Saturday 15 February 2014

ပြေစာတစ်ခု အကြောင်းပြု၍

                စားသောက်ဆိုင်တွေဘာတွေကို သိပ်ပြီး သွားလေ့လာလေ့တော့ မရှိလှပါဘူး။ ဒီနေ့တော့ ပန်းပွင့်လေးတို့အမေရယ် ပန်းပွင့်လေးရယ် သားအဖသုံးယောက် အင်းလျားကန်စောင်းနဲ့ စိမ်းလန်းစိုပြည်ကို ရောက်ဖြစ်ခဲ့ပါတယ်။ အင်းလျားကန်စောင်းမှာလည်း လူတွေ စည်စည်ကားကားနဲ့ ပျော်စရာကြီးပါ။ လူငယ်တွေ အများစုဖြစ်ပြီး လူငယ်လူရွယ် စုံတွဲလေးတွေ အကျီင်္ဆင်တူလေးတွေနဲ့ ကြည်နူးစရာ တွေ့ခဲ့ရပါတယ်။ စုံတွဲမဟုတ်တဲ့ ယောက်ျားလေး လူငယ် အုပ်စုတော်တော်များများ (တော်တော့်ကို တော်တော်များများ) ကတော့ ဘီယာအရက်တွေနဲ့ ၀ိုင်းဖွဲ့ သောက်စားကြလို့ တစ်ချို့ကလည်း ဂစ်တာလေးတွေနဲ့ သီဆိုတီးခတ်ကြလို့။ ဘာပဲပြောပြော ချစ်သူများနေ့လို့ သိမှတ်ထားကြတဲ့ ဒီနေ့ ညနေလေးကတော့ လှလှပပနဲ့ အင်မတန် ပျော်စရာ ကောင်းခဲ့တယ်လို့ ပြောရမှာပါ။
    လည်ပတ်လမ်းလျှောက်ပြီးတော့ တစ်ခုခု စားကြမယ်ဆိုပြီး မင်းလမ်းဆိုတဲ့ ဆိုင်မှာ ထိုင်ကြပါတယ်။ ဆိုင်ဖွင့်ချိန်က ည ကိုးနာရီခွဲထိ ဆိုပေမယ့် ဒီနေ့မို့လို့လားတော့မသိ ဆယ်နာရီခွဲခါနီးထိ မှာလို့ပြုလို့ ရနေတုန်းပါပဲ။ ဒါနဲ့ပဲ မုန့်လက်ဆောင်း နှစ်ခွက်၊ နာနတ်သီးဖျော်ရည် တစ်ခွက်၊ မုန့်ဖတ်သုပ်တစ်ပွဲ မှာပြီး သုံးယောက်သား စားသောက်ကြပါတယ်။ ပြီးတဲ့အခါ ပိုက်ဆံရှင်းတော့ ပြေစာစာရွက်လေး ပေးပါတယ်။ စုစုပေါင်း ၂၃၀၀ ကျပ် အပေါင်း C Tax ၅% = ၁၁၅ ကျပ်၊ အားလုံးပေါင်း ၂၄၁၅ ကျပ် ကျသင့်တယ်လို့ ပြေစာမှာ ရေးထားပါတယ်။
    ဒီနေရာမှာ C Tax ဆိုတာ Commercial Tax လို့ခေါ်တဲ့ စားသုံးသူက ပေးရတဲ့ ကုန်သွယ်လုပ်ငန်းခွန်လို့ နားလည်ထားပါတယ်။ စားသုံးသူက ဆိုင်ကို ပေးရတာ မဟုတ်ဘဲ သက်ဆိုင်ရာ အခွန်ဌာနကို တိုက်ရိုက်ပေးရတဲ့ ပိုက်ဆံလို့လည်း နားလည် ထားပါတယ်။ သက်ဆိုင်ရာ အခွန်ဌာနကို ဘယ်လို တိုက်ရိုက်ပေးရသလဲ ဆိုရင် အခွန်ရုံးတွေက ဆိုင်ကို ပြေစာဖြတ်ပိုင်းတွေ ပေးထားရပါတယ်။ (အလှူခံ စာအုပ်လို နံပါတ်ရိုက်ထားတဲ့ ဖြတ်ပိုင်းစာအုပ်သဘောမျိုး ဖြစ်မယ် ထင်ပါတယ်) ခုန ငါးရာခိုင်နှုန်းဆိုတဲ့ ကျသင့် အခွန်ကို စားသုံးသူက ပေးဆောင်တဲ့အခါ စောစောက အခွန်ဌာနက ပေးထားတဲ့ ပြေစာစာအုပ်ကို ဆုတ်ပြီး ကျသင့်ငွေကို ရေးသွင်းကာ အခွန်ပေးတဲ့ စားသုံးသူကို အဲဒီ ပြေစာဖြတ်ပိုင်း ပေးရပါတယ်။ စားသောက်ဆိုင်တွေမှာ စားသောက်ကြသူတွေ အနေနဲ့ ဆိုင်တွေက ငါးရာခိုင်နှုန်း အခွန်ကျသင့်တယ်လို့ ပေးရမယ်ဆိုရင် ခုနပြောတဲ့ အခွန်ပြေစာကို တောင်းယူကြပါလို့ သက်ဆိုင်ရာ ၀န်ကြီးဌာနက ကြေညာထားတာလည်း တွေ့ဖူးပါတယ်။ ဒါမှသာ ဆိုင်က အခွန်အတွက် ငါးရာခိုင်နှုန်းဆိုတဲ့ ပိုက်ဆံဟာ သက်ဆိုင်ရာ အခွန်စာရင်းထဲ တည့်တည့်မတ်မတ် ၀င်သွားမှာ ဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ရင် ဘယ်လိုစီမံလိုက်ကြသလဲဆိုတာတော့ ဗိုလ်ကောင်းလည်း မသိပါဘူး။
    ဒီနေရာမှာ အလျဉ်းသင့်တုန်း နည်းနည်းလောက် ကွန့်လိုက်ချင်ပါသေးတယ်။ အဲသည်အခွန်ကို စားသောက်ဆိုင်က ဆောင်ရတာပါလို့ ရောကြိတ်တာမျိုးတွေ တွေ့ဖူးကောင်း တွေ့ဖူးကြမှာပါ။ ဆိုင်ကရော အခွန်မဆောင်ရဘူးလား မေးရင် ဆောင်ရတယ်လို့ပဲ ဖြေရမှာပါ။ ဒါပေမယ့် ဆိုင်က ဆောင်ရတဲ့အခွန်က ဆိုင်ရဲ့ ၀င်ငွေ ရာခိုင်နှုန်းတစ်ခုအနေနဲ့ ဆောင်ရတဲ့ ၀င်ငွေခွန် ဖြစ်ပါတယ်။ မြန်မာပြည်မှာ တစ်နေ့ပိုက်ဆံသုံးထောင် အနည်းဆုံး ၀င်တဲ့သူတိုင်း ဆောင်ရတဲ့ ၀င်ငွေခွန်ကို အများနည်းတူ ဆိုင်ကလည်း ဆောင်ရပါတယ်။ အဲဒါက သတ်သတ်ပါ။ ခုန စားသုံးသူက ကျသင့်ငွေရဲ့ ငါးရာခိုင်နှုန်း ဆောင်ရတဲ့ အခွန်နဲ့ လားလားမှ မပတ်သက်ပါဘူးဆိုတာ ပြေပြချင်ပါတယ်။ စားသုံးသူဆီက ကောက်တဲ့ ပိုက်ဆံသည် သက်ဆိုင်ရာ အခွန်ဌာနကို စားသုံးသူက တိုက်ရိုက်ပေးဆောင်တာ ဖြစ်တဲ့အတွက် ပြေစာကို စားသုံးသူကို ပေးရပါတယ်။ ဆိုင်တွေက ၀င်ငွေခွန် ပေးဆောင်တာက သတ်သတ်ဖြစ်ပါတယ်။ ဒါကို ရှင်းရှင်းလင်းလင်း နားလည် စေချင်ပါတယ်။
    ဆိုတော့ကာ ပြေစာလာပေးတဲ့ စားပွဲထိုးလေးကို ( မသိလောက်ဘူးဆိုတာ သိသိကြီးနဲ့ ) မေးလိုက်ပါတယ်။ ညီလေး ဒီ ငါးရာခိုင်နှုန်းဆိုတာ ဘာလဲလို့ မေးလိုက်တဲ့အခါ မျှော်လင့်ထားတဲ့အတိုင်း ဒါက ပုံမှန် တောင်းတဲ့ ကျသင့်ငွေအပိုဆိုတဲ့ သဘောမျိုး ပြောပါတယ်။ ဒီတော့ ဟုတ်ပြီ ညီလေး ငါတို့ စားတာ ၂၃၀၀ ပဲကျတယ်။ တကယ်လို့ ဒီပိုက်ဆံငါးရာခိုင်နှုန်းကို ပိုယူမယ်ဆိုရင် အဲသည် အခွန်ဌာနက ပြေစာ သတ်သတ်ပေးပါလို့ ( မရနိုင်လောက်မှန်း သိသိကြီးနဲ့ ) တောင်းဆိုလိုက်ပါတယ်။ တကယ်လို့ ဒီပိုက်ဆံအတွက် အခွန်ပြေစာ မပေးနိုင်ရင်လည်း အဲသည် ငါးရာခိုင်နှုန်း ၁၁၅ ကျပ် ပြန်ပေးပေါ့ကွာလို့ တောင်းလိုက်ပါတယ်။ ပိုက်ဆံလေး ၁၁၅ ကျပ်အတွက် ငွေသိမ်းကောင်တာက စာရေးမလေး နည်းနည်းတော့ အလုပ်ရှုပ်သွားပါတယ်။ သူကတော့ နည်းနည်း ပါးရည်နပ်ရည် ရှိတဲ့ပုံပဲ။ ဖုန်းတစ်ချက်ကောက်ဆက်ပြီး ပြေစာလေးကိုကြည့်ကာကြည့်ကာနဲ့ မေးမြန်းနေတာ တွေ့ပါတယ်။ စာဖတ်ပရိသတ်ကြီး ထင်တဲ့အတိုင်းပါပဲ ဟိုဘက်က ဘာပြန်ပြောလိုက်လဲတော့ မသိပေမယ့် တစ်ရာတန်လေးတစ်ရွက် ငါးကျပ်တန်လေး သုံးရွက် စားပွဲထိုးကို ထုတ်ပေးလိုက်တာ တွေ့ရပါတယ်။ (ငါးကျပ်တန် သုံးရွက်ကို အချိန်မဆိုင်းပဲ ထုတ်ပေးနိုင်တာတော့ နည်းနည်း အံ့သြမိပါတယ်။ ငါးကျပ်တန်က သိပ်သုံးစရာ မလိုတော့ဘူးမလား) ဒါနဲ့ပဲ အဲသည် ပိုက်ဆံ ၁၁၅ ကျပ်လာပေးကာ ပြေစာလေးကိုတော့ ပြန်ယူသွားပါတယ်။ ဇာတ်လမ်းက အဲသည်မှာတင် ဆုံးပြီလားဆိုတော့ . . .
    အပြန် ကားပေါ်ရောက်တော့ နံဘေးက ပန်းပွင့်လေးတို့အမေကို ချက်ချင်း စီးပွားရေးအကြံပေး ကောက်ခန့်လိုက်ပြီး ဒီဆိုင်ရဲ့ တစ်ရက်တာ အရောင်းရငွေ ဘယ်လောက် ရှိနိုင်မလဲ ခန့်မှန်းကြည့်စမ်းပါဆိုတော့ ဆယ်သိန်းတော့ မကလောက်ဘူး ဆိုပဲ။ ကဲ ဆယ်သိန်းပဲ ထားပါတော့။ ခုနလို စားသုံးသူဆီက ငါးရာခိုင်နှုန်း ကောက်တဲ့ ပိုက်ဆံက ငါးသောင်းရှိမှာပါ။ အဲသည် ကုန်သွယ်လုပ်ငန်းခွန်အဖြစ် ဆိုင်က ရထားတဲ့ တစ်ရက် ငါးသောင်းသော ပိုက်ဆံတွေက ( ဆိုင်ရဲ့ဝင်ငွေနဲ့ လားလားမှ မပတ်သက်တဲ့ အခွန်ငွေတွေ ) အခွန်ဌာနကို တကယ်ရောက်ရဲ့လား။ တစ်ရက်ငါးသောင်းဆို တစ်လ ဆယ့်ငါးသိန်း၊ တစ်နှစ်ကို သိန်းတစ်ရာ့ရှစ်ဆယ်နော် ( တွက်တာမှားရင် ပြောကြအုံး    :)      ) အခွန်ဌာနကို တကယ်ကြီးပဲ ဆောင်လိုက်တယ်ဆိုရင် ပြေစာကို ဘယ်သူ သိမ်းထားလဲ။ ပေးတဲ့သူက မေ့မေ့လျော့လျော့ ထားမိတယ်ဆိုရင်တောင် လက်ခံတဲ့ အခွန်ဌာနက ငွေကို သေချာ ကိုင်တွယ်ရတာဖြစ်တဲ့အတွက် လက်ခံပြေစာ ရှိဖို့ ကောင်းတယ်။ ဒါမှ မဟုတ်လို့ရှိရင် ဆိုင်က ၀င်ငွေခွန်ဆောင်တာနဲ့ပဲ ရောကြိတ်လိုက်သလား။ အင်းလျားကန်စောင်းက ဆိုင်က ကမာရွတ်မြို့နယ်ထဲမှာ ဖြစ်တဲ့အတွက်ကမာရွတ် မြို့နယ်ထဲမှာ ဆိုင်တွေ ဘယ်လောက်များများက ဒီလိုတွေ ဖြစ်နေကြသလဲ။ မြန်မာတစ်နိုင်ငံလုံးက ၃၃၀ သော မြို့နယ်တွေကရော ဘယ်လိုတွေ ဖြစ်ပျက်နေပြီလဲ။ ကိုယ့်ဘာသာ ဆက်ပြီး တွေးကြည့်ကြပါတော့။
    ဟိုတစ်နေ့က ကမ္ဘာ့ဘဏ်က ဌာနေ ကိုယ်စားလှယ် နှစ်ယောက်နဲ့ တွေ့ဖြစ်ပါတယ်။ သူတို့က မြန်မာပြည်မှာ ကမ္ဘာ့ဘဏ် ဘာတွေလုပ်နေသလဲဆိုတာ လာရှင်းပြတာပါ။ ဘဏ်ဆိုပေမယ့် ငွေချေးတာသက်သက်မဟုတ်ဘဲ ငွေရေးကြေးရေးဆိုင်ရာ နည်းပညာနဲ့ အကြံဥာဏ်တွေလည်း ပေးနေကြောင်း၊ မြန်မာပြည် အစိုးရ အသုံးစရိတ်မှာ အခွန်ကောက်ခံရရှိငွေ အချိုးဟာ ကမ္ဘာမှာ အနည်းဆုံးလောက်ဖြစ်နေတာ ဖြစ်တဲ့အတွက် အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့လည်း နည်းပညာ လုပ်ထုံးလုပ်နည်း ကျွမ်းကျင်မှု အကူအညီတွေ ပေးနေကြောင်း အစိုးရသစ်နဲ့ ဆက်ဆံရတာ အင်မတန် ကျေနပ်အားရစရာကောင်းကြောင်း၊ နိုင်ငံတိုးတက်ရေးအတွက် အားကြိုးမာန်တက် ပူးပေါင်း ဆောင်ရွက်ကြကြောင်း၊ အစိုးရနဲ့ သာမက အတိုက်အခံခေါင်းဆောင်နဲ့ပါ ဆက်ဆံရေး ကောင်းမွန်ကြောင်း စသည်ဖြင့် ပြောပြပြီး သိချင်တာတွေကိုလည်း စိတ်ရှည်လက်ရှည် ရှင်းပြပေးကြပါတယ်။
    ဒီနေရာမှာ ပြောချင်တာက အစိုးရ အသုံးစရိတ်မှာ အခွန်အကောက်ရငွေ အချိုး အင်မတန် နည်းနေတယ် ဆိုတဲ့အကြောင်းပါ။ အားလုံးသိကြတဲ့အတိုင်း အစိုးရသစ် တက်လာပြီးနောက်မှာ အရင်က ၀င်ငွေခွန် ကင်းလွတ်ခွင့် ပေးထားတဲ့ အစိုးရ၀န်ထမ်းတွေကို ၀င်ငွေခွန် ကောက်ပါတယ်။ အခွန်စနစ်အရ တစ်နေ့ ၀င်ငွေ သုံးထောင် အနည်းဆုံးဝင်တဲ့သူကစပြီး အခွန်ဆောင်ရပါတယ်။ တကယ်တော့ တစ်နေ့ဝင်ငွေ သုံးထောင်ဆိုတာ အလုပ်ကြမ်းလုပ်တဲ့ နေ့စားသမားရဲ့ ၀င်ငွေလောက် ရှိပါတယ်။ သဘောကတော့ ဘာမှ လုပ်မစားတတ်လို့ အလုပ်ကြမ်းလုပ်နိုင်လောက်တဲ့ ၀င်ငွေရှိရင် ၀င်ငွေခွန်ဆောင်စေသတည်းဆိုတဲ့ အခြေအနေပါ။ ၀င်ငွေခွန်ဆောင်ထိုက်တဲ့ အနိမ့်ဆုံးဝင်ငွေ သတ်မှတ်ချက်က တော်တော့်ကို နည်းနေပါတယ်။ ကောင်းပြီ အဲသည်လောက်ပဲ ၀င်ငွေရှိတဲ့သူတောင် အခွန်ဆောင်ရလောက်အောင် ချမှတ်ထားတဲ့ စည်းကမ်းအရ ဆိုရင် မြန်မာအစိုးရ ၀င်ငွေခွန် တစ်ခုတည်းနဲ့တင်ကို တိုင်းပြည်ကို ရွှေကွပ်ထားလို့ ရပြီထင်ပါတယ် (နည်းနည်းတော့ ပိုလိုက်ပြီနော်)
    ပြဿနာက ဘာလဲဆိုတော့ အခွန်ကို စည်းကြပ်တဲ့နေရာမှာ အားနည်းချက်တွေက အများကြီးပဲ။ သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း ၀င်ငွေခွန် တိတိကျကျ ကောက်လို့ရတာဆိုရင် ကျွန်တော့်အထင် အစိုးရ၀န်ထမ်းပဲ ရှိမယ် ထင်ပါတယ်။ အစိုးရ၀န်ထမ်းက အစိုးရဆီက လစာရိက္ခာ ယူရတဲ့သူတွေဆိုတော့ ၀င်ငွေကို လျှော့ပြောလို့ ရဘူးလေ။ လက်ခုပ်ထဲကရေကိုးဗျ။ ကျန်တဲ့သူတွေရော။ ဥပမာအားဖြင့် ဗိုလ်ကောင်းတို့ရွာမှာ တစ်နှစ်ကို စပါးဆိုလည်း တင်းရာချီရလို့ ပဲတွေ နှမ်းတွေ ဆိုလည်း သောက်သောက်လဲ ရလို့။ သူတို့ကိုရော ဘယ်လိုစည်းကြပ်သလဲ။ ရွာကလူတွေ အခွန်ဆောင်ရတယ်ဆိုတာ မကြားဖူးသလောက်ပဲ။ ထားတော့ မြို့က လူတွေအကြောင်း ပြောရအောင်။ ဆိုင်သေးသေးလေးတွေကိုတော့ အခွန်ဌာနက သိပ်နိုင်စားတယ်လို့ ပြောတာ ကြားဖူးတယ်။ တစ်နှစ်တစ်နှစ်ကို အခွန်ကို သက်ဆိုင်ရာက စည်းကြပ် သတ်မှတ်တဲ့အတိုင်း ဆောင်ရတယ်ဆိုပဲ၊ ထားတော့။ မြန်မာပြည်က ၀င်ငွေ သိပ်ကြီးတဲ့ လုပ်ငန်းကိုင်ငန်းကြီးတွေရော သေချာ ဆောင်ကြရဲ့လား။ မသိနိုင်ဘူးနော်။ ဆောင်ကြပါစေလို့ပဲ ဆုတောင်းရမှာပဲ။
    ခုနစကားကို ပြန်ဆက်ရရင် အစိုးရအနေနဲ့ ရသင့်ရထိုက်တဲ့ အခွန်ကို စည်းကြပ်ကောက်ခံတဲ့ နေရာမှာ အခက်အခဲတွေ အများကြီး ရှိတယ်ဆိုတာကို နားလည် လက်ခံထားပါတယ်။ အခွန်ပြုပြင်ပြောင်းလဲရေးကိုလည်း အားကြိုးမာန်တက် လုပ်နေတယ်ဆိုတာ သိထားပါတယ်။ အဲသည် လုပ်ငန်းတွေ မအောင်မြင်သေးခင် စပ်ကြားမှာ ၀င်ငွေ မစို့မပို့ ၀င်နေသူတွေက အခွန်တွေ သေချာဆောင်ရပြီး တကယ် ၀င်ငွေကောင်းတဲ့ လုပ်ငန်းကြီးတွေက ထိုက်သင့်သလို စည်းကြပ်ဖို့ ထမ်းဆောင်ဖို့ ပျက်ကွက်နေကြအုံးမယ်ဆိုရင် ၀င်ငွေနည်းတဲ့ သူတွေလည်း အခွန်ကို ဆောင်ချင်စိတ် ရှိမှာ မဟုတ်တော့ပါဘူး။ ( မရှိလည်း ဆောင်တော့ ဆောင်ရတာပဲလေ)
    အဲသည်တော့ အရေးကြီးဆုံးက ပြည်သူလူထု အလွှာအသီးသီး အနေနဲ့ အခွန်ရဲ့ သဘောသဘာဝကို သေချာ သိနားလည်ထားဖို့ တော်တော်ကို လိုအပ်တာပါ။ ( စာရေးနေတဲ့သူလည်း တကယ်တော့ သေချာ မသိသေးဘူး) သက်ဆိုင်ရာ အခွန်ကောက်တဲ့ သူတွေကလည်း အခွန်ဆောင်မယ့်သူတွေကို သေသေချာချာ ရှင်းပြသင့်လှပါတယ်။ အဲဒါဆိုရင် နိုင်ငံတော်လည်း ရသင့်ရထိုက်တဲ့ အခွန်တွေ အပြည့်အ၀ရပြီး တိုင်းပြည်ကို ပိုမိုတိုးတက်အောင် လုပ်နိုင်ကိုင်နိုင်မယ်လို့ (ထင်တော့ ထင်တာပဲ)   


No comments:

Post a Comment