Tuesday 27 February 2018

ဈေးကွက်ဥပဒေသရှုထောင့်မှမြင်ရသော အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး

. . . ဒီမိုကရေစီ အားကောင်းမောင်းသန် ရှင်သန်ခိုင်မာဖို့အတွက် နိုင်ငံရေးမှာ စစ်ဘက်ရဲ့ အခန်းကဏ္ဍကို လျှော့ချရမယ် (၀ါ) အရပ်ဘက်ရဲ့ အုပ်စိုးမှုကို တိုးမြှင့်ရမယ်ဆိုတဲ့ အယူအဆက ဒီကနေ့ မြန်မာ့နိုင်ငံရေးနယ်ပယ်မှာ တာအစားဆုံး အယူအဆလို့ ပြောလို့ရပါတယ်။ သို့သော်လည်း စစ်ဘက်ရဲ့ အခန်းကဏ္ဍလျှော့ချဖို့နဲ့ အရပ်ဘက်အုပ်စိုးမှု တိုးမြှင့်ဖို့အတွက် လက်တွေ့ကျတဲ့ အရှိတရားတွေကိုတော့ အလေးထားပြင်ဆင်တည်ဆောက်တာတွေ အားနည်းနေသေးတဲ့ပုံပါပဲ။ အရပ်ဘက်အုပ်စိုးမှုတိုးမြှင့်ခြင်းဆိုတဲ့ ကိစ္စကို ဈေးကွက်သဘောတရား ရှုထောင့်ကနေ သုံးသပ် တင်ပြလိုပါတယ်. . .
.
. . . ဈေးကွက်ဥပဒေသကို ပြောတဲ့အခါတိုင်း အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံး နားလည်နိုင်တဲ့ ရှင်းပြချက်ကတော့ ရောင်းလိုအား ၀ယ်လိုအားနဲ့ ဈေးနှုန်းတို့ရဲ့ အဆက်အစပ်ပဲ ဖြစ်ပါတယ်။ ဘောဂဗေဒ ဘာသာရပ်ရဲ့ အခြေခံအကျဆုံး ဖြစ်တဲ့ ရောင်းလိုအားနဲ့ ၀ယ်လိုအားက ဈေးနှုန်းကို ဘယ်လိုပြဌာန်းသလဲ ဆိုတဲ့ မျဉ်းကွေးကို အရင်ဆုံးတင်ပြလိုပါတယ်။ လူ့သဘောသဘာဝအရ ကုန်စည်တစ်ခုကို ရောင်းတဲ့လူက အမြင့်ဆုံးဈေးကို လိုချင်ပြီး ၀ယ်တဲ့လူက အနိမ့်ဆုံးဈေးနဲ့ ရချင်တာပါ၊ သို့သော်လည်း အရောင်းအ၀ယ်ဖြစ်ဖို့ဆိုရင် ရောင်းသူလိုချင်တဲ့ အမြင့်ဆုံးဈေးကို မရနိုင်သလို၊ ၀ယ်သူလိုချင်တဲ့ အနိမ့်ဆုံးဈေးနဲ့လည်း အလုပ်မဖြစ်ပါဘူး။ ရောင်းသူဘက်က ရောင်းပေးနိုင်တဲ့ အနိမ့်ဆုံးဈေးနဲ့ ၀ယ်သူဘက်က ပေးလည်းပေးနိုင် ပေးလည်းပေးချင်တဲ့ အမြင့်ဆုံးဈေးတို့ ဆုံမှတ်တစ်ခုမှာ တွေ့ကြတဲ့အခါမှသာ အဲသည်ဆုံမှတ်မှာရှိတဲ့ ဈေးနှုန်းနဲ့ အရောင်းအ၀ယ်ဖြစ်ကြတာပါ။ အဲသည်ဈေးနှုန်းကို ဘောဂဗေဒဘာသာရပ်မှာ မျှခြေဈေးနှုန်းလို့ ခေါ်ပါသတဲ့ . . .

. . . ဒီမိုကရေစီစနစ်ရဲ့ အရပ်ဘက်အုပ်စိုးမှုဆိုတဲ့ သဘောတရားကို ကုန်စည်တစ်ခုလို သဘောထားပြီး အဲသည်ကုန်စည်ရဲ့ ရောင်းလိုအား ၀ယ်လိုအားနဲ့ ဈေးနှုန်းတို့ကို အထက်ပါ မျဉ်းကွေးမှာ တင်ကြည့်တဲ့အခါ အခုလို တွေ့ရနိုင်ပါတယ်။ မျဉ်းကွေးသဘောတရားကို မရှင်းပြခင် မျဉ်းကွေးမှာပါတဲ့ ဝေါဟာရများကို ဦးစွာရှင်းပြလိုပါတယ်။ အဓိကရှင်းပြထားချက်ကတော့ နိုင်ငံတော်လုံခြုံရေးစိုးရိမ်ရမှု နဲ့ အရပ်ဘက်အုပ်စိုးမှု အဆက်အစပ်ကို ရှင်းပြထားတာဖြစ်ပါတယ်။ နိုင်ငံတော်လုံခြုံရေးစိုးရိမ်ရမှုဆိုတာက နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်တဲ့သမားရိုးကျ ခြိမ်းခြောက်မှုများ (ဥပမာ - စစ်ရေးနည်းလမ်း အကြမ်းဖက်တိုက်ခိုက်ခြင်း နည်းလမ်းများဖြင့် နိုင်ငံတော်၏ အချုပ်အခြာ နှင့် ပြည်သူလူထု၏ လုံခြုံရေးကို ထိပါးစေသောကိစ္စရပ်များ) နဲ့ ပတ်သက်ပြီး တပ်မတော်ရဲ့ စိုးရိမ်ပူပန်မှုကို ဆိုလိုပါတယ်။ အရပ်ဘက်အုပ်စိုးမှု ဆိုတာကတော့ နိုင်ငံတော်ရဲ့ ကာကွယ်ရေး လုံခြုံရေး အပါအ၀င် ကိစ္စအရပ်ရပ်ကို စီမံခန့်ခွဲတဲ့နေရာမှာ အရပ်ဘက်နိုင်ငံရေးသမားတို့က ကိုင်တွယ်ကျင့်သုံးစီမံခန့်ခွဲနိုင်စွမ်းရှိခြင်းနဲ့ တကယ်လည်း စီမံခန့်ခွဲနိုင်ခွင့်ရှိခြင်းတို့ကို ဆိုလိုပါတယ်။ အရပ်ဘက် အရည်အချင်းပြည့်ဝမှု လိုအပ်ချက်ဆိုတာက နိုင်ငံတော်ရဲ့ ကာကွယ်ရေးလုံခြုံရေး ကိစ္စရပ်များအပါအ၀င် အာဏာသုံးရပ်ကျင့်သုံးမှုမှာ အရပ်ဘက်နိုင်ငံရေးသမားများ မည်သည့်အတိုင်းအတာအထိ အရည်အချင်းပြည့်ဝနေထိုက်သည်ဆိုတာကို ရည်ညွှန်းတဲ့ လိုအပ်ချက်ဖြစ်ပါတယ်။ စစ်ဘက်၏ အရပ်ဘက်အပေါ် ယုံကြည်မှု ဆိုရာမှာ တပ်မတော်ရဲ့ ပရော်ဖက်ရှင်နယ်ကိစ္စများဖြစ်တဲ့ နိုင်ငံတော်ကာကွယ်ရေး နဲ့ လုံခြုံရေးဆိုင်ရာမူဝါဒါများ ချမှတ်အကောင်အထည်ဖော် ကျင့်သုံးရာမှာ အရပ်ဘက် ရွေးကောက်ခံ နိုင်ငံရေးသမားတို့အနေနဲ့ ဌာန်ကရိုဏ်းကျကျ လုပ်နိုင်ကိုင်နိုင်စွမ်းရှိတယ်ဆိုတာကို စစ်ဘက်က ယုံကြည်စိတ်ချထားတဲ့ အခြေအနေမျိုးကို ဆိုလိုပါတယ် . . .
.

.
. . . လက်ရှိမှာတော့ စစ်ဘက်၏အရပ်ဘက်အပေါ်ယုံကြည်မှုနဲ့ အရပ်ဘက်နိုင်ငံရေးသမားများ အရည်အချင်းပြည့်ဝမှုလိုအပ်ချက်တို့ရဲ့ ဆုံချက်ကို ၂၀၀၈ အခြေခံဥပဒေက ပြဌာန်းသတ်မှတ်ပေးထားပါတယ်။ ကာကွယ်ရေး၊ နယ်စပ်ရေးရာနဲ့ ပြည်ထဲရေး ဆိုတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ၀န်ကြီးသုံးနေရာကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းပေးရတာ၊ လွှတ်တော်တွေထဲမှာ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါနေတာ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရတွေမှာ လုံခြုံရေးနဲ့နယ်စပ်ရေးရာဆိုင်ရာ ၀န်ကြီးတစ်ဦးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းပေးရတာ ဆိုတဲ့အခြေအနေအနေတွေ လက်ရှိဆုံချက်မှာ ရှိနေပါတယ် . . .
.
. . . သို့သော် မြန်မာ့ဒီမိုကရက်ဆိုသူများအနေနဲ့ လက်ရှိဆုံချက်နဲ့တင် ကျေနပ်နှစ်သိမ့်ခြင်း မရှိပါဘူး။ ဆုံချက်ကို ညာဘက်ကို ရွှေ့ချင်ပါတယ် (၀ါ) အရပ်ဘက်အုပ်စိုးမှု ပမာဏကို များနိုင်သလောက် များများရချင်ပါတယ်။ အဲသည်အတွက် အကန့်အသတ်က ၂၀၀၈ အခြေခံဥပဒေလို့ မြင်ကြပါတယ်။ လက်ရှိ အခြေခံဥပဒေဟာ ဒီမိုကရေစီရာနှုန်းပြည့်မဟုတ်သေးတဲ့အတွက် အခြေအနေအချိန်အခါ အားလျော်စွာ အခြေခံဥပဒေကို ပြင်ဆင်ပြီး ဒီမိုကရေစီစံနှုန်းများ တိုးမြှင့်ရမယ်ဆိုတာကို မူအားဖြင့် ဘက်အားလုံးက လက်ခံထားကြပြီးသား ဖြစ်နေတာကြောင့် အခြေခံဥပဒေရဲ့ ကန့်သတ်ချက်ဟာ တိုးသာဆုတ်သာရှိတဲ့ ကန့်သတ်ချက်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့်လည်း အရပ်ဘက်အုပ်စိုးမှု ဆုံချက်ကို နေရာရွှေ့နိုင်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စမဟုတ်ဘဲ ဖြစ်နိုင်တဲ့ ကိစ္စတစ်ခုသာဖြစ်တယ်လို့ သဘောထားပြီး အထက်ပါ မျဉ်းကွေးမှာပါတဲ့ ဆုံချက်ကို ညာဘက်ရွှေ့နိုင်မယ့်နည်းလမ်းကို ကားချပ်မှာ သုံးသပ်ကြည့်နိုင်ပါတယ် . . .
.
. . . ကားချပ်မှာပါတဲ့ အရပ်ဘက်အရည်အချင်းပြည့်ဝမှု လိုအပ်ချက်နဲ့ စစ်ဘက်၏အရပ်ဘက်အပေါ်ယုံကြည်မှု ဆိုတဲ့ မျဉ်းကွေးနှစ်ခုရဲ့ အဆက်အစပ်ကို သုံးသပ်ကြည့်ရအောင်ပါ။ နိုင်ငံတော်လုံခြုံရေးစိုးရိမ်ရမှုပိုများလေလေ အရပ်ဘက်နိုင်ငံရေးသမားတို့ရဲ့ အရည်အချင်းပြည့်ဝမှုလိုအပ်ချက်ပိုများလေလေ ဖြစ်ကြောင်း ကားချပ်မှာပြပါတယ်။ တစ်ဘက်ကနေကြည့်မယ်ဆိုရင်လည်း အရပ်ဘက်အုပ်စိုးမှုပမာဏ များလေလေ အရပ်ဘက်နိုင်ငံရေးသမားတို့ အရည်အချင်းပြည့်ဝဖို့လိုအပ်မှု ပိုများလေဆိုတာကို ပြပါတယ် . . .
.
. . . စစ်ဘက်ရဲ့ အရပ်ဘက်အပေါ်ယုံကြည်မှုကိုကြည့်မယ်ဆိုရင်လည်း နိုင်ငံတော်လုံခြုံရေးစိုးရိမ်ရမှုအခြေအနေနဲ့ စစ်ဘက်ရဲ့အရပ်ဘက်အပေါ် ယုံကြည်မှုအခြေအနေက ပြောင်းပြန်အချိုးကျတာကို တွေ့ရမှာပါ။ နိုင်ငံတော်လုံခြုံရေးစိုးရိမ်ရမှုများလေလေ စစ်ဘက်ရဲ့ အရပ်ဘက်အပေါ်ယုံကြည်မှု လျော့နည်းလေလေဖြစ်ပြီး တစ်ဆက်တည်းမှာပဲ အရပ်ဘက်အုပ်စိုးမှုလည်း လျော့နည်းလေလေဆိုတာကို တွေ့ရမှာဖြစ်ပါတယ် . . .
.
. . . ကားချပ်တစ်ခုလုံးက ဘာကိုပြနေသလဲဆိုရင် နိုင်ငံတော်လုံခြုံရေး စိုးရိမ်ရမှုအခြေအနေမြင့်တက်လာတာနဲ့အမျှ အရပ်ဘက်အုပ်စိုးမှုအခြေအနေ လျော့ကျလာတာကို ပြသနေပါတယ်။ မည်သည့်နိုင်ငံမှာမဆို မတည်မငြိမ်ဖြစ်တာ လုံခြုံရေးအခြေအနေ စိုးရိမ်ရမှု မြင့်တက်လာတာနဲ့အမျှ အရပ်ဘက်နိုင်ငံရေးသမားတွေရဲ့ စီမံခန့်ခွဲမှု ကျဆင်းပြီး စစ်ဘက်စီမံခန့်ခွဲမှု မြင့်တက်လာလေ့ရှိတယ်ဆိုတာကို နိုင်ငံများရဲ့ အရေးပေါ်အခြေအနေတွေ၊ စစ်အုပ်ချုပ်ရေးကြေညာထိန်းသိမ်းရတဲ့ အခြေအနေတွေမှာ တွေ့နိုင်ပါတယ် . . .
.
. . . မြန်မာနိုင်ငံရဲ့အခြေအနေကို ဒီကားချပ်နဲ့ ရှင်းပြရမယ်ဆိုရင် ငြိမ်းချမ်းရေးမရသေးတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေများနေတာ၊ အဲသည်လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ တပ်မတော်တို့ ထိတွေ့မှုတွေ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ပြည်ပကျူးကျော်စစ်များအတွက် ပြင်ဆင်နေရမယ့်အစား ပြည်တွင်းမှာတင် လုံခြုံရေးအခြေအနေ စိုးရိမ်ရမှု မြင့်တက်နေတာကြောင့် စစ်ဘက်ရဲ့ လွှမ်းမိုးမှု များတန်သရွေ့များနေတာကို ရှင်းပြနိုင်ပါတယ်။ ဒီအခြေအနေကြောင့် အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးအခြေအနေက ကားချပ်ရဲ့ ဘယ်ဘယ်ဘေးကို ရောက်နေတာက တကယ်တမ်းကျတော့ ဒီမိုကရေစီကို မြေစမ်းခရမ်းပျိုးထူထောင်နေရတဲ့ မြန်မာနိုင်ငံလို နိုင်ငံမျိုးအတွက် လိုလားအပ်တဲ့အခြေအနေ မဟုတ်ပါဘူး။ ဒါဆိုရင် ဘာလုပ်လို့ရပါမလဲ။ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးအခြေအနေကို အရပ်ဘက်အုပ်စိုးမှုဘက် များများရောက်ဖို့အတွက် ဘာတွေလိုအပ်နေပါသလဲ . . .
.
. . . ဒီမေးခွန်းကိုဖြေဖို့အတွက် စစ်ဘက်ရဲ့ အရပ်ဘက်အပေါ်ယုံကြည်မှု တိုးမြင့်လာဖို့လိုအပ်သလို၊ အရပ်ဘက်ရဲ့ နိုင်ငံရေးသမားများ အရည်အချင်းပြည့်ဝမှုလိုအပ်ချက်ကို လျှော့ချဖို့လိုပါတယ်။ တစ်နည်းအားဖြင့် စစ်ဘက်နဲ့ အရပ်ဘက် လက်တွဲပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းဖြင့် အရပ်ဘက်အပေါ် ယုံကြည်မှု အတိုင်းအတာတစ်ခုအထိ တိုးမြင့်လာနိုင်သလို တစ်ချိန်တည်းမှာပဲ အရပ်ဘက်နိုင်ငံရေးသမားများရဲ့ နိုင်ငံတည်ဆောက်ရေးဆိုင်ရာ အရည်အချင်းအရည်အသွေးများ ယုံကြည်စိတ်ချရလောက်တဲ့အထိ တိုးတက်လာအောင် ဆက်လက်ဖြည့်ဆည်းဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် စစ်ဘက်ကို စီမံခန့်ခွဲနိုင်ဖို့အတွက် နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ အသိပညာဗဟုသုတများနဲ့ စွမ်းဆောင်ရည်များ ပြည့်ဝလာအောင် အရပ်ဘက်နိုင်ငံရေးသမားများ ဖြည့်ဆည်းကြဖို့လိုပါတယ်။ စစ်ဘက်ဆိုင်ရာကျွမ်းကျင်မှုနယ်ပယ်တွေဖြစ်တဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ သင့်လျော်မျှတပြီး လက်တွေ့အခြေအနေနဲ့ ကိုက်ညီတဲ့ မူဝါဒများကို အရပ်ဘက်နိုင်ငံရေးသမားက တော်တည့်မှန်ကန်စွာချမှတ်နိုင်ပြီလို့ စစ်ဘက်က ယုံကြည်မှသာ အရပ်ဘက်အရည်အချင်းပြည့်ဝမှု လိုအပ်ချက်ကို လျှော့ချနိုင်သလို၊ စစ်ဘက်၏ အရပ်ဘက်အပေါ်ယုံကြည်မှုလည်း မြင့်တက်လာနိုင်မှာဖြစ်ပါတယ်။ (ကားချပ်တွင်ရှုရန်)။ အကျိုးဆက်အဖြစ် အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးအခြေအနေဟာ ကားချပ်ရဲ့ ညာဘက် တစ်နည်းအားဖြင့် အရပ်ဘက်အုပ်စိုးမှု များတဲ့ဘက်ကို ရွေ့လာမှာဖြစ်ပါတယ်။ အထက်မှာ တင်ပြခဲ့တဲ့ အချက်နှစ်ချက်က လိုလားရာအတိုင်း ပြောင်းလဲလာတာနဲ့ အရပ်ဘက်အုပ်စိုးမှုများရာဘက်ကို အလိုလို ရောက်လာမှာဖြစ်ပါတယ် . . .
.
. . . ဒီနေရာမှာ သတိပြုစရာတစ်ခုရှိတာက အရပ်ဘက်နိုင်ငံရေးသမားများရဲ့ အရည်အချင်းပြည့်ဝမှု လိုအပ်ချက် လျော့နည်းလာတာဟာ စစ်ဘက်ရဲ့ ယုံကြည်မှုကို တိုးတက်စေရာသော အကြောင်းတစ်ချက်မျှသာဖြစ်တယ်ဆိုတာပါပဲ။ အရပ်ဘက်နိုင်ငံရေးသမားတွေ အရည်အချင်းပြည့်ဝထက်မြက်လာတယ်ဆိုတာက စစ်ဘက်ရဲ့ ယုံကြည်မှုကိုရဖို့ တစ်ခုတည်းသော အလုံးစုံပြည့်ဝတဲ့ အကြောင်းတရားမဟုတ်သေးဘူးဆိုတာကိုလည်း မေ့လို့မဖြစ်ပါဘူး။ အထူးသဖြင့် မြန်မာ့တပ်မတော်ဟာ ယခင့်ယခင် နိုင်ငံရေးသမားတို့ အကွဲအပြဲနဲ့ နိုင်ငံရေးပါတီများက နိုင်ငံ့မျက်နှာထက် ကိုယ့်မျက်နှာကိုယ် ကြည့်ခဲ့ကြတဲ့ သမိုင်းကပေးတဲ့သင်ခန်းစာကို ကောင်းကောင်းမှတ်မိနေပါတယ်။ လွတ်လပ်ရေးရပြီးကတည်းက ဖြစ်ခဲ့ပျက်ခဲ့တဲ့ နိုင်ငံရေးအခြေအနေတွေကနေ လက်ရှိနိုင်ငံရေးသမားများက မည်သို့မည်ပုံ သင်ခန်းစာယူနေသလဲ သေချာမပြောနိုင်ပေမယ့် တပ်မတော်ကယူခဲ့တဲ့ သင်ခန်းစာကတော့ နိုင်ငံရေးသမားများကို သူ့ဘာသာလွှတ်ထားလို့ မရဘူး၊ စောင့်ကြည့်နေမှရမယ်ဆိုတဲ့ သင်ခန်းစာကို ယူထားကြတာပါ။ နိုင်ငံရေးသမားတွေ လုပ်ချင်ရာလုပ်ကြလို့ နိုင်ငံလည်းဖြစ်ချင်ရာဖြစ်ရပြီဆို တကယ့်တကယ် လက်တွေ့ကျကျ ၀င်ရောက်ထိန်းသိမ်းပေးနိုင်တာ တပ်မတော်လို အင်စတီကျူးရှင်းသာရှိတယ်လို့ ယုံကြည်ထားကြတာပါ။ သမိုင်းသင်ခန်းစာတွေကပေးတဲ့ အဲသည်ယုံကြည်ချက်ကို မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းနေကြတာပါ။ ကားချပ်မှာ ပြောမယ်ဆိုရင် အရပ်ဘက်နိုင်ငံရေးသမားများရဲ့ အရည်အချင်းပြည့်ဝမှု လိုအပ်ချက်ကို တဖြည်းဖြည်းပဲဖြစ်ဖြစ် လျှော့ချလာနိုင်တယ်ဆိုရင်တောင် စစ်ဘက်ရဲ့ အရပ်ဘက်အပေါ်ယုံကြည်မှု မြင့်တက်လာဖို့ဆိုတာ နိုင်ငံရေးသမားတွေရဲ့ လုပ်ဆောင်ပြုမူနေတဲ့ လုပ်နည်းလုပ်ဟန်တွေပေါ်လည်း အများကြီး မူတည်နေသေးတာပါလို့ သတိပေးလိုရင်းဖြစ်ပါတယ် . . .
.
. . . အရပ်ဘက် နိုင်ငံရေးသမားတွေ အရည်အချင်းပြည့်ဝမှုအတွက် လိုအပ်ချက်တွေ အများကြီးရှိနေကြသေးတဲ့ လက်ရှိအခြေအနေမှာ စစ်ဘက်အင်စတီကျူးရှင်းကတော့ သေချာခိုင်မာအောင် တည်ဆောက်လျက်ရှိနေတယ်ဆိုတာကို သတိထားမိရင် တွေ့ကြမှာဖြစ်ပါတယ်။ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးနယ်ပယ်မှာသာမက အခြားသော နိုင်ငံတော်တည်ဆောက်ရေးအတွက် လိုအပ်တယ်လို့ယုံကြည်ရတဲ့ နယ်ပယ်စုံ ကဏ္ဍစုံအတွက် လူ့စွမ်းအားအရင်းအမြစ်တွေ အလုံးအရင်းနဲ့ ပြုစုပျိုးထောင်မွေးမြူလျက်ရှိနေတာကို ယနေ့ခေတ်အခါမှာ ပိုမိုမြင်တွေ့လာကြရပြီဖြစ်ပါတယ်။ ဒါဟာ မှန်သလား မှားသလား ဆိုတာထက် ဒီအရှိတရားကို လက်ခံပြီး နိုင်ငံရေးသမားတွေအနေနဲ့ မိမိတို့နိုင်ငံရေးအင်စတီကျူးရှင်းများ ခိုင်မာအားကောင်းလာအောင် စနစ်ဇယားအားဖြင့်လည်းကောင်း လူ့စွမ်းအားအရင်းအမြစ်အားဖြင့်လည်းကောင်း အပြုအမူအပြောအဆို အလုပ်အကိုင်မှာ တော်တည့်မှန်ကန်စွာ ရှေ့ဆောင်လမ်းပြပေးခြင်းဖြင့်လည်းကောင်း တည်ဆောက်သွားကြဖို့ အချိန်က နောက်ပင်နောက်ကျနေသော်ငြား ယနေ့အချိန်အခါကတော့ ဒုတိယအကောင်းဆုံး အချိန်အခါကို ရောက်နေပါပြီ။ အချိန်အခါမနှောင်းသေးတဲ့အတွက်တတိယအကောင်းဆုံးအချိန်ထိ စောင့်မနေသင့်တော့ပါ။ မျိုးဆက်သစ်တွေ ပြုစုပျိုးထောင်တဲ့ ကိစ္စကို လူမြင်ကောင်းရုံ ထောက်ခံသူများရုံတင်မက အရှိန်အဟုန်နဲ့ လုပ်သင့်ကိုင်သင့် ဆောင်ရွက်သင့်လှပါပြီ။ နိုင်ငံရေးအင်စတီကျူးရှင်းများ ခိုင်မာအားကောင်းဖို့ကို မူဝါဒများ အကျအနချမှတ် လုပ်ဆောင်သင့်လှပါပြီ . . .
.
. . . အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးမှာ အရပ်ဘက်အုပ်စိုးမှုမြှင့်တင်ရေးနဲ့ ပတ်သက်ပြီး အင်မတန် စိတ်ပျက်စရာကောင်းတဲ့ အယူအဆတစ်ခုကို တစ်ချို့သော နိုင်ငံရေးသမားဆိုသူများထံမှာ မြင်တွေ့နေရတာကလည်း ကောင်းတဲ့ အလားအလာတော့ မဟုတ်ပါဘူး။ အဲဒါဘာလဲဆိုတော့ စစ်ဘက်အင်စတီကျူးရှင်းများ အင်အားချိနဲ့မှသာလျင် အရပ်ဘက်က စစ်ဘက်ကို လွှမ်းမိုးချုပ်ကိုင်နိုင်မယ်ဆိုတဲ့ အယူအဆဖြစ်ပါတယ်။ စစ်ဘက်အင်စတီကျူးရှင်းများ ခိုင်မာအားကောင်းမှုကိုသာ ဇက်ကိုင်ထိန်းချုပ်ပြီး အကျိုးရှိရှိ အသုံးချနိုင်ခဲ့ရင် နိုင်ငံတော်တည်ဆောက်ရေးအတွက် ဘယ်လောက်တောင် တစ်အင်တစ်အားဖြစ်စေမလဲဆိုတာ အဲသည်နိုင်ငံရေးသမားဆိုသူတွေ နားလည်ပုံမရပါဘူး။  အားလုံးရဲ့ ရည်မှန်းချက် ပန်းတိုင်ဖြစ်သော ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နေနိုင်တဲ့ နိုင်ငံတော်တစ်ခုကို ၀ိုင်းဝန်းတည်ဆောက်နေကြတယ်ဆိုတဲ့အချက်ကို အဲသည် နိုင်ငံရေးသမားဆိုသူတွေ မျက်ခြေပြတ်နေပုံပါပဲ။ အရပ်ဘက်အုပ်စိုးမှု အားကောင်းခိုင်မာခြင်းဆိုတာ အထက်ပါ ဘုံရည်မှန်းချက်အတွက် ကြိုးစားနေကြတဲ့ နည်းလမ်းများစွာထဲက တစ်ခုပဲဆိုတာကို မေ့ထားပြီး၊ အရပ်ဘက်အုပ်စိုးမှု တိုးတက်ဖို့အတွက် ကိုယ့်နိုင်ငံရဲ့ ကာကွယ်ရေးစွမ်းရည်ကို ထိပါးစေမယ့်အချက်တွေကို တွေးကြံပြောဆို ဖြန့်ဖြူးနေကြတာဟာလည်း အဆိုပါ နိုင်ငံရေးသမားသူများရဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးအမြင် ချို့တဲ့မှုကို လှစ်ဟဖော်ပြနေသလိုပါပဲ . . .
.
. . . နိဂုံးချုပ်အနေနဲ့ ပြောရရင် မြန်မာ့နိုင်ငံရေးမှာ အင်မတန် တာစားတဲ့ အရပ်ဘက်အုပ်စိုးမှုပမာဏ ဒီထက်မက များလာဖို့ဆိုရင် စစ်တပ်ကို နိုင်ငံရေးထဲက ထွက်သွားဆိုပြီး မောင်းထုတ်နေတာက အလုပ်ဖြစ်မယ့်နည်းလမ်း မဟုတ်ဘဲ စစ်ဘက်ရဲ့ စိုးရိမ်ပူပန်မှုဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို သိသာထင်ရှားတဲ့ တိုးတက်မှုရအောင် အကောင်အထည်ဖော်တာ၊ အရပ်ဘက်နိုင်ငံရေးသမားတွေနဲ့ နိုင်ငံရေးအင်စတီကျူးရှင်းတွေကို စစ်ဘက်က လေးစားလောက်တဲ့ အတိုင်းအတာအထိ စွမ်းဆောင်ရည်မြှင့်တင်ဖို့ ကြိုးစားတာသာ လက်တွေ့ကျ အလုပ်ဖြစ်မယ့်နည်းလမ်းဖြစ်တယ်ဆိုတာ အထက်ပါ ဈေးကွက်ဥပေဒသက ပမာပြု ညွှန်းဆိုနေပါကြောင်း . . .
.
ဉာဏ်ထက်ဇော်
၂၇ ဖေဖေါ်ဝါရီ ၂၀၁၈
.
The East
Ideas for the People Quarterly
Vol. (1), No. (2), April, 2018


.
(စကားချပ်။ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးကို ဈေးကွက်ဥပဒေသသုံးပြီး ရှင်းပြထားချက်ဟာ စာရေးသူရဲ့ အနုမာန ယူဆချက်သာဖြစ်ပြီး ဒါကိုမှန်ကန်ကြောင်း သို့မဟုတ် မှားယွင်းကြောင်း သက်သေပြနိုင်မယ့် သုတေသနတွေဆက်လုပ်ဖို့ လိုအပ်ပါသေးတယ်။ ဒီအယူအဆမှာ ရှင်းပြထားချက်တွေက စစ်ဘောင်ကျယ်ပြီး စစ်ဘက်ရဲ့ နိုင်ငံရေးအပေါ် လွှမ်းမိုးမှုကြီးတဲ့ နိုင်ငံတွေရဲ့ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးအခြေအနေကိုသာ ရှင်းပြနိုင်ပါတယ်။ အရပ်ဘက်နိုင်ငံရေးအင်စတီကျူးရှင်းများ အားကောင်းမောင်းသန် ရှင်သန်ခိုင်မာနေတဲ့ နိုင်ငံများ၊ တစ်ပါတီစနစ်ရှင်သန်ထွန်းကားတဲ့ နိုင်ငံများ၊ ဒီမိုကရေစီရှင်သန်ထွန်းကားတဲ့နိုင်ငံများရဲ့ အခြေအနေကို ရှင်းပြခြင်း မရှိပါဘူး။)
.
ကုန်စည် - Goods and Services
ဈေးနှုန်း - Price
ဝယ်လိုအား - Demand
ရောင်းလိုအား - Supply
မျှခြေဈေးနှုန်း - Equilibrium Price
မျဉ်းကွေး - Curve

Thursday 15 February 2018

ချင်ပန်ဇီကောင်းကင်ဘုံက ပုံပြင်ပြောသောလူသား


. . . ကျွန်တော်တို့နေနေတဲ့ ကမ္ဘာကြီးပေါ်မှာ လူသားတွေက ဘာကြောင့် အလွှမ်းမိုးနိုင်ဆုံး သတ္တ၀ါတွေ ဖြစ်နေရသလဲဆိုတာနဲ့ ပတ်သက်ပြီး ရှင်းပြချက်တွေ အများကြီးရှိပါတယ်။ လူသားတွေက တစ်ခြားသတ္တ၀ါတွေထက် အသိဥာဏ်သာလို့ တိုးတက်လာပြီး တစ်လောကလုံးကို လွှမ်းမိုးနိုင်တာဆိုတာကတော့ အများလက်အခံနိုင်ဆုံး ရှင်းပြချက်ဖြစ်ပါတယ်။ လူသားတွေ အခုအခြေအနေထိ ဖွံ့ဖြိုးတိုးတက်လာခဲ့တာနဲ့ ပတ်သက်ပြီး လူသားတွေရဲ့ အပြုအမူ အလေ့အကျင့်ရှုထောင့်ကနေ ရှင်းပြထားတဲ့ အမြင်သစ်တစ်ခုကို တင်ပြဖို့အတွက် ဒီစာကိုရေးပါတယ် . . .
.
. . . အခြားသတ္တ၀ါတွေအပေါ် ကျော်လွန်ပြီး လူသားတွေလွှမ်းမိုးသွားနိုင်တဲ့ အောင်မြင်မှုလျှို့ဝှက်ချက်က ဘာလဲ ဆိုတဲ့မေးခွန်းကို ရှုထောင့်သစ်တစ်ခုကနေ ဖြေဖို့ကြိုးစားထားတဲ့ စာတစ်ပုဒ်ဖြစ်ပါတယ် . . .
.
. . . ဒီမေးခွန်းကို မဖြေခင်မှာ စမ်းသပ်ချက်တစ်ခုကို စိတ်ကူးကြည့်ရအောင်ပါ။ ကျန်းမာသန်စွမ်းပြီး ဥာဏ်ထက်မြက်တဲ့ လူသားတစ်ယောက်နဲ့ ချင်ပန်ဇီမျောက်တစ်ကောင်ကို သမုဒ္ဒရာထဲက လူသူမရောက်ပေါက်တဲ့ ကျွန်းတစ်ခုပေါ် သွားတင်ထားတယ် ဆိုကြပါစို့။ ကမ္ဘာမြေကြီးရဲ့ ပင်ကိုယ်သဘာဝလောကကြီးထဲမှာ ဘယ်သူက ပိုပြီး ရှင်သန်လှုပ်ရှားနိုင်မလဲ ကြည့်မယ်ဆိုရင် ချင်ပန်ဇီနဲ့ လူသား စွမ်းရည်ချင်းသိပ်မကွာလှတာကို တွေ့ရမှာဖြစ်ပါတယ်။ လူတစ်ယောက်နဲ့ ချင်ပန်ဇီတစ်ကောင်မှာ လူတစ်ယောက်တည်းက ချင်ပန်ဇီတစ်ကောင်တည်းထက်ပိုပြီး ရှင်သန်နိုင်စွမ်းရှိဖို့ မလွယ်ပေမယ့် လူတစ်စုနဲ့ ချင်ပန်ဇီမျောက်တစ်အုပ်ကို နှိုင်းယှဉ်မယ်ဆိုရင်တော့ လူတစ်စုက ပိုပြီး ရှင်သန်လှုပ်ရှားနိုင်စွမ်းပိုရှိတယ်ဆိုတာကို တွေ့ရမှာပါ . . .
.
. . . အစ္စရေးနိုင်ငံ ဂျေရုဆလင်တက္ကသိုလ်က သမိုင်းပါမောက္ခ ယူဘယ်နိုအာ ဟာရာရီ ရဲ့ အဆိုအရ လူသားတွေရဲ့ အောင်မြင်မှု လျှို့ဝှက်ချက်က ပူးပေါင်းဆောင်ရွက်နိုင်စွမ်းရှိခြင်း ဖြစ်ပါတယ်တဲ့။ တိတိကျကျ ပြောရရင် မြောက်မြားစွာသောလူသားတွေ စနစ်တစ်ခုအတွင်း အဆင်ပြေပြေ လိုက်လျောညီထွေ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းဆိုတဲ့ စွမ်းရည်ဟာ လူသားတွေကို တစ်ခြားသတ္တ၀ါတွေထက် ပိုပြီး လောကကြီးကို လွှမ်းမိုးနိုင်တဲ့ သတ္တ၀ါအဖြစ် ရောက်စေခဲ့တာ ဖြစ်ပါသတဲ့။ အဲသည်တော့ မေးစရာရှိပါတယ်။ တစ်ခြားသတ္တ၀ါတွေမှာရော ဒီလို ပူးပေါင်းဆောင်ရွက်နိုင်စွမ်း မရှိဘူးလားပေါ့။ ဒီလိုမေးရင်တော့ ရှိတယ်လို့ ဖြေရမှာပါ။ ဥပမာ ပရွက်ဆိတ်တို့ ပျားတို့ ဆိုရင်လည်း ပူးပေါင်းဆောင်ရွက်မှု ရှိပါတယ်။ ဒါပေမယ့်လူသားနဲ့ အဓိကကွာခြားချက်က သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ မွေးရာပါ ပါလာတဲ့ အသိတရားနဲ့ အလိုလိုနေရင်း ဖြစ်သွားကြတဲ့ ပူးပေါင်းဆောင်ရွက်မှုသာဖြစ်တဲ့အပြင် ပူးပေါင်းဆောင်ရွက်တဲ့ နည်းလမ်းကလည်း ပုံသေဆန်ပါတယ်။ ပြောရရင်တော့ လွန်ခဲ့တဲ့ နှစ်တစ်သန်းက ပရွက်ဆိတ်အုံတစ်ခု ပျားအုံတစ်အုံရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ဒီကနေ့လုပ်ဆောင်နေမှုတွေက အတူတူပါပဲ။ ပျားအုံတစ်ခုက ပျားတွေက သူတို့ရဲ့ ပျားမှုရေးရာ စီးပွားရေးစနစ်တွေ ပျားနိုင်ငံတော်ရဲ့ နိုင်ငံရေးစနစ်တွေနဲ့ ပတ်သက်ပြီး အခွင့်အရေးသစ်တွေ ဖန်တီးတာ မရှိသလို ပျားနိုင်ငံတော်ရဲ့ ရပ်တည်မှုကို ဘယ်ပျားနိုင်ငံသားကမှ ခြိမ်းခြောက်တာ မရှိပါဘူး။ ပျားနိုင်ငံတော်မှာ ပျားဘုရင်မကို ရာထူးဖယ်ရှား ဘုရင်စနစ်ဖျက်သိမ်းပြီး ပျားသမ္မတနိုင်ငံထူထောင်ဖို့တို့၊ ပျားအာဏာရှင်စနစ်ဖြစ်ထွန်းလာဖို့တို့၊ ပျားကွန်မြူနစ်နဲ့ ပျားအရင်းရှင်တို့ စစ်ဖြစ်ဖို့တို့ဆိုတာ ဖြစ်လာနိုင်စရာ မရှိပါဘူး။ လူသားနဲ့ ပျား ကွာခြားတဲ့ အချက်က အဲဒါပါပဲ . . .
.
. . . ပျားတို့ ပရွက်ဆိတ်တို့နဲ့စာရင် ချင်ပန်ဇီတို့၊ ခြင်္သေ့တို့၊ ၀ံပုလွေတို့လို နို့တိုက်သတ္တ၀ါတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုက ပိုပြီး လိုက်လျောညီထွေဖြစ်ပါတယ်။ ပျား နဲ့ ပရွက်ဆိတ်လောက် ပုံသေ မဆန်ပါဘူးတဲ့။ ၀ံပုလွေတစ်အုပ်က သူတို့ထက် ခန္ဓာကိုယ်ကြီးမား သန်စွမ်းတဲ့ အကောင်ကြီးတွေကို ပူးပေါင်းတိုက်ခိုက်ပြီး သတ်ဖြတ်စားသောက်ကြတာမျိုး ကြားဖူးမှာပါ။ သူတို့တွေလည်း ပူးပေါင်းဆောင်ရွက်နိုင်စွမ်း ရှိကြပါတယ်။ ဒါပေမယ့် လူသားတွေနဲ့ မတူတဲ့ အချက်က ခုနပြောတဲ့ သတ္တ၀ါတွေဆိုတာ အရေအတွက် နည်းနည်းလေးဆိုရင်သာ ပူးပေါင်းဆောင်ရွက်နိုင်ကြခြင်းပါပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုဆိုတာကလည်း ၀မ်းတွင်းပါ အချင်းချင်း ရင်းနှီးမှုအရ ဖြစ်ပေါ်တဲ့ ပူးပေါင်းဆောင်ရွက်ခြင်းပါတဲ့။ ချင်ပန်ဇီနှစ်ကောင် ပူးပေါင်းဆောင်ရွက်ဖို့ဆိုရင် ပထမဆုံး သူတို့အချင်းချင်း တစ်ကောင်နဲ့တစ်ကောင် သိနေဖို့ လိုအပ်ပါတယ်။ တစ်ကောင်နဲ့တစ်ကောင် မသိဘဲနဲ့ ပူးပေါင်းဆောင်ရွက်လို့ မရပါဘူး။ အချင်းချင်းသာ ခင်မင်ရင်းနှီးကြမယ်ဆိုရင် ချင်ပန်ဇီအကောင်ငါးဆယ် အကောင်တစ်ရာ ပူးပေါင်းဆောင်ရွက်နိုင်ကြတာ ဖြစ်ကောင်းပေမယ့် ချင်ပန်ဇီ အကောင်တစ်ထောင်လောက်ဆိုရင်တော့ ကိစ္စတစ်ခုကို ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ သူတို့နဲ့ မရင်းနှီးတဲ့ သူစိမ်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်စွမ်း မရှိကြလို့ပါပဲ . . .
.
. . . ဒါဆိုရင် လူသားတွေကရော . . .
.
. . . အခုထိ လေ့လာတွေ့ရှိသမျှထဲမှာတော့ ကမ္ဘာပေါ်မှာလူသားတွေဟာ လိုက်လျောညီထွေရှိရှိနဲ့ အမြောက်အမြားပူးပေါင်းဆောင်ရွက်နိုင်တဲ့ တစ်ခုတည်းသော သတ္တ၀ါဖြစ်ပါတယ်တဲ့။ လူသားတွေဟာ ပျားတို့ ပရွက်ဆိတ်တို့ထက် များပြားတဲ့ အရေအတွက်နဲ့ ပူးပေါင်းဆောင်ရွက်နိုင်ကြသလို ချင်ပန်ဇီတို့ ၀ံပုလွေတို့နဲ့ ခြားနားစွာ တစ်စိမ်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်စွမ်းရှိကြပါသတဲ့။ ဒါကြောင့်မို့လို့ တစ်ဦးချင်းနှိုင်းယှဉ်ရင် ချင်ပန်ဇီတစ်ကောင်က ပိုပြီးရှင်သန်နိုင်စွမ်းမှာ သာကောင်းသာမှာဖြစ်ပေမယ့် ချင်ပန်ဇီတစ်ထောင်နဲ့ လူတစ်ထောင်ဆိုရင်တော့ လူသားတွေဟာ ဘယ်သူမှ လိုက်မမီအောင် ပူးပေါင်းဆောင်ရွက် အစွမ်းထက်သွားတာဖြစ်ပါတယ်။ ဥပမာတစ်ခုအနေနဲ့ ချင်ပန်ဇီအကောင်တစ်သိန်းလောက်ကို တီအန်မန်ရင်ပြင်တို့၊ ကမ္ဘာ့စီးပွားရေးဗဟိုဌာနတို့၊ ဗာတီကန်နန်းတော်တို့ထဲ စုပြီး ထည့်ထားကြည့်ပါလား။ အားလုံးဗြောင်းဆန်ပြီး ဘာတစ်ခုမှ ရစရာရှိတော့မှာကို မဟုတ်တော့ဘူး။ ဒါပေမယ့် လူတစ်သိန်းကို ခုနပြောတဲ့ နေရာတွေ ထည့်လိုက်ကြည့်။ လူတွေက အချင်းချင်း လိုက်လျောညီထွေ ပူးပေါင်းဆောင်ရွက်သွားတာကို တွေ့ရမှာပါ။ အင်မတန်ရှုပ်ထွေးပွေလီလှတဲ့ စည်းမျဉ်းစည်းကမ်း ကွန်ယက်စနစ်တွေထဲမှာ လူသားတွေဟာ အဆင်ပြေပြေ ပူးပေါင်းဆောင်ရွက်နိုင်တာကို တွေ့ရမှာဖြစ်ပါသတဲ့ . . .
.
. . . အခု စာဖတ်သူ ဒီစာကို ဖတ်နေတဲ့အဖြစ်ကို ဥပမာပေးလိုပါတယ်။ ဒီစာဖတ်နေသူဟာ စာရေးသူနဲ့ ခင်မင်သူဟုတ်ကောင်းမှ ဟုတ်ပါလိမ့်မယ်။ စာရေးသူလည်း ဒီစာရေးနိုင်အောင် ဖတ်ခဲ့တဲ့စာအုပ်တွေ ရေးတဲ့သူတွေကို မခင်ပါဘူး။ မရင်းနှီးပါဘူး။ အဲသလိုပဲ ဒီစာရိုက်ခဲ့တဲ့ ကီးဘုတ်နဲ့ ကွန်ပြူတာကိုထုတ်လုပ်သူ၊ ဒီစာကို အိမ်ကနေ စာအုပ်တိုက်ရောက်အောင်ပို့ပေးတဲ့ အင်တာနက်ဝန်ဆောင်မှုလုပ်တဲ့သူ၊ စာအုပ်တိုက်က စာစီစာရိုက် အပြင်အဆင်လုပ်တဲ့သူ၊ စာအုပ်ချုပ်တဲ့သူ၊ စာအုပ်ကို စာရေးသူထံ ပို့ပေးတဲ့ ကားသမား၊ စာအုပ်တင်ရောင်းတဲ့ စာအုပ်ဆိုင်ကလူတွေကို မသိပါဘူး။ သို့သော်လည်း ဒီစာရေးတာကနေ စာဖတ်သူလက်ထဲရောက်တဲ့အထိ အချင်းချင်း လုံးလုံးမသိကြတဲ့ သူစိမ်းတွေက ပူးပေါင်းဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။ ဒီလိုတစ်ယောက်နဲ့တစ်ယောက် ရှိမှန်းတောင်မသိကြတဲ့ သူစိမ်းတွေက ကိစ္စတစ်ခုအတွက် ပူးပေါင်းဆောင်ရွက်ကြတယ်ဆိုတဲ့ ဥပမာမျိုး ချင်ပန်ဇီတွေလို အသိဥာဏ်မြင့်ပါတယ်ဆိုတဲ့ သတ္တ၀ါတွေမှာတောင် တွေ့ရစရာအကြောင်းမရှိပါဘူး . . .
.
. . . နောက်ထပ်မေးစရာတစ်ခုက လူသားတွေရဲ့ အဲသလိုပူးပေါင်းဆောင်ရွက်နိုင်စွမ်းဟာ အမြဲတမ်းကောင်းနေရောလားတဲ့။ ဟင့်အင်းလို့ပဲ ဖြေရပါလိမ့်မယ်။ စစ်တိုက်တာတွေ၊ နာဇီတွေက ဂျူးတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တာတွေ၊ ချွေးတပ်စခန်းတွေမှာ လူတွေကို အတင်းအကျပ် အလုပ်ခိုင်းတာတွေလို ကြောက်မက်ဖွယ်ကိစ္စကြီးတွေကလည်း လူသားတွေပူးပေါင်းဆောင်ရွက်မှုရလဒ်အနေနဲ့ ရှိခဲ့တာပါပဲ။ လူသားတွေ ပူးပေါင်းဆောင်ရွက်ကြတယ်ဆိုတာ အကောင်းတွေချည်း လုပ်ဖို့တင် မဟုတ်ပါဘူး . . .
.
. . . ပိရမစ်ကြီးတွေဆောက်တာ၊ လကမ္ဘာကိုသွားတာ၊ အာကာသကိုစူးစမ်းလေ့လာတာ၊ အက်တမ်တွေကို ခွဲခြားစိတ်ဖြာ စတဲ့ ဒီနေ့ လူသားသမိုင်းမှာရှိတဲ့ ကြီးကျယ်ခမ်းနားတဲ့ အလုပ်တွေကို လုပ်ခဲ့ကြတာက လူသားတစ်ယောက်ချင်းစီရဲ့ ထူးချွန်ပြောင်မြောက်မှုကြောင့် ဆိုတာထက် အင်မတန် ရှုပ်ထွေးပွေလီလှတဲ့ စနစ်တွေထဲမှာ လူသားတွေက ထိထိရောက်ရောက် အဆင်ပြေပြေပူးပေါင်းဆောင်ရွက်နိုင်စွမ်းရှိမှုကြောင့်သာ ဖြစ်ပါတယ်လို့ ဆိုပါတယ် . . .
.
. . . ကောင်းပါပြီ။ ဒါဆိုရင် နောက်ထပ်မေးခွန်းတစ်ခု ထပ်မေးကြည့်ရအောင်။ ဒီလောက်မြောက်မြားလှတဲ့ လူသားတွေ တစ်ယောက်နဲ့တစ်ယောက် ပုဂ္ဂိုလ်ရေး ခင်မင်ရင်းနှီးခြင်းမရှိပါဘဲနဲ့ ရှုပ်ထွေးပွေလီလှတဲ့ စနစ်တွေအတွင်း အဆင်ပြေပြေ ပူးပေါင်းဆောင်ရွက်နေနိုင်တာ ဘာကြောင့်ပါလဲ။ အဖြေကတော့ ကျွန်တော်တို့ လူသားတွေရဲ့ ပုံပြောစွမ်းရည်တွေကြောင့်ပါပဲတဲ့ . . .
.
. . . လူတွေက စိတ်ကူးယဉ်တယ်။ ပုံပြင်တွေ ဇာတ်လမ်းတွေဖန်တီးတယ်။ တကယ့်အပြင်လောကမှာ မရှိတဲ့ အကြောင်းအရာတွေကို ယုတ္တိယုတ္တာရှိရှိ စီမံဖန်တီးပြီး တစ်ခြားသူတွေယုံအောင်လုပ်တယ်။ လူတွေဆိုတာကလည်း စိတ်ကူးယဉ်အကြောင်းအရာတစ်ခု၊ ဒဏ္ဍာရီတစ်ခု၊ ပုံပြင်တစ်ပုဒ်ကို တက်ညီလက်ညီ ယုံမိကြပြီလားဆိုရင်၊ တန်ဖိုးတစ်ခု စံနှုန်းတစ်ခု အယူအဆတစ်ခုကိုများ ဘ၀င်ကျမိပြီလားဆိုရင် တကယ့်ကိုဟန်ကျပန်ကျ ပူးပေါင်းဆောင်ရွက်ကြတော့တာပဲတဲ့ . . .
.
. . . တစ်ခြားသတ္တ၀ါနဲ့လူနဲ့ကွာခြားတာက အဲဒါပဲ။ တစ်ခြားသတ္တ၀ါတွေဆိုတာ တကယ့်ဖြစ်ပျက်နေတာကို ဖော်ပြဖို့၊ အချင်းချင်း အသိပေးဖို့ ဆက်သွယ်ဖို့အတွက်ပဲ ဘာသာစကားကို သုံးကြတာ။ ဥပမာ မျောက်တွေပေါ့၊ မျောက်တစ်ကောင်က ခြင်္သေ့တစ်ကောင် သူတို့နား ကပ်လာတာကို မြင်ရင် ငါတို့နားခြင်္သေ့တစ်ကောင်တော့ ကပ်လာပြီဟေ့ ဆိုတဲ့ စကားကို မျောက်ဘာသာဗေဒနဲ့ တစ်ခြားသူတွေသိအောင် အချက်ပြတယ်။ လူတွေ ဘာသာစကားကို သုံးတာက အဲသည်ထက် အများကြီးပိုတယ်။ လူတွေက အပြင်မှာရှိနေတာကိုတင်မက အပြင်မှာတကယ် အကောင်အထည်ပြစရာ မရှိသည့်တိုင် သူတို့စိတ်ထဲက စိတ်ကူးယဉ်ထားတဲ့ အကြောင်းအရာတွေကိုလည်း ဘာသာစကားသုံးပြီး လုပ်ကြံပြောတတ်ကြတယ်။ တကယ့်ခြင်္သေ့တစ်ကောင် အနားကပ်လာတာကိုမြင်လို့ ခြင်္သေ့တစ်ကောင်တော့ အနားရောက်နေပြီ ပြေးကြဟေ့လို့ ပြောတတ်ရုံတင်မက ကောင်းကင်ဘုံကခြင်္သေ့တစ်ကောင်ရှိတယ်။ အင်မတန်တန်ခိုးကြီးတဲ့ အဲသည်ခြင်္သေ့ကြီးက ငါတို့ကို အမြဲစောင့်ကြည့်နေတယ်။ သူပြောတဲ့အတိုင်းလိုက်မလုပ်တဲ့သူတွေ သူက ဒဏ်ခတ်လိမ့်မယ် စသည်ဖြင့် စိတ်ကူးယဉ်လုပ်ကြံဖန်တီးပြီးတော့လည်း ပြောပြနိုင်ကြတယ်။ တကယ်လို့ အခုပုံပြင်ကိုသာ လူတွေ ယုံကြပြီဆိုရင် အဲသည်လူတွေအချင်းချင်း တစ်ယောက်နဲ့တစ်ယောက် မခင်မင် မရင်းနှီးရင်သာရှိမယ်၊ အဲသည်ပုံပြင်နဲ့ပတ်သက်တဲ့ ကိစ္စအတွက်ဆို တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြတော့တာပါပဲတဲ့ . . .
.
. . . တကယ်တော့ အဲသည်လို ကိစ္စမျိုးဆိုတာလည်း လူသားတွေကြားမှာပဲ ဖြစ်နေတာပါ။ ဥပမာအားဖြင့် ခင်ဗျား မျောက်တစ်ကောင်ကို သွားပြောကြည့်။ အမောင်ချင်ပန်ဇီ၊ မင်းလက်ထဲက ငှက်ပျောသီး ငါ့ကိုလှူလိုက်ပါလား၊ အဲသလိုလှူလိုက်ရင်ရင် မင်းဘာဖြစ်မလဲသိလား၊ အခုဘ၀ကနေ မင်းသေသွားရင် နောက်ဘ၀မှာ ငှက်ပျောသီးပဒေသာပင်တွေ မြေကအလိုလိုပေါက်နေတဲ့ ငှက်ပျောသီးအပြည့်နဲ့ ချင်ပန်ဇီကောင်းကင်ဘုံကိုရောက်မှာ။ အဲဒါကြောင့် အခုလောလောဆယ် မင်းလက်ထဲက ငှက်ပျောသီး ငါ့ကိုကျွေးဖို့ အလှူခံပါတယ်ကွာလို့ သွားပြောကြည့်။ ဘယ်မျောက်မှ အဲသည်စကားကို ယုံမှာမဟုတ်ဘူး။ အဲသည်စကားကို ယုံတာ လူတွေပဲ ယုံတာ။ ဒါကြောင့်လည်း အပြင်မှာ လက်ဆုပ်လက်ကိုင်ပြလို့မရတဲ့ စိတ်ကူးထဲမှာတည်ဆောက်ထားတဲ့ စိတ်ကူးယဉ်ပုံပြင်တွေကို ဖန်လည်းဖန်တီးတတ်တဲ့ လူသား၊ သူများဖန်တီးထားတဲ့ စိတ်ကူးယဉ်ပုံပြင်တွေကို ယုံလည်းယုံတတ်တဲ့ လူသား၊ အဲသည်လူသားတွေသာလျင် လောကကြီးကို လွှမ်းမိုးထားနိုင်တာဖြစ်ပါသတဲ့။ ဘာသာရေး၊ နိုင်ငံရေး၊ စီးပွားရေးစတဲ့ ကိစ္စတွေမှာ လူသားတွေဖန်တီးထားတဲ့ ပုံပြင်တွေ ဒဏ္ဍာရီတွေ ယုံတမ်းစကားတွေကြောင့် လူသားသန်းပေါင်းများစွာဟာ စနစ်တစ်ခုတည်းအတွင်းမှာ ဟန်ချက်ညီညီ ပူးပေါင်းလှုပ်ရှားနေကြတာဖြစ်ပါတယ် . . .
.
. . . ဘာသာရေးမှာဆိုရင် ကိုယ်ယုံကြည်တို့ ဘုရားသခင်ရဲ့ ပညတ်ချက်ဆိုတာတွေကို လိုက်နာကြတယ်။ အလေးထားကြတယ်။ ဘုရားသခင်ဆိုတဲ့ အကောင်အထည်ပြလို့မရတဲ့ စိတ်ကူးထဲက ယုံကြည်မှုကို အကြောင်းပြုပြီး ဘာသာရေးစစ်ပွဲတွေကို အားတက်သရောဆင်နွှဲကြတယ် . . .
.
. . . နိုင်ငံရေးမှာ အစွမ်းအထက်ဆုံး ယုံကြည်ချက်က နိုင်ငံတော်ဆိုတဲ့ ယုံကြည်ချက်ပါပဲ။ တကယ်တော့ နိုင်ငံတော်ဆိုတာ စိတ်ကူးထဲမှာပဲ တည်ဆောက်ထားတဲ့ ယုံတမ်းစကားတစ်ခုထက် မပိုပါဘူး။ ဘုရားသခင်တို့၊ ကောင်းကင်ဘုံတို့လို စိတ်ကူးထဲမှာပဲ တည်ဆောက်ထားတဲ့ စိတ်ကူးယဉ်သက်သက်သာဖြစ်ပါတယ်။ မြင်လည်းမမြင်ရ ကိုင်ကြည့်လို့လည်းမရ ဘယ်နားမှာမှလည်း သွားရှာလို့မရတဲ့ နိုင်ငံတော်ဆိုတာကို ကမ္ဘာ့လူသားသန်းပေါင်းများစွာက ယုံကြည်နေကြပါတယ်။့  နိုင်ငံတော်ဆိုတာ မြင်ရထိတွေ့ခံစားလို့ရတဲ့ တောတွေတောင်တွေ မြစ်ချောင်းအင်းအိုင်တွေလည်း မဟုတ်ပါဘူး။ တကယ့်တကယ်တမ်းကျတော့ နိုင်ငံတော်ဆိုတာ လူတွေရဲ့ စိတ်ကူးယဉ်ဖန်တီးထားတဲ့ ယုံတမ်းပုံပြင်ဒဏ္ဍာရီတွေထဲမှာရှိနေတဲ့ အရှိတရားသာ ဖြစ်ပါသတဲ့ . . .
.
. . . အလားတူပါပဲ။ ဥပဒေရေးရာဘက်မှာ ပြောရမယ်ဆိုရင် ဒီနေ့ခေတ်အခါမှာ လူသားတွေ ယုံကြည်နေတဲ့ကိစ္စက လူ့အခွင့်အရေး ဆိုတဲ့ကိစ္စ ဖြစ်နေပါတယ်။ အထက်ကပြောခဲ့တဲ့ ဘုရားသခင်တို့၊ ကောင်းကင်ဘုံတို့၊ နိုင်ငံတော်တို့လိုပဲ လူ့အခွင့်အရေးဆိုတဲ့ ဟာကြီးကလည်း အပြင်မှာ တကယ်ထိတွေ့ကိုင်တွယ်လို့ရစရာ ရှိနေတာ မဟုတ်ပါဘူး။ ဇီဝဗေဒသဘောအရလည်း လူ့ခန္ဓာကိုယ်ထဲ ရှိနေတာ မဟုတ်ပါဘူး။ လူတွေကို ခွဲစိတ်ကြည့်ရင် အသွေးအသားအသည်းနှလုံးတွေပဲ တွေ့ရမှာပါ။ လူသားတွေရဲ့လွတ်လပ်ခွင့်တို့ လူ့အခွင့်အရေးတို့ ဆိုတာတွေကို တွေ့ရမှာ မဟုတ်ပါဘူး။ လူ့အခွင့်အရေးဆိုတာကလည်း လူသားတွေအများကြီး တစ်ညီတစ်ညွတ် ယုံကြည်နေကြတဲ့ ယုံတမ်းစကားတစ်ခုထက် ဘာမှ မပိုပါဘူး . . .
.
. . . စီးပွားရေးနယ်ပယ်မှာလည်း ဒီလိုပါပဲ။ စီးပွားရေးနယ်ပယ်ထဲမှာ ရှိနေတဲ့ လူတွေယုံကြည်နေတဲ့ ကိစ္စတော်တော်များများကလည်း အပြင်မှာ တကယ်မရှိ ထိတွေ့ကိုင်တွယ်လို့လည်း မရတဲ့ ယုံတမ်းစိတ်ကူးဇာတ်လမ်းတွေပါပဲ။ မြင်သာအောင်ပြောရမယ်ဆို လယ်ယာ ဆန်စပါး ကား စက်ရုံ စတာတွေက ပကတိအရှိတရားတွေဖြစ်ပြီး ကုမ္ပဏီတို့ ဂူဂဲတို့ ဖေ့ဘုတ်တို့ တိုယိုတာတို့ ဆိုတဲ့ ကော်ပိုရေးရှင်းတွေကတော့ စိတ်ကူးထဲမှာပဲ တည်ဆောက်ပြလို့ရတဲ့ စိတ်ကူးယဉ်အရှိတရားတွေ ဖြစ်နေပါတယ်။ ကုမ္ပဏီတစ်ခု ကော်ပိုရေးရှင်းတစ်ခုဆိုတာ ထိတွေ့ကိုင်တွယ်လို့ရတဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေကို ရည်ညွှန်းတာ မဟုတ်တဲ့အတွက် ကော်ပိုရေးရှင်းကပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ဖျက်ဆီးပစ်ရုံနဲ့ စီမံခန့်ခွဲနေတဲ့ မန်နေဂျာတွေ မရှိတော့ဘူးဆိုရုံနဲ့ အဲသည်ကုမ္ပဏီကြီးက ပျက်သွားတာ မဟုတ်ပါဘူး . . .
.
. . . ကမ္ဘာပေါ်မှာ လူတွေအယုံဆုံး ယုံတမ်းအရှိတရားတစ်ခုကို ပြပါဆိုရင် ပိုက်ဆံကိုပြရပါလိမ့်မယ်။ ပိုက်ဆံတစ်ရွက်ကို ယူကြည့်လိုက်။ အဲသည်စာရွက်လေးတစ်ရွက်မှာ ပကတိသုံးစားလို့ရတဲ့ တန်ဖိုး ဘာမှ တွေ့ရမှာ မဟုတ်ပါဘူး။ အဲသည်ပိုက်ဆံဆိုတဲ့ စာရွက်လေးကို ဗိုက်ဆာရင်လည်း စားလို့မရဘူး၊ ရေငတ်ရင်လည်း သောက်လို့မရဘူး၊ သူ့ရဲ့ ပကတိတန်ဖိုး ဘာမှ မရှိပါဘူး။ အဲသည်ဘာမှ စားမရသောက်မရ စာရွက်ကလေးတစ်ရွက်က ငှက်ပျောသီးဆယ်လုံးစာ တန်ဖိုးရှိပါတယ်လို့ ဗဟိုဘဏ်ဥက္ကဌတို့ ဘဏ္ဍာရေးဝန်ကြီးတို့က ယုံလောက်အောင်ပြောတဲ့အခါမှာ လူတွေကလည်း ယုံကြပါတော့တယ်။ ဒါနဲ့ပဲ အဲသည်စာရွက်ပိုင်းလေးကို ယူပြီး ဈေးကိုသွား၊ ဈေးကိုရောက်တော့ အဲသည်စာရွက်ကလေးကို ဈေးသည်ကိုပေးတော့ ဈေးသည်ကလည်း ခုနပုံပြင်ကို ယုံနေတဲ့သူပဲမို့ ငှက်ပြောသီးဆယ်လုံး ပြန်ပေးလိုက်တယ်။ ဘာမှ စားမရသောက်မရ စာရွက်ပိုင်းလေးတစ်ခုက လုပ်ကြံဖန်တီးပြီး ယုံအောင်ပြောတဲ့ ပုံပြင်တစ်ခုကြောင့် အဲသည်ပုံပြင်ကိုလည်း လူတွေက တက်ညီလက်ညီ ယုံကြည်ကြတာကြောင့် တကယ်စားလို့ရတဲ့ ငှက်ပြောသီးဆယ်လုံးနဲ့ လဲလို့ရသွားပါတယ်။ အဲသလို အလုပ်မျိုးကို လူသားတွေသာ လုပ်ပါတယ်။ ချင်ပန်ဇီတွေဆိုပါတော့ ၊ သူတို့အချင်းချင်း ငှက်ပျောသီးနဲ့ ပန်းသီးနဲ့ လဲစားချင်စားပါလိမ့်မယ်။ ဒီစားမရသောက်မရစာရွက်ပိုင်းလေးက ငှက်ပျောသီးဆယ်လုံးတန်ပါတယ်လို့ သွားပြောရင်တော့ ဘယ်မျောက်ကမှ ယုံမှာမဟုတ်ပါဘူး။ အဲလိုယုံတာ လူတွေပဲယုံတာပါ . . .
.
. . . လူတွေလုပ်ကြံဖန်တီးထားတဲ့ ယုံတမ်းစကားတွေထဲမှာတော့ ပိုက်ဆံပုံပြင်က အအောင်မြင်ဆုံးနဲ့ အစွမ်းအထက်ဆုံးယုံတမ်းစကားလို့ ဆိုရပါလိမ့်မယ်။ ဘာလို့လည်းဆိုတော့ လူတိုင်းက ဘုရားသခင်တို့ ကောင်းကင်ဘုံတို့ကို ယုံချင်မှ ယုံမယ်။ နိုင်ငံတော်တွေ အမျိုးသားရေးတွေ ယုံကောင်းမှယုံမယ်။ ဒီမိုကရေစီတွေ ကွန်မြူနစ်စနစ်တွေကို ယုံချင်မှယုံမယ်။ တရားမျှတတာတွေ လူ့အခွင့်အရေးတွေကို ယုံချင်မှ ယုံမယ်။ ပိုက်ဆံပုံပြင်ကိုတော့ လူတိုင်း ယုံပါတယ်။ မြင်သာအောင်ပြောရရင် အစ္စလာမ္မစ်အစွန်းရောက်အကြမ်းဖက်သမားတွေ ဆိုကြပါစို့။ သူတို့က အမေရိကန်ကို မုန်းတယ်။ ဒီမိုကရေစီကိုမုန်းတယ်။ အမေရိကန်ယဉ်ကျေးမှုကို မုန်းတယ်။ အမေရိကန်နိုင်ငံသားတွေကို မုန်းတယ်ဆိုကြပါစို့။ သူတို့သာ အမေရိကန်မြို့တစ်မြို့ကို သိမ်းပိုက်နိုင်ပြီဆိုရင် ဘာလုပ်ကြမလဲ။ လူတွေကို သတ်မယ်၊ အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးမယ်။ ပြတိုက်တွေကိုဖြိုချမယ်။ ဘုရားကျောင်းတွေကို ရုပ်ထုတွေကို ထုခွဲမယ်။ အဲသလို တွေ့ကရာ ဖျက်ဆီးဖြိုချနေတဲ့သူတွေဟာ အမေရိကန်ဒေါ်လာတွေအပြည့်နဲ့ ငွေတိုက်ကြီးတစ်ခုကို တွေ့ပြီဆိုပါတော့။ သူတို့မီးရှို့ပစ်မလား၊ ဝေးပါသေးတယ်။ အမေရိကန်ကို မုန်းပါတယ်ဆိုတဲ့ အဲသည်အကြမ်းဖက်သမားတွေဟာ သူတို့အင်မတန်မုန်းပါတယ်ဆိုတဲ့ အမေရိကန်သမ္မတကြီးပုံပါတဲ့၊ အမေရိကန်ဒီမိုကရေစီသင်္ကေတတွေ ရိုက်နှိပ်ထားတဲ့ ဒေါ်လာငွေကိုတော့ ယုံကြည်ကြပါတယ်။ ယူသွားပြီး သုံးပစ်လိုက်ကြမှာ မလွဲပါပဲ။ ဒေါ်လာငွေဆိုတာ တန်ဖိုးရှိတယ်ဆိုတဲ့ ယုံတမ်းစကားဟာ ကမ္ဘာပေါ်မှာ ပြောခဲ့သမျှ ပုံပြင်တွေထဲမှာတော့ လူတွေအယုံဆုံးပုံပြင်တစ်ပုဒ် ဖြစ်ပါတယ် . . .
.
. . . အဲသည်တော့ မေးစရာရှိတာက လူတွေယုံမယ့်ပုံပြင်တွေ လုပ်ကြံပြောရတာ လွယ်သလားတဲ့။ မလွယ်ရေးချ မလွယ် တော်တော့ကို ခက်ပါတယ်လို့ ဖြေရပါလိမ့်မယ်။ သူတို့ဘုရားကိုမယုံနဲ့ ငါတို့ဘုရားကိုယုံ၊ သူတို့နိုင်ငံရေးစနစ်ကိုမယုံနဲ့ ငါတို့နိုင်ငံရေးစနစ်ကိုယုံ စသည်ဖြင့် လူတွေကို ယုံအောင်လုပ်ရတာ တော်တော့ကို ခက်ပါတယ်။ ဒီလိုခက်လို့လည်း ကိုယ့်ပုံပြင်တွေ သူများယုံအောင်လုပ်ရင်း စစ်တွေဖြစ်ကြ သေကြကျေကြရတာပါ။ အုပ်စုနှစ်ခုမှာ ဆန့်ကျင်ဘက်ပုံပြင်နှစ်ပုဒ် ရှိနေပြီဆိုရင် တစ်ယောက်ပုံပြင်တစ်ယောက်လွှမ်းမိုးအောင်လုပ်ရင်း စစ်တွေဖြစ်ကြတော့တာပါပဲ . . .
.
. . . ပကတိအရှိတရားနဲ့ ယုံတမ်းပုံပြင် နှစ်ခုပေါင်းထားတဲ့ လောကကြီးမှာ ယုံတမ်းပုံပြင်စိတ်ကူးယဉ်လောကကြီးက လူသားတွေအပေါ် ပိုပြီး လွှမ်းမိုးမှုရှိနေတာပါ။ ဒါကြောင့် ယုံတမ်းပုံပြင်တွေ တီထွင်ဖန်တီးပြောနိုင်လေလေ၊ ကိုယ့်ပုံပြင်ကို ယုံကြည်သူတွေ များလာလေလေ လောကကြီးကို လွှမ်းမိုးနိုင်လေလေဖြစ်တယ်ဆိုတဲ့ လူတို့ရဲ့တိုးလက်လာမှုဆိုင်ရာ သမိုင်းကြောင်းအမြင်သစ်တစ်ခုကို မိတ်ဆက်တင်ပြလိုက်ရပါကြောင်း . . .
.
ဗိုလ်ကောင်း
၁၅ ဖေဖေါ်ဝါရီ ၂၀၁၈
.
ရည်ညွှန်းမှတ်စု - "Sapiens: A Brief History of Humankind" စာအုပ်ကိုရေးသားခဲ့သူ Yuval Noah Harari သည် အစ္စရေးနိုင်ငံ ဂျေရုဆလင်တက္ကသိုလ်မှ သမိုင်းပါမောက္ခတစ်ဦးဖြစ်ပါသည်။ ယင်းစာအုပ်ကို ၂၀၁၁ ခုနှစ်က ဟီဘရူးဘာသာဖြင့် ရေးသားခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့ပါသည်။ ၂၀၁၇ ဇွန်လအထိ ဘာသာပြောင်း ၄၅ ဘာသာဖြင့် ပြန်ဆိုထုတ်ဝေခဲ့ပြီးဖြစ်သော်လည်း မြန်မာဘာသာဖြင့်ပြန်ဆိုထားခြင်းကို မတွေ့ရသေးပါ။ လူသားသမိုင်းဆိုင်ရာ ရှုထောင့်သစ်တစ်ခုကို မြန်မာစာဖတ်ပရိသတ်များထံ မျှဝေပေးလိုသဖြင့် ဤစာကို ရေးသားဖြစ်ခဲ့ပါသည်။

Monday 12 February 2018

Who knows


The NLD seems to be reluctant to use the national flag since it could lead to a recognition of the legitimacy of the previous military regime and its constitution in which the current three colored flag is created. Decorating the backdrop in yellow, green and red could also be interpreted as a revival of the legacy of Dobama Asiayone. However the most interesting thing in this picture is the man wearing a red hat. People of these days normally do not use such gear. What does it symbolize??? — feeling thoughtful.

Thursday 8 February 2018

National University of Naypyidaw


. . . ပျဉ်းမနားတောင်ညိုလမ်းအတိုင်း မြို့မဈေးရှေ့ကဖြတ်ပြီး ဘူးကွဲဘက်ကို သွားတဲ့အခါ မြို့မဈေးနဲ့ ၀ဏ္ဏသိဒ္ဓိလမ်းဆုံကြားက လမ်းဘေးနှစ်ဘက်လုံးမှာ သစ်ပင်တွေအုံ့အုံ့ဆိုင်းဆိုင်းနဲ့ လွတ်နေတဲ့ တောအုပ်ရှေ့ဖြတ်တိုင်း ဒီနေရာမှာ တက္ကသိုလ်ကြီးတစ်ခုလောက် ဆောက်ရရင်ကောင်းမှာဘဲဆိုတဲ့ အတွေးမျိုး အမြဲဝင်မိတယ်။ ညာဘက်ခြမ်းက ဧက ၃၅၀ လောက်ကျယ်ပြီး ဘယ်ဘက်ခြမ်းမှာ ဧက သုံးရာလောက်ကျယ်တာဆိုတော့ တက္ကသိုလ်တစ်ခုတည်ထောင်ဖို့အတွက် လုံလောက်တဲ့ မြေအကျယ်အ၀န်းရှိတယ်လို့ထင်ပါတယ်။ မြန်မာနိုင်ငံက မြို့ကြီးပြကြီးတိုင်းမှာ တက္ကသိုလ်တွေရှိနေကြတာမို့ နေပြည်တော်မှာလည်း တက္ကသိုလ်တစ်ခုတော့ရှိသင့်တယ်ဆိုတဲ့ မည်ကာမတ္တအတွေးမျိုး မဟုတ်ပါဘူး။ ပညာရပ်ဆိုင်ရာနဲ့ဆိုရင် ဟိုးအရင်တုန်းက ရန်ကုန်တက္ကသိုလ်ကြီး နာမည်ကြီးခဲ့သလို၊ သြစတေးလျအမျိုးသားတက္ကသိုလ်နာမည်ကြီးသလို၊ ဂျပန်က တိုကျိုတက္ကသိုလ်နာမည်ကြီးသလို ငါတို့မြန်မာနိုင်ငံမှာလည်း ဒါမျိုးတက္ကသိုလ်ရှိတယ်ဟေ့လို့ သူများတကာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ ကမ္ဘာ့အဆင့်အတန်းရှိတဲ့ တက္ကသိုလ်ကြီးမျိုးကို ဆိုလိုတာပါ . . .
.
. . . လွှတ်တော်မှာ ပညာရေးဒုဝန်ကြီးဦးဝင်းမော်ထွန်း ပြောသွားတဲ့ပုံအရဆိုရင်လည်း နေပြည်တော်မှာ တက္ကသိုလ်တစ်ခုတည်ထောင်ဖို့ အစီအစဉ်ရှိတဲ့ပုံပေါ်ပါတယ်။ နေပြည်တော်မှာ အဆင့်မြင့်တက္ကသိုလ်ကြီးတစ်ခု တည်ထောင်ချင်တယ်ဆိုတာ ကိုယ့်ကလည်း နဂိုကတည်းက အာသီသရှိတာမို့ အစိုးရရဲ့ ဒီလိုအစီအစဉ်မျိုးကို ထောက်ခံပေမယ့် စိတ်ပူမိတာတော့ တော်တော်များများ ရှိပါတယ် . . .
.
. . . ပထမဆုံး ပူမိတဲ့အပူကတော့ ငါတို့အစိုးရလက်ထက်မှာ နေပြည်တော်မှာ တက္ကသိုလ်တစ်ခု ထောင်ခဲ့တယ်ကွာဆိုတဲ့ အတွေးမျိုးနဲ့ လက်ပူတိုက်လုပ်ပစ်လိုက်မှာကို ပူပင်မိပါတယ်။ တပ်မတော်အစိုးရလက်ထက်တုန်းက တက္ကသိုလ်တွေ အများကြီးထောင်ခဲ့တယ်ဆိုပေမယ့် အဲသည်တက္ကသိုလ်တွေရဲ့ လိုအပ်ချက်တွေကို အခုထိ ပြည့်စုံအောင်မဖြည့်ဆည်းနိုင်တာမျိုးတွေ ရှိနေတယ်ဆိုတဲ့ သင်ခန်းစာကိုယူစေချင်တာပါ။ စပြီး တည်ထောင်ကတည်းကိုက မြန်မာပြည်မှာ စံထားရလောက်စရာ ကမ္ဘာ့အဆင့်မီတက္ကသိုလ်တစ်ခုကို မျှော်မှန်းတည်ထောင်စေချင်တာ။ လက်ပူတိုက်တက္ကသိုလ်ဖြစ်သွားမှာ စိုးရိမ်မိပါတယ် . . .
.
. . . တက္ကသိုလ်က ဘာသာရပ်ပေါင်းစုံ ပညာရပ်ပေါင်းစုံပါတဲ့ တက္ကသိုလ်ကြီးဆိုတော့ ဒုတိယ ပူမိတဲ့အပူက အခြေခံအဆောက်အုံတွေ ခိုင်ခိုင်မာမာ မလုပ်ရသေးခင်မှာ စီမံကိန်းထဲပါတဲ့ကျောင်းတွေအားလုံး လောလော လောလော ဖွင့်ပစ်လိုက်မှာကို ပူပါတယ်။ အခြေခံ အဆောက်အအုံဆိုတာ တိုင်လုံးကြီးတွေအများကြီးနဲ့ ဆင်ဝင်အကြီးကြီးတွေသာပြောတာ မဟုတ်ပါဘူး။ ပညာရပ်တစ်ခုဆိုရင်လည်း တစ်ခုဆိုသလောက် အတော်အသင့်ပြည့်စုံကောင်းမွန်တဲ့ စာကြည့်တိုက်တွေ သင်ထောက်ကူပစ္စည်းတွေ စနစ်တွေ ကျောင်းသားတွေ သက်တောင့်သက်သာနေထိုင်နိုင်မယ့် ကျောင်းသားဆောင်တွေ ဆရာဆရာမအိမ်ရာတွေ၊ စာသင်ဖို့တင်မက ဆရာဆရာမတွေကိုယ်တိုင် သုတေသနပြုဖို့ ဌာနသပ္ပာယဖြစ်တဲ့ နေရာထိုင်ခင်းအဆောက်အဦးတွေ စသည်ဖြင့် ပြည့်ပြည့်စုံစုံလေး ဖြည့်ဆည်းပေးဖို့ အားထုတ်စေချင်ပါတယ်။ စိတ်ကူးထားတာတွေ အားလုံးကို နည်းနည်းနဲ့ကျဲကျဲဝိုင်း လုပ်မှာထက်စာရင် ကိုယ်စိုက်ထုတ်နိုင်တဲ့အရင်းအမြစ်တွေကို ပညာရပ်တစ်ခုဆိုလည်းတစ်ခု နှစ်ခုဆိုလည်း နှစ်ခုအပေါ်မှာပဲ စုစည်းအသုံးပြုစေချင်တာပါ။ တက္ကသိုလ်အောက်မှာ ကောလိပ်ကျောင်းပေါင်း ဆယ်ခုဖွင့်ဖို့ စိတ်ကူးထားတယ်ဆိုရင်တောင် ကိုယ်က တစ်ခုနှစ်ခုစာပဲ အရင်းအမြစ်လုံလောက်သေးတယ်ဆို အဲသည် တစ်ခုနှစ်ခုကိုပဲ အကောင်းဆုံးဖြစ်အောင်ဖြည့်ဆည်းပြီး ကျန်တာတွေ တဖြည်းဖြည်း တိုးချဲ့သွားစေချင်တာပါ . . .
.
. . . နောက်ထပ် ပူမိတာတစ်ခုက ဆိုရှယ်လစ်ခေတ်အတွေးအခေါ်နဲ့ တက္ကသိုလ်ကို ဘယ်သူမဆိုတက်နိုင်အောင်ဆိုပြီး ဈေးပေါပေါ လုပ်ပစ်လိုက်မှာကိုပါပဲ။ တက္ကသိုလ်ကို စထောင်ကတည်းကိုက ပညာအရည်အချင်း သတ်မှတ်ချက်အရဖြစ်စေ၊ တက္ကသိုလ်ကိုပေးသွင်းရမယ့် ကျောင်းစရိတ်အရဖြစ်စေ ပေါပေါပဲပဲ မလုပ်ဘဲနဲ့ ထိုက်ထိုက်တန်တန်ယူစေချင်ပါတယ်။ ဒီခေတ်ဒီအခါမှာ ထိုက်ထိုက်တန်တန်မပေးဘဲ ဘယ်မှာမှ ထိုက်ထိုက်တန်တန် မရပါဘူး။ ကျောင်းစရိတ်သက်သက်သာသာနဲ့ ကမ္ဘာ့အဆင့်မီ ပညာတွေဆည်းပူးလို့ရမယ်ဆိုတဲ့ သဘောတရားမျိုးကို ၁၉၈၈ က ဆိုရှယ်လစ်အစိုးရနဲ့အတူ ထားခဲ့သင့်လှပါပြီ။ မြန်မာပြည်က ရှိနှင့်ပြီးသားတက္ကသိုလ်တွေကိုတောင် ကိုယ်တိုင်စီမံခန့်ခွဲခွင့် များများကြီးပေးဖို့ ပြင်ဆင်နေတဲ့ ဒီလိုအချိန်မျိုးမှာ တည်ထောင်လိုက်တဲ့ တက္ကသိုလ်ကြီးဟာ စထောင်ကတည်းကိုက ကိုယ်ပိုင်စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ တက္ကသိုလ်တစ်ခု ဖြစ်သင့်ပါတယ်။ ဆရာဆရာမတွေကို တက္ကသိုလ်က ကိုယ့်ဘာသာအရည်အချင်းသတ်မှတ်ပြီး စိတ်ကြိုက်ရွေးခန့်။ ကျောင်းသားကို စိတ်ကြိုက်ရွေးချယ်ပြီးမှ ၀င်ခွင့်ပေး။ ကိုယ်ပိုင်သုတေသနလုပ်ငန်းတွေလုပ်ပြီး ပိုက်ဆံရှာ၊ ပြင်ပကုမ္ပနီတွေနဲ့ပူးပေါင်းပြီး ပညာသင်ဆုအစီအစဉ်တွေ ဖန်တီး၊ နိုင်ငံတကာတက္ကသိုလ်ကြီးတွေနဲ့ ပူးပေါင်းဆောင်ရွက် စသည်ဖြင့် လုပ်စရာတွေကတော့ အများကြီးဖြစ်မှာပါ . . .
.
. . . တက္ကသိုလ်မှာသင်ကြားမယ့် သင်ရိုးညွှန်းတမ်းတွေဆွဲတဲ့အခါ ကျောင်းသားရဲ့ အသက်မွေးဝမ်းကျောင်းမှုကိစ္စကိုလည်း ထည့်စဉ်းစားပေးဖို့ လိုပါလိမ့်မယ်။ တက္ကသိုလ်က ဆင်းသွားတဲ့အခါ ဘွဲ့လက်မှတ်အပြင် ထမင်းစားလက်မှတ်ပါပေးလိုက်နိုင်အောင် လုပ်သင့်ပါတယ်။ ကျွန်တော့်ဆရာတစ်ယောက် ပြောပြဖူးတဲ့ဥပမာပေးရမယ်ဆို သမိုင်းဘာသာရပ်အထူးပြုသင်တဲ့ ကျောင်းသားတစ်ယောက်ကို ပြတိုက်ခင်းကျင်းမှုပညာပါ ထည့်သင်ပေးတယ်ဆိုတာမျိုးပေါ့။ ကျောင်းဆင်းသွားလို့ သမိုင်းဘာသာရပ်နဲ့ အလုပ်မရဘူးဆိုရင်တောင်မှ ကုန်တိုက်တွေ စတိုးဆိုင်ကြီးတွေမှာ ကုန်ပစ္စည်းတွေ ဘယ်လိုဘယ်ပုံခင်းကျင်းပြသရမယ်ဆိုတဲ့ သဘောတရားကို နားလည်ထားလို့ ထမင်းစားစရာအလုပ်တစ်ခုတော့ လုပ်စားလို့ရသွားတာပေါ့။ အဲသလို မဟုတ်ဘဲ မြန်မာတစ်နိုင်ငံလုံးက တက္ကသိုလ်တွေ တစ်ပြေးညီသင်နေတဲ့ ပျင်းစရာကောင်းတဲ့ ခေတ်လည်းမမီတဲ့ သင်ရိုးတွေကိုပဲ ယူသင်လိုက်မယ်ဆိုတဲ့ သမားရိုးကျအတွေးမျိုးနဲ့ လုပ်ပစ်လိုက်မှာကိုလည်း စိုးရိမ်မိပါတယ် . . .
.
. . . တက္ကသိုလ်တစ်ခု တူတူတန်တန်တည်ထောင်ဖို့ဆို ပိုက်ဆံတွေက သောက်သောက်လဲ ကုန်မှာပါ။ အစိုးရက အကုန်လုံး စိုက်ထုတ်သုံးစွဲရမယ်ဆိုရင်လည်း ဒီခေတ်ဒီအခါကြီးမှာ ဆီလျော်တဲ့နည်းလမ်း မဟုတ်ပါဘူး။ တစ်နှစ် နှစ်နှစ်ကိစ္စမဟုတ်ဘဲ နှစ်ပေါင်းများစွာလုပ်ရမယ့်အလုပ်ဖြစ်တဲ့အတွက် အစိုးရကပဲ အစစအရာရာ အကုန်အကျခံရမယ်ဆိုရင် ဖြစ်မှာမဟုတ်ပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံထဲမှာရှိတဲ့ သဌေးကြီးတွေရဲ့အားကိုလည်း ယူတန်သရွေ့ ယူသင့်ပါတယ်။ တိုင်ကွန်းပဲခေါ်ခေါ် ခရိုနီပဲခေါ်ခေါ် သူတို့မှာလည်း သူတို့စိတ်ဝင်စားတဲ့ ဘာသာရပ်နယ်ပယ်တွေ ရှိကြမှာပါ။ အဲသည် သက်ဆိုင်ရာနယ်ပယ်မှာ ပညာရပ်တွေ ဖွံ့ဖြိုးတိုးတက်အောင် အဲသည်သဌေးကြီးတွေက သုတေသနရန်ပုံတွေ မတည်ထူထောင်ပေးတာ၊ ပညာသင်ဆုတွေ ဖန်တီးပေးတာ စသည်ဖြင့် လုပ်လို့ရနိုင်စရာရှိပါတယ် . . .
.
. . . ချုပ်ပြီးပြောရရင် နေပြည်တော်ကကျောင်းသားတွေ တစ်ခြားမှာကျောင်းသွားတက်နေရလို့ ကိုယ့်မြို့ကိုယ့်ရွာမှာပဲ တက်လို့ရအောင်ဆောက်တဲ့ သမားရိုးကျ ပေါပေါပဲပဲ တက္ကသိုလ်မဟုတ်ဘဲ နောင်ဆယ်စုနှစ်တစ်ခုလောက်ရောက်တဲ့အခါ မြန်မာပြည်မှာ ဒါမျိုးတက္ကသိုလ်ရှိတယ်ကွလို့ လက်မထောင် ဂုဏ်ယူလို့ရတဲ့ တက္ကသိုလ်ကြီးအဖြစ် မျှော်မှန်းတည်ဆောက်သင့်တယ်ဆိုတာ၊ လက်ပူတိုက်တက္ကသိုလ်မဟုတ်ဘဲ ကျကျနန တည်ထောင်ထားတဲ့ တက္ကသိုလ်ကြီးဖြစ်သင့်တယ်ဆိုတာ၊ ကျောင်းသားဝင်ခွင့်ကို အဆင့်အတန်းရှိရှိ သတ်မှတ်ပြီး လူတော်တွေပဲ လာစုနေတဲ့ တက္ကသိုလ်ကြီးဖြစ်စေချင်တယ်ဆိုတာ၊ သဌေးတွေနဲ့ပေါင်းပြီး ပိုက်ဆံများများ ရန်ပုံငွေထားနိုင်တဲ့ တက္ကသိုလ်ကြီးအဖြစ် ပြောင်ပြောင်ရောင်ရောင်ရှိစေချင်တယ်ဆိုတာ ပြောတာပါ . . .
.
. . . တက္ကသိုလ်တည်မယ်ဆိုတော့ စိတ်အပူမိဆုံးက တပ်မတော်အစိုးရကို တစ်ချိန်လုံး ဝေဖန်ခဲ့တဲ့ တက္ကသိုလ်တွေ မြို့ပြင်ထုတ်တဲ့ကိစ္စကို အတုခိုးမှားပြီး လိုက်လုပ်မှာကိုပါပဲ။ အခု ကျွန်တော်ပြောတဲ့နေရာလေးဆို ဈေးတွေ အားကစားကွင်းတွေ လူနေရပ်ကွက်တွေ လွှတ်တော်တွေ သမ္မတအိမ်တော်တွေ အစိုးရ ၀န်ကြီးဌာနတွေ အားလုံးနဲ့ နီးတာမို့ ကျောင်းသားတွေ ဆန္ဒပြမှာ ဆူပူမှာကို အရင်အစိုးရတွေကြောက်သလို ဒီအစိုးရလည်း ကြောက်များကြောက်နေအုံးမလားပေါ့။ ဘာမှ မပူပါနဲ့၊ တကယ့်တက္ကသိုလ်ကြီးတစ်ခုသာ အဆင့်မြင့်မြင့် ပီပီပြင်ပြင် တည်ထောင်လိုက်စမ်းပါ။ ကြိုးစားအားထုတ်ပြီး ပညာကိုစိတ်ဝင်စားတဲ့ ကျောင်းသားတွေဆိုတာ ဆန္ဒပြဖို့ နေနေသာသာ ရည်းစားထားဖို့တောင် မနည်းအချိန်လုနေရမှာ . . .
.
စာကြွင်း ။ တက္ကသိုလ်အောက်က ဘာသာရပ်အထူးပြုကျောင်းတွေကို Shinditharparmauk School of Diplomacy, Mahawthahtar School of Political Science, Kanaung School of Technology, Kinwonmingyi School of International Relations, Myomanyein School of Arts and Culture စသည်ဖြင့် နာမည်လေးတွေပေးရင်ကောင်းမှာပဲဆိုတာတော့ ထည့်မပြောတော့ပါဘူးလေ . . . :P
.