Tuesday 29 September 2020

ရထား

ကိုယ်စီးမယ့်ရထားက
ပြေးလိုက်လို့မမီတဲ့အကွာက
တရွေ့ရွေ့မောင်းသွားတာမျိုး
ရထားပေါ်မှာ
ကိုယ်အချစ်ဆုံးသူ
ပါသွားတာမျိုး

Friday 25 September 2020

နေရာချ

သစ်ရွက်ဝါလေးတွေစီထားသလို
အချစ်ကို
နေရာချလို့
ရသလား

Monday 21 September 2020

သက်တော်ရှည်

. . . စက်တင်ဘာလ ၁၈ ရက်နေ့တုန်းက အမေရိကန်တရားရုံးချုပ် တရားသူကြီးတစ်ဦးဖြစ်တဲ့ Ruth Bader Ginsburg ကွယ်လွန်သွားလို့ သူ့နေရာမှာ အသစ်တစ်ဦးအစားထိုးခန့်ဖို့ သမ္မတထရမ့် က ပြင်ဆင်နေပါတယ်၊ တနင်္လာနေ့မှာ ဆီးနိတ်လွှတ်တော်ကို အမည်စာရင်း တင်သွင်းမယ်လို့ပြောပါတယ်၊ လောလောဆယ် သူလျာထားတာ အမျိုးသမီး နှစ်ယောက်ရှိပြီး တစ်ယောက်ကို အတည်ရွေးမယ့်သဘောရှိပါတယ်၊
.
. . . အမေရိကန်အခြေခံဥပဒေ အရ တရားရုံးချုပ်မှာ တရားသူကြီးချုပ်တစ်ယောက်နဲ့ တရားသူကြီး ရှစ်ယောက်ရှိပြီး ရာသက်ပန်တာဝန်ထမ်းဆောင်ခွင့်ရှိပါတယ်။ တရားသူကြီးတွေရဲ့ အရည်အချင်းတွေနဲ့ ပတ်သက်ပြီး အခြေခံဥပဒေထဲ ဘာမှ ပြဌာန်းသတ်မှတ်ထားတာမရှိဘဲ အထက်လွှတ်တော်ဆီးနိတ်က သဘောတူရင် ခန့်အပ်ခွင့်ရှိပေမယ့် သမ္မတတွေက သူတို့သက်တမ်းမှာ တရားသူကြီးတွေထဲက ကွယ်လွန်လို့ဖြစ်ဖြစ်၊ အငြိမ်းစားယူသွားလို့ဖြစ်ဖြစ် နေရာလပ်ပေါ်မှသာ ခန့်အပ်ခွင့်ရတာပါ။ တရားရုံးချုပ်ထူထောင်ပြီး တရားသူကြီးတွေ စတင်ခန့်အပ်ခဲ့တဲ့ ၁၇၈၉ ခုနှစ်က နေ ၂၀၂၀ အထိ နှစ်ပေါင်း ၂၃၁ နှစ်အတွင်း တရားရုံးချုပ်တရားသူကြီးပေါင်း ၁၁၄ ယောက် ခန့်အပ်ခဲ့တဲ့အနက် လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ တရားသူကြီး ရှစ်ဦး၊ မကွယ်လွန်မီ ရာထူးက အနားယူသွားတဲ့ သက်ရှိထင်ရှား တရားသူကြီးအငြိမ်းစား ၃ ဦး ရှိပါတယ်။ လက်ရှိ တာဝန်ထမ်းဆောင်ဆဲ တရားသူကြီး ရှစ်ယောက်အနက် သမ္မတထရမ့်လက်ထက်မှာ ၂ ဦး၊ အိုဘားမားလက်ထက်မှာ ၂ ဦး၊ ဂျော့ဘုရှ် ဂျူနီယာလက်ထက်မှာ ၂ ဦး၊ ကလင်တန်လက်ထက်မှာ ၁ ဦး၊ ဂျော့ဘုရှ် စီနီယာ လက်ထက်မှာ ၁ ဦး အသီးသီးခန့်အပ်ထားတာဖြစ်ပြီး စီနီယာအကျဆုံးတရားသူကြီး ကလားရင့်စ်သောမတ်စ် ဆိုရင် ၁၉၉၁ ခုနှစ်ကတည်းက စတင်တာဝန်ထမ်းဆောင်ခဲ့တာဖြစ်တဲ့အတွက် တရားရုံးချုပ်တရားသူကြီးသက်တမ်း ၂၉ နှစ်နီးပါး ရှိပါပြီ။ တရားသူကြီးတစ်ယောက် တာဝန်ထမ်းဆောင်တဲ့ ပျမ်းမျှသက်တမ်းက အရင်တုန်းက ၁၅ အောက်ပဲ ရှိခဲ့ပေမယ့် ၁၉၇၀ နောက်ပိုင်းမှာ ၂၆ နှစ်ထိ ရှိလာပါတယ်၊ တစ်ခါခန့်အပ်လိုက်ရင် ရာသက်ပန် တာဝန်ထမ်းဆောင်လို့ ရတယ်ဆိုပေမယ့် တော်တော်များများကတော့ မကွယ်လွန်မီ ရာထူးက အနားယူလေ့ရှိကြပါသတဲ့
.
. . . တရားစီရင်ရေးမှာ အမြင့်ဆုံးအာဏာရှိတဲ့ တရားရုံးချုပ်တရားသူကြီးတွေကို အခုလို ရာသက်ပန် တာဝန်ထမ်းဆောင်ခွင့်ပေးထားခြင်းဖြင့် သမ္မတ တစ်ယောက်တက်လာတိုင်း တရားသူကြီးတွေအားလုံးကို ပြန်ခန့်စရာမလိုတော့တာကြောင့် တရားသူကြီးတွေက သမ္မတရဲ့ ဩဇာလွှမ်းမိုးမှုကနေ ပိုမိုလွတ်လပ်မှုကို ရရှိပါတယ်၊ တရားစီရင်ရေးမဏ္ဍိုင်ရဲ့ သီးခြားလွတ်လပ်မှုကို တည်ဆောက်ထိန်းသိမ်းတဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်၊ မြန်မာနိုင်ငံမှာကတော့ တရားသူကြီးအဖြစ် အသက် ၅၀ ပြည့်မှ ခန့်အပ်ခွင့်ပြုထားပြီး အသက် ၇၀ အထိ တာဝန်ထမ်းဆောင်ခွင့်ပြုထားပါတယ်
.
. . . မြန်မာနိုင်ငံမှာ တရားစီရင်ရေးအာဏာအမြင့်ဆုံးဖြစ်တဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရဲ့ သီးခြားလွပ်လပ်မှုကို ရုပ်သိမ်းပြီး သမ္မတရဲ့ လက်အောက်ကိုထည့်ဖို့ ကြိုးပမ်းတဲ့ လုပ်ရပ်တစ်ခု ရှိခဲ့ဖူးပါတယ်။ ပထမအကြိမ်ပြည်ထောင်စုလွှတ်တော်မှာ ၂၀၁၅ ခုနှစ် ဩဂုတ်လက တင်သွင်းခဲ့တဲ့ အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေကြမ်းမှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးတွေရဲ့ သက်တမ်းကို သမ္မတသက်တမ်းနဲ့ အတူထားဖို့ ဆိုတဲ့ ပြင်ဆင်ချက်တစ်ခု ပါခဲ့ပါတယ်၊ ဘုရားသိကြားမလို့ အဲသည်ပြင်ဆင်ချက်က အတည်မဖြစ်ခဲ့တာပါ
.
ဗိုလ်ကောင်း
၂၁ စက်တင်ဘာ ၂၀၂၀
.
Photo credit
https://myanmar.gov.mm/union-supreme-court

Saturday 19 September 2020

ပန်းအကြွေလေးတွေ


. . . ကိုယ်က သူ့ကို သွားစခဲ့တာ
စာသိပ်ဖတ်တဲ့ မိသားစုထဲ ကြီးပြင်းလာခဲ့ပြီး အတန်းထဲမှာ စာလည်းတော် တစ်ခုခုဆိုလည်း သူမသိတာရော ရှိသေးရဲ့လားလို့ ထင်ရလောက်အောင် အရွယ်နဲ့မလိုက် တော်တော်သိတဲ့ အဲသည် ဟေမာထွန်းဆိုတဲ့ ကောင်မလေးကိုမှ ဒီအကြောင်း စဖြစ်အောင် စလိုက်ခဲ့မိတာ
.
. . . ငါ့ကိုမေးတော့ ပြန်မေးပါအုံးမယ် ဒီကဗျာထဲက အခုချိန်ပွင့်တဲ့ ပန်းတစ်မျိုးမေးမယ် နင်ဖြေစမ်းဆိုပြီး သူက ယင်းမာပန်းအကြောင်းမေးတယ်၊ အဲ ဟို အာ ဆိုပြီး တိုင်ပတ်နေတော့မှ သူက ပြောပြတယ် နင်ကလည်း ဘုန်းကြီးကျောင်းသား လုပ်နေပြီး ယင်းမာပန်းတောင် မသိဘူးလားတဲ့၊ ဟီး သိဘူးလေဟာ ဘုန်းကြီးကျောင်းသားနဲ့ ယင်းမာပန်းနဲ့ ဘာဆိုင်လို့တုန်း ဆိုတော့၊ နင်တို့ မြောက်ကျောင်းဝင်းထဲ ယင်းမာပန်းတွေမှ ပေါလို့ အခုချိန်ပွင့်နေတာ နင်မသိဘူးလားတဲ့၊ နင်မသိရင် ဒီတစ်ပတ် ဥပုသ်နေ့ ကြီးတော်သီလယူရင် ငါလိုက်ခဲ့ပြီး နင့်ကိုပြမယ် စောင့်နေတဲ့
.
. . . ဥပုသ်နေ့ဆို မနက်ပိုင်း ဓမ္မာရုံထဲမှာ ဝါတွင်းဆွမ်းလောင်းပွဲ ပုံမှန်လုပ်တယ်၊ ကိုယ်မှတ်မိသလောက်ဆို စခန်းထောက်ကျောင်း၊ စည်ပင်သာရွာကျောင်းက သံဃာတွေပါပင့်ပြီး ဆွမ်းလောင်းတာ၊ မနက်အစောဆွမ်းဆိုတော့ ဆွမ်းလောင်းတဲ့သူကလောင်း လက်ဖက်ခြောက်တို့ ဆပ်ပြာတို့လို အခြောက်လောင်းတဲ့သူကလောင်းပေါ့၊ ကိုယ်တွေ ဘုန်းကြီးကျောင်းသားကတော့ ဆွမ်းဟင်းထည့်တဲ့ ဆိုင်းထမ်းကိုထမ်းပြီး ကပ္ပိယကြီးတွေ စီမံပေးတဲ့အတိုင်း သယ်ရတာပါပဲ၊ အရင်တုန်းက ဒီဓမ္မာရုံကြီး မဆောက်ခင်တုန်းက ဆွမ်းလောင်းပွဲကို မန်ကျည်းတန်းမှာ လုပ်တယ်ပြောတာပဲ ကိုယ်လည်း သိပ်မမှတ်မိတော့ဘူးရယ်
.
. . . ဥပုသ်နေ့ရောက်တော့ ဆရာတော်ကြီးက သီလပေးနေတုန်း သူက ကျောင်းကြီးပေါ်က ဆင်းလာတယ်၊ အင်းသာမြောက်ကျောင်းက နှစ်ဆောင်ပြိုင်ကျောင်းကြီးဖြစ်ပြီး ဆရာတော်ကြီးက မြောက်ဘက်ကျောင်းမှာ သီတင်းသုံးတော့ တခြားပွဲတွေဆို တောင်ဘက်ကျောင်းမှာ လုပ်ပေမယ့် လူနည်းတဲ့ ဥပုသ်နေ့လိုမျိုးကိုတော့ ဘုန်းဘုန်းရှိတဲ့ မြောက်ဘက်ကျောင်းမှာပဲ လုပ်လေ့ရှိတယ်၊ မြောက်ဘက်ကျောင်းရဲ့ မြောက်ဘက်ကိုဆင်းတဲ့ လှေခါးထိပ်က ဖိနပ်ချွတ်မှာ ကိုယ်ကစောင့်နေတုန်း သူက ဆင်းလာတာ
.
. . . သူပြောတော့မှ ဟုတ်သားပဲ၊ တို့ကျောင်းဝင်းထဲ ယင်းမာပန်းပင်တွေ များလှချည်လား၊ မနက်မနက် မနင်းရက်နင်းရက် နင်းခဲ့မိတဲ့ပန်းလေးတွေ၊ ဘုန်းဘုန်းကြီး စင်္ကြန်လျှောက်တဲ့လမ်းမှာ တံမျည်စည်းနဲ့ ပုံမှန် လှဲထုတ်နေရတဲ့ ပန်းလေးတွေက အနံ့သေးတသင်းသင်းနဲ့ ဘာပန်းမှန်းမသိပေမယ့် သဘောကျခဲ့ရတာ လက်စသတ်တော့ ယင်းမာပန်းကိုး
.
. . . ဟိုတစ်နေ့က ရွာကိုရောက်တော့ ရန်ပြေမာန်ပြေဘုရားဘက်သွားရင်း လမ်းမှာပြန့်ကျဲနေတဲ့ ယင်းမာပန်းလေးတွေမြင်တော့ သတိရမိတယ်၊ ဟေမာထွန်း အခု ဘယ်ရောက်နေပြီလဲဆိုပြီး အတူပါလာတဲ့ သူငယ်ချင်းကိုမေးကြည့်တော့ ဟင် မင်းနဲ့ ဟိုမှာ တွေ့ခဲ့ရတယ်ထင်နေတာတဲ့၊ ဘယ်မှာ တွေ့ရမှာတုန်းဟ ဆိုတော့ ဂျပန်မှာလေတဲ့ .
ဟာ . သူ ဂျပန်ရောက်နေတာလား . . . အာ့လိုမှန်းသိရင်ကွာ . . .
.
. . . မနက်မနက် လမ်းလျှောက်တိုင်း မနင်းရက်နင်းရက် ကျော်ခွသွား၊ ပြီးရင် အပင်ပေါ်မော့ကြည့်မော့ကြည့်လုပ်နေရတဲ့ ယင်းမာပန်းလေးတွေ လမ်းဘေးပလက်ဖောင်းပေါ် ပြန့်ကျဲနေတာမြင်တဲ့အခါတိုင်း ကိုယ့်ကို ယင်းမာပန်းနဲ့ မိတ်ဆက်ပေးခဲ့ဖူးတဲ့ ကောင်မလေးကို လွမ်းလွမ်းနေမိတယ်
.
. . . နင်နဲ့တွေ့ဖို့အတွက် ငါ ဂျပန်ကို ပြန်လာဖြစ်အောင် လာပါအုံးမယ်ဟာ
.
မောင်လွမ်းဝေ
၁၉ စက်တင်ဘာ ၂၀၂၀

Friday 18 September 2020

ဟက်ပီးဘတ်ဒေးပါ မိုဒီ


. . . မနေ့က စက်တင်ဘာလ ၁၇ ရက်နေ့က အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီရဲ့ အသက် ၇၀ ပြည့် မွေးနေ့ဖြစ်ပါတယ်၊ တစ်ခြားနိုင်ငံခေါင်းဆောင်အချို့နဲ့ သူ့ကို ထောက်ခံတဲ့ ပြည်သူတွေက ဝန်ကြီးချုပ်ကို မွေးနေ့ဆုတောင်း ပို့ကြတာပေါ့
.
. . . မွေးနေ့ဆုတောင်းပေးကြတဲ့သူတွေကို ကျေးဇူးတင်ကြောင်း ပြောရင်း သူတကယ်လိုချင်တဲ့ လက်ဆောင်ကို ပြောပြပါတယ်၊ အဲဒါကတော့ ကိုဗစ်ရောဂါ ကာကွယ်နိုင်ဖို့အတွက် နှာခေါင်းစည်း သေချာတပ်ဖို့၊ လက်ဆေးဖို့၊ လူချင်းခွာစည်းကမ်းကို လိုက်နာကြဖို့ နဲ့ ကိုယ့်ဘာသာ ကိုယ်ခံအားကောင်းအောင်နေရင်း ကမ္ဘာကြီးကျန်းမာရေး ဝိုင်းဝန်းထိန်းသိမ်းပေးကြဖို့ အဲဒါတွေက သူလိုချင်တဲ့ မွေးနေ့လက်ဆောင်ပါတဲ့
.
. . . တကယ်တမ်းဆို ကျနော့်မွေးနေ့လက်ဆောင်အဖြစ် နောက်တစ်ခါ ရွေးကောက်ပွဲကျရင် ကျယ်မပါတီ အဲ ကျနော့်ပါတီကို မဲပေးကြပါလို့ သူ ပြောခဲ့သင့်တာ၊ အင်းလေ မြန်မာပြည်က နိုင်ငံရေးသမားတွေလို သူက လည်မှ မလည်ပဲ ခံပေါ့

Thursday 17 September 2020

ချစ်ရေစင်


. . . သဟာယ ဆရာတင်ရေးတဲ့သီချင်းဆိုပေတဲ့ ကိုယ်က ဂီတနန္ဒဝန် စန္ဒရားပွဲ အခွေထွက်တော့မှ စ ကြားဖူးတဲ့သီချင်း၊ သူ့ခေတ်သူ့အခါကလည်း နာမည်ကြီး ကိုယ်တွေ နားထောင်တော့လည်း ကြိုက်မိတဲ့သီချင်းပဲ၊ အဲ သီချင်း အဓိပ္ပာယ်ကို သေချာ မတွေးမိခင်အထိပေါ့
.
. . . သီချင်းစစချင်းမှာ နှင်းဆီပန်းလေး တစ်ပွင့်ရဲ့ အလှကို ဖွဲ့ပြထားတယ်
“ကြူကြူသင်းတယ် ရွှေနှင်းဆီရယ်.. ဆင်းရနံ့ကမွှေးတယ်.. မခူးရက်စရာကွယ်.. အထူးပဲလှတယ်.. သူ့ကိုယ်သူပင် ဆူးတွေကိုဆင်… နတ်ဥယျာဉ်ဝယ် ရောင်စုံဖူးပွင့်တယ်. . .”
.
. . . ဒုတိယပိုဒ်ကျတော့ နည်းနည်း တွေးစရာ ပါလာတယ်
“အဆောင်တော်ကူးကာ.. ဆွတ်ခူးတော့မယ့် သခင်ရယ် တစ်ပွင့်ထဲပန်းကို လှမ်းနိုင်ပေရဲ့ ရွှေရည်လွမ်းတဲ့ မြပန်းခက်ကို.. သူ့လက်လှမ်းကာ ချစ်ရေစင်ဖျန်းတယ်…”
အဲသည် သခင်ဆိုတဲ့လူက ပန်းကို အဆောင်ကူးပြီးဆွတ်တယ်ပေါ့၊ ထားပါတော့ ပန်းကိုဆွတ်ပြီးရင် ရေဆေးရင်ဆေး မဆေးရင်လည်း ဒီအတိုင်း ထားရမှာမို့လား ဘာကိစ္စ ချစ်ရေစင် ဖြန်းရတာတုန်း ချစ်ရေစင်ဆိုတာက ရေရိုးရိုးကိုပြောတာလား ဘာကိုပြောတာလည်း စဉ်းစားရခက်ပါ့
.
. . . နောက်ထပ်လာတဲ့ စာသားကတော့ ရှင်းပါတယ်၊ ပန်းလေး နုပျိုလှပနေတာကို ပြောထားတာပဲ
“နုပျိုစိုလန်းလို့ရယ်.. ဖူးပွင့်စပန်းနှယ်.. နေရောင်ခြည်မထိုးခင်.(မညှိုးလို့စင်ကြယ်)၂ ခင်တွယ်စရာ အလွန်တင့်တယ်”
.
. . . ဟော နောက်တစ်ပိုဒ်ကျတော့ တစ်ခါ စဉ်းစားရပြန်ရော
“ပျားကောင်ပိတုန်းရယ် မသုံးဆောင်ခင်များမယ်.. ဆင်းရနံ့ကလေးရယ် ဝတ်မှုန် ဝတ်ရည် ထုံသင်းတယ်.. ခုတော့ဖြင့် မစိုပြည် နဂိုရည်.. ပျက်ယွင်း တယ်… ပန်ဆင်တဲ့သူရယ်.. အစာဝတော့ ဌာနပြန်ချင်တယ်…”
. . . ပန်းဆိုတာမျိုးက ပျားလိုအကောင်မျိုးတွေ လာတတ်တာပဲလေ၊ လာတယ် ဝတ်မှုန်ကူးတယ်၊ ဝတ်ရည်လေးတွေ စုပ်တယ် သယ်သွားတယ်၊ အာ့လိုလုပ်လို့ဖြင့် ခုန နှင်းဆီပန်းလေး ပျက်စီးသွားတယ်လို့ မကြားဖူးပေါင်၊ ပျားလေးလာသွားလို့ ဝတ်မှုန်တွေကူးပြီး ပန်းရဲ့ ရုက္ခဗေဒဖြစ်စဉ်ကို အကူအညီတောင် ဖြစ်သေးတယ်မို့လား၊ ပျားလေးလာစုပ်သွားတာနဲ့ပဲ ခုတော့ဖြင့် မစိုပြည် နဂိုရည်ပျက်ယွင်းတယ် ဆိုတာကာတော့ ဒရမ်မာတွေ ချိုးလွန်းအားကြီးသွားပြီလို့ပဲ ထင်မိတယ် ပေါက်ပေါက်ရှာရှာ
.
. . . နောက်တစ်ပိုဒ်မှာ ရေးထားတာကိုလည်း သိပ်သဘောမတူချင်ဘူး၊ ဘာတဲ့ . . .
“မွှေးတုန်းတော့ကွယ် ပန်ချင်ပြန်တယ်.. နံရင်ပစ်ပယ်.. ချစ်လက်စ မဆုံးခင် ရှောင်ကြဉ် မုန်းရက်တယ်”
အော်၊ လူဆိုတာ မွှေးတာလေးပဲ ပန်ချင်မှာပေါ့ နံတာကြီးတော့ ဘယ်သူက သဘောကျပါ့မလဲ
.
မသိဘူး သီချင်းသာဆုံးသွားတယ်
ဘာကို ပြောချင်လို့ ပြောချင်မှန်းကို မသိဘူး
နားထောင်လို့တော့ အကောင်းသားပေမယ့်
ဟို နှင်းဆီပန်းခူးပြီး ရေမဆေးဘဲ ရေဖြန်းတဲ့မောင်ကို နားပန်တွေချည်း လှိမ့်လှိမ့်ကျင်းချင်တယ်
လုပ်လိုက်ရင် မရှင်းမရှင်းနဲ့
ဗြန်းပတာတွေပါကွာ

Wednesday 16 September 2020

ကပ်ကြီး နှစ်ပါး

ဥမ္မာဒန္တီ ရုံးတင်မည်
ဒေဝီမယ်လျ လိုင်းချုပ်ကျ 

ဆိုတာ မြန်မာစာကျောင်းသားတွေ သူတို့သင်ရတဲ့ ဥမ္မာဒန္တီပျို့နဲ့ ပတ်သက်ပြီး ဆိုလေ့ရှိကြတဲ့ စာချိုးလေးပေါ့၊ ကိုယ်ကတော့ အဲသည်အချိန်တုန်းက ဥမ္မာဒန္တီပျို့ မဖတ်ဖြစ်ခဲ့ပဲ ရန်ကုန်တက္ကသိုလ်တက်တော့မှ ဥမ္မာဒန္တီပျို့ကို ဖတ်ဖြစ်တာ၊ ဥမ္မာဒန္တီပျို့ကို နားလည်တာလည်းရှိ နားမလည်တာလည်းရှိ ဖြစ်ပေမယ့် ဖတ်ရတာ တော်တော် အရသာ တွေ့ပါတယ်၊ ဥမ္မာဒန္တီပျို့မှ မဟုတ်ပါဘူး၊ အဟောင်းတန်းမှာ တွေ့သမျှ ဝယ်တော့ စန္ဒကိန္နရီပျို့တို့ လောကသာရပျို့တို့ ကိုးခန်းပျို့တို့ လိုက်ဖတ်ကြည့်ဖူးပါတယ်၊ ဥမ္မာဒန္တီပျို့ကတော့ ရသ သက်သက်နဲ့မို့ အကြိုက်ဆုံးပျို့ပါ
.
. . . စစ်ရေး မက်ရေး ရန်သူဘေးကြောင့်
အပြေးအလွဲ ဆွေမျိုးကွဲသား
ပြည်ထဲရေးရာ ခက်သည်သာတည်း
.
အစာအစား
ထွားထွားမြည့်ကြေ ရှားပါးလေ၍
သေကျေပျောက်စဲ ငတ်မွတ်ကဲလျှင်
ပြည်ထဲရေးထက် ဝမ်းရေးခက်၏။
ထို့ထက်ကမူ ချစ်သသူနှင့်
အတူတကွ မပေါင်းရဘဲ
လွမ်းတ ပူဆွေး သူနှင့်ဝေးသော်
ပြည်ထဲရေးနှင့် ဝမ်းရေးတို့ထက်
လွမ်းရေးခက်၏
.
အခုနေများ မဟာမင်းလှ မင်းခေါင်ကျော် ဘွဲ့ရ ဦးရွှန်းက ဥမ္မာဒန္တီပျို့ကို ရေးရင် အထက်မှာပါခဲ့တဲ့ ကပ်ဘေးကြီး နှစ်ပါးအပြင် ကိုဗစ်ကပ်ဘေးကြီးအကြောင်းကိုလည်း ထည့်ရေးလောက်တယ်လို့ တွေးမိလို့ပါ

Saturday 12 September 2020

ဇွန်ဘီနိုင်ငံတော်က နကျယ်ရဲ့ သားကောင်ဖြစ်ရသူများ


. . . ဇွန်ဘီဇာတ်ကားတွေ ကြည့်ဖူးကြမှာပေါ့၊ ဗိုင်းရပ်စ်ရောဂါတစ်မျိုးကြောင့် လူတွေဟာ ပုံပျက်ပန်းပျက်တွေဖြစ်ပြီး အသိစိတ်တွေ ပျောက်ဆုံးကုန်တယ်၊ သူတို့မှာ လူအချင်းချင်းဆိုတဲ့ အသိ မရှိတော့ဘူး၊ အရင်က သိခဲ့ကျွမ်းခဲ့ ခင်မင်ခဲ့ ချစ်ခဲ့ကြတာတွေ မသိတော့ဘူး၊ သူတို့သိတာ တစ်ခုပဲ ရှိတော့တယ်၊ အဲဒါကတော့ တွေ့သမျှလူကို လိုက်ကိုက်ပြီး ရောဂါဖြန့်ဖို့ပဲ
.
. . . ကျွန်တော်တို့ ဇွန်ဘီဇာတ်လမ်းတွေ ကြည့်ကြတဲ့အခါ ဒါဟာ စိတ်ကူးယာဉ်ဇာတ်လမ်းသက်သက်လို့ ထင်မိကြလိမ့်မယ်၊ ဇွန်ဘီလို အဖြစ်မျိုး လောကကြီးမှာ ဖြစ်နိုင်ပါ့မလား တွေးမိကြလိမ့်မယ်၊ မဖြစ်နိုင်ပါဘူးလို့ ထင်ကောင်းထင်မိကြလိမ့်မယ်၊ မထင်ပါနဲ့ ဇွန်ဘီဆိုတာ တကယ်ရှိပါတယ်
.
. . . အင်းဆက်လောကမှာတော့ တစ်ခြားအင်းဆက်တွေကို ဇွန်ဘီတွေဘဝရောက်အောင် အဖန်တီးနိုင်ဆုံးက နကျယ်ကောင်တွေပါပဲ၊ နကျယ်ကောင်တွေရဲ့ သားကောင်တွေကတော့ အများကြီး၊ အဓိက ကတော့ ပိုးတုန်းလုံးကောင်တွေ၊ ပိုးဟပ်၊ ပင့်ကူ၊ ပရွက်ဆိတ် စသည်ဖြင့်ပေါ့၊ သူတို့တွေမှာ နကျယ်ကောင်တွေကြောင့် ဇွန်ဘီဖြစ်ပြီး ဘဝပျက်ကြရရှာတယ်
.
. . . နကျယ်အိမ်တွေ တော်တော်များများ မြင်ဖူးကြမယ်ထင်ပါတယ်၊ အိမ်တွေရဲ့ အမြင့်နေရာတွေမှ ရွှံ့နဲ့ဆောက်ထားတဲ့ နကျယ်အိမ်တွေ ရှိတတ်တယ်၊ ငယ်ငယ်တုန်းက လူကြီးတွေပြောတာက နကျယ်ကောင်တွေက အိမ်ဆောက်တယ်၊ ပိုးတုန်းလုံးကောင်တွေ ဖမ်းယူလာပြီး အိမ်ထဲကို ထည့်ပိတ်တယ်၊ အပြင်ကနေ မန်းမှုတ်ပေးရင်းနဲ့ ပိုးတုန်းလုံးကောင်က နကျယ်ကောင်ဖြစ်ပြီး ပြန်ထွက်လာတယ် စသည်ဖြင့်ပေါ့၊ ဒါပေမယ့် တကယ်တမ်းကျတော့ နကျယ်ကောင်တွေဟာ ပိုးတုန်းလုံးတွေကို ဖမ်းပြီး နကျယ်အိမ်ထဲထည့်တာ နကျယ်ကောင်ဥ အကောင်ပေါက်လာတဲ့အခါ စားဖို့ပါ၊ နကျယ်ကောင်အိမ်ဆောက် ဥဥပြီးရင် ပိုးတုန်းလုန်းကောင်တွေကို ဖမ်းပြီး အိမ်ထဲထည့်ပိတ်ထား၊ နကျယ်ဥက အကောင်ပေါက်လာတဲ့အခါ အိမ်ထဲပိတ်ထားတဲ့ ပိုးတုန်းလုံးကောင်ကိုစား၊ ပြီးတော့ နကျယ်ကောင်ကြီးလာပြီး အပြင်ထွက်၊ နောက်ထပ် ပိုးတုန်းလုံးကောင်တွေရှာ သံသရာအသစ်ပြန်စ၊ ဒါဟာ အင်မတန်ကို ရိုးရှင်းတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်၊ ဒါပေမယ့် နကျယ်ကောင်တွေရဲ့ လုပ်နိုင်စွမ်းက ထင်တာထက် အများကြီး ပိုပါတယ်
.
. . . နကျယ်ကောင်ဟာ ပိုးတုန်းလုံးအကောင်ရဲ့ ခန္ဓာကိုယ်ထဲကိုလည်း ဥဥထည့်ပေးနိုင်ပါတယ်၊ အပြင်မှာ သွားလာလှုပ်ရှားနေတဲ့ ပိုးတုန်းလုံးကောင်ရဲ့ ကိုယ်ခန္ဓာထဲ ဥ ဥထည့်ပေးလိုက်တဲ့အခါ ဥနဲ့အတူ ဓာတုပစ္စည်းတစ်မျိုးကိုပါ ထိုးသွင်းပေးခဲ့လိုက်တာပါ၊ အဲသည် ဓာတုဓာတ်ကြောင့် ပိုးတုန်းလုံးဘဝကနေ အင်းဆက်ဘဝကို အဆင့်ဆင့်ပြောင်းသွားမည့် ဇီဝဖြစ်စဉ်ဟာ ရပ်သွားပြီး ပိုးတုန်းလုံး ဇွန်ဘီကောင်ဘဝ‌ ရောက်ရရှာပါတယ်၊ သူဟာ လိပ်ပြာ ဒါမှမဟုတ် အင်းဆက်ကောင်တစ်ခုခုအဖြစ် ဆက်မဖြစ်တော့ဘဲ ပိုးတုန်းလုံးဘဝနဲ့ပဲ အသက်ဆက်ဖို့ ဖြစ်လာပါတယ်၊ ဒါမှသာ သူ့ရဲ့ ကိုယ်ခန္ဓာထဲက နကျယ်ကောင်ဥတွေအတွက် နားခိုစရာ အိမ်ကောင်းကောင်းရမှာမို့ပါ
.
. . . ပိုးတုန်းလုံးရဲ့ ခန္ဓာကိုယ်ထဲက နကျယ်ကောင်ဥလေးတွေဟာ အချိန်တန်တော့ လောက်လိုအကောင်လေးတွေ ပေါက်လာပါတယ်၊ အဲသည်အကောင်လေးတွေဟာ ပိုးတုန်းလုံးရဲ့ ခန္ဓာကိုယ်ထဲမှာ ပိုးတုန်းလုံးရဲ့ အသားတွေကိုစားပြီး ကြီးလာပါတယ်၊ စိတ်ဝင်စားစရာကောင်းတဲ့ အချက်က နကျယ်ကောင်သားလောင်းလေးတွေဟာ ပိုးတုန်းလုံးရဲ့ ခန္ဓာကိုယ်ထဲက ပိုးတုန်းလုံး အသက်ကို သေသွားနိုင်လောက်တဲ့ အစိတ်အပိုင်းတွေကို မစားဘဲ သူတို့နားခိုရာ ခန္ဓာကြီး ဆက်တည်မြဲနေအောင် လုပ်ကြပါတယ်၊ အဲသည်လို စားနေတဲ့အချိန်မှာ ပိုးတုန်းလုံးကောင်ဟာ သူ့ကိုယ်လုံးထဲ နကျယ်ကောင်သားလောင်းတွေ သူ့အသားတွေစားပြီး ကြီးထွားနေကြတယ်ဆိုတာ မသိဘဲ ပုံမှန်အတိုင်း နေမြဲ စားမြဲလုပ်ပြီး သူ့ကိုယ်လုံးထဲက နကျယ်ကောင်သားလောင်းတွေအတွက် အာဟာရကို ထောက်ပံ့ပေးနေရပါတယ်
.
. . . ဒါပေမယ့် အချိန်တန်တဲ့အခါကျတော့ နကျယ်ကောင်သားလောင်းလေးတွေက ပိုးတုန်းလုံးရဲ့ ကိုယ်လုံးအရေပြားကို ဖောက်ပြီး ထွက်လာကြပါတယ်၊ မသိရင် ပိုးတုန်းလုံး အမေကြီးက ပိုးတုန်းလုံး သားပေါက်လေးတွေ ပေါက်လာသလိုပါပဲ၊ ဘာမှ မသိရှာတဲ့ သားကောင်အဖြစ်ကိုရောက်နေတဲ့ ဇွန်ဘီပိုးတုန်းလုံးကောင်ရဲ့ ရင်နာစရာအဖြစ်က အဲသည်မှာတင် မရပ်သေးပါဘူး၊ သူ့တစ်ကိုယ်လုံး စကာပေါက်ဖြစ်အောင် ဖောက်ထွက်လာကြတဲ့ နကျယ်ကောင်သားလောင်းလေးတွေကို သူ့ပါးစပ်က ပိုးမျဉ်တွေထုတ်ပြီး ရစ်ပတ်ထုပ်ပိုး ကာကွယ်ရပြန်ပါတယ်၊ အဲလို လုပ်နေရင်းနဲ့ပဲ နကျယ်ကောင်သားလောင်းလေးတွေ သူ့အသားတွေစားထားတဲ့ဒဏ်၊ အစာမစားရတော့လို့ ငတ်ပြတ်တဲ့ဒဏ်နဲ့ ပိုးတုန်းလုံးလေးခမျာ သေပွဲဝင်ရရှာပါတယ်၊ ပိုးတုန်းလုံး မသေခင် ပိုးမျဉ်တွေနဲ့ ရစ်ပတ်ထုပ်ပိုးကာကွယ်ပေးထားခဲ့တဲ့ နကျယ်ကောင်သားလောင်းလေးတွေက အချိန်တန်တော့ ပိုးမျှင်တွေကို ဖောက်ပြီးထွက်လာ နကျယ်ကောင်ဘဝကို အပြည့်အဝ ရောက်လာပြီး နောက်ထပ်သားကောင် ပိုးတုန်းလုံးတွေကို ရှာဖို့ ထွက်သွားပါတော့တယ်
.
. . . နကျယ်ကောင်တွေဟာ ပိုးတုန်းလုံးလို အားပျော့တဲ့ အစွမ်းအစမဲ့တဲ့ အကောင်တွေကိုတင် အာ့လိုလုပ်တာ မဟုတ်ပါဘူး၊ အင်းဆက်ပိုးအချင်းချင်း ပိုက်ကွန်ဖွဲ့ ဖမ်းဆီး စားသောက်တတ်တဲ့ ပင့်လူလို အကောင်မျိုးကိုတောင် သားကောင်အဖြစ် အမြတ်ထုတ်ပါတယ်၊ နကျယ်ကောင်ဟာ ပင့်ကူကို ဖမ်းပြီး တစ်ချက် တုပ်လိုက်ပါတယ်၊ အဲသည် တုပ်လိုက်တဲ့အထဲမှာ ပါသွားတဲ့ ဓာတ်တစ်မျိုးက ပင့်ကူရဲ့ ဥဏှောက်ကို ရောက်သွားတဲ့အခါ ပင့်ကူဟာဇွန်ဘီလိုဖြစ်သွားပြီး နကျယ်ကောင်အလိုကျ လုပ်ဆောင်ရတော့တာပါပဲတဲ့၊ ဘာတွေများ လုပ်ရတာပါလိမ့်၊ နကျယ်ကောင်ဟာ ပင့်ကူကို တုပ်ပြီးတဲ့အခါ ပင့်ကူရဲ့ ကိုယ်ပေါ်မှာ ဥတစ်လုံး ဥချခဲ့ပါတယ်၊ အဲသည်ဥလေးကို သယ်ပိုးပြီး နေရတဲ့ ပင့်ကူဟာ အနားမနေရရှာပါဘူး၊ ခုနက နကျယ်ကောင်ထည့်ခဲ့တဲ့ ဓာတုပစ္စည်းက ပင့်ကူဥဏှောက်ကို ရောက်သွားတဲ့အခါ ဇွန်ဘီဖြစ်နေတဲ့ပင့်ကူဟာ နကျယ်ကောင်လေး အကောင်ပေါက်လာတဲ့အခါ လုံလုံခြုံခြုံနေဖို့ ပင့်ကူအိမ်ကို ပုံမှန်ဆောက်နေကျပုံအတိုင်းမဟုတ်ဘဲ ပိုပြီး ခိုင်ခိုင်မာမာ ဆောက်ရပါတယ်၊ အဲသည်နောက်တော့ နကျယ်ကောင်ဟာ သူ့ကိုယ်လုံးပေါ်မှာတင် သားလောင်းဘဝရောက်လာပြီး လက်ခံ ပင့်ကူကောင်ကို စပြီး စားပါတော့တယ်၊ စားတဲ့အခါမှာလည်း ပင့်ကူကို တန်းခနဲ သေသွားစေမည့် နေရာတွေကို ရှောင်ပြီး စားရင်း ကြီးလာပါတယ်၊ ပင့်ကူ မသေသေးဘဲ ရှိနေမှ သူ့ကို ဆက်ပြီး စောင့်ရှောက်နေနိုင်မှာမို့ ချက်ချင်းသေမယ့်နေရာတွေကို မစားတာပါ၊ အချိန်တန်တဲ့အခါ ပင့်ကူလည်း နကျယ်ကောင်သားလောင်းစားတာခံရင်းသေ၊ နကျယ်ကောင်သားလောင်းလည်း ပင့်ကူဆောက်ပေးခဲ့တဲ့ လုံခြုံတဲ့ အိမ်မှာနေရင်း နကျယ်ကောင်ဘဝကို ရောက်ပါတော့တယ်၊ ပြီးတော့ သူ့ကျေးဇူးရှင် ပင့်ကူလို နောက်ထပ် သားကောင်တစ်ကောင်ထပ်ရှာပြီး မျိုးဆက်သံသရာကို ဆက်ပါတော့သတဲ့
.
. . . နကျယ်ကောင်ရဲ့ သားကောင်ဘဝရောက်ရတဲ့ နောက်တစ်မျိုးက ပိုးဟပ်ပါ၊ နကျယ်က ပိုးဟပ်ကို ဝင်လုံးပြီးရင် ပထမတစ်ချက် တုပ်လိုက်တဲ့အခါ ပိုးဟပ်ရဲ့ ရှေ့ဆုံးခြေထောက်နှစ်ချောင်းက လေဖြတ်သလို လှုပ်လို့မရဖြစ်သွားပြီး သူ့ကိုသူ မကာကွယ်နိုင်ဖြစ်သွားပါတယ်၊ အဲသည်အခါကျမှ နကျယ်က ပိုးဟပ်ကို ဒုတိယတစ်ချက် ထပ်တုပ်ပါတယ်၊ ဒုတိယအချက်တုပ်တဲ့အခါ ပိုးဟပ်ရဲ့ ဥဏှောက်ထဲကို ဓာတ်တစ်မျိုး ထည့်လိုက်တာပါ၊ အဲသည်ဓာတ်ကြောင့် ပိုးဟပ်ဟာ အသက်မသေပေမယ့် မလှုပ်နိုင် မပြေးနိုင်တဲ့ဘဝကို ရောက်ရပါတယ်၊ ခဏနေတော့ နကျယ်ကောင်က ပိုးဟပ်ရဲ့ ဥမင်နှစ်ချောင်းကို ဖြတ်ပစ်လိုက်ပါတယ်၊ ပိုးဟပ်ဘဝဟာ ရှင်လျက်နဲ့ သေခဲ့ရပါပြီ၊ အဲသည်အခါကျမှ နကျယ်ကောင်က ပိုးဟပ်ကို သူ့တွင်းထဲဆွဲသွင်းသွားပြီး ပိုးဟပ်ရဲ့ ကိုယ်ပေါ်မှာ ဥတစ်လုံး ဥချလိုက်ပါတယ်၊ ပြီးတဲ့အခါ တွင်းထဲက ပြန်ထွက်ပြီး တွင်းကို ပိတ်ပစ်လိုက်ပါတော့တယ်၊ တွင်းထဲက ပိုးဟပ်ဟာ သူ့ကိုယ်လုံးပေါ်က နကျယ်ကောင် သားလောင်းလေး အစားခံဖို့ဆိုတာကိုတောင် မသိနိုင်တော့ဘဲ အသိမဲ့ဘဝနဲ့ စောင့်နေရရှာပါတယ်၊ အချိန်တန်တဲ့အခါ နကျယ်ကောင်သားလောင်းလေး ပေါက်လာတဲ့အခါ ပိုးဟပ်ကို မသေအောင် တဖြည်းဖြည်းချင်းစားပြီး ပိုးဟပ်ကိုယ်ထဲ ဝင်သွားပါတယ်၊ နောက်ဆုံး ပိုးဟပ်လည်းသေ နကျယ်ကောင်လည်း အကောင်ဖြစ်ပြီး တွင်းထဲက ထွက်လာ၊ နောက်ထပ် သားကောင်ပိုးဟပ်တစ်ကောင်ကိုရှာပြီး မျိုးဆက်သံသရာဆက်ပါတော့တယ်
.
. . . အထက်မှာ ပြောခဲ့တဲ့ ပိုးတုန်းလုံးကောင်၊ ပင့်ကူနဲ့ ပိုးဟပ်တို့ကို နကျယ်ကောင်က အနိုင်ယူခဲ့တာ၊ သူတို့ရဲ့ ကိုယ်ခန္ဓာကို အမြတ်ထုတ်ပြီး နကျယ်မျိုးဆက်ခဲ့တာတွေမှာ နကျယ်ကောင်သုံးသွားတဲ့ နည်းက တစ်ခုတည်းပါ၊ အဲဒါကတော့ သူ့သားကောင်ရဲ့ ကိုယ်လုံးထဲ ဓာတ်တစ်မျိုးထည့်ပြီး သူတို့ရဲ့ ဘဝဖြစ်စဉ်တွေကို ရပ်တန့်သွားအောင်၊ သူတို့လုပ်စေချင်သလိုမျိုး လုပ်စေအောင်၊ သူတို့မျိုးဆက်အတွက် အသာအယာအစားခံရအောင် လုပ်သွားခဲ့တာပါ၊ တစ်နည်းအားဖြင့် သားကောင်တွေကို ဇွန်ဘီဘဝရောက်အောင်လုပ်ပြီး ပုံမှန်ပြုမူနေကျ အပြုအမူတွေကသွေဖည်ပြီး သူတို့မျိုးဆက်အတွက် အမြတ်ထုတ်သွားကြတာ ဖြစ်ပါတယ်
.
. . . အထက်မှာ ဖော်ပြခဲ့တဲ့ နကျယ်ကောင်နဲ့ တစ်ခြားအင်းဆက်များရဲ့ အဖြစ်အပျက်ကို ကြည့်ပြီး ဆက်တွေးမိတာက ကျွန်တော်တို့မှာရော အလားတူဖြစ်ရပ်တွေ ရှိနေသလား ???
.
. . . သူ့ကျွန်ဘဝကို ရောက်ခဲ့ကြတာချင်းအတူတူ၊ ရုန်းကန်ကြိုးစားခဲ့ကြရတာချင်း အတူတူ သူများတွေနိုင်ငံက ဖွံ့ဖြိုးတိုးတက်ပြီး လူလူသူသူ ဖြစ်နေတဲ့အချိန်ထိ ကျွန်တော်တို့ နိုင်ငံက နိုင်ငံဖွံ့ဖြိုးမှုဖြစ်စဉ် သိသိသာသာ နှေးကွေးနေရတာ မြန်မာနိုင်ငံကြီးက လှပတဲ့ လိပ်ပြာဘဝကို မရောက်တော့ဘဲ ပိုးတုန်းလုံးဘဝမှာတင် ရပ်တန့်နေစေတဲ့ နကျယ်ကောင်ရဲ့ ဂျင်းတွေမိနေခဲ့တာလား၊ ကျနော်တို့ရဲ့ ကိုယ်ခန္ဓာ အသွေးအသားတွေကို စားသုံးကြီးထွားနေတဲ့ နကျယ်ကောင်သားလောင်းတွေကို မြွေပွေးခါးပိုက်ပိုက်ထားသလို မသိလိုက်မသိဘာသာ လက်ခံထားမိနေပြီလား
.
. . . ပုံမှန်မဟုတ်တဲ့ အပြုအမူတွေနဲ့ ပိုပြီးခိုင်မာတဲ့ အိမ်ဆောက်နေမိတဲ့ ပင့်ကူကောင်လို ကျွန်တော်တို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေက ကိုယ့်ကိုယ်ပေါ် တွယ်ထားတဲ့ မကြာခင် ကိုယ့်ကိုစားပြီး မျိုးဆက်တော့မယ့် နကျယ်ကောင်အတွက် အိမ်ဆောက်ပေးနေသလိုများ ဖြစ်နေပြီလား
.
. . . ဥမင်တွေအဖြတ်ခံရပြီး တစ်ကိုယ်လုံး မလှုပ်နိုင်ဘဲ နကျယ်ကောင်ရဲ့ တွင်းထဲမှာ မကြာခင်ပေါက်လာမယ့် နကျယ်သားလောင်းလေးရဲ့ အစားခံရဖို့ အသိမဲ့ စောင့်နေရတဲ့ ပိုးဟပ်လေးလို ကျွန်တော်တို့ရဲ့ ခြေတွေလက်တွေတုပ်နှောင်ခံထားရပြီလား ဥမင်တွေ အဖြတ်ခံထားရပြီလား
.
. . . ကျွန်တော်တို့တွေ အထက်ဥပမာအတိုင်း သားကောင်ဘဝကို ရောက်နေပြီသာဆိုရင် နကျယ်ကောင်က ဘာလဲ၊ သူထိုးထည့်ခဲ့တဲ့ ကျွန်တော်တို့ ကိုယ်ခန္ဓာထဲက ဓာတုပစ္စည်းတွေက ဘာတွေလဲ ကျွန်တော်တို့ကို ဘယ်လမ်းကြောင်းကို လျှောက်နေစေတာလဲဆိုတာ သိဖို့ လုပ်ကြရပါလိမ့်မယ်
.
. . . ကျွန်တော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံသားတွေက အသိဉာဏ်နိမ့်ပါးတဲ့ ပိုးတုန်းလုံးလို၊ ပိုးဟပ်လို၊ ပင့်ကူလိုအကောင်တွေမဟုတ်တဲ့အတွက် နကျယ်ကောင်တဲ့တူတဲ့ ရန်သူက ဘယ်သူလဲဆိုတာ ရှာဖွေဖော်ထုတ်ပြီး ချေမှုန်းနိုင်ရင် ကျွန်တော်တို့ရဲ့ အနာဂတ်ဘဝ လှပနိုင်ပါလိမ့်မယ်၊ သို့မဟုတ်ရင်တော့ . . .
.
ဗိုလ်ကောင်း
၁၂ စက်တင်ဘာ ၂၀၂၀
.
ပူးတွဲကြည့်ရန်
https://youtu.be/nHMppxpul5s
https://youtu.be/vMG-LWyNcAs
https://youtu.be/Cha-lmuPdek
https://youtu.be/EudG9t4B07M

Monday 7 September 2020

အဖေဖြစ်ခြင်းအနုပညာ


. . . ဆယ်တန်းအောင်အရွယ် သမီးဖြစ်သူကို ဆယ်ကျော်သက် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ကိုရီးယားမင်းသားလေးတွေပုံကို သေသေချာချာ ဘောင်နဲ့အကျအနကွပ်ပြီး မွေးနေ့လက်ဆောင်ပေးတဲ့ သူငယ်ချင်းကိုကြည့်ပြီး ဒီကနေ့ခေတ်မှာ အဖေဖြစ်ရခြင်းရဲ့ အနုပညာကို ဆင်ခြင်မိလိုက်သလို အဖေတွေအမေတွေ လိမ်လိမ်မာမာနေကြဖို့ ကိုယ့်ဘာသာကိုယ် ဆုံးမရမယ့်ခေတ်ကိုရောက်နေပါပြီလားလို့လည်း သတိထားမိလိုက်ပါတယ်
.
. . . သားသမီးကို ရုပ်ဝတ္ထုပိုင်း လိုအပ်ချက် ဖြည့်ဆည်းပေးရုံသာမက လှလှပပလည်း ချစ်တတ်ပြီး နှလုံးသားချင်းနီးကပ်နေတဲ့ သူငယ်ချင်းမိတ်ဆွေဆက်ဆံရေးမျိုးနဲ့ ကိုယ့်သားသမီးရဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံနွေးထွေးမှုကို ကဗျာဆန်ဆန်ပေးတတ်တဲ့ အဖေမျိုးဖြစ်ဖို့က ကိုယ်တိုင်လည်း ရောမန္တိကဖြစ်နေဖို့ ပြင်ဆင်ထားရအုံးမှာပါ
.
. . . ဒါ့အပြင် သူတို့ရဲ့ လိင်စိတ်တိမ်းညွတ်မှု ဝါသနာ နဲ့ လွတ်လပ်စွာ ရှင်သန်အရွယ်ရောက်ခွင့်ကို လေးလည်းလေးစား အကာအကွယ်လည်းပေးရအုံးမှာပါလားဆိုတာကို ဘယ်တော့မှ မမေ့သင့်ပါဘူး
.
. . . သမီးတစ်ယောက် လူလားမြောက်ခြင်းရဲ့ ရင်ဆိုင်လာရမယ့်အရာတွေကို အဆင်သင့်ဖြစ်အောင် ကိုယ့်ဘာသာပြင်ဆင်နေတဲ့ အဖေတစ်ယောက်ရဲ့ အတွေးလေးတွေပါ
.
ပန်းပွင့်လေးဖေဖေ
၇ စက်တင်ဘာ ၂၀၂၀

Sunday 6 September 2020

တစ်ယောက်ကဗြန်းရင် တစ်ယောက်က ကောက်


. . . အင်စတီကျူးရှင်းတွေအကြောင်း ပြောရင်းနဲ့ သတိရလာတာက ကိုယ်တွေငယ်ငယ်က ကစားပွဲစည်းမျဉ်းတွေအကြောင်းပဲ၊ နှစ်ဘက်နှစ်သင်းခွဲပြီး ကစားကြမယ့်ပွဲမှာ ပထမဆုံး ရှိတဲ့သူတွေကို နှစ်သင်းခွဲရတာကိုး၊ ဒီအခါမှာ နှစ်သင်းစလုံးဟာ လက်ရည်ခြေရည်တူဖြစ်ဖို့အတွက် အသင်းခွဲတဲ့နေရာမှာ လုပ်ကြတဲ့ စည်းမျဉ်းလေးအကြောင်း ပြောပြချင်တယ်
.
. . . အသင်းခွဲတော့မယ်ဆိုရင် ခေါင်းဆောင်နှစ်ယောက်က ဘယ်သူဗြန်းပြီး ဘယ်သူကောက်မလဲဆိုတာ အရင်ဆုံး သဘောတူရတယ်၊ မောင်ဘက ဗြန်းမယ်ဆိုရင် မောင်ဘဟာ ကစားမယ့်သူတွေ အကုန်လုံးကို နှစ်ယောက်တစ်တွဲစီ မျက်နာချင်းဆိုင်ရပ်ပြီး တန်းစီတယ်၊ တတ်နိုင်သမျှ လက်ရည်ခြေရည်တူတွေကို မျက်နာချင်းဆိုင် တွဲတွဲပေးတယ်၊ တော်တဲ့သူအချင်းချင်း သိပ်မကစားနိုင်တဲ့သူအချင်းချင်းတွဲတယ်ပေါ့၊ မျက်နာချင်းဆိုင်ရပ်နေတဲ့ လူတွေကို သေချာ မျှတအောင် ခွဲပြီးပြီဆိုရင် အဲသည်အသင်းနှစ်သင်းအနက် ဘယ်အသင်းကို ယူမလဲ ဆိုတာကိုတော့ နောက်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ မောင်လှက ရွေးရတယ်၊ အဲဒါကို ကောက်တယ်လို့ခေါ်တယ်။ မောင်ဘက ဗြန်းရင် မောင်လှက ကောက်၊ မောင်ဘ ကသာ အသင်းနှစ်ခုရဲ့ လူတွေကို မမျှမတ ခွဲခဲ့လို့ တစ်သင်းသင်းက အင်အားအရမ်းကြီးပြီး တစ်သင်းက အင်အားအရမ်းနည်းနေတယ်ဆိုရင် မောင်လှက အင်အားကောင်းတဲ့အသင်းကို ယူသွားမှာမို့ မောင်ဘဟာ အသင်းခွဲတဲ့နေရာမှာ အတတ်နိုင်ဆုံး မျှတအောင်ခွဲတယ်၊ ဒါမှ သူ မနစ်နာမှာကိုး၊ အသင်းနှစ်သင်း လက်ရည်တူဖြစ်ဖို့ရယ် ခေါင်းဆောင်တွေက အသင်းကို လက်ရည်တူဖြစ်အောင် ခွဲဖို့ရယ်ကို တစ်ယောက်ကဗြန်းပြီး တစ်ယောက်က ကောက်တဲ့ စနစ်နဲ့ လုပ်ထားပြီး ဒီစနစ်ကိုလည်း အားလုံးက လိုက်နာကြတော့ ကစားပွဲတွေဟာ တရားမျှမျှတတ ဖြစ်သွားတယ်
.
. . . သူတို့တွေ ကစားနေကြချိန်မှာ တစ်ယောက်ယောက် အသစ်ရောက်လာခဲ့ရင် သူတစ်ယောက်တည်း တစ်ဘက်ဘက်ကို ဝင်လိုက်ရင် မမျှမတ ဖြစ်သွားမှာမို့ နောက်တစ်ယောက်အလာကို စောင့်ရတယ်၊ နောက်တစ်ယောက် ထပ်ရောက်လာရင် သူတို့နှစ်ယောက်ဟာ ခြေရည်မျှတဲ့အတွဲဖြစ်ကောင်းမှ ဖြစ်မယ်၊ ကစားနေတဲ့ အသင်းခေါင်းဆောင်တွေကလည်း ခြေသာတဲ့သူကိုသာ ပိုပြီး လိုချင်တာမို့ သူတို့နှစ်ယောက်မှာ ဘယ်သူ့ကို ရွေးတယ်ဆိုတာကိုလည်း ကျပမ်းနည်းတစ်ခုရှိတယ်၊ အဲဒါက သူတို့နှစ်ယောက်ကို စကားဝှက်လုပ်ခိုင်းတဲ့နည်းပဲ
.
. . . ဆိုပါစို့၊ ကျနော်နဲ့ နောက်တစ်ယောက် ကစားပွဲထဲ ဝင်တော့မယ်ဆိုရင် ကျနော်တို့နှစ်ယောက် တိတ်တိတ်လေးတိုင်ပင်ပြီး ကိုယ့်နာမည်ဝှက်ကိုယ် ပေးကြတယ်၊ များသောအားဖြင့် အသီးနာမည်တွေ၊ အရွက်နာမည်တွေ ပေးလေ့ရှိတယ်၊ မင်းက သရက်သီး ငါက သင်္ဘောသီး၊ ဒါမှမဟုတ် တမာရွက်နဲ့ ဩဇာရွက် စသည်ဖြင့်ပေါ့၊ ပြီးရင် အသင်းခေါင်းဆောင်တွေကို နာမည်ဝှက်နှစ်ခုကို ပြောပြီး ရွေးခိုင်းရတယ်၊ သူက တမာရွက်နဲ့ဩဇာရွက်ဆိုရင် အသင်းခေါင်းဆောင်တစ်ယောက်က တမာရွက်ယူမယ်ဆို တမာရွက်လို့ အမည်ဝှက်ထားတဲ့သူက သူ့အသင်းကိုသွား၊ ကျန်တဲ့တစ်ယောက်က တခြားပြိုင်ဘက်အသင်းကိုဝင် ဒီလိုလုပ်ကြရတာ
.
. . . ပြောချင်တာက ကိုယ်တွေ ငယ်ငယ်က စကားနည်းတွေမှာ စည်းမျဉ်းစည်းကမ်းတွေ ခိုင်ခိုင်မာမာရှိခဲ့ လိုက်လည်းလိုက်နာခဲ့ကြတော့ ငယ်ဘဝ ကစားနည်းတွေဟာ တရားမျှတမှုကို လေ့ကျင့်ခဲ့ရတဲ့ လေ့ကျင့်ရေးကွင်းတွေ ဖြစ်ခဲ့ကြတယ်၊
.
. . . သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို ချိုးဖောက်တဲ့သူ ညစ်တဲ့သူရော မရှိဘူးလားတဲ့၊ ရှိတာပေါ့၊ ညစ်တဲ့သူတွေလည်း ရှိတန်သရွေ့ ရှိတာပေါ့၊ ဒါပေမယ့် ညစ်တဲ့သူဆိုရင် ကစားပွဲမှာ ဘယ်သူမှ သိပ်မခေါ်ချင်ကြဘူး၊ ညစ်လို့ နိုင်သွားတယ်ဆိုရင်တောင် မင်းတို့က ညစ်လို့နိုင်တာပါကွာ ဆိုတဲ့ အပြောမျိုးဟာ သိပ်ပြီး နာစရာကောင်းတယ်
.
. . . ကိုယ်တွေဟာ ဒီလို ကစားပွဲစည်းမျဉ်းတွေနဲ့ ကျင့်သားရပြီး ကြီးလာခဲ့ကြတာပေမယ့် တို့နိုင်ငံကြီးက စည်းမျဉ်းစည်းကမ်းတွေ တည်ဆောက်ခိုင်မြဲစေခြင်းဆိုတဲ့ နိုင်ငံရေးဓလေ့ကြီးကို အခုထိ ဘာလို့ ခိုင်ခိုင်မြဲမြဲ မရသေးတာလဲဆိုတာ သေသေချာချာ သုတေသန လုပ်ဖို့ကောင်းတယ်၊ ငယ်ဘဝက ကစားပွဲစည်းမျဉ်းတွေဟာ ကြီးလာတဲ့အထိ ဘာလို့ ခိုင်ခိုင်မာမာ မပါလာခဲ့ကြတာလဲ
.
ဗိုလ်ကောင်း
၆ စက်တင်ဘာ ၂၀၂၀
.
Photo credit
https://www.mmtimes.com/.../21072-the-encyclopedia-of...

Friday 4 September 2020

ခေတ်ကြီးပြောင်းတာ



ခေတ်ကြီးပြောင်းတာက အခုနောက်ပိုင်း တော်တော်မြန်လာတာ
ကျောက်သင်ပုန်းကျောက်တန်ခေတ်ကို နှစ်နှစ် သုံးနှစ်လောက်ဖြတ်ခဲ့ရတာ
ဘောပင်နဲ့ စာအုပ်ခေတ်ကို ဆယ့်ငါးနှစ်လောက် ကောင်းကောင်းဖြတ်လိုက်ရတယ်
အဲသည်နောက် ကွန်ပြူတာနဲ့ ကီးဘုတ်နဲ့ အလုပ်လုပ်တဲ့ လုပ်ငန်းခွင်ထဲ
နောက် လက်နဲ့တို့တဲ့ ဖန်ပြားလေးတွေ
အခု အသံနဲ့ပြောပြီးမေးရင်
ကိုယ်သိချင်တာကို ပြောပြနေနိုင်ပြီ
ပိုပြီး ဖတ်စရာလေ့လာစရာ
လင့်တွေ ပို့ပေးနိုင်နေပြီ
အဲ
မြန်မာလိုနားမလည်သေးတာတစ်ခုပဲ
.
အကြွေစေ့တွေပျောက်သွားပြီး
စက္ကူပိုက်ဆံတွေ
နောက် ချက်လက်မှတ်
နောက် အေတီအမ်ကတ်
နောက် ဘဏ်အကောင့်
အခုက ဘဏ်အကောင့်ကို စကားဝှက်တောင်ရိုက်မထည့်တော့ဘူး
ကိုယ့်မျက်နာမြင်တာနဲ့ ဖွင့်ပေးတာ
.
ကိုယ်ဂျပန်မှာရှိနေတဲ့ ငါးနှစ်အတွင်း
ရထားစီးတဲ့အခါ
လက်မှတ်ရောင်းစက်က ဝယ်ရတဲ့လက်မှတ်
နောက် ပိုက်ဆံထည့်ထားလို့ရတဲ့ ကတ်လေးတွေ
နောက် ဖုန်းထဲမှာပါ လက်မှတ်ထည့်ထားပြီး
ကိုယ့်ဘဏ်အကောင့်နဲ့ တိုက်ရိုက်ချိတ် ပိုက်ဆံထည့်လို့ရတော့
လက်မှတ်ရောင်းတဲ့နေရာတောင် မသွားရတော့ဘဲ
.
အရင်ခေတ်ကဆို
လူကြီးတွေက
အောက်ကလူ ရေးပေးသလောက်ပဲ ဖတ်ကြရရှာတာ
ဘာသာစကားအကန့်အသတ်ရယ်
အပြင်မှာလည်း ဖတ်စရာအရင်းအမြစ်က နည်းတာရယ်
အခုဆို
ကမ္ဘာပေါ်မှာ ဘယ်နေရာဘာဖြစ်ပြီတဲ့ဟေ့ဆို
တက်လာလိုက်တဲ့သတင်းဆိုတာ
မိနစ်ပိုင်း စက္ကန့်ပိုင်းအတွင်း
ဘာသာစကား အကန့်အသတ်ရှိနေတယ်ဆိုရင်တောင်
ကွန်ပြူတာက ဘာသာပြန်ပေးတတ်နေတော့
ရာနှုန်းပြည့် မဟုတ်ရင်တောင်
တော်တော်များများတော့
နားလည်နေနိုင်သွားပြီ
.
အဲ
အဲသည်ဖြစ်ရပ်အပေါ်
အခြားဖြစ်ရပ်တွေ
နိုင်ငံရေးသဘောတရားတွေနဲ့
သုံးသပ္ဖို့ကေတာ့
ပညာလိုတာပေါ့လေ
.
ဒါလည်း နောက်ကျရင်
ဖြစ်လာတော့မှာပဲ
အဲသည်အခါကျရင်
သုတေသနလုပ်ငန်းတွေအတွက်
လူတွေတောင်
များများစားစား လိုပါတော့မလား

အစဉ်လိုက်သော ရွှေအိုးကြီးများ


. . . ကေဒါရ ကျေးမင်းကို လယ်ပိုင်ရှင်က ဖမ်းမိတော့ မေးတယ်၊ စပါးနှံတွေကို စားရရင်တော်ပြီပေါ့ ဘာလို့ ပြန်တော့လည်း သယ်သွားရသလဲပေါ့၊ ကျေးမင်းက ပြန်ဖြေတယ်၊ အခုလို အပြန်မှာ သယ်သယ်သွားရတဲ့အကြောင်းက . . . 
ကြွေးဟောင်းကိုလည်း ဆပ်ရတယ်
ကြွေးသစ်ကိုလည်း ချရတယ်
အစဉ်လိုက်သော ရွှေအိုးကြီးတွေကိုလည်း မြှပ်ရတယ် တဲ့
.
. . . ပထမ နှစ်ခုကတော့ မြန်မာ့လူမှုနယ်ပယ်မှာ အများသိသလိုပဲ ကိုယ်လဲ သိပေမယ့် တတိယစကားရဲ့ အဓိပ္ပာယ်ကိုတော့ ကိုယ်က ဘဝင်မကျဘူး၊ ဘာလဲ အစဉ်လိုက်သော ရွှေအိုးကြီးတွေကိုလည်း မြှပ်ရတယ်ဆိုတာ
.
. . . ကိုယ့်အထင်ကတော့ အစဉ်လိုက်သော ရွှေအိုးကြီးတွေဆိုတာ ဇာတကဝတ္ထုတွေထဲမှာ ရှင်းပြထားသလို ရပ်ထဲရွာထဲက လုပ်ကျွေးစောင့်ရှောက်မယ့်သူမရှိတဲ့ သက်ကြီးရွယ်အိုတွေကို ကျွေးမွေးစောင့်ရှောက်တယ်ဆိုတဲ့ အဓိပ္ပာယ်ထက်တော့ မကဘူးလို့ထင်တယ်၊
.
. . . ဒီစကားဟာ စည်းမျဉ်းစနစ်များတည်ဆောက်ခိုင်မြဲစေခြင်း ဆိုတဲ့ Institutionalization ကို ဆိုလိုတာများလားလို့ ထင်မိတယ်။ ကိုယ့်မိသားစုနဲ့ နောင်လာနောက်သားတွေ၊ ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်လူမှုအဖွဲ့အစည်းအတွက် အခုချက်ချင်း စားရရုံသက်သက်မဟုတ်ဘဲ အစဉ်သဖြင့် အသီးအပွင့်တွေ သီးပွင့်ဝေဆာပြီး လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက် ရေရှည်မှာ အကျိုးရှိစေမယ့် စည်းမျဉ်းစနစ်များတည်ဆောက်ခိုင်မြဲစေခြင်း ဆိုတဲ့ သဘောတရားကို ကေဒါရကျေးမင်းက ပြောသွားလေသလားလို့ တွေးမိပါတယ်၊
.
. . . ရှေးရှေးက အတိတ်သမိုင်းကို အဝေးကြီးမတူးဆွတတ်ပေမယ့် လတ်တလော ကိုယ့်မျက်စိရှေ့က မြင်နေရတဲ့ ကိုယ့်ရဲ့နိုင်ငံ မြို့ရွာ လူမှုအသိုင်းအဝိုင်း အသင်းအဖွဲ့ နဲ့ ကြုံခဲ့ရတဲ့ နိုင်ငံရေးစနစ်တွေ အကျွမ်းတဝင်ရှိတဲ့ အဖွဲ့အစည်းတွေမှာ အထက်က ဆိုခဲ့တဲ့ စည်းမျဉ်းစနစ်များတည်ဆောက်ခိုင်မြဲစေခြင်းဆိုတဲ့ အင်စတီကျူရှင်နယ်လိုက်ဇေးရှင်း အားနည်းခဲ့ အားနည်းနေဆဲပဲလို့ ကိုယ့်အမြင်က မမှားဘူးဆိုရင် ကေဒါရကျေးမင်း ဆုံးမခဲ့တဲ့ ဆုံးမစကားကို တို့တွေရဲ့ လူ့အသိုင်းအဝိုင်းက နားလည်နိုင်စွမ်းမရှိခဲ့ဘူးလို့ ကောက်ချက်ချရမယ်ထင်ပါရဲ့
.
. . . ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်ကို ကြည့်လိုက်မယ်ဆိုရင် အခု လတ်တလော အဆင်ပြေစေရေးအတွက်ကိုပဲ ဦးစားပေးနေတာတွေရှိနေပြီး ဒီလုပ်ငန်းအတွက် ဒီစနစ်ကို တည်ဆောက်မယ်၊ လက်ရှိ လည်ပတ်နေတဲ့ စနစ်ကို ပြန်လည်သုံးသပ်ပြီး တိုးတက်မွမ်းမံမယ် ပြင်ဆင်မယ်လို့ဆိုတဲ့ စနစ်ပိုင်းဆိုင်ရာ တွေးခေါ်ကြံဆ စိတ်ဝင်စားမှုနဲ့ စနစ်ရဲ့ အရေးပါပုံကို တို့တွေရဲ့ လူမှုအဖွဲ့အစည်းကြီးက မေ့ပဲ မေ့လျော့နေလေသလား၊ စနစ်ကိုတည်ဆောက်ဖို့ အချိန်မပေးနိုင်လောက်အောင် စနစ်အကြောင်းကို တွေးတောခွင့်မရလောက်အောင် အင်မတန် ကျပ်တည်းအလျင်လိုတဲ့ လောကကြီးထဲကိုပဲ ရောက်နေတာလား၊ စနစ်တည်ဆောက်ရေးကို တွေးတောကြံဆ ဆင်ခြင်နိင်စွမ်းတွေမှာ ဉာဏ်မမီအားနည်းနေကြတာလားဆိုတာတော့ ကိုယ်လည်း မဝေဖန်တတ်တော့ဘူး၊ စည်းမျဉ်းစနစ်တည်ဆောက်ခိုင်မြဲစေခြင်းဆိုတဲ့ အင်စတီကျူရှင်နယ်လိုက်ဇေးရှင်း အရာမှာ အလွန့်အလွန်ကို အားနည်းနေတာကိုတော့ နယ်ပယ်အသီးသီးမှာ တွင်တွင်ကြီးကို တွေ့နေရတုန်းပါပဲ
.
. . . မင်းလောင်းမျှော်ဝါဒ လက်ကိုင်ထားတဲ့သူတွေ များကြတယ်လို့ဆိုတဲ့ တို့တွေရဲ့ လူ့အဖွဲ့အစည်းကြီးကပဲ မင်းလောင်းကို မျှော်ရင်းမျှော်ရင်း စည်းမျဉ်းစနစ်တွေကို မေ့လျော့ခဲ့လေသလား၊ ပေါ်လာတဲ့ မင်းလောင်းတွေကပဲ စည်းမျဉ်းစနစ်တွေထက် သူ့ကိုယ်သူ တည်ဆောက်ခဲ့လေသလား မဝေခွဲတတ်ပေမယ့် မင်းလောင်းပေါ်လာရင်တော့ ရွှေမိုးငွေမိုးရွာသလို ငါတို့တိုင်းပြည်ကြီး ကြီးပွားတိုးတက်တော့မှာပဲ ဆိုတဲ့ အယူစွဲတွေအောက်မှာ စည်းမျဉ်းစနစ်တည်ဆောက်ခိုင်မြဲစေခြင်း သဘောတရားတွေက အားနည်းချည့်နဲ့နေတာတော့ အမှန်ပါပဲ
.
. . . ငယ်ငယ်က သင်ခဲ့ရတဲ့ ကျောင်းစာတွေထဲမှာလည်း စည်းမျဉ်းစနစ်တည်ဆောက်ခိုင်မြဲစေခြင်းနဲ့ ပတ်သက်တဲ့ ပုံပြင်တွေ ဖတ်စရာမှတ်စရာ အသိပညာမိတ်ဆက်တာမျိုး မပါခဲ့တာ၊ ပါခဲ့ရင်လည်း ကိုယ်တွေရဲ့ ရင်ထဲကို မရောက်ခဲ့တာ၊ အပြင်လောကမှာလည်း ကျော်ဖြတ်ခဲ့ရတဲ့ နိုင်ငံရေး လူမှုရေး ဝန်းကျင်မှာ စည်းမျဉ်းစနစ်တည်ဆောက်ခြင်းဆိုင်ရာ အတုယူစရာ သင်ယူလေ့လာစရာရယ်လို့ မယ်မယ်ရရ မထုတ်ဖော်ကြတာတွေကလည်း ကိုယ်တွေလူမှုဝန်းကျင်မှာ ဒီသဘောတရား အားနည်းနေတဲ့ အကြောင်းရင်းတစ်ရပ်လို့ ထင်မိတယ်
.
. . . ကေဒါရကျေးမင်းကြီးနဲ့များ တွေ့ရင် တောင်းဆိုချင်ပါတယ်၊ ကိုယ်တွေလောကမှာ ဉာဏ်နည်းတဲ့သူ အများသားမို့ ပညာရှိစကားနဲ့ နားသွင်းမယ့်အစား လူပြိန်းစကားလေးတွေနဲ့ပဲ အစဉ်လိုက်သောရွှေအိုးကြီးတွေအကြောင်း ရှင်းပြပေးပါလို့
.
ဗိုလ်ကောင်း
၄ စက်တင်ဘာ ၂၀၂၀
.
photo credit
https://www.sharethejoyphotography.com/birds/

Wednesday 2 September 2020

ဖိုးပွိုင့်ဇီးရိုး ခေါင်းလောင်းထိုးသံ


. . . အခုရက်ပိုင်းမှာ ထူးခြားတဲ့ သတင်း နှစ်ပုဒ်ကို သတိပြုမိတယ်၊ အီလွန်မာ့စ် တည်ထောင်ထားတဲ့ နျူရိုလင့် နည်းပညာကုမ္ပနီက သက်ရှိတွေရဲ့ ဥနှောက်ကို မှတ်တမ်းတင်ပြီး ပြန်လည်သရုပ်ပြနိုင်တဲ့ နည်းပညာကို တီထွင်နိုင်ခဲ့ပြီ ဆိုတဲ့ သတင်းနဲ့ Heron က တီထွင်ထားတဲ့ ဉာဏ်ရည်တု လေသူရဲဟာ လူသားလေသူရဲကို စီးချင်းထိုးတိုက်ခိုက်တာမှာ အောင်နိုင်ခဲ့တယ်ဆိုတဲ့ သတင်းတွေဖြစ်ပါတယ်။
.
. . . ထူးခြားတဲ့ သတင်းဆိုပေမယ့် ဒီလို သတင်းမျိုးကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော် ကိုယ်တွေ အထက်တန်းကျောင်းသားဘဝကလည်း ကြားခဲ့ဖူးပါတယ်။ စစ်တုရင် ချန်ပီယံ ဂယ်ရီကက်စပါရော့ ကို ဉာဏ်ရည်တု စစ်တုရင်ကစားသမား Deep Blue က အနိုင်ကစားခဲ့တယ်ဆိုတဲ့ သတင်းပါ။ ဉာဏ်ရည်တု နည်းပညာဟာ ၁၉၉၆-၉၇ တုန်းကတောင် အာ့သလောက်စွမ်းနေပြီဆိုမှဖြင့် အခု နှစ်ပေါင်းအစိတ်နီးပါးအကြာမှာ ဘယ်လောက်တောင် တိုးတက်နေပြီလဲ မှန်းဆကြည့်လို့ ရပါတယ်။
.
. . . အခုလည်း အလားတူ သတင်းဆိုပေမယ့် AI လို့ခေါ်တဲ့ ဉာဏ်ရည်တု နည်းပညာက ခေတ်ရှေ့ကိုတောင် ပြေးနေလို့ ကိုယ်တွေမနည်း လိုက်ရတော့မယ့် အနေအထားဖြစ်နေပါပြီ။ ပြီးခဲ့တဲ့ ဩဂုတ်လ 20 ရက်နေ့က Heron System ဆိုတဲ့ ဉာဏ်ရည်တု လေသူရဲဟာ သက်ရှိလေသူရဲကို သဏ္ဌာန်တူ စီးချင်းတိုက်ပွဲမှာ ၅-၀ နဲ့ အနိုင်ယူခဲ့တယ်လို့ ဆိုပါတယ်။ သက်ရှိနဲ့ ဉာဏ်ရည်တုမှာ အဓိက ကွာခြားတဲ့ အချက်ကတော့ သက်ရှိလူသားဟာ ကမ္ဘာမြေဆွဲအားကို ဆန့်ကျင်မောင်းနှင်နေရမှုကြောင့် ကိုယ်တွင်းဖြစ်ပေါ်ပြောင်းလဲမှုဒဏ်တွေကို ခံရပေမယ့် ဉာဏ်ရည်တုမှာတော့ ဒီလို ဝေဒနာတွေ မရှိပါဘူး။ နောက်ပြီး အခုလို စီးချင်းမထိုးခင် ဉာဏ်ရည်တုဟာ စီးချင်းထိုးတိုက်ပွဲပေါင်း လေ့ကျင့်မှု အကြိမ်ပေါင်းများစွာ လုပ်ထားတဲ့အပြင် လူတွေလိုပဲ အတွေ့အကြုံကနေ သင်ယူပြောင်းလဲနိုင်ပါတယ်၊ ပြီးတော့ စီးချင်းတိုက်ပွဲမှာ တစ်ဘက်ပြိုင်ဘက်ရဲ့ နည်းဗျူဟာ ပြောင်းလဲကျင့်သုံးမှုတွေကိုလည်း လိုက်လျောညီထွေ လိုက်ပြောင်းပြီး လူသားကို ဉာဏ်ရည်တုက အနိုင်တိုက်နိုင်ခဲ့တာ ဖြစ်ပါသတဲ့
.
. . . နောက်သတင်းတစ်ခုကတော့ အီလွန်မာ့စ် တည်ထောင်ထားတဲ့ နျူရိုလင့် နည်းပညာကုမ္ပနီဟာ လူနဲ့ တိရစ္ဆာန်တို့ရဲ့ ဥနှောက်ကို တိုက်ရိုက်ချိတ်ဆက်ပြီး မှတ်တမ်းလည်းတင်နိုင် ပြန်ပြီးတော့လည်း သရုပ်ပြနိုင်တဲ့ နည်းပညာကို တီထွင်နိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ဩဂုတ်လ ၂၈ ရက်နေ့က လူတွေကို ဖိတ်ခေါ်သရုပ်ပြခဲ့ပြီး မေးခွန်းတွေကို ဖြေပေးခဲ့ပါတယ်။ သရုပ်ပြမှုမှာ ဝက်တွေကို အသုံးပြုပြီး သူတို့တီထွင်ထားတဲ့ အထက်ပါနည်းပညာကို ပြသခဲ့တာဖြစ်ပါတယ်။ ဒီနည်းပညာဟာ လူတွေရဲ့ ဥနှောက်ထဲ ဉာဏ်ရည်တုနည်းပညာ ထည့်သွင်းအသုံးပြုနိုင်တဲ့ အဆင့်ထိ ရောက်နိုင်တယ်လို့ ဆိုပါတယ်။
. . . ဒီလိုသတင်းတွေက ကျွန်တော်တို့ရဲ့ ကိုယ်ကိုယ်တိုင် သင်ကြားသင်ယူမှု၊ ကျွန်တော်တို့ နောက်မျိုးဆက်တွေကို သင်ကြားပေးမှုတွေနဲ့ ပတ်သက်ပြီး ခေတ်ကြီးက ဘယ်လမ်းကြောင်းကို လျှောက်နေပြီလဲဆိုတာကို ကျယ်ကျယ်လောင်လောင် အချက်ပေးနေတဲ့ သတိပေးခေါင်းလောင်းသံတွေဖြစ်ပါတယ်။ ဒီကိစ္စတွေဟာ မြန်မာပြည်နဲ့ မိုင်ပေါင်းများစွာဝေးကွာတဲ့ ကမ္ဘာ့တစ်ဖက်ခြမ်းမှာ ဖြစ်ပျက်နေတာဆိုပေမယ့် မနက်ဖြန်သို့မဟုတ် တစ်ရက်ရက်မှာ ကျွန်တော်တို့ နိုင်ငံ၊ ကျွန်တော်တို့မြို့၊ ကျွန်တော်တို့ အိမ်ကို နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး ဆိုတဲ့ ကိစ္စကြီးတွေကတစ်ဆင့် တံခါးခေါက်လာကြတော့မှာပါ။ ကိုယ့်အိမ်ကို လာတံခါးခေါက်မှ အိပ်ချင်မူးတူးနဲ့ တံခါးထဖွင့်ပေးမလား၊ ကိုယ်က ဦးအောင် ဒီနည်းပညာတွေကို ယူပြီး သုံးမလားဆိုတာကတော့ နိုင်ငံရဲ့ ပညာရေးဆိုင်ရာ လုပ်နိုင်ကိုင်နိုင် မူဝါဒချမှတ်နိုင်စွမ်းရှိတဲ့ လူကြီးမင်းတွေရယ်၊ သားသမီးတွေကို ပြုစုပျိုးထောင်ရမယ့် မိဘတွေရယ်အပေါ်မှာ မူတည်နေပါကြောင်း
.
ဗိုလ်ကောင်း
၂ စက်တင်ဘာ ၂၀၂၀
.
မူရင်းသတင်းတွေကို ဒီမှာ သွားကြည့်နိုင်ပါတယ်
https://www.youtube.com/watch?v=iOWFXqT5MZ4
https://www.engadget.com/alphadogfight-ai-f-16-pilot...