Monday 24 February 2014

မုန့်ဖိုး

          ကျွန်တော် သူငယ်တန်း တစ်တန်း နှစ်တန်းတုန်းက တစ်နေ့ကို မုန့်ဖိုး သုံးဆယ့်ငါးပြားတိတိ ရပါသည်။ အိမ်ကနေ ငါးမိနစ်လောက် လမ်းလျှောက်လျှင် ရောက်သော မူလတန်းကျောင်းသားလေးကို အိမ်က မနက်ပိုင်း ဆယ့်ငါးပြား နေ့ခင်းပိုင်း တစ်မတ် (နှစ်ဆယ့်ငါးပြား) မုန့်ဖိုး မှန်မှန်ပေးပါသည်။ ငါးပြားစေ့မှ တစ်မတ်စေ့များထိ ကံစမ်းမဲ ထည့်ထားသော ကပ်စီးတုတ်ထိုး တစ်ခုလျှင် ငါးပြားဖြစ်ပြီး ဆယ်ပြားဖိုး သင်္ဘောသီးသုပ် ဝယ်စားလို့ရသော ခေတ်တွင် ကျွန်တော်ရသော တစ်ရက် သုံးဆယ့်ငါးပြား မုန့်ဖိုးမှာ လူရာဝင်ပါသည်။
    ကျွန်တော်တို့ မူလတန်းတုန်းက မုန့်ဖိုး အများဆုံးရသူများမှာ ကိုမျိုး ကိုစိုး တရုတ်မ တို့ မောင်နှမ တစ်တွေ ဖြစ်ပါသည်။ ဒေါ်သန်း ထမင်းဆိုင်ပိုင်ရှင် အဖွား ဒေါ်သန်း၏ မြေးများဖြစ်သော ကိုမျိုးတို့ ကိုစိုးတို့မှာ မုန့်ဖိုးတောင်းစရာ အဒေါ်တွေ အားကျစရာကောင်းလောက်အောင် အများကြီး ရှိပါသည်။ ရှိသော အဒေါ်များကလည်း ငွေရွှင်သူများမို့ သူတို့ လက်ဖြန့်တိုင်း ပေးနိုင်ကြသူများ ဖြစ်လေရာ သူတို့မှာ တစ်နေ့ကို   မုန့်ဖိုး တစ်ကျပ်ခွဲခန့် ရကြရာ ကျွန်တော်တို့ ကျောင်းမှာတော့ တကယ့်ကို သူဌေးလေးများသဖွယ် သုံးနိုင်စားနိင်ကြပါသည်။ ဒုတိယ မုန့်ဖိုးအများကြီး ရသူများမှာ ကိုအောင်မြင့်ဦးတို့ ညီအစ်ကိုတစ်တွေ ဖြစ်ပါသည်။ ကျွန်တော်တို့ တစ်နေ့ တစ်မတ်ရချိန်တွင် သူတို့ ညီအစ်ကို တစ်နေ့ကို ငါးမူး (ပြားငါးဆယ်) ရရာ တော်တော်များသော မုန့်ဖိုးဟု ဆိုနိုင်ပါသည်။
    သုံးတန်း လေးတန်း ရောက်သောအခါ မနက်ပိုင်းယူနေကျ ဆယ့်ငါးပြား မယူတော့ဘဲ နေ့ခင်းပိုင်း တစ်မတ်သာ ယူပါတော့သည်။ ကျွန်တော်က မယူတာလား အိမ်က မပေးတာလား မမှတ်မိတော့ပါ။ စပ်မိ၍ ပြောရလျှင် အိမ်က မုန့်ဖိုး သတ်သတ်မှတ်မှတ် ပေးသော်လည်း ကျွန်တော်တို့ သုံးလိုပါက မုန့်ဖိုး ကြိုက်သလောက် သုံးခွင့်ရထားပါသည်။ ခြံထွက် မာကလာသီး ဇီးသီးများကို ကျောင်းသို့ ယူသွားပြီး ရောင်းလျှင် တစ်နေ့ နှစ်ကျပ်မှ သုံးကျပ်ခွဲ တစ်ခါတစ်ရံ ငါးကျပ်အထိ ရတတ်သော ဝင်ငွေများကို ကျွန်တော်တို့ ညီအစ်ကိုတစ်တွေက စာရင်းနှင့်တကွ အတိအကျ အိမ်ကို အပ်ပါသည်။ စာရင်းနှင့်တကွ အတိအကျ အပ်သည် ဆိုခြင်းမှာ ဇီးသီး ရောင်းရတာက သုံးကျပ်နဲ့ ဆယ်ပြား။ ကျွန်တော်က မုန့်ဖိုးတစ်မတ်ယူတော့ နှစ်ကျပ်ရှစ်ဆယ့်ငါးပြား ရော့ ဆိုပြီး ပေးခြင်းဖြစ်ပါသည်။ အမေက အေးပါ ငါ့သားရယ် ငါ့သား ရောင်းလို့ရတာ ဘယ်လောက်သုံးသုံးပေါ့ဟု ပြောသော်လည်း သတ်မှတ် မုန့်ဖိုး တစ်မတ်ထက် ဘယ်တုန်းကမှ ပိုမသုံးမိခဲ့၊ တကယ်တော့ ပိုသုံးရကောင်းမှန်းကို မသိခဲ့ပေ။ ကျွန်တော် ဘယ်လောက်ဖိုးပဲ ရောင်းရ ရောင်းရ၊ ကျွန်တော်နှင့်ဆိုင်တာ တစ်မတ်ဆိုသည်ကိုသာ သိနေပြီး ထို တစ်မတ်က လွဲလျှင် ကျန်တာ အိမ်က ပိုက်ဆံဟု သိနေခဲ့သောကြောင့် ဖြစ်ပါသည်။
    ကျွန်တော်တို့အိမ်၏ အနောက်ဖက် သာဝတ္ထိရွာကြီးတွင် အထက်တန်းကျောင်း ဘောလုံးကွင်း တစ်ကွင်းရှိရာ လွတ်လပ်ရေးနေ့ စသည့် နေ့ထူးနေ့မြတ်များတွင် ပျော်ပွဲရွှင်ပွဲ အားကစား ပြိုင်ပွဲများ ထိုကွင်းကြီးထဲတွင် လုပ်လေ့ရှိပါသည်။ ထိုသို့သော ပွဲမျိုးရှိလျှင် အဖေက အိပ်ကပ်ထဲ ငါးကျပ်တန်သည် ထည့်ပေးပြီး သွားစေပါသည်။ ကျွန်တော်တို့ ညီအစ်ကိုတွေအတွက် ငါးကျပ်ဆိုသော ပိုက်ဆံသည် မာလကာသီး ဇီးသီးများ အင်မတန် ရောင်းကောင်းမှသာ ရတတ်သော ပိုက်ဆံအတိုင်းအတာမှန်း နားလည်ထားပြီးသည့် အားလျော်စွာ အိမ်က ထည့်ပေးလိုက်သည့် ပိုက်ဆံ ငါးကျပ်တန်ကို ဘယ်တုန်းကမှ ကုန်အောင် သုံးခဲ့လေ့မရှိပဲ အိမ်ပြန်ရောက်လျှင် ဘာဝယ်စားတာက ဘယ်လောက်၊ ဘာဝယ်တာက ဘယ်လောက် စသည်ဖြင့် စာရင်းတွက်ပြီး ပြန်အပ်မြဲ ဖြစ်ပါသည်။
    အိမ်ကို ရံဖန်ရံခါ လာလည်တတ်သော မြို့က အစ်မဝမ်းကွဲများ ဒေါ်ကြီး များလာလျှင် ကျွန်တော်တို့ တိတ်တိတ် လုပ်လေ့ရှိသော အလုပ်မှာ မုန့်ဖိုးတောင်းခြင်း ဖြစ်ပါသည်။ အိမ်ကလည်း သူများဆီက မုန့်ဖိုးတောင်းသည်ကို မကြိုက်မှန်း သိ၍ တိတ်တိတ်သာ တောင်းပါသည်။ ရလာသော အခါတွင်လည်း ချက်ချင်း မုန့်ပြေးဝယ်စားတာမျိုး မလုပ်ပဲ သိမ်းထားလေ့ရှိပါသည်။ ကျွန်တော်တို့သည် ပိုက်ဆံစုလည်း စုတတ်ပါသည်။ ပလတ်စတစ် ဒန်အိုးဒန်ခွက်ဝယ်သော ကုလားကို အမှိုက်တွေ စုရောင်းပြီး ရသော ပိုက်ဆံ။ မြို့က ဦးလေးလာတုန်းက ပေးသော ပိုက်ဆံ စသည်တို့ကို မတည်ပြီး စုဆောင်းတတ်ပါသေးသည်။
    လေးတန်းအောင်ပြီး ငါးတန်းကို အထက်တန်းကျောင်းတွင် သွားတက်ရပါသည်။ ငါးတန်းရောက်သောအခါ မုန့်ဖိုး တစ်နေ့တစ်ကျပ်ရပါသည်။ ထိုတစ်ကျပ်က ဒေါ်သန်းလှ မုန့်ဟင်းခါး တစ်ပွဲ စားလို့ရပါသည်။ ဈေးထဲတွင်ရောင်းသော ကျောက်ကျော ဆနွင်းမကင်း ငှက်ပျောပေါင်း စသည်တို့ကို အရသာရှိရှိစားချင်သော ကျွန်တော်က တစ်နေ့တစ်ကျပ်ရသော မုန့်ဖိုးကို အမေ့ကို ပြန်အပ်ထားပြီး ငါးရက်တစ်ဈေး ဈေးနေ့တိုင်းတွင် ငါးကျပ်ဖိုး ဝယ်ခိုင်းပါသည်။ တစ်နေ့တစ်ကျပ်ကိုလည်း ငါးတန်း ခြောက်တန်းအထိလောက်သာ ယူပြီး နောက်ပိုင်း မယူတော့ပါ။ အိမ်က စီးပွားရေး အဆင်မပြေတာကို သိလို့ မယူတာလား ဘာလား သေချာ မမှတ်မိတော့ပါ။
    အင်္ဂလိပ်စာသင်သော ဆရာကြီး ဦးလှိုင်ပေးသော မုန့်ဖိုး ငါးကျပ်ကို ဆယ်တန်းတုန်းက ရဖူးပါသည်။ တိုက်ရိုက်ပြောသော ဝါကျကို သွယ်ဝိုက်ပြောသောဝါကျသို့ စသည်ဖြင့် အပြန်အလှန် ပြောင်းရေးရသော သင်ခန်းစာ တစ်ခုတွင် ပထမဆုံးပြီးသူအား မုန့်ဖိုး ငါးကျပ်ပေးမည်ဖြစ်ပြီး ကျောင်းလည်း ချက်ချင်း ဆင်းပေးမည်ဟုပြောသည့်အတိုင်း ကျွန်တော်က ပထမဆုံးလည်းပြီး မှန်လည်း မှန်သဖြင့် ဆရာကြီး ဦးလှိုင်ပေးသော မုန့်ဖိုးကို ယူကာ သံချောင်း မခေါက်သေးခင် ကျောင်းဆင်းခဲ့ရဖူးပါသည်။
    စစ်တက္ကသိုလ်တက်သောအခါ ပိုက်ဆံကို ကိုယ့်ဘာသာ စီမံ  ခန့်ခွဲ သုံးရသဖြင့် ဘယ်ဟာက မုန့်ဖိုးရယ်လို့ သီးသီးခြားခြား မရှိတော့ပဲ ကြည့်သုံးရပါသည်။ တစ်နှစ်တစ်နှစ် ကျောင်းပိတ်ချိန် အိမ်ပြန်သော အခါများတွင် မုန့်ဖိုး ရတတ်ပါသည်။ မှတ်မိနေတာတစ်ခုကတော့ ကျွန်တော် ခွင့်ရက်စေ့လို့ ပြန်ခါနီး ကားပေါ်တက်ခါနီး ကြီးကြီး ဒေါ်ခင်ကြည်လာပေးသော မုန့်ဖိုးတစ်ရာ့ငါးဆယ် ဖြစ်ပါသည်။ ငါးဆယ်တန်လေး သုံးရွက်ကို ကားပေါ်တက်ခါနီး အပြေးအလွှား လာပေးသော ကြီးကြီးကို မျက်စိထဲက မထွက်ပါ။
    ကန်တော့လို့ပေးတဲ့ မုန့်ဖိုး စသည်ဖြင့် မုန့်ဖိုးများစွာ ရဖူးသည့်အနက် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး ပေးသော မုန့်ဖိုး တစ်ထောင်ကိုလည်း ရဖူးပါသည်။
    အခုတော့ ကျွန်တော်က မုန့်ဖိုး ယူရသော အရွယ် မဟုတ်တော့ဘဲ မုန့်ဖိုးပေးရမယ့်အရွယ် ဖြစ်နေသော်လည်း ဘယ်သူ့ကိုမှတော့ မုန့်ဖိုး လောက်လောက်လားလား မပေးဖူးသေးပါ။ ပေးချင်ပါသည်။ တူလေးတွေ သားလေးတွေကို မုန့်ဖိုးပေးချင်သော လေးလေးကောင်း ဖြစ်ပါသည်။


Sunday 16 February 2014

နောက်ကြောင်းပြန် အာဏာ

          ဥပဒေတွေ သိပ်နားလည်တယ်လို့တော့ မထင်စေချင်ပါ။ ဥပဒေပညာလည်း တစ်ခါမှ မသင်ဖူးပါ။ ဥပဒေနဲ့ ပတ်သက်ပြီးလည်း ဘာဘွဲ့ ဒီပလိုမာမှ မရဖူးပါ။ ရှေ့နေတို့ တရားသူကြီးတို့ဆိုတာတောင် ခပ်လှမ်းလှမ်းကသာ မြင်ဖူးပြီး နေကောင်းလား စားပြီးပြီလားလောက်သာ စကားပြောဖူးတဲ့ ဗိုလ်ကောင်းရယ်ပါ။ ဒါနဲ့ ဘာလို့လူတတ်ကြီးလုပ်ပြီး လျှောက်ရေးရသလဲမေးရင်တော့ ငါးပိသည်တွေ အိပ်နေကြလို့ မနေနိုင်တဲ့ ဆားသည်က ခွေး ထ မောင်း ခြင်းသာ ဖြစ်ပါကြောင်း ကြိုတင် အစီရင်ခံပါရစေ။
အခြေခံဥပဒေ အခန်းတစ် စာမျက်နာ ဆယ့်တစ် ပုဒ်မ ၄၃ မှာ " မည်သည့် ပြစ်မှုဆိုင်ရာ ဥပဒေမျှ နောက်ကြောင်းပြန် အာဏာသက်ရောက်စေရန် ပြဌာန်းခွင့် မရှိစေရ " No panel law shall be enacted to provide retrospective effect.
ဆိုတာ ရေးထားပါတယ်။ ဒါကို အမျိုးကောင်းသား တစ်ချို့က ကိုယ်လိုရာပဲ ကိုယ်ဆွဲသလား တကယ်ပဲ မသိနားမလည်လို့လား။ အဓိပ္ပာယ်ကောက်တွေ လွဲနေကြလို့ တတ်သရွေ့ မှတ်သရွေ့လေး ပြောပြချင်လာလို့ပါ။
ပြစ်မှုတစ်ခုကို လူတစ်ယောက်က ကျူးလွန်လိုက်ပြီဆိုရင် သူကျူးလွန်လိုက်တဲ့အချိန်မှာ တည်ဆဲဖြစ်နေတဲ့ ဥပဒေအရသာလျင် အရေးယူအပြစ်ပေးလို့ ရပါတယ်။ သူပြစ်မှုကျူးလွန်ပြီး နောက်ပိုင်းမှာ ပြဌာန်းတဲ့ ပြစ်မှုဆိုင်ရာ ဥပဒေနဲ့ အရင်ကျူးလွန်ခဲ့တဲ့ ပြစ်မှုကို စီရင်အပြစ်ပေးလို့ မရပါဘူး။ လွှတ်တော်က ဥပဒေ ပြဌာန်းတဲ့အခါမှာလည်း ပြစ်မှုဆိုင်ရာ ဥပဒေဆိုရင် မပြဌာန်းခင်က ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို အရေးယူလို့ ရစေသတည်းဆိုပြီး ပြဌာန်းခွင့် မရှိပါဘူး။
ဥပမာ မောင်ဖြူဟာ ဒီနေ့ လူသတ်မှု ကျူးလွန်မိတယ် ထားပါတော့။ အဲသည် အချိန်မှာ လူသတ်မှုကို ဘယ်လို စီရင်အပြစ်ပေးရမယ်ဆိုတဲ့ ဥပဒေ အမှတ် (က) လည်း ရှိနေတယ် ဆိုပါတော့။ မောင်ဖြူကို ဆိုခဲ့ပါ ဥပဒေအမှတ် (က) အရသာ အပြစ်ပေးစီရင်လို့ ရပါတယ်။ မောင်ဖြူ ပြစ်မှုကျူးလွန်ပြီး နောက်တစ်ပတ်မှာပဲ လွှတ်တော်က အရင် ဥပဒေအမှတ် (က) ကို ဖျက်သိမ်းပြီး ဥပဒေအမှတ် (ခ) ကို ထုတ်ပြန်လိုက်တယ် ဆိုပါတော့။ အမှု စစ်ဆေးနေဆဲ ပြစ်ဒဏ်မစီရင်ရသေးတဲ့ မောင်ဖြူကို နောက်ထွက်လာတဲ့ ဥပဒေ အမှတ် (ခ) နဲ့ စီရင်ပိုင်ခွင့် မရှိပါဘူး။ ဥပဒေအမှတ် (ခ) ထဲမှာလည်း အရင်သီတင်းပတ်က ပြစ်မှုကျူးလွန်ခဲ့တဲ့ မောင်ဖြူကို နောက်ကြောင်းပြန် အာဏာသက်ရောက်စေလို့ ထည့်သွင်း ပြဌာန်းခွင့် မရှိပါဘူး။ မောင်ဖြူ ပြစ်မှုကျူးလွန်စဉ်က တည်ဆဲဖြစ်နေတဲ့ ဥပဒေအမှတ် (က) အရသာလျင် စီရင် အပြစ်ပေးရမှာ ဖြစ်ပါတယ်။ ဥပဒေကို ဖျက်သိမ်းပြီး ဖြစ်နေသည့်တိုင်အောင် ဖျက်သိမ်းပြီး ဥပဒေပြဌာန်းချက်များအရသာ ဆက်လက် စီရင် အပြစ်ပေးရမှာ ဖြစ်ပါတယ်။ ( အရေးအသား မရှင်းလို့ နားမလည်သေးရင် နောက်တစ်ခေါက် ထပ်ပြီး ဖတ်ကြည့်စေလိုပါတယ် )
ဒါကို ဘယ်လို အမြင်မှားနေကြလဲဆိုရင် ဟိုတစ်ချိန်က ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေကို ပြန်အရေးယူလို့ မရဘူးလို့ ထင်နေကြပုံပါပဲ။ အတိတ်က ကျူးလွန်ခဲ့တဲံ ပြစ်မှုတွေကို အဲသည်အချိန်မှာ ရှိခဲ့တဲ့ ဥပဒေအရ အရေးယူလို့ ရပါသော်ကောဗျာ။ မြန်မာနိုင်ငံမှာ ပြစ်မှုဆိုင်ရာ ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေကို ပြဌာန်းခဲ့တာ အင်္ဂလိပ် အစိုးရ လက်ထက်ကတည်းကပါ။ အဲသည်ဥပဒေကို ခုချိန်ထိတောင် အသစ်ပြန်မရေးရသေးပါဘူး။ နောက်တစ်နည်း ပြောရရင် ခုချိန်မှာ သက်ရှိထင်ရှား ရှိနေသူအားလုံးဟာ လက်ရှိတည်ဆဲ ပြစ်မှုဆိုင်ရာ ဥပဒေနဲ့ အကျုံးဝင်နေပါတယ်။ တကယ်လို့ လွှတ်တော်က ပြစ်မှုဆိုင်ရာ ဥပဒေအသစ်တစ်ခု ရေးဆွဲပြဌာန်းမယ်ဆိုရင်တောင် လက်ရှိ ကျူးလွန်ပြီးသား ပြစ်မှုတွေကို လက်ရှိ ဥပဒေအရ ကောင်းကောင်းကြီး အရေးယူလို့ ရပါတယ်။ ( ကာလစည်းကမ်းသတ် ဥပဒေအကြောင်းတော့ ထည့်မပြောပြတော့ပါဘူး)
နောက်တစ်ခုက ပုဒ်မ ၄၃ ကို ဘာနဲ့သွားရောသလဲ ဆိုရင် ပုဒ်မ ၄၄၅ နဲ့ သွားရောကြတယ် ထင်ပါရဲ့။ (ပုဒ်မ ၄၄၅ သိချင်ရင်တော့ ကိုယ့်ဘာသာ ရှာဖတ်ကြည့်လိုက်ပါဗျာ)
တစ်ခုတော့ ရှိပါရဲ့။ ဗိုလ်ကောင်း အခုလို မြန်မာ့မူဟန် အတိုင်း လှေကြီးထိုး ရိုးရိုးကြီး ရှင်းပြနေတော့ တစ်ချို့ လက်ခံချင်မှ လက်ခံနိုင်ကြမယ်။ တစ်ချို့တွေ ကျပြန်တော့လည်း ကမ္ဘာနဲ့ချီ ပြောမှ ခေတ်မီတင် ထင်ကြတာလည်း ရှိသေးတာကိုး။ တရားဟောရင်တောင်မှ သိုးဆောင်းစကားလေးတွေ ညှပ်ညှပ်ပြောမှ သဘောကျ အထင်ကြီးတတ်တဲ့ တရားနာပရိသတ်ကြီးအတွက် အောက်က စာပိုဒ်တွေကို ဆက်ရေးလိုက်ရပါတယ်။
ဒီကနေ့ လူ့အခွင့်အရေးနဲ့ ပတ်သက်ရင် သမ္မာကျမ်းစာကြီးသဖွယ် ကိုးကားကြရတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အာတီကယ် ၁၁၊ စာပိုဒ် ၂ မှာ " no person be held guilty of any criminal law that did not exist at the time of offence nor suffer any penalty heavier than what existed at the time of offence. It does however permit application of either domestic or international law" လို့ ရေးထားပါသဗျာ။ ခေတ်မီပရိသတ်ကြီးအတွက် ဖော်ပြပေးတာမို့ မြန်မာလို မပြန်ပြတော့ဘူးနော့။
ခင်ဗျာ . . .
အမေရိကန် ဟုတ်လား။ ဘယ်နေလိမ့်မလဲဗျာ။ ဒီမိုကရေစီ ဘိုးအေကြီးပဲ။ မလိုက်နာရင်သာ နေမယ်။ အမေရိကန်ရဲ့ နာမည်ကျော် ကွန်စတီကျူးရှင်း အာတီကယ် တစ်၊ ဆက်ရှင် ၉၊ စာပိုဒ် ၃ မှာ "No bill of attainder or ex post facto Law shall be passed" လို့ ရှင်းရှင်းလင်းလင်း ရေးထားပါတယ်ဗျာ။ ဒီလိုသဘောမျိုး ပြဌာန်းထားတဲ့ နိုင်ငံတွေကို တန်းစီပြရရင် ဘရာဇီး၊ ကနေဒါ၊ ဖင်လန်၊ ဂျာမနီ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီရန်၊ အိုင်ယာလန်၊ အီတလီ၊ ဂျပန်၊ လစ်သူယေးနီးယား၊ နယူးဇီလန်၊ နော်ဝေ၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ ပိုလန်၊ ရုရှား၊ စပိန်၊ တောင်အာဖရိက၊ ဆွီဒင်၊ တူရကီ၊ အင်္ဂလန် တို့ပဲ ဖြစ်ပါတယ်။  နောက်ကြောင်းပြန်အာဏာသက်ရောက်တဲ့ ဥပဒေ ပြဌာန်းခွင့်ပေးထားတဲ့ နိုင်ငံတစ်ချို့လည်း ရှိပါသေးတယ်။ ထင်ရှားတဲ့ ဥပမာ ပြရရင် ဒုတိယကမ္ဘာစစ်အတွင်းက (အစ္စရေးဆိုတဲ့ နိုင်ငံတောင် မရှိခင်တုန်းက) ပြစ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ အဒေါ့အိုက်ခမန်း ဆိုသူကို အပြစ်ပေးချင်လို့ ရေးဆွဲထားတဲ့  အစ္စရေး နိုင်ငံရဲ့ "၁၉၅၀ ခုနှစ် နာဇီနှင့် နာဇီအပေါင်းပါများအား အပြစ်ပေးရေး ဥပဒေ" ဆိုတာမျိုးတွေပေါ့။
ဒီလောက်ဆိုရင် မြန်မာ့အခြေခံဥပဒေ ပုဒ်မ ၄၃ ရဲ့ ဆိုလိုရင်းကို တီးမိခေါက်မိလောက်ကြပြီလို့ထင်ပါတယ်။ နိဂုံးချုပ်အနေနဲ့ ထပ်ပြီး ပြောပြရရင် ဥပဒေကို နားလည်လို့ ရေးတာမဟုတ်ပါဘူး။ ဒါကြောင့် အကောက်အယူ လွဲမှား ဖော်ပြမိတာ ရှိနိုင်ပါတယ်။ တည့်မတ်ပြုပြင်ပေးမယ်ဆိုရင် ၀မ်းမြောက်ဝမ်းသာ ကြိုဆိုလျက် ရှိနေပါကြောင်း

Saturday 15 February 2014

ချစ်တဲ့သူများနေ့

ချစ်တဲ့သူများနေ့
ဖေဖော်ဝါရီလ ဆယ့်လေးရက်နေ့မှာ ကျရောက်တဲ့ ချစ်တဲ့သူများနေ့ကို စတင်မိတ်ဆက်ပေးသူကတော့ လွန်ခဲ့တဲ့ ဆယ်နှစ် ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက် အချိန်တုန်းက အင်္ဂလိပ်စာ ဆရာမကြီး ဒေါ်ဝင်းရှီရှို ဖြစ်ပါတယ်။ ဆရာမကြီးက အဲသည်နေ့မှာ အချစ်နဲ့အိမ်ထောင်ရေးဆိုတဲ့ ခေါင်းစဉ်လေးနဲ့ စကားရည်လုပွဲလုပ်ရင်း မိတ်ဆက်ပေးခဲ့တာ မှတ်မိနေပါတယ်။ ကျောင်းသားတွေက ကိုယ့်လက်နဲ့ကိုယ်တိုင်လုပ်ထားတဲ့ လက်ဆောင်လေးတွေ ကိုယ်စီ ယူလာပြီး ဆရာမကြီးကို လက်ဆောင်ပေးကြ ဆရာမကြီးကလည်း အနီရောင် ကဗျာကတ်လေးတွေ လက်ဆောင်ပြန်ပေးနဲ့ လွမ်းစရာ ကောင်းလှပါတယ်။
အဲသည်အချိန်ကစပြီး ဒီလိုရက်မျိုး နီးလာပြီဆို ကိုယ်ချစ်ခင်လေးစားတဲ့ ဆရာဆရာမကြီးတွေကို ပန်းစည်းလေးတွေ ပန်းကတ်လေးတွေ လက်ဆောင်လုပ်ပေးတာ၊ သူငယ်ချင်းတွေအတွက် ပန်းကတ်လေးတွေ (သူတို့ကောင်မလေးတွေကိုပေးဖို့) လုပ်ပေးတာတွေနဲ့ တစ်နှစ်ပြီးတစ်နှစ် ကျော်ဖြတ်လာခဲ့ပါတယ်။ အဲသည် ၂၀၀၃ ခုနှစ်တုန်းကတော့ ချစ်တဲ့သူများနေ့ဆိုတာ သိပ်ပြီး အထင်ကရ မရှိလှသေးပေမယ့် အခုခါမှာတော့ လူငယ်တွေကြား ရေပန်းစားလှတဲ့ ရက်ကလေးတစ်ရက် ဖြစ်လာပါပြီ။


ဆယ့်ငါးရာစုက ချစ်တဲ့သူများနေ့ကဗျာ
Je suis desja d'amour tanné
Ma tres doulce Valentinée...
—Charles d'Orléans, Rondeau VI, lines 1–2

ရှိတ်စပီးယား ပြဇာတ်ထဲက အပိုင်းအစ
To-morrow is Saint Valentine's day,
All in the morning betime,
And I a maid at your window,
To be your Valentine.
Then up he rose, and donn'd his clothes,
And dupp'd the chamber-door;
Let in the maid, that out a maid
Never departed more.
—William Shakespeare, Hamlet, Act IV, Scene 5

နှင်းဆီလေးတွေ ဘာလို့နီ
She bath'd with roses red, and violets blew,
And all the sweetest flowres, that in the forrest grew.
She bath'd with roses red, and violets blew,
And all the sweetest flowres, that in the forrest grew.

The rose is red, the violet's blue,
The honey's sweet, and so are you.
Thou art my love and I am thine;
I drew thee to my Valentine:
The lot was cast and then I drew,
And Fortune said it shou'd be you.

(ကိုးကား - ၀ီကီပီဒိယ )

ဗာဒံရွက် နီရော်ဝါကျင်





သစ်ပုတ်ပင်ကြီးနားမှာ ကြွေကျနေတဲ့ ဗာဒံရွက်လေးများ

လေထဲမှာ တွဲလွဲကျနေတဲ့ သော်ကကြီး





ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဘေး တစ်ဘက်တစ်ချက်ဆီက သော်ကကြီး ပန်းပွင့်များ

ကြွေကျနေတဲ့ ပန်းလေးများ

 ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ၏ တစ်ခုသော နံနက်ခင်းတွင် ရိုက်ကူးခဲ့ပါသည်

ပြေစာတစ်ခု အကြောင်းပြု၍

                စားသောက်ဆိုင်တွေဘာတွေကို သိပ်ပြီး သွားလေ့လာလေ့တော့ မရှိလှပါဘူး။ ဒီနေ့တော့ ပန်းပွင့်လေးတို့အမေရယ် ပန်းပွင့်လေးရယ် သားအဖသုံးယောက် အင်းလျားကန်စောင်းနဲ့ စိမ်းလန်းစိုပြည်ကို ရောက်ဖြစ်ခဲ့ပါတယ်။ အင်းလျားကန်စောင်းမှာလည်း လူတွေ စည်စည်ကားကားနဲ့ ပျော်စရာကြီးပါ။ လူငယ်တွေ အများစုဖြစ်ပြီး လူငယ်လူရွယ် စုံတွဲလေးတွေ အကျီင်္ဆင်တူလေးတွေနဲ့ ကြည်နူးစရာ တွေ့ခဲ့ရပါတယ်။ စုံတွဲမဟုတ်တဲ့ ယောက်ျားလေး လူငယ် အုပ်စုတော်တော်များများ (တော်တော့်ကို တော်တော်များများ) ကတော့ ဘီယာအရက်တွေနဲ့ ၀ိုင်းဖွဲ့ သောက်စားကြလို့ တစ်ချို့ကလည်း ဂစ်တာလေးတွေနဲ့ သီဆိုတီးခတ်ကြလို့။ ဘာပဲပြောပြော ချစ်သူများနေ့လို့ သိမှတ်ထားကြတဲ့ ဒီနေ့ ညနေလေးကတော့ လှလှပပနဲ့ အင်မတန် ပျော်စရာ ကောင်းခဲ့တယ်လို့ ပြောရမှာပါ။
    လည်ပတ်လမ်းလျှောက်ပြီးတော့ တစ်ခုခု စားကြမယ်ဆိုပြီး မင်းလမ်းဆိုတဲ့ ဆိုင်မှာ ထိုင်ကြပါတယ်။ ဆိုင်ဖွင့်ချိန်က ည ကိုးနာရီခွဲထိ ဆိုပေမယ့် ဒီနေ့မို့လို့လားတော့မသိ ဆယ်နာရီခွဲခါနီးထိ မှာလို့ပြုလို့ ရနေတုန်းပါပဲ။ ဒါနဲ့ပဲ မုန့်လက်ဆောင်း နှစ်ခွက်၊ နာနတ်သီးဖျော်ရည် တစ်ခွက်၊ မုန့်ဖတ်သုပ်တစ်ပွဲ မှာပြီး သုံးယောက်သား စားသောက်ကြပါတယ်။ ပြီးတဲ့အခါ ပိုက်ဆံရှင်းတော့ ပြေစာစာရွက်လေး ပေးပါတယ်။ စုစုပေါင်း ၂၃၀၀ ကျပ် အပေါင်း C Tax ၅% = ၁၁၅ ကျပ်၊ အားလုံးပေါင်း ၂၄၁၅ ကျပ် ကျသင့်တယ်လို့ ပြေစာမှာ ရေးထားပါတယ်။
    ဒီနေရာမှာ C Tax ဆိုတာ Commercial Tax လို့ခေါ်တဲ့ စားသုံးသူက ပေးရတဲ့ ကုန်သွယ်လုပ်ငန်းခွန်လို့ နားလည်ထားပါတယ်။ စားသုံးသူက ဆိုင်ကို ပေးရတာ မဟုတ်ဘဲ သက်ဆိုင်ရာ အခွန်ဌာနကို တိုက်ရိုက်ပေးရတဲ့ ပိုက်ဆံလို့လည်း နားလည် ထားပါတယ်။ သက်ဆိုင်ရာ အခွန်ဌာနကို ဘယ်လို တိုက်ရိုက်ပေးရသလဲ ဆိုရင် အခွန်ရုံးတွေက ဆိုင်ကို ပြေစာဖြတ်ပိုင်းတွေ ပေးထားရပါတယ်။ (အလှူခံ စာအုပ်လို နံပါတ်ရိုက်ထားတဲ့ ဖြတ်ပိုင်းစာအုပ်သဘောမျိုး ဖြစ်မယ် ထင်ပါတယ်) ခုန ငါးရာခိုင်နှုန်းဆိုတဲ့ ကျသင့် အခွန်ကို စားသုံးသူက ပေးဆောင်တဲ့အခါ စောစောက အခွန်ဌာနက ပေးထားတဲ့ ပြေစာစာအုပ်ကို ဆုတ်ပြီး ကျသင့်ငွေကို ရေးသွင်းကာ အခွန်ပေးတဲ့ စားသုံးသူကို အဲဒီ ပြေစာဖြတ်ပိုင်း ပေးရပါတယ်။ စားသောက်ဆိုင်တွေမှာ စားသောက်ကြသူတွေ အနေနဲ့ ဆိုင်တွေက ငါးရာခိုင်နှုန်း အခွန်ကျသင့်တယ်လို့ ပေးရမယ်ဆိုရင် ခုနပြောတဲ့ အခွန်ပြေစာကို တောင်းယူကြပါလို့ သက်ဆိုင်ရာ ၀န်ကြီးဌာနက ကြေညာထားတာလည်း တွေ့ဖူးပါတယ်။ ဒါမှသာ ဆိုင်က အခွန်အတွက် ငါးရာခိုင်နှုန်းဆိုတဲ့ ပိုက်ဆံဟာ သက်ဆိုင်ရာ အခွန်စာရင်းထဲ တည့်တည့်မတ်မတ် ၀င်သွားမှာ ဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ရင် ဘယ်လိုစီမံလိုက်ကြသလဲဆိုတာတော့ ဗိုလ်ကောင်းလည်း မသိပါဘူး။
    ဒီနေရာမှာ အလျဉ်းသင့်တုန်း နည်းနည်းလောက် ကွန့်လိုက်ချင်ပါသေးတယ်။ အဲသည်အခွန်ကို စားသောက်ဆိုင်က ဆောင်ရတာပါလို့ ရောကြိတ်တာမျိုးတွေ တွေ့ဖူးကောင်း တွေ့ဖူးကြမှာပါ။ ဆိုင်ကရော အခွန်မဆောင်ရဘူးလား မေးရင် ဆောင်ရတယ်လို့ပဲ ဖြေရမှာပါ။ ဒါပေမယ့် ဆိုင်က ဆောင်ရတဲ့အခွန်က ဆိုင်ရဲ့ ၀င်ငွေ ရာခိုင်နှုန်းတစ်ခုအနေနဲ့ ဆောင်ရတဲ့ ၀င်ငွေခွန် ဖြစ်ပါတယ်။ မြန်မာပြည်မှာ တစ်နေ့ပိုက်ဆံသုံးထောင် အနည်းဆုံး ၀င်တဲ့သူတိုင်း ဆောင်ရတဲ့ ၀င်ငွေခွန်ကို အများနည်းတူ ဆိုင်ကလည်း ဆောင်ရပါတယ်။ အဲဒါက သတ်သတ်ပါ။ ခုန စားသုံးသူက ကျသင့်ငွေရဲ့ ငါးရာခိုင်နှုန်း ဆောင်ရတဲ့ အခွန်နဲ့ လားလားမှ မပတ်သက်ပါဘူးဆိုတာ ပြေပြချင်ပါတယ်။ စားသုံးသူဆီက ကောက်တဲ့ ပိုက်ဆံသည် သက်ဆိုင်ရာ အခွန်ဌာနကို စားသုံးသူက တိုက်ရိုက်ပေးဆောင်တာ ဖြစ်တဲ့အတွက် ပြေစာကို စားသုံးသူကို ပေးရပါတယ်။ ဆိုင်တွေက ၀င်ငွေခွန် ပေးဆောင်တာက သတ်သတ်ဖြစ်ပါတယ်။ ဒါကို ရှင်းရှင်းလင်းလင်း နားလည် စေချင်ပါတယ်။
    ဆိုတော့ကာ ပြေစာလာပေးတဲ့ စားပွဲထိုးလေးကို ( မသိလောက်ဘူးဆိုတာ သိသိကြီးနဲ့ ) မေးလိုက်ပါတယ်။ ညီလေး ဒီ ငါးရာခိုင်နှုန်းဆိုတာ ဘာလဲလို့ မေးလိုက်တဲ့အခါ မျှော်လင့်ထားတဲ့အတိုင်း ဒါက ပုံမှန် တောင်းတဲ့ ကျသင့်ငွေအပိုဆိုတဲ့ သဘောမျိုး ပြောပါတယ်။ ဒီတော့ ဟုတ်ပြီ ညီလေး ငါတို့ စားတာ ၂၃၀၀ ပဲကျတယ်။ တကယ်လို့ ဒီပိုက်ဆံငါးရာခိုင်နှုန်းကို ပိုယူမယ်ဆိုရင် အဲသည် အခွန်ဌာနက ပြေစာ သတ်သတ်ပေးပါလို့ ( မရနိုင်လောက်မှန်း သိသိကြီးနဲ့ ) တောင်းဆိုလိုက်ပါတယ်။ တကယ်လို့ ဒီပိုက်ဆံအတွက် အခွန်ပြေစာ မပေးနိုင်ရင်လည်း အဲသည် ငါးရာခိုင်နှုန်း ၁၁၅ ကျပ် ပြန်ပေးပေါ့ကွာလို့ တောင်းလိုက်ပါတယ်။ ပိုက်ဆံလေး ၁၁၅ ကျပ်အတွက် ငွေသိမ်းကောင်တာက စာရေးမလေး နည်းနည်းတော့ အလုပ်ရှုပ်သွားပါတယ်။ သူကတော့ နည်းနည်း ပါးရည်နပ်ရည် ရှိတဲ့ပုံပဲ။ ဖုန်းတစ်ချက်ကောက်ဆက်ပြီး ပြေစာလေးကိုကြည့်ကာကြည့်ကာနဲ့ မေးမြန်းနေတာ တွေ့ပါတယ်။ စာဖတ်ပရိသတ်ကြီး ထင်တဲ့အတိုင်းပါပဲ ဟိုဘက်က ဘာပြန်ပြောလိုက်လဲတော့ မသိပေမယ့် တစ်ရာတန်လေးတစ်ရွက် ငါးကျပ်တန်လေး သုံးရွက် စားပွဲထိုးကို ထုတ်ပေးလိုက်တာ တွေ့ရပါတယ်။ (ငါးကျပ်တန် သုံးရွက်ကို အချိန်မဆိုင်းပဲ ထုတ်ပေးနိုင်တာတော့ နည်းနည်း အံ့သြမိပါတယ်။ ငါးကျပ်တန်က သိပ်သုံးစရာ မလိုတော့ဘူးမလား) ဒါနဲ့ပဲ အဲသည် ပိုက်ဆံ ၁၁၅ ကျပ်လာပေးကာ ပြေစာလေးကိုတော့ ပြန်ယူသွားပါတယ်။ ဇာတ်လမ်းက အဲသည်မှာတင် ဆုံးပြီလားဆိုတော့ . . .
    အပြန် ကားပေါ်ရောက်တော့ နံဘေးက ပန်းပွင့်လေးတို့အမေကို ချက်ချင်း စီးပွားရေးအကြံပေး ကောက်ခန့်လိုက်ပြီး ဒီဆိုင်ရဲ့ တစ်ရက်တာ အရောင်းရငွေ ဘယ်လောက် ရှိနိုင်မလဲ ခန့်မှန်းကြည့်စမ်းပါဆိုတော့ ဆယ်သိန်းတော့ မကလောက်ဘူး ဆိုပဲ။ ကဲ ဆယ်သိန်းပဲ ထားပါတော့။ ခုနလို စားသုံးသူဆီက ငါးရာခိုင်နှုန်း ကောက်တဲ့ ပိုက်ဆံက ငါးသောင်းရှိမှာပါ။ အဲသည် ကုန်သွယ်လုပ်ငန်းခွန်အဖြစ် ဆိုင်က ရထားတဲ့ တစ်ရက် ငါးသောင်းသော ပိုက်ဆံတွေက ( ဆိုင်ရဲ့ဝင်ငွေနဲ့ လားလားမှ မပတ်သက်တဲ့ အခွန်ငွေတွေ ) အခွန်ဌာနကို တကယ်ရောက်ရဲ့လား။ တစ်ရက်ငါးသောင်းဆို တစ်လ ဆယ့်ငါးသိန်း၊ တစ်နှစ်ကို သိန်းတစ်ရာ့ရှစ်ဆယ်နော် ( တွက်တာမှားရင် ပြောကြအုံး    :)      ) အခွန်ဌာနကို တကယ်ကြီးပဲ ဆောင်လိုက်တယ်ဆိုရင် ပြေစာကို ဘယ်သူ သိမ်းထားလဲ။ ပေးတဲ့သူက မေ့မေ့လျော့လျော့ ထားမိတယ်ဆိုရင်တောင် လက်ခံတဲ့ အခွန်ဌာနက ငွေကို သေချာ ကိုင်တွယ်ရတာဖြစ်တဲ့အတွက် လက်ခံပြေစာ ရှိဖို့ ကောင်းတယ်။ ဒါမှ မဟုတ်လို့ရှိရင် ဆိုင်က ၀င်ငွေခွန်ဆောင်တာနဲ့ပဲ ရောကြိတ်လိုက်သလား။ အင်းလျားကန်စောင်းက ဆိုင်က ကမာရွတ်မြို့နယ်ထဲမှာ ဖြစ်တဲ့အတွက်ကမာရွတ် မြို့နယ်ထဲမှာ ဆိုင်တွေ ဘယ်လောက်များများက ဒီလိုတွေ ဖြစ်နေကြသလဲ။ မြန်မာတစ်နိုင်ငံလုံးက ၃၃၀ သော မြို့နယ်တွေကရော ဘယ်လိုတွေ ဖြစ်ပျက်နေပြီလဲ။ ကိုယ့်ဘာသာ ဆက်ပြီး တွေးကြည့်ကြပါတော့။
    ဟိုတစ်နေ့က ကမ္ဘာ့ဘဏ်က ဌာနေ ကိုယ်စားလှယ် နှစ်ယောက်နဲ့ တွေ့ဖြစ်ပါတယ်။ သူတို့က မြန်မာပြည်မှာ ကမ္ဘာ့ဘဏ် ဘာတွေလုပ်နေသလဲဆိုတာ လာရှင်းပြတာပါ။ ဘဏ်ဆိုပေမယ့် ငွေချေးတာသက်သက်မဟုတ်ဘဲ ငွေရေးကြေးရေးဆိုင်ရာ နည်းပညာနဲ့ အကြံဥာဏ်တွေလည်း ပေးနေကြောင်း၊ မြန်မာပြည် အစိုးရ အသုံးစရိတ်မှာ အခွန်ကောက်ခံရရှိငွေ အချိုးဟာ ကမ္ဘာမှာ အနည်းဆုံးလောက်ဖြစ်နေတာ ဖြစ်တဲ့အတွက် အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့လည်း နည်းပညာ လုပ်ထုံးလုပ်နည်း ကျွမ်းကျင်မှု အကူအညီတွေ ပေးနေကြောင်း အစိုးရသစ်နဲ့ ဆက်ဆံရတာ အင်မတန် ကျေနပ်အားရစရာကောင်းကြောင်း၊ နိုင်ငံတိုးတက်ရေးအတွက် အားကြိုးမာန်တက် ပူးပေါင်း ဆောင်ရွက်ကြကြောင်း၊ အစိုးရနဲ့ သာမက အတိုက်အခံခေါင်းဆောင်နဲ့ပါ ဆက်ဆံရေး ကောင်းမွန်ကြောင်း စသည်ဖြင့် ပြောပြပြီး သိချင်တာတွေကိုလည်း စိတ်ရှည်လက်ရှည် ရှင်းပြပေးကြပါတယ်။
    ဒီနေရာမှာ ပြောချင်တာက အစိုးရ အသုံးစရိတ်မှာ အခွန်အကောက်ရငွေ အချိုး အင်မတန် နည်းနေတယ် ဆိုတဲ့အကြောင်းပါ။ အားလုံးသိကြတဲ့အတိုင်း အစိုးရသစ် တက်လာပြီးနောက်မှာ အရင်က ၀င်ငွေခွန် ကင်းလွတ်ခွင့် ပေးထားတဲ့ အစိုးရ၀န်ထမ်းတွေကို ၀င်ငွေခွန် ကောက်ပါတယ်။ အခွန်စနစ်အရ တစ်နေ့ ၀င်ငွေ သုံးထောင် အနည်းဆုံးဝင်တဲ့သူကစပြီး အခွန်ဆောင်ရပါတယ်။ တကယ်တော့ တစ်နေ့ဝင်ငွေ သုံးထောင်ဆိုတာ အလုပ်ကြမ်းလုပ်တဲ့ နေ့စားသမားရဲ့ ၀င်ငွေလောက် ရှိပါတယ်။ သဘောကတော့ ဘာမှ လုပ်မစားတတ်လို့ အလုပ်ကြမ်းလုပ်နိုင်လောက်တဲ့ ၀င်ငွေရှိရင် ၀င်ငွေခွန်ဆောင်စေသတည်းဆိုတဲ့ အခြေအနေပါ။ ၀င်ငွေခွန်ဆောင်ထိုက်တဲ့ အနိမ့်ဆုံးဝင်ငွေ သတ်မှတ်ချက်က တော်တော့်ကို နည်းနေပါတယ်။ ကောင်းပြီ အဲသည်လောက်ပဲ ၀င်ငွေရှိတဲ့သူတောင် အခွန်ဆောင်ရလောက်အောင် ချမှတ်ထားတဲ့ စည်းကမ်းအရ ဆိုရင် မြန်မာအစိုးရ ၀င်ငွေခွန် တစ်ခုတည်းနဲ့တင်ကို တိုင်းပြည်ကို ရွှေကွပ်ထားလို့ ရပြီထင်ပါတယ် (နည်းနည်းတော့ ပိုလိုက်ပြီနော်)
    ပြဿနာက ဘာလဲဆိုတော့ အခွန်ကို စည်းကြပ်တဲ့နေရာမှာ အားနည်းချက်တွေက အများကြီးပဲ။ သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း ၀င်ငွေခွန် တိတိကျကျ ကောက်လို့ရတာဆိုရင် ကျွန်တော့်အထင် အစိုးရ၀န်ထမ်းပဲ ရှိမယ် ထင်ပါတယ်။ အစိုးရ၀န်ထမ်းက အစိုးရဆီက လစာရိက္ခာ ယူရတဲ့သူတွေဆိုတော့ ၀င်ငွေကို လျှော့ပြောလို့ ရဘူးလေ။ လက်ခုပ်ထဲကရေကိုးဗျ။ ကျန်တဲ့သူတွေရော။ ဥပမာအားဖြင့် ဗိုလ်ကောင်းတို့ရွာမှာ တစ်နှစ်ကို စပါးဆိုလည်း တင်းရာချီရလို့ ပဲတွေ နှမ်းတွေ ဆိုလည်း သောက်သောက်လဲ ရလို့။ သူတို့ကိုရော ဘယ်လိုစည်းကြပ်သလဲ။ ရွာကလူတွေ အခွန်ဆောင်ရတယ်ဆိုတာ မကြားဖူးသလောက်ပဲ။ ထားတော့ မြို့က လူတွေအကြောင်း ပြောရအောင်။ ဆိုင်သေးသေးလေးတွေကိုတော့ အခွန်ဌာနက သိပ်နိုင်စားတယ်လို့ ပြောတာ ကြားဖူးတယ်။ တစ်နှစ်တစ်နှစ်ကို အခွန်ကို သက်ဆိုင်ရာက စည်းကြပ် သတ်မှတ်တဲ့အတိုင်း ဆောင်ရတယ်ဆိုပဲ၊ ထားတော့။ မြန်မာပြည်က ၀င်ငွေ သိပ်ကြီးတဲ့ လုပ်ငန်းကိုင်ငန်းကြီးတွေရော သေချာ ဆောင်ကြရဲ့လား။ မသိနိုင်ဘူးနော်။ ဆောင်ကြပါစေလို့ပဲ ဆုတောင်းရမှာပဲ။
    ခုနစကားကို ပြန်ဆက်ရရင် အစိုးရအနေနဲ့ ရသင့်ရထိုက်တဲ့ အခွန်ကို စည်းကြပ်ကောက်ခံတဲ့ နေရာမှာ အခက်အခဲတွေ အများကြီး ရှိတယ်ဆိုတာကို နားလည် လက်ခံထားပါတယ်။ အခွန်ပြုပြင်ပြောင်းလဲရေးကိုလည်း အားကြိုးမာန်တက် လုပ်နေတယ်ဆိုတာ သိထားပါတယ်။ အဲသည် လုပ်ငန်းတွေ မအောင်မြင်သေးခင် စပ်ကြားမှာ ၀င်ငွေ မစို့မပို့ ၀င်နေသူတွေက အခွန်တွေ သေချာဆောင်ရပြီး တကယ် ၀င်ငွေကောင်းတဲ့ လုပ်ငန်းကြီးတွေက ထိုက်သင့်သလို စည်းကြပ်ဖို့ ထမ်းဆောင်ဖို့ ပျက်ကွက်နေကြအုံးမယ်ဆိုရင် ၀င်ငွေနည်းတဲ့ သူတွေလည်း အခွန်ကို ဆောင်ချင်စိတ် ရှိမှာ မဟုတ်တော့ပါဘူး။ ( မရှိလည်း ဆောင်တော့ ဆောင်ရတာပဲလေ)
    အဲသည်တော့ အရေးကြီးဆုံးက ပြည်သူလူထု အလွှာအသီးသီး အနေနဲ့ အခွန်ရဲ့ သဘောသဘာဝကို သေချာ သိနားလည်ထားဖို့ တော်တော်ကို လိုအပ်တာပါ။ ( စာရေးနေတဲ့သူလည်း တကယ်တော့ သေချာ မသိသေးဘူး) သက်ဆိုင်ရာ အခွန်ကောက်တဲ့ သူတွေကလည်း အခွန်ဆောင်မယ့်သူတွေကို သေသေချာချာ ရှင်းပြသင့်လှပါတယ်။ အဲဒါဆိုရင် နိုင်ငံတော်လည်း ရသင့်ရထိုက်တဲ့ အခွန်တွေ အပြည့်အ၀ရပြီး တိုင်းပြည်ကို ပိုမိုတိုးတက်အောင် လုပ်နိုင်ကိုင်နိုင်မယ်လို့ (ထင်တော့ ထင်တာပဲ)   


Tuesday 11 February 2014

ဆီးဂိမ်းဖွင့်ပွဲမှာ နိုင်ငံတော် ဆိုရတဲ့ အရသာ

ဆီးဂိမ်းဖွင့်ပွဲမှာ ရင်အခုန်ရဆုံး စိတ်အလှုပ်ရှားရဆုံး ကြည်နူးစရာ အကောင်းဆုံး အားအရဆုံး အစီအစဉ်ကတော့ နိုင်ငံတော် အလံလွှင့်တင်တဲ့အချိန်မှာ နိုင်ငံတော်သီချင်း ဆိုရတဲ့ အရသာပါပဲဗျာ။ ကိုယ့်မြေကိုယ့်ရေမှာ လက်ခံကျင်းပတဲ့ နိုင်ငံစုံ ပွဲတစ်ခုမှာ နိုင်ငံတော်အကြီးအကဲကစပြီး လူပေါင်း သောင်းချီတက်ရောက်တဲ့ အခမ်းအနားကြီးမှာ ကိုယ့်နိုင်ငံတော်အလံ လွှင့်တင်လိုက်တဲ့အချိန် နောက်ခံတီးလုံးနဲ့အတူ ဘယ်သူရဲ့ တိုက်တွန်း စေခိုင်းချက်မှ မပါဘဲ ကိုယ့်ရင်ထဲအသည်းထဲကလာတဲ့ မျိုးချစ်စိတ်ဓာတ် မြန်မာဆိုတဲ့ ဂုဏ်ကို ကြက်သီးတဖျန်းဖျန်းထပြီး ၀င့်ကြွားတဲ့ ရင်ခုန်သံတွေနဲ့အတူ မြန်မာနိုင်ငံတော် သီချင်းကို လူပေါင်း သောင်းချီပြီး ညီညီညွတ်ညွတ်ဆိုကြတဲ့ ၀မ်းမြောက်စရာ အတွေ့အကြုံ တစ်ခုတည်းနဲ့တင် ပိုက်ဆံကုန်ရကျိုး အပင်ပန်း ခံရကျိုး နပ်ပါတယ်ဗျာ