Thursday 15 February 2018

ချင်ပန်ဇီကောင်းကင်ဘုံက ပုံပြင်ပြောသောလူသား


. . . ကျွန်တော်တို့နေနေတဲ့ ကမ္ဘာကြီးပေါ်မှာ လူသားတွေက ဘာကြောင့် အလွှမ်းမိုးနိုင်ဆုံး သတ္တ၀ါတွေ ဖြစ်နေရသလဲဆိုတာနဲ့ ပတ်သက်ပြီး ရှင်းပြချက်တွေ အများကြီးရှိပါတယ်။ လူသားတွေက တစ်ခြားသတ္တ၀ါတွေထက် အသိဥာဏ်သာလို့ တိုးတက်လာပြီး တစ်လောကလုံးကို လွှမ်းမိုးနိုင်တာဆိုတာကတော့ အများလက်အခံနိုင်ဆုံး ရှင်းပြချက်ဖြစ်ပါတယ်။ လူသားတွေ အခုအခြေအနေထိ ဖွံ့ဖြိုးတိုးတက်လာခဲ့တာနဲ့ ပတ်သက်ပြီး လူသားတွေရဲ့ အပြုအမူ အလေ့အကျင့်ရှုထောင့်ကနေ ရှင်းပြထားတဲ့ အမြင်သစ်တစ်ခုကို တင်ပြဖို့အတွက် ဒီစာကိုရေးပါတယ် . . .
.
. . . အခြားသတ္တ၀ါတွေအပေါ် ကျော်လွန်ပြီး လူသားတွေလွှမ်းမိုးသွားနိုင်တဲ့ အောင်မြင်မှုလျှို့ဝှက်ချက်က ဘာလဲ ဆိုတဲ့မေးခွန်းကို ရှုထောင့်သစ်တစ်ခုကနေ ဖြေဖို့ကြိုးစားထားတဲ့ စာတစ်ပုဒ်ဖြစ်ပါတယ် . . .
.
. . . ဒီမေးခွန်းကို မဖြေခင်မှာ စမ်းသပ်ချက်တစ်ခုကို စိတ်ကူးကြည့်ရအောင်ပါ။ ကျန်းမာသန်စွမ်းပြီး ဥာဏ်ထက်မြက်တဲ့ လူသားတစ်ယောက်နဲ့ ချင်ပန်ဇီမျောက်တစ်ကောင်ကို သမုဒ္ဒရာထဲက လူသူမရောက်ပေါက်တဲ့ ကျွန်းတစ်ခုပေါ် သွားတင်ထားတယ် ဆိုကြပါစို့။ ကမ္ဘာမြေကြီးရဲ့ ပင်ကိုယ်သဘာဝလောကကြီးထဲမှာ ဘယ်သူက ပိုပြီး ရှင်သန်လှုပ်ရှားနိုင်မလဲ ကြည့်မယ်ဆိုရင် ချင်ပန်ဇီနဲ့ လူသား စွမ်းရည်ချင်းသိပ်မကွာလှတာကို တွေ့ရမှာဖြစ်ပါတယ်။ လူတစ်ယောက်နဲ့ ချင်ပန်ဇီတစ်ကောင်မှာ လူတစ်ယောက်တည်းက ချင်ပန်ဇီတစ်ကောင်တည်းထက်ပိုပြီး ရှင်သန်နိုင်စွမ်းရှိဖို့ မလွယ်ပေမယ့် လူတစ်စုနဲ့ ချင်ပန်ဇီမျောက်တစ်အုပ်ကို နှိုင်းယှဉ်မယ်ဆိုရင်တော့ လူတစ်စုက ပိုပြီး ရှင်သန်လှုပ်ရှားနိုင်စွမ်းပိုရှိတယ်ဆိုတာကို တွေ့ရမှာပါ . . .
.
. . . အစ္စရေးနိုင်ငံ ဂျေရုဆလင်တက္ကသိုလ်က သမိုင်းပါမောက္ခ ယူဘယ်နိုအာ ဟာရာရီ ရဲ့ အဆိုအရ လူသားတွေရဲ့ အောင်မြင်မှု လျှို့ဝှက်ချက်က ပူးပေါင်းဆောင်ရွက်နိုင်စွမ်းရှိခြင်း ဖြစ်ပါတယ်တဲ့။ တိတိကျကျ ပြောရရင် မြောက်မြားစွာသောလူသားတွေ စနစ်တစ်ခုအတွင်း အဆင်ပြေပြေ လိုက်လျောညီထွေ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းဆိုတဲ့ စွမ်းရည်ဟာ လူသားတွေကို တစ်ခြားသတ္တ၀ါတွေထက် ပိုပြီး လောကကြီးကို လွှမ်းမိုးနိုင်တဲ့ သတ္တ၀ါအဖြစ် ရောက်စေခဲ့တာ ဖြစ်ပါသတဲ့။ အဲသည်တော့ မေးစရာရှိပါတယ်။ တစ်ခြားသတ္တ၀ါတွေမှာရော ဒီလို ပူးပေါင်းဆောင်ရွက်နိုင်စွမ်း မရှိဘူးလားပေါ့။ ဒီလိုမေးရင်တော့ ရှိတယ်လို့ ဖြေရမှာပါ။ ဥပမာ ပရွက်ဆိတ်တို့ ပျားတို့ ဆိုရင်လည်း ပူးပေါင်းဆောင်ရွက်မှု ရှိပါတယ်။ ဒါပေမယ့်လူသားနဲ့ အဓိကကွာခြားချက်က သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ မွေးရာပါ ပါလာတဲ့ အသိတရားနဲ့ အလိုလိုနေရင်း ဖြစ်သွားကြတဲ့ ပူးပေါင်းဆောင်ရွက်မှုသာဖြစ်တဲ့အပြင် ပူးပေါင်းဆောင်ရွက်တဲ့ နည်းလမ်းကလည်း ပုံသေဆန်ပါတယ်။ ပြောရရင်တော့ လွန်ခဲ့တဲ့ နှစ်တစ်သန်းက ပရွက်ဆိတ်အုံတစ်ခု ပျားအုံတစ်အုံရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ဒီကနေ့လုပ်ဆောင်နေမှုတွေက အတူတူပါပဲ။ ပျားအုံတစ်ခုက ပျားတွေက သူတို့ရဲ့ ပျားမှုရေးရာ စီးပွားရေးစနစ်တွေ ပျားနိုင်ငံတော်ရဲ့ နိုင်ငံရေးစနစ်တွေနဲ့ ပတ်သက်ပြီး အခွင့်အရေးသစ်တွေ ဖန်တီးတာ မရှိသလို ပျားနိုင်ငံတော်ရဲ့ ရပ်တည်မှုကို ဘယ်ပျားနိုင်ငံသားကမှ ခြိမ်းခြောက်တာ မရှိပါဘူး။ ပျားနိုင်ငံတော်မှာ ပျားဘုရင်မကို ရာထူးဖယ်ရှား ဘုရင်စနစ်ဖျက်သိမ်းပြီး ပျားသမ္မတနိုင်ငံထူထောင်ဖို့တို့၊ ပျားအာဏာရှင်စနစ်ဖြစ်ထွန်းလာဖို့တို့၊ ပျားကွန်မြူနစ်နဲ့ ပျားအရင်းရှင်တို့ စစ်ဖြစ်ဖို့တို့ဆိုတာ ဖြစ်လာနိုင်စရာ မရှိပါဘူး။ လူသားနဲ့ ပျား ကွာခြားတဲ့ အချက်က အဲဒါပါပဲ . . .
.
. . . ပျားတို့ ပရွက်ဆိတ်တို့နဲ့စာရင် ချင်ပန်ဇီတို့၊ ခြင်္သေ့တို့၊ ၀ံပုလွေတို့လို နို့တိုက်သတ္တ၀ါတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုက ပိုပြီး လိုက်လျောညီထွေဖြစ်ပါတယ်။ ပျား နဲ့ ပရွက်ဆိတ်လောက် ပုံသေ မဆန်ပါဘူးတဲ့။ ၀ံပုလွေတစ်အုပ်က သူတို့ထက် ခန္ဓာကိုယ်ကြီးမား သန်စွမ်းတဲ့ အကောင်ကြီးတွေကို ပူးပေါင်းတိုက်ခိုက်ပြီး သတ်ဖြတ်စားသောက်ကြတာမျိုး ကြားဖူးမှာပါ။ သူတို့တွေလည်း ပူးပေါင်းဆောင်ရွက်နိုင်စွမ်း ရှိကြပါတယ်။ ဒါပေမယ့် လူသားတွေနဲ့ မတူတဲ့ အချက်က ခုနပြောတဲ့ သတ္တ၀ါတွေဆိုတာ အရေအတွက် နည်းနည်းလေးဆိုရင်သာ ပူးပေါင်းဆောင်ရွက်နိုင်ကြခြင်းပါပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုဆိုတာကလည်း ၀မ်းတွင်းပါ အချင်းချင်း ရင်းနှီးမှုအရ ဖြစ်ပေါ်တဲ့ ပူးပေါင်းဆောင်ရွက်ခြင်းပါတဲ့။ ချင်ပန်ဇီနှစ်ကောင် ပူးပေါင်းဆောင်ရွက်ဖို့ဆိုရင် ပထမဆုံး သူတို့အချင်းချင်း တစ်ကောင်နဲ့တစ်ကောင် သိနေဖို့ လိုအပ်ပါတယ်။ တစ်ကောင်နဲ့တစ်ကောင် မသိဘဲနဲ့ ပူးပေါင်းဆောင်ရွက်လို့ မရပါဘူး။ အချင်းချင်းသာ ခင်မင်ရင်းနှီးကြမယ်ဆိုရင် ချင်ပန်ဇီအကောင်ငါးဆယ် အကောင်တစ်ရာ ပူးပေါင်းဆောင်ရွက်နိုင်ကြတာ ဖြစ်ကောင်းပေမယ့် ချင်ပန်ဇီ အကောင်တစ်ထောင်လောက်ဆိုရင်တော့ ကိစ္စတစ်ခုကို ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ သူတို့နဲ့ မရင်းနှီးတဲ့ သူစိမ်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်စွမ်း မရှိကြလို့ပါပဲ . . .
.
. . . ဒါဆိုရင် လူသားတွေကရော . . .
.
. . . အခုထိ လေ့လာတွေ့ရှိသမျှထဲမှာတော့ ကမ္ဘာပေါ်မှာလူသားတွေဟာ လိုက်လျောညီထွေရှိရှိနဲ့ အမြောက်အမြားပူးပေါင်းဆောင်ရွက်နိုင်တဲ့ တစ်ခုတည်းသော သတ္တ၀ါဖြစ်ပါတယ်တဲ့။ လူသားတွေဟာ ပျားတို့ ပရွက်ဆိတ်တို့ထက် များပြားတဲ့ အရေအတွက်နဲ့ ပူးပေါင်းဆောင်ရွက်နိုင်ကြသလို ချင်ပန်ဇီတို့ ၀ံပုလွေတို့နဲ့ ခြားနားစွာ တစ်စိမ်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်စွမ်းရှိကြပါသတဲ့။ ဒါကြောင့်မို့လို့ တစ်ဦးချင်းနှိုင်းယှဉ်ရင် ချင်ပန်ဇီတစ်ကောင်က ပိုပြီးရှင်သန်နိုင်စွမ်းမှာ သာကောင်းသာမှာဖြစ်ပေမယ့် ချင်ပန်ဇီတစ်ထောင်နဲ့ လူတစ်ထောင်ဆိုရင်တော့ လူသားတွေဟာ ဘယ်သူမှ လိုက်မမီအောင် ပူးပေါင်းဆောင်ရွက် အစွမ်းထက်သွားတာဖြစ်ပါတယ်။ ဥပမာတစ်ခုအနေနဲ့ ချင်ပန်ဇီအကောင်တစ်သိန်းလောက်ကို တီအန်မန်ရင်ပြင်တို့၊ ကမ္ဘာ့စီးပွားရေးဗဟိုဌာနတို့၊ ဗာတီကန်နန်းတော်တို့ထဲ စုပြီး ထည့်ထားကြည့်ပါလား။ အားလုံးဗြောင်းဆန်ပြီး ဘာတစ်ခုမှ ရစရာရှိတော့မှာကို မဟုတ်တော့ဘူး။ ဒါပေမယ့် လူတစ်သိန်းကို ခုနပြောတဲ့ နေရာတွေ ထည့်လိုက်ကြည့်။ လူတွေက အချင်းချင်း လိုက်လျောညီထွေ ပူးပေါင်းဆောင်ရွက်သွားတာကို တွေ့ရမှာပါ။ အင်မတန်ရှုပ်ထွေးပွေလီလှတဲ့ စည်းမျဉ်းစည်းကမ်း ကွန်ယက်စနစ်တွေထဲမှာ လူသားတွေဟာ အဆင်ပြေပြေ ပူးပေါင်းဆောင်ရွက်နိုင်တာကို တွေ့ရမှာဖြစ်ပါသတဲ့ . . .
.
. . . အခု စာဖတ်သူ ဒီစာကို ဖတ်နေတဲ့အဖြစ်ကို ဥပမာပေးလိုပါတယ်။ ဒီစာဖတ်နေသူဟာ စာရေးသူနဲ့ ခင်မင်သူဟုတ်ကောင်းမှ ဟုတ်ပါလိမ့်မယ်။ စာရေးသူလည်း ဒီစာရေးနိုင်အောင် ဖတ်ခဲ့တဲ့စာအုပ်တွေ ရေးတဲ့သူတွေကို မခင်ပါဘူး။ မရင်းနှီးပါဘူး။ အဲသလိုပဲ ဒီစာရိုက်ခဲ့တဲ့ ကီးဘုတ်နဲ့ ကွန်ပြူတာကိုထုတ်လုပ်သူ၊ ဒီစာကို အိမ်ကနေ စာအုပ်တိုက်ရောက်အောင်ပို့ပေးတဲ့ အင်တာနက်ဝန်ဆောင်မှုလုပ်တဲ့သူ၊ စာအုပ်တိုက်က စာစီစာရိုက် အပြင်အဆင်လုပ်တဲ့သူ၊ စာအုပ်ချုပ်တဲ့သူ၊ စာအုပ်ကို စာရေးသူထံ ပို့ပေးတဲ့ ကားသမား၊ စာအုပ်တင်ရောင်းတဲ့ စာအုပ်ဆိုင်ကလူတွေကို မသိပါဘူး။ သို့သော်လည်း ဒီစာရေးတာကနေ စာဖတ်သူလက်ထဲရောက်တဲ့အထိ အချင်းချင်း လုံးလုံးမသိကြတဲ့ သူစိမ်းတွေက ပူးပေါင်းဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။ ဒီလိုတစ်ယောက်နဲ့တစ်ယောက် ရှိမှန်းတောင်မသိကြတဲ့ သူစိမ်းတွေက ကိစ္စတစ်ခုအတွက် ပူးပေါင်းဆောင်ရွက်ကြတယ်ဆိုတဲ့ ဥပမာမျိုး ချင်ပန်ဇီတွေလို အသိဥာဏ်မြင့်ပါတယ်ဆိုတဲ့ သတ္တ၀ါတွေမှာတောင် တွေ့ရစရာအကြောင်းမရှိပါဘူး . . .
.
. . . နောက်ထပ်မေးစရာတစ်ခုက လူသားတွေရဲ့ အဲသလိုပူးပေါင်းဆောင်ရွက်နိုင်စွမ်းဟာ အမြဲတမ်းကောင်းနေရောလားတဲ့။ ဟင့်အင်းလို့ပဲ ဖြေရပါလိမ့်မယ်။ စစ်တိုက်တာတွေ၊ နာဇီတွေက ဂျူးတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တာတွေ၊ ချွေးတပ်စခန်းတွေမှာ လူတွေကို အတင်းအကျပ် အလုပ်ခိုင်းတာတွေလို ကြောက်မက်ဖွယ်ကိစ္စကြီးတွေကလည်း လူသားတွေပူးပေါင်းဆောင်ရွက်မှုရလဒ်အနေနဲ့ ရှိခဲ့တာပါပဲ။ လူသားတွေ ပူးပေါင်းဆောင်ရွက်ကြတယ်ဆိုတာ အကောင်းတွေချည်း လုပ်ဖို့တင် မဟုတ်ပါဘူး . . .
.
. . . ပိရမစ်ကြီးတွေဆောက်တာ၊ လကမ္ဘာကိုသွားတာ၊ အာကာသကိုစူးစမ်းလေ့လာတာ၊ အက်တမ်တွေကို ခွဲခြားစိတ်ဖြာ စတဲ့ ဒီနေ့ လူသားသမိုင်းမှာရှိတဲ့ ကြီးကျယ်ခမ်းနားတဲ့ အလုပ်တွေကို လုပ်ခဲ့ကြတာက လူသားတစ်ယောက်ချင်းစီရဲ့ ထူးချွန်ပြောင်မြောက်မှုကြောင့် ဆိုတာထက် အင်မတန် ရှုပ်ထွေးပွေလီလှတဲ့ စနစ်တွေထဲမှာ လူသားတွေက ထိထိရောက်ရောက် အဆင်ပြေပြေပူးပေါင်းဆောင်ရွက်နိုင်စွမ်းရှိမှုကြောင့်သာ ဖြစ်ပါတယ်လို့ ဆိုပါတယ် . . .
.
. . . ကောင်းပါပြီ။ ဒါဆိုရင် နောက်ထပ်မေးခွန်းတစ်ခု ထပ်မေးကြည့်ရအောင်။ ဒီလောက်မြောက်မြားလှတဲ့ လူသားတွေ တစ်ယောက်နဲ့တစ်ယောက် ပုဂ္ဂိုလ်ရေး ခင်မင်ရင်းနှီးခြင်းမရှိပါဘဲနဲ့ ရှုပ်ထွေးပွေလီလှတဲ့ စနစ်တွေအတွင်း အဆင်ပြေပြေ ပူးပေါင်းဆောင်ရွက်နေနိုင်တာ ဘာကြောင့်ပါလဲ။ အဖြေကတော့ ကျွန်တော်တို့ လူသားတွေရဲ့ ပုံပြောစွမ်းရည်တွေကြောင့်ပါပဲတဲ့ . . .
.
. . . လူတွေက စိတ်ကူးယဉ်တယ်။ ပုံပြင်တွေ ဇာတ်လမ်းတွေဖန်တီးတယ်။ တကယ့်အပြင်လောကမှာ မရှိတဲ့ အကြောင်းအရာတွေကို ယုတ္တိယုတ္တာရှိရှိ စီမံဖန်တီးပြီး တစ်ခြားသူတွေယုံအောင်လုပ်တယ်။ လူတွေဆိုတာကလည်း စိတ်ကူးယဉ်အကြောင်းအရာတစ်ခု၊ ဒဏ္ဍာရီတစ်ခု၊ ပုံပြင်တစ်ပုဒ်ကို တက်ညီလက်ညီ ယုံမိကြပြီလားဆိုရင်၊ တန်ဖိုးတစ်ခု စံနှုန်းတစ်ခု အယူအဆတစ်ခုကိုများ ဘ၀င်ကျမိပြီလားဆိုရင် တကယ့်ကိုဟန်ကျပန်ကျ ပူးပေါင်းဆောင်ရွက်ကြတော့တာပဲတဲ့ . . .
.
. . . တစ်ခြားသတ္တ၀ါနဲ့လူနဲ့ကွာခြားတာက အဲဒါပဲ။ တစ်ခြားသတ္တ၀ါတွေဆိုတာ တကယ့်ဖြစ်ပျက်နေတာကို ဖော်ပြဖို့၊ အချင်းချင်း အသိပေးဖို့ ဆက်သွယ်ဖို့အတွက်ပဲ ဘာသာစကားကို သုံးကြတာ။ ဥပမာ မျောက်တွေပေါ့၊ မျောက်တစ်ကောင်က ခြင်္သေ့တစ်ကောင် သူတို့နား ကပ်လာတာကို မြင်ရင် ငါတို့နားခြင်္သေ့တစ်ကောင်တော့ ကပ်လာပြီဟေ့ ဆိုတဲ့ စကားကို မျောက်ဘာသာဗေဒနဲ့ တစ်ခြားသူတွေသိအောင် အချက်ပြတယ်။ လူတွေ ဘာသာစကားကို သုံးတာက အဲသည်ထက် အများကြီးပိုတယ်။ လူတွေက အပြင်မှာရှိနေတာကိုတင်မက အပြင်မှာတကယ် အကောင်အထည်ပြစရာ မရှိသည့်တိုင် သူတို့စိတ်ထဲက စိတ်ကူးယဉ်ထားတဲ့ အကြောင်းအရာတွေကိုလည်း ဘာသာစကားသုံးပြီး လုပ်ကြံပြောတတ်ကြတယ်။ တကယ့်ခြင်္သေ့တစ်ကောင် အနားကပ်လာတာကိုမြင်လို့ ခြင်္သေ့တစ်ကောင်တော့ အနားရောက်နေပြီ ပြေးကြဟေ့လို့ ပြောတတ်ရုံတင်မက ကောင်းကင်ဘုံကခြင်္သေ့တစ်ကောင်ရှိတယ်။ အင်မတန်တန်ခိုးကြီးတဲ့ အဲသည်ခြင်္သေ့ကြီးက ငါတို့ကို အမြဲစောင့်ကြည့်နေတယ်။ သူပြောတဲ့အတိုင်းလိုက်မလုပ်တဲ့သူတွေ သူက ဒဏ်ခတ်လိမ့်မယ် စသည်ဖြင့် စိတ်ကူးယဉ်လုပ်ကြံဖန်တီးပြီးတော့လည်း ပြောပြနိုင်ကြတယ်။ တကယ်လို့ အခုပုံပြင်ကိုသာ လူတွေ ယုံကြပြီဆိုရင် အဲသည်လူတွေအချင်းချင်း တစ်ယောက်နဲ့တစ်ယောက် မခင်မင် မရင်းနှီးရင်သာရှိမယ်၊ အဲသည်ပုံပြင်နဲ့ပတ်သက်တဲ့ ကိစ္စအတွက်ဆို တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြတော့တာပါပဲတဲ့ . . .
.
. . . တကယ်တော့ အဲသည်လို ကိစ္စမျိုးဆိုတာလည်း လူသားတွေကြားမှာပဲ ဖြစ်နေတာပါ။ ဥပမာအားဖြင့် ခင်ဗျား မျောက်တစ်ကောင်ကို သွားပြောကြည့်။ အမောင်ချင်ပန်ဇီ၊ မင်းလက်ထဲက ငှက်ပျောသီး ငါ့ကိုလှူလိုက်ပါလား၊ အဲသလိုလှူလိုက်ရင်ရင် မင်းဘာဖြစ်မလဲသိလား၊ အခုဘ၀ကနေ မင်းသေသွားရင် နောက်ဘ၀မှာ ငှက်ပျောသီးပဒေသာပင်တွေ မြေကအလိုလိုပေါက်နေတဲ့ ငှက်ပျောသီးအပြည့်နဲ့ ချင်ပန်ဇီကောင်းကင်ဘုံကိုရောက်မှာ။ အဲဒါကြောင့် အခုလောလောဆယ် မင်းလက်ထဲက ငှက်ပျောသီး ငါ့ကိုကျွေးဖို့ အလှူခံပါတယ်ကွာလို့ သွားပြောကြည့်။ ဘယ်မျောက်မှ အဲသည်စကားကို ယုံမှာမဟုတ်ဘူး။ အဲသည်စကားကို ယုံတာ လူတွေပဲ ယုံတာ။ ဒါကြောင့်လည်း အပြင်မှာ လက်ဆုပ်လက်ကိုင်ပြလို့မရတဲ့ စိတ်ကူးထဲမှာတည်ဆောက်ထားတဲ့ စိတ်ကူးယဉ်ပုံပြင်တွေကို ဖန်လည်းဖန်တီးတတ်တဲ့ လူသား၊ သူများဖန်တီးထားတဲ့ စိတ်ကူးယဉ်ပုံပြင်တွေကို ယုံလည်းယုံတတ်တဲ့ လူသား၊ အဲသည်လူသားတွေသာလျင် လောကကြီးကို လွှမ်းမိုးထားနိုင်တာဖြစ်ပါသတဲ့။ ဘာသာရေး၊ နိုင်ငံရေး၊ စီးပွားရေးစတဲ့ ကိစ္စတွေမှာ လူသားတွေဖန်တီးထားတဲ့ ပုံပြင်တွေ ဒဏ္ဍာရီတွေ ယုံတမ်းစကားတွေကြောင့် လူသားသန်းပေါင်းများစွာဟာ စနစ်တစ်ခုတည်းအတွင်းမှာ ဟန်ချက်ညီညီ ပူးပေါင်းလှုပ်ရှားနေကြတာဖြစ်ပါတယ် . . .
.
. . . ဘာသာရေးမှာဆိုရင် ကိုယ်ယုံကြည်တို့ ဘုရားသခင်ရဲ့ ပညတ်ချက်ဆိုတာတွေကို လိုက်နာကြတယ်။ အလေးထားကြတယ်။ ဘုရားသခင်ဆိုတဲ့ အကောင်အထည်ပြလို့မရတဲ့ စိတ်ကူးထဲက ယုံကြည်မှုကို အကြောင်းပြုပြီး ဘာသာရေးစစ်ပွဲတွေကို အားတက်သရောဆင်နွှဲကြတယ် . . .
.
. . . နိုင်ငံရေးမှာ အစွမ်းအထက်ဆုံး ယုံကြည်ချက်က နိုင်ငံတော်ဆိုတဲ့ ယုံကြည်ချက်ပါပဲ။ တကယ်တော့ နိုင်ငံတော်ဆိုတာ စိတ်ကူးထဲမှာပဲ တည်ဆောက်ထားတဲ့ ယုံတမ်းစကားတစ်ခုထက် မပိုပါဘူး။ ဘုရားသခင်တို့၊ ကောင်းကင်ဘုံတို့လို စိတ်ကူးထဲမှာပဲ တည်ဆောက်ထားတဲ့ စိတ်ကူးယဉ်သက်သက်သာဖြစ်ပါတယ်။ မြင်လည်းမမြင်ရ ကိုင်ကြည့်လို့လည်းမရ ဘယ်နားမှာမှလည်း သွားရှာလို့မရတဲ့ နိုင်ငံတော်ဆိုတာကို ကမ္ဘာ့လူသားသန်းပေါင်းများစွာက ယုံကြည်နေကြပါတယ်။့  နိုင်ငံတော်ဆိုတာ မြင်ရထိတွေ့ခံစားလို့ရတဲ့ တောတွေတောင်တွေ မြစ်ချောင်းအင်းအိုင်တွေလည်း မဟုတ်ပါဘူး။ တကယ့်တကယ်တမ်းကျတော့ နိုင်ငံတော်ဆိုတာ လူတွေရဲ့ စိတ်ကူးယဉ်ဖန်တီးထားတဲ့ ယုံတမ်းပုံပြင်ဒဏ္ဍာရီတွေထဲမှာရှိနေတဲ့ အရှိတရားသာ ဖြစ်ပါသတဲ့ . . .
.
. . . အလားတူပါပဲ။ ဥပဒေရေးရာဘက်မှာ ပြောရမယ်ဆိုရင် ဒီနေ့ခေတ်အခါမှာ လူသားတွေ ယုံကြည်နေတဲ့ကိစ္စက လူ့အခွင့်အရေး ဆိုတဲ့ကိစ္စ ဖြစ်နေပါတယ်။ အထက်ကပြောခဲ့တဲ့ ဘုရားသခင်တို့၊ ကောင်းကင်ဘုံတို့၊ နိုင်ငံတော်တို့လိုပဲ လူ့အခွင့်အရေးဆိုတဲ့ ဟာကြီးကလည်း အပြင်မှာ တကယ်ထိတွေ့ကိုင်တွယ်လို့ရစရာ ရှိနေတာ မဟုတ်ပါဘူး။ ဇီဝဗေဒသဘောအရလည်း လူ့ခန္ဓာကိုယ်ထဲ ရှိနေတာ မဟုတ်ပါဘူး။ လူတွေကို ခွဲစိတ်ကြည့်ရင် အသွေးအသားအသည်းနှလုံးတွေပဲ တွေ့ရမှာပါ။ လူသားတွေရဲ့လွတ်လပ်ခွင့်တို့ လူ့အခွင့်အရေးတို့ ဆိုတာတွေကို တွေ့ရမှာ မဟုတ်ပါဘူး။ လူ့အခွင့်အရေးဆိုတာကလည်း လူသားတွေအများကြီး တစ်ညီတစ်ညွတ် ယုံကြည်နေကြတဲ့ ယုံတမ်းစကားတစ်ခုထက် ဘာမှ မပိုပါဘူး . . .
.
. . . စီးပွားရေးနယ်ပယ်မှာလည်း ဒီလိုပါပဲ။ စီးပွားရေးနယ်ပယ်ထဲမှာ ရှိနေတဲ့ လူတွေယုံကြည်နေတဲ့ ကိစ္စတော်တော်များများကလည်း အပြင်မှာ တကယ်မရှိ ထိတွေ့ကိုင်တွယ်လို့လည်း မရတဲ့ ယုံတမ်းစိတ်ကူးဇာတ်လမ်းတွေပါပဲ။ မြင်သာအောင်ပြောရမယ်ဆို လယ်ယာ ဆန်စပါး ကား စက်ရုံ စတာတွေက ပကတိအရှိတရားတွေဖြစ်ပြီး ကုမ္ပဏီတို့ ဂူဂဲတို့ ဖေ့ဘုတ်တို့ တိုယိုတာတို့ ဆိုတဲ့ ကော်ပိုရေးရှင်းတွေကတော့ စိတ်ကူးထဲမှာပဲ တည်ဆောက်ပြလို့ရတဲ့ စိတ်ကူးယဉ်အရှိတရားတွေ ဖြစ်နေပါတယ်။ ကုမ္ပဏီတစ်ခု ကော်ပိုရေးရှင်းတစ်ခုဆိုတာ ထိတွေ့ကိုင်တွယ်လို့ရတဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေကို ရည်ညွှန်းတာ မဟုတ်တဲ့အတွက် ကော်ပိုရေးရှင်းကပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ဖျက်ဆီးပစ်ရုံနဲ့ စီမံခန့်ခွဲနေတဲ့ မန်နေဂျာတွေ မရှိတော့ဘူးဆိုရုံနဲ့ အဲသည်ကုမ္ပဏီကြီးက ပျက်သွားတာ မဟုတ်ပါဘူး . . .
.
. . . ကမ္ဘာပေါ်မှာ လူတွေအယုံဆုံး ယုံတမ်းအရှိတရားတစ်ခုကို ပြပါဆိုရင် ပိုက်ဆံကိုပြရပါလိမ့်မယ်။ ပိုက်ဆံတစ်ရွက်ကို ယူကြည့်လိုက်။ အဲသည်စာရွက်လေးတစ်ရွက်မှာ ပကတိသုံးစားလို့ရတဲ့ တန်ဖိုး ဘာမှ တွေ့ရမှာ မဟုတ်ပါဘူး။ အဲသည်ပိုက်ဆံဆိုတဲ့ စာရွက်လေးကို ဗိုက်ဆာရင်လည်း စားလို့မရဘူး၊ ရေငတ်ရင်လည်း သောက်လို့မရဘူး၊ သူ့ရဲ့ ပကတိတန်ဖိုး ဘာမှ မရှိပါဘူး။ အဲသည်ဘာမှ စားမရသောက်မရ စာရွက်ကလေးတစ်ရွက်က ငှက်ပျောသီးဆယ်လုံးစာ တန်ဖိုးရှိပါတယ်လို့ ဗဟိုဘဏ်ဥက္ကဌတို့ ဘဏ္ဍာရေးဝန်ကြီးတို့က ယုံလောက်အောင်ပြောတဲ့အခါမှာ လူတွေကလည်း ယုံကြပါတော့တယ်။ ဒါနဲ့ပဲ အဲသည်စာရွက်ပိုင်းလေးကို ယူပြီး ဈေးကိုသွား၊ ဈေးကိုရောက်တော့ အဲသည်စာရွက်ကလေးကို ဈေးသည်ကိုပေးတော့ ဈေးသည်ကလည်း ခုနပုံပြင်ကို ယုံနေတဲ့သူပဲမို့ ငှက်ပြောသီးဆယ်လုံး ပြန်ပေးလိုက်တယ်။ ဘာမှ စားမရသောက်မရ စာရွက်ပိုင်းလေးတစ်ခုက လုပ်ကြံဖန်တီးပြီး ယုံအောင်ပြောတဲ့ ပုံပြင်တစ်ခုကြောင့် အဲသည်ပုံပြင်ကိုလည်း လူတွေက တက်ညီလက်ညီ ယုံကြည်ကြတာကြောင့် တကယ်စားလို့ရတဲ့ ငှက်ပြောသီးဆယ်လုံးနဲ့ လဲလို့ရသွားပါတယ်။ အဲသလို အလုပ်မျိုးကို လူသားတွေသာ လုပ်ပါတယ်။ ချင်ပန်ဇီတွေဆိုပါတော့ ၊ သူတို့အချင်းချင်း ငှက်ပျောသီးနဲ့ ပန်းသီးနဲ့ လဲစားချင်စားပါလိမ့်မယ်။ ဒီစားမရသောက်မရစာရွက်ပိုင်းလေးက ငှက်ပျောသီးဆယ်လုံးတန်ပါတယ်လို့ သွားပြောရင်တော့ ဘယ်မျောက်ကမှ ယုံမှာမဟုတ်ပါဘူး။ အဲလိုယုံတာ လူတွေပဲယုံတာပါ . . .
.
. . . လူတွေလုပ်ကြံဖန်တီးထားတဲ့ ယုံတမ်းစကားတွေထဲမှာတော့ ပိုက်ဆံပုံပြင်က အအောင်မြင်ဆုံးနဲ့ အစွမ်းအထက်ဆုံးယုံတမ်းစကားလို့ ဆိုရပါလိမ့်မယ်။ ဘာလို့လည်းဆိုတော့ လူတိုင်းက ဘုရားသခင်တို့ ကောင်းကင်ဘုံတို့ကို ယုံချင်မှ ယုံမယ်။ နိုင်ငံတော်တွေ အမျိုးသားရေးတွေ ယုံကောင်းမှယုံမယ်။ ဒီမိုကရေစီတွေ ကွန်မြူနစ်စနစ်တွေကို ယုံချင်မှယုံမယ်။ တရားမျှတတာတွေ လူ့အခွင့်အရေးတွေကို ယုံချင်မှ ယုံမယ်။ ပိုက်ဆံပုံပြင်ကိုတော့ လူတိုင်း ယုံပါတယ်။ မြင်သာအောင်ပြောရရင် အစ္စလာမ္မစ်အစွန်းရောက်အကြမ်းဖက်သမားတွေ ဆိုကြပါစို့။ သူတို့က အမေရိကန်ကို မုန်းတယ်။ ဒီမိုကရေစီကိုမုန်းတယ်။ အမေရိကန်ယဉ်ကျေးမှုကို မုန်းတယ်။ အမေရိကန်နိုင်ငံသားတွေကို မုန်းတယ်ဆိုကြပါစို့။ သူတို့သာ အမေရိကန်မြို့တစ်မြို့ကို သိမ်းပိုက်နိုင်ပြီဆိုရင် ဘာလုပ်ကြမလဲ။ လူတွေကို သတ်မယ်၊ အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးမယ်။ ပြတိုက်တွေကိုဖြိုချမယ်။ ဘုရားကျောင်းတွေကို ရုပ်ထုတွေကို ထုခွဲမယ်။ အဲသလို တွေ့ကရာ ဖျက်ဆီးဖြိုချနေတဲ့သူတွေဟာ အမေရိကန်ဒေါ်လာတွေအပြည့်နဲ့ ငွေတိုက်ကြီးတစ်ခုကို တွေ့ပြီဆိုပါတော့။ သူတို့မီးရှို့ပစ်မလား၊ ဝေးပါသေးတယ်။ အမေရိကန်ကို မုန်းပါတယ်ဆိုတဲ့ အဲသည်အကြမ်းဖက်သမားတွေဟာ သူတို့အင်မတန်မုန်းပါတယ်ဆိုတဲ့ အမေရိကန်သမ္မတကြီးပုံပါတဲ့၊ အမေရိကန်ဒီမိုကရေစီသင်္ကေတတွေ ရိုက်နှိပ်ထားတဲ့ ဒေါ်လာငွေကိုတော့ ယုံကြည်ကြပါတယ်။ ယူသွားပြီး သုံးပစ်လိုက်ကြမှာ မလွဲပါပဲ။ ဒေါ်လာငွေဆိုတာ တန်ဖိုးရှိတယ်ဆိုတဲ့ ယုံတမ်းစကားဟာ ကမ္ဘာပေါ်မှာ ပြောခဲ့သမျှ ပုံပြင်တွေထဲမှာတော့ လူတွေအယုံဆုံးပုံပြင်တစ်ပုဒ် ဖြစ်ပါတယ် . . .
.
. . . အဲသည်တော့ မေးစရာရှိတာက လူတွေယုံမယ့်ပုံပြင်တွေ လုပ်ကြံပြောရတာ လွယ်သလားတဲ့။ မလွယ်ရေးချ မလွယ် တော်တော့ကို ခက်ပါတယ်လို့ ဖြေရပါလိမ့်မယ်။ သူတို့ဘုရားကိုမယုံနဲ့ ငါတို့ဘုရားကိုယုံ၊ သူတို့နိုင်ငံရေးစနစ်ကိုမယုံနဲ့ ငါတို့နိုင်ငံရေးစနစ်ကိုယုံ စသည်ဖြင့် လူတွေကို ယုံအောင်လုပ်ရတာ တော်တော့ကို ခက်ပါတယ်။ ဒီလိုခက်လို့လည်း ကိုယ့်ပုံပြင်တွေ သူများယုံအောင်လုပ်ရင်း စစ်တွေဖြစ်ကြ သေကြကျေကြရတာပါ။ အုပ်စုနှစ်ခုမှာ ဆန့်ကျင်ဘက်ပုံပြင်နှစ်ပုဒ် ရှိနေပြီဆိုရင် တစ်ယောက်ပုံပြင်တစ်ယောက်လွှမ်းမိုးအောင်လုပ်ရင်း စစ်တွေဖြစ်ကြတော့တာပါပဲ . . .
.
. . . ပကတိအရှိတရားနဲ့ ယုံတမ်းပုံပြင် နှစ်ခုပေါင်းထားတဲ့ လောကကြီးမှာ ယုံတမ်းပုံပြင်စိတ်ကူးယဉ်လောကကြီးက လူသားတွေအပေါ် ပိုပြီး လွှမ်းမိုးမှုရှိနေတာပါ။ ဒါကြောင့် ယုံတမ်းပုံပြင်တွေ တီထွင်ဖန်တီးပြောနိုင်လေလေ၊ ကိုယ့်ပုံပြင်ကို ယုံကြည်သူတွေ များလာလေလေ လောကကြီးကို လွှမ်းမိုးနိုင်လေလေဖြစ်တယ်ဆိုတဲ့ လူတို့ရဲ့တိုးလက်လာမှုဆိုင်ရာ သမိုင်းကြောင်းအမြင်သစ်တစ်ခုကို မိတ်ဆက်တင်ပြလိုက်ရပါကြောင်း . . .
.
ဗိုလ်ကောင်း
၁၅ ဖေဖေါ်ဝါရီ ၂၀၁၈
.
ရည်ညွှန်းမှတ်စု - "Sapiens: A Brief History of Humankind" စာအုပ်ကိုရေးသားခဲ့သူ Yuval Noah Harari သည် အစ္စရေးနိုင်ငံ ဂျေရုဆလင်တက္ကသိုလ်မှ သမိုင်းပါမောက္ခတစ်ဦးဖြစ်ပါသည်။ ယင်းစာအုပ်ကို ၂၀၁၁ ခုနှစ်က ဟီဘရူးဘာသာဖြင့် ရေးသားခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့ပါသည်။ ၂၀၁၇ ဇွန်လအထိ ဘာသာပြောင်း ၄၅ ဘာသာဖြင့် ပြန်ဆိုထုတ်ဝေခဲ့ပြီးဖြစ်သော်လည်း မြန်မာဘာသာဖြင့်ပြန်ဆိုထားခြင်းကို မတွေ့ရသေးပါ။ လူသားသမိုင်းဆိုင်ရာ ရှုထောင့်သစ်တစ်ခုကို မြန်မာစာဖတ်ပရိသတ်များထံ မျှဝေပေးလိုသဖြင့် ဤစာကို ရေးသားဖြစ်ခဲ့ပါသည်။

No comments:

Post a Comment