Tuesday, 6 May 2014

အခွင့်အရေးနဲ့ တာဝန်


    ဒီနေ့ စာသင်ခန်းထဲမှာ ဒီမိုကရေစီနဲ့ ပတ်သက်ပြီး စိတ်ထဲမှာ ရှိတဲ့ စကားလုံးနည်းနည်းကို စာရွက်ပေါ် ချရေးပါလို့ ဆရာက ပြောတော့ ကျွန်တော်တို့တွေ စိတ်ကူးမိတာလေးတွေ ချရေးကြပါတယ်။အများဆုံးကတော့ အခွင့်အရေး ဆိုတဲ့ စကားလုံးဖြစ်နေတာကို သွားတွေ့ရပါတယ်။
ဒီမိုကရေစီမှာ ပြည်သူတွေ ခံစားပိုင်ခွင့်ရှိတဲ့ အခွင့်အရေးဆိုတာ ထမ်းဆောင်ရမယ့် တာဝန်နဲ့လည်း ဒွန်တွဲနေတယ်ဆိုတာကို ကျွန်တော်တို့ တော်တော်များများ မေ့လျော့နေကြတာ များပါတယ်။ ပြည်သူလူထုကို နားမျက်စိ ဖွင့်ပေးဖို့ တာဝန်ရှိတဲ့ ၊ စတုတ္ထမဏ္ဍိုင်ပါလို့ ကိုယ့်ကိုယ်ကို ကင်ပွန်းတပ်ထားတဲ့ မီဒီယာတွေကလည်း ဒီတာဝန်ကို တော်တော်ကြီးကို ပျက်ကွက် နေကြပါတယ်။
    တရားဥပဒေ စိုးမိုးရေးမှာလည်း အလားတူပါပဲ။ အစိုးရရဲ့ ပျက်ကွက်မှုတွေကိုသာ အသားပေးဖော်ပြကြပြီး ပြည်သူတွေရဲ့ ပျက်ကွက်မှုကို လျစ်လျူရှုထားပြီးတော့ ပြည်သူလူထုကို ဒီမိုကရေစီ နိုင်ငံတော်ကြီးသား ပီသအောင် အားပေးတိုက်တွန်း ရမယ့်အစား ဥပဒေကို လွယ်လွယ်ကူကူ ချိုးဖောက်လေ့ရှိတဲ့ စည်းပျက်ကမ်းပျက် နိုင်ငံသားတွေ ဖြစ်လာအောင် မြှောက်ပင့်ပေးနေသလိုမျိုးတွေကို အတော်များများကြီးကို မမြင်ချင်တဆုံး တွေ့နေမြင်နေရတာကတော့ တော်တော်ကို စိတ်မသက်သာစရာ၊ အနာဂတ် ဒီမိုကရေစီ လမ်းကြောင်းအတွက် ရင်လေးစရာ ကောင်းလှပါတယ်။
    တရားဥပဒေကို လိုက်နာတဲ့ နိုင်ငံကြီးသားစိတ်ဓာတ်အကြောင်းကို ပြောရရင် တစ်ခါကဖတ်ဖူးတဲ့ ပလေတိုးနိဒါန်း စာအုပ်ထဲက ဆော့ခရတ္တိ ထောင်ထဲက အဖြစ်အပျက်လေးတွေကို ပြန်ပြန် သတိရမိပါတယ်။ ဆော့ခရတ္တိဆိုတာ ကျွန်တော်တို့ငယ်ငယ်က သမိုင်းထဲမှာ သင်ဖူးတဲ့ ဆိုကရေးတီးပါ။ (ခုခေတ် သမိုင်းစာအုပ်တွေထဲ ပါမပါ မသိတော့ပါ)။ သူက လွတ်လပ်တဲ့ စိတ်ရှိတဲ့ အတွေးအခေါ် ပညာရှင်ပီပီ သူတွေးခေါ်ကြံဆထားတာတွေကို လူငယ်တွေကို ဟောပြောပါတယ်။ သူ့ဟောပြော ဆွေးနွေးချက်တွေက အဲသည်ခေတ်က အာဏာပိုင်တွေရဲ့ ယုံကြည်ချက်တွေနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေလေတော့ ထုံးစံအတိုင်း အဖမ်းခံရပါတော့တယ်။ ခေတ်စကားနဲ့ ပြောရရင် ယုံကြည်ချက်အကျဉ်းသားတို့ နိုင်ငံရေး အကျဉ်းသားတို့ဆိုတာမျိုးပါပဲ။ သူ့ရဲ့ ဟောပြောချက်တွေက မှားပါတယ်လို့ လူသိရှင်ကြား ၀န်ခံရင် သူလွတ်မယ်၊ ၀န်မခံဘူးဆိုရင် အဆိပ်သောက် သေရမယ်လို့ အာဏာပိုင်တွေကပြောတော့ သူက သေမယ့်လမ်းကိုပဲ ရွေးလိုက်ပါတယ်။
    တစ်ခုကောင်းတာက သေမယ့်အချိန်အထိကို မိသားစု ဆွေမျိုး မိတ်ဆွေတွေ ထောင်ထဲဝင်တွေ့ခွင့် ရပါတယ်။ အဲသည်မှာ သူ့ရဲ့ မိတ်ဆွေ တစ်ယောက်က သူ့ကို ထွက်ပြေးဖို့ တိုက်တွန်းပါတယ်။ တကယ်လို့ သူသာ ထွက်ပြေးခဲ့မယ်ဆိုရင်လည်း မိတ်ဆွေတွေ အကူအညီနဲ့ လွတ်နိုင်စရာရှိတယ်ဆိုတာ သူသိပါတယ်။ ဒါပေမယ့် သူ့ကို ထွက်ပြေးဖို့ ကူညီမယ်လို့ တိုက်တွန်းတဲ့ မိတ်ဆွေကို သူပြန်ပြောခဲ့တဲ့ စကားတွေက သိပ်ကို မှတ်သားစရာ ကောင်းလှပါတယ်။ အတိအကျ မဟုတ်ပေမယ့် မှတ်မိသမျှလေး ပြန်ပြောပြပါ့မယ်။
    မိတ်ဆွေက ကျွန်တော့်ကို အသက်ချမ်းသာရာရစေချင်လို့ လွတ်မြောက်စေချင်လို့ အခုလို အကြံပေးတာဟာ ကျွန်တော့်အပေါ်မှာ ချစ်ခင်လှတယ်ဆိုတာ သိရတဲ့အတွက် ၀မ်းသာပါတယ်တဲ့။ ဒါပေမယ့် ကျွန်တော်ဟာ နိုင်ငံသားကောင်းဖြစ်ဖို့ ဥပဒေတွေကို လိုက်နာဖို့ လူငယ်တွေကို ဟောပြောဆွေးနွေးနေတဲ့ သူဖြစ်ပါတယ်တဲ့။ နိုင်ငံသားကောင်းဖြစ်ဖို့ လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းတွေကို လေးစားရမယ်လို့ သူ အစဉ်တစိုက် ဟောပြောခဲ့တာ ဖြစ်ပါတယ်တဲ့။ သူကိုယ်တိုင်ကလည်း နိုင်ငံကြီးသား အမူအကျင့်တွေကို ယုံကြည်လို့ အခုလို ဟောပြောခဲ့တာ ဖြစ်ပါတယ်တဲ့။ အခု သူ့ကို ဖမ်းဆီးချုပ်နှောင်ထားတဲ့ ဥပဒေဟာလည်း မတရားတဲ့ ဥပဒေဆိုတာ ယုံကြည်ပါတယ်တဲ့။ သို့သော်လည်း ဥပဒေတစ်ခုဟာ မတရားဘူးလို့ ယုံကြည်ယုံမျှနဲ့ အဲသည်ဥပဒေကို ချိုးဖောက်မယ်ဆိုရင် သူဟောပြောခဲ့တဲ့ သဘောတရားတွေကို သူကိုယ်တိုင် ချိုးဖောက်ရာ ကျပါလိမ့်မယ်တဲ့။ ဥပဒေတစ်ခုကို မကြိုက်ရင် အဲသည်ဥပဒေကို ပြင်ဖို့ ကြိုးစားရမှာသာ ဖြစ်ပြီး ဥပဒေအာဏာတည်နေတုန်းမှာ တော့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ လိုက်နာရမှာ နိုင်ငံကြီးသားတွေရဲ့ တာဝန်သာ ဖြစ်ပါတယ်တဲ့။ ဒါကြောင့် ဒီဥပဒေကို သူမကြိုက်သော်လည်း ဒီဥပဒေရဲ့ အစီအမံကို သူကျေကျေနပ်နပ် နာခံပါ့မယ် ဆိုပြီး သူ့မိတ်ဆွေကို ပြန်ရှင်းပြပါတယ်။ ဒီလိုနဲ့ပဲ ဆော့ခရတ္တိဟာ အဆိပ်သောက်ပြီး သေသွားရပါတယ်။
    ပြောချင်တာက ဒီမိုကရေစီကို တကယ် ယုံကြည်တယ်ဆိုရင် တစ်ခြမ်းပဲ မယုံကြည်ပါနဲ့။ အပြည့် ယုံကြည်ပါ။ အခွင့်အရေးဆိုတာ ဒီမိုကရေစီရဲ့ အနှစ်သာရ တစ်ဝက်သာဖြစ်ပြီး ကျန်တဲ့တစ်ဝက်က တာဝန်သိမှု ဖြစ်ပါတယ်။ နောက်ပြီး တာဝန်သိမှု တာဝန်ယူမှု တာဝန်ခံမှု ဆိုတာတွေက အုပ်ချုပ်သူ အစိုးရ နဲ့သာ သက်ဆိုင်တာ မဟုတ်ပါဘူး။ အစိုးရရော ပြည်သူရော နိုင်ငံသားအားလုံးနဲ့ သက်ဆိုင်ပါတယ် ဆိုတာကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် အစဉ်အမြဲ သတိရနေစေဖို့ အရေးကြီးတဲ့အကြောင်း မိဘပြည်သူအပေါင်းကို ကြေငြာမောင်း ခတ်လိုက်ရပါတယ်။

No comments:

Post a Comment