Thursday 19 November 2020

အလှဆုံးသစ်ပင်



. . . ဂျပန်နိုင်ငံ အလယ်ပိုင်းလောက်ရဲ့ အနောက်ဘက်ကမ်းခြေမှာ နိဂတ ဆိုတဲ့ ခရိုင်တစ်ခုရှိတယ်၊ ဂျပန်လို県 လို့ရေးပြီး အင်္ဂလိပ်လို Prefecture လို့ဆိုတဲ့ အဲသည်စီရင်စုကို မြန်မာလို တိုက်ရိုက်ပြန်စရာမရှိလို့ တစ်ခါတစ်လေလည်း ပြည်နယ်ခေါ်လိုက် တစ်ခါတစ်လေလည်း ခရိုင်ခေါ်လိုက်ပေါ့၊ ပြည်နယ်ပဲခေါ်ခေါ် ခရိုင်ပဲခေါ်ခေါ် သူတို့ဒေသန္တရအစိုးရတွေရဲ့ လုပ်ပိုင်ခွင့်က ကိုယ်တွေမြန်မာပြည်မှာဆို စိတ်ကူးတောင် ယဉ်ကြည့်လို့မရတဲ့ အတိုင်းအတာတစ်ခုအထိ များများစားစား ရှိတာကို သိရတဲ့အခါ ပြည်ထောင်စုနိုင်ငံက နိုင်ငံသားတစ်ယောက်ဖြစ်တဲ့ ကိုယ်ဟာ တစ်ပြည်ထောင်နိုင်ငံလို့ လူတွေသိကြတဲ့ ဂျပန်လိုနိုင်ငံမျိုးရဲ့ မြို့နယ်အဆင့်လောက် အသေးဆုံး အုပ်ချုပ်မှု ယူနစ်ကလေးရဲ့ လုပ်ပိုင်ခွင့်နဲ့ ဥပဒေပြုခွင့်တွေကို အားကျပါးကျ ရှိခဲ့မိတယ်
.
. . . မြေပြန့်လွင်ပြင်ရှားပါးလှတဲ့ ဂျပန်နိုင်ငံမှာ နှင်းတောင်တွေပေါ်က နှင်းပျော်ရည်တွေနဲ့ စီးဆင်းနေတဲ့魚野川 (အွန်နုမြစ်) တစ်လျှောက် တောင်တန်းတွေ ဝန်းရံနေတဲ့ လွင်ပြင်ထဲက南魚沼 (မီနာမီအွန်နူမာ) ဆိုတဲ့ မြို့လေးမှာ ကိုယ်နေခဲ့တာပေါ့။ ဂျပန်ရဲ့ ဂန္တဝင်ဝတ္ထု雪国 (နှင်းပွင့်တိုင်းပြည် ယူကီဂူနီ) ဇာတ်အိမ်တည်ရာ ကိုယ်တွေနေတဲ့ နေရာလေးကို八色 (ယာအီရို) လွင်ပြင်လို့ခေါ်ပြီး တစ်နှစ်ပတ်လုံးမှာ ပန်းအရောင်ရှစ်မျိုး ပွင့်တယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ ဒီလိုနာမည်တွင်တာ ဖြစ်ပါသတဲ့။ ဒီဒေသရဲ့ နာမည်ကျော် ထွက်ကုန်သုံးမျိုးကတော့ တောင်ပေါ်က နှင်းပျော်ရည်တွေသောက် လယ်မြေတွေကထွက်တဲ့越光 (ကိုရှီဟီကာရီ)ဆန်၊ အဲသည် ဆန်ကို တစ်ဆောင်းလုံးကျတဲ့နှင်းတွေကို စုဆောင်းထားပြီး တစ်နှစ်ပတ်လုံး သဘာဝ နှင်းအအေးဓာတ်သက်သက်နဲ့ ချက်လုပ်တဲ့八海山 (ဟာကိုင်းစံ) ဆာကေး၊ နဲ့ ယာအီရို ရှစ်ရောင်ခြယ်လွင်ပြင်ကို အစွဲပြုပြီး နာမည်ပေးထားတဲ့八色スイカ ရှစ်ရောင်ခြယ်ဖရဲသီး တို့ဖြစ်ပါတယ်။
.
. . . ကိုယ်တွေရဲ့ ယာအီရိုလွင်ပြင်ကြီးက တစ်နှစ်ပတ်လုံး ပွင့်တဲ့ ပန်းတွေ အရောင်ရှစ်မျိုးပြည့်မပြည့် သေချာမသိပေမယ့် ကိုယ်တို့လွင်ပြင်ကြီးရဲ့ အနားသတ် တောင်တန်းတွေကတော့ တစ်ရာသီကို အရောင်တစ်မျိုးနဲ့ နည်းမျိုးစုံ လှနေတာပေါ့။ ဆောင်းရာသီ နှင်းတွေကျပြီလားဆိုမှဖြင့် ဘေးပတ်လည်က တောင်တန်းတွေအားလုံး နှင်းတွေအပြည့်ဖုံးပြီး နွေရာသီ နှင်းတွေပျော်တော့လည်း တစ်ဆောင်းလုံး နှင်းအောက်မှာ ပုန်းနေခဲ့တဲ့ ပန်းရောင်စုံ အလုအယက်တိုးထွက်ပွင့်ပြူကြနဲ့၊ တစ်ခါ ပန်းတွေပွင့်ချိန်ကုန်လို့ နွေစူးစူးကို ရောက်ပြီဆိုရင်လည်း ဟိုတစ်ချိန်ဆောင်းကာလ နှင်းတွေ လူတစ်ရပ်လောက်ဖုံးပြီး ရေခဲမှတ်အောက်ကျအောင် အေးလေ့ရှိတဲ့ ဒီအရပ်ဟာ မယုံကြည်ရလောက်အောင် ပူတဲ့ နေရောင်အောက်မှာ သစ်ပင်သစ်တောတွေ စိမ်းစိမ်းမြမြနဲ့ ဝေစည်နေပြန်ရော တဲ့
.
. . . နေ့တာတွေ တဖြည်းဖြည်းတို နွေရာသီအလှည့်ပြီး ဆောင်းဦးကာလ ရောက်ပြီဆိုရင် အအေးဓာတ် ပိုလာတာနဲ့အတူ သစ်ပင်တွေက အရောင်ပြောင်းကြတော့တာပါပဲ၊ စိမ်းစိမ်းစိုစိုနဲ့ အပင်အတွက် အစာချက်ဖို့တာဝန်ကို တစ်သက်တာထမ်းဆောင်ခဲ့တဲ့ သစ်ရွက်လေးတွေဟာ ဆောင်းရဲ့အကြိုဝင်လာတဲ့ အအေးဓာတ်လေးတွေနဲ့အတူ စိမ်းရာက ဝါ၊ ဝါရာက နီ ၊ နီရာက ညိုပြီး ဘဝရဲ့ နောက်ဆုံးအချိန်မှာ အရောင်အမျိုးမျိုးပြောင်း လောကကြီးကို အစွမ်းကုန်သောခြယ်သခြင်းမျိုးနဲ့ အလှဆင်ပြီးတဲ့အခါ အပင်ပေါ်မှာ တစ်ရွက်မှ မကျန်ရအောင် ကြွေပေးကြရရှာလေတယ်
.
. . . ဆောင်းဦးရာသီနှောင်းပိုင်း သစ်ပင်တွေက သစ်ရွက်တွေအားလုံး စွန့်ပြီးကြချိန်မှာ အရိုးပြိုင်းပြိုင်းဖြစ်နေတဲ့ တောတွေတောင်တွေထဲ မြင်မြင်ကရာက ဘဝအတွက် မတည်မြဲသော သံဝေဂတရားတွေ ယူတတ်မယ်ဆိုရချင်စရာပေါ့၊ ဒါမှမဟုတ်ရင်လည်း အရင်တုန်းက စိမ်းစိမ်းမြမြနဲ့ ဝေစည်နေတဲ့ တော၊ နောက်ပြီး မကြွေခင်ကာလ ခဏလေး အရောင်ပြောင်းပြီး လှပနေခဲ့တဲ့ တောကြီးက အခုကျတော့လည်း အရိုးပြိုင်းပြိုင်းနဲ့မို့ ကြည့်ရတာ စိတ်ပျက်ညစ်ညူးစရာကြီးလည်း ဖြစ်ချင်ဖြစ်ရပြန်တာ
.
. . . ဒါပေမယ့် ဒီလို စိတ်ပျက်စရာတွေအတွက် ဖြေသိမ့်အားတက်စရာလည်း ရှိပါသေးတယ်၊ အဲဒါကတော့ နွေနွေ ဆောင်းဆောင်း ရာသီတွေ ဘယ်လိုပြောင်းပြောင်း နေတွေပူပူ နှင်းတွေကျကျ ဘယ်လိုသော အခြေအနေမျိုးမှာမှ တစ်ခြားအပင်တွေ အရွက်တွေဝေစည်နေလို့လည်း ထူးပြီးဝေစည်မပြ၊ တစ်ခြားအပင်တွေ အရောင်ပြောင်းလို့လည်း ထူးပြီးအရောင်မပြောင်း၊ တစ်ခြားအပင်တွေ အရွက်ခြွေတော့လည်း ထူးပြီးအရွက်မခြွေတဲ့ ထင်းရှူးပင်ကြီးတွေကတော့ လောကကြီးရဲ့ အပြောင်းအလဲတွေက သူနဲ့ မဆိုင်သလိုပ၊ နောက်ဆုံး ဆောင်းခေါင်ခေါင်ရောက်လို့ အပင်ကြီးသာ နှင်းအောက်ကို ဖုန်းချင်ဖုန်းသွားမယ် သူ့ရဲ့ အရွက်ချွှန်ချွှန်လေးတွေကို အမြဲထိန်းသိမ်းပြီး အပြောင်းအလဲဖြစ်တတ်တဲ့ လောကကြီးကို ထီမထင်ဘဲ မားမားမတ်မတ် ရပ်နေနိုင်တဲ့ ထင်းရှူးပင်ကြီးတွေကိုကြည့်ပြီး အရောင်ပြောင်းကြွေလွင့်သွားတဲ့ သစ်ရွက်တွေကို စိတ်ပျက်နေတာတွေ ဖြေဆည်ရတာပေါ့
.
. . . အရင်တုန်းကတော့ နွေဦးပေါက်မှာ အပြိုင်းအရိုင်းထွက်လာတဲ့ ပန်းရောင်စုံနဲ့ ဆာကုရတွေကို ဒီလွင်ပြင်ကြီးမှာ အလှဆုံး ထင်ခဲ့တယ်၊ နွေမှာဆိုရင်လည်း ပူပြင်းပြင်းနေရှိန်အောက်က စိမ်းတောက်နေတဲ့ တောအုပ်ကြီးကို အလှဆုံးထင်ခဲ့တယ်၊ နောက်တော့ ဆောင်းဦးမှာ အရောင်ပြောင်းတဲ့ သစ်ရွက်တွေနဲ့ ခြယ်သထားတဲ့ တောအုပ်နဲ့တောင်တန်းတွေကို အလှဆုံး ထင်ခဲ့တယ်၊ အခုတော့ ရာသီတွေလည်း အလီလီကြုံခဲ့ရပြီမို့ အခုနေသာ ဟောဒီ ယာအီရိုလွင်ပြင်ကြီးထဲ ဘာအလှဆုံးလဲလို့ မေးခဲ့ရင် နွေနွေ မိုးမိုး ဆောင်းဆောင်း ဘယ်တော့မှ အရောင်မပြောင်းဘဲ ကိုယ့်ဘာသာ တည်တည်တံ့တံ့ ရပ်တည်နေနိုင်တဲ့ ထင်းရှူးပင်ကြီးတွေသာ အလှဆုံးလို့ မဆိုင်းမတွ ဖြေလိုက်တော့မှာ
.
ဗိုလ်ကောင်း
၁၉ နိုဝင္ဘာ ၂၀၂၀
.
The photo was taken in 2019 autumn

No comments:

Post a Comment