ဥပဒေတွေ သိပ်နားလည်တယ်လို့တော့ မထင်စေချင်ပါ။ ဥပဒေပညာလည်း တစ်ခါမှ မသင်ဖူးပါ။ ဥပဒေနဲ့ ပတ်သက်ပြီးလည်း ဘာဘွဲ့ ဒီပလိုမာမှ မရဖူးပါ။ ရှေ့နေတို့ တရားသူကြီးတို့ဆိုတာတောင် ခပ်လှမ်းလှမ်းကသာ မြင်ဖူးပြီး နေကောင်းလား စားပြီးပြီလားလောက်သာ စကားပြောဖူးတဲ့ ဗိုလ်ကောင်းရယ်ပါ။ ဒါနဲ့ ဘာလို့လူတတ်ကြီးလုပ်ပြီး လျှောက်ရေးရသလဲမေးရင်တော့ ငါးပိသည်တွေ အိပ်နေကြလို့ မနေနိုင်တဲ့ ဆားသည်က ခွေး ထ မောင်း ခြင်းသာ ဖြစ်ပါကြောင်း ကြိုတင် အစီရင်ခံပါရစေ။
အခြေခံဥပဒေ အခန်းတစ် စာမျက်နာ ဆယ့်တစ် ပုဒ်မ ၄၃ မှာ " မည်သည့် ပြစ်မှုဆိုင်ရာ ဥပဒေမျှ နောက်ကြောင်းပြန် အာဏာသက်ရောက်စေရန် ပြဌာန်းခွင့် မရှိစေရ " No panel law shall be enacted to provide retrospective effect.
ဆိုတာ ရေးထားပါတယ်။ ဒါကို အမျိုးကောင်းသား တစ်ချို့က ကိုယ်လိုရာပဲ ကိုယ်ဆွဲသလား တကယ်ပဲ မသိနားမလည်လို့လား။ အဓိပ္ပာယ်ကောက်တွေ လွဲနေကြလို့ တတ်သရွေ့ မှတ်သရွေ့လေး ပြောပြချင်လာလို့ပါ။
ပြစ်မှုတစ်ခုကို လူတစ်ယောက်က ကျူးလွန်လိုက်ပြီဆိုရင် သူကျူးလွန်လိုက်တဲ့အချိန်မှာ တည်ဆဲဖြစ်နေတဲ့ ဥပဒေအရသာလျင် အရေးယူအပြစ်ပေးလို့ ရပါတယ်။ သူပြစ်မှုကျူးလွန်ပြီး နောက်ပိုင်းမှာ ပြဌာန်းတဲ့ ပြစ်မှုဆိုင်ရာ ဥပဒေနဲ့ အရင်ကျူးလွန်ခဲ့တဲ့ ပြစ်မှုကို စီရင်အပြစ်ပေးလို့ မရပါဘူး။ လွှတ်တော်က ဥပဒေ ပြဌာန်းတဲ့အခါမှာလည်း ပြစ်မှုဆိုင်ရာ ဥပဒေဆိုရင် မပြဌာန်းခင်က ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို အရေးယူလို့ ရစေသတည်းဆိုပြီး ပြဌာန်းခွင့် မရှိပါဘူး။
ဥပမာ မောင်ဖြူဟာ ဒီနေ့ လူသတ်မှု ကျူးလွန်မိတယ် ထားပါတော့။ အဲသည် အချိန်မှာ လူသတ်မှုကို ဘယ်လို စီရင်အပြစ်ပေးရမယ်ဆိုတဲ့ ဥပဒေ အမှတ် (က) လည်း ရှိနေတယ် ဆိုပါတော့။ မောင်ဖြူကို ဆိုခဲ့ပါ ဥပဒေအမှတ် (က) အရသာ အပြစ်ပေးစီရင်လို့ ရပါတယ်။ မောင်ဖြူ ပြစ်မှုကျူးလွန်ပြီး နောက်တစ်ပတ်မှာပဲ လွှတ်တော်က အရင် ဥပဒေအမှတ် (က) ကို ဖျက်သိမ်းပြီး ဥပဒေအမှတ် (ခ) ကို ထုတ်ပြန်လိုက်တယ် ဆိုပါတော့။ အမှု စစ်ဆေးနေဆဲ ပြစ်ဒဏ်မစီရင်ရသေးတဲ့ မောင်ဖြူကို နောက်ထွက်လာတဲ့ ဥပဒေ အမှတ် (ခ) နဲ့ စီရင်ပိုင်ခွင့် မရှိပါဘူး။ ဥပဒေအမှတ် (ခ) ထဲမှာလည်း အရင်သီတင်းပတ်က ပြစ်မှုကျူးလွန်ခဲ့တဲ့ မောင်ဖြူကို နောက်ကြောင်းပြန် အာဏာသက်ရောက်စေလို့ ထည့်သွင်း ပြဌာန်းခွင့် မရှိပါဘူး။ မောင်ဖြူ ပြစ်မှုကျူးလွန်စဉ်က တည်ဆဲဖြစ်နေတဲ့ ဥပဒေအမှတ် (က) အရသာလျင် စီရင် အပြစ်ပေးရမှာ ဖြစ်ပါတယ်။ ဥပဒေကို ဖျက်သိမ်းပြီး ဖြစ်နေသည့်တိုင်အောင် ဖျက်သိမ်းပြီး ဥပဒေပြဌာန်းချက်များအရသာ ဆက်လက် စီရင် အပြစ်ပေးရမှာ ဖြစ်ပါတယ်။ ( အရေးအသား မရှင်းလို့ နားမလည်သေးရင် နောက်တစ်ခေါက် ထပ်ပြီး ဖတ်ကြည့်စေလိုပါတယ် )
ဒါကို ဘယ်လို အမြင်မှားနေကြလဲဆိုရင် ဟိုတစ်ချိန်က ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေကို ပြန်အရေးယူလို့ မရဘူးလို့ ထင်နေကြပုံပါပဲ။ အတိတ်က ကျူးလွန်ခဲ့တဲံ ပြစ်မှုတွေကို အဲသည်အချိန်မှာ ရှိခဲ့တဲ့ ဥပဒေအရ အရေးယူလို့ ရပါသော်ကောဗျာ။ မြန်မာနိုင်ငံမှာ ပြစ်မှုဆိုင်ရာ ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေကို ပြဌာန်းခဲ့တာ အင်္ဂလိပ် အစိုးရ လက်ထက်ကတည်းကပါ။ အဲသည်ဥပဒေကို ခုချိန်ထိတောင် အသစ်ပြန်မရေးရသေးပါဘူး။ နောက်တစ်နည်း ပြောရရင် ခုချိန်မှာ သက်ရှိထင်ရှား ရှိနေသူအားလုံးဟာ လက်ရှိတည်ဆဲ ပြစ်မှုဆိုင်ရာ ဥပဒေနဲ့ အကျုံးဝင်နေပါတယ်။ တကယ်လို့ လွှတ်တော်က ပြစ်မှုဆိုင်ရာ ဥပဒေအသစ်တစ်ခု ရေးဆွဲပြဌာန်းမယ်ဆိုရင်တောင် လက်ရှိ ကျူးလွန်ပြီးသား ပြစ်မှုတွေကို လက်ရှိ ဥပဒေအရ ကောင်းကောင်းကြီး အရေးယူလို့ ရပါတယ်။ ( ကာလစည်းကမ်းသတ် ဥပဒေအကြောင်းတော့ ထည့်မပြောပြတော့ပါဘူး)
နောက်တစ်ခုက ပုဒ်မ ၄၃ ကို ဘာနဲ့သွားရောသလဲ ဆိုရင် ပုဒ်မ ၄၄၅ နဲ့ သွားရောကြတယ် ထင်ပါရဲ့။ (ပုဒ်မ ၄၄၅ သိချင်ရင်တော့ ကိုယ့်ဘာသာ ရှာဖတ်ကြည့်လိုက်ပါဗျာ)
တစ်ခုတော့ ရှိပါရဲ့။ ဗိုလ်ကောင်း အခုလို မြန်မာ့မူဟန် အတိုင်း လှေကြီးထိုး ရိုးရိုးကြီး ရှင်းပြနေတော့ တစ်ချို့ လက်ခံချင်မှ လက်ခံနိုင်ကြမယ်။ တစ်ချို့တွေ ကျပြန်တော့လည်း ကမ္ဘာနဲ့ချီ ပြောမှ ခေတ်မီတင် ထင်ကြတာလည်း ရှိသေးတာကိုး။ တရားဟောရင်တောင်မှ သိုးဆောင်းစကားလေးတွေ ညှပ်ညှပ်ပြောမှ သဘောကျ အထင်ကြီးတတ်တဲ့ တရားနာပရိသတ်ကြီးအတွက် အောက်က စာပိုဒ်တွေကို ဆက်ရေးလိုက်ရပါတယ်။
ဒီကနေ့ လူ့အခွင့်အရေးနဲ့ ပတ်သက်ရင် သမ္မာကျမ်းစာကြီးသဖွယ် ကိုးကားကြရတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အာတီကယ် ၁၁၊ စာပိုဒ် ၂ မှာ " no person be held guilty of any criminal law that did not exist at the time of offence nor suffer any penalty heavier than what existed at the time of offence. It does however permit application of either domestic or international law" လို့ ရေးထားပါသဗျာ။ ခေတ်မီပရိသတ်ကြီးအတွက် ဖော်ပြပေးတာမို့ မြန်မာလို မပြန်ပြတော့ဘူးနော့။
ခင်ဗျာ . . .
အမေရိကန် ဟုတ်လား။ ဘယ်နေလိမ့်မလဲဗျာ။ ဒီမိုကရေစီ ဘိုးအေကြီးပဲ။ မလိုက်နာရင်သာ နေမယ်။ အမေရိကန်ရဲ့ နာမည်ကျော် ကွန်စတီကျူးရှင်း အာတီကယ် တစ်၊ ဆက်ရှင် ၉၊ စာပိုဒ် ၃ မှာ "No bill of attainder or ex post facto Law shall be passed" လို့ ရှင်းရှင်းလင်းလင်း ရေးထားပါတယ်ဗျာ။ ဒီလိုသဘောမျိုး ပြဌာန်းထားတဲ့ နိုင်ငံတွေကို တန်းစီပြရရင် ဘရာဇီး၊ ကနေဒါ၊ ဖင်လန်၊ ဂျာမနီ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီရန်၊ အိုင်ယာလန်၊ အီတလီ၊ ဂျပန်၊ လစ်သူယေးနီးယား၊ နယူးဇီလန်၊ နော်ဝေ၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ ပိုလန်၊ ရုရှား၊ စပိန်၊ တောင်အာဖရိက၊ ဆွီဒင်၊ တူရကီ၊ အင်္ဂလန် တို့ပဲ ဖြစ်ပါတယ်။ နောက်ကြောင်းပြန်အာဏာသက်ရောက်တဲ့ ဥပဒေ ပြဌာန်းခွင့်ပေးထားတဲ့ နိုင်ငံတစ်ချို့လည်း ရှိပါသေးတယ်။ ထင်ရှားတဲ့ ဥပမာ ပြရရင် ဒုတိယကမ္ဘာစစ်အတွင်းက (အစ္စရေးဆိုတဲ့ နိုင်ငံတောင် မရှိခင်တုန်းက) ပြစ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ အဒေါ့အိုက်ခမန်း ဆိုသူကို အပြစ်ပေးချင်လို့ ရေးဆွဲထားတဲ့ အစ္စရေး နိုင်ငံရဲ့ "၁၉၅၀ ခုနှစ် နာဇီနှင့် နာဇီအပေါင်းပါများအား အပြစ်ပေးရေး ဥပဒေ" ဆိုတာမျိုးတွေပေါ့။
ဒီလောက်ဆိုရင် မြန်မာ့အခြေခံဥပဒေ ပုဒ်မ ၄၃ ရဲ့ ဆိုလိုရင်းကို တီးမိခေါက်မိလောက်ကြပြီလို့ထင်ပါတယ်။ နိဂုံးချုပ်အနေနဲ့ ထပ်ပြီး ပြောပြရရင် ဥပဒေကို နားလည်လို့ ရေးတာမဟုတ်ပါဘူး။ ဒါကြောင့် အကောက်အယူ လွဲမှား ဖော်ပြမိတာ ရှိနိုင်ပါတယ်။ တည့်မတ်ပြုပြင်ပေးမယ်ဆိုရင် ၀မ်းမြောက်ဝမ်းသာ ကြိုဆိုလျက် ရှိနေပါကြောင်း
ကောင်းလိုက်တဲ့ အရေးအသား . . . ဆက်ကြိုးစားရင် စာရေးဆရာဖြစ်နိုင်တယ် . . .
ReplyDelete