Thursday, 8 February 2018

National University of Naypyidaw


. . . ပျဉ်းမနားတောင်ညိုလမ်းအတိုင်း မြို့မဈေးရှေ့ကဖြတ်ပြီး ဘူးကွဲဘက်ကို သွားတဲ့အခါ မြို့မဈေးနဲ့ ၀ဏ္ဏသိဒ္ဓိလမ်းဆုံကြားက လမ်းဘေးနှစ်ဘက်လုံးမှာ သစ်ပင်တွေအုံ့အုံ့ဆိုင်းဆိုင်းနဲ့ လွတ်နေတဲ့ တောအုပ်ရှေ့ဖြတ်တိုင်း ဒီနေရာမှာ တက္ကသိုလ်ကြီးတစ်ခုလောက် ဆောက်ရရင်ကောင်းမှာဘဲဆိုတဲ့ အတွေးမျိုး အမြဲဝင်မိတယ်။ ညာဘက်ခြမ်းက ဧက ၃၅၀ လောက်ကျယ်ပြီး ဘယ်ဘက်ခြမ်းမှာ ဧက သုံးရာလောက်ကျယ်တာဆိုတော့ တက္ကသိုလ်တစ်ခုတည်ထောင်ဖို့အတွက် လုံလောက်တဲ့ မြေအကျယ်အ၀န်းရှိတယ်လို့ထင်ပါတယ်။ မြန်မာနိုင်ငံက မြို့ကြီးပြကြီးတိုင်းမှာ တက္ကသိုလ်တွေရှိနေကြတာမို့ နေပြည်တော်မှာလည်း တက္ကသိုလ်တစ်ခုတော့ရှိသင့်တယ်ဆိုတဲ့ မည်ကာမတ္တအတွေးမျိုး မဟုတ်ပါဘူး။ ပညာရပ်ဆိုင်ရာနဲ့ဆိုရင် ဟိုးအရင်တုန်းက ရန်ကုန်တက္ကသိုလ်ကြီး နာမည်ကြီးခဲ့သလို၊ သြစတေးလျအမျိုးသားတက္ကသိုလ်နာမည်ကြီးသလို၊ ဂျပန်က တိုကျိုတက္ကသိုလ်နာမည်ကြီးသလို ငါတို့မြန်မာနိုင်ငံမှာလည်း ဒါမျိုးတက္ကသိုလ်ရှိတယ်ဟေ့လို့ သူများတကာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ ကမ္ဘာ့အဆင့်အတန်းရှိတဲ့ တက္ကသိုလ်ကြီးမျိုးကို ဆိုလိုတာပါ . . .
.
. . . လွှတ်တော်မှာ ပညာရေးဒုဝန်ကြီးဦးဝင်းမော်ထွန်း ပြောသွားတဲ့ပုံအရဆိုရင်လည်း နေပြည်တော်မှာ တက္ကသိုလ်တစ်ခုတည်ထောင်ဖို့ အစီအစဉ်ရှိတဲ့ပုံပေါ်ပါတယ်။ နေပြည်တော်မှာ အဆင့်မြင့်တက္ကသိုလ်ကြီးတစ်ခု တည်ထောင်ချင်တယ်ဆိုတာ ကိုယ့်ကလည်း နဂိုကတည်းက အာသီသရှိတာမို့ အစိုးရရဲ့ ဒီလိုအစီအစဉ်မျိုးကို ထောက်ခံပေမယ့် စိတ်ပူမိတာတော့ တော်တော်များများ ရှိပါတယ် . . .
.
. . . ပထမဆုံး ပူမိတဲ့အပူကတော့ ငါတို့အစိုးရလက်ထက်မှာ နေပြည်တော်မှာ တက္ကသိုလ်တစ်ခု ထောင်ခဲ့တယ်ကွာဆိုတဲ့ အတွေးမျိုးနဲ့ လက်ပူတိုက်လုပ်ပစ်လိုက်မှာကို ပူပင်မိပါတယ်။ တပ်မတော်အစိုးရလက်ထက်တုန်းက တက္ကသိုလ်တွေ အများကြီးထောင်ခဲ့တယ်ဆိုပေမယ့် အဲသည်တက္ကသိုလ်တွေရဲ့ လိုအပ်ချက်တွေကို အခုထိ ပြည့်စုံအောင်မဖြည့်ဆည်းနိုင်တာမျိုးတွေ ရှိနေတယ်ဆိုတဲ့ သင်ခန်းစာကိုယူစေချင်တာပါ။ စပြီး တည်ထောင်ကတည်းကိုက မြန်မာပြည်မှာ စံထားရလောက်စရာ ကမ္ဘာ့အဆင့်မီတက္ကသိုလ်တစ်ခုကို မျှော်မှန်းတည်ထောင်စေချင်တာ။ လက်ပူတိုက်တက္ကသိုလ်ဖြစ်သွားမှာ စိုးရိမ်မိပါတယ် . . .
.
. . . တက္ကသိုလ်က ဘာသာရပ်ပေါင်းစုံ ပညာရပ်ပေါင်းစုံပါတဲ့ တက္ကသိုလ်ကြီးဆိုတော့ ဒုတိယ ပူမိတဲ့အပူက အခြေခံအဆောက်အုံတွေ ခိုင်ခိုင်မာမာ မလုပ်ရသေးခင်မှာ စီမံကိန်းထဲပါတဲ့ကျောင်းတွေအားလုံး လောလော လောလော ဖွင့်ပစ်လိုက်မှာကို ပူပါတယ်။ အခြေခံ အဆောက်အအုံဆိုတာ တိုင်လုံးကြီးတွေအများကြီးနဲ့ ဆင်ဝင်အကြီးကြီးတွေသာပြောတာ မဟုတ်ပါဘူး။ ပညာရပ်တစ်ခုဆိုရင်လည်း တစ်ခုဆိုသလောက် အတော်အသင့်ပြည့်စုံကောင်းမွန်တဲ့ စာကြည့်တိုက်တွေ သင်ထောက်ကူပစ္စည်းတွေ စနစ်တွေ ကျောင်းသားတွေ သက်တောင့်သက်သာနေထိုင်နိုင်မယ့် ကျောင်းသားဆောင်တွေ ဆရာဆရာမအိမ်ရာတွေ၊ စာသင်ဖို့တင်မက ဆရာဆရာမတွေကိုယ်တိုင် သုတေသနပြုဖို့ ဌာနသပ္ပာယဖြစ်တဲ့ နေရာထိုင်ခင်းအဆောက်အဦးတွေ စသည်ဖြင့် ပြည့်ပြည့်စုံစုံလေး ဖြည့်ဆည်းပေးဖို့ အားထုတ်စေချင်ပါတယ်။ စိတ်ကူးထားတာတွေ အားလုံးကို နည်းနည်းနဲ့ကျဲကျဲဝိုင်း လုပ်မှာထက်စာရင် ကိုယ်စိုက်ထုတ်နိုင်တဲ့အရင်းအမြစ်တွေကို ပညာရပ်တစ်ခုဆိုလည်းတစ်ခု နှစ်ခုဆိုလည်း နှစ်ခုအပေါ်မှာပဲ စုစည်းအသုံးပြုစေချင်တာပါ။ တက္ကသိုလ်အောက်မှာ ကောလိပ်ကျောင်းပေါင်း ဆယ်ခုဖွင့်ဖို့ စိတ်ကူးထားတယ်ဆိုရင်တောင် ကိုယ်က တစ်ခုနှစ်ခုစာပဲ အရင်းအမြစ်လုံလောက်သေးတယ်ဆို အဲသည် တစ်ခုနှစ်ခုကိုပဲ အကောင်းဆုံးဖြစ်အောင်ဖြည့်ဆည်းပြီး ကျန်တာတွေ တဖြည်းဖြည်း တိုးချဲ့သွားစေချင်တာပါ . . .
.
. . . နောက်ထပ် ပူမိတာတစ်ခုက ဆိုရှယ်လစ်ခေတ်အတွေးအခေါ်နဲ့ တက္ကသိုလ်ကို ဘယ်သူမဆိုတက်နိုင်အောင်ဆိုပြီး ဈေးပေါပေါ လုပ်ပစ်လိုက်မှာကိုပါပဲ။ တက္ကသိုလ်ကို စထောင်ကတည်းကိုက ပညာအရည်အချင်း သတ်မှတ်ချက်အရဖြစ်စေ၊ တက္ကသိုလ်ကိုပေးသွင်းရမယ့် ကျောင်းစရိတ်အရဖြစ်စေ ပေါပေါပဲပဲ မလုပ်ဘဲနဲ့ ထိုက်ထိုက်တန်တန်ယူစေချင်ပါတယ်။ ဒီခေတ်ဒီအခါမှာ ထိုက်ထိုက်တန်တန်မပေးဘဲ ဘယ်မှာမှ ထိုက်ထိုက်တန်တန် မရပါဘူး။ ကျောင်းစရိတ်သက်သက်သာသာနဲ့ ကမ္ဘာ့အဆင့်မီ ပညာတွေဆည်းပူးလို့ရမယ်ဆိုတဲ့ သဘောတရားမျိုးကို ၁၉၈၈ က ဆိုရှယ်လစ်အစိုးရနဲ့အတူ ထားခဲ့သင့်လှပါပြီ။ မြန်မာပြည်က ရှိနှင့်ပြီးသားတက္ကသိုလ်တွေကိုတောင် ကိုယ်တိုင်စီမံခန့်ခွဲခွင့် များများကြီးပေးဖို့ ပြင်ဆင်နေတဲ့ ဒီလိုအချိန်မျိုးမှာ တည်ထောင်လိုက်တဲ့ တက္ကသိုလ်ကြီးဟာ စထောင်ကတည်းကိုက ကိုယ်ပိုင်စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ တက္ကသိုလ်တစ်ခု ဖြစ်သင့်ပါတယ်။ ဆရာဆရာမတွေကို တက္ကသိုလ်က ကိုယ့်ဘာသာအရည်အချင်းသတ်မှတ်ပြီး စိတ်ကြိုက်ရွေးခန့်။ ကျောင်းသားကို စိတ်ကြိုက်ရွေးချယ်ပြီးမှ ၀င်ခွင့်ပေး။ ကိုယ်ပိုင်သုတေသနလုပ်ငန်းတွေလုပ်ပြီး ပိုက်ဆံရှာ၊ ပြင်ပကုမ္ပနီတွေနဲ့ပူးပေါင်းပြီး ပညာသင်ဆုအစီအစဉ်တွေ ဖန်တီး၊ နိုင်ငံတကာတက္ကသိုလ်ကြီးတွေနဲ့ ပူးပေါင်းဆောင်ရွက် စသည်ဖြင့် လုပ်စရာတွေကတော့ အများကြီးဖြစ်မှာပါ . . .
.
. . . တက္ကသိုလ်မှာသင်ကြားမယ့် သင်ရိုးညွှန်းတမ်းတွေဆွဲတဲ့အခါ ကျောင်းသားရဲ့ အသက်မွေးဝမ်းကျောင်းမှုကိစ္စကိုလည်း ထည့်စဉ်းစားပေးဖို့ လိုပါလိမ့်မယ်။ တက္ကသိုလ်က ဆင်းသွားတဲ့အခါ ဘွဲ့လက်မှတ်အပြင် ထမင်းစားလက်မှတ်ပါပေးလိုက်နိုင်အောင် လုပ်သင့်ပါတယ်။ ကျွန်တော့်ဆရာတစ်ယောက် ပြောပြဖူးတဲ့ဥပမာပေးရမယ်ဆို သမိုင်းဘာသာရပ်အထူးပြုသင်တဲ့ ကျောင်းသားတစ်ယောက်ကို ပြတိုက်ခင်းကျင်းမှုပညာပါ ထည့်သင်ပေးတယ်ဆိုတာမျိုးပေါ့။ ကျောင်းဆင်းသွားလို့ သမိုင်းဘာသာရပ်နဲ့ အလုပ်မရဘူးဆိုရင်တောင်မှ ကုန်တိုက်တွေ စတိုးဆိုင်ကြီးတွေမှာ ကုန်ပစ္စည်းတွေ ဘယ်လိုဘယ်ပုံခင်းကျင်းပြသရမယ်ဆိုတဲ့ သဘောတရားကို နားလည်ထားလို့ ထမင်းစားစရာအလုပ်တစ်ခုတော့ လုပ်စားလို့ရသွားတာပေါ့။ အဲသလို မဟုတ်ဘဲ မြန်မာတစ်နိုင်ငံလုံးက တက္ကသိုလ်တွေ တစ်ပြေးညီသင်နေတဲ့ ပျင်းစရာကောင်းတဲ့ ခေတ်လည်းမမီတဲ့ သင်ရိုးတွေကိုပဲ ယူသင်လိုက်မယ်ဆိုတဲ့ သမားရိုးကျအတွေးမျိုးနဲ့ လုပ်ပစ်လိုက်မှာကိုလည်း စိုးရိမ်မိပါတယ် . . .
.
. . . တက္ကသိုလ်တစ်ခု တူတူတန်တန်တည်ထောင်ဖို့ဆို ပိုက်ဆံတွေက သောက်သောက်လဲ ကုန်မှာပါ။ အစိုးရက အကုန်လုံး စိုက်ထုတ်သုံးစွဲရမယ်ဆိုရင်လည်း ဒီခေတ်ဒီအခါကြီးမှာ ဆီလျော်တဲ့နည်းလမ်း မဟုတ်ပါဘူး။ တစ်နှစ် နှစ်နှစ်ကိစ္စမဟုတ်ဘဲ နှစ်ပေါင်းများစွာလုပ်ရမယ့်အလုပ်ဖြစ်တဲ့အတွက် အစိုးရကပဲ အစစအရာရာ အကုန်အကျခံရမယ်ဆိုရင် ဖြစ်မှာမဟုတ်ပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံထဲမှာရှိတဲ့ သဌေးကြီးတွေရဲ့အားကိုလည်း ယူတန်သရွေ့ ယူသင့်ပါတယ်။ တိုင်ကွန်းပဲခေါ်ခေါ် ခရိုနီပဲခေါ်ခေါ် သူတို့မှာလည်း သူတို့စိတ်ဝင်စားတဲ့ ဘာသာရပ်နယ်ပယ်တွေ ရှိကြမှာပါ။ အဲသည် သက်ဆိုင်ရာနယ်ပယ်မှာ ပညာရပ်တွေ ဖွံ့ဖြိုးတိုးတက်အောင် အဲသည်သဌေးကြီးတွေက သုတေသနရန်ပုံတွေ မတည်ထူထောင်ပေးတာ၊ ပညာသင်ဆုတွေ ဖန်တီးပေးတာ စသည်ဖြင့် လုပ်လို့ရနိုင်စရာရှိပါတယ် . . .
.
. . . ချုပ်ပြီးပြောရရင် နေပြည်တော်ကကျောင်းသားတွေ တစ်ခြားမှာကျောင်းသွားတက်နေရလို့ ကိုယ့်မြို့ကိုယ့်ရွာမှာပဲ တက်လို့ရအောင်ဆောက်တဲ့ သမားရိုးကျ ပေါပေါပဲပဲ တက္ကသိုလ်မဟုတ်ဘဲ နောင်ဆယ်စုနှစ်တစ်ခုလောက်ရောက်တဲ့အခါ မြန်မာပြည်မှာ ဒါမျိုးတက္ကသိုလ်ရှိတယ်ကွလို့ လက်မထောင် ဂုဏ်ယူလို့ရတဲ့ တက္ကသိုလ်ကြီးအဖြစ် မျှော်မှန်းတည်ဆောက်သင့်တယ်ဆိုတာ၊ လက်ပူတိုက်တက္ကသိုလ်မဟုတ်ဘဲ ကျကျနန တည်ထောင်ထားတဲ့ တက္ကသိုလ်ကြီးဖြစ်သင့်တယ်ဆိုတာ၊ ကျောင်းသားဝင်ခွင့်ကို အဆင့်အတန်းရှိရှိ သတ်မှတ်ပြီး လူတော်တွေပဲ လာစုနေတဲ့ တက္ကသိုလ်ကြီးဖြစ်စေချင်တယ်ဆိုတာ၊ သဌေးတွေနဲ့ပေါင်းပြီး ပိုက်ဆံများများ ရန်ပုံငွေထားနိုင်တဲ့ တက္ကသိုလ်ကြီးအဖြစ် ပြောင်ပြောင်ရောင်ရောင်ရှိစေချင်တယ်ဆိုတာ ပြောတာပါ . . .
.
. . . တက္ကသိုလ်တည်မယ်ဆိုတော့ စိတ်အပူမိဆုံးက တပ်မတော်အစိုးရကို တစ်ချိန်လုံး ဝေဖန်ခဲ့တဲ့ တက္ကသိုလ်တွေ မြို့ပြင်ထုတ်တဲ့ကိစ္စကို အတုခိုးမှားပြီး လိုက်လုပ်မှာကိုပါပဲ။ အခု ကျွန်တော်ပြောတဲ့နေရာလေးဆို ဈေးတွေ အားကစားကွင်းတွေ လူနေရပ်ကွက်တွေ လွှတ်တော်တွေ သမ္မတအိမ်တော်တွေ အစိုးရ ၀န်ကြီးဌာနတွေ အားလုံးနဲ့ နီးတာမို့ ကျောင်းသားတွေ ဆန္ဒပြမှာ ဆူပူမှာကို အရင်အစိုးရတွေကြောက်သလို ဒီအစိုးရလည်း ကြောက်များကြောက်နေအုံးမလားပေါ့။ ဘာမှ မပူပါနဲ့၊ တကယ့်တက္ကသိုလ်ကြီးတစ်ခုသာ အဆင့်မြင့်မြင့် ပီပီပြင်ပြင် တည်ထောင်လိုက်စမ်းပါ။ ကြိုးစားအားထုတ်ပြီး ပညာကိုစိတ်ဝင်စားတဲ့ ကျောင်းသားတွေဆိုတာ ဆန္ဒပြဖို့ နေနေသာသာ ရည်းစားထားဖို့တောင် မနည်းအချိန်လုနေရမှာ . . .
.
စာကြွင်း ။ တက္ကသိုလ်အောက်က ဘာသာရပ်အထူးပြုကျောင်းတွေကို Shinditharparmauk School of Diplomacy, Mahawthahtar School of Political Science, Kanaung School of Technology, Kinwonmingyi School of International Relations, Myomanyein School of Arts and Culture စသည်ဖြင့် နာမည်လေးတွေပေးရင်ကောင်းမှာပဲဆိုတာတော့ ထည့်မပြောတော့ပါဘူးလေ . . . :P
.

1 comment:

  1. https://burma.irrawaddy.com/news/2018/03/12/153860.html

    By မိုးမိုး 12 March 2018
    Want create site? Find Free WordPress Themes and plugins.
    နေပြည်တော် ကောင်စီနယ်မြေ အတွင်း၌ နိုင်ငံတကာ အဆင့်မီ တက္ကသိုလ် တခု တည်ဆောက်ရန် မြေနေရာ ၃ ခု လျာ ထားပြီးဖြစ်ကြောင်း နေပြည်တော် စည်ပင်သာယာရေး ကော်မတီ (NPTDC) မှ သိရသည်။

    နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးမင်းသူက “လောလောဆယ် ၃ နေရာ လျာထားတယ်။ သူတို့က မြေ ဧက၂၀၀ ကနေ ၃၀၀ ကြားဝန်းကျင်ရှိတဲ့ မြေကွက်ရချင်ကြတာ” ဟု ဧရာဝတီသို့ ပြောသည်။

    ကိုးရီးယားနိုင်ငံ အခြေစိုက် The Founding Committee of International University in Myanmar မှ ဒေါက်တာ Mr. Sung Ki Baik ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် နေပြည်တော်၌ နိုင်ငံတကာ တက္ကသိုလ်များ တည်ဆောက်နိုင် ရေးကိစ္စနှင့်ပတ်သက်၍ နေပြည်တော် စည်ပင်သာယာရေး ကော်မတီသို့ မတ်လ အစောပိုင်းက လာရောက် ဆွေးနွေးခဲ့ သည်ဟု ၎င်းက ပြောသည်။

    နေပြည်တော်ကောင်စီ နယ်မြေအတွင်း လတ်တလော လျာထားသည့် ၃ နေရာမှာ ဒက္ခိဏသီရိမြို့နယ် အတွင်း သံတမန် ဇုန်များ တည်ဆောက်ထားသည့် အနောက်ဘက်ရှိ မြေလွတ်နေရာ၊ ဥတ္တရ သီရိမြို့နယ် အတွင်း B4 မြို့ပတ်လမ်းရှိ မြေ လွတ်နေရာနှင့် ဇမ္ဗူသီရိမြို့နယ် အတွင်း ဝဏ္ဏသိဒ္ဓိ အားကစားကွင်း အနီးရှိ မြေလွတ်နေရာ တို့ဖြစ်ကြောင်း (NPTDC) မှ သိရသည်။

    ပညာရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးဝင်းမော်ထွန်းက “တက္ကသိုလ် ဆောက်ဖို့ မြေနေရာ အတည်ဖြစ်မှ ဘတ်ဂျက်တင်ပြီး တေ့ာ ကျန်တာ ဆက်လက်ဆောင်ရွက်လို့ရမယ်။ မြို့အတွင်းပိုင်းတော့ မဖြစ်နိုင်ဘူး။ ဘေးလွတ်တဲ့ နေရာတွေမှာပဲ လျာ ထားပါတယ်” ဟု မတ်လဆန်း၌ မီဒီယာများသို့ ပြောကြားထားသည်။

    ထိုတက္ကသိုလ်ကို ကိုးရီးယားနိုင်ငံမှ ငွေကြေး အကုန်ကျခံကာ ၎င်းတို့ နည်းပညာအတိုင်း တည်ဆောက်သွားမည် ဖြစ်ပြီး မြန်မာနိုင်ငံဘက်မှ မြေနေရာ စိုက်ထုတ်ပေးရမည် ဖြစ်သည်။ ယင်းတက္ကသိုလ်အား၂၀၁၈ ခုနှစ် အတွင်း တည်ဆောက် နိုင်ရန်အတွက် စတင် အကောင်အထည်ဖော်ဆောင်ရွက်မည်ဟုလည်း သိရသည်။

    နေပြည်တော် တက္ကသိုလ်အား အမည်ပေးရန် ရွေးချယ်ခြင်း မပြုရသေးကြောင်းနှင့် တက္ကသိုလ်အနေဖြင့် နေပြည်တော် ဝန်းကျင်ရှိ ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးကို အထောက်အကူပြုနိုင်ပြီး ဒေသ၏ လိုအပ်ချက်နှင့် ကိုက်ညီသည့် လုပ်ငန်းခွင် အတတ်ပညာရပ် ပေါင်းစုံနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ် ပေါင်းစုံ တက်ရောက်နိုင်မည့် တက္ကသိုလ် ကျောင်း အဖြစ် တည်ဆောက်သွားမည်ဟု ဦးမင်းသူက ဆိုသည်။

    ပျဉ်းမနားမြို့မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုးအောင်က “အခုလို တက္ကသိုလ်ကျောင်း ဆောက်မယ်ဆိုတာ ကြိုဆိုရမှာ ဖြစ်ပါတယ်။ အတိုင်ပင်ခံ ကိုယ်တိုင်ကလည်း ဒီလို တက္ကသိုလ်မျိုး တည်ဆောက်ဖို့ လိုလားတယ်လေ” ဟု ဧရာဝတီသို့ ပြောသည်။

    လက်ရှိနေပြည်တော်ကို ဇမ္ဗူသီရိ၊ ဇေယျာသီရိ၊ ဥတ္တသီရိ၊ ဒက္ခိဏသီရိ၊ ပုဗ္ဗသီရိ၊ ပျဉ်းမနား၊ လယ်ဝေးနှင့် တပ်ကုန်း ဟူ၍ မြို့နယ် စုစုပေါင်း ၈ မြို့နယ်ဖြင့် ဖွဲ့စည်းထားလျှက်ရှိပြီး အကျယ် အဝန်း စုစုပေါင်း ၂၇၂၄ ဒသမ ၇၅ စတုရန်းမိုင် ကျယ်ဝန်း ပြီး လူဦးရေ ၁ သန်းကျော် နေထိုင်ကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ထားသည်။

    နေပြည်တော်အား နိုင်ငံတော် အစိုးရ အဖွဲ့ ရုံးစိုက်ရာ အုပ်ချူပ်ရေး မြို့တော်အဖြစ် တည်ဆောက်နိုင်ရန် အတွက် ၂၀၀၃ ခုနှစ် ဇူလိုင်လ ၂ ရက်တွင် တည်ဆောက်ခဲ့ပြီး ၂၀၀၉ ခုနှစ်မှစကာ နေပြည်တော် စည်ပင်သာယာရေး ဥပဒေနှင့် အညီ နေပြည်တော်ကို သမ္မတတိုက်ရိုက် အုပ်ချူပ်ခဲ့သည်။

    နေပြည်တော်ကောင်စီနယ်မြေအတွင်း တက္ကသိုလ်များအနေဖြင့် ဇေယျာသီရိရှိ သစ်တော တက္ကသိုလ်၊ ရေဆင်း စိုက်ပျိုး ရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်ဟူ၍ တက္ကသိုလ် ၃ ခုသာ ရှိသေးကြောင်း သိရသည်။

    Did you find apk for android? You can find new Free Android Games and apps.
    Topics: နေပြည်တော်တက္ကသိုလ်

    ReplyDelete