Tuesday 6 May 2014

အခွင့်အရေးနဲ့ တာဝန်


    ဒီနေ့ စာသင်ခန်းထဲမှာ ဒီမိုကရေစီနဲ့ ပတ်သက်ပြီး စိတ်ထဲမှာ ရှိတဲ့ စကားလုံးနည်းနည်းကို စာရွက်ပေါ် ချရေးပါလို့ ဆရာက ပြောတော့ ကျွန်တော်တို့တွေ စိတ်ကူးမိတာလေးတွေ ချရေးကြပါတယ်။အများဆုံးကတော့ အခွင့်အရေး ဆိုတဲ့ စကားလုံးဖြစ်နေတာကို သွားတွေ့ရပါတယ်။
ဒီမိုကရေစီမှာ ပြည်သူတွေ ခံစားပိုင်ခွင့်ရှိတဲ့ အခွင့်အရေးဆိုတာ ထမ်းဆောင်ရမယ့် တာဝန်နဲ့လည်း ဒွန်တွဲနေတယ်ဆိုတာကို ကျွန်တော်တို့ တော်တော်များများ မေ့လျော့နေကြတာ များပါတယ်။ ပြည်သူလူထုကို နားမျက်စိ ဖွင့်ပေးဖို့ တာဝန်ရှိတဲ့ ၊ စတုတ္ထမဏ္ဍိုင်ပါလို့ ကိုယ့်ကိုယ်ကို ကင်ပွန်းတပ်ထားတဲ့ မီဒီယာတွေကလည်း ဒီတာဝန်ကို တော်တော်ကြီးကို ပျက်ကွက် နေကြပါတယ်။
    တရားဥပဒေ စိုးမိုးရေးမှာလည်း အလားတူပါပဲ။ အစိုးရရဲ့ ပျက်ကွက်မှုတွေကိုသာ အသားပေးဖော်ပြကြပြီး ပြည်သူတွေရဲ့ ပျက်ကွက်မှုကို လျစ်လျူရှုထားပြီးတော့ ပြည်သူလူထုကို ဒီမိုကရေစီ နိုင်ငံတော်ကြီးသား ပီသအောင် အားပေးတိုက်တွန်း ရမယ့်အစား ဥပဒေကို လွယ်လွယ်ကူကူ ချိုးဖောက်လေ့ရှိတဲ့ စည်းပျက်ကမ်းပျက် နိုင်ငံသားတွေ ဖြစ်လာအောင် မြှောက်ပင့်ပေးနေသလိုမျိုးတွေကို အတော်များများကြီးကို မမြင်ချင်တဆုံး တွေ့နေမြင်နေရတာကတော့ တော်တော်ကို စိတ်မသက်သာစရာ၊ အနာဂတ် ဒီမိုကရေစီ လမ်းကြောင်းအတွက် ရင်လေးစရာ ကောင်းလှပါတယ်။
    တရားဥပဒေကို လိုက်နာတဲ့ နိုင်ငံကြီးသားစိတ်ဓာတ်အကြောင်းကို ပြောရရင် တစ်ခါကဖတ်ဖူးတဲ့ ပလေတိုးနိဒါန်း စာအုပ်ထဲက ဆော့ခရတ္တိ ထောင်ထဲက အဖြစ်အပျက်လေးတွေကို ပြန်ပြန် သတိရမိပါတယ်။ ဆော့ခရတ္တိဆိုတာ ကျွန်တော်တို့ငယ်ငယ်က သမိုင်းထဲမှာ သင်ဖူးတဲ့ ဆိုကရေးတီးပါ။ (ခုခေတ် သမိုင်းစာအုပ်တွေထဲ ပါမပါ မသိတော့ပါ)။ သူက လွတ်လပ်တဲ့ စိတ်ရှိတဲ့ အတွေးအခေါ် ပညာရှင်ပီပီ သူတွေးခေါ်ကြံဆထားတာတွေကို လူငယ်တွေကို ဟောပြောပါတယ်။ သူ့ဟောပြော ဆွေးနွေးချက်တွေက အဲသည်ခေတ်က အာဏာပိုင်တွေရဲ့ ယုံကြည်ချက်တွေနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေလေတော့ ထုံးစံအတိုင်း အဖမ်းခံရပါတော့တယ်။ ခေတ်စကားနဲ့ ပြောရရင် ယုံကြည်ချက်အကျဉ်းသားတို့ နိုင်ငံရေး အကျဉ်းသားတို့ဆိုတာမျိုးပါပဲ။ သူ့ရဲ့ ဟောပြောချက်တွေက မှားပါတယ်လို့ လူသိရှင်ကြား ၀န်ခံရင် သူလွတ်မယ်၊ ၀န်မခံဘူးဆိုရင် အဆိပ်သောက် သေရမယ်လို့ အာဏာပိုင်တွေကပြောတော့ သူက သေမယ့်လမ်းကိုပဲ ရွေးလိုက်ပါတယ်။
    တစ်ခုကောင်းတာက သေမယ့်အချိန်အထိကို မိသားစု ဆွေမျိုး မိတ်ဆွေတွေ ထောင်ထဲဝင်တွေ့ခွင့် ရပါတယ်။ အဲသည်မှာ သူ့ရဲ့ မိတ်ဆွေ တစ်ယောက်က သူ့ကို ထွက်ပြေးဖို့ တိုက်တွန်းပါတယ်။ တကယ်လို့ သူသာ ထွက်ပြေးခဲ့မယ်ဆိုရင်လည်း မိတ်ဆွေတွေ အကူအညီနဲ့ လွတ်နိုင်စရာရှိတယ်ဆိုတာ သူသိပါတယ်။ ဒါပေမယ့် သူ့ကို ထွက်ပြေးဖို့ ကူညီမယ်လို့ တိုက်တွန်းတဲ့ မိတ်ဆွေကို သူပြန်ပြောခဲ့တဲ့ စကားတွေက သိပ်ကို မှတ်သားစရာ ကောင်းလှပါတယ်။ အတိအကျ မဟုတ်ပေမယ့် မှတ်မိသမျှလေး ပြန်ပြောပြပါ့မယ်။
    မိတ်ဆွေက ကျွန်တော့်ကို အသက်ချမ်းသာရာရစေချင်လို့ လွတ်မြောက်စေချင်လို့ အခုလို အကြံပေးတာဟာ ကျွန်တော့်အပေါ်မှာ ချစ်ခင်လှတယ်ဆိုတာ သိရတဲ့အတွက် ၀မ်းသာပါတယ်တဲ့။ ဒါပေမယ့် ကျွန်တော်ဟာ နိုင်ငံသားကောင်းဖြစ်ဖို့ ဥပဒေတွေကို လိုက်နာဖို့ လူငယ်တွေကို ဟောပြောဆွေးနွေးနေတဲ့ သူဖြစ်ပါတယ်တဲ့။ နိုင်ငံသားကောင်းဖြစ်ဖို့ လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းတွေကို လေးစားရမယ်လို့ သူ အစဉ်တစိုက် ဟောပြောခဲ့တာ ဖြစ်ပါတယ်တဲ့။ သူကိုယ်တိုင်ကလည်း နိုင်ငံကြီးသား အမူအကျင့်တွေကို ယုံကြည်လို့ အခုလို ဟောပြောခဲ့တာ ဖြစ်ပါတယ်တဲ့။ အခု သူ့ကို ဖမ်းဆီးချုပ်နှောင်ထားတဲ့ ဥပဒေဟာလည်း မတရားတဲ့ ဥပဒေဆိုတာ ယုံကြည်ပါတယ်တဲ့။ သို့သော်လည်း ဥပဒေတစ်ခုဟာ မတရားဘူးလို့ ယုံကြည်ယုံမျှနဲ့ အဲသည်ဥပဒေကို ချိုးဖောက်မယ်ဆိုရင် သူဟောပြောခဲ့တဲ့ သဘောတရားတွေကို သူကိုယ်တိုင် ချိုးဖောက်ရာ ကျပါလိမ့်မယ်တဲ့။ ဥပဒေတစ်ခုကို မကြိုက်ရင် အဲသည်ဥပဒေကို ပြင်ဖို့ ကြိုးစားရမှာသာ ဖြစ်ပြီး ဥပဒေအာဏာတည်နေတုန်းမှာ တော့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ လိုက်နာရမှာ နိုင်ငံကြီးသားတွေရဲ့ တာဝန်သာ ဖြစ်ပါတယ်တဲ့။ ဒါကြောင့် ဒီဥပဒေကို သူမကြိုက်သော်လည်း ဒီဥပဒေရဲ့ အစီအမံကို သူကျေကျေနပ်နပ် နာခံပါ့မယ် ဆိုပြီး သူ့မိတ်ဆွေကို ပြန်ရှင်းပြပါတယ်။ ဒီလိုနဲ့ပဲ ဆော့ခရတ္တိဟာ အဆိပ်သောက်ပြီး သေသွားရပါတယ်။
    ပြောချင်တာက ဒီမိုကရေစီကို တကယ် ယုံကြည်တယ်ဆိုရင် တစ်ခြမ်းပဲ မယုံကြည်ပါနဲ့။ အပြည့် ယုံကြည်ပါ။ အခွင့်အရေးဆိုတာ ဒီမိုကရေစီရဲ့ အနှစ်သာရ တစ်ဝက်သာဖြစ်ပြီး ကျန်တဲ့တစ်ဝက်က တာဝန်သိမှု ဖြစ်ပါတယ်။ နောက်ပြီး တာဝန်သိမှု တာဝန်ယူမှု တာဝန်ခံမှု ဆိုတာတွေက အုပ်ချုပ်သူ အစိုးရ နဲ့သာ သက်ဆိုင်တာ မဟုတ်ပါဘူး။ အစိုးရရော ပြည်သူရော နိုင်ငံသားအားလုံးနဲ့ သက်ဆိုင်ပါတယ် ဆိုတာကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် အစဉ်အမြဲ သတိရနေစေဖို့ အရေးကြီးတဲ့အကြောင်း မိဘပြည်သူအပေါင်းကို ကြေငြာမောင်း ခတ်လိုက်ရပါတယ်။

Saturday 3 May 2014

ရာသီဖွားများနဲ့ သူငယ်ချင်းစိတ်ဓာတ်


Aries (မိဿရာသီဖွား)
*************************
လူတိုင်းနဲ့ ခင်တတ်တယ်။ သူငယ်ချင်းတွေကို သူ့ကြောင့်ဒုက္ခတွေပေးမိမှာကို အရမ်းစိုးရိမ်တတ်တယ်။
သူ့အပေါ်မကောင်းတဲ့
သူငယ်ချင်းမျိုးဆိုရင်တော့ စကားမပြောဘဲမေ့ထားတတ်တယ်။
သဘောကောင်းပြီး အားပေးတတ်တဲ့
သူငယ်ချင်းကောင်း
စိတ်ဓာတ်ရှိတယ်။

Taurus (ပြိဿရာသီဖွား)
****************************
သူငယ်ချင်းများနဲ့ ပွင့်ပွင့်လင်းလင်းပဲ ပေါင်းသင်းတတ်တယ်။
များသောအားဖြင့် သူငယ်ချင်းများအပေါ်တွင် ကူညီတတ်ပြီး
အမြင်မတော်တာရှိရင်လည်း စေတနာနဲ့ဝင်ပြောတတ်တယ်။
အပေါင်းအသင်းခင်ပြီး စိတ်မြန်ကိုယ်မြန်ရှိတဲ့ သူငယ်ချင်းမျိုးဖြစ်တယ်။

Gemini (မေထုန်ရာသီဖွား)
******************************
မိတ်ဆွေတွေနဲ့ အတူအချိန်ဖြုန်းရတာ သဘောကျတယ်။
သူ့နဲ့အတူ ခဏခဏ အချိန်ဖြုန်းပေးတဲ့သူငယ်ချင်းကို အရမ်းခင်တွယ်တယ်။
အကြံညဏ်ပေးရာတွင်လည်း
တော်ပြီး သူငယ်ချင်းများကို လမ်းပြပေးနိုင်တဲ့အစွမ်းရှိတယ်။
တန်ဖိုးရှိတဲ့သူငယ်ချင်းမျိုးဖြစ်တယ်။

Cancer (ကရကဋ်ရာသီဖွား)
********************************
အပေါင်းအသင်းအခင်တတ်ဆုံး
ဖြစ်တယ်။ သူငယ်ချင်းများကို အရမ်းအလေးအနက်ထားပြီး ဂရုစိုက်တတ်တယ်။
တစ်ခုခုဖြစ်ရင်လည်း သူငယ်ချင်းဆီကိုပဲ ရင်ဖွင့်ချင်သူဖြစ်တယ်။ သူငယ်ချင်းများရဲ့ပြဿနာတွေ
ကိုလည်း အချိန်ပေးပြီး
နားထောင်ပေးတဲ့ အပေးသမား
သူငယ်ချင်းတစ်ယောက်ဖြစ်တယ်။

Leo (သိဟ်ရာသီဖွား)
*************************
အပြင်မှာ ခပ်တည်တည်နေပင်မယ့် သူငယ်ချင်းများနှင့်တွေ့ရင်တော့ လွတ်လွတ်လပ်လပ် ခပ်ပျော်ပျော်နေတတ်တယ်။
သူတတ်နိုင်တာရှိရင် အလွယ်တကူအကူအညီပေးပြီး သူလိုတာရှိရင်လည်း အားနာပါးနာနဲ့ တောင်းတတ်တယ်။
သစ္စာရှိပြီး ယုံကြည်စိတ်ချရတဲ့
သူငယ်ချင်းဖြစ်တယ်။

Virgo (ကန်ရာသီဖွား)
*************************
သူငယ်ချင်းများကို သူတတ်နိုင်သလောက် အမြဲနားလည်မှုပေးတယ်။ ပျော်ပျော်နေပြီး များသောအားဖြင့် တကိုယ်တည်းရပ်တည်ဖို့
ကြိုးစားတယ်။ ဒါပေမယ့် သူ့အတွင်းစိတ်ထဲမှာတော့ သူငယ်ချင်းကောင်းတစ်ယောက်ကို အမြဲလိုအပ်နေတယ်။ အဓိပ္ပာယ်ရှိတာတွေဆွေးနွေးပြီး
အတူအချိန်ဖြုန်းလို့ အရမ်းကောင်းတဲ့သူငယ်ချင်း
တစ်ဦးဖြစ်တယ်။

Libra (တူရာသီဖွား)
**********************
ဖော်ရွှေပြီး တည်ငြိမ်တဲ့
သူငယ်ချင်းမျိုးဖြစ်တယ်။ တခါတလေ အပြောအဆိုမတတ်သဖြင့် အသိများအကြားအထင်လွဲခြင်းကိုခံရတတ်တယ်။
သူငယ်ချင်းများနှင့်တိုင်ပင်ဆွေးနွေး
ပြီးလုပ်ရတာကိုလည်း သဘောကျသူဖြစ်တယ်။ တခုခုဆို ပူးပေါင်းလုပ်ကိုင်လို့အဆင်ပြေပြီး
လုပ်ဖော်ကိုင်ဖက်ကောင်း
တစ်ယောက်လိုခင်လို့ရသော
သူငယ်ချင်းကောင်း
တစ်ယောက်ဖြစ်တယ်။

Scorpio (ဗြိစ္ဆာရာသီဖွား)
*****************************
သူငယ်ချင်းပေါပင်မယ့် တကယ်ခင်တဲ့သူရှားတယ်။ တစ်ယောက်ယောက်နှင့်ပိုခင်လေ ထိုသူကို ပိုဂရုစိုက်လာလေဖြစ်တယ်။
သူငယ်ချင်းများအပေါ်တွင် သံယောဇဉ်ကြီးတယ်။ အစပိုင်းမှာ သူ့အကြောင်းတွေကို ဖုံးကွယ်ထားပင်မယ့် တကယ်ရင်းနှီးပြီဆိုလျှင်
လျို့ဝှက်ချက်တွေအကုန်ဖွင့်ပြောပြီး ထာဝရခင်မင်သွားတတ်တဲ့
သူငယ်ချင်းကောင်းဖြစ်တယ်။

Saggitarius (ဓနုရာသီဖွား)
********************************
သူငယ်ချင်းများကို တန်ဖိုးအထားတတ်ဆုံးသူဖြစ်တယ်။သူငယ်ချင်းများဘက်မှ အမြဲရပ်တည်ပြီး သူ့သူငယ်ချင်းတွေကို လာထိလျှင်လုံးဝ
သည်းမခံသူဖြစ်တယ်။
ခင်မင်လျှင် အစွမ်းကုန်ပေးဆပ်ပြီး သစ္စာဖောက်သောသူငယ်ချင်းများကိုတော့ ရန်လိုတတ်တယ်။ သူငယ်ချင်းများနှင့် အမြဲပျော်ပျော်ပါးပါးနေချင်ပြီး
သူငယ်ချင်းအပီသဆုံးသူ
တစ်ဦးဖြစ်တယ်။

Capricorn (မကာရရာသီဖွား)
*********************************
ပုံမှန်အေးဆေးစွာ ခင်မင်တတ်သောအကျင့်ရှိတယ်။ သူငယ်ချင်းများနှင့်စနောက်ပြီး အတူအချိန်ဖြုန်းရတာကို ကြိုက်နှစ်သက်သူဖြစ်တယ်။
သူငယ်ချင်းများက သူ့အပေါ်ထင်မြင်ချက်များကိုလည်း အရမ်းအလေးထားသူဖြစ်တယ်။ သာမန်အချိန်များတွင် သူ့သူငယ်ချင်းစိတ်ဓာတ်မှာ
သိပ်မသိသာပင်မယ့် အရေးကြုံလာလျှင် အစွမ်းကုန်ကူညီပေးတတ်သော သူငယ်ချင်းမျိုးဖြစ်တယ်။

Aquarius (ကုမ်ရာသီဖွား)
*****************************
အတိုင်ပင်ခံအကြံပေးနှင့်တူသော သူငယ်ချင်းမျိုးဖြစ်တယ်။ သူ့သူငယ်ချင်းများရဲ့ ပြသနာတိုင်းကို ရှုထောင့်
အမျိုးမျိုးမှ ကြည့်ပြီး အကြံညဏ်တွေပေးဖို့ အမြဲအသင့်ရှိနေတတ်တယ်။
မဆီမဆိုင်တာတွေလျှောက်ပြောပြီး သူငယ်ချင်းများကိုလည်းရယ်အောင်လုပ်တတ်တယ်။ နွေးထွေးစွာဆက်ဆံပြီး ခင်မင်မှုကော၊ လမ်းညွှန်မှုပါပေးနိုင်တဲ့ သူငယ်ချင်းလေးဖြစ်တယ်။

Pisces (မိန်ရာသီဖွား)
************************
နားလည်ပေးနိုင်စွမ်းအမြင့်ဆုံးရှိသော သူငယ်ချင်းတစ်ယောက်ဖြစ်တယ်။ ပါးစပ်ကအမြဲထုတ်ဖော် မပြောပင်မယ့် သူငယ်ချင်းများကို မကြာခဏသတိရတတ်တယ်။
ဝါသနာတူသူငယ်ချင်းတွေ့ပြီဆိုလျှင် တသက်လုံးခင်မင်သွားတတ် သူလည်းဖြစ်တယ်။ အနေအေးသောကြောင့် တခါတရံ စိမ်းသွားသယောင်ရှိပင်မယ့် သူ့စိတ်ထဲမှာတော့ သူငယ်ချင်းများကို အမြဲ အရင်လိုခင်မင်လျှက်ရှိသော သူတစ်ဦးဖြစ်တယ်။
+++++++++++++++++++
(အားလုံးပဲ သူငယ်ချင်းကောင်း
တစ်ယောက်ဖြစ်နိုင်ကြပါစေ။)
BY ADMIN GENO
‪#‎ဗေဒင်မှတ်စု‬