Monday 30 November 2020

Be Savage Again


.
. . . ကိုယ်တွေ တတိယနှစ်ရောက်တော့ မန်းလေးတက္ကသိုလ်က ပြောင်းလာတဲ့ ဆရာမ ဒေါ်အေးဝင်းက ကဗျာသင်တယ်၊ အီးမေဂျာရဲ့ ပထမဆုံး ကျောင်းသားတွေဖြစ်တာကြောင့်မို့ ကဗျာသင်ရိုးမှာ ဘယ်ကဗျာတွေ သင်ရမလဲ ဆိုတာ သတ်မှတ်ပြဌာန်းထားပုံမရဘူး၊ ဆရာမကလည်း အသစ်ဆိုတော့ ကောင်းနိးရာရာ စိတ်ကြိုက်ရွေးသင်ပေးပုံပေါ်တယ်၊ ဆရာမ သင်ပေးခဲ့တဲ့ ကဗျာထဲမှာ စိတ်ထဲ အခုထိ စွဲပြီး မှတ်မိနေတဲ့ ကဗျာ နှစ်ပုဒ်ရှိတယ်၊ တစ်ပုဒ်က The Highwayman ဆိုတဲ့ အချစ်ကဗျာ၊ ဇာတ်ကြောင်းပုံစံနဲ့ ရေးထားပြီး ကြေကွဲစရာနဲ့ အဆုံးသတ်သွားတဲ့ အချစ်ကဗျာရှည်၊ နောက်တစ်ပုဒ်က အားငယ်နေတဲ့သူကို အားပေးတဲ့ ရဲဆေးတင်ပေးတဲ့ ကဗျာလေး၊ အခုပြောမှာက ဒုတိယတစ်ပုဒ်၊ ဟိုအချစ်ကဗျာအကြောင်းကတော့ နောင်အခါ စိတ်ကူးပေါက်ရင် ပြောပြမယ်
.
. . . လူ ဆိုတဲ့အမျိုးက ဘဝမှာ တစ်ကွေ့မဟုတ် တစ်ကွေ့ အားငယ်စရာ စိုးရွံ့စရာ စိတ်ပျက်စရာတွေနဲ့ ကြုံရတတ်တယ်၊ အာ့လို ကြုံရပြီဆို အသာလေး အမြီးကုပ်ပြီးနေမလား၊ ရင်ကော့ခေါင်းမော့ပြီး ထွက်ရင်ဆိုင်မလား၊ အခုပြောမယ့် ကဗျာကတော့ စိုးရွံ့စရာ ကြောက်စရာ ထိတ်စရာတွေ ကြုံရတဲ့အခါ ငြိမ်ပြီးကုပ်ပြီး ကြောက်မနေဘဲ ရင်ကော့ခေါင်းမော့ ရဲရဲကြီး ထွက်ရင်ဆိုင်လိုက်ဖို့ အားပေးတယ်
.
. . . ကဗျာ ခေါင်းစဉ်က “မင်း ကြောက်နေတာလား” Do You Fear the Force of the Wind တဲ့၊ ခေတ်စကားနဲ့ ပြောရရင်တော့ သားကြီး မင်း ဇ မရှိဘူးလားဟျောင့် ပေါ့၊ ကဗျာရဲ့ အပေါ်ဆုံး နှစ်ကြောင်းက လေတွေထန်၊ မိုးတွေသည်း၊ မိုးထဲရေထဲမှာ ဆိုပေမယ့် ကဗျာကို ဆက်ဖတ်ကြည့်တဲ့အခါ မိုးထဲရေထဲ ရောက်နေတဲ့ လူတစ်ယောက် ဆိုတာထက် အဆိုးလောကဓံတွေ ကြုံနေရလို့ စိတ်ပျက်အားလျော့နေတဲ့ လူတစ်ယောက်ကို ရည်စူးရေးထားတဲ့ ကဗျာဆိုတာ ဆက်ဖတ်ကြည့်မှ သိရတယ်
.
. . . တတိယအကြောင်းက စပြီး အားပေးတဲ့ တစ်နည်းအားဖြင့် ရင်းနှီးချစ်ခင်ကြသူချင်း နှလုံးသားချင်း နီးကြသူချင်း အားပေးတဲ့ စကားသံတွေကို စပြီး ကြားရတယ်၊ ဟျောင့် သားရီး မင်း ဇ မရှိဘူးလား၊ ဒါလောက်လေးကို ဘာဖြစ်နေတာလဲ မင်း ငြိမ်ကုပ်မနေနဲ့ ဟျောင့် လုပ်စရာရှိတာ လုပ်ပစ်လိုက်စမ်း ဆိုတဲ့ လေသံမျိုးတွေ တွေ့ရတယ်
.
. . . နှစ်ပိုဒ်ပဲ ရှိတဲ့ ကဗျာထဲ ဒုတိယပိုဒ်မှာတော့ ပိုပြီးကြမ်းလာတယ်၊ ဆာလောင်မွတ်သိပ်နေတဲ့ မြေခွေးလို ဝံပုလွေလို မင်းကြမ်းပစ်လိုက်စမ်း၊ အစာရှာနေတဲ့ ကြိုးကြာငှက်လို လျှောက်သွားနေစမ်း၊ မင်းလက်ဖဝါးတွေ ကြမ်းတမ်းပါစေ လုပ်စရာရှိတာ လုပ်ပစ်လိုက်စမ်း၊ မင်း အသားတွေ နေလောင်ပြီး ညိုညစ်နေပါစေ နေပူပူကို ခံပစ်လိုက်စမ်း၊ မင်းကိုယ်မင်း ညှာတာ မနေနဲ့ ကြမ်းစရာရှိတာ ကြမ်းပစ်လိုက်စမ်း ဆိုပြီး ချစ်တဲ့ သူငယ်ချင်း ရဲဘော်ရဲဘက်ကို အားပေးသလိုမျိုး၊ မင်းယောက်ျားမဟုတ်ဘူးလား မင်း အရင်က ဒီလို မဟုတ်ပါဘူး ဆိုတဲ့ လေသံမျိုးတွေကို ကဗျာထဲမှာ ဆက်ပြောထားပါတယ်
.
တော်ပြီ ဒီလောက်ပဲ၊ သေချာ ခံစားချင်ရင် မူရင်းကဗျာကို ကွကိုယ် ဆက်သာဖတ်ပေရော့
.
Photo : လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်တိတိ သက္ကရာဇ် ၂၀၀၀ တုန်းက ကိုယ့်လက်ရေးနဲ့ကိုယ့်အချစ်ဆုံး သူငယ်ချင်းဆွဲပေးထားတဲ့ပုံ
.
ဗိုလ်ကောင်း
၃၀ နိုဝင်ဘာ ၂၀၂၀

Tuesday 24 November 2020

ခါးနာပျောက်



. . . တစ်ရက်ကို ခြေလှမ်းနဲ့ဆို ရှစ်ထောင်၊ ပြေးဖြစ် လမ်းလျှောက်ဖြစ်ရင် ခြောက်ကီလိုလောက်တော့ အနည်းဆုံး အလေ့အကျင့်ရှိခဲ့တဲ့သူက ပြီးခဲ့တဲ့ တစ်ပတ်လုံးလုံး လမ်းမလျှောက် မပြေးတဲ့အပြင် တစ်ရက်ကို ဆယ့်နှစ်နာရီလောက် စာကြည့်စားပွဲမှာ ကျောက်ချပြီးထိုင်နေခဲ့ပြီးတဲ့နောက်မှာ ခါးက တော်တော်ကို နာလာတယ်။ နာတာမှ တော်တော်ကိုနာတာ၊ ကုလားထိုင်လက်တင်တန်းကို လက်နဲ့ အားပြုပြီးမှ ထိုင်လို့ ထလို့ရတယ်၊ အိပ်ယာထဲ ဆိုရင်လည်း အိပ်ဖို့ ပြန်ထဖို့ တော်တော်ကို အားယူရတယ်၊ အထိုင်အထ အလှဲအချတွေမှာ တကျွတ်ကျွတ်နဲ့ စုပ်သပ်နေရတော့ ငါတော့ သွားပါပြီလို့ တွေးမိတယ်
.
. . . အရင်တုန်းက လူကြီးတွေ လုပ်လေ့ရှိတဲ့အပြုအမူမျိုး အထိုင်နှေး အထနှေးတာမျိုး အခု ငါကိုယ်တိုင် ခံစားနေရပါပြီလား ဇရာက ငါ့ကို ဖိစီးနှိပ်စက်လေပြီတကားဆိုပြီး သံဝေဂတွေဘာတွေတောင် ရချင်ချင်ဖြစ်သွားတဲ့အချိန်မှာ
.
. . . ညီလေး ဒီလေ့ကျင့်ခန်းလေးတွေ လုပ်ကြည့်ဆိုပြီး အစ်ကိုကြီးတစ်ယောက်က ပုံလေးတွေနဲ့ ပြပေးတဲ့လေ့ကျင့်ခန်းကို ချက်ချင်းပဲ လုပ်ကြည့်တော့ တော်တော်သက်သာလာတာ၊ အဲဒီ လေ့ကျင့်ခန်းကိုပဲ အခု ရက်ဆက်ပြီး မနက်အိပ်ယာထလုပ်၊ စာကြည့်ရင်းညောင်းရင်လုပ်၊ ရေချိုးခါနီးလုပ်၊ ည အိပ်ခါနီးလုပ်နဲ့ အခုဆို ခါးနာတာ ပျောက်သွားတဲ့အပြင် အရင့်အရင်တုန်းက အထိုင်အထ သတိထားနေရတာတောင် မရှိတော့သလိုပဲ
.
. . . လေ့ကျင့်ခန်းပေးတဲ့ အစ်ကိုကြီးအောင်မျိုးထိုက်ကို တကယ်ကို ကျေးဇူးတင်မိတယ်၊ စိတ်ကူးနေတာက ဒီတစ်ပတ် စောင့်ကြည့်လို့မှ မသက်သာရင် ဆေးရုံပြေးတော့မလို့၊ ဒါပေမယ့် လေ့ကျင့်ခန်းက တော်တော်သင့်သင့် မှန်မှန်ကန်ကန်လုပ်လိုက်တော့ ခါးနာတာလည်းပျောက်၊ အထိုင်အထသွက်၊ အိပ်ယာလှဲအိပ်ယာထ သွက်
.
. . . တကယ်တော့ ဒီလို လေ့ကျင့်ခန်းမျိုး ဆရာကိုရေးရဲ့ ယောဂကလပ်မှာကတည်းက အကျွမ်းတဝင် ရှိခဲ့ပြီးသား၊ အဲသည်တုန်းကလည်း ဆရာက ပြောပြခဲ့တယ် အခု ယောဂပုံစံတွေက ခါးနာတာ ကျောအောင့်တာတွေကို သက်သာပျောက်ကင်းတဲ့ လေ့ကျင့်ခန်းတွေဆိုတာ ကိုယ်တွေလည်း တစ်ခါမှ ခါးနာကျောအောင့် မဖြစ်ဖူးတော့ ဆရာ့လေ့ကျင့်ခန်းတွေကို မေ့တောင်နေတာ၊ အခု တကယ်ခံစားရပြီဆိုတော့မှ ဒီလိုယောဂပုံစံတွေ တကယ်ကို ထိရောက်ပါလားဆိုတာ ပွဲတွေ့ပါပဲ
.
. . . ဒီလို လေ့ကျင့်ခန်းပုံစံတွေ ကိုယ်လေးစားချစ်ခင်ရတဲ့ အစ်ကိုကြီးက ပြောပြတာသာ မဟုတ်ဘူးဆိုရင် လုပ်ရဲမယ် မထင်ဘူး၊ ကိုယ်တွေ မိရိုးဖလာက တစ်ခုခု နာနေတယ်ဆို ငြိမ်နေရတဲ့ အမျိုးကိုး၊ အခု လေ့ကျင့်ခန်းများတော့ ခါးနာပါတယ်ဆို ခါးကို လိမ်ခိုင်းတယ်၊ ကော့ခိုင်းတယ်၊ ကွေးခိုင်းတယ်၊ လှုပ်ခိုင်းတယ် နည်းအမျိုးမျိုးနဲ့ကို ခါးကို အလုပ်ပေးနေတော့တာကိုး၊ အစ်ကိုကြီးက ပေးလို့ လုပ်ကြည့်ရတယ် ဆိုပေမယ့် လုပ်ရတာ ခပ်လန့်လန့်ရယ်၊ မသိရင်ပဲ ခါးနာပိုဆိုးသွားမလားလို့ ထင်စရာ အကွက်တွေ
.
. . . ဒါပေမယ့် အစ်ကိုကြီးပေးလိုက်တဲ့ ပုံတွေ ရရချင်း ချက်ချင်းပဲ ခုတင်တစ်လုံးပေါ်တက်ပြီး လုပ်ကြည့်လိုက်တော့ တော်တော်ကို သိသိသာသာ သက်သာသွားတာမို့ ယုံကြည်မှု တော်တော်ရှိသွားတယ်၊ အချိန်နည်းနည်းခြားပြီး ဆက်လုပ်တယ်၊ အိမ်မှာလုပ်တယ် ဟော အခုကျတော့ သူမဟုတ်တော့သလိုပဲ ပျောက်သွားချက်
.
. . . တကယ်တော့ ကိုယ်တွေနာတဲ့ ခါးနာနည်းက ခါးရဲ့အရင်းပိုင်း ခါးနဲ့ တင်ပဆုံဆက်တဲ့ နေရာမှာရှိတဲ့ ကြွက်သားတွေ အလုပ်မလုပ်ဘဲ ငြိမ်နေလို့ အညောင်းမိပြီးနာတာ၊ စဉ်းစားကြည့် သာမန်အားဖြင့် တစ်ကိုယ်လုံးမှာ အဲသည်နေရာက ဘာအလုပ်မှ မရှိတဲ့နေရာ၊ ထိုင်တာရယ် ထတာရယ် အိပ်ယာထဲ လှဲတာရယ် လှဲနေရာက ပြန်ထတာရယ် အချိန်ကလွဲရင် အဲသည်ကြွက်သားတွေက သိပ်ပြီး အသုံးဝင်ပုံမရဘူး၊ ခါတိုင်းတော့ ထိုင်လိုက်ထလိုက် တတောက်တောက်လျှောက်လိုက်ဆိုတော့ အဲသည်ကြွက်သားတွေ အလုပ်လုပ်နေရပေမယ့် အခုလို တစ်ပတ်လောက် နင်းကန်စွတ်ထိုင်ပစ်လိုက်တော့ အကြောတွေ ဆိုင်းပြီး ခါးက နာရော
.
. . . အလုပ်များလွန်းရင်လည်း ဒဏ်ပိပြီး နာတတ်သလို ဘာသောက်လုပ်မှ မလုပ်ရင်လည်း အညောင်းမိပြီး နာတတ်ပါလားဆိုတာ
.
ဗိုလ်ကောင်း
၂၄ နိုဝင်ဘာ ၂၀၂၀

Saturday 21 November 2020

ကျားမ

. . . ကိုယ် အလယ်တန်းကျောင်းသားဘဝက မန်းလေးကို သွားလည်ရင်း အကြောင်းအားလျော်စွာ မိန်းကလေး သီးသန့်ကျောင်းတစ်ခုကို ရောက်သွားဖူးတယ်။ ကိုယ့်အကိုက အာ့ကျောင်းကို ပစ္စည်းတစ်ချို့သွားပို့တော့ သူ့ကားလိုက်စီးရင်း ရောက်ဖူးတာ။ မြန်မာပြည်မှာ ဒီလို ကျားမ သီးသန့်ကျောင်းတွေလည်း ရှိပါလားဆိုတာ ပထမဆုံး သိလိုက်ရတဲ့အချိန်ပဲ
.
. . . ကိုယ့်သမီးကို ဟိုဟိုဒီဒီ ကိစ္စတွေ စိုးရိမ်လို့ဆိုပြီး ဒီလိုကျောင်းမျိုးမှာ ထားမလားဆိုရင်တော့ မထားဘူးလို့ဘဲ ဖြေရမယ်။
.
. . . လောကကြီးမှာ ကင်းလို့မရတဲ့ သဘာဝတရားကို လျစ်လျှူရှုလိုက်ရင် ကိုယ့်သမီးအတွက် သူ့အရွယ်တန် သိသင့်သိထိုက်တာကို သိခွင့်မရအောင် ပိတ်ပင်လိုက်ရာပဲရောက်မှာမို့ မိန်းကလေး ယောကျ်ားလေး ရောနှောနေရတဲ့ ကျောင်းမှာပဲ သမီးက နေပါစေ၊ ယောက်ျားလေးဆိုတာ အထူးအဆန်းသတ္တဝါကြီးဖြစ်ပြီး အကြောင်းလည်းမသိ မပတ်သက်ရဲ ယောက်ျားတွေရှေ့ရောက်ရင် အရှက်အကြောက်တွေကြီးပြီး ခေါင်းကြီးငုံ့နေမယ့် လူအ လူကြောက် မဖြစ်စေချင်
.
. . . နေပြည်တော်ကျောင်းကိစ္စ အင်တာဗျူးမှာ ကလေးတွေကို အတန်းထဲက အက်တီဗတီတွေ လုပ်တဲ့အခါ ကျားမ ခွဲခြားပြီး သတ်သတ်စီ ဆော့ခိုင်းတယ်တဲ့ ။ ကိုယ်သာ အာ့ကျောင်းက ကျောင်းသားမိဘဆိုရင် ဒီအချက်ကို ကန့်ကွက်မိလိမ့်မယ်
.
. . .ကိုယ့်ကလေးကို စိုးရိမ်လို့ဆိုပြီး မတူတဲ့လိင်တွေနဲ့ ဝေးဝေးထားမလား ထိတွေ့မှုပေးထားမလားဆိုတာ မိဘတွေ စဉ်းစားမိကြဖို့



61Aung Myo Htike, Winwin Tin and 59 others
3 Comments

Like




Comment


Share

Thursday 19 November 2020

အလှဆုံးသစ်ပင်



. . . ဂျပန်နိုင်ငံ အလယ်ပိုင်းလောက်ရဲ့ အနောက်ဘက်ကမ်းခြေမှာ နိဂတ ဆိုတဲ့ ခရိုင်တစ်ခုရှိတယ်၊ ဂျပန်လို県 လို့ရေးပြီး အင်္ဂလိပ်လို Prefecture လို့ဆိုတဲ့ အဲသည်စီရင်စုကို မြန်မာလို တိုက်ရိုက်ပြန်စရာမရှိလို့ တစ်ခါတစ်လေလည်း ပြည်နယ်ခေါ်လိုက် တစ်ခါတစ်လေလည်း ခရိုင်ခေါ်လိုက်ပေါ့၊ ပြည်နယ်ပဲခေါ်ခေါ် ခရိုင်ပဲခေါ်ခေါ် သူတို့ဒေသန္တရအစိုးရတွေရဲ့ လုပ်ပိုင်ခွင့်က ကိုယ်တွေမြန်မာပြည်မှာဆို စိတ်ကူးတောင် ယဉ်ကြည့်လို့မရတဲ့ အတိုင်းအတာတစ်ခုအထိ များများစားစား ရှိတာကို သိရတဲ့အခါ ပြည်ထောင်စုနိုင်ငံက နိုင်ငံသားတစ်ယောက်ဖြစ်တဲ့ ကိုယ်ဟာ တစ်ပြည်ထောင်နိုင်ငံလို့ လူတွေသိကြတဲ့ ဂျပန်လိုနိုင်ငံမျိုးရဲ့ မြို့နယ်အဆင့်လောက် အသေးဆုံး အုပ်ချုပ်မှု ယူနစ်ကလေးရဲ့ လုပ်ပိုင်ခွင့်နဲ့ ဥပဒေပြုခွင့်တွေကို အားကျပါးကျ ရှိခဲ့မိတယ်
.
. . . မြေပြန့်လွင်ပြင်ရှားပါးလှတဲ့ ဂျပန်နိုင်ငံမှာ နှင်းတောင်တွေပေါ်က နှင်းပျော်ရည်တွေနဲ့ စီးဆင်းနေတဲ့魚野川 (အွန်နုမြစ်) တစ်လျှောက် တောင်တန်းတွေ ဝန်းရံနေတဲ့ လွင်ပြင်ထဲက南魚沼 (မီနာမီအွန်နူမာ) ဆိုတဲ့ မြို့လေးမှာ ကိုယ်နေခဲ့တာပေါ့။ ဂျပန်ရဲ့ ဂန္တဝင်ဝတ္ထု雪国 (နှင်းပွင့်တိုင်းပြည် ယူကီဂူနီ) ဇာတ်အိမ်တည်ရာ ကိုယ်တွေနေတဲ့ နေရာလေးကို八色 (ယာအီရို) လွင်ပြင်လို့ခေါ်ပြီး တစ်နှစ်ပတ်လုံးမှာ ပန်းအရောင်ရှစ်မျိုး ပွင့်တယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ ဒီလိုနာမည်တွင်တာ ဖြစ်ပါသတဲ့။ ဒီဒေသရဲ့ နာမည်ကျော် ထွက်ကုန်သုံးမျိုးကတော့ တောင်ပေါ်က နှင်းပျော်ရည်တွေသောက် လယ်မြေတွေကထွက်တဲ့越光 (ကိုရှီဟီကာရီ)ဆန်၊ အဲသည် ဆန်ကို တစ်ဆောင်းလုံးကျတဲ့နှင်းတွေကို စုဆောင်းထားပြီး တစ်နှစ်ပတ်လုံး သဘာဝ နှင်းအအေးဓာတ်သက်သက်နဲ့ ချက်လုပ်တဲ့八海山 (ဟာကိုင်းစံ) ဆာကေး၊ နဲ့ ယာအီရို ရှစ်ရောင်ခြယ်လွင်ပြင်ကို အစွဲပြုပြီး နာမည်ပေးထားတဲ့八色スイカ ရှစ်ရောင်ခြယ်ဖရဲသီး တို့ဖြစ်ပါတယ်။
.
. . . ကိုယ်တွေရဲ့ ယာအီရိုလွင်ပြင်ကြီးက တစ်နှစ်ပတ်လုံး ပွင့်တဲ့ ပန်းတွေ အရောင်ရှစ်မျိုးပြည့်မပြည့် သေချာမသိပေမယ့် ကိုယ်တို့လွင်ပြင်ကြီးရဲ့ အနားသတ် တောင်တန်းတွေကတော့ တစ်ရာသီကို အရောင်တစ်မျိုးနဲ့ နည်းမျိုးစုံ လှနေတာပေါ့။ ဆောင်းရာသီ နှင်းတွေကျပြီလားဆိုမှဖြင့် ဘေးပတ်လည်က တောင်တန်းတွေအားလုံး နှင်းတွေအပြည့်ဖုံးပြီး နွေရာသီ နှင်းတွေပျော်တော့လည်း တစ်ဆောင်းလုံး နှင်းအောက်မှာ ပုန်းနေခဲ့တဲ့ ပန်းရောင်စုံ အလုအယက်တိုးထွက်ပွင့်ပြူကြနဲ့၊ တစ်ခါ ပန်းတွေပွင့်ချိန်ကုန်လို့ နွေစူးစူးကို ရောက်ပြီဆိုရင်လည်း ဟိုတစ်ချိန်ဆောင်းကာလ နှင်းတွေ လူတစ်ရပ်လောက်ဖုံးပြီး ရေခဲမှတ်အောက်ကျအောင် အေးလေ့ရှိတဲ့ ဒီအရပ်ဟာ မယုံကြည်ရလောက်အောင် ပူတဲ့ နေရောင်အောက်မှာ သစ်ပင်သစ်တောတွေ စိမ်းစိမ်းမြမြနဲ့ ဝေစည်နေပြန်ရော တဲ့
.
. . . နေ့တာတွေ တဖြည်းဖြည်းတို နွေရာသီအလှည့်ပြီး ဆောင်းဦးကာလ ရောက်ပြီဆိုရင် အအေးဓာတ် ပိုလာတာနဲ့အတူ သစ်ပင်တွေက အရောင်ပြောင်းကြတော့တာပါပဲ၊ စိမ်းစိမ်းစိုစိုနဲ့ အပင်အတွက် အစာချက်ဖို့တာဝန်ကို တစ်သက်တာထမ်းဆောင်ခဲ့တဲ့ သစ်ရွက်လေးတွေဟာ ဆောင်းရဲ့အကြိုဝင်လာတဲ့ အအေးဓာတ်လေးတွေနဲ့အတူ စိမ်းရာက ဝါ၊ ဝါရာက နီ ၊ နီရာက ညိုပြီး ဘဝရဲ့ နောက်ဆုံးအချိန်မှာ အရောင်အမျိုးမျိုးပြောင်း လောကကြီးကို အစွမ်းကုန်သောခြယ်သခြင်းမျိုးနဲ့ အလှဆင်ပြီးတဲ့အခါ အပင်ပေါ်မှာ တစ်ရွက်မှ မကျန်ရအောင် ကြွေပေးကြရရှာလေတယ်
.
. . . ဆောင်းဦးရာသီနှောင်းပိုင်း သစ်ပင်တွေက သစ်ရွက်တွေအားလုံး စွန့်ပြီးကြချိန်မှာ အရိုးပြိုင်းပြိုင်းဖြစ်နေတဲ့ တောတွေတောင်တွေထဲ မြင်မြင်ကရာက ဘဝအတွက် မတည်မြဲသော သံဝေဂတရားတွေ ယူတတ်မယ်ဆိုရချင်စရာပေါ့၊ ဒါမှမဟုတ်ရင်လည်း အရင်တုန်းက စိမ်းစိမ်းမြမြနဲ့ ဝေစည်နေတဲ့ တော၊ နောက်ပြီး မကြွေခင်ကာလ ခဏလေး အရောင်ပြောင်းပြီး လှပနေခဲ့တဲ့ တောကြီးက အခုကျတော့လည်း အရိုးပြိုင်းပြိုင်းနဲ့မို့ ကြည့်ရတာ စိတ်ပျက်ညစ်ညူးစရာကြီးလည်း ဖြစ်ချင်ဖြစ်ရပြန်တာ
.
. . . ဒါပေမယ့် ဒီလို စိတ်ပျက်စရာတွေအတွက် ဖြေသိမ့်အားတက်စရာလည်း ရှိပါသေးတယ်၊ အဲဒါကတော့ နွေနွေ ဆောင်းဆောင်း ရာသီတွေ ဘယ်လိုပြောင်းပြောင်း နေတွေပူပူ နှင်းတွေကျကျ ဘယ်လိုသော အခြေအနေမျိုးမှာမှ တစ်ခြားအပင်တွေ အရွက်တွေဝေစည်နေလို့လည်း ထူးပြီးဝေစည်မပြ၊ တစ်ခြားအပင်တွေ အရောင်ပြောင်းလို့လည်း ထူးပြီးအရောင်မပြောင်း၊ တစ်ခြားအပင်တွေ အရွက်ခြွေတော့လည်း ထူးပြီးအရွက်မခြွေတဲ့ ထင်းရှူးပင်ကြီးတွေကတော့ လောကကြီးရဲ့ အပြောင်းအလဲတွေက သူနဲ့ မဆိုင်သလိုပ၊ နောက်ဆုံး ဆောင်းခေါင်ခေါင်ရောက်လို့ အပင်ကြီးသာ နှင်းအောက်ကို ဖုန်းချင်ဖုန်းသွားမယ် သူ့ရဲ့ အရွက်ချွှန်ချွှန်လေးတွေကို အမြဲထိန်းသိမ်းပြီး အပြောင်းအလဲဖြစ်တတ်တဲ့ လောကကြီးကို ထီမထင်ဘဲ မားမားမတ်မတ် ရပ်နေနိုင်တဲ့ ထင်းရှူးပင်ကြီးတွေကိုကြည့်ပြီး အရောင်ပြောင်းကြွေလွင့်သွားတဲ့ သစ်ရွက်တွေကို စိတ်ပျက်နေတာတွေ ဖြေဆည်ရတာပေါ့
.
. . . အရင်တုန်းကတော့ နွေဦးပေါက်မှာ အပြိုင်းအရိုင်းထွက်လာတဲ့ ပန်းရောင်စုံနဲ့ ဆာကုရတွေကို ဒီလွင်ပြင်ကြီးမှာ အလှဆုံး ထင်ခဲ့တယ်၊ နွေမှာဆိုရင်လည်း ပူပြင်းပြင်းနေရှိန်အောက်က စိမ်းတောက်နေတဲ့ တောအုပ်ကြီးကို အလှဆုံးထင်ခဲ့တယ်၊ နောက်တော့ ဆောင်းဦးမှာ အရောင်ပြောင်းတဲ့ သစ်ရွက်တွေနဲ့ ခြယ်သထားတဲ့ တောအုပ်နဲ့တောင်တန်းတွေကို အလှဆုံး ထင်ခဲ့တယ်၊ အခုတော့ ရာသီတွေလည်း အလီလီကြုံခဲ့ရပြီမို့ အခုနေသာ ဟောဒီ ယာအီရိုလွင်ပြင်ကြီးထဲ ဘာအလှဆုံးလဲလို့ မေးခဲ့ရင် နွေနွေ မိုးမိုး ဆောင်းဆောင်း ဘယ်တော့မှ အရောင်မပြောင်းဘဲ ကိုယ့်ဘာသာ တည်တည်တံ့တံ့ ရပ်တည်နေနိုင်တဲ့ ထင်းရှူးပင်ကြီးတွေသာ အလှဆုံးလို့ မဆိုင်းမတွ ဖြေလိုက်တော့မှာ
.
ဗိုလ်ကောင်း
၁၉ နိုဝင္ဘာ ၂၀၂၀
.
The photo was taken in 2019 autumn

Wednesday 11 November 2020

ဥတုနဲ့ စရိုက်


. . . ဆောင်းရာသီကုန်လို့ နှင်းတွေ အရည်ပျော်ရင် နှင်းဖြူဖြူတွေအောက်မှာ လေးငါးလလောက်ဖုံးမိနေတဲ့ မြေကြီးထဲက ပန်းရောင်စုံတွေ အပြိုင်းအရိုင်းတိုးထွက်လာ၊ ပန်းပွင့်သမျှ အပင်တွေ ပင်လုံးကျွတ် ဝေဝေဆာဆာပွင့်ကြ၊ အပွင့်တွေတုံးပြီဆိုတာနဲ့ နွေနေရောင်အောက်မှာ တစ်လောကလုံး စိမ်းစိုလှပ၊ နွေရာသီကုန်လို့ ဆောင်းဦးပေါက်ပြီလဲဆိုရော တစ်တောလုံးတစ်တောင်လုံး ရှိရှိသမျှအပင်တွေက အရွက်တွေရောင်စုံအရောင်ပြောင်းပြီး နောက်ဆုံး လောကကို အလှဆင် ပြီးတာနဲ့ တစ်ညီတစ်ညာတည်း ကြွေကျ၊ အရိုးပြိုင်းပြိုင်းအပင်ကြီးငယ်တွေက ဆောင်းနှင်းတွေအောက်မှာ လေးငါးလ အိပ်စက်အနားယူကြ.
. . . ကိုယ့်နိုင်ငံမှာတော့ ရာသီဥတု ဆိုးရွားပြင်းထန်တာမျိုး မရှိသလို တစ်တောလုံး ပန်းပွင့်တဲ့ရာသီ၊ တစ်တောလုံး သစ်ရွက်တွေအရောင်ပြောင်းတဲ့ရာသီ၊ တစ်တောလုံး သစ်ရွက်တွေခြွေချတဲ့ ရာသီဆိုတာ ရှိကောင်းရှိပေမယ့် သိပ်တော့ ထင်ထင်ရှားရှားမဖြစ်လှဘူးလို့ ထင်မိတယ်၊ ပွင့်တဲ့ ပန်းကိုလည်း သဘာဝအတိုင်း လှနေရင်သာလှတာ တမင်လှအောင်များ လုပ်ကြမယ်ဆိုတာမျိုး အားနည်းလွန်းသလားလို့ပဲ၊ ဥပမာ မြန်မာနိုင်ငံမှာ စိန်ပန်းတွေပွင့်တဲ့ တစ်ညီတစ်ညာလည်း လှပနေလို့ သွားလည်ရလောက်တဲ့မြို့၊ ငုဝါတွေ နဲ့ တစ်မြို့လုံးကို ထိန်ထိန်တောက်လို့ ဆိုတာမျိုး ပြောရလောက်အောင်ကိုလှလွန်းလို့ သွားတောင်ကြည့်ရတယ်ဆိုတဲ့ နေရာတွေဆိုတာတောင် ရာသီဥတုက အင်မတန့်ကို မျက်နာသာပေးလို့ လှနေကြတာ၊ လူတွေပြုပြင်စီရင် ဖန်တီးထားလို့ အာ့သလောက်လှတာဆို ပြောပလောက်အောင်ရော ရှိရဲ့လားလို့လေ
.
. . . နေတဲ့ထိုင်တဲ့ လူတွေရဲ့စရိုက်က တောတောင်ရေမြေကို လွှမ်းမိုးသလား၊ တောင်တောင်ရေမြေ ရာသီဥတုက နေတဲ့သူတွေရဲ့ ဓလေ့သဘောကို ပုံဆောင်လေသလား ကိုယ်လည်း သေချာတော့မသိ

Friday 6 November 2020

တပ်ချုပ် = ဒုသမ္မတ ?

. . . ဖွဲ့စည်းပုံအခြေခံဥပဒေကို အနက်အဓိပ္ပာယ်ဖွင့်ဆိုရာမှာဖြစ်ဖြစ် ဥပဒေတွေကို အနက်အဓိပ္ပာယ်ဖွင့်ဆိုရာမှာဖြစ်ဖြစ် ဘယ်သို့ဘယ်ပုံ ဖွင့်ဆိုရမယ်ဆိုတာကို အခြေခံဥပဒေ အခန်း (၁၅) အထွေထွေပြဌာန်းချက်များရဲ့ ပုဒ်မ ၄၃၅ မှာ “ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ စကားရပ်များကို အနက်အဓိပ္ပာယ်ဖွင့်ဆိုရာတွင် တည်ဆဲစကား ရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေးဥပဒေကို ကိုးကားရမည်။” လို့ ဆိုထားပါတယ်
.
. . . မြန်မာနိုင်ငံမှာတည်ဆဲ စကားရပ်ဖွင့်ဆိုခြင်းနဲ့ ပတ်သက်တဲ့ ဥပဒေ လေးခုရှိတဲ့အထဲက ၁၉၇၃ ခုနှစ် စကားရပ်များအနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ ဟာ အခြေခံအကျဆုံးဖြစ်ပြီး ယခုထိတိုင် လက်ခံသုံးစွဲနေတဲ့ဥပဒေဖြစ်ပါတယ်။ ကျန်တဲ့ ဥပဒေတွေကတော့ ၁၉၈၈ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ စကားရပ်များအစားထိုးသည့်ဥပဒေ၊ ၁၉၉၇ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ စကားရပ်များအစားထိုးသည့်ဥပဒေ၊ နဲ့ ၂၀၁၉ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ စကားရပ်ပြောင်းလဲသတ်မှတ်သည့်ဥပဒေတို့ဖြစ်ပါတယ်။ 
.
. . . အခြေခံဥပဒေက ရည်ညွှန်းထားတဲ့ ၁၉၇၃ စကားရပ်များအနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း ဥပဒေ ပုဒ်မ ၄ မှာ “။ ဥပဒေပြဋ္ဌာန်းချက်တရပ်ရပ်၏ အနက်အဓိပ္ပါယ်ကို ဖွင့်ဆိုရာ၌ ယင်းဥပဒေကိုမပြဋ္ဌာန်းမီက ဥပဒေ ရေးဆွဲရေးကော်မီရှင်၊ သို့မဟုတ်ဥပဒေပြု အာဏာပိုင်အဖွဲ့အစည်းတွင် ဆွေးနွေးခဲ့သည့်အချက် မှတ်တမ်း များကိုလည်းကောင်း၊ ရေးဆွဲခဲ့သော ဥပဒေမူကြမ်းများကိုလည်းကောင်း၊ ဥပဒေပြုရခြင်း၏ ကျိုးကြောင်း ဖော်ပြချက်ကိုလည်းကောင်း ထည့်သွင်းစဉ်းစားနိုင်သည်။” လို့ ရေးသားထားပါတယ်။ ဆိုလိုတာကတော့ အခြေခံဥပဒေပဲ ဖြစ်ဖြစ် ဥပဒေပဲဖြစ်ဖြစ် ရေးသားထားချက်တစ်ရပ်ကို အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ရေးသားထားတဲ့ စကားလုံးအပေါ်မှာတင် အပေါ်ယံဖွင့်ဆိုရမှာ မဟုတ်ဘဲ မူလရေးသားစဉ်က ဘယ်လိုရည်ရွယ်ချက်နဲ့ ဒီလိုပြဌာန်းခဲ့သလဲဆိုတာကိုပါ အလေးထား ထည့်သွင်းစဉ်းစားဖို့ လိုအပ်ကြောင်း ပြဌာန်းချက်ဖြစ်ပါတယ်။ 
.
. . . ၁၉၉၃ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့မှာ ကျင်းပတဲ့ အမျိုးသားညီလာခံ စုံညီအစည်းအဝေးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးနဲ့ ပတ်သက်တဲ့ အချောသပ် အခြေခံမူ ၁၀၄ ချက်ကို လုပ်ငန်းကော်မတီဥက္ကဌ ဦးအောင်တိုး ဖတ်ကြားတင်ပြခဲ့ပါတယ်၊ ခုလက်ရှိကျင့်သုံးနေတဲ့ အခြေခံဥပဒေဟာ ဆိုခဲ့ပါ အခြေခံမူ ၁၀၄ ချက်အပေါ်မှာ ရေးဆွဲထားတာမို့ အခြေခံဥပဒေကို အနက်ဖွင့်ဆိုရာမှာ အလေးအနက်ထည့်သွင်းစဉ်းစားရမယ့် အချက်များဖြစ်ပါတယ်
.
. . . အဲသည် အခြေခံမူ ၁၀၄ ချက်ထဲက တပ်မတော်နဲ့သက်ဆိုင်တဲ့ အခန်းမှာ အခြေခံမူ ၈ ချက် ချမှတ်ခဲ့တဲ့အထဲ နံပတ် ၈ အချက်က “As a reference in designating the official position of the Commander-in-Chief, the Commander-in-Chief is designated as the Vice-President level.” လို့ ရေးသားထားပါတယ်။ ၁၉၉၃ စက်တင်ဘာလ ၁၇ ရက်နေ့ထုတ် သတင်းစာများမှာ ရှာဖွေဖတ်ရှုနိုင်ပါတယ်
.
ဗိုလ်ကောင်း
၆ နိုဝင်ဘာ ၂၀၂၀

Wednesday 4 November 2020

မချစ်တတ် မမုန်းတတ်တဲ့သူ

ဆရာတော် အရှင်ဆန္ဒာဓိကရဲ့
မချစ်တတ်မမုန်းတတ်တဲ့သူ ဆိုတဲ့စာအုပ်ကို ဖတ်ရတုန်းက ကိုယ့်အသက်က နှစ်ဆယ်ကျော်အစိတ်ပိုင်း အရွယ်တော် တစ်စိတ်ဟိုင်းနေပေမယ့် ကိုယ့်မှာ လူပျိုပေါက်လေးလို အသည်းတွေ ကွဲလို့ကောင်းနေတုန်း၊ ရန်ကုန်တက္ကသိုလ်ကနေ ကျောင်းပြီးခါစ တောထဲမှာ တာဝန်ကျတော့ အထွေအထူးလည်း လုပ်စရာမရှိချိန်မို့ စာအုပ်တွေမှာဖတ်ပြီး တစိမ့်စိမ့်စဉ်းစားသုံးသပ်ချိန် ရတဲ့အခိုက်အတန့်ပဲ
.
.. . ဆရာတော်ရဲ့ စာတွေဖတ်ပြီး သံယောဇဉ်တွေ အနှောင်အဖွဲ့တွေရဲ့ ပူလောင်မှုနဲ့ မေတ္တာရဲ့ ငြိမ်းအေးမှုကို ခွဲခွဲခြားခြား ခံစားနားလည်တတ်လာခဲ့တာမို့ ဆရာတော်ဘုရားရဲ့ ကျေးဇူးကြီးမားပါတယ်
.
.. . ကိုယ့်စိတ်ရဲ့အခြေအနေကို စောင့်ကြည့်တဲ့အလေ့အကျင့်လည်း ချမ်းမြေ့ရိပ်သာမှာ ရလာခဲ့ပြီမို့ ကိုယ်ချစ်တဲ့သူတွေအပေါ် ကိုယ့်ရဲ့ ယိုင်ညွတ်မှုအခြေအနေကို အေးအေးချမ်းချမ်း စဉ်းစားသုံးသပ်ဖြစ်ခဲ့တယ်
.
.. . ပုထုဇဉ်ပီပီ သံယောဇဉ်အနှောင်အဖွဲ့နဲ့ တွယ်တာစွဲလန်းမှုတွေကို မပယ်သတ်နိုင်တာပေမယ့် ရှင်းရှင်းလင်းလင်းတော့ မြင်အောင်ကြည့်တတ်ပြီမို့ ဘယ်လောက်ပဲချစ်ချစ် ဘဝဆက်တိုင်းတို့ဘာတို့ဆိုတာမျိုး မတောင်းအပ်တဲ့ဆုကို ဘယ်တော့မှ မတောင်းဖြစ်ခဲ့တော့ဘူး၊ တစ်ဘဝစာရဲ့ နှစ်အပိုင်းအခြားလောက်လေး ချစ်ရတာတောင်မှ ဘယ့်ကလောက်ပူလောင်ပင်ပန်းရသလဲဆိုတာ သံယောဇဉ်ဝဋ်ကြွေးကြီးပုံရတဲ့ ကိုယ်တွေလိုလူမျိုးတွေသာ အပ်ချမတ်ချသိန်ုင်တာမျိုးမို့
.
.. . ကိုယ်ချစ်ခင်မြတ်နိုးစွဲလန်းမိသူတွေ ကိုယ့်ကြောင့် စိတ်အနှောင့်အယှက်မဖြစ်ကြစေဖို့ ၊ ကိုယ့်ကိုအကြောင်းပြုပြီး ကုသိုလ်တရားသာ ပွားများနိုင်စေဖို့၊ ကိုယ့်ကိုချစ်ကြသူတွေအပေါ် တုန့်လှယ်မေတ္တာ များများကြီးထားနိုင်ဖို့ နဲ့ ကိုယ်ကချစ်ပါလျက် ကိုယ့်ကိုစိမ်းကားသူတွေအပေါ် လျစ်လျူရှုခြင်းဖြင့် ကိုယ့်ရဲ့ချမ်းသာကိုမွေးမြူဖို့ ကြိုးစားလေ့ကျင့်ဖြစ်ခဲ့တယ်
.
.. . နောက်ဆုံးတစ်ခုကလွဲရင် ကျန်တာတွေတော့ တော်တော်အလုပ်ဖြစ်နေတုန်း ထင်ပါရဲ့

Tuesday 3 November 2020

၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တပ်မတော်က နာခံခဲ့တဲ့ ကိစ္စတွေ

တစ်ခုက ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများ ပြင်တုန်းက၊ တပ်ပရဝုဏ်အတွင်းက မဲရုံတွေ တပ်ပြင်ကို ထုတ်ဖို့ဆိုတာပါတဲ့ နည်းဥပဒေကို ပြင်ဆင်ထုတ်ပြန်တုန်းက ဥပဒေအရ ရက်ပေါင်း ၆၀ အတွင်း ပြင်ဆင်ချက်တင် ကန့်ကွက်နိုင်ပေမယ့် မလုပ်တော့ဘဲ အဲသည် နည်းဥပဒေအတိုင်း တပ်မဲရုံတွေကို တပ်ပြင်ကို ထုတ်ပေးခဲ့တယ်
နောက်တစ်ခုက တပ်မတော်ဦးစီးချုပ်ရဲ့ မူဝါဒခြောက်ချက်ကို သတင်းစာမှာထည့်တာကို စာနယ်ဇင်းကောင်စီတစ်ဆင့် ကန့်ကွက်တာကိုလည်း အသာတကြည် ဖြုတ်ပေးခဲ့တယ်၊ အင်စတီကျူးရှင်း နှစ်ခုကြားမှာ မလိုလားအပ်တဲ့ ပွတ်တိုက်မှုတွေမဖြစ်ချင်လို့ အခုလို လိုက်လျောခဲ့တာလို့ ဆိုတယ်

တပ်နယ်တစ်ခုက ကြိုတင်မဲတွေ စာအိတ်ပွင့်နေလို့ ပယ်မဲလုပ်မယ် ဘာညာ အသံထွက်လာတော့လည်း ဥပဒေအတိုင်းလုပ်တာကို နာခံမယ်လို့ ပြောခဲ့တယ်၊ ဒါပေမယ့် ဒီပြသနာက သူ့တစ်နေရာတည်းဖြစ်နေတာမဟုတ်ဘူး တစ်ခြားမှာလည်း ဖြစ်နေတာကို ထင်ရှားအောင်ပြပြီး Double Standard မဖြစ်ဖို့တော့ လိုတယ်ဆိုတာလောက် သတိပေးခဲ့တယ်၊ မကြာပါဘူး ရွေးကော်က ဥပဒေတွေ မကိုးမကားနဲ့ စိတ်ကူးပေါက်ရာရေးထားတဲ့ ကြိုတင်မဲဆန္ဒရှင်များသို့ အသိပေးကြေညာချက်ဆိုတာ ထွက်လာတာပဲ

နောက်ထပ် ဘာတွေ ရှိသေးပါလိမ့်

အဖွဲ့အစည်းအသီးသီး

ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ တပ်မတော်ရဲ့ သဘောထား စာနှစ်စောင် ထုတ်ပြန်မှုမှာ အစိုးရရဲ့ လက်အောက်က ဝန်ထမ်းအဖွဲ့အစည်းတစ်ခုက ဒီလိုမျိုး အစိုးရကို ပြန်သတိပေးတဲ့ စာမျိုး ထုတ်တာ နေရာကျရဲ့လားလို့ တစ်ချို့က မေးကြတယ်
.
ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတွေမှာ နိုင်ငံတော်နဲ့ ပတ်သက်တဲ့ တာဝန်နဲ့ အာဏာအရပ်ရပ်ကို အဖွဲ့အစည်းအသီးသီးကို လွှဲအပ်ထားပြီး သက်ဆိုင်ရာ အဖွဲ့အစည်းက သက်ဆိုင်ရာ တာဝန်ကို အခြေခံဥပဒေက အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်နဲ့အညီ လုပ်ဆောင်ရတယ်ဆိုတာ နားမလည်လို့ ဒီလိုမေးကြတယ် မှတ်တယ်
.
ဥပမာ စီအိုင်အေလို ဌာနမျိုးရဲ့ အကြီးအကဲကို သမ္မတက ခန့်အပ်ပေမယ့် သမ္မတက ရုရှားနဲ့ ပလူးပလဲလုပ်ပြီး အမျိုးသားလုံခြုံရေးကို ထိပါးနေစေသလားဆိုတာကို စီအိုင်အေက သူ့ဘာသာ စုံစမ်းစစ်ဆေးလုပ်လို့ရတယ်၊ မြန်မာပြည်က ပြည်ထောင်စု ရွေးကော်က သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းသာ ဖြစ်ခဲ့ရင် အခုလို သမ္မတက အိမ်တော်မြက်ခင်းပြင်လိုမျိုးမှာ သူ့ပါတီမဲဆွယ်တဲ့ စာသားတွေနဲ့ မဲဆွယ်ရာရောက်တဲ့ အပြုအမူတွေလုပ်တာ ကို တားဆီးလို့ရတယ်
.
အခြေခံဥပဒေ ပုဒ်မ ၂၀(စ) မှာ တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည် လို့ ပြဌာန်းထားတာမို့ အခြေခံဥပဒေရဲ့ အနှစ်သာရကပေးထားတဲ့ တန်ဖိုးတွေ ကျင့်ဝတ်တွေကို သွေဖယ်မယ့် ကိစ္စမျိုးတွေကို ဝင်ရောက်ထိန်းသိမ်းပေးဖို့ သတိထောက်ဖို့ တည့်မတ်ပေးဖို့ တပ်မတော်မှ တာဝန်ကို ရှိတယ်၊ မလုပ်ဘဲ ဒီအတိုင်း ထိုင်ကြည့်နေရင်တောင် တာဝန်မကျေပွန်ရာကျအုံးမယ်

Sunday 1 November 2020

ဥပဒေနဲ့အညီ


. . . ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပတဲ့ရက် မတိုင်ခင်လေးမှာပဲ ကိုယ်က တပ်ပြောင်းပါတော့ မူရင်းတပ်မှာ ကြိုတင်ဆန္ဒမဲ ပေးခဲ့ပြီး တပ်အသစ်ကို သွားရတယ်၊ သတင်းပို့ရက် စောစောရချင်လို့ တပ်အသစ်ကို မြန်မြန်သွားချင်တော့ ကြိုတင်ဆန္ဒမဲကို အစောကြီးသွားပေးတယ်၊ ကိုယ်ပေးတဲ့အချိန် ကိုယ့်ရှေ့မှာ လေးငါးယောက်လောက်ပဲ ပေးရသေးတယ်၊ ကိုယ်မဲပေးတဲ့ စာအိတ်ကို သက်ဆိုင်ရာ တာဝန်ရှိသူက အပေါ်က ခဲလေးနဲ့ နာမည်မှတ်တော့ ကိုယ်က ပြောရတယ်၊ ဥပဒေအရ ကြိုတင်မဲလက်မှတ် စာအိတ်အပေါ်မှာ ဘယ်သူ့မဲပါဆိုပြီး မှတ်ခွင့်မရှိဘူး မဲပေးသူရဲ့ လျှို့ဝှက်စွာ မဲပေးခြင်းကို ထိခိုက်တာမို့ မဲကလည်း ပယ်မဲဖြစ်သွားနိုင်တာမို့ အာ့လို မှတ်လို့မရဘူးလို့ ပြောရတယ်၊ အဲသည်တော့မှ အဲသည် တာဝန်ရှိသူက ဟုတ်လား ဆိုပြီး ခဲဖျက်လေးနဲ့ အသာပြန်ဖျက်တယ်၊ အရင်က မှတ်ထားတဲ့ နာမည်လေးတွေကိုလည်း ပြန်ဖျက်ရှာတယ်၊ သူ နာမည်မှတ်တဲ့ ရည်ရွယ်ချက်က ဘယ်သူတွေ မဲပေးပြီးပြီဆိုတာကို စာအိတ်ပေါ်မှာလည်း မှတ်ထားချင်ပုံရတယ် သေချာချင်တာကိုး၊ နောက်တစ်ခုက သူ့ကို ဒီတာဝန်ပေးထားပေမယ့် ဥပဒေရဲ့ အကန့်အသတ်တွေကို သေချာ နားလည်ပုံမပေါ်ဘူး၊ ပြောပြတော့လည်း နားထောင်ပါရဲ့၊ ပြောချင်တာက ဥပဒေကို နားမလည်ဘဲ ချိုးဖောက်မိရင်လည်း မဲပေးသူရဲ့ အခွင့်အရေး ဆုံးရှုံးနိုင်တယ်ဆိုတာပါပဲ
.
. . . ဂီရိမုန်တိုင်းတိုက်နေတဲ့ ရက်တွေထဲမှာပဲ တာဝန်ကျတဲ့ ဧရာဝတီတိုင်းကို ရောက်သွားတယ်၊ မုန်တိုင်းလည်းအစဲမှာ ပထမဆုံး ထမ်းဆောင်ရတဲ့ တာဝန်က ရွေးကောက်ပွဲကျင်းပတဲ့ ရက်မှာ မြို့တစ်မြို့ရဲ့ လုံခြုံရေးတာဝန်၊ သိတဲ့အတိုင်းပဲ မြို့ရဲ့ လုံခြုံရေးတာဝန် အထူးသဖြင့် နိုင်ငံရေးသမားတွေ ပြိုင်ဆိုင်ကြတဲ့ ပွဲတစ်ခုကို လုံခြုံရေးလုပ်ပေးရတဲ့ တာဝန်က အင်မတန် သိမ်မွေ့တယ် အလုပ်မတတ်ရင် နိုင်ငံရေးသမားတွေ အငြင်းပွားမှုကြား ကိုယ်က အချိန်မရွေး မြေစာပင် ဖြစ်သွားနိုင်တာကိုး၊ ကိုယ့်တာဝန်ကို ထမ်းဆောင်ရင်း မြေစာပင်တော့ အဖြစ်မခံနိုင်ဘူး၊ ငါအားကိုးစရာ ဥပဒေပဲရှိတယ်ဆိုပြီး ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေအကုန် လုံးစေ့ပတ်စေ့ဖတ်တယ်၊ အထူးသဖြင့် လက်နက်ကိုင်ထားတဲ့ လုံခြုံရေးအဖွဲ့ဝင်တပ်မတော်သားတစ်ယောက် ကျော်ခွင့်မရှိတဲ့ စည်းတွေကို လိုက်ရှာတယ်
.
. . . ဥပဒေတွေထဲမှာမှ အထူးသဖြင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ နဲ့ နည်းဥပဒေတွေထဲမှာ ခုနပြောခဲ့တဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်ရတဲ့ သေနတ်ကိုင်ထားတဲ့ စစ်သားတစ်ယောက် ကျော်ခွင့်မရှိတဲ့ စည်းတွေကို လိုက်ရှာတယ်၊ တွေ့တယ်၊ ရွေးကောက်ပွဲ ကျင်းပချိန်မှာ မဲရုံပရဝုဏ်အတွင်း ဘယ်သူတွေ ရှိနေခွင့်ရှိလဲဆိုတာ တွေ့တယ်၊ ဥပဒေအရ ကိုယ်က လုံခြုံရေးတာဝန်ထမ်းဆောင်သူ ဆိုပေမယ့် ရဲတပ်ဖွဲ့ဝင်ကိုသာ မဲရုံအတွင်း ရှိနေခွင့်ပေးထားတယ်၊ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲက လုံခြုံရေးတာဝန်ပေးထားသူ မဲရုံအတွင်း ရှိနေခွင့်ပေးထားတယ်၊ တခြားနေခွင့်ရှိသူတွေလည်း ရှိသေးတယ်၊ သေချာတာကတော့ ကိုယ့်ကို တာဝန်ပေးထားတာ သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာအုပ်စုက မဟုတ်တဲ့အတွက် ကိုယ်သည် မဲရုံအတွင်း ရှိနေခွင့်ရှိသူမဟုတ်ဘူး မဲရုံပရဝုဏ်ရဲ့ အပြင်မှာသာ နေခွင့်ရှိသူ၊
.
. . . အဲသည်ဥပဒေကို ဖတ်ပြီးတဲ့အချိန်မှာ တစ်မြို့လုံးမှာရှိတဲ့ ရပ်ကွက်အားလုံးက မဲရုံမှူးတွေကို ကိုယ်တိုင်သွားတွေ့တယ်၊ ကျနော်က မဲပေးမယ့်ရက်မှာ ဒီမြို့ရဲ့ လုံခြုံရေးတာဝန်ကျ အရာရှိဖြစ်ပါတယ်၊ ကျနော်က မဲပေးတဲ့နေ့ မတိုင်ခင်နဲ့ မဲပေးပြီးရက်အထိ တာဝန်မရုပ်သိမ်းမချင်း လုံခြုံရေးတာဝန်ထမ်းဆောင်ရမယ့်သူ ဖြစ်ပါတယ်၊ သို့သော်လည်း ဥပဒေအရ မဲရုံပရဝုဏ်ထဲ ဝင်ခွင့်မရှိသူဖြစ်တာကြောင့် မဲရုံပရဝုဏ်ရဲ့ ပြင်ပမှာ ဘယ်နေရာမှာ ကျနော့်ရဲ့ တပ်ဖွဲ့ဝင်တွေ အနီးကပ်ရှိနေပေးပါတယ်၊ ကျနော်က တစ်မြို့လုံးကို ပတ်နေမှာဖြစ်ပါတယ်၊ ဆရာကြီး ဆရာမကြီး (မဲရုံမှူးတွေက ဆရာဆရာမကြီးတွေ) ဖုန်းနံပတ် ကျနော့်ကို ပေးထားပါခင်ဗျာ ကျနော့်ဖုံးနံပတ်က ဟောသည်မှာပါ နာမည်က ဘယ်သူပါ၊ လုံခြုံရေးနဲ့ ပတ်သက်ပြီး လိုအပ်သလို အချိန်မရွေးဆက်သွယ်ပါခင်ဗျာ့ ဆိုပြီး မဲရုံတွေပတ်ကြည့် မဲရုံပရဝုဏ်အကျယ်အဝန်းကြည့် သက်ဆိုင်ရာ လက်အောက်ငယ်သားကို သေချာမှာ တွေ့လားဟျောင့် အဲဒီအထဲကို မင်း ဘယ်အချိန်မှာမှ ဘယ်လိုအကြောင်းနဲ့မှ ဝင်ခွင့်မရှိဘူး ဝင်သွားတယ်ကြားလို့ကတော့ ပုံတစ်ပုံ တက်လာလို့ကတော့ မင်းရောငါရော အသေပဲ စသည်ဖြင့် တပေါ်ကျဲ့တွေ သေချာမှာရတာ
.
. . . နောက်ပြီး သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့ ချိတ်ဆက်ထားပြီး မဲရုံအလိုက် တာဝန်ပေးထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ကြိုတင်ချိတ်ဆက် ဖုန်းနံပတ်တွေဖလှယ်လုပ်ရတယ်
.
. . . ရွေးကောက်ပွဲနေ့မှာ မနက်မိုးမလင်းခင်ကတည်းက တစ်မြို့လုံးတပ်ဖြန့်ထားတဲ့ ကိုယ့်တပ်ဖွဲ့ဝင်တွေ လိုက်စစ် ရဲတပ်ဖွဲ့ဝင်တွေ လိုက်နုတ်ဆက် အခြေအနေမေး စသည်ဖြင့် လုပ်ရတာပေါ့၊ အေးအေးချမ်းချမ်းနဲ့ တာဝန်ထမ်းဆောင်ပြီးခဲ့ပါတယ်
.
. . . ရွေးကောက်ပွဲနေ့မှာ လုံခြုံရေးတာဝန်ကျတဲ့ တပ်မတော်သားညီအစ်ကိုတွေ ဥပဒေဘောင်အတွင်းကနေ တာဝန်ကို အေးချမ်းချောမွေ့စွာ အောင်အောင်မြင်မြင် ထမ်းဆောင်နိုင်ကြပါစေ
.
ဗိုလ်ကောင်း
၁ နိုဝင္ဘာ ၂၀၂၀