာအုပ်ကို ဖတ်ဖြစ်အောင် အားပေးတိုက်တွန်းခဲ့တဲ့၊ ကျွန်တော့်ကို လက်ဖက်ရည်အမြဲတိုက် တစ်ခါတစ်လေ ဆိုင်မှာခေါ်ပြီး ထမင်းကောင်းဟင်းကောင်းကျွေးလေ့ရှိတဲ့ ကျွန်တော့်ဆရာဦးကြည်ရွှင် Kyi Shwin ကို ကျေးဇူးတင်ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment